extra
Vol. 30 Ch. 473-474
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)
IC 473
အခန်း ၄၇၃ ။ အချပ်ပို - ကျားဝမ်
အမည်နှင့်လိုက်အောင်ပင် ဒုတိယမင်းသမီးလေးမှာ အင်မတန် ရယ်မောပျော်ရွှင်တတ်သော မိန်းကလေးတစ်ဦး ဖြစ်သည်။ သူမ၏ ပြုံးလိုက်ပုံလေးမှာ လမင်းကဲ့သို့ ကြည်လင်လှပလှ၏။
သူမသည် တက်ကြွပြီး စည်းကမ်းဘောင်ထဲတွင် အမြဲအောင်းနေရသည်ကို မနှစ်သက်ပေ။ စရိုက်မှာ စတုတ္ထမင်းသမီးလေး (ယွမ့်အာ) နှင့် တူသဖြင့် - အသက် ၇ နှစ်၊ ၈ နှစ်ခန့် ကွာသော်လည်း ညီအစ်မနှစ်ဦးမှာ အင်မတန် အတွဲညီကြသည်။ သို့သော် သူမ၏ အရင်းနှီးဆုံး သူငယ်ချင်းမှာမူ ယဲ့ယွင်၏ တူမဖြစ်သူ ယဲ့ရှုရန်ပင် ဖြစ်၏။
နင်ချန်သည် မင်းသမီးများကို နန်းပြင်ထွက်ခွင့် မကန့်သတ်ထားသဖြင့် ဒုတိယမင်းသမီးသည် စတုတ္ထမင်းသမီးနှင့်အတူ ယဲ့အိမ်တော်သို့ ခဏခဏ သွားတတ်သည်။ အပြင်သို့ ထွက်ဖန်များလာသောအခါ လူများနှင့် ထိတွေ့ခွင့် ပိုရလာခဲ့ရာ - သူမ အရွယ်ရောက်သည့်နှစ်မှာပင် ကုမိသားစုမှ ဒုတိယသားကြီး ကုချုန်းနှင့် ဆုံတွေ့ခဲ့ရလေသည်။
ကုမိသားစုမှာ မြို့တော်သို့ မကြာခင်ကမှ ရောက်ရှိလာသော မျိုးနွယ်သစ်ဖြစ်ပြီး၊ ဖခင်ဖြစ်သူမှာ အနောက်ဘက်နယ်စပ်တွင် သူပုန်နှိမ်နင်းရာ၌ အောင်မြင်မှုများစွာရရှိခဲ့သဖြင့် တတိယအဆင့် ‘ကျောင်းဝူစစ်သူကြီး’ အဖြစ် ဘွဲ့ရရှိထားသူ ဖြစ်၏။ မြို့တော်တွင် တတိယအဆင့် အရာရှိများမှာ အင်မတန် များပြားလှသဖြင့် စစ်သူကြီး၏ ဒုတိယသားမှာ အထက်တန်းလွှာ လူငယ်များကြားတွင် သိပ်ပြီး ထင်ရှားခြင်းမရှိပေ။
သို့သော် ကုချုန်း၏ရုပ်ရည်ကတော့ အတိုင်းအထက်အလွန်ပင်။ ဆယ့်ရှစ်နှစ်အရွယ် လူငယ်ပညာရှိလေး ဖြစ်သလို၊ ငယ်စဉ်ကတည်းက သိုင်းသင်ထားသဖြင့် ကိုယ်လုံးကိုယ်ပေါက်မှာ ကျစ်လျစ်ခန့်ညားလှပြီး - သူ၏ မက်မွန်ပွင့်မျက်ဝန်းများမှာ မိန်းကလေးများစွာ၏ နှလုံးသားကို သိမ်းပိုက်ထားခဲ့သည်။ သူ မြို့တော်သို့ မရောက်မီက အိမ်ရှေ့စံမှလွဲလျှင် အမတ်ချုပ်ရွှီ၏ သားကြီး ရွှီချင်းလင်မှာ မိန်းကလေးတို့၏ အိမ်မက်ထဲက မင်းသားဖြစ်ခဲ့သော်လည်း၊ ကုချုန်း ရောက်လာချိန်တွင်တော့ ထိုအချစ်များမှာ တစ်ဝက်စီ ကွဲသွားခဲ့ရသည်။
မိန်းကလေးများကြားတွင် ‘ရွှီသခင်လေးက နွေးထွေးတဲ့ နွေဦးနေရောင်လိုပဲ၊ ကုသခင်လေးကတော့ တောက်ပတဲ့ နွေနေမင်းကြီးလိုပဲ’ ဟု တိတ်တဆိတ် နှိုင်းယှဉ် ပြောဆိုလေ့ရှိကြသည်။
ယခုနှစ် နဂါးလှေပွဲတော်တွင် အိမ်ရှေ့စံက ဦးဆောင်၍ လှေပြိုင်ပွဲတစ်ခု ကျင်းပခဲ့သည်။ သာမန်လှေအဖွဲ့ကြီးများ ပြိုင်ခြင်းမျိုးမဟုတ်ဘဲ၊ အထူးပြုလုပ်ထားသော လှေငယ်လေးများပေါ်တွင် နှစ်ဦးတစ်ဖွဲ့စီဖြင့် မြို့ပြင်ကျုံးအတွင်း ပြိုင်ခိုင်းခြင်း ဖြစ်၏။
ဒုတိယမင်းသမီးသည် ထိုနေ့တွင် ယောကျာ်းလေးဝတ်စုံကို ဝတ်ဆင်ကာ ယဲ့ရှုရန်နှင့်အတူ လာရောက်ကြည့်ရှုခဲ့သည်။ အိမ်ရှေ့စံက စီစဉ်ခြင်းဖြစ်ရာ ကုချုန်းလည်း ရောက်လာခဲ့သော်လည်း၊ သူသည် မြို့တော်သို့ ရောက်သည်မှာ မကြာသေးသဖြင့် ရင်းနှီးသူမရှိဘဲ အဖော်မဲ့နေခဲ့သည်။ စည်းကမ်းအရ နှစ်ယောက်တစ်ဖွဲ့မှ ပြိုင်ခွင့်ရှိရာ ကုချုန်းမှာ အကျပ်ရိုက်နေတော့သည်။
သူ၏သိုင်းပညာအရ တစ်ဦးတည်း ပြိုင်လျှင်ပင် ကျန်သူများကို အပြတ်အသတ် ဖြတ်နိုင်သော်လည်း၊ ပြိုင်ပွဲဝင်ခွင့်မရှိလျှင် ဘာလုပ်နိုင်ပါမလဲ။ သူ စိတ်ပျက်နေစဉ်မှာပင် လူအုပ်ရှေ့ဆုံး၌ ယောကျာ်းလေးလို ဝတ်ဆင်ထားသော ဒုတိယမင်းသမီးကို တွေ့လိုက်ရသဖြင့် မျက်နှာဝင်းပသွားကာ အနားသို့ လျှောက်သွားလိုက်သည်။
“ကျွန်တော်က စစ်သူကြီးကုရဲ့ သားကြီး ကုချုန်းပါ။ သခင်လေး ကျွန်တော်နဲ့အတူ ပြိုင်ပေးလို့ ရမလားဟင်”
မိန်းကလေး နှစ်ဦးစလုံး ကြောင်သွားကြသည်။ ယဲ့ရှုရန်က ရှင်းပြရန် ပြင်စဉ်မှာပင် ဒုတိယမင်းသမီးက သူမအား တားလိုက်သည်။ သူမသည် အသံကို တမင်အစ်ကာ လက်အုပ်ချီ နှုတ်ဆက်လိုက်သည် - “ကုသခင်လေးက ဖိတ်ခေါ်မှတော့... ကျွန်တော်မျိုး ဘယ်လို ငြင်းရက်ပါ့မလဲ”
စစ်တပ်ထဲတွင် နေလာသော ကုချုန်းသည် ထိုအသံကို ကြားသည်နှင့် တစ်ခုခုမှားနေမှန်း ရိပ်မိသွားကာ - သူမ၏ခါးလေးကို အကဲခတ်ကြည့်လိုက်ရာ၊ ရှေ့ကလူမှာ မိန်းကလေးတစ်ဦး ဖြစ်ကြောင်း ချက်ချင်း သိလိုက်ရသည်။ ဤမျှအထိ သတ္တိရှိသော အမျိုးသမီးမျိုးကို သူ မတွေ့ဖူးသဖြင့်၊ ကုချုန်းက မသိချင်ယောင်ဆောင်ကာ ပြုံးလျက် သူမအား လှေပေါ်သို့ ခေါ်ဆောင်သွားခဲ့သည်။
“မိန်းကလေး သေသေချာချာ ထိုင်ပါ၊ ကျန်တာကို ကျွန်တော့်လက်ထဲပဲ အကုန်အပ်ထားလိုက်”
ကုချုန်းသည် လှေတက်ကို ကိုင်ကာ မင်းသမီး၏ နောက်တွင် မတ်တပ်ရပ်ရင်း သူမ၏နားနားသို့ ကပ်၍ တိုးတိုးလေး ဆိုလိုက်သည်။
“ရှင် သိနေတာလား...”
မင်းသမီး စကားမဆုံးသေးမီမှာပင် ကုချုန်းက လှေတက်ကို အားရပါးရ လှော်လိုက်ရာ - ဒဟတ်တိုက်နေသော စည်သံများကြားတွင် လှေလေးမှာ မြှားတစ်စင်းကဲ့သို့ ရှေ့သို့ ပြေးထွက်သွားတော့သည်။ ရှေ့တွင် ကြည်လင်သော ရေပြင်နှင့် တောက်ပသော နေရောင်၊ ဘေးနှစ်ဖက်တွင် ဆူညံနေသော လူအုပ်ကြီးနှင့် နောက်ဘက်တွင်မူ ခန့်ညားသော လူငယ်လေးတစ်ဦး...။ ဒုတိယမင်းသမီးသည် သူမ၏ဘဝတွင် ပထမဆုံးအကြိမ် ပါးပြင်လေးများ နီမြန်းသွားခဲ့ရလေသည်။
လှေကမ်းကပ်ချိန်တွင် ကုချုန်းက ပထမဆု ရရှိခဲ့သည်။ ဆုလာဘ်မှာ ဒေါင်းမြီးပုံစံ ဆံထိုးတစ်ခု ဖြစ်၏။ ကုချုန်းက ပြုံးလျက် လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည် -
“မိန်းကလေးရဲ့နာမည်နဲ့ အသက်ကို သိခွင့်ရှိမလား၊ လက်ထပ်ဖို့အတွက်ရည်ရွယ်ထားသူရော ရှိနေပြီလားဟင်”
“သခင်မလေး!”
ဘေးမှ အော်ဟစ်သံကြောင့် သူတို့နှစ်ဦး၏ စကားပြတ်သွားခဲ့သည်။ ၎င်းမှာ အသည်းအသန် လိုက်ရှာနေကြသော အစေခံများ ဖြစ်၏။ မင်းသမီးလေး တစ်စုံတစ်ယောက်၏ ဆွဲခေါ်မှုနောက် လှေပြိုင်ပွဲ သွားဆင်နွှဲနေကြောင်း ကြားရချိန်တွင် အစေခံများမှာ ထိတ်လန့်လွန်းသဖြင့် အသက်ပင် ထွက်မတတ် ဖြစ်ခဲ့ရရှာသည်။
ဒုတိယမင်းသမီးသည် အစေခံများကို ကြည့်ကာ ပြန်ရတော့မည်မှန်း သိသဖြင့် ပြုံးလျက် ဆိုလိုက်သည် -
“ကျွန်မက နင်ကျားဝမ် ပါ။ လက်ထပ်ဖက် မရှိသေးပါဘူး။ ဆံထိုးအတွက် ကျေးဇူးတင်ပါတယ်၊ ကံရှိရင် ပြန်ဆုံကြတာပေါ့”
ကုချုန်း စကားဆက်ပြောချင်သော်လည်း - ‘နင်’ ဟူသော မျိုးရိုးအမည်နှင့် ရောက်လာသော အစေခံအုပ်ကြီးကို ကြည့်ကာ၊ ရှေ့က မိန်းကလေးမှာ အင်မတန် မြင့်မြတ်သူဖြစ်ကြောင်း သူ ရိပ်မိလိုက်သည်။ ‘နင်’ ဆိုသည်မှာ တော်ဝင်မျိုးရိုး မဟုတ်လား။ ကုချုန်းသည် လက်သီးကို အသာဆုပ်ကာ၊ ဝေးကွာသွားသော သူမ၏ကျောပြင်လေး လူအုပ်ကြား ပျောက်ကွယ်သွားသည်အထိ ငေးကြည့်ကျန်ရစ်ခဲ့လေသည်။
….
ဤတွေ့ဆုံမှုမှာ နောက်ဆုံးဟု ထင်ခဲ့သော်လည်း၊ သုံးလအကြာတွင် ကုချုန်းသည် နန်းတော်အတွင်းသို့ ရောက်ရှိလာခဲ့သည်။ သူ့ဖခင်က သူ့အတွက် ‘ဧကရာဇ်၏ ကိုယ်ရံတော်’ ရာထူးကို ရှာဖွေပေးခဲ့ခြင်း ဖြစ်၏။ ကုချုန်းသည် သိုင်းပညာရော၊ လူမှုဆက်ဆံရေးပါ ကျွမ်းကျင်သဖြင့် မကြာမီမှာပင် ဧကရာဇ် နင်ချန်၏ဘေးနားတွင် ခစားခွင့်ရရှိခဲ့သည်။
ထိုအကြောင်းကြောင့်ပင် ဆောင်းဦးလယ်ပွဲတော် နန်းတွင်းစားသောက်ပွဲတွင် သူတို့နှစ်ဦး ပြန်လည်ဆုံတွေ့ခဲ့ကြသည်။ နဂါးလှေပွဲတုန်းက တော်ဝင်မျိုးနွယ်ကို စော်ကားမိမှာစိုး၍ ကုချုန်း အသေးစိတ် မစုံစမ်းခဲ့သော်လည်း၊ ယနေ့တွင်မှ ထိုမိန်းကလေးမှာ ‘မင်းသမီးလေး’ ဖြစ်နေမှန်း သိရချိန်တွင် သူ အကြီးအကျယ် ထိတ်လန့်သွားရသည်။ တော်ဝင်မျိုးနွယ် မိန်းကလေးကိုဆိုလျှင် ကြိုးစားရင် ရနိုင်သေးသော်လည်း၊ ‘မင်းသမီး’ ဆိုသည်မှာမူ သူ စိတ်ကူးပင် မယဉ်ဝံ့သော အဆင့်အတန်း ဖြစ်၏။
ကုချုန်းသည် စိတ်ပျက်အားငယ်သွားသော်လည်း၊ သံယောဇဉ်ဆိုသည်မှာ တစ်ဦးတည်းနှင့် ဆိုင်သည်မှ မဟုတ်ပေ။ သူက အနားမကပ်ဝံ့သော်လည်း ဒုတိယမင်းသမီးကတော့ ဘာကိုမှ ကြောက်တတ်သူ မဟုတ်ပေ။ ထို့ကြောင့် နင်ချန်သည် သူ၏ ‘ဖက်တီးလေး’ (သမီးတော်) မှာ ပို၍ သိတတ်လာကာ - စွပ်ပြုတ်များ၊ မုန့်များနှင့် ယပ်တောင်များကို ကိုယ်တိုင်လာပို့ပေးသည့် အကြိမ်ရေ ပိုများလာသည်ကို သတိပြုမိလိုက်သည်။
အကြောင်းမဲ့ ထူးခြားလာလျှင် တစ်ခုခုရှိရမည်ဟု ယူဆကာ နင်ချန် စောင့်ကြည့်ခိုင်းလိုက်ရာ - ဒုတိယမင်းသမီးသည် နန်းတော်သို့ လာတိုင်း လူငယ်ကိုယ်ရံတော်လေး တစ်ဦးနှင့် စကားပြောရန် အခွင့်အရေး အမြဲရှာနေကြောင်း တွေ့လိုက်ရသည်။ ယွမ်ကျိုက စုံစမ်းပြီးနောက် - ၎င်းမှာ စစ်သူကြီးကု၏ ဒုတိယသားဖြစ်ကြောင်း၊ ရုပ်ရည်ခန့်ညားပြီး အရည်အချင်းရှိသလို မိသားစုမှာလည်း အေးချမ်းကြောင်း လျှောက်တင်သည်။
နင်ချန်က ယွမ်ကျိုအား ‘မြေခွေးအိုကြီး’ ဟု ရယ်မောဆဲဆိုသော်လည်း၊ သမီးဖြစ်သူ အရွယ်ရောက်လာကာ ချစ်တတ်လာပြီမှန်းသိသဖြင့် ဘာမှမလုပ်ဘဲ အခြေအနေကိုသာ စောင့်ကြည့်နေခဲ့သည်။
နာရီဝက်ခန့်အတွင်းမှာပင် သူတို့နှစ်ဦးမှာ အင်မတန်ရင်းနှီးသွားကြသည်။ စိတ်ချင်း မဖော်ပြကြသော်လည်း တစ်ဦးကိုတစ်ဦး သဘောကျနေမှန်း သိနေကြပြီဖြစ်၏။ ကုချုန်းသည် နန်းတွင်းအစောင့်တပ်တွင် အင်မတန်ကြိုးစားသဖြင့် မကြာမီ စစ်ဘက်တွင် ရာထူးတိုးတော့မည်ဖြစ်ရာ - ထိုအခါမှသာ မင်းသမီးအား တောင်းရမ်းရန် သူ မျှော်လင့်ထားခဲ့သည်။
သို့သော် မမျှော်လင့်ဘဲ လျောင်နိုင်ငံမှ သံတမန်များ ရောက်လာကာ မင်းသမီးတစ်ပါးကို လက်ထပ်ခွင့် တောင်းခံလာတော့သည်။ ထိုစဉ်က တတိယနှင့် စတုတ္ထမင်းသမီးတို့မှာ အရွယ်မရောက်သေးသလို၊ မင်းသမီးကြီးမှာလည်း အိမ်ထောင်ကျပြီးဖြစ်ရာ - သင့်တော်သူမှာ ဒုတိယမင်းသမီး တစ်ဦးတည်းသာ ရှိတော့သည်။
မပေးစားဘဲ နေ၍ရသော်လည်း နှစ်နိုင်ငံဆက်ဆံရေး တင်းမာသွားမည်ကို စိုးရိမ်ရသည်။ လွန်ခဲ့သော ဆယ်စုနှစ်က စစ်ပွဲတွင် နန်ချီက နိုင်ခဲ့သော်လည်း ထိခိုက်မှုများရှိခဲ့သဖြင့်၊ တစ်ကျော့ပြန်စစ်ပွဲမှာ ပြည်သူများအတွက် မကောင်းပေ။
ဒုတိယမင်းသမီးသည် ညစဉ် အိပ်မပျော်နိုင် ဖြစ်ခဲ့ရသည်။ သူမတွင် ချစ်သူရှိနေပြီဖြစ်ရာ လက်ထပ်ပူးပေါင်းခြင်းကို မလိုလားသော်လည်း၊ ခမည်းတော်၏မေတ္တာကို ထောက်ထားကာ မင်းသမီးတစ်ပါး၏တာဝန်ကို ထမ်းဆောင်ရန်အတွက် မိမိ၏ပျော်ရွှင်မှုကို စတေးရန် ဆုံးဖြတ်လိုက်သည်။
သို့သော် သူမသည် ကျိုချန်နန်းဆောင်သို့ သွားရောက်ကာ လက်ထပ်ရန် မိမိဘာသာ ခွင့်တောင်းရန် ပြင်စဉ် - သူမထက် အရင် ရောက်ရှိနေသော ရင်းနှီးသည့် ကျောပြင်တစ်ခုကို တွေ့လိုက်ရသည်။
၎င်းမှာ ကုချုန်းပင် ဖြစ်၏။ သူသည် ဒုတိယမင်းသမီးကို လက်ထပ်ခွင့်တောင်းရန် ဒူးထောက်နေခြင်း ဖြစ်သည်။
နင်ချန်မှာ အကြီးအကျယ် အမျက်ထွက်သွားကာ လက်ထဲမှ လက်ဖက်ရည်ခွက်ဖြင့် ကုချုန်း၏ပခုံးကို အားရပါးရ ပစ်ပေါက်လိုက်လေသည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)
IC 474
အခန်း ၄၇၄ ။ အချပ်ပို - ကျားဝမ်
“ခမည်းတော် စိတ်လျှော့ပါ၊ သမီးတော်ကိုယ်တိုင် လက်ထပ်ပူးပေါင်းဖို့ သဘောတူပါတယ်။ ကုသခင်လေးရဲ့ ရိုင်းပျတဲ့ စကားတွေကို ခွင့်လွှတ်ပေးပါဦး!”
ဒုတိယမင်းသမီးလေးမှာ စိုးရိမ်တကြီးဖြင့် တံခါးကို တွန်းဖွင့်ကာ ဝင်လာခဲ့သည်။ သို့သော် ကုချုန်းက သူမအား တစ်ချက်မျှကြည့်ကာ ပြန်လည်ဦးညွှတ်လိုက်ပြန်သည်။
“တိုင်းပြည်ကို ကာကွယ်ဖို့ဆိုတာ အမျိုးသားတွေရဲ့ တာဝန်ပါ၊ ဘယ်လိုလုပ်ပြီး နုနယ်တဲ့ အမျိုးသမီးတွေကို စတေးခံလို့ ဖြစ်ပါ့မလဲ။ အကယ်၍ လျောင်နိုင်ငံကသာ ကျူးကျော်လာရင်... ကျွန်တော်မျိုးကိုယ်တိုင် ဓားကိုင်ပြီး စစ်မြေပြင် ထွက်ပါ့မယ်။ မင်းသမီးလေးကို ကျွန်တော်မျိုးနဲ့ မပေးစားရင်တောင်မှ... မင်းသမီးလေးကို အဝေးကြီး ပို့ဆောင်ပြီး လက်ထပ်ပူးပေါင်းတာကိုတော့ ကျွန်တော်မျိုး လုံးဝ သဘောမတူနိုင်ပါဘူး!”
နင်ချန်သည် မိမိရှေ့မှ ခေါင်းမာလှသော လူငယ်ကို ကြည့်ပြီး ဒေါသထွက်လွန်း၍ ရယ်မောမိတော့သည်။
“လာကြစမ်း! ဒီကိုယ့်အဆင့်ကိုယ် မသိတဲ့ ကောင်စုတ်ကို အပြင်ခေါ်သွားပြီး အချက် ၅၀ ရိုက်ကြစမ်း။ ရိုက်ပြီးတဲ့အခါ မင်းရဲ့ စိတ်က ပြောင်းမလား၊ မပြောင်းဘူးလား ကြည့်ရသေးတာပေါ့!”
“ခမည်းတော်... ခမည်းတော်! သူ့ကို လွှတ်ပေးပါ၊ သမီးတော် လက်ထပ်ပါ့မယ်!” ဒုတိယမင်းသမီးမှာ ထိတ်လန့်တကြား အသနားခံရှာသည်။
သို့သော် ယခုတစ်ကြိမ်တွင် နင်ချန်မှာ စိတ်ပိုင်းဖြတ်ပြီးသား ဖြစ်ပုံရသည်။ သူသည် မင်းသမီးအား အပြင်သို့ ခေါ်ထုတ်သွားစေကာ၊ ကျိုချန်နန်းဆောင် တံခါးဝမှာပင် ကုချုန်းကို ပြစ်ဒဏ်ပေးတော့သည်။ အချက် ၅၀ တိတိ ရိုက်သော်လည်း ကုချုန်းမှာ အသံတစ်ချက်ပင် မထွက်ခဲ့ပေ။
ပြစ်ဒဏ်ပြီးဆုံးချိန်တွင် အပြင်ဘက်မှ ကုချုန်း၏ ပြတ်သားတည်ငြိမ်သော အော်ဟစ်သံ ထွက်ပေါ်လာသည် -
“ကျွန်တော်မျိုး... စိတ်ရင်း မပြောင်းလဲပါဘူး။ မင်းသမီးလေးကို အဝေးသို့ ပေးစားတာကို မလိုလားပါဘူး!”
ဤစကားကို ကြားမှသာ နင်ချန်သည် အမှန်တကယ်ပင် ပြုံးလိုက်တော့သည်။ သူသည် ဘာမှမပြောဘဲ ကုချုန်းအား အိမ်သို့ ပြန်လည်ပို့ဆောင်စေခဲ့သည်။ နောက်တစ်နေ့တွင် ကုအိမ်တော်သို့ ‘မင်းသမီးနှင့် လက်ဆက်ရန်’ အမိန့်တော် ရောက်ရှိလာခဲ့လေသည်။ အမှန်တကယ်တော့ နင်ချန်သည် သမီးတော်အား အဝေးသို့ပေးစားရန် တစ်ခါမှ မစဉ်းစားခဲ့ဖူးပေ၊ အရာရာမှာ စမ်းသပ်မှုသက်သက်သာဖြစ်၏။ ယွမ်ကျိုက တိတ်တဆိတ် လူလွှတ်၍ အချက် ၅၀ ကို အားလျှော့ရိုက်ခိုင်းခဲ့၍သာ ကုချုန်းမှာ နောက်တစ်နေ့တွင် အမိန့်တော်ကို ထ၍ ခံယူနိုင်ခြင်းဖြစ်လေသည်။
…..
နောက်တစ်နှစ် ၃လပိုင်းတွင် ဧကရာဇ်သည် သမီးတော်ကို ပေးစားကာ၊ စစ်သူကြီးလေးသည် ဇနီးကို လက်ထပ်ယူခဲ့သည်။ မင်းသမီးကြီး ကျားယွီနှင့် သမက်တော်ကျိုးတို့၏ အေးဆေးတည်ငြိမ်သော အချစ်နှင့် မတူဘဲ၊ ဒုတိယမင်းသမီးနှင့် ကုချုန်းတို့၏ အချစ်မှာ ပို၍ ပြင်းပြလှသည်။
လက်ထပ်ပြီး သုံးရက်မြောက် နန်းတော်သို့ ပြန်လာချိန်တွင် မင်းသမီးမှာ ရထားလုံး မစီးဘဲ ကုချုန်းနှင့်အတူ မြင်းစီးကာ ဝင်လာခဲ့သည်။ သူတို့နှစ်ဦးသည် ညဘက်တွင် ကျင့်ယွဲ့ရေကန်သို့ လှေစီးထွက်ကြသလို၊ ညဈေးတန်းများတွင်လည်း လက်တွဲလျှောက်လေ့ရှိသည်။ တစ်ခါတစ်ရံ သာမန်ဝတ်စုံများလဲကာ လူအုပ်ကြားထဲ တိုးဝင်၍ လမ်းဘေးပြဇာတ်များကို တစ်ညလုံး နားထောင်တတ်ကြသေးသည်။
အင်မတန်ချစ်ခင်ကြသဖြင့် လက်ထပ်ပြီး နောက်တစ်နှစ်မှာပင် သမီးကြီးကို မွေးဖွားခဲ့သလို၊ နောက်ထပ် နှစ်နှစ်အကြာတွင် သမီးငယ်လေးကို ထပ်မံရရှိခဲ့သည်။ ကလေးများရလာပြီးနောက် ဒုတိယမင်းသမီး၏ အာရုံမှာ အနည်းငယ် ပြန့်လွင့်သွားခဲ့သည်။ ထိုအချိန်တွင် ကုချုန်းမှာလည်း ရာထူးတက်ကာ အလုပ်များနေသဖြင့် - မသိမသာပင် သူတို့နှစ်ဦးကြားမှ ပတ်သက်မှုမှာ အရင်ကကဲ့သို့ မနီးကပ်တော့ပေ။
ကုချုန်းတွင် မယားငယ်များမရှိသဖြင့် အိမ်တွင်းရေးမှာ အေးချမ်းသော်လည်း - ထိုအချက်ကြောင့်ပင် ဒုတိယမင်းသမီးသည် ကုမိသားစု၏ မျိုးဆက်အတွက် သားလေးတစ်ဦး မွေးပေးချင်စိတ် ပြင်းပြလာခဲ့သည်။ သို့သော် သုံးနှစ်အတွင်း သမီးနှစ်ဦး မွေးထားသဖြင့် သူမ၏ခန္ဓာကိုယ်မှာ ထိခိုက်ထားရာ၊ ဆေးများကို နေ့စဉ်သောက်သုံးရင်း ပြန်လည်ကုသနေရသည်။
ရင်ထဲတွင် အမြဲစိုးရိမ်ပူပန်နေသဖြင့် သူမသည် တဖြည်းဖြည်း မှုန်မှိုင်းလာကာ အပြုံးများ ပျောက်ကွယ်လာခဲ့သည်။ ကုချုန်း အဆောင်သို့လာတိုင်း မြင်တွေ့ရသည်မှာ မျက်မှောင်ကြုတ်နေကာ ဆေးနံ့များ ထုံမွမ်းနေသော ဇနီးသည်ကိုသာဖြစ်၏။ သူက ဖျောင်းဖျသော်လည်း သူမကတော့ နားမဝင်ဘဲ၊ ကုချုန်းက သူမအား ကြင်နာလေလေ သူမက ပို၍ အားနာကာ သားမွေးပေးချင်စိတ် ပိုပြင်းပြလေ ဖြစ်နေတော့သည်။
ဤသို့ဖြင့် ကုချုန်းသည် သူမအား မည်သို့ ရင်ဆိုင်ရမှန်း မသိတော့သဖြင့် သူမရှိရာအဆောင်သို့ လာရောက်ခြင်း ကျဲပါးလာခဲ့သည်။ ထိုအချိန်တွင် ကုချုန်း၏မိခင်မှာ သားဖြစ်သူ၏မျိုးဆက် ပြတ်မှာကို စိုးရိမ်လာကာ - မင်းသမီးအား မပြောဘဲ ချောမောလှပသော အစေခံမလေးတစ်ဦးကို ကုချုန်း၏ စာကြည့်ဆောင်သို့ ပြုစုရန် ထည့်ပေးလိုက်သည်။
ကုချုန်းသည် မိခင်၏စေတနာမှန်း သိသဖြင့် မမောင်းထုတ်ရက်ဘဲ၊ ထိုအစေခံအား အနားမကပ်ခိုင်းဘဲ သာမန်အလုပ်ကြမ်းများသာ ခိုင်းထားခဲ့သည်။ သို့သော် ထိုအစေခံမလေးမှာ ရည်မှန်းချက် ကြီးမားလှသည်။ တစ်နေ့တွင် ကုချုန်း အရက်မူးပြီး ပြန်လာချိန်၌ သူမသည် ဒုတိယမင်းသမီးနှင့် ၆ ပုံခန့် ဆင်တူသော သူမ၏ရုပ်ရည်ကို အသုံးချကာ ညှို့ယူရန် ကြိုးစားတော့သည်။
ကုချုန်းမှာ မူးနေသဖြင့် ရှေ့ကလူကို မင်းသမီးဟု ထင်မှတ်ကာ အနားသို့ တိုးသွားချိန် - ထိုအစေခံမလေးက ဝတ်ရုံကိုချွတ်ကာ ကုချုန်း၏ခါးပတ်ကို ဖြုတ်ရန် ပြင်တော့သည်။ ကွက်တိမှာပင် ဒုတိယမင်းသမီးသည် အမူးပြေစွပ်ပြုတ်ကို သယ်ဆောင်၍ ဝင်လာခဲ့ရာ ထိုမြင်ကွင်းကို အတိုင်းသား တွေ့လိုက်ရလေတော့သည်။
လက်ထပ်ပြီး နှစ်ပေါင်းများစွာအတွင်း မင်းသမီး ပထမဆုံးအကြိမ် အကြီးအကျယ် ဒေါသထွက်တော့သည်။ သူမသည် လက်ထဲမှ စွပ်ပြုတ်ခွက်ကို ပစ်ပေါက်လိုက်ကာ ကုချုန်းအား ဖြောင်းခနဲနေအောင် ပါးရိုက်လိုက်သည်။ ကုချုန်းမှာ မူးနေသဖြင့် ဘာဖြစ်မှန်းမသိ ကြောင်အမ်းသွားစဉ် - မင်းသမီးက ထိုအစေခံကို အပြင်ဆွဲထုတ်၍ အချက် ၃၀ ရိုက်နှက်ကာ ချက်ချင်း နှင်ထုတ်ပစ်လိုက်သည်။ ကုချုန်းကိုမူ လက်ဖက်ရည်အေးဖြင့် ပက်ကာ၊ မည်သူမျှ မတွဲပေးရန် အမိန့်ပေးပြီး ပစ်ထားခဲ့တော့သည်။
ထိုညမှာပင် မင်းသမီးသည် ပစ္စည်းများ ထုပ်ပိုးကာ သမီးနှစ်ဦးကိုခေါ်၍ ကုအိမ်တော်မှထွက်ခွာပြီး သူမ၏ မင်းသမီးစံအိမ်သို့ ပြောင်းရွှေ့ နေထိုင်လိုက်လေသည်။
…….
နောက်တစ်နေ့တွင် ကုချုန်း နိုးလာသောအခါ ဘာမှ မမှတ်မိပေ။ အစေခံ၏ ပြောပြချက်ကို ကြားမှ ထိတ်လန့်သွားကာ အဝတ်တောင်မလဲနိုင်ဘဲ မင်းသမီးစံအိမ်သို့ အပြေးအလွှား သွားရောက် အသနားခံတော့သည်။ မင်းသမီးက ၆ ရက်၊ ၇ ရက်တိုင်အောင် တွေ့ခွင့်မပေးပေ။ နောက်ဆုံးတွင် ကုချုန်းသည် ညဘက်၌ တံတိုင်းကျော် ဝင်ရောက်ကာ သူမ၏အခန်းထဲသို့ ရောက်ရှိသွားပြီး သူမကို တင်းကျပ်စွာ ဖက်ထားလိုက်သည်။
“ဒါဟာ ငါ အချက် ၅၀ အရိုက်ခံပြီးမှ ခဲခဲယဉ်းယဉ်း လက်ထပ်ခဲ့ရတဲ့ ဇနီးလေးပဲဟာ... ငါ ဘယ်လိုလုပ်ပြီး ဝမ်အာကို စိတ်နာအောင် လုပ်ရဲပါ့မလဲ!”
မင်းသမီးသည် ရှိုက်ကြီးတငင် ငိုကြွေးရင်း သူမ၏ခေါင်းမာမှုကို လက်လျှော့လိုက်ရတော့သည်။ ဤဖြစ်ရပ်ကြောင့် သူမ သဘောပေါက်သွားသည်မှာ - သားသမီးဆိုသည်မှာ ကံတရားပင် ဖြစ်ပြီး၊ လက်ရှိ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းဖို့ကသာ ပိုအရေးကြီးကြောင်းပင်။ မကြာမီမှာပင် လူတိုင်းက မင်းသမီးနှင့် သမက်တော်တို့မှာ အရင်ကကဲ့သို့ ပြန်လည် ချစ်ခင်သွားကြသည်ကို တွေ့မြင်လိုက်ရသည်။
နောက်ဆုံးတွင် မင်းသမီး အသက် ၄၀ အရွယ်တွင် သားလေးတစ်ဦးကို ကံကောင်းထောက်မစွာ မွေးဖွားနိုင်ခဲ့သည်။ ဖွားမြင်စဉ်က အင်မတန်အန္တရာယ်များလှသဖြင့် အသက် ၄၀ ကျော်အရွယ် သမက်တော်ကုမှာ မီးဖွားခန်း တံခါးဝတွင် ကလေးတစ်ယောက်လို ငိုကြွေးနေခဲ့ရှာသည်။
သူတို့ ဇနီးမောင်နှံသည် ဘဝတစ်လျှောက်လုံး အိုမင်းသည်အထိ အတူတူ လက်တွဲ ဖြတ်သန်းသွားကြလေသည်။ အိုလာသောအခါ ဒုတိယမင်းသမီးက အမြဲတွေးမိသည်မှာ - အကယ်၍ ထိုစဉ်က အစေခံမလေး၏ပြဿနာသာ မရှိခဲ့လျှင်၊ သူမသည် လမ်းမှားသို့သာ ဆက်လျှောက်ရင်း မိမိ၏ အိမ်ထောင်ရေးကို ဖျက်ဆီးမိလိမ့်မည် ဟူ၍ပင် ဖြစ်လေသည်။
ပြီးပါပြီ။
***