← Chapters

အခန်း (၂၆၁-၂၆၂)

Vol. 27 Ch. 261-262

အခန်း (၂၆၁-၂၆၂)

Vol. 27 Ch. 261-262

အခန်း (၂၆၁) - ဝံပုလွေအသိုက်၏ ငြိမ်သက်နေသော ခဏတာအချိန်ကာလ (၁)

“ကျွန်မတို့ မိခင်သစ်ပင်ရဲ့ နယ်ပယ်ထဲကို ချက်ချင်းပြန်သွားပြီး နက်နက်ရှိုင်းရှိုင်းသန့်စင်ဖို့ အသက်စွမ်းအင်အနှစ်သာရရဲ့ စွမ်းအားကို အသုံးပြုရမယ်၊ ဒီအတိုင်း ဆက်သွားနေရင်... သူတို့ အသက်ရှင်နိုင်မှာ မဟုတ်တော့ဘူး”

လင်းထျန်းလုံက ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။ သူ၏ ဧရာမခန္ဓာကိုယ်ကြီးက အနည်းငယ် ခုန်လိုက်ရာ သွေးမိစ္ဆာ၏ဘေးသို့ ရောက်ရှိသွားပြီး အဆက်မပြတ် လှုပ်ရှားနေသော ဒဏ်ရာအထက်တွင် ညာဘက် ရှေ့လက်သည်းကို ဆန့်တန်းထားလိုက်သည်။

ရှေးဟောင်းကန္တာရတိုက်ပွဲခန္ဓာ၏ စွမ်းအားကို အသက်သွင်းလိုက်ရာ တိကျစွာ ထိန်းချုပ်ထားသော စုပ်ယူမှုတစ်ခုက သူ၏လက်ဝါးဗဟိုမှ ထွက်ပေါ်လာခဲ့သည်။

အမည်းရောင် အငွေ့အမျှင်များက သံလိုက်တစ်ခုကြောင့် ဆွဲငင်ခံရသည့်အလား ဒဏ်ရာထဲမှ အတင်းအကြပ် ဆွဲထုတ်ခံလိုက်ရပြီး လင်းထျန်းလုံ၏ လက်သည်းထဲတွင် စုစည်းဖိသိပ်ခံလိုက်ရကာ နောက်ဆုံးတွင် လက်သည်းခွံအရွယ်အစားခန့်ရှိသော အမည်းရောင်သလင်းကျောက် တစ်ခုအဖြစ် ပြောင်းလဲသွား၏။

ထိုအမည်းရောင် သလင်းကျောက်မှာ အဆက်မပြတ် လိမ်ကောက် လှုပ်ရှားနေကာ ပြင်းထန်သော နိမိတ်မကောင်းသည့် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေခဲ့သည်။ သလင်းကျောက်၏မျက်နှာပြင်ပေါ်တွင် နာကျင်စွာ အော်ဟစ်နေသော မျက်နှာများစွာ ရှိနေပုံရသည်။

ဤအန္တရာယ်ရှိသော သလင်းကျောက်ကို မာကျောသော ရေခဲတုံးတစ်ခုထဲတွင် ပေါ့ပေါ့ပါးပါး ပိတ်လှောင်လိုက်ပြီး လင်းထျန်းလုံ၏ အတွေးက စစ်တလင်းတစ်ခုလုံးကို အေးစက်သော လှိုင်းတံပိုးတစ်ခုပမာ တိုက်ခတ်သွားခဲ့သည်။

“တပ်ဖွဲ့အားလုံး ငါ့အမိန့်ကို နားထောင်၊ ချက်ချင်း ဆုတ်ခွာပြီး ဝံပုလွေအသိုက်ကို ပြန်မယ်”

“ယင်းဖုန်း၊ ကင်းလှည့်အမဲလိုက်တပ်ရင်းက နှစ်ဖက်စလုံးအတွက် ထောက်လှမ်းရေးနဲ့ ကင်းစောင့်ဖို့ ရှေ့ကို လီငါးဆယ်အထိ ဖြန့်ကျက်လိုက်၊ ဆုတ်ခွာမယ့်လမ်းကြောင်းက လုံးဝ ဘေးကင်းတယ်ဆိုတာ သေချာပါစေ၊ မြက်ပင်လှုပ်တာလေးကအစ ချက်ချင်းအစီရင်ခံပါ”

“ထျန်းပင်း၊ လုပ်ကြံသတ်ဖြတ်သူတွေက နောက်တန်းတပ်အဖြစ် တာဝန်ယူပါ၊ အဆင့်လိုက် အကာအကွယ်ပေးပြီး ပုံစံမပျက်စေနဲ့၊ တိုက်ပွဲထဲမပါသွားစေနဲ့”

“ဒဏ်ရာရသူအားလုံးက အလယ်မှာ နေ၊ လမ်းလျှောက်နိုင်တဲ့သူတွေက အဖော်တွေကို တွဲခေါ်သွား၊ မလှုပ်ရှားနိုင်တဲ့သူတွေကို ဒဏ်ရာ အနည်းငယ် ရထားတဲ့သူတွေက ထမ်းသွားပါ၊ ပိုင်လင်းရဲ့ ဆေးဘက်ဆိုင်ရာ အဖွဲ့က လိုက်ပါစောင့်ရှောက်ပြီး ဒဏ်ရာ ပိုဆိုးလာတဲ့သူတွေကို ဦးစားပေး ကုသပေး”

“ရန့်မြဲ့၊ အစောင့်အရှောက်တွေက အုပ်စုရဲ့ ဘေးဘက်တွေနဲ့ အနောက်ဘက်ကို ကာကွယ်ပေးပြီး ရွေ့လျား ခံစစ်မျဉ်းတစ်ခု တည်ဆောက်ပါ၊ နောက်ကနေ လိုက်လာနိုင်တဲ့ ဘယ်ရန်သူကိုမဆို သတိထား”

“သွားမယ်”

မည်သည့် တုံ့ဆိုင်းမှုမျှ မရှိသလို မေးခွန်းထုတ်မှုလည်း မရှိပေ။ သူတို့သည် ပင်ပန်းနွမ်းနယ်မှုများနှင့် ဒဏ်ရာများ ရှိနေသော်လည်း ဝံပုလွေအုပ် စစ်ပွဲစက်ယန္တရားကြီးက ထိရောက်စွာ နောက်တစ်ကြိမ် လည်ပတ်သွားခဲ့သည်။

ယင်းဖုန်းနှင့် ကင်းလှည့်အမဲလိုက်တပ်ရင်း အဖွဲ့ဝင်များက ရှေ့ရှိ တောင်တန်း၊ သစ်တောများနှင့် အရိပ်များထဲသို့ တစ္ဆေများပမာ ပြန့်ကျဲသွားကြသည်။

ထျန်းပင်းက ဟိန်းဟောက်လိုက်ပြီး တိုက်ခိုက်နိုင်သေးသော လုပ်ကြံသတ်ဖြတ်သူများကို အုပ်စု၏ အနောက်ဘက်တွင် ဝမ်းနည်းဖွယ် သူရဲကောင်းဆန်မှုများ ရောယှက်နေသော အသားနှင့် သွေး ခံစစ်မျဉ်းတစ်ခု တည်ဆောက်ရန် စုစည်းလိုက်သည်။

ဒဏ်ရာအနည်းငယ်ရထားသော အဖွဲ့ဝင်များက မလှုပ်ရှားနိုင်တော့သော သူတို့၏ အဖော်များထံသို့ သွားကာ ထမ်းပိုးရန် ကျောနှင့် ပခုံးများကို အသုံးပြုကြသည်။

ပိုင်လင်းနှင့် ဆေးဘက်ဆိုင်ရာအဖွဲ့က ချီတက်နေသော အတန်းများကြားတွင် သွားလာနေပြီး သွေးတိတ်စေအောင်ပြုလုပ်ပေးခြင်းနှင့် နှစ်သိမ့်ပေးခြင်းတို့ကို အချိန်နှင့် တစ်ပြေးညီ ကြိုးစားလုပ် ဆေင်နေကြသည်။

ဆုတ်ခွာမှု တစ်ခုလုံးက စနစ်တကျရှိနေပြီး တိတ်ဆိတ်မှုကြားတွင် သွေးနှင့် မီးတောက်များမှတစ်ဆင့် ပုံသွင်းခံထားရသော ကြံ့ခိုင်မှုတစ်ခုကို ပြသနေခဲ့သည်။

ဝံပုလွေအသိုက်မှ ကြယ်တာရာများ စီးဆင်းနေသော ရင်းနှီးနေသည့် အကာအကွယ်အလင်းရောင်က မိုးကုတ်စက်ဝိုင်းပေါ်တွင် ပေါ်လာသောအခါ နှင်းဝံပုလွေ အများအပြားက သက်သာရာရသွားသည့်အလား တိုးညှင်းသည့် ညည်းသံများ ထုတ်လွှတ်လိုက်ကြသည်။

အနောက်တွင် ကျန်ရစ်ခဲ့သော အဖွဲ့ဝင်များက ယင်းဖုန်း ကြိုတင်ပို့ဆောင်လိုက်သော သတင်းများကို ရရှိပြီးသားဖြစ်နေချေပြီ။

ရန့်မြဲ့၏ ကွပ်ကဲမှုအောက်တွင် အကာအကွယ်မှ ဘေးကင်းသော လမ်းကြောင်းတစ်ခု ပွင့်လာပြီး ကြည်လင်သော စမ်းရေများစွာနှင့် ကြိုတင်ပြင်ဆင်ထားသော စားရလွယ်ကူသည့် အသားခြောက်များက အဝင်ဝတွင် ပုံအောနေပြီဖြစ်သည်။

“မရပ်နဲ့၊ အပြင်းအထန် ဒဏ်ရာရထားတဲ့သူတွေကို မိခင်သစ်ပင်ရဲ့ အောက်ခြေကို တိုက်ရိုက်ခေါ်သွား” လင်းထျန်းလုံ၏ အသံထဲတွင် ငြင်းဆို၍မရနိုင်သော အာဏာတစ်ခု ပါဝင်နေခဲ့သည်။

ဝံပုလွေအုပ်စုက အကာအကွယ်ကို အလျင်အမြန် ဖြတ်သန်းသွားခဲ့သည်။

ဝံပုလွေအသိုက်၏ နယ်ပယ်ထဲသို့ ဝင်ရောက်လိုက်ပြီး နေရာအနှံ့ရှိနေသည့် နူးညံ့ခမ်းနားသော အသက်စွမ်းအင်အရှိန်အဝါများကို ခံစားလိုက်ရသောအခါ ဒဏ်ရာအပြင်းထန်ဆုံးရရှိထားသော အဖွဲ့ဝင်များပင် အသက်ရှူရ အနည်းငယ် ပိုမိုလွယ်ကူသွားသည့်အလား ဖြစ်သွားခဲ့ရသည်။

သူတို့ကို အသက်အနှစ်သာရ၏ အာနိသင်အကောင်းဆုံး ဧရိယာဖြစ်သော တိုတမ်မိခင်သစ်ပင် နဂါးတစ်ကောင်ပမာ ဧရာမအမြစ်များရှိရာသို့ အမြန်ဆုံး နေရာချထားပေးလိုက်သည်။

မိခင်သစ်ပင်က ၎င်းလက်အောက်ခံများ၏ ကြီးမားသော နာကျင်မှုနှင့် ပင်ပန်းနွမ်းနယ်မှုများကို ခံစားသိရှိနေပုံရသည်။

မိခင်သစ်ပင်၏ ဧရာမ သစ်ခက်သစ်ရွက်များက လေမတိုက်ဘဲ လှုပ်ရှားနေပြီး ၎င်းထုတ်လွှတ်လိုက်သော မြစိမ်းရောင် အလင်းတန်းများက ဒဏ်ရာရရှိထားသော ဝံပုလွေတိုင်း၏ ခန္ဓာကိုယ်ကို ညင်သာစွာ ပွတ်သပ်ပေးနေသည့် မိခင်တစ်ဦး၏ နူးညံ့သော လက်တစ်ဖက်ပမာ ယခင်ကထက် ပိုမိုနူးညံ့ပြီး စုစည်းနေခဲ့သည်။

အသက်အနှစ်သာရ စွမ်းအားများက သူတို့ကို တက်ကြွစွာ လွှမ်းခြုံထားပြီး အထူးသဖြင့် ညစ်ညမ်းသော စွမ်းအင်များ တိုက်စားခံထားရသည့် သွေးမိစ္ဆာနှင့် အခြား အဖွဲ့ဝင်များကို ပိုမိုဂရုစိုက်ပေးနေခဲ့သည်။

သူတို့၏ ဒဏ်ရာများရှိ ကျန်ရစ်နေသော အမည်းရောင်အငွေ့များက သန့်စင်သော အသက်စွမ်းအင်များ၏ အဆက်မပြတ် ဆေးကြောမှုအောက်တွင် ရေခဲနှင့် နှင်းများ နေရောင်နှင့် တွေ့သွားသည့်နှယ် ပိုမိုသိသာထင်ရှားသော ‘တဖျောက်ဖျောက်’ အသံများမြည်ကာ အတင်းအကြပ် သန့်စင်ခံလိုက်ရပြီး တစ်စချင်းစီ ပျောက်ကွယ်သွားတော့သည်။

လုပ်ငန်းစဉ်မှာ နှေးကွေးသော်လည်း တကယ်ကို အာနိသင် ရှိနေခဲ့သည်။

မိခင်သစ်ပင်အောက်တွင် စိုးရိမ်တကြီး စောင့်ဆိုင်းနေခဲ့သော ရှောင်လန်နှင့် ရှောင်ယင်းတို့သည် ပြန်လည်ရောက်ရှိလာသော အုပ်စုနှင့် ဒဏ်ရာရသူ အများအပြားကို မြင်တွေ့လိုက်ရသောအခါ သူတို့၏ မျက်နှာ‌လေးများ ချက်ချင်း သွေးဆုတ်ဖြူရော်သွားခဲ့သည်။

သို့သော် သူတို့သည် သာမန်ကလေးများကဲ့သို့ အထိတ်တလန့် အော်ဟစ်ငိုယိုခြင်း မပြုလုပ်ကြဘဲ သူတို့၏ အတွင်းစိတ် တုန်လှုပ်မှုများကို ဖိနှိပ်ထားကာ ကူညီရန် ချက်ချင်းပြေးသွားကြသည်။

ရှောင်ယင်းက သူမ မကျွမ်းကျင်သေးသော ‘ကြေးမုံပန်း ရေလမင်း’ ကို အသုံးပြုကာ နာကျင်မှုကြောင့် တိုးညှင်းစွာ ညည်းတွားနေသော ဒဏ်ရာရသူ အချို့၏ပတ်လည်တွင် ရိုးရှင်းပြီး ခုန်ပေါက်နေသော အလင်းနှင့် ပုံရိပ်ယောင် တိရစ္ဆာန်ငယ်လေးများကို ဖန်တီးရန် အာရုံစိုက်လိုက်သည်။

ဤပုံရိပ်ယောင်များက ကြမ်းတမ်းသော်လည်း ဒဏ်ရာရသူ အချို့၏ အာရုံအောင်မြင်စွာ ဖမ်းယူနိုင်ခဲ့ပြီး သူတို့၏နာကျင်မှုကို ယာယီ သက်သာစေခဲ့သည်။

ရှောင်လန်ကမူ ပိုမိုတည်ငြိမ်နေပုံရပြီး ပိုင်လင်းနှင့် အခြား မိခင်ဝံပုလွေများ၏ ကုသရေး နည်းလမ်းများကို ဂရုတစိုက် လေ့လာကြည့်ရှုနေခဲ့သည်။

သူမသည် ‘ရေခဲနှလုံးသား ကြည်လင်မှု’ မှ ယူဆောင်လာသော အကြွင်းမဲ့ တည်ငြိမ်မှုနှင့် ထူးခြားသည့် နားလည်နိုင်စွမ်းတို့ကို အသုံးပြု၍ သင့်လျော်သော ဆေးဖက်ဝင်အပင်များကို တိကျစွာ ပို့ဆောင်ပေးနိုင်ခဲ့သည်။

ထိုမျှသာမက စွမ်းအင်စီးဆင်းမှု နှေးကွေးနေသော သို့မဟုတ် အမည်းရောင် စွမ်းအင်များကြောင့် ပိတ်ဆို့နေသော နေရာများအား သူမ၏ ထက်မြက်သော အာရုံခံနိုင်စွမ်းကို အားကိုး၍ တစ်ခါတစ်ရံ ထောက်ပြပေးနိုင်ခဲ့ပြီး ကုသရေးကို ပိုမိုထိရောက်စေခဲ့သည်။

ဤအကျပ်အတည်းတွင် သူ၏ သမီးနှစ်ဦး ပြသခဲ့သော တည်ငြိမ်မှုနှင့် တာဝန်ယူလိုစိတ်များကို လင်းထျန်းလုံက ကြည့်ရှုနေပြီး သူ၏ နှလုံးသားထဲရှိ တင်းကြပ်နေသော ကြိုးလေးက အနည်းငယ် လျော့ရဲသွားကာ ကျေနပ်အားရမှု အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သို့သော်လည်း သူ အနားယူရန် အချိန်မရှိသေးဘဲ မိခင်သစ်ပင်၏ အူတိုင်သို့ ချက်ချင်း သွားရောက်ခဲ့သည်။

ထိုနေရာတွင် အသန့်စင်ဆုံး အသက်အနှစ်သာရများဖြင့် စုစည်းထားသော ရေအိုင်ငယ်လေးတစ်ခု ရှိနေသည်။ သူက တိုက်စားနိုင်သော အမည်းရောင် သလင်းကျောက်အား ပိတ်လှောင်ထားသည့် ရေခဲတုံးကြီးကို ရေအိုင်ထဲသို့ ပစ်ချလိုက်သည်။

ရှဲ….။

သလင်းကျောက်က ရေနှင့် ထိတွေ့လိုက်သောအခါ ရေခဲတုံးက ချက်ချင်း အငွေ့ပျံသွားခဲ့သည်။

အမည်းရောင် သလင်းကျောက်က ပြင်းထန်စွာ လှုပ်ရှားသွားပြီး မင်ရည်ပမာ မည်းနက်နေသော မီးခိုးလုံးကြီးတစ်ခု ပေါက်ကွဲထွက်ပေါ်လာကာ ရေအိုင်ထဲရှိ ခမ်းနားလှသော အသက်စွမ်းအင်များနှင့် ပြင်းထန်သော ထိပ်တိုက်တွေ့ဆုံမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ကြည်လင်နေသော ရေအိုင်လေးမှာ သာမန်မျက်စိဖြင့် မြင်နိုင်လောက်အောင် နောက်ကျိပြီး မည်းနက်လာကာ မင်ရည်များ လောင်းချခံလိုက်ရသည့်အလား ဖြစ်သွားခဲ့သည်။

လင်းထျန်းလုံ၏ ‘ငွေပြာဧကရာဇ်မျက်ဝန်း’ မှ ဖျော့တော့တော့ အလင်းရောင်များ လင်းလက်နေပြီး လုပ်ငန်းစဉ်ကို စူးစိုက်ကြည့်နေခဲ့၏။ အသေးစိတ် အချက်အလက် တစ်ခုကိုမျှ အလွတ်မခံခဲ့ပေ။

သူက ထိုတိုက်စားနိုင်သော စွမ်းအင်၏ လက္ခဏာရပ်များကို ဂရုတစိုက် အာရုံခံပြီး ၎င်း၏ဖွဲ့စည်းပုံကို ခွဲခြမ်းစိတ်ဖြာနေခဲ့သည်။

“အစွန်းရောက် ဖျက်ဆီးလိုစိတ်နဲ့ ဖရိုဖရဲဖြစ်မှုတွေ ပြည့်နှက်နေတယ်... အရာအားလုံးကို အဆုံးသတ်ဆီကို ဆွဲခေါ်သွားချင်နေတာ... ဒါပေမဲ့ ထူးဆန်းတာက ဒီဖရိုဖရဲဖြစ်မှုရဲ့ အူတိုင်မှာ... လိမ်ကောက်ပြီး ညစ်ညမ်းနေတဲ့ စည်းမျဥ်းအကြွင်းအကျန်တွေ ရှိနေသလိုပဲ”

“မူလက တိကျတဲ့ လုပ်ဆောင်ချက်တစ်ခု ရှိပြီး တိကျစွာ လည်ပတ်နေတဲ့ ကိရိယာတစ်ခုကို ရူးသွပ်တဲ့ စိတ်ဆန္ဒတစ်ခု အတင်းအကြပ် ထည့်သွင်းခံလိုက်ရပြီး အခုလို ဖြစ်သွားတာလိုမျိုးပဲ...”

ဤရှာဖွေတွေ့ရှိမှုက သူ့ကို ပိုမိုသတိကြီးလာစေခဲ့သည်။ သူက အမှတ်အသားကို သတိရလိုက်ပြီး ၎င်းက သူ၏ စိတ်ထဲသို့ အတင်းအကျပ် ပို့လွှတ်ခဲ့သော သတင်းအချက်အလက်များကိုလည်း သတိရလိုက်သည်။

“တည်နေရာကို ပစ်မှတ်ထားပြီးပြီ... စွမ်းအင်အဆင့်ကို အကဲဖြတ်နေတယ်... ခြိမ်းခြောက်မှု အဆင့်- မြင့်မား... အမှတ်အသားပြုခြင်း ပြီးစီးပါပြီ...” စကားလုံးတိုင်းက အေးစက်ပြီး လူမဆန်သော အရိပ်အယောင်တစ်ခု ပါဝင်နေခဲ့သည်။

“ငါတို့က လူတစ်ယောက်ရဲ့ ‘ကိရိယာ’ ကို ဖျက်ဆီးပစ်လိုက်ရုံတင်မကဘဲ အဲဒီ ‘ကိရိယာ’ နောက်ကွယ်က အသုံးပြုသူရဲ့ အန္တရာယ်ရှိသူအဖြစ် သတ်မှတ်ခံလိုက်ရပုံရတယ်”

ညစ်ညမ်းမှုနှင့် တိုက်ပွဲမှာ ပြီးဆုံးရန် ဝေးကွာနေသေးကြောင်းနှင့်... ယခုမှ စတင်ခြင်းပင် ဖြစ်နိုင်ကြောင်းကို သူ ရှင်းလင်းစွာ သဘောပေါက်လိုက်သည်။

အခန်း (၂၆၂) - ဝံပုလွေအသိုက်၏ ငြိမ်သက်နေသော ခဏတာအချိန်ကာလ (၂)

မိုင်တစ်ရာခန့် အကွာရှိ ပုံရိပ်ယောင် သူငယ်အိမ်မြေခွေး၏ နယ်မြေ၊ လျှို့ဝှက်နယ်မြေ၏ အနက်ရှိုင်းဆုံးနေရာတွင်။

အနားမယူဘဲ နေ့ရောညပါ သုံးရက်ဆက်တိုက် သီးသန့် ကျင့်ကြံပြီးနောက် ဝိညာဉ်ကို အာဟာရဖြည့်တင်းပေးနိုင်ပြီး အရင်းအမြစ်ကို ပြုပြင်ပေးနိုင်သည့် လျှို့ဝှက်ဆေး၏ အကူအညီဖြင့် ယွဲ့ရီ၏ဒဏ်ရာများက ခုနစ်ဆယ် သို့မဟုတ် ရှစ်ဆယ် ရာခိုင်နှုန်းခန့် ပြန်လည်ကောင်းမွန်လာခဲ့ပြီဖြစ်သည်။

သူမသည် မှန်တစ်ချပ်ပမာ ချောမွေ့နေပြီး အဆက်မပြတ် လှိုင်းထနေသော ရှေးဟောင်း ကျောက်ကြေးမုံတစ်ခုရှေ့တွင် တိတ်ဆိတ်စွာ ထိုင်နေခဲ့သည်။

သူမ၏ ခရမ်းရောင် သလင်းကျောက် မြေခွေးမျက်ဝန်းများက တိကျသော မြင်ကွင်းတစ်ခုကို ရောင်ပြန်ဟပ်နေခြင်း မဟုတ်ဘဲ မှုန်ဝါးဝါး စွမ်းအင်မျိုးစုံနှင့် အသက်စွမ်းအင်တုန်ခါမှုများ စီးဆင်းနေခဲ့သည်။

သူမ၏ ပင်ကိုစွမ်းရည်ဖြစ်သော ‘ကြေးမုံပန်း ရေလမင်း’ ကို အဆင့်မြင့်အထိ ကျင့်ကြံထားသဖြင့် အလွန်ဝေးကွာသော အကွာအဝေးများကို ဖြတ်ကျော်ရာ တိကျသော ဧရိယာတစ်ခုအတွင်းရှိ စွမ်းအင်အခြေအနေကို သိမြင်နိုင်စွမ်း ရှိသည်။

ဤအခိုက်အတန့်တွင် သူမသည် ဝံပုလွေအုပ်စုရှိရာ လမ်းကြောင်းကို ကြည့်ရှုနေခြင်းဖြစ်သည်။

ထိုဧရိယာရှိ အသက်စွမ်းအင်များက ပြင်းထန်စွာ တုန်ခါလှုပ်ရှားနေပြီး သူတို့သည် ဒဏ်ရာရသူများကို ကုသရန် အစွမ်းကုန် ကြိုးစားနေကြကြောင်းနှင့် ကြိုးစားနေသည်မှာ အချိန်အတော်ကြာပြီဖြစ်ကြောင်း ရှင်းလင်းစွာ ညွှန်ပြနေသည်။

“ခေါင်းဆောင်၊ အဲဒီ ဝံပုလွေတွေကို... ထူးထူးခြားခြား ဂရုစိုက်နေပုံရတယ်နော်” ဖြူဖွေးသော အမွေးအမျှင်များ၊ ကြင်နာတတ်သော မျက်နှာထားနှင့် နက်ရှိုင်းသော မျက်လုံးများရှိသည့် မြေခွေးအိုကြီး တစ်ကောင်က သစ်သားတုတ်ကို အားပြုကာ သူမ၏အနောက်မှ ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။

၎င်းမှာ မျိုးနွယ်စု၏ အသက်အကြီးဆုံး အဖွဲ့ဝင်ဖြစ်သော အကြီးအကဲဟွေ့ ဖြစ်သည်။

ယွဲ့ရီက သူမ၏အကြည့်များကို မရုပ်သိမ်းဘဲ လက်ချောင်းထိပ်ဖြင့် မြေကြီးကို ဖွဖွလေးခေါက်နေမိရာ ‘တောက်တောက်’ အသံလေးများ ထွက်ပေါ်နေခဲ့သည်။

“အကြီးအကဲဟွေ့၊ သူတို့က အရမ်းထူးခြားတယ်လို့ မထင်ဘူးလား၊ အဲဒီလောက် စည်းကမ်းရှိတဲ့ ဝံပုလွေအုပ်တစ်ခု…..”

“တိုက်ပွဲမှာ ဘယ်လို ပူးပေါင်းဆောင်ရွက်ရမလဲဆိုတာ သိတယ်၊ သူတို့ရဲ့ ဘုရင်နဲ့ သူတို့ရဲ့ အဖော်တွေအတွက်ဆိုရင် သေစေနိုင်တဲ့ တိုက်ခိုက်မှုတစ်ခုကိုတောင် မတုံ့ဆိုင်းဘဲ ကာကွယ်ပေးချင်တဲ့ ဆန္ဒရှိကြတယ်၊ ဒါက သဘာဝစိတ်နဲ့ ခွန်အားသက်သက်ကိုပဲ အားကိုးပြီး တိုက်ခိုက်ကြတယ်လို့ ကျွန်မတို့ နားလည်ထားတဲ့ ဝံပုလွေတွေနဲ့ လုံးဝ ကွာခြား‌နေတယ်”

သူမက ခဏတာရပ်လိုက်ပြီး လင်းထျန်းလုံ၏ ငွေဖြူရောင်ပုံရိပ်က သူမစိတ်ထဲတွင် ဖြတ်ပြေးသွားခဲ့သည်။

“ပြီးတော့ အဲဒီ ဝံပုလွေဘုရင်... ကျွန်မကို သူ ကြည့်တဲ့ အကြည့်ထဲမှာ စူးစမ်းလေ့လာချင်စိတ်တွေ ပါတယ်၊ ချိန်ဆမှုတွေ ပါတယ်၊ ဘုရင်တစ်ပါးရဲ့ ဂုဏ်ယူမှုနဲ့ သတိထားမှုတွေပါတယ်၊ ဒါပေမဲ့ သာမန်တွေ့ရလေ့ရှိတဲ့ ရွံစရာကောင်းတဲ့ လောဘ ဒါမှမဟုတ် ကြောက်ရွံ့နေတာမျိုး လုံးဝမရှိဘူး”

အကြီးအကဲဟွေ့က ခဏတာ စဉ်းစားလိုက်ပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်သည်။

“သူတို့ရဲ့ စကားတွေကို နားထောင်တာထက် သူတို့ရဲ့လုပ်ရပ်တွေကို စောင့်ကြည့်တာက ပိုကောင်းပါတယ်၊ ဒီတစ်ကြိမ် သူတို့ ပြသခဲ့တဲ့ တိုက်ခိုက်ရေးစွမ်းရည်နဲ့ ကြံ့ခိုင်မှုက သာမန် မိစ္ဆာသားရဲ မျိုးနွယ်စုတွေနဲ့ တကယ်ကို ကွာခြားလွန်းတယ်”

“အကယ်၍ ခေါင်းဆောင်က သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ချင်တယ်ဆိုရင် ဖြစ်နိုင်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်၊ အရှေ့ဘက်က လျှို့ဝှက်အန္တရာယ်တွေကို ရင်ဆိုင်ဖို့ သူတို့ရဲ့စွမ်းအားကို ငှားရမ်းတာက ကျွန်တော်တို့ မျိုးနွယ်စုအတွက် အကျိုးရှိပါလိမ့်မယ်၊ ဒါပေမဲ့...”

သူ၏ လေသံက ပြောင်းလဲသွားပြီး လေးနက်လာခဲ့သည်။

“ကျွန်တော်တို့နဲ့ မျိုးနွယ်မတူတဲ့သူတွေက မတူညီတဲ့ နှလုံးသားတစ်ခု သေချာပေါက်ရှိလိမ့်မယ်၊ ပူးပေါင်းဆောင်ရွက်တာ ကောင်းတယ်၊ ဒါပေမဲ့ အကန့်အသတ်ကို အမြဲတမ်းသတိရပြီး သတိထားနေဖို့ လိုပါတယ်”

“အဲဒါရဲ့ ‌လေးနက်မှုကို ကျွန်မ သိပါတယ် အကြီးအကဲဟွေ့” ယွဲ့ရီက နောက်ဆုံးတွင် သူမ၏ အကြည့်များကို ရေကြေးမုံမှ ရွှေ့လိုက်ပြီး အရှေ့ဘက်ဆီသို့၊ အတိအကျဆိုလျှင် မကြာသေးမီကမှ သန့်စင်ခံထားရသော နေရာဆီသို့ ကြည့်လိုက်သည်။

“ဒါပေမဲ့ ရောက်လာမယ့်မုန်တိုင်းက ကျွန်မတို့ မှန်းဆထားတာထက် အများကြီး ပိုပြီ ပြင်းထန်လိမ့်မယ်လို့ ကျွန်မရဲ့ အလိုအလျောက်သိစိတ်က ပြောနေတယ်"

“ကျွန်မတို့ရဲ့ ပုံရိပ်ယောင် သူငယ်အိမ် မြေခွေး မျိုးနွယ်စု တစ်ခုတည်းကိုပဲ အားကိုးပြီး မုန်တိုင်းထဲကနေ ကင်းလွတ်အောင် နေဖို့၊ ဒါမှမဟုတ် မျိုးနွယ်စုကို ကာကွယ်ဖို့ဆိုတာ ကောင်းကင်ကို တက်လှမ်းရသလို ခက်ခဲလိမ့်မယ်”

“အဲဒီ ဝံပုလွေဘုရင်နဲ့ သူ့ရဲ့ ကွပ်ကဲမှုအောက်က တမူထူးခြားတဲ့ ဝံပုလွေအုပ်စုက... အရမ်းကောင်းတဲ့ မဟာမိတ်တွေ၊ ဒါမှမဟုတ် အနည်းဆုံးတော့ အတူတကွအလုပ်လုပ်ဖို့ ကြိုးစားသင့်တဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာနိုင်တယ်”

သူမက အနည်းငယ် ထရပ်လိုက်ပြီး သူမ၏ အကြည့်များက စူးရှလင်းလက်နေကာ နှုတ်ခမ်းထောင့်တွင် ကျော့ရှင်းသော အသွင်အပြင်နှင့် သိပ်မကိုက်ညီသည့် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။

တွက်ချက်မှုနှင့် လှည့်စားချင်စိတ် အနည်းငယ်လည်း ပါဝင်နေခဲ့သည်။

“ပြီးတော့ ကျွန်မကို ကျေးဇူးတစ်ခုဆပ်ဖို့ ရှိနေတဲ့ စွမ်းအားကြီးပြီး ကတိတည်တဲ့ ဝံပုလွေဘုရင်တစ်ပါးကို အသက်ရှင်ခွင့်ပေးလိုက်တာက ပြောင်းလဲမှုတွေနြဲ ပြည့်နှက်နေတဲ့ ဝံပုလွေဘုရင်အသေ တစ်ပါးရဲ့ နယ်မြေကို ရရှိတာထက် အများကြီး ပိုတန်ဖိုးရှိတယ်လို့ မထင်ဘူးလား”

“သေချာ အသုံးချတတ်ရင် ဒီကျေးဇူးကြွေးက အရေးကြီးတဲ့ အချိန်မှာ မျှော်လင့်မထားတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာနိုင်တယ်”

......

ဝံပုလွေအုပ်အတွင်းတွင် မိခင်သစ်ပင်၏ အပြည့်အဝ ကုသမှုဖြင့် နေ့ရောညပါ အဆက်မပြတ် ကုသပြီးနောက် ဒဏ်ရာရသူအများစု၏ ဒဏ်ရာများမှာ နောက်ဆုံးတွင် တည်ငြိမ်သွားပြီး အသက်အန္တရာယ်မှ ကင်းလွတ်သွားကြပြီဖြစ်သည်။

တိုက်စားနိုင်သော စွမ်းအင်များကြောင့် ဒဏ်ရာနက်နက်ရှိုင်းရှိုင်းရထားသည့် သွေးမိစ္ဆာနှင့် အခြား အဖွဲ့ဝင် အချို့၏ ဒဏ်ရာများရှိ အမည်းရောင် စွမ်းအင်များကိုလည်း ကိုးဆယ်ရာခိုင်နှုန်း သန့်စင်ပြီးစီးသွားပြီဖြစ်သည်။

သူတို့သည် အားနည်းနေဆဲဖြစ်သော်လည်း အနည်းဆုံးတော့ သူတို့၏ အသက်အန္တရာယ်မှာ ဘေးကင်းသွားပြီဖြစ်သည်။

သူတို့၏ အသက်စွမ်းအင်များ ဖြည်းညင်းစွာ ပြန်လည်ကောင်းမွန်လာစေရန်တော့ အချိန်ယူရပေမည်။

လင်းထျန်းလုံသည် တိုက်ပွဲတွင် အထိအခိုက်နည်းပြီး အဆင့်တတ်ရန် အခိုင်အမာတောင်းဆိုခဲ့သော ထျန်းပင်း၊ အရှိန်အဝါကို ဖုံးကွယ်ထားဆဲဖြစ်သော ယင်းဖုန်းနှင့် လေးနက်သော မျက်နှာထားဖြင့် ဝံပုလွေအုပ်ကို ကာကွယ်ပေးနေခဲ့သော ရန့်မြဲ့အပါအဝင် အဓိက အဖွဲ့ဝင်အားလုံးကို ဆင့်ခေါ်လိုက်သည်။

ပတ်တီး အထူကြီးများ ပတ်ထားသော သွေးမိစ္ဆာပင်လျှင် မိခင်သစ်ပင်ထံသို့ သယ်ဆောင်သွားခံရပြီး သူကိုယ်တိုင်ကလည်း အမြစ်များကို မှီကာ ဤအရေးကြီးသော အစည်းအဝေးတွင် ပါဝင်ရန် အခိုင်အမာ တောင်းဆိုခဲ့သည်။

“ငါတို့ ပစ်မှတ်ထားခံလိုက်ရပြီ”

လင်းထျန်းလုံက ယဉ်ကျေးသည့်စကားလုံးများ အသုံးမပြုဘဲ အလေးအနက်ဆုံး ခေါင်းစဉ်ကို တိုက်ရိုက် ပြောချပစ်လိုက်သည်။

‘အမှတ်အသား’ နှင့် ပတ်သက်သော ခွဲခြမ်းစိတ်ဖြာမှု၊ တိုက်စားနိုင်သော စွမ်းအင်ထဲတွင် ပါဝင်နေသည့် ပုံပျက်နေသော စည်းမျဉ်းများ၏ ခံစားချက်နှင့် ၎င်း၏ နောက်ကွယ်တွင် ရှိနေနိုင်သော အမည်မသိ ခြယ်လှယ်သူ တစ်ဦးအကြောင်းကို သူ ရှင်းပြလိုက်သည်။

“အရှေ့ဘက်က ခြိမ်းခြောက်မှုက အသိုက်ကို ဖျက်ဆီးလိုက်တာနဲ့ ပျောက်ကွယ်သွားခဲ့တာ မဟုတ်ဘူး၊ ဆန့်ကျင်ဘက်အနေနဲ့ ဒီလုပ်ရပ်ကြောင့် ငါတို့က ပိုပြီးဒုက္ခပေးနိုင်တဲ့ လျှို့ဝှက်အရာတစ်ခုခုရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်လိုက်မိနိုင်တယ်”

သူ၏ ထက်ရှသော အကြည့်များက အဓိကအဖွဲ့ဝင်တိုင်း၏ မျက်နှာပေါ်သို့ ဝေ့ဝဲသွားသည်။

“ဒါကြောင့် ဒီနေ့ကစပြီး ဝံပုလွေအုပ်စုက အဆင့်အမြင့်ဆုံး စစ်ရေးပြင်ဆင်မှု အခြေအနေကို ဝင်ရောက်သွားပြီ၊ ပြင်ပ ကင်းလှည့်နယ်ပယ်ကို ယာယီ လျှော့ချထားမယ်၊ မလိုအပ်တဲ့ တိုက်ပွဲနဲ့ အဆုံးအရှုံးတွေကို ရှောင်ရှားဖို့ရာပဲ ဦးစားပေးမယ်”

“ဒါပေမဲ့ အတွင်းပိုင်းမှာတော့ အဖွဲ့ဝင်အားလုံးအတွက် လေ့ကျင့်ရေးကို နှစ်ဆတိုးရမယ်၊ ငါတို့ရဲ့ စွမ်းအားတွေကို အမြန်ဆုံး ပြန်လည်ရယူရမယ်၊ အခုထက် ပိုပြီးသန်စွမ်းလာဖို့ လိုတယ်”

“ဘုရင်ကြီး၊ အဲဒီ... ကျဆုံးသွားတဲ့အဖော်တွေကရော...” ရန့်မြဲ့၏အသံမှာ တိုးညှင်းပြီး အက်ကွဲနေကာ ဝံပုလွေတိုင်း၏ နှလုံးသားထဲတွင် ကျန်ရစ်နေသော မေးခွန်းကို မေးလိုက်သည်။

“ခမ်းနားတဲ့ သင်္ဂြိုဟ်မှု တစ်ခု”

လင်းထျန်းလုံ၏အသံမှာ မကျယ်လောင်သော်လည်း ကီလိုတစ်ထောင်၏ အလေးချိန်ကို သယ်ဆောင်ထားပြီး ဝံပုလွေတိုင်း၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိသွားခဲ့သည်။

“နေရောင်ခြည်ရတဲ့ မိခင်သစ်ပင်ရဲ့ အရှေ့တောင်ဘက် ကုန်းစောင်းမှာ သူတို့ကို သင်္ဂြိုဟ်ပေးပါ၊ သူတို့ရဲ့ နာမည်တွေနဲ့ ဝံပုလွေအုပ်၏စုအတွက် သူတို့ သွန်းလောင်းခဲ့တဲ့ သွေးတွေကို မျိုးနွယ်စုက ထာဝရ သတိရနေလိမ့်မယ်”

သူက ခဏတာ ရပ်လိုက်ပြီး အကြည့်များက ဝမ်းနည်းနေသော အကြည့်၊ ဒေါသထွက်နေသော အကြည့်၊ ခိုင်မာသော အကြည့် စသည့် ခံစားချက်မျိုးစုံပါ၀င်နေသော မျက်လုံးတစ်စုံစီတိုင်းအပေါ်သို့ ဝေ့ကြည့်လိုက်သည်။

“ပြီးတော့ ငါတို့က ဆက်လက်အသက်ရှင်နေရမယ်၊ သူတို့ရဲ့၀ိညာဥ်ကို ငါတို့နဲ့အတူ သယ်ဆောင်သွားပြီး သူတို့ အသက်နဲ့ရင်းကာ ကာကွယ်ခဲ့တဲ့ အိမ်ကို ကာကွယ်ဖို့ ပိုမိုသန်စွမ်းလာရမယ်... ဒါက သူတို့အတွက် အကောင်းဆုံးနှစ်သိမ့်မှုပဲ”

အစည်းအဝေးက လေးလံသော လေထုထဲတွင် ပြီးဆုံးသွားခဲ့သည်။ ဝံပုလွေများသည် မစ်ရှင်အသစ်များနှင့် ဖိအားများကို သယ်ဆောင်ကာ တစ်ကောင်ပြီးတစ်ကောင် ထွက်ခွာသွားကြသည်။

လင်းထျန်းလုံသည် မိခင်သစ်ပင်၏ ထူထဲသော အကိုင်းအခက်တစ်ခုပေါ်သို့ ခုန်တက်လိုက်ရာ ဝံပုလွေအသိုက်၏ အမြင့်ဆုံးနေရာသို့ ရောက်ရှိသွားခဲ့သည်။

သူသည် ဒဏ်ရာများကို ဖြည်းညင်းစွာ လျှာဖြင့်လျက်နေသော်လည်း သူတို့၏စိတ်အတွင်းမှ အရှုံးမပေးသော စိတ်ဆန္ဒကို ပြသနေသည့် အောက်ဘက်ရှိ ဝံပုလွေအုပ်ကို ငုံ့ကြည့်နေခဲ့သည်။

နေဝင်ဆည်းဆာရောင်ခြည်များက သူ၏ ငွေဖြူရောင်အမွေးအမျှင်များကို ရွှေရောင်အလွှာတစ်ခုဖြင့် လွှမ်းခြုံပေးလိုက်သော်လည်း သူ၏ ရေခဲပြာရောင်မျက်ဝန်းများထဲရှိ လေးနက်မှုကိုတော့ ဖယ်ရှားပစ်နိုင်ခဲ့ခြင်း မရှိပေ။

ငြိမ်းချမ်းသော နေ့ရက်များသည် ယခုမှစ၍ ထာဝရ ပျောက်ကွယ်သွားတာမျိုးလည်း ဖြစ်နိုင်လေ၏။

ထို့အပြင် ရှေ့ဆက်ရမည့်လမ်းခရီးသည် ဆူးငြောင့်ခလုတ်များနှင့် အမည်မသိထောက်ခြောက်များ ပြည့်နှက်နေခဲ့လေသည်။

………

ဝံပုလွေအသိုက်၏ ငြိမ်းချမ်းမှုသည် တစ်ညပင်မခံခဲ့ပေ။

လင်းထျန်းလုံ တိုတမ်မိခင်သစ်ပင်ထက်ရှိ ခေတ္တကျင့်ကြံခြင်းမှ နိုးထလာပြီး အောက်သို့ ငုံ့ကြည့်လိုက်ချိန်တွင် ယမန်နေ့က မှုန်မှိုင်းနေသော လေထုအစား တင်းမာပြီး အသင့်ဖြစ်နေသော တိုက်ပွဲဝင်လိုစိတ်များ အစားထိုးနေရာယူနေပြီဖြစ်သည်။

အဆင့်အမြင့်ဆုံး အရေးပေါ် တိုက်ပွဲဝင်အသင့်အနေအထား ကြေညာပြီးနောက် မျိုးနွယ်စုတစ်ရပ်လုံးသည် တိကျသေချာသော စစ်စက်ယန္တရားကြီးတစ်ခုပမာ အချိတ်အဆက်မိမိ လည်ပတ်နေကြသည်။

All Chapters