ကျုပ်ကခင်ဗျားအချစ်ဆုံးယောက်ဖလေဗျာ
Vol. 24 Ch. 325
အခန်း (၃၂၅) ကျုပ်ကခင်ဗျားအချစ်ဆုံးယောက်ဖလေဗျာ
ကျန်းလန် ခွန်လွန်တောင်သို့ ရောက်သည်မှာ နှစ်ပေါင်း (၄၀၅) နှစ်ရှိပြီ ဖြစ်သည်။
ရှောင်ယွိအတွက် အစီအရင်မူကြမ်းစဉ်းစားနေသည့် အချိန် (၅)နှစ်အတွင်း ကျန်းလန်၏ ကျင့်ကြံခြင်းက အနည်းငယ်ပင် တိုးတက်မလာခဲ့ပေ။
သို့သော် အစီအရင်ပညာကိုတော့ ပိုမိုနက်ရှိုင်းစွာ နားလည်လာခဲ့သည်။ ထို့အတွက်လည်း ကျန်းလန် စိတ်ကျေနပ်မိ၏။
မဟာတာအိုကို နားလည်ခြင်းကတော့ စမ်းချောင်းလေးတစ်စင်းသဘာဝအတိုင်း စီးဆင်းနေသည့်အလား ဖြစ်သည်။ ရှေ့သို့ပင် ခြေတစ်လှမ်းတိုးကာ မဟာတာအိုကို နားလည်လာခဲ့သည်။
သို့ဖြစ်ရာ အနာဂတ်တွင် သူ၏ ကျင့်ကြံခြင်းက ပိုမိုလျှင်မြန်လာမည် ဖြစ်သည်။ ဤသည်က မျှော်လင့်မထားသည့် အံ့အားသင့်စရာ ဖြစ်သည်။
ပဉ္စမတောင်ထွတ်မှ ပြန်လာပြီးနောက် ကျန်းလန် ခွန်လွန်တောင်တစ်ခွင် ဟိုဟိုဒီဒီ လှည့်ပတ်သွားလာနေခဲ့သည်။
ကျောက်စိမ်းရေကန်တွင် အစီအရင်ပြုလုပ်ရန်အတွက် သူ သွေးပမာဏများစွာ စုဆောင်းလိုသည်။ ထို့ပြင် သူ၏ အစီအရင်မူကြမ်း ပြီးပြည့်စုံရန်မှာလည်း ဆရာဒေါ်လေးမြောင်ယွဲ့ ပြုပြင်ပေးသည်များကို စောင့်ရဦးမည် ဖြစ်သည်။
ဆရာဒေါ်လေးမြောင်ယွဲ့ပြောသည်ကတော့ အစီအရင်နှင့်ပတ်သက်ပြီး များများစားစား ပြုပြင်စရာမရှိဘဲ အသေးအဖွဲလေးများကိုသာ အနည်းငယ် ပြုပြင်ရန်လိုအပ်သည်ဟု ဆိုသည်။
ထိုစကားကြောင့် ကျန်းလန် စိတ်သက်သာရာရသွားခဲ့သည်။
မိုးကောင်းကင်စမ်းသပ်ခံရခြင်းအစီအရင်က တစ်စုံတစ်ရာ လွဲမှားသွား၍ မဖြစ်ပေ။ မဟုတ်ပါက အလွန်အန္တရယ်များမည် ဖြစ်သည်။
ခွန်လွန်တောင်တွင် အတန်ကြာလှည့်ပတ်သွားလာပြီးနောက် ကျန်းလန် တောင်ခြေသေရည်ဆိုင်သို့ ရောက်လာခဲ့သည်။
သူ သေရည်ဆိုင်အဝင်ဝသို့ ရောက်သည်နှင့်…
လက်ထဲတွင် မြေပဲတစ်ထုပ်ကိုင်ထားသည့် မိန်းမပျိုတစ်ယောက်က သူမနံဘေးမှ လူငယ်တစ်ယောက်နှင့် စကားတွတ်ထိုးနေသည်ကို တွေ့လိုက်ရသည်။
"အစ်ကို… အစ်ကိုက ကျွန်မစားဖို့ မြေပဲတွေယူလာတာကို ဟို ဇာမဏီကောင်မလေးသာသိရင် စိတ်ဆိုးတော့မှာပဲ"
"ဘန်း"
"အစ်ကို" ဟု ခေါ်လိုက်သည်နှင့် လှံရှည်တစ်လက်ထွက်ပေါ်လာပြီး ယန်ရှီးယွင်ကို ရိုက်ထည့်လိုက်ရာ လွင့်ထွက်သွားသည်။
ယန်ရှီးယွင်နှင့် စကားပြောနေသူက အဋ္ဌမမင်းသား ဖြစ်၏။
ထိုအချိန် ဆိုင်အနောက်ဘက်မှ ကောင်ငယ်လေးထွက်လာပြီး…
"မြေပဲတွေ တစ်ခါပဲ ပေးနိုင်မယ်လို့ ကျွန်တော်တို့ သဘောတူထားတယ်လေ"
ဟု ပြောလိုက်၏။
အဋ္ဌမမင်းသား ကတိမတည်ဘဲ မြေပဲထုပ်များထပ်မံခိုးယူခြင်းကို ကောင်ငယ်လေးက ထုတ်ဖော်လိုက်သည်။
ဘာမှန်းမသိ အငြင်းပွားနေသူ (၃)ယောက်ကို ကြည့်ပြီး ကျန်းလန် အံ့အားသင့်သွားမိသည်။
"သူတို့ (၃)ယောက် ဂိမ်းဆော့နေကြတာလား"
ကျန်းလန် တွေးလိုက်သည်။
ထိုမိန်းကလေးမှာ အဋ္ဌမမင်းသား အရင်က ပြောခဲ့ဖူးသည့် ချီလင်မျိုးနွယ် ယန်ရှီးယွင်ဆိုသူ ဖြစ်ရပေမည်။ ထိုမိန်းကလေကို အရင်က သူတွေ့ဆုံဖူးသည်။
မှော်ရုံနယ်မြေထဲတွင် သူ့ကို လမ်းမေးရန် ရောက်လာစဉ်က သူက လှံဖြင့်ထိုးနှက်ပစ်လိုက်သူ ဖြစ်၏။ သူမနှင့် နောက်တစ်ကြိမ်ဆုံတွေ့ဖြစ်လျှင်တော့ လမ်းမေးလျှင် ဖြေလိုက်မည်ဟု ကျန်းလန် ဆုံးဖြတ်ထားခဲ့သည်။
အမှန်တော့ သူက အပြစ်မရှိသူများကို သတ်ဖြတ်လေ့ မရှိပေ။ မှော်ရုံနယ်မြေထဲမှ တိုက်ပွဲကတော့ ချွင်းချက်ဖြစ်၏။
အဋ္ဌမမင်းသားက ကျန်းလန်ကို တွေ့သည်နှင့်…
"ယောက်ဖ ၊ ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ"
ကျန်းလန်က…
"ကျုပ် မင်းဆီက သွေးနည်းနည်းလောက် လိုချင်လို့"
အဋ္ဌမမင်းသား အံ့သြမှင်တက်သွားသည်။
"ယောက်ဖ ၊ ကျုပ်က ခင်ဗျားအချစ်ဆုံး ညီလေးလေဗျာ… မဟုတ်ဘူး ၊ ယောက်ဖလေဗျာ…"
***
"ကိစ္စကတော့ အဲဒါပဲ ၊ ဒီတော့ စွမ်းအားကြီး မျိုးနွယ်အုပ်စု (၄)ခုလောက်က သွေး (၄)မျိုးလောက်ရနိုင်ရင်တော့ အကောင်းဆုံးပဲ"
ကျန်းလန်က သေရည်ဆိုင်ထဲမှ ထိုင်ခုံတစ်လုံးတွင်ထိုင်ရင်း ဖြစ်ကြောင်းကုန်စင် ရှင်းပြလိုက်သည်။
အဋ္ဌမမင်းသားက ကောင်ငယ်လေးကို ကြည့်လိုက်ရင်း…
"ကောင်လေး ၊ ဇာမဏီကောင်မလေးရဲ့သွေးကလည်း မဆိုးလောက်ပါဘူး ၊ သူ့ကို ဒီည သတိလစ်သွားအောင် ရိုက်ပစ်လိုက် ၊ ပြီးရင် သူ့ဆီကသွေးကို ယူလိုက်"
"မဖြစ်ဘူး"
ကောင်ငယ်လေးက ချက်ချင်းပင် ငြင်းဆန်လိုက်သည်။
ထို့နောက် သူ၏လက်ကို ကျန်းလန်ရှေ့တွင် ဆန့်ထုတ်လိုက်ပြီး…
"အစ်ကိုကြီး... ကျွန်တော့်သွေးကို ယူလေ"
ကျန်းလန်က လူငယ်ကိုကြည့်ပြီး ချုန်ချီသားရဲသွေးလည်း မဆိုးနိုင်ကြောင်း သဘောပေါက်လိုက်သည်။
အဋ္ဌမမင်းသားက…
"ဖီရှိုးဆီကလည်း ရနိုင်တယ်လေ ၊ အာ… ပြီးတော့ ဟို ချီလင်ကောင်မလေးဆီကလည်း ယူလို့ရတာပဲ ၊ အဲဒါဆို သွေး (၄)မျိုး ပြည့်သွားပြီ ၊ ကောင်လေး… လာကွာ ၊ ဟို ချီလင်ကောင်မလေးကို သွားရှာရအောင်"
အဋ္ဌမမင်းသား မတ်တတ်ရပ်ရင်း ပြောလိုက်သည်။
စောစောကတော့ ချီလင်ကောင်မလေး ဆိုင်ထဲတွင် ရှိနေသော်လည်း ယခုတော့ ဘယ်ဆီရောက်သွားမှန်း မသိတော့ပေ။
ကျန်းလန်က…
"ချီလင်မျိုးနွယ်မိန်းကလေးကိုသွားရှာတာ အဋ္ဌမမင်းသားတစ်ယောက်တည်း သွားရှာလို့ မရဘူးလား"
အဋ္ဌမမင်းသားက…
"ယောက်ဖကတော့ သိမှာမဟုတ်ဘူး ၊ ဒါပေမဲ့ ချီလင်မျိုးနွယ်ကောင်မလေးက လျှောက်သွားနေတာ ၊ လူပေါင်းစုံနဲ့ သူက ဆုံတွေ့ဖူးတယ်"
ခဏနားပြီးမှ သူက ဆက်ပြောသည်။
"သေချာတာကတော့ သူက ရေခဲပုစဉ်းရင်ကွဲတောအုပ်ထဲမှာ နတ်လူသားမျိုးနွယ်တွေနဲ့ ဆုံခဲ့ဖူးတယ် ၊ အဲဒီနတ်လူသားမျိုးနွယ်က တစ်ချက်တည်းတိုက်ခိုက်လိုက်တာ သူ အသက်ပျောက်လုနီးပါးပဲ ၊ ပြီးတော့ ဒီပတ်ဝန်းကျင်မှာ တန်ခိုးစွမ်းအားမြင့်မားတဲ့ အခြားသူတွေလည်း ရှိနိုင်သေးတယ် ၊ ဒါကြောင့် သူ့ကိုရှာမယ်ဆိုရင် တစ်ယောက်တည်းမသွားဘဲ အုပ်စုနဲ့သွားတာ အန္တရယ်ကင်းတယ်"
လုန်မန်၏စကားကြောင့် ကျန်းလန် အနည်းငယ် အံ့အားသင့်သွားသည်။
"နတ်လူသားမျိုးနွယ် ဟုတ်လား"
ကောင်ငယ်လေးက…
"အင်းလေ… ကျွန်တော်တို့ စကားပြောတိုင်း သူက အဲဒီအကြောင်း မပါမပြီး ပြောပြနေတာပဲ ၊ ကျွန်တော်လည်း ရေခဲပုစဉ်းရင်ကွဲတောအုပ်ထဲမှာ ရေပုစဉ်းရင်ကွဲတွေ သွားဖမ်းနေတာပါပဲ ၊ တစ်ခါမှတော့ နတ်လူသားမျိုးနွယ်တွေ မတွေ့မိပါဘူး"
ကျန်းလန်က ခေါင်းညိတ်လိုက်သည်။
သူက မေးခွန်းများထပ်မံမေးမြန်းခြင်း မပြုတော့ပေ။
ဘာပဲဖြစ်ဖြစ် ချီလင်မျိုးနွယ်မှ မိန်းကလေးက လိမ်ပြောမည်မထင်ပေ။
သူ ထင်ထားသည့်အတိုင်းပင် မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲပြီးသွားသည့်တိုင် ပုန်းကွယ်နေသည့် အန္တရယ်များက အမှန်တကယ် ကျန်ရှိနေဆဲပင်။
ထိုကိစ္စများနှင့်ပတ်သက်ပြီး ကျန်းလန်က စိုးရိမ်ပူပန်ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဤသည်က ပုံမှန်ပင် ဖြစ်၏။
နတ်လူသားမျိုးနွယ်များ ဘာအစီအစဉ်မှ မလုပ်လျှင်ပင် ပုံမှန်မဟုတ်ဟု ဆိုနိုင်သည်။ သို့သော် ထိုသူများက အပုန်းတော့ကောင်းလှသည်။
ထိုသူများကို သတ်မည်လား ၊ မသတ်ဘူးလားဆိုသည်ကတော့ တစ်ဖက်လူ၏ လုပ်ရပ်အပေါ်တွင် မူတည်သည်။ သူ့ကို လာနှောက်ယှက်လျှင်တော့ ကျန်းလန်က သတ်ဖြတ်ပစ်မည်ပင်။
သူက မိုးကောင်းကင်အင်မော်တယ် ၊ ကနဦးအဆင့် ဖြစ်လေရာ သတ်ဖြတ်ခြင်းကို လက်သည်မပေါ်အောင် သပ်ရပ်တိကျစွာ ပြုလုပ်နိုင်သည်ပဲ ဖြစ်၏။
ယန်ရှီးယွင်ကိုရှာဖွေရန် အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေးထွက်ခွာသွားသည်နှင့် ကျန်းလန်လည်း သေရည်ဆိုုင်မှ ပြန်လာခဲ့သည်။
လိုအပ်သည့် သွေးများကို ရပြီဖြစ်သော်လည်း အခြားသွေးများကိုလည်း ပြင်ဆင်စုဆောင်းထားရန် လိုအပ်သေးသည်။
လက်ရှိတွင် အဋ္ဌမမင်းသား ၊ သေရည်ဆိုင်မှ ကောင်ငယ်လေး ၊ ဖီရှိုးနှင့် ချီလင်မျိုးနွယ်မိန်းကလေး၏ သွေးများကို သူ ရရှိမည် ဖြစ်သည်။
ထိုသွေး (၄)မျိုးကို အသုံးပြုပြီး ကျောက်စိမ်းရေကန်တွင် အဓိကအစီအရင်တည်ဆောက်မည်ဆိုလျှင် မည်သည့်ပြဿနာမှ ရှိနိုင်မည် မဟုတ်ပေ။
***
ကောင်းကင်ထက်တွင် နေမင်းက ထိန်ထိန်သာလျှက် ရှိသည်။
ကျန်းလန်က ကောင်းကင်ထက်တွင် ဓားကိုစီးနှင်ပျံသန်းလာပြီး တိုက်ခတ်နေသည့်လေပြေကြောင့် အဝတ်အစားများက လွင့်ပျံလို့နေသည်။
အစီအရင်ပြုလုပ်ရန်အတွက် လိုအပ်သည့်သွေးပမာဏကို ရရှိရန် သင့်လျော်သည့် ဝိညာဉ်သားရဲများကို သူ ရှာဖွေရဦးမည် ဖြစ်သည်။
"ဂရား"
ကျန်းလန် တောအုပ်တစ်ခုဆီ ဆင်းသက်လိုက်သည်နှင့် ကြောက်မက်ဖွယ်ရာ သားရဲဟိန်းသံကြီးတစ်သံကြားလိုက်ရသည်။
တစ်ယောက်ယောက်ကတော့ အနီးပတ်ဝန်းကျင်မှ ဝိညာဉ်သားရဲများကို ဒေါသထွက်အောင် ရန်သွားစနေပြီ ဖြစ်သည်။
ကျန်းလန်၏ အတွေး မှန်ကန်လေ၏။
မကြာမီ အရှေ့ဆီမှ ပြေးလွှားလာသည့် ခြေသံများကို ကြားလိုက်ရသည်။
"ဂိုဏ်းတူညီမလေး ၊ ဂိုဏ်းတူညီလေး… လူခွဲပြီး ပြေးကြရအောင် ၊ ဒီကောင်ကြီး ဘယ်သူ့နောက်လိုက်မလဲ ကြည့်ကြမယ်လေ ၊ ပြီးမှ ဝိုင်းပြီးတိုက်ခိုက်ကြတာပေါ့"
ယောကျ်ားလေးအသံတစ်သံ ထွက်ပေါ်လာသည်။
စကားအရဆိုလျှင်တော့ စုစုပေါင်း လူ (၃)ယောက်ဖြစ်မည်ဟု ကျန်းလန် ခန့်မှန်းလိုက်သည်။
သိပ်မကြာမီ ကျန်းလန်နှင့်မျက်နှာချင်းဆိုင်အရပ်မှ ပြေးလွှားလာကြသည့် လူ (၃)ယောက်ကို တွေ့လိုက်ရသည်။
တစ်ယောက်က ရွှေပြဒါးအမြုတေအဆင့် ၊ အလယ်ဆင့်ဖြစ်ပြီး ကျန် (၂)ယောက်မှာ ရွှေပြဒါးအမြုတေအဆင့် ၊ ကနဦးအဆင့် ဖြစ်သည်။
ထွက်ပြေးလာသူ (၃) ယောက်မှာ ကျန်းလန်ကိုတွေ့သည့်အခါ မှင်တက်သွားကြသည်။
သို့သော် ကျန်းလန်၏အဝတ်အစားများကို တွေ့မြင်သည်နှင့် ခွန်လွန်တောင်မှ ဂိုဏ်းတူအစ်ကိုတစ်ယောက်ဖြစ်ကြောင်း သိလိုက်သည်။
"ဂိုဏ်းတူအစ်ကို ၊ ကျုပ်တို့က စတုတ္ထတောင်ထွတ်က တပည့်တွေပါ ၊ အရမ်းစွမ်းအားကြီးတဲ့ ရွှေပြဒါးအမြုတေအဆင့် ဝိညာဉ်သားရဲကြီးတစ်ကောင် ကျုပ်တို့နောက် လိုက်လာလို့ပါ"
လူငယ်က ကျန်းလန်ကို လှမ်းအော်ပြောလိုက်သည်။
ထိုလူငယ်၏ အမည်က ယွိရှင်းဖြစ်၏။
"ဂရား..."
"ဝုန်း"
ကြုံးဝါးသံများ ၊ ခြေသံကြီးများထွက်ပေါ်လာပြီး မြေကြီးပင် သိမ့်သိမ့်ခါသွားသည်။
ယွိရှင်းနှင့် ကျန်လူ (၂)ယောက်မှာ တုံ့ဆိုင်းမနေရဲတော့ဘဲ ချက်ချင်းပင် ကျန်းလန်အနားသို့ ပြေးလွှားလာကြတော့၏။
ကျန်းလန်က...
"ဘေးကနေ ခဏစောင့်"
ကျန်းလန်က ထိုတပည့် (၃) ယောက်ကို သတိထားနေဆဲ ဖြစ်သည်။
ဘယ်နေရာကမှန်းမသိ ရုတ်တရက် ထွက်လာသည့် တပည့်အများစုက သူ့ကိုသတ်ဖြတ်ရန် ရည်ရွယ်ချက်ရှိကြသည် မဟုတ်ပါလား။
သို့သော် ကျင့်ကြံခြင်းအဆင့်မြင့်လာပြီးနောက်ပိုင်း ထိုသို့သောတိုက်ခိုက်ခံရခြင်းများနှင့် ကြုံရခဲလှသည့်တိုင် ကျန်းလန်ကတော့ သတိမလွတ်ရဲပေ။
"ဘုန်း"
အလွန်အမင်းလျှင်မြန်သည့်အရှိန်ဖြင့် ကျန်းလန်ထံသို့ သားရဲကြီးတစ်ကောင်ပြေးဝင်လာသည်။
"ဘန်း"
သားရဲကြီး၏တိုက်ခိုက်မှုကို ကျန်းလန်က ခပ်သာသာပင် ရိုက်ထုတ်လိုက်သည်။
သားရဲကောင်၏တိုက်ခိုက်မှုက မုန်တိုင်းပမာပြင်းထန်သော်လည်း မရှိမှုအာကာသ ၊ ကနဦးအဆင့် ကျင့်ကြံသူဖြစ်သည့်ကျန်းလန်အား ရွှေပြဒါးအမြုတေအဆင့် သားရဲတစ်ကောင်က ဘာများလုပ်နိုင်ပါမည်နည်း။
ထို့နောက် ကျန်းလန်က ဝိညာဉ်သားရဲကြီး၏ ဦးခေါင်းကို အသာဖိထားလိုက်သည်။ ထိုသတ္တဝါက ကျားလိုလို ၊ ကျားသစ်လိုလို ခပ်ဆင်ဆင်တူသည်။
ထိဝိညာဉ်သားရဲ၏သွေးက အစီအရင်ပြုလုပ်ရတွင် အသုံးဝင်နိုင်သည်။
ကျန်းလန်က ထိုသားရဲကြီး၏ ဦးခေါင်းကို ခပ်သာသာ တစ်ချက်ရိုက်လိုက်သည်နှင့် ထိုသတ္တါကြီး လဲကျသွားတော့၏။ သို့သော် အသက်သေဆုံးသွားခြင်းမဟုတ်ဘဲ သတိလစ်သွားခြင်းသာ ဖြစ်သည်။
ထို့နောက် ကျန်းလန်က ဝိညာဉ်သားရဲကြီး၏ သွေးလွှတ်ကြောကို ဖြတ်တောက်လိုက်ပြီး သွေးများကို ဖောက်ယူလိုက်သည်။
ခဏကြာပြီးနောက် သူက ဝိညာဉ်သားရဲကြီး၏ ဒဏ်ရာကို ပြန်လည်ပျောက်ကွင်းစေလိုက်ပြီး ထွက်ခွာရန် ဟန်ပြင်လိုက်သည်။
"ဂိုဏ်းတူညီလေးတို့ကို ကျုပ် မနှောက်ယှက်တော့ဘူးနော်"
ကျန်းလန်က ဘေးနားတွင် ရပ်နေသည့် တပည့် (၃)ယောက်ကို နှုတ်ဆက်စကားဆိုလိုက်ပြီး ဓားကို စီးနှင်ကာ ထွက်ခွာလာခဲ့သည်။
ယွိရှင်းနှင့် ကျန် (၂)ယောက်မှာ ကျန်းလန်ကို မယုံကြည်နိုင်စွာဖြင့်ကြည့်ရင်း ကျန်ရစ်ခဲ့ကြသည်။
ယွိရှင်းက…
"မင်းတို့တွေ အဲဒီ ဂိုဏ်းတူအစ်ကိုဘယ်သူလဲ သိလား"
"မသိဘူး ၊ သူ့ကြည့်ရတာ အတော်လေး တန်ခိုးစွမ်းအားမြင့်မားတဲ့ပုံပဲ ၊ ဒါပေမဲ့ တစ်ခါမှမမြင်ဖူးဘူး"
***
အချိန် (၂)ရက်ကြာပြီးနောက် ကျန်းလန် လုံလောက်သည့် သွေးပမာဏရရှိသွားသည်။
သူက မည်သည့်ဝိညာဉ်သားရဲကိုမှ သတ်ဖြတ်ခဲ့ခြင်း မရှိပေ။ ထိုသားရဲများကို သတ်ဖြတ်ရန်လည်း မလိုပေ။
ယခုတော့ ကျန်းလန်တစ်ယောက် ချင်းချန်မြို့သို့သွားရာ လမ်းမထက်တွင် ရောက်ရှိနေလေသည်။ ရှောင်ယွိကို ထီးတစ်လက်ဝယ်ပေးမည်ဟု ကတိပေးထားခဲ့သည့်အတွက် ထီးဝယ်ရန် ထွက်လာခြင်း ဖြစ်၏။
ချင်းချန်မြို့လမ်းမများထက်တွင်တော့ လူများစည်ကားစွာ ဥဒဟိုသွားလာလျှက်ရှိသည်။
နှစ်ပေါင်း (၁၀၀)အတွင်း လမ်းများက ပိုမိုကောင်းမွန်လာပြီး အဆောက်အဦများကိုလည်း ပြန်လည်ပြုပြင်ထားဟန် ရှိပြီး လူနေလည်း ပိုမိုထူထပ်လာခဲ့သည်။
မြို့ငယ်သည် ဘယ်တော့မှ လူမပြတ်ဘဲ အမြဲတမ်း စည်ကားလျှက် ရှိလေသည်။
ဆီစိမ်စက္ကူထီးများ ရောင်းချသည့် ဆိုင်တစ်ဆိုင်ရှေ့တွင် ကျန်းလန် မတ်တတ်ရပ်လျှက် ရှိသည်။
ရှောင်ယွိကို ထီး ဘာအရောင် ဝယ်ပေးရမည်လဲဟု သူ တွေးနေ၏။
သူမက အဖြူရောင်နဂါး ဖြစ်သောကြောင့် အဖြူရောင်ထီးလေးဝယ်ပေးလျှင် သင့်တော်ပေမည်။ အဖြူရောင်ထက်တွင် မက်မွန်ပွင့်လေးများ ရေးထိုးထားလျှင်တော့ အကောင်းဆုံး ဖြစ်မည်ပင်။
ကျန်းလန်က သူလိုချင်သည့် ထီးပုံစံကို ပြောပြတော့ ဆိုင်ရှင်က ထီးတစ်လက် ထုတ်ပေးသည်။
အဖြူရောင်ထီးလေးထက်တွင် ပွင့်လန်းနေသည့် မက်မွန်ပင်တစ်ပင် ပန်းချီရေးဆွဲထားပြီး မက်မွန်ပင်အောက်တွင်တော့ ထီးဆောင်းထားသည့် မိန်းမလှလေး တစ်ယောက်၏ပုံ ရှိနေသည်။
"ဒါလေးက ဘယ်လောက်လဲ"
ကျန်းလန် ထီးလေးကို အလွန်သဘောကျသွားသည်။
ဆိုင်ရှင်က ပြုံးလိုက်ရင်း…
"ကြေးပြား (၃၅) ပြား"
ကျန်းလန်က ဆိုင်ရှင်ငွေချေလိုက်သည်။
ထို့နောက် တုတ်ထိုးသကြားလုံး (၂)ချောင်းလည်း ထပ်မံဝယ်ယူပြီးနောက် ပြန်ရန်ဟန်ပြင်လိုက်စဉ် ရုတ်တရက် သူ၏နတ်ဘုရားရာထူးနာမည်က တုန်လှုပ်သွားကြောင်း ခံစားလိုက်ရသည်။
နတ်ဘုရားရာထူးတွင် တည်ရှိနေသည့် အလင်းအစက်အပျောက်လေး (၃)ခုမှ (၁)ခုက အလွန်အမင်းလင်းလက်လာကြောင်း သိလိုက်ရသည်။
ထိုအလင်းရောင်အစက်လေးက တစ္ဆေတိုင်းပြည်မှ လူငယ်လေး ချင်းမုကို ကိုယ်စားပြုသည့် အလင်းစက်လေး ဖြစ်သည်။
"တစ္ဆေတိုင်းပြည်မှာ ဘာဖြစ်ပြန်ပြီလဲ မသိဘူး"
ထိုခဏမှာပင် သူ့စိတ်အာရုံထဲတွင် သူ၏နတ်ဘုရားရာထူးကို ခေါ်ဆိုနေကြသည့် ဆုတောင်းသံများကို ကြားလိုက်ရသည်။
အသံများက ခါတိုင်းထက်ပိုပြီး ကျယ်လောင်လေသည်။