အခန်း (၂၃၈-၂၄၀)
Vol. 16 Ch. 238-240
အခန်း (၂၃၈) မိုင်းသမား တွေ အားလုံး... ပစ်မှတ် - မြေအောက် မီတာ သုံးထောင်။
ကွေ့ယွမ်ဂိုဏ်း ၊ တာဝန်ပေးအပ်ရာ ရင်ပြင်ကြီး။
နံနက်ခင်း နေရောင်ခြည် မြေပြင်ပေါ်သို့ မကျရောက်မီ အချိန်လေးမှာပင် ရင်ပြင်တစ်ခုလုံး အသက်ဝင် လှုပ်ရှားနေတော့၏။ မနေ့ညက ကျင်းပခဲ့သော 'ဘလိုင်းဘောက် ညချမ်း' ကြောင့် လူအများအပြား ဒေဝါလီ ခံလိုက်ရသော်ငြား ပို၍ များပြားသော လူများ၏ လိုချင်တပ်မက်မှုများကိုလည်း မီးမွှေးပေးလိုက်နိုင်ခဲ့သည်။
'လျှို့ဝှက် ပစ္စည်း ကို မရလိုက်ဘူးလား... ပြဿနာ မရှိဘူး... ငါ့ဆီမှာ ပိုက်ဆံ ရှိနေသရွေ့တော့ ဆက်ပြီး စမ်းသပ်လို့ ရသေးတာပဲ'
သို့သော် ပြဿနာက... သူတို့ဆီမှာ ပိုက်ဆံ မရှိတော့ခြင်းပင်။ အမှီအခိုကင်း ကျင့်ကြံသူ များသာ ပိုက်ဆံပြတ်သွားသည် မဟုတ်ဘဲ ကွေ့ယွမ်ဂိုဏ်း ၏ တာဝန် ဆုလာဘ် ရန်ပုံငွေ အိတ်ကြီးထဲတွင်လည်း 'ကူညီမှုအမှတ်' များ လုံးဝ နီးပါး ခန်းခြောက်နေတော့၏။
ထိုစဉ် ဧရာမ တာဝန် ကြေညာ သင်ပုန်းကြီး ရုတ်တရက် လင်းလက်သွားပြီး လူတိုင်း၏ မျက်လုံးရှေ့တွင် သွေးရောင် သန်းနေသော စာလုံးအကြီးကြီးများ ထွက်ပေါ်လာတော့သည်။
ဆာဗာတစ်ခုလုံးဆိုင်ရာ ဧရာမ တာဝန်ကြီး - မြေကမ္ဘာ ၏ ဗဟိုချက် သို့ စူးစမ်းရှာဖွေခြင်း..
တာဝန် နောက်ခံအကြောင်းအရာ - မြေပြင်ပေါ်ရှိ အရင်းအမြစ်များ ကုန်ခမ်းသွားပါပြီ။ ဂိုဏ်း ရဲ့ ဖွံ့ဖြိုးတိုးတက်မှု အတွက် (ပြီးတော့ ဘလိုင်းဘောက် တွေ အများကြီး ထပ်လုပ်နိုင်ဖို့ အတွက်) ငါတို့တွေ မြေအောက် ကို ဆင်းရမယ်ဟေ့။
ရည်ရွယ်ချက် - အောက်ကို ဆက်တူး... နက်ရှိုင်းတဲ့ နေရာက သတ္တုကြော တွေကို ရှာဖွေပါ။
ဆုလာဘ် - 'အမည်မသိ သတ္တု' သို့မဟုတ် 'ရှားပါး တွင်းထွက် ကျောက်ရိုင်း' တစ်တန် တိုင်းအတွက် ကူညီမှုအမှတ် (၁၀၀) နဲ့ 'ဘလိုင်းဘောက် အပိုင်းအစ' (၁) ခု ပေးမယ်ဗျာ။
သတိပေးချက် - အပိုင်းအစ (၁၀) ခု စုမိရင် လျှို့ဝှက်ဆန်းကြယ် ဘလိုင်းဘောက် တစ်ဘူး နဲ့ လဲလှယ်နိုင်ပါတယ်။
“သောက်ကျိုးနည်း... ဘလိုင်းဘောက် အပိုင်းအစ တွေ တဲ့လား”
“သတ္တုတူးရုံနဲ့ ဘလိုင်းဘောက် တွေ အလကား ရမယ် ဟုတ်လား... ဒါ တကယ်ကြီးလားကွ”
“ညီအစ်ကိုတို့... နိုးကြတော့ဟေ့... အလုပ်လုပ်ရမယ့် အချိန် ရောက်ပြီကွ”
မျက်စိတစ်မှိတ်အတွင်းမှာပင် ကစားသမားများ အားလုံး ရူးသွပ်သွားကြတော့သည်။ ဆေးဖော်စပ်ခြင်း လား၊ တရားထိုင်ခြင်း လား... အကုန်လုံး မေ့ပစ်လိုက်ပြီ။ ယခုအခါ သူတို့၏ ခေါင်းထဲတွင် စကားလုံး တစ်ခွန်းတည်းသာ ရှိတော့၏။
‘တူးစမ်း…’
... ... ...
ထျန်းလန် မြို့တော် အပြင်ဘက်ရှိ တောရိုင်းမြေ တွင်။
ဤနေရာသည် မူလက လူသူကင်းမဲ့သော မြေရိုင်းပြင်ကြီး တစ်ခု ဖြစ်သော်ငြား ယခုအခါ အလယ်ပိုင်း လွင်ပြင် တစ်ခုလုံးတွင် အလုပ်အများဆုံး ဆောက်လုပ်ရေး စခန်းကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။ ကိရိယာ မျိုးစုံကို ကိုင်ဆောင်ထားကြသော ကစားသမား သောင်းပေါင်းများစွာသည် မြေကြီးပေါ်တွင် ကျိုင်းကောင်များပမာ အပြည့်အနှက် ဖုံးလွှမ်းနေကြသည်။
“ရှစ်ဆယ်... ရှစ်ဆယ်... ရှစ်ဆယ်... ”
ကစားသမား 'သံတူကြီး အစ်ကို' က ကီလိုဂရမ် ရာချီ လေးလံသော သံတူကြီးကို လွှဲကာ မြေကြီးပေါ်သို့ ရိုက်ချလိုက်တိုင်း နက်ရှိုင်းသော တွင်းပေါက်ကြီး တစ်ခု ဖြစ်ပေါ်လာတော့၏။
“အရမ်း နှေးတယ်ကွာ... ဒီလိုပုံစံနဲ့ ဘယ်တော့ ပြီးမှာလဲ”
အနီးနားရှိ လက်နက် ဖန်တီးခြင်း ဂိုဏ်း မှ ကစားသမား 'လက်မှုပညာရှင် ကန်' က အထင်သေးစွာ ကြည့်ကာ ဆိုသည်။ သူက သူ၏ ဘေးတွင်ရှိသော ထူးဆန်းသည့် ပုံစံရှိသည့် ဧရာမ စက်ကြီး တစ်ခုကို ပုတ်ပြလိုက်၏။ ၎င်းကား စွန့်ပစ်ထားသော ဆေးဖို အဟောင်း တစ်လုံးကို ပြုပြင်ပြောင်းလဲထားသည့် ဘွိုင်လာ အိုးကြီး တစ်လုံးပင်။ ဧရာမ မြေတူးစက်ကြီး တစ်ခုနှင့် ချိတ်ဆက်ထားကာ အနောက်ဘက်တွင် ချီ စွမ်းအင်များ မှုတ်ထုတ်နေသော လေအိတ်ကြီး အချို့ကို ချိတ်ဆွဲထားသည်။
“ဒါလေးကို ကြည့်ထား... ရေနွေးငွေ့ ဝိညာဉ်စွမ်းအင် သုံး မြေတူးစက် နံပါတ် (၁)... စတင်လည်ပတ်ပြီဟေ့”
'လက်မှုပညာရှင် ကန်' က ဘွိုင်လာ အိုးထဲသို့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး အချို့ကို ထိုးသိပ်ထည့်လိုက်ပြီး မောင်းတံကို ဆွဲချလိုက်၏။
“ဝုန်း... ”
မည်းမှောင်သော မီးခိုးလုံးကြီးများ အူထွက်လာပြီး မြေတူးစက် ၏ ခေါင်းပိုင်းက ရူးသွပ်စွာ လည်ပတ်လာတော့သည်။
“ဖူး... ဖူး... ဖူး... ဖူး... ”
ပြင်းထန်သော တုန်ခါမှုများနှင့်အတူ စက်ကြီးက ပဲပြားကို လှီးဖြတ်သကဲ့သို့ မြေကြီးထဲသို့ တိုးဝင်သွားပြီး မြေသားများကို အံ့မခန်း အရှိန်အဟုန်ဖြင့် အပြင်သို့ ပန်းထုတ်ပစ်လိုက်၏။
“သောက်ကျိုးနည်း... ဒါလည်း ကျင့်ကြံခြင်း နည်းလမ်း တစ်ခုပဲလားကွ”
ပေါက်ပြားများကို ကိုင်ဆောင်ထားကြသော ဘေးပတ်လည်ရှိ အမှီအခိုကင်း ကျင့်ကြံသူ များမှာ လုံးဝ ဆွံ့အသွားကြတော့သည်။
“နည်းပညာ က ကံကြမ္မာ ကို ပြောင်းလဲပေးနိုင်တယ်ကွ... ဘော့စ်... ကျွန်တော့်ကိုလည်း ခေါ်သွားပါဗျာ... တွဲဖက် ယာဉ်မောင်း လုပ်ပြီး ကျောက်မီးသွေး တွေ ကူထည့်ပေးပါ့မယ်”
စက်မှု နည်းပညာ သုံးတဲ့ အဖွဲ့တွေတင် ဘယ်ကမလဲ။ တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်တွင် 'ပေါက်ကွဲမှု အနုပညာ' ဟု အမည်ရသော ကစားသမား ဦးဆောင်သည့် မန္တန် အဆောင် အဖွဲ့က မြေကြီးထဲတွင် 'ပစ်မှတ်ထား အသေခံ ဖောက်ခွဲရေး အဆောင်များ' ကို မြှုပ်နှံနေကြ၏။
“သုံး... နှစ်... တစ်... ခွဲဟေ့”
“ဒုန်း... ”
ဖုန်လုံးကြီးများ အူတက်လာပြီး မြေကြီးထဲတွင် ပေဒါဇင်ပေါင်းများစွာ နက်သော မီးတောင်ပေါက် ကြီး တစ်ခု ဖြစ်ပေါ်လာတော့သည်။
“သွားကြမယ်... သွားကြမယ်... တွင်းထဲ ဆင်းကြစို့... ကျောက်ရိုင်း တွေ သွားကောက်ကြမယ်ဟေ့”
ထိုနေ့တွင် အလယ်ပိုင်း လွင်ပြင် ကြီး တစ်ခုလုံး တုန်ခါသွား၏။ အကယ်၍ အထက်စီးမှ ကြည့်လိုက်မည် ဆိုပါက ပုရွက်ဆိတ် အုံများနှင့် တူသော မရေမတွက်နိုင်သည့် ချောက်နက်ကြီးများ မြေကြီးပေါ်တွင် ဖြစ်ပေါ်လာပြီး မြေကမ္ဘာ ၏ ဗဟိုချက်ဆီသို့ ကြောက်စရာ .. အရှိန်အဟုန်ဖြင့် တိုးဝင်သွားနေသည်ကို တွေ့မြင်ရမည် ဖြစ်သည်။
... ... ...
မြေအောက် မီတာ (၁,၀၀၀) အနက်တွင်။
ဤနေရာရှိ မြေသားများမှာ မာကျောသော ကျောက်သားများ အဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။ သာမန် ပေါက်ပြားများဖြင့် ပေါက်လိုက်ပါက မီးပွားများသာ ထွက်ပေါ်လာတော့သည်။ သို့သော် ၎င်းက ကစားသမားများအတွက် ပြဿနာ မဟုတ်ချေ။
“မာတယ် ဟုတ်လား... ငါ့ရဲ့ အသည်း ထက်တောင် ပိုမာနေလို့လားကွ”
“ညီအစ်ကိုတို့... စိန် သွားတပ်ထားတဲ့ မြေတူးစက် တွေ ပြောင်းတပ်လိုက်ကြ... 'ထက်မြက်တဲ့ သတ္တု မန္တန်' တွေကို အသက်သွင်းလိုက်... ဆက်တူးကြဟေ့”
အနက်ပိုင်းသို့ ရောက်ရှိလာသည်နှင့်အမျှ ပတ်ဝန်းကျင် လေထုမှာ ပိုမို လေးလံလာတော့သည်။ လေထုက ကျဲပါးလာပြီး တစ်ချိန်က ပူပြင်းခဲ့သော မြေအောက်ကမ္ဘာ ကြီးမှာ ရုတ်တရက် ထူးဆန်းစွာ အေးစက်လာ၏။
မြေအောက် မီတာ (၂,၀၀၀) အနက်တွင်၊
“အေး... အေးလိုက်တာကွာ...”
ကစားသမား 'နဂါး ဝတ်စုံ အေ' က ချမ်းတုန်နေပြီး ပါးစပ်မှ အဖြူရောင် လေငွေ့လေး တစ်ချက် မှုတ်ထုတ်လိုက်၏။
“ဒါ ယုတ္တိ မတန်ဘူးလေ... မြေအောက် ပိုနက်လေ ပိုပူလေ ဆိုပြီး ဆရာ သင်ပေးထားတာ မဟုတ်ဘူးလား... ဒီနေရာက ဘာလို့ ရေခဲသေတ္တာ ထဲ ရောက်နေသလို ဖြစ်နေရတာလဲ”
ဤအနက်တွင် သူတို့ တူးဖော်ရရှိသော အရာများမှာလည်း ပြောင်းလဲသွားခဲ့တော့၏။ သာမန် မြေသားများ သို့မဟုတ် ကျောက်တုံးများ မဟုတ်တော့ချေ။ မြေကြီးထဲတွင် ထူးဆန်းသော အပိုင်းအစလေး များ ပါဝင်လာသည်။ ထို အပိုင်းအစလေးများမှာ သတ္တု တစ်မျိုးမျိုးနှင့် တူသော်ငြား အလွန်အမင်း ဆွေးမြည့်နေသဖြင့် အနည်းငယ် ထိလိုက်ရုံဖြင့် အမှုန့်အဖြစ် ပြောင်းလဲသွားလေ့ရှိသည်။
“ဒါ ဘာကြီးလဲ”
'လက်မှုပညာရှင် ကန်' က သံချေးတက်နေသော သံတုံးလေး တစ်တုံးကို ကောက်ယူလိုက်ပြီး ဖုန်များကို သုတ်ဖယ်လိုက်၏။ ထိုအပေါ်တွင် ထွင်းထုထားသော ထူးဆန်းသည့် သင်္ကေတ အချို့ကို မှုန်ဝါးဝါး မြင်တွေ့ရသည်။ ၎င်းတို့မှာ အင်မော်တယ် လောက တွင် အသုံးပြုလေ့ရှိသော မန္တန်စာလုံး များနှင့် လုံးဝ မတူညီဘဲ... လျှပ်စစ် ပတ်လမ်း ပုံကြမ်း တစ်ခုနှင့် ပိုတူနေ၏။
“ထူးဆန်းတယ်... ဒီလို ပစ္စည်းမျိုးက ဘယ်လိုလုပ်ပြီး မြေအောက် ထဲ ရောက်နေရတာလဲ”
မြေအောက် မီတာ (၂,၉၀၀) အနက်တွင်၊
တူးဖော်မှု အရှိန်အဟုန်မှာ သိသိသာသာ နှေးကွေးသွားခဲ့တော့၏။ ကျောချမ်းဖွယ်ကောင်းသော လေထုကြီးက ပိုမို အားကောင်းလာပြီး ကစားသမားများ၏ နတ်ဘုရား အာရုံ များကိုပင် ဖိနှိပ်ထားတော့သည်။ အမှောင်ထုထဲမှနေ၍ မရေမတွက်နိုင်သော မျက်လုံးများက သူတို့ကို စောင့်ကြည့်နေသကဲ့သို့ ခံစားနေကြရသည်။ အချို့သော သတ္တိကြောင်သည့် ကစားသမားများမှာ စတင် တုံ့ဆိုင်းလာကြတော့၏။
“ဒီနေရာက နည်းနည်း ကြောက်စရာ ကောင်းလာပြီနော်... ငါတို့ ပြန်လှည့်ကြမလား”
“ပြန်လှည့်မယ် ဟုတ်လား... ပစ်မှတ် ရောက်ဖို့ မီတာ တစ်ရာ ပဲ လိုတော့တာလေ... ဘလိုင်းဘောက် တွေအတွက်... ချီတက်ကြဟေ့”
နောက်ဆုံးတွင်။ ကစားသမား 'ရွှေတူးသမား' ၏ လော့ယန် ဂေါ်ပြား ဖြင့် တစ်ချက် ပေါက်ချလိုက်သောအခါ...
“ချွင်... ”
[t.n; လော့ယန် ဂေါ်ပြား - ရှေးဟောင်း သုတေသန ပညာရှင်များနှင့် သင်္ချိုင်း ဖောက်ထွင်းသူများ အသုံးပြုလေ့ရှိသော အထူးပြုလုပ်ထားသည့် ဂေါ်ပြား တစ်မျိုး ဖြစ်ပါသည်။]
ကြည်လင်ပြတ်သားပြီး သာယာလှသော သတ္တုသံကြီး တစ်ခုက ကျဉ်းမြောင်းလှသော မိုင်းတွင်း လမ်းကြောင်းလေးထဲတွင် ပဲ့တင်ထပ်သွားတော့သည်။ ဂေါ်ပြားမှာ မြေသားကို ထိမှန်သွားခြင်း မဟုတ်ဘဲ အပေါ်သို့ ပြန်ကန်ထွက်လာသဖြင့် သူ၏ လက်များပင် ထုံကျင်သွားစေခဲ့၏။
“အောက်ဆုံး ရောက်သွားပြီလား”
'ရွှေတူးသမား' က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။
“ညီအစ်ကိုတို့... တစ်ခုခုကို သွားထိမိပြီဟေ့... ငါတို့ ရွှေတွင်း တွေ့ပြီကွ”
ပတ်ဝန်းကျင်ရှိ ကစားသမားများ ချက်ချင်း စုရုံးရောက်ရှိလာကြပြီး လူဒါဇင်ပေါင်းများစွာ၏ အလင်းရောင်ပေး မန္တန် အလင်းတန်းများက တွင်းအောက်ခြေသို့ ကျရောက်သွားတော့သည်။ အားလုံး အသက်ရှူ မှားသွားကြသည်။
မြေကြီးအောက်တွင် ရှိနေသည်မှာ ကျောက်သား မဟုတ်ဘဲ အလွန်တရာ ချောမွေ့လှသော ငွေရောင် ကြမ်းပြင်ကြီး တစ်ခု ဖြစ်နေ၏။ မည်သည့် သတ္တုဖြင့် ပြုလုပ်ထားမှန်း မသိရသော်ငြား နှစ်ထောင်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ၎င်း၏ မျက်နှာပြင်မှာ မှန်တစ်ချပ်ပမာ ချောမွေ့နေဆဲ။ ကစားသမားများ၏ အံ့အားသင့်နေသော မျက်နှာများကိုပင် ထင်ဟပ် ပြသနေသည်။ ကြမ်းပြင်၏ အဆက်များတွင်မူ ငြိမ်းသတ်သွားသည်မှာ ကြာပြီ ဖြစ်သော ပါးလွှာသည့် မီးချောင်းလေး တစ်ခု ရှိနေ၏။
“ဒါ... ဒါက သတ္တုကြော ကြီးလား”
'လက်မှုပညာရှင် ကန်' က ကြမ်းပြင်ပေါ်တွင် မှောက်ခုံ လှဲချလိုက်ပြီး လက်ချောင်းများဖြင့် ခေါက်ကြည့်လိုက်၏။ 'ဒေါက်... ဒေါက်...' အောက်ဘက်တွင် အခေါင်းပေါက် ကြီး ဖြစ်နေသည်။
“အောက်မှာ တစ်ခုခု ရှိတယ်ကွ...”
သူက တံတွေးကို ခဲယဉ်းစွာ မျိုချလိုက်၏။ အဘယ်ကြောင့်မှန်းမသိ ကြောက်ရွံ့မှုနှင့် စိတ်လှုပ်ရှားမှုများ ရောနှောနေသော ထူးဆန်းသည့် ခံစားချက်တစ်ခု သူ၏ ရင်ထဲတွင် ဖြစ်ပေါ်လာတော့သည်။
ထိုစဉ် ကစားသမားများ၏ ခေါက်သံကြောင့် ယန္တရား တစ်ခုခု အသက်ဝင်သွားသည်လား မပြောတတ်။ ယခင်က အသက်ကင်းမဲ့နေခဲ့သော မီးချောင်းလေးမှာ ရုတ်တရက် တဖျတ်ဖျတ် လင်းလက်လာတော့၏။
“ဇစ်... ဇစ်...”
ခပ်တိုးတိုး လျှပ်စစ်စီးသံလေး တစ်ခု ထွက်ပေါ်လာသည်။ အေးစက်သော အပြာရောင် အလင်းတန်း ဖျော့ဖျော့လေး တစ်ခုက ကြမ်းပြင်ပေါ်ရှိ ပုံစံများ အတိုင်း လျင်မြန်စွာ ပျံ့နှံ့သွားပြီး ဤ မှောင်မည်းနေသော မြေအောက် ကမ္ဘာ ငယ်လေးကို ချက်ချင်း လင်းထိန်သွားစေတော့သည်။
အပြာရောင် အလင်းတန်းများ အောက်တွင် ကစားသမားများ သည် သူတို့၏ ခြေအောက်ရှိ အရာကို နောက်ဆုံးတွင် သေချာစွာ မြင်တွေ့လိုက်ရ၏။ ၎င်းကား ကြမ်းပြင် လုံးဝ မဟုတ်ချေ။ ၎င်းမှာ ဧရာမ သတ္တု အမိုးခုံးကြီး တစ်ခု ဖြစ်နေသည်။ သူတို့သည် ရှေးဟောင်း ယဉ်ကျေးမှု လူ့အဖွဲ့အစည်း ကြီး တစ်ခု၏ ခေါင်မိုးပေါ်တွင် မတ်တတ်ရပ်နေကြခြင်း ဖြစ်၏။
စနစ် ၏ သတိပေးချက် “အမည်မသိ စွမ်းအင်မြင့်မားမှု တွေ့ရှိရပါသည်”
“ရှေးဟောင်း အမွေအနှစ် ရဲ့ အချက်ပြ လှိုင်း ကို တွေ့ရှိရပါသည်... ခွဲခြမ်းစိတ်ဖြာနေပါသည်…”
“ခွဲခြမ်းစိတ်ဖြာခြင်း ပြီးဆုံးပါပြီ - စက်မှုနည်းပညာ မိစ္ဆာ ဘာသာရေး ဂိုဏ်း (ခိုလှုံရေး စခန်း နံပါတ် ၇၃)”
ကစားသမားများမှာ တစ်ယောက်ကိုတစ်ယောက် တွေဝေကြောင်တောင်တောင်ဖြင့် ကြည့်လိုက်ကြသည်။
“စက်မှုနည်းပညာ မိစ္ဆာ ဘာသာရေး ဂိုဏ်း တဲ့လား... အဲဒါ ဘာကြီးလဲကွ”
“ဘယ်သူက ဂရုစိုက်နေမှာလဲကွာ... ဒီပစ္စည်းတွေက ဟို ဘလိုင်းဘောက် တွေထက် အများကြီး ပိုတန်ဖိုးရှိတဲ့ပုံပဲ”
“ညီအစ်ကိုတို့... လက်နက် တွေ ယူကြ... ဒီ ခေါင်မိုးကြီး ကို ဖောက်ကြစမ်း... အထဲဝင်ပြီး... ရှေးဟောင်း သုတေသန (ပစ္စည်းတွေ လုယက်သိမ်းဆည်းဖို့) လုပ်ကြမယ်ဟေ့”
သို့ရာတွင် သူတို့ မသိခဲ့သည်မှာ အပြာရောင် အလင်းတန်းများ လင်းလက်လာသည်နှင့်အမျှ သူတို့၏ ခြေအောက်ရှိ နှစ်ထောင်ပေါင်းများစွာ အိပ်မောကျနေခဲ့သော သံမဏိ မြို့တော်ကြီး ၏ အနက်ရှိုင်းဆုံး နေရာ အမှောင်ထုထဲတွင် အနီရောင် အလင်းစက်လေး တစ်ခု ဖြည်းညင်းစွာ ပွင့်လာခဲ့ပြီ ဖြစ်ကြောင်းကိုပင်။
အခန်း (၂၃၉) ရှေးဟောင်း ယဉ်ကျေးမှု လူ့အဖွဲ့အစည်း တဲ့လား။ ဒါက... ဆိုက်ဘာထရွန်ကြီးပါလားကွ။
မြေအောက် မီတာ (၃,၀၀၀) အနက်၊ သတ္တု အမိုးခုံးကြီး ၏ အထက်တွင်။
“ဖယ်ကြ... ဖယ်ကြ... ကျွမ်းကျင်တဲ့ သူတွေကို နေရာပေးလိုက်စမ်း”
ကစားသမား 'ပေါက်ကွဲမှု အနုပညာ' သည် သူ၏ ခန္ဓာကိုယ်ထက်ပင် ပိုမို ကြီးမားသော 'အသေခံ ဖောက်ခွဲရေး အထုပ်ကြီး' ကို ထမ်းပိုးကာ လျှို့ဝှက်ဆန်းကြယ်လှသော ငွေရောင် အမိုးခုံးကြီး၏ အလယ်ဗဟိုတွင် မတ်တတ်ရပ်လိုက်၏။ ဘေးပတ်လည်ရှိ ကစားသမားများမှာ ကပျာကယာ နောက်ဆုတ်သွားကြပြီး ဤ သမိုင်းဝင် အခိုက်အတန့်ကြီးကို မှတ်တမ်းတင်ရန် သူတို့၏ ပုံရိပ်ဖမ်း ကျောက်တုံး များကို စိတ်လှုပ်ရှားစွာ ဆွဲထုတ်လိုက်ကြတော့သည်။
“သုံး... နှစ်... တစ်... အနုပညာ ဆိုတာ ပေါက်ကွဲမှု ကြီးပဲကွ”
“ဝုန်း... ”
ကျဉ်းမြောင်းလှသော မြေအောက် ဟင်းလင်းပြင် ထဲတွင် ပြင်းထန်လှသော မီးတောက်များ ပေါက်ကွဲထွက်လာပြီး ဧရာမ လှိုင်းဂယက်ကြီးများကြောင့် လူအများအပြား၏ သွေးတန်းများ လျင်မြန်စွာ ကျဆင်းသွားတော့သည်။ မီးခိုးငွေ့များ လွင့်စင်သွားသောအခါ သံပေါက်ပြားများဖြင့် ပေါက်၍ပင် မရခဲ့သော သတ္တု အမိုးခုံးကြီးမှာ နောက်ဆုံးတွင် ပွင့်ထွက်သွားခဲ့တော့၏။ အချင်း ပေအနည်းငယ်ခန့် ရှိသော အပေါက်ကြီး တစ်ခု ဖြစ်ပေါ်လာနေ၏။ ထိုအပေါက်ဝမှတစ်ဆင့် အေးစက်သော အပြာရောင် အလင်းတန်း ဖျော့ဖျော့လေး တစ်ခု ထွက်ပေါ်လာကာ လောဘတကြီး ဖြစ်နေကြသော ကစားသမားများ၏ မျက်နှာများကို လင်းထိန်သွားစေတော့သည်။
“ပွင့်သွားပြီ... ပွင့်သွားပြီဟေ့”
“ညီအစ်ကိုတို့... မြေပုံ အသစ်မှာ ပထမဆုံး သတ်ဖြတ်ခြင်း ယူကြမယ်... ချီတက်ကြ”
“ဘလိုင်းဘောက် တွေအတွက်... လင်းဝမ်အာ အတွက်ဟေ့”
မရေမတွက်နိုင်သော ကစားသမားများမှာ အိုးထဲသို့ ပစ်ထည့်လိုက်သော ဖက်ထုပ် များပမာ အပေါက်ကြီးထဲသို့ အလုအယက် ခုန်ဆင်းသွားကြလေတော့သည်။
... ... ...
သူတို့ ပြုတ်ကျသွားကြသည်။ ဆယ်စက္ကန့်ခန့် ကြာသည်အထိ ပြုတ်ကျသွားခဲ့ကြသည်။ ကစားသမားများက 'ကိုယ်ပေါ့ သိုင်းပညာ' ကို အသုံးပြု၍ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ချိန်တွင်မူ အားလုံးမှာ ဆွံ့အသွားကြတော့သည်။ အများပြည်သူသုံး ချန်နယ် ကြီးမှာလည်း သေမင်းတမန် တိတ်ဆိတ်သွားတော့၏။
သူတို့၏ အရှေ့တွင် ထွက်ပေါ်လာသော မြင်ကွင်းမှာ သူတို့ တွေးထင်ထားခဲ့သော သတ္တုတွင်းကြီး လုံးဝ မဟုတ်ချေ။ မိစ္ဆာကောင် တွေရဲ့ အသိုက် လည်း မဟုတ်ပေ။ အဲဒါက မြို့တော်ကြီး တစ်ခု။ မြေအောက် အနက်ရှိုင်းဆုံး နေရာမှာ အိပ်မောကျနေတဲ့ အသက်ရှူကြပ်လုမတတ် ဧရာမ သံမဏိ မြို့တော်ကြီး တစ်ခုပါပဲလား။
မရေမတွက်နိုင်သော ဧရာမ ဂီယာ ဘီးကြီးများက တစ်ခုနှင့်တစ်ခု ချိတ်ဆက် လည်ပတ်နေပြီး မြို့တော်ကြီး၏ အုတ်မြစ်ကို ဖန်တီးထားသည်။ ထူထဲလှသော သတ္တု ပိုက်လုံးကြီးများက သွေးကြောများပမာ အဆောက်အအုံများ ကြားတွင် ယှက်နွယ် ဖြတ်သန်းနေကြသည်။ ဇောက်ထိုး စိုက်ထူထားသော မျှော်စင်ကြီးများက မြေကမ္ဘာ ၏ ဗဟိုချက်ဆီသို့ ထိုးဖောက် ဝင်ရောက်နေပြီး အေးစက်သော အပြာရောင် အသက်ရှူ မီးရောင်များက တဖျတ်ဖျတ် လင်းလက်နေ၏။
ဤနေရာတွင် မြေကြီး၏ အရိပ်အယောင်လေး တစ်ချက်မျှပင် မတွေ့ရဘဲ အေးစက်သော သတ္တုနံ့များနှင့် စက်ဆီ နံ့များသာ ဖုံးလွှမ်းနေတော့သည်။ သေမင်းတမန် တိတ်ဆိတ်မှုကြီး တစ်ခု။ ကစားသမားများ၏ အသက်ရှူသံများမှလွဲ၍ မြို့တော်ကြီးမှာ သင်္ချိုင်းဂူ တစ်ခုပမာ တိတ်ဆိတ် ငြိမ်သက်နေ၏။
“သောက်ကျိုးနည်း...”
အချိန်အတော်ကြာမှ 'လက်မှုပညာရှင် ကန်' သည် တုန်လှုပ်မှုထဲမှ ရုန်းထွက်နိုင်ခဲ့ပြီး သူ၏ ဘေးရှိ တိုင်ကြီး တစ်တိုင်ကို တုန်ရီနေသော လက်ဖြင့် စမ်းသပ် ကိုင်တွယ်လိုက်၏။
“ဒီ ပစ္စည်းတွေ အကုန်လုံးက... သန့်စင်မှု အမြင့်ဆုံး အလွိုင်း သတ္တု တွေချည်းပဲလား... ဒီ လက်ရာ တွေက... ဂဟေဆက် ထားတဲ့ အရာလေး တစ်ခုတောင် မရှိပါလား”
“ဒါ တကယ်ပဲ အင်မော်တယ် လောက ကြီး ဟုတ်ရဲ့လားကွာ... ဘာလို့ ဆိုက်ဘာထရွန် ဂြိုဟ် ပေါ် ရောက်နေသလို ခံစားနေရတာလဲ”
[t.n; ဆိုက်ဘာထရွန်- ထရန်စဖော်မာ ရုပ်ရှင် ဇာတ်လမ်းတွဲများထဲမှ စက်ရုပ်များ နေထိုင်ရာ ဂြိုဟ် ၏ အမည် ဖြစ်ပါသည်။]
“ဘာကြီးဖြစ်ဖြစ် ဂရုစိုက်စရာ မလိုဘူးလေ”
သူ၏ ဘေးရှိ 'ရွှေတူးသမား' ၏ မျက်လုံးများမှာ ဝိညာဉ်ကျောက်တုံး များနှင့်ပင် တူနေတော့၏။
“ဟို ပိုက်လုံး တွေကို ကြည့်စမ်း... အကုန်လုံး ကြေးနီ တွေနဲ့ လုပ်ထားတာကွ... ဟို ဂီယာ ဘီးကြီးတွေကို ကြည့်လိုက်ဦး... အကုန်လုံး သံမဏိ တွေချည်းပဲ”
“ဒါ မြို့တော် မဟုတ်ဘူး... ရွှေတွင်း ကြီးကွ”
“ညီအစ်ကိုတို့... ဖြုတ်ကြ... အကုန်လုံးကို ဖြုတ်ယူကြစမ်း... ဒီတစ်ခါတော့ ငါတို့ ချမ်းသာပြီဟေ့”
'ဖြိုခွင်းရေး တပ်ဖွဲ့' ကြီး ချက်ချင်း အသက်ဝင်သွားတော့သည်။ ကစားသမားများက ရူးသွပ်စွာ ပြေးဝင်သွားကြပြီး အချို့က ပိုက်လုံးများကို လွှဖြင့် တိုက်နေကြကာ အချို့က ဂီယာ ဘီးကြီးများကို သံတူများဖြင့် ထုနှက်နေကြသည်။
အလယ်ပိုင်း လွင်ပြင် ၏ မြေပြင်ပေါ်တွင် သံတိုသံစ အပိုင်းအစလေး တစ်ခုကပင် ပိုက်ဆံ ရနိုင်သည် မဟုတ်ပါလား။ ဤနေရာကြီးကတော့ လုံးဝကို နိဗ္ဗာန်ဘုံ ကြီးပင်။
... ... ...
မြို့လယ် ရင်ပြင်ကြီး။
စွန့်စားလိုသော ကစားသမား တစ်သိုက် ဤနေရာသို့ ရောက်ရှိလာကြ၏။ ရင်ပြင်၏ အလယ်ဗဟိုတွင် အရပ်ရှည်ရှည် 'ရုပ်တု' ကြီး နှစ်တန်း မတ်တတ်ရပ်နေ၏။ ၎င်းတို့မှာ အမြင့် သုံးမီတာ ခန့် ရှိပြီး ငွေရောင် သန်းနေသော မီးခိုးရောင် ရှိကာ လူသား ပုံစံ ပေါက်သော်ငြား တုတ်ခိုင်လှသော ခြေလက်များ ရှိပြီး ရင်ဘတ်တွင် အရောင်မှိန်နေသော သလင်းကျောက် တစ်ခုစီ တပ်ဆင်ထားသည်။ သူတို့၏ မျက်နှာပြင်များပေါ်တွင် ဖုန်မှုန့်များနှင့် သံချေးများ ဖုံးလွှမ်းနေသည် မှန်သော်ငြား သူတို့၏ စွမ်းအားကြီးမားလှသော စက်မှုလုပ်ငန်း ဒီဇိုင်းက ဖိနှိပ်နိုင်သော အရှိန်အဝါ တစ်ခုကို ထုတ်လွှတ်နေဆဲ ဖြစ်သည်။
“ဒါ ဘာကြီးလဲ... စဉ့်ရုပ် တပ်မတော် ကြီးလား”
ကစားသမား 'ရွှယ်တောက်နျန်' က သိချင်စိတ်ဖြင့် အနားသို့ တိုးကပ်သွားပြီး ရုပ်တု ၏ ပေါင်ကို ခေါက်ကြည့်လိုက်၏။
“ဒေါက်... ဒေါက်...”
အသံက ကြည်လင်ပြီး အလွန်တရာ မာကျောလှပေသည်။
“ရတနာ ကြီးပဲကွ”
'ရွှယ်တောက်နျန်' က လက်နှစ်ဖက်ကို ပွတ်သပ်ကာ စိတ်လှုပ်ရှားစွာ ဆိုလိုက်၏။
“ဒါကြီးကို သယ်သွားပြီး အင်မော်တယ် ဂူ ရဲ့ အဝင်ဝမှာ ထားလိုက်ရင် တော်တော် မိုက်မှာပဲနော်... ဟို ကျောက်ခြင်္သေ့ တွေထက် အများကြီး ပိုခမ်းနားမှာ သေချာတယ်”
“လာကြ... ငါ့ကို ဝိုင်းကူကြပါဦး... ဒါကြီးကို သယ်သွားကြမယ်”
ကစားသမား အချို့က ဝိုင်းရံလာကြပြီး အချို့က ခြေထောက်ကို ဆွဲကာ အချို့က ပခုံးကို မလျက် အိပ်မောကျနေသော စက်ရုပ် ဘီလူးကြီး ကို လှဲချရန် ကြိုးစားကြတော့သည်။
“တစ်... နှစ်... သုံး... မ ဟေ့”
လုံးဝ မလှုပ်ချေ။ ဤအရာကြီးမှာ အလွန်အမင်း လေးလံလွန်းလှပြီး မြေကြီးနှင့် တစ်သားတည်း ဖြစ်နေသည့်အလား ပင်။
“သေစမ်း... တော်တော် လေးတာပဲကွ”
'ရွှယ်တောက်နျန်' က ဆဲဆိုလိုက်ပြီး ဂွ (မှော်ရတနာ) တစ်ချောင်းကို ဆွဲထုတ်လိုက်၏။
“သယ်သွားလို့ မရမှတော့... အစိတ်စိတ်အမွှာမွှာ ဖြုတ်သွားလိုက်မယ်ကွာ... ဒီ မျက်လုံး တွေက တော်တော် မိုက်တဲ့ပုံပဲ... ပတ္တမြား တွေနဲ့ လုပ်ထားသလိုပဲနော်...”
ပြောပြောဆိုဆိုနှင့် သူက ရုပ်တု ၏ ပခုံးပေါ်သို့ တွယ်တက်သွားပြီး ရုပ်တု ၏ တင်းကျပ်စွာ မှိတ်ထားသော မျက်လုံးများဆီသို့ ဂွ ကို လှမ်းလိုက်၏။
ဂွ က ရုပ်တု ၏ မျက်ခွံကို ထိမိသွားသည့် အခိုက်အတန့်လေးမှာပင်၊
“ကလင်... ”
သဲ့သဲ့လေးသာ ဖြစ်သော်ငြား ရှင်းလင်းပြတ်သားစွာ ကြားလိုက်ရသော စက်ယန္တရား လည်ပတ်သံလေး တစ်ခုက သေမင်းတမန် တိတ်ဆိတ်နေသော ရင်ပြင်ကြီးထဲတွင် ပဲ့တင်ထပ်သွားတော့သည်။
“ဟင်... အဲဒါ ဘာအသံလဲ”
'ရွှယ်တောက်နျန်' မှာ တစ်ခဏမျှ ရပ်တန့်သွား၏။
နောက်တစ်စက္ကန့်တွင် သူ၏ ခြေအောက်ရှိ 'ရုပ်တု' ကြီး ရုတ်တရက် တုန်ခါသွားတော့သည်။ ရင်ဘတ်ပေါ်ရှိ အရောင်မှိန်နေခဲ့သော သလင်းကျောက် ကြီး ချက်ချင်း လင်းလက်လာ၏။
အရင်ကလို အေးစက်သော အပြာရောင် မဟုတ်ဘဲ... မျက်စိကျိန်းမတတ် တောက်ပသော သွေးနီရောင် ပင် ဖြစ်တော့သည်။
“ဝှစ်... ”
ရုပ်တု ၏ ရုတ်တရက် ပွင့်လာသော မျက်လုံးများထဲမှ အနီရောင် လေဆာတန်း နှစ်ခု ပန်းထွက်လာပြီး အမှောင်ထုကြီးကို တိုက်ရိုက် ထိုးဖောက်သွားတော့၏။ 'နဂါး ဝတ်စုံ အေ' မှာ ဘာမှ ပြန်မလုပ်နိုင်မီမှာပင် သူ၏ ခြေထောက်များ မြေကြီးထဲသို့ ကျွံဝင်သွားသည်ကို ခံစားလိုက်ရသည်။ ဧရာမ အေးစက်သော သတ္တု လက်ကြီး တစ်ဖက်က အံ့မခန်း မြန်ဆန်လှသော အရှိန်ဖြင့် သူ၏ ခေါင်းကို ချက်ချင်း ဖမ်းဆုပ်လိုက်၏။
“ဟေး... ဟေး... ညီအစ်ကို... ဒီ ရုပ်တု ကြီးက အသက်ရှင်နေတာလား”
'ရွှယ်တောက်နျန်' မှာ လေထဲတွင် ခြေပစ်လက်ပစ် လူးလွန့်နေပြီး အခြေအနေ၏ ကြီးလေးမှုကို သတိမထားမိသေးဘဲ အော်ဟစ်နေ၏။
“မြန်မြန်..စခရင်ရှော့ ရိုက်ထားလိုက်... ဖိုရမ် ပေါ် တင်ရမယ်ကွ”
“ဝီ... ”
စက်ရုပ် ဘီလူးကြီး က သူ၏ ခေါင်းကို ဖြည်းညင်းစွာ လှည့်လိုက်ရာ ခံစားချက် ကင်းမဲ့နေသော အနီရောင် အီလက်ထရောနစ် မျက်လုံးကြီးများက သူ၏ လက်ထဲရှိ ပုရွက်ဆိတ် လေးကို စိမ်းစိမ်းကြီး ကြည့်နေ၏။ နားကွဲမတတ် စူးရှသော သတ္တုသံ ပါဝင်သည့် စက်ရုပ် အသံကြီး တစ်ခုက သူ၏ လည်ချောင်းထဲမှ ထွက်ပေါ်လာတော့သည်။
“သတိပေးချက်... သဘာဝ သက်ရှိများ ကျူးကျော်ဝင်ရောက်လာမှုကို တွေ့ရှိရပါတယ်...
အဆင့်သတ်မှတ်ချက် - ရန်သူ့ ပစ်မှတ်။
လုပ်ငန်းစဉ် အသက်သွင်းခြင်း - အမြစ်ပြတ် သတ်ဖြတ် ရှင်းလင်းခြင်း..”
“ဗြစ်... ”
ကစားသမားများ ဘာမှ ပြန်မလုပ်နိုင်မီမှာပင် စက်ရုပ် ဘီလူးကြီး ၏ လက်ကြီးက ရုတ်တရက် ဆွဲညှစ်လိုက်ရာ 'နဂါး ဝတ်စုံ အေ' ၏ ခေါင်းမှာ ခရမ်းချဉ်သီး တစ်လုံးပမာ ပေါက်ကွဲထွက်သွားတော့သည်။ 'နဂါး ဝတ်စုံ အေ' ၏ ခေါင်း ပေါက်ကွဲသွားပြီးနောက် အဖြူရောင် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားကာ ရှင်သန်ပြန်ထမြောက်ရေး စမ်းရေပမ်း ဆီသို့ ပြန်ရောက်သွားသည်။
နေရာတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။ ကျန်ရှိနေသော ကစားသမားများမှာ ဤမြင်ကွင်းကို ကြည့်ကာ လုံးဝ ဆွံ့အသွားကြပြီး သူတို့၏ လက်ထဲမှ ဂွ များပင် မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။
“တစ်ချက်တည်း... တစ်ချက်တည်းနဲ့ သေသွားတာလား”
“သူက အခြေခံတည်ဆောက်ခြင်းအဆင့် ကစားသမား နော်... သွေးအပြည့် ရှိနေတာကို တစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတာလား”
သူတို့ အော်ဟစ်ရန် အချိန်ပင် မရလိုက်ချေ။
“ချွင်... ချွင်... ချွင်... ချွင်... ”
ရင်ပြင်ကြီးထဲရှိ ယခင်က ငြိမ်သက်နေခဲ့သော 'စဉ့်ရုပ် တပ်မတော်' နှစ်တန်းလုံး၏ ရင်ဘတ်ပေါ်ရှိ သလင်းကျောက် များ တစ်လုံးပြီးတစ်လုံး လင်းလက်လာကြတော့သည်။ အမှောင်ထုထဲတွင် အနီရောင် အီလက်ထရောနစ် မျက်လုံးအစုံများ ပွင့်ဟလာရာ သွေးရောင် လွှမ်းနေသော ကြယ်တာရာ ကောင်းကင်ကြီး တစ်ခုနှင့်ပင် တူနေလေတော့သည်။
“ဒုန်း... ဒုန်း... ဒုန်း... ”
လေးလံလှသော ခြေသံကြီးများကြောင့် မြေကြီးပင် တုန်ခါသွားသည်။ 'အလိုအလျောက် စက်ရုပ် ကာကွယ်သူများ' ဒါဇင်ပေါင်းများစွာသည် တောင့်တင်းသော်ငြား သတ်ဖြတ်လိုသော ရည်ရွယ်ချက်များ အပြည့်အနှက် ပါဝင်သည့် ခြေလှမ်းများဖြင့် ကစားသမားများကို ဝိုင်းရံလာကြတော့သည်။
“ပြေးကြ... ပြေးကြဟေ့”
“ဒီ မိစ္ဆာကောင် တွေက ငါတို့ တိုက်လို့နိုင်မယ့် အကောင်တွေ မဟုတ်ဘူး... ဒါ ဘော့စ်ကြီးတွေရဲ့ အသိုက် ကြီးပဲကွ”
ကစားသမားများမှာ နောက်ဆုံးတွင် လုံးဝ ပြိုလဲသွားကြပြီး သူတို့၏ သံတိုသံစ များကို စွန့်ပစ်ကာ အဝင်ဝဆီသို့ ငိုယို အော်ဟစ်လျက် အသက်လု ထွက်ပြေးကြတော့သည်။
သို့သော် စက်ရုပ် ကာကွယ်သူများ က နောက်သို့ လိုက်မလာကြချေ။ ကာကွယ်သူ တစ်ကောင်က ညာဘက် လက်မောင်းကို မြှောက်လိုက်ရာ သံချပ်ကာ ပြားများ ပွင့်ထွက်သွားပြီး မည်းမှောင်နေသော သေနတ်ပြောင်းဝ ကြီးတစ်ခု ပေါ်ထွက်လာ၏။ သေနတ်ပြောင်းဝ ကြီး စတင် လည်ပတ်လာပြီး အပြာရောင် ဝိညာဉ်စွမ်းအင် များက ပြောင်းဝတွင် စုစည်းလာတော့သည်။
“ဒိုင်း... ဒိုင်း... ဒိုင်း... ဒိုင်း... ဒိုင်း... ဒိုင်း... ”
အပြာရောင် ဝိညာဉ်စွမ်းအင် ကျည်ဆန်များက မုန်တိုင်း တစ်ခုပမာ ရွာချလာတော့သည်။ ဤအရာများကား သာမန် ကျည်ဆန်များ မဟုတ်ဘဲ အလွန်အမင်း ဖိသိပ်ထားသော ဝိညာဉ်စွမ်းအင် အတုံးအခဲများ ပင် ဖြစ်သည်။ ရှေ့ဆုံးမှ ပြေးနေသော ကစားသမားများမှာ ချက်ချင်းဆိုသလို ဇကာပေါက် ပမာ ဖြစ်သွားကြပြီး သူတို့၏ ကာကွယ်ရေး ဝိညာဉ် ဒိုင်းလွှား များမှာ ဤ ကျည်ဆန်များ အရှေ့တွင် စက္ကူ တစ်ရွက်ပမာ အလွယ်တကူ စုတ်ပြဲသွားခဲ့တော့၏။
“အား... ငါ့ခြေထောက်”
“ကယ်ပါဦး... ဒီ မိစ္ဆာကောင် တွေက မှော်မန္တန် တွေ သုံးတတ်တယ်ဟေ့”
“အဲဒါ စက်သေနတ်ကြီး မလား... အင်မော်တယ် လောက မှာ ဘာလို့ စက်သေနတ် ကြီး ရှိနေရတာလဲကွာ”
တစ်မိနစ်လေး အတွင်းမှာပင် ကစားသမား ငါးဆယ်ခန့် ပါဝင်သော ရှေ့ပြေး စူးစမ်းရှာဖွေရေး အဖွဲ့ကြီး လုံးဝ ပြုတ်ဖြုတ် ရှင်းလင်းခံလိုက်ရတော့၏။ ကျိုးပဲ့နေသော လက်နက်ပစ္စည်း အပုံလိုက်ကြီး နှင့် ယခင်ကအတိုင်း အေးစက်ပြီး ဘာမှ မဖြစ်ခဲ့သည့်အလား တိတ်ဆိတ်နေသော သံမဏိ ရင်ပြင်ကြီး သာ ကျန်ရစ်တော့သည်။
ရင်ပြင် ၏ အနက်ရှိုင်းဆုံး နေရာ၊ အမြင့်ဆုံး ဇောက်ထိုး မျှော်စင်ကြီး ၏ အတွင်း၌ မရေမတွက်နိုင်သော ဒေတာ အချက်အလက်များ မျက်နှာပြင်များပေါ်တွင် ရူးသွပ်စွာ စီးဆင်းနေ၏။ အေးစက်ပြီး ခမ်းနားကြီးကျယ်လှသော အသိစိတ်ကြီး တစ်ခုက ဖြည်းညင်းစွာ နိုးထလာနေတော့၏။
“သတိပေးချက်ကို ဖျက်သိမ်းလိုက်ပါပြီ... ကျူးကျော်သူများကို အမြစ်ပြတ် ရှင်းလင်းပြီးပါပြီ။
ဝိညာဉ်စွမ်းအင် သိပ်သည်းဆ မြင့်မားသော အရင်းအမြစ်များကို တွေ့ရှိရပါတယ်...
စွမ်းအင် စနစ်... ပြန်လည် စတင်နေပါတယ် ...
စက်မှုနည်းပညာ မိစ္ဆာ ဘာသာရေး ဂိုဏ်း၊ ခိုလှုံရေး စခန်း နံပါတ် ၇၃... လိုင်းပေါ် ရောက်ရှိလာပါပြီ”
အခန်း (၂၄၀) - ရုပ်ပိုင်းဆိုင်ရာ သရဲ နှင်ထုတ်ခြင်း.. အကြောက်တရား အားလုံး ဟာ လွှမ်းခြုံ ပစ်ခတ်မှု အင်အား မလုံလောက်ခြင်း ကနေ မြစ်ဖျားခံ လာတာပဲ
ကွေ့ယွမ်ဂိုဏ်း ရှင်သန်ပြန်ထမြောက်ရာ ရင်ပြင် တွင် ဖြစ်၏။
အဖြူရောင် အလင်းတန်း များ တဖျတ်ဖျတ် လင်းလက်လာပြီး လျှို့ဝှက် နယ်မြေ ထဲတွင် ယခုလေးတင် အမြစ်ပြတ် ရှင်းလင်း ခံလိုက်ရသော ရှေ့ပြေး ကင်းထောက် အဖွဲ့ဝင် ငါးဆယ် တိတိ မှာ ခါးအောက်ပိုင်း တွင် ဘာအဝတ်အစား မျှ မပါဘဲ ရေပန်း ကြီး ထဲမှ ထွက်ပေါ်လာကြ၏။
သူတို့သည် အဆင့် များ ကျဆင်းသွားပြီး လက်နက်ပစ္စည်း များ ဆုံးရှုံးသွားခဲ့ရသည် မှန်သော်ငြား သူတို့၏ မျက်နှာ ပေါ်တွင် မည်သည့် စိတ်ပျက် အားငယ်မှု အရိပ်အယောင် မျှ မရှိကြချေ။ ထိုအစား ထီ ပေါက်သွားသည့်အလား လူတိုင်း၏ မျက်နှာ ပေါ်တွင် စိတ်လှုပ်ရှား ပျော်ရွှင်မှု များ ပြည့်နှက်နေတော့သည်။
"ညီအစ်ကိုတို့ ငါ ပြောတာ နားထောင်ကြစမ်း ..အဲဒါက လုံးဝကို ဧရာမ မြေပုံ အသစ် ကြီးပဲဟေ့"
ကစားသမား ရွှယ်တောက်နျန် သည် သူ၏ ဘောင်းဘီ ကို ဆွဲတင်ရင်း အော်ဟစ်လိုက်၏။
"ဟို မွန်းစတား ကြီး တွေ ရဲ့ ပျက်စီးဆုံးရှုံးမှု စွမ်းအား က ယုံနိုင်စရာ မရှိလောက်အောင် မြင့်မားပေမဲ့ တကယ်တမ်း ကျတော့ သူတို့ရဲ့ ကာကွယ်ရေး က အဲဒီလောက်ကြီး မမြင့်ပါဘူးကွာ.. ငါ့ရဲ့ ဂွ ကြီး နဲ့ ရိုက်လိုက်တာတောင် အရာ ထင်သွားသေးတယ်ကွ"
"ပြီးတော့ စဉ်းစား ကြည့်ကြလေ.. ဒီလောက် အစွမ်းထက်တဲ့ မွန်းစတား ကြီးကို သတ်နိုင်ရင် ဒဏ္ဍာရီလာ သယံဇာတ တွေ ချပေးမှာ သေချာတယ် မလား.. တကယ်လို့များ ဂန်းဒမ်း စက်ရုပ် ကြီး တောင် ချပေးနိုင်သေးတယ်ဟေ့"
"ဟုတ်တယ်.. ရဲရင့်တဲ့ သူ ကို မှ ကံကြမ္မာ က မျက်နှာသာ ပေးတာကွ"
"စောစောက ငါတို့ ရှုံးသွားတာ.. သေချာ မပြင်ဆင် သွားလို့ပါကွာ။ ငါတို့ရဲ့ မှော်မန္တန် တွေ က သံမဏိ တွေ ပေါ်ကနေ ပြန်ကန်ထွက် လာတာကိုး.. ဒီတစ်ကြိမ် တော့ တခြား နည်းလမ်း ကို ပြောင်းသုံးကြတာပေါ့ဟေ့"
လူအုပ်ကြီး အကြားမှ သေဆေး ဖော်စပ်သူ များ အသင်း ၏ ဥက္ကဋ္ဌ ဖြစ်သော ဘရိတ်ကင်းဘတ် သည် သွေးနီရောင် ဆေးလုံး တစ်လုံး ကို ပါးနပ် စဉ်းလဲစွာ ဆွဲထုတ်လိုက်၏။ ထို ဆေးလုံး ၏ မျက်နှာပြင် မှာ မညီမညာ ဖြစ်နေပြီး ကန့် နံ့ များ ထွက်ပေါ်နေသဖြင့် လူသား များ စားသုံးရန် ဖော်စပ်ထားခြင်း မဟုတ်ကြောင်း ရှင်းလင်းစွာ သိနိုင်ပေသည်။
"ဒါက ငါ အသစ် တီထွင် ဖော်စပ်ထားတဲ့ အပူလွန်ကဲ ပေါက်ကွဲရေး ဆေးလုံး လေးပဲ၊ သူတို့က သံမဏိ တွေ နဲ့ လုပ်ထားတာ ဆိုမှတော့ အဲဒီ သံ တွေကို အရည်ပျော်သွားအောင် လုပ်ပစ်လိုက်မယ်ကွာ"
သူ၏ ဘေးနားရှိ ပေါက်ကွဲရေး အနုပညာ ကလည်း ခေါင်းတလား အရွယ်အစား ခန့် ရှိသော မန္တန် အဆောင် အထုပ် ကြီးကို ပခုံးပေါ် ထမ်းတင်လိုက်၏။
"စက်မှုနည်းပညာ အဆင့်တက်ခြင်း ဟုတ်လား ဒီနေ့ သူတို့ကို ရုပ်ပိုင်းဆိုင်ရာ အဆင့်တက်ခြင်း ဘယ်လို လုပ်ရလဲ ဆိုတာ ငါ ပြပေးမယ်ကွ"
"သွားကြမယ် ဒီ အကြွေး ကို အခုချက်ချင်း သွားရှင်းကြမယ်ဟေ့"
မြေအောက် မီတာ သုံးထောင် ခန့် အနက်ရှိ အမှတ် ခုနစ်ဆယ့်သုံး ဘေးကင်းရာ သိုလှောင်ခန်း ရင်ပြင် တွင် ဖြစ်ချေသည်
စက်ရုပ် အစောင့်အကျပ် ဒါဇင်ပေါင်းများစွာ မှာ အိပ်စက်ခြင်း မုဒ် ထဲသို့ ယခုလေးတင် ဝင်ရောက်သွားကြပြီး သူတို့၏ အနီရောင် အီလက်ထရောနစ် မျက်လုံးများ မှာ ဖြည်းညင်းစွာ မှိတ်ကျသွား၏။
ထိုစဉ် အထက်ရှိ ဧရာမ တွင်းပေါက်ကြီး ဆီမှနေ၍ ဆူညံ ပွက်လောရိုက်နေသော အော်ဟစ်သံကြီးများ တစ်ဖန် ပြန်လည် ထွက်ပေါ်လာပြန်သည်
"မြေး လေးတို့ရေ မင်းတို့ရဲ့ အဘိုး ကြီး ပြန်ရောက်လာပြီကွ"
"ဒီ တရားမျှတမှု ရဲ့ သံမဏိ လက်သီး ကို သာ မြည်းစမ်း ကြည့်လိုက်စမ်း"
ကစားသမား မရေမတွက်နိုင်အောင် များပြားလှသည့် အရာများ က မိုးရွာချသည့်အလား အောက်ဘက် သို့ ခုန်ဆင်းလာကြတော့သည်။ ဤတစ်ကြိမ် တွင်မူ သူတို့သည် မြေကြီး နှင့် ထိသည် နှင့် တစ်ပြိုင်နက် သေဆုံးသွားခြင်း မရှိတော့ဘဲ မြေကြီး ပေါ်သို့ မရောက်မီ လေးမှာပင် အရူး များပမာ ပစ္စည်း များကို ဆက်တိုက် ပစ်ပေါက် နေကြ၏။
"ဒါလေး ယူလိုက်ဦး ..အပူလွန်ကဲ ပေါက်ကွဲရေး လက်ပစ်ဗုံး ဟေ့"
ဘရိတ်ကင်းဘတ် သည် အရှေ့ဆုံး မှ စက်ရုပ် အစောင့် ကြီး ၏ ကိုယ်ပေါ်သို့ အထူး ဆေးလုံး များ ပါဝင်သော သံဘူး ကြီး ကို ပြင်းထန်စွာ ပစ်ပေါက်လိုက်၏။
“ရှဲ”
ဆေးလုံး ကြီး ပေါက်ကွဲ သွားပြီး မျက်စိတစ်မှိတ်အတွင်း ဒီဂရီ ထောင်ပေါင်းများစွာ ပူပြင်းလှသော မီးတောက် ကြီးများ အဖြစ်သို့ ပြောင်းလဲသွားတော့သည်။ မာကျောလှသော သတ္တုစပ် သံချပ်ကာ ကြီးမှာ ပြင်းထန်လှသော အပူဒဏ် အောက်တွင် ဖယောင်းတိုင် ပမာ အရည်ပျော် ကျသွားပြီး အတွင်းရှိ ဝိုင်ယာကြိုး များနှင့် အရိုးစု ကြီးကို ပင် မြင်တွေ့လာရတော့သည်။
စက်ရုပ် အစောင့် ကြီးမှာ အသက်ဝင်လာရန် အချိန်ပင် မရလိုက်မီ သူ၏ အူတိုင် ကြီး မီးလောင် ကျွမ်းသွားသဖြင့် ကလစ် ကနဲ မြည်ကာ မြေကြီးပေါ်သို့ ပျော့ခွေ လဲကျသွားတော့သည်။
"အလုပ်ဖြစ်တယ်ဟေ့ ညီအစ်ကိုတို့ မီး တိုက်ခိုက်မှု က အလုပ်ဖြစ်တယ်ကွ"
ထို့နောက် ချက်ချင်းဆိုသလိုပင် ပေါက်ကွဲရေး အနုပညာ ၏ ဦးတည်ချက် ထား ပေါက်ကွဲရေး မန္တန် အဆောင် များ ရောက်ရှိလာတော့သည်။ သူ က ၎င်းတို့ကို အရပ်မျက်နှာအနှံ့ ရမ်းသန်း ပစ်ပေါက်နေခြင်း မရှိဘဲ စက်ရုပ် အစောင့် ကြီး၏ အဆစ် အပိုင်း များ ပေါ်သို့ သေသေချာချာ ရည်ရွယ်ချက် ရှိရှိ ကပ်ထားလိုက်၏။
"အနုပညာ ဆိုတာ ပက်ထရစ် စတား ပဲကွ"
“ဝုန်း ဝုန်း ဝုန်း”
နားကွဲမတတ် ဆူညံလှသော ပေါက်ကွဲသံကြီး များ က ရင်ပြင် ကြီး တစ်ခုလုံး သို့ ပဲ့တင်ထပ်သွားတော့သည်။ စက်သေနတ် ကြီးများကို မြှောက်တင်ရန် ပြင်နေသော အစောင့် အချို့ မှာ သူတို့၏ လက်မောင်း များ ပြတ်ထွက်သွားခဲ့လေပြီ။ ပြတ်တောက်သွားသော ဓာတ်အားပေး ကြိုး များမှာ ရှဲ ကနဲ မြည်ကာ မီးပွား များ တဖျတ်ဖျတ် လင်းလက်နေပြီး ခေါင်းဖြတ် ခံထားရသော ယင်ကောင် များပမာ ရည်ရွယ်ချက် မရှိဘဲ လည်ပတ်နေကြတော့၏။
"ဟားဟားဟားဟား ..အကြောက်တရား အားလုံး ဟာ လွှမ်းခြုံ ပစ်ခတ်မှု အင်အား မလုံလောက်ခြင်း ကနေ မြစ်ဖျားခံ လာတာပဲကွ"
"ဘာ ဆိုက်ဘာထရွန် လဲကွာ ..ကျင့်ကြံခြင်း လောက ရဲ့ ပေါက်ကွဲရေး လက်နက် အထုပ် ကြီးတွေ ရဲ့ အရှေ့မှာတော့ သံတိုသံစ တွေ သက်သက် ပါပဲကွ"
ကစားသမား များ၏ တိုက်ပွဲဝင် စိတ်ဓာတ် ကြီးမှာ အမြင့်ဆုံး သို့ ရောက်ရှိသွားပြီး သူတို့၏ သွက်လက်လှသော လှုပ်ရှားမှု များနှင့် ကိုယ်ကျင့်တရား ကင်းမဲ့လှသော ရုပ်ပိုင်းဆိုင်ရာ သရဲ နှင်ထုတ်ခြင်း နည်းလမ်း များကို အသုံးပြုကာ ဤ စက်ရုပ် အစောင့် တစ်သုတ် လုံးကို အံ့အားသင့်ဖွယ် ကောင်းလောက်အောင် ဖိနှိပ်ထားနိုင်ခဲ့ကြ၏။
ရင်ပြင် ကြီး ၏ ထောင့် တစ်နေရာ အထီးကျန် နေသော စက်ရုပ် အစောင့် တစ်ရုပ် ၏ ဘေးတွင် ဖြစ်ချေသည်။
လက်နက် ဖန်တီးရေး ဂိုဏ်း မှ ထိပ်တန်း ကစားသမား တစ်ယောက် ဖြစ်သော လက်မှုပညာရှင် ကန် သည် တိုင် ကြီး တစ်တိုင် ၏ အနောက်တွင် ပုန်းအောင်းနေပြီး ကစားသမား များနှင့် အသေအလဲ တိုက်ခိုက်နေသော စက်ရုပ် အစောင့် ကြီးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေ၏။
သူ၏ မျက်လုံးများထဲတွင် မည်သည့် လူသတ်ချင်သော အရိပ်အယောင် မျှ မရှိဘဲ ထူးဆန်းသော ရူးသွပ် စွဲလမ်းမှု မျိုး သာ ပြည့်နှက်နေတော့သည်။
"အရမ်း လှပတာပဲကွာ၊ ဒီ ဟိုက်ဒရောလစ် ဂီယာ အကူးအပြောင်း စနစ် တွေ.. ဒီ အစိတ်အပိုင်း လိုက် တပ်ဆင်ထားတဲ့ သံချပ်ကာ တွေ.."
"ငါ သာ ဒါကြီး ကို အိမ် ပြန်သယ်သွားပြီး အစိတ်စိတ်အမွှာမွှာ ဖြုတ်လို့ သုတေသန လုပ်နိုင်မယ် ဆိုရင် .. ငါ့ရဲ့ အလိုအလျောက် လက်နက် ဖန်တီးရေး စက် ကြီး တောင် အဆင့်မြှင့်တင် လို့ ရသွားနိုင်တယ်ဟေ့"
သို့သော် ဤ သတ္တဝါကြီး အသက်ရှင်နေသရွေ့ ပြင်းပြင်းထန်ထန် ခုခံနေမည် ဖြစ်ပြီး၊ တကယ်လို့ သတ်ပစ်လိုက်ပါကလည်း အလိုအလျောက် ပေါက်ကွဲ ပျက်စီးသွားမည် ဖြစ်သဖြင့် အကောင်းပကတိ အတိုင်း သယ်ဆောင်သွားရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ကြောင်းကို သူ ကောင်းစွာ သိရှိထား၏။
'ဘာလုပ်ရမလဲ ၊ အကောင်းပကတိ အတိုင်း ရအောင် ဘယ်လို လုပ်ရမလဲ'
ရုတ်တရက် လက်မှုပညာရှင် ကန် ၏ ခေါင်းထဲတွင် အကြံဉာဏ် တစ်ခု လင်းလက်သွားတော့သည်။ စာကြည့်တိုက် ထဲတွင် သူ ဖတ်ရှုခဲ့ဖူးသော ထူးဆန်းသည့် လျှို့ဝှက် သိုင်းကျမ်း တစ်အုပ်ကို သွားသတိရလိုက်ခြင်း ပင် ဖြစ်၏။
ဝိညာဉ် ခွဲဝေပြီး ခန္ဓာကိုယ်ကို လုယူခြင်း ကျင့်စဉ် ပင် ဖြစ်ချေသည်။ ဤ ကျင့်စဉ်မှာ မူလက မိစ္ဆာ ကျင့်ကြံသူများ အသုံးပြုလေ့ ရှိသော အခြားသူများ၏ ခန္ဓာကိုယ်ကို အတင်းအကြပ် လုယူသည့် တားမြစ် ကျင့်စဉ်ကြီး တစ်ခု ဖြစ်၏။ သို့သော် ထို ကျင့်စဉ်မှာ ခန္ဓာကိုယ်၏ ငြင်းပယ်မှု တုံ့ပြန်ချက် ရှိပြီး မူလ ပိုင်ရှင်၏ ဝိညာဉ် ကြောင့် ပြန်လည် ထိခိုက်ခံရနိုင်ခြေ များပြားသဖြင့် အသုံးမဝင်သော အမှိုက် ကျင့်စဉ်ကြီး တစ်ခု အဖြစ် သတ်မှတ်ခံထားရသည်။
'ဒါပေမဲ့...'
လက်မှုပညာရှင် ကန် က အေးစက်နေသော စက်ရုပ်ကြီးကို စိုက်ကြည့်ရင်း သူ၏ မျက်လုံးများထဲတွင် ရူးသွပ်သော အရိပ်အယောင်များ တဖျတ်ဖျတ် လင်းလက်လာတော့၏။
'ဒီ သံတုံးကြီး ထဲမှာ ဝိညာဉ် မှ မရှိတာ၊ ဝိညာဉ် မရှိရင် ပြန်လည် တုံ့ပြန် တိုက်ခိုက်မှု လည်း မရှိနိုင်ဘူးလေ၊ သက်ရှိ ခန္ဓာကိုယ် မဟုတ်ရင်.. ငြင်းပယ်မှု လည်း မရှိနိုင်ဘူးပေါ့ကွ ၊ ဒါကြီး က အခေါင်းပေါက်ကြီးပဲ ပြီးပြည့်စုံတဲ့ ကွန်တိန်နာ အခွံကြီး တစ်ခု သက်သက်ပဲဟေ့'
“စက်ဘီး ကနေ မော်တော်ဆိုင်ကယ် ဖြစ်သွားအောင်. လောင်းကစား တစ်ပွဲ လောက် လုပ်ကြည့်လိုက်မယ်ကွာ”
လက်မှုပညာရှင် ကန် က အံကို ကြိတ်ကာ တင်ပျဉ်ခွေ ထိုင်လိုက်ပြီး လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်၏။ သူ၏ ခေါင်းပေါ်မှနေ၍ တပိုင်း ပွင့်လင်းနေသော ဝိညာဉ် ပုံရိပ်ကြီး တစ်ခု လွင့်မျော ထွက်ပေါ်လာပြီး သေရမည်ကို မကြောက်သော အဟုန်ဖြင့် စက်ရုပ် အစောင့်ကြီး ဆီသို့ ရူးသွပ်စွာ ပြေးဝင်သွားတော့သည်။
ဝှစ် ကနဲ အသံနှင့်အတူ သေနတ် ပစ်ခတ်နေသော စက်ရုပ် အစောင့်ကြီးမှာ ရုတ်တရက် အေးခဲ သွားတော့၏။ သူ၏ အနီရောင် အီလက်ထရောနစ် မျက်လုံးများမှာ အနီ နှင့် အပြာ တစ်လှည့်စီ ပြင်းထန်စွာ တဖျတ်ဖျတ် လင်းလက်လာတော့သည်။ သူ၏ ခန္ဓာကိုယ် အတွင်းရှိ လျှပ်စစ် စီးကြောင်းများမှာ ရူးသွပ်စွာ စီးဆင်းသွားပြီး စွမ်းအင် လွန်ကဲနေသော ရှဲ ကနဲ ညည်းညူသံကြီးကို ထုတ်လွှတ်နေတော့၏။
ပတ်ဝန်းကျင်ရှိ ကစားသမားများမှာ လန့်ဖျပ်သွားကြ၏။
“သောက်ကျိုးနည်း.. ဒီ ဘော့စ်ကြီး ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲတော့မလို့လား”
“အစ်ကို ကန် ပြေးလေ..ခင်ဗျားရဲ့ ဝိညာဉ်ကြီး ဘယ်ရောက်သွားတာလဲ”
လက်မှုပညာရှင် ကန် တစ်ယောက် အမှားအယွင်းကြီး တစ်ခု လုပ်လိုက်ပြီ ဟု လူတိုင်း ထင်မှတ်လိုက်သည့် အချိန်လေးမှာပင် စက်ရုပ် အစောင့်ကြီးမှာ ရုတ်တရက် တုန်ခါနေမှုများ ရပ်တန့်သွားတော့သည်။ လူသတ်ချင်သော အရိပ်အယောင်များ ပြည့်နှက်နေသည့် သွေးကဲ့သို့ နီရဲနေသော အီလက်ထရောနစ် မျက်လုံးများမှာ အကြိမ်အနည်းငယ် တဖျတ်ဖျတ် လင်းလက်သွားပြီးနောက် အလွန်တရာ လိမ္မာပါးနပ်ဟန် ရှိသော ဟက်စကီး ခွေးကြီး တစ်ကောင်၏ အပြာရောင် မျက်လုံးများ အဖြစ်သို့ ပြောင်းလဲသွားတော့၏။
သူက သူ၏ ခေါင်းကို ဖြည်းညင်းစွာ ငုံ့လိုက်ပြီး သူ၏ သံမဏိ လက်များကို ကြည့်ကာ မြေကြီးကို ခြေထောက်ဖြင့် တစ်ချက် ဆောင့်နင်း ကြည့်လိုက်သည်။ ထို့နောက် ကစားသမား ရာပေါင်းများစွာ၏ တွေဝေ ကြောင်တောင်တောင် ဖြစ်နေသော အကြည့်များ အောက်တွင် မီတာ သုံးဆယ်ခန့် မြင့်မားသော ဤ ဧရာမ သံမဏိ ဘီလူးကြီးသည် သူ၏ ခါးကို လက်ဖြင့် ထောက်လိုက်၏။ ဧရာမ သံမဏိ တင်ပါးကြီးကို လှုပ်ခါကာ အလွန်တရာ အထာကျပြီး အလွန်တရာ သွက်လက် ချောမွေ့လှသော လက်ပြ နှုတ်ဆက်သည့် ဟန်ပန်ကြီး တစ်ခုကို လုပ်ပြလိုက်တော့သည်။
ထို့နောက် ချက်ချင်းဆိုသလိုပင် ထို သံတုံးကြီး၏ အသံချဲ့စက် မှတစ်ဆင့် လက်မှုပညာရှင် ကန် ၏ ရင်းနှီးကျွမ်းဝင် နေပြီး ခပ်ဩဩ အသံကြီး ထွက်ပေါ်လာတော့၏။
“ဟယ်လို.. မိုက်ကရိုဖုန်း စမ်းနေပါတယ်ဗျာ”
“အို.. ဘုရားရေ ..ညီအစ်ကိုတို့ အောင်မြင်သွားပြီဟေ့ . ငါ အထဲကို ရောက်သွားပြီကွ”
“ဒီ ခန္ဓာကိုယ်ကြီး က တကယ် မိုက်တာပဲကွာ ၊ ခါး လည်း မနာတော့ဘူး ၊ခြေထောက် လည်း မကိုက်တော့ဘူး၊ နွားသိုး ဆယ်ကောင် လောက်ကိုတောင် လက်သီး နဲ့ ထိုးသတ်နိုင်မယ် လို့ ခံစားနေရတယ်ဟေ့”
ရင်ပြင်ကြီး တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။ ကစားသမားများမှာ လန့်ဖျပ်ပြီး သူတို့၏ လက်ထဲရှိ ပေါက်ကွဲရေး ပစ္စည်းများကိုပင် အောက်သို့ လွှတ်ချလိုက်မိကြ၏။
“ဝိညာဉ် ပူးကပ် တာလား”
“အစ်ကို ကန်.. ခင်ဗျားက ဂန်းဒမ်း စက်ရုပ်ကြီးကို ပူးကပ်လိုက်တာလား”
“ဝှက်သယ်ဖာ့ခ်..ဒီလို လုပ်လို့ ရတယ် တဲ့လား ဒါက စက်ရုပ် လေယာဉ်မှူးကြီး ဖြစ်သွားတာ မဟုတ်ဘူးလား”
လက်မှုပညာရှင် ကန် က သူ၏ ညာဘက် လက်မောင်းကြီးကို စိတ်လှုပ်ရှားစွာ မြှောက်လိုက်ပြီး စိတ်ထဲမှ အမိန့်ပေးလိုက်ရာ ‘ကလစ် ကလစ် ကလစ် ‘ ဆိုသော အသံများနှင့်အတူ သူ၏ လက်မောင်း ပေါ်ရှိ သံချပ်ကာများ ပွင့်ထွက်သွားပြီး မည်းမှောင်နေသော ဂက်တလင် စက်သေနတ်ကြီး၏ ပြောင်းဝများ ထွက်ပေါ်လာတော့သည်။
“ငါ့ကို ကြည့်ကြ ၊ ငါ့ကို ကြည့်ကြစမ်း ၊ ငါ သေနတ် ပစ်လို့ ရပြီဟေ့”
ဒိုင်း ဒိုင်း ဒိုင်း သူက မျက်နှာကျက် ဆီသို့ အတွဲလိုက် ပစ်ခတ်လိုက်ရာ အပြာရောင် မီးတောက်များ ပန်းထွက်သွားပြီး အလွန်တရာ ကျေနပ် အားရစွာဖြင့် အူမြူး အော်ဟစ်နေတော့၏။
ထို အခိုက်အတန့် တွင် ကစားသမားများ အားလုံး၏ မျက်လုံးများမှာ မနာလို ဝန်တိုမှုများ ကြောင့် အစိမ်းရောင်များ ပင် သန်းလာတော့သည်။ တစ်ချိန်က ကြောက်မက်ဖွယ်ကောင်းလှသော လူသတ် စက်ယန္တရားကြီး အဖြစ် မြင်တွေ့ခဲ့ရသော အရာများမှာ ယခုအခါ သူတို့၏ မျက်လုံးထဲတွင် အကန့်အသတ် ဖြင့်သာ ထုတ်လုပ်ထားသော အဆင့်မြင့် ပြိုင်ကားကြီး တစ်စီးပမာ ဖြစ်နေတော့၏။
“ငါ လည်း ဆော့ချင်တယ်ကွာ”
“ဖယ်ကြစမ်း၊ ဟို ခြေထောက် ကျိုးနေတဲ့ အကောင် က ငါ့အပိုင် ပဲနော်၊ ဘယ်ကောင်မှ မလုနဲ့ဟေ့”
“မြန်မြန်၊ မြန်မြန်၊ ဝိညာဉ် ထွက်ဖို့ ..တိတ်ဆိတ်တဲ့ နေရာလေး သွားရှာကြစမ်း”
ပြင်းထန်လှသော စစ်မြေပြင်ကြီးမှာ ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွားတော့သည်။ ကစားသမား ရာပေါင်းများစွာမှာ ဗုံး ပစ်ပေါက် နေသည်ကို ရပ်တန့်လိုက်ကြ၏။ တင်ပျဉ်ခွေ ထိုင်ရန် နေရာများ အလုအယက် ရှာဖွေနေကြသည်။ သူတို့၏ ဝိညာဉ်များကို ခန္ဓာကိုယ် မှ ထွက်ခွာစေပြီး လူဝင်စား ဖို့ အလုအယက် ပြေးလွှားနေကြသော ငတ်မွတ်နေသည့် တစ္ဆေကြီးများပမာ စက်ရုပ် အစောင့်ကြီးများ ထဲသို့ ဝင်ရောက်ရန် လုယက် နေကြတော့၏။
မိနစ် အနည်းငယ် အကြာတွင် ရင်ပြင်ကြီး အတွင်း၌ သေနတ် ပစ်ခတ်သံများ လုံးဝ ရပ်တန့်သွားခဲ့လေပြီ။ ထိုအစား ယိမ်းထိုး ယိမ်းထိုး ဖြင့် လမ်းလျှောက်နေကြပြီး အချင်းချင်း ဝင်တိုက် မိနေကြသည့် စက်ရုပ် အရူး တစ်သိုက် သာ ကျန်ရစ်တော့သည်။
“အား ..ဘယ်ကောင် က ငါ့ခြေထောက် ကို လာနင်းတာလဲကွ”
“ညီအစ်ကို.. မင်းရဲ့ မော်ဒယ် ကြီးက သောက်သုံး မကျဘူးကွာ ..လက် တစ်ဖက်တည်း ပါတာကိုး”
“ဟားဟားဟားဟား ..ငါ က အကြီးစား တိုက်ခိုက်ရေး မော်ဒယ် ကြီးကွ ..ငါ့ဆီမှာ အမြောက်ကြီး တောင် ပါတယ်ဟေ့”
ပြောင်းပြန် လှန်ထားသော မျှော်စင်ကြီး၏ အနက်ရှိုင်းဆုံး နေရာတွင် ယခုလေးတင် နိုးထလာခဲ့သော ဉာဏ်ရည်တု အူတိုင် စနစ်ကြီး ခမျာ စောင့်ကြည့် ကင်မရာ မှတစ်ဆင့် စက်ရုပ် အစောင့်ကြီးများ ရင်ပြင် ပေါ်တွင် ကခုန်နေကြသည်ကို ကြည့်ကာ နက်ရှိုင်းလှသော ယုတ္တိဗေဒ ချို့ယွင်းမှုကြီး တစ်ခု ထဲသို့ ကျဆင်းသွားတော့၏။
[သတိပေးချက်.. ယုတ္တိဗေဒ အမှားအယွင်း ဖြစ်ပေါ်နေပါတယ်]
[ရန်သူ့ ပစ်မှတ်များ ပေါင်းစည်း သွားပါတယ်၊ မဟာမိတ် တပ်ဖွဲ့များ အဖြစ်သို့ ပြောင်းလဲသွားပါသလား]
[ရလဒ်ကို တွက်ချက်၍ မရနိုင်ပါ၊ အူတိုင် တွက်ချက်ရေး စနစ် အပူလွန်ကဲ နေပါတယ်]
'ဒီ ကျင့်ကြံသူတွေက ကိုယ်ကျင့်တရား ဆိုတာကို မရှိကြဘူးပဲ၊ ဒါက ကျူးကျော် တိုက်ခိုက်တာ မဟုတ်ဘူး ၊ ဒါ ဗိုင်းရပ်စ် ဝင်လာတာပဲ’