← Chapters

အခန်း (၂၂၉-၂၃၁)

Vol. 16 Ch. 229-231

အခန်း (၂၂၉-၂၃၁)

Vol. 16 Ch. 229-231

အခန်း (၂၂၉) ပြည်သူ့ ထင်မြင်ယူဆချက် တွေကနေ တန်ပြန် ထိုးစစ်ဆင်ခြင်း.. ဘယ်သူက အစစ်အမှန် မိစ္ဆာလမ်းစဉ် လဲကွ။

အလယ်ပိုင်း လွင်ပြင် ၊ ရတနာ တစ်သောင်း ဆိုင်ခွဲ ၏ ပင်မဌာနချုပ်။

ရှေ့တန်း စစ်မျက်နှာရှိ 'တာဝါတိုင် ဖြိုခွင်းရေး စစ်ဆင်ရေး' ကြီး ကျရှုံးသွားခဲ့သည် မှန်သော်ငြား တာဝန်ခံ စုန့်ချန် မှာမူ လုံးဝ မျှော်လင့်ချက် မဲ့မသွားသေးချေ။ မည်သို့ပင်ဆိုစေကာမူ သူသည် အလယ်ပိုင်း လွင်ပြင် ၏ အကြီးမားဆုံးသော သတင်း ဖြန့်ချိရေး ကွန်ရက်ကြီး... လက်ဖက်ရည်ဆိုင် အသီးသီးရှိ ပုံပြင်ပြောပြသူ များနှင့် ပင်မ သတင်းစာကြီး ဖြစ်သော အလယ်ပိုင်း လွင်ပြင် နေ့စဉ်သတင်းစာ တို့ကို ထိန်းချုပ်ထားဆဲ ဖြစ်သည် မဟုတ်ပါလား။

“ဟွန်း... ဟို အစုတ်ပလုတ် တာဝါတိုင် တွေကို ဖြိုလို့ မရရင်တောင်မှ ငါ့ရဲ့ တံတွေးတွေနဲ့ မင်းတို့ကို နစ်သေသွားအောင် လုပ်ပစ်မယ်ကွ”

စုန့်ချန် က မှုန်ကုပ်နေသော မျက်နှာထားဖြင့် ဆိုလိုက်ပြီး သူ၏ ဘေးရှိ လက်ထောက်ကို ညွှန်ကြားလိုက်၏။

“ပုံပြင်ပြောပြသူ တွေ အကုန်လုံးဆီ အမိန့်ပေးလိုက်... ဇာတ်လမ်း တစ်ပုဒ်တည်းကိုပဲ ပြောကြဖို့... ကွေ့ယွမ်ဂိုဏ်း ရဲ့ အချက်ပြ တာဝါတိုင် တွေက ကမ္ဘာမြေကြီးရဲ့ ဝိညာဉ်စွမ်းအင် တွေကို စုပ်ယူနေလို့ သေမျိုး တွေ ကလေးမရနိုင်အောင် ဖြစ်ကုန်ပြီလို့ ပြော... သူတို့ကို ဖုန်းရွှေ ကို ဖျက်ဆီးနေတဲ့ မိစ္ဆာ ဂိုဏ်း လို့ ပုံဖော်ပစ်လိုက်စမ်း”

[t.n; ဖုန်းရွှေ- ရှေးဟောင်း တရုတ် ရိုးရာ ယုံကြည်မှု တစ်ခုဖြစ်ပြီး ပတ်ဝန်းကျင် သဘာဝ စွမ်းအင်များနှင့် လိုက်လျောညီထွေစွာ နေထိုင်ခြင်းကို ဆိုလိုပါသည်။]

“ဟုတ်ကဲ့ပါဗျ”

လက်ထောက်က အမိန့်ကို နာခံပြီး ထွက်ခွာသွားသည်။

စုန့်ချန် က လက်ဖက်ရည်ပန်းကန်ကို ကောက်ယူလိုက်ပြီး လှောင်ပြုံး ပြုံးလိုက်၏။

“ကျန်းချန်... မင်းက ငါနဲ့ မီဒီယာ ကစားပွဲ လာကစားချင်နေတာလား... မင်းက နုပါသေးတယ်ကွာ... ငါ ဒီ မီဒီယာ တွေကို ရာစုနှစ်ပေါင်းများစွာ ထိန်းချုပ်လာခဲ့တဲ့ အချိန်တုန်းက မင်း သေးခံ တောင် မကျွတ်သေးဘူးကွ”

သို့ရာတွင် သူ လက်ဖက်ရည် တစ်ငုံပင် မသောက်လိုက်ရမီမှာပင် တံခါးအပြင်ဘက်မှ နားကွဲမတတ် ဆူညံသံကြီးတစ်ခု ထွက်ပေါ်လာတော့၏။ တပ်မတော်ကြီး တစ်ခုက တံခါးကို လာရောက် တိုက်ခိုက်နေသည့်အလား ပင်။

“ဘာဖြစ်တာလဲ... ဘယ်ကောင်ကများ ရတနာ တစ်သောင်း ဆိုင်ခွဲ မှာ လာပြီး ပြဿနာ ရှာရဲတာလဲ”

စုန့်ချန် ၏ လက်များ တုန်ရီသွားပြီး လက်ဖက်ရည်များ ကိုယ်ပေါ်သို့ ဖိတ်စင်သွားတော့သည်။

စားပွဲထိုး ကလေး တစ်ယောက်က ကပျက်ကချော်ဖြင့် ပြေးဝင်လာသည်။ သူ၏ မျက်နှာပေါ်တွင် ပုပ်ဟောင်နေသော ဂေါ်ဖီထုပ် အရွက် တစ်ရွက် ကပ်နေဆဲ ဖြစ်ပြီး ငိုယို အော်ဟစ်လိုက်၏။

“တာဝန်ခံကြီး... ဒုက္ခရောက်ပါပြီ... အပြင်မှာ လူတွေ အများကြီးပဲဗျို့”

“ဂိုဏ်းချုပ် ကတော်တွေ၊ အကြီးအကဲ တွေရဲ့... တာအို လက်တွဲဖော် တွေနဲ့ မရေမတွက်နိုင်အောင် များပြားလှတဲ့ အမှီအခိုကင်း ကျင့်ကြံသူ တွေရဲ့ မိသားစုဝင်တွေ... အကုန်လုံးက 'အမေများ အခွင့်အရေး ကာကွယ်ရေး အဖွဲ့' ဆိုတာကြီးကို ဖွဲ့ပြီး ကျွန်တော်တို့ရဲ့ တံခါးကို လာပိတ်ထားကြတယ်ဗျာ”

“ဘာ”

စုန့်ချန် မှာ လုံးဝကို မှင်သက်သွားတော့သည်။

“အခွင့်အရေး ကို ကာကွယ်မယ် ဟုတ်လား... ဘာ အခွင့်အရေး ကို ကာကွယ်မှာလဲ”

စားပွဲထိုး ကလေးက တုန်ရီစွာဖြင့် ကျောက်စိမ်းပြား တစ်ခုကို ဆွဲထုတ်လိုက်၏။

“တာဝန်ခံကြီး... ဒီ ဗီဒီယို ကို ကြည့်ကြည့်ပါဦး... 'ဝိညာဉ် သတင်းလွှာ' လူမှုကွန်ရက် တစ်ခုလုံးမှာ လုံးဝကို ပေါက်ကွဲနေတာဗျို့”

စုန့်ချန် က ကျောက်စိမ်းပြား ကို လုယူလိုက်၏။

ထိုအခါ၊ မျက်နှာပြင် တစ်ခု ပွင့်လာပြီး နတ်ဘုရား အဆင့် တည်းဖြတ်မှုဖြင့် ဖန်တီးထားကာ သနားစရာကောင်းလှသော အားဟူ နောက်ခံ တေးဂီတ ပါဝင်သည့် ဗီဒီယို တစ်ခု စတင် ပြသလာသည်။

[t.n; အားဟူ- တရုတ် ရိုးရာ ကြိုးတပ် တူရိယာ တစ်မျိုး ဖြစ်ပြီး များသောအားဖြင့် ဝမ်းနည်းဖွယ် ကောင်းသော အသံများကို ထုတ်လွှတ်လေ့ရှိပါသည်။]

ခေါင်းစဉ် - ငရဲဘုံ မှာ မိစ္ဆာတွေ မရှိတော့ဘူး... မိစ္ဆာတွေက ငါတို့ကြားထဲ ရောက်နေပြီ။ မိုးကြိုး အပြစ်ပေး ခန်းမဆောင် အင်တာနက် စွဲလမ်းမှု ကုသရေး စင်တာ ရဲ့ သွေးစွန်းနေတဲ့ အမှောင် လျှို့ဝှက်ချက်ကြီး ကို ဖော်ထုတ်လိုက်ပြီ။

မြင်ကွင်းက မှုန်မှိုင်းပြီး မီးခိုးရောင် သန်းနေသော အရောင်များဖြင့် စတင်လာသည်။ ကင်မရာ က ကျောချမ်းဖွယ်ရာ လျှပ်စစ် ကုလားထိုင် နှင့် တဖျတ်ဖျတ် လင်းလက်နေသော ဗို့အားမြင့် လျှပ်စစ်စွန်းများပေါ်သို့ အာရုံစိုက်ထား၏။ ထို့နောက် အကြီးအကဲ ယန် ၏ ရှုံ့မဲ့နေသော မျက်နှာကြီး ပေါ်လာသည်။

“သူ အင်တာနက် စွဲလမ်းတာ ဖြစ်ဖြစ် မဖြစ်ဖြစ်... လျှပ်စစ် နဲ့ တစ်ချက်လောက် တို့လိုက်ရင် ပါးစပ် ပိတ်သွားမှာပဲကွ”

“ဗို့အား ကို တင်လိုက်စမ်း... သူ့ကို ငိုခိုင်းလိုက်... သူ့ကို အော်ခိုင်းလိုက်စမ်း”

ထို့နောက် မြင်ကွင်းက လူငယ် တပည့် တစ်သိုက်ဆီသို့ ရွေ့လျားသွားသည်။ သူတို့သည် ကုလားထိုင်များပေါ်တွင် ချည်နှောင်ခံထားရပြီး တစ်ကိုယ်လုံး တုန်ခါနေကာ ပါးစပ်မှ အမြှုပ်များ ထွက်နေပြီး မျက်လုံးများကလည်း 'ဗလာကျင်းကာ မျှော်လင့်ချက်မဲ့' နေသည့်ပုံ ပေါက်နေ၏။ (အမှန်တကယ်တော့ ကစားသမားများက မျက်လုံးများ ပြူးကာ 'အားသွင်း' ရသည်ကို သဘောကျနေကြခြင်း ဖြစ်ပါသည်။) အံ့သြစရာ အကောင်းဆုံး အပိုင်းမှာ ဗီဒီယို ထဲတွင် နောက်ပိုင်းမှ ထည့်သွင်းထားသော အသံ သရုပ်ဆောင်ချက်များ ပါဝင်နေခြင်းပင်။

“အမေ... သား အိမ်ပြန်ချင်တယ်...”

“အားမသွင်းပါနဲ့တော့... သား နောက် ဘယ်တော့မှ မလုပ်တော့ပါဘူးဗျာ...”

ဗီဒီယို ၏ အဆုံးသတ်တွင် သွေးစွန်းနေသော အနီရောင် စာသား တစ်ကြောင်း ပေါ်လာသည်။

“ကလေးတွေကို ကယ်တင်ကြပါ... ရတနာ တစ်သောင်း ဆိုင်ခွဲ ကို သပိတ်မှောက်ကြ... မိုးကြိုး အပြစ်ပေး ခန်းမဆောင် ကို သပိတ်မှောက်ကြ။

ဒီ ဗီဒီယို ကို (၁၀,၀၀၀) ခါ မျှဝေ ပေးတဲ့ သူတိုင်းကို ကွေ့ယွမ်ဂိုဏ်း ကနေ သားကောင် မိသားစုဝင်တွေအတွက် အလွန် အဖိုးတန်လှတဲ့ 'အိုပန် ဘီတာ ဖိတ်ကြားစာ ကုဒ်' တစ်ခုကို လက်ဆောင် ပေးသွားမှာ ဖြစ်ပါတယ်”

“ဘုတ်... ”

စုန့်ချန် ၏ လက်ထဲမှ ကျောက်စိမ်းပြား လေးမှာ မြေကြီးပေါ်သို့ ပြုတ်ကျကာ ကွဲကြေသွားတော့သည်။ ခြေဖဝါးမှသည် ခေါင်းထိပ်အထိ စိမ့်တက်သွားသော အအေးဓာတ်ကြီး တစ်ခုကို သူ ခံစားလိုက်ရတော့၏။

“ဒါ... ဒါက လိုရာဆွဲပြီး လုပ်ကြံထားတာပဲ... ဒါက အသရေဖျက်တာပဲကွ”

စုန့်ချန် မှာ ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ရီနေတော့သည်။ သူက ရက်စက်သည် မှန်သော်ငြား ဒီလောက်ထိတော့ စိတ်မဖောက်ပြန်သေးပါ။ ဒီ ဗီဒီယို တည်းဖြတ်မှုကြီးက သူ့ကို လူသားစား မိစ္ဆာကောင် ကြီး တစ်ကောင်လို ပုံဖော်ထားတာပင်။

သို့သော် ဒေါသထွက်နေကြသော မိဘများကတော့ သူ၏ ရှင်းပြချက်များကို နားထောင်မည် မဟုတ်ပေ။

ရတနာ တစ်သောင်း ဆိုင်ခွဲ ၏ အပြင်ဘက်တွင်၊ ထောင်သောင်းချီသော အမျိုးသမီး ကျင့်ကြံသူ များ (အင်မော်တယ် လောက တွင် အကြောက်ရဆုံး အုပ်စု ဖြစ်သည်။) သည် ယခုအခါ လုံးဝကို ရူးသွပ်နေကြတော့၏။ သူမတို့ထဲမှ အများစုမှာ ဂိုဏ်း အသီးသီးရှိ ရာထူးကြီးမားသော ပုဂ္ဂိုလ်များ၏ မိသားစုဝင်များ ဖြစ်ကြပြီး ပုံမှန်အားဖြင့် သူမတို့၏ သားသမီးများကို အလွန် အလိုလိုက်လေ့ရှိကြသည်။ ဗီဒီယို ထဲတွင် သူမတို့၏ အသည်းအနှစ် ကလေးငယ်လေးများ ဤကဲ့သို့ 'အလွဲသုံးစားပြု' ခံနေရသည်ကို မည်သူက ကြည့်ရက်ပါမည်နည်း။

“စုန့်ချန်... ထွက်ခဲ့စမ်း”

“ငါ့သား ကို ပြန်ပေး... ငါ့တပည့် ကို ပြန်ပေးစမ်း”

“ကျိန်စာသင့်မယ့် ရတနာ တစ်သောင်း ဆိုင်ခွဲ... သူတို့က စီးပွားရေး လုပ်နေသယောင် ဟန်ဆောင်ပြီး နောက်ကွယ်မှာတော့ ဒီလို အောက်တန်းကျတဲ့ အလုပ်မျိုးတွေ လုပ်နေကြတာပဲ”

မူလဝိဉာဉ်အဆင့် ဂိုဏ်းချုပ် ကတော် တစ်ဦးက ပေ (၄၀) ခန့် ရှည်လျားသော မှော်ရတနာ ဓားမကြီး ကို ကိုင်ဆောင်ကာ ရတနာ တစ်သောင်း ဆိုင်ခွဲ ၏ ရွှေချထားသော ဆိုင်းဘုတ်ကြီးဆီသို့ အားကုန် ခုတ်ချလိုက်၏။

“ညီမလေးတို့... ရိုက်ခွဲကြစမ်း... ဒီ အမြတ်ကြီးစား ဆိုင်စုတ်ကြီး ကို ရိုက်ခွဲပစ်ကြ”

“ခွဲကြဟေ့... ”

ဘယ်သူတွေ ပစ်ပေါက်လိုက်မှန်း မသိရသော ပုပ်ဟောင်နေသည့် ကြက်ဥများ၊ ပုပ်ဟောင်နေသည့် ဂေါ်ဖီထုပ် အရွက်များနှင့် စွန့်ပစ် မှော်ရတနာ များက ရတနာ တစ်သောင်း ဆိုင်ခွဲ အပေါ်သို့ မိုးရွာချသကဲ့သို့ ကျရောက်လာတော့သည်။ ပုံမှန်အားဖြင့် မာနထောင်လွှားလှသော ရတနာ တစ်သောင်း ဆိုင်ခွဲ မှ ဝန်ထမ်းများမှာ ယခုအခါ ပုန်းအောင်းရန် နေရာ ရှာနေကြရပြီး ပြန်လည် မတိုက်ခိုက်ဝံ့ကြချေ။

ပြန်တိုက်ရမယ် ဟုတ်လား။ ဟာသတွေ ပြောမနေနှင့်။ ဟိုဘက်က အသက်လတ်ပိုင်း အမျိုးသမီး တွေရဲ့ တစ်ဝက်လောက်က သူတို့ လုံးဝ ပြဿနာ မရှာရဲသော ဗီအိုင်ပီ ဖောက်သည် တွေချည်းပင်။

... ... ...

ကွေ့ယွမ်ဂိုဏ်း ၊ အထွေထွေ အမိန့်ပေး ထိန်းချုပ်ရေး အခန်း။

ကျန်းချန်က ရတနာ တစ်သောင်း ဆိုင်ခွဲ ကြီး ဝိုင်းရံ တိုက်ခိုက်ခံနေရသည့် 'ရှုခင်း' ကြီးကို မျက်နှာပြင်ပေါ်တွင် ကြည့်ရင်း ဟက်ပီး ဝါးတား ( ကိုကာကိုလာ ကို ဆိုလိုပါသည်) ကို ကျေနပ်စွာ တစ်ငုံ သောက်လိုက်၏။

“သတင်းအချက်အလက် စစ်ပွဲ ရဲ့ အဓိက အနှစ်သာရ ဆိုတာ အမှန်တရား မဟုတ်ဘူး... ခံစားချက် တွေပဲကွ”

“စုန့်ချန် ရယ်... မင်းက ပြဿနာ ရှာစရာ လူရှားလို့များ ကိုယ့်လူ ကိုယ် အရမ်းကာကွယ်တတ်တဲ့ ဒီ အမျိုးသမီး တွေကို သွားပြီး ဆွရတယ်လို့ကွာ”

သူ၏ ဘေးရှိ 'ပါပါရာဇီ ခေါင်းဆောင်' က ရယ်မောလိုက်၏။

“ဂိုဏ်းချုပ်... ဒီ ဗီဒီယို က တကယ်ကို အမိုက်စားပဲဗျ... နောက်ကွယ်က ဒေတာ တွေအရဆိုရင် ဗီဒီယို ကို မျှဝေတဲ့ အကြိမ်ရေ တစ်သန်း တောင် ကျော်သွားပြီဗျို့... အားလုံးက ဟို 'ဖိတ်ကြားစာ ကုဒ်' ကို လိုချင်နေကြတာလေ”

“အင်း... သေချာ လုပ်ထားတယ်”

ကျန်းချန်က ခွက်ကို ချလိုက်ပြီး ပြတင်းပေါက် အပြင်ဘက်သို့ မျှော်ကြည့်လိုက်၏။

အဝေးရှိ မိုးကြိုး အပြစ်ပေး ခန်းမဆောင် ၏ အပျက်အစီးများ ရှိရာ အရပ်တွင် မီးလောင်ကျွမ်းထားသော မြေကြီးပေါ်မှနေ၍ ရက်အနည်းငယ် အတွင်းမှာပင် စိမ်းလန်းသော အညှောက်လေးများ ထွက်ပေါ်လာခဲ့တော့၏။ မန္တန်ကွင်းပြင် ၏ ဖိနှိပ်မှုကြောင့် နောက်ကျိနေခဲ့သော လေထုထဲရှိ ဝိညာဉ်စွမ်းအင် များမှာလည်း အနည်းငယ် ကြည်လင်လာသည့်အလား ပင်။

ကျန်းချန်၏ မျက်လုံးများထဲတွင် အဓိပ္ပာယ်ပါပါ အရိပ်အယောင်တစ်ခု လင်းလက်သွားသည်။

“ကြည့်စမ်း... ဒီကမ္ဘာကြီး ကတောင် ဘယ်သူက 'လူကောင်း' လဲဆိုတာ သိနေတယ်ကွ”

သူက စနစ် မျက်နှာပြင်ကို ဖွင့်လိုက်ရာ ထောင့်တစ်နေရာတွင် သတိမထားမိလောက်အောင် သေးငယ်သော စာသားလေး တစ်ကြောင်းကို တကယ်ပင် တွေ့လိုက်ရသည်။

စွမ်းအင်မြင့်မားသော ခန္ဓာကိုယ် ပေါင်းစည်းခြင်း (မိုးကြိုး အပြစ်ပေး ခန်းမဆောင်) မန္တန်ကွင်းပြင် ပြိုလဲသွားကြောင်း တွေ့ရှိရပါသည်... ဝိညာဉ်စွမ်းအင် များ ပြန်လည် စီးဆင်းနေပါသည်... ဒေသတွင်း ဝိညာဉ်စွမ်းအင် သိပ်သည်းဆ ၀ ဒသမ ၀၀၁ ရာခိုင်နှုန်း မြင့်တက်လာပါသည်။

ကမ္ဘာကြီး သန့်စင်ခြင်း တိုးတက်မှု အခြေအနေ - ၀ ဒသမ ၀၅ ရာခိုင်နှုန်း။

“ရတနာ တစ်သောင်း ဆိုင်ခွဲ က လူတကာ ဝိုင်းကြဉ်တဲ့ အကောင် ဖြစ်သွားပြီ ဆိုတော့...”

ကျန်းချန်က မျက်နှာပြင်ကို ပိတ်လိုက်ပြီး သူ၏ မျက်လုံးများက စူးရှသွားသည်။

“သူတို့ကို အသက်ရှူဖို့ အခွင့်အရေး ပေးလို့ မဖြစ်တော့ဘူး”

“ဟက်ကာ အဖွဲ့ဆီ အမိန့်ပေးလိုက်... နောက်ဆုံး ပိတ်ဆို့မှု ကြီးကို စတင်ရမယ့် အချိန် ရောက်ပြီ”

“ပစ်မှတ် - ရတနာ တစ်သောင်း ဆိုင်ခွဲ ရဲ့ တောင်စောင့် မဟာမန္တန်ကွင်းပြင် ။ စစ်ဆင်ရေး လျှို့ဝှက်ကုဒ် - 'အိုပန် ဆက်ဆမီ'”

[t.n; အိုပန် ဆက်ဆမီ ရတနာသိုက် ၏ တံခါးကို ပွင့်စေသော မှော် မန္တန် တစ်ခု ဖြစ်ပါသည်။]

... ... ...

ထိုနေ့ ညသန်းခေါင်ယံ အချိန်။

စုန့်ချန် တစ်ယောက် အခွင့်အရေး ကာကွယ်ရေး ဆန္ဒပြပွဲ များကို အလုအယက် ဖြေရှင်းနေရပြီး ရေပန်းစားနေသော သတင်းများကို ပိုက်ဆံပေး၍ ဖျောက်ဖျက်ရန် ကြိုးစားနေစဉ်မှာပင် ရတနာ တစ်သောင်း ဆိုင်ခွဲ ပင်မဌာနချုပ်၏ တောင်စောင့် မဟာမန္တန်ကွင်းပြင် ကြီး ရုတ်တရက် ထူးဆန်းစွာ နှစ်ချက်မျှ လင်းလက်သွားတော့သည်။

မန္တန်ကွင်းပြင် ကို စောင့်ကြပ်နေသော အကြီးအကဲ မှာ တစ်မှေး အိပ်ပျော်နေစဉ် သူ၏ နားထဲတွင် စက်ရုပ်ဆန်ပြီး အေးစက်သော အသံတစ်သံကို ရုတ်တရက် ကြားလိုက်ရ၏။

“စနစ် မှ မန္တန်ကွင်းပြင် ၏ စကားဝှက်မှာ အလွန် ရှုပ်ထွေးနေကြောင်း တွေ့ရှိရသဖြင့် သင့်အတွက် ပိုမို ကောင်းမွန်အောင် ပြုပြင်ပေးနေပါတယ်...

ပြုပြင်ခြင်း အောင်မြင်ပါပြီ... စကားဝှက် အသစ် - ကွေ့ယွမ်ဂိုဏ်း မှ ကြိုဆိုပါတယ်၊

တံခါးများ ပွင့်သွားပါပြီ... စီးပွားရေးတွေ ဒီရေအလား တိုးတက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်”

“ဝုန်း... ”

စုန့်ချန် ၏ မျှော်လင့်ချက်မဲ့နေသော အကြည့်များအောက်တွင်ပင် နှစ်ထောင်ချီ သက်တမ်းရှိပြီး စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် သခင်ကြီးများပင် ဖောက်ထွင်း၍မရနိုင်ပါဟု ကြွေးကြော်ထားသော ရတနာ တစ်သောင်း ဆိုင်ခွဲ ၏ တံခါးကြီးများက ဖြည်းညင်းစွာ နှင့် နွေးထွေးစွာ... လောကကြီးဆီသို့ လက်ကမ်း ကြိုဆိုလိုက်လေတော့သည်။

အမှောင်ထုထဲတွင် အစိမ်းရောင် တောက်ပနေသော မျက်လုံးများ (ကစားသမားများ) မရေမတွက်နိုင်အောင် လင်းလက်လာကြတော့သည်။

“ညီအစ်ကိုတို့... တံခါးတွေ ပွင့်သွားပြီဟေ့”

“အသက်သွင်း ကုဒ်တွေအတွက်ဟေ့... တရားမျှတမှု အတွက်ဟေ့... ချီတက်ကြ”

ဤညသည် ရတနာ တစ်သောင်း ဆိုင်ခွဲ အတွက် ထိတ်လန့်ဖွယ်ရာ အိပ်မက်ဆိုး ညတစ်ည ဖြစ်လာရန် ကံကြမ္မာက ဖန်တီးလိုက်တော့၏။

အခန်း (၂၃၀) မက်ထရစ် ကမ္ဘာကြီး။ ရတနာ တစ်သောင်း ဆိုင်ခွဲ ကြီးက အများပြည်သူသုံး အိမ်သာ ဖြစ်သွားပြီလား။

အလယ်ပိုင်း လွင်ပြင် ၊ ရတနာ တစ်သောင်း ဆိုင်ခွဲ ပင်မဌာနချုပ်။

ညအမှောင်ထုက မင်ရည်ပမာ မည်းမှောင်နေသော်ငြား ရတနာ တစ်သောင်း ဆိုင်ခွဲ ကြီးမှာမူ နေ့လယ်ခင်းပမာ လင်းထိန်နေ၏။ ပုံမှန်အားဖြင့် ခမ်းနားထည်ဝါပြီး အလွယ်တကူ ချဉ်းကပ်၍မရနိုင်သော စီးပွားရေး မြင့်မြတ်သော နယ်မြေ ကြီးမှာ ယခုအခါ ဧရာမ... ဈေးတန်းကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။

တောင်စောင့် မဟာမန္တန်ကွင်းပြင် ၏ စကားဝှက်မှာ 'ကွေ့ယွမ်ဂိုဏ်း မှ ကြိုဆိုပါတယ်' ဟု ပြောင်းလဲသွားသည်နှင့်အမျှ ကစားသမား သောင်းပေါင်းများစွာသည် ရေလှိုင်းကြီးတစ်ခုပမာ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာကြတော့သည်။ စုန့်ချန် သည် အပေါ်ဆုံးထပ်ရှိ ပြတင်းပေါက်တွင် မတ်တတ်ရပ်လျက် အောက်ဘက်ရှိ မြင်ကွင်းကို ကြည့်ကာ တုန်ရီနေ၏။

သူ မျှော်လင့်ထားခဲ့သော 'လူသတ်ပွဲကြီး' မှာ ဖြစ်မလာခဲ့ချေ။ ကျူးကျော်သူများသည် ရမ်းကားစွာ လူသတ်ခြင်း မရှိသလို အဆောက်အအုံများကို မီးရှို့ခြင်းလည်း မပြုလုပ်ကြပေ။ သူတို့၏ ယုတ္တိဗေဒမှာ ရိုးရာ ကျင့်ကြံသူ တစ်ယောက်ဖြစ်သော စုန့်ချန် ၏ နားလည်နိုင်စွမ်းကို လုံးဝ ကျော်လွန်နေခဲ့တော့၏။

ပင်မ တံခါးဝတွင် ကစားသမား တစ်သိုက်က ရတနာ တစ်သောင်း ဆိုင်ခွဲ ၏ ကြွယ်ဝချမ်းသာမှုနှင့် ကြီးပွားတိုးတက်မှုကို ကိုယ်စားပြုသော ရွှေဖားရုပ်ကြီး နှစ်ရုပ်ပေါ်တွင် ခွစီးနေကြသည်။

“ညီအစ်ကိုတို့... ဒီ ဖား တွေရဲ့ မျက်လုံးတွေက ထိပ်တန်းအဆင့် ဝိညာဉ် ကျောက်စိမ်း တွေနဲ့ လုပ်ထားတာကွ... ကလော်ထုတ်ကြ... ယူသွားကြဟေ့”

“ဒီတံခါးက သံမှို တွေကလည်း ရွှေစင်တွေကွ... အလွတ်မခံကြနဲ့နော်”

“ပြီးတော့ ဒီ 'ရတနာ တစ်သောင်း ဆိုင်ခွဲ' ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို ဖြုတ်ပြီး စကိတ်စီး တဲ့ ဘုတ်ပြား လုပ်ကြမယ်ဟေ့”

အမွှေးတိုင် တစ်တိုင်စာ အချိန်တိုလေး အတွင်းမှာပင် တစ်ချိန်က ခမ်းနားထည်ဝါခဲ့သော တံခါးမကြီးမှာ ကျိုင်းကောင်များ ကိုက်စားခံလိုက်ရသည့်အလား အရိုးစု သက်သက်သာ ကျန်ရစ်တော့သည်။ အဝင်ဝတွင် ခင်းထားသော ဝိညာဉ် အုတ်ခဲ အချို့ကိုပင် ခွာယူသွားကြတော့၏။

ကစားသမားများ -“ဒီ အုတ်ခဲ တွေက စွမ်းဆောင်ရည် တွေ တော်တော် ကောင်းတယ်... ဝက်ခြံ ဆောက်ဖို့ ယူသွားကြမယ်”

ပင်မခန်းမဆောင် အတွင်း၌ ရတနာ တစ်သောင်း ဆိုင်ခွဲ မှ ဝန်ထမ်းများမှာ ထောင့်တစ်နေရာတွင် ကြောက်လန့်တကြား ပုန်းအောင်းနေကြသည်။ တစ်ချိန်တည်းမှာပင် ကစားသမားများက ဖြူဖွေးသန့်စင်နေသော နံရံများပေါ်တွင် စုတ်တံများနှင့် မင်ရည်များကို အသုံးပြု၍ 'အနုပညာ' ဖန်တီးနေကြသည်။

“ကွေ့ယွမ်ဂိုဏ်း ရောက်ဖူးတယ်ဟေ့”

“မှတ်ပုံတင် နံပါတ် - ၁၃၈xxxxxxx (ဖုန်းခေါ်လို့ မရရင်တောင် ရေးထားခဲ့ဦးမယ်ကွာ)”

“သားလေး လိုချင်လို့ ဆုတောင်း... (ခြစ်ချထားသည်) ဓားပျံ အဟောင်း ဝယ်လိုပါသည်။”

“စုန့်ချန် ဆိုတာ ဘယ်ကောင်လဲ... ထွက်လာပြီး ချစမ်း... ရှုံးတဲ့ကောင်က အဖေ လို့ ခေါ်ရမယ်နော်”

တစ်ချိန်က ကျက်သရေရှိလှသော အင်မော်တယ် ရတနာ ဆိုင်ခွဲ ကြီးမှာ ချက်ချင်းဆိုသလို 'ဆိုက်ဘာ စွန့်ပစ်မြေ' အငွေ့အသက်များ အပြည့်အနှက် လွှမ်းမိုးသွားတော့သည်။

ဤမြင်ကွင်းကို ကြည့်ရင်း စုန့်ချန် မှာ နှလုံးသားထဲမှ စူးအောင့်သော နာကျင်မှုကို ခံစားလိုက်ရ၏။

“ပညာတတ် ကို သတ်လို့ရတယ်... စော်ကားလို့ မရဘူး... ပညာတတ် ကို သတ်လို့ရတယ်... စော်ကားလို့ မရဘူးကွ”

“မင်းတို့က ဘာလို့ ဒီအတိုင်း မတိုက်တာလဲ... ဘာလို့ ဒီအဘိုးကြီးကို ဒီလောက်တောင် အရှက်ခွဲနေရတာလဲကွာ”

သူ မသိခဲ့သည်မှာ ကစားသမားများအတွက်မူ ဤ အဆင့်နိမ့် NPC များကို သတ်ဖြတ်ခြင်းက အတွေ့အကြုံမှတ် မရရှိသည့်အပြင် အနီရောင် နာမည် (စနစ် ၏ ပြစ်ဒဏ်) ကိုပင် ရရှိစေနိုင်ခြင်းပါပင်။ သို့ရာတွင် 'ဖျက်ဆီးခြင်း' နှင့် 'နံရံဆေးရေး ပန်းချီဆွဲခြင်း' က ပျော်စရာကောင်းရုံသာမက ပစ္စည်းများ ကိုပါ ဆုလာဘ်အဖြစ် ရရှိစေနိုင်ပြီး ရန်သူ့ အင်အားစုများကို စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှု အမြင့်ဆုံး ပုံစံ ဖြစ်နေကြောင်းကိုပင်။

... ... ...

မန္တန်ကွင်းပြင် အူတိုင် ခန်းမဆောင် (ဆာဗာ အခန်း)။

ဤနေရာသည် ရတနာ တစ်သောင်း ဆိုင်ခွဲ ၏ အသည်းနှလုံး ဖြစ်၏။ အလယ်ပိုင်း လွင်ပြင် တစ်ခုလုံးကို လွှမ်းခြုံထားသည့် ဆက်သွယ်ရေး မန္တန်ကွင်းပြင် များနှင့် ဝိညာဉ်စွမ်းအင် ကူးပြောင်းရေး ကွန်ရက်များကို ထိန်းချုပ်ထားသည်။ ယခုအခါ ထိုနေရာကို အထူး ကစားသမား အဖွဲ့ငယ်လေး တစ်ဖွဲ့က သိမ်းပိုက်ထားတော့၏။

ဤအဖွဲ့ငယ်လေးက ဓားများ ကိုင်ဆောင်မထားချေ။ ထိုအစား အဖွဲ့ဝင်တိုင်းက တောက်ပနေသော ပေသီး (သို့မဟုတ် ကိုယ်တိုင်ဖန်တီးထားသော အခြေခံ ကွန်ပျူတာ လေးများ) ကို ကိုင်ဆောင်ထားကြသည်။ ခေါင်းဆောင်ဖြစ်သူ၏ နာမည်မှာ 'ကျူရင် ဘိုးဘေးကြီး' ဖြစ်ပြီး လက်တွေ့ဘဝတွင် ဧရာမ နည်းပညာ ကုမ္ပဏီကြီး တစ်ခုမှ ထိပ်တန်း ဗိသုကာပညာရှင် တစ်ဦး ဖြစ်သည်။

[t.n; ကျူရင်- ကွန်ပျူတာ သိပ္ပံပညာ၏ ဖခင်ကြီး အလန် ကျူရင် ကို ရည်ညွှန်းသည်။]

“သတင်းပို့ပါတယ် ကပ္ပတိန်... ရတနာ တစ်သောင်း ဆိုင်ခွဲ ရဲ့ မီးတံတိုင်း (ဝိညာဉ်စွမ်းအင် ဒိုင်းလွှား) ကို ဖောက်ထွင်းပြီးပါပြီဗျ”

“သူတို့ရဲ့ အခြေခံ ယုတ္တိဗေဒကို ခွဲခြမ်းစိတ်ဖြာ ကြည့်လိုက်တော့...”

“ဘုရားရေ... ရတနာ တစ်သောင်း ဆိုင်ခွဲ ရဲ့ ကုဒ်တွေ (မန္တန်ကွင်းပြင် ပုံစံတွေ) က လုံးဝကို စုတ်ပြတ်သတ်နေတာပဲဗျာ... အမှိုက် ကုဒ်တွေ တောင်လိုပုံနေတာပဲကွ... အရင်တုန်းက သတင်းတစ်ခု ပို့ဖို့ကို နာရီဝက်လောက် ကြာနေတာ မဆန်းပါဘူးလေ”

'ကျူရင် ဘိုးဘေးကြီး' က သူ၏ မရှိသော မျက်မှန်ကို ပင့်တင်လိုက်ပြီး ရွံရှာသော အမူအရာဖြင့် ဆိုသည်။

“ဒီလို ခေတ်နောက်ကျနေတဲ့ ဖွဲ့စည်းပုံ ကြီးက သတင်းအချက်အလက် နည်းပညာကို စော်ကားတာပဲကွ”

“ညီအစ်ကိုတို့... အလုပ်စလုပ်ကြမယ်... သူတို့ရဲ့ စနစ် ကို အသစ်ပြန်ရေးကြမယ်ဟေ့”

“ရတနာ တစ်သောင်း ဆိုင်ခွဲ ရဲ့ ဝိညာဉ်စွမ်းအင် ကူးပြောင်းရေး လမ်းကြောင်း တွေ အကုန်လုံးကို ကြားဖြတ် ယူလိုက်ပြီး ငါတို့ ကွေ့ယွမ်ဂိုဏ်း ရဲ့ ဆာဗာတွေဆီ လမ်းကြောင်း လွှဲလိုက်ကြစမ်း”

“အိုကေပါဗျာ”

ကစားသမား ဒါဇင်ပေါင်းများစွာ၏ လက်ချောင်းများက မျက်နှာပြင်ပေါ်တွင် ပျံသန်းနေပြီး သူတို့၏ ဝိညာဉ်စွမ်းအင် များက လေထဲတွင် ဧရာမ ယုတ္တိဗေဒ ပတ်လမ်းကြီး တစ်ခုကို တည်ဆောက်နေကြသည်။ အနီးနားတွင် ကြိုးတုပ်ခံထားရသော ရတနာ တစ်သောင်း ဆိုင်ခွဲ ၏ မန္တန်ကွင်းပြင် မဟာဆရာကြီး မှာ သူ၏ မျက်လုံးများပင် ပြူးထွက်လုမတတ် ဖြစ်နေတော့၏။

“ဒါ... ဒါက ဘယ်လို မန္တန်ကွင်းပြင် မျိုးလဲကွ”

“ဘာလို့ မန္တန်ကွင်းပြင် အလံ မလိုရတာလဲ... ဘာလို့ မောင်းနှင်ဖို့ ဝိညာဉ်ကျောက်တုံး မလိုရတာလဲ”

“သုည နဲ့ တစ် ဟုတ်လား... အဲဒါက ဘာ မန္တန်စာလုံး တွေလဲ... ဘာလို့ အဲဒီအထဲမှာ ဒီလောက် ကြောက်စရာကောင်းတဲ့ နက်နဲတဲ့ သဘောတရား တွေ ပါဝင်နေရတာလဲ”

ဘဝတစ်သက်တာလုံး မန္တန်ကွင်းပြင် များကို လေ့လာခဲ့သော ဤ မဟာဆရာကြီး မှာ သူ၏ ကမ္ဘာ့အမြင်ကြီး လုံးဝ ပြိုလဲသွားသည်ကို ခံစားလိုက်ရသည်။ သူ အလွန် ဂုဏ်ယူဝင့်ကြွားခဲ့သော ရှုပ်ထွေးလှသည့် မန္တန်ကွင်းပြင် ကြီးမှာ ထိုလူများ၏ လက်ထဲတွင် လုံးဝ အဝတ်ချွတ်ခံလိုက်ရသည့်အလား မည်သည့် လျှို့ဝှက်ချက်မှ မရှိတော့ချေ။

ဆယ့်ငါးမိနစ် အကြာတွင် 'ကျူရင် ဘိုးဘေးကြီး' က လက်ဖျစ်တစ်ချက် တီးလိုက်၏။

“ပြီးသွားပြီ”

“ဝီ... ”

အလယ်ပိုင်း လွင်ပြင် တစ်ခုလုံး၏ ဆက်သွယ်ရေး ကွန်ရက်ကြီး တုန်ခါသွားသည်။ ထိုအခိုက်အတန့်၌ ရတနာ တစ်သောင်း ဆိုင်ခွဲ ၏ ဆက်သွယ်ရေး အဆောင် များကို အသုံးပြုနေကြသော မရေမတွက်နိုင်သည့် ကျင့်ကြံသူ များသည် သူတို့၏ အဆောင် များ ချို့ယွင်းသွားကြောင်း ရုတ်တရက် တွေ့ရှိလိုက်ကြရသည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် အရင်က တစ်ခါမှ မမြင်ဖူးခဲ့သော အလင်းတန်း မျက်နှာပြင် တစ်ခုက အဆောင် ပေါ်တွင် အတင်းအဓမ္မ ပေါ်ထွက်လာတော့သည်။

“စနစ် အဆင့်မြှင့်တင်ခြင်း အသိပေးချက်

မူလ လမ်းကြောင်းကို ဖျက်သိမ်းလိုက်ပါပြီ။ ယခု ချိတ်ဆက်ထားသော လမ်းကြောင်း - ကွေ့ယွမ်ဂိုဏ်း အမြန်နှုန်းမြင့် လိုင်းကြိုး။

အလွန် မြန်ဆန်တဲ့ ဆက်သွယ်ရေး ကို ခံစားကြည့်ချင်ပါသလား။ လိုင်းမထစ်ဘဲ 'သေလုမြောပါး အင်မော်တယ် ရှာဖွေခြင်း' ဂိမ်းကို ဆော့ချင်ပါသလား။ ကျေးဇူးပြုပြီး 'ကောင်းကင်ဘုံ လျှို့ဝှက်ချက် ကျောက်စိမ်းပြား' အက်ပ် ရဲ့ နောက်ဆုံး ဗားရှင်း ကို ဒေါင်းလုဒ် ရယူလိုက်ပါ။

ရတနာ တစ်သောင်း ဆိုင်ခွဲ မှ ကြင်နာစွာ သတိပေးအပ်ပါသည် - ကျွန်ုပ်တို့သည် ကွေ့ယွမ်ဂိုဏ်း ၏ လက်အောက်ခံ ကုမ္ပဏီ (မတတ်သာဘဲ) ဖြစ်သွားပါပြီ”

... ... ...

အပေါ်ဆုံးထပ် တွင်။

သူ၏ လက်ထဲရှိ ချို့ယွင်းနေသော ဆက်သွယ်ရေး အဆောင် နှင့် လှောင်ပြောင်နေသော ပေါ့ပ်အပ် မျက်နှာပြင်ကို ကြည့်ရင်း စုန့်ချန် သည် ကျန်းချန် ဘာလုပ်နေသည်ကို နောက်ဆုံးတွင် သဘောပေါက်သွားတော့သည်။

“သူက ငါ့ရဲ့ ပိုက်ဆံကို လုချင်နေတာ မဟုတ်ဘူး...”

“သူက ငါ့ရဲ့ 'လမ်းကြောင်း' ကို လုယူဖို့ ကြိုးစားနေတာပဲကွ”

စီးပွားရေး လမ်းကြောင်းများနှင့် သတင်းအချက်အလက် ကွန်ရက်များ အားလုံး ညတွင်းချင်းပင် 'ကျန်း' အင်ပါယာ ၏ အောက်သို့ ရောက်ရှိသွားခဲ့တော့၏။ ထိုအချိန်မှစ၍ ရတနာ တစ်သောင်း ဆိုင်ခွဲ တွင် ကုန်ပစ္စည်းများ မည်မျှပင် ရှိနေပါစေ ရောင်းချ၍ ရနိုင်တော့မည် မဟုတ်ပေ။ အကြောင်းမူကား 'လမ်း' များကို ကွေ့ယွမ်ဂိုဏ်း က ဖြတ်တောက်ထားလိုက်ပြီ ဖြစ်သောကြောင့်ပင်။

“မိသားစု မျိုးဆက်ပြတ်အောင် လုပ်တဲ့ အကြံအစည်ပဲ... မိသားစု မျိုးဆက်ပြတ်အောင် လုပ်တဲ့ အလွန် ရက်စက်လှတဲ့ အကြံအစည်ကြီးပဲကွာ”

စုန့်ချန် ၏ မျက်နှာမှာ ပြာနှမ်းသွားပြီး မြေကြီးပေါ်သို့ ခွေကျသွားတော့သည်။ သို့သော် သူ၏ မျက်လုံးများထဲရှိ နာကြည်းမုန်းတီးမှုများကမူ တဖြည်းဖြည်း ပိုမို အားကောင်းလာ၏။

“ကျန်းချန်... မင်း နိုင်ပြီလို့ ထင်နေတာလား”

“မင်း ဒီလောက်ထိ အရူးအမူး မလုပ်ခဲ့သင့်ဘူး... ဒီလောက်ထိ ပြဿနာ ကြီးအောင် မလုပ်ခဲ့သင့်ဘူးကွ”

စုန့်ချန် က သူ၏ ဝတ်ရုံထဲမှ ရိုးရှင်းသော်ငြား ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ များကို ထုတ်လွှတ်နေသည့် သွေးရောင် ကျောက်စိမ်းပြား လေး တစ်ခုကို ရုတ်တရက် ဆွဲထုတ်လိုက်၏။ ၎င်းကား ရတနာ တစ်သောင်း ဆိုင်ခွဲ ၏ နောက်ဆုံး အချီကြီးတည်း။

အလယ်ပိုင်း လွင်ပြင် တွင် နှစ်ပေါင်း တစ်ထောင်တိုင်တိုင် ရပ်တည်နိုင်ခဲ့သော အဓိက အုတ်မြစ်ကြီး ဖြစ်သည့်... နှစ်ပေါင်း ရှစ်ရာတိုင်တိုင် အသက်ရှင်နေထိုင်ခဲ့ပြီး ယခုအချိန်ထိ အိပ်မောကျနေဆဲဖြစ်သော စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် ဘိုးဘေး ကြီးပင် ဖြစ်သည်။

“ဘိုးဘေး ကြီးရေ... ”

စုန့်ချန် က မျှော်လင့်ချက်မဲ့ပြီး သနားစရာကောင်းသော ငိုကြွေးသံကြီးဖြင့် ကျောက်စိမ်းပြား ဆီသို့ စူးရှစွာ ဟိန်းဟောက်လိုက်၏။

“ရတနာ တစ်သောင်း ဆိုင်ခွဲ တော့ ပျက်စီးပါပြီဗျာ... ဘိုးဘေး ကြီးရဲ့ မြေးက အရည်အချင်း မရှိလို့ အိမ်ပေါက်ဝ အထိ အနိုင်ကျင့် ခံနေရပါပြီဗျို့”

“တံခါးပိတ် ကျင့်ကြံနေတဲ့ ဘိုးဘေး ကြီးကို ပင့်ဖိတ်ပါတယ်ဗျာ... ဒီ မိစ္ဆာခေါင်းဆောင် တွေကို သတ်ဖြတ်ပေးပါဦးဗျို့”

“ဂျလောက်... ”

ကျောက်စိမ်းပြား လေး ကွဲကြေသွားတော့သည်။

“ဝုန်း... ”

နားကွဲမတတ် ဟိန်းဟောက်သံကြီး တစ်ခုနှင့်အတူ လောကကြီး၏ ဖွဲ့စည်းပုံကိုပင် ပြောင်းလဲပစ်နိုင်လောက်သော ကြောက်မက်ဖွယ် ဖိအားကြီးတစ်ခုက ရတနာ တစ်သောင်း ဆိုင်ခွဲ ၏ အနက်ရှိုင်းဆုံး နေရာမှ ရုတ်တရက် ပေါက်ကွဲထွက်လာတော့သည်။ ထျန်းလန် မြို့တော် တစ်ခုလုံး တုန်ခါသွားသည်။ အတွင်းဘက်တွင် ပျက်စီးယိုယွင်းမှုများ ပြုလုပ်နေကြသော ကစားသမားများမှာ နေရာမှာတင် အေးခဲသွားကြသည်။ စနစ် ၏ အနီရောင် သတိပေးချက်များက မျက်နှာပြင်ပေါ်တွင် တဖျတ်ဖျတ် လင်းလက်လာတော့သည်။

“သတိပေးချက်... သတိပေးချက်။

စွမ်းအင်မြင့်မားမှု တွေ့ရှိရပါတယ်။ အလွန် အန္တရာယ် ကြီးမားပါတယ်၊

အဆင့် (၉၅) စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် ဘော့စ်ကြီး 'ဝမ်ပေါင် ဘိုးဘေးကြီး' နိုးထလာပါပြီ။

ကစားသမားများ အားလုံး ချက်ချင်း ရှောင်တိမ်းကြပါ... ဒါဟာ လေ့ကျင့်မှု မဟုတ်ပါ”

ကောင်းကင်ယံတွင် တိမ်မည်းများ စုဝေးလာပြီး ထိုတိမ်မည်းများကြားတွင် ဧရာမ ပုံရိပ်ယောင်ကြီး တစ်ခု ထွက်ပေါ်လာသည်။ သူသည် ဆံပင်ဖြူများ ရှိပြီး လျှပ်စီးပမာ မျက်လုံးများ ရှိကာ အသက်ရှူကြပ်လုမတတ် ဝိညာဉ် ဖိအား များကို ထုတ်လွှတ်နေသော အဘိုးကြီး တစ်ယောက် ဖြစ်သည်။ သူ တစ်ချက် လှမ်းကြည့်လိုက်ရုံဖြင့် ပတ်ဝန်းကျင်ရှိ လေထုက အေးခဲသွားတော့၏။

“ဘယ်ကောင်ကများ... ငါ့ရဲ့ ရတနာ တစ်သောင်း ဆိုင်ခွဲ ကို လာထိရဲတာလဲ”

ဘိုးဘေး ကြီး၏ အသံက မိုးခြိမ်းသံကြီး တစ်ခုပမာ ထွက်ပေါ်လာပြီး အဆင့်နိမ့် ကစားသမား မရေမတွက်နိုင်အောင် များပြားလှသူများ၏ သွေးတန်းများကို လျင်မြန်စွာ ကျဆင်းသွားစေတော့သည်။

စုန့်ချန် မှာ အလွန်အမင်း ဝမ်းသာသွားပြီး မြေကြီးပေါ်တွင် ဒူးထောက်ကာ အောက်ထပ်ရှိ ကစားသမား တစ်သိုက်ကို လက်ညှိုးထိုးပြလိုက်၏။

“ဘိုးဘေး ကြီး... သူတို့ပါပဲဗျ... ကွေ့ယွမ်ဂိုဏ်း က မိစ္ဆာခေါင်းဆောင် တွေပါဗျာ”

ဘိုးဘေး ကြီးက ရွှေဖားရုပ်ကြီးပေါ်တွင် ခွစီးကာ နံရံပေါ်တွင် စာတွေ ရေးခြစ်နေကြသော ပုရွက်ဆိတ်များကို ငုံ့ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် အထင်သေးသော အရိပ်အယောင်တစ်ခု လင်းလက်သွားသည်။

“ချီစုဆောင်းခြင်း အဆင့်... အခြေခံတည်ဆောက်ခြင်းအဆင့် ဟုတ်လား”

“ပုရွက်ဆိတ် တစ်သိုက်ကများ လောကကြီးကို ဇောက်ထိုးမိုးမျှော် လုပ်ရဲတယ်ပေါ့လေ”

သူက လက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ရာ သူ၏ လက်ဖဝါးထဲတွင် လောကကြီးကို ဖျက်ဆီးပစ်နိုင်လောက်သော စွမ်းအားများ စုစည်းလာတော့သည်။ ဤတစ်ချက်တည်းဖြင့် ဆယ်မိုင် ပတ်လည်အတွင်း မည်သည့်အရာမျှ အသက်ရှင်နိုင်မည် မဟုတ်တော့ချေ။

သို့ရာတွင် ဤ အရေးကြီးသော အခိုက်အတန့်၌ ဘိုးဘေး ကြီး၏ အနောက်ဘက်... သူ နှစ်ပေါင်းများစွာ တံခါးပိတ် ကျင့်ကြံနေထိုင်ခဲ့သော လျှို့ဝှက် အခန်းကျဉ်းထဲမှ အချိန်အခါ မဟုတ်သော ကလေးဆန်သည့် အသံလေး တစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

“ဘိုးဘေး ကြီး... မလုပ်ပါနဲ့... သားကို မရိုက်ပါနဲ့ဗျာ”

“သား.. လိုက်ဗ် လွှင့်နေတုန်းဗျ... ဘိုးဘေး ကြီးသာ ရိုက်ချလိုက်ရင် ကျွန်တော့် အင်တာနက် ပြတ်သွားလိမ့်မယ်”

“ကျွန်တော့်ရဲ့ တော့ပ်ဖန် က ကြည့်နေတယ်ဗျို့”

ရုတ်တရက် ပန်းပွင့်ပုံစံ ဘောင်းဘီတို လေးကို ဝတ်ဆင်ထားပြီး နောက်ဆုံးပေါ် ကောင်းကင်ဘုံ လျှို့ဝှက်ချက် ကျောက်စိမ်းပြား ကို ကိုင်ဆောင်ထားသော ဆံပင် ဖရိုဖရဲနှင့် ကောင်လေး တစ်ယောက် (စုန့်ချန် ၏ သားအရင်း ဖြစ်ပြီး ဘိုးဘေး ကြီး အချစ်ရဆုံး မြေးမြစ်လေး) က ပြေးထွက်လာပြီး ဘိုးဘေး ကြီး၏ ခြေထောက်ကို တင်းကျပ်စွာ ဖက်တွယ်ထားလိုက်၏။

နေရာတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။ ဘိုးဘေး ကြီး၏ လက်ထဲရှိ လောကကြီးကို ဖျက်ဆီးပစ်နိုင်လောက်သော အလင်းလုံးကြီးမှာ လေထဲတွင် အေးခဲသွားလေတော့၏။

အခန်း (၂၃၁) 'မိုက်တယ်ဟေ့' လို့ အော်သွားရတဲ့ နိယာမကြီး..ဘိုးဘေး ကြီးလည်း တစ်ပွဲလောက် စမ်းဆော့ကြည့်ပါလားဗျ

ရတနာ တစ်သောင်း ဆိုင်ခွဲ ၊ အပေါ်ဆုံးထပ်၊ ချိတ်ပိတ်ထားသော လသာဆောင် တွင်။

ဟင်းလင်းပြင်ကြီး အေးခဲသွားသည့်အလား ပင်။ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် ဘိုးဘေး ကြီး၏ လက်ကြီးမှာ လေထဲတွင် မြှောက်ထားဆဲ ဖြစ်ပြီး လောကကြီးကို ဖျက်ဆီးပစ်နိုင်လောက်သော ဝိညာဉ် ဖိအား များကို ထိန်းချုပ်ထားသော်ငြား ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် တွင် အက်ကွဲကြောင်း အသေးစားလေးများပင် ဖြစ်ပေါ်နေ၏။ သူ၏ ဘေးတွင် ပန်းပွင့်ပုံစံ ဘောင်းဘီတို လေးကို ဝတ်ဆင်ထားသော ကောင်လေး (စုန့်ချန် ၏ သားဖြစ်သူ စုန့်ရှောင်ပေါင်) က သူ့ကို တင်းကျပ်စွာ ဖက်တွယ်ထားပြီး အလွှတ်မပေးချေ။

“ဘိုးဘေး ကြီး... တောင်းပန်ပါတယ်... မလုပ်ပါနဲ့ဗျာ”

စုန့်ရှောင်ပေါင် က နှပ်ချေးများ တရွှဲရွှဲဖြင့် ငိုယို အော်ဟစ်နေ၏။

“ဒီတစ်ချက်သာ ရိုက်ချလိုက်ရင် ကွေ့ယွမ်ဂိုဏ်း ရဲ့ အခြေစိုက် စခန်း လည်း ပျက်စီးသွားလိမ့်မယ်... သားရဲ့ အဆင့်တင်တဲ့ ပွဲစဉ် လည်း ပြီးသွားလိမ့်မယ်...သားလည်း အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူးဗျို့”

ဘိုးဘေး ကြီး၏ မျက်ခုံးများ ပြင်းထန်စွာ တုန်ရီသွားပြီး သူ အချစ်ရဆုံး မြေးမြစ်လေးကို ငုံ့ကြည့်ကာ အေးစက်သော အသံဖြင့် ဆိုသည်။

“မိုက်ရိုင်းတဲ့ကောင်... အခြေစိုက် စခန်း ဟုတ်လား... အဲဒါက ဘာ မိစ္ဆာကောင် ကြီးမို့လို့ မင်းအသက်ထက်တောင် ပိုအရေးကြီးနေရတာလဲကွ”

“ငါ ဒီနေ့ တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာတာ ငါ့ရဲ့ ရတနာ တစ်သောင်း ဆိုင်ခွဲ ကို ခြိမ်းခြောက်နေတဲ့.. အတားအဆီး တွေ အကုန်လုံးကို တံမြက်စည်း လှည်းသလို ရှင်းလင်းပစ်ဖို့ပဲ... ငါ့ရှေ့က ဖယ်စမ်း”

ဘေးနားတွင် ရပ်နေသော စုန့်ချန် မှာ စိုးရိမ်တကြီး ခြေဆောင့်နေ၏။

“သားမိုက်... မင်း ဘာလုပ်နေတာလဲ... မြန်မြန် ဖယ်ပေးလိုက်စမ်း... ဘိုးဘေး ကြီး ဟို မိစ္ဆာခေါင်းဆောင် တွေကို ပြောင်သလင်းခါအောင် ရှင်းပစ်ပါစေကွာ”

“မဖယ်ဘူးဗျာ”

စုန့်ရှောင်ပေါင် ကလည်း ခေါင်းမာလှပေသည်။ သူ၏ မျက်လုံးများက ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်ရှုနေပြီး ရုတ်တရက် အော်ဟစ်လိုက်၏။

“ဘိုးဘေး ကြီး... ကျင့်ကြံသူ တွေဟာ အခြားသူတွေကို အကြောင်းပြချက် ခိုင်ခိုင်လုံလုံနဲ့ ဆွဲဆောင်ရမယ်... ကိုယ့်ကိုယ်ကိုယ် သိသလို ရန်သူကိုလည်း သိရမယ် လို့ ဘိုးဘေး ကြီး အမြဲတမ်း ပြောခဲ့တယ် မဟုတ်လား”

“ကွေ့ယွမ်ဂိုဏ်း က လူတွေကို ပြုစားဖို့ ဘယ်လို နည်းလမ်းတွေ သုံးနေတယ် ဆိုတာကိုတောင် ဘိုးဘေး ကြီး မသိဘဲနဲ့ အခုလို စိတ်လိုက်မာန်ပါ လှုပ်ရှားလိုက်လို့... တကယ်လို့... တကယ်လို့ သူတို့ရဲ့ ထောင်ချောက် ထဲကို ကျသွားရင် ဘယ်လိုလုပ်မလဲဗျ”

“ဘိုးဘေး ကြီး... ဒါလေးကို အရင်... စမ်းကြည့်ရဲလားဟင်”

ပြောပြောဆိုဆိုနှင့် စုန့်ရှောင်ပေါင် က တုန်ရီနေသော လက်ဖြင့် သူ၏ 'ကောင်းကင်ဘုံ လျှို့ဝှက်ချက် ကျောက်စိမ်းပြား' ကို မြှောက်ပြလိုက်၏။

ဘိုးဘေး ကြီးက လှောင်ပြုံး ပြုံးလိုက်ပြီး သူ၏ ဖျက်ဆီးနိုင်သော လက်ကြီးကို ပြန်ရုပ်လိုက်သည်။

“ရန်စနေတာလား... အဆင့်နိမ့်လိုက်တာကွာ”

“ဒါပေမဲ့... ငါက အလယ်ပိုင်း လွင်ပြင် ကို လှည့်လည်လာတာ နှစ်ပေါင်း ရှစ်ရာတောင် ရှိပြီ... ဘယ်လို ပုံရိပ်ယောင် တွေကို ငါ မမြင်ဖူးလို့လဲ... ကျောက်စိမ်းပြား သေးသေးလေး တစ်ခုကများ ငါ့ရဲ့ တာအို စိတ်နှလုံး ကို လာနှောင့်ယှက်နိုင်ပါ့မလားကွ”

“ငါ့ကို ပေးစမ်း... ဒီအထဲမှာ ဘယ်လို မိစ္ဆာကောင် တွေ ပုန်းနေလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့”

စုန့်ရှောင်ပေါင် မှာ အလွန်အမင်း ဝမ်းသာသွားပြီး ဘိုးဘေး ကြီး၏ နတ်ဘုရား အာရုံ ကို ကျောက်စိမ်းပြား နှင့် ချိတ်ဆက်ပေးရန် ကပျာကယာ ကူညီပေးလိုက်၏။ ထို့နောက် 'သေလုမြောပါး အင်မော်တယ် ရှာဖွေခြင်း' ဂိမ်းကို ကျွမ်းကျင်စွာ ဖွင့်လိုက်၏။

“ဘိုးဘေး ကြီး... မခုခံနဲ့နော်... နတ်ဘုရား အာရုံ ကို ဖြေလျှော့ထားလိုက်... စပြီဗျို့”

“ဝှစ်... ”

ဘိုးဘေး ကြီး၏ မျက်လုံးရှေ့တွင် ဝေဝါးသွားသည်။ နောက်တစ်စက္ကန့်တွင် သူသည် ကျယ်ပြောလှသော ရင်ပြင်ကြီးတစ်ခု ပေါ်တွင် ရပ်နေကြောင်း တွေ့လိုက်ရသည်။

“ပုံရိပ်ယောင် လား”

ဘိုးဘေး ကြီးက အထင်သေးစွာ နှာမှုတ်လိုက်ပြီး သူ၏ နတ်ဘုရား အာရုံ ကို ဖြန့်ကျက်လိုက်၏။

“အရမ်းကို လက်တွေ့ကျလွန်းတယ်... မြက်ပင်တွေကြားထဲ လေတိုးသွားတဲ့ အထိအတွေ့ ကတောင် အရမ်းကို သဘာဝကျနေပါလား... ကွေ့ယွမ်ဂိုဏ်း ရဲ့ ပုံရိပ်ယောင် ပညာရပ်တွေက ဒီလောက်တောင် ကြောက်စရာကောင်းလောက်အောင် နက်နဲနေပြီလား”

ထိုစဉ် သူ၏ စိတ်ထဲတွင် စက်ရုပ်ဆန်သော အသံတစ်သံ ထွက်ပေါ်လာသည်။

“သေလုမြောပါး အင်မော်တယ် ရှာဖွေခြင်း မှ ကြိုဆိုပါတယ်ဗျာ။ ဤပွဲစဉ်မှာ တစ်ကိုယ်တော် အဆင့်သတ်မှတ်ချက် ဖြစ်ပါတယ်။

လေထီး ခုန်ချနေပါတယ်... “

“ဝှစ်... ”

လေပြင်းများက နား အူစရာ အော်ဟစ်နေ၏။

“ဖလူး”

ဘိုးဘေး ကြီး ဘာမှ ပြန်မလုပ်နိုင်မီမှာပင် ပေတစ်သောင်းခန့် အမြင့်မှနေ၍ သူ ပြုတ်ကျလာတော့သည်။

“ရိုင်းစိုင်းလိုက်တာ... ငါ့ကို ဒီလိုကြီး ပစ်ချရဲတယ်ပေါ့လေ”

သူက ပျံသန်းရန်အတွက် ဝိညာဉ်စွမ်းအင်များကို ဗီဇစိတ်အရ အသုံးပြုရန် ကြိုးစားလိုက်သော်ငြား သူ၏ ခန္ဓာကိုယ်ကြီးမှာ လုံးဝ ဗလာကျင်းနေကြောင်း တွေ့လိုက်ရ၏။

“ငါ့ရဲ့ ကျင့်ကြံခြင်းစွမ်းအား တွေ... ချိတ်ပိတ်ခံလိုက်ရပြီလား”

ထိုအခိုက်အတန့်၌ ဤ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် သခင်ကြီး မှာ နောက်ဆုံးတွင် ထိတ်လန့်သွားတော့သည်။ သူ အမြတ်တနိုး တန်ဖိုးထားခဲ့သော ကျင့်ကြံခြင်းစွမ်းအား များကို ဆုံးရှုံးလိုက်ရသောအခါ သေမျိုး ဘဝတုန်းက ကာလကြာရှည်စွာ မေ့ပျောက်နေခဲ့သော ကြောက်ရွံ့ခြင်း တွေက ချက်ချင်း ပြန်လည် ရောက်ရှိလာခဲ့တော့၏။

“ဘုတ်... ”

ကံကောင်းထောက်မစွာဖြင့် သူက စနစ် ညွှန်ကြားထားသည့်အတိုင်း လေထီးကို ဖွင့်နိုင်ခဲ့ပြီး 'ပီ-မြို့တော်' ဟု ခေါ်သော လူနေအိမ် အစုအဝေး တစ်ခုထဲသို့ ကပျက်ကချော်ဖြင့် ပြုတ်ကျသွားတော့သည်။

“သောက်ကျိုးနည်း... ဒါက ဘယ်လို နေရာကြီးလဲကွ”

ဘိုးဘေး ကြီးက မြေကြီးပေါ်မှ ထရပ်လိုက်ပြီး ဘေးပတ်လည်ကို သတိကြီးစွာဖြင့် လှည့်ကြည့်လိုက်၏။ ဤနေရာမှာ အပျက်အစီးများ ပြည့်နှက်နေသော သေမင်းတမန် မြို့တော်ကြီး တစ်ခုနှင့် တူနေ၏။

ထိုစဉ် အရှေ့ဘက်ရှိ အိမ်ထဲမှ ခြေသံများ ထွက်ပေါ်လာသည်။ ဘိုးဘေး ကြီး၏ မျက်လုံးများ စူးရှသွားတော့သည်။ သူ့တွင် ကျင့်ကြံခြင်းစွမ်းအား မရှိတော့သည်။ မှန်သော်ငြား သူ၏ နှစ်ပေါင်း ရှစ်ရာတိုင်တိုင် တိုက်ခိုက်လာခဲ့သော ဗီဇစိတ်တွေက ရှိနေသေးသည် မဟုတ်ပါလား။ သူက မြေကြီးပေါ်မှ မီးခဲကော် တုတ်တံ တစ်ချောင်း (အမှန်တကယ်တော့ သံတူရွင်း ကောက် ဖြစ်သည်။) ကို ပေါ့ပေါ့ပါးပါး ကောက်ကိုင်လိုက်ပြီး နံရံကို ကပ်ကာ အသံတိတ် လျှောက်သွားလိုက်၏။

အခန်းထဲတွင် ကိုယ်ဖျောက် ဝတ်စုံကို ဝတ်ဆင်ထားသော ကစားသမား တစ်ယောက်က သူ့ကို ကျောခိုင်းကာ ပစ္စည်းများ ကောက်ယူနေ၏။

“ဟွန်း... အားနည်းချက်တွေ အပြည့်ပဲကွ”

ဘိုးဘေး ကြီးက လှောင်ပြုံး ပြုံးလိုက်ပြီး သူ၏ သံတူရွင်း ကောက် က ထို ကစားသမား ၏ နောက်စေ့ဆီသို့ တွင်းထဲမှ ထွက်လာသော အဆိပ်ပြင်း နဂါးတစ်ကောင်ပမာ အတိအကျ ကျဆင်းသွားတော့သည်။

“ဒုန်း... ”

ထို ကစားသမား မှာ ခေါင်းပင် လှည့်မကြည့်နိုင်လိုက်ဘဲ သေတ္တာ တစ်လုံး အဖြစ်သို့ ပြောင်းလဲသွားသည်။

ဘိုးဘေး ကြီးမှာ အံ့အားသင့်သွားတော့သည်။

'သေသွားပြီလား... သွေးတွေ အသားစတွေ အရပ်မျက်နှာအနှံ့ လွင့်စင်သွားတာမျိုး မရှိဘူးလား... သေတ္တာ တစ်လုံး ဖြစ်သွားတာလား'

သိချင်စိတ်ဖြင့် သူက သေတ္တာကို ဖွင့်ကြည့်လိုက်၏။ အထဲတွင် ထူးဆန်းသော ပုံစံရှိပြီး ပြွန်ချောင်းအရှည်ကြီး ပါဝင်သော အမည်းရောင် မှော်ရတနာ တစ်ခုနှင့် တောက်ပနေသော ရွှေရောင် 'ကျည်ဆန်' အချို့ကို သပ်ရပ်စွာ စီစဉ်ထားသည်ကို တွေ့လိုက်ရသည်။

ပစ္စည်း ရရှိပါပြီ - ၉၈ကေ စနိုက်ပါ ရိုင်ဖယ် (မွမ်းမံထားသော ဗားရှင်း - စိတ်ဝိညာဉ် နောက်ကောက်ချ လေးမြှား)။

တွဲဖက် ပစ္စည်း - ၈ ဆ မှန်ပြောင်း (မိုင်ထောင်ချီ မြင်ကွင်း မန္တန်စာလုံး)။

“ဒါက ဘာကြီးလဲကွ”

ဘိုးဘေး ကြီးက ၉၈ကေ ကို ကောက်ကိုင်လိုက်၏။ ၎င်းက လေးလံပြီး အလွန်တရာ အရည်အသွေး ကောင်းမွန်လှပေသည်။ သူက သေနတ်ကို မြှောက်ကာ (၈) ဆ မှန်ပြောင်း မှတစ်ဆင့် အဝေးသို့ လှမ်းကြည့်လိုက်၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်ကီလိုမီတာ အကွာအဝေးရှိ ယင်ကောင် တစ်ကောင်ကိုပင် ရှင်းလင်းပြတ်သားစွာ မြင်တွေ့လိုက်ရတော့သည်။

“ရှီး... ”

ဘိုးဘေး ကြီးမှာ လေအေးများ ရှိုက်သွင်းလိုက်မိတော့သည်။

“ထိပ်တန်းအဆင့် မှော်ရတနာ တဲ့လား”

ဤကဲ့သို့သော 'အကြားအမြင် ပညာ' မျိုးသည် အင်မော်တယ် ကျင့်ကြံခြင်း လောက တွင် အနည်းဆုံး မြေကမ္ဘာ အဆင့် ရှိသော မှော်ရတနာ များတွင်သာ တွေ့ရလေ့ရှိသည်။ သည်နေရာမှာကျတော့ သည်အတိုင်း အလွယ်တကူ ကောက်ရနိုင်နေသလော။

ထိုစဉ် တစ်ကီလိုမီတာ အကွာအဝေးရှိ တောင်ထိပ်ပေါ်တွင် ပုံရိပ်တစ်ခု လှုပ်ရှားသွား၏။ ဘိုးဘေး ကြီးသည် ပူးကပ်ခံထားရသည့်အလား ခလုတ်ကို ရုတ်တရက် ဆွဲညှစ်လိုက်မိတော့သည်။

“ဒိုင်း... ”

ကျယ်လောင်သော အသံကြီး တစ်ခုက သူ၏ လက်ကိုပင် ထုံကျင်သွားစေခဲ့၏။ သို့သော် နောက်တစ်စက္ကန့်တွင် တစ်ကီလိုမီတာ အကွာအဝေးရှိ ထိုပုံရိပ်၏ ခေါင်းပေါ်မှ အစိမ်းရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး မြေကြီးပေါ်သို့ ခွေကျသွားသည်ကို မှန်ပြောင်း မှတစ်ဆင့် သူ ရှင်းလင်းပြတ်သားစွာ မြင်တွေ့လိုက်ရသည်။

“ခေါင်းတည့်တည့် ပစ်ခတ်ကာ သတ်ဖြတ်လိုက်ပါပြီ”

အရင်က တစ်ခါမှ မခံစားဖူးသော လျှပ်စစ်စီးကြောင်း တစ်ခုက ဘိုးဘေး ကြီး၏ ခန္ဓာကိုယ် တစ်ခုလုံးကို ချက်ချင်း ဖြတ်သန်းသွားတော့၏။

“အမိုက်စားပဲ... လုံးဝကို အမိုက်စားပဲကွာ”

ရှုပ်ထွေးလှသော လက်သင်္ကေတတွေ၊ မန္တန်မန္တန် တွေ မလို... အဖိုးတန်လှတဲ့ ဝိညာဉ်စွမ်းအင် တွေကို ဖြုန်းတီးစရာ မလိုဘူးကွ။ ညင်သာစွာ ဖိနှိပ်လိုက်ရုံနဲ့... ကျင့်ကြံခြင်းစွမ်းအား လုံးဝ မရှိတဲ့ ဒီကမ္ဘာကြီးမှာ အခြားသူတွေရဲ့ အသက်အန္တရာယ်ကို ငါ ထိန်းချုပ်နိုင်ပြီဟေ့။

“ဒါက... စနိုက်ပါ ပစ်တယ် ဆိုတာလား”

ဘိုးဘေး ကြီးက သေနတ်ကို အလွန်အမင်း သဘောကျစွာဖြင့် ပွတ်သပ်လိုက်ရာ သူ၏ မှုန်ဝါးဝါး မျက်လုံးအိုကြီးများထဲတွင် တောက်ပသော အလင်းရောင် တစ်ခု လင်းလက်သွားတော့သည်။

“စိတ်ဝင်စားစရာပဲ... တကယ်ကို စိတ်ဝင်စားစရာပဲကွာ”

နောက်ထပ် နာရီဝက်ခန့် အကြာတွင် ပီ-မြို့တော်ကြီးသည် ကြောက်မက်ဖွယ်ကောင်းလှသော သေမင်းတမန် ကြီး တစ်ကောင်ကို ကြိုဆိုလိုက်ရတော့၏။ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် ၏ ကြောက်မက်ဖွယ်ကောင်းလှသော တိုက်ပွဲဝင် အသိဉာဏ် များနှင့် ကြိုတင် ခန့်မှန်းနိုင်စွမ်း များကို အားကိုးကာ ဘိုးဘေး ကြီးသည် ၉၈ကေ ကို အံ့မခန်း ကျွမ်းကျင်မှုများဖြင့် အသုံးပြုနေတော့၏။ ကြိုတင် ခန့်မှန်း ပစ်ခတ်ခြင်း၊ မှန်ပြောင်း အမြန်ဖွင့် ပစ်ခတ်ခြင်း ၊ အသံကို နားထောင်၍ နေရာ ရှာဖွေခြင်း... သာမန် ကစားသမားများမှာ သူနှင့် ယှဉ်လိုက်လျှင် လမ်းလျှောက်သင်စ ကလေးငယ်များပမာ ဖြစ်နေတော့သည်။

“ဟိုမှာ... ဟို သစ်ပင် အနောက်မှာ တစ်ကောင် ပုန်းနေတယ်”

“ဟွန်း... ငါ့ကို ကင်းပုန်းဝပ် တိုက်ချင်နေတာလား... မင်းတို့ ထမင်းစားခဲ့ရတဲ့ အကြိမ်ရေထက် ငါ ဆားစားခဲ့ရတဲ့ အကြိမ်ရေက ပိုများသေးတယ်ကွ”

“လဲသွားပြီ... နောက်တစ်ကောင် လဲသွားပြန်ပြီဟေ့”

နောက်ဆုံးတွင်။ သူ၏ သေနတ် ပြောင်းဝအောက်၌ နောက်ဆုံး ရန်သူ လဲကျသွားသောအခါ မြင်ကွင်းကြီး အေးခဲသွားတော့၏။ လေထဲတွင် ကြီးမားလှသော ရွှေရောင် စာလုံးကြီးများက စိတ်လှုပ်ရှားဖွယ်ကောင်းလှသော တေးဂီတသံများနှင့်အတူ ထွက်ပေါ်လာသည်။

အနိုင်ရရှိသူ... ဒီညတော့ ကြက်ကင် စားရပြီဟေ့။

... ... ...

ရတနာ တစ်သောင်း ဆိုင်ခွဲ ၊ လက်တွေ့ ကမ္ဘာဝယ်မူ၊

စုန့်ချန် နှင့် စုန့်ရှောင်ပေါင် တို့သည် ဘိုးဘေး ကြီးကို စိုးရိမ်တကြီး စောင့်ကြည့်နေကြသည်။ ဘိုးဘေး ကြီးသည် မျက်လုံးမှိတ်ကာ ထိုနေရာတွင် မတ်တတ်ရပ်နေသည်မှာ နာရီဝက်ခန့် ရှိနေပြီဖြစ်ပြီး တစ်ခါတစ်ရံတွင် အိပ်မက်ယောင်ကာ 'သတ်ဖြတ်လိုသော ရည်ရွယ်ချက်' များ ပါဝင်သည့် စကားများကို ဗလုံးဗထွေး ရေရွတ်နေ၏။

“ဘယ်ဘက်မှာ... လူတစ်ယောက် ရှိတယ်”

“သေစမ်း... ”

စသည်ဖြင့်။ စသည်ဖြင့်…။

စုန့်ချန် က ချွေးစေးများကို သုတ်လိုက်၏။

“သွားပါပြီ... ဘိုးဘေး ကြီးများ သိုင်းကျမ်း ချွတ်ချော် သွားတာလား... ဒါမှမဟုတ် ပုံရိပ်ယောင် ထဲက နှလုံးသား နတ်ဆိုး နဲ့ တိုက်ခိုက်နေရတာလား”

“သားမိုက်... ဘိုးဘေး ကြီး တစ်ခုခု ဖြစ်သွားရင် မင်းကို အရေခွံ ခွာပစ်မယ်ကွ”

ထိုစဉ် ဘိုးဘေး ကြီးက သူ၏ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်၏။ ထိုမျက်လုံးများမှာ ယခင်ကလို တည်ငြိမ် အေးချမ်းမနေတော့ဘဲ... လူငယ် တစ်ယောက်၏ စိတ်အားထက်သန်မှု မျိုးဖြင့် လင်းလက် တောက်ပနေတော့သည်။

“ဘိုး... ဘိုးဘေး ကြီး”

စုန့်ချန် က သတိကြီးစွာဖြင့် ခေါ်လိုက်၏။

“အဆင်ပြေရဲ့လားဟင်... ကွေ့ယွမ်ဂိုဏ်း က ဖန်တီးထားတဲ့ ပုံရိပ်ယောင် ကြီးက အရမ်း အန္တရာယ် များလို့လား... စိတ်မပူပါနဲ့ဗျာ... သူတို့ရဲ့ အခြေစိုက် စခန်းကို အခုချက်ချင်း သွားဖျက်ဆီးခိုင်းလိုက်ပါ့မယ်...”

“နေဦး”

ဘိုးဘေး ကြီးက အော်ဟစ်လိုက်ရာ စုန့်ချန် မှာ လန့်ဖြန့်သွားတော့သည်။

ဘိုးဘေး ကြီးက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် မဝဝသေးသော ကျေနပ်မှုများ ပြည့်နှက်နေ၏။ သူက ဘေးနားရှိ စုန့်ရှောင်ပေါင် ဘက်သို့ ဖြည်းညင်းစွာ လှည့်လိုက်ပြီး ဂန္ထဝင် စကားတစ်ခွန်းကို မေးလိုက်၏။

“မြေးလေး... ခုနက သေနတ် ကို... နောက်တစ်ပွဲ ကျရင်ရော ပြန်ရှာတွေ့နိုင်ပါ့မလားဟင်”

စုန့်ချန် - “... ... ... ”

စုန့်ရှောင်ပေါင် မှာ အလွန်အမင်း ဝမ်းသာသွားတော့သည်။

“ရတယ်... သေချာပေါက် ရတယ်ဗျ... ဘိုးဘေး ကြီးသာ လေဆိပ် ကို ခုန်ဆင်းရင် မြေပြင်ပေါ် ရောက်တာနဲ့ ၉၈ကေ တွေ ဝိုင်းနေမှာ သေချာတယ်ဗျို့”

“ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်”

ဘိုးဘေး ကြီးက သုံးကြိမ်တိုင်တိုင် အော်ဟစ်လိုက်ပြီးနောက် လက်ကို ဝှေ့ယမ်းကာ ဆိုသည်။

“အမိန့်ပေးလိုက်... ဘယ်သူမှ ကွေ့ယွမ်ဂိုဏ်း ရဲ့ အခြေစိုက် စခန်းကို မထိရဘူး... ငါ့ရဲ့ အင်တာနက် ကြိုး ကို ဖြုတ်ရဲတဲ့ကောင် ရှိရင် အရေခွံ ခွာပစ်မယ်ကွ”

“အို... ဒါနဲ့ စုန့်ချန်”

ဘိုးဘေး ကြီးက တွေဝေကြောင်တောင်တောင် ဖြစ်နေသော စုန့်ချန် ကို ကြည့်ကာ လေးနက်သော လေသံဖြင့် ဆိုသည်။

“ငါတို့ရဲ့ ဂိုဏ်ဒေါင် ထဲမှာ ဝိညာဉ်ကျောက်တုံး ဘယ်လောက် ကျန်သေးလဲ... သွား... ငါ့အကောင့်ထဲ ငွေသွားဖြည့်စမ်း... ဟို ကောင်လေး ဝတ်ထားတဲ့ 'ရွှေရောင် ကုတ်အင်္ကျီ' က တော်တော်လေး မိုက်တယ်ကွ... ငါလည်း တစ်ထည်လောက် လိုချင်တယ်”

စုန့်ချန် ၏ ပါးစပ်ကြီး ဟသွားပြီး မေးရိုးများပင် ပြုတ်ကျလုမတတ် ဖြစ်သွားတော့သည်။ ကျောက်စိမ်းပြား ကို စိတ်အားထက်သန်စွာ တပ်ဆင်နေပြီး “မြေးလေး... အဘိုးကို အဖွဲ့ထဲ ဆွဲသွင်းပေးပါဦးကွ” ဟု အော်ဟစ်နေသော ဘိုးဘေး ကြီးကို ကြည့်ရင်း ကမ္ဘာကြီး ရူးသွပ်သွားပြီဟု သူ ထင်မှတ်လိုက်မိတော့သည်။

သွားပါပြီ။ ရတနာ တစ်သောင်း ဆိုင်ခွဲ ၏ နောက်ဆုံး အချီကြီး လုံးဝ ကျဆင်းသွားခဲ့တော့၏။ ကျဆင်းသွားရုံသာမက သူတို့ရဲ့ ငွေသုံးကြမ်းတဲ့ ဗိီအိုင်ပီ ဖောက်သည် ကြီး အဖြစ်ပါ ပြောင်းလဲသွားခဲ့ပြီ မဟုတ်ပါလား။

တစ်ချိန်တည်းမှာပင် ကွေ့ယွမ်ဂိုဏ်း ၏ နောက်ကွယ်၌ ကျန်းချန်သည် 'ဝမ်ပေါင် ဘိုးဘေးကြီး' ဟူသော IDအိုင်ဒီဖြင့် အသုံးပြုသူ အသစ် တစ်ယောက် ရောက်ရှိလာပြီး ဝိညာဉ်ကျောက်တုံး တစ်သန်း ချက်ချင်း ငွေဖြည့်သွင်းလိုက်သည်ကို ကြည့်ကာ လက်ဖက်ရည် တစ်ငုံ သောက်လိုက်၏။

“ငါ သိသားပဲ...”

“'မိုက်တယ်ဟေ့' လို့ အော်သွားရတဲ့ နိယာမကြီး ကို ဘယ်သူမှ လွတ်ကင်းနိုင်မှာ မဟုတ်ဘူး လို့...”

“စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် သခင်ကြီး ဖြစ်နေရင်တောင်မှ ချွင်းချက် မရှိဘူးကွ”

All Chapters