← Chapters

ပြန်လည်ပေးဆပ်ရခြင်း

Vol. 11 Ch. 170

ပြန်လည်ပေးဆပ်ရခြင်း

Vol. 11 Ch. 170

ရွှီချင်းက စကားမဆိုပေ။

တိုက်ခိုက်နေစဉ်အတွင်း စကားများစွာ ပြောတတ်သည့်အကျင့် သူ့မှာ မရှိပေ။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး နောက်ဆုတ်သွားသည့်အခိုက် သူ့ခြေထောက်မှ ပျံသန်းစေနိုင်သော အဆောင်က ရုတ်တရက် ဝင်းလက်သွားသည်။

ထို့နောက် သူသည် သက်တန့်တစ်စင်းအလား လေဟုန်ခွင်း၍ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးထံ ဝင်ရောက်သွားသည်။ သူ အနားသို့ ရောက်သည်နှင့် သူ့နောက်မှ ‘ ပါ ’ အရိပ် ပေါ်လာသည်။

၎င်း၏ သွေးဆာနေသောခန္ဓာကိုယ်တွင် အက်ကွဲကြောင်းများစွာ ရှိနေပြီး ချော်ရည်များ ရှိနေသည့်အလားပင်။ ၎င်း ပေါ်လာသည်နှင့်တစ်ပြိုင်နက် အပူလှိုင်းများ အဘက်ဘက်သို့ ရိုက်ခတ်သွားပြီး ဘေးပတ်လည်ရှိ နှင်းခဲများက မိုးရေစက်များနှင့် မြူခိုးများအဖြစ် အရည်ပျော်သွားသည်။

သူ၏ချီနှင့် သွေးများသည်လည်း တဟုန်ထိုး လှုပ်ရှားလာသည်။ သူက တောင်တန်းပင်လယ်ပညာရပ်ကို အရှိန်အဟုန်ပြင်းစွာ လှည့်ပတ်လိုက်ပြီး အပြင်အားကို အစွမ်းကုန် ထုတ်ဖော်၍ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို အညှာအတာကင်းမဲ့စွာ ထိုးနှက်လိုက်သည်။

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ မျက်လုံးများထဲ လူသတ်ငွေ့များဖြင့် ဝင်းလက်သွားသည်။သူက လက်ကို ဝှေ့ယမ်းလိုက်ရာ သူ့နောက်မှ စစ်သူရဲကောင်းအရိပ်က ဝေဟင်သို့ မော့ကြည့်၍ မာန်သွင်းကြုံးဝါးကာ ပြန်လည်ထိုးနှက်လိုက်သည်။

ထိုနှစ်ဖက်ထိပ်တိုက်တွေ့ဆုံခြင်းကြောင့် ပြင်းထန်သော မြည်ဟည်းသံကြီး ပဲ့တင်ထပ်သွားသည်။ ရွှီချင်းမှာ နောက်ဆုတ်သွားရပြီး သူ့နှုတ်ခမ်းထောင့်စွန်းမှ သွေးများ စီးကျလာသည်။

အပြင်အားချင်းယှဉ်လျှင် အခြေတည်အဆင့်ခန္ဓာရှိသော ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးထက် သူ နိမ့်ကျနေသေးသည်။

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည်လည်း အခြေအနေ မဟန်ပေ။ သူ့ခန္ဓာကိုယ်ထဲရှိ သွေးနှင့်ချီများက တရွှီရွှီအော်မြည်နေပြီး သူသည်လည်း အလားတူ နောက်ဆုတ်လိုက်ရသည်။ သူက ရက်စက်ကြမ်းကြုတ်သော အမူအရာဖြင့် ရှိနေပါသော်လည်း ထိုအမူအရာအောက်တွင် ထိတ်လန့်ကြောက်ရွံ့ခြင်းများ ပုန်းကွယ်နေသည်။ ရွှီချင်းကို သူ မှတ်မိသွားပြီဖြစ်သည့်တိုင် ရွှီချင်းကို သူ မှတ်မိလာလေလေ သူ့ရင်ထဲရှိ တုန်လှုပ်ချောက်ချားစိတ်က ပို၍ ပြင်းထန်လာလေပင်။

ကလေးက မြန်မြန် အစွမ်းထက်လာမည်ကို သူ သိထားပါသော်ငြား တစ်နှစ်ပင် မပြည့်သေးခင် အတောအတွင်း သူ့ဂိုဏ်းသို့ လာရောက်ကာ တိုက်ခိုက်လာမည်ဟု သူ မျှော်လင့်မထားခဲ့ပေ။

သို့သော်လည်း ယခင်နှင့် ယခုကြားရှိ ကလေး၏စွမ်းအား အပြောင်းအလဲများက ကြောက်ခမန်းလိလိပင်။

“ မင်း …”

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ အသက်ရှူသံမြန်ဆန်လာသည်။ သူ တစ်ခုခုပြောချင်နေပါသော်လည်း ရွှီချင်း၏ ရက်စက်ကြမ်းကြုတ်သောအကြည့်ကို မြင်လိုက်ကာ ရုတ်တရက် တဟုန်ထိုး ပြေးတက်သွားသသည်။

တဝုန်းဝုန်းမြည်ဟည်းသံများ နောက်တစ်ဖန် ပေါ်ထွက်လာသည်။ ရွှီချင်းသည် အလွန် မြန်ဆန်စွာ တိုက်ခိုက်နေပြီး နှေးလည်း မနှေးသလို ရပ်သွားခြင်းလည်း မရှိပေ။ သူက အနီးရောက်သည်နှင့် လက်သီးချက်များကို တရစပ်ပစ်သွင်းနေ၏။ ခြေထောက်များဖြင့်လည်း သူ ပိတ်ကန်နေပြီး အလွန် နီးကပ်နေပါက ခေါင်းဖြင့်ပါ ပစ်တိုက်လေသည်။

ရက်စက်ကြမ်းကြုတ်သော တိုက်ကွက်များကြောင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ အသက်ရှူချိန်ပင် မရဘဲ ဖိနှိပ်ခံရကာ နောက်ဆုတ်နေရသည်။ ယင်းအတွက်ကြောင့် သူ ပို၍ပင် တုန်လှုပ်ချောက်ချားလာရပြီး သူ့အောက်ရှိ စစ်သူရဲကောင်းအရိပ်သည်ပင် ပြိုလဲတော့မည့်လက္ခဏာများ ပြသလာသည်။

“ မင်းက ကိုယ့်သေတွင်းကိုယ် တူးနေတာပဲကွ ”

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက မာန်သွင်းအော်ဟစ်၍ လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ အလျင်အမြန် ဖော်လိုက်သည်။ ရုတ်တရက် သူ့ခန္ဓာကိုယ်ထဲရှိ ဓမ္မတံခါးက လည်ပတ်လာပြီး အခြေတည်အဆင့် အရှိန်အဝါ ထွက်ပေါ်လာကာ ရွှီချင်းကို ဖိအားပေးလိုက်သည်။ မန္တန်လက်ကွက်များ သူ တရစပ် ဖော်နေသည်နှင့်အမျှ သူ့နောက်၌ စူးရှတောက်ပသော ရွှေရောင်အလင်းတန်းတစ်ခု ပေါ်လာသည်။

ထိုရွှေရောင်အလင်းတန်းက ကျာပွတ်တစ်ခုအသွင် ပြောင်းကာ ရွှီချင်းထံ အညှာအတာကင်းမဲ့စွာ ဝင်ရောက်သွားသည်။ ထိုကျာပွတ်၏ ထိပ်ဖျားနှင့် ထိမိသော နေရာတစ်ခုမှာ ပေါက်ကွဲသွားသည်။

ရွှီချင်း၏နောက်ရှိ ‘ ပါ ’ အရိပ်က မာန်ဖီ၍ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါတစ်မျိုး ထုတ်လွှတ်လိုက်သည်။ ၎င်းက ကျာပွတ်နှင့် တွေ့သွားသောအခါ မိုးမြေတုန်ဟီးစေနိုင်သည့် အသံကြီး ဟိန်းထွက်သွားသည်။ ‘ ပါ ’ အရိပ်က ပြိုလဲသွားခြင်းမရှိဘဲ ကျာပွတ်ကိုပင် ဆုပ်လိုက်ရာ ကျာပွတ်မှ အခြေတည်အဆင့် စွမ်းအားများကြောင့် ရွှီချင်း၏တစ်ကိုယ်လုံး တုန်ရီလာရပြီး သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။

သူ့ခန္ဓာကိုယ် နောက်သို့ လွင့်စဉ်သွားပြီး ဂိုဏ်းဂိတ်တံခါးပေါ်သို့ ကျသွားသည်။

ဂိုဏ်းချုပ်နျင့် အကြီးအကဲသုံးယောက်၏ မျက်လုံးများက လူသတ်ချင်စိတ်များဖြင့် ဝင်းလက်လာသည်။ တခြားဂိုဏ်းသားများသည်လည်း သူတို့ကဲ့သို့ပင် ရွှီချင်း ကျသွားသည့်နေရာသို့ မုန်တီးခြင်းအပြည့်ဖြင့် ပြေးဝင်လာကြပြီး အလျင်အမြန် တိုက်ခိုက်လိုက်ကြသည်။

“ သေစမ်းကွာ ”

လေထဲရှိ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ မျက်လုံးများသည်လည်း နီမြန်းနေပြီး လူသတ်ချင်သည့်စိတ်များ တောက်လောင်နေသည်။ သူက လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ အလျင်အမြန် ဖော်လိုက်သည်။

နောက်ထပ်အခြေတည်အဆင့်မန္တန်တစ်ခု ပေါ်လာသည်။ ယင်းသည် ဧရာမတံဆိပ်တော်ကြီးဖြစ်ပြီး ဝေဟင်ပြင်၌ ရုပ်လုံးပေါ်လာ၏။

၎င်းသည် ပေရာဂဏန်းခန့် အရွယ်အစားရှိပြီး ၎င်း၏ အနီးတဝိုက်မှ လေနှင့် ဆီးနှင်းများ အဝေးသို့ အလိုလို ရွေ့သွားကြသည်။ ၎င်းသည် ကြောက်မက်ဖွယ်အရှိန်အဝါတစ်မျိုးကို သယ်ဆောင်လာကာ လဲကျနေသော ရွှီချင်းအပေါ်သို့ ဖိအားပေးလိုက်သည်။

ပြင်းထန်သော ဖိအားကြောင့် ကျင်းကန်းဂိုဏ်း၏ ဂိတ်တံခါးသည်ပင် တုန်ရီလာသည်။ ဘေးပတ်လည်ရှိ နှင်းခဲများမှာ အမှုန်များအဖြစ် ပြိုကွဲသွားပြီး အရပ်မျက်နှာအနှံ့ လွင့်စဉ်သွားသည်။

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ မျက်လုံးများထဲတွင် အေးစက်စက်ဝင်းလက်သွားသည်။ သူက လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်ဖော်၍ ဝှေ့ယမ်းလိုက်သည်။ ရုတ်တရက် သူ့အောက်ရှိ စစ်သူရဲကောင်းနှင့် ဆင်တူသော အရိပ်နှစ်ခု သူ့ပတ်လည်တွင် ပေါ်လာပြီး တစ်ပြိုင်နက်တည်း လက်သီးချက်များ ပစ်သွင်းလိုက်ကြသည်။

စစ်သူရဲကောင်းသုံးယောက်က ရွှီချင်းကို ရှုထောင့်သုံးခုမှနေ၍ လက်သီးဖြင့် ထိုးလာကြသည်။

တခြားချီစုစည်းခြင်းအဆင့် ကျင့်ကြံသူများဆိုပါက ချီစုစည်းခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်နေသည့်တိုင်အောင် ထိုတိုက်ကွက်ကို ခုခံနိုင်မည် မဟုတ်ပေ။ အခြေတည်အဆင့်မန္တန်များတွင် ထူးခြားသောအစွမ်းများ ရှိပြီး ဓမ္မတံခါးများ၌လည်း ထူးခြားသော အကျိုးသက်ရောက်မှုရှိသည်။

ယင်းသည် အဆောင်ခုနစ်ခု၊ ရှစ်ခုကို တစ်ပြိုင်နက်တည်း သုံးလိုက်သည်နှင့် ညီမျှသည်။

ကျင်းကန်းဂိုဏ်းသားများ ဝင်ရောက်တိုက်ခိုက်ခြင်း၊ စစ်သူရဲကောင်းအရိပ်သုံးခု၏ လက်သီးချက်များနှင့် ဝေဟင်ပြင်ရှိ ကျဆင်းလာသော တံဆိပ်တော်ကြီးကို ရွှီချင်း ကြည့်ကာ မျက်လုံးများထဲ အေးစက်စက်ဝင်းလက်သွားသည်။

သူက လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်ရာ သူ့ကိုယ်ထဲမှ ကြောက်ခမန်းလိလိ ဝိညာဉ်စွမ်းအားများ ထွက်ပေါ်လာသည်။ ထိုစွမ်းအားများက အပြင်ဘက်သို့ ဆန့်ကားသွားပြီး မျက်တောင်တစ်ချက်ခတ်အတွင်း ပေတစ်ထောင်ရှည်သော ဝိညာဉ်ပင်လယ်ကြီးတစ်စင်းအဖြစ် ပြောင်းလဲသွားသည်။

၎င်းက ရုတ်တရက် ကြောက်ခမန်းလိလိ အရှိန်အဝါများ ထုတ်လွှတ်၍ ပေါက်ကွဲသွားကာ တုန်လှုပ်ချောက်ချားဖွယ်အားလှိုင်းများ အရပ်မျက်နှာအနှံ့ လွင့်ပျံသွားသည်။

ရွှီချင်း၏ ဝိညာဉ်စွမ်းအင်လှိုင်းများ ရိုက်ခတ်ခြင်းအောက်တွင် ဂိုဏ်းချုပ်၊ အကြီးအကဲများနှင့် ဂိုဏ်းသားများအားလုံး ထပ်တူညီစွာ ခန္ဓာကိုယ်များ ဒယိမ်းဒယိုင်းဖြစ်ကာ လဲကျသွားသည်။

ထိုဝိညာဉ်စွမ်းအင်လှိုင်း ဖြတ်သန်းသွားသည့်နေရာတိုင်း တော်လဲသံများ မြည်ဟည်းကာ အဆောက်အအုံးများ ပျက်စီးသွားသည်။ လူအားလုံး ခန္ဓာသာမက ဝိညာဉ်ပါ ဇီဝိန်ချုပ်သွားသည်။

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး စီရင်ခဲ့သည့် မန္တန်အစီအရင်သည်လည်း ဝိညာဉ်ပင်လယ်ပေါက်ကွဲသံအောက်တွင် တဝုန်းဝုန်းမြည်ဟည်းနေသည်။

စစ်သူရဲကောင်းအရိပ်သုံးခုမှာ ချက်ချင်းပင် ဝိုးတဝါးဖြစ်သွားကာ လေနှင့်အတူ လွင့််မျောပျောက်ကွယ်သွားသည်။ ကောင်းကင်ယံရှိ တံဆိပ်တော်ကြီးသည်လည်း အလားတူပင်။ ၎င်း ကျဆင်းလာသည်နှင့် လေပြင်း တိုက်ခတ်ခံလိုက်ရသည့်အလား တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ သိသိသာသာ မျက်နှာပျက်သွားပြီး အဝေးသို့ ဆုတ်ခွာလိုက်ပါသော်လည်း ဝိညာဉ်စွမ်းအားဒဏ်ခံလိုက်ရသေးသည်။ သူ့ပါးစပ်မှ လတ်ဆတ်သောသွေးများ စီးကျလာပြီး သူ့ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများသည်လည်း ပိုဆိုးလာသည်။ တချိန်တည်းမှာပင် သူ့ဘယ်လက်မှာ အရိပ်၏ ဖုံးလွှမ်းခြင်း ခံလိုက်ရပြန်သည်။

သူ ကမန်းကတမ်း ရှောင်တိမ်းလိုက်ပါသော်လည်း ဘယ်လက်တစ်ဖက်လုံး စိမ်းပုပ်သွားကာ ဓာတ်နှောများ အလွန် သိပ်သည်းထူထပ်စွာ စိမ့်ဝင်နေခဲ့ပြီဖြစ်သည်။ သူ၏ဘယ်ဘက်ပခုံးကိုလည်း မည်းနက်တောက်ပြောင်နေသော သံတုတ်လေးက တရွှီရွှီမြည်သံပေး၍ ထိုးစိုက်သွားသည်။

ထို့ပြင် သူ တုန်လှုပ်ချောက်ချားသွားရသည့်နောက်တစ်ချက်မှာ သူ၏သွေးနှင့်ချီက မငြိမ်မသက်ဖြစ်လာပြီး သူ့ခန္ဓာကိုယ်က အဆိပ်မိသွားသည့်လက္ခဏာများ ပြသလာခြင်း ဖြစ်သည်။ သူ့မျက်နှာ မည်းမှောင်သွားပြီး ချက်ချင်းပင် ဆေးလုံးတစ်လုံးကို ထုတ်၍ မျိုချလိုက်ပြီး အဝေးသို့ ဆုတ်သွားသည်။

သို့သော်လည်း သူသည် ပျက်စီးနေသော ကျင်းကန်းဂိုဏ်းပေါ် ရောက်နေပြီဖြစ်သည့် ရွှီချင်းကို သတ်ဖြတ်ချင်နေသည့်အကြည့်ဖြင့် စူးစိုက်၍ ကြည့်နေသည်။

“ သတ္တမမြောက်တောင်ထိပ်ရဲ့ ပင်လယ်အသွင်ပြောင်းပညာရပ်ကနေ ဖြစ်လာတဲ့ ဝိညာဉ်ပင်လယ်က အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ကို တစ်ချီတည်းနဲ့ တုန်ခါသွားအောင် တကယ် လုပ်နိုင်တာပဲ။ ဒါပေမဲ့ အဲဒါက တစ်ကြိမ်ပဲ သုံးလို့ရတာ။ အခုကစပြီး မင်း သေပြီသာမှတ် ”

ရွှီချင်း၏ အသက်ရှူသံများ မြန်ဆန်နေသည်။ သူ့ခန္ဓာကိုယ်အပြင်ဘက်တွင် တဖျပ်ဖျပ်လက်နေသော အဆောင်တစ်ခု ရှိပါသော်လည်း သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။ သူ့မျက်နှာပေါ်၌ အံ့အားသင့်နေသည့်အမူအရာများ ရှိမနေပေ။ သူက ရောက်ကတည်းက အခြေတည်အဆင့်ကျင့်ကြံသူများက မည်မျှ အစွမ်းထက်သည်ကို ကောင်းစွာ နားလည်ထားခဲ့ပြီး ဖြစ်သည်။

ထို့ပြင် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို သူ သတ်နိုင်မည်ဟု ခံစားနေရဆဲပင်။

ထို့ကြောင့် သူ စတိုက်ခိုက်စဉ်ကတည်းက အစွမ်းထက်ဆုံး သိုင်းကွက်များကို ထုတ်ဖော်ခဲ့သည်။ ကောင်းကင်ဓားမော့အရိပ်ဖြစ်စေ၊ အရိပ် သို့မဟုတ် ‘ ပါ ’ အရိပ်ဖြစ်စေ၊ သူ့ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ပင်လယ်ကိုပင်ဖြစ်စေ အညှာအတာမဲ့စွာ အသုံးပြုပြီးခဲ့ပြီဖြစ်သည်။

အဆိပ်ကိုလည်း စတင်တိုက်ခိုက်စဉ်မှစရေတွက်လည်း ခုနစ်ဆယ့်နှစ်မျိုးအထိ သူ အသုံးပြုခဲ့ပြီး ဖြစ်သည်။

ယခုအချိန်၌ အရာအားလုံးက သူ့အစီအစဉ်အတိုင်း တသွေမတိမ်းဖြစ်ပျက်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏မျက်နှာအမူအရာ အေးစက်လာသည်နှင့် ရွှီချင်းက ညှာလက်ကို မြှောက်၍ လေထဲတွင် ဆုတ်ခွာနေသော ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို ဖမ်းဆုပ်လိုက်သည်။

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ မျက်လုံးများ ရုတ်ခြည်း မှေးသွားသည်။ ဘေးပတ်ဝန်းကျင်မှ မရေမတွက်နိုင်သော ရေခဲများက ရုတ်တရက် ရေစက်များအသွင် ပြောင်းလဲသွားသည်။

ထိုရေစက်များ၏ စုစုပေါင်း အကျယ်အဝန်းက ပေတစ်ထောင်သို့ ရောက်သွားသည်။

“ မင်း၊ မင်းမှာ ဘယ်လိုလုပ် ဝိညာဉ်စွမ်းအင်တွေ ရှိနေရသေးတာတုံး ”

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက အလန့်တကြား အော်ဟစ်လိုက်သည်။ ထိုအချိန်မှာပင် ပေတစ်ထောင်အကျယ်အဝန်းအတွင်းရှိ ရေစက်များက အလျင်အမြန် ပေါင်းစည်းသွားပြီး လက်ကြီးတစ်ဖက်အသွင်ပြောင်းလဲကာ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို အတင်းအကြပ် ဖမ်းဆုပ်လိုက်သည်။

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက သွေးတစ်ပွက်အန်ထုတ်၍ ဒရောသောပါး နောက်ဆုတ်လိုက်သည်။ သူ့ရင်ထဲတွင် ခံစားချက်မျိုးစုံ ဖြစ်ပေါ်နေစဉ် ရေစက်များ စုပေါင်း၍ ဖြစ်ပေါ်လာသော ပေတစ်ထောင်ရှည်သည့် လက်ကြီးက ရှဲကျင်းလုံအသွင် ပြောင်းလဲသွားပြန်သည်။

ယင်းသည် ရွှီချင်း၏ တားမြစ်ပင်လယ်ဝေလနဂါးမှလွဲ၍ တခြားမဟုတ်ပေ။ ၎င်းက ကောင်းကင်ကြီးကို မော့ကြည့်၍ ဟိန်းဟောက်မာန်ဖီကာ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို ရက်စက်ကြမ်းတမ်းစွာ ကိုက်လိုက်သည်။

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ မျက်နှာပျက်သွားပြီး အလန့်တကြား အော်ဟစ်လိုက်သည်။

“ တားမြစ်ပင်လယ်ဝေလနဂါး ”

ချီရွှဲ့ထုံဂိုဏ်းအကြောင်းကို သူ အတန်ငယ် တီးမိခေါက်မိရှိထားပြီး သတ္တမမြောက်တောင်ထိပ်၏ ပင်လယ်အသွင်ပြောင်းပညာရပ်ကို ကျင့်ကြံပြီးနောက် ပါရမီရှင်တချို့က တားမြစ်ပင်လယ်ဝေလနဂါးကို ထုတ်ဖော်နိုင်ကြောင်း သိထားသည်။ ထိုဝေလနဂါးကြီးက ဝိညာဉ်စွမ်းအားများကို သိုလှောင်ပေးသည့် ကျင့်ကြံသူတစ်ယောက်၏ ဒုတိယသွေးကြောတစ်ခုနှင့် ဆင်တူသည်။

သို့သော်ငြား ထိုကဲ့သို့ လူများက အလွန်ရှားသည်။

ယခင်က တားမြစ်ပင်လယ်ဝေလနဂါးကို သူ မြင်ခဲ့ဖူးသည်။ သို့သော် ရွှီချင်း၏ဝေလနဂါးက သူ မြင်ခဲ့ဖူးသည့် တားမြစ်ပင်လယ်ဝေလနဂါးနှင့် အတူတူဖြစ်သော်လည်း ပုံပန်းသွင်ပြင်အရဖြစ်စေ၊ တားမြစ်ပင်လယ်စွမ်းအားအရဖြစ်စေ လုံးဝမတူညီသော ခံစားချက်မျိုး သူ ခံစားနေရသည်။

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည် သိသိသာသာ မျက်နှာပျက်နေလျက် နောက်ဆုတ်သွားပြန်သည်။ သူ နောက်ထပ် တိုက်ခိုက်ချင်စိတ်မရှိတော့ပေ။ ယခု သူ့ခန္ဓာကိုယ်ပေါ်တွင် ဓာတ်နှောများ ထူထပ်သိပ်သည်းလာပြီဖြစ်ပြီး သူ့ခန္ဓာကိုယ်ထဲမှ အဆိပ်ကိုလည်း ချက်ချင်း မဖြေနိုင်သေးပေ။ ထို့ပြင် အဆိပ်က ပို၍ ပျံ့နှံ့လာပြီး သူ့ကိုယ်တွင်းအင်္ဂါများ နာကျင်လာသည်ကို ခံစားလိုက်ရသည်။ သူ သွေးတစ်ပွက် အန်ထုတ်လိုက်သောအခါ သူ့ကိုယ်တွင်းအင်္ဂါများ တိုက်စားခံရကာ အရည်ပျော်နေသည့်အလား သွေးက မည်းညစ်နေသည်။

“ ငါသာ ရွှမ်ယောင်အသွင်သဏ္ဍာန်ကို အသက်သွင်းနိုင်ခဲ့လို့ကတော့ …”

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည် မချိတင်ကဲဖြင့် ရေရွတ်လိုက်သည်။ ဘေးပတ်ဝန်းကျင်တွင် ပုန်းကွယ်နေသော ကြောက်မက်ဖွယ်အရိပ်ကြောင့် သူ ထိတ်လန့်တုန်ခါသွားရသည်။ သူသာ သတိလက်လွတ်နေပါက ထိုအရိပ်နှင့် တွေ့မိသွားပြီး ဓာတ်နှောများ ပို၍ တိုးလာမည်ဖြစ်သည်။

အထူးသဖြင့် တားမြစ်ပင်လယ်ဝေလနဂါးနှင့် ရွှီချင်း၏ ပြန်လည်ကုစားနိုင်စွမ်းသည်ပင် သူ့ကို သေရေးရှင်ရေးအကျဉ်းအကြပ်ထဲ ရောက်သွားသကဲ့သို့ ခံစားသွားစေသည်။

“ ငါက လီထူဂိုဏ်းဝင်တစ်ယောက်နော်၊ ငါက … ”

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက အော်ဟစ်လိုက်သည်။ သူ့စကားမဆုံးခင် ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှ ပျံသန်းစေနိုင်သော အဆောင်က ဝင်းလက်သွားပြီး ရွှီချင်းက တည်ငြိမ်စွာ ပြောလိုက်သည်။

“ အချိန်ကျပြီ ”

ယင်းသည် တိုက်ပွဲစတင်ကတည်းက သူ ပြောခဲ့သည့် ပထမဆုံးစကားတစ်ခွန်း ဖြစ်သည်။

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး မတုံ့ပြန်နိုင်ခင် ရွှီချင်းက လက်ကို အေးတိအေးစက်ဝှေ့ယမ်းလိုက်ရာ တဝုန်းဝုန်းမြည်ဟည်းသံများနှင့်အတူ မှော်လှေပေါ်ထွက်လာသည်။

ပေရာချီ၍ရှည်သော လှေကြီးသည် မည်းနက်တောက်ပြောင်သော လိပ်တစ်ကောင်ကဲ့သို့ သွေးဆာနေအသွင်အပြင်ရှိပြီး ၎င်းကို ရက်စက်ကြမ်းကြုတ်သည့်အလား မြင်ရသူကို ခံစားသွားစေနိုင်သည့် အတောင်ပံများကဲ့သို့ ရွက်တိုင်များလည်း ရှိသည်။

လှေပေါ်မှ ရွှေရောင်အလင်းတန်းတစ်ခု ဝင်းလက်လာပြီး လှေဦးပိုင်းရှိ ဆူးချွန်ပေါ်တွင် စုဆုံသွားကာ မှော်လှေမှ နတ်အသိတစ်မျိုး ချက်ချင်း ထွက်ပေါ်လာပြီး ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို မလှုပ်ရှားနိုင်အောင် ချုပ်လိုက်သည်။

ထိုနတ်အသိက နတ်ဘုရားတစ်ပါးကဲ့သို့ ဘေးပတ်ဝန်းကျင်ရှိ လေနှင့် နှင်းများကို ချက်ချင်း လွင့်ပါးသွားစေသည်။

ပြင်းထန်သော ဖိအားတစ်ရပ် ဆင်းသက်လာ၏။

လှေထိပ်ဦးတွင် ရပ်နေသော ရွှီချင်းသည် နတ်ဘုရားကို ထိန်းချုပ်နေသော စီရင်သူ တစ်ဦးအလားပင်။ သူက ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို အေးစက်စက်ကြည့်၍ ညာလက်ကို မြှောက်လိုက်သည်။ သူ လက်မြှောက်လိုက်သည်နှင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးအပေါ် စုဆုံနေသော နတ်အစွမ်းများက တစတစ ပြင်းထန်လာသည်။ သူ့လက်အောက်သို့ ကျလာသည်နှင့် နတ်အစွမ်းတိုက်ကွက် ထွက်ပေါ်လာတော့မည်မှာ သေချာသည်။

နတ်တိုက်ကွက်၊ ယင်းသည် မှော်လှေ၏ အစွမ်းထက်ဆုံး တိုက်ကွက်ဖြစ်သည်။ မူလက ရွှီချင်းသည် ထိုတိုက်ကွက်ကို ချက်ချင်းထုတ်သုံးရန် စီစဉ်ထားခဲ့ပါသော်လည်း အထွတ်အထိပ်ရောက်နေသာ အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်အား တစ်ချက်တည်းဖြင့် မသတ်နိုင်မည်ကို စိုးရိမ်ပူပန်နေခဲ့ရသည်။

ထို့ကြောင့် သူက ကိုယ်တိုင် တိုက်ခိုက်ကာ ယခုအချိန်ကို စောင့်နေခဲ့ခြင်းဖြစ်သည်။ နောက်ဆုံး၌ အချိန်ကျရောက်လာပြီး တစ်ချီတည်းဖြင့် လက်စတုံးနိုင်မည်ဖြစ်ကြောင်း သူ ခံစားလာရပြီ ဖြစ်သည်။

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏မျက်နှာမှာ မကြုံစဖူး ဖြူဖပ်ဖြူရော်ဖြစ်နေသည်။ သူ့ဦးရေခွံများ ပေါက်ကွဲထွက်တော့မည့်အလား ခံစားနေရပြီး သူ့မျက်လုံးများက မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နှက်လာကာ မသိစိတ်မှနေ၍ အော်ဟစ်လိုက်သည်။

“ နတ်တန်ခိုး ”

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ ရင်ထဲရှိ ခါးသည်းနာကြည်းစိတ်များက ထိတ်လန့်ကြောက်ရွံ့ခြင်းအဖြစ် ပြောင်းလဲသွားသည်။ ထိုအချိန်၌ အသက်ဘေးအန္တရာယ်ခံစားချက်က အဆုံးအစမဲ့အောင် ပြင်းထန်လာပြီး နတ်တန်ခိုးအောက်တွင် သူ၏အသွေးအသားများထဲရှိ နေရာတိုင်းက တဆတ်ဆတ်တုန်ရီကာ သေမင်းရောက်လာပြီဖြစ်ကြောင်း ဟစ်ကြွေးနေသည်။

“ ငါ မလွတ်နိုင်တော့ဘူး။ အထွတ်အထိပ်အခြေအနေကို ငါ ရောက်သွားရင် လွတ်မြောက်ဖို့ အခွင့်အရေး ရှိချင်ရှိဦးမယ်။ အခုတော့ … ”

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ စိတ်ဓာတ်ကျသွားပြီး မှော်လှေပေါ်တွင် မားမားမတ်မတ်ရပ်နေသော ရွှီချင်းကို ကြည့်၍ ယခင်က သူ ဖတ်ခဲ့ဖူးသည့် ရှေးဟောင်းစာအုပ်များကို ပြန်တွေးကာ အလျင်အမြန် အော်ဟစ်လိုက်သည်။

“ တာအိုရောင်းရင်း၊ ခဏလေး နေပါဦး၊ ကျုပ် ပြောတာနားထောင်ပေးပါ။ ကျုပ် တာအိုရောင်းရင်းရဲ့ ကျွန်ဖြစ်ချင်ပါတယ်။ ကျုပ်ရဲ့လက်ကျန်တစ်ဘဝလုံး တာအိုရောင်းရင်းရဲ့ ကျွန်ဖြစ်ချင်တာပါ။ တာအိုရောင်းရင်းက ကျုပ်သခင်ဖြစ်လာမှာပါ။ ကျုပ် … ”

ရွှီချင်း၏ မျက်နှာအမူအရာက အေးစက်နေပြီး ထိုအကြောင်းကို စိတ်ဝင်စားဟန်မပြပေ။ ကျွန်ပြုရသည်ကို သူ ဝါသနာမပါချေ။ ရုတ်တရက် သူ့ညာလက်က အောက်သို့ ကျသွားသည်။

All Chapters