← Chapters

ရာထူးတိုးမြှင့်​ခြင်း အခမ်းအနား (၁၄)

Vol. 26 Ch. 259

ရာထူးတိုးမြှင့်​ခြင်း အခမ်းအနား (၁၄)

Vol. 26 Ch. 259

အသစ်ရောက်ရှိလာသော ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူလေးဦးမှာ တူညီသော ဝတ်ရုံများကို ဝတ်ဆင်ထားကြလေသည်။

၎င်းမှာ တောင်ငယ်တစ်လုံး၏ အမှတ်အသားကို ပန်းထိုးထားသည့် အဖြူရောင်ဝတ်ရုံ ဖြစ်ပေ၏။

ထိုတောင်တန်းပေါ်၌ ထူထပ်သော မြူဖြူများ ဖုံးလွှမ်းနေပြီး ပန်းထိုးထားသော တောင်ပုံစံအတွင်း၌ ထိုမြူခိုးများ လှုပ်ရှားနေသည်ကိုပင် မြင်တွေ့နိုင်ပေသည်။

သူတို့ပေါ်လာချိန်တွင် ယန်ချင်းမှာ အနည်းငယ် အာရုံနောက်သွားချေပြီ။

သူတို့၏ဝတ်ရုံများကို ကြည့်ခြင်းအားဖြင့် ခြေဗလာနှင့်အမျိုးသမီးကဲ့သို့ပင် ဝိညာဉ်ကောင်စီမှ ဖြစ်ကြောင်း သူသိထားပြီးဖြစ်သော်လည်း ယခုရောက်ရှိလာသူများမှာ သူမထက် ရာထူးပိုမြင့်မားပုံရလေ၏။

ယန်ချင်းသည် ထိုခွဲခြားမှုကို တောင်တန်းပုံပန်းထိုးထားခြင်းအပေါ် အခြေခံ၍ သတ်မှတ်လိုက်ခြင်း ဖြစ်ပေသည်။ အသစ်ရောက်လာသူ လေးဦး၏ ဝတ်ရုံများတွင် ထိုအမှတ်အသားပါရှိသော်လည်း အဖြူရောင်ဝတ်ရုံနှင့် အမျိုးသမီးတွင်မူ ပါဝင်ခြင်း မရှိပေ။

၎င်းတို့ အချင်းချင်းဆက်သွယ်ပြောဆိုရာတွင် သူတို့၏ ဒုတိယကျောင်းအုပ်ကြီး ဝူလင်း၌ ရှိနေသည့် ရင်းနှီးကျွမ်းဝင်မှု အတိုင်းအတာကို မြင်လိုက်ရသောအခါ သူအလွန်အံ့သြသွားလေသည်။

လက်ထောက်ညွှန်ကြားရေးမှူး ကျွင်းဖေးနှင့် အဖြူရောင်ဝတ်ရုံနှင့် အမျိုးသမီးတို့မှာမူ အနည်းငယ် သိုသိုသိပ်သိပ် နေထိုင်ကြသည်ကို တွေ့ရ၏။

ဝူလင်းအား ဝိညာဉ်ကောင်စီ၏ အဖွဲ့ဝင်ဖြစ်စဉ်က သာမန်ကောင်စီ၏ အဖွဲ့ဝင်ဖြစ်သည်ဟု အမြဲတမ်း ယူဆထားခဲ့သောကြောင့် ယခုမြင်ကွင်းက သူ့အတွက် အံ့အားသင့်စရာ ဖြစ်လာပေသည်။

ဝိညာဉ်ကောင်စီသည် အဖွဲ့အစည်း၏ အဖွဲ့ဝင်များအတွက်ပင် လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ဖုံးလွှမ်းနေလေသည်။

လူသိများသောအချက်မှာ ရှာဖွေရခက်ခဲသော ဥက္ကဋ္ဌမှလွဲ၍ ဝိညာဉ်ကောင်စီသည် တစ်ခုလုံးတွင် အမြင့်ဆုံးအာဏာကို ကိုင်စွဲထားပြီး သီးခြားဒုတိယဥက္ကဋ္ဌသုံးဦး ပေါင်းထားသည်ထက်ပင် ပိုမိုမြင့်မားပေ၏။

ယန်ချင်းအတွက် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများကိုပါ တစ်ခါမျှ မမြင်ဖူးသောကြောင့် ထိုသူများမှာ ဥက္ကဋ္ဌနည်းတူ ရှာဖွေရခက်ခဲသူများ ဖြစ်ကြသည်။

သို့သော် ဌာနအသီးသီးမှ ညွှန်ကြားရေးမှူးများ၊ တရားသူကြီးချုပ်နှင့် ကျောင်းအုပ်ကြီးတို့ပင်လျှင် ၎င်းတို့နှင့် ပုံမှန်တွေ့ဆုံမှုများ ရှိကြောင်းကိုမူ ကြားသိခဲ့ရလေသည်။

ဝိညာဉ်ကောင်စီတွင် အတွင်းပိုင်း၌ သာမန်ကောင်စီနှင့် အထက်တန်းကောင်စီဟူ၍ ဌာနနှစ်ခုရှိသည်။

ယန်ချင်း၏ ခွင့်ပြုချက်အဆင့်မှာ ထိုအရာထက်ပို၍ သိရှိရန် ခွင့်မပြုထားသော်လည်း ၎င်းတို့၏ ရာထူးအမည်များအရ အထက်တန်းကောင်စီသည် သာမန်ကောင်စီမှ သူများနှင့် နှိုင်းယှဉ်ပါက အဆင့်ပိုမြင့်သည်ဟု ယူဆထား၏။

အကယ်ဒမီသို့မဝင်မီက ဝူလင်းကို သာမန်ကောင်စီမှ ဖြစ်သည်ဟု မှတ်ယူထားခဲ့သော်လည်း သူတို့၏ အပြန်အလှန်ဆက်ဆံရေးအရ အမြဲတမ်း ပျော်ပျော်နေတတ်သော သူတို့၏ ဒုတိယကျောင်းအုပ်ကြီးကို ပြန်လည်အကဲဖြတ်ရန် လိုအပ်လာလေသည်။

ဝိညာဉ်ကောင်စီ၏အဖွဲ့ဝင် လေးဦးထဲတွင် တစ်ဦးမှာ အသက်ငါးဆယ်ဝန်းကျင်ခန့်ရှိသည့် သက်ကြီးအမျိုးသမီးတစ်ဦး ဖြစ်သည်။

သူမသည် ဆံပင်ကို ရိုးရှင်းသော ဆံထုံးတစ်ခု ထုံးထားပြီး တင်းမာသော မျက်နှာသွင်ပြင်နှင့်အတူ မီးခိုးရောင်ဆံပင်များ ရှိ၏။ လဲ့ဝေယွမ်ကဲ့သို့ပင် ခံစားမှုမျိုးပေးသည်ဟု ယန်ချင်းခံစားလိုက်ရသည်။

အသေးအမွှားကိစ္စလေးများအတွက်ပင် နေရာတိုင်း၌ အပြစ်ရှာမည့် တင်းကျပ်သော ကြီးကြပ်ရေးမှူးတစ်ဦးနှင့် တူလှပေသည်။

သူမ၏ဘေးတွင် အသက်ကြီးပိုင်း အမျိုးသားသုံးဦး ရှိလေသည်။ တစ်ဦးမှာ အသက်လေးဆယ်ကျော်အရွယ် ရုပ်ရည်မျိုးရှိပြီး အလှအပဘက်တွင်မူ ယန်ချင်းမှာ မည်မျှပင် နာကျင်ရစေကာမူ မိမိ၏နိမ့်ကျမှုကို ဝန်ခံရပေမည်။

သူတို့အဖွဲ့ထဲတွင် အကြည့်ကောင်းသူဟု ယူဆရသော ရှားပေါ်ချင်းပင်လျှင် ဝိညာဉ်ကောင်စီအဖွဲ့ဝင်ကို ရှုံးနိမ့်သွားမည်ဖြစ်ပြီး သူတစ်ယောက်တည်းသာမက ယန်ချင်းသတိမပေးခံရမီက ခဏတာ စိုက်ကြည့်ခဲ့ဖူးသော ခြေဗလာနှင့် အမျိုးသမီးပင်လျှင် သူ၏ဘေးတွင် ရပ်လိုက်သောအခါ အမှတ်အနည်းငယ် လျော့ကျသွားပုံရပေသည်။

"သူက သန်းခေါင်ယံနီလာသီးကို စားထားတာလား။"

ယန်ချင်းတွေးတောမိလေသည်။ ထိုအသီး၏ အဆင့်အတန်းအရ အထွတ်အမြတ်အဆင့် အဖြစ် သတ်မှတ်နိုင်သော်လည်း ကုန်ကျစရိတ်နှင့်ပတ်သက်လာလျှင် အဆင့်နိမ့်သူတော်စင်ရတနာ၏ စျေးနှုန်းနှင့်ပင် ယှဉ်ပြိုင်နိုင်ပေ၏။

ထိုသို့ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ ၎င်း၏ အလှအပထိန်းသိမ်းခြင်း အာနိသင်ကြောင့်ဖြစ်ပြီး ကြယ်များကိုပင် ငိုကြွေးစေနိုင်စွမ်း ရှိလေသည်။

ယန်ချင်း၏ မနာလိုသော စရိုက်လက္ခဏာမှာ သူကိုယ်တိုင်မသိဘဲ ပေါ်ထွက်လာခဲ့ရာ 'ပြင်ပအကူအညီများ' မပါဘဲ တစ်စုံတစ်ယောက်က ထိုမျှလောက် ကြည့်ကောင်းနေမည်ကို ယုံကြည်ရန် ရုန်းကန်နေရခြင်း ဖြစ်ပေသည်။

ယန်ချင်းမှာ မွေးရာပါဟုတ်မဟုတ်ကိုပင် မယုံကြည်နိုင်သေးသော ထိုလူလတ်ပိုင်းအမျိုးသား၏ဘေးတွင် အရပ်ပုပုနှင့် တောင့်တင်းသော ခန္ဓာကိုယ်ရှိသည့် လူလတ်ပိုင်းအမျိုးသားတစ်ဦး ရှိလေ၏။

ယန်ချင်းသည် သူ့ကို တစ်မိနစ်ထက်ပို၍ စိုက်မကြည့်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုသို့ပြုလုပ်တိုင်း သူ၏ခန္ဓာကိုယ်ထဲတွင် ပူလောင်သော နာကျင်မှုကို ခံစားရသောကြောင့် ဖြစ်သည်။

ထိုအသက်ကြီးသူ၏ ခန္ဓာကိုယ်ထဲတွင် ကမ္ဘာမြေနှင့် ကောင်းကင်ကိုပင် သန့်စင်ပေးနိုင်သော ပူလောင်သည့် မီးဖိုတစ်ခုကို ဖုံးကွယ်ထားသကဲ့သို့ ဖြစ်နေပေသည်။

"သူက အဲဒီနယ်ပယ်ရဲ့ ပိုင်ရှင်ဖြစ်နိုင်မလား။"

ဌာနမှူးကျူးလောင်၏ ကြိုဆိုပွဲအခမ်းအနားသို့ သွားရောက်စဉ်က သူကြုံတွေ့ခဲ့ရသော ကြောက်မက်ဖွယ်ကောင်းသည့် နယ်ပယ်များထဲမှ တစ်ခုကို ပြန်လည်အမှတ်ရလာချိန်တွင် ယန်ချင်းမှာ ကြောက်ရွံ့စွာဖြင့် တွေးတောမိလေသည်။

ထိုနေရာသို့ရောက်သောအခါ ကြောက်မက်ဖွယ်ကောင်းသော နယ်ပယ်အချို့နှင့် ကြုံတွေ့ခဲ့ရပြီး ၎င်းတို့အနက်တစ်ခုမှာ ကောင်းကင်ကို အရည်ဖျော်ကာ လက်နက်တစ်ခုအဖြစ် ပုံသွင်းနေသည့် မီးဖိုကြီးတစ်ခု ဖြစ်ပေသည်။

ထိုနယ်ပယ်သည် အရပ်ပုပုနှင့် တောင့်တင်းသော ဝိညာဉ်ကောင်စီအဖွဲ့ဝင်နှင့် သက်ဆိုင်နိုင်သည်ဟု သူ မသင်္ကာဖြစ်မိလေ၏။

မဟူရာတောင်ကြားထဲရှိ သူတော်စင်အဆင့် ရတနာသည် အဖွဲ့အစည်း စတင်တည်ထောင်ချိန်မှစ၍ ဝင်ရောက်လာခဲ့သော နယ်ပယ်ကျွမ်းကျင်သူတိုင်း၏ နယ်ပယ်အားလုံးနီးပါးကို သိမ်းဆည်းထားခဲ့လေသည်။

ထိုနေ့က သူတွေ့ခဲ့ရသော နယ်ပယ်များထဲမှ အချို့မှာ လက်ရှိ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူများ၏ နယ်ပယ်များ ဖြစ်နိုင်ပေသည်။

"ဥက္ကဋ္ဌရဲ့ နယ်ပယ်ကို မှတ်တမ်းတင်ထားလား မသိဘူး။ အဲဒါက ထိပ်တန်းနယ်ပယ် တစ်ခုဖြစ်ဖို့ သေချာတယ်။"

ထိုနေ့က သူကြုံတွေ့ခဲ့ရသည့် နယ်ပယ်များနှင့်ပတ်သက်၍ မျက်နှာများကို မြင်တွေ့ရမည့် အလားအလာကြောင့် စိတ်လှုပ်ရှားစွာဖြင့် မျက်လုံးများ အရောင်လက်လာစဉ် ယန်ချင်း ရေရွတ်လိုက်လေသည်။

လဲ့ဝေယွမ်ကက ထိုနေ့က သူ့ကိုပြောပြခဲ့သော ထိပ်တန်းနယ်ပယ်ဟူသည့် အမည်မှလွဲ၍ နယ်ပယ်များ၏ အမျိုးအစားခွဲခြားခြင်းနှင့်ပတ်သက်ပြီး သူဘာမျှမသိသေးသော်လည်း၊ သူနှင့် မော့ယွင်ရုတို့ ၎င်းတို့ကို ကြုံတွေ့ခဲ့ရစဉ်က ရရှိခဲ့သော ကြောက်မက်ဖွယ်အတွေ့အကြုံအရ ထိပ်တန်းနယ်ပယ်များသည် နယ်ပယ်များ၏ ခရမ်းရောင်အမြုတေ ဗားရှင်းအဖြစ် သတ်မှတ်နိုင်ပေသည်။

ထိုနေ့က သူသည် ၎င်းတို့ထဲမှ လေးခုနှင့် ကြုံတွေ့ခဲ့ရလေ၏။ ပါတီအပြီး အပြန်လမ်းတွင် ကြုံတွေ့ခဲ့ရသော ကောင်းကင်အရည်ဖျော်မီးဖို ပါရှိပြီး၊ ကြယ်များဖြင့် ပြည့်နှက်နေသည့် လှည့်ပတ်နေသော စကြဝဠာပါရှိသည့် ဧရာမခရမ်းရောင်မျက်လုံးကြီးလည်း ရှိပေသည်။

၎င်းမှာ သူငယ်အိမ်မပါဘဲ ကြယ်များဖြင့် ပြည့်နှက်နေသည့် မျက်တောင်များသာရှိသော သူတို့၏ တရားသူကြီးချုပ်၏ နယ်ပယ်ဖြစ်နိုင်သည်ဟု သူခံစားမိလေသည်။

သူဆက်လက်စပ်စုချင်နေသည်မှာ အခြားနှစ်ခုဖြစ်ပေ၏။

သူ၏ခေါင်းကို လုံးဝပေါက်ကွဲသွားလုမတတ် ဖြစ်စေခဲ့သော အသံတစ်သံတည်းကိုသာ ထုတ်လွှင့်ပေးသည့် ဧရာမစာအုပ်ကြီးနှင့်၊ ဓားများဖြင့် ပြည့်နှက်နေသော တောင်တန်းကြီး၊ ထိုတောင်၏ထိပ်တွင် တောင်တစ်တောင်လုံးကို ဓားအိမ်အဖြစ် အသုံးပြုထားပုံရသည့် ရိုးရှင်းသော ဓားတစ်လက် ရှိနေပြီး ၎င်း၏လက်ကိုင်တွင် စာတန်းပါသည့် ဖဲကြိုးတစ်ချောင်းကို ချည်နှောင်ထားလေသည်။ သူတို့၏ပိုင်ရှင်များ ရှိနေမည်လားဟု သူ မတွေးဘဲ မနေနိုင်အောင် ဖြစ်ရလေသည်။

...

ဝိညာဉ်ကောင်စီ၏ နောက်ဆုံးအဖွဲ့ဝင်မှာ အသက်အကြီးဆုံးဖြစ်ပုံရလေသည်။ သူသည် အသက်ခြောက်ဆယ်ကျော်အရွယ်ပုံပေါက်နေသည်။

သူ၌ သာမန်ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် သာမန်အရပ်အမောင်းရှိပြီး သူ၏လမ်းလျှောက်ခြင်းမှအစ ပြုမူသမျှအရာအားလုံးတွင် စိမ့်ဝင်နေပုံရသည့် ပေါ့ပါးသော အငွေ့အသက်တစ်ခု ရှိပေသည်။

အကယ်၍ သူ့ကို လမ်းပေါ်တွင် တွေ့ဆုံပါက နားထောင်လိုသူ မည်သူ့ကိုမဆို ဇာတ်လမ်းများမျှဝေရသည်ကို နှစ်သက်သည့် ဖော်ရွေသော အဖိုးအိုတစ်ဦးဟု ထင်မှတ်မှားသွားနိုင်သည်။

ဖော်ရွေသော အပြုံးတစ်ပွင့်ဖြင့် မိမိထံသို့ ပေါ့ပေါ့ပါးပါး လျှောက်လာသော ထိုအဖိုးအိုကို မြင်လိုက်ရသောအခါ ယန်ချင်း အေးခဲသွားလေ၏။

သူ၏ခန္ဓာကိုယ်မှာ အနည်းငယ် ကိုင်းညွတ်နေပြီး လက်တစ်ဖက်ကို နောက်ကျောတွင် ပိုက်ထားကာ အခြားလက်တစ်ဖက်ဖြင့် ဖြူဖွေးသော မုတ်ဆိတ်မွေးများကို ပွတ်သပ်ရင်း လမ်းလျှောက်လာပေသည်။

"မင်းက ယန်ချင်းဖြစ်ရမယ်။ အလားအလာရှိတဲ့ ကောင်လေးပါလား... သူတော်စင်အဆင့် ရတနာသုံးခုကို အသုံးပြုရတဲ့ အတွေ့အကြုံက ဘယ်လိုနေလဲ။"

အဖိုးအိုက ခြေလှမ်းအနည်းငယ်အကွာသို့ ရောက်ရှိလာချိန်တွင် မေးမြန်းလိုက်လေသည်။

ယန်ချင်းမှာ ထိုအခြေအနေတစ်ခုလုံးကြောင့် ရုတ်တရက် အငိုက်မိသွားလေ၏။ သူ့ကို အရင်နှုတ်ဆက်ရမည်လားဆိုသည်ကို မသိသော်လည်း သူ၏အမည်ကိုလည်း မသိသည့်အပြင် သူတို့၏ ရာထူးကွာဟမှုက သူ့ကို အနည်းငယ် ရှုပ်ထွေးသွားစေသည်။

အထူးသဖြင့် ကနဦးအဆင့် နယ်ပယ်ကျွမ်းကျင်သူ တစ်ဦးဖြစ်ရခြင်း၏ ခံစားချက်ကို တစေ့တစောင်း မြင်တွေ့လိုက်ရချိန်တွင် ပို၍ပင် ဆိုးရွားလှပေသည်။

ကနဦးအဆင့် နယ်ပယ်ကျွမ်းကျင်သူတစ်ဦးက ထိုမျှလောက် အစွမ်းထက်နေလျှင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးဆိုလျှင်ကော။

အခြေအနေအရ သူ့ရှေ့ရှိ အဖိုးအိုမှာ ဝိညာဉ်ကနဦးအဆင့်ထက်ကျော်လွန်ကာ ဝိညာဉ်ကျွမ်းကျင်အဆင့်ပင် ဖြစ်နိုင်ချေရှိလေသည်။ ထိုသူ၏ရှေ့တွင် ပုရွက်ဆိတ်တစ်ကောင်ထက် မပိုသကဲ့သို့ ခံစားလိုက်ရ၏။

ရုတ်တရက်ဖြစ်ပေါ်လာသော အခြေအနေကြောင့် သူတုန်လှုပ်သွားကာ စိတ်ထဲတွင် ပထမဆုံးပေါ်လာသည့်စကားကို ဗလောင်းဗလဲဖြင့် ပြောချလိုက်မိတော့သည်။

"အရမ်းမိုက်တယ်။ နောက်တစ်ခါ ထပ်လုပ်ချင်သေးတယ်"

သူပြောလိုက်မိသော စကားကြောင့် ယန်ချင်း၏ မျက်လုံးများ ပြူးကျယ်သွားကာ အံ့သြတုန်လှုပ်သွားလေ၏။

"ဖူး... ဟားဟားဟား… စကားကောင်းကောင်းပြောတတ်တဲ့ ကလေးပဲ။ သူတို့ရဲ့ ထူးခြားတဲ့ သဘာဝကြောင့်သာ မဟုတ်ရင် ငါဝမ်းသာအားရ ကူညီပေးမိမှာပါ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ သူတို့က စိတ်တိုလွယ်ကြတယ်”

“ဒါပေမဲ့ မင်းက စီနီယာပိုးအိမ်စိမ်းရဲ့ မျက်နှာသာပေးတာကိုခံထားရတာပဲ။ တချို့အရာတွေမှာ သူတို့သုံးယောက်လုံးကို မင်းနဲ့အတူထားတာထက် ပိုကောင်းပါသေးတယ်”

“တရားသူကြီး ယန်ချင်း မင်းအတွက် အံ့သြစရာကောင်းတဲ့ အခမ်းအနားတစ်ခု ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်"

အဖိုးအိုက ပြောရင်း နောက်သို့လှည့်ကာ သူ၏ထိုင်ခုံဆီသို့ လျှောက်သွားလေသည်။ စင်မြင့်ပေါ်တွင် ကျောက်တုံးထိုင်ခုံ ၁၇ လုံး ရှိပေ၏။

တစ်လုံးကို အခမ်းအနား၏ အဓိကပုဂ္ဂိုလ်အတွက် ချန်ထားခဲ့ရာ ယခုအခြေအနေတွင် ယန်ချင်း ဖြစ်ပြီး ကျန် ၁၆ လုံးကိုမူ အဖွဲ့အစည်း၏ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူများနှင့် အထူးဧည့်သည်တော်များအတွက် ချန်ထားခဲ့လေသည်။

ယန်ချင်းတက်ရောက်ခဲ့ဖူးသော ဘွဲ့နှင်းသဘင်အခမ်းအနားများအားလုံးတွင် တက်ရောက်လာသော ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် မည်သည့်အချိန်ကမျှ ၁၀ ဦးထက် မပိုခဲ့ဖူးပါချေ။

ယန်ချင်းမှာ နေရာတွင်ပင် အမြစ်တွယ်နေသကဲ့သို့ ရပ်ကျန်ရစ်ခဲ့ပြီး အဖိုးအိုက စကားအနည်းငယ် ထပ်ဖြည့်ပြောလိုက်မှသာ သတိပြန်ဝင်လာတော့သည်။

"ငါ့နာမည်က မိုယဲ့ပါ။ တောင်ပံရဲ့ ဒုတိယဥက္ကဋ္ဌပေါ့"

အဖိုးအို၏ စကားကြောင့် ယန်ချင်း၏ စိတ်ထဲတွင် ပေါက်ကွဲမှုလှိုင်းများ ရိုက်ခတ်သွားလေတော့သည်။

"ဒုတိယဥက္ကဋ္ဌက ဒီမှာ ဘာလာလုပ်တာလဲ။ နယ်ပယ်တရားရုံးတွေရဲ့ ရာထူးတိုးအခမ်းအနားတွေကိုတောင် သူတို့က လာလေ့မရှိဘူးလေ... ငါ လုံခြုံပါ့မလား"

ယန်ချင်းမှာ သိသိသာသာပင် ထိတ်လန့်သွားသည်။

သူ၏စိတ်ထဲတွင် သူတို့ရောက်ရှိလာရန် လှုံ့ဆော်ပေးသည့် တစ်စုံတစ်ရာ မရှိဘဲနှင့် သူတို့ကဲ့သို့ အဆင့်အတန်းရှိသူတစ်ဦးက ပေါ့ပေါ့ပါးပါး လမ်းထွက်လျှောက်လာမည်ဟူ၍ လုံးဝမဖြစ်နိုင်ဟု ယူဆမိသည်။

ယန်ချင်းမှာ တောင်စဥ်ရေမရတွေးကာ အလွန်အမင်းကြောက်လန့်နေတော့သည်။ ယခုအချိန်၌ သူ၏စိတ်ကူးထဲတွင် မြင်ယောင်နေသည့် အဆိုးရွားဆုံးအခြေအနေအတွက် သူတော်စင်အဆင့် လက်နက်သုံးခုပင် လုံလောက်မည်မဟုတ်ဟု သူခံစားနေရလေသည်။

All Chapters