← Chapters

အခန်း (၄၆၁-၄၆၂)

Vol. 29 Ch. 461-462

အခန်း (၄၆၁-၄၆၂)

Vol. 29 Ch. 461-462

အခန်း ၄၆၁ ။ အကျဉ်းချခြင်း

တတိယမင်းသား တစ်ကိုယ်လုံး အေးစက်သွားကာ ရင်ဘတ်ထဲမှ နှလုံးသားမှာ ကျောက်တုံးကြီးတစ်ခုနှင့် ဖိထားသကဲ့သို့ အသက်ရှူရကျပ်လာသည်။

သို့သော် ယခုအချိန်တွင် သူဘာကိုမှ ဝန်မခံရဲသဖြင့် လူမိုက်ကဲ့သို့ ဟန်ဆောင်နေရုံသာ ရှိတော့သည်။ သူသည် ငုံ့၍ ဦးတိုက်လိုက်ကာ တုန်ရီနေသော အသံဖြင့် - "ခမည်းတော် စိတ်လျှော့ပါ၊ သားတော် ဘာကို ပြောနေမှန်း မသိလို့ပါ။ သားတော် ဘာမှမလုပ်ခဲ့ပါဘူး။ ခမည်းတော် တစ်ခုခုကို အထင်လွဲနေတာဆိုရင် သားတော်ကို ရှင်းပြခွင့်ပေးပါ၊ သားတော် သေချာပေါက် မတရား စွပ်စွဲခံရတာပါ!"

နင်ချန်သည် တတိယမင်းသားကို ကြည့်ရင်း အားမလိုအားမရ ဖြစ်မှု၊ ဒေါသနှင့် စိတ်ပျက်မှုတို့ ရောပြွမ်းနေသည်။ သူသည် ဒေါသကို အတော်ထိန်းလိုက်ရပြီး လက်မပါမိအောင် နေလိုက်သည်။

"ကောင်းပြီ... မင်းမှာ ရှင်းပြစရာရှိတယ်ဆိုရင် ကျန်းမေးမယ်။ ကျင့်အာ (စတုတ္ထမင်းသား) မြင်းပေါ်က ပြုတ်ကျတာဟာ မင်းနဲ့ တတိယမင်းသားကြီးရဲ့သားတို့ ပူးပေါင်းကြံစည်တာ ဟုတ်မဟုတ် ပြောစမ်း"

တတိယမင်းသားမှာ မှင်တက်သွားပြီး အမြန်ပင် ခေါင်းယမ်းတော့သည် - "မဟုတ်ပါဘူး၊ သားတော် မလုပ်ပါဘူး။ သားတော်က ဘာလို့ လေးလေးကို ဒုက္ခပေးရမှာလဲ။ သားတော်နဲ့ ကျင့်အာက ညီအစ်ကိုအရင်းတွေပဲဟာ။ အဖုအထစ်တွေရှိရင်တောင် ညီအစ်ကိုချင်း ဆော့ရင်းဖြစ်တာပဲ ရှိမှာပေါ့၊ ဘယ်လိုလုပ် သတ်ဖို့အထိ ကြံစည်မှာလဲ။ ဒါတင်မကဘူး ခမည်းတော်က တတိယမင်းသားကြီးကို မနှစ်သက်တာ သိရက်နဲ့ သားတော်က သူတို့နဲ့ ဘယ်လိုလုပ် ပတ်သက်ရဲမှာလဲ!"

"ဒီအချိန်အထိ မင်းက လိမ်နေတုန်းပဲလား!" နင်ချန် နောက်ဆုံးတွင် အမျက်ထွက်ကာ အသံကျယ်ကြီးဖြင့် ဟိန်းဟောက်လိုက်သည်။

သူသည် လက်ဝါးကို မြှောက်လိုက်သော်လည်း သားဖြစ်သူ၏ နုနယ်လှသော ပခုံးလေးကို မြင်သည့်အခါ နောက်ဆုံးတွင်တော့ မရိုက်ရက်ခဲ့ပေ။ သူ၏လက်ဝါးမှာ ဘေးရှိ စားပွဲပေါ်သို့သာ အားပြင်းပြင်းဖြင့် ကျရောက်သွားကာ၊ စားပွဲပေါ်မှ လက်ဖက်ရည်ခွက်မှာ လွင့်စင်ပြီး မြေပေါ်တွင် အစိတ်စိတ်အမြွှာမွှာ ကွဲအက်သွားတော့သည်။

နင်ချန် အသက်ကို ပြင်းပြင်းရှူကာ ထိုင်ခုံတွင် ပြန်ထိုင်လိုက်သည်။ သူ၏လေသံမှာ အေးစက်စက်ဖြစ်နေသည် - "ခေါင်းမော့စမ်း... ကျန်းရဲ့ မျက်လုံးတွေကို စိုက်ကြည့်စမ်း"

တတိယမင်းသားမှာ တုန်တုန်ရီရီဖြင့် မေးစေ့ကို အနည်းငယ် မော့လိုက်သော်လည်း ဖခင်ဖြစ်သူ၏ အကြည့်ကိုတော့ လုံးဝ မဆုံရဲပေ။ နင်ချန် အံကြိတ်လိုက်မိသည်။ သူသည် တတိယမင်းသား ညီအစ်ကိုချင်း ရက်စက်သည်ကိုလည်း နာကျည်းသလို၊ ယခုကဲ့သို့ အမြဲတမ်း ထူးချွန်ခဲ့သော သားတစ်ယောက်က အခြေခံအကျဆုံး တာဝန်ယူလိုစိတ်တောင် မရှိတော့သည်ကိုလည်း စိတ်ပျက်မိသည်။

"မင်းက ခုမှ ၁၄ နှစ်ပဲ ရှိသေးတာ၊ ကျန်းရဲ့မျက်စိထဲမှာတော့ ကလေးပဲ ရှိသေးတယ်။ မင်းလုပ်ခဲ့တာတွေကို ကျန်း မသိနိုင်ဘူးလို့ ထင်နေတာလား။ အန်းဟယ်ကျင်းတို့ သားအဖက မင်းအတွက် ဘယ်လောက်အထိ ဖုံးကွယ်ပေးနိုင်မယ် ထင်လို့လဲ။ မင်း ကျင့်အာကို သတ်နိုင်ရင် အိမ်ရှေ့စံ ဖြစ်သွားမယ် ထင်နေတာလား။ ကျန်တဲ့ ညီအစ်ကို လေးယောက်ကိုရော... မင်း အကုန်သတ်ပစ်မှာလား!"

ယခုအချိန်တွင် တတိယမင်းသား ဘာကိုမှ ငြင်း၍ မရတော့ပေ။ မိမိလုပ်သမျှ အကုန်ပေါ်သွားပြီမှန်း သိလိုက်ရသည်။ တစ်ခဏအတွင်း သူ၏ကိုယ်ဟန်မှာ အရိုးပြုတ်သွားသကဲ့သို့ ပျော့ခွေကျသွားသော်လည်း၊ သူ့မျက်ဝန်းထဲမှ အမုန်းရိပ်များမှာတော့ ဖုံးကွယ်မထားနိုင်တော့ဘဲ ပေါက်ကွဲထွက်လာတော့သည်။

သူသည် လက်သီးကို ကျစ်ကျစ်ဆုပ်ကာ၊ မိမိ တစ်ခါမှ ရင်မဆိုင်ရဲခဲ့သော အရှိန်အဝါကို စိုက်ကြည့်ရင်း အော်ဟစ်တော့သည် -

"ဟုတ်တယ်! ကျွန်တော် အိမ်ရှေ့စံ ဖြစ်ချင်တယ်! ဘယ်သူကကော မဖြစ်ချင်လို့လဲ။ စစ်သူကြီးတစ်ယောက် အောင်မြင်ဖို့ အရိုးတောင်ပုံရသလိုပဲ... အဘိုးဖြစ်တဲ့ ဧကရာဇ်မင်းကြီးရဲ့ ထီးနန်းဟာလည်း တခြားမင်းသားတွေရဲ့ အလောင်းတွေကို နင်းပြီး ရခဲ့တာပဲ မဟုတ်လား။ မင်းသားတိုင်းက ခမည်းတော်လို ကံကောင်းနေတာ မဟုတ်ဘူး၊ ဘာမှမလုဘဲနဲ့ ထီးနန်းကို အလကား ရလာတာမျိုး မရှိဘူး!"

"နင်ယွီဟန်! ပါးစပ်ပိတ်စမ်း!"

ရုတ်တရက် တဲလိုက်ကာ ပွင့်သွားကာ စတုတ္ထမင်းသားမှာ မျက်နှာညိုမှောင်လျက် အထဲသို့ ပြေးဝင်လာပြီး၊ တတိယမင်းသား၏ကျောပြင်ကို အားရပါးရ တစ်ချက် ကန်လိုက်တော့သည်။ ထိုကန်ချက်ကြောင့် တတိယမင်းသားမှာ မှောက်လျက်သား လဲကျသွားကာ အံကြိတ် နာကျင်နေရှာသည်။ သို့သော် သူသည်လည်း အသိစိတ် လွတ်နေပြီဖြစ်ရာ ပြန်ထလာပြီး စတုတ္ထမင်းသားကို လုံးထွေးသတ်ပုတ်တော့သည်။

စတုတ္ထမင်းသားမှာ နှစ်နှစ်ငယ်သလို ဘယ်ဘက်လက်မောင်းမှာလည်း ဒဏ်ရာကြောင့် ပတ်တီးစီးထားရသဖြင့် တတိယမင်းသားကို မယှဉ်နိုင်ပေ။ တတိယမင်းသားက စတုတ္ထမင်းသားပေါ် ခွစီးကာ လက်သီးဖြင့် ထိုးရန် ပြင်စဉ် - နင်ချန်က တတိယမင်းသားကို ဆွဲမကာ ဘေးသို့ လွှင့်ပစ်လိုက်သည်။

"တော်တော့! အကုန် ရပ်ကြစမ်း! ညီအစ်ကိုချင်း သတ်ပုတ်နေကြတာ ဘယ်လိုပုံစံမျိုးဖြစ်နေလဲ!"

"သူက ယုတ်မာညစ်ပတ်တဲ့သူ! ကျွန်တော့်မေမေကို အဆိပ်ခတ်သလို ဖေဖေ့ကိုလည်း ရိုင်းရိုင်းစိုင်းစိုင်း ပြောနေတယ်။ ကျွန်တော့်မှာ ဒီလိုအစ်ကိုမျိုး မရှိဘူး!" စတုတ္ထမင်းသားမှာ ဒေါသထွက်နေသော သားရဲငယ်လေးတစ်ကောင်ကဲ့သို့ မျက်ဝန်းများ နီမြန်းနေသည်။

တတိယမင်းသားက ထိုစကားကို ကြားသောအခါ အေးစက်စွာ ရယ်မောလိုက်ပြီး စတုတ္ထမင်းသားထံသို့ တစ်လှမ်းချင်း တိုးကပ်လာသည် - "ငါက ယုတ်မာတယ်၊ ညစ်ပတ်တယ် ဟုတ်လား။ ဟုတ်တယ်... တို့က နည်းလမ်းပေါင်းစုံကို သုံးခဲ့တာ။ အဲဒါ ခမည်းတော်က မင်းနဲ့ မင်းရဲ့မယ်တော်ကိုပဲ အမြဲ မျက်နှာလိုက်နေလို့လေ။ ငါသာ တို့ကိုယ်တိုင်အတွက် မလုရင်၊ ငါ့ရဲ့မယ်တော်အတွက် မကြံစည်ရင် ငါတို့တွေ ဘယ်လို ရှင်သန်နိုင်မှာလဲ!"

"လျှောက်မပြောနဲ့!" စတုတ္ထမင်းသားမှာ ဒေါသလွန်ကာ ရိုင်းစိုင်းသော စကားပင် ထွက်လာတော့သည် - "အဖေက ကျွန်တော့်အမေကို ပိုချစ်တာက အမှန်ပဲ၊ ယောကျာ်းနဲ့ မိန်းမကြားမှာ အချစ်က ကွဲပြားနိုင်တာပဲလေ။ ဒါပေမဲ့ အဖေက ငါတို့ညီအစ်ကိုတွေအပေါ်မှာ ဘယ်သူ့ကို မျက်နှာလိုက်လို့လဲ!"

"အစ်ကိုကြီး ကျန်းမာရေး မကောင်းတုန်းက... အဖျားတက်နေတဲ့ ညတွေမှာ အဖေကိုယ်တိုင် စောင့်အိပ်ပေးခဲ့လို့ အဖေပါ ဖျားခဲ့ရတာ မင်းမသိဘူးလား"

"ဒုတိယအစ်ကို စိတ်မကောင်းဖြစ်နေတဲ့ နှစ်တွေမှာလည်း... အဖေက သူကြိုက်တဲ့ ကဗျာတွေ၊ ပန်းချီတွေကို ရှာဖွေပြီး အမြဲ ပို့ပေးခဲ့တာ မင်းမမြင်ဘူးလား"

"မင်း မြင်းစီး၊ မြားပစ် စသင်တုန်းက... ကုန်းနှီးနဲ့ လေးတွေက မင်းနဲ့ မတော်လို့ဆိုပြီး အဖေကိုယ်တိုင် လက်နဲ့ လုပ်ပေးခဲ့တာလေ။ အဲဒါကို ငါကတောင် မနာလိုလို့ သွားတောင်းခဲ့သေးတာ မင်းမမှတ်မိဘူးလား"

"နောက်ပြီး ညီ ၅၊ ညီ ၆... ဘယ်သူ့ကိုများ ဖေဖေက မေ့ထားလို့လဲ။ ငယ်ငယ်လေးနဲ့ ဆုံးသွားတဲ့ ညီ ၇ အတွက်တောင် ဖေဖေက နှစ်တိုင်း အမွှေးတိုင် ထွန်းပေးနေတာလေ။ နင်ယွီဟန်... မင်း ဒီစကားကို ပြောရဲအောင် မင်းမှာ အသိတရား တစ်စက်လေးတောင် မရှိတော့ဘူးလား!"

စတုတ္ထမင်းသားသည် နင်ချန်ကိုယ်တိုင်ပင် သေသေချာချာ မမှတ်မိတော့သော ကိစ္စလေးများကို တစ်ခုချင်း ထုတ်ပြောလိုက်သည်။ သူသည် နင်ချန်၏ရှေ့တွင် မတ်တပ်ရပ်ကာ ဖခင်ဖြစ်သူအား ကာကွယ်ပေးနေသော ပုံစံမျိုး ဖြစ်နေ၏။ သူ၏ ဤကဲ့သို့သော အသေးစိတ် သိတတ်မှုနှင့် ခိုင်မာသော စိတ်ဓာတ်မှာ ယဲ့ယွင်နှင့် အင်မတန် တူလှပေသည်။

နင်ချန်သည် စတုတ္ထမင်းသား၏ တုံ့ပြန်မှုကို လုံးဝ မထင်မှတ်ထားခဲ့ပေ။ တတိယမင်းသားမှာမူ ရင်ထဲ၌ တုန်လှုပ်သွားကာ အားငယ်ရိပ်များ ပေါ်လာသည်။ ခမည်းတော်သည် သားသမီးတိုင်းအပေါ် စိတ်ရင်းဖြင့် ချစ်ခဲ့မှန်း သူ မသိစိတ်က သိနေသောကြောင့်ဖြစ်၏။ သို့သော် လမ်းမှားရောက်နေသူပီပီ သူ ဝန်မခံနိုင်ပေ။

ရှုပ်ထွေးနေသော စိတ်များသည် နောက်ဆုံးတွင် စတုတ္ထမင်းသားအပေါ် ထားရှိသော အမုန်းတရားအဖြစ် ပြောင်းလဲသွားကာ - သူသည် ခေါင်းပေါ်မှ ဆံထိုးကို ချက်ချင်း ဆွဲထုတ်ပြီး စတုတ္ထမင်းသား၏ ရင်ဘတ်ဆီသို့ အော်ဟစ်ကာ ထိုးစိုက်လိုက်တော့သည်။

"ကျင့်အာ!" နင်ချန်၏ သူငယ်အိမ်မှာ ကျုံ့ဝင်သွားသည်။

သူသည် အသိစိတ်မပါဘဲ ကလေးအား သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းကာ၊ အခြားလက်တစ်ဖက်ဖြင့် တတိယမင်းသား၏ တိုက်ခိုက်မှုကို ကာကွယ်လိုက်သည်။ တတိယမင်းသားမှာ တွန်းထုတ်ခံလိုက်ရသဖြင့် မြေပေါ်သို့ လဲကျသွားပြီး၊ သူ့လက်ထဲမှ ဆံထိုးမှာလည်း သွေးရောင်များ စွန်းထင်သွားခဲ့ပြီ။

နင်ချန်၏ ညာဘက် လက်ဖျံတွင် သုံးလက်မခန့် ရှည်သော ဒဏ်ရာကြီးတစ်ခု ရရှိသွားကာ သွေးများ စီးကျလာသည်။ နင်ချန်သည် သူ့ဒဏ်ရာကို ဂရုမစိုက်ဘဲ စတုတ္ထမင်းသားအား အရင် စစ်ဆေးလိုက်ရာ၊ သားဖြစ်သူ ဒဏ်ရာမရမှန်း သိရမှ သက်ပြင်းချနိုင်တော့သည်။ အကယ်၍ ထိုဆံထိုးသာ စတုတ္ထမင်းသား၏ ရင်ဘတ်ကို မှန်ခဲ့လျှင် အသက်ရှင်ရန် လမ်းစရှိမည် မဟုတ်ပေ။

သားအရင်း၏ ရူးသွပ်လှသော အပြုအမူကို ကိုယ်တိုင်မြင်တွေ့လိုက်ရသဖြင့် နင်ချန်သည် ဒေါသကို မထိန်းနိုင်တော့ဘဲ တတိယမင်းသားအား ဖြောင်းခနဲနေအောင် ပါးရိုက်လိုက်တော့သည်။

"မင်း ရူးသွားပြီလား! သူက မင်းရဲ့ ညီလေးလေ၊ ညီအစ်ကိုချင်း သတ်ဖို့အထိ မင်း ဘယ်လိုလုပ် စိတ်ကူးရတာလဲ!"

တတိယမင်းသားမှာမူ နာကျည်းချက်များ ပြည့်နှက်နေသော မျက်နှာဖြင့် ရူးသွပ်စွာ ရယ်မောလိုက်သည် - "သူပဲ ပြောခဲ့တာလေ... ကျွန်တော့်လို အစ်ကိုမျိုး မရှိဘူးလို့။ ဒါဆိုရင် ညီအစ်ကိုချင်း သတ်တာ မဟုတ်တော့ဘူးပေါ့။ ကျွန်တော်ကတော့ သေဒဏ်ထိုက်တဲ့ အပြစ်တွေ လုပ်ထားပြီးပြီပဲ... နောက်ထပ် တစ်ခုတိုးလည်း ဘာဖြစ်လဲ။ ခမည်းတော်က ကွေ့ဖေးနဲ့ စတုတ္ထလေးကိုပဲ မျက်နှာလိုက်နေမှတော့... ကျွန်တော်က သူတို့ သားအမိကို သတ်ပြီး ကျွန်တော်နဲ့အတူ အဖော်ခေါ်သွားမှာပေါ့!"

နင်ချန်သည် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီနေကာ မျက်နှာမှာလည်း ပြာနှမ်းနေတော့သည်။ သားအဖနှစ်ဦး အချိန်အတော်ကြာ စိုက်ကြည့်နေကြပြီးနောက် - ဤခဏတွင် သူတို့ကြားမှ သံယောဇဉ်မှာ အပြီးအပိုင် ပြတ်တောက်သွားခဲ့လေပြီ။

"လာကြစမ်း! တတိယမင်းသားသည် အန်းဟယ်ကျင်းတို့နှင့် ပူးပေါင်းကာ ကွေ့ဖေးနှင့် စတုတ္ထမင်းသားတို့အား လုပ်ကြံရန် ကြံစည်ခဲ့သည်။ ၎င်းသည် ကိုယ်ကျင့်တရား ကင်းမဲ့လှသဖြင့်... ‘သာမန်လူတန်းစား’ အဖြစ် ရာထူးချလိုက်သည်။ သူ့အား မြို့တော်သို့ ချက်ချင်း ပြန်လည် ပို့ဆောင်စေပြီး၊ ယန်ချင့်ဘုရားကျောင်း၌ တစ်သက်လုံး အကျဉ်းချထားစေ!"

အမိန့်တော်အပြီးတွင် တတိယမင်းသားမှာ ရုန်းကန်နေစဉ် လုချင်းယွင်ကိုယ်တိုင် ဖမ်းဆီးတုပ်နှောင်ကာ အဝေးသို့ ခေါ်ဆောင်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် လုချင်းယွင်သည် နန်းတွင်းအစောင့်တပ်များနှင့်အတူ အန်းဟယ်ကျင်း သားအဖကို သွားရောက် ဖမ်းဆီးတော့သည်။

ထိုအချိန်တွင် အလျင်အမြန် ပြေးလာသော ယိဖေးသည် - သူမ၏ သားဖြစ်သူ တတိယမင်းသားမှာ အရှက်တကွဲဖြင့် ရထားလုံးပေါ်သို့ အတင်း အတင်ခံနေရသည်ကို အတိုင်းသား မြင်လိုက်ရလေသည်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)

IC 462

အခန်း ၄၆၂ ။ အရာရာ အဆုံးသတ်သွားခြင်း

"ဟန်အာ... ဟန်အာ... ဒါက ဘယ်လိုဖြစ်ရတာလဲ။ ငါ့သားကို လွှတ်ပေးကြပါ၊ အခုချက်ချင်း လွှတ်ပေးကြစမ်း၊ အား…"

ယိဖေးသည် အပြေးအလွှား ရောက်လာပြီး ရဲမက်များလက်ထဲမှ တတိယမင်းသားကို ကယ်ထုတ်ရန် ကြိုးစားသော်လည်း၊ ပြင်းထန်စွာ အတွန်းခံလိုက်ရသဖြင့် မြေပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားရှာသည်။

တတိယမင်းသားသည် မျက်ရည်များ ပြည့်နှက်နေသော မျက်နှာဖြင့် မိခင်ဖြစ်သူကို ကြည့်လိုက်သည်။ ယခုအချိန်တွင် သူ ဆက်လက်၍ မရုန်းကန်တော့ပေ။

"မေမေ... သားတော် တောင်းပန်ပါတယ်။ မေမေ့ကို စိတ်ပျက်အောင် လုပ်မိပြီ။ နောင်ကျရင် သားတော်က ‘သာမန်လူတန်းစား’ ပဲ ဖြစ်တော့မှာမို့ သားတော်အတွက်နဲ့ စိတ်မကောင်း မဖြစ်ပါနဲ့တော့။ သားတော် မလိမ္မာလို့ မေမေ့အနားမှာ ဆက်ပြီး မနေနိုင်တော့ဘူး။ သားတော့်အတွက် အသနားမခံပါနဲ့၊ မေမေ့ကိုယ်မေမေပဲ ဂရုစိုက်ပါ!"

"မရှိဘူး... ဟန်အာရယ်၊ မင်းမရှိရင် မေမေ ဘယ်လိုရှင်သန်ရမလဲ၊ ဟန်အာ!"

ယိဖေးသည် မြေပြင်ပေါ်တွင် မှောက်လျက် အသည်းအသန် ငိုကြွေးနေသော်လည်း၊ တတိယမင်းသား တင်ဆောင်ထားသော ရထားလုံး တဖြည်းဖြည်း ဝေးကွာသွားသည်ကိုသာ ကြည့်နေရတော့သည်။ ချက်ချင်းပင် မြို့တော်သို့ ပြန်လည်ပို့ဆောင်ခိုင်းခြင်းမှာ နင်ချန်သည် ဤသားအပေါ် အကြီးအကျယ် စိတ်ပျက်သွားကာ ထပ်မံ၍ မတွေ့ချင်တော့ကြောင်း သက်သေပင်ဖြစ်၏။

အလွန်အမင်း ဝမ်းနည်းကြေကွဲမှုကြောင့် ယိဖေးမှာ အသက်ရှူရပ်မတတ်ဖြစ်သွားကာ သတိလစ်သွားခဲ့သည်။ တဲနန်းအပြင်ဘက်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီးနောက် သူမအား အဆောင်သို့ ပြန်လည်သယ်ဆောင်သွားကြရသည်။

ထိုအချိန်တွင် စတုတ္ထမင်းသားနှင့် နင်ချန်တို့သည် ဒဏ်ရာများကို ဆေးထည့်နေကြသည်။ နင်ချန်၏ လက်မောင်းတွင် ဓားရာရသွားသလို၊ စတုတ္ထမင်းသားမှာလည်း တတိယမင်းသား၏ အတွန်းခံရမှုကြောင့် ဒဏ်ရာရနေသော လက်မောင်းမှာ ထပ်မံထိခိုက်သွားသဖြင့် နောက်ထပ် တစ်လ၊ နှစ်လခန့် ထပ်မံ အနားယူရပေဦးမည်။

သတင်းကြား၍ ရောက်လာကြသော မင်းသားကြီးနှင့် ဒုတိယမင်းသားတို့မှာ ဘာဖြစ်ခဲ့မှန်း အတိအကျ မသိကြသော်လည်း၊ တတိယလေး ရာထူးချခံရပြီး အကျဉ်းချခံရသည်ကိုကြည့်ကာ တစ်ခုခုတော့ ရိပ်မိကြသည်။ ထို့ကြောင့် ဘာမှမမေးဝံ့ဘဲ ဘေးနားတွင် တိတ်ဆိတ်စွာသာ အဖော်ပြုပေးနေကြသည်။

အခြားတစ်ဖက်တွင်၊ အန်းဟယ်ကျင်းမှာ အဖမ်းမခံဘဲ ခုခံသော်လည်း၊ ကံကောင်းထောက်မစွာဖြင့် စစ်သူကြီးများ ရှိနေခဲ့သည်။ ယဲ့ကျယ်မှာ ခါးဒဏ်ရာ မသက်သာသေးသော်လည်း လိုက်ပါသွားသလို၊ ဟိုဖျင်ပေလည်း မကျန်ရစ်ခဲ့ပေ။ အောက်ချီ ဦးဆောင်သော အခြားမင်းသားကြီး သုံးဦးတို့၏ အကူအညီဖြင့် အန်းဟယ်ကျင်း အဖွဲ့သားများအားလုံးကို အမြန်ပင် ဖမ်းဆီးနိုင်ခဲ့သည်။

ထို့ပြင် အန်းဟယ်ကျင်း၏ လက်ထဲတွင် လျောင်နိုင်ငံနှင့် လျှို့ဝှက်ဆက်သွယ်ထားသော သက်သေများကိုပါ ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းမှာ နိုင်ငံတော်သစ္စာဖောက်မှုပင်ဖြစ်၏။ နင်ချန်သည် တွန့်ဆုတ်မနေဘဲ ‘ချက်ချင်း ကွပ်မျက်ရန်’ အမိန့်ချလိုက်တော့သည်။ ယခုတစ်ကြိမ်တွင် သူ အကြီးအကျယ် အမျက်ထွက်နေသဖြင့် အမျိုးသမီးများကိုပင် ချန်မထားခဲ့ပေ။

စဉ်းစားကြည့်လျှင် ရယ်စရာပင်။ ဝူလန်ထောယားမှာ တတိယမင်းသား၏ မယားငယ်ဖြစ်ရန် သတ်မှတ်ခံရပြီး မကြာမီမှာပင် ယခုကဲ့သို့ ‘သေကွဲ’ ကွဲရတော့မည် မဟုတ်လား။ သို့သော်လည်း နင်ယွီဟန်မှာ ယခုအခါ မင်းသားမဟုတ်တော့သဖြင့် မယားငယ်လည်း မလိုတော့ပေ။

ဤစာရင်းရှင်းပွဲတွင် လူပေါင်း တစ်ရာကျော်ကို ကွပ်မျက်ခဲ့သည်။ ကွပ်မျက်ရာ မြက်ခင်းပြင်စိမ်းကြီးမှာ သွေးချင်းချင်းနီသွားကာ လင်းတများနှင့် ဝံပုလွေများပင် ဝဲနေတော့သည်။ အန်းဟယ်ကျင်း၏နယ်မြေကို နင်ချန်က စစ်သူကြီးတစ်ဦးအား တပ်စွဲစောင့်ကြပ်စေခဲ့ရာ၊ ထိုအချိန်မှစ၍ ကျားစခ်တွင် မင်းသားကြီး သုံးဦးသာ ကျန်ရှိတော့သည်။

ဤသတ်ဖြတ်မှုကြီးမှာ နင်ချန်၏ အားလုံးအပေါ် သတိပေးချက်လည်း ဖြစ်၏။ သူသည် နန်ချီ၏ ဧကရာဇ်ဖြစ်သည်၊ ရာထူးနှင့် စည်းစိမ်ကို ပေးသနားနိုင်သလို၊ လက်တစ်ချက် လွှဲရုံနှင့်လည်း အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သူ ဖြစ်သည်။ အန်းဟယ်ကျင်း၏နမူနာကို မြင်လိုက်ရသဖြင့် ကျန်ရှိသော မင်းသားကြီး သုံးဦးမှာလည်း နောက်ထပ် မကောင်းသော စိတ်ကူးများ မယဉ်ရဲကြတော့ပေ။

ယဲ့ယွင် ပြန်နိုးလာချိန်တွင် တတိယမြောက်နေ့၏ နေ့လည်ခင်းသို့ ရောက်နေပြီ ဖြစ်သည်။ အကယ်၍ သူမသာ ထပ်မနိုးလာပါက နောက်ထပ်ပြဿနာများ တက်လာနိုင်ပေသည်။ နင်ချန်သည် သမားတော်များကို အကြိမ်ကြိမ် ဆူပူထားသဖြင့် စခန်းတစ်ခုလုံးတွင် မည်သူမျှ အသံကျယ်ကျယ် မပြောရဲကြတော့ပေ။

"မယ်မယ်... နိုးလာပြီလား။ ကျွန်တော်မျိုးမတို့မှာ ထိတ်လန့်လွန်းလို့ သေတော့မလို့ပဲ။ မယ်မယ်သာ တစ်ခုခုဖြစ်သွားရင် ကျွန်တော်မျိုးမလည်း အသက်မရှင်ချင်တော့ဘူး!" ဟု နန်ကျစ်က မျက်ရည်များ သုတ်ရင်း ငိုပြောရှာသည်။

ဟွေယွဲ့ကလည်း မျက်လုံးများကို သုတ်ကာ - "နိုးလာတာပဲ တော်ပါပြီ။ မကောင်းတဲ့ စကားတွေ မပြောပါနဲ့တော့။ သမားတော်ရယ်၊ အရှင်မင်းကြီးနဲ့ စတုတ္ထမင်းသားကိုပါ အမြန် သွားခေါ်လိုက်ကြစမ်း"

ယဲ့ယွင်သည် သူမ၏ အစေခံမလေးများကို အားပေးစကား ပြောချင်သော်လည်း ပါးစပ်ဟလိုက်ချိန်တွင် အသံမထွက်ဘဲ အက်ရှရှ အသံအချို့သာ ထွက်လာသည်။ သူမ မျက်နှာ ပျက်သွားကာ လည်ပင်းကို အသာစမ်းကြည့်မိသည်။

ငါ အသက်ဘေးက လွတ်လာပေမဲ့... အဆိပ်ကြောင့် အသံပျောက်သွားတာလား။

သူမ ချောင်းနှစ်ချက် ဆိုးလိုက်သော်လည်း ဝမ်းဗိုက်အတွင်းမှ အပြင်းအထန် အောင့်တက်လာသဖြင့် မျက်မှောင်ကြုတ်သွားရသည်။

"မယ်မယ် ဘာဖြစ်လို့လဲဟင်၊ လည်ချောင်း နာနေလို့လား။ အရင်ဆုံး ရေသောက်လိုက်ပါဦး”

ဟွေယွဲ့က ရေတစ်ခွက်ကို အမြန်တိုက်ကာ ယဲ့ယွင်ကို တွဲထူပေးသည်။ ရေသောက်ရသည်မှာပင် သူမအတွက် နာကျင်နေရသည်။ ယဲ့ယွင် ခက်ခဲနေသည်ကို မြင်သောအခါ ဟွေယွဲ့မှာ မျက်ဝန်းများ နီမြန်းလာသည် -

"မယ်မယ် တကယ်ကို ပင်ပန်းရရှာတယ်။ သတိလစ်နေတဲ့ ဒီရက်တွေမှာ ဆေးလုံးတွေကို ငုံခိုင်းပြီး၊ ဇွန်းနဲ့ စွပ်ပြုတ်လေးတွေပဲ တိုက်နိုင်ခဲ့တာပါ။ ဒီနေ့မှသာ မနိုးလာရင် ဘယ်လိုလုပ်ရမလဲ မသိဘူး"

သာမန်လူတစ်ယောက်အတွက် မစားမသောက်ဘဲ ရက်အတော်ကြာနေရသည်မှာ အသက်အန္တရာယ် ရှိလှပေသည်။ ကံကောင်းထောက်မစွာဖြင့် သူမအား ဂရုတစိုက်ပြုစုသူများ ရှိနေသဖြင့်သာ ဆက်လက် တောင့်ခံနိုင်ခြင်း ဖြစ်၏။ ရေသောက်ပြီးနောက် လည်ချောင်းမှာ အနည်းငယ် သက်သာသွားသဖြင့် ယဲ့ယွင် စကားပြောရန် ကြိုးစားလိုက်သည် -

"အရှင်... အရှင်မင်းကြီးကော... ပြီးတော့... သားလေး..."

အသံမှာ အင်မတန် အက်ရှနေသော်လည်း စကားပြောနိုင်သေးသဖြင့် တော်သေးသည်ဟု သူမ တွေးမိသည်။ အားစိုက်ပြောလျှင် နာကျင်သဖြင့် အဆုတ်ထိ ထိခိုက်သွားပုံရသည်။ ဟွေယွဲ့က သူမ၏ ဆိုလိုရင်းကို သိသဖြင့် အမြန်ပင် -

"အရှင်မင်းကြီးနဲ့ စတုတ္ထမင်းသားလေး အခုပဲ လာပါလိမ့်မယ်။ မယ်မယ် သတိလစ်နေတုန်းမှာ ကိစ္စတွေ အများကြီး ဖြစ်သွားတယ်၊ ကျွန်တော်မျိုးမ ပြောပြပါရစေ”

ယဲ့ယွင် ခေါင်းညိတ်သည်။ ဟွေယွဲ့က တတိယမင်းသား ရာထူးချခံရပြီး အကျဉ်းချခံရပုံ၊ အန်းဟယ်ကျင်း တစ်မိသားစုလုံး သုတ်သင်ခံရပုံနှင့် ယိဖေး နေမကောင်းဖြစ်နေပုံများကို အကုန်အစင် ပြောပြလိုက်သည်။

တတိယမင်းသား၏စရိုက်အရ ဤသို့သော နေ့တစ်နေ့ ရောက်လာမည်ကို ယဲ့ယွင် ကြိုတွေးမိထားသဖြင့် မအံ့သြပေ။ သို့သော် စတုတ္ထမင်းသား၏ လက်မောင်းဒဏ်ရာ ထပ်မံပြင်းထန်သွားပုံနှင့် နင်ချန် ဒဏ်ရာရခဲ့ပုံများကို ကြားရချိန်တွင်မှ သူမ အလွန် စိုးရိမ်သွားရတော့သည်။

ထို့ကြောင့် သားအဖ နှစ်ဦး ရောက်လာချိန်တွင် ယဲ့ယွင်သည် သူမ၏အခြေအနေထက် သူတို့နှစ်ဦးကိုသာ အရင်ဆုံး သေသေချာချာ စစ်ဆေးနေတော့သည်။ အထူးသဖြင့် နင်ချန်၏လက်မောင်းပေါ်မှ လက်ဝါးခန့်ရှည်သော ဒဏ်ရာကြီးကို သူမ အကြာကြီး ကြည့်နေမိသည်။

"ရပါပြီ... ကျန်းနဲ့ ကျင့်အာ ဘာမှမဖြစ်ပါဘူး။ မင်းသာ ဘယ်လိုနေသေးလဲ။ နာနေတုန်းပဲလား"

နင်ချန်က ကုတင်ဘေးတွင် ထိုင်လိုက်ရင်း စိုးရိမ်တကြီး မေးရှာသည်။ ယဲ့ယွင် စကားပြောရန် ကြိုးစားသော်လည်း မထွက်သဖြင့် ပါးစပ်ကို ပြန်ပိတ်လိုက်ကာ၊ သူမ၏ လည်ပင်းနှင့် ဝမ်းဗိုက်ကိုသာ လက်ဖြင့် ညွှန်ပြလိုက်သည်။ ထိုစဉ် သမားတော် ရောက်လာရာ နင်ချန်က ချက်ချင်းပင် -

"ကွေ့ဖေးက လည်ပင်းနဲ့ ဝမ်းဗိုက်မှာ မအီမသာ ဖြစ်နေတယ်၊ ဘာဖြစ်တာလဲ။ သူမ သက်သာအောင် ဘာဆေးတွေ ပေးရမလဲ"

ဘေးမှ ဟွေယွဲ့က ဖြည့်စွက်ပြောသည် - "မယ်မယ် အသံ သိပ်မထွက်နိုင်တော့ဘူး၊ အသံတွေ အတော်လေး အက်နေပါတယ်"

သမားတော်က ဦးညွှတ်ကာ ရှင်းပြသည် - "အရှင်မင်းကြီး... အဆိပ်က အရမ်းကိုမှပြင်းထန်လှပါတယ်။ အချိန်မီ အန်ထုတ်နိုင်ခဲ့ပေမဲ့ အစာအိမ်နဲ့ လည်ချောင်းကိုတော့ အနည်းငယ် လောင်သွားစေခဲ့ပါတယ်။ ဒါကြောင့် အချိန်ယူပြီး ပြန်လည်ထိန်းသိမ်းရပါမယ်။ အသံကတော့ နောက်နှစ်ပတ်လောက်ဆို ပြန်ကောင်းလာနိုင်ပေမဲ့၊ အစာအိမ်ကတော့ တစ်နှစ်လောက်အထိ ဂရုစိုက်ရပါလိမ့်မယ်"

အသံ ထာဝရပျောက်သွားတာ မဟုတ်ကြောင်း သိရမှ ယဲ့ယွင် စိတ်သက်သာရာ ရသွားသည်။ သူမသည် နင်ချန်၏လက်ကို ဆွဲယူကာ သူ့လက်ဖဝါးပေါ်တွင် ‘စိတ်ချပါ’ ဟူသော စာလုံးနှစ်လုံးကို လက်ချောင်းဖြင့် ရေးသားလိုက်သည်။

မိမိချစ်ရသော အမျိုးသမီး ဤမျှအထိ နာကျင်နေရသည်ကို မြင်ရသောအခါ နင်ချန်သည် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိကာ၊ ရှေ့မဆင်နောက်မဆင် သူမအား ရင်ခွင်ထဲသို့ ဆွဲသွင်းကာ တင်းကျပ်စွာ ဖက်ထားလိုက်သည်။

"အရာရာ ပြီးဆုံးသွားပါပြီ။ နောက်ဆိုရင် ဒီလိုမျိုး ဘယ်တော့မှ မဖြစ်စေရဘူး။ ကျန်းတို့တွေ နောက်သုံးရက်နေရင် မြို့တော်ကို ပြန်ကြမယ်။ ပြန်ရောက်ရင် မင်း ကျန်းရဲ့ ကျိုချန်နန်းဆောင်မှာပဲ နေရမယ်၊ ဘယ်မှ သွားစရာမလိုဘူး။ ကျန်းရဲ့ဘေးမှာပဲ အမြဲနေစမ်း။ ဘယ်သူကများ ကဲ့ရဲ့စကား တစ်ခွန်းပြောရဲရင်... ကျန်းကိုယ်တိုင် သူ့လျှာကို ဖြတ်ပစ်မယ်!"

ယခုတစ်ကြိမ်တွင် နင်ချန်သည် ဆုံးဖြတ်ချက်ကို ပြတ်သားစွာ ချလိုက်ပြီးဖြစ်ရာ မည်သူ့ကိုမျှ ငြင်းဆိုခွင့် ပေးမည် မဟုတ်ပေ။ ယဲ့ယွင်သည်လည်း ထိုအမျိုးသား၏ ပူနွေးလှသော ရင်ခွင်နှင့် နှလုံးခုန်သံကို ခံစားရင်း၊ သေဘေးမှ တစ်ဖန် ပြန်လည် လွတ်မြောက်လာခဲ့ခြင်းအတွက် ရင်ထဲတွင် အပူများ ငြိမ်းအေးကာ နင်ချန်ကို ပြန်လည် တင်းကျပ်စွာ ဖက်ထားလိုက်လေသည်။

စတုတ္ထမင်းသားလေးမှာ ဘေးမှနေ၍ မျက်စိကစားရင်း နှာခေါင်းလေးကို ပွတ်ကာ တိတ်တဆိတ် အပြင်သို့ ထွက်သွားရှာသည်။ အစေခံများလည်း အနှောင့်အယှက် မပေးဝံ့ကြသဖြင့် အကုန် ထွက်သွားကြရာ၊ သမားတော်ပင်လျှင် တဲအပြင်သို့ ဆွဲထုတ်ခြင်းခံလိုက်ရပြီး အပြင်ဘက်တွင်သာ ဆေးစာရေးနေရလေသည်။

***

All Chapters