← Chapters

ရာထူးတိုးမြှင့်​​ခြင်း အခမ်းအနား (၇)

Vol. 26 Ch. 252

ရာထူးတိုးမြှင့်​​ခြင်း အခမ်းအနား (၇)

Vol. 26 Ch. 252

ယန်ချင်းက အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ရင်း ပြုံးလိုက်လေသည်။

လက်ထောက်ညွှန်ကြားရေးမှူး ဖုန်းလဲ့ထံမှ အကြံပြုချက်မပါဘဲနှင့်ပင် အချိန်ကျလာလျှင် သူမည်သို့လုပ်ဆောင်ရမည်ကို ဆုံးဖြတ်ထားပြီးဖြစ်ပေသည်။

ဤအရာများအားလုံး ဖြစ်ပျက်နေချိန်တွင် သူသည် ဧည့်သည်များကို ဧည့်ခံရန် ကြိုးစားပမ်းစား အလုပ်လုပ်နေဆဲဖြစ်၏။

ဤသို့ဖြစ်ပျက်နေစဉ်အတွင်း ဖုန့်ရှင်းနှင့်အတူ အလွန်အရေးကြီးသောကိစ္စတစ်ရပ်ကို ဆွေးနွေးနေသကဲ့သို့ လေးနက်သောမျက်နှာထားများဖြင့် အပြင်သို့ထွက်ခွာသွားသော သစ်တောဖြူနိုင်ငံ၏ဘုရင်ကိုပင် သူသတိထားမိလိုက်သေးသည်။

ထိုသူများနှင့်အတူ ရနံ့တစ်ထောင်စားသောက်ဆိုင်မှ မန်နေဂျာနှင့် ချီရှန်းနှင့်အတူ ၎င်းတို့၏ နာမည်ကြီးလာသော စားဖိုမှူးတစ်ဦးလည်း ပါဝင်လေသည်။

ဖုန့်ရှင်းနှင့် သစ်တောဖြူနိုင်ငံဘုရင်တို့ ဆွေးနွေးနေမှုတွင် အဖွဲ့အစည်းအတွင်းရှိ အခြားသောစားသောက်ဆိုင်များမှ ဝန်ထမ်းများလည်း ပါဝင်လာပုံရချေသည်။

သူတို့သည် နေရာကျပ်သွားကာ အခြားသူများဝင်လာရန် အဟန့်အတားဖြစ်နေသည်ကို မြင်သောအခါ နေရာပြောင်း၍ စင်မြင့်များပေါ်တွင် အတူတကွထိုင်လိုက်ကြရလေသည်။

"ကောင်းတဲ့အရာတွေရှိရင် ငါ့ကိုချန်မထားခဲ့တာ ပိုကောင်းမယ်။"

ဖုန့်ရှင်းနှင့် အခြားသူများ ထွက်သွားသည့်နေရာကို မျက်စိဖြင့်လိုက်ကြည့်ရင်း ယန်ချင်းက တွေးလိုက်မိ၏။

သူ၏အစားမက်သောအလိုဆန္ဒများက ကောင်းမွန်သောအရာတစ်ခုခု ဖြစ်ပေါ်နေပြီဟု အော်ဟစ်နေသော်လည်း သူတို့နှင့်အတူရှိနေချင်သည့်တိုင် ယခုအချိန်တွင် သူ့၌ အရေးတကြီးဖြေရှင်းရမည့်ကိစ္စများရှိနေပြီး အဓိကဇာတ်ကောင်မှာလည်း သူ၏ရှေ့တွင် ရောက်ရှိနေပြီဖြစ်လေသည်။

….

"အို... ခင်ဗျားက ငှက်တောင်ဓားဂိုဏ်းက ဂိုဏ်းချုပ်အိုက်ရှန်ဖြစ်ရမယ်။ ကျွန်တော် ယန်ချင်းက ရိုသေစွာ ဂါရဝပြုပါတယ်။ ပြီးတော့ ကျွန်တော့်ရဲ့အခမ်းအနားကို လာရောက်ပေးတဲ့အတွက် ကျေးဇူးတင်ရှိပြီး ပျော်ရွှင်စွာနေထိုင်သွားနိုင်ဖို့ ဆုတောင်းပေးပါတယ်"

ယန်ချင်းသည် ငှက်တောင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်အား ယဉ်ကျေးစွာပြုံးပြကာ ဂါရဝပြုကာ နှုတ်ဆက်လိုက်လေသည်။

"စီနီယာတို့ သူ့ဆီမှာ တစ်ခုခုများထူးခြားနေတာကို သတိထားမိကြလား"

ယန်ချင်းက စိုးရိမ်တကြီး မေးမြန်းလိုက်၏။

သူတို့ နောက်ထပ်ပြောမည့်စကားများက သူမည်သို့လုပ်ဆောင်ရမည်ကို အဆုံးအဖြတ်ပေးမည်ဖြစ်ပေသည်။

"သူ့ရဲ့ ရုပ်ပြောင်းရုပ်လွှဲကျင့်စဥ်က ငါမြင်ဖူးသမျှထဲမှာ အကောင်းဆုံးတွေထဲက တစ်ခုပဲ။ သူက လူလိမ်တစ်ယောက်ဖြစ်နိုင်တယ်ဆိုတဲ့ မင်းရဲ့အကြံပြုချက်ကြောင့်သာ ငါပိုပြီးသေချာကြည့်ဖြစ်သွားတာ၊ အဲ့ဒီလိုမှမဟုတ်ရင် သူငါ့ကိုတောင် လှည့်စားသွားနိုင်လောက်တယ်"

"အင်း... အတော်လေးထူးဆန်းတဲ့ ကျင့်စဥ်ပဲ။ သွေးနဲ့ပတ်သက်တဲ့ ကျင့်ကြံခြင်းပညာရပ်တစ်ခုဖြစ်ပုံရတယ်။ ဒါကြောင့်လည်း သူက မသိမသာနဲ့ အလွယ်တကူရောနှောနေနိုင်တာကိုး”

“သူ့ရဲ့ မူလအစက သွေးမျိုးဆက်ကနေစတင်ပြီးမှ အပြင်ဘက်ကို ဆက်သွားတဲ့ပုံပဲ။ တော်တော်လေးပါးနပ်တဲ့ ကျင့်စဥ်ပဲ..."

"စကြဝဠာပြာ မင်းစကားကို တိုတိုတုတ်တုတ်ပြောလို့မရဘးးလား။ ငါတို့မှာ အချိန်ရတာမဟုတ်ဘူး။ မင်းရဲ့ရှည်လျားလှတဲ့ ရှင်းပြချက်တွေကြားထဲမှာ ယန်ချင်း ပြောစရာစကားတွေ ကုန်သွားရင် ဘယ်လိုလုပ်မလဲ"

"ကျင့်စဉ်တစ်ခုခု ပါလာပြီဆိုတာနဲ့ မင်းက ဘာဖြစ်လို့ အမြဲတမ်းဒီလိုဖြစ်နေရတာလဲ"

"ငါ့အမြင်တော့ မင်းက ရှောင်လောင်ရဲ့ ကမ်းလှမ်းချက်ကို လက်ခံပြီး သူ့ကျောင်းမှာ နည်းပြတစ်ယောက် သွားလုပ်သင့်တာ"

ဖုံးကွယ်ကံကြမ္မာက သက်ပြင်းချရင်း စိတ်ပျက်လက်​ပျက် ပြောလိုက်လေသည်။

"ယန်ချင်း မင်းပြောတာမှန်တယ်။ သူ့ရဲ့ ကံကြမ္မာမျဉ်းတွေက နှောင့်ယှက်ခံထားရတဲ့ပုံပဲ။ အပေါ်ယံကြည့်ရင်တော့ ပုံမှန်လိုပဲထင်ရပေမယ့် အဲ့ဒီမျဉ်းတွေက သူ့ဟာတွေမဟုတ်ဘူးဆိုတာ ငါပြောနိုင်တယ်”

“တခြားလူတစ်ယောက်ရဲ့ ဘဝရာဇဝင်ကိုယူပြီး သူ့ဆီမှာထည့်သွင်းထားတဲ့ပုံပဲ။ ပြီးတော့ နောက်တစ်ယောက်၊ နောက်တစ်ယောက်ပေါ့"

"သူတို့က မတူညီတဲ့ကံကြမ္မာမျဉ်းတွေကို ပြန်လည်ဝင်စားခြင်းရဲ့ရလဒ်အဖြစ် ဟန်ဆောင်ချင်ပုံရတယ်။ သူ့ရဲ့ တကယ့်ကံကြမ္မာမျဉ်းအစစ်ကတော့ အတုအယောင်ကံကြမ္မာမျဉ်း အလွှာပေါင်းများစွာရဲ့အောက်မှာ ပုန်းကွယ်နေတယ်"

"ဝမ်းနည်းစရာကောင်းတာက သူ့ရဲ့မျဉ်းအစစ်ကို ငါဝင်ကြည့်လို့မရဘူး။ အဲ့ဒီမှာ ထူထဲတဲ့ အနီရောင်မကောင်းဆိုးဝါးအလွှာနဲ့ ကာကွယ်ပေးထားတဲ့ သားရဲတစ်ကောင်ကောင် ရှိနေပုံရတယ်"

"ငါ အတင်းအကျပ်ဝင်ကြည့်ဖို့ ကြိုးစားလို့ရပေမယ့် အဲ့ဒီအရာရဲ့ သဘာဝကိုကြည့်ရသလောက်တော့ ငါတို့ကြားက အင်အားကွာဟချက်ကို သူသိသွားတဲ့အခါ အဲ့ဒီဂိုဏ်းချုပ်ရဲ့ ကံကြမ္မာမျဉ်းကို ဖျက်ဆီးပစ်လိုက်နိုင်တယ်။ အဓိကကတော့ သူ့ကို နေရာတင်သတ်ပစ်လိုက်သလို ဖြစ်သွားလိမ့်မယ်။"

"အကူအညီသိပ်မပေးနိုင်တဲ့အတွက် တောင်းပန်ပါတယ်"

ဖုံးကွယ်ကံကြမ္မာက ပြောလိုက်လေသည်။

"မဟုတ်တာ၊ ဒါက လုံလောက်တာထက်ကို ပိုနေပါပြီ စီနီယာ"

ယန်ချင်းသည် နောက်ဆုံးကျန်ရှိနေသော သူတော်စင်အဆင့်ရတနာက သူမ၏အမြင်ကို ပြောလာမည့်အချိန်ကို စောင့်ဆိုင်းရင်း ပြောလိုက်၏။ သို့သော် သူမပြောမည်ဆိုသည်ကိုတော့ သူအပြည့်အဝသေချာမနေပါချေ။

"အဲ့ဒီကလေးလေးဆီမှာ အနည်းဆုံး လူငါးသိန်းလောက်ရဲ့ သွေးတွေစွန်းထင်းနေတဲ့ပုံပဲ။ ဖုံးကွယ်ကံကြမ္မာ သတိထားမိခဲ့တဲ့ သားရဲကြောင့်လားတော့ ငါမသိဘူး”

“ဒါပေမယ့် သူ့ဆီမှာ အ​သင်္ချေသားရဲဂိုဏ်းရဲ့ အထွတ်အမြတ်သားရဲနဲ့ သက်ဆိုင်တဲ့ ရင်းနှီးနေတဲ့အငွေ့အသက်တစ်ခု ရှိနေတယ်"

"ထူးဆန်းတယ်... ကျားရိက သူတို့လိုလူမျိုးတွေနဲ့ လုံးဝပတ်သက်မှာမဟုတ်ဘူး။ သူမက သတ်ဖြတ်ခြင်းတွေနဲ့ စိမ်းသက်နေတဲ့သူမဟုတ်ပေမယ့် ဒီလောက်ထူထပ်တဲ့ သွေးဆာမှုတွေရှိနေတဲ့ သူ့လိုလူမျိုးနဲ့တော့ ပူးပေါင်းမှာမဟုတ်ဘူး”

"ဂိုဏ်းပျက်စီးသွားပြီးတဲ့နောက် သူမဆီမှာ တစ်ခုခုများ ဖြစ်ခဲ့သလား”

“စကြဝဠာပြာ ပြီးခဲ့တဲ့နှစ်တွေတစ်လျှောက် အသင်္ချေသားရဲနဲ့ ပတ်သက်ပြီး တစ်ခုခုများ ကြားမိခဲ့သေးလား”

“အထူးသဖြင့် သူတို့ရဲ့ အထွတ်အမြတ်သားရဲ အသက်ရှင်နေသေးတယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ပေါ့”

ပိုးအိမ်စိမ်းက မေးမြန်းလိုက်လေသည်။

သူမပြောလိုက်သော စကားလုံးအရေအတွက်နှင့် ယခင်ကကဲ့သို့ မပီကလာပီကလာ ကလေးသံမျိုးမဟုတ်ဘဲ မည်မျှပြေပြစ်စွာ ပြောဆိုသွားကြောင်းကို ရုတ်တရက်ကြားလိုက်ရသဖြင့် ယန်ချင်းမှာ အံ့ဩမှင်တက်သွားခဲ့သည်။

သူမ၏အသံသည် ယခုအခါ ကျက်သရေရှိပြီး ဉာဏ်ပညာပြည့်ဝသော ဆွဲဆောင်မှုတစ်ခု ပါဝင်နေလေသည်။

ပြီးပြည့်စုံသော ဝါကျတစ်ကြောင်းကိုပင် သေသေချာချာမဖွဲ့စည်းနိုင်ခဲ့သည့် သူတစ်ဦးတည်းဖြစ်ကြောင်းကို ယန်ချင်း မယုံနိုင်အောင် ဖြစ်နေရသည်။

"သူမက အသင်္ချေသားရဲဂိုဏ်းနဲ့ ပတ်သက်မှုများ ရှိနေတာလား"

ယန်ချင်းက တွေးတောလိုက်လေသည်။

အသင်္ချေသားရဲဂိုဏ်းသည် တစ်ချိန်က မြင့်မြတ်နယ်မြေတစ်ခုဖြစ်ခဲ့ပြီး ကျန်ရစ်သော မြင့်မြတ်နယ်မြေနှစ်ခုနှင့် အခြားသော အဆင့် ၁ အဖွဲ့အစည်းများ၏ လက်ချက်ဖြင့် ပျက်စီးသွားခဲ့ရကြောင်း သိထားသည်မှလွဲ၍ မြင့်မြတ်နယ်မြေတစ်ခု ပျက်စီးသွားခြင်းသည် ကမ္ဘာကြီးကို တုန်လှုပ်စေသော ဖြစ်ရပ်တစ်ခုဖြစ်သော်လည်း ၎င်းနှင့်ပတ်သက်ပြီး သူသိပ်မသိထားပါပေ။

အဆိုပါဖြစ်ရပ်များသည် လွန်ခဲ့သောနှစ်တစ်ထောင်ကျော်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်း၏နောက်ကွယ်ရှိ အကြောင်းရင်းများမှာ အလွန်သံသယဖြစ်ဖွယ် ကောင်းလှသည်။

အပေါ်ယံကြည့်မည်ဆိုလျှင် အသင်္ချေသားရဲဂိုဏ်းသည် အကြောင်းမဲ့သတ်ဖြတ်ခြင်းများကြောင့် နာမည်ကြီးသော ရက်စက်ကြမ်းကြုတ်သည့် အောင်းယင်သားရဲများကို ထိန်းချုပ်ရန် ကြိုးပမ်းခဲ့သည်ဟု ယုံကြည်ရပေသည်။

ကောလာဟလများအရ သူတို့အောင်မြင်ခဲ့ပြီး မကြာမီမှာပင် တောင်ပိုင်းတိုက်ကြီးကို ထိုသားရဲများနှင့်အတူ လွှမ်းမိုးတော့မည်ဟု ဆိုကြလေသည်။

အောင်းယင်သားရဲများသည် ၎င်းတို့၏ ဆိုးသွမ်းသောဂုဏ်သတင်းများ ရှိလင့်ကစား ဖီးနစ်ငှက်များ၊ နဂါးများ၊ လိပ်နက်၊ ကျားဖြူ၊ ချီလင်များနှင့် အခြားသောသားရဲများကဲ့သို့ အထွတ်အမြတ်သားရဲများအဖြစ် သတ်မှတ်နိုင်သောကြောင့် ထိုကိစ္စတစ်ခုလုံးမှာ အဓိပ္ပာယ်မရှိလှပေ။

၎င်းတို့၏ အရေအတွက်မှာ ရှားပါးကာ နည်းပါးလှပြီး အောင်းယင်သားရဲတစ်ကောင် မွေးဖွားလာရန်ပင် ထူးခြားသောအခြေအနေများ လိုအပ်ပေသည်။

All Chapters