← Chapters

အခန်း (၁၂၃-၁၂၄)

Vol. 13 Ch. 123-124

အခန်း (၁၂၃-၁၂၄)

Vol. 13 Ch. 123-124

အခန်း ၁၂၃: မွေးရာပါ ဖရိုဖရဲ နှလုံးသား

လျှိုရူယန်သည် ယခင်က မရှိဖူးသော တည်ကြည်လေးနက်မှုဖြင့် စူးချန်ကဲကို ကြည့်လိုက်သည်။

သူမ၏အသံမှ ထွက်ပေါ်လာသော ခိုင်မာမှုနှင့် မေးခွန်းထုတ်၍မရသောလေသံ...

ထိုအရာမှာ စူးချန်ကဲကို ထိုကဲ့သို့ ပုံစံဖြင့် သူမ ပထမဆုံးအကြိမ် စကားပြောဆိုခြင်းပင်။

သို့ရာတွင် ဤအချိန်အခိုက်အတန့်တွင် သူမသည် ထိုကဲ့သို့ အသေးစိတ် အချက်အလက်များကို ဂရုမစိုက်တော့ချေ။

စူးချန်ကဲ လုံးဝမသွားရပေ။

သူ၏ ပါရမီက လျှိုရူယန်ကိုပင် အံ့အားသင့်စေခဲ့ပြီး အနာဂတ်တွင် သူသည် ရွှီဟွာနတ်ဘုရားအင်ပါယာကို အမှန်တကယ်ပင် ခြေအောက်တွင် နင်းချေနိုင်လိမ့်မည် ဖြစ်သော်လည်း သေချာပေါက် ယခုချိန်၌ မဟုတ်သေးချေ။ အကယ်၍ သူ သွားခဲ့လျှင် သူ သေချာပေါက် သေရပေလိမ့်မည်။

ထိုလူများအကြောင်းကို သူမ ကောင်းစွာသိရှိထားသည်။ သူမ အသက်ရှင်နေသေးပြီး ယွမ်ယန်နယ်မြေတွင် ပြန်လည်ဝင်စားလာကြောင်း သူတို့ သိရှိသွားချိန်၌ သူတို့၏တိုက်ခိုက်မှုက မိုးကြိုးပစ်ခတ်မှုတစ်ခုအလား လျှင်မြန်ပြင်းထန်စွာ ရောက်လာပေလိမ့်မည်။

"ဒုတိယ စီနီယာအစ်မ..."

နင်ဖူယောင် ကြောင်အမ်းသွားပြီး အလိုအလျောက် အော်ခေါ်လိုက်သည်။ လျှိုရူယန်ကို ဤသို့ မြင်ရခြင်းမှာ သူမအတွက် ပထမဆုံးအကြိမ်ပင်။

ဤအချိန်၌ မင်းသမီးဟွမ်ယွဲ့သည်လည်း အမျိုးသမီးတစ်ယောက် ရုတ်တရက် ထွက်ပေါ်လာမှုကြောင့် ထိတ်လန့်သွားခဲ့သည်။ သူမက လျှိုရူယန်ကို ကြည့်လိုက်ရာ တစ်ဖက်လူသည် သာမန်ထိုက်ချင်ဂိုဏ်း တပည့်ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း သူမ ထုတ်လွှတ်နေသော မမြင်နိုင်သည့် အရှိန်အဝါက မင်းသမီး ဟွမ်ယွဲ့ကို ရင်းနှီးသော ခံစားချက်တစ်ခု ပေးစွမ်းနေပေ၏။ ဤသည်မှာ သူမ၏ ဧကရာဇ်ဖခင်ထံတွင် မြင်ဖူးသည့် အရာအလားပင်။

လျှိုရူယန်က အတင်းအကြပ် အားယူ၍ပြုံးကာ နင်ဖူယောင်ကို ခေါင်းညိတ်ပြလိုက်ပြီးနောက် တိတ်ဆိတ်နေသော စူးချန်ကဲကို ပြန်ကြည့်ကာ ပြောလိုက်သည်။

"စီနီယာအစ်ကို... ကျွန်မကို ယုံပါ... ရှင် လုံးဝ သွားလို့ မရဘူး..."

ထိုအချိန်မှာပင်...

စူးချန်ကဲ၏အာရုံစိုက်မှုက သူ့ရှေ့တွင် ထွက်ပေါ်လာသော စနစ်တာဝန် အသိပေးချက်ပေါ်၌ ရှိနေခဲ့သည်။

【ဇာတ်ကွက် သတိပေးချက် ..ကံကြမ္မာသမီးတော် လျှိုရူယန်က အသက်အန္တရာယ်ရှိတဲ့ ကပ်ဘေးတစ်ခုနဲ့ ရင်ဆိုင်ရတော့မယ်... သူ့ရဲ့ အရင် ရန်သူဖြစ်တဲ့ ရွှီဟွာနတ်ဘုရားအင်ပါယာက သူတို့ရဲ့ နတ်ဘုရားသားတော် ယွီတောက်ရွှမ်ကို စေလွှတ်ပြီး သူတော်စင်နယ်ပယ် ကျွမ်းကျင်သူ သုံးယောက်ကို အောက်ဘုံဆီ ဦးဆောင်ခေါ်သွားစေခဲ့တယ်... သူတို့က ဒီနေ့ည ထိုက်ချင်ဂိုဏ်းကို ရောက်လာလိမ့်မယ်... မူလဇာတ်ကွက်မှာ ဒီအကျပ်အတည်းက နောက်ဆယ်နှစ်ကြာမှ ရောက်လာရမှာပါ... အဲ့ဒီအချိန်မှာ လျှိုရူယန်က ယဲ့ရွှမ်ကြောင့် ထိုက်ချင်ဂိုဏ်းကနေ ထွက်ခွာသွားပြီးတဲ့နောက် လျှို့ဝှက်နယ်မြေတွေကနေ အခွင့်အရေးတွေကို တိတ်တဆိတ် ဆက်တိုက် ရရှိခဲ့ပြီးတယ်.... သူ့ရဲ့ အရင်ဘဝက ကျင့်ကြံခြင်းအတွေ့အကြုံနဲ့ ပေါင်းစပ်ပြီးတော့ နတ်ဘုရားမီးတောက်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ပြီး အပြင်းအထန် ခုခံခဲ့တယ်... အရေးကြီးတဲ့ အခိုက်အတန့်မှာ ယဲ့ရွှမ်က တောက်ပစွာ ထွက်ပေါ်လာပြီးတော့ တစ်ယောက်တည်းနဲ့ အခြေအနေကို ပြောင်းပြန်လှန်ကာ လျှိုရူယန်ကို ကယ်တင်ခဲ့တယ်... မီးတောက်ဧကရာဇ်ရဲ့အမွေအနှစ်ကို သူ ရရှိပြီးတဲ့နောက် မီးတောက်ဧကရာဇ်က သူ့ရဲ့ခန္ဓာကိုယ်ကို အချိန်တိုလေးအတွင်းမှာ ထိန်းချုပ်ခဲ့ပြီးတော့ အရပ်မျက်နှာအားလုံးက ရန်သူတွေကို ရှင်းလင်းပစ်ဖို့ အသုံးပြုပြီး နောက်ဆုံးမှာ ယွီတောက်ရွှမ်ကို သတ်ပစ်ခဲ့တယ်...ယဲ့ရွှမ်က ရွှီဟွာနတ်ဘုရားအင်ပါယာနဲ့လည်း သွေးကြွေးရန်ငြိုးတစ်ခု ဖွဲ့မိခဲ့ပြီးတော့ နောက်ပိုင်းမှာ ဆက်ပြီးအစွမ်းထက်လာဖို့ လျှိုရူယန်နဲ့အတူ စိတ်ဝိညာဉ်နယ်မြေထဲကို ဝင်ရောက်ခဲ့တယ်... ဒါပေမဲ့ လက်ခံသူကြောင့် ဒီနယ်မြေရဲ့ တိုးတက်မှုက အရှိန်မြန်လာခဲ့တယ်...】

【ဇာတ်ကွက် အပြောင်းအလဲ...အခုချိန်မှာ လျှိုရူယန်ဟာ ကြီးမားတဲ့ ကပ်ဘေးတစ်ခုနဲ့ ရင်ဆိုင်နေရပြီးတော့ သူ့ရဲ့ရန်သူတွေနဲ့ ခွန်အား ကွာဟချက်က အရမ်းကြီးမားနေတယ်... ရလဒ်ကတော့ ယဲ့ရွှမ်က လျှိုရူယန်ကို ကယ်တင်ဖို့ သူ့ရဲ့ လက်စွပ်ထဲက အကြွင်းအကျန် စိတ်ဝိညာဉ်ရဲ့ စွမ်းအားကို အားကိုးပြီး အဆက်မပြတ် ထွက်ပြေးရမယ့် ခရီးစဉ်ကို စတင်ရလိမ့်မယ်...】

【နွေးထွေးမှု တာဝန် ထွက်ပေါ်လာပါပြီ ... ကျေးဇူးပြုပြီး လျှိုရူယန်ကို အစွမ်းထက်တဲ့ ရန်သူတွေဆီကနေ ကာကွယ်ပေးပြီးတော့ သူ့ကို လုံခြုံမှုရှိတဲ့ ခံစားချက်နဲ့ လက်ခံသူရဲ့ အကာအကွယ်ပေးခံရမှုကို ခံစားရအောင် လုပ်ရမယ်... ဒါက အရမ်းနွေးထွေးတဲ့ လုပ်ရပ်တစ်ခုပါ...】

【ဆုလာဘ် ...မွေးရာပါ ဖရိုဖရဲ နှလုံးသား (အထူး လက္ခဏာ ...ရုပ်ခန္ဓာကိုယ် သုံးထောင်ထဲမှာ နံပါတ်တစ်ဖြစ်တဲ့ မွေးရာပါ ဖရိုဖရဲ ရုပ်ခန္ဓာကိုယ်ရဲ့ တစ်ခုတည်းသော ဖရိုဖရဲ နှလုံးသား... ဒီနှလုံးသားကို ပိုင်ဆိုင်တာက အနာဂတ်မှာ မွေးရာပါ ဖရိုဖရဲ ရုပ်ခန္ဓာကိုယ်ကို နိုးထလာစေဖို့ အခွင့်အရေး တစ်ခု ရရှိစေပါတယ်)】

"ရှီး..."

စူးချန်ကဲက စနစ်၏ဆုလာဘ်ကို ကြည့်ရင်း သူ၏စိတ်နှလုံးသားထဲတွင် အသက်ရှူမမှားဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ပြီး စိတ်လှုပ်ရှားမှုလှိုင်းတစ်ခုက သူ၏စိတ်အတွင်း၌ မြင့်တက်လာခဲ့သည်။

သူ၏ နတ်ဘုရား ရုပ်ခန္ဓာကိုယ် ဆုလာဘ် ရောက်ရှိလာပြီ ဖြစ်ကြောင်း သူ တွေးတောလိုက်သည်။

ဤသည်မှာ ရုပ်ခန္ဓာကိုယ်သုံးထောင်ထဲတွင် နံပါတ်တစ်ဖြစ်သော မွေးရာပါ ဖရိုဖရဲ ရုပ်ခန္ဓာကိုယ်ပင်။

ခေတ်ကာလအဆက်ဆက်တွင် ကမ္ဘာအသင်္ချေတလျှောက် တစ်ကြိမ်တစ်ခါမှ ထွက်ပေါ်လာခဲ့ဖူးခြင်းမရှိသော မွေးရာပါ ဖရိုဖရဲ ရုပ်ခန္ဓာကိုယ် ဖြစ်သည်။

ထိုအရာ၏စွမ်းအားကမူ ပြောနေရန်ပင် မလိုတော့ချေ။

သူ၏စိတ်နှလုံးသားထဲတွင် နတ်ဘုရားရုပ်ခန္ဓာကိုယ်များနှင့် ပတ်သက်၍ ကြီးမားသော စွဲလမ်းမှုတစ်ခု ရှိခဲ့ပြီး အကြောင်းအရင်းမှာ ရိုးရှင်းသည်။ သူ၏မိဘနှစ်ပါးလုံးမှာ ခမ်းနားထည်ဝါသော နတ်ဘုရားရုပ်ခန္ဓာကိုယ် ကျင့်ကြံသူများ ဖြစ်ကြရာ ယုတ္တိရှိရှိ ပြောရလျှင် သူသည်လည်း နတ်ဘုရား ရုပ်ခန္ဓာကိုယ် တစ်ခုကို သေချာပေါက် ပိုင်ဆိုင်သင့်သည်။ သို့ရာတွင် ထူးဆန်းစွာဖြင့် သူ၏ရုပ်ခန္ဓာကိုယ်လက္ခဏာများမှာ အလွန်သာမန်ဆန်ပေ၏။ ငယ်စဉ်က သူ၏အဆောင်လက်ဖွဲ့တာအို ပါရမီသည် အံ့ဩစရာကောင်းကြောင်း တွေ့ရှိခဲ့ရသော်လည်း သူ ကြီးပြင်းလာသည်နှင့်အမျှ သူ့တွင် နတ်ဘုရား ရုပ်ခန္ဓာကိုယ် မရှိသည့် အချက်ကြောင့် ပို၍ပို၍ စိတ်အနှောင့်အယှက် ဖြစ်လာခဲ့သည်။

စူးမိသားစုတွင် ဤမျိုးဆက်၌ နတ်ဘုရား ရုပ်ခန္ဓာကိုယ်ရှိသော မွန်းစတားဆန်သည့် ပါရမီရှင် ဆယ်ယောက်မက ရှိနေသည်။ သူ၏အစ်ကိုဖြစ်သူပင်လျှင် ရုပ်ခန္ဓာကိုယ် သုံးထောင်ထဲတွင် ထိပ်ဆုံးငါးခုအနက် အပါအဝင်ဖြစ်သော ရှေးဟောင်း သူတော်စင်ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားရာ ထိုအချက်က သူ့ကို ပို၍ပင် မနာလိုဖြစ်စေခဲ့သည်။

ဤအချက်နှင့် ပတ်သက်၍ သူ့ကို မည်သူကမျှ မလှောင်ပြောင်ခဲ့ဖူးသော်လည်း သူတို့ မပြောလျှင်ပင် ထိုကဲ့သို့ မိဘများနှင့် သူ မထိုက်တန်ကြောင်း သို့မဟုတ် ယခု သူ ခံစားနေရသော အရာအားလုံးနှင့် သူ မထိုက်တန်ကြောင်း သူတို့ ခံစားနေကြရသည်ကို သူ၏နှလုံးသား နက်ရှိုင်းသောနေရာမှ သူ သိရှိခဲ့သည်၏ အချိန်ကြာလာသည်နှင့်အမျှ ဤအရာက သူ၏ အတွင်းစိတ်နတ်ဆိုးများထဲမှ တစ်ခု ဖြစ်လာခဲ့လေ၏။

နတ်ဘုရား ရုပ်ခန္ဓာကိုယ် မရှိလျှင်ပင် စူးချန်ကဲ၏ လက်ရှိစွမ်းအားနှင့် ပါရမီက လှည့်စားခြင်းဖြင့် ဤမွန်းစတားဆန်သည့် ပါရမီရှင်များကို ဖိနှိပ်နိုင်စွမ်း ရှိနေသေးသော်လည်း ဤဆုလာဘ်ကို မြင်သောအခါ သူ့တွင် ထိုကဲ့သို့ စိတ်ခံစားမှုများ ရှိနေခြင်းမှာ သာမန်ပင်။

နောက်တစ်စက္ကန့်တွင်....

စူးချန်ကဲက သူ၏စိတ်ကို ပြန်စုစည်းလိုက်ရာ တာဝန်အသိပေးချက် ပျောက်ကွယ်သွားပြီးနောက် သူက လျှိုရူယန်ကို ကြည့်ကာ ပြောလိုက်သည်။

"မဟုတ်ဘူး... ငါ သွားရမယ်..."

မည်သူကမျှ သူ့ကို မတားနိုင်ပေ။

ထိုအရာက ဖရိုဖရဲ နှလုံးသားပင်။

"..."

လျှိုရူယန်သည် အစပိုင်းတွင် ကြောင်အမ်းသွားပြီးနောက် သူမက အံ့ကြိတ်လိုက်ရာ သူမ၏ အမူအရာတွင် ဒေါသအရိပ်အယောင်တစ်ခု ရှိနေခဲ့လေသည်။

သောက်ကျိုးနည်း...

ငါ ဘာလို့ သူ့ကို မတားနိုင်ရတာလဲ...

နှစ်ဖက်ကြားက ခွန်အားကွာဟချက်ကို ရှင် မမြင်ဘူးလား...

သူတို့က စိတ်ဝိညာဉ်နယ်မြေက လာတယ်ဆိုတာကို ရှင် မသိဘူးလား...

သူတို့က ဘယ်သူတွေလဲဆိုတာကို ကျွန်မ ကိုယ်တိုင် ရှင့်ကို ပြောပြရမှာလား...

သို့ရာတွင် သူမ စကားပြောရန် ဟန်ပြင်လိုက်ချိန်မှာပင် စူးချန်ကဲက လက်ဝှေ့ယမ်းကာ သူမ၏စကားကို ကြားဖြတ်ပြောလိုက်သည်။

"မင်း... ကောင်းပြီ ကောင်းပြီလေ... မင်း ဘာပြောမလို့လဲဆိုတာကို ငါ သိပါတယ်... မပြောနဲ့တော့... ဒီမှာပဲ စောင့်နေပါ..."

တစ်ချိန်တည်းမှာပင်....

ကျန်းရွှမ်ကျိ၏ပုံရိပ်က မိုးကောင်းကင်ယံမှ ရုတ်တရက် ဆင်းသက်လာခဲ့လေသည်။ ဤအချိန်အခိုက်အတန့်တွင် သူ၏အမူအရာမှာ မယုံနိုင်လောက်အောင် လေးနက်နေပြီး ထိုသတင်းကို ရရှိထားပြီးဖြစ်ကြောင်း သိသာထင်ရှားလှသည်။

သူက မင်းသမီးဟွမ်ယွဲ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အရာအားလုံးကို နားလည်သွားခဲ့လေသည်။

ဤအရာက သူ့ကို အစကနေ ပြန်ရှင်းပြရမည့် ဒုက္ခမှ သက်သာစေခဲ့လေ၏။

ချက်ချင်းပင် သူက ရှေ့တိုးကာ စူးချန်ကဲကို ရိုသေလေးစားစွာ ဦးညွှတ်ပြီး ပြောလိုက်သည်။

"ဆရာ... ဝမ်ချီလန်စံအိမ်ကို အဲ့ဒီလူက ဖျက်ဆီးပစ်လိုက်ပြီ... စံအိမ်ထဲက လူသုံးသောင်းလုံး တစ်ယောက်မှ အသက်မရှင်ကြဘူး... အခု အဲ့ဒီလူက ငါတို့ရဲ့အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေထဲက အထီးကျန်ကောင်းကင်မြို့တော်ကို ရောက်နေပြီ..."

သူ၏အသံမှာ မကျယ်လောင်သော်လည်း လက်ရှိနေရာတွင်ရှိနေသော လူတိုင်း ရှင်းလင်းစွာ ကြားလိုက်ရသည်။

"ဘာ..."

မင်းသမီးဟွမ်ယွဲ့၏ မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားပြီး မယုံကြည်နိုင်သော အမူအရာကို ပြသလိုက်ကာ ထိုသတင်းကြောင့် ချက်ချင်းကြောင်အမ်းသွားခဲ့သည်။

နင်ဖူယောင်သာ်လည်း ကြောင်အမ်းသွားခဲ့သော်လည်း သူမက လျှင်မြန်စွာ ဒေါသထွက်လာပြီး အံ့ကြိတ်ကာ ပြောလိုက်သည်။

"အဲ့ဒီနတ်ဆိုးက အပြစ်ကင်းတဲ့သူတွေကို အဆင်အခြင်မဲ့ သတ်ဖြတ်နေတယ်... တကယ်ကို သေသင့်တယ်... သူက ဘာလုပ်ချင်နေတာလဲ..."

ထို့နောက် ကျန်းရွှမ်ကျိက တခဏကြာမျှ စဉ်းစားပြီး ပြောလိုက်၏။

"ထျန်းရွှမ်နိုင်ငံက သတင်းတွေအရ... သူက လူတစ်ယောက်ကို ရှာနေပုံရတယ်..."

သူ စကားပြောနေစဉ် ကျန်းရွှမ်ကျိက လျှိုရူယန်ကို ဇဝေဇဝါဖြစ်နေသော အမူအရာဖြင့် ကြည့်လိုက်သည်။

အကယ်၍ သတင်းသာ မှန်ကန်ပါက တစ်ဖက်လူသည် လျှိုရူယန်ကို ရှာဖွေနေသည်မှာ ဖြစ်နိုင်ချေ အများဆုံးပင်။

"အထီးကျန်ကောင်းကင် မြို့တော်..."

"အဲ့ဒါကတော်တော်လေး နီးတာပဲ..."

"ဒုက္ခ သက်သာတာပေါ့..."

စူးချန်ကဲက တီးတိုးရေရွတ်လိုက်သည်။ သူ၏ လက်ရှိ အမြန်နှုန်းဖြင့် "ခြေတစ်လှမ်းအကွာမှာပဲ ရှိနေပေမဲ့ ကောင်းကင်ရဲ့ အဆုံးသတ်အလား ဝေးကွာခြင်း" ကို အသက်သွင်းပါက သူသည် အသက်ရှူချိန် အနည်းငယ်အတွင်း ထိုနေရာသို့ ရောက်ရှိသွားပေမည်။

သူက ထိုအကြောင်းကို တွေးတောပြီး ထပ်မံ ရှင်းပြမှုများ မပေးတော့ရန် ဆုံးဖြတ်လိုက်သည်။ သူ ထိုသို့ပြုလုပ်ရန် လိုအပ်မည် မဟုတ်ပေ။

ဒီယွီတောက်ရွှမ်ဆိုတဲ့ လူကို သတ်ပြီးရင် အဆင်ပြေသွားမှာ မဟုတ်ဘူးလား...

သူသည် အစကတည်းက စကားများတတ်သော လူစားမျိုး မဟုတ်ပေ။

ကျန်းရွှမ်ကျိ၏ အကြည့်ကို လျှိုရူယန်က ချက်ချင်း သတိပြုမိလိုက်ပြီး အသက်ပြင်းပြင်း ရှူကာ အရာအားလုံးကို ဖော်ထုတ်ရန် ဆုံးဖြတ်လိုက်ပုံရသည်။ သူမ မည်သူမည်ဝါဖြစ်ကြောင်း မဖော်ထုတ်မိစေရန် ကြိုးစားရင်း စူးချန်ကဲကို အဆင်အခြင်မဲ့ မလုပ်ရန် လိမ်ညာမှုတစ်ခု ဖန်တီးကာ ပြောဆိုရပေမည်။ ထို့နောက် ထိုက်ချင်ဂိုဏ်း၏ ဘေးကင်းမှုကို သေချာစေရန် သူမသည် ထိုက်ချင်ဂိုဏ်းမှ ထွက်ခွာပြီး သူတို့ကို တခြားနေရာသို့ မျှားခေါ်သွားရပေမည်။

"တကယ်တော့..."

လျှိုရူယန်၏ စကားများ လည်ချောင်းတွင် တစ်ဆို့သွားပြီး သူမ အေးခဲတောင့်တင်းသွားခဲ့သည်။

ကျန်းရွှမ်ကျိသည် ကြက်သေသွားပြီး သူ၏ရှေ့မှ ပျောက်ကွယ်သွားသော ပုံရိပ်ကိုကြည့်ကာ ရေရွတ်လိုက်သည်။

"ဆရာ..."

မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင်...

ထိုပုံရိပ်မှာ ပျောက်ကွယ်သွားခဲ့လေပြီ။

"ဒုက္ခပါပဲ... အဲ့ဒီ ခေါင်းမာတဲ့လူ..."

"သူ့ခေါင်းက ဘာလို့ ဒီလောက်တောင် မာနေရတာလဲ..."

"ဒီဧကရီက သူ ငါ့အတွက် ဒါကို လုပ်နေတာဆိုတာ သိပေမဲ့..."

"အဲ့ဒီ တစ်ကြိမ်တုန်းက သူ ခန့်မှန်းပြီးပြီဆိုတာကို ဒီဧကရီ သိခဲ့တယ်..."

"ဒါပေမဲ့ ဒီဧကရီက ဒီကာလအတွင်းမှာ ဒီရှုပ်ထွေးမှုတွေထဲ မပါဝင်ဖို့ သူ့ကို အကြိမ်ကြိမ် အရိပ်အမြွက် ပြောခဲ့တယ်လေ... သူ ဘာလို့ နားမထောင်ရတာလဲ..."

အခန်း ၁၂၄:လီဖိုကျွင်း ... သူ အရှုံးပေးလိုက်ပြီ

လျှိုရူယန်၏အမူအရာ ချက်ချင်းဆိုသလိုပင် ပြင်းထန်စွာ ပြောင်းလဲသွားပြီး သူမ၏မျက်နှာ ဖြူရော်သွားကာ စိုးရိမ်မှုနှင့်ဒေါသ နှစ်ခုလုံးကြောင့် သူမ ပျာယာခတ်သွားခဲ့သည်။

သူမ များစွာတွေးတောနေရန် အချိန်မရှိတော့ချေ။

စူးချန်ကဲ၏ နောက်သို့လိုက်ရန် လွတ်မြောက်ခြင်းနည်းစနစ် နတ်ဘုရားစွမ်းရည်တစ်ခုကို အသုံးပြုရန် သူမ စီစဉ်လိုက်၏။ သူ သေဆုံးသွားမည်ကို တွေးမိသောအခါ အကြောက်တရား ခံစားချက်တစ်ခုက သူမ၏စိတ်နှလုံးသားထဲတွင် ပထမဆုံးအကြိမ်အဖြစ် ပေါက်ဖွားလာခဲ့သည်။

ဤအချိန်များကို အတူတကွ ဖြတ်သန်းပြီးနောက် သူမက ထိုအရာကို ဝန်မခံချင်သော်လည်း စူးချန်ကဲကို သူမ အမှန်တကယ် လက်ခံခဲ့ပြီး သူမ၏နှလုံးသားထဲတွင် သူ့ကို သဘောကျနေကြောင်း အမှန်တရားကိုလည်း လက်ခံခဲ့ပြီးဖြစ်သည်။

"ရွှီဟွာ နတ်ဘုရားအင်ပါယာ... တကယ်လို့ သူ သေသွားရင် ဒီဧကရီက နတ်ဘုရားတာအို ကျမ်းသစ္စာကို ကျိန်ဆိုပြီးတော့ နင်တို့ အင်ပါယာက လူတစ်ယောက်ကိုမှ အသက်ရှင်ရက် ချန်မထားခဲ့ဘူး..."

လျှိုရူယန်က သူမ၏စိတ်နှလုံးသားထဲတွင် ကြိမ်းဝါးလိုက်သည်။

သို့ရာတွင် သူမ မလှုပ်ရှားနိုင်မီ ကျန်းရွှမ်ကျိက သူမကို တားလိုက်၏။

"ဂျူနီယာတူမလေးမှာ လျှို့ဝှက်နည်းလမ်းတွေ ရှိပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့ကျင့်ကြံဆင့်နယ်ပယ်ကြောင့် အဟန့်အတား ဖြစ်နေတုန်းပဲ... အထီးကျန်ကောင်းကင် မြို့တော်အထိ မိုင်ပေါင်းသန်းနဲ့ချီပြီး ဝေးတယ်... အဲ့ဒါက အရမ်း နှေးလွန်းတယ်... ဘိုးဘေး ချန်ထားခဲ့တဲ့ ဟင်းလင်းပြင် ကူးပြောင်းရေး ဝင်္ကပါတစ်ခု ဂိုဏ်းထဲမှာ ရှိတယ်... အဲ့ဒါက နှစ်တစ်သောင်း သက်တမ်း ရှိနေပြီ ဖြစ်ပေမဲ့ အသုံးပြုလို့ ရသေးတယ်..."

ကျန်းရွှမ်ကျိက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။

အကယ်၍ စူးချန်ကဲသာ ဤနေရာတွင် ရှိနေသေးလျှင် သူ သေချာပေါက် စကားအနည်းငယ် ပြောပေလိမ့်မည်။

"မင်းဆီမှာ ဒီအရာ ရှိနေတာကို ဘာလို့ စောစော မပြောတာလဲ..."

လျှိုရူယန်သည် တခဏမျှ ကြောင်အမ်းသွားပြီး သူမ၏ရှေ့ရှိ အဖိုးအိုကို အနည်းငယ် မယုံနိုင်စွာဖြင့် ကြည့်လိုက်သည်။

သူ၏စကားများနှင့် သူ၏ ယခင်အကြည့်တို့မှ သူ အရာအားလုံးကို သိရှိထားကြောင်း သူမ ခန့်မှန်းနိုင်ပေ၏။

ဤကဲ့သို့ စွမ်းအားကြီးမားသည့် ရန်သူကို ရင်ဆိုင်ရချိန်တွင် သူသည် ထိုက်ချင်ဂိုဏ်းကို ထိုအရာနှင့် အ ဝေးဝေးထားသင့်သည် မဟုတ်လော...

"ဂျူနီယာ တူမလေး ... အများကြီး မတွေးပါနဲ့... ငါ့ရဲ့ထိုက်ချင်ဂိုဏ်းက အားနည်းတဲ့သူတွေ အပေါ်မှာပဲ ဓားဆွဲထုတ်မှာ မဟုတ်ဘူး... စိတ်ဝိညာဉ်နယ်မြေ ဆိုတော့ရော ဘာဖြစ်လဲ... ငါ့ရဲ့ ဂိုဏ်းကို စော်ကားတဲ့သူ ဘယ်သူမဆို ဘယ်လောက်ပဲဝေးဝေး အပြစ်ပေးခံရမယ်..."

ကျန်းရွှမ်ကျိက ပြတ်သားသော အမူအရာကို ပြသလိုက်ရာ သူ၏အသံမှာ တည်ကြည်လေးနက်နေခဲ့သည်။ ချက်ချင်းပင် သူက ထိုက်ချင်ဂိုဏ်းတစ်ခုလုံးကို သူ၏နတ်ဘုရားစိတ်အာရုံဖြင့် ဝေ့ဝိုက်လိုက်ပြီးနောက် ထပ်ဖြည့်ပြောလိုက်သည်။

"အချိန်ဆွဲနေလို့ မရတော့ဘူး... သူတော်စင်သားတော်ကို အစွမ်းထက်တဲ့ ရန်သူနဲ့ တစ်ယောက်တည်း ရင်ဆိုင်ခွင့် မပေးနိုင်ဘူး..."

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် လျှိုရူယန်က နောက်ဆုံးတွင် သူမ၏စိတ်နှလုံးသားထဲမှ ပြောလိုက်၏။

"ကျေးဇူးတင်ပါတယ်..."

"ငါလည်း လိုက်မယ်..."

နင်ဖူယောင်က စိတ်လှုပ်ရှားစွာဖြင့် အလျင်အမြန် ပြောလိုက်သည်။ မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို သူမ ကောင်းစွာနားမလည်သော်လည်း စီနီယာအစ်ကိုက ထိုနတ်ဆိုးကို သွားရှာတော့မည်ဆိုသည်အား သူမ သိထားသည်။

သူမ၏စီနီယာအစ်ကို တစ်ယောက်တည်း အန္တရာယ် ရှိနေသည်ကို သူမ မည်သို့ ကြည့်နေနိုင်မည်နည်း...

"မရဘူး..."

"မရဘူး..."

လျှိုရူယန်နှင့် ကျန်းရွှမ်ကျိတို့က တပြိုင်နက်တည်း ငြင်းဆိုလိုက်ကြသည်။

"စိတ်မပူပါနဲ့ သခင်မ... မင်းရဲ့စီနီယာအစ်ကိုက ဒီနေရာက လူနဲ့ မတူဘူး... ဒီနယ်မြေက ဘယ်သူမှ သူ့ကို မထိနိုင်ဘူးလို့ ငါ ထင်တယ်..."

အားချီကလည်း ဤအချိန်၌ ဝင်ပြောလိုက်ပြီး အသံပေးပို့ခြင်းမှတဆင့် သူမကို နှစ်သိမ့်ပေးလိုက်၏။

နင်ဖူယောင်က မည်သို့ နားထောင်မည်နည်း...

ကျန်းရွှမ်ကျိနှင့် လျှိုရူယန်တို့၏ ငြင်းဆိုမှုကို လျစ်လျူရှုကာ သူမကို သွားခွင့်မပေးလျှင် သူတို့၏ရှေ့တွင် သေပြမည်ဆိုသည့် အမူအရာမျိုး သူမထံ၌ ရှိနေခဲ့သည်။

အချိန်အကန့်အသတ်ရှိမှုကြောင့် နောက်ဆုံးတွင် သူတို့သည် နင်ဖူယောင်အပြင် လုံးဝကြောင်အမ်းနေသော မင်းသမီးဟွမ်ယွဲ့ကိုလည်း ခေါ်ဆောင်သွားကြသည်။

တစ်ချိန်တည်းမှာပင်....

ဒေါင်...

ဒေါင်...

ဒေါင်...

ထိုက်ချင်ခေါင်းလောင်းက သုံးကြိမ် မြည်ဟည်းသွားခဲ့ရာ ထိုအရာမှာ ဂိုဏ်း၏သေရေးရှင်ရေးကို ညွှန်ပြသော လက္ခဏာပင်။

ခေါင်းလောင်း၏ အသံလှိုင်းများ ရောက်ရှိသွားသော နေရာတိုင်းတွင် ဟင်းလင်းပြင်က အေးခဲတောင့်တင်းသွားခဲ့သည်။

မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် သူတို့ ဘယ်နေရာ၌ ရှိနေပါစေ ဘာလုပ်နေပါစေ ထိုက်ချင်ဂိုဏ်း တပည့်အားလုံးက သူတို့၏ စိတ်နှလုံးသားထဲတွင် ပြင်းထန်သော တုန်လှုပ်မှုကို ခံစားလိုက်ရပြီး ထိတ်လန့်တကြား မော့ကြည့်လိုက်ကြ၏။

အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေ၏ စည်ကားသော မြို့များတွင် သာမန်ဘဝများကို ဖြတ်သန်းနေပုံရသော လက်ဖက်ရည်ဆိုင်ပိုင်ရှင် အဖိုးအိုများ၊ ပေတစ်သောင်းနက်သော မြေကြောများနှင့် နှစ်တစ်ထောင် သက်တမ်းရှိ ရေခဲလှိုဏ်ဂူများတွင် သီးခြားကျင့်ကြံနေသော ပုံရိပ်များ၊ ထိုက်ချင်ဂိုဏ်း၏ အမွေအနှစ်အမှတ်အသားကို သယ်ဆောင်ထားသော နတ်ဘုရားမီးတောက်နယ်ပယ် ကျွမ်းကျင်သူများအားလုံး....

သူတို့သည် မည်မျှပင် ဝေးကွာနေပါစေ သူတို့၏ နတ်ဘုရားစိတ်ဝိညာဉ် နက်ရှိုင်းသောနေရာရှိ သူတို့၏သွေးကြောနှင့်စိတ်ဝိညာဉ်မှ ဤဆင့်ခေါ်မှုကို ရှင်းလင်းစွာ လက်ခံရရှိကြသည်။

"ဝှစ်..."

"ဝှစ်..."

"ဝှစ်..."

အိပ်မောကျနေသော မီးတောင်များအလား ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများက အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေ၏ ထောင့်တစ်နေရာတိုင်းမှ ပေါက်ကွဲထွက်လာခဲ့သည်။

လူတချို့က စျေးလမ်းကြားများမှ ထွက်လာကြပြီး သူတို့၏ပုံရိပ်များမှာ ကောင်းကင်ယံသို့ ရောက်ရှိနေလေပြီ။ တခြားသူများက သူတို့၏ သီးခြားကျင့်ကြံခြင်း လှိုဏ်ဂူများ၏ လေဟာနယ်အတားအဆီးများကို တိုက်ရိုက် ဆုတ်ဖြဲကာ နေကိုထိုးဖောက်သွားသော သက်တံ့ရှည်ကြီးများအဖြစ် ပြောင်းလဲသွားခဲ့ကြသည်။

ပုံရိပ်များအားလုံးသည် အရာအားလုံးကို ဂရုမစိုက်ဘဲ လေထုကို ထိုးဖောက်ကာ အထီးကျန်ကောင်းကင်မြို့တော်ဆီသို့ ဦးတည်သွားကြ၏။

အဓိကတောင်ထိပ်၏ ရင်ပြင်ပေါ်ရှိ တိမ်ပင်လယ်အထက်၌...

ဟင်းလင်းပြင် ကူးပြောင်းရေးဝင်္ကပါ အတွင်းတွင်...

တောင်များအလား ခမ်းနားသော ပုံရိပ်ဆယ်ခုကျော်က မားမားမတ်မတ် မတ်တတ်ရပ်နေပြီဖြစ်ပြီး သူတို့၏ဝတ်ရုံများ လူးလွန့်နေကာ ဥပဒေသစွမ်းအားများဖြင့် ဝန်းရံထားသည်။ လူတချို့တွင် ကောင်းကင်အထိ ထိုးတက်နေသော ဓားချီများရှိပြီး တချို့၏နံဘေးတွင် နေကို ဖုံးကွယ်ထားသော ပန်းရောင်တိမ်တိုက်များ သို့မဟုတ် ဝင်္ကပါပုံစံများ ဝိုးတဝါး ထွက်ပေါ်လာသည်။ သူတို့၏အရှိန်အဝါများ ချိတ်ဆက်သွားပြီး စကြဝဠာအတွင်းရှိ ကြယ်များကို ယိမ်းယိုင်သွားစေခဲ့လေ၏။

ထိုက်ချင်ဂိုဏ်း၏ တောင်ထိပ်ကိုးခုမှ တောင်ထိပ်သခင် ရှစ်ဦးလုံး ထွက်ပေါ်လာခဲ့ကြသည်။

ထိုလူများအနက် စန်းလင်းလည်း ပါဝင်သည်။

ဤအရာများအားလုံးက လျှပ်စီးလက်သကဲ့သို့ အလွန်လျှင်မြန်စွာ ဖြစ်ပျက်သွားခဲ့ခြင်းပင်။ တစ်ခါတစ်ရံတွင် အသက်ရှင်ခြင်းနှင့်သေဆုံးခြင်းတို့သည် အလွန်လျင်မြန်စွာ ရောက်ရှိလာတတ်လေသည်။

ဤအခိုက်အတန့်တွင်...

အထီးကျန်ကောင်းကင် မြို့တော်...သေသပ်လှပသော စားသောက်ဆိုင်တစ်ဆိုင်အတွင်း၌...

ကောင်းကင်ဘုံဇာတ်ကောင် သီးသန့်အခန်း နံပါတ်တစ်....

ပတ်ဝန်းကျင်အခြေအနေမှာ ခဲဆွဲထားသည့်အလား လေးလံနေသည်။

လီဖိုကျွင်းသည် ထိပ်ဆုံးတွင် ထိုင်နေပြီး အသစ်ရောက်ရှိလာသော ထောက်လှမ်းရေး ကျောက်စိမ်းစာလိပ်တစ်ခုကို ဆုပ်ကိုင်ထားလေ၏။ တစ်ချိန်က တည်ငြိမ်ပြီး သန်မာခဲ့သော သူ၏လက်များမှာ ယခုအချိန်၌ အထိန်းအကွပ်မဲ့စွာ တုန်ရီနေသည်။

သူ၏မျက်နှာ ဖြူရော်နေပြီး အေးစက်သော ချွေးစေးများက သူ၏နားထင်များမှ အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။

"ဝမ်ချီလန်စံအိမ် က ပျောက်ကွယ်သွားပြီ... လူသုံးသောင်းကျော်... ကြက်တစ်ကောင် ခွေးတစ်ကောင်တောင် မကျန်တော့ဘူး..."

"အဲ့ဒီ လူငယ်လေးက အထီးကျန်ကောင်းကင် မြို့တော်ကို ရောက်နေပြီ..."

"အဲ့ဒီကိစ္စကို သူ လှုပ်ရှားခဲ့တယ်လို့ သံသယရှိတယ်... ပိုင်တွမ့် လျှို့ဝှက်နယ်မြေမှာ မိုင်တစ်ရာ ပတ်လည်က ကျင့်ကြံသူတွေအားလုံး သေကုန်ပြီ... ငါတို့ရဲ့ကင်းထောက်တွေလည်း ပြန်မလာကြဘူး... ဒါက အလောင်းတွေကို စတွေ့တုန်းက သတင်းပဲ..."

ဤသတင်းစကားများ ဆက်တိုက်ထွက်ပေါ်လာပြီး စာကြောင်းတိုင်းက လီဖိုကျွင်း၏နှလုံးသားကို ရိုက်ခတ်နေသော လေးလံသည့် တူကြီးတစ်လက်အလားပင်။

သူက ခက်ခဲစွာ တံတွေးမျိုချလိုက်ပြီး သူ၏ လက်သီးများကို တင်းကြပ်စွာ ဆုပ်ထားရာ သူ၏လက်သည်းများက သူ၏လက်ဝါးထဲသို့ နစ်ဝင်လုနီးပါး ဖြစ်နေခဲ့သည်။

သူ၏စိတ်ဝိညာဉ် နက်ရှိုင်းသောနေရာမှ စတင်သော တုန်လှုပ်ချောက်ချားစေသည့် အကြောက်တရားကို သူ ခံစားလိုက်ရသည်။

တစ်ဖက်လူ၏စွမ်းအားက သူ၏ နားလည်နိုင်စွမ်းနယ်ပယ်ထက် လုံးဝကျော်လွန်သွားခဲ့လေပြီ။

လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့် မိုင်တစ်ရာ အတွင်းရှိ သက်ရှိများကို ဖျက်ဆီးပစ်ခြင်း....

ထိုကဲ့သို့သော တည်ရှိမှုမျိုးမှာ ပြိုင်ဘက်ကင်းလှသည်။

ထို့ပြင် ဤလူ၏လုပ်ရပ်များမှာ လုံးဝယုတ္တိမတန်ချေ။ လူသတ်ခြင်းမှာ သူ၏စိတ်ခံစားချက်အပေါ်တွင် အခြေခံပုံရသည်။ ဤခန့်မှန်း၍မရနိုင်မှုမှာ သူ အစိုးရိမ်ဆုံး အချက်ပင်။

တစ်ဖက်လူ မည်သည့်အရာကို လိုချင်နေသည်အား သူ လုံးဝ မသိခဲ့ပေ။

"ဒီသတင်းစကားတွေကို သခင်စူးဆီ တတ်နိုင်သမျှ မြန်မြန်ပို့လိုက်... ကင်းထောက်တွေအားလုံးကို စစ်ဆင်ရေးတွေ ရပ်ထားဖို့ ပြောလိုက်စမ်း... ပြီးတော့ တခြား ညီအစ်ကိုတွေကို ပြောလိုက်...တကယ်လို့ သူ့ကို တွေ့ရင် ပြေး... တတ်နိုင်သမျှ ဝေးဝေးကိုပြေး..."

လီဖိုကျွင်းက လျှင်မြန်စွာ ဆုံးဖြတ်ချက် ချလိုက်သည်။

အစီအစဉ်များ ပြုလုပ်ပြီးနောက် သူနှင့်တခြားသူများအားလုံး သီးသန့်ခန်းထဲမှ ထွက်လာခဲ့ကြသည်။

သို့ရာတွင် သူ အောက်ထပ်သို့ဆင်းပြီး စားသောက်ဆိုင်၏တံခါးခုံမှ အပြင်သို့ ခြေချတော့မည့် အချိန်လေးမှာပင် သူ၏ခြေလှမ်းများ ရုတ်တရက် တောင့်တင်းသွားပြီး သူ၏သွေးများက ထိုအချိန်အခိုက်အတန့်တွင် အေးခဲသွားသည့်အလားပင်။

ချောမောပြီး သန့်စင်ကာ နှုတ်ခမ်းပေါ်တွင် မှေးမှိန်ပြီး ညင်သာသော အပြုံးတစ်ခု ရှိနေသည့် ပုံရိပ်တစ်ခုက စားသောက်ဆိုင်အတွင်းသို့ ဖြည်းညှင်းစွာ ဝင်ရောက်လာခဲ့သည်။

ဤလူတွင် မည်သည့်အရှိန်အဝါမျှ မရှိချေ။ သူ၏နောက်တွင် လယ်သမား တစ်ဦးအလား လက်များကို အင်္ကျီလက်ထဲသို့ ထည့်ထားကာ ခေါင်းကို ရိုသေလေးစားစွာ ငုံ့ထားသော အဖိုးအိုတစ်ဦးက ထပ်ချပ်မကွာ လိုက်ပါလာခဲ့သည်။ လီဖိုကျွင်းသည် ယွမ်ရှန်းဂိုဏ်းခေါင်းဆောင်၏ မျက်နှာကို မြင်လိုက်ရသောအခါ သူသည် မိုးကြိုးပစ်ခတ်ခြင်း ခံလိုက်ရသည့်အလား ချက်ချင်းတောင့်တင်းသွားပေ၏။

ဤလူငယ်သည် သူ၏လက်ကို တစ်ချက် ဝှေ့ယမ်းရုံဖြင့် ဝမ်ချီလန်စံအိမ်ကို အပြတ်ရှင်းပစ်ခဲ့သော နတ်ဆိုးပင်။

ဤအချိန်အခိုက်အတန့်တွင်...

လီဖိုကျွင်း၏တစ်ကိုယ်လုံး သံမဏိအလား ချက်ချင်းတင်းမာသွားခဲ့သည်။

သူ၏ နားစည်များကို အူသွားစေလောက်အောင် ရူးသွပ်စွာ ခုန်ပေါက်နေသော သူ၏နှလုံးခုန်သံကိုပင် သူ ရှင်းလင်းစွာ ကြားနိုင်လေ၏။

ထို့ပြင် ပို၍မျှော်လင့်ချက်မဲ့စရာ မြင်ကွင်းတစ်ခုက သူ၏မျက်စိရှေ့၌ ထွက်ပေါ်လာခဲ့သည်။

ဤနေရာတွင် သူ ထားရှိခဲ့သော အမြွှာညီအစ်မများထဲမှ အငယ်ဖြစ်သူ ရှောင်မေ့သည် သူမ၏ရှေ့ရှိ လူငယ်လေး၏ ကြောက်မက်ဖွယ်ကောင်းမှုကို မသိနိုင်ခဲ့ချေ။ သူမက ရှေ့တိုးလာပြီး ယဥ်ကျေးစွာ အရိုအသေပေးကာ တီးတိုးပြောလိုက်သည်။

"လူငယ်သခင်လေး... တကယ့်ကို တောင်းပန်ပါတယ်... ဒါပေမဲ့ ဒီနေ့ စားသောက်ဆိုင်က ပြည့်နေပါပြီ... တကယ်လို့ ညစာ စားချင်တယ်ဆိုရင်တော့ နောက်ရက်မှပဲ လာလို့ရပါလိမ့်မယ်..."

လီဖိုကျွင်း၏ စိတ်များ 'ဝီ' ခနဲ အသံနှင့်အတူ ဗလာကျင်းသွားခဲ့လေ၏။

မည်သို့ လုပ်ရမည်နည်း...

သူ မည်သို့ လုပ်သင့်သနည်း...

ထိုသူမှာ မျက်တောင်မခတ်ဘဲ လူသတ်ပြီး သက်ရှိအားလုံးကို ပုရွက်ဆိတ်များအဖြစ် ရှုမြင်သော နတ်ဆိုးတစ်ကောင်ပင်။

နတ်ဘုရားမီးတောက်နယ်ပယ် ကျင့်ကြံသူဖြစ်သော မဟာစံအိမ်သခင်နှင့်အတူ ဝမ်ချီလန်စံအိမ်မှ အသက်သုံးသောင်းမှာ သူ၏ ဆန္ဒအရ အပြတ်ရှင်းခြင်း ခံလိုက်ရလေပြီ။

အသက်ရှင်သန်လိုသည့် ပြင်းပြသော ဆန္ဒက ရေခဲရေအလား သူ့အပေါ်သို့ သွန်းလောင်းလာပြီး သူ၏တစ်ကိုယ်လုံးကို တုန်ရီသွားစေကာ ဆဲလ်တိုင်းက အော်ဟစ်နေခဲ့သည်။

ပြေးရမည်...သူ ချက်ချင်း ပြေးရပေမည်...

သူ၏ခြေထောက်များက အထိန်းအကွပ်မဲ့စွာ တုန်ရီနေပြီး သူ၏ခန္ဓာကိုယ်ကိုပင် ထောက်မမထားနိုင်လုနီးပါး ဖြစ်နေခဲ့သည်။

သူ၏နောက်ရှိ လက်အောက်ငယ်သားများ၏မျက်နှာများ ဖြူရော်နေပြီး ဆန်ခါအလား တုန်ရီနေကာ အသံပေးပို့ခြင်းမှတစ်ဆင့် သူ့ကိုက အလျင်စလို ပြောဆိုနေကြသည်။

"တာအိုရောင်းရင်း... မြန်မြန် ပြေး..."

"ဘာကို စောင့်နေတာလဲ..."

"တကယ်လို့ ဒီနတ်ဆိုးက မပျော်မရွှင် ဖြစ်သွားရင် ငါတို့ကို ဘေးဖယ်ထားလိုက်အုံး အထီးကျန်ကောင်းကင် မြို့တော်တစ်ခုလုံး မြေပုံပေါ်ကနေ ဖျက်ပစ်ခံရနိုင်တယ်..."

သူတို့၏ လွတ်မြောက်ရန် အတွေးက ပေါင်းပင်များအလား ရူးသွပ်စွာ ကြီးထွားလာခဲ့ပေ၏။

သို့ရာတွင် လီဖိုကျွင်း နောက်သို့လှည့်ထွက်ရန် ဟန်ပြင်လိုက်ချိန်မှာပင် သူ၏အကြည့်က ရှောင်မေ့၏ အပြစ်ကင်းပြီး အနည်းငယ် စိတ်ရှုပ်ထွေးနေသော မျက်နှာလှလှလေးနှင့် ဆုံတွေ့သွားခဲ့သည်။

လီဖိုကျွင်း၏ နှလုံးသားမှာ တစ်ခုခုကြောင့် ပြင်းထန်စွာ ဆုပ်ကိုင်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

သူတို့ အတူတကွ ဖြတ်သန်းခဲ့ရသော အချိန်လေးများက သူ၏စိတ်ထဲတွင် ထိန်းချုပ်၍မရအောင် ဖြတ်သန်းသွားခဲ့သည်။

သူမတို့သည် ဆင်းရဲနွမ်းပါးသော နောက်ခံမှ လာခဲ့ကြသော်လည်း သူ့ကို သူ တစ်ချိန်မျှ မကြုံဖူးခဲ့သော နွေးထွေးမှုနှင့် အကန့်အသတ်မရှိ ရိုးသားမှုကို ပေးစွမ်းခဲ့ကြသည်။

မီးရောင်အောက်ရှိ ထိုနူးညံ့သော စကားလုံးများ၊ ထိုရီဝေနေသော မျက်လုံးများစသဖြင့် သူတို့၏ အတိတ်မှ မြင်ကွင်းများက ပြန်လည်၍ ထွက်ပေါ်လာခဲ့သည်။

ပြည့်တန်ဆာအိမ်တွင် အချစ်စစ်မရှိဟု မည်သူ ပြောခဲ့သနည်း...

သောက်ကျိုးနည်း...

သူ လီဖိုကျွင်း အရှုံးပေးလိုက်လေပြီ။

မရေမတွက်နိုင်သော အတွေးများ ရုန်းကန်မှုများက နောက်ဆုံးတွင် တိတ်ဆိတ်သော သက်ပြင်းတစ်ချက်နှင့် သူ၏ မျက်လုံးများထဲရှိ ပြတ်သားမှု အရိပ်အယောင်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ချက်ချင်းပင် သူက အသက်ပြင်းပြင်းရှိုက်ကာအကြောက်တရားအားလုံးကို သူ၏အဆုတ်ထဲရှိ နက်ရှိုင်းသောနေရာသို့ ဖိနှိပ်လိုက်သည့်အလားဖြစ်သွားပြီး အသံနက်ကြီးဖြင့် ပြောလိုက်သည်။

"မင်းတို့ အားလုံး... အရင် ပြေးကြတော့..."

တစ်ချိန်က သူသည် နှစ်တစ်သောင်းအတွင်း ရှားပါးသော မွန်းစတားဆန်သည့် ပါရမီရှင် စူးချန်ကဲကို အားကိုးခြင်းဖြင့် အေးအေးဆေးဆေး အနားယူနိုင်ပြီး တောက်ပသော အနာဂတ်တစ်ခု ရရှိနိုင်မည်ဟု သူ တွေးထင်ခဲ့သည်။

စစ်မှန်သော အကျပ်အတည်းက ဤမျှထိ လျှင်မြန်စွာ ဤမျှထိ မျှော်လင့်ချက်မဲ့စွာ ရောက်လာလိမ့်မည်ဟု သူ မည်သည့်အချိန်ကမျှ မျှော်လင့်မထားခဲ့ချေ။

အကူအညီတောင်းရန်အတွက် စူးချန်ကဲကို မေးကြည့်ခြင်းနှင့် ပတ်သက်၍မူ...

ထိုအတွေးက သူ၏စိတ်ထဲတွင် တစ်ခါမျှ ထွက်ပေါ်မလာခဲ့ချေ။

သူ၏အမြင်အရ စူးချန်ကဲ၏ပါရမီမှာ မွန်းစတားဆန်နေလျှင်ပင် အထက်ဘုံမှ ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုကို ရင်ဆိုင်ရခြင်းက ဖြစ်နိုင်ချေရှိသည်မှာ အသုံးမဝင်ခြင်းပင်။

အရေးအကြီးဆုံးအရာမှာ သူ့ထံတွင် စူးချန်ကဲကို လှုပ်ရှားခိုင်းရန် မည်သည့်အခွင့်အရေးမျိုး ရှိမည်နည်း...

အစမှအဆုံး တစ်ဖက်လူကို သူ မယ်မယ်ရရ မည်သည့်အရာမျှ ကူညီမပေးခဲ့ဖူးပေ။ ဤသို့ဖြင့် သူ ထပ်ပြီး မတုံ့ဆိုင်းတော့ဘဲ မျက်နှာလိုမျက်နှာရအပြုံးတစ်ခုကို သူ၏ မျက်နှာပေါ်တွင် အတင်းအကြပ် ဖန်တီးကာ ဤနေရာရှိ အခြေအနေကို ယခုမှ သတိထားမိသည့်အလား လှေကားပေါ်မှ အလျင်အမြန် ဆင်းလာခဲ့သည်။

သူက ရှောင်မေ့၏နံဘေးသို့ လျှင်မြန်စွာ လျှောက်လှမ်းသွားကာ တင်းမာသော မျက်နှာထားကို တမင်သက်သက် ဖန်တီးပြီး အပြစ်တင်လိုက်၏။

"ဒီအသိဉာဏ်မရှိတဲ့ ကောင်မကတော့... မင်း ဘာလို့ ပြန်မသွားတာလဲ... ဒီလေးစားရတဲ့ သခင်က မင်း လမ်းပိတ်ထားလို့ ရတဲ့ လူမျိုးလား... မင်းမှာ အကဲဖြတ်နိုင်စွမ်း မရှိဘူး..."

ရှောင်မေ့သည် အပြစ်တင်ခံရမှုကြောင့် ထိတ်လန့်သွားသော်လည်း ဉာဏ်ရည်ထက်မြက်သူ ဖြစ်သဖြင့် လီဖိုကျွင်း၏ ကြမ်းတမ်းပုံရသော်လည်း တကယ်တမ်းတွင် သတိပေးနေသော အကြည့်မှတစ်ဆင့် ချက်ချင်းနားလည်သွားခဲ့သည်။ သူမ၏မျက်နှာ အနည်းငယ် ဖြူရော်သွားပြီး သူမက အလျင်အမြန် ခေါင်းငုံ့ကာ ကြောက်ရွံ့စွာဖြင့် အကြိမ်ကြိမ် တောင်းပန်လိုက်၏။

"တောင်း... တောင်းပန်ပါတယ် သခင်... ဒီအစေခံက မသိလိုက်လို့ပါ..."

သူမ စကားပြောနေရင်း အလျင်အမြန် ဆုတ်ခွာသွားခဲ့သည်။

ထိုအချိန်ကျမှသာ လီဖိုကျွင်းက နောက်သို့လှည့်လိုက်ပြီး ယွီတောက်ရွှမ်ကို နက်နက်ရှိုင်းရှိုင်း ဦးညွှတ်လိုက်သည်။ သူသည် အလွန် နှိမ့်ချသော ကိုယ်ဟန်အနေအထားကို ယူဆောင်လိုက်ပြီး မယုံနိုင်လောက်အောင် ရိုသေလေးစားကာ မျက်နှာလိုမျက်နှာရလုပ်သော လေသံဖြင့်ပင် ပြောဆိုသည်။

"သခင်... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ... ကျွန်တော့်ရဲ့လက်အောက်ငယ်သားက စည်းကမ်းတွေကို နားမလည်ဘဲ သခင့်ကို စော်ကားမိသွားပါတယ်... သခင်လို လေးစားရတဲ့ တည်ရှိမှုကြီး ရောက်လာတာက ကျွန်တော်တို့ရဲ့နိမ့်ကျတဲ့ ဆိုင်လေးအတွက် ကြီးမားတဲ့ ဂုဏ်ယူစရာ တစ်ခုပါ... သခင့်ကို စောင့်ခိုင်းဖို့ ကျွန်တော်တို့က ဘယ်လိုလုပ်ပြီး လုပ်နိုင်မှာလဲ..."

"ဘယ်မှာ ထိုင်ချင်ပါသလဲ... အပေါ်ထပ်မှာ အကောင်းဆုံး သီးသန့်အခန်း ရှိပါတယ်....သခင့်အတွက် ကျွန်တော်က အမြဲတမ်း ဖယ်ထားပေးပါတယ်..."

ဤအချိန်အခိုက်အတန့်တွင် ယွီတောက်ရွှမ်က နောက်ဆုံးတွင် ပြုံးလိုက်ပြီး စကားပြောဆိုလာခဲ့သည်။

"မင်းကို ငါ မှတ်မိတယ်... မင်းက တော်တော်လေး ကောင်းပါတယ်... ဧကရီကို ကယ်ခဲ့တာ မင်း မလား..."

All Chapters