အခန်း (၂၇၁-၂၇၂)
Vol. 28 Ch. 271-272
အခန်း (၂၇၁) - တိုက်ပွဲအပြီး ညွှန်ကြားချက်များနှင့် ဝင်္ကပါအိပ်မက်ကမ္ဘာ
သုံးရက်အကြာ၊ ရှောင်ဟွမ်းတောင်ထိပ်ရှိ ဟွမ်ယွီနန်းဆောင်အတွင်း၌ ဖြစ်သည်။
ဤခမ်းနားထည်ဝါလှသော နန်းဆောင်ကြီးမှာ တွမ်မျိုးနွယ်စု၏ ပင်မနန်းဆောင်ဖြစ်ပြီး ပုံမှန်အားဖြင့် အရေးကြီးသော အခမ်းအနားများ၊ အရေးပေါ် အစည်းအဝေးများနှင့် ဘိုးဘွားပူဇော်ပွဲများ ကျင်းပရာ အဓိက ဗဟိုချက်မ ဖြစ်သည်။
လတ်တလော ဖြစ်ပွားခဲ့သော ပြင်းထန်သည့် တိုက်ပွဲအတွင်း ရှောင်ဟွမ်းတောင်ပေါ်ရှိ အဆောက်အအုံ အများစုမှာ ဆိုးရွားစွာ ပျက်စီးယိုယွင်းခဲ့ရသည်။ ထိုအထဲတွင် ဒုတိယအဆင့် မျောက်ဝံကြီး၏ ဖျက်ဆီးမှုမှာ အဆိုးရွားဆုံးပင်။ သို့သော် အထင်ရှားဆုံးဖြစ်သော ဟွမ်ယွီနန်းဆောင်မှာမူ မပျက်မစီးဘဲ ကျန်ရစ်ခဲ့သည်။ ၎င်းမှာ နန်းဆောင်ကို တည်ဆောက်ထားသည့် ပစ္စည်းများကြောင့်ဖြစ်ပြီး မှော်လက်နက်သွန်းလုပ်ရာတွင် အသုံးပြုသော သတ္တုရိုင်းများစွာဖြင့် ဖွဲ့စည်းတည်ဆောက်ထားသဖြင့် အလွန်ခိုင်ခံ့လှသည်။
ယခုအချိန်တွင် ဟွမ်ယွီနန်းဆောင်အတွင်း၌ ချီသန့်စင်အဆင့် (၉) ကျင့်ကြံသူ ကိုးဦးစလုံး စုံလင်စွာ ရောက်ရှိနေကြပြီ ဖြစ်သည်။ သူတို့အားလုံးမှာ အဖွဲ့ချုပ်ခေါင်းဆောင် လော့ချန် ရောက်ရှိလာပြီး တိုက်ပွဲအပြီး သုံးသပ်ချက်အစည်းအဝေး စတင်ရန် စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။
ရှုး….
ညင်သာလှသော လေပြေလေးများ ခန်းမအတွင်းသို့ တိုးဝင်လာခဲ့သည်။ ထိုလေပြေနှင့်အတူ လော့ချန် ခန်းမအတွင်းသို့ အသာအယာ ဆင်းသက်လိုက်ရာ အားလုံး၏ အကြည့်များမှာ သူ့ထံသို့ ချက်ချင်းပင် စုပြုံကျရောက်သွားတော့သည်။ လော့ချန်သည် ထုံးစံအတိုင်း အဖွဲ့ချုပ်ခေါင်းဆောင်အတွက် သီးသန့်ထားသော ထိုင်ခုံဆီသို့ တည်ငြိမ်စွာ လျှောက်လှမ်းသွားလိုက်သည်။
ထိုင်ခုံအနားသို့ ရောက်သည်နှင့် သူ လက်ကိုတစ်ချက် ဝှေ့ယမ်းလိုက်သည်။ ချီစွမ်းအား လှိုင်းလုံးတစ်ခု ထွက်ပေါ်လာပြီး စင်ကြယ်သန့်ရှင်းနေပြီးသားဖြစ်သော ထိုင်ခုံကျယ်ကြီးကို ထပ်မံ၍ သန့်စင်လိုက်ပြန်သည်။ ဤမြင်ကွင်းကို ကြည့်ပြီး အောက်မှလူများမှာ ကြောင်အသွားကြသည်။
“ဟင် ကြည့်စမ်းပါဦး.... ငါတို့ အဖွဲ့ချုပ်ခေါင်းဆောင်က ဘယ်တုန်းကစပြီး ဒီလောက်တောင် အသန့်ကြိုက်သွားတာလဲ”
“အေးလေကွာ.... ဒါကို အစောကြီးကတည်းက သန့်ရှင်းရေး လုပ်ထားပြီးသား မဟုတ်ဘူးလား…. ဘာလို့ သန့်စင်ခြင်းမှော်အတတ်ကို ထပ်ခါတလဲလဲ သုံးနေရတာလဲ”
လော့ချန်မှာ သူတို့၏ သိလိုစိတ်များကို ဂရုမစိုက်ဘဲ ထိုင်ခုံပေါ်တွင် ခံ့ညားစွာ ထိုင်လိုက်သည်။
"စလိုက်ကြစို့"
ပထမဆုံး အစီရင်ခံတင်ပြသူမှာ မုရုံချင်းလျန် ဖြစ်သည်။ သူမသည် အဖွဲ့အင်အားနှင့် အဖွဲ့ဝင်များ၏ ကိစ္စရေးရာများကို စီမံခန့်ခွဲရသော ကုသိုလ်တော်ခန်းမကို အုပ်ချုပ်ရသူ ဖြစ်သည်။ ဤတိုက်ပွဲတွင် ထိခိုက်သေဆုံးမှု များပြားခဲ့ရာ ဤကိစ္စမှာ အမြင့်ဆုံး ဦးစားပေး ကိုင်တွယ်ရမည့် အခြေအနေ ဖြစ်နေသည်။
“ရှောင်ဟွမ်းတောင် တိုက်ပွဲရဲ့ ဖြစ်စဥ်အကျဥ်းချုပ်ကို အစီရင်ခံပါမယ်...."
“ဒေါ်လေးတို့ လော့ထျန်းအဖွဲ့ကနေ အဖွဲ့ချုပ်ခေါင်းဆောင် အပါအဝင် စုစုပေါင်း ၆၂ ယောက် ထွက်ခွာခဲ့ပါတယ်….”
“အခုအချိန်မှာ အကြီးအကဲတွမ်က သတိမရသေးသလို ခေါင်းဆောင်ဝမ်ကလည်း ဘယ်ရောက်နေမှန်း မသိရသေးပါဘူး…. အဆင့်မြင့်ကျင့်ကြံသူ ၁၀ ယောက် သေဆုံးပြီး အလယ်အလတ်အဆင့် ကျင့်ကြံသူ ၁၇ ယောက် သေဆုံးခဲ့ပါတယ်…. နောက်ထပ် ၁၀ ယောက်ကတော့ ဒဏ်ရာပြင်းထန်ပါတယ်…. ဒဏ်ရာအနည်းငယ်ရသူတွေကိုတော့ ထည့်မတွက်ထားပါဘူး…. သူတို့အများစုက သွေးအဆီအနှစ်ဆေးလုံး သောက်သုံးထားလို့ အနားယူဖို့ပဲ လိုတာပါ”
ဤကိန်းဂဏန်းကို ကြားသောအခါ လော့ချန်၏ စိတ်နှလုံးမှာ အနည်းငယ် လေးလံသွားသည်။ သေဆုံးထိခိုက်သူ အရေအတွက်မှာ ထက်ဝက်ကျော်နေပြီ ဖြစ်သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် သူ၏ နောက်ဆုံးဆုံးဖြတ်ချက်မှာ မှန်ကန်ကြောင်း သိသာလှသည်။
အကယ်၍ သူသာ နောက်ဆုံးအချိန်တွင် ကိုယ်တိုင်ဝင်မပါဘဲ အခြေအနေကို မထိန်းချုပ်နိုင်ခဲ့ပါက လော့ထျန်းအဖွဲ့သည် တွမ်မျိုးနွယ်စုကို အနိုင်ရခဲ့လျှင်ပင် တစ်ကိုယ်တော်ကျင့်ကြံသူများ၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံရပေလိမ့်မည်။ ထိုသို့ဆိုပါက ရရှိလာသော အောင်ပွဲသည် ပေးဆပ်ရသည်နှင့် မတန်အောင် ဆိုးရွားသွားပေလိမ့်မည်။
“တွမ်မျိုးနွယ်စုဘက်မှာတော့ အပြင်ဘက်က လုပ်ငန်းတွေမှာ ကျန်ရစ်ခဲ့တဲ့ ကျင့်ကြံသူတချို့ကလွဲရင် ကျန်တဲ့သူတွေ အကုန်လုံးနီးပါး သုတ်သင်ခံလိုက်ရပါပြီ…. တွမ်ချန်ခွန်းရဲ့ အလောင်းကို ရှာမတွေ့ပေမဲ့ တွမ်ရွှေရဲ့ အလောင်းကိုတော့ အပြင်မှာ ချိတ်ဆွဲထားပါတယ်…. ကျန်ရစ်သူ ၄၅ ယောက် ရှိပြီး အဲ့ဒီထဲမှာ အကြီးအကဲချင်က ကျင့်ကြံခြင်းအဆင့်ကို ဖျက်ဆီးပစ်လိုက်တဲ့ ကျင့်ကြံသူ ၅ ယောက်လည်း ပါဝင်ပါတယ်...."
အစီရင်ခံစာကို ဖတ်ကြားပြီးနောက် မုရုံချင်းလျန် ခေါင်းမော့ကာ လော့ချန်ကို ကြည့်လိုက်သည်။
“အခု စဉ်းစားရမှာက ထောက်ပံ့မှုကိစ္စတွေနဲ့ အပြင်မှာ ကျန်နေသေးတဲ့ တွမ်မျိုးနွယ်စု ကျင့်ကြံသူတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့ အစီအစဉ်ပါပဲ”
ထိုအခါ လော့ချန်က ခဏမျှ စဉ်းစားပြီးနောက် တိုက်ရိုက်ပင် ပြတ်သားစွာ ပြောလိုက်သည်။
“ထောက်ပံ့မှုကိစ္စကိုတော့ အရင်လမ်းညွှန်ချက်တွေအတိုင်းပဲ လုပ်ဆောင်ပါ…. အသေးစိတ်ကိုတော့ ဟွေ့နန်နဲ့ နောက်မှ ဆွေးနွေးလိုက်ကြပါ.... ပြီးတော့ ကျန်ရှိနေတဲ့ တွမ်မျိုးနွယ်စုဝင်တွေကိုတော့ လောလောဆယ် အကျဉ်းချ ထားလိုက်တာပိုကောင်းမယ်.... သူတို့ကို ဘာမှလုပ်ဖို့ မလိုသေးဘူး…. အစ်ကိုတွမ် နိုးလာတဲ့အခါကျမှ သူကိုယ်တိုင်ပဲ ဆုံးဖြတ်ပါစေ...."
ထိုဆုံးဖြတ်ချက်အား မုရုံချင်းလျန်က လေးစားစွာ ခေါင်းညိတ်ပြသည်။ ဤသည်မှာ ယခင်ကလည်း လုပ်ဖူးသည့် လုပ်ထုံးလုပ်နည်းဖြစ်ရာ သိပ်မခက်ခဲလှပေ။ ကျန်ရှိသော ကိစ္စရပ်အတွက်လည်း လောစရာမလိုချေ။ ယခုအချိန်တွင် လော့ထျန်းအဖွဲ့အတွက် အရေးအကြီးဆုံးမှာ အင်အားပြန်လည်ဖြည့်တင်းရန်ဖြစ်ရာ အင်အားအလုံးအရင်းဖြင့် ထပ်မံလှုပ်ရှားရန် မသင့်တော်သေးပေ။ ထို့အပြင် တွမ်ဖုန်း၏ ခံစားချက်ကိုလည်း ထည့်သွင်း စဉ်းစားပေးရမည်ဖြစ်သည်။ ယခုအခါ သူ၏ လက်စားချေမှုမှာ အောင်မြင်ခဲ့ပြီ ဖြစ်ရာ တွမ်မျိုးနွယ်စု အကြွင်းအကျန်များကို အမြစ်ပြတ် သုတ်သင်မည်လော သို့မဟုတ် သနားညှာတာမည်လော ဆိုသည်မှာ သူကိုယ်တိုင်သာ ဆုံးဖြတ်ရမည့်ကိစ္စ ဖြစ်သည်။
"ဒါဆို ခေါင်းဆောင်ဝမ်ရဲ့ ကိစ္စကရော…. ဒေါ်လေးတို့အားလုံး သူ့ကို စိတ်ပူနေတာ...."
လော့ချန်က သူ၏ ထိုင်ခုံလက်ရန်းကို အသာအယာ ခေါက်ရင်း တည်ငြိမ်အေးဆေးစွာ ပြောလိုက်သည်။
“အစ်ကိုဝမ်လား.... သူ အဆင်ပြေပါတယ်…. ဒဏ်ရာရထားလို့ ပြန်နာလန်ထူဖို့ အချိန်ယူနေရရုံပါပဲ"
သွေးစွမ်းအားလုယူခြင်း အစီအရင်မှာ မိုးမြေစွမ်းအားလုယူခြင်း အစီအရင်၏ အနှစ်သာရကို ယူထားခြင်းဖြစ်သည်။ ၎င်းမှာ တစ်ရက်နှစ်ရက်နှင့် အောင်မြင်နိုင်သော အရာမဟုတ်ပေ။
ဝမ်ယွမ် ဘေးကင်းကြောင်း ကြားလိုက်ရသဖြင့် နန်းဆောင်အတွင်းရှိ လူအားလုံးမှာ သက်ပြင်းချကာ စိတ်အေးသွားကြတော့သည်။ ဝမ်ယွမ်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ တိုက်ပွဲများစွာအတွင်း လူတိုင်း၏ ယုံကြည်မှုကို ရရှိထားပြီးသားဖြစ်သည်။ အထူးသဖြင့် ရှောင်ဟွမ်းတောင် တိုက်ပွဲတွင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကို ထိပ်တိုက်ရင်ဆိုင်ခဲ့ပုံမှာ စစ်နတ်ဘုရားတစ်ပါးနှင့်ပင် တူလှပေသည်။ သူ အသက်ရှင်နေခြင်းမှာ လော့ထျန်းအဖွဲ့အတွက် အားကိုးရမည့် မဏ္ဍိုင်ကြီးတစ်ခု ကျန်ရှိနေသေးခြင်းပင် ဖြစ်သည်။
သို့ရာတွင် သူတို့ရှေ့မှောက်ရှိ အမြင့်ဆုံးထိုင်ခုံနေရာတွင် ထိုင်နေသော ပုဂ္ဂိုလ်မှာမူ ပို၍ပင် ကြီးမားလှသော အားကိုးရာ ဖြစ်ပေသည်။ ယခုအခါ လော့ထျန်းအဖွဲ့နှင့် တာဟဲဈေးမြို့တော် တစ်ခုလုံးတွင် လော့ချန်၏ စွမ်းအားကို လျှော့တွက်ရဲသူဟူ၍ မရှိတော့ချေ။
“တိုက်ပွဲကနေ သိမ်းပိုက်ရရှိခဲ့တဲ့ ပစ္စည်းတွေကတော့ တွမ်မျိုးနွယ်စု ကျင့်ကြံသူတွေ ချန်ထားခဲ့တဲ့ ဓနဥစ္စာတွေ၊ မှော်လက်နက် သွန်းလုပ်တဲ့ သတ္တုရိုင်းတွေ၊ မှော်လက်နက်တစ်ပိုင်းတစ်စတွေနဲ့ ချီသန့်စင် အထွတ်အထိပ်အဆင့်နဲ့ ညီမျှတဲ့ ဧရာမ ဝက်ဝံရုပ်သေးတစ်ရုပ် ပါဝင်ပါတယ်.... ဒါ့အပြင် တောင်နောက်ဘက်က စာကြည့်တိုက်ဆောင်ကြီးကလည်း လုံးဝ မပျက်မစီးဘဲ ကျန်ရစ်ပါတယ်.... စာရင်းစစ်ကြည့်တော့ ပထမအဆင့် ကျင့်စဥ် ၅ အုပ်၊ ဒုတိယအဆင့် ကျင့်စဉ် မိတ္တူ ၃ အုပ်၊ မှော်အတတ်ကျမ်း ၁၇ အုပ်၊ ခရီးသွားမှတ်တမ်းနဲ့ အတ္ထုပ္ပတ္တိ ၁၀ အုပ်ကျော်၊ ချီသန့်စင်၊ အခြေခံတည်ဆောက်ခြင်းနဲ့ မှော်လက်နက် သွန်းလုပ်ခြင်းဆိုင်ရာ အတွေ့အကြုံ ရေးသားထားတဲ့ စာအုပ် ၂၁ အုပ် ရရှိပါတယ်"
ဤစကားကို ကြားသောအခါ လော့ချန်၏ မျက်ခုံးများ ပင့်တက်သွားသည်။ နှစ်ပေါင်း ၃၀၀ သက်တမ်းရှိသည့် မျိုးနွယ်စုတစ်စု ဖြစ်သည့်အတိုင်း စုဆောင်းမှုမှာ စုံလင် ကြွယ်ဝပေသည်။ ဒုတိယအဆင့် ကျင့်စဉ်များအပြင် အခြေခံ တည်ဆောက်ခြင်းဆိုင်ရာ ဗဟုသုတ ကျမ်းများပင် ရှိနေသေးသည် မဟုတ်ပါလော။
“အိုး.... ကြားရတာ သတင်းကောင်းပဲ…. စာကြည့်ဆောင်ကို လူလွှတ်ပြီး သေချာစောင့်ခိုင်းလိုက်ပါ…. နောင်ကျရင် လော့ထျန်းက စုဆောင်းထားတဲ့ စာအုပ်တွေကိုလည်း အဲ့ဒီမှာပဲ ပေါင်းထည့်မယ်”
ထို့နောက် လော့ချန်သည် စုရုံးနေသော ကျင့်ကြံသူများကို ကြည့်ကာ ဖြည်းဖြည်းချင်း လေးလေးနက်နက် ပြောလိုက်သည်။
“ဒီတိုက်ပွဲမှာ ရခဲ့တဲ့ ဂုဏ်ပြုမှတ်တွေကို စံနှုန်းမြှင့်သတ်မှတ်ပေးလိုက်ပါ…. ဒုတိယအဆင့် ကျင့်စဉ်နဲ့ အခြေခံတည်ဆောက်ခြင်း အတွေ့အကြုံကလွဲရင် ကျန်တာအားလုံးကို အဖွဲ့သားတွေ လဲလှယ်နိုင်ဖို့ ခွင့်ပြုပေးလိုက်ပါ”
“ပြီးတော့ တိုက်ပွဲအတွင်းမှာ တစ်ဦးချင်း ရရှိခဲ့တဲ့ ပစ္စည်းမှန်သမျှဟာ အဲ့ဒီလူရဲ့ ပိုင်ဆိုင်မှုပဲ ဖြစ်စေရမယ်.... ဘယ်သူမှ အောက်ကအဖွဲ့ဝင်တွေဆီကနေ အဓမ္မတောင်းယူတာမျိုး မလုပ်ရဘူး.... ဒါအမိန့်ပဲ...."
သူ၏ နောက်ဆုံးစကားမှာ ပြင်းထန်သော သတိပေးချက်တစ်ခုပင် ဖြစ်သည်။ နန်းဆောင်အတွင်းရှိ အဆင့်မြင့်ကျင့်ကြံသူ ကိုးဦးလုံးမှာ သဘောတူကြောင်း လေးနက်စွာ ခေါင်းညိတ်ကြသည်။ ထို့နောက် မုရုံချင်းလျန်သည် ကျန်ရှိသော တိုက်ပွဲ သုံ့ပန်း ပစ္စည်းများအကြောင်းကို ဆက်လက် အစီရင်ခံသည်။ ဝိညာဉ်ကျောက်တုံး အရေအတွက်ကို ပြောလိုက်သောအခါ တစ်ခန်းလုံး မှင်သက်သွားရပြန်သည်။
“ဟမ်.... အခြေခံတည်ဆောက်ခြင်းအဆင့် မျိုးနွယ်စုကြီး ဖြစ်ပြီး ဘာလို့မွဲနေတာလဲ…. ပြီးတော့ သူတို့ရဲ့ မှော်လက်နက် သွန်းလုပ်တဲ့ စီးပွားရေးကလည်း ငွေရွှင်ရမှာလေ.... ဝိညာဉ်ကျောက်တုံး ၃၀၀၀၀ ပဲ ကျန်တော့တာလား…. ယုံချင်စရာတောင်မကောင်းဘူး”
“ဟုတ်တယ်.... ဒီလောက်ကတော့ သိပ်နည်းလွန်းတာပဲ…."
“ကျွတ်.... ကျွတ်…. မယုံနိုင်စရာပဲ…."
သို့သော် လော့ချန်ကမူ အံ့ဩခြင်း မရှိချေ။ တွမ်ဖုန်းထံမှ သူ သိရှိထားသည်မှာ တွမ်မျိုးနွယ်စုသည် အစွမ်းထက် မှော်ရတနာဖြစ်သော ကွေ့ရွှေ မှော်ဝင်ပန်းချီကို ဖန်တီးရန် ဝိညာဉ်ကျောက်တုံး အမြောက်အမြား သုံးစွဲခဲ့ရသည်။ နောက်ပိုင်းတွင် တွမ်ရွှေ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းရန် ကူညီပေးရာတွင်လည်း မျိုးနွယ်စု၏ ဓနဥစ္စာ အားလုံးနီးပါးကို အသုံးပြုခဲ့သည်။
ထို့ပြင် တွမ်ချန်ခွန်းမှာ သူ သေဆုံးသွားပြီးနောက် မျိုးနွယ်စု၏ အင်အားမလုံလောက်မည်ကို စိုးရိမ်သဖြင့် မှောင်ခိုလေလံပွဲများသို့ မကြာခဏ သွားရောက်ခဲ့သည်။ ရုပ်သေးများ၊ လက်နက်များ စသည်ဖြင့် ဝယ်ယူခဲ့သည်။ ထို့ပြင် ဝိညာဉ်ကျောက်တုံး အမြောက်အမြားကို လော့ထျန်းအဖွဲ့ထံမှ ဆေးလုံးများ ဝယ်ယူရန်အတွက်လည်း အသုံးပြုခဲ့ရသေးသည်။ မည်သို့ပင်ဆိုစေကာမူ ကျင့်ကြံခြင်းနှင့် ခုခံရေးပိုင်းမှာ အလွန်တရာအရေးပါသည်မှာ လူတိုင်းမငြင်းနိုင်သော အမှန်တရားဖြစ်နေလေသည်။
ဝိညာဉ်ကျောက်တုံး ၃၀၀၀၀ ဆိုသည်မှာ နည်းပါးလှသည်ဟု ထင်ရသော်လည်း တွမ်မျိုးနွယ်စု၏ ဇကောမျှ ကျယ်နေသော ငွေယိုပေါက်များ၊ အသုံးစရိတ်များကြားတွင် ဤမျှ ကျန်ရှိနေခြင်းမှာပင် သူတို့၏ အခြေခံ မည်မျှခိုင်မာကြောင်း ပြသနေခြင်း ဖြစ်သည်။ အမှန်စင်စစ် တွမ်မျိုးနွယ်စု ချန်ထားခဲ့သော အကြီးမားဆုံးသော ရတနာမှာ ဤရှောင်ဟွမ်းတောင်ကြီးပင် ဖြစ်သည်။
ဤအချက်ကို မြင်တတ်သူမှာ လော့ချန်တစ်ဦးတည်း မဟုတ်ပေ။ မကြာမီ စီမာဟွေ့နန်က စကားစလိုက်သည်။
"အဖွဲ့ချုပ်ခေါင်းဆောင်.... ကျွန်မတို့အားလုံးတိုင်ပင်ပြီး အကုန်သဘောတူထားတဲ့ အချက်လေးတစ်ခု အကြံပြုချင်ပါတယ်၊ ဒီလိုပါ.... လော့ထျန်းအဖွဲ့ရဲ့ အဖွဲ့ချုပ်ကို ရှောင်ဟွမ်းတောင်ကို ပြောင်းရွှေ့လိုက်ရင် ပိုမကောင်းဘူးလားရှင့်...."
ထိုသို့ မေးလိုက်သည်နှင့် အားလုံး၏ အကြည့်များမှာ လော့ချန်ထံသို့ ကျရောက်သွားသည်။ သူတို့ ဤမျှ အလောတကြီး ဖြစ်နေကြခြင်းမှာ အံ့သြစရာ မဟုတ်ချေ။ တာဟဲဈေးမြို့တော်၏ ဝိညာဉ်ကြော ပိတ်ဆို့မှုများကို ဖယ်ရှားလိုက်ပြီဖြစ်ရာ မြို့ပြင်ဒေသများအားလုံးမှာ ချီစွမ်းအား ကြွယ်ဝသော နေရာများ ဖြစ်လာကြသည်။ သို့သော် ထိုချီစွမ်းအားများမှာ ယခင် မြို့အတွင်းပိုင်းရှိ နေအိမ်များနှင့်သာ ညီမျှသည်။ သာမန်ကျင့်ကြံသူများအတွက် ကျင့်ကြံရန် လုံလောက်သော်လည်း အဆင့် ၉ ကျင့်ကြံသူများအတွက်မူ အကျိုးသက်ရောက်မှုမှာ သိပ်မသိသာလှပေ။
သို့သော် ရှောင်ဟွမ်းတောင်မှာမူ မတူပေ။ ဤမြေမှာ အစဉ်အမြဲ ချီစွမ်းအား ကြွယ်ဝခဲ့သော မြေဖြစ််သည်။ တောင်အောက်ခြေတွင် ဝိညာဉ်ကြောငယ်တစ်ခု ရှိနေသလို တောင်ပေါ်တွင်လည်း ရေခဲမီးလျှံ ဝိညာဉ်စမ်းရေတွင်း ရှိနေသည်မှာ တကယ့်ကို ကံထူးသော မြေပင် ဖြစ်သည်။ ထို့ကြောင့်သာ အနှစ် ၃၀၀ အတွင်း အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ သုံးဦးကို ဆက်တိုက် မွေးထုတ်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ အဖွဲ့ချုပ်ကို ဤနေရာသို့ ပြောင်းရွှေ့မည်ဆိုပါက သူတို့အားလုံးမှာလည်း ဤကဲ့သို့သော ကျင့်ကြံခြင်း ပတ်ဝန်းကျင်ကို ခံစားခွင့်ရရှိကြမည် ဖြစ်သည်။
စီမာဟွေ့နန်၏ အကြံပြုချက်နှင့် အခြား အဖွဲ့ဝင်များ၏ မျှော်လင့်တကြီး အကြည့်များကို ရင်ဆိုင်ရင်း လော့ချန် ခဏမျှ စဉ်းစားပြီးနောက် သူ ကြိုတင်ပြင်ဆင်ထားသော ဆုံးဖြတ်ချက်ကို ပြောလိုက်သည်။
“အေး.... ပြောင်းကြတာပေါ့”
လူတိုင်း၏ မျက်နှာတွင် ပျော်ရွှင်မှုများ ယှက်သန်းသွားကြသည်။ သို့သော် လော့ချန်က ဆက်ပြောလိုက်ပြန်သည်။
“ဒါပေမဲ့.... အကုန်လုံး လိုက်ပြောင်းလို့တော့မရဘူး”
လူတိုင်းကို ကြည့်ရင်း သူ ဖြည်းဖြည်းချင်း ရှင်းပြလိုက်သည်။
“ငါတို့ လခြမ်းတောင်ကြားမှာ အခြေချခဲ့တာ ကြာပါပြီ…. ဒါက ငါတို့အတွက် မိခင်တောင်ကြားလိုပဲ.... ဒါကို အလွယ်တကူ စွန့်လွှတ်လို့ မရဘူး.... နောက်တစ်ချက်က ဖူမျိုးနွယ်စု ခံတပ်ကို တာဟဲတစ်ကိုယ်တော် ကျင့်ကြံသူတွေ အလွယ်တကူ ရသွားတဲ့ သင်ခန်းစာ ရှိထားပြီးသားဆိုတော့ အဲဒီအတိုင်း အဖြစ်မခံနိုင်ဘူး…. ဒါကြောင့် အဖွဲ့ချုပ်ကို ရှောင်ဟွမ်းတောင်ကို ပြောင်းမှာ ဖြစ်ပေမဲ့ လခြမ်းတောင်ကြားမှာလည်း ကျင့်ကြံသူတချို့ကို ချန်ထားရမယ်"
ထိုအခါ စီမာဟွေ့နန်က တွန့်ဆုတ်စွာ မေးလိုက်သည်။
“ဒါပေမဲ့ အဲဒီလိုလုပ်ရင် အဲဒီမှာ ကျန်ခဲ့တဲ့သူတွေက မကျေမနပ် ဖြစ်မသွားဘူးလား”
“မဖြစ်ပါဘူး”
လော့ချန်က လက်ကို ဝေ့ယမ်း၍ ပြောလိုက်သည်။
“အဟမ်း.... လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ လခြမ်းတောင်ကြားရဲ့ အောက်ခြေမှာ ဝိညာဉ်ကြောငယ်တစ်ခု ရှိနေတာကို ငါ တွေ့ထားတယ်"
ဤစကားကို ကြားသောအခါ တစ်ခန်းလုံး မှင်သက်သွားရပြန်သည်။
“ဟမ်.... ရုတ်တရက်ကြီး တိုက်ဆိုင်လိုက်တာကွာ၊ ကံကောင်းချက်ပဲ….”
“ဒီလို ရှာတွေ့ဖို့ဆိုတာ တော်တော်မလွယ်တာကွာ.... ငါတို့လော့ထျန်းက ကံဇာတာတက်နေပြီ….”
သို့သော် ကူချိုင်ယီ၏ မျက်နှာတွင်မူ လော့ချန် ယခုမှ တွေ့သည်ကို မယုံချင်ဘဲ သံသယများ ရှိနေသည်။ အကြောင်းမူ သူမသည် လော့ချန် ယခင်က လခြမ်းတောင်ကြား၌ မကြာခဏဆိုသလို ညအိပ်ညနေ နေခဲ့သည်ကို ပြန်လည် သတိရလိုက်မိသောကြောင့်ပင်။
“ကိုင်း.... အဲ့တော့ အဲ့မှာ နေတဲ့သူတွေရော ဘာနစ်နာဦးမှာလဲ.... အဲ့ဒီ ဝိညာဉ်ကြောငယ်ကိုသာ အသက်သွင်းလိုက်ပြီး မြို့တွင်းပိုင်းက ယိုစိမ့်လာတဲ့ ချီစွမ်းအားတွေနဲ့ ပေါင်းစပ်လိုက်ရင် လခြမ်းတောင်ကြားဟာလည်း အရမ်းကောင်းတဲ့ ကျင့်ကြံရာနေရာတစ်ခု ဖြစ်လာလိမ့်မယ်…. အဲ့မှာကျန်ပါရစေလို့တောင် ပြောချင်ပြောလာမှာ”
လော့ချန် ယုံကြည်မှုရှိရှိ ပြောဆိုနေသည်။ ထို့မျှသာမက ချီသန့်စင်အဆင့် နှောင်းပိုင်း ကျင့်ကြံသူများကို နေရာနှစ်ခုစလုံးတွင် အလှည့်ကျ ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေမည့် စည်းကမ်းချက်များကိုပါ ချမှတ်ပေးလိုက်သည်။
….
အစည်းအဝေးမှာ ဆက်လက် လုပ်ဆောင်လျက် ရှိနေသည်။ လော့ချန်သည် ဆေးဖော်ခန်းမဆောင်ကို သီးခြား အဆောင်နှစ်ဆောင်အဖြစ် ခွဲထုတ်လိုက်သည်။
လခြမ်းတောင်ကြားရှိ ဆေးဖော်ခန်းမဆောင်ကို ရှောင်ဟွမ်းတောင်သို့ လုံးဝ ပြောင်းရွှေ့လိုက်သည်။ လခြမ်းတောင်ကြားတွင် ကျန်ရှိခဲ့သော နေရာကိုမူ ဝိညာဉ်ဆေးပင်များ စိုက်ပျိုးရန် တာဝန်ယူရမည့် ဆေးဝါးခန်းမဆောင်အဖြစ် ပြောင်းလဲလိုက်သည်။
တစ်ချိန်တည်းမှာပင် ရှောင်ဟွမ်းတောင်တွင် လက်နက်သွန်းလုပ်ရေးခန်းမ အသစ်တစ်ခုကို တည်ထောင်မည် ဖြစ်သည်။ တွမ်ဖုန်း နာလန်ထူလာသည်နှင့် လက်နက်သွန်းလုပ်ရေးခန်းမအတွက် လူအင်အား စတင်စုဆောင်းမည် ဖြစ်သည်။ လော့ချန်သည် စီမာဟွေ့နန်အား တာဟဲဈေးမြို့တော်ရှိ တစ်ကိုယ်တော်ကျင့်ကြံသူများထဲမှ လူသစ် စုဆောင်းရန် ညွှန်ကြားလိုက်သည်။
“ချီသန့်စင် အဆင့်နှောင်းပိုင်း ကျင့်ကြံသူတွေကိုပဲ လက်ခံပါ…. ပြီးတော့ သူတို့ရဲ့ နောက်ကြောင်းရာဇဝင်ကလည်း ရှင်းနေရမယ်....”
“အဓိကက တိုက်ခိုက်ရေးခန်းမဆောင်မှာ လူအင်အား လိုအပ်နေတာကို ဖြည့်ဆည်းဖို့ပဲ…. ဖိုရှန်းဂိုဏ်းက အဖွဲ့ဝင်ဟောင်းတွေဆိုရင် ဦးစားပေး လက်ခံလိုက်ပါ.... လစာကိုတော့ သိပ်မြင့်ဖို့ မလိုဘူး…. တာဟဲဈေးမြို့တော်မှာရှိတဲ့ အဆင့်နှောင်းပိုင်း ကျင့်ကြံသူတွေရဲ့ ပုံမှန် လစာနှုန်းထားအတိုင်းပဲ ပေးလိုက်….”
“ပြီးတော့ ဆယ်နှစ်ကို သက်တမ်းတစ်ခု သတ်မှတ်မယ်၊ ဆယ်နှစ်ပြည့်ရင် ဂုဏ်ပြုမှတ်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ မှတ်ချက်တွေနဲ့ ကျင့်ကြံမှု တိုးတက်မှုတွေကို စစ်ဆေးမယ်၊ အောင်မြင်ရင်တော့ ခံစားခွင့်တွေ တိုးပေးမယ်….”
“အခုတိုက်ပွဲကနေ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ လူဟောင်းတွေကိုတော့ အထူးတလည် ပြောနေစရာ မလိုဘူး.... သေချာပေါက် ပိုအဆင့်မြင့်တဲ့ အခွင့်အရေးတွေ ပေးမယ်"
လော့ချန်၏ စကားတစ်ခွန်းချင်းစီမှာ ရှင်းလင်းပြီး စနစ်တကျ ရှိလှသည်။ ဤသည်မှာ လော့ထျန်းအဖွဲ့ကို အင်အားတောင့်တင်းစေရုံသာမက အနာဂတ်အတွက် လမ်းစကိုလည်း ဖော်ဆောင်ပေးလိုက်ခြင်းဖြစ်သည်။ အရေးကြီးဆုံးမှာ သူသည် ကျင့်ကြံသူအားလုံးအတွက် ရှင်းလင်းပြတ်သားသော တိုးတက်ရာလမ်းစကို ပေးလိုက်ခြင်းပင် ဖြစ်သည်။
စီမာဟွေ့နန်က အသေအချာ နားထောင်နေသည်။ စီမံခန့်ခွဲရေးမှူးတစ်ဦးအနေဖြင့် ဤသည်တို့မှာ သူမ၏ တာဝန်ပင် ဖြစ်သည်။ သူမသည် အဖွဲ့အတွင်းရှိ များပြားလှသော ကိစ္စအရပ်ရပ်ကို စီမံခန့်ခွဲရသလို လော့ချန်၏ ညွှန်ကြားချက်တိုင်းကို ထိရောက်စွာ အကောင်အထည်ဖော်ရန်လည်း တာဝန်ရှိသည်။
အစည်းအဝေးမှာ အချိန်အတော် ကြာမြင့်ခဲ့သည်။ စီမာဟွေ့နန်နှင့် မုရုံချင်းလျန်တို့သာမက အခြားသော အဆင့်မြင့်အဖွဲ့ဝင်များတွင်လည်း တင်ပြစရာ အစီရင်ခံစာများ အသီးသီး ရှိနေကြသည်။
ထို့ကြောင့် နောက်တစ်နေ့ မိုးလင်းခါနီးအချိန်မှသာ လော့ထျန်းအဖွဲ့၏ လက်ရှိနှင့် အနာဂတ် အစီအစဉ်များမှာ အတည်တကျ ဖြစ်သွားတော့သည်။
အသက်အကြီးဆုံးဖြစ်သော အဘွားယွမ်မှာ ရှေ့ဆုံးမှ ထွက်ခွာသွားပြီ ဖြစ်သည်။ သူမမှာ အသက်ကြီးနေပြီဖြစ်သလို ရှောင်ဟွမ်းတောင် တိုက်ပွဲတွင်လည်း ဒဏ်ရာ အတော်အတန် ရထားသည်။ ယခုမျှအထိ တောင့်ခံနိုင်ခြင်းမှာ လော့ချန်က ခွဲထုတ်လိုက်သော ဆေးဝါးခန်းမဆောင်ကို သူမအား တာဝန်ယူခိုင်းလိုက်သောကြောင့် ဖြစ်သည်။
ယခုအချိန်မှစ၍ သူမသည် ဆေးဖော်ခန်းမဆောင်၏ ဒုတိယခန်းမခေါင်းဆောင် မဟုတ်တော့ဘဲ ဆေးဝါးခန်းမဆောင်၏ ခန်းမခေါင်းဆောင် ဖြစ်လာခဲ့ပြီ ဖြစ်သည်။ သူမ ရရှိမည့် အရင်းအမြစ်များမှာလည်း ယခင်ကထက် များစွာ သာလွန်သွားခဲ့ပြီ ဖြစ်သည်။
နွေဦး၏ နံနက်ခင်းရောင်ခြည်အောက်တွင် လော့ချန်သည် သူ့လူများကို ဦးဆောင်ကာ ဟွမ်ယွီနန်းဆောင်မှ ထွက်လာခဲ့သည်။ ဤအစည်းအဝေးမှာ မပြီးဆုံးသေးချေ။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၂၇၂) - လူချစ်လူခင်ပေါသော အဖွဲ့ချုပ်ခေါင်းဆောင်
လော့ချန်သည် စီမာဟွေ့နန်၊ မုရုံချင်းလျန်တို့နှင့်အတူ ဒဏ်ရာရရှိထားသော ကျင့်ကြံသူများထံသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
"အား.... ကျွတ်.... ကျွတ်…. အဖွဲ့ချုပ်ခေါင်းဆောင်”
စီမံခန့်ခွဲရေးမှူး စီမာဟွေ့နန်နှင့် ခန်းမခေါင်းဆောင် မုရုံချင်းလျန်တို့ကို ခြံရံလျက် ရောက်ရှိလာသော လော့ချန်ကို တွေ့သောအခါ အခန်းထဲ၌ လဲလျောင်းနေသည့် ချီသန့်စင် အဆင့်နှောင်းပိုင်း ကျင့်ကြံသူတစ်ဦးမှာ အားယူ၍ ထိုင်ရန် ကြိုးစားတော့သည်။
"အာ.... နေပါ နေသာသလိုနေ…. ဒါနဲ့ မင်းနာမည်က စုရှောင်လင် မဟုတ်လား"
မိမိ၏ နာမည်ကို လော့ချန် မှတ်မိနေလိမ့်မည်ဟု စုရှောင်လင် တစ်ခါမျှ မထင်ထားခဲ့ပေ။ သူ ဝမ်းသာအားရ ဖြစ်သွားပြီး ခေါင်းကို ဆက်တိုက် ညိတ်လိုက်သည်။
"ဒီတိုက်ပွဲမှာ မင်း တကယ်ကို အားသွန်ခွန်စိုက် ကြိုးစားခဲ့တာပဲ"
လော့ချန်က သူ၏ ပုခုံးကို အသာအယာ ပုတ်ရင်း အသိအမှတ်ပြုလိုက်သည်။ စုရှောင်လင်က “မပြောပလောက်ပါဘူး” ဟု နှိမ့်ချစွာ ပြန်လည်ပြောဆိုနေစဉ်မှာပင် လော့ချန်သည် လက်ကွက်တစ်ခုကို လျင်မြန်စွာ ဖော်လိုက်ပြီး ချီစွမ်းအားများကို စုစည်းကာ မှော်အတတ်တစ်ခုကို တစ်ဖက်လူ၏ ကိုယ်ပေါ်သို့ ပစ်လွှတ်လိုက်သည်။ စုရှောင်လင် ကြောင်အသွားသည်။
သန့်စင်လှသော သစ်သားဓာတ် ချီစွမ်းအားတစ်ခု သူ၏ ကိုယ်ပေါ်သို့ ကျရောက်လာပြီး ဒဏ်ရာများကို အရှိန်အဟုန်ဖြင့် ကျက်သွားစေသည်ကို သူ ခံစားလိုက်ရသည်။
‘ဒါက.... ကုသခြင်းမှော်အတတ်လား…. အဖွဲ့ချုပ်ခေါင်းဆောင်က.... ငါ့ကို ကိုယ်တိုင်ကိုယ်ကျ ကုသပေးနေတာလား’
"ကောင်းကောင်း အနားယူပါ…. လော့ထျန်းအဖွဲ့ဟာ သူ့ရဲ့ အဖွဲ့သားတွေကို ဘယ်တော့မှ ပစ်မထားဘူး…. ဆေးဖော်ခန်းမဆောင်ကနေ လိုအပ်တဲ့ ဒဏ်ရာကုဆေးလုံးတွေ ပို့ပေးလိမ့်မယ်…. မင်းကတော့ အမြန်ဆုံး နေကောင်းအောင်ပဲ အာရုံစိုက်နော်.... နေကောင်းသွားပြီဆိုမှ မင်းကို အရေးကြီးတဲ့ ဝာာဝန်တွေ ပေးမယ်"
စုရှောင်လင် သတိပြန်ဝင်လာချိန်တွင် လော့ချန်မှာ အခန်းထဲမှ လှည့်ထွက်သွားပြီ ဖြစ်သည်။ သူ၏ မျက်ဝန်းများမှာ အနည်းငယ် စိုစွတ်လာသည်။ တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးအနေဖြင့် ဘဝတစ်လျှောက်လုံးတွင် ယခုကဲ့သို့ အရေးတယူ ဂရုစိုက်ခြင်းမျိုးကို တစ်ခါမျှ မခံစားခဲ့ဖူးပေ။ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ကာ သူ အားရပါးရ အော်ဟစ်ပြောလိုက်သည်။
"ဗျိုး.... အဖွဲ့ချုပ်ခေါင်းဆောင်ခင်ဗျ…. ကျွန်တော်မျိုး ခေါင်းဆောင်ကို စိတ်မပျက်စေရပါဘူး....”
အရပ်ရှည်ရှည်နှင့် ထိုလူမှာ ခဏမျှ ရပ်တန့်သွားပြီးနောက် နောက်သို့လှည့်မကြည့်ဘဲ လက်တစ်ချက် ဝေ့ယမ်းပြကာ ထွက်ခွာသွားတော့သည်။
ဤအခန်းမှ ထွက်ခွာပြီးနောက် လော့ချန်သည် နောက်ထပ် ဒဏ်ရာရသူရှိရာသို့ ဆက်လက်သွားရောက်ခဲ့သည်။ သူ့နောက်မှ ကပ်၍ လိုက်ပါလာသော အမျိုးသမီးနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြသည်။
‘လော့ချန်က အဖွဲ့ဝင်တွေရဲ့ စိတ်နှလုံးကို လိုက်သိမ်းပိုက်နေတာပဲ’ ဟု အချင်းချင်း သေချာပေါက် အလိုလိုနားလည်လိုက်ကြသည်။
သူတို့သည် ဘာမျှမမေးမြန်းဘဲ နောက်မှ ကပ်လိုက်ရင်း လော့ချန် ဒဏ်ရာရသူများကို ပြောသမျှ စကားလုံးတိုင်းကို အသေအချာ မှတ်သားလိုက်ကြသည်။ မည်သူသည် နောင်တွင် အရေးကြီးတာဝန် ထမ်းရွက်ရမည်။ မည်သူ့အား ဒဏ်ရာကုသဆေးများ ပေးရမည်။ မည်သူသည် ဒဏ်ရာ ပြင်းထန်လွန်းသဖြင့် နောင်တွင် နေရာပြောင်းရွှေ့ပေးရမည်။ ဤအချက်များမှာ အလွန် အရေးကြီးလှပေသည်။
လော့ချန်သည် ဒဏ်ရာရသူများအပေါ်တွင် ကုသခြင်းမှော်အတတ်ကို ထပ်တလဲလဲ အသုံးပြုနေသည်ကို ကြည့်ရင်း ထိုအမျိုးသမီးနှစ်ဦး၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်း ပြောင်းလဲလာသည်။ ဤသည်မှာ သစ္စာစောင့်သိမှု ရအောင် လုပ်ဆောင်သည့် နည်းဗျူဟာတစ်ခု ဖြစ်လျှင်ပင် စိတ်ရင်းစေတနာပါသည်ကိုတော့ ငြင်းပယ်၍ မရနိုင်ပေ။ လော့ချန်သည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကို သုတ်သင်ခဲ့သူဖြစ်သည် မဟုတ်လော။ ဤမျှလောက်သော အဆင့်အတန်းရှိသူတစ်ဦးက အောက်ခြေလူတန်းစားများကို နှိမ့်ချစွာ ဆက်ဆံနိုင်ခြင်းမှာ အလွန်ပင် ရှားပါးလှသည်။
အကယ်၍ သူတို့သာ လော့ချန်ကဲ့သို့ တစ်နေရာရောက်လာခဲ့ပါက ဤကဲ့သို့ လုပ်ဆောင် နိုင်မည်ဟု အာမ မခံနိုင်ပေ။ သေချာပေါက် မလုပ်နိုင်လောက်ပေ။ အဆင့်မြင့်ကျင့်ကြံသူ အားလုံးနီးပါး မလုပ်နိုင်လောက်ပေ။ အချို့ဆိုလျှင် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းပြီးသည့်အခါ သူငယ်ချင်းများက ‘အကြီးအကဲ’ ဟု မခေါ်မိလျှင်ပင် မကျေမနပ် ဖြစ်တတ်ကြသေးသည်။ လော့ချန်ကဲ့သို့ ဖော်ရွေသောသူမှာ အလွန် ရှားပါးလှပေသည်။ သူသည် အမြဲ ချဉ်းကပ်ရလွယ်ကူပြီး နှိမ့်ချတတ်သူ ဖြစ်သည်။
ဤသို့ဖြင့် မွန်းတည့်ချိန်ရောက်သောအခါတွင်မှ ပင်ပန်းနွမ်းနယ်နေသော လော့ချန်သည် ဒဏ်ရာရသူများကို ကုသပေးခြင်းကို ရပ်တန့်လိုက်တော့သည်။
"ဟင်.... အဖွဲ့ချုပ်ခေါင်းဆောင်၊ အဆင်ပြေရဲ့လား"
စီမာဟွေ့နန်က စိုးရိမ်တကြီး မေးရှာသည်။
ကုသခြင်းမှော်အတတ်ကို အကြိမ်ပေါင်းများစွာ အသုံးပြုခြင်းမှာ ကုသသူကိုပါ ပင်ပန်းနွမ်းနယ်စေနိုင်သည်။ အထူးသဖြင့် လော့ချန်မှာ မကြာသေးမီကမှ အားပြင်းသော မှော်အတတ်ကို အသုံးပြုထားခဲ့ရာ အင်အား အပြည့်အဝ ပြန်မပြည့်သေးမည်မှာ သေချာသလောက်ပင် ဖြစ်သည်။
လော့ချန်က လက်ကို ဝေ့ယမ်းလိုက်ပြီး "ရပါတယ်၊ ငါ တောင့်ခံနိုင်ပါတယ်" ဟု လေသံပျော့ပျော့ဖြင့် ဆိုလိုက်သည်။
သူ တကယ်လည်း တောင့်ခံနိုင်သည်။ ကုသခြင်းမှော်အတတ်၏ ချီစွမ်းအား အသုံးပြုမှုမှာ သိပ်မများလှပေ။ ထို့အပြင် အထွတ်အထိပ်အဆင့်ရှိသော နွေဦးကျင့်စဉ်တွင်လည်း ချီစွမ်းအား အလိုအလျောက် ပြန်လည်ဖြည့်တင်းပေးသည့် အာနိသင် ရှိနေသည် မဟုတ်ပါလော။ အချိန်တိုအတွင်း စွမ်းအား အမြောက်အမြား ထပ်မံ အသုံးမပြုသရွေ့ တဖြည်းဖြည်း ပြန်လည် ပြည့်တင်းနိုင်သည်။ ဆန့်ကျင်ဘက် အနေဖြင့် သူ အတော်လေး ကျေနပ်နေမိသည်။
‘ကုသခြင်းမှော်အတတ်က ပါရမီရှင်အဆင့်ကို ရောက်သွားပြီပဲ….’
အရေးတကြီး စိုးရိမ်စရာ မရှိသလို ဆေးဖော်စပ်ရန်လည်း မလိုသေးသဖြင့် မှော်အတတ်တစ်ခုတည်းကိုသာ အာရုံစိုက် လေ့ကျင့်လိုက်ခြင်းကြောင့် တိုးတက်မှုမှာ ဤမျှ မြန်ဆန်လှပေသည်။
‘ပါရမီရှင်အဆင့် ကုသခြင်းမှော်အတတ်က ဘာတွေများ ထူးခြားလာမလဲ’ ဟု သူသိချင်နေသည်။
နောက်တစ်နေ့ နံနက်တွင် တစ်ညတာ အနားယူပြီးသော လော့ချန်သည် ရှောင်ဟွမ်းတောင်ရှိ ဆိတ်ငြိမ်သော ဂူတစ်ခုသို့ ရောက်ရှိလာခဲ့သည်။ ဤသည်မှာ ကျင့်ကြံရာ ဂူဗိမာန်ပင် ဖြစ်သည်။
"ခေါင်းဆောင်ရေ…."
ရင်းနှီးသော သူတစ်ဦး ထွက်လာသည်။ ထိုသူမှာ ဖုန်းရှပင်ဖြစ်သည်။ သို့သော် သူမ၏ မျက်နှာထက်မှ အမြဲလိုလိုတွေ့ရသည့် တည်ငြိမ်မှုများမှာ ပျောက်ဆုံးနေပြီး ပင်ပန်းနွမ်းနယ်မှုများက အစားထိုးဝင်ရောက်နေသည်။ လော့ချန် သူမအား ခေါင်းညိတ်ပြရင်း အတွင်းသို့ လှမ်းဝင်လာခဲ့သည်။
"မမရှ.... အစ်ကိုတွမ် အခြေအနေ ဘယ်လိုရှိလဲ"
ဖုန်းရှက သက်ပြင်းချရင်း "ဟူး.... အဘွားယွမ် ကုသပေးထားပေမဲ့ သူ့ဒဏ်ရာတွေက အရမ်း ပြင်းထန်လွန်းပါတယ်" ဟု ဆ်ိုသည်။
"ဟမ်.... အခုထိ သတိပြန်မလည်သေးဘူးလား…. အဓိက ဘယ်နေရာတွေ ဒဏ်ရာရထားတာလဲ"
"အင်း.... အပြင် ဒဏ်ရာ ၁၉ ချက် ရှိတယ်…. အဲဒါအပြင် ကိုယ်တွင်းကလီစာတွေလည်း ထိခိုက်ထားတယ်…. ပြီးတော့ သူ့ရဲ့ အကြောထဲမှာ တော်တော်ကြမ်းတမ်းတဲ့ ချီစွမ်းအားတစ်ခုကြောင့်ဖြစ်မယ်…. စွမ်းအား စီးဆင်းမှုတွေ ကမောက်ကမ ဖြစ်နေတယ်ကွယ်"
လော့ချန်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။
‘ဒီစကားတွေက ဘာလို့ ဒီလောက်ရင်းနှီးနေရတာလဲ…. ဩော်…. သတိရပြီ….’
ဟိုးယခင် အဆုံးအဖြတ်စင်မြင့်တွင် ပြိုင်ခဲ့စဥ်ကလည်း တွမ်ဖုန်းသည် ဤကဲ့သို့ အလားတူ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ဖူးလေသည်။ ယခုကြမ်းတမ်းသော ချီစွမ်းအားမှာမူ တွမ်ရွှေ၏ ရေနှင့်မီး ကျင့်ကြံမှုနှင့် ရင်ဆိုင်ရာ၌ ထိခိုက်သွားခြင်း ဖြစ်ရမည်။ ဓာတ်နှစ်မျိုး တွဲဖက်ကျင့်ကြံခြင်းမှာ အဆင့်တက်ရန် ခက်ခဲသော အားနည်းချက်ရှိသော်လည်း တိုက်ပွဲတွင်မူ ကြောက်မက်ဖွယ် ဖျက်ဆီးအားကို ပေးစွမ်းနိုင်သည်။
ထိုအချက်များကြောင့်လည်း တွမ်ချန်ခွန်းသည် တွမ်ရွှေအပေါ် မျှော်လင့်ချက် များစွာ ထားခဲ့ခြင်း ဖြစ်သည်။ တွမ်ရွှေသာ အခြေခံတည်ဆောက်ခြင်းသို့ တက်လှမ်းနိုင်ခဲ့ပါက ရေနှင့်မီးဓာတ်နှစ်မျိုးလုံးကို ကျွမ်းကျင်ပြီး တာဟဲတွင် စိုးမိုးနိုင်လိမ့်မည်ဟု သူ မျှော်လင့်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
"အဆိုးဆုံးကတော့.... သူ့ရဲ့ ဝိညာဉ်အမြုတေပါ ထိခိုက်သွားတာပဲ…. တွမ်ရွှေက ဘယ်လိုနည်းလမ်း သုံးလိုက်လဲ မသိပေမဲ့ သူ့ရဲ့ ဝိညာဉ်ကို ထိခိုက်အောင် လုပ်နိုင်ခဲ့တယ်…. ဒါကြောင့်လည်း သူ သတိပြန်မလည်ဘဲ ဖြစ်နေတာ"
ဖုန်းရှက မျက်ရည်လည်ကာ စိုးရိမ်တကြီး ပြောရှာသည်။
"အဟင့်.... အဘွားယွမ်တောင် ဘာလုပ်ရမှန်း မသိတော့ဘူး…. တွမ်ဖုန်းသာ မကြာခင် နိုးမလာဘူးဆိုရင် သူ ဘယ်တော့မှ နိုးလာတော့မှာ မဟုတ်ဘူး"
"ဟူး.... ဝိညာဉ်အမြုတေ ထိသွားတာလား"
လော့ချန် မျက်မှောင်ကြုတ်လိုက်ပြီး ကျောက်ကုတင်တစ်ခုရှေ့တွင် ရပ်လိုက်သည်။ ထိုအပေါ်တွင် လဲလျောင်းနေသူမှာ တွမ်ဖုန်း ဖြစ်သည်။ သူ၏ ဝတ်ရုံများမှာ သန့်ရှင်းနေပြီး မျက်နှာမှာလည်း စင်ကြယ်နေသည်ကို ကြည့်ခြင်းအားဖြင့် ဖုန်းရှ သူ့အား အသေအချာ ဂရုစိုက်ပေးထားကြောင်း ထင်ရှားလှသည်။
လော့ချန်သည် နတ်မျက်စိမှော်အတတ်ကို အသက်သွင်းကာ သူ့အား စူးစိုက်ကြည့်လိုက်သည်။ တစ်ဖက်လူမှာ ခုခံမှု မရှိသည့် အခြေအနေဖြစ်ရာ တွမ်ဖုန်း၏ ခန္ဓာကိုယ်အတွင်း ပျက်စီးနေမှုများကို သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ဤဒဏ်ရာများကို ဆေးလုံးများဖြင့် ကုသ၍ ရနိုင်သော်လည်း တွမ်ဖုန်းမှာ သတိမေ့နေသဖြင့် ဆေးအာနိသင်ကို ကိုယ်တိုင် မချေဖျက်နိုင်ရာ ထိရောက်မှုမှာ အလွန်နည်းပါးနေသည်။
"အဖွဲ့ချုပ်ခေါင်းဆောင်.... ကျွန်.... မ"
"ခဏလေး.... မလောပါနဲ့…. ကျွန်တော် အရင် ကြိုးစားကြည့်ပါရစေ"
လော့ချန်က တည်ငြိမ်စွာပင် သူ၏ လက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်သည်။ စိမ်းပြာရောင် အလင်းတန်းတစ်ခု သူ၏ လက်ဖဝါးမှ ထွက်ပေါ်လာခဲ့သည်။ သူသည် လက်ဖဝါးကို တွမ်ဖုန်း၏ ဝမ်းဗိုက်ပေါ်သို့ တင်လိုက်သောအခါ ထိုအပြာရောင်အလင်းတန်းများမှာ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားတော့သည်။
ပါရမီရှင်အဆင့် ကုသခြင်းမှော်အတတ်ကို သုံးလိုက်ခြင်းဖြစ်သည်။ လော့ချန် ချီစွမ်းအားများကို အဆက်မပြတ် ထည့်သွင်းပေးနေသည်နှင့်အမျှ တွမ်ဖုန်း၏ ဒဏ်ရာများမှာ သိသိသာသာ အသားနု တက်လာသည်။ စုတ်ပြဲနေသော အသားစများ ပြန်လည် ပေါင်းစပ်သွားခဲ့ပြီး အနာဖေးများမှာလည်း ကွာကျကုန်ကာ ၎င်းတို့အောက်မှ ချောမွေ့သစ်လွင်သော အသားအရေများ ပေါ်ထွက်လာသည်။ ဤသည်ကို မြင်လျှင် ဖုန်းရှမှာ အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရတော့သည်။
"ဒါ.... ဒါက.... ကုသခြင်းမှော်အတတ်လား"
သို့သော် လော့ချန်၏ လုပ်ဆောင်မှုသည် ကုထုံး တစ်ခုထက်ပိုပေသည်။ သူ ပို၍ အားစိုက်လိုက်သောအခါ တွမ်ဖုန်း၏ ကိုယ်တွင်းဒဏ်ရာများမှာလည်း စတင် ကောင်းမွန်လာသည်။ ပျက်စီးနေသော ကိုယ်တွင်းအင်္ဂါများမှာ တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာသည်။ စိမ်းပြာရောင် အလင်းတန်းများ ရောက်ရှိရာ နေရာတိုင်းမှာ နွေဦးမိုးရေ ကျဆင်းသကဲ့သို့ အသက်ဓာတ်များ ပြန်လည် ထွက်ပေါ်လာသည်။
အချိန်အတော်ကြာပြီးနောက် လော့ချန် လက်ကို ပြန်ရုပ်လိုက်သည်။
“ရှူး….”
သူသည် ခန္ဓာကိုယ်အတွင်း စုပြုံနေသော အညစ်အကြေး လေပူများကို ရှူးခနဲ မှုတ်ထုတ်လိုက်ရင်း ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်မိသည်။ ပါရမီရှင်အဆင့်သို့ တက်လှမ်းသွားသော ကုသခြင်းမှော်အတတ်၏ အာနိသင်မှာ မှော်ဆန်လွန်းလှပြီး အမှန်ပင် ထူးခြားဆန်းပြားလှပေသည်။ သာမန် ကုသခြင်းမှော်အတတ်များမှာ အပေါ်ယံ အရေပြားနှင့် အသားစ ဒဏ်ရာများကိုသာ ဖာထေးကုသနိုင်သော်လည်း ကိုယ်တွင်းအင်္ဂါ ဒဏ်ရာများအတွက်မူ သိသာသော အကျိုးသက်ရောက်မှု မရှိလှပေ။
အတိတ်ကို ပြန်ပြောင်းသတိရလျှင် သူ ဖူကျန်းကို သုတ်သင်စဉ်က အဆုတ်တွင် ပြင်းထန်သော ဒဏ်ရာ ရရှိခဲ့ဖူးသည်။ ထိုစဉ်က ကုသခြင်းမှော်အတတ်ကို အကြိမ်ကြိမ် အသုံးပြုခဲ့သော်လည်း နာလန်ထူရန် ၁၅ ရက် ကျော်မျှ အချိန်ယူခဲ့ရသည်။ သို့သော် ယခုမူ ပါရမီရှင်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်ရာ ထိုကဲ့သို့ ပြင်းထန်သော ဒဏ်ရာမျိုးကိုပင် တစ်ရက်တည်းနှင့် အမြစ်ပြတ်အောင် ကုသနိုင်မည်ဟု သူ အပြည့်အဝ ယုံကြည်နေပြီဖြစ်သည်။
သို့သော် ဤအတတ်တွင်လည်း ကျော်လွှား၍မရနိုင်သော အကန့်အသတ်တစ်ခုတော့ ရှိနေဆဲပင်ဖြစ်သည်။
"ဝိညာဉ်အမြုတေ ထိခိုက်သွားတာကို ကုသဖို့ဆိုတာကတော့ ဒီလောက် မလွယ်ကူဘူး...."
လော့ချန်၏ မျက်နှာထက်ဝယ် တွန့်ဆုတ်သွားသော အရိပ်အယောင်အချို့ ပေါ်လွင်လာသည်။ အကယ်၍သာ သူ့လက်ထဲတွင် ဒဏ္ဍာရီလာ ဝိညာဉ်ပြုစုဆေးလုံး ရှိနေခဲ့လျှင် ဤသည်မှာ အထွေအထူး ပြောနေစရာပင် မလိုတော့ပေ။ သို့သော် ဝိညာဉ်ပြုစုဆေးလုံးဆိုသည်မှာ တတိယအဆင့်ရှိ အဆင့်မြင့်ဆေးလုံးတစ်မျိုးဖြစ်ရာ ဤမျှ ဝေးလံခေါင်သီသော ဒေသမျိုးတွင် သူ အဘယ်မှာ သွားရောက် ရှာဖွေနိုင်ပါအံ့နည်း။
လော့ထျန်းအဖွဲ့တစ်ခုလုံး၏ အရင်းအမြစ်များကို ပုံအောအသုံးချလျှင်ပင် ဤကဲ့သို့ အဖိုးဖြတ်မရသော ဆေးလုံးမျိုးကို ရရှိရန်မှာ ကောက်ရိုးပုံထဲ အပ်ရှာသကဲ့သို့ ခက်ခဲလှပေလိမ့်မည်။
‘ဒါပေမဲ့ နောက်ထပ် နည်းလမ်းတစ်ခုတော့ ရှိနိုင်သေးတယ်’
လော့ချန်၏ လက်ကောက်ဝတ်မှာ လှုပ်ရှားသွားပြီး ဖြူဖွေးသော ဆေးလုံးတစ်လုံး သူ၏ လက်ချောင်းများကြားတွင် ထွက်ပေါ်လာသည်။
"ဟင်.... ဒါက ဘာလေးလဲဟင်" ဟု ဖုန်းရှက အံ့ဩစွာဖြင့် မေးလိုက်သည်။
လော့ချန်က သူမကို သေချာစွာ ကြည့်ကာ ပြောလိုက်သည်။
"ဒီဆေးလုံးက ဒဏ်ရာတွေကို မကုနိုင်ဘူး…. ဒါပေမဲ့ ဝိညာဉ်ကို သန်မာစေတယ်.... အမှန်အတိုင်းပြောရရင် တွမ်ဖုန်းရဲ့ ဝိညာဉ် ထိခိုက်သွားတာကို ကျွန်တော်လည်း မကုနိုင်ဘူး…. လော့ထျန်းအဖွဲ့မှာလည်း ကုနိုင်တဲ့သူ မရှိဘူး.... ဒါပေမဲ့ ဝိညာဉ်ကို ကုသလို့မရရင်တောင် ဝိညာဉ်ကို သန်မာအောင်တော့ လုပ်ပေးလို့ ရတယ်...."
ဖုန်းရှက အံ့သြတုန်လှုပ်စွာ အော်လိုက်သည်။
"အား.... ဒါက အဖျားကြီးနေတဲ့လူကို အားဆေးအပြင်းစား တိုက်သလိုမျိုး မဟုတ်ဘူးလား"
လော့ချန်က ခေါင်းညိတ်ပြလိုက်သည်။ သူ့လက်ထဲမှ ဆေးလုံးလေးသည် သူကိုယ်တိုင် ပင်ပင်ပန်းပန်း ဖော်စပ်ထားသည့် ချီလမ်းကြောင်းဆေးလုံးပင် ဖြစ်သည်။ ၎င်းသည် ဝိညာဉ်ကို သန်မာစေနိုင်စွမ်းရှိပြီး အထူးသဖြင့် ပထမဆုံးအကြိမ် သုံးစွဲချိန်တွင် အာနိသင် မှာ အမြင့်ဆုံး ဖြစ်သည်။ သို့သော် ဤဆေးလုံးမှာ လူကို အိပ်မက်ထဲသို့ ဆွဲခေါ်သွားသည့် အစွမ်းလည်း ရှိနေသည်။ အကယ်၍ အိပ်မက်ထဲတွင် နစ်မြုပ်သွားပြီး ပြန်မနိုးလာနိုင်ပါက ဝိညာဉ်သန်မာလာရန် မပြောနှင့်၊ အိပ်မက်ထဲတွင်ပင် လုံးဝ ပျောက်ဆုံးသွားနိုင်ကာ မနိုးထလာနိုင်သည့် အန္တရာယ်ပင် ရှိသေးသည်။
လော့ချန်ကိုယ်တိုင်ပင်လျှင် ဤဆေးကို သောက်သုံးတိုင်း အလွန် သတိထားရလေ့ရှိသည်။ သောက်သုံးပြီးနောက်တွင်လည်း ဝိညာဉ်မတည်မငြိမ် မဖြစ်စေရန် စိတ်ဝိညာဉ်ခြောက်ခြားခြင်း မှော်အတတ်ကို သုံးကာ ဆေးအာနိသင်ကို ချေဖျက်ရလေ့ရှိသည်။ စင်စစ်မူ တွမ်ဖုန်းမှာ ချီလမ်းကြောင်းဆေးလုံးကို သောက်ရန် သင့်တော်သော အခြေအနေတွင် ရှိမနေပေ။
သို့သော်လည်း လောကတွင် စကားပုံတစ်ခု ရှိသည် မဟုတ်ပါလော။ "သေလုမြောပါး ဖြစ်နေသော မြင်းအိုကိုပင် အသက်ရှင်နေသည့် မြင်းတစ်ကောင်ကဲ့သို့ သဘောထားကာ အစွမ်းကုန် ကုသရမည်" ဟူ၍ပင်။
နောက်ထပ် ဆိုရိုးစကားတစ်ခု ရှိသည်မှာမူ “ရောဂါရင့်လျှင် ဆေးပြင်းပြင်းဖြင့် နှိမ်ရမည်" ဟူ၍ မည်၏။
ယခုအခြေအနေတွင် တွမ်ဖုန်း၏ ဝိညာဉ်အနှစ်သာရမှာ ဖရိုဖရဲ ပျက်စီးနေပြီဖြစ်ရာ သာမန်ကုထုံးများဖြင့် မည်သို့မျှ မတတ်နိုင်တော့ချေ။ ထို့ကြောင့်ပင် လော့ချန်သည် ဘေးထွက်ဆိုးကျိုး ကြီးမားနိုင်သော်လည်း အာနိသင် ပြင်းထန်လှသည့် နည်းလမ်းဟောင်းကိုသာ ထုတ်သုံးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
"အင်း.... ဝိညာဥ်ဒဏ်ရာအပြင်းစားကို မကုနိုင်ရင်တောင် ကျန်နေတဲ့ စွမ်းအားကို သန်မာအောင် လုပ်ပေးတာက လမ်းစတစ်ခု ဖြစ်နိုင်တယ်.... ဒီလောကမှာ မမရှက သူ့အတွက် အရင်းနှီးဆုံးလူပဲလေ၊ ဒါကို သူ့ကို တိုက်သင့်၊ မတိုက်သင့်ကတော့ မမရှအပေါ်မှာပဲ မူတည်တယ်.... ကဲ.... ဒီတော့ မမရှပဲ ဒီဆုံးဖြတ်ချက်ကို ချရတော့မှာ ပဲ.... ရော့ ဆေးလုံး၊ မမရှပဲ သင့်တော်သလို ဆုံးဖြတ်လိုက်ပါတော့...."
သူသည် ပြောပြောဆိုဆို ချီလမ်းကြောင်းဆေးလုံးလေးအား ဖုန်းရှ၏ လက်ထဲသို့ အသာအယာ ထည့်ပေးလိုက်သည်။ ဆေးလုံးကို ဂရုတစိုက်ကိုင်ထားရင်း ဖုန်းရှ၏ လက်များမှာ အနည်းငယ် တုန်ရီနေရှာသည်။ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် သူမ ခါးသီးစွာ ပြုံးလိုက်သည်။
"တွမ်လေးရဲ့ စရိုက်အတိုင်းသာဆို.... သေချာပေါက် ဒါကိုသောက်ဖို့ပဲ ရွေးချယ်မှာပါ"
"ကောင်းပါပြီ မမရှ.... ဒါဆိုလည်း ကံကြမ္မာအတိုင်းပဲ ဖြစ်ပါစေတော့"
ဤတစ်ကြိမ်တွင် ဖုန်းရှသည် တွန့်ဆုတ်မနေတော့ချေ။ သူမသည် လော့ချန်ထက်ပင် ပို၍ ပြတ်သားကာ ချီလမ်းကြောင်းဆေးလုံးကို တွမ်ဖုန်း၏ ပါးစပ်ထဲသို့ ချက်ချင်း ထည့်ပေးလိုက်သည်။ ဤသည်ကို မြင်လျှင် လော့ချန် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ၏ လက်ဖဝါးတွင် စိမ်းပြာရောင်အလင်းတန်းများကို နောက်တစ်ကြိမ် အသက်သွင်းလိုက်သည်။
“အစ်ကိုတွမ်ရေ.... အခုကစပြီးတော့ ခင်ဗျားကံ အပေါ်မှာပဲ မူတည်တော့မယ်”
စိမ်းပြာရောင် အလင်းတန်းမှာ တွမ်ဖုန်း၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားပြီး ချီလမ်းကြောင်းဆေးလုံး၏ ဆေးစွမ်းများကို လှုံ့ဆော်ပေးလိုက်သည်။ မျက်စိရှေ့မှာတင် တွမ့်ဖုန်း၏ မျက်ခွံအောက်ရှိ မျက်လုံးများမှာ တစ်ချက် လှုပ်ရှားသွားတော့သည်။
သေမင်းနှင့် လောင်းကြေးထပ်ထားသော ဝင်္ကပါအိပ်မက်ကမ္ဘာတစ်ခု စတင်အသက်ဝင်နေပြီဖြစ်သည်။