← Chapters

ကျန်းလန်၏အရည်အချင်း

Vol. 24 Ch. 324

ကျန်းလန်၏အရည်အချင်း

Vol. 24 Ch. 324

အခန်း (၃၂၄) ကျန်းလန်၏အရည်အချင်း

ကျောက်စိမ်းရေကန်က ခွန်လွန်တောင်၏ ရင်းမြစ်ဖြစ်သလို အထူးခြားဆုံးနေရာတစ်ခုလည်း ဖြစ်သည်။

ခွန်လွန်ဝတ်ကျောင်းတော်က လူတည်ဆောက်ထားသည့် ထူးခြားနေရာတစ်ခုဖြစ်သည်ဆိုလျှင် ကျောက်စိမ်းရေကန်ကတော့ သဘာဝအတိုင်း ထူးခြားသည့် နေရာတစ်ခု ဖြစ်၏။

ခွန်လွန်တောင်ဂိုဏ်းချုပ်အပါအဝင် တောင်သခင်များအားလုံး မည်သူမှ ကျောက်စိမ်းရေကန်ထဲသို့ ဝင်ရောက်ဖူးခြင်း မရှိကြပေ။

ထို့ကြောင့် ဤနေရာတွင် အစီအရင်ပြုလုပ်နိုင်ပါမည်လား မည်သူမှ မသိရှိကြပေ။

ကျန်းလန်က ပထမဆုံး သုတေသနပြုသူ ဖြစ်သည်။ လုန်ယွိကတော့ အစီအရင်ပညာနှင့်ပတ်သပြီး နကန်းတစ်လုံး နားလည်သူ မဟုတ်ပေ။

ကျန်းလန်က ကျောက်စိမ်းရေကန်နံဘေးသို့ ရောက်ရှိလာပြီး အစီအရင်တစ်ခု အစမ်းပြုလုပ်ကြည့်ရန် စဉ်းစားလိုက်သည်။

ထိုသို့စမ်းသပ်ကြည့်ခြင်းအားဖြင့် အစီအရင်တစ်ခုကို ပိုမိုကောင်းမွန်စေရန် မည်သို့ပြုလုပ်ရမည်ကို တိုင်းတာကြည့်နိုင်ပေလိမ့်မည်။

ကျောက်စိမ်းရေကန်တွင် ရှောင်ယွိအတွက် ပန်းပင်များစိုက်ပျိုးပေးရန် အစီအစဉ်ကိုတော့ ကျန်းလန် လက်လျှော့ထားသည်မှာ ကြာပြီ ဖြစ်သည်။

သူ ပြန်လည်ပြုပြင်ပေးထားသည့် မက်မွန်ပင်လေး ရှိနေလေရာ အခြားသစ်ပင်များ စိုက်ပျိုးပေးရန်လည်း သိပ်မလိုအပ်တော့ပေ။

"ဝှစ်"

ကျန်းလန်က ကျောက်စိမ်းရေကန်နံဘေးတွင် မတ်တတ်ရပ်ရင်း မန္တန်တစ်ခုကို စမ်းသပ်အသုံးပြုလိုက်သည်။ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး မည်သည့်ထူးခြားချက်မှ ထင်ကျန်ခဲ့ခြင်း မရှိပေ။

ဤနေရာတွင် သာမန်အစီအရင်တစ်ခုကို လွယ်လွယ်နှင့်တည်ဆောက်ရန် မဖြစ်နိုင်ဆိုသည့် အဓိပ္ပါယ်ပင်။

မန္တန်ပညာအသုံးပြု၍ အဆင်မပြေလျှင် အစီအရင်ကို ကိုယ်တိုင်ကိုယ်ကျ တည်ဆောက်ကြည့်ရမည် ဖြစ်သည်။ အချိန်အတော်ကြာကြာ အသုံးပြုပြီးမှ ကျောက်စိမ်းရေကန်နံဘေးတွင် သာမန်ခုခံကာကွယ်ရေးအစီအရင်တစ်ခု ကျန်းလန် တည်ဆောက်နိုင်ခဲ့သည်။

သို့သော် သူတည်ဆောက်ထားသည့် အစီအရင်က ကျောက်စိမ်းရေကန်မှ တန်ခိုးစွမ်းအားကို ခံနိုင်ရည်မရှိဘဲ ချက်ချင်းပင် ပျက်စီးပျောက်ကွယ်သွား၏။

"အဲဒါအလုပ်မဖြစ်ဘူးလား"

ကျန်းလန်နံဘေး ငုတ်တုတ်လေးထိုင်နေသည့် ရှောင်ယွိက မေးမြန်းလာသည်။

ကျန်းလန်က ခေါင်းညိတ်ရင်း...

"အင်း.. ကျောက်စိမ်းရေကန်က ပြင်ပစွမ်းအားတွေကို လက်မခံဘူး ၊ ဒီတော့ အစီအရင်ပြုလုပ်ရတာ နည်းနည်း ဒုက္ခရောက်တယ်"

ရှောင်ယွိက မည်သည့်စကားမှ ပြန်မပြောပေ။

သူမက ငြိမ်ငြိမ်လေးငုတ်တုတ်ထိုင်နေရင်းမှ လက်လေးတစ်ဖက်ကို အသာဆန့်ထုတ်ကာ ကျန်းလန်နဖူးပြင်ထက်မှ ချွေးစလေးများကို အသာအယာသုတ်ပေးလိုက်သည်။

ထိုအပြုအမူလေးက ကျန်းလန်ကို အံ့အားသင့်သွားစေသည်။

ရှောင်ယွိက ကျန်းလန်ကို ပြုံးပြရင်း…

"ကျွန်မက ဂိုဏ်းတူမောင်လေးကို ချွေးတွေ သုတ်ပေးမလို့လေ ၊ ဒါမှ ကျွန်မအတွက် အလုပ်လုပ်ပေးရတာ တန်မှာပေါ့"

ကျန်းလန်က…

"ဂိုဏ်းတူအစ်မ ကိုယ့်ဘေးနားရှိနေတာနဲ့တင် တန်နေပါပြီဗျာ"

ရှောင်ယွိက မည်သည့်စကားမှ မဆိုဘဲ ပြုံးနေလေသည်။

ကျန်းလန်လည်း စကားဆက်မပြောတော့ဘဲ အစီအရင်ကိုသာ ဆက်ပြီးစမ်းသပ်လုပ်ဆောင်နေသည်။ သို့သော် သူသိသမျှ နည်းလမ်းများစွာ အသုံးပြုခဲ့သည့်တိုင် တစ်ခုမှ အလုပ်မဖြစ်ခဲ့ပေ။

နောက်ဆုံး ကျန်းလန်က ဓားဖြင့် သူ့လက်ဖဝါးကို အသာလှီးဖြတ်လိုက်ပြီး အစီအရင်ထက်သို့ သွေးစက်များကို ကျဆင်းစေလိုက်သည်။

သူ့သွေးကို ဓာတ်ကူပစ္စည်းအဖြစ် အသုံးပြုပြီး အစီအရင်ကို အသက်ဝင်စေကာ ကျောက်စိမ်းရေကန်၏တန်ခိုးစွမ်းအားများနှင့် ပေါင်းစပ်စေလိုက်ခြင်း ဖြစ်သည်။

သူပြုလုပ်နေသည်က သာမန်ခုခံကာကွယ်ရေး အစီအရင်တစ်ခုမျှသာ ဖြစ်သည်။

အချိန်အတန်ကြာပြီးနောက် အစီအရင်က မြေကြီးအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။ ရှောင်ယွိက သူမလက်ဖြင့် အစီအရင်တည်ရှိရာနေရာကို ထိကိုင်ကြည့်လိုက်ရာ ပျောက်ကွယ်သွားသည့် အစီအရင်က ပြန်လည်ထွက်ပေါ်လာသည်။

ကျန်းလန်က အံ့အားသင့်စွာဖြင့်…

"ရသွားပြီ"

ထို့နောက် ကျန်းလန်က အခြားနည်းလမ်းများ အသုံးပြုကြည့်သေးသော်လည်း ကျောက်စိမ်းရေကန်တွင် အစီအရင်တစ်ခု ပြုလုပ်ရန် အသုံးမဝင်ကြောင်း တွေ့ရှိရသည်။

သွေးကို ဓာတ်ကူပစ္စည်းအဖြစ် အသုံးပြုသည့် နည်းလမ်းတစ်ခုတည်းကသာ ကျောက်စိမ်းရေကန်တွင် အစီအရင်တစ်ခု တည်ရှိနေစေမည် ဖြစ်သည်။

"ဂိုဏ်းတူအစ်မ ၊ မင်းရဲ့သွေးကို သုံးပြီး စမ်းသပ်ကြည့်ပါလား"

အစီအရင်ကို တစ်ကြိမ်စမ်းသပ်ကြည့်ပြီးနောက် လူသားမဟုတ်သူများ၏ သွေးကို စမ်းသပ်အသုံးပြုကြည့်ရန် ကျန်းလန် ဆုံးဖြတ်လိုက်သည်။

အထူးသဖြင့် သားရဲတစ်ကောင်၏ သွေးမျိုးဖြစ်သည်။

ရှောင်ယွိကို သားရဲတစ်ကောင်အဖြစ် သတ်မှတ်ရမည်လား။ နဂါးများက သားရဲများပဲ ဖြစ်သည်မဟုတ်ဘူးလား။

ကျန်းလန် ရှောင်ယွိကို ကြည့်လိုက်သည်။

သူမတွင် မြင်သူတိုင်းကို စွဲဆောင်နိုင်သည့် အလှတရားရှိပြီး လူအများအလယ်တွင် သူမအသွင်အပြင်က ထင်ထင်ရှားရှား ချောမောလှပလွန်းသည်။

ဘယ်လိုပင်ကြည့်ပါစေ သူမသည် လူသားမိန်းမပျိုတစ်ယောက်ပမာသာ ဖြစ်သည်။

သူမ လူသားအသွင်ပြောင်းနိုင်သောကြောင့် တော်သေးသည်ဟု ဆိုရမည်။ မဟုတ်ပါက တကယ့်နဂါးအစစ် အကောင်လိုက်ကြီးနှင့် တွဲရမည်ဆိုလျှင် ကျန်းလန်သည်လည်း စိတ်ဖိစီးမှုများစွာကို ရင်ဆိုင်ရနိုင်သည်။

ရှောင်ယွိက သူမလက်လေးကို ကျန်းလန်ရှေ့သို့ ဆန့်တန်းလိုက်ပြီး သူမ၏သွေးများကို ယူခွင့်ပြုလိုက်သည်။ အစီအရင်ပြုလုပ်ရတွင် သူမ၏သွေးစက်များက အလုပ်ဖြစ်မဖြစ်ကိုလည်း ကိုယ်တိုင် သိချင်နေမိသည်။

"ဒါနဲ့ ဂိုဏ်းတူမောင်လေး ၊ ကျွန်မတို့ အစီအရင်ပြုလုပ်ဖို့ လုံလောက်တဲ့ သွေးဘယ်လိုရှာရမလဲ"

ကျန်းလန်လုပ်သမျှကို ကြည့်နေရင်း ရှောင်ယွိက မေးလိုက်သည်။

ကျောက်စိမ်းရေကန်တွင် အစီအရင်ပြုလုပ်ရန်အတွက် သွေးကိုအသုံးပြုရမည်ဖြစ်ကြောင်း သူမလည်း နားလည်သွားပြီ ဖြစ်သည်။

ထို့ပြင် မိုးကောင်းကင်စမ်းသပ်ခံရခြင်းအစီအရင်က သာမန်အစီအရင်တစ်ခု မဟုတ်လေရာ ပေးဆပ်ရသည့်တန်ဖိုးက စိတ်ကူး၍ပင် ရနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် သူမနှင့်ကျန်းလန်၏သွေးဖြင့် လုံလောက်မည် မဟုတ်ပေ။

ကျန်းလန်က...

"အဋ္ဌမမင်းသား ရှိတယ်လေ"

ယခုတော့ အဋ္ဌမမင်းသားက အဖိုးတန်သွားပြန်လေပြီ။

ရှောင်ယွိက ခေါင်းညိတ်ရင်း…

"အမှန်ပဲ"

အဋ္ဌမမင်းသားသည် တစ်ခါတစ်ရံ ခပ်ဂျစ်ဂျစ်လုပ်သော်လည်း စကားနားထောင်သူတစ်ယောက် ဖြစ်သည်။

ရှောင်ယွိ၏သွေးကို ဆန်းစစ်ကြည့်ရန်အတွက် ကျန်းလန် အနည်းငယ်အချိန်ယူခဲ့ရသည်။ သူမ၏သွေးက သူ့သွေးနှင့် အကြမ်းဖျင်းအားဖြင့် သက်ရောက်မှုတူညီကြောင်း သိလိုက်ရသည်။

ခဏမျှတုံ့ဆိုင်းနေပြီးနောက် ကျန်းလန်က ရှောင်ယွိ၏သွေးကို အသုံးပြုကာ သာမန်တိုက်ခိုက်မှုအစီအရင်တစ်ခု ပြုလုပ်လိုက်သည်။

အစီအရင်ပြုလုပ်ပြီးသွားသည့်အခါ အစီအရင်ထက်တွင် နဂါးပုံရိပ်သဲ့သဲ့ကို တွေ့မြင်ရသည်။

ထို့နောက် ကျန်းလန်က လက်တစ်ချက်ဝှေ့ယမ်းကာ အစီအရင်များကို ဖျက်စီးပစ်လိုက်သည်။ စမ်းသပ်မှုက ပြီးဆုံးသွားပြီဖြစ်ပြီး ယခုလောက်ဆိုလျှင် သဘောတရားကို နားလည်သွားပြီ ဖြစ်သည်။

ယခုအချိန်မှစတင်ပြီး ရှောင်ယွိ မိုးကောင်းကင်စမ်းသပ်ခြင်းခံယူရန်အတွက် တကယ်ပြုလုပ်ရမည့်အစီအရင်ကို စတင်ရပေတော့မည်။

ကျန်းလန် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။

ညမိုးချုပ်တော့မည် ဖြစ်လေသည်။

ကျန်းလန်က သစ်ပင်တစ်ပင်အောက်ရှိ ကျောက်တုံးကြီးတစ်တုံးထက်တွင် ထိုင်လိုက်သည်။ သူက နံဘေးတွင် လူတစ်ကိုစာနေရာတစ်ခု ချန်ထား၏။

မျှော်လင့်ထားသည့်အတိုင်းပင် သူချန်ထားသည့်နေရာသို့ ရှောင်ယွိ ခုန်တက်လာပြီး သူ့နံဘေးတွင်ဝင်ထိုင်လိုက်သည်။ ထို့နောက်သူမက ကျန်းလန်ပခုံးထက်ခေါင်းမှီချလိုက်သည်။

"ဂိုဏ်းတူမောင်လေး ၊ မိုးကောင်းကင်စမ်းသပ်ခံရခြင်းအစီအရင်ပြုလုပ်ဖို့အတွက် ရှင် အချိန်အကြာကြီးယူရမှာမလား ၊ ဟုတ်တယ်မလား"

မေးခွန်းနှင့်အတူ ရှောင်ယွိက ကျန်းလန်ကို မော့ကြည့်လိုက်သည်။

ကျန်းလန်က ခေါင်းညိတ်ရင်း…

"အင်း… နှစ်နည်းနည်းလောက်တော့ ကြာလိမ့်မယ်"

ရှောင်ယွိက...

"ဒါဖြင့် မျှတတဲ့ အပေးအယူတစ်ခုလုပ်မှ ဖြစ်မယ် ၊ ရှင်က ကျွန်မအတွက် အစီအရင်တစ်ခု လုပ်ပေးမှာဆိုတော့ ကျွန်မက ရှင့်ကို ဘာပြန်ပေးရမလဲ"

ကျန်းလန်က ရှောင်ယွိကို ငေးကြည့်ရင်း အချိန်အတန်ကြာ စဉ်းစားနေသည်။

"ဂိုဏ်းတူအစ်မ ကိုယ့်ကို ခဏခဏ ပြုံးပြလေ"

သူ့စကားဆုံးသွားသည့် တစ်ခဏတွင်...

ရုတ်တရက်ပင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားလိုက်မိသည်။

ရှောင်ယွိက သူ့ကို စိုက်ကြည့်နေတာလား။

ဟုတ်ပေ၏။

ရှောင်ယွိက ကျန်းလန်ကို စိုက်ကြည့်နေဆဲပင်။

ကျန်းလန်က နူးညံ့သည့်လေသံဖြင့်...

“ဂိုဏ်းတူအစ်မ ဘာများဖြစ်လို့လဲ”

ဟု မေးလိုက်သည်။

ရှောင်ယွိက ခေါင်းကို ပြန်လှည့်လိုက်ပြီး ကျန်းလန်ရင်ခွင်ထဲခေါင်းမှီရင်း ခြေထောက်များကို ကျောက်တုံးအောက်ဖက်သို့ တွဲလောင်းချကာ လှုပ်ယမ်းလျှက်ရှိသည်။

“ကောင်းပြီလေ ၊ ဂိုဏ်းတူမောင်လေးကို (၃)လတစ်ခါ လာတွေ့ရင် ကျွန်မ (၃)လစာ အပြုံးတွေစုထားပြီး ရှင့်ကိုး ပြုံးပြမယ်”

ကျန်းလန်က သူ့ရင်ခွင်ထဲမှ ရှောင်ယွိကို ကြည့်ရင်း မည်သည့်စကားမှ မဆိုတော့ပေ။

ထို့နောက် သူ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။

ကောင်းကင်ထက်တွင် ကြယ်စင်များစွာ တောက်ပနေကြသည့်တိုင် သူ့ရဲ့လုန်ယွိလောက်တော့ဖြင့် တောက်ပနိုင်ကြမည် မဟုတ်ပေ။

ယခုဆိုလျှင် သူ့နံဘေးတွင် လုန်ယွိရှိနေသည်ကို ယခင်ကထက်ပိုပြီး အသားကျလာပြီ ဖြစ်သည်။

ရှောင်ယွိက တစ်လောကလုးတွင် သူ့အပေါ်အကောင်းဆုံးလူသားတစ်ယောက် ဖြစ်လေသည်။

မဟုတ်ဘူး။ အကောင်းဆုံးနဂါး ဖြစ်လေသည်။

ဒါပေမဲ့...

နဂါးတွေက ပြုံးရယ်တတ်ကြလို့လား။

နဂါးတွေပြုံးလျှင်လည်း သွားဖြဲပြသလိုသာ ဖြစ်နေမည်ပင်။

***

နံနက်ခင်းအချိန်။

ကျန်းလန် ဓားကိုစီးနှင်ပြီး ကျောက်စိမ်းရေကန်မှ နဝမတောင်ထွတ်သို့ ပြန်လာခဲ့သည်။

လုန်ယွိက သူ့ကို ဘာပြန်ပေးရမည်ကို စဉ်းစားဦးမည်ဟု ဆိုသည်။

သူမက ဂိုဏ်းတူအစ်မတစ်ယောက် ဖြစ်သောကြောင့် ကျန်းလန်အပေါ်တာဝန်ယူမှု ရှိချင်သည်ဟု သူမက ဆိုသည်။

ကျန်းလန်ကလည်း ငြင်းမနေတော့ပေ။

ဘာပဲဖြစ်ဖြစ် သူတို့ (၂)ယောက်ကြားမှ အပေးအယူသည် မျှတသည့် အပေးအယူတော့ မဖြစ်နိုင်ပေ။

သို့ပေသိ အစပိုင်းအချိန်များက ပြုလုပ်ခဲ့ကြသည့် အပေးအယူများနှင့်တော့ လုံး၀ ခြားနားသည်။

သူတို့ဆက်ဆံရေးက အရင်ကလို အပေးအယူမျိုးသာဆိုလျှင် လုန်ယွိတွင် သူ့ကိုပေးစရာ မန္တန်စာအုပ်များပင် ကျန်တော့မည် မဟုတ်ပေ။

သို့မှသာ မျှတသည့်အပေးအယူဟု ဆိုနိုင်ပေလိမ့်မည်။

နဝမတောင်ထွတ်သို့ ပြန်ရောက်သည်နှင့် ကျန်းလန် ချက်ချင်းပင် ရင်ပြင်ဆီသို့ ထွက်လာခဲ့သည်။

ရင်ပြင်ဆီတွင် ထူးခြားသည့်အစီအရင်တစ်ခု ရှိနေပြီး ထိုအစီအရင်က လုန်ယွိအတွက် မှန်ကန်သည့်အစီအရင်တစ်ခု ပြုလုပ်ပေးရာတွင် အထောက်အကူ ပြုနိုင်သည်။

ထိုအစီအရင်၏ အကူအညီဖြင့် လုန်ယွိအတွက် သင့်လျော်သည့် အစီအရင်တစ်ခု လျှင်မြန်စွာ ခန့်မှန်းနိုင်ပေလိမ့်မည်။

ကျန်းလန် ရင်ပြင်ထက် တင်ပျဉ်ခွေထိုင်လိုက်သည်။

မကြာမီ ရင်ပြင်ထက်တွင် အလင်းရောင်များ တောက်ပလာသည်။

အလင်းရောင်များထဲတွင် ပြောင်းလဲမှုများစွာ ဖြစ်ပေါ်သွားပြီးနောက် ပြန်လည်ပျောက်ကွယ်သွားသည်။

ဤသည်က ကျရှုံးသည့် လက္ခဏာပင်။

သို့ပေသိ ကျန်းလန်က ကျရှုံးမှုများကို လုံးဝအရေးမစိုက်ပေ။

အောင်မြင်မှုတိုင်းက ကျရှုံးမှုများအပေါ်တွင် အခြေခံသည် မဟုတ်ပါလား။

နေသာတစ်လှည့် လသာတစ်လှည့်ဖြင့် ရောက်ရှိလာသည့် နွေဦးသည်လည်း ပြန်လည်ထွက်ခွာသွားလေသည်။

နေဒဏ် ၊ မိုးဒဏ် ၊ မုန်တိုင်းဒဏ်နှင့် နှင်းကျသည့်ဒဏ်များစွာကို အံတုရင်း ကျန်းလန်ကတော့ ရင်ပြင်ထက်တွင်သာ မျက်လုံးများကိုမှေးမှိတ်လျှက် တင်ပျဉ်ခွေထိုင်လျှက် ရှိသည်။

အစီအရင်မှ အလင်းတန်းများ ထွက်ပေါ်လာလိုက် ၊ ပြန်လည်ပျောက်ကွယ်သွားလိုက်ဖြင့် မရပ်မနား ဖြစ်ပေါ်နေသည်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ အစီအရင်မှ ထွက်ပေါ်လာသည့်အလင်းတန်းများက တဖြည်းဖြည်း အချိန်ကြာမြင့်စွာ တောက်ပလာပြီး ကျရှုံးမှု နည်းပါးလာခဲ့သည်။

ရှောင်ယွိကတော့ ပုံမှန်အတိုင်း နဝမတောင်ထွတ်သို့ ရောက်လာလေ့ ရှိပြီး ကျန်းလန်နံဘေးတွင် အနှောက်အယှက်မပေးဘဲ ငြိမ်ငြိမ်လေး ထိုင်နေလေ့ ရှိသည်။

သူမက တစ်ရက်နှင့် တစ်ညတိတိ ကျန်းလန်နံဘေးတွင် ထိုင်နေတတ်ပြီး နောက်တစ်နေ့နံနက်တွင်တော့ ကျောက်စိမ်းရေကန်သို့ ပြန်သွားတတ်သည်။

သူမ ရောက်လာသည့်အချိန်တိုင်း မျက်လုံးမှိတ်ကာ အတွေးထဲ နစ်မျောနေသည့် ကျန်းလန်၏ မျက်နှာကိုသာ ငေးမောကြည့်နေတတ်လေသည်။

***

အချိန် (၅) နှစ် ကြာပြီးနောက်။

ကျန်းလန် ပတ်ဝန်းကျင်မှ အစီအရင်က ရုတ်တရက် ရပ်တန့်သွားသည်။

"ခရက်"

အလင်းရောင်များတောက်ပနေသည့် အစီအရင်တစ်ခုလုံး အက်ကြောင်းများဖြင့် ပြည့်နက်သွားသည်။

"ဘန်း"

ထို့နောက် အစီအရင်က ပြိုကျပျက်စီးသွားသည်။

ကျန်းလန် မျက်လုံးများဖွင့်ကြည့်လိုက်၏။ သူ့မျက်နှာထက်တွင် အပြုံးတစ်စထင်ဟပ်လျှက် ရှိသည်။

"ပြီးသွားပြီ…"

***

ပဉ္စမတောင်ထွတ် ၊ ခန်းမဆောင်။

"မင်း အချိန် (၅)နှစ်တောင် ယူခဲ့ရတာလား"

မြောင်ယွဲ့က ကျန်းလန်မူကြမ်းဆွဲလာသည့် အစီအရင်ကိုကြည့်ပြီး အံ့အားသင့်စွာ ပြောလိုက်သည်။

"ဟုတ်ကဲ့ ၊ ဒါက ကျွန်တော်စဉ်းစားထားတဲ့ အကောင်းဆုံးအစီအရင်တစ်ခုပါပဲ"

ကျန်းလန်က ခေါင်းငုံ့လိုက်ရင်း ပြန်ဖြေသည်။

သူ၏အစီအရင်က အလွန်ရိုးရှင်းပြီး အလွှာ (၂)လွှာသာပါသည့် အစီအရင်တစ်ခု ဖြစ်၏။

အတွင်းလွှာက လုန်ယွိကို ကာကွယ်ပေးမည်ဖြစ်ပြီး အပြင်လွှာကတော့ သူမရင်ဆိုင်ရမည့် မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ခုခံပေးမည် ဖြစ်သည်။

"ဒီ အစီအရင်ကို တည်ဆောက်ဖို့ သွေးကိုအသုံးပြုရမယ်လို့ မင်းကဆိုတယ် ၊ ဒီတော့ လိုအပ်တဲ့သွေးပမာဏကို မင်းကိုယ်တိုင်ရှာမလား ၊ ဆရာဒေါ်လေးတို့က ရှာပေးရမလား"

မြောင်ယွဲ့က သိချင်စိတ်ဖြင့် မေးလိုက်သည်။

ကျန်းလန်က…

"ကျွန်တော် အကြမ်းဖျင်း အကြံတစ်ခုတော့ ရထားတယ် ၊ အဲဒါ မအောင်မြင်ရင်တော့ ဆရာဒေါ်လေးမြောင်ယွဲ့ကိုပဲ အားကိုးရတော့မယ်"

စကားစမြည်အနည်းငယ် ပြောဆိုပြီးနောက် ကျန်းလန် ပဉ္စမတောင်ထွတ်မှ ပြန်လာခဲ့သည်။

ကျန်းလန်ပြန်သွားတော့မှ မြောင်ယွဲ့က ကျန်းလန်ရေးစွဲထားသည့် အစီအရင်မူကြမ်းကို ထပ်မံကြည့်ရှုလိုက်သည်။ ထို့နောက် သူမ ရယ်မောလိုက်လေတော့သည်။

"ကျန်းလန်… ကျန်းလန်… ရှောင်ယွိ အင်မော်တယ်အဆင့်တက်နိုင်ဖို့အတွက် သိသမျှတတ်သမျှ အစီအရင်ပညာတွေအကုန် ထုတ်သုံးလာတာပဲ ၊ ဒါပေမဲ့ သူက အသက်ငယ်ငယ်နဲ့ အစီအရင်ပညာကို ဒီလောက် နားလည်နေတာ တကယ့်ကို အံ့သြစရာပဲ"

"ခွန်လွန်တောင်မှာ သူ့လောက်တော်တဲ့သူ မရှိနိုင်ဘူး ၊ အတော့်ကို အရည်အချင်းရှိတဲ့ ကောင်လေးပဲ ၊ ဒါကြောင့်လည်း ဂိုဏ်းတူအစ်ကိုက သူ့အတွက်ဆိုရင် ဘာမဆိုစေတနာထားပြီး ပံ့ပိုးပေးနေတာ မအံ့သြတော့ပါဘူး"

All Chapters