← Chapters

extra

Vol. 30 Ch. 477-478

extra

Vol. 30 Ch. 477-478

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)

IC 477

အခန်း ၄၇၇ ။ အချပ်ပို - စွဲလမ်းမှု

တော်ဝင်မိသားစုတွင် တစ်ဦးတည်းသော အကျဉ်းကျခံရသည့် မင်းသားဖြစ်သဖြင့် တတိယမင်းသား၏ တစ်ဘဝလုံးမှာ လေးထောင့်စပ်စပ်ရှိသော ဘုရားကျောင်းဝင်းလေးထဲတွင်သာ ပိတ်လှောင်ခံခဲ့ရသည်။

ငယ်စဉ်က အကြောင်းအရာများကို အထူးတလည် ပြောနေရန်မလိုပေ။ သူသည် ငယ်စဉ်ကတည်းက မိခင်ဖြစ်သူ ဝူရှီ၏ သွေးထိုးတွန်းအားပေးမှုအောက်တွင် ကြီးပြင်းလာရသူဖြစ်သည်။ ထို့ကြောင့် သူ၏ ထီးနန်းအပေါ် မက်မောတွယ်ကပ်မှုမှာ အခြားမင်းသားများထက် ပိုမိုပြင်းထန်ခဲ့သည်။ ၎င်းကပင် ရနိုင်ခြေမရှိမှန်း သိလိုက်ရချိန်တွင် ကျားနှင့်အတူ အိပ်စက်ရဲလောက်အောင် မိုက်မဲသော ဆုံးဖြတ်ချက်ကို ချမှတ်မိစေခဲ့ခြင်း ဖြစ်၏။

သို့သော် ထိုရွေးချယ်မှုအတွက် တတိယမင်းသားမှာ သေသည်အထိ နောင်တမရခဲ့ပေ။ သူ၏ စွဲလမ်းမှုမှာ အင်မတန် နက်ရှိုင်းလွန်းသဖြင့် ယန်ချင့်ဘုရားကျောင်း၏ ကျောင်းထိုင်ဆရာတော်ကြီး ‘ရော့ခုန်း’ ပင်လျှင် သက်ပြင်းချခဲ့ရသည်။

မြို့တော်သို့ ဖမ်းဆီးခေါ်ဆောင်ခံရချိန်တွင် တတိယမင်းသားမှာ အသက် ၁၄ နှစ်သာ ရှိသေးပြီး အင်မတန်တောက်ပသည့် အရွယ်ဖြစ်၏။ နင်ချန်သည် ထိုကလေးမှာ အသိစိတ်များ လမ်းမှားရောက်နေပြီမှန်း သိသဖြင့် ‘သာမန်လူတန်းစား’ အဖြစ် ရာထူးချလိုက်ခြင်းမှာ - သူ့ရင်ထဲက မှားယွင်းနေသော စွဲလမ်းမှုများကို လက်လွှတ်နိုင်စေရန် ရည်ရွယ်ခြင်းဖြစ်သည်။ သို့သော် တတိယမင်းသားကတော့ နင်ချန်၏စေတနာကို နားမလည်ဘဲ ခမည်းတော်က သူ့အား တော်ဝင်မျိုးနွယ်စာရင်းမှ ပယ်ဖျက်ကာ သားအဖြစ် မအမှတ်မထူတော့ခြင်းဟုသာ ယူဆခဲ့သည်။

ထို့ကြောင့် ယန်ချင့်ဘုရားကျောင်းသို့ စတင်ရောက်ရှိချိန်တွင် သူသည် ဒေါသဖြေသည့်အနေနှင့် ဘုန်းတော်ကြီးတစ်ပါး၏မျက်လုံးကို တူဖြင့် ထိုးဖောက်ကန်းစေခဲ့သည်။ နင်ချန် မြို့တော်သို့ ပြန်ရောက်၍ ထိုသတင်းကို ကြားရချိန်တွင် သူ့အား တောင်ပေါ်ရှိ လူသူကင်းမဲ့သော ခြံဝင်းလေးတစ်ခုအတွင်း ပိတ်လှောင်ထားစေကာ - ထမင်းချက်ပေးမည့် ‘မားမား’ တစ်ဦးနှင့် အသက်လတ်ပိုင်း မိန်းမစိုးတစ်ဦးကိုသာ ပြုစုရန်ထားရှိခဲ့သည်။ ထိုမိန်းမစိုးမှာ သာမန်လူမဟုတ်ဘဲ သိုင်းပညာတတ်သူဖြစ်သဖြင့် သိုင်းတတ်သော တတိယမင်းသားကို ထိန်းချုပ်နိုင်သူဖြစ်၏။

အစပိုင်းတွင် တတိယမင်းသားမှာ နေ့စဉ်နှင့်အမျှ ကောင်းကင်နှင့် မြေကြီးကို ဆဲဆိုနေကာ ထမင်းမစားဘဲ နေခဲ့သည်။ အစပိုင်း၌ ‘မားမား’ က ဖျောင်းဖျသော်လည်း၊ တတိယမင်းသားက ထမင်းပန်းကန်ကို ခွဲပစ်လိုက်ချိန်တွင် ‘မားမား’ မှာ စိတ်တိုသွားကာ သူ့နဖူးကို လက်ညှိုးထိုး၍ ဆဲတော့သည် -

“နင်ယွီဟန်! နင့်ကိုယ်နင် မင်းသားလေးလို့ ထင်နေတုန်းလား။ အရှင်မင်းကြီးက မသတ်လို့သာ နင် အသက်ရှင်နေတာ၊ သေသွားတာကမှ ပိုအေးဦးမယ်။ ငါလည်း ဒီမှာ နင့်ကို လာပြုစုနေစရာ မလိုတော့ဘူးပေါ့။ အမှန်အတိုင်း ပြောပြရရင်... စတုတ္ထမင်းသားကို အိမ်ရှေ့စံအဖြစ် တစ်ပြည်လုံးကို ကြေညာလိုက်ပြီ။ မင်ကွေ့ဖေးကလည်း အခု မိဖုရားခေါင်ကြီး ဖြစ်နေပြီ။ နင့်မှာ အိမ်ရှေ့စံဖြစ်မယ့် ကံမပါဘူး၊ အဲဒီစိတ်ကို အခုပဲ ဖျောက်ပစ်လိုက်တော့!”

ထိုစကားမှာ မိုးကြိုးပစ်လိုက်သကဲ့သို့ တတိယမင်းသားကို ဆွံ့အသွားစေခဲ့သည်။ စတုတ္ထလေး အိမ်ရှေ့စံ ဖြစ်လာမည်ကို သူ သိနေသော်လည်း လက်မခံနိုင်ခဲ့ပေ။ ယခု အဖြစ်မှန်ကို အတိုင်းသား ကြားလိုက်ရချိန်တွင် သူ၏ စိတ်ကူးယဉ်မှုများမှာ အပြီးအပိုင် ပျက်စီးသွားခဲ့ရလေပြီ။ ဒေါသ၊ မကျေနပ်မှု၊ အရှက်ရမှုနှင့် မနာလိုမှုတို့ ပေါင်းစုံသွားကာ သူ အသိစိတ် လွတ်သွားခဲ့သည်။ သူသည် ထို ‘မားမား’ ကို ကန်ချလိုက်ကာ မြေပြင်ပေါ်က ကျောက်တုံးကို ကောက်၍ သူမ၏ခေါင်းကို အားရပါးရ ထုနှက်တော့သည်။

သွေးများ ပန်းထွက်သွားသော်လည်း သူက မရပ်တန့်ပေ။ ဒုတိယအကြိမ် ထပ်မံထုရန် ပြင်စဉ်မှာပင် မိန်းမစိုး ရောက်လာကာ သူ့အင်္ကျီကော်လာမှ ဆွဲ၍ ဘေးသို့ လွှင့်ပစ်လိုက်သည်။ ‘မားမား’ မှာ ခေါင်းကွဲကာ သွေးချင်းချင်းနီလျက် အော်ဟစ်ငိုယိုရင်း ထွက်ပြေးသွားတော့သည်။ တတိယမင်းသားသည် သွေးပေနေသော ကျောက်တုံးကိုကိုင်ကာ ထိုမိန်းမစိုးကိုပါ တိုက်ခိုက်ရန် ပြင်သော်လည်း - ပြန်လည် ဖမ်းချုပ်ခံရကာ မြေပြင်ပေါ်၌ ပခုံးကို ဖိနင်းခြင်း ခံလိုက်ရသည်။

မိန်းမစိုးသည် အေးစက်သော မျက်ဝန်းများဖြင့် မြေပေါ်က ကြွေကွဲစတစ်ခုကို ကောက်ယူလိုက်သည်။ ၎င်းမှာ တတိယမင်းသား ခုနက ခွဲပစ်လိုက်သော ပန်းကန်၏ အပိုင်းအစ ဖြစ်၏။ ထိုကြွေကွဲစမှာ သူ၏ လည်ပင်းသို့ ထောက်ထားလိုက်သဖြင့် စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။

“သခင်လေးက သေချင်ရင် ကျွန်တော်မျိုးကို တိုက်ရိုက်ပြောပါ၊ ဘာလို့ တခြားလူတွေကို ဒုက္ခပေးနေတာလဲ”

သွေးတစ်စက်မှာ ကြွေကွဲစမှတစ်ဆင့် မြေပေါ်သို့ ကျသွားသည်ကို တတိယမင်းသား မြင်လိုက်ရသည်။ သူသည် တစ်ခါမှ ဤမျှအထိ ခြိမ်းခြောက်မခံဖူးသလို၊ သေမင်းနှင့် နီးကပ်နေသည်ဟုလည်း မခံစားဖူးပေ။

“အရှင်မင်းကြီးက မင်းတို့ကို ငါ့ကို စောင့်ကြည့်ဖို့ လွှတ်တာ၊ သတ်ဖို့ မဟုတ်ဘူး! ငါသေရင် မင်းတို့လည်း အဆင်ပြေမှာ မဟုတ်ဘူး!” ဟု တတိယမင်းသားက ဟိန်းဟောက်သည်။

မိန်းမစိုးက အသာအယာ ပြုံးလိုက်သော်လည်း ကြွေကွဲစကို မဖယ်ပေးပေ။

“ကျွန်တော်မျိုးရဲ့ အသက်က တန်ဖိုးမရှိပါဘူး။ သခင်လေးက ‘သာမန်လူ’ ဖြစ်သွားပြီ ဆိုပေမဲ့ ခန္ဓာကိုယ်ထဲမှာ ဧကရာဇ်ရဲ့ သွေးပါနေတာပဲ။ ကျွန်တော်မျိုးနဲ့အတူ အဖော်လိုက်ရတာဟာ အရှုံးမရှိပါဘူး”

ထိုအခါမှ တတိယမင်းသား တကယ့်ကို ကြောက်လန့်သွားရသည်။ မည်သို့ပင်ဖြစ်စေ သူသည် ကလေးတစ်ဦးသာ ရှိသေးသည် မဟုတ်လား။ သူ၏ အံကြိတ်ထားမှုများ ပြေလျော့သွားချိန်တွင်မှ မိန်းမစိုးက သူ့ကို လွှတ်ပေးလိုက်သည်။

“ထီးနန်းကို လုရဲတဲ့သူက ဒီလောက်ပဲ သတ္တိရှိတာလား။ ဒါကြောင့်လည်း မင်း ရှုံးတာပေါ့”

မိန်းမစိုးသည် ထိုစကားကို ထားခဲ့ကာ အပြင်ဘက်တွင် ပြန်လည်စောင့်ကြပ်နေတော့သည်။ တတိယမင်းသားသည် မြေပြင်ပေါ်၌ ပုံလျက်သား ကျန်ရစ်ခဲ့သည်။ လက်တွင် ပေနေသော သွေးများမှာ သူတစ်ပါး သွေးလား၊ မိမိသွေးလား မခွဲခြားနိုင်လောက်အောင် နီရဲနေခဲ့သည်။ ထိုအချိန်မှစ၍ သူသည် ထိုမိန်းမစိုးကို အင်မတန် မုန်းတီးသွားခဲ့သလို - နန်းတော်ထဲမှ လူများ တစ်ဦးနှင့်တစ်ဦး သတ်ဖြတ်ကြသည်ကို မြင်ချင်သော စိတ်က ပို၍ ပြင်းထန်လာခဲ့သည်။ အထူးသဖြင့် စတုတ္ထလေးနှင့် ဆဌမလေး (ညီအစ်ကိုရင်းများ) တစ်ဦးကိုတစ်ဦး သတ်ကြသည်ကို သူ မြင်ချင်နေမိသည်။

ထိုနေ့ကို စောင့်ဆိုင်းရန်အတွက် သူသည် မည်သို့ပင်ဖြစ်စေ အသက်ရှင်နေထိုင်ရန် ဆုံးဖြတ်လိုက်သည်။ ထိုအချိန်မှစ၍ သူသည် ဆူပူခြင်း၊ ဆဲဆိုခြင်း မရှိတော့ဘဲ အခန်းထဲတွင် ငြိမ်သက်စွာ ထိုင်နေတတ်သည်။ သို့သော် ထိုငြိမ်သက်မှုမှာ စိတ်အေးချမ်းသွားခြင်း မဟုတ်ဘဲ - မြွေတစ်ကောင်ကဲ့သို့ ပို၍ မှောင်မှိုင်းပြီး နာကျည်းချက်များဖြင့် ပြည့်နှက်နေခြင်းသာဖြစ်၏။

နင်ချန်သည် နှစ်အနည်းငယ်ကြာလျှင် ထိုကလေး စိတ်ပြောင်းသွားလိမ့်မည်ဟု ထင်ခဲ့သော်လည်း၊ တတိယမင်းသားမှာ ပို၍သာ နက်ရှိုင်းစွာ နာကျည်းနေခဲ့သဖြင့် သူ့အား လွှတ်ပေးရန် စိတ်ကူးကို စွန့်လွှတ်လိုက်ရသည်။ တတိယမင်းသားတွင် တစ်ခုတည်းသော သံယောဇဉ်မှာ မိခင်ဖြစ်သူ ဝူရှီ (ဝူဝမ်ရုန်) ပင် ဖြစ်၏။ သူမ သေဒဏ်မကျဘဲ ‘ဝမ်ရုန်’ အဖြစ်သာ ရာထူးချခံရသည်ကို ကြားချိန်တွင် သူ စိတ်သက်သာရာ ရခဲ့ဖူးသည်။

သို့သော် ဝူဝမ်ရုန်၏ဘဝမှာလည်း မလွယ်ကူပေ။ ယဲ့ယွင်သည် ရန်သူအပေါ် အလွန်အကျွံ ကရုဏာထားသူ မဟုတ်ပေ။ သူမသည် ဝူရှီကို နှိပ်စက်ရန် အမိန့်မပေးသော်လည်း၊ နန်းတွင်းရှိ အစေခံများမှာ ‘မျက်နှာသာပေးခံရသူ’ နောက်ကိုသာ လိုက်တတ်ကြသဖြင့် ဝူရှီအား ဂရုတစိုက်ပြုစုခြင်း မရှိခဲ့ကြပေ။ ဝူရှီသည် အကျဉ်းကျနေသော သားကို လွမ်းဆွတ်ရင်း၊ နေ့စဉ် ငိုကြွေးရာမှ မျက်စိကွယ်သွားခဲ့ကာ ကျန်းမာရေးမှာလည်း လျင်မြန်စွာ ပျက်စီးသွားခဲ့သည်။ နောက်ဆုံးတွင် အိမ်ရှေ့စံ မင်္ဂလာဆောင်ပြီးနောက် နင်ချန်နှင့် ယဲ့ယွင်တို့ ခရီးထွက်နေစဉ်မှာပင် သူမ လူ့လောကကို စွန့်ခွာသွားခဲ့လေသည်။

မိခင်ကွယ်လွန်သည့် သတင်းကို ကြားရချိန်တွင် တတိယမင်းသားမှာ အကြီးအကျယ် စိတ်ထိခိုက်သွားရသည်။ သူသည် အသက် ၂၃ နှစ်သာ ရှိသေးသော်လည်း ရုပ်ရည်မှာ အသက် ၄၀ ကျော်ကဲ့သို့ အိုမင်းရင့်ရော်ကာ ကြောက်စရာကောင်းသော အရိုးစုတစ်ခုကဲ့သို့ ဖြစ်နေခဲ့ပြီ။ မိခင်ဖြစ်သူ ကွယ်လွန်သွားခြင်းက သူ၏ နောက်ဆုံးသော ရှင်သန်လိုစိတ်ကိုပါ ရိုက်ချိုးလိုက်သကဲ့သို့ ဖြစ်သွားကာ သူပါ အပြင်းအထန် ဖျားနာတော့သည်။

ထိုစဉ်က အိမ်ရှေ့စံမှာ တိုင်းပြည်ကို အုပ်ချုပ်နေချိန်ဖြစ်ရာ - သမားတော် လွှတ်၊ မလွှတ်ဆိုသည်မှာ သူ့ဆုံးဖြတ်ချက်ပေါ်တွင်သာ မူတည်သည်။

“သူက ကျွန်တော်ရဲ့ တတိယအစ်ကိုပဲလေ။ ခမည်းတော်ကို သားကွယ်လွန်တဲ့ သောက မပေးချင်ပါဘူး။ သမားတော် လွှတ်လိုက်ပါ၊ ကျွန်တော်လည်း သူ့ကို မတွေ့တာ ကြာပြီဆိုတော့ သွားကြည့်ချင်တယ်”

မင်းသားကြီးက စိုးရိမ်စွာ တားသော်လည်း၊ အိမ်ရှေ့စံက - “အစ်ကိုကြီး စိတ်ချပါ၊ ကျွန်တော်က ဒီနေရာကို ရောက်နေပြီပဲ... သူ့ကို ကြောက်နေစရာ မလိုတော့ပါဘူး” ဟု ဆိုကာ ညီအစ်ကို အားလုံးကို ခေါ်၍ ယန်ချင့်ဘုရားကျောင်းသို့ သွားရောက်ခဲ့သည်။

ဆယ်နှစ်အကြာတွင် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်၏။ တတိယမင်းသားမှာ သူတို့ကို မှတ်မိနေဆဲ ဖြစ်သည်။ အထူးသဖြင့် အိမ်ရှေ့စံ၏ ခမ်းနားလှသော ‘နဂါးဝတ်ရုံ’ ကို မြင်လိုက်ရချိန်တွင် သူက အေးစက်စွာ ရယ်မောလိုက်သည် -

“ဘာလဲ... အိမ်ရှေ့စံ လုပ်လာတာ ဒီလောက်ကြာမှ... ငါ့ရဲ့ ဒီလို ဘဝပျက်နေတဲ့ ပုံစံကို လာကြည့်ပြီး လှောင်ချင်လို့လား”

အိမ်ရှေ့စံက တည်ငြိမ်စွာ ဆိုသည် - “ငါက မင်းကို လာကြည့်တာပါ။ ဒါပေမဲ့ မင်းက အခုတော့ လူလည်းမဟုတ်၊ သရဲလည်း မဟုတ်တဲ့ ပုံစံ ဖြစ်နေတာကို မြင်ရတော့မှပဲ ငါ စိတ်အေးရတော့တယ်”

“နင်ယွီကျင့်! မင်း ငါ့ကို မလှောင်နဲ့! ငါ သေရင်တောင် သရဲဖြစ်ပြီး မင်းကို မလွှတ်ပေးဘူး!” ဟု တတိယမင်းသားက နာကျည်းစွာ အော်ဟစ်သည်။

အိမ်ရှေ့စံက သူ့အား ဂရုမစိုက်တော့ဘဲ - “ငါ မင်းကို အလွယ်တကူ မသေခိုင်းပါဘူး။ သေရတာက လွယ်လွန်းပါတယ်။ ငါ့ရဲ့ အမေကို ဒုက္ခပေးခဲ့တဲ့ အပြစ်အတွက်... မင်းကို ဒီဝေဒနာတွေကြားမှာပဲ တစ်သက်လုံး ရှင်သန်ခိုင်းပြီး အပြစ်ပေးမှာပါ” ဟု ဆိုကာ ထွက်ခွာသွားတော့သည်။

ဤတွေ့ဆုံမှုက တတိယမင်းသားကို အကြီးအကျယ် ထိခိုက်စေခဲ့သည်။ ညီအစ်ကိုအားလုံးမှာ အဆင့်အတန်းမြင့်မားစွာ နေထိုင်နေကြချိန်တွင် - မိမိတစ်ဦးတည်းသာ ဤနေရာ၌ တိရစ္ဆာန်ကဲ့သို့ ရှင်သန်နေရခြင်းမှာ သူ့မာနကို အပြီးအပိုင် ချိုးနှိမ်လိုက်ခြင်းပင် ဖြစ်၏။ သူသည် ပို၍ ဖျားနာလာခဲ့သည်။

ကျောင်းထိုင်ဆရာတော်ကြီး ‘ရော့ခုန်း’ သည် သူ၏ သေဆုံးမည့်အချိန် နီးကပ်လာမှန်း သိသဖြင့် နောက်ဆုံးအကြိမ် ဖျောင်းဖျရန် လာရောက်ခဲ့သည်။

“သခင်လေးမှာ ဧကရာဇ်ဖြစ်မယ့် လက္ခဏာ မပါပါဘူး။ အကယ်၍ ငယ်စဉ်ကတည်းက လောဘဇော မကြီးခဲ့ရင်... အခုဆိုရင် ဇနီးမယား၊ သားသမီးတွေနဲ့ ပျော်ရွှင်နေရမှာပါ။ အခုလည်း မနောက်ကျသေးပါဘူး... အခု လက်လွှတ်နိုင်ရင် နောက်ဘဝမှာတော့ အေးချမ်းပါလိမ့်မယ်”

“ဟက်! ဒီဘုန်းကြီးအို... ငါက မင်းရဲ့ စကားတွေကို နားထောင်ပြီး သူတို့ကို အညံ့ခံမယ် ထင်နေလား။ အဲဒီလို လုပ်မယ့်အစား ငါ့ကို အခုပဲ သတ်ပစ်လိုက်တာကမှ ပိုကောင်းဦးမယ်! လက္ခဏာတွေ ဘာတွေ ငါ မယုံဘူး!” ဟု ဆိုကာ လက်ဖက်ရည်ခွက်ကို ပစ်ပေါက်လိုက်ရာ - ဆရာတော်ကြီး၏အင်္ကျီလက်မှာ ရေပူများ စိုကုန်တော့သည်။

ဆရာတော်ကြီးက သနားစရာကောင်းသော ထိုလူအား ကြည့်ကာ ခေါင်းယမ်းရင်း - “စွဲလမ်းမှုက ပြင်းထန်လွန်းလှပါလား... နောက်ဘဝမှာတောင် အေးချမ်းဖို့ မလွယ်ဘူး ထင်ပါရဲ့” ဟု ဆိုကာ ထွက်ခွာသွားလေတော့သည်။

…..

နောက်ဆုံးတွင် တတိယမင်းသားသည် အိမ်ရှေ့စံ ‘နန်းတက်ပွဲ’ ကျင်းပသည့် နေ့မှာပင် ကွယ်လွန်ခဲ့သည်။ မြို့တော်တစ်ခုလုံးမှ ခရုသင်းသံများကို ကြားလိုက်ရချိန်တွင် - ဧကရာဇ်သစ် နန်းတက်ပြီမှန်း သိလိုက်ရကာ၊ သူသည် မပြီးဆုံးသေးသော စစ်ရေးကျမ်းပေါ်သို့ သွေးများ ဟက်ခနဲ အန်ချလိုက်ပြီးနောက် လဲကျသွားခဲ့လေသည်။

သူ့အား နှစ်ပေါင်းများစွာ စောင့်ကြပ်ခဲ့သော မိန်းမစိုးက သူ့ရုပ်အလောင်းကို သေသေချာချာ သင်္ဂြိုဟ်ပေးခဲ့သည်။ နန်းတော်သို့ သတင်းပို့ချိန်တွင် - နင်ချန်သည် တတိယမင်းသားအား တော်ဝင်သင်္ချိုင်းသို့ ထည့်သွင်းရန် အမိန့်မပေးခဲ့ဘဲ၊ ယန်ချင့်ဘုရားကျောင်း၏ နောက်ဘက် တောင်ကုန်းပေါ်တွင်သာ ကောင်းမွန်စွာ မြှုပ်နှံပေးရန် ညွှန်ကြားခဲ့သည်။

တစ်သက်တာလုံး စွဲလမ်းခဲ့သမျှမှာ နောက်ဆုံးတွင် မြေကြီးတစ်ဆုပ်အဖြစ်သာ အဆုံးသတ်သွားခဲ့လေသည်။

ပြီးပါပြီ။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)

IC 478

အခန်း ၄၇၈ ။ အချပ်ပို - ကျားယန်

မင်းသမီးသုံး ကျားယန်သည် ယောင်ရှန်း၏ သမီးဖြစ်သော်လည်း သူမ၏မိခင်ထံမှ လှည့်ကွက်နှင့် အကြံအစည်များကို တစ်စက်ကလေးမျှ အမွေမရရှိခဲ့ပေ။ ပြောရလျှင် သူမသည် အင်မတန် အေးစက်ပြီး သစ်တုံးကြီးတစ်တုံးကဲ့သို့ တုံးလှသည်ဟုပင် ဆိုနိုင်၏။

ငယ်စဉ်ကပင် မိခင်ကွယ်လွန်ခဲ့သော်လည်း ရုန်ရှန်ဖေး ၏ လက်ထဲတွင် ကြီးပြင်းခဲ့ရသဖြင့် အနှိမ်ခံရခြင်းမျိုး မရှိခဲ့ပေ။ ရုန်ရှန်ဖေးသည် ကလေးများကို ဂရုတစိုက် ကျွေးမွေးပြုစုသလို၊ မင်းသမီးကြီး ကျားယွီကလည်း သူမ၏ ညီမလေးအပေါ် အင်မတန် ကြင်နာခဲ့သည်။ သို့သော် မင်းသမီးသုံးသည် အကြံအစည်မရှိသော်လည်း စိတ်ထဲတွင်တော့ အတွေးနက်လှသူဖြစ်၏။

တစ်စုံတစ်ရာရှိလျှင်လည်း ရင်ထဲ၌သာ မြိုသိပ်ထားတတ်ပြီး စကားပြောဆိုခြင်း မရှိပေ။ သူမသည် မိမိကိုယ်မိမိ ဖော်ပြရာတွင် အားနည်းသလို၊ မောင်နှမများကြားတွင်လည်း ရောရောနှောနှော မရှိလှသဖြင့် - ညီအစ်ကို မောင်နှမများကြားတွင် တစ်ဦးတည်းသော အထီးကျန်ဆန်သည့် ကလေး ဖြစ်နေခဲ့သည်။

ထိုအကြောင်းကြောင့်ပင် သူမ အိမ်ထောင်ပြုမည့်အရွယ်သို့ ရောက်သောအခါ နင်ချန်သည် သူမအတွက် သမက်တော် ရွေးချယ်ပေးရန် အင်မတန် အားစိုက်ခဲ့ရသည်။ နောက်ဆုံးတွင် ဟွားရန်ဟိုမိသားစုမှ သားကြီး ကျောက်ချီယွင်ကို ရွေးချယ်လိုက်သည်။

ဤကျောက်သခင်လေးမှာ စိတ်သဘောထား အင်မတန်ကောင်းမွန်ပြီး လူကြီးလူကောင်းအဖြစ် နာမည်ကျော်ကြားသူ ဖြစ်၏။ ပညာအရည်အချင်းနှင့် ရုပ်ရည်မှာ အရင် သမက်တော် နှစ်ဦးကဲ့သို့ ထိပ်တန်းမဟုတ်သော်လည်း၊ အဆင့်မြင့်သော လူငယ်တစ်ဦးဖြစ်သည်မှာတော့ အမှန်ပင်။ အရေးကြီးဆုံးအချက်မှာ ကျောက်မိသားစုသည် စည်းကမ်းကြီးပြီး - ‘အသက် ၄၀ ထိ သားမရမှသာ မယားငယ် ယူရမည်’ ဟူသော စည်းကမ်း ရှိခြင်းပင်ဖြစ်၏။ မင်းသမီးသုံးသည် စကားနည်းပြီး လူမှုဆက်ဆံရေး မတတ်သူဖြစ်ရာ - ဤစည်းကမ်းကြောင့် သူမ၏ အိမ်တွင်းရေးမှာ အေးချမ်းလိမ့်မည်ဟု နင်ချန်က တွေးတောခဲ့ခြင်းဖြစ်သည်။

လက်ထပ်ပွဲ သတ်မှတ်ပြီးနောက် မင်းသမီးကြီး ကျားယွီက သူမအား လာရောက်ပြောပြသည်။ ညီအစ်မ နှစ်ဦး အတူထိုင်နေစဉ် မင်းသမီးကြီးက သူမ၏လက်ကို ဆုပ်ကိုင်ကာ ညင်သာစွာ ဆိုလိုက်သည် -

“ယန်အာ... ငါ သိပါတယ်၊ မင်းက စိတ်နူးညံ့တဲ့သူပါ။ ကျောက်သခင်လေးကလည်း စိတ်ထားကောင်းတဲ့သူပဲ။ ငါတို့ ကြည့်ရသလောက်တော့ မင်းနဲ့ သူက လိုက်ဖက်ပါတယ်။ ဒါပေမဲ့ ငါက မင်းရဲ့ စိတ်ကိုလည်း သိချင်သေးတယ်။ အကယ်၍ မင်း မကြိုက်ဘူးဆိုရင်... ငါတို့ ထပ်ပြီး ရွေးကြတာပေါ့”

ဒါဟာ ချော့ပြောတာ မဟုတ်ပါဘူး။ မင်းသမီးကြီးနဲ့ မင်းသမီးနှစ်တို့ဟာ သူတို့ချစ်တဲ့သူတွေနဲ့ လက်ထပ်ခဲ့ကြတာဖြစ်လို့၊ နင်ချန်ကလည်း သမီးတွေကို အင်မတန်ချစ်တာကြောင့်ပါ။ သို့သော် မင်းသမီးသုံးကတော့ ခေါင်းယမ်းလိုက်သည် -

“ထပ်ရွေးမနေပါနဲ့တော့။ ခမည်းတော်က ကောင်းတယ်လို့ ထင်တဲ့သူဆိုရင် မဆိုးနိုင်ပါဘူး။ အစ်မတော်တို့ နှစ်ယောက်လုံးလည်း အဆင်ပြေနေကြတာပဲ မဟုတ်လား။ ညီမလေးမှာ ဘာမှ ကန့်ကွက်စရာ မရှိပါဘူး”

မင်းသမီးကြီးသည် သူမအား ခနမျှ စိုက်ကြည့်နေပြီးမှ ဘာမှမပြောတော့ဘဲ သူမ၏ လက်ဖဝါးကိုသာ အသာအယာ ပုတ်ပေးလိုက်သည်။

……

ရက်သတ္တပတ် နှစ်ပတ်အကြာတွင် အမိန့်တော် ထွက်လာခဲ့ပြီး၊ ၁၁လပိုင်းလ၏ နှင်းများ ဝေဝေဆာဆာ ကျနေသော နေ့တစ်နေ့တွင် လက်ထပ်ပွဲ ကျင်းပခဲ့သည်။ ဆယ်မိုင်အထိ ရှည်လျားသော မင်္ဂလာ အခမ်းအနားမှာ မြို့တော်၏ ဖြူလွလွ နှင်းပြင်ကြားတွင် အင်မတန် ရဲရဲတောက် လှပနေခဲ့သည်။ သို့သော် နှင်းက အလွန်ထူသဖြင့်၊ စီတန်းလှည့်လည်သူများ ထွက်ခွာသွားသည်နှင့် ခြေရာများမှာ နှင်းအောက်သို့ ပြန်လည်မြုပ်ကွယ်သွားကာ - မည်သူမှ မလာခဲ့ဖူးသကဲ့သို့ပင် ဖြစ်သွားတော့သည်။

မင်္ဂလာဦးညတွင် သမက်တော်က ပဝါကို လှန်လိုက်ချိန်၌ မင်းသမီးလေး၏ အလှကြောင့် မှင်တက်သွားရသည်။ မင်းသမီးသုံးသည်လည်း ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့ကာ ပြုံးလိုက်မိသည်။ လက်ထပ်ပြီးနောက်တွင် သူတို့နှစ်ဦးမှာ အမှန်တကယ်ပင် အဆင်ပြေခဲ့ကြသည်။ ကျောက်ချီယွင်သည် သူမအား အင်မတန် လေးစားကြင်နာကာ မယားငယ်လည်း မရှိသဖြင့်၊ သူတို့နှစ်ဦး အတူတူရှိနေချိန် အင်မတန်များပြားခဲ့သည်။

သို့သော် ဤမျှအထိ အချိန်တိုင်း အတူရှိနေသော်လည်း၊ သူတို့နှစ်ဦးကြားရှိ သံယောဇဉ်မှာ အခြားဇနီးမောင်နှံများကဲ့သို့ ချိုမြိန်လွန်းခြင်း မရှိခဲ့ပေ။

…….

နှစ်အနည်းငယ်အကြာ၊ အိမ်ရှေ့စံ၏ မင်္ဂလာပွဲတွင် မောင်နှမများ ပြန်လည်ဆုံတွေ့ကြသည်။ မင်းသမီးကြီး၏နဖူးပေါ်တွင် ထူးခြားလှပသော ပန်းပုံဖော် မိတ်ကပ်လေးကို အားလုံးက မြင်သဖြင့် မေးမြန်းကြရာ - သူမက ရှက်ပြုံးလေးဖြင့် ခင်ပွန်းဖြစ်သူ ကျိုးကျင်ယောင်က ဆွဲပေးခြင်းဖြစ်ကြောင်း ဆိုသည်။ ကျိုးကျင်ယောင်မှာ ရှေးဟောင်းစာပေများကို ဖတ်ရှုရင်း ထိုပုံစံကို တွေ့ရှိသဖြင့် ဇနီးသည်အတွက် တယုတယ ဆွဲပေးခဲ့ခြင်းဖြစ်၏။

ထိုစဉ် ကုအိမ်တော်မှ အစေခံ ရောက်လာကာ မင်းသမီးနှစ် ကျားဝမ်အတွက် မြို့အရှေ့ဘက်မှ ဝယ်လာသော ကျောက်စိမ်း မုန့်ချိုလေးများကို ပေးအပ်သည်။ ကုချုန်းသည် ရုံးဆင်းချိန်တွင် မြင်းကို ဇွတ်နှင်ကာ သွားဝယ်ပေးခြင်းဖြစ်၏။ အစေခံက ရယ်မောကာ - “သမက်တော်က ဒီမုန့်ကို ဝယ်ပေးဖို့ သွားတာကြောင့်... အရက်ဝိုင်းကို နောက်ကျပြီးမှ ရောက်လို့၊ အခုတော့ အပြစ်ပေးခံရပြီး ဝိုင် ၃ ခွက် အတင်း သောက်နေရပါတယ်!” ဟု ပြောသဖြင့် လူတိုင်းမှာ ရယ်မောကုန်ကြသည်။

ထိုချိုမြိန်လှသော မြင်ကွင်းများကို ကြည့်ရင်း မင်းသမီးသုံးမှာ မျက်လွှာချလိုက်မိသည်။ သူမနှင့် ကျောက်ချီယွင်ကြားတွင် ထိုကဲ့သို့သော အချိန်မျိုး တစ်ခါမှ မရှိခဲ့ဖူးပေ။

ညဘက်တွင် အိမ်ပြန်ချိန်၌ မင်းသမီး၂တို့ ဇနီးမောင်နှံသည် ညဈေးသို့ လည်ပတ်ရန် ထွက်သွားကြသည်။ မင်းသမီးသုံးသည်လည်း စိတ်ကူးပေါက်ကာ သွားကြည့်ချင်ကြောင်း ပြောရာ၊ ခင်ပွန်းဖြစ်သူကလည်း အတူလိုက်ပါပေးခဲ့သည်။ ရှေ့မှ အဝေးတွင် မင်းသမီး၂အား သူမ၏ ခင်ပွန်းက မုန့်လေးတစ်လုတ် ခွံ့ကျွေးနေသည်ကို မြင်ရချိန်တွင် မင်းသမီးသုံး ရင်ထဲ၌ လှုပ်ခတ်သွားသည်။ သူမသည် ဘေးရှိ မုန့်ဆိုင်လေးကို ကြည့်ကာ တွန့်ဆုတ်နေပြီးမှ တိုးတိုးလေး ခေါ်လိုက်သည် -

“ချီယွင်...”

သို့သော် သူမ၏အသံက တိုးလွန်းသဖြင့် ခင်ပွန်းဖြစ်သူက သေချာ မကြားလိုက်ပေ။

“မင်းသမီး ဘာဖြစ်လို့လဲဟင်? တစ်ခုခုလိုချင်လို့လား”

“မ... မဟုတ်ပါဘူး။ ဒီပဲမုန့်လေးတွေ ကြည့်ကောင်းလို့... ဝယ်သွားပြီး အိမ်ရောက်မှ စားကြတာပေါ့” ဟု သူမက အနေရခက်စွာ ဆိုလိုက်သည်။

ကျောက်ချီယွင်က ခေါင်းညိတ်သည်။ ဤသို့ဖြင့် သူမသည် ဆက်လက်လည်ပတ်ချင်စိတ် မရှိတော့ပေ။ ထိုအချိန်မှစ၍ သူမသည် မိမိနှင့် အစ်မတော်တို့၏ ဘဝမှာ ကွဲပြားကြောင်း နားလည်သွားကာ - ချိုမြိန်သော အချစ်ကို ရှာဖွေလိုသော စိတ်ကို ဖျောက်ပစ်လိုက်သည်။ ဤကဲ့သို့ပင် တစ်ဦးကိုတစ်ဦး လေးစားလျက် အေးအေးဆေးဆေး ဖြတ်သန်းသွားခြင်းကလည်း မဆိုးလှပါဘူးဟု သူမ တွေးတောလိုက်လေတော့သည်။

နောက်တစ်နှစ်တွင် သူမ သားဦးလေးကို မွေးဖွားခဲ့သည်။ ၎င်းမှာ ကျောက်ချီယွင်တွင် မယားငယ် လုံးဝ ရှိလာတော့မည် မဟုတ်ကြောင်း သေချာသွားစေခဲ့သည်။ ဤသည်မှာလည်း ‘တစ်သက်လုံး တစ်ယောက်တည်း’ ဆိုသည့် အခြေအနေပင်ဖြစ်၏။

…..

အချိန်တွေ ကုန်လွန်သွားကာ သူမသည် သားသုံးယောက်နှင့် သမီးတစ်ယောက်၊ စုစုပေါင်း လေးယောက်ကို မွေးဖွားပေးခဲ့သည်။ သားသမီးတွေ ကြီးပြင်းလာသောအခါ သူမသည် ခင်ပွန်းဖြစ်သူနှင့် မိမိကြားက သံယောဇဉ်ကို ပို၍ပင် မစဉ်းစားတော့ပေ။ သို့သော် သူမ၏ရင်ထဲ၌ အစ်မတော်တို့၏ ဇနီးမောင်နှံ ချစ်ခင်ပုံကိုတော့ အမြဲတမ်း အားကျနေခဲ့မိသည်မှာ အမှန်ပင်။

အထူးသဖြင့် မင်းသမီးနှစ် ကလေးမွေးစဉ်က - စစ်သူကြီးဖြစ်သူ ကုချုန်းမှာ မီးဖွားခန်းအပြင်ဘက်တွင် စိုးရိမ်လွန်းသဖြင့် ကလေးတစ်ယောက်လို ငိုကြွေးနေခဲ့ကြောင်း ကြားရချိန်တွင် သူမသည် မိမိ၏အဖြစ်ကို ပြန်တွေးမိသည်။ ကျောက်ချီယွင်သည်လည်း ကလေးရချိန်တွင် ဝမ်းသာသော်လည်း ထိုကဲ့သို့ စိုးရိမ်ပူပန်မှုကိုတော့ အပြင်ပန်းတွင် မပြခဲ့ဖူးပေ။ (သို့သော် ရင်ထဲမှာ ရှိကောင်းရှိနိုင်သော်လည်း သူမကိုတော့ မပြောခဲ့ပေ။)

အသက် ၅၀ အရွယ်သို့ ရောက်ရှိလာချိန်၊ တစ်နေ့တွင် ကျောက်ချီယွင်သည် မိုးရွာထဲတွင် ချော်လဲကာ ခြေထောက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။ မင်းသမီးသုံးသည် အိပ်ရေးပျက်ခံကာ သူ့အား ရက်အတော်ကြာ ကိုယ်တိုင်ပြုစုပေးခဲ့သည်။

နေဝင်ရီတရော အချိန်တစ်ခုတွင်၊ သမက်တော် ကျောက်ချီယွင်က ရုတ်တရက် မေးလာသည် -

“မင်းသမီးရဲ့နာမည်က ဘာအဓိပ္ပာယ်လဲဟင်?”

မင်းသမီးသုံးမှာ မှင်တက်သွားရသည်။ အကြာကြီး တိတ်ဆိတ်နေပြီးမှ -

“ကျားယန်ပါ။ ကျားကနေ ယန်... တောက်ပပြီး လှပတယ်လို့ အဓိပ္ပာယ်ရပါတယ်” ဟု တိုးတိုးလေး ဖြေလိုက်သည်။

ကျောက်ချီယွင်က ခေါင်းညိတ်ရုံသာ ညိတ်ပြပြီး ဘာမှ ထပ်မပြောတော့ပေ။ သို့သော် မင်းသမီးသုံး၏ ရင်ထဲတွင်တော့ ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်လာခဲ့သည်။ သူသည် ပညာတတ်တစ်ဦး ဖြစ်ပါလျက် ‘ယန်’ ဆိုသည့် စကားလုံး၏ အဓိပ္ပာယ်ကို မသိဘဲ မနေနိုင်ပေ။ သူ ဤသို့ မေးလိုက်ခြင်းမှာ - သူမ၏ နာမည်ကိုပင် တစ်ခါမှ သေချာမမှတ်မိခဲ့ခြင်း သို့မဟုတ် ဂရုမစိုက်ခဲ့ခြင်းကြောင့်သာ ဖြစ်ပေလိမ့်မည်။

အကယ်၍ သူမသာ ငယ်ရွယ်သေးပါက ဝမ်းနည်းနေမိဦးမည် ဖြစ်သော်လည်း၊ အခုတော့ အသက် ၅၀ ကျော်နေပြီဖြစ်ရာ ထိုကိစ္စများကို သူမ ဂရုမစိုက်တော့ပေ။

နောက်ဆုံးတွင် ကျောက်ချီယွင်သည် သူမထက်အရင် လူ့လောကကို စွန့်ခွာသွားခဲ့သည်။ သူတို့နှစ်ဦးကြားတွင် အချစ်စစ်မရှိခဲ့ဟု သူမ ထင်ခဲ့သော်လည်း - သူ ကွယ်လွန်သွားချိန်တွင် သူမ အင်မတန် အထီးကျန်သွားခဲ့ရသည်။ တစ်သက်လုံး အချစ်မရှိခဲ့သော်လည်း တစ်ဦး၏အဖော်ပြုမှုကို တစ်ဦးက အသားကျနေခဲ့ပြီ မဟုတ်လား။

ကျောက်ချီယွင် ကွယ်လွန်ပြီး နှစ်နှစ်အကြာတွင်၊ မင်းသမီးသုံး ကျားယန်သည်လည်း အထီးကျန်မှုများကြားမှပင် အေးဆေးစွာ ကွယ်လွန်သွားခဲ့လေသည်။

လူ့ဘဝတွင် အချစ်စစ်မရရှိဘဲ သာမန်ကာလျှံကာ သံယောဇဉ်ဖြင့်သာ အေးဆေးစွာ ကုန်ဆုံးသွားရသော ဘဝမျိုးမှာလည်း မဆိုးလှပါဘူးလေ။

ပြီးပါပြီ။

***

All Chapters