အခန်း (၇၇-၇၈)
Vol. 8 Ch. 77-78
အခန်း (၇၇)
စီနီယာအကိုမုန့်, အဲ့တာ မုန့်ချန်ချင်းလား?
ဝှစ်! ဝှစ်! ဝှစ်!
အလင်းတန်းတွေ ရင်ပြင်ပေါ်၌ စတင်ပေါ်လာခဲ့သည်။
ဤအရာတွေက လျို့ဝှက်နယ်မြေထဲမှ အတင်းတွန်းထုတ်ခံလိုက်ရသည့် တပည့်တွေဖြစ်သည်။
အချို့က တိုက်ခိုက်ဖို့အသင့်ဖြစ်နေသည့်ပုံစံတွေဖြစ်ပြီး အချို့ကတော့ ခြေချိန်ထိုင်ကာ ကျင့်ကြံနေခဲ့သည်။
ထိုအရာက အတော်လေး မြင်ကွင်းစုံ၏။
"ပြီးသွားပြီ..."
တပည့်တွေ တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကြပြီး သူတို့မျက်နှာ၌ နောင်တရမှုတွေ ရှိနေခဲ့သည်။
အဆုံးမှာတော့ ရွမ်ချင်းနယ်မြေကအလွန်ကျယ်ပြီး မရှာဖွေးရသေးသည့်နေရာများစွာ ကျန်နေသေး၏။
သနားစရာအကောင်းဆုံးကတော့ အရင်းအမြစ်ရတော့မည့်လူတွေပင်။
နောက်တစ်စက္ကန့်လောက်နေလျှင် သူတို့က ရတော့မည်ဖြစ်သည်။
သို့ပေမယ့် အချိန်ပြည့်သွားပြီဖြစ်သည်။
သူတို့က ဒေါသတကြီးခြေဆောင့်ပြီး မခံမရပ်နိုင်ဖြစ်နေကြသည်။
ရင်ပြင်က အမျိုးမျိုးသောအမူအရာတွေဖြင့် ပြည့်နှက်နေခဲ့သည်။
"မဆိုးဘူး, မဆိုးဘူး..."
အဆင့်တိုးလာသည့်တပည့်တွေကိုကြည့်ပြီး သွေးကြောခြောက်ခုမှအကြီးအကဲတွေ ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
သို့ပေမယ့် အပြစ်ပေးတောင်ထိပ်အကြီးအကဲ ပုံရိပ်တစ်ခုကိုမြင်သည့်အခါ တစ်ခဏသူ့မျက်လုံးတွေပြူးကျယ်သွားပြီး အံ့အားသင့်သွား၏။
ထိုအရာက တွမ့်ဟွမ်ပင်။
အပြစ်ပေးတောင်ထိပ်၏အထူးချွန်ဆုံးတပည့်တစ်ယောက်အနေဖြင့် သူက လက်ရှိမှာ... အိပ်နေခဲ့သည်။
ထို့ပြင်ထူးဆန်းသည့်အမူအရာရှိနေပြီး ယခင်က ပုံမှန်မဟုတ်သည့်နေရာမှာ အိပ်ပျော်နေသလိုပင်။
ဝှစ်!
အပြစ်ပေးတောင်ထိပ်အကြီးအကဲ ချက်ချင်းပဲ တွမ့်ဟွမ်ရှေ့မှာ ပေါ်လာ၏။
"မင်းဘာလုပ်နေတာလဲ...."
အကြီးအကဲအသံ၌ မကျေနပ်မှုတွေအပြည့်ပင်။
လျို့ဝှက်နယ်မြေထဲဝင်သွားသည့်လူတိုင်း အချိန်နှင့်အမျှကြိုးစားနေကြရာ ဤကောင်က အိပ်နေခဲ့သည်။
ထို့ပြင် နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေတာဖြစ်သည်။
သူ့ကိုအနည်းငယ်သက်သာရာရစေသည့်တစ်ခုတည်းသော်ကိစ္စမှာ တွမ့်ဟွမ် ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကို ချိုးဖျက်သွားခြင်းဖြစ်သည်။
"အကြီးအကဲ..."
တွမ့်ဟွမ် သူ၏ရီဝေသည့်မျက်လုံးတွေ ပွင့်လာပြီး အတော်လေး ဖရိုဖရဲဖြစ်နေခဲ့သည်။
"မင်းလျို့ဝှက်နယ်မြေထဲမှာ အိပ်နေတာလား..."
အကြီးအကဲ သူ့ဒေါသကို ဖိနှိပ်ထားလိုက်သည်။
"အနားယူနေတာပါ..."
အတိတ်၌ သူက စိတ်လှုပ်တရှားရှိခဲ့ပေမယ့် ယခုတော့ ဘာကိုမှဂရုမစိုက်တော့ပေ။
ထူးမခြားနားသည့်အမူအရာသာ ရှိနေခဲ့သည်။
"နားနေတယ်?...မင်းက လျို့ဝှက်နယ်မြေထဲမှာ အနားယူနေတာလား...."
အကြီးအကဲလည်း တွမ့်ဟွမ်သဘောထားကြောင့် အံ့အားသင့်သွား၏။
တစ်ခုခုဖြစ်ခဲ့တာကိုခံစားမိပြီး ညင်သာစွာမေးလိုက်သည်။
"အထဲမှာ အတိအကျဘာတွေဖြစ်ခဲ့လဲ, နောက်မှ ငါ့ကိုပြောပြ..."
ထိုအရာကိုကြားသည့်အခါ တွမ့်ဟွမ်နှုတ်ခမ်း တွန့်လိမ်သွား၏။
သူဘာလုပ်ခဲ့သနည်း?
ဘာများလုပ်နိုင်မည််နည်?
ထိပ်တန်းအတွင်းစည်းတပည့်ဟု ကိုယ့်ကိုယ်ကို အခိုင်အမာပြောနေသော်လည်း ဘယ်သူ့ကိုမှမနိုင်ခဲ့ပေ။
တစ်ကွက်တည်းဖြင့်လွင့်ထွက်သွားပြီး တောင်နံရံထဲနစ်မြုပ်ကာ ခုချိန်ထိ အိပ်ပျော်နေခဲ့တာဖြစ်သည်။
ပြောဖို့ထိုက်တန်လောက်အောင် ဘာမှမရှိပေ။
တဖြည်းဖြည် ပိုပိုများသည့်တပည့်တွေပေါ်လာပြီး ဓားရူး၊ ရှောင်ကျန်းနှင့် အခြားထိပ်တန်းပါရမီရှင်တွေပါ၏။
ဝှစ်!
အလင်းတံခါးအနီး၌ ပုံရိပ်နှစ်ခုဖြည်းညင်းစွာ ပေါ်လာခဲ့သည်။
သူတို့က တုတ်ခိုင်သန်မာကြ၏။
ထိုအရာက ရှီညီအကိုပင်။
အခြားသူတွေနှင့်မတူပဲ သူတို့နောက်၌ ဧရာမလက်နက်ကြီးတွေရှိနေခဲ့သည်။
စိတ်ဝိညာဥ်လက်နက်တွေပင်။
ခြင်ဆီကျောက်တုံးကိုစုပ်ယူပြီးနောက် ရှီဂွမ်းနောက်ဆုံးမှာ သွေးမျိုးဆက်နည်းစနစ်ကို နားလည်ခဲ့သည်။
သူ့ခွန်အားလည်းအကြီးအကျယ်တိုးတက်သွားပြီး ရွှေမျောက်ဝံကို အနိုင်ရခဲ့သည်။
သို့ပေမယ့် ကပ်သီလေးအနိုင်ရသွားခြင်းသာဖြစ်သည်။
အမွှာတွေဖြစ်သည့်အတွက် ညီအကိုနှစ်ယောက်ကြား၌ ထူးခြားသည့်ဆက်ဆံရေးရှိပုံရ၏။
တစ်ယောက်တိုးတက်သွားသည့်အခါ အခြားတစ်ယောက်လည်း အကျိုးကျေးဇူးရရှိခဲ့၏။
ထို့ကြောင့် ရှီယောင်လည်း အလျှင်အမြန်ပဲ သွေးမျိုးဆက်နည်းစနစ်ကို နားလည်ခဲ့သည်။
လျို့ဝှက်နယ်မြေနောက်ဆုံးနေ့၌ သူတို့က ရွှေမျောက်ဝံကို ကပ်သီလေး အနိုင်ရခဲ့ကြ၏။
ရှီဂွမ်းက တိုက်ပွဲပုဆိန်ကိုရွေးချယ်ခဲ့ပြီး ရှီယောင်ကတော့ လေးလံသည့်တူကြီးကို ရွေးချယ်ခဲ့သည်။
"ဒါ ရှီညီအကိုပဲ..."
သူတို့အမူအရာက ချက်ချင်း လူများစွာ၏အာရုံကိုဆွဲဆောင်သွားခဲ့သည်။
သူတို့က ရွှေမျောက်ဝံကို ပထမဆုံးအနိုင်မရခဲ့သော်လည်း နောက်ဆုံးမှာတော့ အနိုင်ရခဲ့သည်။
ထို့ပြင် သူတို့ပြသခဲ့သည့်သွေးမျိုးဆက်စွမ်းအားကလည်း အတော်လေးအထင်ကြီးစရာကောင်း၏။
"မဆိုးပါဘူး..."
ခရမ်းမြူတောင်ထိပ်မှ အကြီးအကဲချင် ရယ်လိုက်ပြီး ရှီညီအကိုရှေ့ဖျတ်ခနဲ ပေါ်လာ၏။
ညီအကိုနှစ်ယောက်ကျောရှိလက်နက်တွေက စိတ်ဝိညာဥ်လက်နက်တွေဆိုတာ သိသာ၏။
သွေးမျိုးဆက်သားရဲ ရှုံးနိမ့်သွားပြီပင်။
အခြားအကြီးအကဲတွေလည်း အကြည့်ချင်းဖလှယ်လိုက်ကြပြီး သူတို့မျက်လုံးတွေထဲ၌ မနာလိုမှုတွေရှိနေခဲသည်။
ရွှေမျောက်ဝံကို အနိုင်ယူနိုင်သည့်လူတစ်ယောက်အား ပါရမီရှင်ဟု ခေါ်နိုင်တာပဲဖြစ်သည်။
ထို့ပြင် ဤညီအကိုနှစ်ယောက်၏သွေးမျိုးဆက်မှာ အရမ်းသန်မာသောကြောင့် အနာဂတ်၌ အလွန်အမင်းအစွမ်းထက်လာမည်ဆိုတာ ကံသတ်မှတ်ပြီးသားဖြစ်သည်။
"ခင်ဗျား ဘယ်သူလဲ...."
ရှီဂွမ်း အနည်းငယ်ကြောင်သွား၏။ သူက ဤလူအိုကြီးကို အရင်က မမြင်ဖူးပေ။
"ငါ ခရမ်းမြူတောင်ထိပ်က အကြီးအကဲတစ်ယောက်ပါ။ မင်းတို့အနာဂတ်အမွေအနှစ်ကိစ္စတွေအတွက် တာဝန်ယူထားတာ...."
အကြီးအကဲချင် အပြုံးတစ်ခုနှင့်ပြောလိုက်သည်။
"ဒီတော့ အကြီးအကဲကိုး..."
ရှီဂွမ်း ချက်ချင်းပဲ အနည်းငယ်အရိုအသေပေးလိုက်၏။
ရှီယောင်လည်း ထပ်တူပြုလုပ်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် သူတို့အမေက အိမ်နှင့်အဝေးကိုရောက်နေသည့်အခါ အကြီးအကဲတွေကိုလေးစားရမည်ဟု သင်ကြားထားသောကြောင့်ဖြစ်သည်။
"ရွှေမျောက်ဝံကို အနိုင်ယူနိုင်လို့ ဂုဏ်ယူပါတယ်...."
"ဒီအတွက် ဂိုဏ်းမှာ အထူးဆုလဒ်ရှိတယ်။ အရင်ကတော့ မပြောခဲ့ဖူးပေါ့...."
အကြီးအကဲချင် ပြောလိုက်သည်။
အမှန်တော့ ဤအရာက သူတို့အကြီးအကဲအုပ်စု၏ တာဝန်ပျက်ကွက်မှုဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ပထမ၌ သူတို့လည်း အောင်မြင်မဲ့သူမရှိဟု ထင်ခဲ့ကြသည်။
သို့ပေမယ့် မမျှော်လင့်စွာပဲ နှစ်အနည်းသာကျင့်ကြံခဲ့သည့် ရှီညီအကိုက တကယ်ပဲ အောင်မြင်ခဲ့သည်။
"ဘာဆုလဒ်လဲ...."
ရှီယောင်မျက်လုံးတွေ သိချင်စိတ်ဖြင့် တောက်ပသွား၏။
"ကျင့်ကြံရေးစိတ်ဝိညာဥ်တောင်ထွဋ်တစ်ခုနဲ့ အခြားပစ္စည်းတွေ။ အချိန်ကျလာရင် မင်းတို့ရွေးချယ်နိုင်တယ်..."
အကြီးအကဲချင် သူ၏မုတ်ဆိတ်မွေးဖြူတွေကို သပ်လိုက်သည်။
သူ့မျက်လုံးထဲ၌လည်း သဘောကျမှုအချို့ ရှိနေခဲ့သည်။
ကျင့်ကြံရေးစိတ်ဝိညာဥ်တောင်ဆိုတာ အလွန်တန်ဖိုးကြီးသည့်ရတနာတစ်ခုဖြစ်၏။
စစ်မှန်တပည့်တွေတောင် ခွန်အားမရှိပဲ မရနိုင်ပေ။
ယှဥ်ပြိုင်ဖို့လိုအပ်၏။
သို့ပေမယ့် ယခုတော့ တိုက်ရိုက်ပေးပစ်လိုက်သည်။
"ကျွန်တော်တို့ စီနီယာအကိုမုန့်နဲ့ နီးတဲ့နေရာရွေးလို့ရမလား..."
ရှီယောင်ပြောလိုက်သည်။
"ဟုတ်တယ်..."
ရှီဂွမ်း ခေါင်းညိတ်လိုက်၏။
အဆုံးမှာတော့ စီနီယာအကိုမုန့်က ဂိုဏ်းထဲ၌ သူတို့၏တစ်ဦးတည်းသော မိတ်ဆွေဖြစ်ပြီး ခြင်ဆီကျောက်တုံးကို အလကားပေးပစ်ခဲ့သည်။
ဤကဲ့သို့ ကြင်နာမှုမျိုးက မမေ့သင့်ပေ။
သူတို့သာ ရွာမှာဆိုလျှင် သူတို့အမေက သေချာပေါက် အရသာရှိသည့်ဟင်းလျာတွေချက်ပြီး နေ့တိုင်းပို့ပေးမည်ဖြစ်သည်။
"စီနီယာအကိုမုန့်?..."
အကြီးအကဲချင် ကြောင်သွား၏။
အဲ့တာဘယ်သူလဲ?...
"မုန့်ချန်ချင်ကိုပြောတာလား..."
ချက်ချင်းပဲ အကြီးအကဲယဲ့မျက်လုံးတွေ တောက်ပလာပြီး မျှော်လင့်တကြီးမေးလိုက်သည်။
"ဟုတ်တယ်...."
စကားသံထွက်ပေါ်လာသည်နှင့် အကြီးအကဲယဲ့ လုံးဝကို စိတ်လှုပ်ရှားလာခဲ့သည်။
မုန့်ချန်ချင်း ဘယ်လိုလုပ်ခဲ့လဲ သူမသိပေမယ့် ထိုအရာက ကိစ္စမဟုတ်ပေ။
မည်သူ့၌ လျို့ဝှက်နည်းစနစ်နှင့် ဝှက်ဖဲမရှိလို့နည်း။
မမျှော်လင့်စွာပဲ ဂိုဏ်းထဲဝင်တာ လအနည်းငယ်ပဲကြာသေးသည့်မုန့်ချန်ချင်းက ဤကဲ့သို့ ကြောက်မက်ဖွယ်စွမ်းအားမျိုး ပိုင်ဆိုင်ထားပြီဖြစ်သည်။
ထို့ပြင်ရှီညီအကိုစကားအရ မုန့်ချန်ချင်းက ရွှေမျောက်ဝံကို အနိုင်ရခဲ့ရုံတင်မဟုတ်နိုင်ပေ။
သူက သတ်တောင်သတ်နိုင်စွမ်းရှိနေရမည်ပင်။
ဤအရာက ထိပ်တန်းပါရမီရှင်တစ်ယောက်သာ လုပ်ဆောင်နိုင်သည့်အရာဖြစ်သည်။
"ဂုဏ်ယူပါတယ်, အကြီးအကဲယဲ့။ လက်စသတ်တော့ မင်းတို့စိတ်ဝိညာဥ်တောင်ထိပ်က ရတနာတစ်ခုကို နက်နက်ရှိုင်းရှိုင်းဖုံးကွယ်ထားတာပဲ..."
အခြားအကြီးအကဲတွေ ထိန်းချုပ်မရသည့်မနာလိုမှုတွေဖြင့် တစ်ယောက်ပြီးတစ်ယောက်ပြောလာကြသည်။
အနိုင်ရခြင်းနှင့် သတ်နိုင်ခြင်းက လုံးဝမတူသည့် အယူအဆဖြစ်သည်။
လွန်ခဲ့သည့်နှစ်အနည်းငယ်က စိတ်ဝိညာဥ်တောင်ထိပ်၌ အထူးရုပ်ခန္ဓာတစ်ခုရှိခဲ့သည်။ ယခုလည်း နောက်ထပ်ထိပ်တန်းပါရမီရှင်တစ်ယောက်ရှိလာပြန်သည်။
ပြောစရာစကားကို မရှိတော့ပေ။
ဝှစ်!
နောက်တစ်ခဏ၌ အလင်းတံခါး အနည်းငယ်တုန်ခါသွားပြီး အရပ်ရှည်ရှည်ပုံရိပ်တစ်ခု ဖြည်းညင်းစွာ ပေါ်လာခဲ့သည်။
နှင်းကဲ့သို့အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ခါး၌ ဓားရှည်တစ်ချောင်းကို ချိတ်ဆွဲထားခဲ့သည်။
ရံဖန်ရံခါ လေပြေလေညင်းတစ်ခုတိုက်ခတ်နေသောကြောင့် သူ၏အနက်ရောင်ဆံပင်တွေ အနည်းငယ်လှုပ်ရှားနေပြီး မျက်လုံးတွေက ကြယ်တွေကဲ့သို့ တောက်ပနေခဲ့သည်။
အမှန်တကယ်ကို ခံညားပြီး လူငယ်တစ်ယောက်၏အော်ရာအပြည့်ပင်။
အခန်း (၇၈)
သွေးမျိုးဆက်နည်းစနစ်နှင့် ကျင့်ကြံရေးစိတ်ဝိညာဥ်တောင်ထွဋ်
"စိတ်မကောင်းစရာပဲ, အဲ့ပုန်းကွယ်တောင်ကြားက အသက်ဓာတ်တွေကြွယ်ဝနေတာ။ ပစ္စည်းကောင်းတစ်ခုခုရှိရမယ်...."
မုန့်ချန်ချင်း မျက်လုံးတွေ နောင်တရသည့်အမူအရာပြသလာ၏။
သူ အထဲဝင်တော့မည့်အချိန်မှာပဲ လျို့ဝှက်နယ်မြေက ပိတ်သွားခဲ့သည်။
ခေါင်းအနည်းငယ်ခါယမ်းပြီး မုန့်ချန်ချင်း ထိုအကြောင်းမတွေးတော့ပေ။
စကားပုံအတိုင်း ရရှိတာကကောင်းကျိုးဖြစ်ပြီး ဆုံးရှုံးတာက ကံကြမ္မာဖြစ်၏။
သူက လျို့ဝှက်နယ်မြေထဲမှ ပစ္စည်းကောင်းများစွာ ရရှိထားပြီးပြီဖြစ်သည်။
ထိုအကြောင်း ထပ်တွေးနေဖို့ မလိုအပ်ပေ။
ဤအတွေးဖြင့် မုန့်ချန်ချင်း ရှေ့လျှောက်လာခဲ့သည်။ သို့ပေမယ့် ချက်ချင်းရပ်တန့်သွား၏။
အဘယ်ကြောင့်ဆိုသော် ရင်ပြင်ထဲ၌ လူပေါင်းထောင်ချီရှိပြီး လူတိုင်းနီးပါးကသူ့ကို ကြည့်နေကြသောကြောင့်ပင်။
"ငါ ဘာအမှားလုပ်မိလို့လဲ..."
မုန့်ချန်ချင်း အံ့အားသင့်သွား၏။
ဤမြင်ကွင်းက အတော်လေး မမျှော်လင့်ထားသည့်အရာပင်။
ဝှစ်!
ရုတ်တရက် ပုံရိပ်တစ်ခု သူ့ရှေ့မှာပေါ်လာပြီး အနည်းငယ်ဆံပင်ဖြူနေကာ အကြီးအကဲဝတ်စုံကိုဝတ်ဆင်ထား၏။
"မင်းက မုန့်ချန်ချင်း ဖြစ်ရမယ်...."
အကြီးအကဲယဲ့ပြောလိုက်သည်။
သူ့အသံ၌ သိသာသည့် စိတ်လှုပ်ရှားမှုတွေ ရှိနေခဲ့သည်။
"ဟုတ်ပါတယ်, အကြီးအကဲ..."
မုန့်ချန်ချင်း ခေါင်းညိတ်လိုက်သည်။
ဤအကြီးအကဲက ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်သာဖြစ်သော်လည်း အကြီးအကဲတစ်ယောက်ဖြစ်နေရာ လေးစားမှုနှင့် ထိုက်တန်၏။
"အရမ်းကောင်းတယ်..."
အကြီးအကဲယဲ့ မုန့်ချန်ချင်းခါးရှိ စိတ်ဝိညာဥ်အဆင့်ဓားကိုမြင်သည့်အခါ သူ့မျက်နှာရှိအပြုံးက ပိုလို့တောင် တောက်ပလာခဲ့သည်။
မူလ၌ သူထင်ခဲ့တာ ရှီညီအကိုက ဤမျိုးဆက်၌ အထူးချွန်ဆုံးဟူ၍ပင်။
ထို့အချက်ကြောင့် အနာဂတ်၌ ခရမ်းမြူတောင်ထိပ် ကျော်ကြားလာပြီး ဂိုဏ်းမှ ပိုများသည့်အရင်းအမြစ်တွေရမည်ဖြစ်သည်။
မည်သူထင်ထားမည်နည်း။ အဆုံးမှာတော့ ထိုအရာက သူ့ကိုယ်ပိုင်တောင်ထိပ်တပည့်ဖြစ်နေခဲ့သည်။
ကျင့်ကြံရေးလောကထဲရှိ အရင်းအမြစ်တွေက အကန့်အသတ်ရှိ၏။
ထို့ကြောင့် လူတစ်ယောက်ချင်းဆီမှ တောင်ထိပ်တွေထိ၊ ဂိုဏ်တွေချင်းတောင် ယှဥ်ပြိုင်ဖို့လိုတာပဲဖြစ်သည်။
"ငါက စိတ်ဝိညာဥ်တောင်ထိပ်ရဲ့ အကြီးအကဲယဲ့ပါ။ စစ်မှန်တပည့်အဖြစ် ရာထူးတိုးပေးဖို့ တာဝန်ယူထားတာ..."
အကြီးအကဲယဲ့ပြုံးပြီး ပြောလိုက်သည်။
"ငါ့နောက်လိုက်ခဲ့..."
"ကောင်းပါပြီ..."
မုန့်ချန်ချင်း ခေါင်းညိတ်လိုက်၏။
သူထင်ထားတာ သူကိုယ်တိုင်အတွင်းစည်းခန်းမကို သွားရမည်ဟူ၍ပင်။ သို့ပေမယ့် မမျှော်လင့်စွာပဲ တစ်စုံတစ်ယောက် ဤနေရာမှာ စောင့်နေခဲ့သည်။
သို့ပေမယ့် ထိုအရာကလည်း ပုံမှန်သာဖြစ်၏။
ယေဘူယျအားဖြင့် လျို့ဝှက်နယ်မြေထဲဝင်ရောက်ပြီးနောက် တပည့်များစွာ ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကို အဆင့်တက်သွားကြမည်ဖြစ်သည်။
လျို့ဝှက်နယ်မြေအတွက်တာဝန်ရှိသည့်အကြီးအကဲတွေလည်း တိုက်ရိုက်ပဲ သူတို့ကို ခေါ်ဆောင်သွားမည်ဖြစ်သည်။
"လူငယ်မျိုးဆက်က အစွမ်းထက်သားပဲ..."
ဆေးဘုရင်တောင်ထိပ်အကြီးအကဲဖုန်း လျှောက်လာပြီး မျက်လုံးထဲ၌ သက်ပြင်းချမှုတွေအပြည့်ပင်။
သူမှတ်မိသေး၏။ သူတို့အကြွင်းမဲတောင်ကုန်းတုန်းက ဤကောင်လေးဟာ အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ် အဆင့် ၄ အဆင့် ၅ လောက်သာရှိသေးသည်။
ယခု ဘယ်လောက်မှမကြာသေးပဲ ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကို တက်လှမ်းသွားခဲ့သည်။
ထို့ပြင် ရွှေမျောက်ဝံကိုသတ်နိုင်သည့်ခွန်အားလည်း ပိုင်ဆိုင်ထား၏။
"အကြီးအကဲဖုန်း..."
မုန့်ချန်ချင်း အနည်းငယ် အရိုအသေပေးလိုက်၏။
ထိုစဥ် ဤအကြီးအကဲ၏ သာမန်လက်ဝါးချက်က တကယ်ကိုအံ့သြဖွယ်ရာဆိုတာ သူမှတ်မိသေး၏။
ယခုအဲ့လောက်ကြီးမဟုတ်တော့သော်လည်း ထိုအချိန်က စစ်မှန်ချီကိုမြင်ဖူးတာ သူ့အတွက် ပထမဆုံးအကြိမ်ဖြစ်၏။
သူ တကယ်ကို သဘောကျခဲ့၏။
"စီနီယာအကိုမုန့်..."
ရှီဂွမ်းနှင့် ရှီယောင် လျှောက်လာသည်။
"မင်းတို့လည်း ရွှေမျောက်ဝံကို အနိုင်ရခဲ့ပုံပဲ..."
မုန့်ချန်ချင်း သူတို့နှစ်ယောက်ကျောရှိ လက်နက်တွေကိုကြည့်ပြီး အနည်းငယ်ခေါင်းညိတ်လိုက်သည်။
"ကျွန်တော်တို့က သွေးမျိုးဆက်နည်းစနစ်မရှိရုံပဲ။ နားလည်သွားတဲ့အခါ အဲ့မျောက်က ကျွန်တော်တို့ပြိုင်ဘက်မဟုတ်တော့ဘူး...."
ရှီယောင် လက်သီးဆုပ်လိုက်၏။
"သွေးမျိုးဆက်နည်းစနစ်, ဟမ်..."
ဤစကား၌ မုန့်ချန်ချင်းနှလုံးသား အနည်းငယ် လှုပ်ရှားသွား၏။
ထိုခြင်ဆီကျောက်တုံးနှစ်တုံး၏ အခန်းကဏ္ဍက အတော်လေးအရေးပါပုံပင်။
ကြည့်ရှုရေးမျက်လုံးကိုအသက်သွင်းလိုက်ရာ သူတို့၏အချက်အလက်ဇယား၌ အပိုစာကြောင်းတစ်ကြောင်းကို မြင်လိုက်ရ၏။
[သွေးမျိုးဆက်နည်းစနစ်- ကျောက်တုံးချပ်ဝတ်(စဦးနားလည်ခြင်း)]
ကြည့်ရတာ ခုခံရေးသွေးမျိုးဆက်နည်းစနစ်တစ်ခုဖြစ်ပုံရပြီး ရှီကလန်၏သွေးမျိုးဆက်နှင့် ကိုက်ညီ၏။
အခွင့်အရေးသာရှိလျှင် ဤသွေးမျိုးဆက်နည်းစနစ်ကို ရအောင်လုပ်ရမည်ဖြစ်သည်။
အမှန်တော့ သွေးမျိုးဆက်နည်းစနစ်ဆိုတာ သွေးမျိုးဆက်ထဲ၌ ရိုက်နှိပ်ထားသည့် ပြီးပြည့်စုံသည့်သိုင်းပညာတစ်ခုဖြစ်ပြီး ရာသက်ပန်အမွေဆက်ခံထား၏။
"ကျောက်တုံးချပ်ဝတ်က ဘယ်အဆင့်သိုင်းပညာလဲ သိချင်မိသား...."
မုန့်ချန်ချင်း တွေးလိုက်၏။
"ကောင်းပြီ, စကားပြောတာတော်လောက်ပြီ, အရင်သွားရအောင်..."
အကြီးအကဲချင်ပြောလိုက်သည်။
သူက မုန့်ချန်ချင်းကို အကူအညီမဲ့မှုအချို့ဖြင့် ကြည့်လိုက်သည်။
နောက်ဆုံး ခရမ်းမြူတောင်ထိပ် နံပါတ် ၁ ရတော့မည့်အချိန်မှ မမျှော်လင့်ပဲ ဤဖျက်မြင်းက ပေါ်လာခဲ့သည်။
စိတ်ဝိညာဥ်တောင်ထိပ်က တကယ်ကံကောင်း၏။
ဤအတိုင်းဆို, နောက်လာမည့်သွေးကြော ၇ ခုပြိုင်ပွဲ၌ သူ့စွမ်းအားကို နောက်တစ်ကြိမ်ပြနိုင်တော့မည်ဖြစ်သည်။
ဤကောင်လေးသာ အလုံအလောက်လျှင်မြန်စွာ ကြီးထွားလာလျှင် ထိုနေရာတွေအတွက် ယှဥ်ပြိုင်နိုင်လောက်၏။
"ပြီးတော့ မင်းတို့ကော..."
တောင်ထိပ်အသီးသီးမှအကြီးအကဲတွေ အခြားပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်တပည့်တွေကို ကြည့်လိုက်၏။
မုန့်ချန်ချင်း၊ ရှီညီအကို၊ ဓားရူး၊ တွမ့်ဟွမ် နှင့် အခြားထိပ်တန်းပါရမီရှင်တွေအပြင် ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ချိုးဖျက်ခဲ့သည့် နောက်ထပ်သုံးယောက်ရှိသေး၏။
အရေအတွက်ကနည်းသော်လည်း ၎င်းမှာ ယာယီသာဖြစ်သည်။
အချိန်တစ်ခုကြာပြီး တပည့်များစွာ လျို့ဝှက်နယ်မြေထဲမှရရှိမှုတွေကို ချေဖျက်ပြီးလျှင် မိုးရွာပြီးနောက်ထွက်ပေါ်လာသည့် ဝါးပင်ပေါက်တွေကဲ့သို့ တစ်ယောက်ယောက် ထွက်ပေါ်လာကြမည်ဖြစ်သည်။
"ဟုတ်ကဲ့..."
တပည့်တွေ အရိုအသေပေးလိုက်ကြ၏။
ထို့နောက် အကြီးအကဲတွေ၏ဦးဆောင်မှုဖြင့် ပင်လယ်ခွဲခြမ်းခြင်းနယ်တက်ရောက်သွားသည့်တပည့်တွေ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။
ရင်ပြင်၌အတွင်းစည်းတပည့်တွေသာ မနာလိုမှုတွေဖြင့် ကျန်ခဲ့၏။
စစ်မှန်တပည့်...
ဤအရာက ဂိုဏ်း၏ပင်မအူတိုင်ဖြစ်ပြီး ထိုအဆင့်တပည့်တွေက အရင်းအမြစ်များစွာနှင့် အကျိုးကျေးဇူးများစွာကို ခံစားနိုင်မည်ဖြစ်သည်။
အတွင်းစည်းနှင့် လုံးဝယှဥ်မရပေ။
ထိုက်ရွမ်ဂိုဏ်း၌ အဓိကတောင်ထိပ် ၇ ခုရှိ၏။
ထိုအဓိကတောင်ထိပ်တွေ၏ပတ်လည်၌ တောင်ထိပ်ငယ်များစွာရှိပြီး တစ်ခုနှင့်တစ်ခုချိတ်ဆက်နေကာ မဟာအစီအရင်ကြီးတစ်ခုကဲ့သို့ နှစ်လိုဖွယ်ကောင်းမှုကို ထုတ်လွတ်နေခဲ့သည်။
ထိုအရာတွေက စိတ်ဝိညာဥ်တောင်တွေပင်။
စိတ်ဝိညာဥ်တောင်တစ်ခုချင်းဆီ၏အောက်၌ စိတ်ဝိညာဥ်ကျောက်တုံးသွေးကြောတစ်ခုထားရှိ၏။
အစီအရင်နှင့်ပေါင်းစပ်လိုက်သည့်အခါ စိတ်ဝိညာဥ်တောင်ကို စိတ်ဝိညာဥ်စွမ်းအင် အလွန်အမင်းကြွယ်ဝသွားစေ၏။
၎င်းမှာ ကျင့်ကြံရေးအတွက် အလွန်သင့်တော်တာပဲဖြစ်သည်။
ဤနေရာမှာ တစ်ရက်ကျင့်ကြံတာက အပြင်၌ ၅ရက် ၆ရက်ကျင့်ကြံတာနှင့် ညီမျှ၏။
သို့ပေမယ့် စိတ်ဝိညာဥ်တောင်ထိပ်အရေအတွက်က အကန့်အသတ်ရှိ၏။
၎င်းမှာ စစ်မှန်တပည့်တိုင်းအတွက် ထောက်ပံ့မပေးနိုင်ပေ။ ထို့ကြောင့် တပည့်တွေက တစ်ယောက်နှင့်တစ်ယောက်ယှဥ်ပြိုင်ဖို့လိုအပ်၏။
အချိန်တစ်ခုကြာတိုင်း ဂိုဏ်းက လစ်လပ်နေသည့်စိတ်ဝိညာဥ်တောင်ထိပ်တွေကိုဖွင့်ပေးမည်ဖြစ်သည်။
အချို့မှာ အသစ်တည်ဆောက်ထားခြင်းဖြစ်ပြီး အချို့မှာ ယခင်ပိုင်ရှင်တွေ ဖယ်ပေးခဲ့ခြင်းဖြစ်သည်။
ထို့ပြင် တပည့်တွေကျင့်ကြံရာ၌ စိတ်ခွန်အားတိုးတက်စေရန် ဂိုဏ်းက တစ်ယောက်နှင့်တစ်ယောက်ယှဥ်ပြိုင်ဖို့ ခွင့်ပြုထား၏။
အနိုင်ရသူက ရှုံးနိမ့်သူ၏စိတ်ဝိညာဥ်တောင်ထိပ်ကို ရနိုင်တာပဲဖြစ်သည်။
စိတ်ဝိညာဥ်တောင်ထိပ်တွေကို မည်သူမှ အမြဲတစေ မပိုင်ဆိုင်ကြပေ။
"ခုကစပြီး ဒီနေရာက မင်းရဲ့ စိတ်ဝိညာဥ်တောင်ထိပ်ပဲ...."
အကြီးအကဲယဲ့ အပြုံးနှင့် ပြောလိုက်သည်။
မုန့်ချန်ချင်း ပတ်ပတ်လည်ကို ကြည့်လိုက်သည်။
သူ့ခြေထောက်အောက်၌ စိတ်ဝိညာဥ်တောင်ထိပ်ရှိနေခဲ့သည်။ ၎င်းကို တောင်ထွဋ်ငယ်ဟု ခေါ်သော်လည်း အဓိကတောင်ထိပ်တွေထက် အများကြီးမနိမ့်ပဲ ၃ ပုံ ၁ ပုံလောက်သာနိမ့်၏။
ပတ်ဝန်းကျင်ရှုခင်းက ကျယ်ပြောပြီး တိမ်တွေမြူတွေဖြင့်ဖုံးဝန်းရံနေကာ တိမ်ပင်လယ်ထဲရောက်နေသလို ခံစားရစေသည်။
ရှုခင်းက အတော်လေး ခမ်းနားလှ၏။
ဤကဲ့သို့နေရာ၌ အချိန်အတော်ကြာကျင့်ကြံလျှင် လူတစ်ယောက်၏ ရည်မှန်းချက်တွေကို ကြီးမားလာစေမည်ဖြစ်သည်။
စိတ်ဝိညာဥ်စွမ်းအင်လည်း တကယ်ကို ပေါကြွယ်ဝပြီး တိမ်တိုက်တွေအဖြစ် စုဝေးလုနီးပါးပင်။
အသက်ရူရုံဖြင့် ဒန်ထျန်ထဲ၌ စစ်မှန်ချီအနည်းငယ်တိုးလာတာကို ခံစားမိနိုင်တာပဲဖြစ်သည်။
"နေရာကောင်းပဲ..."
မုန့်ချန်ချင်း ခေါင်းညိတ်ပြီး ရိုးသားစွာ ပြောလိုက်သည်။
"ဟ..ဟ..., ဂိုဏ်းထဲမှာ စိတ်ဝိညာဥ်တောင်ထိပ်တွေကို အဖိုးတန်ကျင့်ကြံရေးအရင်းအမြစ်တွေအဖြစ် သတ်မှတ်နိုင်တယ်။ လူတိုင်း မရနိုင်ဘူး...."
အကြီးအကဲယဲ့ သူ၏မုတ်ဆိတ်ဖြူတွေကို သပ်လိုက်သည်။
"စုစုပေါင်း ၁၀၈ လုံးပဲရှိတယ်...."
"နည်းလှကြီလား..."
မုန့်ချန်ချင်း အနည်းငယ်ကြောင်သွား၏။
"ဟုတ်တယ်, ဒါကြောင့် မင်း အမြဲတမ်း ပိုသန်မာလာမှရမယ်။ မဟုတ်ရင် အခြားသူတွေလုတာ ခံရလိမ့်မယ်..."
အကြီးအကဲယဲ့ ရယ်လိုက်၏။
"ဒါပေမယ့် မင်းခွန်အားအလားအလာနဲ့ဆိုရင် ပြဿနာတော့ မရှိသင့်ဘူး...."
"ဒါက စိတ်ဝိညာဥ်တောင်ထိပ်အသစ်ပဲ။ မင်းမှာအချိန်ရှိရင် ကိုယ်တိုင်နာမည်ပေးနိုင်တယ်...."
"ပြီးတော့, လိုချင်တာရှိရင်လည်းတွေးထား..."
"ရွှေမျောက်ဝံကိုအနိုင်ယူပြီးတဲ့နောက်, စိတ်ဝိညာဥ်တောင်ထိပ်အပြင် မင်းက စိတ်ဝိညာဥ်လက်နက်၊ အဆင့် ၃ ဆေးလုံး၊ စဦးအဆင့်မြေကမ္ဘာအဆင့်သိုင်းပညာ အစရှိသဖြင့် ကြိုက်ရာတစ်ခုရွေးနိုင်တယ်...."