← Chapters

အခန်း (၂၆၃-၂၆၄)

Vol. 27 Ch. 263-264

အခန်း (၂၆၃-၂၆၄)

Vol. 27 Ch. 263-264

အခန်း (၂၆၃) - ဝံပုလွေအသိုက်၏ ငြိမ်သက်နေသော ခဏတာအချိန်ကာလ (၃)

သူတို့ ခြေထောက်အောက်ရှိ အိမ်ဟုခေါ်သော ဤမြေကြီးနှင့် သစ္စာရှိသော မျိုးနွယ်ဝင်များသည် စစ်ပွဲမီးတောက်များထဲမှ ပိုမိုခိုင်မာသော အင်အားတစ်ရပ်ကို စုစည်းနေကြောင်း ရှင်းလင်းပြတ်သားစွာ ခံစားမိနေသည်။

လင်းထျန်းလုံက ဒဏ်ရာရသူများ စုဝေးရာဆီသို့ ဦးစွာ ဦးတည်သွားလိုက်သည်။

သွေးမိစ္ဆာက ကျောက်ဆောင်ကြီးတစ်ခုပေါ်တွင် မှောက်လျက်သားရှိနေပြီး ပိုင်လင်းက ဘယ်ဘက်နံရိုးရှိ ကြောက်မက်ဖွယ် ဒဏ်ရာပေါ်သို့ အသက်စွမ်းအင်သလင်းကျောက်မှုန့်များနှင့် ရောစပ်ထားသော ဆေးဖက်ဝင်အပင်များကို ဂရုတစိုက် သုတ်လိမ်းပေးနေသည်။

ဆေးစွမ်းနှင့် ပုပ်ပွစေသော အမည်းရောင်ဓာတ်ငွေ့အကြွင်းအကျန်တို့ ထိပ်တိုက်တွေ့ဆုံမှုကြောင့် တရှဲရှဲ မြည်သံခပ်သဲ့သဲ့ ထွက်ပေါ်လာသည်။

နက်မှောင်သော သွေးရောင်အသားစများက အသက်စွမ်းအင်၏ ဆေးကြောမှုအောက်တွင် အနည်းငယ် တွန့်လိမ်သွားပြီး ခေါင်းမာလှသော ပြင်ပစွမ်းအင် အကြွင်းအကျန်များကို ဖြည်းဖြည်းန ခိုင်ခိုင်မာမာ ဖယ်ရှားပစ်နေသည်။

“ဘယ်လိုနေသေးလဲ”

လင်းထျန်းလုံ၏ အသံက သွေးမိစ္ဆာ၏ခေါင်းထဲသို့ တည်ငြိမ်ပြတ်သားစွာဖြင့် ဝင်ရောက်လာသည်။

သွေးမိစ္ဆာသည် ရုတ်တရက် မျက်လုံးနီနီကြီးများကို ဖွင့်ကာ မတ်တတ်ရပ်ရန် ရုန်းကန်လိုက်သည်။ “ဘုရင်ကြီး ကျွန်တော်….”

“လှဲနေပါ”

လင်းထျန်းလုံက လှုပ်ရှားမှုကို တားဆီးရန် လက်ဖ၀ါးဖြင့် ညင်သာစွာ ဖိချလိုက်သည်။

ခေါင်းငုံ့လိုက်ချိန်တွင် ငွေပြာဧကရာဇ်မျက်ဝန်းများက တိကျသော စကင်ဖတ်စက်တစ်ခုအလား အလင်းရောင်ဖျော့ဖျော့ တောက်ပနေပြီး ဒဏ်ရာ၏ တည်ဆောက်ပုံ၊ စွမ်းအင်အကြွင်းအကျန်များနှင့် တစ်ရှူးပြန်လည်ရှင်သန်မှုအမြန်နှုန်းတို့ကို အသေးစိတ် စစ်ဆေးနေသည်။

“တိုက်စားမှုရဲ့ မူလဇစ်မြစ်ကို အသက်စွမ်းအင်က ရာခိုင်နှုန်းကိုးဆယ်ကျော်အထိ သန့်စင်ပေးပြီးပြီ၊ ကျန်နေတာတွေက အချိန်ကြာလာတာနဲ့အမျှ ဖြည်းဖြည်းချင်း ဖယ်ရှားနိုင်တဲ့ အမြစ်မရှိတဲ့ ဗေဒါပင်တွေလိုပဲ”

“မင်းရဲ့ ကောင်းကင်သတ်ဖြတ်ခြင်းစစ်သူရဲသွေးက အရမ်းတက်ကြွနေပြီး ဒီပုပ်ပွစေတဲ့စွမ်းအင်ရဲ့ လက္ခဏာတွေကို တက်တက်ကြွကြွ လိုက်လျောညီထွေဖြစ်အောင် ဒါမှမဟုတ် ခွဲခြမ်းစိတ်ဖြာဖို့တောင် လုပ်ဆောင်နေတယ်"

“မင်း အပြည့်အဝ ပြန်ကောင်းလာတာနဲ့ အတူ စွမ်းအင်တွေကို ခန္ဓာကိုယ်က ခုခံနိုင်စွမ်း အဆင့်တစ်ခုအထိ ခုန်တက်သွားလိမ့်မယ်”

ဤသည်မှာ အချည်းနှီး စိတ်သက်သာရာရစေခြင်းမျိုး မဟုတ်ဘဲ အေးစက်စက် အမြင်အာရုံအပေါ် အခြေခံသည့် အမှန်တရားဖြစ်သည်။

သို့သော် သွေးမိစ္ဆာအတွက်မူ ယင်းက မည်သည့် စိတ်ဓာတ်မြှင့်တင်ရေး စကားထက်မဆို ပိုမိုအားကောင်းနေလေသည်။

သွေးမိစ္ဆာသည် ဒဏ်ရာမှ ယူဆောင်လာသော ပူလောင်သည့် နာကျင်မှုနှင့် ယားယံမှုတို့ကို ဖိနှိပ်ကာ ပြင်းပြင်းထန်ထန် အသက်ရှူလိုက်ရင်း ဟိန်းဟောက်လိုက်သည်။

“ဟုတ်ကဲ့ပါ၊ ဘုရင်ကြီး၊ ကျွန်တော် ပြန်ကောင်းလာတာနဲ့ အဲဒီခွေးကောင်တွေရဲ့ အသိုက်အမြုံကို အမြစ်ပြတ်ချေမှုန်းပစ်မယ်၊ တစ်ကောင်မှအရှင်မထားဘူး”

လင်းထျန်းလုံ၏ အကြည့်များက ပင်ပန်းနွမ်းနယ်နေသော်လည်း အာရုံအပြည့်ဖြင့်ဖြစ်နေသော ပိုင်လင်းထံသို့ ရောက်ရှိသွားသည်။

သူ၏ လေသံက အနည်းငယ် ပျော့ပျောင်းသွားသည်။ “မင်းလည်း ပင်ပန်းသွားပြီ၊ ပိုင်လင်း၊ ဒဏ်ရာရထားတဲ့သူတွေရဲ့ အခြေအနေ တည်ငြိမ်သွားပြီလား”

ပိုင်လင်းက ခေါင်းယမ်းပြလိုက်၏။ သူမ၏ လက်သည်းများအောက်ရှိ လှုပ်ရှားမှုများက ညင်သာတိကျနေဆဲဖြစ်သည်။

“ဒါက ကျွန်မ လုပ်သင့်လုပ်ထိုက်တာပါ ဘုရင်ကြီး၊ လူတိုင်း ဘေးကင်းကင်းနဲ့ ပြန်ရောက်လာပြီး သူတို့ရဲ့ ဒဏ်ရာတွေ တစ်နေ့တခြား သက်သာလာတာကို မြင်ရတာက ဘာနဲ့မှမလဲနိုင်ပါဘူး”

“ဒဏ်ရာပြင်းထန်တဲ့သူတွေရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ပြီး တိုတမ်မိခင်သစ်ပင်ရဲ့ ပြုစုပျိုးထောင်မှုအောက်မှာ မျှော်မှန်းထားတာထက် ပိုမြန်မြန် သက်သာလာနေပါတယ်၊ ဒဏ်ရာအရမ်းပြင်းထန်တဲ့ လူတချို့ တိုက်ပွဲဝင်နိုင်စွမ်းပြန်ရဖို့ အချိန်နည်းနည်းတော့ ယူရလိမ့်မယ်”

လင်းထျန်းလုံ ခေါင်းညိတ်လိုက်ပြီး ထပ်မပြောတော့ပေ။ ကြီးမားလှသော ငွေရောင်ခန္ဓာကိုယ်ကြီးက ယုံကြည်စိတ်ချရသော တည်ငြိမ်မှုများကို သယ်ဆောင်လာကာ ဒဏ်ရာရသူများကြား ဖြတ်လျှောက်သွားသည်။

တစ်ခါတစ်ရံ ရပ်တန့်ကာ ကြီးမားသော ရှေ့လက်တစ်ချောင်းကို ဆန့်ထုတ်ပြီး သတိလစ်နေဆဲဖြစ်သော ဒဏ်ရာပြင်းထန်သည့် စစ်သည်တစ်ဦး၏နဖူးကို ခြေဖဝါး၏ အနူးညံ့ဆုံးအပိုင်းဖြင့် ညင်သာစွာ ထိတွေ့လိုက်သည်။

မိုးပြာဝံပုလွေ၏ သန့်စင်ပြီး နူးညံ့သော ရေခဲစွမ်းအင်အချို့ကို လွှဲပြောင်းပေးကာ ဆူပွက်နေသော သွေးများနှင့် အနည်းငယ် ကမောက်ကမဖြစ်နေသော စွမ်းအင်သွေးကြောများကို တည်ငြိမ်စေရန် ကူညီပေးလိုက်သည်။

ထို့နောက် နာကျင်မှုကို ကြိတ်မှိတ်ခံစားရင်း တအင်းအင်း ညည်းတွားနေသော စစ်သည်တစ်ဦးအနီးတွင် ရပ်တန့်ကာ အေးစက်စက် မျက်ဝန်းပြာများနှင့် တစ်ခဏမျှ အကြည့်ချင်းဆုံပြီး တိတ်ဆိတ်သော်လည်း မယုံနိုင်လောက်အောင် ခိုင်မာသော အတည်ပြုချက်တစ်ခုကို ပေးပို့လိုက်သည်။

စကားများများစားစား မပြောခဲ့သော်လည်း သိမ်မွေ့သော လုပ်ရပ်တိုင်းက လဲလျောင်းနေသော သို့မဟုတ် ထိုင်နေသော မျိုးနွယ်ဝင်များကို ဝိညာဉ်အနက်ရှိုင်းထဲမှ လုံခြုံမှုနှင့် ငြိမ်းချမ်းမှုကို ခံစားရစေသည်။

ဘုရင်ကြီး ရှိနေသရွေ့ ဒဏ်ရာမည်မျှပင် ပြင်းထန်စေကာမူ၊ စမ်းသပ်မှု မည်မျှပင် ခက်ခဲစေကာမူ သေချာပေါက်ကျော်ဖြတ်နိုင်မည်ဟု ယုံကြည်နေကြသည်။

နောက်ဆုံးတွင် တိုတမ်မိခင်သစ်ပင်ရှိရာသို့ ရောက်ရှိသွားသောအခါ ရှောင်လန်နှင့် ရှောင်ယင်းတို့က အနိမ့်ပိုင်း လေထဲတွဲလောင်းကျနေသော အမြစ်တစ်ခုမှ ချက်ချင်းခုန်ဆင်းကာ ပြေးလာကြသည်။

“ဖေဖေ” ရှောင်ယင်းက အမြောက်ဆံလေးတစ်ခုအလား ခုန်ဝင်လာပြီး တောင်ကဲ့သို့ တုတ်ခိုင်သော ရှေ့ခြေထောက်ကို တင်းကြပ်စွာ ဖက်တွယ်လိုက်သည်။

သူက မော့ကြည့်လိုက်ရာ ကြည်လင်သည့် ခရမ်းရောင်မျက်ဝန်းလေးများတွင် ဖုံးကွယ်မထားနိုင်သော စိုးရိမ်ပူပန်မှုများနှင့် ကျန်ရစ်နေသေးသော အကြောက်တရားများ ပြည့်နှက်နေသည်ကို လင်းထျန်းလုံ တွေ့လိုက်ရသည်။

“အန်တီပိုင်လင်းက အားလုံး မကြာခင် ပြန်ကောင်းလာတော့မယ်လို့ပြောတယ်၊ အဲ့တာ တကယ်လား၊ ဟို ဆိုးရွာတဲ့ အမည်းရောင်အရာတွေ ထပ်မလာတော့ဘူးမလား”

“အင်း” လင်းထျန်းလုံ ခေါင်းငုံ့ကာ သမီးဖြစ်သူ၏ အားကိုးတကြီးဖြစ်နေသော မျက်နှာလေးကို ကြည့်လိုက်သည်။

အေးစက်သော အကြည့်များက အနည်းငယ် ပျော့ပျောင်းသွားပြီး ခရမ်းရောင်ဖျော့ဖျော့ တောက်ပနေသော ဦးခေါင်းထိပ်လေးကို နှာခေါင်းဖြင့် ညင်သာစွာ ပွတ်သပ်ကာ နှစ်သိမ့်မှုစကား ဆိုလိုက်သည်။

“တကယ်ပေါ့၊ ဖေဖေရော အားလုံးရော ရှိနေတာပဲ၊ အဲဒီအရာတွေ ထပ်လာရင်တောင် အကုန်မောင်းထုတ်ပစ်မှာပေါ့”

ရှောင်လန်က အနည်းငယ်ဝေးရာတွင် ရပ်နေပြီး ရှောင်ယင်းထက် များစွာ ပိုမိုတိတ်ဆိတ်နေပုံရသည်။

သို့သော် စွမ်းအင်စီးဆင်းမှုများ ရောင်ပြန်ဟပ်နေပုံရသော ရေခဲပြာမျက်ဝန်းများက မိခင်သစ်ပင်၏ ကြီးမားလှသော ပင်စည်ကို စူးရှစွာ ကြည့်ရှုနေပြီး မျက်ခုံးလေးများ အနည်းငယ် တွန့်ကွေးသွားသည်။

“ဖေဖေ၊ မိခင်သစ်ပင်က အရင်ကနဲ့မတူဘဲ နည်းနည်းကွာခြားနေသလိုပဲနော်”

သူမ၏ အသံထဲတွင် ကလေးဆန်သော အပြစ်ကင်းစင်မှုမျိုး ပါဝင်သော်လည်း အသက်အရွယ်ထက် များစွာသာလွန်သော ထိုးထွင်းသိမြင်မှုကို ဖော်ပြနေသည်။

“ငါပြောမယ်၊ နင် ခံစားမိလား၊ မိခင်သစ်ပင်ရဲ့ အသက်စွမ်းအင်လှုပ်ရှားမှုတွေက အရင်ကထက် ပိုသိပ်သည်းလာသလိုပဲ၊ ဒါပေမဲ့ အထဲမှာ တခြားတစ်ခုခု နည်းနည်းရောနှောနေသလိုပဲ၊ အရမ်းဖျော့တော့ပြီး ပုန်းကွယ်နေပေမဲ့ ထမင်းထဲ သဲပါသလိုမျိုး စိတ်ကို နည်းနည်း အနှောင့်အယှက်ဖြစ်စေတယ်”

သိမ်မွေ့သော စူးစမ်းလိုစိတ် အငွေ့အသက်ပါဝင်သည့် အတွေးကို ဘေးရှိ ရှောင်ယင်းထံသို့ ပေးပို့လိုက်သည်။

“အင်း၊ ငါ ခံစားမိတယ်” သူမ၏ ထူးခြားသော အလိုအလျောက်သိစိတ်နှင့်အတူ ရှောင်ယင်း၏တုံ့ပြန်မှုက စိတ်ထဲတွင် ချက်ချင်း ထွက်ပေါ်လာသည်။

“အရှေ့ဘက် စစ်မြေပြင်မှာ ငါတို့တွေ့ခဲ့ရတဲ့ အမည်းရောင်အရာတွေရဲ့ ခံစားချက်နဲ့ နည်းနည်းတူတယ်၊ ဒါပေမဲ့ လုံးဝတူတာတော့ မဟုတ်ဘူး၊ ဒါက ပိုဟောင်းနွမ်းပြီး ပိုလေးလံတယ်၊ အရမ်းနက်နက်ရှိုင်းရှိုင်းပုန်းကွယ်နေတာ”

လင်းထျန်းလုံ၏ မျက်လုံးများထဲတွင် သိမ်မွေ့သော သဘောတူညီမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

ဟင်းလင်းပြင်နှင့် စွမ်းအင်ပုံစံများအပေါ် ရှောင်လန်၏ ခံစားသိမြင်နိုင်စွမ်းနှင့် စွမ်းအင်သဘာဝအပေါ် ရှောင်ယင်း၏ အလိုအလျောက်သိစိတ်တို့သည် အရွယ်ရောက်လာသည်နှင့်အမျှ ပိုမိုထက်မြက်လာနေသည်။

ဤပါရမီစွမ်းရည်က အနာဂတ်အတွက် အကန့်အသတ်မရှိသော အလားအလာများ ရှိနေသည်။

“သမီးတို့ သွားနားကြတော့” လင်းထျန်းလုံသည် လက်သည်းများကို ဆန့်ထုတ်ကာ သမီးနှစ်ယောက်၏ ခေါင်းလေးများကို တစ်ယောက်ချင်းစီ ပွတ်သပ်ပေးလိုက်သည်။

ဝံပုလွေဘုရင်ထံမှ ရှားရှားပါးပါး မြင်တွေ့ရခဲသော နူးညံ့ကြင်နာမှုတစ်ခုပင်ဖြစ်သည်။

“နောက်ရက်အနည်းငယ်အတွင်း အပြင်ဘက် လေ့ကျင့်ရေးကွင်းတွေကို ခေတ္တပိတ်ထားမယ်၊ အားလုံး ပြန်လည်သက်သာဖို့နဲ့ ပြန်ချိန်ညှိဖို့လိုတယ်၊ သမီးတို့နှစ်ယောက်လည်း အပြင်ကို လျှောက်မသွားရဘူး၊ အထူးသဖြင့် အရှေ့ဘက်နားကို၊ နားလည်လား”

“နားလည်ပါပြီ ဖေဖေ” ကောင်မလေးနှစ်ယောက်က ပြိုင်တူဖြေဆိုကာ လိမ္မာစွာ ခေါင်းညိတ်ပြလိုက်ကြသည်။

သူမတို့သည် လက်ချင်းချိတ်ကာ ဝံပုလွေဘုရင်၏ ခန်းမဆောင်ဘေးရှိ နွေးထွေးသော သူတို့၏အခန်းငယ်လေးဆီသို့ ခြေလှမ်းအနည်းငယ် လှမ်းပြီးတိုင်း နောက်ပြန်လှည့်ကြည့်ရင်း လျှောက်သွားကြသည်။

သမီးများ ထွက်သွားသည်ကို ကြည့်ရင်း လင်းထျန်းလုံ၏မျက်ဝန်းများရှိ နွေးထွေးမှုသည် လျင်မြန်စွာ ပျောက်ကွယ်သွားပြီး သူ၏ ပုံမှန် အေးစက်မှုနှင့် နက်နဲမှုဆီသို့ ပြန်လည်ရောက်ရှိသွားသည်။

အတွေးတစ်ချက်ဖြင့် သူ၏အသိစိတ်သည် သူ့တစ်ဦးတည်းသာ ပိုင်ဆိုင်သော စနစ်နေရာလွတ်အတွင်းသို့ ချက်ချင်းနစ်မြုပ်သွားတော့သည်။

“စနစ်ရေ၊ အရှေ့ဘက်စစ်မျက်နှာပြင် တိုက်ပွဲမှ ရရှိထားသော အမည်မသိလက္ခဏာရပ်များအားလုံးကို ထုတ်ပြပေးပါ”

အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် သိသာထင်ရှားသော နိမိတ်မကောင်းသည့် စွမ်းအင်ောလှုပ်ရှားမှုများ ထုတ်လွှတ်နေသည့် လက္ခဏာရပ်နှစ်ခုသည် လေဟာနယ်ထဲမှ ပေါ်ထွက်လာပြီး သူ၏ အသိစိတ်ပုံစံရှေ့တွင် လွင့်မျောနေသည်။

တစ်ခုက မှင်ကဲ့သို့ မည်းမှောင်နေကာ အသန့်စင်ဆုံး အမှောင်ထုနှင့် ကစဉ်ကလျားအခြေအနေမှ စုစည်းထားသကဲ့သို့ အဆက်မပြတ် လိမ်ကောက်လူးလွန့်နေပြီး အရာအားလုံးကို တိုက်စားသိမ်းသွင်းလိုသော အစွန်းရောက် ရက်စက်ယုတ်မာမှုကို ထုတ်လွှတ်နေသည်။

အခြားတစ်ခုမှာမူ ခဲနေသော သွေးပုပ်များကဲ့သို့ ထူးဆန်းသော အနီရောင်ရင့်ရင့်ကို ပြသနေပြီး အတွင်းဘက်တွင် အကြမ်းဖက်မှု၊ သွေးဆာမှုနှင့် သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ပြည့်နှက်နေသည်။

တစ်ချက်ကြည့်မိရုံဖြင့် မရေမတွက်နိုင်သော ရူးသွပ်သည့် ဟိန်းဟောက်သံများကို ကြားနေရသကဲ့သို့ ခံစားရစေသည်။

[စနစ်အသိပေးချက်]။ ။ခွဲခြားသတ်မှတ်နိုင်သော လက္ခဏာရပ်များကို ထောက်လှမ်းတွေ့ရှိပါသည်။

ညစ်ညမ်းမှုဇစ်မြစ်ညစ်ညမ်းမှုဇစ်မြစ် (???)၊ သွေးဆာရူးသွပ်မှု (???)၊

လက္ခဏာရပ်များတွင် ပြင်ပစွမ်းအင်နှင့် ပရမ်းပတာဆန္ဒများ မြင့်မားစွာပါဝင်နေပြီး သန့်စင်ရန်နှင့် ခွဲခြမ်းစိတ်ဖြာရန် ကြီးမားသော စိတ်စွမ်းအင်ပမာဏ လိုအပ်ပါသည်၊ စတင်မည်လား၊

အခန်း (၂၆၄) - တိုတမ်မိခင်သစ်ပင် အန္တရာယ်နှင့်ရင်ဆိုင်ရခြင်း (၁)

“ညစ်ညမ်းမှုဇစ်မြစ်ကို စတင်ခွဲခြမ်းစိတ်ဖြာပါ” လင်းထျန်းလုံ မည်သည့်တုံ့ဆိုင်းမှုမျှမရှိဘဲ အမိန့်ပေးလိုက်သည်။

ကိုယ့်အကြောင်းနှင့် ရန်သူ့အကြောင်းကို သိရှိခြင်းသည် အနာဂတ် ခြိမ်းခြောက်မှုအားလုံးကို ရင်ဆိုင်ရာတွင် ပထမဆုံးခြေလှမ်းဖြစ်သည်။ မည်မျှပင် ကုန်ကျပါစေ တန်ဖိုးရှိလှသည်။

စနစ်နေရာလွတ်အတွင်း လင်းထျန်းလုံ၏ ကြီးမားလှသော စိတ်စွမ်းအင်ကို ကိုယ်စားပြုသည့် ငွေဖြူရောင်အလင်းတန်းသည် အဆက်မပြတ် လိမ်ကောက်နေသော အမည်းရောင်လက္ခဏာရပ်ဆီသို့ ဒီရေလှိုင်းများသဖွယ် ရိုက်ခတ်သွားသည်။

သို့သော် ထိတွေ့လိုက်သည့် အခိုက်အတန့်တွင် ဆူပွက်နေသောဆီအိုးထဲ ရေအေးလောင်းချလိုက်သကဲ့သို့ ဝိညာဉ်အဆင့်တွင် သက်ရောက်နေသော ပြင်းထန်သည့် ရိုက်ခတ်မှုတစ်ခု ပေါက်ကွဲထွက်လာသည်။

ရူးသွပ်မှု၊ နာကြည်းမှုနှင့် ဖျက်ဆီးလိုသော ဆန္ဒများ ပြည့်နှက်နေသည့် မရေမတွက်နိုင်သော သတင်းအချက်အလက် အပိုင်းအစများသည် ဆည်ကျိုးပေါက်သွားသကဲ့သို့ ပြိုဆင်းလာပြီး သူ၏အသိစိတ်ပင်လယ်ကို ပြောင်းပြန်ဆေးကြောကာ ညစ်ညမ်းစေရန် ကြိုးစားနေကြသည်။

“ဟမ့်” လင်းထျန်းလုံ စိတ်ထဲမှ အေးစက်စွာ နှာမှုတ်လိုက်သည်။

ရှေးဟောင်းကန္တာရတိုက်ပွဲခန္ဓာက ပေးစွမ်းသော ကြံ့ခိုင်သည့် ရုပ်ပိုင်းဆိုင်ရာနှင့် ထာဝရတိုက်ပွဲဝိညာဉ်က ယူဆောင်လာသော သံမဏိဆန္ဒတို့သည် ဝိညာဉ်ထဲတွင် အနည်းငယ် တုန်ခါသွားပြီး ဤပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ ညစ်ညမ်းမှုကို လက်တစ်လုံးမျှပင် မရွေ့ဘဲ ခိုင်မာစွာ တွန်းလှန်ပစ်လိုက်သည်။

ငွေပြာဧကရာဇ်မျက်ဝန်းများ၏ စွမ်းအားသည် ခွဲခြမ်းစိတ်ဖြာမှုလုပ်ငန်းစဉ်၏ အလယ်ဗဟိုသို့ စီးဝင်သွားပြီး အဓိပ္ပာယ်မဲ့ ရူးသွပ်သော မြည်ကြွေးမှုများနှင့် ကစဉ်ကလျား အမြင်အာရုံများကို လျင်မြန်စွာ ဖယ်ရှားကာ အဓိကဖွဲ့စည်းတည်ဆောက်ပုံ အချက်အလက်များနှင့် ဥပဒေသအပိုင်းအစများကို တိကျစွာ ဖမ်းယူနိုင်ရန် စနစ်အား ကူညီပေးလိုက်သည်။

ခွဲခြမ်းစိတ်ဖြာမှု လုပ်ငန်းစဉ်သည် နှေးကွေးပြီး ခက်ခဲလှသည်။ ဤလက္ခဏာရပ်၏ အနှစ်သာရသည် သူယခင်က ကြုံတွေ့ခဲ့ဖူးသော မည်သည့်စွမ်းအင်ပုံစံထက်မဆို ကျော်လွန်နေသည်။

၎င်းသည် ရိုးရှင်းသော ဖျက်ဆီးခြင်းစွမ်းအင်မျိုး မဟုတ်ဘဲ ကမ္ဘာကြီး၏ အခြေခံစည်းမျဉ်းများနှင့် အသက်စွမ်းအင်၏ မူလအစကို ပစ်မှတ်ထားသည့် ဆိုးရွားသော ဗိုင်းရပ်စ် သို့မဟုတ် ကူးစက်မြန်သည့် ညစ်ညမ်းမှုရောဂါ ကဲ့သို့သော အရာမျိုးဖြစ်သည်။

အချိန်မည်မျှ ကြာသွားသည် မသိ။ မျက်တောင်တစ်ခတ်စာဟု ထင်ရသော်လည်း ရှည်လျားသော ရာစုနှစ်တစ်ခုကဲ့သို့လည်း ခံစားနေရသည်။

[စနစ်အသိပေးချက်]။ ။ခွဲခြမ်းစိတ်ဖြာခြင်း ပြီးစီးပါပြီ၊

[စနစ်အသိပေးချက်]။ ။ရရှိထားသော လက္ခဏာရပ်၊ ညစ်ညမ်းမှုဇစ်မြစ် (ရွှေရောင် အဆင့်မြင့်)

[စနစ်အသိပေးချက်]။ ။အကျိုးသက်ရောက်မှု၊ အစွန်းရောက် ပရမ်းပတာဖြစ်မှုနှင့် ဖျက်ဆီးခြင်း၏မူလအစ ပါဝင်သော ဥပဒေသအပိုင်းအစတစ်ခုဖြစ်သည်။

၎င်းသည် ဒြပ်စင်နှင့် စွမ်းအင်ဖွဲ့စည်းပုံအများစုကို တိုက်စားခြင်းနှင့် လိမ်ညာသိမ်းသွင်းခြင်းတို့ ပြုလုပ်နိုင်ပြီး အလွန်အားကောင်းသော သတင်းအချက်အလက် ကာကွယ်မှုနှင့် စိတ်ပိုင်းဆိုင်ရာ ညစ်ညမ်းမှုလက္ခဏာများကို ပိုင်ဆိုင်ထားသည်။

အလွန်အန္တရာယ်ကြီးမားပြီး ဖိနှိပ်သန့်စင်ရန်အတွက် အလွန်မြင့်မားသောအဆင့်ရှိ စွမ်းအား သို့မဟုတ် မူလဥပဒေသများ လိုအပ်သည်။

[စနစ်အသိပေးချက်]။ ။မှတ်ချက် - ဤလက္ခဏာရပ်အတွင်း အထူးမှတ်သားမှု အချက်အလက်များကို ထောက်လှမ်းတွေ့ရှိခဲ့ပြီး စနစ်က အလိုအလျောက် မှတ်တမ်းတင်ကာ သီးခြားခွဲထုတ်ထားပါသည်။

ဆက်စပ် ကိုသြဒီနိတ်များကို အမြင့်ဆုံး ဦးစားပေးခြိမ်းခြောက်မှု စောင့်ကြည့်စာရင်းတွင် ထည့်သွင်းထားပါသည်။

“မှတ်သားမှုလား”

လင်းထျန်းလုံ၏ ရေခဲမျက်ဝန်းပြာများတွင် စူးရှအေးစက်သော အလင်းတန်းတစ်ခု ရုတ်တရက် တောက်ပသွားသည်။

မျှော်လင့်ထားသည့်အတိုင်း ထိုအမှတ်အသားသည် အမှတ်မထင် ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ ဤပုပ်ပွစေသော စွမ်းအင်ထဲတွင် မွေးရာပါ ပါဝင်သည့် နေရာချထားခြင်း သို့မဟုတ် အချက်အလက်တုံ့ပြန်ခြင်း လုပ်ဆောင်ချက်တစ်မျိုးဖြစ်သည်။

ညစ်ညမ်းသားရဲအသိုက်ကို ဖျက်ဆီးလိုက်ခြင်းသည် ဤဖုံးကွယ်ထားသော အချက်ပြမီးကို အစပျိုးလိုက်ခြင်းနှင့် အတူတူပင်ဖြစ်သည်။ အမည်မသိ အရာတစ်ခုခုက သူ့ကို မြင်သွားလောက်ပြီဖြစ်သည်။

ဤအလွန်အန္တရာယ်ကြီးမားသော လက္ခဏာရပ်ကို စုပ်ယူရန် သူ မရွေးချယ်ခဲ့ပေ။ ယင်းအစား ၎င်းကို စနစ်နေရာလွတ်၏ အနက်ရှိုင်းဆုံးအပိုင်းတွင် ပြန်လည်ချိတ်ပိတ်ရန် သူ၏ အမြင့်ဆုံးအာဏာစက်ကို အသုံးပြုကာ စွမ်းအင်အကျဉ်းချမှု အလွှာများစွာကို အသုံးပြုခဲ့သည်။

ဤအရာသည် အလွန်မတည်ငြိမ်သော အချိန်ကိုက်ဗုံးတစ်လုံးနှင့် တူသည်။ ၎င်းကို ဘေးကင်းစွာအသုံးပြုရန် သို့မဟုတ် လုံးဝဖျက်ဆီးပစ်ရန် နည်းလမ်းမရှာတွေ့မီ လွယ်လွယ်ကူကူ မထိတွေ့သင့်ပေ။

ထို့နောက် သူ၏အကြည့်များက အနီရောင်ရင့်ရင့် လက္ခဏာရပ်ဖြစ်သော သွေးဆာရူးသွပ်မှုဆီသို့ လှည့်သွားသည်။

နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ဤလက္ခဏာရပ်၏ ရောင်ဝါမှာ များစွာပို၍ ရိုးရှင်းပြီး ကြမ်းတမ်းကာ သတ်ဖြတ်ခြင်းနှင့် ဝါးမြိုခြင်းအတွက် အခြေခံအကျဆုံး ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

“သွေးဆာရူးသွပ်မှုကို ခွဲခြမ်းစိတ်ဖြာပါ”

ဤတစ်ကြိမ်တွင် ခွဲခြမ်းစိတ်ဖြာမှု လုပ်ငန်းစဉ်သည် များစွာ ချောမွေ့သွားသည်။ စနစ်၏ ငွေဖြူရောင်အလင်းတန်းသည် ကြမ်းတမ်းသော်လည်း လုံလောက်စွာ မသန့်စင်သော လက္ခဏာရပ်၏ အပြင်ဘက်အကာအကွယ်ကို အပြတ်အသတ် ဖြိုခွင်းလိုက်ပြီး ၎င်း၏ ရိုးရှင်းသော အဓိကဖွဲ့စည်းပုံဆီသို့ ရောက်ရှိသွားသည်။

[စနစ်အသိပေးချက်]။ ။ခွဲခြမ်းစိတ်ဖြာခြင်း ပြီးစီးပါပြီ၊

[စနစ်အသိပေးချက်]။ ။ရရှိထားသော လက္ခဏာရပ်၊ သွေးဆာရူးသွပ်မှု (ခရမ်းရောင် အဆင့်မြင့်)

[စနစ်အသိပေးချက်]။ ။အကျိုးသက်ရောက်မှု၊ အသုံးပြုသူ၏ အလားအလာနှင့် တိုက်ခိုက်လိုသော ဆန္ဒကို များစွာ နှိုးဆွပေးသည်။

နာကျင်မှု ခံစားသိရှိနိုင်စွမ်းကို သိသိသာသာ အားနည်းစေပြီး ကာလတိုအတွင်း ခွန်အား၊ အမြန်နှုန်းနှင့် ရန်လိုမှုတို့ကို ကြီးမားစွာ တိုးမြှင့်ရန်အတွက် ဆင်ခြင်တုံတရားကို လောင်ကျွမ်းစေသည်။

အသုံးပြုပြီးနောက် အလွန်အမင်းအားနည်းသော အခြေအနေသို့ ရောက်ရှိသွားမည်ဖြစ်ပြီး မူလဝိညာဉ်ကို အမြဲတမ်း ထိခိုက်စေကာ ပိုမိုကြမ်းတမ်းသော စိတ်နေစိတ်ထားကို ဖြစ်ပေါ်စေနိုင်သည့် အန္တရာယ်ရှိသည်။

ထိုအရာက ကြီးမားသော ဘေးထွက်ဆိုးကျိုးများရှိသည့် ပုံမှန် ရူးသွပ်မှုအမျိုးအစား လက္ခဏာရပ်တစ်ခုဖြစ်သည်။

တည်ငြိမ်မှုနှင့် တိုက်ခိုက်မှုတို့ကို အားပြုပြီး ထာဝရတိုက်ပွဲဝိညာဉ်နှင့် နှင်းမုန်တိုင်းတိုက်ပွဲဝိညာဉ်တို့ကဲ့သို့သော သာလွန်သည့် ဝိသေသများကို ပိုင်ဆိုင်ထားပြီးဖြစ်သော လင်းထျန်းလုံနှင့် သူ၏ အဓိက လက်အောက်ငယ်သားများအတွက်မူ ဤအရာသည် လက်တွေ့တွင် အသုံးမဝင်ပေ။

သို့သော်... သူ၏ အကြည့်များက စနစ် မျက်နှာပြင်ပေါ်ရှိ လက္ခဏာရပ်ပေါင်းစပ်ခြင်းကို ကျော်ဖြတ်သွားသည်။

“အနာဂတ်မှာ အဆင့်မြင့်ပေါင်းစပ်မှုတွေ လုပ်ဆောင်တဲ့အခါ ထည့်သွင်းအသုံးပြုဖို့ သုံးစွဲနိုင်တဲ့ ပစ္စည်းတစ်ခုအနေနဲ့ အထောက်အကူ ဖြစ်ကောင်းဖြစ်နိုင်တယ်”

သွေးဆာရူးသွပ်မှုကိုလည်း စနစ်၏ သိုလှောင်ခန်းထဲတွင် ယာယီ သိမ်းဆည်းထားလိုက်သည်။

အဆင့်မြင့် လက္ခဏာရပ်နှစ်ခုကို ဆက်တိုက် ခွဲခြမ်းစိတ်ဖြာခြင်း၊ အထူးသဖြင့် ညစ်ညမ်းမှုဇစ်မြစ်မှ ဆောင်ကြဉ်းလာသော ပြင်းထန်သည့် စိတ်ပိုင်းဆိုင်ရာ ထိပ်တိုက်ရင်ဆိုင်မှုက သူ့ကို ပြင်းထန်သော ဝိညာဉ်တိုက်ပွဲတစ်ခုကို ဆင်နွှဲခဲ့ရသကဲ့သို့ ကြာရှည်စွာ ပျောက်ဆုံးနေသော ပင်ပန်းနွမ်းနယ်မှုခံစားချက်ကို ရရှိစေသည်။

သူ၏အသိစိတ်သည် စနစ်နေရာလွတ်မှ ထွက်ခွာလာပြီး လက်တွေ့ကမ္ဘာဆီသို့ ပြန်လည်ရောက်ရှိလာသည်။

စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုအချို့ကို ဖယ်ရှားရင်း မိခင်သစ်ပင်၏ အသက်စွမ်းအင်ရောင်ဝါများ ပြည့်နှက်နေသည့် ဝံပုလွေအသိုက်အတွင်းရှိ လတ်ဆတ်သော လေကို ပြင်းပြင်းထန်ထန် ရှူရှိုက်လိုက်သည်။

အကာအကွယ် အပြင်ဘက်ရှိ ကျယ်ပြောလှပြီး အန္တရာယ်များ ပြည့်နှက်နေသော ကမ္ဘာကြီးကို လှမ်းကြည့်လိုက်ချိန်တွင် သူ၏အကြည့်များက တစ်ဖန် ပြန်လည်စူးရှလာသည်။

အမည်မသိ ခြိမ်းခြောက်မှုများ၊ ကြောက်မက်ဖွယ်ကောင်းသော ညစ်ညမ်းမှုစွမ်းအင်များ၊ အလားအလာရှိသော မဟာမိတ်များနှင့် ရန်သူများ၊ ထို့ပြင် မဖြေရှင်းရသေးသော အမှတ်အသား…

ရှေ့ဆက်ရမည့်လမ်းသည် မြူခိုးများ ဖုံးလွှမ်းနေဆဲဖြစ်ပြီး မသေချာမရေရာမှုများနှင့် ပြည့်နှက်နေခဲ့သည်။

“ငါ့ရဲ့ ခွန်အားတွေကို ပိုမြန်မြန် တိုးမြှင့်ရမယ်”

အဝေးရှိ လှိုင်းထနေသော တောင်တန်းကြီးများကို ကြည့်ရင်း တိုးညှင်းသော်လည်း ကြီးမားသော ဖိအားပါဝင်သည့် အသံဖြင့် ရေရွတ်လိုက်သည်။

“ငါ တစ်ယောက်တည်းမဟုတ်ဘူး၊ အနာဂတ်မှာ ပေါ်လာနိုင်တဲ့ ပိုမိုပြင်းထန်တဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ တစ်မျိုးနွယ်လုံးက ပိုပြီးခွန်အားကြီးမားလာဖို့ လိုတယ်”

လက်ရှိ အရင်းအမြစ်များကို မည်သို့ အကျိုးရှိရှိ အသုံးပြုရမည်နှင့် ဝံပုလွေအုပ်စု၏ အလုံးစုံခွန်အားတိုးတက်မှုကို စနစ်တကျနှင့် ထိရောက်စွာ အရှိန်မြှင့်တင်ရန် ကြီးမားသော စီမံကိန်းတစ်ခုသည် စူပါကွန်ပျူတာတစ်လုံးနှင့် နှိုင်းယှဉ်နိုင်သော သူ၏စိတ်ထဲတွင် စတင်ပုံပေါ်လာပြီး ပိုမိုပြီပြင်လာခဲ့သည်။

ပထမခြေလှမ်းအနေဖြင့် ဝံပုလွေအသိုက်၏ စွမ်းအင်ပတ်ဝန်းကျင်ကို အကောင်းဆုံးဖြစ်အောင် ပြုလုပ်ရန် တိုတမ်မိခင်သစ်ပင်နှင့် ရေခဲပင်မသလင်းကျောက်ကြောတို့၏ အလားအလာကို ပိုမိုနက်ရှိုင်းစွာ တူးဖော်ခြင်းမှ စတင်နိုင်ပေသည်။

…..

နံနက်ခင်းအလင်းရောင်မှာ မှိန်ဖျော့နေပြီး ဝံပုလွေအသိုက်ကို ရွှေရောင်ဖျော့ဖျော့အလွှာလေးတစ်ခု လွှမ်းခြုံထားသည်။

ကြီးမားသော တိုက်ပွဲကြီးတစ်ခုကို ဖြတ်သန်းခဲ့ရသော အိမ်လေးသည် အံ့မခန်းအသက်စွမ်းအင်များနှင့်အတူ ပြန်လည်ကောင်းမွန်လာနေသည်။

လေထုထဲတွင် သွေးနံ့များမရှိတော့ဘဲ မြေကြီး၊ သစ်ပင်ပန်းမန်တို့၏ လတ်ဆတ်သောရနံ့နှင့် ဆေးဖက်ဝင်အပင်တို့၏ ရနံ့သင်းသင်းလေး ရောနှောနေသည်။

လင်းထျန်းလုံသည် ဝံပုလွေအသိုက်အတွင်း ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။

ငွေရောင်အမွေးအမျှင်များက နံနက်ခင်းအလင်းရောင်အောက်တွင် သတ္တုရောင်များ တောက်ပနေပြီး ကြီးမားလွန်းသော ခန္ဓာကိုယ်ကြီးက ထူးခြားစွာ တိတ်တဆိတ်ရွေ့လျားနေသည်။

လင်းထျန်းလုံသည် မိခင်သစ်ပင်ဆီသို့ ချက်ချင်းမသွားဘဲ ဒဏ်ရာရသူများ နားနေသည့် နေရာဆီသို့ ဦးစွာ လျှောက်သွားလိုက်သည်။

သွေးမိစ္ဆာက ကျောက်ပြားတစ်ခုပေါ်တွင် မှောက်လျက်ရှိနေပြီး ဘယ်ဘက်နံရိုးရှိ ကြောက်မက်ဖွယ်ကောင်းနေဆဲဖြစ်သော ဒဏ်ရာပေါ်သို့ အသက်စွမ်းအင်သလင်းကျောက်မှုန့်များနှင့် ရောစပ်ထားသည့် ဆေးဖက်ဝင်အပင်များကို ပိုင်လင်းအား ဂရုတစိုက် သုတ်လိမ်းခွင့်ပြုထားသည်။

ဆေးစွမ်းများ စိမ့်ဝင်သွားပြီး ပုပ်ပွစေသော အကြွင်းအကျန် အမည်းရောင်စွမ်းအင်နှင့် ထိပ်တိုက်ရင်ဆိုင်ရာမှ တရှဲရှဲ မြည်သံသဲ့သဲ့ ထွက်ပေါ်လာသည်။

သွေးမိစ္ဆာက သန့်စင်မှုကြောင့်ဖြစ်ပေါ်လာသော ပူလောင်သည့် နာကျင်မှုနှင့် ယားယံမှုကို သည်းခံရင်း မျက်လုံးများကို မှိတ်ထားကာ နှာခေါင်းများ ပွယောင်းနေခဲ့သည်။

“ဘယ်လိုနေသေးလဲ” လင်းထျန်းလုံ၏ အတွေးက တည်ငြိမ်ပြတ်သားစွာဖြင့် ခေါင်းထဲသို့ ဝင်ရောက်လာသည်။

သွေးမိစ္ဆာ ရုတ်တရက် မျက်လုံးနီနီကြီးများကို ဖွင့်လိုက်ပြီး လင်းထျန်းလုံဖြစ်ကြောင်း မြင်သောအခါ မတ်တတ်ရပ်ရန် ရုန်းကန်လိုက်သည်၊ “ဘုရင်ကြီး၊ ကျွန်တော်”

…..

All Chapters