← Chapters

ရာထူးတိုးမြှင့်ခြင်း အခမ်းအနား (၁၀)

Vol. 26 Ch. 255

ရာထူးတိုးမြှင့်ခြင်း အခမ်းအနား (၁၀)

Vol. 26 Ch. 255

“၁၃ ယောက်မြောက်က တကယ်တမ်းတော့ လူတစ်ယောက် မဟုတ်ဘူး။ ဒါပေမဲ့ တစ်စုံတစ်ယောက်ဆီမှာ ကပ်တွယ်နေတဲ့ အကြွင်းအကျန် စိတ်ဆန္ဒတစ်ခု ဖြစ်နေလို့ လူတစ်ယောက်လို့ သတ်မှတ်လို့ ရပါတယ်။”

“အဲဒါက ဟိုမိန်းကလေးရဲ့ ကိုယ်ပေါ်မှာ ရှိနေတာ။ ဒါကြောင့်ပဲ သူက သူ့ကိုယ်သူ သေသေချာချာ ဖုံးကွယ်ထားနိုင်တာပေါ့။”

“ယွီလုံ၊ ယွီဟုန်၊ ချူကျန်း၊ ခန်းမသခင်မ လင်မေ့မေ့နဲ့ ရန်ရှုတို့ဆီကတောင် ဖုံးကွယ်ထားနိုင်ခဲ့တာ”

ဟို့ထယ်ဟွေ့၏ မျက်လုံးသူငယ်အိမ်ထဲတွင် ကြယ်ပုံသဏ္ဌာန် အလင်းတန်းများက ငါးများ ကူးခတ်နေသကဲ့သို့ လူးလွန့်လှုပ်ရှားနေသည်။ သူ၏ အကြည့်များမှာ မုန့်ချောင် ရောက်ရှိလာစက စိုက်ကြည့်နေခဲ့သည့် လူပေါ်တွင်ပင် တည်ရှိနေသည်။

“ဒီတစ်ခေါက်တော့ ငါ ရှုံးသွားပြီထင်တယ်”

ရန်ရှုက ခါးသက်သက် ပြုံးရင်း ဆိုသည်။

“မင်းရဲ့ အားသာချက်က တခြားနေရာမှာဆိုတော့ ဒီလောက်ဆိုရင် တော်တော်လေး ကောင်းပါတယ်”

ယွီလုံက နှစ်သိမ့်လိုက်သည်။

“လဲ့ဝေယွမ်... မင်းက အဆင့် ၈ ပဲ ရှိသေးတာကို ဝိညာဉ်ဖွဲ့စည်းခြင်း နယ်ပယ်ကို ခြေတစ်လှမ်းလှမ်းနေပြီဖြစ်တဲ့ မုန့်ချောင်နဲ့ ရှောက်အန်တို့ကို ဘယ်လိုများ ရင်ပေါင်တန်းနိုင်တာလဲ​”

“ဟို့ထယ်ဟွေ့ကတော့ သူ့မှာရှိတဲ့ ဟင်းလင်းပြင်ကြယ်တာရာ ခန္ဓာကိုယ်ကြောင့် အဆင့် ၁၀ နဲ့ သူတို့နဲ့ ယှဉ်နိုင်တာက ထားပါတော့။”

“ဒါပေမဲ့ လဲ့ဝေယွမ်... မင်းရဲ့ အားသာချက်က ဓားလမ်းစဉ် မဟုတ်ဘူးလား။ ၁၂ ယောက်မြောက် အဖွဲ့ဝင်ကို ဘယ်လိုများ ရှာတွေ့သွားတာလဲ”

ယွီဟုန်က မေးခွန်းထုတ်လိုက်သည်။ သူမသည် တရားရုံးများ၏ လှည့်လည်စစ်ဆေးရေးမှူး ဒုတိယညွှန့်ကြားရေးမှူး ဖြစ်သော်လည်း ၁၂ ယောက်မြောက်ကို ရှာမတွေ့ခဲ့သဖြင့် စိတ်ပျက်နေမိသည်။

စစ်ဆေးရေးမှူးများသည် စုံစမ်းစစ်ဆေးမှုအပိုင်းတွင် အထူးစစ်ဆေးရေးမှူးများပြီးလျှင် အတော်ဆုံးဖြစ်ကြသည်။ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး ဖြစ်သော်လည်း ရှာမတွေ့ခဲ့ခြင်းက သူမ၏ တာဝန်ကို ပျက်ကွက်သလို ခံစားနေရ၏။

“လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး အတော်လေး ဒုက္ခပေးတဲ့ လက်အောက်ငယ်သားတစ်ယောက်နဲ့ ရင်ဆိုင်နေရလို့ပါ။ သူ့အနားမှာဆိုရင် တစ်စက္ကန့်လေးတောင် သတိမလွတ်ရဲဘူး။”

“မဟုတ်ရင် သူက ဘယ်အချိန်မှာ ဘာလုပ်သွားမလဲ မသိနိုင်ဘူးလေ။ အဲဒီအတွေ့အကြုံကြောင့်ပဲ ငါက အရာရာကို အာရုံခံစားရတာ မြန်သွားတာ။ အထူးသဖြင့် ခိုးကြောင်ခိုးဝှက် လုပ်တတ်တဲ့သူတွေကိုပေါ့”

လဲ့ဝေယွမ်က တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။ သူ၏အကြည့်များက ဆံပင်အစိမ်းနှင့် လူငယ်လေးတစ်ဦးဆီသို့ ရောက်သွားသည်။

ထိုလူငယ်၏ မျက်နှာတွင် အလွန်နှိမ့်ချသလိုရှိသော်လည်း တစ်ဖက်တွင် ဝင့်ကြွားနေသည့် အပြုံးမျိုး ရှိနေသည်။

“ဒီကောင်က တစ်သက်လုံးပဲ လူမသိသူမသိအောင် သိုသိုသိပ်သိပ်မနေနိုင်ဘူးလား”

လဲ့ဝေယွမ်က တွေးတောနေမိသည်။

…

တိုက်ခိုက်မှုများ ငြိမ်သက်သွားသောအခါ ငှက်တောင်ဓားဂိုဏ်း ဂိုဏ်းချုပ်၏ ကိုယ်ပွားမဟုတ်သော ခန္ဓာကိုယ်အစစ် ထွက်ပေါ်လာသည်။

သူသည် အသက် ၃၀ အရွယ် သွေးနီရောင်ဆံပင်များနှင့် အမျိုးသားတစ်ဦး ဖြစ်ပြီး ခါးတွင်လည်း ဓားအိမ်ထဲ၌ ထည့်ထားသည့် ဓားနှစ်လက် ရှိနေ၏။

“မင်း ဘယ်လိုသိတာလဲ”

ထိုအမျိုးသားက မျှော်လင့်ချက်ကင်းမဲ့နေသော အပြုံးနှင့် မေးလိုက်သည်။ ယန်ချင်းက ထိုမေးခွန်းကို ချက်ချင်းမဖြေဘဲ ထိုသူ၏ လည်ပင်းတွင် ဆွဲထားသည့် အစွယ်ပုံသဏ္ဌာန် အဆောင်ကို ကြည့်လိုက်သည်။

ထိုအဆောင်မှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များ ထွက်ပေါ်နေပြီး ၎င်းမှာ သူ၏ နည်းစနစ်ကို ဝါးမျိုသွားသော အနီရောင်မီးခိုးများ၏ အရင်းအမြစ်လည်း ဖြစ်သည်။

“ဒါက ဘာကြီးလဲ”

ယန်ချင်း တွေးတောနေမိသည်။ ၎င်းမှာ လူလုပ်ထားသည့် လက်နက်တစ်ခုနှင့် မတူဘဲ သက်ရှိတစ်ခုနှင့် ပိုတူနေ၏။

“အဲဒီအဆောင်ရဲ့ အဓိက ပါဝင်ပစ္စည်းတွေက အောင်းယင်ရဲ့ လက်သည်း၊ အစွယ်နဲ့ ဦးချိုတွေပဲ။ အဲဒါကို ရွှေအမြုတေအဆင့် ကျင့်ကြံသူ တစ်သန်းရဲ့ သွေးတွေနဲ့ ပေါင်းစပ်ထားတာ။”

“အဆောင်မှာ ထွင်းထုထားတဲ့ စာလုံးတွေက သွေးတွေအားလုံးကို အဆောင်ထဲ ရောက်သွားအောင် လုပ်ထားတဲ့ပုံပဲ။”

“အဆင့်အတန်းအရဆိုရင် ဒါကို သူတော်စင်အဆင့် လက်နက်လို့ သတ်မှတ်လို့ ရပေမဲ့ အဲဒီထဲမှာ အဆောင်မလုပ်ခင်ကတည်းက ရှိနေခဲ့တဲ့ အသက်ရှင်နေတဲ့ ဝိညာဉ်တစ်ခုကို ငါ ခံစားနေရတယ်”

ပိုးအိမ်စိမ်းက ရှင်းပြသည်။

“အဲဒီဓားဆီက ရတဲ့ ခံစားချက်နဲ့ ဆင်တူတာပဲ။ ဒါပေမဲ့ ဒီတစ်ခုက အဆပေါင်းထောင်ချီ ပိုအားကောင်းနေတယ်”

ယန်ချင်းက တိုးတိုးလေး ရေရွတ်လိုက်သည်။ သူနှင့် ပိုးအိမ်စိမ်း၏ စကားပြောဆိုမှုမှာ ၁၀ စက္ကန့်ပင် မကြာလိုက်ပေ။

“မဖြေခင်မှာ တစ်ခုလောက် မေးပါရစေဦး။ မင်းနာမည်က ကွေ့ရှီရန်၊ တုန့်ယန်းလင်ရဲ့ စီနီယာအစ်ကို ဖြစ်မယ်ထင်တယ်နော်”

ဂိုဏ်းချုပ်၏ မျက်လုံးသူငယ်အိမ်များမှာ တစ်စက္ကန့်မျှ တုန်လှုပ်သွားပြီးနောက် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ သို့သော် ထိုခဏတာအတွင်းမှာပင် ယန်ချင်းက သူလိုချင်သော အတည်ပြုချက်ကို ရသွားခဲ့ပြီ ဖြစ်သည်။

“သူက မင်းလက်ထဲ ရောက်သွားတာကိုး။ ငါ့ဂျူနီယာညီလေးက မင်းကို ဘာတွေများ ထပ်ပြောပြလိုက်သေးလဲ”

ကွေ့ရှီရန်က မေးသည်။ အခြေအနေများက ဤသို့ ဖြစ်လာသည့်နောက်တွင် သူ ငြင်းဆန်နေခြင်းမှာ အပိုသာ ဖြစ်ပေမည်။ အထူးသဖြင့် သူ၏ အဆောင်စွမ်းအားနှင့် ရုပ်သွင်အစစ်ပါ ပေါ်ပေါက်သွားပြီ မဟုတ်ပါလား။

အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း အနက်ရောင်တွင်းနက်ကြီး သူ့ကို ဝါးမျိုသွားစဉ်က ခံစားချက်ကို ပြန်တွေးမိတိုင်း ကွေ့ရှီရန်၏ ရင်ခုန်သံများ မြန်နေဆဲ ဖြစ်သည်။

သူသည် အန္တရာယ်များလှသော တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းခဲ့ဖူးသော်လည်း ထိုတိုက်ခိုက်မှုမှာမူ သူ့အား အပြင်းထန်ဆုံး ဝေဒနာကို ပေးဆပ်ရမည်ဟု စီရင်ချက် ချနေသကဲ့သို့ ခံစားလိုက်ရသည်။

ထိုခြိမ်းခြောက်မှုကြောင့်ပင် သူ၏ အဆောင်မှာ အလိုအလျောက် အစွမ်းပြလာခဲ့ပြီး သူ့ခန္ဓာကိုယ်မှာလည်း ကြောက်စိတ်ကြောင့် မူလရုပ်သွင်သို့ ပြန်ပြောင်းသွားခဲ့ခြင်း ဖြစ်သည်။ သူက ပေါ့ပေါ့ပါးပါးဟန် ဆောင်နေသော်လည်း ရှေ့လာမည့် တိုက်ပွဲကိုမူ အထိတ်တလန့် ကြောက်ရွံ့နေမိသည်။

....

“မင်းရဲ့ ဂျူနီယာညီလေးက အစပိုင်းမှာတော့ အတော်လေး ရှက်နေတာ။ ဒါပေမဲ့ ငါနဲ့ စကားစပြောရင်း ငါက ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာ သိသွားတော့မှ စကားတွေ အများကြီး ပြောလာတော့တာပဲ။”

“မင်းတို့ရဲ့ သခင်၊ ခုနစ်ယောက်မြောက် သွေးလက်ချောင်းရဲ့ လက်အောက်မှာ အဖွဲ့ဝင်အဖြစ် ဝင်ဖို့တောင် သူက ကမ်းလှမ်းလာသေးတယ်”

ယန်ချင်းက နောက်ဆုံးစကားကို အလေးအနက်ထား၍ ပြောလိုက်သည်။

“ယန်းလင်က တကယ်ကို ကြင်နာတတ်တဲ့သူပဲ။ ငါတို့က အချင်းချင်း သိပ်မသိကြပေမဲ့ ငါ့ကို နယ်ပယ်အဆင့် ရောက်အောင် ကူညီပေးမယ်လို့တောင် အာမခံသေးတယ်။”

“စိတ်မကောင်းတာက ငါက သွေးတွေကို မနှစ်မြို့လို့ သူ့ကမ်းလှမ်းချက်ကို ငြင်းလိုက်ရတာပေါ့။ ဒါပေမဲ့ သူ့ရဲ့ စေတနာကို တုံ့ပြန်တဲ့အနေနဲ့ သူ့ရဲ့ ဒဏ်ရာတွေကို ကုသပေးဖို့ ငါ့ရဲ့ စီနီယာအချို့ဆီကို သူ့ကို ပို့ပေးလိုက်ပါတယ်။”

“အဲဒီမှာ သူတို့က လက်ဖက်ရည်သောက် မုန့်စားရင်းနဲ့ သူ့ရဲ့ နောက်ခံအကြောင်းတွေနဲ့ တခြားကိစ္စတွေကို စကားစမြည် ပြောနေကြမှာပါ။”

“စိတ်မပူပါနဲ့၊ မင်းရဲ့ ဂျူနီယာညီက တရားစီရင်ရေး အဖွဲ့အစည်းမှာ ကောင်းကောင်းမွန်မွန် ရှိနေပါတယ်။ မင်းကိုလည်း အဲဒီလိုပဲ ကမ်းလှမ်းချင်ပေမဲ့ မင်းကတော့ ငြင်းမှာပဲနော်။ ပြီးတော့ မင်းပုံစံက လက်ဖက်ရည်သောက်မယ့်သူနဲ့လည်း မတူဘူး”

ယန်ချင်းက သူ၏ မေးစေ့ကို ကိုင်ကာ စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။

“မင်းပြောတာ မှန်တယ်၊ ငါက လက်ဖက်ရည်သမား မဟုတ်ဘူး။ ငါက သွေးဝိုင်ကို ပိုကြိုက်တဲ့သူ”

ကွေ့ရှီရန်က ပြောရင်း ဓားကို ဆွဲထုတ်လိုက်သည်။

“ပြီးတော့ မင်းကြည့်ရတာ ငါ့ကို ဖိတ်ခေါ်ချင်ပုံလည်း မရပါဘူး။ ငါက ငြင်းလိုက်မှာကိုပဲ မင်း မျှော်လင့်နေတာ မဟုတ်လား”

“ဒီအဖွဲ့မှာ တကယ်ပဲ အရည်အချင်းရှိတဲ့သူတွေ ရှိနေတာပဲ”

ယန်ချင်းက ရေရွတ်လိုက်ရင်း သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို မီးတောက်ဖြူများဖြင့် ဖုံးလွှမ်းသွားစေသည်။

“မသေစေနဲ့ဦး ရှီရန်”

“သဘာဝတရား၏ အမျက်ဒေါသ”

ယန်ချင်း၏ ခြေဖဝါးအောက်မှ မြေပြင်မှာ ကျင်းကြီးတစ်ခု ဖြစ်သွားပြီး မီးတောက်ဖြူများမှာ ရေပူစမ်းတစ်ခုကဲ့သို့ ပေါက်ကွဲထွက်လာကာ မီတာ ၅၀၀ ပတ်လည်ရှိ အရာအားလုံးကို ဝါးမျိုသွားလေသည်။

…

“ဖုန်းလဲ့ကတော့ အဲဒီမိန်းကလေးနဲ့ တိုက်ခိုက်ချိန်မှာ ကိုယ့်ကိုယ်ကိုယ် ထုတ်ဖော်လိုက်တဲ့သူတွေကို ထားခဲ့ဖို့ ပြောထားတယ်။”

“ကျန်တဲ့သူတွေကိုတော့ ဖမ်းဆီးရမှာပဲ။ ဒါပေမဲ့ နယ်ပယ်အဆင့် ကျွမ်းကျင်သူကိုးယောက်လုံးက ဝိုင်းတိုက်ဖို့ဆိုတာ နည်းနည်းတော့ များလွန်းသလိုပဲ”

မုန့်ချောင်က ဆိုသည်။

“ငါပဲ လုပ်လိုက်ပါ့မယ်။ လူအုပ်ကို ကိုင်တွယ်ရတဲ့နေရာမှာ ငါက မင်းတို့အားလုံးထက် ပိုတော်တယ်လေ”

ယွီလုံက ပြောလိုက်လေသည်။

All Chapters