အခန်း (၂၇၅-၂၇၆)
Vol. 28 Ch. 275-276
အခန်း (၂၇၅) - နတ်ဒေဝါပျားရည် ဖော်စပ်ခြင်းနှင့် လော့ချန် မျှော်လင့်နေသူတစ်ဦး
နှစ်နှစ်တာကာလ အချိန်စက်ဝန်းမှာ တရွေ့ရွေ့ ပြောင်းလဲကုန်ဆုံးခဲ့ပြီ ဖြစ်သည်။
ရှောင်ဟွမ်းတောင်ထိပ်ရှိ သက်ငယ်မိုးအိမ်လေးအတွင်း၌ တိတ်ဆိတ်ငြိမ်သက်ခြင်းတို့က စိုးမိုးထားသည်။
လော့ချန်သည် ရေခဲမီးလျှံ ဝိညာဉ်စမ်းရေတွင်း၏ အနီးတွင် တင်ပျဉ်ခွေထိုင်ကာ ဟင်းလင်းပြင်ကို စူးစိုက်ကြည့်နေသည်။
[အခြေအနေပြကြေးမုံပြင်]
အမည် - လော့ချန်
အဆင့် - ချီသန့်စင် အထွတ်အထိပ်အဆင့်
အောင်မြင်မှုအမှတ် - ၁၃
[ကျင့်စဉ်များ]
နွေဦးကျင့်စဥ် - အထွတ်အထိပ်အဆင့်
နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်း ကျင့်စဉ် - ပြီးပြည့်စုံအဆင့် (၃၀၅/၅၀၀)
ဝိညာဉ်သားရဲတစ်သောင်းကျင့်စဥ် - အခြေခံအဆင့် (၁၀/၁၀၀)
[မှော်အတတ်များ]
မီးလုံးမှော်အတတ် - အထွတ်အထိပ်အဆင့်
လေဟုန်စီးအတတ် - အထွတ်အထိပ်အဆင့်
ဆွဲငင်ခြင်းမှော်အတတ် - အထွတ်အထိပ်အဆင့်
ချီဖုံးကွယ်မှော်အတတ် - အထွတ်အထိပ်အဆင့်
နတ်မျက်စိ မှော်အတတ် - အထွတ်အထိပ်အဆင့်
နွယ်ရှင်နှောင်ကြိုး - အထွတ်အထိပ်အဆင့်
သန့်စင်ခြင်းမှော်အတတ် - အထွတ်အထိပ်အဆင့်
ကုသခြင်းမှော်အတတ် - ပါရမီရှင်အဆင့် (၆၁၀/၁၀၀၀)
မြေစိုင်တောင် မှော်အတတ် - ပြီးပြည့်စုံအဆင့် (၃၁၅/၅၀၀)
လှိုင်းလုံးမှော်အတတ် - ပြီးပြည့်စုံအဆင့် (၃၀၉/၅၀၀)
အသံလုံအတားအဆီး မှော်အတတ် - ပြီးပြည့်စုံအဆင့် (၃၁၂/၅၀၀)
စိတ်ဝိညာဉ်ခြောက်ခြားခြင်း မှော်အတတ် - တတ်မြောက်အဆင့် (၁၇၉/၂၀၀)
[ဆေးဖော်စပ်ခြင်း]
ကျောက်စိမ်းကွဲခြင်း - အထွတ်အထိပ်အဆင့်
သစ္စာနှလုံးသား - ပါရမီရှင်အဆင့် (၅၁၃/၁၀၀၀)
ရေတံခွန်စိမ့်စမ်း - တတ်မြောက်အဆင့် (၁၂၅/၂၀၀)
တိမ်တိုက်အသွင်ပြောင်းခြင်း - တတ်မြောက်အဆင့် (၁၁၂/၂၀၀)
[ကိုယ်ခံပညာ]
တောင်ဖြိုကျောက်တိုင်ခွဲ လက်ဝါးသိုင်း - ပါရမီရှင်အဆင့် (၈၈၀/၁၀၀၀)
ကောင်းကင်နတ်သမီးပန်းကြဲခြင်း : ပါရမီရှင်အဆင့် (၃၇၅/၅၀၀)
[အတတ်ပညာများ]
ပထမအဆင့် ဆေးဖော်ဆရာ
မှော်အာဟာရဆေးလုံး - အထွတ်အထိပ်အဆင့်
အံ့ဖွယ်တစ်သောင်းဆေးလုံး - အထွတ်အထိပ်အဆင့်
ကျောက်စိမ်းအမြုတေဆေးလုံး - အထွတ်အထိပ်အဆင့်
သွေးအဆီအနှစ်ဆေးလုံး - တတ်မြောက်အဆင့် (၁၅၀/၂၀၀)
ချီလမ်းကြောင်းဆေးလုံး - အခြေခံအဆင့် (၈၀/၁၀၀)
နန်းဒေဝါပျားရည် - မတတ်မြောက်သေး
နှစ်နှစ်တာ ကာလအတွင်း နယ်မြေတွင်းပဋိပက္ခဟူ၍ မရှိသလို၊ ပြင်ပမှ ကျူးကျော်လာသည့် ရန်သူဟူ၍လည်း မရှိခဲ့ချေ။ ထိုကာလသည် လော့ချန်တစ်ယောက် ဤထူးဆန်းသော ကျင့်ကြံခြင်းကမ္ဘာသို့ ရောက်ရှိလာပြီးနောက်ပိုင်း စိတ်အချမ်းသာဆုံး အချိန်များဖြစ်ခဲ့သည်။ တစ်ကိုယ်တော် ကျင့်ကြံသူဘဝ အစောပိုင်းနေ့ရက်များတွင် ရရှိခဲ့သော လွတ်လပ်မှုပြီးလျှင် လက်ရှိအချိန်သည် သူ၏ ဘဝတွင် ဒုတိယမြောက် ငြိမ်းချမ်းမှုဟု ဆိုရပေမည်။ သို့သော် ထိုစဉ်က သာမန်အေးချမ်းမှုနှင့်မတူဘဲ ဤငြိမ်းချမ်းမှုကိုမူ အသက်ပေါင်းများစွာ၊ သွေးချောင်းစီးမှုများနှင့် တွမ်မျိုးနွယ်စု၏ ပျက်စီးခြင်းတို့ဖြင့် ခက်ခက်ခဲခဲ လဲလှယ်ရယူခဲ့ရခြင်း ဖြစ်သည်။
လော့ချန်သည် တစ်စက္ကန့်မျှသော အချိန်ကိုပင် အချည်းနှီး အချိန်မဖြုန်းခဲ့ချေ။ ဤနှစ်နှစ်တာ၏ နာရီတိုင်း၊ မိနစ်တိုင်းကို ကျင့်ကြံခြင်းလမ်းစဉ်၌သာ မြှုပ်နှံပေးဆပ်ခဲ့သည်။ လော့ထျန်းအဖွဲ့၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို စီမာဟွေ့နန်နှင့် အခြားသော လက်ရုံးများထံ ယုံကြည်စိတ်ချစွာ လွှဲအပ်ထားခဲ့ပြီး သူကိုယ်တိုင်မှာမူ တိုးတက်မှု အထွတ်အထိပ်သို့ ရောက်ရန်သာ ဇွဲနပဲဖြင့် တစိုက်မတ်မတ် ကြိုးပမ်းခဲ့သည်။ ထိုကဲ့သို့သော မဆုတ်မနစ်သော အားထုတ်မှုကြောင့်ပင် နောက်ဆုံး၌ သူသည် ချီသန့်စင်အဆင့်၏ အမြင့်ဆုံး အထွတ်အထိပ်သို့ အောင်မြင်စွာ လှမ်းတက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအားများသည် မိုးတိမ်တိုက်များအလား အစွမ်းကုန် ပြည့်လျှံနေပြီး စွမ်းအားသိုလှောင်ရာ ဒန်ထျန်း၏ ကန့်သတ်ချက်ကို အပြည့်အဝ ဖိကပ်ထားလေပြီ။ အနည်းငယ်မျှသော စွမ်းအားကို ထပ်မံဖြည့်တင်းရန်ပင် နေရာလွတ် မရှိတော့ချေ။ ၎င်းမှာ ဆက်လက်၍ ချဲ့ထွင်၍မရနိုင်တော့သည့် ပြည့်စုံခြင်း အခြေအနေဖြစ်ရာ သူသည် ချီသန့်စင်ခြင်းအဆင့်၏ အမြင့်ဆုံး တောင်ထိပ်ပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သက်သေပြနေသည်။
"အမလေး.... တော်သေးတာပေါ့ကွာ၊ ငါ့မှာ အထွတ်အထိပ်အဆင့် ကျောက်စိမ်းအမြုတေဆေးတွေ ပေါပေါများများ ရှိနေလို့၊ မဟုတ်ရင် အရင်းအမြစ် တကယ် မလောက်နိုင်ဘူး၊ ဒီအဆင့်ကို ရောက်ဖို့ အများကြီး ကြာဦးမှာ သေချာတယ်"
လော့ချန် ကျေနပ်အားရစွာဖြင့် ရေရွတ်လိုက်သည်။
သူ အစဉ်တစိုက် အားကိုးခဲ့ရသော စိတ်ငြိမ်အမွှေးတိုင်၊ ချီလမ်းကြောင်းဆေးလုံးနှင့် ရောင်စဉ်ပုလဲအနှစ်သာရဆေးများမှာ သူ့အား တစ်ကြိမ်မျှ စိတ်ပျက်အောင် မလုပ်ခဲ့ပေ။ အရှားပါးဆုံးဖြစ်သော ချီသန့်စင်ဆေးလုံးများကိုပင် ထျန်းရှင်းကျီ မထွက်ခွာမီက လုံလောက်စွာ ပြန်လည်ဖြည့်တင်းပေးခဲ့သဖြင့် သူ၏ လမ်းစဉ်မှာ အဆင်ပြေချောမွေ့ခဲ့သည်။
သို့သော် ရီစရာကောင်းလှသည်မှာ သူ လုံးဝ လျစ်လျူရှုမိခဲ့သော တစ်ခုတည်းသော အရင်းအမြစ်ဖြစ်သည့် မြူသန့်စင်ဆေးပင် ဖြစ်သည်။ အစပိုင်းတွင် ပစ္စည်းပြတ်တော့မည်ဟု ခံစားရုံမျှသာ ရှိသော်လည်း တကယ်တမ်း၌ နှစ်လစာခန့်သာ ခံသည်ကို နောက်ကျမှ တွေ့လိုက်ရသည်။ ကံကောင်းထောက်မစွာဖြင့် သူကိုယ်တိုင် မနားမနေ ဖော်စပ်ထားသော အထွတ်အထိပ်အဆင့် ကျောက်စိမ်းအမြုတေဆေးလုံးများ၏ အစွမ်းဖြင့် တစ်လှမ်းချင်း ရှေ့သို့တိုးကာ ဤအမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
"အိုး.... ဟန်ကျလိုက်လေ၊ ဒါတွေ အားလုံး ပြီးမြောက်သွားပြီဆိုတော့.... နောက်ထပ် အရေးကြီးဆုံးအဆင့်ဖြစ်တဲ့ အခြေခံ တည်ဆောက်ခြင်းအဆင့် အတွက် ပြင်ဆင်ရတော့မှာပဲ ဟဲဟဲ" ဟု သူ တီးတိုး ရေရွတ်ရင်း ကျေနပ်ပီတိ ဂွမ်းဆီထိနေသည်။
သူ၏ အခန်းအတွင်း၌ အမျိုးမျိုးသော ကျင့်ကြံခြင်း ပစ္စည်းများဖြင့် စီတန်းပြည့်နှက်နေသည်။ အားဖြည့် နိုးထခြင်းဆေးရည် ငါးပုလင်း၊ စိတ်ငြိမ်အမွှေးတိုင် သုံးသေတ္တာနှင့် ဖန်သားနံ့သာဆီ လေးပုလင်းတို့မှာ စနစ်တကျ ရှိနေကြသည်။ ပစ္စည်းတိုင်းတွင် ကိုယ်ပိုင် ထူးခြားသော ရည်ရွယ်ချက်များ ရှိကြပြီး၊ ၎င်းတို့အားလုံးမှာ အခြေခံ တည်ဆောက်ရာတွင် ကြုံတွေ့ရမည့် အခက်အခဲများကို အထောက်အကူပြုမည့် အရာများပင် ဖြစ်သည်။ အချို့မှာ အချိန်အတော်ကြာ ခက်ခက်ခဲခဲ စုဆောင်းခဲ့ရခြင်းဖြစ်ပြီး၊ အချို့မှာမူ တွမ်မျိုးနွယ်စု ပျက်စီးပြီးနောက် သိမ်းဆည်းရမိခဲ့သော ရတနာများ ဖြစ်သည်။ တွမ်ရွှေသည် အခြေခံ တည်ဆောက်နိုင်ရန် နှစ်ပေါင်းများစွာ ကြံစည်ခဲ့သူဖြစ်ရာ ဤအရင်းအမြစ်များကို ကြိုတင်ပြင်ဆင်ထားသည်မှာ သဘာဝကျပေသည်။ သို့သော် ထိုအရာများထဲတွင် အောင်မြင်မှုအတွက် အစစ်အမှန် သော့ချက် တစ်ခုမှ မပါပေ။
အကြောင်းမူ အစစ်အမှန် သော့ချက်မှာ အခြေတည်ဆေးလုံး ခေါ် အခြေခံ တည်ဆောက်ခြင်းဆေးလုံး ဖြစ်သည်။
"အခြေခံတည်ဆေးလုံးက ငါ့မှာ မရှိသေးဘူး…. ပြီးခဲ့တဲ့ နှစ်နှစ်လုံး နန်ကုန်းကျင်းတို့လို အာဏာရှိတဲ့သူတွေကို အကူအညီတောင်းခဲ့ပေမဲ့ သူတို့ကတော့ အကြောင်းပြချက်အမျိုးမျိုးနဲ့ ငြင်းခဲ့တာချည်းပဲ…. ဒါကလည်း ဖြစ်သင့်ပါတယ်.... သူတို့မှာသာ အဲ့ဒီလောက် အဖိုးတန်တဲ့ဆေးရှိရင် ကိုယ့်လူကိုယ်ပဲ အရင်ပေးမှာပေါ့…. ငါလို လူစိမ်းတစ်ယောက်ကို ဘာလို့ ပေးမှာလဲ"
ဤနယ်မြေအတွင်း၌ပင် ထိုဆေးလုံးကို ရယူရန်မှာ ကောင်းကင်ဘုံသို့ တက်လှမ်းရသကဲ့သို့ ခက်ခဲလှသည်။ မရင်းနှီးသော အခြားနယ်မြေများသို့ သွားရောက်ရှာဖွေခြင်းကလည်း အခြေအနေများကို ပိုမိုရှုပ်ထွေးပြီး အန္တရာယ်များစေလိမ့်မည်။ သို့သော် လော့ချန်သည် သူတစ်ပါး၏ ကရုဏာကိုသာ အားကိုးနေသူ မဟုတ်ပေ။ သူသည် မိမိကိုယ်ပိုင် လမ်းစဉ်အတွက် ပြင်ဆင်မှုများကို လျှို့ဝှက်စွာ လုပ်ဆောင်ထားသည်မှာ ကြာပြီ ဖြစ်သည်။
၎င်းမှာ အခြားမဟုတ်။ ဆန်းကြယ်လှသော နတ်ဒေဝါပျားရည်ပင် ဖြစ်သည်။ နှစ်နှစ်တာလုံး လော့ချန်သည် တိတ်ဆိတ်စွာနှင့် စည်းကမ်းတကျ နေထိုင်ခဲ့ပြီး၊ မိမိကိုယ်ကိုယ် ပင်ပန်းနွမ်းနယ်မှု၏ အဆုံးစွန်ထိ တွန်းပို့ကာ မှော်အတတ်တိုင်းနှင့် ကျွမ်းကျင်မှုတိုင်းကို အထွတ်အထိပ်သို့ ရောက်အောင် ရူးသွပ်စွာ လေ့ကျင့်ခဲ့သည်။ ထိုမဆုတ်မနစ်သော အားထုတ်မှုများ၏ အသီးအပွင့်အဖြစ် တန်ဖိုးရှိလှသော အောင်မြင်မှုအမှတ် ၁၃ မှတ်ကို သူ နောက်ဆုံးတွင် ရရှိခဲ့ခြင်း ဖြစ်သည်။
"နောက်ဆုံးတော့...."
သူ့ရင်ထဲတွင် မျှော်လင့်ချက်မီးတောက်တစ်ခု ဟုန်းခနဲ တောက်လောင်သွားသော်လည်း မျက်နှာအမူအရာကမူ အေးစက်တည်ငြိမ်နေဆဲပင်။ ထို့နောက် တိုးညင်းပြတ်သားသော လေသံဖြင့် သူ ရေရွတ်လိုက်သည်။
"အချိန်တန်ပြီ…. ငါ့ရဲ့ အခြေတည်အဆင့် ခရီးစဉ်ကို အခုပဲ စတင်တော့မယ်"
သူသည် စိတ်ကို တပါတည်း စုစည်းလိုက်ပြီး တွန့်ဆုတ်မနေတော့ပဲ အခြေအနေပြကြေးမုံပြင်မှ နောက်ဆုံးစာရင်းကို ရွေးချယ်လိုက်သည်။
နတ်ဒေဝါပျားရည် - တိုးတက်နေဆဲ (၈၈/၁၀၀)
လော့ချန်သည် စိတ်အာရုံကို ဗဟိုပြုကာ အောင်မြင်မှုအမှတ် ၁၃ မှတ်ကို အခြေအနေပြကြေးမုံပြင်အတွင်းသို့ တစ်မှတ်ချင်းစီ မြှုပ်နှံထည့်သွင်းလိုက်သည်။
တစ်မှတ်.... နှစ်မှတ်.... သုံးမှတ်....။
သူ၏ ချီစွမ်းအားမှာ အတိုင်အဖောက်ညီစွာ တည်ငြိမ်နေပြီး သူသည် ဂဏန်းများ တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာသည်ကို အေးဆေးစွာ စိုက်ကြည့်နေသည်။ ဆယ်မှတ်မြောက်ကို အသုံးပြုလိုက်ချိန်တွင် အခြေအနေပြကြေးမုံပြင်မှ ရုတ်တရက် ရွှေရောင်အလင်းတန်းတစ်ခု ဖြာထွက်လာပြီး စာသားများမှာ မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားလေပြီ။
နတ်ဒေဝါပျားရည် - အခြေခံအဆင့် (၁/၁၀၀)
"အမ်.... ဆယ်မှတ်ပဲ ကုန်တာလား"
လော့ချန်၏ တည်ငြိမ်သော မျက်နှာတွင် အံ့သြရိပ် အနည်းငယ် ဖြတ်ပြေးသွားသည်။
"ဟိုက်.... ၁၃ မှတ်လုံး ကုန်သွားမယ်လို့ ငါ အသေအချာ ထင်ထားတာ"
သို့သော် ထိုအံ့သြမှုမှာ ခဏတာသာ ဖြစ်ပြီး ချက်ချင်း ပျောက်ကွယ်သွားသည်။ သူသည် အကြောင်းရင်းကို သဘောပေါက်သွားသလို ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်လိုက်သည်။
လွန်ခဲ့သော နှစ်နှစ်အတွင်း သူသည် ဆေးဖော်စပ်ခြင်း လမ်းကြောင်းပေါ်တွင် အကြီးအကျယ် တိုးတက်ခဲ့သည် မဟုတ်ပါလော။ ဆေးလုံးအမျိုးအစား နှစ်မျိုးမှာ သူ၏လက်ထဲတွင် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ ထို့အပြင် အထွတ်အထိပ်အဆင့် ကျောက်စိမ်းအမြုတေဆေးလုံး များစွာကိုလည်း အကြိမ်ကြိမ် ဖော်စပ်ခဲ့ရာ ထိုကြိုးစားမှုတိုင်းက သူ၏ စိတ်စွမ်းအား ထိန်းချုပ်နိုင်စွမ်းကို မြှင့်တင်ပေးခဲ့ပြီး ဆေးဖော်ပညာရပ်၏ နက်ရှိုင်းမှုကို ပိုမိုသိရှိစေခဲ့သည်။
အထွတ်အထိပ်အဆင့်ရှိသော ပထမအဆင့်ဆေးလုံးများမှာ တရားဝင်အားဖြင့် ဒုတိယအဆင့်ဟု သတ်မှတ်ခြင်းမခံရသော်လည်း ၎င်းတို့၏ ဖော်စပ်မှုခက်ခဲပုံမှာ ဒုတိယအဆင့်နှင့် အလွန်နီးစပ်လှပေသည်။ မကြာသေးမီက အထွတ်အထိပ်အဆင့် ဆေးလုံးများ ဖော်စပ်ရာတွင် အောင်မြင်မှုနှုန်း သိသိသာသာ မြင့်တက်လာသည်ကို သူ သတိပြုမိခဲ့သည်။ အစဉ်တစိုက် လေ့ကျင့်မှုကြောင့် ဆေးဖော်စပ်ခြင်း ပါရမီရှင်အသွင်ဖြစ်လာခြင်း၊ မြေအောက်မီးကို သိမ်မွေ့စွာ ထိန်းချုပ်နိုင်မှုတို့မှာ သိသိသာသာ တိုးတက်လာခဲ့သည်။ ဤအချက်များကို ခြုံငုံကြည့်လျှင် အမှတ် ၁၀ မှတ်သာ ကုန်သွားခြင်းမှာ လွန်စွာ ယုတ္တိရှိပေသည်။
လော့ချန်ရဲ့ လေသံသည် ပျော်ရွှင်နေပြီး ကျေနပ်အားရနေသည်ကို အတိုင်းသားမြင်နေရသည်။
"ရေး.... ငါထင်တဲ့အတိုင်းပဲဟေ့…. ဒီစနစ်က ငါကိုယ်တိုင် ကြိုးစားသလောက်ကို ပြန်ပေးတာပဲ.... ငါ ပိုရုန်းကန်နိုင်လေလေ၊ စနစ်က ငါ့ကို ပိုပြီး ရက်ရက်ရောရော ဆုချလေလေပဲကိုး.... အော် တကယ်တော့လဲ.... ကျွမ်းကျင်မှုဆိုတာကြီးက အလကားရလာတာ မဟုတ်ဘူးပဲ၊ ဒါတွေက နေ့တိုင်း သွေး၊ ချွေး၊ မျက်ရည်တွေနဲ့ ရင်းပြီး တည်ဆောက်ခဲ့ရတာ၊ ဟား.... အခုတော့လည်း အဲဒီပင်ပန်းသမျှတွေက မယုံနိုင်စရာ စွမ်းအားတွေ ဖြစ်လာခဲ့ပြီပဲ”
"ကဲ...."
သူသည် နောက်ဆုံးတွင် စိတ်အေးလက်အေးဖြစ်သွားကာ အခြေအနေပြကြေးမုံပြင်ကို ပိတ်လိုက်သည်။ ထို့နောက် သူ၏ သိုလှောင်အိတ်အတွင်းမှ အစီအရင်ဖြင့် ပိတ်ထားသော မြေအိုးတစ်လုံးကို ထုတ်ယူလိုက်သည်။ အတွင်း၌ အသေအချာ ပြင်ဆင်ထားသော တိမ်မီးလျှံ ဂဠုန်ငှက်ကြီး၏ နမူနာ အချိုးအဆများ အနည်းငယ် ရှိနေသည်။ ၎င်း၏ အသား၊ အရိုးနှင့် သွေးများကို အလွန်တိကျသော အချိုးအစားဖြင့် တိုင်းတာထားကာ ယူဆောင်ထည့်လာခြင်း ဖြစ်သည်။ ထိုအိုးအတွင်းရှိ ပစ္စည်းများမှာ ထိုသားရဲကြီး၏ ခန္ဓာကိုယ်မှ ဆယ်ပုံတစ်ပုံတိတိ ဖြစ်ပြီး နန်းဒေဝါ ပျားရည် တစ်သုတ်စာ ဖော်စပ်ရန်အတွက် လုံလောက်သော ပမာဏပင် ဖြစ်သည်။
"အမလေး.... ဘုရား ဘုရား၊ ငါကြိုးစားသမျှ အရာထင်ပါစေ" ဟု လော့ချန် တိုးတိတ်စွာ ဆုတောင်းလိုက်ရင်း အသက်ကို ခပ်မှန်မှန် ရှူသွင်းလိုက်သည်။
ထို့နောက် အိုးအဖုံးကို ဖွင့်ကာ ထိုဆန်းကြယ်သော အနှစ်သာရများကို လေးရောင်ခြယ်ဆေးအိုး အတွင်းသို့ ဂရုတစိုက် လောင်းထည့်လိုက်သည်။ နီရဲတောက်ပသော အနှစ်သာရများမှာ ဆေးအိုးနှင့် ထိတွေ့သွားသည်နှင့် လေထုအတွင်း ပြင်းထန်သော စွမ်းအားလှိုင်းတစ်ခု တုန်ခါသွားတော့သည်။
ဆေးအိုးအောက်ရှိ မီးလျှံချော်ရည်များမှာ ဟိန်းဟောက်ကာ နိုးထလာပြီး သူ၏ စိတ်စွမ်းအား ထိန်းချုပ်မှုအောက်တွင် မြေအောက်မီးလျှံလေးတစ်ခုမှာ မြွေတစ်ကောင်အလား အထက်သို့ နွယ်တက်ကာ ဝေ့ဝဲနေသော ဆေးဖက်ဝင်ပစ္စည်းများကို တင်းကျပ်စွာ ဝန်းရံလိုက်သည်။
မကြာမီမှာပင် ဆန့်ကျင်ဘက်စွမ်းအားများ၏ ဟန်ချက်ညီမှုမှာ လိုက်ပါလာသည်။ လော့ချန်သည် သူ၏ ဘယ်ဘက်လက်ကို မြှောက်ကာ ရှုပ်ထွေးနက်နဲလှသော မုဒြာ လက်ကွက်ပုံစံများကို ဖန်တီးလိုက်သည်။ ထိုအခါ ဝိညာဉ်စမ်းရေအေး တစ်စုံမှာ ပန်းထွက်လာပြီး မြင့်တက်နေသော အပူရှိန်ကို အဟန့်အတား ပြုလိုက်သည်။ ရေများမှာ နူးညံ့သိမ်မွေ့သော မြူနှင်းများအဖြစ် ပျံ့နှံ့သွားပြီး တောက်လောင်နေသော အရောအနှောများပေါ်သို့ အသာအယာ ကျဆင်းသွားတော့သည်။
နန်းဒေဝါပျားရည်ကို ပထမဆုံးအကြိမ် ဖော်စပ်ခြင်း စတင်လေပြီ။
ရေဓာတ်အခြေခံ ဆေးဖော်နည်းဆိုသည်မှာ ဆေးလုံးများကို ရေဖြင့် တိုက်ရိုက်ဖော်စပ်ခြင်းကို ဆိုလိုခြင်းမဟုတ်ပေ။ ၎င်းမှာ ပုံမှန် တွေ့နေကျ ခဲနေသော ဆေးလုံးများအစား အရည်ပုံစံ ဆေးဝါးများကိုသာ ရည်ညွှန်းခြင်း ဖြစ်သည်။ အသုံးများလှသော မီးဓာတ်အခြေခံ ဆေးဖော်နည်းနှင့် နှိုင်းယှဉ်လျှင် ရေလမ်းစဉ် နည်းလမ်းများတွင် အားသာချက် သုံးရပ် ရှိသည်။
ပထမ အားသာချက်မှာ ဘေးကင်းမှု ဖြစ်သည်။ မီးလမ်းစဉ်နှင့် မတူဘဲ ရေလမ်းစဉ်သည် တဖြည်းဖြည်းချင်း တိုးတက်မှုနှင့် သဘာဝအတိုင်း ဟန်ချက်ညီမှုကို အလေးထားသည်။ ဤနည်းလမ်းသည် ဆန့်ကျင်ဘက်ဖြစ်နေသော ဆေးစွမ်းများကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပေါက်ကွဲမှု အန္တရာယ်များကို လျော့နည်းစေသည်။ ဤအချက်ကို နန်းဒေဝါပျားရည်၏ ဆေးနည်းတွင် ရှင်းလင်းစွာ တွေ့နိုင်သည်။ အဓိက ဆေးဖက်ဝင်ပစ္စည်း အားလုံးမှာ တိမ်မီးလျှံ ဂဠုန်ငှက် တစ်မျိုးတည်းမှ လာရခြင်း ဖြစ်ရာ ၎င်းက အစကတည်းကပင် ဆေးစွမ်းများ လိုက်ဖက်ညီမှုကို အာမခံပေးထားသည်။
ဒုတိယ အားသာချက်မှာ နောက်ဆုံးထွက်ကုန်၏ သဘောသဘာဝ ဖြစ်သည်။ ရေလမ်းစဉ် နည်းစနစ်ဖြင့် ဖော်စပ်ထားသော ဆေးရည်များသည် နူးညံ့သော်လည်း အစွမ်းထက်ကြပြီး ခန္ဓာကိုယ်၏ သွေးကြောများကို အလွန်အမင်း မလှုံ့ဆော်ဘဲ ညီညွတ်သော အာနိသင်များကို ပေးစွမ်းနိုင်သည်။ ရောင်စဉ်ပုလဲအနှစ်သာရဆေး၊ နိုးထခြင်းဆေးရည် တို့မှာ ဤအမျိုးအစားဝင်များ ဖြစ်ကြသည်။ ဆေးပမာဏ အမြောက်အမြား သောက်သုံးလျှင်ပင် ခန္ဓာကိုယ်ကို ထိခိုက်စေသော ဘေးထွက်ဆိုးကျိုး ဖြစ်ပေါ်ခဲလှသည်။
နောက်ဆုံး အားသာချက်မှာ ရိုးရှင်းမှု ဖြစ်သည်။ မီးလမ်းစဉ်မှာ မရေမတွက်နိုင်သော နည်းစနစ်များ၊ ရှုပ်ထွေးသော မုဒြာ လက်ကွက်ပုံစံ များကို လိုအပ်သော်လည်း၊ ရေလမ်းစဉ်မှာမူ များစွာ လျော့နည်းသည်။ ဆေးဖော်ဆရာအနေဖြင့် ဆေးဖက်ဝင်ပစ္စည်း တစ်ခုချင်းစီမှ ဆေးစွမ်းကို ထုတ်ယူနိုင်ပြီး အပြည့်အဝ ပေါင်းစပ်နိုင်သရွေ့ ဖော်စပ်မှုမှာ အောင်မြင်သည်ဟု သတ်မှတ်နိုင်သည်။
သို့သော်လည်း သူ အသေအချာ လေ့လာခဲ့သော ချင်ယွမ်ဇီ၏ ဆေးဖော်ပညာ ခွဲခြမ်းစိတ်ဖြာချက်တွင် မီးလမ်းစဉ်အတွက် စာမျက်နှာပေါင်းများစွာကို ဖော်ပြထားသော်လည်း ရေလမ်းစဉ်အတွက်မူ လုံးဝမရှိသလောက်ပင်။ အဓိက အကြောင်းရင်းမှာ ကျမ်းစာပြုစုသူ ချင်ယွမ်ဇီက ရေဓာတ်အခြေခံ ဆေးဖော်နည်းမှာ အလွန်ပင် အခြေခံကျလွန်းလှသဖြင့် အသေးစိတ် ရှင်းပြရန် မလိုအပ်ဟု အမှုမဲ့ အမှတ်မဲ့ ယူဆခဲ့ခြင်းကြောင့် ဖြစ်သည်။
လော့ချန်ကမူ ထိုသို့သော သတိမမူ ဂူမမြင် မဖြစ်စေရန် အလွန်သတိထားလေ့လာခဲ့သည်။ သူသည် နတ်ဒေဝါပျားရည် ဆေးနည်းကို အလွန်အမင်း ဂရုတစိုက် ကိုင်တွယ်ခဲ့ပြီး ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာကာ ဖြည့်စွက်ဆေးပစ္စည်း တစ်ခုချင်းစီကိုလည်း အချိုးအစား အတိအကျဖြင့် တိုင်းတာခဲ့သည်။
တစ်ချိန်တည်းမှာပင် သူသည် ဆေးအိုးအထက်ရှိ စမ်းရေမှ ရေငွေ့များကို ထုတ်ယူရန် တိမ်တိုက်အသွင် ပြောင်းလဲခြင်းကို အခါအားလျော်စွာ အသက်သွင်းပြီး ဆေးဖက်ဝင်ပစ္စည်းများအတွင်းသို့ ပေါင်းစပ်ပေးခဲ့သည်။ လေးရောင်ခြယ်ဆေးအိုး အောက်တွင်မူ တည်ငြိမ်သော မြေအောက်မီးလျှံက အညစ်အကြေးများကို အဆက်မပြတ် ဖယ်ရှားပေးနေသည်။
အညစ်အကြေး အများဆုံးမှာ အဓိက ဆေးပစ္စည်းဖြစ်သော ဒုတိယအဆင့် ဂဠုန်ငှက်ကြီး၏ အသား၊ သွေးနှင့် အရိုးများတွင် ဖြစ်သည်။ ထိုသို့သော သတ္တဝါကြီး၏ အညစ်အကြေးများကို သန့်စင်ရခြင်းမှာ အလွန်ပင် ပင်ပန်းဆင်းရဲလှသော ဖြစ်စဉ်တစ်ခု ဖြစ်သည်။ အညစ်အကြေး အစအနတိုင်းကို စိတ်ရှည်လက်ရှည်ဖြင့် ဖယ်ရှားပစ်ရမည် ဖြစ်သည်။
လော့ချန်သည် မည်သည့် ညည်းညူမှုမျှမရှိဘဲ ခိုင်မာစွာ တောင့်ခံခဲ့သည်။ စိတ်မရှည်မှုများမှာ သူ့ထံမှ ပျောက်ကွယ်သွားသည်မှာ ကြာပြီ ဖြစ်သည်။
နှစ်နှစ်တာ အချိန်ကုန်ဆုံးသွားခဲ့ပြီဖြစ်ရာ ယခုအခါ သူသည် အသက် ၃၁ နှစ်ရှိပြီ ဖြစ်ပြီး သူ၏ အကောင်းဆုံး အချိန်တွင် ရှိနေသည်။ သူသည် အတက်အကျများစွာ၊ အနိမ့်အမြင့် အမျိုးမျိုးကို ကြုံတွေ့ခဲ့ပြီးပြီ ဖြစ်သည်။ သူ၏ စိတ်နေစိတ်ထားမှာ ရာစုနှစ်ပေါင်းများစွာ လေ့ကျင့်ထားသော ကျင့်ကြံသူများနှင့် မယှဉ်နိုင်သော်လည်း သူနှင့် ရွယ်တူများကြားတွင်မူ သူသည် ထူးခြားထက်မြက်သော တည်ငြိမ်မှုရှိသူ တစ်ဦး ဖြစ်နေပေသည်။
တိုးတက်မှုဆိုသည်မှာ အခြားမဟုတ်၊ တည်ငြိမ်ပြီး မှန်ကန်သော အားထုတ်မှုသာ ဖြစ်သည်။
လော့ချန်တစ်ယောက် နတ်ဒေဝါပျားရည် ဖော်စပ်ခြင်းတွင် အပြည့်အဝ အာရုံနစ်ဝင်နေစဉ် အချိန်များမှာ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့တော့သည်။
….
သုံးရက်တာ အချိန်မှာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့လေပြီ။
လော့ချန်သည် တည်ငြိမ်သော မျက်နှာအမူအရာဖြင့် အစီအရင်ကို ပိတ်လိုက်ပြီး လေးရောင်ခြယ်ဆေးအိုး အတွင်းမှ မည်းတူးခါနေသော အခဲတစ်ခုကို ထုတ်ယူလိုက်သည်။
သူ ကျရှုံးသွားခဲ့လေပြီ။ သို့သော် ဤရလဒ်က သူ့အား အံ့သြခြင်း မရှိစေပေ။ အလွန်အမင်း ဂရုတစိုက် ပြင်ဆင်ထားလျှင်ပင် ကျရှုံးမှုဆိုသည်မှာ အချိန်မှန် ရောက်လာတတ်စမြဲ ဖြစ်သည်။ ဆေးဖော်စပ်ခြင်း သက်တမ်းတစ်လျှောက်တွင် ထိုကဲ့သို့သော အခက်အဲများမှာ လမ်းခရီးတွင် တွေ့နေကျ မြင်ကွင်းများသာ ဖြစ်သည်။
လော့ချန်သည် မည်းတူးခါနေသော အရည်များပါသည့် လင်ဗန်းတစ်ချပ်ကို ကိုင်ကာ သက်ငယ်မိုးအိမ်ငယ်လေးအတွင်းမှ ထွက်၍ တောင်ပေါ်လေကို ရှူရှိုက်လိုက်သည်။ တောင်ပေါ်လေပြင်းများ တိုက်ခတ်နေစဉ် သူသည် လင်ဗန်းပေါ်ရှိ အကြွင်းအကျန်များကို ငုံ့ကြည့်လိုက်မိသည်။ လော့ချန်သည် သူ့အမှားသူ ပြန်သုံးသပ်ရင်း တွေးနေမိသည်။
"အိမ်း.... ငါဘယ်နေရာမှာလိုသွားလဲ…. ဆေးကို သန့်စင်တဲ့အပိုင်းမှာတော့ ငါလုပ်တာ ကောင်းသားပဲ.... လုံးဝကို အမိုက်စား…. ပြဿနာက အခဲကို အရည်ဖျော်တဲ့နေရာမှာ ဖြစ်သွားတာ…. အဲ့ဒီအသားတွေ၊ အရိုးတွေကို အကုန်အရည်ပျော်သွားအောင် မီးအရှိန်ကို ဒီထက်ပိုပြီး မြှင့်ခဲ့သင့်တာ…. ငါက ဆေးအာနိသင်တွေ ပျက်ကုန်မှာစိုးလို့ မီးကို လျှော့ထားမိတာကိုး…. အဲ့ဒီလို တွန့်ဆုတ်နေမိတာကပဲ ငါ့ကို အလုပ်ပျက်စေခဲ့တာ…. ပြီးတော့ တိမ်တိုက်ပြောင်းလဲခြင်း အတတ်ကို သုံးတဲ့အချိန်ကလည်း လွဲနေတယ်…. အနှစ်သာရတွေ အကုန်လုံး သမသွားအောင် စမ်းရေကို ဒီထက်စောစော စပ်ခဲ့သင့်တာ…. ထားလိုက်ပါတော့.... နှစ်ရက်လောက် အေးအေးဆေးဆေး နားပြီးမှပဲ နောက်တစ်ချီ ပြန်ဖော်တော့မယ်"
သူ့ကျရှုံးမှုကို အသေအချာ ပြန်လည်သုံးသပ်ပြီးနောက် လော့ချန်သည် အညစ်အကြေး လင်ဗန်းကို ပိတ်ဆို့လိုက်သည်။ ၎င်းကို ဖျက်ဆီးပစ်ရန် အစီအစဉ် မရှိပေ။ အကယ်၍ နောင်တွင် ထပ်မံကျရှုံးပါက ဤအသုတ်မှာ တန်ဖိုးရှိသော နှိုင်းယှဉ်ချက်တစ်ခု ဖြစ်လာလိမ့်မည်။
တစ်ရက်ကုန်သွားသည်.... နှစ်ရက်ကုန်သွားသည်.... သူ မသိလိုက်မီမှာပင် လဝက်ခန့် ကုန်ဆုံးသွားခဲ့လေပြီ။
လော့ချန်တစ်ယောက် လေးငါးကြိမ်ခန့် ကျရှုံးပြီးပြီ ဖြစ်သည်။ ကျရှုံးမှုနှင့် ရင်းနှီးကျွမ်းဝင်နေသူ တစ်ဦးအတွက်ပင်လျှင် ဤဝန်ထုတ်ဝန်ပိုးမှာ သူ၏ စိတ်ကို ဖိစီးစေခဲ့သည်။ ဒုတိယအဆင့် ဆေးလုံးများကို ဖော်စပ်ရခြင်းမှာ သာမန် ပထမအဆင့် ဆေးလုံးများထက် ချီစွမ်းအားများစွာ ပိုမိုလိုအပ်လှသည်။
"ငါ ဒီ ချီလမ်းကြောင်းဆေးတွေကို နှစ်နှစ်တိုင်တိုင် မပြတ်တမ်း မှန်မှန်လေး သောက်လာခဲ့တာ…. အဲ့ဒါကြောင့်လည်း ငါ့ရဲ့ ဝိညာဉ်အခြေခံစွမ်းအားက အခြေခံတည်ဆောက်ခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ ယှဉ်ရင်တောင် လျော့မသွားဘူး…. ဒါတောင်မှကွာ.... ဒီလောက်လုပ်နေတာတောင် အခုထိ တောင့်ခံဖို့ တော်တော်လေး ခက်နေတုန်းပဲ…. ကိုယ့်အဆင့်ထက်ကျော်ပြီး ဆေးဖော်စပ်ရတာက တကယ်ကို စိတ်ကူးထားတာထက် အများကြီး ပိုခက်ပါလား"
လော့ချန်သည် သက်ပြင်းချလိုက်ပြီး ထိုနေ့တွင် အနားယူရန် ဆုံးဖြတ်လိုက်သည်။
သူသည် တောင်အောက်သို့ ဆင်းကာ လော့ထျန်းအဖွဲ့၏ လတ်တလော ကိစ္စရပ်များကို သွားရောက်စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။ အရေးကြီးသော ကိစ္စရပ်များ ရှိမည်ဟု သူ မမျှော်လင့်ထားပေ။ အကယ်၍ ပြဿနာတစ်ခုခု ရှိပါက စီမာဟွေ့နန်တစ်ယောက် အသံလွှင့် စက္ကူကြိုးကြာဖြင့် သူ့အား ဆက်သွယ်ပြီးသား ဖြစ်လိမ့်မည်။ ခဏတာ လမ်းလျှောက်ခြင်းက စိတ်အပန်းပြေစေနိုင်သည်။ မိတ်ဆွေဟောင်းများနှင့် ပြန်လည်ဆုံတွေ့ကာ စကားစမြည် ပြောဆိုခြင်းမှာ သူ အမှန်တကယ် လိုအပ်နေသော အနားယူမှုမျိုး ဖြစ်သည်။ နောက်ဆုံးတော့ အားထုတ်မှုနှင့် အနားယူမှုကြား ဟန်ချက်ညီခြင်းမှာ ကျင့်ကြံခြင်း၏ စစ်မှန်သော လမ်းစဉ်ဟု သူယူဆသည်။
သူ ထွက်ခွာတော့မည့် အချိန်မှာပင် သူ နှလုံးရုတ်တရက် တုန်ခါသွားသည်ကို သတိထားလိုက်မိသည်။ သူသည် ဘေးဘက်သို့ လှည့်ကြည့်ကာ လက်တစ်ချက် ဝေ့ယမ်းလိုက်သည်။ အနီးအနားရှိ ကျောက်ဆောင်တစ်ခု၏ နောက်ကွယ်မှ သင်းခွေချပ်လေးတစ်ကောင် ပြေးထွက်လာပြီး ၎င်း၏ လက်သည်းများအတွင်း တောက်ပနေသော ကြယ်ငါးပွင့် အမှတ်အသားတစ်ခုကို ဆုပ်ကိုင်ထားသည်။
“အိုး.... ထျန်းရှင်းကျီဆီက ဖြစ်မယ်…. မျှော်ရကျိုးတော့ နပ်ပြီထင်တယ် "
လော့ချန်သည် အခြေအနေကို ချက်ချင်း သဘောပေါက်သွားပြီး သူ၏ မျက်လုံးအစုံမှာ ဝင်းခနဲ တောက်ပသွားတော့သည်။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၂၇၆) - မမျှော်လင့်ထားသော ဧည့်သည်
လန်ချန်းမြစ်အထက် ကောင်းကင်ယံဝယ် အလင်းတန်းတစ်ခုသည် မီးလျှံဓားတစ်လက်ကဲ့သို့ တိမ်တိုက်များကို ခွင်းကာ ပျံသန်းနေသည်။ စူးရှသော လေတိုးသံနှင့်အတူ ၎င်းသည် မြေပြင်သို့ ရုတ်ချည်း ထိုးဆင်းလာပြီးနောက် အရှိန်ကို အသာအယာ သတ်လိုက်သည်။ ဝေဟင်အလယ်တွင်ပင် ထိုအလင်းတန်းမှာ လှေငယ်တစ်စင်းအဖြစ် ပုံသဏ္ဌာန်ပြောင်းလဲသွားပြီး လှိုင်းကြက်ခွပ်များ ထနေသည့် ကျယ်ပြောသော မြစ်ပြင်ပေါ်သို့ ရေလှိုင်းတစ်ချက်မျှပင် မထစေဘဲ ငြိမ်သက်စွာ ဆင်းသက်လိုက်တော့သည်။
လော့ချန်သည် လှေဦးပိုင်းတွင် ရပ်နေရင်း မျက်မှောင်ကြုတ်ကာ မှေးစိုက်ကြည့်လိုက်သည်။
"အင်း.... ဒီနေရာပဲ ဖြစ်ရမယ်.... မမှားနိုင်ဘူး...."
ထျန်းရှင်းကျီ ချန်ထားခဲ့သော အမှတ်အသားမှာ သာမန်ပစ္စည်းတစ်ခု မဟုတ်ပေ။ ၎င်းမှာ အဆင့်လတ် ရုပ်သေးရုပ်တစ်ခု ဖြစ်ပြီး ရိုးရှင်းသော မှော်လက်နက်တစ်ခုထက် များစွာသာလွန်သည်။ ၎င်းမှာ ကျင့်ကြံသူကိုယ်စား စောင့်ကြည့်ခြင်း သို့မဟုတ် လမ်းညွှန်ခြင်း လုပ်ငန်းများကို ထူးခြားစွာ လုပ်ဆောင်နိုင်သည်။ ယခင်က တွမ်မျိုးနွယ်စု၏ ရှောင်ဟွမ်းတောင်ကို တိုက်ခိုက်စဉ်ကလည်း လော့ချန်သည် ဤရုပ်သေးကို ညကောင်းကင်ယံသို့ လွှတ်တင်ကာ စစ်မြေပြင်ကို စောင့်ကြည့်စေခဲ့သည်။ ထိုအချိန်မှစ၍ ၎င်းသည် သူ၏ဘေးတွင် ငြိမ်သက်စွာ ရှိနေခဲ့ပြီး တစ်ခါမျှ လှုပ်ရှားခြင်းမရှိခဲ့ပေ။ ယနေ့မှသာ ရုတ်တရက် တုံ့ပြန်မှု ရှိလာခြင်းဖြစ်သည်။
သူသည် ကြယ်ငါးပွင့်ရုပ်သေး၏ လမ်းညွှန်မှုအတိုင်း လန်ချန်းမြစ်၏ အောက်ဘက်ပိုင်းသို့ ရောက်ရှိလာသော်လည်း ထျန်းရှင်းကျီကိုမူ မတွေ့ရပေ။
"ဟိုက်.... သူ ဘယ်မှာပါလိမ့်”
လော့ချန်သည် ငြိမ်သက်နေသော ရေပြင်ကို ဝေ့ဝဲကြည့်ရင်း တိုးညှင်းသော လေသံဖြင့် ရေရွတ်လိုက်သည်။
သူ ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် မြစ်ရေပြင်မှာ ရုတ်တရက် လှိုင်းထန်လာတော့သည်။ မမြင်ရသော လက်တစ်ဖက်က မွှေနှောက်လိုက်သကဲ့သို့ ရေစီးကြောင်းများမှာ ဝဲဂယက်ထလာသည်။ လော့ချန်၏ မျက်နှာထားမှာ ပြောင်းလဲသွားပြီး သူ၏ လှေပျံကို အသက်သွင်းကာ ရေစီးကြောင်းမှ ဆန့်ကျင်ဘက်သို့ အမြန်ဆုတ်ခွာလိုက်သည်။
ခဏအကြာတွင် မြစ်ရေပြင်မှာ နှစ်ခြမ်းကွဲသွားပြီး လူရိပ်တစ်ခု တဖြည်းဖြည်း ပေါ်ထွက်လာသည်။ ၎င်းမှာ မျက်လုံးမှိတ်ထားသော အဘိုးအိုတစ်ဦးဖြစ်ပြီး သူ၏ မျက်နှာမှာ အလွန်ပင် ရင်းနှီးနေသည်။
ထိုမျက်နှာကို မြင်လိုက်ရသည်နှင့် လော့ချန်၏ နှလုံးသားမှာ ဒိန်းခနဲ တုန်သွားပြီး မအောင့်နိုင်ဘဲ အော်ဟစ်လိုက်မိသည်။
"မီရှုဟွာ"
မျက်လုံးမှိတ်ထားသော ထိုအဘိုးအိုသည် အခြားသူမဟုတ်ဘဲ သူ၏ ရင်းနှီးလှသော မိတ်ဆွေဟောင်းကြီး ဖြစ်သည်။ ဖိုရှန်းဂိုဏ်း၏ ဂိုဏ်းချုပ်၊ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူဖြစ်ခဲ့ဖူးပြီး တစ်ချိန်က သူ၏ မိတ်ဆွေ ဖြစ်ခဲ့သူ မီရှုဟွာပင် ဖြစ်သည်။
ခဏတာမျှ လော့ချန်သည် နာနာဘာဝနှင့် ရင်ဆိုင်လိုက်ရသလို ခံစားလိုက်ရပြီး ထွက်ပြေးချင်စိတ်များ တဖွားဖွား ပေါ်လာသည်။ သို့သော် ချက်ချင်းဆိုသလိုပင် တစ်ခုခု မှားယွင်းနေကြောင်း သူ ခံစားလိုက်ရသည်။
"နေဦး.... ဒါက.... မီရှုဟွာ မဟုတ်ဘူး…. ပုံစံတူ မှော်ရုပ်သေးများလား” ဟူ၍ သူ တီးတိုးရေရွတ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ကြည်လင်သော အသံတစ်သံက ပြန်လည်ဖြေကြားလာသည်။
“မိတ်ဆွေက အမြင်စူးရှတာပဲ”
ဝဲဂယက်ထနေသော မြစ်ရေပြင်ကြားမှ နောက်ထပ် လူရိပ်တစ်ခု ပေါ်ထွက်လာသည်။ သူသည် ပထမလူနှင့် လုံးဝ ကွဲပြားလေသည်။ ထိုသူမှာ လော့ချန်ထက်ပင် အသက်အနည်းငယ် ပိုငယ်ပုံရသော လူငယ်တစ်ဦး ဖြစ်သည်။ ဖြူစင်သော အသားအရည်နှင့် ချောမောသော မျက်နှာထားရှိသည့် ထိုလုလင်သည် မီရှုဟွာ၏ ကိုယ်ပေါ်သို့ လက်တင်ကာ လော့ချန်ကို ပြုံး၍ ကြည့်နေသည်။
"ကျွန်တော့်ရဲ့ ဆရာသခင်က အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူရဲ့ ရုပ်အလောင်းကို သုံးပြီး ဒီလူသားရုပ်သေးကို သွန်းလုပ်ခဲ့တာ….. လန်ချန်းမြစ်အောက်က ဝိညာဉ်ကြောထဲမှာ သုံးနှစ်တိုင်တိုင် အာဟာရဖြည့်သွင်းပြီး မွေးမြူထားခဲ့တာပေါ့…. ဒီနေ့ ကျွန်တော် လာတာက ကျွန်တော့်ဆရာသခင်နဲ့ မိတ်ဆွေတို့ကြားက ကတိကို တည်ဖို့အပြင် ဒီလူသားရုပ်သေးကို ပြန်သိမ်းဖို့ တာဝန်လည်း ပါပါတယ်"
လော့ချန်၏ မျက်လုံးများမှာ ဝင်းခနဲ ဖြစ်သွားသည်။
‘လူသားရုပ်သေး ဟုတ်လား….’
သူ၏ နှုတ်ခမ်းများမှာ အနည်းငယ် ပွင့်ဟသွားသော်လည်း မည်သည့်အသံမျှ ထွက်မလာပေ။ လော့ချန် ခဏတာမျှ မှင်သက်ကာ ရပ်နေမိသည်။ ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။ မြောင်ဝမ်သည် မီရှုဟွာ၏ ရုပ်အလောင်းကို အချိန်အတော်ကြာ အသည်းအသန် ရှာဖွေခဲ့သော်လည်း သဲလွန်စမျှ မရခဲ့ပေ။ ထိုရုပ်အလောင်းမှာ ဤလန်ချန်းမြစ်အောက်ခြေတွင် ရှိနေခဲ့ပြီး ရုပ်သေးအဖြစ်ပင် သွန်းလုပ်ခံထားရလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
"မိတ်ဆွေကို ဘယ်လို ခေါ်ရမလဲဆိုတာ သိပါရစေ”
လော့ချန်က သူ၏ ရင်ထဲမှ အံသြမှုများကို အတင်းအကျပ် ဖိနှိပ်လိုက်ပြီး ယဉ်ကျေးစွာဖြင့် လက်နှစ်ဖက်ကို ယှက်ကာ နှုတ်ဆက်လိုက်သည်။
ထိုလူငယ်က ပြုံးလျက် "ကျွန်တော်က ရှုကျီ ပါ….. တိမ်ပြိုဂိုဏ်းရဲ့ အတွင်းစည်းတပည့် တစ်ယောက်ပေါ့" ဟု ဆိုသည်။
လော့ချန် မျက်မှောင်ကြုတ်သွားတော့သည်။ တစ်ဖက်လူမှာ တိမ်ပြိုဂိုဏ်းမှ ဖြစ်နေခြင်းက မထူးဆန်းပေ။ ထျန်းရှင်းကျီ ထွက်ခွာသွားစဉ်ကပင် သူ၏ နောက်ခံကို ဖုံးကွယ်မထားတော့ဘဲ ထျန်းလန်နတ်ဘုရားမြို့တော်ရှိ ရုပ်သေးမျှော်စင်တွင် သူ့ကို လာရှာနိုင်ကြောင်း ပြောခဲ့ဖူးသည်။ သို့သော် လော့ချန်ကို အံ့အားသင့်စေသည်မှာ ဤလူငယ်သည် ချီသန့်စင်အဆင့် (၉) သာ ရှိသေးသော်လည်း သူ့ကိုယ်သူ အတွင်းစည်းတပည့်ဟု ခေါ်ဝေါ်နေခြင်းပင်။
ဂိုဏ်းကြီးများတွင် ပုံမှန်အားဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်မှသာ အတွင်းစည်းတပည့်ဟု ခေါ်ဆိုခွင့် ရှိကြသည်။ ၎င်းအထက်တွင်မူ ရွှေအမြုတေ အဆင့်သို့ ရောက်ရှိနိုင်သည့် အလားအလာရှိသော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများကို စစ်မှန်သော ဆက်ခံသူဟု ခေါ်ဆိုကြသည်။ ဂိုဏ်း၏ အနာဂတ် ရွှေအမြုတေအဆင့် ကျင့်ကြံသူများအဖြစ် ပြုစုပျိုးထောင်ခြင်း ခံရသူများကိုမူ တာအိုမျိုးဆက် ဟု ခေါ်ဆိုကြသည်။
ထို့ကြောင့် ဤသူမှာ ပါရမီထူးချွန်သူ သို့မဟုတ် တိုက်ခိုက်ရေးစွမ်းရည် အလွန်မြင့်မားသူ ဖြစ်ရပေမည်။ မည်သို့ပင်ဖြစ်စေ သူ သတိထား ဆက်ဆံရမည်ဖြစ်သည်။
လော့ချန် အချိန်မဖြုန်းဘဲ တိုက်ရိုက်ပင် မေးလိုက်သည်။
"မိတ်ဆွေရှု၊ အခြေတည်ဆေးလုံး ပါခဲ့တယ် မလားဗျ...."
မီရှုဟွာ၏ ကိစ္စကို သူ ဆက်မပြောတော့ပေ။ ထိုကိစ္စကို ယခုလောလောဆယ်တွင် ဘေးဖယ်ထားရန် ဆုံးဖြတ်လိုက်သည်။ ရှုကျီက ပြုံးလျက် ကျောက်စိမ်းပုလင်း နှစ်ပုလင်းကို ပစ်ပေးလိုက်ရာ လော့ချန်က ဝမ်းသာအားရ ဖမ်းယူလိုက်သည်။ သို့သော် မကြာမီမှာပင် သူ၏ မျက်ခုံးများ တွန့်ချိုးသွားတော့သည်။
"ဟမ်.... ဘာလို့ နှစ်လုံးပဲ ရှိတာလဲ”
လော့ချန်က တည်ငြိမ်သော်လည်း စိတ်ပျက်ရိပ်ပါသော လေသံဖြင့် မေးလိုက်သည်။
"အစ်ကိုကြီး ထျန်းရှင်းကျီက ကျွန်တော့်ကို သုံးလုံးလို့ ကတိပေးထားတာပါ"
"အာ.... တောင်းပန်ပါတယ်ဗျာ"
ရှုကျီက အနည်းငယ် အားနာသော မျက်နှာထားဖြင့် ပြန်ဖြေသည်။
"လက်ရှိ အခြေအနေတွေက တင်းမာနေတော့ အခြေတည်ဆေးလုံးတွေက စစ်ဗျူဟာမြောက် အရင်းအမြစ်တွေ ဖြစ်လာလို့ပါ၊ ကျွန်တော့်ဆရာကို ကတိပေးထားတဲ့ အကြီးအကဲတစ်ယောက်က စိတ်ပြောင်းသွားလို့ ဒီနှစ်လုံး ရဖို့တောင်မှ အတော်လေး ကြိုးစားလိုက်ရတယ်ခင်ဗျ"
လော့ချန် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်သည်။ သူ၏ မျက်နှာပေါ်တွင် လက်ခံနိုင်စွမ်းရှိသော အမူအရာ ပေါ်လာသည်။ ဆေးပမာဏ လျော့နည်းသွားသော်လည်း ကတိတည်နေဆဲ ဖြစ်သည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက သူ့အတွက် ဆေးနှစ်လုံးကို ဖဲ့ပေးခြင်းမှာပင် လူအများစု ဘယ်သောအခါမှ မရနိုင်သော အခွင့်အရေး ဖြစ်နေသည် မဟုတ်ပါလော။
ရှုကျီက ရုတ်တရက် ပြုံး၍ ပြောလိုက်သည်။
"အမယ်.... ကြည့်ရသလောက် မိတ်ဆွေရဲ့ ချီစွမ်းအားက ပြည့်ဝနေသလို သွေးကြောတွေကလည်း အရမ်းအားကောင်းနေတာပဲဥစ္စာ၊ ဒီအခြေတည်ဆေးလုံးနှစ်လုံးက လုံလောက်တာထက်တောင် ပိုဦးမှာပါဗျာ"
လော့ချန် အနည်းငယ် မျက်မှောင်ကြုတ်ကာ အကြည့်တို့ စူးရှသွားသည်။ ဤလူကား အမြင်အာရုံ အလွန်စူးရှလှပေသည်။ သူသည် လော့ချန်၏ အပြင်ပန်း လက္ခဏာများကို တစ်ချက်တည်းနှင့် အကဲခတ်နိုင်ခဲ့သည်။ ဤနေရာသို့ မလာမီ လော့ချန်သည် သူ၏ ရုပ်ရည်နှင့် ခန္ဓာကိုယ်ကို ပြောင်းလဲထားခဲ့သော်လည်း ချီစွမ်းအားကိုမူ ဖုံးကွယ်မထားခဲ့ပေ။ ထိုသို့လုပ်ရန် မလိုအပ်ဟု သူ ယူဆသည်။ သူတွေ့ရမည့်သူမှာ ရန်သူလား၊ မိတ်ဆွေလား မသိနိုင်သဖြင့် မိမိ၏ အသန်မာဆုံး အခြေအနေကို ပြသထားခြင်းက မကောင်းသော ရည်ရွယ်ချက်များကို ဟန့်တားနိုင်မည် ဖြစ်သောကြောင့်ပင်။
‘အင်းလေ.... တိမ်ပြိုဂိုဏ်းဟာ ရုပ်သေးအတတ်နဲ့ ဝိညာဉ်အာရုံခံ အတတ်ပညာတွေမှာ နာမည်ကျော်တာပဲ…. ဒီလောက်အထိ သိမြင်နိုင်တာက သဘာဝကျ ပါတယ်လေ’
စိတ်ထဲတွင် ထိုသို့တွေးနေသော်လည်း လော့ချန် မည်သည့်အမူအရာမျှ မပြဘဲ ပြောလိုက်သည်။
"မိတ်ဆွေရှုရဲ့ ချီးကျူးမှုကို မခံယူဝံ့ပါဘူးဗျာ”
"မဟုတ်တာပဲ မိတ်ဆွေရာ"
ရှုကျီက လက်ကို ခါယမ်းရင်း ပြောသည်။
"ကျွန်တော် မြင်တဲ့အတိုင်း ပြောတာပါ"
သူသည် မည်သည့် အဖိုးအခကိုမျှ အတင်းအကျပ် မတောင်းဆိုပေ။ သူ၏ အမူအရာမှာ အလောတကြီး ဖြစ်နေခြင်းမျိုး သို့မဟုတ် စိတ်မရှည်ခြင်းမျိုး မရှိချေ။ ထို့အစား သူသည် တစ်စုံတစ်ခုကို တွေးမိသွားသကဲ့သို့ ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး ပြုံးစစဖြင့် မေးလိုက်သည်။
"ဒါနဲ့ မိတ်ဆွေဆီမှာ သွေးအဆီအနှစ်ဆေးလုံးတွေ ကျန်သေးလားဗျ"
"အာ.... မကျန်တော့ပါဘူး၊ စိတ်မကောင်းပါဘူး မိတ်ဆွေရှုရယ်…. အစ်ကိုကြီး ထျန်းရှင်းကျီ တာဟဲကထွက်ပြီး မကြာခင်ပဲ အဓိက ကုန်ကြမ်းဆေးပစ္စည်းတွေ ပြတ်လပ်သွားတာပဲ…. အပိုဆေးလုံးတွေ တစ်လုံးမှ မရှိတော့ဘူးဗျာ"
"ဟူး.... အဲ့လိုလား၊ နှမြောစရာပဲဗျာ"
ရှုကျီက မျက်မှောင်ကြုတ်ကာ သက်ပြင်းချလိုက်သည်။ သူ၏ လေသံတွင် ပါရှိသော စိတ်ပျက်မှုမှာ ခဏတာမျှသာ ဖြစ်သော်လည်း စစ်မှန်လှသည်။
လော့ချန်၏ စိတ်ထဲတွင် ထိုတုံ့ပြန်မှုကြောင့် အတွေးတစ်ခု ပေါ်လာသည်။
"ခင်ဗျားတို့က သွေးအဆီအနှစ်ဆေးလုံးတွေကို အသည်းအသန် လိုအပ်နေတာလား”
လော့ချန်သည် တစ်ဖက်လူ ပြောသွားသော “အခြေအနေ တင်းမာနေတယ်” ဟူသော စကားကို ပြန်လည် စဉ်းစားမိလိုက်သည်။ ထိုစဉ်က သာမန်ပြောလိုက်သည်ဟု ထင်ရသော်လည်း ယခုမူ ထိုစကားမှာ ပို၍ လေးနက်လာသည်။ ရှုကျီက သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် မြစ်ကမ်းပါးနှင့် မြစ်ရေပြင်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ ချောင်းနားထောင်သူများ ရှိမနေကြောင်း အတည်ပြုပြီးနောက် သူ ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်ပြလိုက်သည်။
"အေးဗျာ.... ကိုယ့်လူချင်းမို့ တိုးတိုးတိတ်တိတ်ပြောရဦးမယ်.... မိတ်ဆွေက ဒီလို ဝေးလံတဲ့အရပ်မှာပဲ နေတော့ ကျောက်စိမ်းအိုးနယ်မြေရဲ့ အပြောင်းအလဲကြီးကို မသိသေးတာ ဖြစ်မှာပါ"
"ဟင်.... အပြောင်းအလဲကြီး ဟုတ်လား”
လော့ချန်က ထပ်ဆင့်မေးလိုက်သည်။
"ဟုတ်တယ်ဗျ…. ကျွန်တော်တို့ တိမ်ပြိုဂိုဏ်းနဲ့ ကျောက်စိမ်းအိုးဓားဂိုဏ်းက လျှာနဲ့သွားလိုပဲ၊ အချင်းချင်း သဟဇာတ သိပ်မဖြစ်ဖူးဗျ၊ ဟိုးအရင်ထဲက ဆန့်ကျင်ဘက်တွေပေါ့၊ အခုဒီတခေါက်လည်း ပြသနာလေးတွေ ဖြစ်တယ်ဗျ၊ ဆိုးတာက နှစ်ဖက်စလုံးက အရမ်း တင်းမာနေပြီ…. နယ်စပ် တစ်လျှောက်မှာ ပဋိပက္ခတွေ ဖြစ်နေသလို၊ တိုက်ပွဲငယ်လေးတွေလည်း စနေပြီ"
သူသည် ဤကဲ့သို့သော အရေးကြီးသော သတင်းအချက်အလက်များကို မတွန့်ဆုတ်ဘဲ ပြောနေခြင်းမှာ ဤအရာမှာ လျှို့ဝှက်ချက် မဟုတ်တော့ကြောင်း ထင်ရှားလှသည်။
"အဲ့တော့ဗျာ.... ဒီလို အချိန်မျိုးမှာ အခြေတည်ဆေးလုံးတွေနဲ့ သွေးအဆီအနှစ် ဆေးလုံးတွေက အဖိုးဖြတ်လို့မရတော့ဘူးလေ၊ စစ်နိုင် မနိုင်ဆိုတဲ့ ရလဒ်အထိ အဲ့ဆေးလုံးတွေက အရေးပါလာတာဗျ၊ ကုန်ကုန်ပြောရရင်ဗျာ.... စစ်ဗျူဟာမြောက် အရင်းအမြစ်တွေ ဖြစ်လာတာပေါ့.... ဆေးလုံးတစ်လုံးချင်းစီတိုင်းက အရမ်းအရေးပါသွားတယ်လေ၊ ဟဲဟဲ ကျွန်တော့်ဆရာသခင်က ဒီ တာဟဲမှာ စစ်ပွဲအတွက် အဓိကလိုအပ်တဲ့ဟာတွေ လိုက်စုပေးနိုင်လို့ သူ့မျက်နှာနဲ့ ကျွန်တော်က အတွင်းစည်းတပည့် ဖြစ်သွားတာပေါ့၊ အဲ့ဒီတော့ ဆရာသမားရော၊ ဟောဒီက မိတ်ဆွေရောက ကျွန်တော့်အပေါ်မှာ ကျေးဇူးရှိတယ်လို့ ဆိုရမှာပဲ...."
လော့ချန် နောက်ဆုံးတွင် သဘောပေါက်သွားပြီ ဖြစ်သည်။ ထို့ကြောင့် ထျန်းရှင်းကျီသည် ထိုအချိန်က အလောတကြီး ထွက်သွားခဲ့ခြင်း ဖြစ်လေသည်။
ကျောက်စိမ်းအိုးဓားဂိုဏ်းတွင် အတွင်းစည်းတပည့် များများစားစား မရှိသော်လည်း ၎င်းမှာ နယ်မြေတစ်ခုလုံးကို အုပ်စိုးထားသည့် ဝိညာဉ်သန္ဓေတည်အဆင့် ဂိုဏ်းကြီးတစ်ခု ဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် တိမ်ပြိုဂိုဏ်းမှာ မကြာသေးမီကမှ အင်အားကြီးလာသော ရွှေအမြုတေအဆင့် ဂိုဏ်းတစ်ခုသာ ဖြစ်သည်။ လော့ချန်၏ ယခင် ခန့်မှန်းချက်အတိုင်း တိမ်ပြိုဂိုဏ်း၏ ဂိုဏ်းချုပ် ဟန်ကျန်းမှာ အမှန်တကယ်ပင် ဝိညာဉ်သန္ဓေတည်အဆင့်သို့ ရောက်ရှိသွားခဲ့လျှင်ပင် တိမ်ပြိုဂိုဏ်း၏ စုစုပေါင်းအင်အားမှာ ယခင်အဆင့်အတန်းတွင်သာ ရှိနေဦးမည် ဖြစ်သည်။ ထို့ကြောင့် ထျန်းရှင်းကျီကဲ့သို့ အခြေခံတည်ဆောက်ခြင်းအဆင့်ရှိသည့် အဓိက တိုက်ခိုက်ရေးသမားတစ်ဦးသည် စစ်မက်ဖြစ်ပွားတော့မည့် အခြေအနေတွင် အပြင်၌ လွတ်လပ်စွာ လည်ပတ်ခွင့် ရလိမ့်မည် မဟုတ်ချေ။ ယခုအချိန်တွင် ဂိုဏ်းနှစ်ခုလုံးမှာ ဓားသွေးနေကြပြီး အသေးစား တိုက်ပွဲများဖြင့် တစ်ဖက်နှင့်တစ်ဖက် စမ်းသပ်နေကြပြီ ဖြစ်သည်။ စစ်ပွဲကြီးဖြစ်ရန်မှာ အချိန်တစ်ခုသာ လိုတော့သည်ဟု ထင်ရသည်။
ထျန်းရှင်းကျီ မထွက်ခွာမီက ပြောခဲ့သော စကားများကို လော့ချန် ပြန်သတိရမိသည်။ နောင်တရိပ်များ ပါဝင်နေသော ထိုစကားများ၏ အကြောင်းရင်းကို ယခု သူ သဘောပေါက်သွားလေပြီ။ ထိုနောင်တမှာ မီရှုဟွာ၏ ခန္ဓာကိုယ်ဖြင့် ပြုလုပ်ထားသော ရုပ်သေးကြောင့် ဖြစ်ရမည်။ အခြေတည်အဆင့်ရှိသည့် လူသားရုပ်သေးတစ်ကောင်ကို အချိန်မီ အပြည့်အဝ မသွန်းလုပ်နိုင်ခဲ့သောကြောင့်ပင်။
သူသည် တိတိကျကျ နှစ်နှစ်အကြာတွင် တမန်တစ်ဦး လွှတ်လိုက်ခြင်းမှာ ရည်ရွယ်ချက် တစ်ခုထက်မက ရှိနေသည်။ ၎င်းမှာ ကတိဟောင်းကို ဖြည့်ဆည်းရန်တင် မကဘဲ လန်ချန်းမြစ်အောက်တွင် နှစ်ပေါင်းများစွာ မွေးမြူထားခဲ့သော ထိုလူသားရုပ်သေးကို ပြန်လည် သိမ်းဆည်းရန် အတွက်လည်း ဖြစ်သည်။
လော့ချန်သည် အချိန်မဆွဲဘဲ သူ ကြိုတင်ပြင်ဆင်ထားသော ဝိညာဉ်ကျောက်တုံး တစ်သောင်းကို ထုတ်ယူကာ ရှုကျီထံသို့ ပေးအပ်လိုက်သည်။ ထိုအခါမှသာ အရောင်းအဝယ်မှာ တရားဝင် ပြီးမြောက်သွားတော့သည်။ သို့သော် ရှုကျီမှာ ချက်ချင်း ထွက်မသွားသေးဘဲ လော့ချန်အား စူးစမ်းလိုသော အမူအရာဖြင့် ကြည့်ကာ မေးလိုက်သည်။
“မိတ်ဆွေ.... တွမ်မျိုးနွယ်စု နယ်မြေက ဘယ်မှာလဲဆိုတာ သိလားဗျ”
လော့ချန် ခဏမျှ ကြောင်သွားပြီး မေးလိုက်သည်။
"အော်…. မိတ်ဆွေရှုက တွမ်မျိုးနွယ်စုနဲ့ ရင်းနှီးလို့လား”
ရှုကျီက လွမ်းဆွတ်သလို ပြုံးလိုက်သည်။
"အဟား.... မဟုတ်ပါဘူးဗျာ၊ တစ်ချိန်က တွမ်မျိုးနွယ်စုဝင် တစ်ယောက်ဟာ ကျွန်တော့်ဆရာ ထျန်းရှင်းကျီဆီမှာ တပည့်ခံဖို့ နီးပါး ဖြစ်ခဲ့ဖူးတယ်ဗျ…. ကံဆိုးချင်တော့ အဲ့ဒီလူက အခြေခံတည်ဆောက်ခြင်းအဆင့်ကို တက်လှမ်းတာ ကျရှုံးသွားတော့ အခွင့်အရေး မရလိုက်ဘူးလေ"
လော့ချန်၏ မျက်ခုံးများ လှုပ်သွားကာ တွမ်ဖုန်း၏ ဖခင်ကို သတိရလိုက်သည်။ တွမ်ဖုန်း၏ဖခင်သည် တစ်ချိန်က တိမ်ပြိုဂိုဏ်းနှင့် ပတ်သက်မှု ရှိခဲ့သည်။ ကံကြမ္မာက ဤနေရာတွင် ဆုံစည်းနေခြင်း ဖြစ်ပေလိမ့်မည်။
ရှုကျီက ဆက်ပြောသည်။
"ဘာရယ်မဟုတ် မေးကြည့်တာပါ.... ဒီလိုလေ…. ဆရာသခင် ထွက်မသွားခင်မှာ တွမ်မျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင်နဲ့ သဘောတူညီချက် တစ်ခု လုပ်ခဲ့ဖူးတယ်…. အဲ့ဒီ သဘောတူညီချက်ကို အပြီးသတ်ဖို့ ကျွန်တော် လာခဲ့တာပါ"
သဘောတူညီချက် ဟူသော စကားလုံးကြောင့် လော့ချန်၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားသည်။ ထျန်းရှင်းကျီနှင့် တွမ်ချန်ခွန်းတို့ကြားတွင် သဘောတူညီချက် ရှိခဲ့သည် ဟူ၍ သူ တစ်ခါမျှ မကြားဖူးခဲ့ပေ။ ထျန်းရှင်းကျီမှာ နောက်ကွယ်တွင် လျှို့ဝှက်ချက်များ မည်မျှအထိ ချန်ထားခဲ့သနည်း။ ယခု တွမ်ချန်ခွန်း သေဆုံးသွားပြီဖြစ်ရာ ထိုသဘောတူညီချက်မှာ မည်သို့ ဖြစ်သွားမည်နည်း။
"အော် အော်…. ကျွန်တော်က တာဟဲသားပဲဟာ…. တွမ်မျိုးနွယ်စုရဲ့ နယ်မြေ ဘယ်မှာလဲဆိုတာ သိပါတယ်၊ အင်း တစ်ခုရှိတာက…. အဲ့ဒီနေရာမှာ တွမ်မျိုးနွယ်စု မရှိတော့ဘူးဗျ၊ နာမည်ပြောင်းသွားတာ ကြာပါပြီ၊ တခြားလူတွေ သိမ်းပိုက်လိုက်ကြပြီဗျ၊ မိတ်ဆွေတော့ သွားရှာရင် စိတ်ပျက်ရလိမ့်မယ် ထင်တယ်"
"ဟာ.... ဟုတ်ရဲ့လားဗျာ”
ရှုကျီက အံ့အားသင့်သွားသည့်ဟန်ဖြင့် ပြန်မေးလေသည်။
"အဟုတ်ပဲ မိတ်ဆွေရှု၊ တွမ်မျိုးနွယ်စု ဆိုတာ အစပျောက်သွားပြီ၊ အော် နေပါဦးလေ.... ကျွန်တော် အသေးစိတ်ပြောပြမယ်၊ ဒီလိုဗျ.... သူတို့ရဲ့ ခေါင်းဆောင်ကြီး တွမ်ချန်ခွန်းက အသတ်ခံလိုက်ရတယ်ဗျာ၊ အစအနမကျန်အောင်ကို ချေမှုန်းခံလိုက်ရတယ်၊ အဲ.... သူ ကျန်ရစ်တာဆိုလို့ ကွေ့ရွှေမှော်ဝင်ပန်းချီ ဆိုတဲ့ ရတနာတစ်ခုပဲရှိတာတဲ့၊ အဲဒါကိုတောင် နန်ကုန်းကျင်းဆိုတဲ့ အခြေတည်အဆင့်ကျင့်ကြံသူက ယူသွားတယ် ကြားမိတယ်ဗျ”
"နေ.... နေစမ်းပါဦးဗျာ၊ အသတ်ခံရတယ်…. သေသွားပြီ ဟုတ်လား”
လော့ချန်သည် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားပေ။ လော့ထျန်းအဖွဲ့မှ ရှောင်ဟွမ်းတောင်ကို တိုက်ခိုက်ခဲ့စဉ်က အဖြစ်အပျက်များကို အစအဆုံး အသေးစိတ် ပြောပြလိုက်သည်။ တိုက်ပွဲအခြေအနေများကို ရှင်းလင်းစွာ ဖော်ပြခဲ့ပြီး၊ တွမ်ချန်ခွန်းမှာ မည်သည့် အစအနမျှ မကျန်အောင် ပေါက်ကွဲသေဆုံးသွားခဲ့ကြောင်းကို အလေးပေး ပြောကြားခဲ့သည်။
လော့ချန်သည် အသေးစိတ်ရှင်းပြပြီးသောအခါ သူ့လှေပျံပေါ်သို့ တက်ကာ ထွက်ခွာသွားတော့သည်။ သို့ရာတွင် ရှုကျီမှာမူ ထိုနေရာတွင်ပင် ကျန်ရစ်ခဲ့ပြီး သူ၏ မျက်နှာမှာ အတွေးများစွာဖြင့် ရှုပ်ထွေးနေဟန် တူသည်။ သူ၏ မျက်နှာပေါ်တွင် ထုတ်ဖော်မပြောနိုင်သော စိုးရိမ်ပူပန်မှုများ ပေါ်ပေါက်နေတော့သည်။
….
ကောင်းကင်ယံထက်၌ လော့ချန်သည် သူ၏ လှေပျံပေါ်တွင် ရပ်လျက် ရှုပ်ထွေးသော ခံစားချက်များဖြင့် တွေးတောနေမိသည်။
"ဟူး.... ဒီလို ပတ်သက်မှုတွေ ရှိနေတာကိုး.... မပြီးသတ်သေးတဲ့ သဘောတူညီချက်ဆိုပါလား.... ဘာများပါလိမ့်"
သူ သက်ပြင်းသဲ့သဲ့ချရင်း မျက်လုံးများက အဝေးတစ်နေရာသို့ ငေးမောနေမိသည်။
"လော့ချန်ရေ၊ တွေးကြည့်စမ်း.... ထျန်းရှင်းကျီလို လူလည်က အကြောင်းရင်းမရှိဘဲ ပတ်သက်ပါ့မလား၊ သူက ကောင်းကင်ဘုံရဲ့ ကံကြမ္မာကိုတောင် ကစားချင်တဲ့သူမျိုးလေ၊ တကယ်လို့ သူနဲ့ တွမ်မျိုးနွယ်စုကြားမှာ လျှို့ဝှက်သဘောတူညီချက်တစ်ခု တကယ်ရှိခဲ့တယ်ဆိုရင်.... အဲဒါဟာ သာမန်ရွှေငွေ ရတနာတွေတော့ သေချာပေါက်မဟုတ်နိုင်ဘူး”
လော့ချန်သည် ရှောင်ဟွမ်းတောင်တိုက်ပွဲအပြီး စီမာဟွေ့နန် စာရင်းပြုစုထားခဲ့သော သိမ်းဆည်းရမိပစ္စည်းများကို ပြန်လည်အာရုံပြုကြည့်သည်။ ထိုပစ္စည်းများမှာ သာမန်အားဖြင့် တန်ဖိုးရှိသော်လည်း ထျန်းရှင်းကျီကဲ့သို့ အတွေ့အကြုံရင့် ကျင့်ကြံသူတစ်ဦးကို ဆွဲဆောင်နိုင်လောက်သည့် ထူးခြားဆန်းကြယ်မှုမျိုး မရှိပေ။
"ဒါဆိုရင်.... အဲ့ဒီအရာက တွမ်ချန်ခွန်းရဲ့ သိုလှောင်အိတ်ထဲမှာပဲ ရှိရမယ်၊ ဒါ.... ဒါဆို"
လော့ချန်၏ လက်ချောင်းများမှာ ဝတ်ရုံစအတွင်းရှိ သိုလှောင်အိတ်ကို အသာအယာ ထိတွေ့လိုက်မိသည်။ ယခုမူ ထိုလျှို့ဝှက်ချက်မှာ သူ၏လက်ထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိနေပြီ မဟုတ်ပါလော။ ဤအိတ်ကို သူများလက်ထဲသို့ လွယ်လွယ်နှင့် လွှဲပြောင်းပေးရန်မှာ လုံးဝ မဖြစ်နိုင်သော ကိစ္စ ဖြစ်သည်။ ဤသည်မှာ သူတစ်ဦးတည်း၏ ပိုင်ဆိုင်မှုမဟုတ်ဘဲ ဝမ်ယွမ်နှင့် တွမ်ဖုန်းတို့ပါ အသက်နှင့်ရင်း၊ သွေးနှင့်လဲ၍ ရယူထားသော တိုက်ပွဲဝင် အသီးအပွင့်များ ဖြစ်သည်။ ဤအိတ်ကို ပေးအပ်လိုက်ခြင်းမှာ သူတို့၏ ကြိုးစားအားထုတ်မှုများကို ဖျက်ဆီးလိုက်ခြင်းနှင့် အတူတူပင်ဖြစ်သည်။
လော့ချန်သည် မည်သို့လုပ်ဆောင်ရမည်ကို ဆုံးဖြတ်ပြီးသား ဖြစ်သည်။ သူ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်သည်နှင့် သူ၏ ချီစွမ်းအင်ကို အသုံးပြု၍ ထိုအိတ်ပေါ်ရှိ တွမ်ချန်ခွန်း၏ အမှတ်အသားကို ဖျက်ဆီးပစ်မည် ဖြစ်သည်။
သို့သော်လည်း အခြေအနေက စိုးရိမ်စရာရှိနေသည်။ အကြောင်းမူ ထိုအိတ်ကို သူတင်မကဘဲ အခြားသော ဝိညာဉ်မျက်လုံးများကပါ မျက်စိကျကာ တေးမှတ်ထားကြဟန် ရှိလေသည်။
လော့ချန်သည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး လက်ဟန်တစ်ချက်ဖြင့် သူ၏ လှေပျံကို သိမ်းဆည်းလိုက်သည်။ ထို့နောက် တိမ်စီးဖိနပ်နှင့် လေဟုန်စီးအတတ်ကို တစ်ပြိုင်နက်တည်း အသက်သွင်းလိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ လေထုထဲတွင် ပေါ့ပါးသွားတော့သည်။
နောက်တစ်ခဏတွင် သူသည် တောက်ပသော အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး မိုးကုတ်စက်ဝိုင်းဆီသို့ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။