← Chapters

အခန်း (၁၄၁-၁၄၂)

Vol. 15 Ch. 141-142

အခန်း (၁၄၁-၁၄၂)

Vol. 15 Ch. 141-142

အခန်း ၁၄၁။ တွယ်ကပ်ခြင်း

ဗိုလ်ချုပ်ကြီးဒန်နီရယ်၏ မျက်နှာထားမှာ ပို၍ပင် တင်းမာခက်ထန်လာသည်။

"မင်းက လူကြီးကိုတောင် ဘယ်လိုရိုသေရမှန်း မသိတော့ဘူးလား"

အိုင်ဗီကမူ သူ၏ဒေါသကို ဂရုမစိုက်ဘဲ တည်ငြိမ်စွာပင် ဆက်ပြောလိုက်သည်။

"ကျွန်မ ဆိုင်းလပ်စ်အနားမှာ ရှိနေတာက သူ့ရဲ့အာဏာကို မက်မောလို့ တွယ်ကပ်နေတာ မဟုတ်ပါဘူး သူ့ကို ကောင်းမွန်တဲ့ ဘဝတစ်ခု ပိုင်ဆိုင်စေချင်လို့ သူ့အနားမှာ ရှိနေတာပါ အကာအကွယ်ရဖို့အတွက် သူ့ကို တွယ်ကပ်ရမယ်ဆိုတဲ့ အကြံမျိုး တစ်ခါမှ မတွေးဖူးဘူး အဲဒီအတွက်တော့ ဦးလေး စိတ်ချထားလို့ရပါတယ်"

ဗိုလ်ချုပ်ကြီးဒန်နီရယ်သည် မျက်မှောင်ကြုတ်လိုက်ပြီးနောက် လှောင်ရယ်သံ တစ်ချက် ထပ်မံရယ်မောလိုက်ပြန်သည်။

"အရှက်မရှိလိုက်တာ တကယ်ကို အရှက်မရှိတာပဲ မင်း ဒီလောက်တောင် လွယ်လွယ်ကူကူ မေ့သွားတာလား မင်းရဲ့ မိဘတွေက ငါ့သားရဲ့ ရိက္ခာတွေကို ခိုးယူခဲ့ကြတာလေ အခုတော့ မင်းက ဘာမှမဖြစ်ခဲ့သလိုမျိုး ဒီမှာ လာရပ်နေတယ်ပေါ့"

အိုင်ဗီ၏ နှုတ်ခမ်းအစုံမှာ အေးစက်သော အပြုံးလေးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။

"အဲဒီရိက္ခာတွေ... ကျွန်မ ပြန်ပေးပြီးသွားပါပြီ"

"ဘာ..." ဗိုလ်ချုပ်ကြီးဒန်နီရယ်၏ မျက်လုံးများ ပြူးကျယ်သွားရပြန်သည်။

သူသည် ဆိုင်းလပ်စ်ဘက်သို့ အမြန်လှည့်ကြည့်လိုက်ရာ ဆိုင်းလပ်စ်က တည်ငြိမ်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"အမှန်ပဲအဖေ မယုံရင် ကျွန်တော့်တိုက်ခန်းထဲက ရိက္ခာတွေကို ကိုယ်တိုင်သွားစစ်ကြည့်လို့ရတယ်"

ဗိုလ်ချုပ်ကြီးဒန်နီရယ်၏ ရင်ဘတ်မှာ ဒေါသကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ စစ်ဆေးရန် လူလွှတ်နေစရာပင် မလိုတော့ပေ။ သူ့သားသည် ဘယ်သောအခါမှ လိမ်ညာပြောဆိုလေ့မရှိကြောင်း သူ ကောင်းကောင်းသိသည်။

ဆိုင်းလပ်စ်က ထိုသို့ပြောလျှင် အ့ဟာက အမှန်တရားပင် ဖြစ်လိမ့်မည်။ သို့သော်လည်း သူ၏ မာန်မာနက အလျှော့ပေးရန် ခွင့်မပြု။ သူ၏ လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။

"ဒါက သူမရဲ့ အပြစ်တွေကို ကျေစေတာ မဟုတ်ဘူး" ဟု သူက တိုးတိုးလေး ဆိုသည်။

"ကျွန်မ သိပါတယ်" အိုင်ဗီက ပြတ်ပြတ်သားသား ခေါင်းညိတ်ရင်း ပြောလိုက်သည်။

"အပြစ်က မကျေသွားပါဘူး ဒါပေမဲ့ ဦးလေးကို ကျွန်မ ကတိတစ်ခု ပေးနိုင်ပါတယ် အခုကစပြီး ကျွန်မ ဆိုင်းလပ်စ်အနားကို အကာအကွယ်လိုချင်တဲ့အတွက်ကြောင့်ဆိုတဲ့ ကိစ္စမျိုးနဲ့ ဘယ်တော့မှ မကပ်ပါဘူး အဲဒီအစား ဆိုင်းလပ်စ် ကျွန်မအပေါ် ထားခဲ့တဲ့ စေတနာတွေ၊ ကျွန်မကို ကာကွယ်ပေးခဲ့တဲ့ အကြိမ်တိုင်းအတွက် ကျွန်မ သူ့ကို ပြန်ပြီး ကျေးဇူးဆပ်ပါ့မယ်"

ဗိုလ်ချုပ်ကြီးဒန်နီရယ် ထပ်မံ၍ အော်ဟစ်ရယ်မောလိုက်ပြန်သည်။ ယခုအကြိမ် ထွက်ပေါ်လာသော အသံမှာ ကျယ်လောင်လှသလို လှောင်ပြောင်မှုနှင့် ရက်စက်မှုများလည်း ပြည့်နှက်နေသည်။

"ကျေးဇူးဆပ်မယ် ဟုတ်လား မင်းလို မိန်းကလေးမျိုးကလား မင်းက ဆိုင်းလပ်စ်ကို အထောက်အပံ့ပေးဖို့ နေနေသာသာ ဘယ်သူ့ကိုမှ ဘာမှ မပေးနိုင်ပဘူး အိမ်မက်တွေ အကြီးကြီး မမက်စမ်းနဲ့"

အိုင်ဗီ၏ မျက်ဝန်းများမှာ တုန်လှုပ်ခြင်း မရှိပေ။ သူမသည် သူ၏ နှိမ်ချမှုကို တည်ငြိမ်သော ယုံကြည်ချက်ဖြင့် ရင်ဆိုင်လိုက်သည်။

"ဒါဆိုရင် နားထောင်ထားလိုက်ပါ ဗိုလ်ချုပ်ကြီးဒန်နီရယ်။ အကယ်၍ နောင်တစ်ချိန်မှာ 'ဘလက်ခ်သွန်း' မိသားစုက ဒုက္ခနဲ့ ကြုံလာရရင် ကျွန်မ အိုင်ဗီက ရှင့်တို့ကို ကူညီမယ့် ပထမဆုံးလူ ဖြစ်ပါလိမ့်မယ် ရှင့်မိသားစုကို ကာကွယ်ပေးမယ့် ပထမဆုံးလူ ဖြစ်ပါလိမ့်မယ်"

သူမ၏ စကားသံမှာ တိတ်ဆိတ်‌ သောနေရာတွင် ပဲ့တင်ထပ်သွားသည်။

ဗိုလ်ချုပ်ကြီးဒန်နီရယ်မှာ ခါးတောင် မဆန့်နိုင်တော့ဘဲ အားရပါးရ ရယ်မောလိုက်တော့သည်။

"ငါတို့ကို ကာကွယ်မယ် ဟုတ်လား မင်းကလား" သူက ခေါင်းခါလိုက်သည်။

"မင်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ မင်းက ဝန်ထုပ်ဝန်ပိုးတစ်ခုထက် မပိုဘူး"

ဗိုလ်ချုပ်ကြီးဒန်နီရယ်၏ မျက်လုံးများ မှေးကျဉ်းသွားသည်။

"ဘလက်ခ်သွန်း မိသားစုက မင်းရဲ့ အကူအညီကို ဘယ်တော့မှ လိုအပ်မှာ မဟုတ်ဘူး" ဟု သူက အေးစက်စွာ ပြောလိုက်သည်။

အိုင်ဗီက ခပ်တိုးတိုး ရယ်လိုက်သည်။ "ကျွန်မလည်း အဲဒီလိုပဲ မျှော်လင့်ပါတယ် ဒီဘဝမှာ ဘလက်ခ်သွန်း မိသားစု ကျွန်မကို လိုအပ်တာမျိုး မဖြစ်ပါစေနဲ့လို့ပေါ့ ဒါပေမဲ့ တကယ်လို့ အဲဒီနေ့ ရောက်လာခဲ့ရင်တောင် ကျွန်မ ရှင့်ကို ကူညီမှာဖြစ်လို ကာကွယ်ပေးမှာပါ"

သူမ၏ စကားမှာ တည်ငြိမ်လှသော်လည်း ကတိစကားတစ်ခုကဲ့သို့ လေထုထဲတွင် ပဲ့တင်ထပ်နေသည်။

ဗိုလ်ချုပ်ကြီးဒန်နီရယ်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။

"စောစောကတော့ မင်းက ကြောက်တတ်ရွံ့တတ်တဲ့သူလို့ ထင်ခဲ့တာ အခုတော့ မင်းက စိတ်ကူးယဉ်လွန်းနေတာပဲ"

သူ့ရင်ထဲတွင်မူ သူမကို လှောင်ပြောင်နေမိသည်။

ငါတို့ကြားက ကွာခြားချက်ကို သူမ မသိတာလား။ ဘလက်ခ်သွန်း မိသားစုမှာ ၁၀ နှစ်စာလောက် စားလို့ရတဲ့ ရိက္ခာတွေ ရှိတယ်။ ငါတို့က ဒီစခန်းရဲ့ အရင်းအမြစ်တွေနဲ့ အာဏာကို ချုပ်ကိုင်ထားတာ။ သူမလို မိန်းကလေးမျိုးရှေ့မှာ ငါတို့ ဘယ်တော့မှ ခေါင်းငုံ့မှာ မဟုတ်ဘူး။ ကိုယ့်မိသားစုကတောင် အချစ်မခံရတဲ့သူ၊ စွမ်းအားလည်း မရှိ၊ အရင်းအမြစ်လည်း မရှိ၊ အဆင့်အတန်းလည်း မရှိတဲ့ မိန်းကလေးတစ်ယောက်။ သူမက အနာဂတ်ရဲ့ အပိုင်းအစလေးတွေကို မြင်နိုင်ရင်တောင် အဲဒါက ဘာထူးမှာလဲ။ ငါတို့မှာ ရှိပြီးသားတွေထက် ပိုပြီးတော့ သူမ ဘာမှ မပေးနိုင်ပါဘူး။

သူမအပေါ် နှိမ်လိုသောစိတ်မှာ ပို၍ ပြင်းထန်လာပြီး သူ၏ မျက်ဝန်းများတွင် အတိုင်းသား ပေါ်လွင်နေသည်။ သူသည် ဆိုင်းလပ်စ်ကို ကြည့်ကာ ခပ်ပြတ်ပြတ် လေသံဖြင့် ပြောလိုက်သည်။

"အခုလောက်ဆိုရင် မင်းရဲ့ ရွေးချယ်မှုကို ပြန်စဉ်းစားသင့်‌နေပြီ ဒီမိန်းကလေးက အထက်တန်းလွှာပုံစံမျိုး ဟန်ဆောင်နေပေမဲ့ သူမက ဘာမှမဟုတ်ဘူး"

ဆိုင်းလပ်စ်၏ မျက်နှာမှာ တင်းမာသွားသော်လည်း ပြတ်သားစွာ ပြန်ပြောလိုက်သည်။

"အဖေ မေ့နေပုံရတယ် ဦးလေးစတီဖင်ကို ဘယ်သူ ကာကွယ်ပေးခဲ့တာလဲ အဲဒါ အိုင်ဗီ့ရဲ့ သတင်းအချက်အလက်တွေကြောင့်ပဲ အမေ ဖရီယာကိုရော ဘယ်သူ ကူညီခဲ့တာလဲ ဒါလည်း အိုင်ဗီပဲ သူမရဲ့ အသိပညာတွေက ကျွန်တော်တို့ မိသားစုကို ကယ်တင်ခဲ့ပြီးပြီ"

ဗိုလ်ချုပ်ကြီးဒန်နီရယ်က အေးစက်စွာ ရယ်မောလိုက်သည်။

"မျက်မမြင်တစ်ယောက်တောင် မြှားတွေ အများကြီး ပစ်ရင် တစ်စင်းတော့ ပစ်မှတ်ကို ထိနိုင်တာပဲ ဒီမိန်းကလေးမှာ အရည်အချင်းရှိတယ်လို့ ငါ့ကို ယုံခိုင်းနေတာလား ဒါ ကံကောင်းရုံ သက်သက်ပဲ တစ်ကြိမ်နှစ်ကြိမ် မှန်နိုင်ပေမဲ့ အဲဒါက ဘာကိုမှ သက်သေမပြနိုင်ဘူး"

သူ၏ စကားလုံးများမှာ ပါးရိုက်လိုက်သကဲ့သို့ ပြင်းထန်လှသည်။ အိုင်ဗီ တိတ်ဆိတ်နေခဲ့သည်။ ဆိုင်းလပ်စ်၏ မေးရိုးများမှာ တင်းမာနေသော်လည်း အိုင်ဗီက သူ၏ လက်မောင်းကို ကိုင်ကာ တားဆီးလိုက်သည်။

သူမ နားလည်ပါတယ် သူ့ကို ငြင်းခုံနေလို့ ဘာမှထူးမှာ မဟုတ်ဘူး သူက ငါ့အပေါ်မှာ အမြင်စောင်းပြီးသား။ ဒါပေမဲ့ ဆိုင်းလပ်စ်ကိုတော့ ဒီကိစ္စအတွက် အပြစ်ပေးမခံနိုင်ဘူး။

အိုင်ဗီသည် ဗိုလ်ချုပ်ကြီးဒန်နီရယ်ကို တည့်တည့်စိုက်ကြည့်လိုက်သည်။

"ဒါဆိုရင် ကျေးဇူးပြုပြီး ဆိုင်းလပ်စ်ကို ပေးထားတဲ့ ပြစ်ဒဏ်ကို ပြန်ရုပ်သိမ်းပေးပါ"

ဗိုလ်ချုပ်ကြီးဒန်နီရယ်က လှောင်ပြုံးပြုံးလိုက်ပြီး ခနဲ့တဲ့တဲ့ လေသံဖြင့်

"ပြန်ရုပ်သိမ်းရမယ် ဟုတ်လား အဲဒါက ဒီလောက်လွယ်တယ်လို့ မင်း ထင်နေတာလား မင်းက ငါ့သမီးကို ဘေးကင်းဖို့အတွက် ဇမ်ဘီ အမြူတေ တစ်ထောင် ပေးခဲ့တယ်လို့ ကြားတယ် ကောင်းပြီလေ အကယ်၍ မင်း ငါ့ကို အမြူတေ တစ်သောင်း ပေးနိုင်ရင် ဆိုင်းလပ်စ်ရဲ့ ပြစ်ဒဏ်ကို ငါ ရုတ်သိမ်းပေးမယ်"

ဆိုင်းလပ်စ်၏ မျက်နှာမှာ ဒေါသကြောင့် နီရဲတက်လာသည်။

"အဖေ" သူ၏ အသံမှာ တုန်ယင်နေသည်။

"အဖေက သူမကို ရွှေပေါင်ဖက်တဲ့သူ၊ အကျိုးအမြတ်အတွက် ကျွန်တော့်ကို တွယ်ကပ်နေသူလို့ ပြောခဲ့ပြီးတော့ အခုကျတော့ သူမဆီက အမြူတေ တစ်သောင်း တောင်းနေတာလား ဘဏ်ဓားပြတိုက်ခိုင်းတာကမှ ပိုလွယ်ဦးမယ် ဒါမှမဟုတ် အဖေ့ရဲ့ ချွေးမလောင်းကို ပြန်ပြီး ဓားပြတိုက်ဖို့ ကြံနေတာလား"

ဗိုလ်ချုပ်ကြီးဒန်နီရယ်၏ ဒေါသများ ပေါက်ကွဲထွက်လာသည်။ သူ၏ လက်ညှိုးက အိုင်ဗီ့ထံသို့ ချိန်ရွယ်လိုက်သည်။

"ပထမအချက်... သူမက ငါ့ချွေးမ မဟုတ်ဘူး ဒုတိယအချက်... သူမက အမြူတေ တစ်သောင်း ပေးနိုင်မယ့်သူလိုမျိုး မပြောစမ်းနဲ့ အဲဒါ ဘာကို ဆိုလိုလဲ မင်းသိလား သူမအနေနဲ့ ဇမ်ဘီ နှစ်သောင်းကျော်ကို သတ်ရမှာ သူမလို အားနည်းတဲ့ မိန်းကလေးကလား မဖြစ်နိုင်တာ သူမမှာ အမြူတေ တစ်ရာလောက် ပိုရှိနေရင်တောင် ငါ ချီးကျူးမိဦးမယ် ဒါပေမဲ့ တစ်သောင်းလား မင်းတို့ နှစ်ယောက်လုံး အိမ်မက်မက်နေတာပဲ"

သူသည် အိုင်ဗီ့ကို နှိမ်ချသော အကြည့်များဖြင့် စိုက်ကြည့်နေပြီး သူမ အရှက်တကွဲနှင့် ခေါင်းငုံ့သွားလိမ့်မည်ဟု ယုံကြည်နေသည်။

သို့သော် အိုင်ဗီက ခပ်တိုးတိုး ရယ်မောလိုက်သည်။ သူမ၏ တည်ငြိမ်သော အသံမှာ တင်းမာနေသော လေထုထဲတွင် ပျံ့လွင့်သွားသည်။

"ဗိုလ်ချုပ်ကြီးဒန်နီရယ်... ပြောထားတဲ့အတိုင်း ကတိတည်ပါစေ"

သူ၏ မျက်ခုံးများ တွန့်ချိုးသွားသည်။

"အဲဒါ ဘာကို ဆိုလိုတာလဲ"

သူ နားမလည်နိုင်ခင်မှာပင် အိုင်ဗီက သူမ၏ လက်ကို မြှောက်လိုက်သည်။

ထိုခဏ၌ပင် အမြူတေများမှာ မြေပြင်ပေါ်သို့ မိုးရွာသကဲ့သို့ တဖွဲဖွဲ ကျဆင်းလာတော့သည်။ ၎င်းတို့မှာ မြေပြင်ပေါ်သို့ တဖျကိဖျက် တောက်ပနေသော ပုံစံဖြင့် ပြန့်ကျဲသွားကြသည်။ တစ်ခုနှင့်တစ်ခု ထိသံများမှာ လေထုထဲတွင် တစီစီနှင့် အဆုံးမရှိ ထွက်ပေါ်နေခဲ့သည်။

ဆိုင်းလပ်စ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူ၏ နှလုံးခုန်သံများ ပြင်းထန်လာသည်။ သူမ... သူမမှာ ဒါတွေ တကယ်ရှိတာပဲ... ဒီလောက်တောင် အများကြီးလား…

ဗိုလ်ချုပ်ကြီးဒန်နီရယ်၏ ခန္ဓာကိုယ်မှာ တောင့်တောင့်ကြီး ဖြစ်သွားသည်။ သူ၏ မျက်ဝန်းများမှာ မြေပြင်ပေါ်တွင် ပြန့်ကျဲတောက်ပနေသော အမြူတေပင်လယ်ကြီးကို စိုက်ကြည့်နေမိသည်။ အသက်ရှုသံများပင် ရပ်တန့်သွားသယောင် ရှိသည်။ ခဏတာမျှ သူ စကားပင် မပြောနိုင်ခဲ့ပေ။

ဒါက တိတ်ဆိတ်သော ပါးရိုက်ချက်တစ်ခုပင်။ နောက်ထပ် စက္ကန့်အနည်းငယ်ကြာအောင် အမြူတေများ၏ အသံသာ ပဲ့တင်ထပ်နေခဲ့လေတော့သည်။

အခန်း ၁၄၂။ ဆွံ့အသွားခြင်း

အိုင်ဗီသည် ဗိုလ်ချုပ်ကြီးဒန်နီရယ်ကို စိုက်ကြည့်နေမိသည်။ သူသည် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားပြီး မျက်လုံးများ ပြူးကျယ်ကာ နေရာတွင်တင် တောင့်တောင့်ကြီး ဖြစ်နေခဲ့သည်။

သူမက ခပ်ဖွဖွ ရယ်မောလိုက်သည်။ "ကဲ... ဗိုလ်ချုပ်ကြီးဒန်နီရယ် ဆိုင်းလပ်စ်ကို အပြစ်ပေးဦးမှာလား ဒါမှမဟုတ် ပြောခဲ့တဲ့ စကားတွေကို ပြန်ရုပ်သိမ်းဖို့ ပြင်နေတာလား"

ထိုစကားလုံးများက ရိုက်ချက်တစ်ခုကဲ့သို့ ထိမှန်သွားသည်။ ဗိုလ်ချုပ်ကြီးဒန်နီရယ်၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းလာသည်။ သူ၏ ရင်ဘတ်မှာ ဒေါသကို အနိုင်နိုင် ထိန်းထားရသည့်အလား နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ သူသည် ဘာကိုမှ မစဉ်းစားတော့ဘဲ မြေပြင်ပေါ်သို့ အပြေးအလွှား သွားကာ ကုန်းလိုက်ပြီး အမြူတေများကို တစ်ခုပြီးတစ်ခု ကောက်ယူကြည့်သည်။

အမြူတေတစ်ခုချင်းစီ၏ အေးစက်မာကျောသော အထိအတွေ့က သူ၏ ခန္ဓာကိုယ်ကို တောင့်တင်းသွားစေသည်။ သူသည် နှုတ်ခမ်းကို ကိုက်ကာ အထပ်ထပ်အခါခါ စစ်ဆေးကြည့်နေမိရင်း လက်ချောင်းများမှာ တုန်ယင်လာတော့သည်။

ဒါတွေက အစစ်တွေပဲ... တစ်ခုချင်းစီတိုင်းက အစစ်တွေ...

မိုးကြိုးပစ်ချလိုက်သကဲ့သို့ သူ ခံစားလိုက်ရသည်။ မျက်နှာတစ်ခုလုံး ပူထူသွားကာ ကိုယ့်သားဖြစ်သူ၏ ရှေ့တွင် အကြိမ်ကြိမ် ပါးရိုက်ခံလိုက်ရသကဲ့သို့ပင်။

အတန်ကြာသည်အထိ ဗိုလ်ချုပ်ကြီးဒန်နီရယ်မှာ စကားပင် မပြောနိုင်။ မြေပြင်ပေါ်တွင် ပုံနေသော တောက်ပသည့် အမြူတေပုံကြီးကိုသာ ငေးကြည့်နေမိသည်။ ကမ္ဘာ့အံ့ဖွယ် ရှစ်ခုမြောက်ကို ကြည့်နေရသကဲ့သို့ သူ၏ မျက်ဝန်းများမှာ မှင်တက်နေခဲ့သည်။

ဆိုင်းလပ်စ်ကမူ သူ့အဖေ၏ ပျာပျာသလဲ လှုပ်ရှားမှုများကို ကြည့်ရင်း ရင်ထဲတွင် ပေါ့ပါးသွားကာ စိတ်အခြေအနေမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။

တွေ့လား... ဒါ ကျွန်တော်ရွေးချယ်ခဲ့တဲ့ မိန်းကလေးပဲ။ ကျွန်တော်ချစ်တဲ့ မိန်းကလေးပဲ။ သူမက အမြူတေ တစ်သောင်းကို ဘာမှမဆိုင်းမတွဘဲ ထုတ်ပေးခဲ့တာ။ ငြင်းလည်းမငြင်းဘူး၊ အချိန်လည်း မဆွဲဘူး... သူမ ငါ့ကို ချစ်တာပဲ။ ဒီလောက်တောင် အများကြီး ချစ်တာနေမှာ။

သူ၏ နှုတ်ခမ်းများမှာ အပြုံးဖျော့ဖျော့လေးတစ်ခုအဖြစ် ကွေးညွတ်သွားပြီး ဂုဏ်ယူစိတ်များက ရင်ထဲတွင် လှိုက်တက်လာသည်။

နောက်ဆုံးတွင် ဗိုလ်ချုပ်ကြီးဒန်နီရယ်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူသည် မေးရိုးကို တင်းထားရင်း ဖြည်းဖြည်းချင်း မတ်တတ်ထရပ်လိုက်သည်။ သူ၏ အကြည့်မှာ အမြူတေများဆီမှ ဆိုင်းလပ်စ်ဆီကို‌ရော ထို့နောက် အိုင်ဗီ့ထံသို့ ရောက်ရှိလာသည်။

"ဒီဘက်ခေတ် လူငယ်တွေ... တကယ်ကို ရိုသေမှုမရှိတာပဲ" ဟု သူက တိုးတိုးလေး ရေရွတ်လိုက်သည်။ သူ၏ အသံမှာ တိုးသော်လည်း လေးနက်မှုရှိသည်။ ထို့နောက် ဆိုင်းလပ်စ်ဘက်သို့ လှည့်ကာ "မင်းရဲ့ ပြစ်ဒဏ်ကို ဖျက်သိမ်းလိုက်ပြီ"

ဆိုင်းလပ်စ်၏ ရင်ထဲတွင် ဝမ်းသာအားရ ဖြစ်သွားသော်လည်း သူ ဘာမှမပြောနိုင်မီမှာပင် ဗိုလ်ချုပ်ကြီးဒန်နီရယ်၏ လေသံမှာ ပြန်လည် ခက်ထန်လာပြန်သည်။

"ငါ မင်းကို နာကျင်အောင်လုပ်ဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူး ဆိုင်းလပ်စ် ငါလုပ်သမျှ အရာအားလုံးက မင်းအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တာ ဒါပေမဲ့ အခုတော့ မင်းက ငါ့ကို ရန်သူတစ်ယောက်လို ဆက်ဆံနေပြီ"

သူသည် ဆိုင်းလပ်စ်အနားသို့ လျှောက်သွားကာ ပုခုံးကို ပုတ်လိုက်သည်။ သူ၏ မျက်ဝန်းများတွင် စိတ်ပျက်မှု အရိပ်အယောင်များ ရှိနေသည်။

"တစ်နေ့ကျရင် မင်း နားလည်လာပါလိမ့်မယ် ငါ အိုင်ဗီ့ကို မုန်းခဲ့တာ သူမ အားနည်းလို့ မဟုတ်ဘူး သူမက ဝေခွဲမရဖြစ်တတ်လို့ပဲ အဲဒီလိုလူမျိုးက မင်းအနားမှာ ရှိနေတာဟာ မင်းအတွက် မခံမရပ်နိုင်စရာ အကျိုးဆက်တွေကိုပဲ ယူဆောင်လာပေးလိမ့်မယ်"

ထိုစကားကို ပြောပြီးနောက် သူသည် လှည့်ထွက်သွားတော့သည်။ သူ၏ ကျောပြင်မှာ မတ်နေပြီး ခြေလှမ်းများမှာ လေးလံလှကာ အေးစက်သောအရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။

အိုင်ဗီသည် သူ ထွက်သွားသည်ကို ကြည့်ရင်း ထူးဆန်းစွာပင် ရင်ထဲ လှုပ်ခတ်သွားရသည်။

သူ ပြောတာ မှန်တယ်... ငါ့ရဲ့ အတိတ်ဘဝမှာ ငါက ဝေခွဲမရ ဖြစ်နေခဲ့တာ ငါ့ရဲ့ ရွေးချယ်မှုတွေက ဆိုင်းလပ်စ်အတွက် အဆုံးမရှိတဲ့ ဆင်းရဲဒုက္ခတွေကို ယူဆောင်လာပေးခဲ့တာ ငါ့ရဲ့ အားနည်းချက်တွေနဲ့ပဲ သူ့ကို ဖျက်ဆီးခဲ့တာ

သူမ၏ နှုတ်ခမ်းများကို တင်းတင်းစေ့ထားမိသည်။

သို့သော် ဆိုင်းလပ်စ်ကတော့ ခေါင်းကို ခပ်ဖွဖွသာ ခါယမ်းလိုက်သည်။ သူ့အဖေ၏ စကားကို သူ အလေးအနက် မထားပေ။

သူ အခုထိ အမှန်တရားကို မမြင်သေးဘူးပဲ။ ပြဿနာက အိုင်ဗီ မဟုတ်ဘူး ငါပဲ။ အိုင်ဗီက ဝေခွဲမရ ဖြစ်နေခဲ့ရင်တောင် အနည်းဆုံးတော့ သူမက ငါ့လို မမိုက်မဲခဲ့ဘူး။ ငါကတော့ ငါတို့နှစ်ယောက်လုံးကို နာကျင်စေမယ်မှန်း သိရက်နဲ့ လမ်းမှားနောက်ကို လိုက်ခဲ့တာ။

သူသည် အိုင်ဗီ့ဘက်သို့ လှည့်လိုက်ကာ လေသံကို ပျော့လိုက်ရင်း "အိမ်ပြန်ရအောင်"

သူသည် သူမထံသို့ လက်ကမ်းပေးလိုက်သည်။

သို့သော် ယခုအကြိမ်တွင် အိုင်ဗီက လက်ကို မဆွဲပေ။ သူမ နောက်သို့ တစ်လှမ်းဆုတ်ကာ တိုက်ခန်းဆီသို့ တစ်ယောက်တည်း လျှောက်သွားတော့သည်။

ဆိုင်းလပ်စ် ခဏတာ ကြောင်သွားသည်။ သူ၏ လက်မှာ လေထဲတွင် တန့်နေပြီးမှ ပြန်ချလိုက်ရသည်။

အဖေ့စကားတွေက သူမကို ဒီလောက်တောင် ထိခိုက်သွားစေတာလား။ သူမ ငါ့အနားကနေ ထွက်သွားဖို့ ကြိုးစားနေတာလား။ သူ သူမကို အတင်းအကျပ် မလုပ်ရဲပေ။ သူမ၏ နောက်မှ တိတ်တဆိတ်သာ လိုက်ပါသွားခဲ့သည်။

တိုက်ခန်းသို့ ပြန်ရောက်သောအခါ အိုင်ဗီသည် သူမ၏ အခန်းထဲသို့ တည့်တည့်လျှောက်သွားသည်။ သို့သော် သူမ အခန်းထဲမဝင်မီမှာပင် ဆိုင်းလပ်စ်က နောက်မှနေ၍ သူမကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။

"အိုင်ဗီ" သူ၏ အသံမှာ တိုးညင်းလှသည်။ "အဖေ့စကားတွေကို စိတ်ထဲမထားပါနဲ့။ အဲဒါတွေက အရေးမကြီးဘူး"

အိုင်ဗီသည် သူ၏ ရင်ခွင်ထဲတွင် အနည်းငယ် ရုန်းကန်လိုက်ပြီး တည်ငြိမ်သော်လည်း လေသံ ခပ်တန်းတန်းဖြင့် ပြောလိုက်သည်။ "အရေးမကြီးပါဘူး။ ဒါနဲ့ ကျွန်မလည်း တိုက်ခန်းကနေ ထွက်သွားဖို့ ပြင်နေတာပဲ"

ထိုစကားလုံးများက ဆိုင်းလပ်စ်ကို ဓားနှင့် ထိုးလိုက်သကဲ့သို့ပင်။ သူ၏ ခန္ဓာကိုယ် တောင့်တင်းသွားသည်။

ထွက်သွားမယ် ဟုတ်လား။ သူမက ထွက်သွားချင်နေတာလား။

ထိုအခိုက်အတန့်တွင် သူ၏ ရင်ထဲ၌ ကျန်ရှိနေသော အပြစ်ရှိစိတ် အရိပ်အယောင်လေးများမှာ ပျောက်ကွယ်သွားသည်။ သူ၏ မျက်နှာမှာ တည်ငြိမ်သွားသော်လည်း မျက်ဝန်းများမှာ စူးရှနေသည်။

"အဲဒါကတော့ ဖြစ်နိုင်မှာ မဟုတ်ဘူး" ဟု သူက တိုးတိုးလေး ပြောလိုက်သည်။

အိုင်ဗီ မျက်မှောင်ကြုတ်လိုက်သည်။

"ဘာကို ဆိုလိုတာလဲ"

သူ မဖြေနိုင်မီမှာပင် သူ၏ ဖုန်းမြည်လာသည်။ သူ ဖုန်းထုတ်ဖြေလိုက်ရာ တစ်ဖက်မှ ဗိုလ်ချုပ်ကြီးဒန်နီရယ်၏ စူးစူးရှရှနှင့် စိတ်တိုနေသောအသံ ထွက်ပေါ်လာသည်။

"ဆိုင်းလပ်စ် အဲဒီ အမြူတေ တစ်သောင်းကို သွားယူလိုက်ဦး အဲဒီမှာပဲ ပြန့်ကျဲနေတုန်းပဲ"

ဆိုင်းလပ်စ် မျက်လုံးလှန်ပြလိုက်ရင်း လှောင်သလို ရယ်မောလိုက်သည်။

မယုံနိုင်စရာပဲ... သူက အိုင်ဗီ့ကို ဝေခွဲမရဖြစ်တတ်သူလို့ လှောင်ပြောင်ခဲ့ပြီး အခုကျတော့ သူကိုယ်တိုင်ကိုက ဝေခွဲမရ ဖြစ်နေတာပဲ။ အမြူတေတွေကို သူတောင်းခဲ့တာလေ အခု သူမက ပေးလိုက်တော့ သူက မလိုချင်တော့ဘူးတဲ့။ ဒီအဖိုးကြီးရဲ့ စိတ်ကို တကယ်ကို နားမလည်နိုင်တော့ဘူး။

"ပြောတော့ အဖေပဲ အမြူတေ တစ်သောင်း လိုချင်တယ်ဆို အခု အိုင်ဗီက ပေးလိုက်တော့ အဖေက ငြင်းနေတာလား တကယ်ပါပဲ အဖေလည်း ဘာမှ မထူးပါဘူး အိုင်ဗီ့ကို ဝေခွဲမရဖြစ်တတ်သူလို့ ပြောပြီး အဖေကိုယ်တိုင်လည်း အတူတူပါပဲဟာ"

ဗိုလ်ချုပ်ကြီးဒန်နီရယ်၏ အသံမှာ ဒေါသကြောင့် ပေါက်ကွဲထွက်လာသည်။ "ဆိုင်းလပ်စ် ငါက မင်းအဖေဆိုတာ မမေ့နဲ့ ငါက ဒီလိုမျိုး အဆူခံရမယ့်သူ မဟုတ်ဘူး မင်းက ငါ့သားလေ ပြောင်းပြန် မဖြစ်စေနဲ့"

သို့သော် ဆိုင်းလပ်စ်က ဖုန်းချလိုက်ပြီ ဖြစ်သည်။

ဖုန်းမျက်နှာပြင်မှာ မှောင်သွားသည်။

အိုင်ဗီ: ( . . . ) ဆိုင်းလပ်စ်ကတော့ သူ့အဖေကို ဒေါသထွက်အောင် လုပ်တဲ့နေရာမှာ တကယ်ကို ဆရာတစ်ဆူပဲ။

ဆိုင်းလပ်စ်သည် အိုင်ဗီ၏ ထူးဆန်းသော မျက်နှာလေးကို ကြည့်ကာ ခဏတာ မှင်တက်သွားပြီးမှ ခပ်တိုးတိုး ရယ်မောလိုက်သည်။

"ဘာမှ မဟုတ်ပါဘူး။ အဖေနဲ့ ကိုယ်နဲ့ကြားက ပုံမှန် နောက်ပြောင်နေကျ စကားတွေပါပဲ။ အရမ်း အလေးအနက် ထားမ‌နေပါနဲ့"

အိုင်ဗီသည် သူ့ကို ရှုပ်ထွေးသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။ ၎င်းမှာ လုံးဝ ပုံမှန်မဟုတ်ကြောင်း သူမ ပြောပြချင်နေမိသည်။ ဆိုင်းလပ်စ်... ရှင်သာ သူ့ကို ဒီလိုမျိုး ဆက်ပြောနေမယ်ဆိုရင် ဗိုလ်ချုပ်ကြီးဒန်နီရယ်ရဲ့ သက်တမ်းကို တိုအောင် လုပ်နေသလိုပဲ... သို့သော် သူမ ထိုအတွေးကို ရင်ထဲမှာပဲ သိမ်းထားလိုက်သည်။ ထုတ်ပြောလည်း အပိုပဲဆိုတာ သူမ သိ‌နေသည်။

ဆိုင်းလပ်စ်က သူမ၏ မျက်နှာထားကို ကြည့်ရင်း ထပ်မံ ရယ်မောလိုက်ပြန်သည်။

"ကောင်းပြီလေ မင်းက သူ့အတွက် တောင်းပန်ပေးနေမှတော့ အဲဒီအဖိုးကြီးကို ဒေါသထွက်အောင် မလုပ်တော့ပါဘူး ဒါပေမဲ့..."

သူ၏ နှုတ်ခမ်းများမှာ စနောက်လိုသော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။

"သူ့ရဲ့ အနာဂတ် ချွေးမလေးက သူ့အတွက် ဒီလောက်တောင် စိုးရိမ်ပေးနေတာမို့လို့ ကိုယ့် ဒေါသတွေကို ထိန်းလိုက်ရပါတယ်လို့ သူ့ကို ပြန်ပြောလိုက်ပါ့မယ်"

အိုင်ဗီ၏ မျက်လုံးများ ပြူးကျယ်သွားကာ သူမ ဆွံ့အသွားရတော့သည်။

လူတစ်ယောက်က ဒီလောက်တောင် မျက်နှာပြောင်တိုက်‌နိုင်တာလား။ ဆိုင်းလပ်စ်က အမြဲတမ်း ဒီလိုပဲလား ဒါမှမဟုတ် ငါနဲ့ နီးစပ်လာမှ အရှက်မရှိတဲ့ အဆင့်အသစ်တစ်ခုကို ထပ်ပြီး ရောက်သွားတာလား။

All Chapters