← Chapters

extra

Vol. 30 Ch. 471-472

extra

Vol. 30 Ch. 471-472

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)

IC 471

အခန်း ၄၇၁ ။ အချပ်ပို - ယွီရုန်

နန်းတော်၏ မင်းသားကြီးဟူသော အမည်နာမကို ပိုင်ဆိုင်ထားသော်လည်း၊ နင်ယွီရုန်သည် အမြဲတမ်း တိတ်ဆိတ်အေးဆေးစွာ နေထိုင်ခဲ့သူဖြစ်သည်။ ကျန်းမာရေး အားနည်းလွန်းခြင်းကြောင့်လည်း ဖြစ်နိုင်သလို၊ အာဏာလုပွဲများကို စိတ်ကုန်နေခြင်းကြောင့်လည်း ဖြစ်နိုင်ပါ၏။

အမှန်တော့ သူငယ်စဉ်က ဆိုးသွမ်းခဲ့ဖူးသည်။ သို့သော် ထိုစဉ်က ကလေးငယ်မျှသာ ရှိသေးသဖြင့် မသမာသူတို့၏ သွေးထိုးမှုကို ခံခဲ့ရကာ မိုက်မဲသော ကိစ္စများစွာ ပြုလုပ်ခဲ့မိခြင်းပင်။ ကံကောင်းသည်မှာ ထိုစဉ်က အသက်ငယ်သေးသဖြင့် လမ်းမှားရောက်နေသည်ကို အချိန်မီ ပြန်တည့်မတ်ပေးနိုင်ခဲ့သောကြောင့် ဘဝတစ်ခုလုံး မပျက်စီးခဲ့ရပေ။

သူမှတ်မိသမျှ ကာလပတ်လုံး သူ့ပါးစပ်တွင် ဆေးခါးနံ့များ ကင်းဝေးခဲ့ဖူးသည်မရှိ။ ထိုစဉ်က သူ့တွင် မိခင်ရင်းတစ်ဦး ရှိခဲ့ဖူးသည်။ သူမမှာ တစ်ချိန်က ဧကရာဇ်၏ အချစ်တော် ‘ဝမ်သယ့်ဖေး’ ပင် ဖြစ်၏။ သို့သော် သူသည် မွေးရာပါ ကျန်းမာရေးချို့တဲ့သူ ဖြစ်သဖြင့် ဝမ်သယ့်ဖေးသည် သူ့ကိုကြည့်တိုင်း ပြုံးရယ်ခြင်းမရှိဘဲ မျက်မှောင်ကြုတ်၍သာ နေခဲ့သည်။ နောက်ပိုင်းတွင် ဝမ်သယ့်ဖေးသည် ကျန်းမာသော ကလေးတစ်ဦး ထပ်မံရရှိရန် ကြိုးပမ်းရင်း သူ့ကို လုံးဝ လစ်လျူရှုကာ နို့ထိန်းများနှင့် အစေခံများလက်ထဲသာ ပစ်ထားခဲ့တော့သည်။

ဤအကြောင်းများကို သူကိုယ်တိုင် မသိခဲ့ပေ။ ပုခက်ထဲက ကလေးတစ်ယောက်က ဘာကို မှတ်မိနိုင်ပါမလဲ။ ဤအကြောင်းများကို မယ်တော်ကြီးအနားကလူများက သူ့ကို ပြောပြခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က မယ်တော်ကြီးသည် သူ့ကို အနားခေါ်၍ ပြုစုပျိုးထောင်ခဲ့ရာ၊ ခနမျှတော့ ပျော်ရွှင်ခဲ့ရဖူးသည်။ တကယ်တော့ မယ်တော်ကြီးသည် ကလေးထိန်းပုံ မတတ်ပေ။ သူ့ကို အလိုလိုက်လွန်းသဖြင့် မာနကြီးပြီး စိတ်ခက်ထန်သော ကလေးတစ်ဦး ဖြစ်လာစေခဲ့သည်။ သို့သော် မယ်တော်ကြီးက သူ့အပေါ် စိတ်ရင်းနှင့် ချစ်ခဲ့သည်မှာတော့ အမှန်ပင်။

ထိုအချစ်ကြောင့်ပင် ခမည်းတော် (နင်ချန်) က သူ လမ်းမှားရောက်နေပြီဟု ယူဆကာ၊ မယ်တော်ကြီးထံမှ ခေါ်ထုတ်၍ ဟွေ့ကျောင်းရီ (ယခု ဟွေ့ရှူးဖေး) ထံ၌ ထားရှိခဲ့သည်။ ထိုစဉ်က သူသည် ဟွေ့ကျောင်းရီကို မုန်းသလို၊ ညီမလေး ဖြစ်သော ဒုတိယမင်းသမီးကိုလည်း မုန်းခဲ့သည်။ ၎င်းမှာ မနာလိုစိတ်ကြောင့် ဖြစ်ပေလိမ့်မည်။ သူ အမြဲတွေးမိသည်မှာ - “ဘာလို့ သူတို့ကျတော့ သားအမိတွေ အတူနေရပြီး၊ ငါ့မှာကျတော့ အမေလည်းမရှိ၊ ဘွားတော်နဲ့လည်း ခွဲရတာလဲ” ဟူ၍ပင်။ ထို့ကြောင့် အစေခံများ၏ သွေးထိုးမှုဖြင့် သူသည် ဒုတိယမင်းသမီးကို တွန်းလှဲကာ ဟွေ့ကျောင်းရီကို ဒဏ်ရာရစေခဲ့ပြီးနောက် ထိုနေရာမှ လွတ်မြောက်ခဲ့သည်။

ခမည်းတော်က သူ့ကို မယ်တော်ကြီးထံ ပြန်ပို့လိမ့်မည်ဟု ထင်ခဲ့သော်လည်း၊ သူသည် ‘ဖုန်းရှီးနန်းဆောင်’ သို့ ရောက်သွားခဲ့သည်။ မိဖုရားခေါင် (ရှဲ့ရှီ) က သူ့မိခင်အသစ် ဖြစ်လာခဲ့သည်။ မိဖုရားခေါင်တွင် ကိုယ်ပိုင်သားသမီး မရှိသဖြင့် သူ့အပေါ် အင်မတန် ကြင်နာယုယခဲ့ရာ - ထိုစဉ်က သူသည် ဤအတိုင်းသာ ထာဝရ ဖြစ်နေစေရန် ဆုတောင်းခဲ့ဖူးသည်။

သို့သော် ပျော်ရွှင်မှုက မကြာလိုက်ပေ။ မိဖုရားခေါင်သည် အပြစ်ကြီးကျူးလွန်ခဲ့သလို၊ သူ့ကို အဆိပ်ခတ်ခဲ့ကြောင်းပါ ပေါ်ပေါက်ခဲ့သည်။ ထိုစဉ်က သူသည် အရာရာကို နားလည်နေပြီဖြစ်ရာ - မိမိမှာ ထပ်မံ၍ အစွန့်ပစ်ခံလိုက်ရပြီဖြစ်ကြောင်း သိလိုက်ရသည်။

ယခုတစ်ကြိမ်တွင် သူ့ကို ‘ဝမ်ရှိုးယွမ်’ က ခေါ်ယူပြုစုခဲ့သည်။ ဝမ်ရှိုးယွမ်တွင် ကလေးမရှိသလို နောင်တွင်လည်း ရှိလာမည်မဟုတ်သဖြင့်၊ သူသည် သူမ၏ တစ်ဦးတည်းသော သားဖြစ်လာကာ သားအမိအရင်းကဲ့သို့ အတူနေထိုင်ရမည်ဟု နို့ထိန်းက ဖျောင်းဖျခဲ့သည်။ သူသည် မည်သူ့ကိုမျှ မယုံကြည်ချင်တော့သော်လည်း - ၆ နှစ်၊ ၇ နှစ်အရွယ် ကလေးပီပီ ဝမ်ရှိုးယွမ်၏ အသေးစိတ် ဂရုစိုက်မှုများကြောင့် စိတ်တံခါးကို ပြန်ဖွင့်ပေးခဲ့သည်။ သူသည် သူမအား ‘မေမေ’ ဟု ခေါ်ခဲ့သည်။ ၎င်းမှာ သူ့ဘဝတွင် အကြာဆုံး ပျော်ရွှင်မှုဖြစ်ခဲ့ပြီး တစ်နှစ်ကျော် ကြာမြင့်ခဲ့သည်။

သို့သော် အိပ်မက်မှာ ပျက်ပြားသွားပြန်သည်။ ဝမ်ရှိုးယွမ်သည်လည်း လောဘဇောကြောင့် - ကျန်းမာသော ကလေးတစ်ဦးကို မွေးစားနိုင်ရန်အတွက်၊ သူ၏ နာတာရှည်ရောဂါကို အခွင့်ကောင်းယူကာ သူ့ကို သေအောင် ပစ်ထားခဲ့သည်။ ထိုစဉ်က သူသည် သေမင်းနှင့် ရင်ဆိုင်ပြီးမှ အသက်ကို မနည်း လုယူခဲ့ရခြင်းဖြစ်သည်။

သူပြန်နိုးလာချိန်တွင် ‘ရူယီဆောင်’ ၌ နေထိုင်ရတော့သည်။ ထိုအချိန်မှစ၍ သူသည် မည်သူ့ကိုမျှ မိခင်အဖြစ် မလိုအပ်တော့ပေ။ ခမည်းတော်က လျန်ယွီအား သူ၏ ဝေယျာဝစ္စများကို ပြုစုရန် စေလွှတ်ခဲ့သည်။ ရယ်စရာကောင်းသည်မှာ - သူနှင့် သားအမိအရင်း ဖြစ်လာရန် အခွင့်အလမ်း အနည်းဆုံးဖြစ်သော လျန်ယွီမှာ နောက်ဆုံးတွင် သူ့မိခင်နှင့် အတူဆုံးသူ ဖြစ်လာခဲ့ခြင်းပင်။ လျန်ယွီ၏ နွေးထွေးမှုကြောင့်သာ သူသည် ဤလောကကြီးအပေါ် ယုံကြည်မှု အကြွင်းမဲ့ မပျောက်ကွယ်ခဲ့ရခြင်း ဖြစ်၏။

အမြဲတမ်း တိုးတက်မလာသောအရာမှာ သူ၏ မွေးရာပါ အားနည်းသော ခန္ဓာကိုယ်ပင် ဖြစ်သည်။ အမှန်တော့ ဤမျှအထိ မဆိုးနိုင်သော်လည်း၊ နန်းတွင်း အာဏာလုပွဲများကြားတွင် သူသည် အပြစ်မရှိဘဲ အကြိမ်ကြိမ် ဒုက္ခပေးခံခဲ့ရသဖြင့် အမြစ်ပြတ်ကုသရန် မဖြစ်နိုင်တော့ပေ။ ထိုအကြောင်းကြောင့်ပင် လက်ထပ်ပြီး နှစ်ပေါင်းများစွာကြာသည်အထိ သူသည် ရင်သွေး မရရှိခဲ့ပေ။

သူ၏ အသက် ၂၈ နှစ်အရွယ်သို့ ရောက်သောအခါမှသာ၊ မယားငယ်ဖြစ်သူ လီရှီတွင် ကိုယ်ဝန် ရှိလာခဲ့သည်။ ၎င်းမှာ သူ၏ ပထမဆုံးသော ရင်သွေးဖြစ်သဖြင့် အင်မတန် တန်ဖိုးထားကာ၊ လီရှီအား ဒုတိယတန်းစား ကြင်ယာတော်အဖြစ် ချက်ချင်းပင် ရာထူးတိုးပေးခဲ့သည်။

သို့သော် သူ မထင်မှတ်ထားသည်မှာ - သူ၏ တရားဝင်ဇနီးဖြစ်သူ ချွေ့ရှီသည် အမြဲတမ်း သဘောထားကြီးဟန် ဆောင်နေခဲ့သော်လည်း၊ ယခုအခါ လီရှီအပေါ် သတ်ဖြတ်လိုစိတ်များ ပေါ်ပေါက်လာခြင်းပင်။ ချွေ့ရှီသည် မိမိထက်အရင် တခြားသူက ကလေးမွေးသည်ကို သည်းမခံနိုင်ပေ။ အထူးသဖြင့် မင်းသားကြီး ကျန်းမာရေး မကောင်းသဖြင့် - လီရှီ၏ဝမ်းထဲက ကလေးမှာ မင်းသားကြီး၏ တစ်ဦးတည်းသော သားသမီး ဖြစ်လာနိုင်ချေ ရှိနေသောကြောင့်ဖြစ်၏။ အကယ်၍ ထိုကလေး မွေးလာပါက လီရှီသည် မိမိ၏ခေါင်းပေါ်သို့ တက်လာလိမ့်မည်ဟု သူမ စိုးရိမ်နေခဲ့သည်။

ထိုစိုးရိမ်စိတ်ကြောင့်ပင် - တစ်နေ့၌ လီရှီ ဥယျာဉ်ထဲတွင် ပန်းကြည့်နေစဉ် ချော်လဲကာ ကိုယ်ဝန် ပျက်ကျသွားခဲ့လေတော့သည်။

လီရှီ ကိုယ်ဝန်ပျက်ကျသည့် သတင်းကို ကြားရချိန်တွင် - မင်းသားကြီး၏ခေါင်းထဲသို့ ပထမဆုံး ဝင်လာသည့် အတွေးမှာ တစ်စုံတစ်ယောက်က နောက်ကွယ်မှ လှုပ်ရှားလိုက်ခြင်းဖြစ်ရမည် ဟူ၍ပင်။ သူ့အား သံသယကြီးသည်ဟု အပြစ်ဆို၍ မရပေ၊ အကြောင်းမှာ ဤကဲ့သို့သော ယုတ်မာမှုများကို သူကိုယ်တိုင် ငယ်စဉ်ကတည်းက ကြုံတွေ့ခဲ့ရသောကြောင့်ဖြစ်၏။ သူသည် ချက်ချင်းပင် သူ့လူယုံများကို စေလွှတ်ကာ တရားဝင်ဇနီး ချွေ့ရှီမှစ၍ အိမ်တော်အတွင်းရှိ အခြေခံအဆင့်အစေခံများအထိ တစ်ဦးမကျန် အသေးစိတ် စုံစမ်းခိုင်းလိုက်သည်။

သူ လီရှီထံသို့ သွားကြည့်ချိန်တွင် သူမမှာ သတိလစ်မတတ် ငိုကြွေးနေရှာသည်။ လီရှီသည် အမြဲတမ်း စည်းကမ်းစောင့်သူဖြစ်သော်လည်း၊ ယခုအခါ မင်းသားကြီး၏ ရင်ခွင်ထဲ တိုးဝင်ကာ သူမအတွက် တရားမျှတမှု ရှာပေးရန် အသနားခံနေတော့သည်။

ချွေ့ရှီ ရောက်လာချိန်တွင်လည်း မျက်ဝန်းများ နီမြန်းလျက် - “ညီမလေးရယ်... ဒါက မင်းအမှား မဟုတ်ပါဘူး၊ အစေခံတွေ မကောင်းလို့ပါ။ ကိုယ်ဝန်က သုံးလတောင် မပြည့်သေးတာကို ဥယျာဉ်ထဲ ဘာလို့ သွားရတာလဲ။ လူတွေ လာကြစမ်း... လီရှီဘေးက အစေခံတွေကို အပြင်ခေါ်ပြီး အချက် ၅၀ စီ ရိုက်ကြစမ်း! သခင်ကို ကောင်းကောင်း မပြုစုနိုင်တဲ့လူတွေ ထားစရာ မလိုဘူး၊ သူတို့ကို နှင်ထုတ်ပြီး ငါလူအသစ် ပြန်ရွေးပေးမယ်” ဟု ဆိုကာ အပြစ်ပုံချတော့သည်။

လီရှီမှာ စိတ်ရှုပ်ထွေးနေသဖြင့် ဘာမှမစဉ်းစားနိုင်သော်လည်း၊ မင်းသားကြီးက ချွေ့ရှီကို ကြည့်သော အကြည့်မှာ အေးစက်သွားခဲ့ပြီ။

“အိမ်တော်ထဲမှာ သွေးမြေကျပြီးပြီပဲ၊ ထပ်ပြီး သတ်ဖြတ်တာတွေ မလုပ်နဲ့တော့။ လီရှီ က ကိုယ်ဝန်ပျက်လို့ စိတ်ထိခိုက်နေတာဆိုတော့ ရင်းနှီးတဲ့လူတွေရဲ့ ပြုစုမှုကိုပဲ လိုအပ်တယ်။ သူမဘေးက အနီးကပ်လူတွေကို သူမ နေကောင်းမှ အပြစ်ပေးမယ်။ ကျန်တဲ့လူတွေကိုတော့ အချက် ၂၀ စီ ရိုက်ပြီး လစာ သုံးလ ဖြတ်လိုက်ပါ”

ချွေ့ရှီ ကြောင်အမ်းသွားကာ အကြည့်များ ဝေဝါးသွားသည် - “မင်းသားက အမြော်အမြင် ကြီးမားလှပါတယ်။ ကျွန်တော်မျိုးမက စိုးရိမ်လွန်သွားလို့ပါ”

သူမ၏ ထိုသဘာဝမကျသောတုံ့ပြန်ပုံကို မင်းသားကြီး ရိပ်မိလိုက်သော်လည်း၊ ဘာမှမပြောဘဲ လူများကိုသာ ပြန်ခိုင်းလိုက်သည်။ လီရှီ အိပ်ပျော်သွားမှသာ သူ အခန်းပြင်သို့ ထွက်လာခဲ့သည်။ ထိုနေ့မှာပင် သူသည် သူ့ကိုယ်ပိုင်အဆောင်မှ စီမံခန့်ခွဲသူ ‘မားမား’ တစ်ဦးကို လီရှီအား ပြုစုရန် စေလွှတ်ခဲ့သည်။

အရင်က မင်းသားကြီးသည် မည်သူ့ကိုမျှ အထူးတလည် မျက်နှာသာပေးလေ့ မရှိသဖြင့်၊ ယခု အပြုအမူမှာ အင်မတန် ထင်ရှားလှပေသည်။ အိမ်တော်၏ ဟန်ချက် ပျက်ပြားသွားသဖြင့် ချွေ့ရှီ ရင်ထဲတွင် ပို၍ပင် မအီမသာ ဖြစ်လာခဲ့သည်။ ကလေးကို သတ်ရုံနှင့် မလုံလောက်ဘဲ လီရှီကိုပါ ဖယ်ရှားပစ်ရန် သူမ ဆုံးဖြတ်လိုက်သည်။

သို့သော် သူမ လက်မပါရသေးမီ - နှစ်ရက်အကြာတွင် ဝန်ခံထွက်ဆိုချက်များ ပါဝင်သော စာရွက်များနှင့်အတူ ဥယျာဉ်ထဲမှ အစေခံနှစ်ဦးကို သူမ၏ အဆောင်ရှေ့သို့ လာရောက်ပစ်ချခြင်း ခံလိုက်ရသည်။ ထိုသူနှစ်ဦးမှာ လီရှီကို လုပ်ကြံရန် ချွေ့ရှီကိုယ်တိုင် ငွေပေး၍ စည်းရုံးခဲ့သူများဖြစ်၏။

လျန်ယွီသည် ချွေ့ရှီအား အေးစက်စွာ ကြည့်ရင်း ဆိုလိုက်သည် -

“မင်းသားက ‘သက်သေတွေ အကုန်ရှိနေပြီမို့ အပိုတွေ လျှောက်မပြောနဲ့တော့’ လို့ မှာလိုက်ပါတယ်။ မင်းသားက ငယ်ငယ်ကတည်းက ပင်ပန်းဆင်းရဲခဲ့ရတဲ့သူမို့လို့... သူ့မျက်စိထဲမှာ ဒီလိုကိစ္စမျိုးကို နည်းနည်းလေးမှ သည်းမခံနိုင်ပါဘူး။ သားသမီးကိုသတ်တဲ့ ရန်သူနဲ့တော့ သူ အတူမနေနိုင်ဘူး။ ဇနီးမောင်နှံသံယောဇဉ်က ဒီမှာတင် ကုန်ဆုံးပါပြီ။ မင်းသားက နန်းတော်ကို အမိန့်တော် သွားတောင်းနေပြီမို့... မင်း ပစ္စည်းတွေ အမြန်ထုပ်ထားလိုက်ပါတော့။ အမိန့်တော် ရောက်တာနဲ့ မင်း ဒီကနေ ထွက်သွားရတော့မယ်”

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)

IC 472

အခန်း ၄၇၂ ။ အချပ်ပို - ယွီရုန်

ထိုစကားကို ကြားလိုက်ရချိန်တွင် ချွေ့ရှီတစ်ကိုယ်လုံး တောင့်တင်းသွားကာ မိမိနားကိုယ်မိမိပင် မယုံကြည်နိုင် ဖြစ်သွားရသည်။

ဤသို့ မဖြစ်သင့်ပေ။ သူမ၏ အထိန်းတော် ‘မားမား’ က ပြောခဲ့သည်မှာ - လီရှီသည် နိမ့်ကျသော မျိုးရိုးမှ လာသူဖြစ်ပြီး သူမ၏ ဝမ်းထဲက ကလေးမှာလည်း အဆင့်မရှိကြောင်း၊ အကယ်၍ မင်းသားကြီး သိသွားလျှင်ပင် အနည်းငယ်သာ အပြစ်ပေးလိမ့်မည်ဖြစ်ပြီး - မမွေးသေးသော မယားငယ်၏ ကလေးအတွက်နှင့် တရားဝင်ဇနီးကို မျက်နှာပျက်အောင် လုပ်မည်မဟုတ်ကြောင်း ဆိုခဲ့သည် မဟုတ်လား။

သို့သော်... မင်းသားကြီးက သူမအား နှင်ထုတ်တော့မည်တဲ့။ ၎င်းမှာ ‘ဇနီးကို စွန့်ပစ်ခြင်း’ ပင် ဖြစ်၏။ မယားငယ်တစ်ယောက်၏ ကလေးအတွက်နှင့် သူမကို စွန့်လွှတ်တော့မည်တဲ့လား!

“ဒေါ်လေးလျန်ယွီ... ကျွန်မကို လာနောက်နေတာ မဟုတ်လား၊ သတင်းမှားနေတာ ဖြစ်မှာပါ။ မင်းသားနဲ့ ကျွန်မ လက်ထပ်ခဲ့တာ ၁၀ နှစ်နီးပါး ရှိပါပြီ။ အမြဲတမ်းလည်း အဆင်ပြေခဲ့ကြတာပဲ... သူ ကျွန်မကို ဘယ်လိုလုပ် မလိုချင်တော့ဘဲ နေမှာလဲ။ ဒေါ်လေး ပြန်သွားမေးပေးပါဦး၊ နားကြားမှားတာ ဖြစ်ပါလိမ့်မယ်”

ချွေ့ရှီသည် အတင်းပြုံး၍ ထရပ်လိုက်သော်လည်း၊ နှုတ်ခမ်းများ တဆတ်ဆတ်တုန်နေကာ မျက်လုံးများမှာလည်း ဝေဝါးနေပြီး မိမိကိုယ်ကိုယ် အစွမ်းကုန် လိမ်ညာနေမိသည်။

လျန်ယွီသည် သူမအား တစ်ချက်ကြည့်ကာ သက်ပြင်းချလိုက်သည် -

“ဝမ်ဖေးဟာ မင်းသားနဲ့ ၁၀ နှစ်နီးပါး အတူနေခဲ့ပေမဲ့ သူ့ရဲ့စရိုက်ကို ခုထိ မသိသေးဘူးပဲ။ မင်းလုပ်ခဲ့တဲ့ အမှားက မင်းသား အမုန်းဆုံး အရာပဲလေ။ ပစ္စည်းတွေ အမြန်ထုပ်ထားလိုက်ပါတော့။ မင်းသားက ချွေ့မိသားစုကို အပြစ်မပေးတာကတင် အင်မတန် ကံကောင်းလှပါပြီ”

ချွေ့ရှီမှာ ဆွံ့အသွားရသည်။ ပါးစပ်ဟလိုက်သော်လည်း စကားတစ်လုံးမှ ထွက်မလာတော့ပေ။ လျန်ယွီ ထွက်သွားသည်နှင့် သူမသည် မြေပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားတော့သည်။

နန်းတော်အတွင်း၌ - နင်ချန်သည် ခရီးမှ ပြန်ရောက်သည်မှာ တစ်လပင် မရှိသေးဘဲ စိတ်ကြည်လင်နေစဉ်၊ မင်းသားကြီး၏ စကားကို ကြားလိုက်ရသဖြင့် မျက်မှောင်ကြုတ်သွားရသည်။ ချွေ့ရှီ၏လုပ်ရပ်မှာ ပြင်းထန်သော ပြစ်ဒဏ်နှင့် ထိုက်တန်မှန်း သိသော်လည်း၊ ချွေ့မိသားစုမှာ အဆင့်အတန်း မြင့်မားသော မိသားစုဖြစ်ရာ ဇနီးကို ဗြောင်ကျကျစွန့်ပစ်လျှင် သိက္ခာကျမည်ကို သူ စိုးရိမ်မိသည်။

မင်းသားကြီးသည် ဖခင်ဖြစ်သူ၏ စိုးရိမ်မှုကို ရိပ်မိသဖြင့် သူ့ဆန္ဒကို တိုက်ရိုက် တင်ပြလိုက်သည် -

“သားတော် အတိတ်က ကိစ္စတွေကို ပြန်မပြောချင်ပေမဲ့... သားတော်ကိုယ်တိုင်က ငယ်စဉ်ကတည်းက နန်းတွင်း အမျိုးသမီးတွေရဲ့ အကွက်ဆင်မှုကို ခံခဲ့ရတဲ့သူပါ။ အဲဒါကြောင့် ဒီလို ယုတ်မာတဲ့ ကိစ္စတွေကို သားတော် လုံးဝ သည်းမခံနိုင်ပါဘူး။ အကယ်၍ ခမည်းတော် ခက်ခဲနေမယ်ဆိုရင်... သားတော်က ‘စွန့်ပစ်စာ’ မပေးဘဲ ‘ကွာရှင်းစာ’ ပဲ လုပ်ပါ့မယ်။ ဒါဆိုရင်တော့ ချွေ့မိသားစုရဲ့သိက္ခာကို ငဲ့ညှာပေးရာ ရောက်တာပေါ့”

ဒူးထောက်နေသော သားဖြစ်သူ၏ ပြတ်သားမှုကို ကြည့်ပြီး နင်ချန် အကျပ်ရိုက်နေရသည်။ ချွေ့မိသားစုမှာ လွန်ခဲ့သော နှစ်နှစ်အတွင်း စွမ်းဆောင်ရည် ကောင်းမွန်ခဲ့သလို၊ နန်းတွင်းရှိ ချွေ့ရှိုးယွမ်ပင်လျှင် မိသားစုကြောင့် ရာထူးတိုးခဲ့ရသေးသည်။ ယခုအချိန်တွင် ချွေ့မိသားစုနှင့် အဆင်မပြေဖြစ်လျှင် နန်းတွင်းရေးရာ ထိခိုက်နိုင်သည် မဟုတ်လား။

“အရင် ထလိုက်ဦး။ ကျန်းတို့တွေ အဆင်ပြေမယ့် နည်းလမ်းတစ်ခု စဉ်းစားကြတာပေါ့”

မင်းသားကြီးသည် ခေါင်းငုံ့ကာ ထရပ်ပြီး ဘေးက ခုံပေါ်တွင် ထိုင်လိုက်စဉ် အပြင်းအထန် ချောင်းဆိုးပြန်သည်။

“ဘာလို့ ဒီလောက်တောင် ချောင်းဆိုးနေရတာလဲ။ ပန်ကုန်း ဂျင်းလက်ဖက်ရည် ယူလာတယ်၊ မင်းသားကြီးကို အမြန်တိုက်လိုက်ကြစမ်း”

ရုတ်တရက် ခန်းမတံခါး ပွင့်သွားကာ မိဖုရားခေါင် ယဲ့ယွင် ဝင်လာပြီး ခုန်းချင်းအား လက်ဖက်ရည် ငှဲ့ခိုင်းလိုက်သည်။

“သားတော်... မယ်တော့်ကို ဂါရဝပြုပါတယ်” မင်းသားကြီးက ထ၍ ဦးညွှတ်သည်။

ယဲ့ယွင်က လက်ယမ်းပြသည် - “ရပါပြီ၊ ကျန်းမာရေး မကောင်းတာ ထိုင်နေပါဦး။ ကိစ္စတွေကို ပန်ကုန်း သိပြီးသားပါ။ မင်းတို့ သားအဖ နှစ်ယောက်လုံး အကျပ်ရိုက်နေမှန်း သိလို့... ပန်ကုန်းကပဲ နည်းလမ်းတစ်ခု ပြောပြမယ်၊ ရှင်တို့ သဘောတူမလား ကြည့်လိုက်ဦး”

နင်ချန် ခေါင်းညိတ်ပြရာ ယဲ့ယွင်က ဆက်ပြောသည် -

“ပန်ကုန်းကိုယ်တိုင်ကလည်း ကလေးတွေကို ဒုက္ခပေးတဲ့သူကို သည်းမခံနိုင်ဘူး။ ချွေ့ရှီရဲ့ လုပ်ရပ်က တော်ဝင်မိသားစုကနေ စွန့်ပစ်ဖို့ လုံလောက်ပါတယ်။ ဒါပေမဲ့ သူမရဲ့ဖခင်က အခု ကျန်းနန်ဒေသမှာ အခွန်စနစ် ပြုပြင်ပြောင်းလဲရေးကို ကောင်းကောင်း လုပ်နေတာဆိုတော့... အခုချိန်မှာ ချွေ့မိသားစုကို ထိဖို့ မသင့်တော်သေးဘူး”

“စွန့်ပစ်တာရော၊ ကွာရှင်းတာရော အဆင်မပြေဘူးဆိုရင်... သူမကို ‘အမည်ခံ’ သက်သက်ပဲ ထားလိုက်ရင်ကော။ အာဏာအားလုံးကို ရုပ်သိမ်းပြီး၊ မြို့ပြင်က ‘တော်ဝင်စိုက်ပျိုးရေးခြံ’ တစ်ခုခုမှာ ‘ကျန်းမာရေးအတွက် အနားယူဖို့’ ဆိုပြီး ပို့ထားလိုက်ပေါ့။ အကယ်၍ မင်းသားက သူမကို တစ်စက္ကန့်တောင် မမြင်ချင်တော့ဘူးဆိုရင်တော့... နည်းနည်းလှုပ်ရှားပြီး ‘ရောဂါနဲ့ ကွယ်လွန်သွားတယ်’ လို့ လုပ်လိုက်ရင်လည်း ရတာပဲလေ”

မင်းသားကြီးသည် လက်သီးကို ကျစ်ကျစ်ဆုပ်ကာ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည် -

“မယ်တော်ရဲ့ အကြံဉာဏ်က မှန်ကန်ပါတယ်။ သားတော် ဘယ်လိုလုပ်ရမလဲ သိပါပြီ။ ဒါပေမဲ့ သားတော် သူမရဲ့အသက်ကိုတော့ မနှုတ်ပါဘူး”

“ဆုံးဖြတ်ပြီးရင်လည်း အမြန်ပြန်တော့။ ပန်ကုန်းဆီမှာ အမျိုးသမီးတွေအတွက် ကျန်းမာရေး ဆေးကောင်းတွေ ရှိတယ်၊ လီရှီဆီကို ပို့ပေးလိုက်မယ်။ သမားတော်ရှန်ကိုလည်း သူမဆီ တစ်ခေါက် လွှတ်ပေးလိုက်မယ်” ယဲ့ယွင်က ကြင်နာစွာ ဆိုလိုက်သည်။

မင်းသားကြီးသည် ဦးညွှတ်ကျေးဇူးတင်ကာ ထွက်ခွာသွားတော့သည်။

မင်းသားကြီး ထွက်သွားမှ နင်ချန်က ယဲ့ယွင်၏လက်ကို ဆွဲယူကာ - “မင်းကတော့ တကယ့်ကို အသေးစိတ် စဉ်းစားပေးတာပဲ။ ကျန်းကတော့ အခု အလုပ်တွေ သိပ်မလုပ်ချင်တော့ဘူး။ ကျင့်အာ (စတုတ္ထမင်းသား) လည်း ကျွမ်းကျင်နေပြီဆိုတော့... ကျန်း မကြာခင် နန်းစွန့်ပြီး မင်းကို လင်ရှီးဥယျာဉ် ခေါ်သွားတော့မယ်”

ယဲ့ယွင်က ပြုံးလျက် - “အရှင်က အပြင်မှာ ပျော်လာပြီး အခုတော့ အပျင်းထူနေတာပေါ့။ ရပါတယ်... ကလေးတွေလည်း ကြီးပြီဆိုတော့ ချန်းချဲ့တို့တွေ အေးအေးဆေးဆေး နေရမယ့် အချိန်ရောက်ပါပြီ။ ဒါပေမဲ့ ချွေ့မိသားစုကိုတော့ သတိပေးဖို့ မမေ့နဲ့ဦးနော်။ သူတို့သမီးက ယုတ်မာခဲ့တာကို ချန်းချဲ့တို့က ဖုံးကွယ်ပေးထားတာဟာ ‘ကရုဏာ’ ဆိုတာကို သူတို့ သိရမယ်” ဟု ဆိုလေသည်။

……

နောက်ဆုံးတွင် မင်္ဂလာကိစ္စမှာ မပျက်ပြယ်ခဲ့ပေ။ မင်းသားကြီးသည် အိမ်တော်ပြန်ရောက်သည်နှင့် ချွေ့ရှီကို တံခါးပိတ်၍ တွေ့ဆုံခဲ့သည်။ ဘာတွေပြောကြသည်ကို မသိရသော်လည်း၊ သုံးလေးရက်အကြာတွင် ချွေ့ရှီသည် ‘ကျန်းမာရေးကြောင့်’ မြို့ပြင်ခြံသို့ ပြောင်းရွှေ့သွားခဲ့ပြီး သေသည်အထိ ပြန်မလာခဲ့တော့ပေ။ ချွေ့မိသားစုသည်လည်း မိမိတို့တွင် အပြစ်ရှိမှန်းသိသဖြင့် ဘာမှ မပြောဝံ့ဘဲ - မိမိတို့တွင် ထိုသို့သော သမီးတစ်ဦး မရှိခဲ့သကဲ့သို့သာ နေထိုင်သွားကြတော့သည်။

ချွေ့ရှီ ထွက်သွားပြီးနောက် အိမ်တော်တွင် အဆင့်အမြင့်ဆုံးမှာ လီရှီ ဖြစ်လာသော်လည်း၊ သူမသည် အင်မတန်နူးညံ့လွန်းလှသည်။ အိမ်ထောင်မှု စီမံခန့်ခွဲခြင်းနှင့် ဧည့်ခံခြင်းများတွင် မကျွမ်းကျင်သော်လည်း၊ သူမ၏ ကြင်နာမှုနှင့် နူးညံ့မှုမှာတော့ အမြဲတမ်း တည်မြဲနေခဲ့သည်။ ထို့ကြောင့် နင်ချန်က မင်းသားကြီးအတွက် ဇနီးအသစ် ထပ်ရွေးပေးရန် ပြင်ဆင်သော်လည်း၊ မင်းသားကြီးက ငြင်းဆိုခဲ့သည်။ သူ့အမြင်တွင် ‘စေတနာကောင်းသော နှလုံးသား’ ရှိလျှင် လုံလောက်လှလေပြီ။

လီရှီ၏ ကြင်နာမှုအောက်တွင် မင်းသားကြီး၏ ကျန်းမာရေးမှာလည်း သိသိသာသာ တိုးတက်လာခဲ့သည်။ သူ၏ အသက် ၃၃ နှစ်အရွယ်တွင် လီရှီသည် ထပ်မံ၍ ကိုယ်ဝန် ရရှိခဲ့သည်။ သူမသည် အသက်ကြီးမှ ကလေးယူရခြင်းဖြစ်သဖြင့် မင်းသားကြီးက နန်းတွင်းမှ အထိန်းတော်များနှင့် သမားတော်များကို အိမ်တော်တွင် အမြဲနေထိုင်စေကာ ဂရုတစိုက် ပြုစုစေခဲ့သည်။

နောက်ဆုံးတွင် လီရှီသည် ကျန်းမာသော သားလေးတစ်ဦးကို ဖွားမြင်ခဲ့သည်။ ၎င်းနောက်တွင် အခြားသော မယားငယ်တစ်ဦးမှလည်း သမီးလေးတစ်ဦး ထပ်မံ ရရှိခဲ့သည်။ မင်းသားကြီးတွင် သားတစ်ယောက်၊ သမီးတစ်ယောက်သာရှိသဖြင့် အခြားညီအစ်ကိုများကို မယှဉ်နိုင်သော်လည်း၊ သူ၏ အိမ်တွင်းရေးမှာတော့ အင်မတန်အေးချမ်းခဲ့သည်။

သို့သော် မင်းသားကြီးသည် ကျန်းမာရေး အားနည်းသူပီပီ အသက် ၄၀ ပြည့်ပြီးနောက် အပြင်းအထန် ဖျားနာခဲ့ပြီး ထပ်မံ၍ ထမလာနိုင်တော့ပေ။ လီရှီမှာ တိတ်တဆိတ် ငိုကြွေးနေသော်လည်း အစွမ်းကုန် ပြုစုခဲ့ရှာသည်။ သို့သော်လည်း ခေါ်ချိန်တန်လျှင်တော့ မည်သူမျှ တားဆီး၍ မရပေ။

ခြောက်လခန့် ဝေဒနာခံစားပြီးနောက် မင်းသားကြီးသည် သူ၏ အချိန်ကုန်ဆုံးတော့မည်ကို သိသဖြင့် လီရှီနှင့် သားဖြစ်သူကို အနားခေါ်လိုက်သည်။

“မင်းရဲ့စိတ်က နူးညံ့လွန်းတာ ငါသိပါတယ်။ ဒါပေမဲ့ အခု ငါသွားရတော့မယ်... ကလေးက ငယ်သေးတော့ မင်းပဲ ဒီအိမ်တော်ကို ထိန်းကျောင်းရမယ်။ ငါ မကောင်းလို့ပါ... တကယ်လို့ နောက်ဘဝဆိုတာ ရှိရင်တော့၊ ငါ ကျန်းကျန်းမာမာနဲ့ မင်းတို့ သားအမိကို တစ်ဘဝလုံး အေးအေးဆေးဆေး စောင့်ရှောက်ပေးပါ့မယ်”

လီရှီက မျက်ရည်များကြားမှ သူ၏လက်ကို ဆုပ်ကိုင်လိုက်သည် -

“မင်းသား စိတ်အေးအေးနဲ့ သွားပါ။ ကျွန်တော်မျိုးမ ဒီအိမ်ကို စောင့်ရှောက်ပြီး ကလေးကို လူလားမြောက်အောင် ပြုစုပါ့မယ်”

မင်းသားကြီးသည် လီရှီ၏မျက်နှာကို ထိတွေ့ချင်သလို၊ သားဖြစ်သူ၏လက်ကိုလည်း ဆွဲချင်သော်လည်း အားအင်များ ကုန်ခမ်းနေခဲ့ပြီ။ မျက်စိမပိတ်မီ ခနအတွင်း - ဝေဝါးနေသော ပုံရိပ်များကြား၌ အင်မတန် နူးညံ့လှပသော အမျိုးသမီးတစ်ဦးက သူ့အား လက်ယမ်းခေါ်နေသည်ကို မြင်လိုက်ရသည်။ ထိုအမျိုးသမီးကို သူ မမှတ်မိသော်လည်း - သူမသည် သူ့မိခင်ရင်း ဖြစ်လိမ့်မည်ဟု သူ ခံစားလိုက်ရသည်။

နောက်ဆုံးတွင် မင်းသားကြီးသည် ပြုံးလျက် ထွက်ခွာသွားခဲ့သည်။

အကယ်၍ နောက်ဘဝရှိခဲ့လျှင် သူသည် ကျန်းမာသော ခန္ဓာကိုယ်ဖြင့်၊ မိဘတို့၏ခြေရင်း၌ သိတတ်သော သားတစ်ဦး၊ ဇနီးအနား၌ ကြင်နာသော ခင်ပွန်းတစ်ဦး၊ သားသမီးတို့အတွက် အားကိုးရသော ဖခင်တစ်ဦးအဖြစ် နေထိုင်သွားချင်ပါတော့သည်။

ပြီးပါပြီ။

***

All Chapters