← Chapters

အခန်း (၂၇၃-၂၇၄)

Vol. 28 Ch. 273-274

အခန်း (၂၇၃-၂၇၄)

Vol. 28 Ch. 273-274

အခန်း (၂၇၃) - အထွတ်အထိပ်အဆင့် အံ့ဖွယ်တစ်သောင်းဆေးလုံးနှင့် လော့ချန်၏ တိမ်မြုပ်နေသော ဆန္ဒများ

တွမ်ဖုန်းမှာ သတိပြန်လည်လာခဲ့ပြီ ဖြစ်သည်။ ထိုသို့ နိုးကြားလာရန် ကြာမြင့်ချိန်မှာ လက်ဖက်ရည် နှစ်ခွက်သောက်စာမျှသာ ရှိသဖြင့် ၎င်းမှာ လော့ချန်ကိုယ်တိုင် ထိုအခြေအနေကို ဖြတ်ကျော်ခဲ့စဉ်ကထက် ငါးမိနစ်မျှပင် ပို၍ စောနေသေးသည်။

ထိုသို့ စောစီးစွာ နိုးထလာခြင်းမှာ သူသည် ချီလမ်းကြောင်းဆေးလုံးထံမှ ဝိညာဉ်ကုသရေးအတွက် ကောင်းကျိုးများကို ထိရောက်စွာ မရရှိခဲ့ခြင်းပင် ဖြစ်သည်။ သို့ရာတွင် ထိုအချက်မှာ အဓိကပြဿနာ မဟုတ်ဘဲ သူ၏ သေမင်းတံခါးဝမှ ပြန်လည်နိုးထလာခြင်းကသာ အရေးအကြီးဆုံး ဖြစ်ပေသည်။ နိုးလာသည့်အချိန်တွင် သူ၏ အခြေအနေမှာ အလွန်အမင်း အားအင်ချည့်နဲ့နေပြီး အိပ်မက်၏ ဝေဒနာရိပ်များကြားတွင် မိန်းမောတွေဝေနေဆဲ ဖြစ်ပုံရသော်လည်း သူ အသက်ရှင်လျက် နိုးထလာခြင်းကပင် လွန်စွာ ကောင်းမွန်သော နိမိတ်လက္ခဏာ ဖြစ်သည်။

လော့ချန်မှာမူ ထိုနေရာ၌ ကြာရှည်စွာ ဆက်မနေတော့ဘဲ ဖုန်းရှနှင့် တွမ်ဖုန်းအတွက် လွတ်လွတ်လပ်လပ်ရှိစေရန် အလိုက်သိစွာ ထွက်ခွာလာခဲ့သည်။ သူ့အတွက်မူ တစ်ခဏမျှ အနားယူရန်ပင် အားလပ်ချိန်မရှိဘဲ အလုပ်များနေခဲ့သည်။ သာမန်လောကီကိစ္စရပ်များဖြင့် မဟုတ်ဘဲ ကျင့်ကြံခြင်းလမ်းစဉ်၌သာ အချိန်အပြည့် နှစ်မြှုပ်ထားခြင်းဖြစ်သည်။ နေ့စဉ်ပြုမြဲ ကျင့်စဉ်များကို ပုံမှန်လုပ်ဆောင်ရုံသာမက အမျိုးမျိုးသော မှော်အတတ်များ၏ ကျွမ်းကျင်မှုအဆင့်ကိုလည်း မနားမနေ မြှင့်တင်နေရသည်။

နတ်ဒေဝါပျားရည်၏ တိုးတက်မှုမှာ ရပ်တန့်နေဆဲဖြစ်ရာ ထိုအခြေအနေကို ပြောင်းလဲရန် လိုအပ်နေသည်မှာ မြေကြီးလက်ခတ်မလွဲပင်။ ကုသခြင်းမှော်အတတ်မှာ ပါရမီရှင်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း အထွတ်အထိပ်အဆင့်သို့ ရောက်ရန်မှာ ဝေးကွာနေသေးသဖြင့် ၎င်းကို ခေတ္တဘေးဖယ်ထားလိုက်သည်။ ယခုအခါ သူ၏ အဓိက အာရုံစိုက်မှုမှာ အသံလုံအတားအဆီး မှော်အတတ်ပေါ်တွင်သာ ဖြစ်သည်။ အလွန်လက်တွေ့ကျသော ဤမှော်အတတ်မှာ အခြေခံအဆင့်သို့ ရောက်ရှိနေသည်မှာ ကြာပြီ ဖြစ်သော်လည်း အသုံးနည်းသဖြင့် ကျွမ်းကျင်မှုမှာ ၈၁/၁၀၀ တွင်သာ တန့်နေခဲ့သည်။ ထိုမှော်အတတ်ကို လေ့ကျင့်ယူရန်မှာမူ ခက်ခဲသော ကိစ္စမဟုတ်ကြောင်း သူ ဆင်ခြင်မိသည်။

ထို့ကြောင့်ပင် နောက်ရက်များအတွင်း လော့ထျန်းအဖွဲ့ရှိ ကျင့်ကြံသူများသည် ထူးဆန်းသော ဖြစ်ရပ်တစ်ခုကို သတိပြုမိလာကြသည်။ အဖွဲ့ချုပ်ခေါင်းဆောင်သည် တစ်စုံတစ်ယောက်နှင့် စကားပြောဆိုတိုင်း အသံလုံအတားအဆီးကို အလျင်ဦးစွာ အသက်သွင်းလေ့ရှိခြင်းပင် ဖြစ်သည်။ အစပိုင်းတွင် လူတိုင်းက ဤသည်မှာ သူလျှိုများ နားမထောင်နိုင်စေရန် အလွန်လျှို့ဝှက်သော ကိစ္စရပ်များကို ဆွေးနွေးရန်ဟု ထင်မှတ်ခဲ့ ကြသည်။ သို့သော် လော့ချန်နှင့် စကားပြောပြီး ပြန်ထွက်လာသူတိုင်းမှာ ဇဝေဇဝါဖြင့် ကြောင်တောင်တောင် ဖြစ်နေကြရသည်။

အကြောင်းမှာ သူ မေးမြန်းသမျှက သာမန် နေ့စဉ်လူနေမှုဘဝ ကိစ္စရပ်များသာ ဖြစ်သောကြောင့်ပင်ဖြစ်သည်။

"ဘယ်လိုလဲဟေ့.... ဒဏ်ရာတွေ ပြန်ကောင်းလာပြီလား.... အဆင်ပြေရဲ့လား"

"မင်းရော.... ရှောင်ဟွမ်းတောင်မှာ နေထိုင်ရတာ အသားကျရဲ့လား.... အခက်အခဲ မရှိဘူးမလား"

"အေးကွ.... ကျင့်ကြံတဲ့အချိန် အခက်အခဲ ရှိရင်လည်းပြော…. ငါ သိသလောက် လမ်းညွှန်ပေးမယ်”

သူတို့အားလုံး ဇဝေဇဝါ ဖြစ်နေကြသော်လည်း အမှန်တရားတစ်ခုကိုမူ ငြင်းဆန်၍ မရချေ။ အဖွဲ့ချုပ်ခေါင်းဆောင်၏ ထိုကဲ့သို့ အသေးစိတ် ဂရုစိုက်မှုများကြောင့် သူတို့ကိုယ်သူတို့ တကယ်တမ်း အရေးပါသော စစ်သည်တော်များဖြစ်သည်ဟု လေးနက်စွာ ခံစားလာရသည်။ အချို့ဆိုလျှင် ပုံမှန်အားဖြင့် ထုတ်မပြောဝံ့သော ကိုယ်ရေးကိုယ်တာ ကိစ္စများကိုပင် ရင်းရင်းနှီးနှီး ရင်ဖွင့်လာကြသည်။

ကျန်းဝမ် မှာလည်း ထိုအထဲမှ တစ်ဦးပင် ဖြစ်သည်။

"မိတ်ဆွေကျန်း.... ဒီမှာပဲ အခြေချတော့မလားဗျ"

"အေးကွာ.... ငါလဲ အဲဒါပဲ စဥ်းစားနေတာ.... ဒီမှာနေရတာလဲ အဆင်ပြေတယ်ဆိုတော့ တခြားဘယ်နေရာမှာ သွားချင်စိတ်မပေါ်ဘူးကွ”

"အဟား.... မိတ်ဆွေကျန်းအကြောင်း ကျွန်တော်မသိဘူး မထင်ပါနဲ့လေ.... ကဲ မှန်မှန်ပြော…. ဒီတခေါက်ရော ဘယ်မိန်းမလှလေးကို ချိန်ထားပြန်ပြီလဲ...."

"အဟဲ.... မင်းက တဲ့တိုးမေးတော့လဲ အဖြေရှိရတော့မှာ‌ပေါ့.... မင်း ဆေးဝါးခန်းမဆောင်က ရှို့ကုကို သိတယ်မလား…. သူလေးက စိတ်နှလုံးဖြူစင်သလို ဒီကောင်ကြီးရဲ့အတိတ်က မိုက်ပြစ်တွေလဲ နားလည်ခွင့်လွှတ်ပေးရှာတယ်…. ဟီးဟီး.... သူလေးက ငါတွဲခဲ့သမျှထဲမှာ နားလည်မှုအရှိဆုံး မိန်းကလေးကွ...."

"ဒါဆိုရင်လည်း ယူလိုက်ကြလေဗျာ.... တာအိုထုံးတမ်းနဲ့အညီ ခမ်းခမ်းနားနား တင့်တောင်းတင့်တယ် လက်ထပ်လိုက်ကြပေါ့ဗျ၊ ခင်ဗျားအတည်ယူဖို့တော့ စိတ်ကူးရှိပါတယ်နော်.... တကယ်သေချာပြီဆို မင်္ဂလာပွဲကို ကျွန်တော် တာဝန်ယူပေးပါ့မယ်"

"အာ.... အဲလိုအကျယ်ချဲ့ဖို့က ငါ့အတွက်သိပ်များမနေဘူးလား.... ငါက အကျဥ်းချုပ်လောက်ပဲ လုပ်မလားလို့လေ…. ခင်တဲ့မင်တဲ့ အရင်းအချာတွေလောက်ပဲ အရက်ဖိတ်တိုက်မလို့ စဥ်းစားနေတာ...."

"အလိုဗျာ.... အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းပါနဲ့…. လော့ထျန်းအဖွဲ့ ဒီကို ပြောင်းလာတာ မကြာသေးဘူး ဆိုတော့ စည်စည်ကားကားလေးဖြစ်အောင် ပွဲတစ်ခုလုပ်ဖို့ လိုကို လိုနေတာ…. ဒီမင်္ဂလာပွဲနဲ့ လော့ထျန်းရဲ့ ဂုဏ်ပြုပွဲကို တစ်ပြိုင်တည်း လုပ်ကြတာပေါ့.... မကောင်းဘူးလား...."

ကျန်းဝမ်မှာ ထိုစကားကြောင့် အလွန်အမင်း ဝမ်းသာကြည်နူးသွားရသည်။ ရှို့ကုက သူ၏ အတိတ်ကို စိတ်မထားသော်လည်း သူကိုယ်တိုင်မှာမူ သူမ၏ ပေးဆပ်အနစ်နာခံမှုနှင့်စာလျှင် မထိုက်တန်သလို ခံစားနေခဲ့ရခြင်း ဖြစ်သည်။ အကယ်၍ သူတို့သာ ခမ်းနားထည်ဝါသော လက်ထပ်ပွဲ အခမ်းအနားတစ်ခု ကျင်းပနိုင်ပါက ၎င်းမှာ အပျော်ရွှင်ရဆုံး အချိန်အခါလေးတစ်ခု ဖြစ်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

လော့ချန်က စီမာဟွေ့နန်အား လိုအပ်သည်များ စီစဉ်ရန် အသေးစိတ်ညွှန်ကြားလေသည်။ စီမံခန့်ခွဲရေးမှုးသည် ပွဲအတွက် အားချင်းစီစဥ်ရန် လက်အောက်ငယ်သားများကို အသီးသီးလုပ်ငန်းဆောင်တာများအတွက် ချက်ချင်း စေလွှတ်လိုက်တော့သည်။ လော့ထျန်းအဖွဲ့အနေဖြင့်လည်း ခမ်းနားသော ဂုဏ်ပြုပွဲတစ်ခု အမှန် တကယ် လိုအပ်နေသည်။ ဤနေရာ ရှောင်ဟွမ်းတောင်ပေါ်၊ တွမ်မျိုးနွယ်စု၏ နေရာဟောင်းပေါ်မှာပင် ဂုဏ်ပြုပွဲကို ကျင်းပရပေမည်။

ညွှန်ကြားချက်အားလုံး ပေးပြီးနောက် လော့ချန်သည် ကန်ငယ်လေးရှိရာသို့ တစ်ဦးတည်း ဆိတ်ငြိမ်စွာ လျှောက်လာခဲ့သည်။ ၎င်းမှာ ကန်ငယ်လေး တစ်ဖြစ်လဲ ဧရာမကျင်းနက်ကြီးပင် ဖြစ်သည်။ သူကိုယ်တိုင် ဖောက်ခွဲလိုက်သော ဧရာမ ကျင်းကြီးမှာ တစ်လကြာအောင် ရွာသွန်းခဲ့သော နွေဦးမိုးရေများကြောင့် မသိလိုက်မသိဘာသာ ရေကန်တစ်ခု ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

လော့ချန် လက်တစ်ချက် ဝေ့ယမ်းလိုက်ရာ ထိုနေရာကို စောင့်ကြပ်နေသော ကျင့်ကြံသူများသည် တိတ်ဆိတ်စွာ ဆုတ်ခွာသွားကြသည်။ ထို့နောက် သူသည် ကန်အတွင်းသို့ ငုပ်လျှိုးဝင်သွားကာ ပိတ်ဆို့ထားသော ဂူပေါက်ဝသို့ ရောက်ရှိသွားသည်။ တစ်လမျှ ကြာမြင့်ခဲ့ပြီဖြစ်ရာ အခြေအနေမှာ ပြီးမြောက်လောက်ပြီဟု သူ တွေးဆလိုက် သည်။ တွန့်ဆုတ်မနေဘဲ သူသည် ပိတ်ဆို့ထားသောအစီအရင်ကို ဖွင့်လိုက်ပြီး အတွင်းသို့ လှမ်းဝင်လိုက်သည်။ သူ ဝင်လိုက်သည်နှင့် သွေးနီရောင်လွှမ်းသော မျက်လုံးအစုံက သူ့ကို စိုက်ကြည့်လာသည်။

“ဝူး.... ဖုန်း"

သတိပေးချက်မရှိဘဲ လက်သီးတစ်ချက်က သူ့ထံသို့ လေထုကို ဆွဲဖြဲလျက် ပေါက်ကွဲထွက်လာသည်။ လော့ချန်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး မျက်ဝန်းများတွင် ဝိညာဉ်အလင်းတန်းများ လက်ခနဲ ဖြစ်သွားကာ စိတ်ဝိညာဉ်ခြောက်ခြားခြင်း မှော်အတတ်ကို ချက်ချင်း အသက်သွင်းလိုက်သည်။

"အလိုလေးဗျာ.... အစ်ကိုဝမ်ရဲ့…. ကျွန်တော်ပါဗျ၊ စိတ်ကို ထိန်းစမ်းပါဦး…."

လက်သီးကြီးမှာ လော့ချန်၏ မျက်နှာရှေ့တည့်တည့်တွင် ရပ်တန့်သွားကာ ၎င်း၏ အရှိန်အဟုန်ကြောင့် လော့ချန်၏ ဆံပင်ရှည်များပင် လွင့်ထွက်သွားရသည်။ ဝမ်ယွမ်မှာ တွန့်ဆုတ်သွားပြီး သူ၏ မျက်လုံးများထဲမှ နီမြန်းမှုများမှာ တဖြည်းဖြည်း မှေးမှိန်သွားတော့သည်။

"အား.... ငါ.... ငါ တောင်းပန်ပါတယ်...."

လော့ချန်သည် အောင့်ထားသော အသက်ကို မှုတ်ထုတ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ “အစ်ကိုဝမ် ဘယ်လိုဖြစ်ရတာလဲ…. ကျဆုံးသွားတာလား….” ဟု မေးမြန်းလိုက်သည်။

တွင်းနက်အဆုံးရှိ အနက်ရှိုင်းဆုံးနေရာတွင် တွမ်ချန်ခွန်း၏ ခြောက်ကပ်နေသော အလောင်းမှာ ထောင့်တစ်နေရာ၌ အသက်မဲ့စွာ လဲကျနေပြီး စွမ်းအင်များ လုံးဝ ကုန်ခမ်းနေပြီ ဖြစ်သည်။

တစ်ဖက်တွင်လည်း ဝမ်ယွမ်၏ စွမ်းအင်မှာ ထူးဆန်းစွာ မတည်မငြိမ် ဖြစ်နေသည်ကို သူ မြင်တွေ့ရသည်။ ၎င်းမှာ အလွန်အမင်း သန်မာနေသလို တစ်ခါတစ်ရံတွင်လည်း အလွန်အမင်း အားနည်းနေပြန်သည်။ ခဏတာတွင် အခြေခံ တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဦး၏ စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသော်လည်း နောက်တစ်စက္ကန့်တွင် ချီသန့်စင်အဆင့် ၉ သို့ ပြန်ကျသွားသည်။

ထို့အပြင် သူ၏ အသိစိတ်မှာလည်း ရှုပ်ထွေးနေပုံရသည်။ ‘ကျရှုံး’ ဆိုသော စကားလုံးကို ကြားလိုက်ရချိန်တွင် ဝမ်ယွမ် သူ၏လက်နှစ်ဖက်ဖြင့် မျက်နှာကို အုပ်ကာ ဟီးခနဲ ငိုချလိုက်ပြီး အရူးပမာ ငိုကြွေးနေတော့သည်။ ထို့နောက် ရုတ်တရက် အော်ဟစ်လိုက်သည်။

“အား.... ငါ ဘယ်လိုလုပ် ကျရှုံးရမှာလဲ၊ ငါ မကျရှုံးနိုင်ဘူး….”

သူသည် သွေးရူးသွေးတန်းအာခေါင်ခြစ်ကာ အော်ဟစ်ရင်း သူ၏ ငိုသံသည် တွင်းနက်ကြီးထဲတွင် တုန်ခါနေတော့သည်။

ဝမ်ယွမ်၏ နာကျင်မှုကို မြင်လျှင် လော့ချန် တွန့်ဆုတ်မနေတော့ချေ။ သူသည် စိတ်ဝိညာဉ်ခြောက်ခြားခြင်း မှော်အတတ်ကို တစ်ကြိမ်ပြီးတစ်ကြိမ် ဆက်တိုက် အသုံးပြုလိုက်သည်။ ဝိညာဉ်ကို ထုတ်ယူရန် သုံးခြင်းမဟုတ်ဘဲ ဝမ်ယွမ်၏ ဖရိုဖရဲဖြစ်နေသော အခြေအနေကို နှိမ်နင်းရန်အတွက်သာ သုံးခြင်း ဖြစ်သည်။ ဤသည်မှာ ဝမ်ယွမ်ကို စိတ်ပြန်လည် တည်ငြိမ်လာစေရန် ကူညီပေးရုံသာ ဖြစ်သည်။

အချိန်အတော်ကြာပြီးနောက် ဝမ်ယွမ်သည် အရက်အိုးကို ကိုင်ကာ တစ်ကျိုက်တည်းနှင့် ကုန်အောင် သောက်လိုက်သည်။ လော့ချန်၏ ရှုပ်ထွေးနေသော မျက်နှာအမူအရာကို ကြည့်ကာ သူ ခါးသီးစွာ ပြုံးလိုက်သည်။

"အာ.... ကောင်းလိုက်တဲ့အရက်ကွာ…. ဟင်း.... ဟင်း.... မင်းမြင်တဲ့အတိုင်း ငါရှုံးနိမ့်သွားပြီကွ…. ငါ အရမ်း လောမိသွားတာပဲ"

စင်စစ်တွင်မူ ကျင့်ကြံခြင်း လမ်းကြောင်းပေါ်တွင် ဝမ်ယွမ်သည် မဆုတ်မနစ် ရှေ့သို့ တက်လှမ်းခဲ့ပြီး မည်သည့် အဟန့်အတားကိုမျှ မကြုံခဲ့ရပေ။ သူ၏ တိုးတက်မှုမှာ အလွန်လျင်မြန်လှသဖြင့် စနစ်တစ်ခုကို ပိုင်ဆိုင်ထားသကဲ့သို့ ဖြစ်နေသော လော့ချန်နှင့်ပင် ရင်ဘောင်တန်းနိုင်လုနီးပါး ရှိခဲ့သည်။ အထူးသဖြင့် ရှောင်ဝူရန်၏ သွေးလမ်းစဉ်အတတ်များကို ရရှိပြီးနောက် ၎င်းတို့ကို သူ၏ ကိုယ်ခန္ဓာ ကျင့်စဉ်များနှင့် ချောမွေ့စွာ ပေါင်းစပ်နိုင်ခဲ့ရာ သူ၏ တိုးတက်မှုမှာ အလွန်ပင် လွယ်ကူနေခဲ့သည်။ သို့သော် မိုးမြေစွမ်းအားလုယူခြင်း အစီအရင်တွင်မှ အရာရာ လွဲချော်သွားခဲ့ရသည်။

"အေးကွာ.... နောက်ဆုံးတော့ ငါဟာ အစီအရင်တွေအပေါ် နားလည်မှု အားနည်းခဲ့တာပဲ၊ ချီစွမ်းအား လုယူနိုင်တဲ့ အာနိသင်ကိုပဲ မက်မောမိပြီး အခြေခံလိုအပ်ချက်ကို လျစ်လျူရှုမိခဲ့တယ်"

ဝမ်ယွမ်၏ လေသံမှာ ခြေကုန်လက်ပန်း ကျနေပြီး နောင်တရနေခြင်းမှာ ထင်ရှားနေသည်။

"မင်းစဥ်းစားကြည့်လေ.... ရွှေအမြုတေအဆင့် ကျင့်ကြံသူကြီးတွေတောင် ဒီအစီအရင်ကို အသက်သွင်းဖို့ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားကို ငှားယူကြရတာ၊ သောက်သုံးမကျတဲ့ ငါကတော့ ရာစုနှစ်တစ်ခုစာလောက် ခိုင်မာအောင် တည်ဆောက်ထားတဲ့ ကျင့်ကြံသူဆီက တာအိုအခြေခံကို လုယူဖို့ ငါ့ရဲ့ ကိုယ်ခန္ဓာကိုပဲ ကြားခံအဖြစ် သုံးဖို့ မိုက်မိုက်မဲမဲ ကြိုးစားခဲ့မိတယ်"

လော့ချန်သည် သူ၏ရှေ့တွင် ရပ်ကာ ငုံ့ကြည့်နေသည်။ ဝမ်ယွမ်၏ လက်မောင်းနှင့် ခြေထောက်များတွင် ထူထဲသော သံခြေကျင်း၊ လက်ကျင်းများကို တင်းကျပ်စွာ ခတ်ထားသည်ကို သူ မြင်တွေ့ရသည်။ ၎င်းမှာ ဝမ်ယွမ်ကိုယ်တိုင် ပြုလုပ်ထားခြင်း ဖြစ်သည်။ သူ သုံးထားသော ကွင်းများမှာ သူ ကိုယ်တိုင် ရယူထားသော ဟန်ကျန်း သံကွင်းများပင် ဖြစ်သည်။

လော့ချန်၏ အမြင်တွင်မူ ဤ သံကြိုးများ ခတ်ထားသောလုပ်ရပ်မှာ လက်တွေ့မဆန်ပေ။ အလွယ် ဖြစ်သလိုလုပ်ထားခြင်းနှင့် တူနေသည်။ အကြောင်းမူ အကယ်၍ ဝမ်ယွမ်သာ အမှန်တကယ် ထွက်ပြေးချင်ပါက ဤသံကြိုးများမှာ သူ့အား လုံးဝ တားဆီးနိုင်မည် မဟုတ်ချေ။

"ကိုင်း.... ပြောစမ်းဗျာ…. ခု အစ်ကိုဝမ် ရှင်းစမ်းပါဦးဗျာ၊ ဘယ်ကနေဘယ်လိုဖြစ်ကုန်တာလဲ...."

ဝမ်ယွမ်က ခေါင်းမော့လိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ဆိုသည်။

"ဟ.... မင်းအမြင်ပဲလေ၊ ငါဆိုတဲ့ကောင်က ဒုတိယအဆင့် ခန္ဓာကိုယ်ကျင့်ကြံခြင်းရဲ့ ကြံ့ခိုင်မှု ရှိနေသေးတာမှန်တယ်…. ဟက်.... ဒါပေမယ့် ငါ့ရဲ့ မသေမျိုးကျင့်ကြံခြင်း လမ်းစဉ်ကတော့ သောက်တလွဲတွေဖြစ်သွားပြီ…. အခု ငါ့စွမ်းအားတွေက ဘယ်လိုမှ ပြန်စုစည်းလို့မရတော့ဘူး”

အမှန်ပင်။ သူသည် ခဏတွင် ချီသန့်စင် အဆင့် ၉ ဖြစ်နေပြီး နောက်ခဏတွင် အခြေခံ တည်ဆောက်ခြင်းအဆင့်သို့ ကူးပြောင်းနေသည်။ ဤမျှ ဖရိုဖရဲဖြစ်နေသော စွမ်းအင်လှိုင်းများဖြင့် မည်သူမျှ စွမ်းအားအပြည့်ကို ထုတ်သုံးနိုင်မည် မဟုတ်ချေ။ ရှင်းအောင် ဆိုရပါလျှင် ယနေ့ ဝမ်ယွမ်သည် လွန်ခဲ့သော တစ်လက ဝမ်ယွမ်ထက်ပင် ပို၍ အားနည်းနေသည်ဟု ဆိုနိုင်သည်။

"ညီလေး မင်း.... မင်း.... သိလား၊ ပြသနာက တွမ်ချန်ခွန်းကြီးရဲ့ ချီစွမ်းအားတွေက ငါ့ကို လာနှောင့်ယှက်နေတာကွ"

ဝမ်ယွမ်သည် လော့ချန်ကို ကြည့်ရင်း ကြောက်လန့်တကြား ပြောရှာသည်။

"စောစောကပဲကြည့်.... မင်းကို ငါ မင်းမှန်းလုံးဝမမှတ်မိဘူး…. အဲဒါ တွမ်ချန်ခွန်းရဲ့ ဝိညာဉ်ဓာတ်တွေကြောင့်ပဲ…. မင်းသာ မတားလိုက်ရင် ငါ တောင့်ခံနိုင်မှာ မဟုတ်ဘူး.... အလိုလေး.... ကိုယ်ကျိုးနည်းပြီကွာ"

လော့ချန်သည်လည်း ဤကဲ့သို့ ဖြစ်လာမည်ဟု မမျှော်လင့်ထားခဲ့ပေ။ အကယ်၍ သူသာ စိတ်ဝိညာဉ်ခြောက်ခြားခြင်း မှော်အတတ်ကို တတ်မြောက်အဆင့် ရောက်အောင် မလေ့ကျင့်ထားခဲ့ပါက အချိန်မီ အသုံးပြုနိုင်မည် မဟုတ်ချေ။ ထိုလက်သီးချက်သာ သူ့ကို ထိမှန်ခဲ့လျှင် သူ ပြင်းပြင်းထန်ထန် ဒဏ်ရာရမည် သို့မဟုတ် သေဆုံးသွားမည်မှာ သေချာသည်။

"ဟူး.... အရင်းစစ်တော့ ဝိညာဉ်ဓာတ်အကြွင်းအကျန်ကြောင့် ဆိုပါတော့.... ဖြစ်ရလေ အစ်ကိုဝမ်ရာ"

လော့ချန်မှာ မျက်မှောင်ကြုတ်လျက် စဉ်းစားခန်း ဝင်လိုက်မိသည်။ ဝိညာဉ်ဇီဝိန်ချုပ်အရှင်ကူယွဲ့၏ ကျမ်းစာပါ ဖော်ပြချက်များကို သူ ပြန်လည် သတိရလိုက်သည်။ အကယ်၍ တစ်စုံတစ်ယောက်သည် ဝိညာဉ်လမ်းစဉ်ဖြင့် အခြေခံတည်ဆောက်ရာတွင် အောင်မြင်ခဲ့ပါက ကျန်ရစ်နေသော ဝိညာဉ်၏ လွှမ်းမိုးမှုကို ဖယ်ရှားရန် နည်းလမ်းရှာရမည် ဖြစ်သည်။

၎င်းတွင် ဖြစ်နိုင်ခြေရှိသော နည်းလမ်းသုံးခုကို ဖော်ပြထားသည်။ မှော်အတတ်များ၊ ဆေးလုံးများနှင့် မှော်လက်နက်များ ဖြစ်သည်။ ပထမတစ်ခုမှာ စိတ်ဝိညာဉ်တည်ငြိမ်ခြင်း ပဋိညာဉ် ဖြစ်ပြီး ၎င်းကို သူ တတ်မြောက်ထားသည်။ ဒုတိယတစ်ခုမှာ ဝိညာဉ်စုပ်ယူဆေး ဖြစ်ပြီး ကျန်ရစ်နေသော ဝိညာဉ်၏ စွမ်းအားဖြင့် မိမိ၏ ဝိညာဉ်ကို ခိုင်မာစေရန် အသုံးပြုခြင်း ဖြစ်သည်။ သို့သော် သူ့တွင် ထိုဆေးလည်း မရှိသလို ဖော်စပ်ရန် ဆေးနည်းလည်း မရှိချေ။ တတိယတစ်ခုမှာ ဝိညာဉ်သန့်စင်ခြင်းဟုခေါ်သော မှော်လက်နက် ဖြစ်သည်။ အကယ်၍ ထိုအလံသာ ရှိပါက ထိန်းချုပ်မရသော ဝိညာဉ်အကြွင်းအကျန်များကို ထုတ်ယူကာ အလံအတွင်း၌ မွေးမြူထားနိုင်သည်။ အချိန်ကြာလာသည်နှင့်အမျှ ဤအလံသည် မှော်ရတနာ အဆင့်သို့ပင် တက်လှမ်းနိုင်သည်။ ကံမကောင်းစွာဖြင့် လော့ချန်တွင် ထိုကဲ့သို့သော မှော်လက်နက် မရှိခဲ့ဖူးချေ။

သူ့အတတ်နှင့်သူ ဆူးကာ စွမ်းအားမတည်မငြိမ်ဖြစ်၍ နှိပ်စက်ခံနေရသော ဝမ်ယွမ်ကို ကြည့်ကာ လော့ချန် ပြတ်ပြတ်သားသား ပြောလိုက်သည်။

"ဒီမယ်.... အစ်ကိုဝမ်၊ အရမ်းကြီးလဲ စိတ်ဓာတ်ကျမနေနဲ့၊ ကျွန်တော့်မှာ နည်းစနစ်တစ်ခု ရှိတယ်၊ အဲ့ဒါက အစ်ကိုရဲ့ အခြေခံ တည်ဆောက်ခြင်း ဖြစ်စဉ်မှာ ဝင်နှောင့်နေတဲ့ ဝိညာဉ်ကို ဖယ်ရှားပစ်ဖို့ ကူညီပေးနိုင်လိမ့်မယ်"

“အိုး.... ကျေးဇူးကြီးလိုက်လေကွာ…. မြန်မြန်ပြောပါတော့၊ ဒီတိုင်းဆက်နေရရင် ငါရူးမှာသေချာနေပြီ….”

လော့ချန်သည် တွန့်ဆုတ်မနေဘဲ စိတ်ဝိညာဉ်တည်ငြိမ်ခြင်း ပဋိညာဉ်အတတ်ကို ဝမ်ယွမ်ထံသို့ ချက်ချင်း လက်ဆင့်ကမ်းလိုက်သည်။

"ရော့.... ဒီနည်းစနစ်က တာအိုနတ်ဘုရားလမ်းစဥ်ရဲ့ မမြင်ရတဲ့ စွမ်းအားကို အသုံးချတာပဲဗျ၊ ဒါကို ကျင့်ဖို့ဆိုရင် မဟာတာအိုလမ်းစဥ်ကိုတိုင်တည်ပြီး ကျိန်ဆိုရမယ်၊ ဘာတွေလိုက်နာရမှာလဲဆိုတော့ အဓိကအချက်က ကျင့်ကြံနေချိန်မှာ မလှုပ်မယှက်နေရမယ်၊ ကိုယ့်ရဲ့ ကျိန်ဆိုချက်အပေါ် ခိုင်ခိုင်မာမာ လိုက်နာနိုင်မှ အငြိုးအတေးကြီးတဲ့ ဝိညာဉ်တွေကြားမှာ ကိုယ်ပါ အသက်မပျောက်တော့မှာဗျ၊ ဒီနည်းစနစ်က အစ်ကိုရဲ့ လက်ရှိအခြေအနေနဲ့ အစ်ကိုက်ညီဆုံးပဲလို့တော့ ကျွန်တော် ယုံကြည်တယ်"

စိတ်ဝိညာဉ်တည်ငြိမ်ခြင်း ပဋိညာဉ်သည် တွမ်ချန်ခွန်း၏ ဝိညာဉ်ဆိုးကို အပြီးသတ် ချေဖျက်နိုင်မည် မဟုတ်ချေ။ ၎င်း၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ဝမ်ယွမ်ကို သူ၏ အသိစိတ် မပျောက်ဆုံးအောင် ကူညီပေးရန်နှင့် ကျန်ရစ်သော ဝိညာဉ်က သူ့အား လွှမ်းမိုးမသွားအောင် ကာကွယ်ပေးရန်သာ ဖြစ်သည်။

ဝမ်ယွမ်၏ စိတ်ဓာတ်မှာ သန်မာသော်လည်း သူ ကျင့်ကြံလာသည်မှာ အနှစ်တစ်ရာပင် မပြည့်သေးပေ။ တွမ်ချန်ခွန်းမှာ အနှစ်နှစ်ရာကျော် ကျင့်ကြံလာသူဖြစ်ရာ ဝိညာဉ်ကြွင်းကျန်မျှပင် ဖြစ်လင့်ကစား ဝမ်ယွမ်ကို များစွာ နှောင့်ယှက်နိုင်စွမ်း ရှိသည်။ ထို့ပြင် ဤအတတ်မှာ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိမှသာ အပြည့်အဝ အကျိုးသက်ရောက်မှု ရှိပေလိမ့်မည်။

ဟိုးယခင်က အရှင်ကူယွဲ့မှာ ဝိညာဉ်စုပ်ဆေးလုံး မရှိသဖြင့် ဤနည်းစနစ်၏ အဆင့်နိမ့်ကျွမ်းကျင်မှုမျှဖြင့်သာ အခြေခံတည်ဆောက်ခြင်းကို တက်လှမ်းခဲ့ရသည်။ ကံမကောင်းစွာဖြင့် အခြေခံ တည်ဆောက်ပြီးနောက်တွင် သူသည် ကျန်ရစ်သော ဝိညာဉ်ပေါင်း ၉၉၉ ယောက်၏ နှိပ်စက်မှုကို ခံခဲ့ရသည်။ သူ၏ ဝိညာဉ်တည်ငြိမ်ခြင်း ကျိန်ဆိုချက်မှာလည်း အဆင့်မြင့်ကျွမ်းကျင်မှုသို့ မည်သည့်အခါမျှ မရောက်ရှိခဲ့ချေ။

ဝမ်ယွမ်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

"ဟုတ်ပြီ.... အခုကစပြီး ငါ ဒီရေကန်အောက်ခြေမှာပဲ နေမယ်…. ဒီကျိန်ဆိုချက်ကို အဆင့်မြင့်ကျွမ်းကျင်မှု ရောက်အောင် ကျင့်ပြီးမှပဲ ဒီကနေ ထွက်တော့မယ်ကွာ"

၎င်းမှာ သူ့အတွက် တစ်ခုတည်းသော ရွေးချယ်စရာပင် ဖြစ်ပေသည်။ သူ၏ ယခု အခြေအနေဖြင့် အပြင်ထွက်ပါက သူကိုယ်တိုင်တောင် မသိလိုက်ဘဲ ဘေးနားရှိလူများကို ဒုက္ခပေးမိလိမ့်မည်မှာ အမှန်ပင်။ တွမ်ချန်ခွန်း၏ ဝိညာဉ်မှာ သူ၏ မူလအသိစိတ် အကြွင်းအကျန်များ ရှိနေသေးသည်။ ယခု ရှောင်ဟွမ်းတောင်ပေါ်ရှိ လူအားလုံးမှာ တွမ်မျိုးနွယ်စုကို ဖျက်ဆီးခဲ့သော ရန်သူများ ဖြစ်ကြရာ သူ တွေ့သမျှလူကို သတ်ချင်နေပေလိမ့်မည်။

"ဒါပေမဲ့ အစ်ကိုဝမ်၊ တစ်ခုတော့ရှိတယ်…. ဒါက ရေရှည်အတွက် ဖြေရှင်းချက် မဟုတ်ဘူး၊ မတည်မငြိမ်ဖြစ်နေတဲ့ စွမ်းအားတွေကို မထိန်းချုပ်နိုင်ဘူးဆိုရင် အစ်ကို ပုံမှန်စိတ်ဖြစ်လာရင်တောင် စွမ်းအားအပြည့်ကို ထုတ်သုံးနိုင်မှာ မဟုတ်ဘူး…. အဲဒါတစ်ခုတော့ မြဲမြဲမှတ်ထားစေချင်တယ်.... ကြားလား"

လော့ချန် မျက်မှောင်ကြုတ်လျက် ဆိုလိုက်သည်။

သို့သော် ဤတစ်ကြိမ်တွင်မူ ဝမ်ယွမ်၌ အစီအစဉ်တစ်ခု ရှိနှင့်ပြီးသား ဖြစ်သည်။

"အေး.... အေး မှတ်ထားတယ်…. တကတည်း လခွမ်းပဲ…. အခုချိန်မှာ သေရေရှင်ရေးဖြစ်နေတာကွ၊ သေချာမှတ်ထားတယ်အကုန်…. အော်.... ငါပြောဖို့မေ့နေတာကွ…. အဲဒီ့ သွေးစွမ်းအားလုယူခြင်း အစီအရင်ကို သုံးကြိမ်အထိ သုံးလို့ရတယ်၊ ငါ စမ်းကြည့်ပြီးပြီ…. တွမ်ချန်ခွန်းလို ဝါရင့် အခြေတည်အဘိုးကြီးရဲ့ တာအို အခြေခံအုတ်မြတ်ကို အကုန် လုယူဖို့ဆိုတာ မဖြစ်နိုင်ဘူး…. ဒါပေမဲ့ ငါ့ကောင်ရေ ငါသာ အခြေခံ တည်ဆောက်ပြီးကာစ ကျင့်ကြံသူတစ်ယောက်ကို ရှာနိုင်ရင် မတည်မငြိမ်ဖြစ်နေသေးတဲ့ သူတို့ရဲ့တာအိုအခြေခံကို လုယူပြီး ငါအခြေတည်နိုင်ပြီကွ”

ဝမ်ယွမ်၏ လေသံမှာ တည်ငြိမ်နေသော်လည်း သူ၏ မျက်လုံးများတွင် ယုံကြည်ချက်များ တောက်လောင်နေသည်ကို လော့ချန် မြင်တွေ့ရသည်။ ထိုစကားကို ကြားရသောအခါ လော့ချန်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး နောက်ဆုံးတွင် ခါးသီးစွာ ပြုံးလိုက်ရတော့သည်။ ပြောတော့ လွယ်လှပေသည်။ ဝမ်ယွမ်အတွက် ယခုမှ အခြေတည်ထားသည့် ကျင့်ကြံသူမျိုးကို သူ ဘယ်မှာ သွားရှာပေးရမည်နည်း။ သို့သော်လည်း ဖြစ်နိုင်ခြေရှိသော ဖြေရှင်းချက်တစ်ခုပင် ဖြစ်သည်။

လော့ချန်သည် သက်ပြင်းချကာ ဝမ်ယွမ်အတွက် လုံလောက်သော အစားအစာများကို ထားရစ်ခဲ့ပြီး ဝမ်ယွမ်ပေးလိုက်သော သိုလှောင်အိတ်ကို ယူကာ ကန်အောက်ခြေရှိ ဂူအတွင်းမှ ထွက်ခွာလာခဲ့သည်။ ဤနေရာကို ဂူဟု မခေါ်သင့်တော့ဘဲ ဝမ်ယွမ် ကိုယ်တိုင် ဖန်တီးထားသော အကျဉ်းထောင်တစ်ခုဟုသာ ဆိုရပေမည်။ သူကိုယ်တိုင် အကျဥ်းသားဖြစ်နေသည်မှာမူ ကံကြောင့်သာ ဆိုရပေမည်။

နွေဦးမိုးရေများ အေးအေးလူလူ ရွာသွန်းနေသည့်ကြားမှ လော့ချန်သည် အပေါ်ရှိ ရှောင်ဟွမ်းတောင်ကို မော့ကြည့်လိုက်သည်။ ဤဝိညာဉ်ကြောမြေကို ရရှိရန်အတွက် သူသည် အစွမ်းကုန် ကြိုးစားခဲ့ရပြီး မရေမတွက်နိုင်သော အစီအစဉ်များကို ဆွဲခဲ့ရသည်။ ယခုအခါ ဝမ်ယွမ်ပင်လျှင် ဤနေရာကြောင့် ထောင်ချောက်မိသွားခဲ့ပြီဖြစ်သည်။ ဤတောင်ကြီးက ကျိန်စာသင့်နေသည်လား သို့မဟုတ် အမှန်တကယ် သူတို့ ပေးဆပ်ရသည်နှင့် ထိုက်တန်သော အကျိုးအမြတ်များကို ပေးနိုင်ပါ့မလားဟု သူ သံသယဝင်မိသည်။

သူသည် အခြေခံ တည်ဆောက်ခြင်းအဆင့်ကို အမြန်ဆုံး ရောက်အောင် လုပ်ဆောင်ရမည်ဟု ဆုံးဖြတ်လိုက်သည်။ ၎င်းမှာ သူ၏ ကိုယ်ကျိုးအတွက်တင် မဟုတ်ဘဲ ဝမ်ယွမ်၊ ကူချိုင်ယီနှင့် အခြား မိတ်ဆွေများအပြင် လော့ထျန်းအဖွဲ့ရှိ များပြားလှသော ကျင့်ကြံသူများအတွက်လည်း ပါဝင်သည်။ ဤလူများ သူ့အား ဝန်းရံစုဝေးနေကြခြင်းမှာ အချို့က ခင်မင်မှုကြောင့်ဖြစ်သလို အချို့ကလည်း အကျိုးတူစီးပွားကြောင့် ဖြစ်သဖြင့် သူတို့အား စိတ်ပျက်အောင် လုပ်၍ မရချေ။

သူ လက်ဝေ့ယမ်းလိုက်သည့်အခါ ရေကန်ကို စောင့်ကြပ်နေသော ကျင့်ကြံသူများ ပြန်လည် ရောက်ရှိလာကြသည်။ လော့ချန်သည် သူတို့အား ခေါင်းညိတ်ပြပြီးနောက် တောင်တန်းများအတွင်းသို့ ခုန်ဝင်သွားတော့သည်။

….

ရှောင်ဟွမ်းတောင်သည် လော့ချန်အတွက် မည်သည့်အရာများ ပေးစွမ်းနိုင်ပါသနည်း။ ချီစွမ်းအား ကြွယ်ဝသည့် မြေလော၊ ရေခဲမီးလျှံ ဝိညာဉ်စမ်းရေတွင်းလော၊ သို့မဟုတ်ပါက နတ်ဒေဝါ ပျားရည်လောဟု သူ ဆင်ခြင်ကြည့်မိသည်။ မဟုတ်သေးပေ၊ စင်စစ်မူ ထိုအရာများထက် ပိုသေးသည်။

ဤတောင်ကြီးတွင် ရေခဲမီးလျှံ ဝိညာဉ်စမ်းရေတွင်း ဖြစ်ပေါ်လာခြင်းမှာ ၎င်း၏ ထူးခြားသော မြေမျက်နှာသွင်ပြင်ကြောင့် ဖြစ်သည်။ ဤနေရာတွင် အဆင့်နိမ့် ရေဓာတ်ခံ ဝိညာဉ်ကြောတစ်ခုနှင့် ငြိမ်သက်နေသော မီးတောင်ရှင် တစ်ခု၏ အကြွင်းအကျန်များ တည်ရှိနေသည်။ ထို့ကြောင့်လည်း လော့ချန် ဤနေရာကို စတွေ့စဉ်က ‘နတ်ပြည်’ ပါလား ဟူ၍ အံ့သြမိခဲ့ခြင်း ဖြစ်ပေသည်။ သဘာဝတရား၏ လျှို့ဝှက်ချက်များ ပြောမကုန်အောင်ရှိသည့် ကျင့်ကြံခြင်းလောကတွင်သာ ဤကဲ့သို့သော နေရာမျိုး တည်ရှိနိုင်သည်။

တွမ်မျိုးနွယ်စုသည် ဤနေရာ၌ သူတို့၏ အခြေခံကို တည်ဆောက်ခဲ့ခြင်းမှာ ဝိညာဉ်ကြောကြောင့်သာမက ငြိမ်သက်နေသော မီးတောင်ကြောင့်လည်း ပါဝင်သည်။ သူတို့သည် မြေအောက်မီးဖြင့် မှော်လက်နက် သွန်းလုပ်ရာတွင် အသုံးပြုနိုင်မည့် လျှို့ဝှက်နည်းစနစ်များကို ပိုင်ဆိုင်ထားသည်မှာ ကြာပြီ ဖြစ်သည်။ ထိုမြေအောက်မီးမှာ လော့ချန် ကာလရှည်ကြာ အိပ်မက်မက်ခဲ့သော အရာပင်ဖြစ်သည်။

ယခင် ဖိုရှန်းဂိုဏ်းတွင် ရှိစဉ်က မီရှုဟွာအား ဆေးဖော်စပ်ရာတွင် အထောက်အကူဖြစ်စေရန် မြေအောက်မီး အရင်းအမြစ်တစ်ခု ရှာပေးရန် ပူဆာခဲ့ဖူးသည်။ ထိုစဉ်က မီရှုဟွာ မလုပ်ပေးနိုင်ခဲ့ချေ။ အမှန်စင်စစ်တွင် သူသည် လော့ချန်ကို ထိန်းချုပ်ထားနိုင်ရန်အတွက် တွမ်ချန်ခွန်း၏ မဟာမိတ်ဖွဲ့ရန် ကမ်းလှမ်းမှုကိုပင် တိုက်ရိုက် ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။ ယခုမူ လော့ချန်သည် သူ၏ ကိုယ်ပိုင်အားထုတ်မှုဖြင့် မြေအောက်မီးရှိသော မြေကို ရရှိခဲ့ပြီ ဖြစ်သည်။

၎င်းမှာ ငြိမ်သက်နေသော မီးတောင်တစ်ခုသာ ဖြစ်သော်လည်း ထွက်လာသော မြေအောက်မီးမှာမူ အဆင့်အတန်း သတ်မှတ်ချက်ထဲတွင်ပင် မပါဝင်သေးကြောင်း သူ ဆင်ခြင်မိသည်။ သို့သော် ရေခဲမီးလျှံ ဝိညာဉ်စမ်းရေတွင်းမှာမူ ဤနေရာ၏ အထင်ကရ ပြယုဂ် ဖြစ်သဖြင့် အနည်းဆုံးတော့ ပထမအဆင့် ရှိရမည်ဟု သူ ယူဆသည်။

….

သက်ငယ်မိုးအိမ်လေးအတွင်း၌ လော့ချန်သည် ရေခဲမီးလျှံစမ်းရေတွင်း၏ ဘေးတွင် ခိုင်ခံ့သော စင်တစ်ခုကို တည်ဆောက်နေသည်။ သူသည် တည်ငြိမ်သော လက်များဖြင့် လေးရောင်ခြယ်ဆေးအိုးကို ထိုစင်ပေါ်တွင် ဂရုတစိုက် တင်လိုက်သည်။ ဤသို့ဖြင့် ချီစွမ်းအားကို အသုံးပြု၍ ထိုမီးတောက်များကို ထိန်းချုပ်ကာ ဆေးဖော်စပ်ရာတွင် အသုံးပြုနိုင်တော့မည် ဖြစ်သည်။

မြေအောက်မီးကို ထိန်းချုပ်ရန်အတွက်မူ လော့ချန် အထွေအထူး စိုးရိမ်မနေပေ။ သူ၏ လက်ဝယ်တွင် အထွတ်အထိပ်အဆင့်ရှိသော ဆွဲငင်မှော်အတတ် နှင့် မီးလုံးမှော်အတတ် ရှိသလို ဖူမျိုးနွယ်စု၏ မီးလမ်းစဉ် မှော်အတတ် လေ့လာမှုမှတ်တမ်းများကိုလည်း ဖတ်ရှုထားပြီးဖြစ်သည်။ ချင်ယွမ်ဇီ၏ ဆေးဖော်ပညာ ခွဲခြမ်းစိတ်ဖြာချက်ထဲတွင်ပင် မြေအောက်မီးကို ထိန်းချုပ်ရန် သိမ်မွေ့သော နည်းစနစ်များစွာ ပါဝင်နေသည် မဟုတ်ပါလော။ ဤအချက်များ အားလုံးကို ပေါင်းစပ်လိုက်သောအခါ သူသည် ဤမီးကို စမ်းသပ်လိုက်သည်နှင့် အလွန်လွယ်ကူစွာပင် အသားကျသွားတော့သည်။

“တစ်ခုပဲ နှမြောစရာကောင်းတာက အိုင်လောင်တောင်က ကျင့်ကြံသူတွေကို ခေါ်ပြီး စနစ်ကျတဲ့ ဆေးဖော်ခန်းတစ်ခု ဆောက်ခိုင်းလို့ မရတာပဲ”

ဤသက်ငယ်မိုးတဲအိမ်လေးမှာ သာမန်တဲအိမ် မဟုတ်ပေ။ အပြင်ဘက်မှ သက်ငယ်များမှာ မှော်လက်နက် သွန်းလုပ်ရာတွင် သုံးသည့် ရှားပါးပစ္စည်းများဖြင့် ရက်လုပ်ထားခြင်း ဖြစ်ပြီး ပြင်ပမှ နှောင့်ယှက်မှုများကို တားဆီးရန်နှင့် ချီစွမ်းအားများကို ထိန်းသိမ်းထားရန် ဖန်တီးထားခြင်း ဖြစ်သည်။

ရေခဲမီးလျှံ ဝိညာဉ်စမ်းရေတွင်း၏ အလယ်ဗဟိုတွင် တတိယအဆင့် သွန်းလုပ်ရေး ပစ္စည်းတစ်ခုကို ထားရှိထားပြီး ဆန့်ကျင်ဘက် စွမ်းအင်နှစ်ခုကို အချိုးကျ ခွဲခြားပေးထားသည်။ ဤနေရာမှာ ကျင့်ကြံရန်အတွက် သန့်ရှင်းသော နေရာတစ်ခု ဖြစ်သလို မှော်လက်နက် သွန်းလုပ်ရာ နေရာလည်း ဖြစ်ပေသည်။

“ကျွမ်းကျင်မှုမြှင့်ဖို့အတွက် မှော်အတတ်တွေပဲ သုံးနေတာက အရမ်းနှေးလွန်းတယ်”

သူ ပြုံးလိုက်ရင်း ဆေးဖက်ဝင်ပစ္စည်းများကို လေးရောင်ခြယ်ဆေးအိုး အတွင်းသို့ ပစ်ထည့်လိုက်သည်။

“ဆေးဖော်တာကမှ တကယ် မြန်တာ”

စမ်းရေတွင်းဘေးရှိ အစီအရင်ကို သုံးကာ မီးအရှိန်ကို တည်ငြိမ်အောင် လုပ်ထားပြီး အနည်းငယ် လိုအပ်မှသာ သူ ဝင်ရောက် ညှိပေးလေသည်။ ဤသို့ဖြင့် အကူအလုပ်သမား မရှိသော်လည်း တစ်ဦးတည်း ဆေးဖော်စပ်ရသည်မှာ ယခင်ကကဲ့သို့ မပင်ပန်းတော့ပေ။

စမ်းသပ်မှုများ လုပ်ပြီးနောက် လော့ချန်သည် အကြီးစား ဆေးဖော်စပ်ရန်အတွက် တောင်ခါးပန်းတွင် အသစ်တည်ဆောက်ထားသော ဆေးဖော်ခန်းများသို့ သွားရန် ဆုံးဖြတ်လိုက်သည်။ ယခု သူ တစ်ဦးတည်း ဆေးဖော်စပ်ရန် ဇွတ်တရိုး လုပ်နေရခြင်း၏ အကြောင်းရင်းမှာ ဆေးဖော်စပ်ခြင်း ကျွမ်းကျင်မှုများကို အစွမ်းကုန် မြှင့်တင်လိုသောကြောင့် ဖြစ်သည်။ တစ်ဦးတည်း လုပ်ရသည်မှာ ပင်ပန်းသော်လည်း ကျွမ်းကျင်မှုမှာမူ အရှိန်အဟုန်ဖြင့် တက်လှမ်းနေသည် မဟုတ်ပါလော။

“ဆေးတစ်အိုး ဖော်စပ်လိုက်တိုင်း ဆေးလုံးကျွမ်းကျင်မှု တက်ရုံတင်မကဘဲ ဆေးဖော်စပ်မှု ပညာ အမျိုးမျိုးလည်း တိုးတက်လာတယ်၊ ဒါမှ တကယ့် ကျွမ်းကျင်မှုမြှင့်တာပဲ”

သူသည် ပြုံးရွှင်စွာဖြင့် ဆေးဖော်စပ်ခြင်း လုပ်ငန်းအတွင်းသို့ နစ်မြုပ်သွားတော့သည်။

….

တစ်လမျှ ကြာမြင့်ခဲ့လေပြီ။

ရှောင်ဟွမ်းတောင်ပေါ်ရှိ သက်ငယ်တဲအိမ်ငယ်လေးအတွင်း၌ ဖြစ်သည်။

လော့ချန်သည် သူ၏ လက်ထဲရှိ အနီရောင်တောက်တောက် ဆေးလုံးကို ကြည့်ရင်း မျက်နှာတစ်ခုလုံး နီမြန်းနေရှာသည်။ ၎င်းမှာ မှည့်နေသော သစ်သီးတစ်လုံးအလား တောက်ပနေပြီး ထူးဆန်းသော အရောင်အဝါများဖြင့် တလက်လက် ဖြစ်နေသည်။ သူသည် အသက်ကို အောင့်ထားပြီး အသက်ရှူနှုန်းကို အကြိမ်ကြိမ် ညှိလိုက်ရသည်။ ထို့နောက်မှသာ သူ၏ မျက်နှာပေါ်မှ ထူးဆန်းသော နီမြန်းမှုများမှာ တဖြည်းဖြည်း မှေးမှိန်သွားပြီး သူ၏ အောက်ပိုင်းမှ သိသိသာသာ ထောင်မတ်နေမှုမှာလည်း ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားတော့သည်။

ဆေးလုံးကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်ရင်း လော့ချန်၏ မျက်နှာမှာ ဖော်ပြမရနိုင်သော အမူအရာတစ်ခု ဖြစ်သွားသည်။

“ဒါက အထွတ်အထိပ် ရောက်ပြီးမှ ဖော်စပ်လိုက်တဲ့ အံ့ဖွယ်တစ်သောင်းဆေးလုံးလား”

ထိုဆေးလုံး၏ ဆေးရနံ့ကို အနည်းငယ်မျှ ရှူရှိုက်လိုက်ရုံဖြင့် သူ၏ ခန္ဓာကိုယ်တွင် ရမ္မက်ဆန္ဒများထိန်းမရသိမ်းမရ တုံ့ပြန်မှု ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

ဤသည်မှာ လုံးဝကို မကြုံစဖူးသော အတွေ့အကြုံပင် ဖြစ်ပေသည်။ ကျင့်ကြံသူများသည် သာမန်လူများ မဟုတ်ဘဲ စိတ်ကို ထိန်းချုပ်သည့် ကျင့်စဉ်များကို အမြဲ ကျင့်ကြံနေရသဖြင့် ရမ္မက်ဆန္ဒများကို ကောင်းစွာ ထိန်းချုပ်နိုင်ကြသည်။ မသေမျိုးလမ်းစဉ်ကို လိုက်စားခြင်းက ခန္ဓာကိုယ်၏ လိုအင်ဆန္ဒများကို သဘာဝအတိုင်း နှိမ်နင်းပြီးသား ဖြစ်နေသည် မဟုတ်ပါလော။ ထိုအချက်ကြောင့်ပင် အံ့ဖွယ်တစ်သောင်း ဆေးလုံးမှာ ဈေးကွက်တွင် အမြဲ ရောင်းရခက်နေခဲ့ခြင်း ဖြစ်သည်။

အကယ်၍ တာဟဲဈေးမြို့တော်၏ ထူးခြားသော ပတ်ဝန်းကျင်သာ မရှိခဲ့လျှင်သော်လည်းကောင်း၊ ကျင့်ကြံသူများသည် ကြမ်းတမ်းသော ဘဝများကို ဖြတ်သန်းနေရပြီး မိစ္ဆာသားရဲများကို အမြဲ လိုက်လံနှိမ်နင်းနေရသဖြင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဖိအားများ အကြီးအကျယ် စုပုံမနေခဲ့လျှင်သော်လည်းကောင်း အံ့ဖွယ်တစ်သောင်းဆေးလုံးမှာ အစောပိုင်းနေ့ရက်များတွင် ရောင်းရရန် ပို၍ပင် ခက်ခဲဦးမည်ဖြစ်သည်။

စင်စစ်တွင်မူ လော့ချန်သည် အလှပဂေး အမျိုးသမီးများနှင့် မစိမ်းသက်လှချေ။ ကူချိုင်ယီမှာ ငြင်းမရလောက်အောင် လှပသူ ဖြစ်သလို ပိုင်မေလင်းမှာလည်း တစ်ချိန်က ချစ်စရာကောင်းပြီး ဆွဲဆောင်မှု ရှိခဲ့ဖူးသည်။ သို့သော် ထိုသူများရှေ့တွင်ပင် သူသည် ဤမျှအထိ ဆန့်ကျင်ဘက်လိင်၏ အထိအတွေ့ကို တပ်မက်ခြင်းမျိုး သို့မဟုတ် အထိန်းအကွပ်မဲ့ခြင်းမျိုး မကြုံဖူးခဲ့ချေ။ ယခုမူ ဤဆေးလုံး၏ ရနံ့ကို ရှူရှိုက်မိရုံမျှဖြင့် သူ၏ စိတ်တည်ငြိမ်မှုများ ပျောက်ဆုံးသွားခဲ့ရသည်။

“ဒီ ထိပ်တန်းအဆင့် အံ့ဖွယ်တစ်သောင်းဆေးလုံးရဲ့ အာနိသင်က ဘယ်လောက်တောင် ရှိမလဲ မသိဘူး”

လော့ချန်သည် ဆေးလုံးကို ဂုဏ်ယူစွာဖြင့် ဂရုတစိုက် သိမ်းဆည်းလိုက်သည်။ လောလောဆယ်တွင်တော့ သူ့အနေဖြင့် နောက်ထပ် ဆေးလုံးများကို ထပ်မံဖော်စပ်ရန် အစီအစဉ် မရှိသေးပေ။ အကြောင်းပြချက်များစွာ အဓိကမှာ ရိုးရှင်းသည်။ အံ့ဖွယ်တစ်သောင်းဆေးလုံးမှာ အထွတ်အထိပ်ကျွမ်းကျင်မှုသို့ ရောက်သွားပြီ ဖြစ်ရာ ၎င်းကို ထပ်မံဖော်စပ်ခြင်းဖြင့် အောင်မြင်မှု အမှတ်များကို ထပ်မံ ရရှိနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။

သူ၏ လက်ရှိ ဦးစားပေးမှာ ကျောက်စိမ်းအမြုတေဆေးလုံး၏ ကျွမ်းကျင်မှုကို အဆုံးအထိ မြှင့်တင်ရန် ဖြစ်သည်။ အောင်မြင်မှု အမှတ်များအတွက်တင် မဟုတ်ဘဲ အထွတ်အထိပ်အဆင့်ရှိသော ကျောက်စိမ်းအမြုတေဆေးလုံးမှာ သူ၏ ကျင့်ကြံခြင်းအတွက်ပါ အကျိုးရှိနိုင်သောကြောင့် ဖြစ်ပေသည်။

“ဒါပေမဲ့ ဒီထိပ်တန်းအဆင့် အံ့ဖွယ်တစ်သောင်းဆေးလုံးကို စမ်းသပ်ဖို့ တစ်ယောက်ယောက်တော့ လိုမယ်”

ဝေးဝေးရှာစရာမလိုပေ။ ခဏမျှ စဉ်းစားပြီးနောက် လော့ချန်သည် နောက်ပြောင်လိုသောစိတ်ဖြင့် တဟားဟား ရယ်မောလိုက်သည်။

"ဟား.... ဟား.... ဟား…. ဒီသံသရာပဲ ပြန်လည်နေပါလား အရပ်ကတို့ရယ်....

ကိုင်း…. မိတ်ဆွေကျန်းဝမ်ရေ.... ခင်ဗျားကြီးရဲ့ မင်္ဂလာလက်ဖွဲ့ကတော့ အသင့်ဖြစ်နေပြီနော်”

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၂၇၄) - ကျန်းဝမ်၏ မင်္ဂလာဦးညနှင့် ဗဟုသုတအဖုံဖုံ

ဂုဏ်ပြုပွဲ အခမ်းအနားမှာ တစ်ဖက်တွင် တိုက်ပွဲနိုင်သဖြင့် အောင်ပွဲခံ စားသောက်ပွဲ ဖြစ်သလို တစ်ဖက်တွင်လည်း မင်္ဂလာဧည့်ခံပွဲ ဖြစ်နေသဖြင့် အလွန်ပင် ခမ်းနားထည်ဝါ လှပေသည်။ ရှားရှားပါးပါး တောက်ပလှပသော နွေဦးနေရောင်ခြည်အောက်တွင် ကျင်းပသည့် ဤပွဲတော်သည် အေးမြသော လေထုကိုသာမက လော့ထျန်းအဖွဲ့ဝင် အားလုံး၏ စိတ်နှလုံးကိုပါ နွေးထွေးစေခဲ့သည်။

ဤပွဲ၏ အဓိကဇာတ်ဆောင်များမှာ ကျန်းဝမ်နှင့် ရှို့ကုတို့ ဇနီးမောင်နှံပင် ဖြစ်သည်။ သို့သော် အမှန်စင်စစ်တွင်မူ ဤအခိုက်အတန့်သည် လော့ထျန်းအဖွဲ့ရှိ ကျင့်ကြံသူအားလုံးအတွက် ပျော်ရွှင်ကြည်နူးစရာ အချိန်တစ်ခု ဖြစ်ပေသည်။

သူတို့၏ ကြည်ညိုလေးစားဖွယ်ကောင်းသော အဖွဲ့ချုပ်ခေါင်းဆောင် လော့ချန်ကိုယ်တိုင် အခမ်းအနားမှူးနှင့် အောင်သွယ်တော်အဖြစ် ဆောင်ရွက်ပေးခဲ့ပြီးနောက် မင်္ဂလာမောင်နှံသစ်ကို ဝိုင်းဝန်းဂုဏ်ပြုကြသော သြဘာသံများနှင့် ရယ်မောသံများကြားမှပင် မင်္ဂလာခန်းဆောင်သို့ ပို့ဆောင်ပေးခဲ့သည်။ ထို့နောက်တွင်မူ လော့ထျန်းအဖွဲ့၏ တက်ကြွလှုပ်ရှားသော ပျော်ပွဲရွှင်ပွဲညကြီး စတင်တော့သည်။

လော့ချန်သည် ထိုညက အားရပါးရ သောက်ခဲ့သည်။ သူကိုယ်တိုင် သောက်လို၍ မဟုတ်ဘဲ လက်အောက်ငယ်သားတိုင်းက ခွက်ကိုယ်စီကိုင်ကာ ကျေးဇူးတင်စကားနှင့် လေးစားမှုကို ပြသသောအားဖြင့် လာရောက် ဂါရဝပြုကြသောကြောင့် ဖြစ်သည်။

အဆုံးအဖြတ်တိုက်ပွဲအပြီး တစ်လကျော်အတွင်း လော့ထျန်းအဖွဲ့သည် တိတ်ဆိတ်စွာပင် အင်အားပြန်လည် စုဆောင်းနိုင်ခဲ့ပြီ ဖြစ်သည်။ ဒဏ်ရာရသူများ ပြန်လည်သက်သာလာကြပြီး အများစုမှာ တိုက်ပွဲအတွေ့အကြုံကြောင့် ကျင့်ကြံခြင်းအဆင့်ပင် တိုးတက်သွားကြသည်။ အနည်းငယ်သော သူများတွင်သာ ဆေးလုံးဖြင့် မကုသနိုင်သော အမာရွတ်များ ကျန်ရစ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် တစ်ကိုယ်တော်ကျင့်ကြံသူအသစ်များကို ထပ်မံစုဆောင်းခဲ့ရာ အဖွဲ့ဝင်အင်အားမှာ သိသိသာသာ တိုးပွားလာသည်။ အပေါ်ယံကြည့်လျှင် လော့ထျန်းအဖွဲ့သည် ပြင်းထန်သော တိုက်ပွဲများကြောင့် အင်အားချည့်နဲ့သွားသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ ယခင်ကထက်ပင် ပို၍ သန်မာလာခဲ့ကြပြီ ဖြစ်သည်။

ဤသန်မာမှုမှာ အင်အားအရေအတွက်ကြောင့်တင် မဟုတ်ဘဲ စိတ်ဓာတ်နှင့် အခြေခံကြောင့်လည်း ပါဝင်သည်။ ပို၍အရေးကြီးသည်မှာ လော့ချန်နှင့် ဝမ်ယွမ်တို့ကဲ့သို့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများကိုပင် ရင်ဆိုင်ဝံ့သည့် စိတ်ဓာတ်ရှိသူများ ရှိနေခြင်းက သူတို့အား အခြေခံတည်ဆောက်ခြင်းအဆင့်ရှိသည့် အဖွဲ့အစည်းတစ်ခုနှင့် တန်းတူဖြစ်စေခဲ့သည်။

ထို့အပြင် သွေးသံရဲရဲတိုက်ပွဲနှင့် မီးလျှံများကြားတွင် ကျော်ဖြတ်ခဲ့ကြသော အမာခံကျင့်ကြံသူများကြောင့် စည်းလုံးမှုမှာ ယခင်ကထက် ပိုမိုခိုင်မာလာသည်။ လော့ထျန်းအဖွဲ့မှတစ်ဆင့် သူတို့သည် ပိုမိုများပြားသော အရင်းအမြစ်များနှင့် မြင့်မားသော အဆင့်အတန်းကို ရရှိခဲ့ကြသည်။ ထို့ကြောင့် သူတို့အားလုံး ဤအဖွဲ့ချုပ်ကို ကာကွယ်ရန် ယခင်ကထက် ပို၍ သစ္စာရှိလာကြသည်မှာ သဘာဝပင် ဖြစ်သည်။

….

နောက်တစ်နေ့ မွန်းတည့်ချိန်၊ လော့ချန်တစ်ယောက် သက်ငယ်တဲအိမ်ငယ်လေးအတွင်း၌ ဆေးဖော်စပ်ခြင်းတွင် အာရုံနစ်ဝင်နေစဉ်တွင် ဖြစ်သည်။ အပြင်ဘက်မှ စိတ်အားထက်သန်နေသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

"အဖွဲ့ချုပ်ခေါင်းဆောင်ကြီးရေ.... အဖွဲ့ချုပ်ခေါင်းဆောင်"

ကျန်းဝမ်၏ မျက်နှာမှာ အရေးတကြီး ဖြစ်နေသလို တစ်ခုခုကို ရှက်ရွံ့နေသည့် အမူအရာလည်း ရှိနေသည်။

"ဟိုလေ.... အဲ.... ဟိုဟာ၊ အင်း.... မင်းဆီမှာ ဟိုဟာ ရှိသေးလား.... ဟို ပစ္စည်းကောင်းလေးလေ" ဟု သူ လျှို့ဝှက်စွာ တိုးတိုးလေး မေးလိုက်သည်။

လော့ချန်က ဘာမှပြန်မပြောဘဲ လက်ကို အသာအယာဝေ့ယမ်းကာ သန့်စင်ခြင်းမှော်အတတ်ကို အသုံးပြုလိုက်သည်။ နာရီပေါင်းများစွာ ဆေးဖော်စပ်ခဲ့သဖြင့် သူ၏ ဝတ်ရုံတွင် စွဲကပ်နေသော မီးခိုးနံ့၊ ဆေးရနံ့နှင့် ဆေးငွေ့များကို ဖယ်ရှားလိုက်ခြင်း ဖြစ်သည်။ ထို့နောက် ကျန်းဝမ်၏ ရှေ့တွင်ပင် အသံလုံအတားအဆီးကို အေးအေးဆေးဆေး ခင်းကျင်းလိုက်သည်။ ဤကဲ့သို့ သေသေချာချာ လုပ်ဆောင်နေမှုများကို ကြည့်ရင်း ကျန်းဝမ်မှာ ကြောင်တောင်တောင် ဖြစ်နေရသည်။

ထို့နောက် လော့ချန်သည် ရွှေဝါဝါ ဝါးကလောင်နှင့် စာအုပ်တစ်အုပ်ကို ထုတ်ယူကာ ဗလာစာမျက်နှာတစ်ရွက်ကို လှန်လိုက်သည်။

"ကိုင်း.... ပြော…. ဘာဟိုဟာလဲ…. ပွင့်ပွင့်လင်းလင်းပေါ့ဗျာ…. ကျွန်တော့်အစ်ကိုကြီးက ဒီညီလေးကို ခုမှ သတိရလာပြီပေါ့…. ကျွန်တော့်ဆီမှာ ဆေးလုံး နည်းနည်းကျန်ပါသေးတယ်…. ကဲ.... ရော့.... ဩော်…. နေဦး ဒါလိုချင်ရင် ကတိတစ်ခုတော့ပေးရမယ်”

“အာ.... ပေးမှာဖြင့်ပေးလိုက်ပါကွာ…. ဘာကတိတွေတောင်းမလို့တုန်း ညီလေးရာ”

“အမယ်.... အခုမှလာပြီးလောမနေပါနဲ့ဗျာ…. ဒီလိုလေ ဒါက သာမာန်အာနိသင်မဟုတ်ဘူးနော်…. အကောင်းတကာ့အကောင်းဆုံး ထိပ်တန်းအဆင့်…. အဲဒီတော့ ခင်ဗျား မင်္ဂလာဦးညမှာ အသုံးချပြီးသွားပြီဆိုတော့ ဆေးလုံးရဲ့အာနိသင် ဘယ်လိုလဲဆိုတာ ကျွန်တော့်ကို အသေးစိတ်ပြောရုံပဲ.... တခြားရည်ရွယ်ချက်မရှိပါဘူး.... ကျွန်တော် သုတေသနမှတ်တမ်းလေးပြုစုထားမလို့...."

ကျန်းဝမ်တစ်ယောက် ရှက်ကိုးရှက်ကန်းဖြစ်ကာ ဆွံ့အသွားရသည်။ သူ၏ ဖိုသီဖတ်သီ မျက်နှာဝိုင်းကြီးမှာ ခရမ်းချဉ်သီးကဲ့သို့ နီရဲလာတော့သည်။ ဘယ်ကနေ စပြောရမှန်း သူ လုံးဝ မသိတော့ပေ။ သူသည် မင်္ဂလာဦးညက ထိုဆေးလုံးကို သောက်သုံးခဲ့စဉ်က အဖြစ်အပျက်ကို ပြန်လည်အမှတ်ရလိုက်မိသည်။ ဆေးလုံးကို မြိုချလိုက်သည်နှင့် တစ်ပြိုင်နက် ခန္ဓာကိုယ်အတွင်း၌ ပေါက်ကွဲထွက်လာသော အပူရှိန်မှာ ချော်ရည်စီးကြောင်းအလား ပြင်းထန်လွန်းလှပြီး သူ၏ သွေးကြောများအတွင်း စွမ်းအားသစ်များ ပြည့်လျှံလာခဲ့ပုံမှာ ယခုထိပင် တုန်လှုပ်စရာဖြစ်သည်။ ထိုညက သူ၏ ပုံမှန်စိတ်ဓာတ်မှာ ပျောက်ကွယ်သွားပြီး ရဲရင့်ပြတ်သားသော စိတ်ရိုင်းများကသာ လွှမ်းမိုးခဲ့သည် မဟုတ်ပါလော။

လော့ချန်ကမူ အနည်းငယ်မျှ အံ့သြခြင်း မရှိချေ။ ဝါရင့် ဆေးဆရာကြီး တစ်ဦးကဲ့သို့ပင် သူသည် ကျန်းဝမ်ကို စိတ်ရှည်လက်ရှည် လမ်းညွှန်ကာ ကျမ်းစာများတွင် ဖော်ပြထားသော အာနိသင်အတိုင်း လက်တွေ့တွင် ဟုတ်၊ မဟုတ် မှတ်ချက်ပြန်ပေးရန် ဆွဲဆောင်လိုက်သည်။ မကြာမီမှာပင် ဗလာစာရွက်ပေါ်တွင် ထိပ်တန်းအဆင့် အံ့ဖွယ်တစ်သောင်းဆေးလုံး၏ အာနိသင်များကို မှတ်တမ်းတင်ထားသော စာသားများ ပြည့်နှက်သွားတော့သည်။

[မှတ်တမ်းတင်ထားသော အာနိသင်များ]

၁။ တဏှာ ရာဂ ဆန္ဒကို နှိုးဆော်နိုင်စွမ်း အလွန်ပြင်းထန်ပြီး ယခင်ကထက် သုံးဆမျှ ပိုမိုစွမ်းဆောင်နိုင်ခြင်း။

၂။ အချိန်ကြာမြင့်စွာ စွမ်းဆောင်နိုင်မှုနှင့် စွမ်းရည်အလွန်အမင်း ထူးခြားပြောင်မြောက်ခြင်း။

၃။ သုံးစွဲသူအတွက်သာမက ထိုသူ၏ အဖော်အတွက်ပါ ကျင့်ကြံခြင်းကို အထောက်အကူပြုခြင်း။ အကယ်၍ နှစ်ဦးတွဲကျင့်စဉ်နှင့် ပေါင်းစပ်ပါက အာနိသင်မှာ ပို၍ပင် ကြီးမားနိုင်ခြင်း။

ဤနောက်ဆုံးအချက်ကို ရေးမှတ်ချိန်တွင် လော့ချန်ကိုယ်တိုင်ပင် အံ့အားသင့်သွားရသည်။ အထွတ်အထိပ်အဆင့် အံ့ဖွယ်တစ်သောင်းဆေးလုံးက ကျင့်ကြံခြင်းအတွက်ပါ အထောက်အကူပြုနိုင်သည်မှာ သူ ထင်မထားသော အချက်ပင်ဖြစ်သည်။ ကျန်းဝမ်မှာ နဂိုကတည်းက အရှက်အကြောက် နည်းပါးသူဖြစ်ရာ ယခုအခါ အနေခက်သည့် စိတ်များ ပျောက်ကွယ်သွားပြီး ဝတ်ရုံလက်ကို ခါယမ်းကာ ယုံကြည်ချက်အပြည့်ဖြင့် ဖောက်သည်ချလေတော့သည်။

"ဟဲဟဲ.... ငါကတော့ လောကီကာမဂုဏ်အာရုံတွေမှာပဲ နစ်မွန်းနေတဲ့ လူစားမျိုး မဟုတ်ပါဘူး…. အိမ်း.... ဒါပေမဲ့ ဒီဆေးလုံးက မဟာတာအိုလမ်းစဥ်မှာ တကယ်ပဲ မျှော်လင့်ချက်အလင်းရောင်ကို မြင်စေတာဗျ…. တကယ်လို့ တစ်နေ့တစ်လုံးသာ သောက်နိုင်မယ်ဆိုရင် ငါလည်း အခြေတည်အဆင့်ကို မျက်စောင်းထိုးလို့ ရနိုင်လောက်တယ်ကွာ...."

လော့ချန် မျက်လုံးကို တစ်ချက်လှန်လိုက်ပြီး ကျန်းဝမ်၏ ခြေသလုံးကို အသာအယာ ကန်လိုက်သည်။

"အောင်မာ…. တော်.... တိတ်…. သွားစမ်းဗျာ…. ခင်ဗျားကြီးကတော့လေ…. မဟာ တာအိုလမ်းစဉ်တော်မှာ မျှော်လင့်ချက် ဟုတ်လား…. တစ်နေ့ တစ်လုံး ဟုတ်လား…. ခင်ဗျားစိတ်ထဲမှာ ဒီအဖိုးတန် ဆေးလုံးတွေကို ပဲကြီးလှော်ထင်နေလားဗျ.... ဝေးဝေးသွားတော့ဗျာ…. အာရုံနောက်တယ် တကယ်ပဲ.... ဟင်း”

ထိုအခါ ကျန်းဝမ်ကြီးသည် စိတ်တိုရမည့်အစား လော့ချန် ပုံစံကိုကြည့်ကာ သူ့ဗိုက်သူနှိပ်ရင်း တဟားဟား အော်ရီနေသည်။ စင်စစ်တွင်မူ လော့ချန်သည် ဆေးလုံးကို နှမြောနေခြင်း မဟုတ်ပေ။ အစစ်အမှန် ပြဿနာမှာ ၎င်းကို ဖော်စပ်ရန် ခက်ခဲလွန်းခြင်းပင် ဖြစ်သည်။ အထွတ်အထိပ် အရည်အသွေးကို ရည်ရွယ်လိုက်သည်နှင့် အောင်မြင်နှုန်းမှာ တစ်ဆယ် ရာခိုင်နှုန်းခန့်သာ ရှိတော့သည်။ အာနိသင်က ပြင်းထန်သလောက် ကုန်ကျစရိတ်မှာလည်း အလွန်အမင်း မြင့်မားလှသည်။

ထို့ပြင် ထျန်းရှင်းကျီ ထွက်ခွာသွားခြင်းကြောင့် အဓိက ဆေးဖက်ဝင်ပစ္စည်းဖြစ်သည့် ကျောက်စိမ်းကဲ့သို့ တောက်ပသောအသားရှိသည့် ပင်လယ်ဂုံးခြောက်လည်း ပြတ်လပ် နေရာ ဤဆေးလုံး ဖော်စပ်မှုကို ခေတ္တရပ်နားထားရမည် ဖြစ်သည်။

သူသည် ကျန်ရှိနေသော ဆေးလုံးအချို့ကို ကျန်းဝမ်ထံ မျက်စောင်းထိုးရင်း ပစ်ပေးလိုက်သည်။ ကျန်းဝမ်မှာ ထိုဆေးလုံးများကို နတ်ဘုရားပေးသော ရတနာများကဲ့သို့ လက်ခံယူကာ ပါးဖြဲနားဖြဲ ပြုံးရင်း တောင်အောက်သို့ ပြေးဆင်းသွားတော့သည်။

ထိုပျော်ရွှင်နေသော ကျောပြင်ကို ကြည့်ရင်း တစ်စုံတစ်ဦးတော့ ဒုက္ခလှလှ တွေ့တော့မည်ကို လော့ချန် သိလိုက်သည်။ သူ၏ လက်ဝယ်တွင်လည်း အရေးပေါ်အခြေအနေအတွက် ဆေးလုံးအချို့ ကျန်ရှိနေသေးသည်။ သေချာပေါက် သူ့အတွက် မဟုတ်ပေ။ သူ အသေအချာ စစ်ဆေးပြီးပြီ ဖြစ်သည်။ အထွတ်အထိပ်အဆင့် အံ့ဖွယ်တစ်သောင်းဆေးလုံး၏ ကျင့်ကြံခြင်းအပေါ် အထောက်အကူပြုပုံမှာ အဆင့်နိမ့် ချီသန့်စင်ဆေးလုံးခန့်သာ ရှိသဖြင့် သူ့အတွက် အသုံးမဝင်လှပေ။ သူသည် ဆေးဆရာတစ်ဦး၏ အကျင့်အတိုင်း ဆေးအာနိသင်ကို မှတ်တမ်းတင်ရုံသာ ဖြစ်သည်။

ယခု သူ အဓိက အာရုံစိုက်နေသည်မှာ ကျောက်စိမ်းအမြုတေဆေးလုံးပေါ်တွင် ဖြစ်သည်။ ၎င်းမှာ လော့ထျန်းအဖွဲ့ ကြီးထွားလာရန် အထောက်အကူပြုရန်အတွက်သာ မကဘဲ ၎င်းမှ ရရှိမည့် အောင်မြင်မှုအမှတ်များကိုလည်း သူ မျက်စိကျနေခြင်း ဖြစ်သည်။

….

ရက်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားသည်။

တစ်လအကြာတွင် လော့ချန်၏ ကျောက်စိမ်းအမြုတေဆေးလုံး ကျွမ်းကျင်မှုမှာ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားတော့သည်။ အားထုတ်ကြိုးပမ်းမှုအချို့ ပြုလုပ်ပြီးနောက် သူ ကျောက်စိမ်းအမြုတေဆေးလုံး တစ်လုံးကို ဖော်စပ်လိုက်သည်။ ကံမကောင်းစွာဖြင့် ၎င်း၏ အာနိသင်မှာ အံ့ဖွယ်တစ်သောင်းဆေးလုံးကဲ့သို့ အံ့သြဖွယ် ပြောင်းလဲသွားခြင်းမျိုး မရှိဘဲ ယခင်ထက် ဆေးစွမ်း နှစ်ဆမျှ ပိုမိုပြင်းထန်လာခြင်းသာ ဖြစ်သည်။

ခြုံငုံကြည့်လျှင် ၎င်းမှာ ချီသန့်စင်ဆေးလုံးထက် သာလွန်သော်လည်း မြူသန့်စင်ဆေးလုံး ထက်မူ အနည်းငယ် အားနည်းနေသေးသည်။ အမှန်တကယ်တွင်မူ အတော်လေး ကောင်းမွန်သော ရလဒ်ပင် ဖြစ်သည်။ အကြောင်းမှာ ကျောက်စိမ်းအမြုတေ ဆေးလုံးသည် မူလကတည်းက တရားဝင် ကျင့်ကြံခြင်းဆေးလုံး မဟုတ်ဘဲ ၎င်းတွင် ကျောက်စိမ်းအဖြစ် ပြောင်းလဲခြင်း ဟူသော မွေးရာပါ ချို့ယွင်းချက် ရှိနေသောကြောင့် ဖြစ်သည်။

စနစ်၏ အကူအညီကြောင့် လော့ချန်သည် ဤချို့ယွင်းချက် နှစ်ခုစလုံးကို ကျော်လွှားနိုင်ခဲ့ပြီး ၎င်းကို တရားဝင် ကျင့်ကြံခြင်းဆေးလုံး တစ်ခုကဲ့သို့ အဆင့်မြှင့်တင်နိုင်ခဲ့သည်။ ဤအချက်မှာ မည်သည့်နေရာတွင်မဆို လေးစားစရာ ကောင်းလှပေသည်။

ယခင်က ပါရမီရှင်အဆင့်တွင် အောင်မြင်နှုန်း ငါးဆယ်ရာခိုင်နှုန်း ရှိခဲ့ရာမှ အထွတ်အထိပ်အဆင့်သို့ ရောက်သောအခါ ဆယ်ရာခိုင်နှုန်းသို့ ထိုးကျသွားသည်။ စီးပွားရေးအရ တွက်ချက်ကြည့်လျှင် ရလဒ်မှာ မသာယာလှပေ။ အဆင့်မြင့် ကျောက်စိမ်းအမြုတေ ဆေးလုံးတစ်လုံးသည် ဝိညာဉ်ကျောက်တုံး ၈၀၀ ကျော် အမြတ်ထွက်နိုင်သည်။ အထွတ်အထိပ်အဆင့်မှာမူ ၄၀၀ မျှသာ ဖြစ်သည်။ ထို့ကြောင့် အထွတ်အထိပ်အဆင့် ကျောက်စိမ်းအမြုတေ ဆေးလုံးများကို အမြောက်အမြား ထုတ်လုပ်ရန်မှာ လက်တွေ့မကျချေ။

လော့ချန်အနေဖြင့် တွက်ချက်မှုများကို ကြည့်ပြီးနောက် စိတ်ပျက်ခဲ့ရသည်ကို ဝန်ခံရပေမည်။ အဆင့်နိမ့် မှော်အာဟာရဆေးလုံးဖြစ်စေ၊ ပထမအဆင့် အံ့ဖွယ်တစ်သောင်းဆေးလုံး ဖြစ်စေ၊ ယခု ကျောက်စိမ်းအမြုတေဆေးလုံး ဖြစ်စေ ပုံစံမှာ အတူတူပင် ဖြစ်သည်။ ၎င်းတို့ကို အထွတ်အထိပ်အဆင့်သို့ မြှင့်တင်လိုက်သော်လည်း ရရှိမည့် အကျိုးအမြတ်မှာ သိသိသာသာ လျော့ကျသွားသည်။ ဤဆေးလုံးများသည် သဘာဝအရပင် အသုံးနည်းလွန်းသော အသေးအဖွဲ အမျိုးအစားများ ဖြစ်နေ၍လားဟုပင် သူ သံသယဝင်မိသည်။

သို့သော် စိတ်ပျက်မှုများ လျော့ပါးသွားပြီးနောက် သူ တဖြည်းဖြည်း သဘောပေါက်လာခဲ့သည်။ အချို့အရာများကို ထိုကဲ့သို့ အမြတ်အစွန်းဖြင့်သာ တိုင်းတာ၍ မရချေ။ အမြတ်အစွန်းသက်သက်အရ ဆိုလျှင် အဆင့်နိမ့်ဆေးလုံးများက ပို၍ အမြတ်များပေလိမ့်မည်။ ၎င်းတို့မှာ ဖော်စပ်ရသက်သာခြင်း၊ အမြောက်အမြား ထုတ်လုပ်နိုင်ခြင်းနှင့် လူအများ တတ်နိုင်ခြင်းတို့ကြောင့် ဈေးကွက် ပိုမိုကျယ်ပြန့်သည်။ ထိုအခါမှသာ အမြတ်အစွန်းမှာလည်း သိသိသာသာ များပြားလာမည် ဖြစ်သည်။

ဤအတွက် သာဓကလည်း ရှိသည်။ ဤနယ်မြေရှိ ထိပ်တန်း ဆေးဖော်စပ်ရေး အင်အားစုတစ်ခုဖြစ်သော ဆေးဘုရင်ဂိုဏ်းပင်။ သူတို့ရောင်းချသော ချီသန့်စင်ဆေးလုံးနှင့် မြူသန့်စင်ဆေးလုံး အများစုမှာ အဆင့်နိမ့်ဆေးများသာ ဖြစ်သည်။ ၎င်းမှာ သူတို့အနေဖြင့် အဆင့်မြင့်ဆေးများကို မဖော်စပ်နိုင်၍လောဟု မေးစရာရှိသည်။ သေချာပေါက် မဟုတ်ပေ။ ထိုသို့တွေးခြင်းမှာ ရယ်စရာပင်။ သူတို့ ဤနည်းဗျူဟာကို ရွေးချယ်ခြင်းမှာ အကြောင်းရင်း ရှိလိမ့်မည်ဖြစ်သည်။ အကယ်၍ သူတို့ကဲ့သို့ အဖွဲ့အစည်းကြီးကပင် ဤသို့လုပ်ဆောင်နေသည်ဆိုပါက လော့ချန်၏ ယူဆချက် မှန်ကန်ကြောင်း အတည်ပြုပြီးသား ဖြစ်သည်။

ကျင့်ကြံသူတစ်ဦးသည် သူ၏ ကျင့်စဉ်ကို လည်ပတ်နိုင်စွမ်းပေါ် မူတည်၍ တစ်နေ့လျှင် ဆေးလုံး အရေအတွက် အကန့်အသတ်ဖြင့်သာ သောက်သုံးနိုင်သည်။ ထိုကန့်သတ်ချက်အတွင်း ဆေးအာနိသင် ပိုမိုပြင်းထန်သော ဆေးလုံးများကို သောက်သုံးခြင်းက ပိုမိုကောင်းမွန်သော ရလဒ်များကို ရရှိစေမည်မှာ သိသာလှသည်။ သို့သော် ဤကဲ့သို့သော ဗျူဟာမြောက် အားသာချက်မျိုးမှာ လူတိုင်းအတွက် မဟုတ်ပေ။ ၎င်းမှာ အင်အား၊ ဓနနှင့် နည်းလမ်းရှိသူများ အတွက်သာ ရရှိနိုင်သော အထူးအခွင့်အရေး ဖြစ်သည်။

"အင်း.... အဲဒါကြောင့် ဆေးဘုရင်ဂိုဏ်းရဲ့ ထိပ်တန်းအဆင့် ဆေးလုံး‌တော်တော်များများက မှောင်ခိုဈေးကွက်လေလံပွဲတွေ ဒါမှမဟုတ် ဂိုဏ်းအချင်းချင်း လဲလှယ်တဲ့နေရာတွေမှာပဲ ပျံ့နှံ့နေတာပဲ၊ ဘာလို့ဆို သူတို့က ကျင့်ကြံစွမ်း မြှင့်ပေးနိုင်တော့ ထိပ်တန်းဆေးလုံးတွေကို ပုံမှန်စျေးထက် အဆမတန်စျေးတင်ပြီး ရောင်းလို့ရတာပဲ"

ဤအချက်ကို သဘောပေါက်သွားသောအခါ လော့ချန်သည် သူ၏ လက်ထဲမှ ကြွေရောင်ကဲ့သို့ ဖြူစင်သော ဆေးလုံးကို ကြည့်ရင်း စိတ်မပျက်တော့ပေ။

"အော်.... နေဦး…. မေ့နေလိုက်တာ၊ ငါ ချီသန့်စင်အဆင့်နှောင်းပိုင်းကို ရောက်ဖို့ မြူသန့်စင်ဆေးလုံး အနည်းငယ် လိုအပ်နေသေးတယ်…. ပြီးတော့ ဒီအထွတ်အထိပ်အဆင့် ကျောက်စိမ်းအမြုတေ ဆေးလုံးကလည်း အသုံးလိုလာမှာပဲ"

လော့ချန်သည် ကျေနပ်စွာဖြင့် ဆေးလုံးကို သိမ်းလိုက်ပြီး ပျော်ရွှင်စွာ တောင်အောက်သို့ ဆင်းလာခဲ့သည်။ လက်ရှိအချိန်တွင် လော့ထျန်းအဖွဲ့သည် တာဟဲမြေတွင် ခြေကုပ် ရနေပြီ ဖြစ်သည်။ ထို့ထက်ပို၍ အရေးကြီးသည်မှာ အဖွဲ့သည် ရှေ့သို့တက်လှမ်းရန် လော့ချန် တစ်ဦးတည်းအပေါ်သာ မှီခိုနေရန် မလိုတော့ခြင်းပင်ဖြစ်သည်။

စုဆောင်းထားသော ကျင့်ကြံသူအသစ်အချို့ကို ဆေးဝါးခန်းမဆောင်အတွင်းသို့ ထည့်သွင်းပေးခဲ့ရာ ယခင်က လိုအပ်နေသော ဆေးဝါးဆောင်အဖွဲ့ (ဆေးဖက်ဝင်အပင် ရှာဖွေရေးအဖွဲ့) ကို ပြန်လည် ဖွဲ့စည်းနိုင်ခဲ့သည်။ ယခုအခါ ဆေးဝါးခန်းမဆောင်သည် ဝိညာဉ်ဆေးပင်များကို အတွင်း၌ ကိုယ်တိုင်စိုက်ပျိုးနိုင်သလို တောင်တန်းများအတွင်းသို့ လူလွှတ်၍ ရှာဖွေစုဆောင်းနိုင်ပြီ ဖြစ်သည်။ စုဆောင်းရရှိသော အရင်းအမြစ်များ၏ အစိတ်အပိုင်း အနည်းငယ်ကိုသာ ကိုယ်တိုင်အသုံးပြုရန် သိမ်းဆည်းထားပြီး၊ ကျန်အများစုကို လျန်ယွန်း ကုန်သွယ်ရေး မဟာမိတ်ထံသို့ ရောင်းချကာ ပုံမှန်ဝင်ငွေ လမ်းကြောင်းတစ်ခုကို တည်ဆောက်ခဲ့သည်။

လက်နက်သွန်းလုပ်ရေးခန်းမမှာမူ တွမ်ဖုန်း သတိပြန်ရလာပြီးနောက်တွင် အဆုံး၌ တည်ထောင်နိုင်ခဲ့သည်။ သို့သော် အခြားခန်းမဆောင်များနှင့် မတူသည်မှာ ၎င်း၏ ဖွဲ့စည်းပုံမှာ ထူးဆန်းနေခြင်းပင် ဖြစ်သည်။

အဖွဲ့ဝင်အများစုမှာ တွမ်ဖုန်း၏ တပည့်ဟောင်းများနှင့် တွမ်မျိုးနွယ်စု ပျက်စီးချိန်တွင် တောင်ပြင်ပသို့ ရောက်ရှိနေသဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့သော တွမ်မျိုးနွယ်စုဝင် အနည်းငယ်တို့သာ ဖြစ်သည်။

လော့ချန်က ဤစီစဉ်မှုနှင့် ပက်သက်၍ မေးမြန်းသောအခါ တွမ်ဖုန်းက သူ့တွင် လက်ရှိ တွမ်မျိုးနွယ်ဝင်များအပေါ် မည်သည့် အာဃာတမှ မရှိတော့ ဟူသည့် တစ်ခွန်းသာ ပြန်ပြောခဲ့သည်။

တွမ်ဖုန်းအမြင်တွင်မူ အဓိက နာကျည်းရသူ တွမ်ချန်ခွန်းမှာ သေဆုံးသွားခဲ့ပြီဖြစ်သည်။ လော့ချန်၏ လက်ချက်ကြောင့် ဖြစ်သော်လည်း တွမ်ဖုန်း၏ လုပ်ရပ်များက ထိုရလဒ်တွင် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ တွမ်ရွှေကို သူကိုယ်တိုင် သုတ်သင်နိုင်ခဲ့သဖြင့် မိခင်အတွက် သွေးကြွေးဆပ်ပြီးပြီဟု သူ ယူဆသည်။ နန်ကုန်း မျိုးနွယ်စုနှင့် မဟာမိတ်ဖွဲ့ရေးအတွက် လက်ထပ်ရန် အကြံပြုခဲ့သူမှာ တွမ်ရွှေပင် ဖြစ်ပြီး၊ ၎င်းမှာ ဤကြေကွဲဖွယ် ဖြစ်ရပ်အားလုံးကို စတင်စေခဲ့သော မီးပွားပင် မဟုတ်ပါလော။ တွမ်ချန်ခွန်းမှာ ထိုအကြံပြုချက်ကို လိုက်နာခဲ့ရုံသာ ဖြစ်ပြီး အကျိုးရှိနိုင်သည်ဟု ထင်ခဲ့မိသောကြောင့် ထိုဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။

လော့ချန် သက်ပြင်းတစ်ချက်ကို အသာအယာချလိုက်ရင်း တွမ်ဖုန်းကို စူးစိုက်ကြည့်ကာ လေသံကို ခပ်အေးအေးသို့ ပြောင်းလိုက်သည်။

"အင်း.... အစ်ကိုတွမ်ရာ လောကကြီးမှာ ထင်သလောက် ရိုးရှင်းတဲ့အရာဆိုတာ မရှိဘူးပဲ၊ ပြီးပြည့်စုံတဲ့ အဖြေဆိုတာကလည်း ရှာရခက်တဲ့ အရာမျိုးပဲ မဟုတ်လားဗျာ.... အဟက်.... ပျော်ရွှင်မှုရှိရင် ဝမ်းနည်းမှု ရှိစမြဲ၊ အမြတ်ရရင် အရှုံးဆိုတာလည်း ကပ်ပါလာတတ်တာ လောကရဲ့ နိယာမပဲ”

တွမ်ဖုန်းသည် ခေါင်းငုံ့ထားရင်း ဘာမှပြန်မပြောဘဲ လော့ချန်စကား၏ ဆိုလိုရင်းကို စဥ်းစားရင်း တိတ်ဆိတ်နေသည်။ လော့ချန်က သူ၏ အကြည့်ကို လွှဲလိုက်ပြီး ဆက်ပြောလိုက်သည်။

"ကိုင်း.... အဲ့တော့ ဒီတွမ်မျိုးနွယ်ဝင်တွေကို လော့ထျန်းမှာ နေခွင့်ပေးထားတာကို ကျွန်တော်မပြောတော့ပါဘူး၊ အစကတည်းက အစ်ကိုတွမ် ဘာပဲဆုံးဖြတ် ဆုံးဖြတ် လက်ခံပေးဖို့ စဥ်းစားပြီးသား၊ အင်း.... ဒါပေမဲ့”

လော့ချန်က စကားကို ခဏရပ်ကာ တွမ်ဖုန်း၏ ပုခုံးကို ပုတ်ရင်း အေးစက်စက် သတိပေးချက်တစ်ခုကို နှုတ်ခမ်းဖျားမှ ထုတ်ဖော်လိုက်သည်။

"ဒီ တစ်ခုတော့သေချာ မှတ်ထားပါ၊ တွမ်မျိုးနွယ်ဝင်တိုင်းကို မျက်ခြေမပြတ် စောင့်ကြည့်ပါ၊ သူတို့ ဘက်က တစ်ခုခုစဖောက်လာတာနဲ့ အဲ့ဒီအကျိုးဆက်ကို အစ်ကိုတွမ် တာဝန်ယူပေးရလိမ့်မယ်၊ အဲ့ဒီကျရင်တော့ ကျွန်တော့်ကို အပြစ်မတင်နဲ့တော့ဗျာ.... ဒါနောက်ဆုံးစကားပဲ”

တွမ်ဖုန်း၏ ကျောပြင်မှာ အေးစိမ့်သွားကာ "နားလည်ပါပြီ.... စိတ်ချပါ…. ငါ အခြေခံတည်ဆောက်ခြင်းအဆင့် မရောက်မချင်း သူတို့ ဒီတောင်ပေါ်ကနေ ခြေတလှမ်းတောင် အပြင်ထွက်ခွင့် မရှိစေရပါဘူး၊ ဘာအမှားမှမရှိဖို့ အသေအချာ ဂရုစိုက်ပါ့မယ်" ဟု လေသံတိုးတိုးဖြင့် ကတိပေးလိုက်ရတော့သည်။

တွမ်ဖုန်း၏ အာမခံချက်နှင့် ပြတ်သားသော မျက်နှာကို ကြည့်ရင်း လော့ချန်သည် သူ ကိုင်ဆောင်ထားသော သိုလှောင်အိတ်အကြောင်းကို တွေးမိသွားသည်။ ၎င်းကို ဝမ်ယွမ်က ပေးခဲ့ခြင်း ဖြစ်သည်။ ထိုအိတ်မှာ တစ်ချိန်က တွမ်ချန်ခွန်း ပိုင်ဆိုင်ခဲ့သော အိတ်ပင်။ ထိုလူမှာ သေဆုံးသွားပြီ ဖြစ်သော်လည်း သူ ထားရစ်ခဲ့သော စိတ်ဝိညာဉ်တည်ငြိမ်ခြင်း ပဋိညာဉ်သည် အလွန်ပင် ခိုင်မာလွန်းလှသည်။ အကယ်၍ မြောင်ဝမ်ကဲ့သို့သော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးသာ ရှိပါက အချိန်ယူ၍ တဖြည်းဖြည်း ချိုးဖျက်နိုင်မည် ဖြစ်သည်။ သို့သော် လက်ရှိ လော့ထျန်းအဖွဲ့တွင် ထိုသို့လုပ်နိုင်သူ မရှိသေးချေ။ လော့ချန်သည်လည်း ၎င်းကို အခြားသူထံသို့ မအပ်နှံချင်သဖြင့် တစ်ချိန်လုံး မိမိထံတွင်သာ သိမ်းဆည်းထားခဲ့သည်။ ၎င်းအတွင်း၌ အလွန်တန်ဖိုးရှိသော အရာများစွာ ရှိနေနိုင်သည်။ အကယ်၍ တွမ်ဖုန်းအတွက် အထောက်အကူ ဖြစ်စေမည့်အရာများ ပါဝင်နေပါက အချိန်တန်လျှင် သူ့အား ပေးအပ်ရန် လော့ချန် စဉ်းစားထားသည်။

အခြေခံ တည်ဆောက်ခြင်းအဆင့်သို့ ရောက်ရန် တွမ်ဖုန်းနှင့် နှိုင်းယှဉ်လျှင် လော့ချန်မှာ ပိုမိုစိတ်အားထက်သန်လေသည်။ အကြောင်းမူ သူ ထိုအဆင့်သို့ ရောက်မှသာ လော့ထျန်းအဖွဲ့ဝင်များ၏ ရပ်တည်ချက် ပိုမိုခိုင်မာလာပေလိမ့်မည်။

"အင်း.... သိပ်တော့မကြာလောက်တော့ပါဘူးလေ...."

….

တွမ်ဖုန်းနှင့် တွေ့ဆုံပြီးနောက် လော့ချန်သည် စိတ်ဝိညာဉ်တည်ငြိမ်ခြင်း ပဋိညာဉ်ကို အသည်းအသန် လေ့ကျင့်နေသော ဝမ်ယွမ်ထံသို့ သွားရောက် ကြည့်ရှုလေသည်။ ၎င်းမှာ ခက်ခဲသော လမ်းကြောင်းတစ်ခုပင်ဖြစ်သည်။ ယခင်က ဝမ်ယွမ်သည် ချီဖုံးကွယ်မှော်အတတ်ကို လွယ်ကူစွာ တတ်မြောက်ခဲ့သလို သွေးလမ်းစဉ်နှင့် ကိုယ်ခန္ဓာကျင့်စဉ်များကိုလည်း အလွယ်တကူ ပေါင်းစပ်နိုင်ခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင်မူ သူ၏ တိုးတက်မှုမှာ အလွန်ပင် နှေးကွေးနေသည်။

ထိုအချက်ကို လော့ချန် မျှော်လင့်ထားပြီးသားပင် ဖြစ်သည်။ ဝိညာဉ်လမ်းစဉ် ကျင့်ကြံမှု ဖြစ်နေသလို အဆိုးဆုံးမှာ တွမ်ချန်ခွန်း၏ ဝိညာဉ်သိစိတ်အကြွင်းအကျန်က သူ့ခန္ဓာကိုယ်ထဲတွင် ရှိနေသေးခြင်းပင်ဖြစ်သည်။ ထိုအဆက်မပြတ် နှောင့်ယှက်မှုများကြောင့် အာရုံစူးစိုက်ရန်မှာ မဖြစ်နိုင်သလောက်ရှိသည်။ ထို့ကြောင့် တိုးတက်မှု နှေးကွေးနေသည်မှာ သဘာဝပင်။

ထို့သို့ ဝမ်ယွမ်ထံ သွားရောက်ပြီးနောက် လော့ချန်သည် သူ၏အဖွဲ့ဝင်ကျင့်ကြံသူများကို သူ တံခါးပိတ် ကျင့်ကြံတော့မည် ဖြစ်ကြောင်း ကြေညာလိုက်သည်။ သို့သော် အမှန်တကယ်တွင်မူ လစဉ်လတိုင်း ကျောက်စိမ်းအမြုတေ ဆေးလုံးများကို တစ်သုတ်စီ ဖော်စပ်ရန်အတွက် အချိန်ပေးရသေးသည်။ အကြောင်းမူ ထိုဆေးလုံးမှာ လော့ထျန်းအဖွဲ့၏ အဓိက လုပ်ငန်း ဖြစ်သောကြောင့်ပင်။ နန်ကုန်း မျိုးနွယ်စု၊ တာကျန်းဂိုဏ်းတို့နှင့် ရင်းနှီးသော ဆက်ဆံရေးကို ဆက်ထိန်းထားလိုပါက ကျောက်စိမ်းအမြုတေဆေးလုံးမှာ မရှိမဖြစ် အလွန်အရေးကြီးပေသည်။

မြေအောက်မီးဖြင့် ဆေးဖော်စပ်ခြင်းကို ကျွမ်းကျင်သွားပြီးနောက် လော့ချန်၏ ဆေးဖော်စပ်မှု စွမ်းဆောင်ရည်မှာ နောက်တစ်ကြိမ် သိသိသာသာ တိုးတက်လာခဲ့သည်။ လက်ဖြင့် မီးထိန်းရခြင်းနှင့် နှိုင်းယှဉ်လျှင် မြေအောက်မီးက များစွာ ပို၍ အဆင်ပြေလှသည်။ ယခင်က သူသည် တစ်နေ့လျှင် အများဆုံး ၁၆ သုတ်ခန့်သာ ဖော်စပ်နိုင်ခဲ့သော်လည်း ယခုမူ ထိုအရေအတွက်မှာ ၂၀ အထိ တိုးလာခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ မြေအောက်မီးကို အသုံးပြုရခြင်းကြောင့်တင် မဟုတ်ဘဲ သူ၏ ဝိညာဉ်အသိစိတ် သန်မာလာခြင်းကြောင့်လည်း ပါဝင်သည်။ ဆေးလုံးထွက်နှုန်း တိုးလာသဖြင့် လော့ချန်သည် အချိန်ပိုထွက်လာပြီး သူ၏ ကိစ္စရပ်များကို ပို၍ အာရုံစိုက်နိုင်လာခဲ့သည်။

ကျွမ်းကျင်ရာ လိမ္မာဆိုသည့်အတိုင်း သူ၏ အောင်မြင်မှုတိုင်းသည် ကျွမ်းကျင်မှုအပေါ်တွင်သာ မူတည်နေသည်ဟု သူ ဆင်ခြင်မိသည်။ ကုသခြင်းမှော်အတတ်ကို ပါရမီရှင်အဆင့်သို့ မြှင့်တင်ပြီးနောက် အသံလုံအတားအဆီးမှော်အတတ်ကို အခြေခံအဆင့်မှ အထွတ်အထိပ်အဆင့်သို့ ရောက်အောင် လုပ်ဆောင်ခဲ့သလို၊ နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်းကိုလည်း ကျွမ်းကျင်အဆင့်သို့ ရောက်အောင် သူ ဆက်လက် အားထုတ်ခဲ့သည်။ သူ၏ အောင်မြင်မှုများမှာ တစ်ခုပြီးတစ်ခု မှန်မှန် ထွက်ပေါ်လာသည်။ ဆွဲငင်ခြင်းမှော်အတတ်နှင့် သန့်စင်ခြင်းမှော်အတတ် နှစ်ခုလုံးကိုလည်း နောက်ဆုံးတွင် အထွတ်အထိပ်အဆင့်သို့ ရောက်အောင် သူ စွမ်းဆောင်နိုင်ခဲ့သည်။

ဆေးဖော်စပ်ခြင်း ကဏ္ဍတွင်မူ မြေအောက်မီးမှ ထွက်ပေါ်သော မိစ္ဆာချီ မရှိသဖြင့် သွေးအဆီအနှစ်ဆေးလုံးကို ထပ်မံ မဖော်စပ်နိုင်တော့သော်လည်း သူ၏ တိုးတက်မှုမှာ ရပ်တန့်မသွားပေ။ အံ့ဖွယ်တစ်သောင်းဆေးလုံးနှင့် ကျောက်စိမ်းအမြုတေဆေးလုံး နှစ်ခုလုံးကို အထွတ်အထိပ်ကျွမ်းကျင်မှု ရရှိခဲ့ခြင်းကြောင့် အောင်မြင်မှုအမှတ် နှစ်မှတ် ထပ်မံ ရရှိခဲ့ရာ သူ၏ ရည်မှန်းချက်ပန်းတိုင်မှာ ပိုမိုနီးကပ်လာခဲ့ပြီ ဖြစ်သည်။ အထူးသဖြင့် လပေါင်းများစွာ ဆေးဖော်စပ်ခြင်း အလုပ်များကို လုပ်ကိုင်ခဲ့သဖြင့် သူ၏ ဆေးဖော်စပ်ခြင်း နည်းစနစ်များမှာ ယခင်ကထက် များစွာ ပိုမို သိမ်မွေ့ပြီး ပါရမီရှင်အဆင့်သို့ ဆိုက်ရောက်လာခဲ့တော့သည်။

All Chapters