← Chapters

အခန်း (၂၆၇-၂၆၈)

Vol. 27 Ch. 267-268

အခန်း (၂၆၇-၂၆၈)

Vol. 27 Ch. 267-268

အခန်း (၂၆၇) - ပုံရိပ်ယောင်မျက်၀န်း မြေခွေးမျိုးနွယ်စုမှ သံတမန်စေလွှတ်ခြင်း (၂)

မူလ၀ိညာဥ်အတွက်တိုက်ပွဲကို မြင်တွေ့ပြီးနောက် ယခင်က ‘ကျားကိုမြိုဖို့ ဝံပုလွေကို မောင်းထုတ်ခြင်း’ နှင့် ‘ကျေးဇူးကို အသုံးချခြင်း’ ဟူသော ထိုတွက်ချက်မှုများသည် နေရောင်အောက်ရှိ နှင်းများကဲ့သို့ တိတ်ဆိတ်စွာ အရည်ပျော်သွားခဲ့သည်။

သူမ မတ်တတ်ရပ်ကာ လျှို့ဝှက်နယ်မြေ၏အစွန်းသို့ လျှောက်သွားပြီး ဝံပုလွေအသိုက်၏ဦးတည်ချက်ဆီသို့ လှမ်းကြည့်လိုက်ရာ သူမ၏အကြည့်များက မိုင်တစ်ရာ ဟင်းလင်းပြင်ကို ထိုးဖောက်သွားသကဲ့သို့ပင်။

“ဒီကျေးဇူးက ငါထင်ထားတာထက် အများကြီး ပိုလေးလံပြီး… အများကြီး ပိုစိတ်ဝင်စားဖို့ ကောင်းပုံရတယ်”

သူမ၏ နှုတ်ခမ်းများ အနည်းငယ်ကွေးတက်သွားပြီး သူမ၏ အပြုံးက ရှုပ်ထွေးကာ နားလည်ရန်ခက်ခဲလှသည်။

တန်ဖိုးထားမှု၊ စူးစမ်းလိုစိတ်နှင့် သူမကိုယ်တိုင်ပင် ရှင်းရှင်းလင်းလင်း သတိမထားမိသေးသော သဘာဝကျသည့် ခွန်အားကြီးသူများအပေါ် တောင့်တမှုတို့ ပါဝင်နေကောင်း ပါဝင်နေနိုင်သည်။

“ငါတို့ နောက်တစ်ကြိမ်ဆုံတဲ့အခါ အရမ်းစိတ်ဝင်စားဖို့ကောင်းလိမ့်မယ်”

……

တိုတမ်မိခင်သစ်ပင် အဆင့်တက်ခြင်း ပြီးဆုံးသွားသည်မှာ သုံးရက်ကြာခဲ့ပြီဖြစ်သည်။

ဝံပုလွေအသိုက်အတွင်းတွင် ယခင်က မကြုံစဖူးသော အသက်စွမ်းအင် လှိုင်းလုံးများသည် နွေးထွေးသော ဒီရေလှိုင်းတစ်ခုကဲ့သို့ မြေပြင်နှင့် နေရာအနှံ့အပြားသို့ တိတ်ဆိတ်စွာ စိမ့်ဝင်သွားသည်။

မိခင်သစ်ပင်၏ သစ်သားသရဖူမှ စီးဆင်းနေသော ကြယ်ရောင်များသည် ပိုမိုတောက်ပပြီး နူးညံ့လာကာ ကြယ်တာရာအကာအကွယ်နှင့် ရောနှော၍ ဝံပုလွေအသိုက်တစ်ခုလုံးကို အေးချမ်းပြီး မြင့်မြတ်သော အလင်းရောင်တစ်ခုအဖြစ် လွှမ်းခြုံထားသည်။

အကြီးမားဆုံးအပြောင်းအလဲမှာ နေရာတိုင်းတွင် ရှိနေသော အသက်စွမ်းအင် ပဲ့တင်ထပ်ခြင်းမှ လာခြင်းဖြစ်သည်။

ယခင်က ဤစွမ်းအားသည် ဝံပုလွေအုပ်စုအပေါ် တိတ်တဆိတ် ကောင်းချီးပေးနေသော ကြင်နာတတ်သည့် သက်ကြီးရွယ်အိုတစ်ဦးနှင့် တူသည်။

ယခုအခါ ၎င်းသည် ဝံပုလွေအုပ်စု၏ စုပေါင်းခုန်လှုပ်နေသော နှလုံးသားအဖြစ် ပြောင်းလဲသွားပုံရပြီး တုန်ခါမှုတိုင်းနှင့်အတူ အုပ်စုဝင်တိုင်း၏ ခန္ဓာကိုယ်ထဲသို့ ပိုမိုသန့်စင်ပြီး ကြီးကျယ်ခမ်းနားသော စွမ်းအင်များကို ပို့ဆောင်ပေးနေသည်။

လက္ခဏာရပ်အားလုံး ၃၀ ရာခိုင်နှုန်း တိုးလာမှုက နှင်းဝံပုလွေတိုင်းကို သူတို့၏ ခွန်အား၊ အမြန်နှုန်း၊ ရုပ်ပိုင်းဆိုင်ရာနှင့် ရေခဲစွမ်းအင်အပေါ် ထိန်းချုပ်မှုများ သိသိသာသာခုန်တက်သွားကြောင်း ခံစားရစေသည်။

ဤသည်မှာ ဂဏန်းတန်ဖိုးများ ပြောင်းလဲသွားခြင်းသာမကဘဲ အသက်စွမ်းအင်အဆင့် အနည်းငယ် မြင့်တက်သွားခြင်းဖြစ်သည်။

လင်းထျန်းလုံက ဝံပုလွေဘုရင်၏ ခန်းမဆောင်ရှေ့ရှိ စင်မြင့်ပေါ်တွင်ရပ်ကာ သူ၏မျိုးနွယ်စုကို ငုံ့ကြည့်လိုက်သည်။

ဝံပုလွေအသိုက်တစ်ခုလုံးအတွင် အသက်ရှူသံသည် ပိုမိုရှည်လျားပြီး အားကောင်းလာသည်ကို သူ ရှင်းလင်းစွာ ကြားနေရသည်။

‘အချိန်ကျပြီ’

သူ၏စိတ်ကို စနစ်နေရာလွတ်အတွင်းသို့ နစ်မြုပ်လိုက်ရာ ယခင် ဝိညာဉ်နယ်မြေနှင့် နောက်ပိုင်းအမဲလိုက်မှုများမှ စုဆောင်းထားသော အစိမ်း၊ အဖြူနှင့် ခရမ်းရောင် အမြုတေအများစုဖြစ်သည့် သလင်းကျောက်အမြုတေတောင်ပုံကြီးသည် မျက်စိဖြင့်မြင်နိုင်သော အမြန်နှုန်းဖြင့် အရည်ပျော်ကာ ပြိုကွဲသွားပြီး အသန့်စင်ဆုံး လက္ခဏာရပ် အနှစ်သာရများအဖြစ် ပြောင်းလဲသွားသည်။

[စနစ်အသိပေးချက်]။ ။လက္ခဏာရပ် ပေါင်းစပ်ခြင်းကို စတင်ပါ။

[စနစ်အသိပေးချက်]။ ။ပစ်မှတ် - အထူးတပ်ဖွဲ့များ၏ အဓိက ပင်ကိုစွမ်းရည်များနှင့် ကျွမ်းကျင်မှုများကို ဦးစားပေးအားဖြည့်ရန်နှင့် တစ်ချိန်တည်းမှာပင် သာမန်တပ်ဖွဲ့များ၏ အခြေခံ လက္ခဏာရပ်များကို အဆင့်မြှင့်တင်ရန်။

[စနစ်အသိပေးချက်]။ ။ပေါင်းစပ်နေဆဲ...

ကမ္ဘာကြီးကို တုန်လှုပ်စေမည့်ဖြစ်စဉ်များ မရှိသော်လည်း တိတ်ဆိတ်သော ဆင့်ကဲပြောင်းလဲမှု မုန်တိုင်းတစ်ခုက ဝံပုလွေအသိုက်တစ်ခုလုံးကို တိုက်ခတ်နေသည်။

ပထမဆုံးမှာ အထူးတပ်ဖွဲ့များ၏ အသွင်ပြောင်းမှုဖြစ်သည်။

မူလက ရေပြာကြေးခွံအစောင့်အရှောက်များတွင် ပါဝင်သော အဖွဲ့ဝင်လေးဦးကို လင်းထျန်းလုံက မိခင်သစ်ပင်၏ အလယ်ဗဟိုအောက်သို့ တစ်ဦးချင်းခေါ်ယူလိုက်သည်။

သူတို့၏ အစိမ်းရောင်ဖျော့ဖျော့ ကြေးခွံများသည် မိခင်သစ်ပင်၏ ကြယ်ရောင်အောက်တွင် မျှော်လင့်ချက်အလင်းရောင်များဖြင့် တောက်ပနေသည်။

“မင်းတို့ရဲ့ အခြေခံအုတ်မြစ်က ခိုင်မာနေပြီ၊ ဒီနေ့ မင်းတို့ ရှေ့တစ်လှမ်းထပ်တိုးရမယ်”

လင်းထျန်းလုံ၏အသံ ထွက်ပေါ်လာသည်နှင့်အတူ ရေခဲအကာအကွယ်၏ အမြင့်ဆုံးဥပဒေသများ ပါဝင်သော စနစ်ပေါင်းစပ်မှုမှ ထုတ်လုပ်လိုက်သည့် အလင်းတန်းလေးခုက သူ၏လက်သည်းများမှ ထွက်ခွာသွားပြီး ရေပြာကြေးခွံအစောင့်အရှောက် လေးဦး၏ နဖူးများထဲသို့ တိကျစွာ ဝင်ရောက်သွားသည်။

ချက်ချင်းပင် သူတို့ခန္ဓာကိုယ်ပေါ်ရှိ နက်နဲရေခဲကြေးခွံအထူ (ခရမ်းရောင် အလယ်အလတ်) ထံမှ ကြည်လင်သော မြည်သံတစ်ခု ထွက်ပေါ်လာသည်။

မူလက ထူထဲသော်လည်း အနည်းငယ် ရိုးရှင်းသော ကြေးခွံများသည် တစ်လွှာပြီးတစ်လွှာ ကွာကျသွားပြီး ရှေးဟောင်းရေခဲရုန်းများ သဘာဝကျကျ ရေးထွင်းထားသည့် ပိုမိုထူထဲပြီး ကြည်လင်နေသော ရေပြာရောင်ကြေးခွံများဖြင့် အစားထိုးသွားသည်။

ကြီးကျယ်ခမ်းနားသော အကာအကွယ်စွမ်းအားက ၎င်းတို့ပတ်လည်တွင် မျက်စိဖြင့်မြင်နိုင်သော ရေခဲစွမ်းအင်စက်ကွင်းတစ်ခုကို ဖွဲ့စည်းလိုက်သည်။

[စနစ်အသိပေးချက်]။ ။ပင်ကိုစွမ်းရည် အဆင့်မြှင့်တင်မှု - နက်နဲရေခဲကြေးခွံအထူ (ခရမ်းရောင် အလယ်အလတ်) မှ မဟာနှင်းအကာအကွယ် (ရွှေရောင် အလယ်အလတ်) သို့။

[စနစ်အသိပေးချက်]။ ။အကျိုးသက်ရောက်မှု - ဆောင်းရာသီတွင် လေပြင်းစွမ်းအားကို လမ်းကြောင်းပေးကာ ရုပ်ပိုင်းဆိုင်ရာ ကာကွယ်မှုနှင့် အစွန်းရောက် အအေးဒဏ် တန်ပြန်တိုက်ခိုက်မှု နှစ်မျိုးလုံးကို ပေးစွမ်းသည့် ထာဝရအကာအကွယ်တစ်ခုကို ခန္ဓာကိုယ်မျက်နှာပြင်ပေါ်တွင် ဖွဲ့စည်းနိုင်သည်။

ဘက်စုံကာကွယ်မှုကို သိသိသာသာ တိုးမြှင့်ပေးပြီး ရရှိသည့် ပျက်စီးဆုံးရှုံးမှု၏ တစ်စိတ်တစ်ပိုင်းကို အေးခဲစေသော အအေးဓာတ်အဖြစ် ပြောင်းလဲနိုင်ကာ တိုက်ခိုက်သူကို အဆက်မပြတ်တိုက်စားပြီး ၎င်းတို့၏အမြန်နှုန်းနှင့် အသက်စွမ်းအင်ကို လျှော့ချပေးသည်။

[စနစ်အသိပေးချက်]။ ။ရေခဲပေါက်ကွဲခြင်း တန်ပြန်တိုက်ခိုက်မှု လက္ခဏာရပ် - တိုက်ခိုက်ခံရသည့်အခါ အကာအကွယ်သည် ရန်သူကို တန်ပြန်တိုက်ခိုက်ရန် ရေခဲစွမ်းအင်ကို အလိုအလျောက် ပေါက်ကွဲစေနိုင်သည့် ဖြစ်နိုင်ခြေရှိသည်။

“အာဝူးးးး”

နှင်းဝံပုလွေလေးကောင်က ရှည်လျား၊ ရွှင်လန်းပြီး ကြီးကျယ်ခမ်းနားသော ဟိန်းဟောက်သံများကို ပြိုင်တူ ထုတ်လွှတ်လိုက်သည်။

ဟိန်းဟောက်နေစဉ်အတွင်း သူတို့၏ခန္ဓာကိုယ်များက အနည်းငယ် ကြီးမားကျယ်ပြန့်လာပြီး သူတို့၏ရောင်ဝါများသည် ဘေးရှိ မဟာနှင်းအစောင့်အရှောက် ဝါရင့်ဝံပုလွေကြီး ခြောက်ကောင်နှင့် ထပ်တူကျသွားသည်။

အမှန်တကယ်တော့ သူတို့က ယခုမှ အဆင့်မြှင့်တင်ထားခြင်းဖြစ်သောကြောင့် သူတို့၏ရေခဲအကာအကွယ် အလင်းရောင်က ပိုမိုပြင်းထန်နေပုံရနေခြင်းဖြစ်သည်။

ဤဖြစ်ရပ်နှင့်အတူ မဟာနှင်းအစောင့်အရှောက်သည် အဖွဲ့ဝင်ဆယ်ဦးဖြင့် အင်အား အပြည့်အ၀ ဖြစ်သွားပြီဖြစ်သည်။

စူးရှသော အအေးဒဏ်များ ဖြာထွက်နေသည့် ရေခဲပြာရောင်ပုံရိပ်ဆယ်ခုသည် ဖျက်ဆီး၍မရသော ရေခဲခံတံဆိပ်ဆယ်ခုကဲ့သို့ မားမားမတ်မတ်ရပ်နေကြသည်။

အခြားသော အထူးတပ်ဖွဲ့များ၏ တိုးတက်မှုများကလည်း ချက်ချင်းလိုက်ပါလာသည်။

လင်းထျန်းလုံသည် နှင်းခဲအရိပ်လျှို့ဝှက်အစောင့်အရှောက်များ၏ နိဗ္ဗာန်အေးစက်တိုက်ခိုက်မှု (ခရမ်းရောင် အလယ်အလတ်) အကျိုးသက်ရောက်မှုကို အားဖြည့်ပေးခဲ့သည်။

အရိပ်များထဲမှ ပထမဆုံးစတင်သော တိုက်ခိုက်မှုသည် ယခုအခါ ပိုမိုထိန်းချုပ်ထားနိုင်လာပြီး သေစေနိုင်သော အစွန်းရောက် အအေးစွမ်းအားကို စုစည်းထားနိုင်လာသည်။

နက်ရှိုင်းသောအေးခဲခြင်း အကျိုးသက်ရောက်မှု ကြာချိန်ကို တိုးချဲ့ထားနိုင်လာပြီး ပစ်မှတ်၏ စွမ်းအင်အရင်းအမြစ် လည်ပတ်မှုကို အနည်းငယ် အနှောင့်အယှက်ပေးနိုင်သည်။

ရေပြာကြေးခွံအစောင့်အရှောက်များ၏ မိုးပြာရောင်ဝံပုလွေတိုက်ပွဲဝိညာဉ် (ခရမ်းရောင် အလယ်အလတ်) တိုးတက်လာပြီး ခွန်အား၊ အမြန်နှုန်းနှင့် ရုပ်ပိုင်းဆိုင်ရာတို့၏ ဟန်ချက်ညီသော တိုးတက်မှုက ပိုကြီးမားလာကာ သူတို့၏ ရောင်ဝါများက ပိုမိုခံနိုင်ရည်ရှိလာသည်။

မိုးပြာဝံပုလွေ အဆက်မပြတ်ခုတ်ပိုင်းခြင်း (ခရမ်းရောင် အလယ်အလတ်) ကျွမ်းကျင်မှုမှ တိုက်ခိုက်မှုတိုင်း၏ စွမ်းအား အကျိုးသက်ရောက်မှုသည် ပိုမိုသိသာထင်ရှားလာသည်။

သွေးအစွယ်တော် အစောင့်အရှောက်များ၏ သွေးတိုက်ပွဲအလိုအလျောက်အသိစိတ် (ခရမ်းရောင် အလယ်အလတ်) သည် တိုက်ပွဲပင်ကိုအသိစိတ်၏ ကြောက်မက်ဖွယ်ကောင်းသော တိုးတက်မှုကို မြင်တွေ့ရသည်။

ဒဏ်ရာပိုမိုပြင်းထန်လေ တိုက်ခိုက်မှုနှင့် တုံ့ပြန်မှုအမြန်နှုန်း ပိုမိုမြင့်မားလေဖြစ်ပြီး ကြိုတင်သိမြင်နိုင်မှုအဆင့်နီးပါးသို့ ရောက်ရှိသွားသည်။

သူတို့၏ ပူးပေါင်းကျွမ်းကျင်မှုဖြစ်သော စစ်ပွဲမြည်ကြွေသံပဲ့တင်ထပ်ခြင်း (ခရမ်းရောင် အလယ်အလတ်) သည် လွှမ်းမိုးမှုအကွာအဝေးကို ကျယ်ပြန့်စေပြီး မဟာမိတ်များအတွက် တိုက်ခိုက်မှုစွမ်းအားနှင့် အမြန်နှုန်းတိုးမြှင့်မှုသည် ပိုမိုသိသာထင်ရှားလာသည်။

ထို့နောက် အဓိက စစ်သူကြီးများအတွက် ရရှိသည့် အကျိုးအမြတ်များဖြစ်သည်။

လင်းထျန်းလုံ သူတို့အတွက် အထူးပေါင်းစပ်ထားသော လက္ခဏာရပ်များကိုယူကာ သူ၏ကိုယ်ပိုင်စွမ်းအားကို လမ်းညွှန်အဖြစ်အသုံးပြုပြီး သူတို့၏ခန္ဓာကိုယ်ထဲသို့ စီးဆင်းခွင့်ပေးလိုက်သည်။

ရန့်မြဲ့ (အဆင့် ၃၅ ပထမ ဘုရင်အဆင့် အလယ်အလတ်) သည် အကြွင်းမဲ့ရေခဲဝိညာဉ်ကို ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်လာစေပြီး ဝိညာဉ်အေးခဲခြင်း လက္ခဏာရပ်၏ ‘အတွေးအေးခဲခြင်း’ အကျိုးသက်ရောက်မှုကို ရန်သူများအပေါ် ပိုမိုသိသာထင်ရှားလာစေသည်။

ထျန်းပင်း (အဆင့် ၃၃ ပထမ ဘုရင်အဆင့် အစောပိုင်း) နှင်းမုန်တိုင်းတိုက်ပွဲဝိညာဉ် လက္ခဏာရပ်၏ ‘တိုက်ပွဲရူးသွပ်ခြင်း’ အကျိုးသက်ရောက်မှု တိုးတက်လာသည်။ အသက်စွမ်းအင် ၁၀ ရာခိုင်နှုန်း ဆုံးရှုံးသွားတိုင်း သူ၏ကိုယ်ပိုင်တိုက်ခိုက်မှုစွမ်းအား၊ ကာကွယ်မှုနှင့် တိုက်ပွဲဝင်လိုစိတ် တိုးမြှင့်မှုသည် ၁၈ ရာခိုင်နှန်း အထိ တိုးလာခဲ့သည်။

ယင်းဖုန်း (အဆင့် ၃၃ ပထမ ဘုရင်အဆင့် အစောပိုင်း) ၏ တစ္ဆေရေခဲအရိပ်ထွက်ပြေးခြင်းသည် ပိုမိုထူးချွန်လာပြီး ရေခဲခြေရာ၏ အနှောင့်အယှက်ပေးခြင်းနှင့် ရေခဲပေါက်ကွဲမှုနှောင့်နှေးခြင်း အကျိုးသက်ရောက်မှုများ အားကောင်းလာသည်။

သွေးမိစ္ဆာ (အဆင့် ၂၉ ခြေလှမ်း၀က်ဘုရင်အဆင့်) ဒဏ်ရာများ လုံးဝပျောက်ကင်းသွားသည်။

ကောင်းကင်သတ်ဖြတ်ခြင်းစစ်သူရဲသွေးသည် စစ်မြေပြင်ရှိ သတ်ဖြတ်လိုသော ဆန္ဒများစွာကို စုပ်ယူပြီးနောက် ပိုမိုတက်ကြွလာပြီး အစစ်အမှန် ဘုရင်အဆင့်သို့ ထိုးဖောက်ဝင်ရောက်ရန် အခွင့်အရေးတစ်ခုသာ လိုအပ်တော့သည်။

နောက်ဆုံးတွင် များပြားလှသော သာမန်တပ်ဖွဲ့များဖြစ်သည်။

သာမန်အစောင့်အရှောက်အားလုံး၏ အခြေခံ ပင်ကိုစွမ်းရည် ရေခဲချပ်ဝတ်တန်ဆာ (အဖြူရောင်) သည် မိခင်သစ်ပင်၏ ပဲ့တင်ထပ်ခြင်းနှင့် စွမ်းအင်သွင်းလောင်းမှုအောက်တွင် အရည်အသွေးပိုင်းဆိုင်ရာ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်ကာ အာဒန်ရေခဲချပ်ဝတ်တန်ဆာ (ခရမ်းရောင် အလယ်အလတ်) သို့ အဆင့်တက်သွားသည်။

သူတို့ခန္ဓာကိုယ်ပေါ်တွင် စုစည်းလာသည်မှာ ရိုးရှင်းသောနှင်းခဲများ မဟုတ်တော့ဘဲ သေးငယ်သော ကြေးခွံပုံစံများပါရှိသည့် ခိုင်မာသော အာဒန်ရေခဲချပ်ဝတ်တန်ဆာ အလွှာတစ်ခုဖြစ်သည်။

ရုပ်ပိုင်းဆိုင်ရာအကာအကွယ်က ခုန်တက်သွားပြီး ရေခဲစွမ်းအင်တိုက်ခိုက်မှုများကို ထပ်ဆောင်း ခုခံနိုင်စွမ်းရရှိလာသည်။

အခန်း (၂၆၈) - ပုံရိပ်ယောင်မျက်၀န်း မြေခွေးမျိုးနွယ်စုမှ သံတမန်စေလွှတ်ခြင်း (၃)

သာမန်လုပ်ကြံသတ်ဖြတ်သူအားလုံး၏ အခြေခံပင်ကိုယ်စွမ်းရည် ရူးသွပ်ချီတက်ခြင်း (အဖြူရောင်) သည် ရူးသွပ်ချီတက်ခြင်း (ခရမ်းရောင် အလယ်အလတ်) အဖြစ် ပြောင်းလဲသွားသည်။

အသက်ဝင်လာသောအခါ ချီတက်မှုအမြန်နှုန်းနှင့် ခွန်အားကို တိုးစေရုံသာမကဘဲ ရန်သူ၏ ဆွဲငင်အားဗဟိုချက်ကို အနှောင့်အယှက်ပေးသည့် လေအေးစီးကြောင်းကိုလည်း ဖန်တီးပေးကာ ပထမဆုံးတိုက်ခိုက်မှု၏ ဖျက်ဆီးနိုင်စွမ်းကို သိသိသာသာ မြှင့်တင်ပေးသည်။

သာမန်ကင်းလှည့်အမဲလိုက်တပ်ရင်းအားလုံး၏ အခြေခံ ပင်ကိုစွမ်းရည် အရိပ်ပုန်းကွယ်ခြင်း (အဖြူရောင်) သည် တစ္ဆေကိုယ်ပျောက်ခြင်း (ခရမ်းရောင် အလယ်အလတ်) အဖြစ် ပြောင်းလဲသွားသည်။

ကိုယ်ပျောက်ခြင်း အကျိုးသက်ရောက်မှု ကြီးမားစွာ အားကောင်းလာပြီး ရွေ့လျားနေစဉ် ကျန်ရစ်ခဲ့သော ခြေရာများ ပိုမိုဖျော့တော့လာကာ နှင်းဖုံးနေသော ပတ်ဝန်းကျင်များတွင် ပိုမိုထိရောက်စွာ ပေါင်းစပ်ဝင်ရောက်သွားနိုင်သည်။

သူတို့၏ ပုန်းကွယ်နိုင်စွမ်းနှင့် ချုံခိုတိုက်ခိုက်မှုများသည် အရည်အသွေးပိုင်းဆိုင်ရာ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်သွားသည်။

သူတို့ မျှဝေအသုံးပြုသော အခြေခံကျွမ်းကျင်မှု နှင်းဝံပုလွေလက်သည်း (အဖြူရောင်) သည်လည်း တစ်ချိန်တည်းမှာပင် ရေခဲလက်သည်း (ခရမ်းရောင် အလယ်အလတ်) သို့ အဆင့်တက်သွားသည်။

သူတို့၏ လက်သည်းများတွင် တွယ်ကပ်နေသည်မှာ အားနည်းသောအအေးဓာတ် မဟုတ်တော့ဘဲ သံမဏိကို ဆုတ်ဖြဲရန်နှင့် ဒဏ်ရာများကို အေးခဲစေရန် လုံလောက်သော ခိုင်မာသည့် ရေခဲစွမ်းအင်များဖြစ်သည်။

ဤတိတ်ဆိတ်သော ဆင့်ကဲပြောင်းလဲမှုမုန်တိုင်း တဖြည်းဖြည်း ငြိမ်သက်သွားသည်နှင့်အမျှ ဝံပုလွေအသိုက်တစ်ခုလုံး၏ ရောင်ဝါသည် ကမ္ဘာမြေကိုပင် တုန်လှုပ်စေသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ယခင် ဝံပုလွေအုပ်စုသည် တိုက်ပွဲအတွေ့အကြုံရင့်ကျက်သော အထူးတပ်ဖွဲ့တစ်ခုဆိုလျှင် ယခုအခါ သူတို့သည် တာအိုစစ်သည်များကဲ့သို့သော ဘက်စုံအားကောင်းသည့် ဖိအားများ ဖြာထွက်နေသည်။

ပျမ်းမျှအဆင့်သည် အဆင့် ၂၈ တွင် တည်ငြိမ်သွားသည်။ အချို့သော အထူးတပ်ဖွဲ့ဝင်များသည် အဆင့် ၂၉ ၏ တံခါးဝသို့ပင် ရောက်ရှိနေပြီဖြစ်သည်။

လင်းထျန်းလုံသည် သူ့မျိုးနွယ်စု၏ မွေးကင်းစကလေး ကြီးထွားလာသကဲ့သို့သော ခွန်အားကို ခံစားနေစဉ်အပြင်ဘက် လုံခြုံရေးအတွက် တာဝန်ယူရသော ယင်းဖုန်းသည် အလင်းရောင်ထဲမှ တိုးထွက်လာသကဲ့သို့ သူ၏ဘေးတွင် ပေါ်လာသည်။

“ဘုရင်ကြီး၊ ဧည့်သည်ရောက်နေပါတယ်” ယင်းဖုန်း၏ အသံတွင် ရှားပါးသော လေးနက်မှု အရိပ်အယောင်တစ်ခု ပါဝင်နေသည်။

“အနောက်ဘက် ဥက္ကာပျံတောင်တန်းဆီကနေ ရောက်လာတာပါ၊ မြေခွေးအိုကြီးတစ်ကောင်တည်းပါ၊ ယခင်က မြေခွေးဘုရင်မနဲ့ ဆင်တူတဲ့ စွမ်းအင်လှိုင်းတွေ သယ်ဆောင်လာပေမဲ့ ရန်လိုမှုမရှိပါဘူး”

လင်းထျန်းလုံ၏ မျက်လုံးများထဲတွင် နားလည်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

ယွဲ့ရီ၏ တမန်သည် သူမျှော်လင့်ထားသည်ထက် ပိုမြန်မြန် ရောက်လာခဲ့သည်။

“သူ့ကို ဒီကိုခေါ်လာခဲ့”

ခဏအကြာတွင် ဝံပုလွေဘုရင်၏ ခန်းမဆောင်ရှေ့ရှိ ရင်ပြင်တွင် လင်းထျန်းလုံသည် ဤပုံရိပ်ယောင်မျက်ဝန်းမြေခွေး၏ တမန်နှင့် တွေ့ဆုံခဲ့သည်။

လာရောက်သူမှာ မီးခိုးရောင်နှင့် အဖြူရောင် အမွေးအမျှင်များ၊ ကြင်နာတတ်သော မျက်နှာနှင့် နက်ရှိုင်းသော မျက်လုံးများရှိသည့် မြေခွေးအိုကြီးတစ်ကောင်ဖြစ်သည်။ သူသည် သာမန်သစ်သားတောင်ဝှေးတစ်ခုကို ကိုင်ထားပြီး ခြေလှမ်းများကတည်ငြိမ်နေကာ အလျင်စလိုမရှိပေ။

ဝံပုလွေမျိုးနွယ်စု၏ မရေမတွက်နိုင်သော စူးစမ်းလိုစိတ်၊ အကဲဖြတ်မှု သို့မဟုတ် သိမ်မွေ့သော ဖိအားပေးမှုအကြည့်များကို ရင်ဆိုင်ရသော်လည်း သူ၏ မျက်နှာအမူအရာသည် ရေကဲ့သို့ တည်ငြိမ်နေဆဲပင်။

သို့သော် လူတို့၏နှလုံးသားကို မြင်နိုင်စွမ်းရှိပုံရသော ထို မြေခွေးမျက်ဝန်းများထဲတွင် ဖုံးကွယ်ရန်ခက်ခဲသော အံ့အားသင့်မှုအရိပ်အယောင်တစ်ခုက အလွန်လျင်မြန်စွာ ဖြတ်ပြေးသွားသည်။

အေးခဲနေသော နတ်ဘုရားအစောင့်များကဲ့သို့ ရပ်နေသည့် မဟာနှင်းအစောင့်အရှောက် ဆယ်ဦးကို သူ ရှင်းလင်းစွာ မြင်တွေ့ရပြီး သူတို့ထံမှ ရင်တုန်စရာကောင်းသော ထပ်တူကျနေသည့် မဟာနှင်းအကာအကွယ်၏ ရောင်ဝါကို ခံစားလိုက်ရသည်။

ပိုမိုနက်ရှိုင်းပြီး နားလည်ရခက်သော ရောင်ဝါများဖြင့် အရိပ်များထဲတွင်လင်းလက်နေသည့် ထိုနှင်းခဲအရိပ်လျှို့ဝှက်အစောင့်အရှောက်များကို သူ မြင်တွေ့လိုက်ရသည်။

တိုက်ပွဲဝင်လိုစိတ်များ ထိုးတက်နေပြီး ခြိမ်းခြောက်နေသော သတ်ဖြတ်လိုသည့် စိတ်ဆန္ဒများရှိသော သွေးအစွယ်တော်အစောင့်အရှောက်များကို သူ မြင်တွေ့ရသည်။

ထို့ထက်ပို၍ အရေးကြီးသည်မှာ သာမန်အဖွဲ့ဝင်များပင်လျှင် ပါရမီရှင်အဆင့် စွမ်းအင်လှုပ်ရှားမှုများ ဖြာထွက်နေပြီး ကြီးမားသော အဆင့်တစ်ခုသို့ ခုန်တက်သွားသည့် ဝံပုလွေအုပ်စုတစ်ခုလုံး၏ ကြီးကျယ်ခမ်းနားသော အရှိန်အဟုန်ကို သူခံစားလိုက်ရသည်။

ဤသည်မှာ အသိညာဏ်မဲ့ တိုက်ခိုက်ရုံသာသိသော သာမန် မိစ္ဆာသားရဲမျိုးနွယ်စုတစ်ခု လုံးဝမဟုတ်ပေ။

စည်းကမ်းနှင့် စနစ်ကျမှု၊ ဘက်စုံ လွှမ်းခြုံနိုင်သော ခိုင်မာသည့် ခွန်အား၊ အကဲခတ်၍မရသော အလားအလာ…

မီးခိုးရောင်ဝတ်စုံနှင့် မြေခွေးအိုကြီးသည် လင်းထျန်းလုံရှေ့ရှိ ပြီးပြည့်စုံသော အကွာအဝေးတစ်ခုသို့ လျှောက်သွားပြီး ရပ်တန့်လိုက်ရာ ရန်လိုပုံမပေါ်သကဲ့သို့ လိုအပ်သော လေးစားမှုကိုလည်း ထိန်းသိမ်းထားသည်။

သူသည် အနည်းငယ် ဦးညွှတ်ကာ ရှေးဟောင်းစကြဝဠာ မိစ္ဆာသားရဲမျိုးနွယ်စုများ၏ နှုတ်ဆက်ခြင်းပုံစံကို ပြုလုပ်လိုက်သည်။

“လေးစားရပါသော ဝံပုလွေဘုရင်၊ ကျွန်တော်က ပုံရိပ်ယောင်မျက်ဝန်းမြေခွေး မျိုးနွယ်စုရဲ့ အကြီးအကဲ ဟွေတုန်ပါ၊ ကျွန်တော်တို့ မျိုးနွယ်စုခေါင်းဆောင် ယွဲ့ရီရဲ့ အမိန့်အရ ဂုဏ်ပြုစကားပြောကြားဖို့ လာရောက်ခဲ့တာပါ”

သူ၏အသံသည် အိုမင်းပြီး နူးညံ့နေသည်။

“ဝံပုလွေဘုရင်၊ သင်နဲ့ သင့်မျိုးနွယ်စုက အတွင်းပိုင်းခြိမ်းခြောက်မှုတွေကို ဖြေရှင်းနိုင်ခဲ့ပြီး ခွန်အားကို အဆင့်သစ်တစ်ခုအထိ မြှင့်တင်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်၊ ခွန်အားကြီးတဲ့ မဟာမိတ်တစ်ဦးက ကျွန်တော်တို့ မျိုးနွယ်စုအတွက်လည်း ကောင်းချီးတစ်ခုပဲလို့ မျိုးနွယ်စုခေါင်းဆောင်က ပြောပါတယ်”

စကားပြောနေစဉ် သူသည် နှစ်သောင်းချီ အေးစက်နေသော ကျောက်စိမ်းဖြင့် ထွင်းထုထားသည့် ကျောက်စိမ်းသေတ္တာတစ်ခုကို ထုတ်ယူလိုက်သည်။

အဖုံးပွင့်သွားသည့် အခိုက်အတန့်တွင် ဝိညာဉ်လှုပ်ရှားမှုများကို ငြိမ်သက်စေနိုင်သော ကြည်လင်သည့် ရနံ့တစ်ခု ပျံ့လွင့်လာသည်။

အတွင်းတွင် လရောင်များစုစည်းထားသကဲ့သို့သော အရွက်များနှင့် သွေးကြောများတစ်လျှောက် စီးဆင်းနေသည့် ငွေရောင်အလင်းတန်းများပါရှိသော ဝိညာဉ်မြက်သုံးပင် တည်ရှိနေသည်။

“ဒါက ကျွန်တော်တို့ မျိုးနွယ်စုရဲ့ လျှို့ဝှက်နယ်မြေက လရောင်စုစည်းတဲ့နေရာတွေမှာ ပေါက်ရောက်တဲ့ လရိပ်ဝိညာဉ်မြက်ပါ၊ မူလဝိညာဉ်ကို အာဟာရဖြည့်တင်းပေးတာနဲ့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေကို ငြိမ်သက်စေရာမှာ အံ့မခန်းစရာ အကျိုးသက်ရောက်မှုတွေ ရှိပါတယ်၊ ကျွန်တော်တို့ရဲ့ ခံစားချက်တွေကို ဖော်ပြဖို့ လက်ဆောင်ငယ်လေးတစ်ခုပါ၊ ဝံပုလွေဘုရင်က လက်ခံမယ်လို့ မျှော်လင့်ပါတယ်”

ဤလက်ဆောင်သည် ပေါ့ပါးသည်ဟု မဆိုနိုင်ပေ။

အထူးသဖြင့် ဝံပုလွေအုပ်စုသည် ကြီးမားသော စစ်ပွဲကြီးတစ်ခုကို ယခုလေးတင် ဖြတ်သန်းခဲ့ရပြီး အချို့သောအဖွဲ့ဝင်များတွင် ဖုံးကွယ်နေသော ဝိညာဉ်ဒဏ်ရာများ ရှိနိုင်ကာ သူတို့သည် ယခုမှ တိုးတက်လာပြီး သူတို့၏နယ်ပယ်များကို တည်ငြိမ်စေရန် လိုအပ်နေချိန်တွင် ၎င်းသည် အထူးသဖြင့် လက်တွေ့ကျသော လက်ဆောင်ဖြစ်သည်။

လင်းထျန်းလုံ၏ အကြည့်များက ကျောက်စိမ်းသေတ္တာပေါ်တွင် ဖြတ်သွားပြီး ယွဲ့ရီအပေါ် သူ၏အကဲဖြတ်မှုသည် နောက်ထပ်အဆင့်အသစ်တစ်ခုသို့ မြင့်တက်သွားသည်။ ဤလက်ဆောင်သည် အချိန်ကိုက် ပို့ဆောင်ပေးခြင်းဖြစ်သည်။

“မျိုးနွယ်စုခေါင်းဆောင် ယွဲ့ရီက အရမ်း စဉ်းစားဆင်ခြင်ဉာဏ်ရှိတာပဲ” လင်းထျန်းလုံသည် အတွေးမှတစ်ဆင့် အသံပို့လွှတ်လိုက်ပြီး တည်ငြိမ်ကာ ခိုင်မာနေခဲ့သည်။

“ဒီအရာက ငါ့မျိုးနွယ်စုအတွက် တကယ်ပဲအသုံးဝင်ပါတယ်၊ ငါ လက်ခံပါမယ်၊ သူမကို ငါ့ကိုယ်စား ကျေးဇူးတင်ကြောင်း ပြောပေးပါ”

သူ မည်သည့် ဟန်ဆောင်ငြင်းဆန်မှုမျှ မပြုလုပ်ဘဲ သူ့ဘေးရှိ မဟာနှင်းအစောင့်အရှောက်တစ်ဦးကို ရှေ့ထွက်ကာ ကျောက်စိမ်းသေတ္တာကို ဂရုတစိုက်လက်ခံယူရန် ချက်ချင်း အချက်ပြလိုက်သည်။

၎င်းကိုမြင်သောအခါ အကြီးအကဲဟွေ၏ မျက်လုံးများထဲတွင် သဘောတူညီမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ ဤဝံပုလွေဘုရင်သည် ဟန်ဆောင်မှု သို့မဟုတ် လျှို့ဝှက်မှုမရှိဘဲ ပြတ်သားပြီး တိုက်ရိုက်ပြုမူဆောင်ရွက်တတ်လေသည်။

“ဝံပုလွေဘုရင်က အရမ်း သဘောကောင်းလွန်း နပါပြီ” အကြီးအကဲဟွေ အနည်းငယ် ခေါင်းညိတ်လိုက်ပြီးနောက် သူ၏လေသံ ပြောင်းလဲသွားကာ အနည်းငယ် ပိုမိုလေးနက်လာသည်။

“ဒါ့အပြင် မျိုးနွယ်စုခေါင်းဆောင်က သတင်းတစ်ခု ယူဆောင်လာဖို့ ကျွန်တော့်ကို အမိန့်ပေးခဲ့တယ်၊ မကြာသေးခင်က ဟို ‘စက်ယန္တရားတွေကို ကိုင်တွယ်တဲ့ လူသားတွေ’ (မီးပွားသုသေသနပညာရှင်အသင်း) က ထူးထူးခြားခြား လှုပ်ရှားနေကြတယ်”

“အရင်က စစ်မြေပြင်ကနေ စုဆောင်းခဲ့တဲ့ ပုပ်ပွနေတဲ့ မိစ္ဆာတွေရဲ့ အကြွင်းအကျန်တွေကို အသုံးပြုပြီး... အလွန်အန္တရာယ်ကြီးပြီး လူ့ကိုယ်ကျင့်တရားနဲ့မညီတဲ့ စမ်းသပ်မှုတချို့ကို လုပ်ဆောင်နေပုံရတယ်”

“သဘာဝနဲ့မညီတဲ့ နည်းလမ်းတွေကတစ်ဆင့် ‘နတ်ဘုရားတွေ’ ဒါမှမဟုတ်... ‘မိစ္ဆာနတ်ဆိုးတွေ’ ကို ဖန်တီးဖို့ ကြိုးစားနေတယ်လို့ မျိုးနွယ်စုခေါင်းဆောင်က သံသယရှိတယ်၊ ဝံပုလွေဘုရင်အနေနဲ့ ပိုပြီးဂရုစိုက်သင့်တယ်”

‘နတ်ဘုရားဖန်တီးရေး စီမံကိန်းလား'

လင်းထျန်းလုံ၏ မျက်လုံးများခထဲတွင် ရေခဲအလင်းရောင်များ တောက်ပသွားသည်။ မျှော်လင့်ထားသည့်အတိုင်း ထိုလူသားများသည် အငြိမ်နေမည်မဟုတ်ပေ။

ပုပ်ပွစေသော စွမ်းအင်ကို စမ်းသပ်မှုများအတွက် အသုံးပြုခြင်းလော။

‘ဒီလူတွေ တကယ်ကို ရူးသွပ်တာပဲ'

“အသိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” လင်းထျန်းလုံ လေးနက်စွာ ပြောလိုက်သည်။

“ငါ လင်းထျန်းလုံ ပေးခဲ့တဲ့ကတိက အတည်ဖြစ်တယ်လို့ မျိုးနွယ်စုခေါင်းဆောင်ယွဲ့ရီကိုလည်း ပြောပြပေးပါ”

သူသည် ရုပ်ဝတ္ထုပစ္စည်း လက်ဆောင်တသ်ခုခုကို ပြန်မပေးခဲ့သော်လည်း ဤထပ်လောင်းပြောကြားသော ကတိသည် ဤအချိန်တွင် မည်သည့်လက်ဆောင်ထက်မဆို ပိုမိုလေးနက်လေသည်။

အကြီးအကဲဟွေက လင်းထျန်းလုံကို နက်နက်ရှိုင်းရှိုင်း ကြည့်ကာ တစ်ဖန် ဦးညွှတ်လိုက်ပြန်သည်။

“ဝံပုလွေဘုရင်ရဲ့ စကားတွေကို ကျွန်တော် သေချာပေါက် ပြန်ပို့ဆောင်ပေးပါ့မယ်၊ ဒါဆိုရင် ဝံပုလွေဘုရင် သင့်မျိုးနွယ်စုရဲ့ အနားယူမှုနဲ့ ပြန်လည်ဖွဲ့စည်းမှုကို ကျွန်တော် အနှောင့်အယှက် မပေးတော့ပါဘူး၊ နှုတ်ဆက်ပါတယ်”

ယင်းဖုန်း၏ ပုံရိပ်သည် အချိန်ကိုက် ပေါ်လာပြီး အကြီးအကဲဟွေကို တိတ်ဆိတ်စွာ ခေါ်ဆောင်သွားလေသည်။

မြေခွေးတမန်ကို ပို့ဆောင်ပြီးနောက် လင်းထျန်းလုံသည် သူ၏ဝံပုလွေအုပ်စုဆီသို့ တစ်ဖန် အကြည့်ရောက်သွားပြန်သည်။

အတွင်းပိုင်း လျှို့ဝှက်အန္တရာယ်များကို ဖယ်ရှားခဲ့ပြီး၊ ခွန်အားကြီးမားစွာ တိုးတက်လာကာ ပြင်ပမဟာမိတ်များက စေတနာနှင့် သတိပေးချက်များပေးပို့ခဲ့သလို အန္တရာယ်မဖားသော ရန်သူများသည်လည အရိပ်ထဲတွင် ရူးသွပ်စွာ ပြင်ဆင်မှုများ ပြုလုပ်နေကြသည်။

ရှေ့ဆက်ရမည့်လမ်းသည် အမည်မသိအရာများနှင့် စိန်ခေါ်မှုများ ပြည့်နှက်နေဆဲဖြစ်သည်။

သို့သော် သူ၏ခြေအောက်ရှိ ‘အိမ်’ ဟုခေါ်သော ဤမြေကမ္ဘာနှင့် ပတ်ဝန်းကျင်ရှိ သစ္စာရှိသောမျိုးနွယ်ဝင်များသည် ယခင်ကထက် ပိုမိုအားကောင်းသော စွမ်းအားများ တည်ရှိနေကြောင်းကို သူခံစားနိုင်သည်။

“ဘာပဲဖြစ်ဖြစ်၊ လာခဲ့စမ်းပါ”

အကာအကွယ်အပြင်ဘက်ရှိအကာအကွယ်အပြင်ဘက်ရှိ ကျယ်ပြောလှပြီး အန္တရာယ်များ ပြည့်နှက်နေသော ကောင်းကင်ကြီးကို သူ မော့ကြည့်လိုက်သည်။

“ငါတို့ အကုန်လုံးကို ရင်ဆိုင်မယ်”

All Chapters