အခန်း (၁၂၅-၁၂၆)
Vol. 13 Ch. 125-126
အခန်း ၁၂၅ : မင်းကို ငါ အပြစ်မတင်ပါဘူး... မင်းက ယောက်ျားအပီသဆုံးပဲ...
"ဒီအချက်လေး တစ်ခုတည်းနဲ့တင် မင်းရဲ့ အရင် သေဒဏ်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပြီ... မင်းတို့အားလုံးကို ငါ သတ်မှာ မဟုတ်ဘူး..."
"ကျွန်တော်ကို မှတ်မိတယ်လား... ဧကရီဆိုတာက..."
လီဖိုကျွင်း အနည်းငယ် ကြောင်အမ်းသွားပြီး သူ၏ မျက်လုံးများတွင် လေးလံထိုင်းမှိုင်းမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
တစ်ဖက်လူ ဘာပြောနေသလဲဆိုသည်ကို သူ လုံးဝနားမလည်ခဲ့ချေ။
သို့ရာတွင် သူ၏နှလုံးခုန်နှုန်း တစ်ချက်မှားသွားခဲ့လေ၏။
ထိုစကားများအရ အစောပိုင်းက ရှောင်မေ့၏ စကား အနည်းငယ်သည် တစ်ဖက်လူကို သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒအား အမှန်တကယ် ဖြစ်ပေါ်လာစေခဲ့ကြောင်း ထင်ရှားလှသည်။ ဤလူငယ်သည် နတ်ဆိုးတစ်ကောင်ပင်။
မလှမ်းမကမ်းတွင် ယခုလေးတင် ဆုတ်ခွာသွားသော ရှောင်မေ့သည် 'သေဒဏ်' နှင့် 'မသတ်ဘူး' ကဲ့သို့ စကားလုံးများကို ကြားလိုက်ရသည်။ သူမ၏မျက်နှာ ချက်ချင်းဆိုသလိုပင် စက္ကူအလား ဖြူရော်သွားပြီး သူမ၏ နူးညံ့သော ခန္ဓာကိုယ်လေး ထိန်းချုပ်၍မရအောင် တုန်ရီလာပေ၏။ အကြောက်တရားက ရေခဲရေအလား သူမ၏တစ်ကိုယ်လုံးသို့ စိမ့်ဝင်သွားခဲ့သည်။
"ဟဲ ဟဲ..."
ယွီတောက်ရွှမ်က ခပ်အုပ်အုပ်ရယ်မောလိုက်သည်။
"ငါ မေ့သွားတယ်... အောက်တန်းစား ပုရွက်ဆိတ်တွေနဲ့ သာမန်လူတွေ ဖြစ်တဲ့ မင်းတို့က ဒီကိစ္စတွေကို ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ..."
သူ စကားပြောဆိုနေစဉ် သူ၏ပုံရိပ်က လီဖိုကျွင်းကို တန်းတန်းမတ်မတ် ဖြတ်သန်းသွားပြီး အနီးဆုံး ထိုင်ခုံကို ပေါ့ပေါ့ပါးပါး ရှာထိုင်လိုက်လေသည်။ သူ၏အနောက်ရှိ ယွမ်ရှန်းဂိုဏ်း ခေါင်းဆောင်က အလျှင်အမြန် လိုက်သွားပြီး လီဖိုကျွင်းနှင့် ရှုပ်ထွေးသော အကြည့်တစ်ခုကို ဖလှယ်လိုက်သည်။
"မင်း သူ့ကို သိလား..."
ယွီတောက်ရွှမ်က အပြုံးနှင့် မေးလိုက်သည်။
ကျန်းကျစ်ယွမ်က ခေါင်းညိတ်ပြပြီး အမှန်အတိုင်း ပြန်ဖြေလိုက်၏။
"လွန်ခဲ့တဲ့ နှစ်တွေတုန်းက ဒီလူရဲ့မိသားစုက ကျွန်တော်တို့ယွမ်ရှန်းဂိုဏ်းနဲ့ ရန်ငြိုးရှိခဲ့ဖူးတယ်... သူ့ရဲ့မျိုးနွယ်စု ဖျက်ဆီးခံရချိန်မှာ သူက သတ္တိကြောင်ပြီး သူ့ရဲ့ မျိုးနွယ်စုဝင်တွေကို ဂရုမစိုက်ဘဲ ထွက်ပြေးသွားခဲ့တယ်... နောက်ပိုင်းမှာ တိုက်ဆိုင်စွာနဲ့ လျှို့ဝှက်နယ်မြေ တစ်ခုမှာ သူ့ကို ကျွန်တော် တွေ့ခဲ့တယ်... ကျွန်တော့်ရဲ့ တိုက်ခိုက်မှုတစ်ချက်ကို ခံရပြီးနောက်မှာ သူ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်... သူ့ရဲ့ နယ်ပယ်က ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ်ကို ကျဆင်းသွားပြီးတော့ အဲ့ဒီနောက်ပိုင်းမှာ သူ့ရဲ့အထောက်အထားကို ဖုံးကွယ်ထားခဲ့တယ်..."
သူတို့ နှစ်ဦးကြားရှိ ဆက်ဆံရေးကို သူက အလွန် အတိုချုပ်၍ ရှင်းပြလိုက်သည်။
အဝေးတွင် လီဖိုကျွင်းသည် မပြောင်းလဲသော ပြုံးနေသည့် အမူအရာဖြင့် လျှောက်လှမ်းလာခဲ့ပြီး သူ၏စိတ်နှလုံးသားထဲရှိ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို အတင်းအကြပ် ဖိနှိပ်ထားခဲ့သည်။
"ပုရွက်ဆိတ်တွေတောင် ရှင်သန်ဖို့ ကြိုးစားကြတာပဲ..."
ယွီတောက်ရွှမ် က ပြုံးလိုက်ပြီးနောက် လီဖိုကျွင်းကို ကြည့်လိုက်၏။ သူ ဆက်ပြောလိုက်သော စကားများက ကျန်းကျစ်ယွမ် ၏ မျက်နှာကို သေလုမတတ် ဖြူရော်သွားစေခဲ့သည်။
"မင်း... လျှိုရူယန် ကို ဘယ်လို သိလာလဲဆိုတာ ငါ့ကို ပြောပြစမ်း... မင်း ပြောပြီးရင် မင်းအတွက် ငါ လက်စားချေပေးမယ်..."
အချိန်ကို နောက်ကြောင်းပြန်လှည့်ခြင်းက ပုံရိပ်များကို မြင်တွေ့နိုင်စေသော်လည်း ထိုအချိန်က အသေးစိတ် အချက်အလက်များနှင့် စကားပြောဆိုမှုများကို ခြေရာခံ၍ မရနိုင်ချေ။ ထိုအရာမှာ ထိုနတ်ဘုရားစွမ်းရည် အပေါ် သူ၏ ကျင့်ကြံခြင်းက လုံလောက်မှု မရှိသေးသောကြောင့်ပင်။
လျှိုရူယန်နှင့် ပတ်သက်သော ကိစ္စများကို သူ အလွန်စိတ်ဝင်စားခဲ့သည်။
ဤစကားများကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် လီဖိုကျွင်း၏မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျဥ်းမြောင်းသွားသည်။
သခင်မလေး လျှို...
ဒီနတ်ဆိုး ခေါင်းဆောင်က သခင်စူးရဲ့ ဂျူနီယာညီမလေးကို ရှာနေတာလား...
ဤအတွေး ထွက်ပေါ်လာပြီးနောက် ချမ်းစိမ့်မှုတစ်ခုက လီဖိုကျွင်း၏နှလုံးသားထဲတွင် ဖြစ်ပေါ်လာသည်။
တစ်ဖက်လူ၏ မျက်နှာပေါ်ရှိ အပြုံးကို ကြည့်ရင်း အကယ်၍ သူ ဖြေဆိုရန် ငြင်းဆိုပါက သူ၏ ကံကြမ္မာမှာ တစ်ခုတည်းသာ ရှိမည်ဖြစ်ကြောင်း လီဖိုကျွင်း ရှင်းလင်းစွာ သိလိုက်၏။ ဤသည်မှာ သေခြင်းတရားသာဖြစ်ပြီး ထွက်ပေါက်မရှိသောလမ်းပင်။
အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မျှ မထားရစ်ခဲ့သော တစ်ဖက်လူ၏ နည်းလမ်းအရ ရှောင်မေ့ အပါအဝင် သူ၏နောက်ရှိ လူတိုင်း သေရပေလိမ့်မည်။
သို့ရာတွင် အကယ်၍ အရာအားလုံးကို တစ်ဖက်လူအား သူ ပြောပြလိုက်ပါက သူ၏ ကြီးမားသော ရန်ငြိုးအတွက် လက်စားချေနိုင်မည် ဖြစ်သော်လည်း ထိုလုပ်ရပ်က သခင်မလေးလျှိုကို သေရေးရှင်ရေးချောက်ကမ်းပါးအစွန်းသို့ သေချာပေါက် တွန်းပို့မိပေလိမ့်မည်။ ထိုသို့ဆိုပါက သခင်စူး၏စရိုက်နှင့်ဆိုလျှင် သူသည် ကြီးမားသော ကပ်ဘေးတစ်ခုကို ရင်ဆိုင်ရပေလိမ့်မည်။
ဤခက်ခဲသော ဆုံးဖြတ်ချက်မှာ ယခုအချိန် လီဖိုကျွင်း၏ လက်ထဲသို့ ကျရောက်လာခဲ့လေပြီ။ စကားပြောဆိုခြင်းက သူ အသက်ရှင်နိုင်သည်ဟု ဆိုလိုသော်လည်း စူးချန်ကဲကို သူ သစ္စာဖောက်ရပေလိမ့်မည်။ သူ စကားမပြောခြင်းက သေခြင်းတရားပင်။
"ဟူး..."
လီဖိုကျွင်းက သူ၏ နှလုံးသားထဲတွင် အသက်ပြင်းပြင်း ရှိုက်လိုက်ပြီးနောက် အပြုံးတစ်ခုကို အတင်းအကြပ် ဖန်တီးကာ လက်ပူးဆုပ်ပြီး မသိချင်ယောင်ဆောင်လိုက်သည်။
"သခင် ဘာတွေပြောနေလဲဆိုတာကို ကျွန်တော် နားမလည်သေးပါဘူး... လျှိုရူယန်က ဘယ်သူလဲ... လျှိုဆန်းနျန် လို့ခေါ်တဲ့ တစ်ယောက်ကိုတော့ ကျွန်တော် သိပါတယ်..သူများ ဖြစ်နိုင်မလား..."
"ဘုန်း..."
မည်သည့် သတိပေးချက်မရှိဘဲ ယွီတောက်ရွှမ် လှုပ်ရှားမှု ပြုလုပ်သည်ကို မမြင်ရဘဲ အကြည့်တစ်ချက်တည်းသာ ကျရောက်လာခဲ့သည်။
လီဖိုကျွင်းသည် လေးလံသော တူကြီး တစ်လက်ဖြင့် ရိုက်ခတ်ခံလိုက်ရသည့်အလား ညည်းတွားလိုက်ပြီး အထိန်းအကွပ်မဲ့စွာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားကာ သူ၏နောက်ရှိ လှေကားလက်ရန်းကို ဝင်တိုက်မိသွားခဲ့သည်။
သူ၏ဒွာရခုနစ်ပေါက်မှ သွေးများ ချက်ချင်းပန်းထွက်လာပြီး သူ၏အမြင်အာရုံ မှောင်မိုက်သွားကာ သူ၏အတွင်းကလီစာများ ရွေ့သွားသည့်အလား ခံစားလိုက်ရသည်။
စားသောက်ဆိုင်တစ်ခုလုံး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွားလေ၏။ လူတိုင်းသည် ဤမမြင်နိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားကြောင့် တုန်လှုပ်သွားကြပြီး လှုပ်ရှား၍ မရနိုင်ဘဲ အသက်ရှူရန်ပင် မေ့လျော့သွားခဲ့ကြသည်။
"သခင်ကြီး..."
ရှောင်မေ့က အော်ဟစ်လိုက်ကာ သူမ၏ မျက်လုံးများ ချက်ချင်းနီရဲသွားသည်။ သူမသည် အကြောက်တရားကို ဂရုမစိုက်တော့ဘဲ ယိမ်းယိုင်နေသော လီဖိုကျွင်းကို ထိန်းကူရန် သူမက ရှေ့သို့ ပြေးသွားလိုက်သည်။ ထို့နောက် သူမက ခေါင်းမော့ကာ ယွီတောက်ရွှမ်ကို မျက်ရည်များ၊ အမုန်းတရားများ ပြည့်နှက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်ရင်း သူမ၏ အောက်နှုတ်ခမ်းကို ကိုက်ထားခဲ့လေ၏။
"ဒီနေ့ ပုရွက်ဆိတ်တချို့ကို ပိုသတ်မိသွားလို့ ငါ နည်းနည်းပျင်းလာပြီ..."
ယွီတောက်ရွှမ်၏လေသံမှာ ကျောက်စိမ်းအလား နူးညံ့နေဆဲဖြစ်ပြီး သူ၏မျက်နှာပေါ်ရှိ အပြုံးမှာ အနည်းငယ်မျှ လျော့ကျသွားခြင်း မရှိဘဲ သူက ဂရုမစိုက်စွာ ဆက်ပြောလိုက်သည်။
"ဒါကြောင့်... မင်းကို ငါ နောက်ဆုံး အခွင့်အရေး တစ်ခု ပေးမယ်... ပြောစမ်းပါ..."
ဤပေါ့ပါးသော စကားများက လူတိုင်း၏ နှလုံးသားထဲတွင် မြည်ဟည်းနေသော နောက်ဆုံး အသုဘ ခေါင်းလောင်းသံအလားပင်။
လီဖိုကျွင်း၏နောက်ရှိ လက်အောက်ငယ်သားများသည် သူတို့၏နှလုံးသားများ အောက်ခြေအထိ ထိုးကျသွားသည်ကို ခံစားလိုက်ကြရသည်။ သူတို့က အချင်းချင်း ကြည့်လိုက်ကြပြီး တစ်ယောက်၏ မျက်လုံးများထဲရှိ ပြတ်သားမှုကို ကျန်တစ်ယောက်က မြင်တွေ့မိသည်။
သူတို့က လက်သီးများကို တိတ်တဆိတ် ဆုပ်လိုက်ရာ သူတို့၏သွေးချီများ အဆင်အခြင်မဲ့ စတင်၍ လည်ပတ်လာပေ၏။ သူတို့သည် ပြင်းထန်စွာ တိုက်ပွဲဝင်ရန်နှင့် သူရဲကောင်းဆန်ဆန် သေဆုံးရန် ပြင်ဆင်ထားပြီးဖြစ်သည်။
"အဟွတ်... အဟွတ် အဟွတ်..."
လီဖိုကျွင်း က မတ်မတ် ရပ်နိုင်ရန် ရုန်းကန်နေရပြီး သွေးစွန်းကာ ရုပ်ဆိုးသော အပြုံးတစ်ခုကို ပြသလိုက်သည်။ သူက သူ၏နံဘေးရှိ မျက်ရည်ဝဲနေသော ရှောင်မေ့ကို အလွန် ညင်သာစွာ ကြည့်လိုက်ပြီး တီးတိုးပြောလိုက်သည်။
"တောင်းပန်ပါတယ်... မင်းတို့ ညီအစ်မနှစ်ယောက်ကို ငါနဲ့အတူ လိုက်လာပြီး အခုကစပြီး ဘဝကို ကောင်းကောင်းဖြတ်သန်းစေချင်ခဲ့တာ... ရက်နည်းနည်းလောက် တည်ငြိမ်ပြီးတဲ့နောက်မှာ သေခြင်းတရား လမ်းကြောင်းပေါ်ကို မင်းတို့ကို ငါ ဆွဲခေါ်သွားရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး... ငါ့ကို အပြစ်မတင်ပါနဲ့... ငါ ပြောလို့ မရဘူး... ယောက်ျား တစ်ယောက်က သစ္စာရှိရမယ်လေ..."
"ဝူး ဝူး ဝူး... ကျွန်မတို့ သခင်ကို အပြစ်မတင်ပါဘူး... ကျွန်မ ရှင့်ကို အပြစ်မတင်ပါဘူး... ရှင်က ယောက်ျားအပီသဆုံးပါပဲ..."
ရှောင်မေ့က ခေါင်းကို အကြိမ်ကြိမ် ခါယမ်းလိုက်ရာ သူမ၏မျက်ရည်များက ပြတ်ကျသွားသော ပုလဲလုံးများအလား ကျဆင်းလာခဲ့သော်လည်း သူမက သူ၏လက်မောင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး သူမ၏ရွေးချယ်မှုကို ပြသနေခဲ့သည်။
လီဖိုကျွင်းက သူမ၏ခေါင်းကို ပုတ်ပေးလိုက်ပြီးနောက် ယွီတောက်ရွှမ်ကို လှောင်ပြောင်သော အမူအရာဖြင့် ကြည့်လိုက်၏။
"လောကကြီးမှာ မြင့်မြတ်အရှင်ပန်ယွဲ့ အနေနဲ့ ငါ့ရဲ့ဂုဏ်သတင်းက မကောင်းပေမဲ့ ငါက စည်းကမ်းရှိတဲ့ လူတစ်ယောက်အဖြစ်လည်း လူသိများတယ်... ပြောရမယ် ဟုတ်လား... မင်းအမေကို သွားပြောလိုက်... မင်းက ဒီ 'ပုရွက်ဆိတ်' ဟို 'ပုရွက်ဆိတ်' နဲ့ လျှောက်ပြောနေတာပဲ... မင်းက စိတ်ဝိညာဉ်နယ်မြေက လူတွေရဲ့ အနင်းခံရတာ အရမ်းကြာနေလို့ မင်းရဲ့တည်ရှိမှု ခံစားချက်ကို ရှာဖို့ ဒီအောက်ကို ပြေးဆင်းလာတာလား..."
"ဒီမိုက်မဲတဲ့ သောက်ကောင်စုတ်ကတော့..."
သေရန် ဆုံးဖြတ်ပြီးပြီဖြစ်ရာ သူက ဟန်ဆောင်ခြင်းကို ရပ်လိုက်ပြီး စတင်ကျိန်ဆဲလိုက်တော့သည်။ သူက စိတ်မွန်းကြပ်စွာဖြင့် သေ၍မရပေ။
သူ၏စကားများက ထိုနေရာရှိ လူတိုင်းကို ကြောင်အမ်းသွားစေခဲ့လေသည်။ ကျန်းကျစ်ယွမ်က လီဖိုကျွင်းကို အံ့အားသင့်စွာ ကြည့်လိုက်၏။ ထိုစကားက သတ္တိကြောင်သော လူတစ်ယောက် ပြောနိုင်သည့် စကားမျိုးလော။
ထိုလုပ်ရပ်က သေလမ်းရှာနေခြင်း ဖြစ်သည်မှာ သေချာပေါက်ပင်။ တစ်ဖက်လူက ဘာလုပ်မည်ဆိုသည်ကို သူ မကြောက်သလော။
အို... ဟုတ်သားပဲ...
သူတို့ သတင်းရထားလောက်ပေသည်။ ဤလူငယ်သခင်လေး၏ အလုပ်လုပ်ပုံအရ သူ ဤစကားများကို မပြောလျှင်တောင်မှ အသက်ရှင်ကျန်ရစ်သူ ရှိမည် မဟုတ်ပေ။
အချိန်များ နှေးကွေးသွားပုံရလေ၏။ လူတိုင်း တိတ်ဆိတ်နေပြီး စကားမပြောနိုင်သော အခြေအနေပင်။ လူအများ၏ မြန်ဆန်သော အသက်ရှူသံများကိုပင် ကြားနိုင်သည်။
ဤစကားကို ပြောဆိုပြီးနောက် လီဖိုကျွင်းသည် ရှောင်မေ့ကို သူ၏ရင်ခွင်ထဲတွင် တင်းကြပ်စွာ ဖက်ထားပြီး သူ့ကိုယ်ကို ဖောက်ခွဲရန် ပြင်ဆင်နေလေပြီ။
သို့ရာတွင် ဤအချိန်အခိုက်အတန့်တွင် ခပ်အုပ်အုပ်ရယ်မောသံတစ်သံက အမှန်တကယ်ပင် ထွက်ပေါ်လာခဲ့သည်။
"ဟဲ ဟဲ..."
ထိုအသံက လူတိုင်း၏အာရုံစိုက်မှုကို ချက်ချင်း ဆွဲဆောင်သွားခဲ့သည်။
သို့ရာတွင် လီဖိုကျွင်း၏အကြည့်က ရွေ့လျားမသွားခဲ့ချေ။ သူက ယွီတောက်ရွှမ်ကို ဆက်ကြည့်နေခဲ့သည်။ သို့ရာတွင် အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှ သူ၏ရှေ့ရှိ လူငယ်လေးမှာ မည်သည့် လှုပ်ရှားမှုမျှ မလုပ်ကြောင်း သူ တွေ့ရှိခဲ့ရလေ၏။ ယွီတောက်ရွှမ်၏ အကြည့်မှာလည်း သူ၏နောက်ရှိ နေရာအပေါ်တွင် အာရုံစိုက်ထားကြောင်း သူ တွေ့ရှိခဲ့ရသည်။
ဤအရာက လီဖိုကျွင်းကို အနည်းငယ် စိတ်ရှုပ်ထွေးသွားစေခဲ့ပြီး မြေပြင်ပေါ်တွင် ဒူးထောက်ကျသွားသော ဘုန်းဘုန်းဟူသော အသံများ သူ၏နောက်မှ စတင်ထွက်ပေါ်လာချိန်မှသာ သူက လှည့်ကြည့်လိုက်သည်။
လှေကားထောင့်ရှိ မှောင်ရိပ်ထဲတွင် အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုကမည်သည့်အချိန်ကမှန်းမသိ ရောက်လာပြီး အေးအေးဆေးဆေး ထိုင်နေသည်ကို သူ မြင်လိုက်ရသည်။
သူက လူအုပ်ကြီးကို ကျောခိုင်းထားပြီး ပြတင်းပေါက်ကို ပျင်းရိစွာ မှီနေကာ တစ်နေရာရာမှ သူ ယူလာသော အစိမ်းရောင် ကျောက်စိမ်း ဝိုင်ခွက်တစ်ခွက်ကို ဆော့ကစားနေသည်။ သူသည် ပြတင်းပေါက်အပြင်ဘက်ရှိ လမ်းမြင်ကွင်းကို သဘောကျနေသည့်အလား ဤအခိုက်အတန့်တွင် ဖြစ်ပေါ်နေသော တင်းမာသည့် သေရေးရှင်ရေးအခြေအနေကို လုံးဝဂရုမစိုက်ချေ။
သူ၏ရှေ့တွင် သူတို့၏အသက်အတွက် တိုက်ပွဲဝင်ရန် ပြင်ဆင်နေဆဲဖြစ်သော ထိုပုံရိပ်များ အားလုံး မြေပြင်ပေါ်တွင် ဒူးထောက်နေကြသည်။ ထိုခပ်အုပ်အုပ်ရယ်မောသံက သူ၏ ပါးစပ်မှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိသာထင်ရှားလှသည်။
လီဖိုကျွင်းက ခေါင်းကို ရုတ်တရက် မော့ကြည့်လိုက်ပြီး ထိုကျောပြင်၏ အကြမ်းဖျင်းပုံစံကို မြင်လိုက်ရသောအခါ သူ၏မျက်လုံးသူငယ်အိမ်များ ပြင်းထန်စွာ တုန်ရီသွား သူ၏ မျက်လုံးများကို မယုံနိုင်လောက်အောင် ဖြစ်သွားခဲ့သည်။
အခန်း ၁၂၆ :လက်ဝါးတစ်ချက်တည်းနဲ့ အပြတ်ရှင်းတာလား..
သခင် စူး... သခင် စူး...
သူ ဘယ်တုန်းက ရောက်လာတာလဲ...
ဘုန်းခနဲ အသံနှင့်အတူ...
"သခင် စူး..."
လီဖိုကျွင်းက စိတ်လှုပ်ရှားစွာ ရိုသေလေးစားစွာဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်ရက်သား ကျသွားပြီး ရှောင်မေ့ကိုလည်း ဒူးထောက်ရန် ခေါ်ဆောင်သွားခဲ့သည်။
သူ မည်သည်ကြောင့် ဤမျှထိ စိတ်လှုပ်ရှားနေရသည်ကို သူ မသိခဲ့ချေ။
စူးချန်ကဲ ထွက်ပေါ်လာလျှင်ပင် အချည်းနှီးဖြစ်မည်ဖြစ်ပြီး သူတို့ ဤနေရာတွင် သင်္ဂြိုဟ်ခံရနိုင်သည်ဟု အစောပိုင်းက သူ တွေးတောနေခဲ့သည်။
သို့ရာတွင် ဘာကြောင့်မှန်းမသိ တစ်ဖက်လူကို မြင်ပြီးနောက်တွင် သူသည် ရှင်းပြ၍မရနိုင်သော ယခင်က မရှိဖူးသည့် ယုံကြည်ချက် တစ်ခုကို ခံစားလိုက်ရသည်။
ရှောင်မေ့သည်လည်း ထပ်တူစိတ်လှုပ်ရှားနေခဲ့လေ၏။ သူမ၏သခင်က ပုဂ္ဂိုလ်ကြီးတစ်ဦးအတွက် အလုပ်လုပ်နေကြောင်း သူမ အမြဲတမ်း သိခဲ့သော်လည်း သူ့ကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။ ဉာဏ်ရည်ထက်မြက်သူ ဖြစ်သဖြင့် သူမ မမေးခဲ့ဘဲ ယခုအချိန်၌ သူ့ကို မြင်လိုက်ရသောအခါ သူမ၏မျက်လုံးများတွင် သိချင်စိတ် အများအပြား ထင်ဟပ်နေသည်။ ဤသည်မှာ သူမတို့ ကျရောက်နေသော သေရေးရှင်ရေး အကျပ်အတည်းကို မေ့သွားသည့်အလားပင်။
"ဒူးမထောက်နဲ့... အရင်သွားပြီး ကုသလိုက်အုံး..."
ကုသရန်အတွက် ကောင်းကင်အဆင့်မြင့် ဆေးလုံးတစ်လုံးက လီဖိုကျွင်း၏ရှေ့တွင် လွင့်မျောလာခဲ့ပြီး လက်ဖက်ရည်တာအို ပြီးပြည့်စုံခြင်း၏ တာအိုစည်းချက် ဖြာထွက်နေသော စိတ်ဝိညာဉ်လက်ဖက်ရည် အိုးတစ်အိုးလည်း အတူကပ်ပါလာသည်။
"ဒါက..."
လီဖိုကျွင်းသည် သူ၏ရှေ့ရှိ ပစ္စည်းများကို မြင်သောအခါ တခဏမျှ ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့လေ၏။
ဤအချိန်အခိုက်အတန့်တွင် စူးချန်ကဲက ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်ရာ သူ၏ ညင်သာသော အကြည့်က လီဖိုကျွင်းအပေါ်သို့ ကျရောက်သွားခဲ့သည်။
အမှန်အားဖြင့် သူသည် ဤနေရာတွင် အချိန်အတော်ကြာ ရှိနေခဲ့ပြီး လီဖိုကျွင်းအပေါ် ယွီတောက်ရွှမ်၏မေးခွန်းကို တိုက်ဆိုင်စွာ ကြားခဲ့ရသည်။ ထိုကြောင့် လီဖိုကျွင်း မည်သို့ တုံ့ပြန်မည်ကို သူ သိချင်သွားခဲ့သည်။
တစ်ဖက်လူသည် သူ၏နောက်သို့ လိုက်ရန် သူ တွန့်ဆုတ်စွာ သဘောတူခဲ့သော်လည်း လီဖိုကျွင်းသည် သူ၏မွန်းစတားဆန်သည့် ပါရမီကြောင့်သာ သူ့ကို မှီခိုနေခြင်းဖြစ်ကြောင်း သူ အမြဲတစေ သိထားခဲ့သည်။ ထိုကြောင့် စူးချန်ကဲသည် သူ့ကို ပြုစုပျိုးထောင်ပေးရမည့် လက်အောက်ငယ်သားတစ်ဦးအဖြစ် အမှန်တကယ် မှတ်ယူထားခဲ့ခြင်း မရှိချေ။
သို့ရာတွင် ယခုအချိန်၌...
စူးချန်ကဲက လီဖိုကျွင်းကို အမှန်တကယ်ပင် သဘောကျသွားခဲ့သည်။ သူ၏အမျိုးသမီးနှင့်အတူသေရမည်ဆိုလျှင်ပင် လီဖိုကျွင်းက သူ့ကို သစ္စာဖောက်မည် မဟုတ်ချေ။ ထိုအချက်က ကောင်းမွန်ပေ၏။ သူ၏အခြေခံအုတ်မြစ်သည် အနည်းငယ် အားနည်းသော်လည်း သူ လုံးဝအသုံးမဝင်သည်တော့ မဟုတ်ပေ။
သို့ရာတွင် လီဖိုကျွင်းသည် ဆေးလုံးကို ချက်ချင်းမယူဘဲ စူးချန်ကဲကို အဓိပ္ပာယ်ပါသော အကြည့်များဖြင့်ဆက်ကြည့်နေခဲ့သည်။
သခင်...
အဲ့ဒီ နတ်ဆိုး ခေါင်းဆောင်က ဒီမှာ ရှိနေတုန်းပဲ...
ဤအခိုက်အတန့်တွင် ရယ်မောသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"ဟားဟားဟား..."
"စိတ်ဝင်စားစရာပဲ... စိတ်ဝင်စားစရာပဲ..."
"အရမ်းကြာနေပြီ... အောက်ဘုံက ပုရွက်ဆိတ်တစ်ကောင်ရဲ့ လျစ်လျူရှုတာကို ခံရတာ ဒါ ပထမဆုံးအကြိမ်ပဲ..."
ယွီတောက်ရွှမ်၏ မျက်နှာပေါ်ရှိ အပြုံး လုံးဝ ပျောက်ကွယ်သွားပြီး ရှားပါးသော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒ လှိုင်းတံပိုးနှင့် မြင့်မြတ်သူတစ်ဦး၏ အထင်သေးသော အရှိန်အဝါတို့က သူ၏ မျက်ခုံးနှစ်ခုကြားမှ ထွက်ပေါ်လာခဲ့သည်။ သူ အောက်ဘုံသို့ ရောက်ကတည်းက တစ်စုံတစ်ယောက်က သူ့ကို တည့်တည့်မကြည့်ဘဲ နေခြင်းက ဤသည်မှာ ပထမဆုံးအကြိမ်ပင်။
ဤသို့ လုံးဝလျစ်လျူရှုခံရသည့် ခံစားချက်က သူ့ကို အရှက်ရစေခဲ့သည်။
အရေးအကြီးဆုံးအရာမှာ တစ်ဖက်လူထံမှ သူနှင့်တူညီသော နတ်ဘုရားမီးတောက်နယ်ပယ် အလယ်အလတ်အဆင့် အရှိန်အဝါကို သူ အာရုံခံမိလိုက်ခြင်းပင်။
အောက်ဘုံက ပုရွက်ဆိတ်တွေထဲမှာ သူနှင့်ယှဉ်နိုင်သော ကျင့်ကြံခြင်းပါရမီရှိသော လူငယ်တစ်ယောက် ရှိနေသည်ကို သူ မယုံကြည်နိုင်ပေ။ ထို့ပြင် အဓိကအချက်က တစ်ဖက်လူသည် သူ့ထက် ပို၍ငယ်ရွယ်နေခြင်းပင်။
ဒါက လက်ခံလို့ မရဘူး...
"မင်းက ငါတို့ ဧကရီရဲ့ စီနီယာအစ်ကို စူးချန်ကဲ မလား... ဘယ်လောက်တောင် စိတ်ဝင်စားဖို့ ကောင်းလဲ... အခု ဒူးထောက်လိုက်..."
နောက်တစ်စက္ကန့်တွင်...
"အရှင်... သတိထားပါ..."
အရိပ်တစ်ခုအလား တိတ်ဆိတ်နေခဲ့သော ခါးကုန်းနေသည့် အဖိုးအို၏ အမူအရာ ရုတ်တရက် ပြင်းထန်စွာ ပြောင်းလဲသွားပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်၏။
သူ၏ ခြောက်ကပ်နေသော လက်များမှ ကြောက်မက်ဖွယ်ကောင်းသော တာအို ဥပဒေသများ ချက်ချင်းပေါက်ကွဲထွက်လာသည်။ ထို့နောက် သူ့ထံမှ သူတော်စင်နယ်ပယ် အလယ်အလတ်အဆင့်၏ ကြောက်မက်ဖွယ်ကောင်းသော ဖိအားက မီးတောင်ပေါက်ကွဲမှုအလား ပေါက်ကွဲထွက်လာကာ ကြားဖြတ် ဟန့်တားရန် ကြိုးစားလိုက်သည်။
သို့ရာတွင် နောက်ဆုံးတွင် သူ ခြေတစ်လှမ်း နောက်ကျသွားခဲ့သည်။
ဤသည်မှာ သူ၏လှုပ်ရှားမှုများ နှေးကွေးနေခြင်း မဟုတ်ဘဲ သူ ထိုအတွေးကို ရရှိလိုက်သည့် အခိုက်အတန့်တွင် အလွန်နက်နဲသိမ်မွေ့ပြီး ဖော်ပြ၍မရနိုင်လောက်သော မမြင်နိုင်သော စွမ်းအားတစ်ခုက သူ၏နံဘေးပတ်လည်ရှိ ဧရိယာငယ်လေးကို လွှမ်းခြုံသွားခဲ့လေပြီ။
သူသည် စေးကပ်နေသော ရှေးဟောင်းပယင်း တစ်ခုထဲသို့ ကျရောက်သွားသည့်အလား ခံစားလိုက်ရပြီး သူ၏နံဘေးပတ်လည်ရှိ အချိန်ကုန်ဆုံးမှုမှာ ထူးထူးခြားခြား နှေးကွေးပြီး ရပ်တန့်သွားပေ၏။
"အချိန်ရဲ့ စွမ်းအား... အောက်ဘုံက ဘယ်သူကများ အချိန်ဥပဒေသကို ထိတွေ့နိုင်မှာလဲ..."
အဖိုးအို၏နှလုံးသားသည် လှိုင်းထန်နေသော လှိုင်းလုံးများဖြင့် တုန်ခါသွားပြီး သူ၏မျက်လုံးများတွင် မယုံနိုင်လောက်အောင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ထို့ပြင် ဤအချိနိအခိုက်အတန့်တွင် ပြင်းထန်စွာ ရိုက်ခတ်ခံရသော ယွီတောက်ရွှမ်၏မျက်လုံးသူငယ်အိမ်များမှာ အပ်တစ်ချောင်းစာ အရွယ်အစားအထိ ရုတ်တရက် ကျုံ့ဝင်သွာသည်။
သူ၏ဘဝတွင် တစ်ကြိမ်မှ မကြုံဖူးသော ကြောက်မက်ဖွယ်ကောင်းပြီး သေစေနိုင်သည့် အကျပ်အတည်း ခံစားချက်တစ်ခုက ရေခဲရေအလား သူ့အပေါ်သို့ သွန်းလောင်းလာပြီး သူ၏ အတွေးများအားလုံးကို ချက်ချင်းနစ်မြုပ်သွားစေခဲ့သည်။
သူ ပြောမည့် စကားများဖြစ်သော "အောက်ဘုံက မင်းရဲ့ ကျိုးပဲ့နေတဲ့ နတ်ဘုရားမီးတောက်နယ်ပယ် ကျင့်ကြံဆင့်နဲ့ ငါ့ကို တိုက်ခိုက်ရဲတာလား" ဆိုသည့် စကားပင် ထွက်မလာသေးချေ။
မဟာတာအိုများ အားလုံးကို ခြေမွှနိုင်ပြီး ကောင်းကင်ဘုံများ အားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိပုံရသော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားတစ်ခုကို သယ်ဆောင်ထားသည့် စူးချန်ကဲ၏ ပေါ့ပေါ့ပါးပါး မြှောက်လိုက်သော လက်ဝါးက သူ၏အမြင်အာရုံအောက်တွင် လျင်မြန်စွာ ကြီးထွားလာသည်ကိုသာ သူ ကြည့်နေနိုင်ခဲ့သည်။
ဘုန်း...
ဗုံတီးလိုက်သည့်အလား ခပ်အုပ်အုပ်မြည်သံတစ်သံက အရိုးများ ကျိုးပဲ့သွားသည့် ရှင်းလင်းသော အသံနှင့်အတူ တိတ်ဆိတ်နေသော စားသောက်ဆိုင်အတွင်း၌ ပေါက်ကွဲသွားခဲ့သည်။
စူးချန်ကဲ၏ ပေါ့ပေါ့ပါးပါးဟု ထင်ရသော လက်ဝါးရိုက်ချက်က ယွီတောက်ရွှမ်၏အလွန် ချောမောသော မျက်နှာပေါ်ရှိ ဘယ်ဘက်ပါးပြင်ပေါ်သို့ တန်းတန်းမတ်မတ် ကျရောက်သွားခဲ့သည်။
မျက်စိကျိန်းလောက်အောင် တောက်ပသော အလင်းရောင်များ မရှိသလို ရှုပ်ထွေးသော လှုပ်ရှားမှုများလည်း မရှိဘဲ အသန့်စင်ဆုံးနှင့် အလွှမ်းမိုးနိုင်ဆုံး စွမ်းအားသာ ရှိသည်။
ဂျွတ်...
ယွီတောက်ရွှမ်၏ ဘယ်ဘက်ပါးရိုး ချက်ချင်း ချိုင့်ဝင်သွားပြီး သူ၏မျက်နှာတစ်ခုလုံး တွန့်လိမ်ကာ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားလေ၏။
သူ၏ပါးစပ်ရှိ သွားများက လတ်လတ်ဆတ်ဆတ်သွေးများနှင့် ရောနှောနေကာ ကျိုးပဲ့နေသော ပုလဲလုံးများအလား လွင့်ထွက်လာခဲ့သည်။
သူ ကိုယ်တိုင်လည်း အစွမ်းကုန် ကန်ခံလိုက်ရသော စုတ်ပြတ်နေသည့် အရုပ်တစ်ရုပ်အလား မြေပြင်မှ နောက်သို့လွင့်ထွက်သွားသည်။ သူသည် လုံးဝခုခံနိုင်စွမ်း မရှိဘဲ စားသောက်ဆိုင်၏ ထူထပ်သောနံရံကို ဖောက်ထွက်သွားကာ ကောင်းကင်ယံအပြည့် ဖုန်မှုန့်များနှင့် အပျက်အစီးများကို တလိမ့်လိမ့်ထစေပြီး အမည်မသိနေရာတစ်ခုသို့ တိုးဝက်ပျောက်ကွယ်သွားခဲ့သည်။
တစ်ကြိမ်တည်းသော ထိပ်တိုက်တွေ့ဆုံမှုမှာပင်...
နတ်ဘုရားမီးတောက်နယ်ပယ် အလယ်အလတ်အဆင့်၌ ရှိနေသော စိတ်ဝိညာဉ်နယ်မြေက ရှေးဟောင်းနတ်ဘုရားအင်ပါယာ၏ ပါရမီရှင် ယွီတောက်ရွှမ်သည် စူးချန်ကဲ၏ပါးရိုက်မှုကြောင့် သတိလစ်သွားပြီး သူ သေသည် ရှင်သည်ကိုပင် မသိရချေ။
လက်ဝါးတစ်ချက်တည်းနဲ့ အပြတ်ရှင်းတာလား...
"အရှင်..."
ခါးကုန်းနေသော အဖိုးအို၏ မျက်လုံးများ သွေးရောင်လွှမ်းနေပြီး အံ့အားသင့်မှုနှင့် ဒေါသတို့ဖြင့် ပြည့်နှက်နေခဲ့သည်။ သူက ကျန်ရှိနေသော အချိန်ကန့်သတ်ချက်မှ အတင်းအကြပ် ရုန်းထွက်လိုက်ပြီး သူ၏အကန့်အသတ်မဲ့သူတော်စင်နယ်ပယ် အလယ်အလတ်အဆင့် ကျင့်ကြံခြင်းစွမ်းအားက ခြွင်းချက်မရှိ ပေါက်ကွဲထွက်လာခဲ့သည်။
စားသောက်ဆိုင်တစ်ဆိုင်လုံး ဤကြောက်မက်ဖွယ်ကောင်းသော ဖိအားအောက်တွင် ချက်ချင်းကြေမွှပျက်စီးသွားခဲ့သည်။
သို့ရာတွင် ထိုနေရာရှိ လူများသည် ဖိအားအောက်တွင် သေဆုံးမသွားခဲ့ဘဲ ထိုအစား သူတို့သည် နက်နဲသိမ်မွေ့သော မဟာသန့်စင်မှု စွမ်းအားဖြင့် ကာကွယ်ခြင်း ခံလိုက်ရသည်။ လီဖိုကျွင်း၏ရှေ့တွင် ဖော်ပြ၍မရနိုင်သော တာအိုစည်းချက်များ ဖြာထွက်နေသည့် ရွှမ်ချင် အဆောင်လက်ဖွဲ့တစ်ခု ရှိနေသည်။
"မင်းက သေချင်နေတာပဲ..."
အဖိုးအိုက ဟိန်းဟောက်လိုက်ပြီး သူ၏ခြောက်ကပ်နေသော လက်ဝါးကို ဆန့်ထုတ်လိုက်ရာ ထိုအရာက ကြယ်များကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသော ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါကို သယ်ဆောင်ထားသည်။ ထိုအရာသည် ကောင်းကင်ကို ဖုံးကွယ်ထားသော ကြီးမားသည့် ဥပဒေသစွမ်းအား လက်ဝါးပုံရိပ်ယောင်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားပြီး စူးချန်ကဲဆီသို့ ရိုက်ချလိုက်၏။
ဒေါသတကြီး ရိုက်ချလိုက်သော ဤလက်ဝါးက မိုင်တစ်ထောင်ရှိ မြေပြင်ကို ပြန့်ပြူးသွားစေရန် လုံလောက်သည်။
သူတော်စင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးထံမှ ဤဒေါသတကြီး တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် စူးချန်ကဲ၏မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသော်လည်း သူက မည်သည့် အကြောက်တရားမျှ မပြသခဲ့ချေ။
"ဝေါင်း..."
မူလဘူတ ရှေးဟောင်းခေတ်က လာသည့်အလား နဂါးဟိန်းသံတစ်သံက သူ၏ခန္ဓာကိုယ်အတွင်းမှ ပဲ့တင်ထပ်လာခဲ့သည်။
မျက်စိကျိန်းလောက်အောင် တောက်ပသော ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ရှေးဟောင်းမှော်စာလုံးများဖြင့် ရစ်ပတ်နေသော အထွတ်အထိပ် အရိုးပုံစံတစ်ခုက သူ၏ ရင်ဘတ်ပေါ်တွင် ထွက်ပေါ်လာကာ သက်ရှိအားလုံးကို ကျော်လွန်သော အမြင့်မြတ်ဆုံး ခမ်းနားမှုများ ဖြာထွက်နေသည်။
တစ်ချိန်တည်းမှာပင် မှော်စာလုံးများက သူ၏ မျက်လုံးများတွင် စီးဆင်းသွားပြီး ထင်ယောင်ထင်မှား ဖျက်ဆီးခြင်း နတ်ဘုရားမျက်လုံးသူငယ်အိမ်များအဖြစ် ပြောင်းလဲသွားပေ၏။ ထိုအရာက ထင်ယောင်ထင်မှားများကို ထိုးဖောက်ပြီး ဥပဒေသများ၏ မူလအစကို တိုက်ရိုက် စိုက်ကြည့်နေခဲ့သည်။
ရှေးဟောင်း ဘိုးဘေးနဂါး၏ ပုံရိပ်ယောင်တစ်ခုက သူ၏ခန္ဓာကိုယ် နံဘေးပတ်လည်တွင် ရစ်ပတ်သွားပြီး သူ့ကို ဥပဒေသစွမ်းအားများအားလုံးမှ ကင်းလွတ်စေခဲ့သည်။
အထွတ်အထိပ် အရိုးပုံစံက သူ၏ ခန္ဓာကိုယ်ကို မြှင့်တင်ပေးပြီး ဥပဒေသများအားလုံးကို အင်အားသုံးကာ ချိုးဖျက်လိုက်၏။
ထင်ယောင်ထင်မှား ဖျက်ဆီးခြင်း နတ်ဘုရားမျက်လုံးသူငယ်အိမ်များက အားနည်းချက်များကို ခွဲခြားသိမြင်ပြီး အခွင့်အရေးရသော နေရာများကို တိုက်ခိုက်လေသည်။
စူးချန်ကဲက ရှည်လျားသော အော်ဟစ်သံတစ်သံကို ထုတ်လွှတ်လိုက်ပြီး ကောင်းကင်ကို ဖုံးကွယ်ထားသော လက်ဝါးပုံရိပ်ယောင်ကြီးကို ရင်ဆိုင်ရန် အမှန်တကယ်ပင် အစပြုလှုပ်ရှားလိုက်သည်။
သူ၏လက်သီးက တောက်ပနေပြီး အထွတ်အထိပ်အရိုး၏ စွမ်းအားနှင့် ဘိုးဘေးနဂါးချီတို့နှင့် ပေါင်းစပ်ကာ သူတော်စင်နယ်ပယ် လက်ဝါးပုံရိပ်ယောင်ကြီးနှင့် တိုက်ရိုက်ရင်ဆိုင်လိုက်၏။
ဘုန်း... ဘုန်း... ဘုန်း...
ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံ လှိုင်းများက အရပ်မျက်နှာအဘက်ဘက်သို့ လွှမ်းခြုံသွားပြီး စွမ်းအင်မုန်တိုင်းတစ်ခုက ရူးသွပ်စွာ လှိုင်းထလာခဲ့သည်။
သို့ရာတွင် စူးချန်ကဲ၏ပုံရိပ်မှာ ခြေလှမ်း အနည်းငယ် နောက်သို့ဆုတ်သွားသော်လည်း သူ၏နံဘေးပတ်လည်တွင် နဂါးအရိပ်များနှင့် အရိုးပုံစံများ လင်းလက်နေကာ သူသည် ပြိုကျမသွားဘဲ ဤလက်ဝါးရိုက်ချက်ကို အတင်းအကြပ် ခံနိုင်ရည် ရှိခဲ့သည်။
"ဘာ..."
ခါးကုန်းနေသော အဖိုးအို၏ မျက်လုံးသူငယ်အိမ်များ ပြင်းထန်စွာ ကျဥ်းမြောင်းသွားပြီး သူ၏ မျက်နှာပေါ်ရှိ ဒေါသမှာ ပြိုင်ဘက်ကင်းသော အံ့အားသင့်မှုဖြင့် ချက်ချင်း အစားထိုးခံလိုက်ရကာ သူ၏စိတ်များ တုန်လှုပ်ချောက်ချားသွားသည်။
"ဒါက နတ်ဘုရားမီးတောက်နယ်ပယ်လား..."
"အ... အထွတ်အထိပ် အရိုး..."
"ပြီးတော့ ဒီလို နတ်ဘုရားစွမ်းရည် မျက်လုံး နည်းစနစ်မျိုးလား..."
"ဒီလူငယ်လေး... ဒီလူငယ်လေး... သူက တကယ်တော့ ဘယ်သူလဲ..."
"တကယ်လို့ သူက အောက်ဘုံကဆိုရင် ငါ့ခေါင်းကို ငါ ဖြတ်ပစ်မယ်..."