အခန်း (၂၇၇-၂၇၈)
Vol. 28 Ch. 277-278
အခန်း (၂၇၇) - အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းခြင်း
ရှောင်ဟွမ်းတောင်ခြေတွင် ရှုကျီသည် ကျောက်ရုပ်တစ်ရုပ်အလား ငြိမ်သက်စွာ ရပ်နေသည်။ လတ်ဆတ်သော တောင်ပေါ်လေညင်းများကြားတွင် သူသည် အသစ်တဖန် ပြောင်းလဲသွားသည့် တောင်တန်းကြီးကို မော့ကြည့်နေမိသည်။
တောင်စောင်းတစ်ခွင်တွင် အသစ်စိုက်ပျိုးထားသော သစ်ပင်ကြီးများမှာ နေရာအနှံ့ စိမ်းလန်းဝေဆာစွာ ရှိနေပြီး အပြာရောင်ကောင်းကင်နှင့် တိမ်တိုက်ဖြူများကို မှန်ချပ်တစ်ခုအလား ရောင်ပြန်ဟပ်နေသည့် ကြည်လင်သော ကန်ငယ်လေးတစ်ခုလည်း ရှိနေသည်။ တောင်အလယ်ပိုင်းတွင်မူ မြူနှင်းဝေဝေကြားမှ လှပဆန်းကြယ်လှသော ရဲတိုက်များနှင့် နန်းဆောင်များ၏ ပုံရိပ်ကို ခပ်ရေးရေး မြင်တွေ့နေရလေသည်။
"အော်.... အဲဒါ လော့ထျန်းအဖွဲ့ဆိုတာလား...."
သူ လေသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။
ဤအမည်ကို သူ ကြားဖူးနားဝရှိသည်။ သူ၏ ဆရာသခင် ထျန်းရှင်းကျီ မကြာခဏ ထည့်သွင်းပြောဆိုလေ့ရှိသော အမည်တစ်ခု ဖြစ်သည်။ ၎င်းသည် ဆေးဖော်စပ်ခြင်းပညာကို အခြေခံထားပြီး ချီသန့်စင်အဆင့် ၉ ရှိသော ကျင့်ကြံသူတစ်ဦးက ဦးဆောင်သည့် အဖွဲ့ငယ်လေးတစ်ခုဟု သိထားသည်။ ဂိုဏ်းကြီးများ၏ အမြင်တွင်မူ ထိုအဆင့်မှာ ပြောပလောက်စရာ မရှိသော်လည်း ထိုအဖွဲ့ကို ထူးခြားစေသည်မှာ သူတို့၏ ဆေးဖော်ဆရာပင် ဖြစ်သည်။ ထျန်းရှင်းကျီ၏ အဆိုအရ ထိုဆေးဖော်ဆရာ၏ ဆေးဖော်စပ်မှုအတတ်ပညာမှာ အံ့ဩစရာကောင်းလောက်အောင် နက်ရှိုင်းသည်ဟု ဆိုသည်။
တစ်ချိန်က ထျန်းရှင်းကျီသည် နာမည်ကျော် သွေးအဆီအနှစ်ဆေးလုံးသည်ပင် ဤအဖွဲ့မှ မြစ်ဖျားခံလာခြင်း ဖြစ်နိုင်သည်ဟု သံသယဝင်ခဲ့ဖူးသည်။ သို့သော် မုရုံယွမ်၏ နောက်ကွယ်တွင် ဒုတိယအဆင့် ဆေးဖော်ဆရာတစ်ဦး ရှိနေသည်ဟု သိလိုက်ရပြီးနောက်တွင်မူ ထိုသံသယများ ပျောက်ကွယ်သွားခဲ့သည်။
"အင်း.... နားရှိလို့သာကြားရတယ်.... ချီသန့်စင်အဆင့်ပဲ ရှိတဲ့ အဖွဲ့လေးတစ်ခုက အခြေခံ တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူရှိတဲ့ မျိုးနွယ်စုတစ်ခုလုံးကို အမြစ်ပြတ်အောင် ချေမှုန်းနိုင်တယ်ဆိုတော့ ဟုတ်ရော ဟုတ်ပါ့မလား…. အဟက်.... ဘာပြောပြော ဒီဇာတ်ရှုပ်ကတော့ စိတ်ဝင်စားစရာပဲ”
တွမ်မျိုးနွယ်စု အမြစ်ပြတ်သွားသည်မှာ အင်အားနည်းလွန်းသော မျိုးနွယ်စု ဖြစ်သောကြောင့်ပေလော၊ သို့မဟုတ် ဤနယ်မြေရှိ အဖွဲ့အစည်းငယ်များစွာ ပူးပေါင်းပြီး လျှို့ဝှက်တိုက်ခိုက်လေသလော ဆိုသည်ကို သူ မခန့်မှန်းနိုင်ချေ။ အကယ်၍ ဒုတိယအချက်သာ မှန်ကန်ခဲ့လျှင် ဤကိစ္စကို ဆက်လက်စုံစမ်းနေခြင်းက အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။
"အိုကွာ.... ဘာပဲဖြစ်ဖြစ်.... ငါ့လက်ထဲမှာ အခြေခံတည်ဆောက်ခြင်းအဆင့် လူသားရုပ်သေးတစ်ရုပ် ရှိနေတာပဲ၊ မေးကြည့်လိုက်ရင် ရမယ်ထင်တယ်”
သူ ရှေ့သို့ တိုးလှမ်းလိုက်စဉ်မှာပင် တောင်စောင့်ကင်းအဖွဲ့က သူ့ကို သတိပြုမိသွားကြသည်။
"ဟိတ်.... မင်း ဘယ်သူလဲကွ၊ ဒီမှာ ဘာလာလုပ်နေတာလဲ" ဟူ၍ သူတို့ထဲမှ တစ်ယောက်က စူးရှပြတ်သားစွာ အော်မေးလိုက်သည်။
ရှုကျီက လက်ကို မြှောက်ပြကာ မျက်နှာချိုသွေးရင်း အသံချိုချိုဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
“ကျွန်တော်က တိမ်ပြိုဂိုဏ်းက ရှုကျီပါ၊ ဒီတောင်ရဲ့ အရှင်သခင်ကို လာရောက်ဂါရဝပြုတာပါ”
သူ နှိမ်ချစွာ ဖြေလိုက်သော်လည်း သူ၏ အသံတွင် အစွမ်းထက်သော စွမ်းအားများ ပါဝင်နေပြီး ဘေးရှိ မီရှုဟွာ၏ ခန္ဓာကိုယ်ဖြင့် ပြုလုပ်ထားသော အခြေခံတည်ဆောက်ခြင်းအဆင့် ရုပ်သေးဆီမှလည်း ဖိအားများ ထွက်ပေါ်နေသည်။ ထိုအသံသည် တောင်ခြေတစ်ခွင်သို့ ပဲ့တင်ထပ်သွားပြီး ကောင်းကင်ယံရှိ တိမ်တိုက်များကြားတွင် လေလှိုင်းများသဖွယ် လွင့်ပျံ့သွားလေတော့သည်။
….
များမကြာမီ သူ့အနားသို့ ခေါင်းဆောင်ဟန်ပန်နှင့် အမျိုးသမီးကျင့်ကြံသူတဦး လျှောက်လာသည်။
"အော် တိမ်ပြိုဂိုဏ်းကလား၊ ဒါဆို ဒီက မိတ်ဆွေရှုကို လုပ်ရိုးလုပ်စဥ်အရ နည်းနည်းတော့ စစ်ဆေးခွင့်ပြုပါ၊ ဘေးနားက ဘာကြီးလဲရှင့်.... ဓားအိမ်လား…. မှော်လက်နက်လား.... အဲ့ဒါက ဓားပျံကြီးမဟုတ်ဘူးလား”
"ဟောဗျာ.... အစ်မကတော့ ပြောရော့မယ်.... ဒါ ဓားအိမ်ကြီးပါဗျ"
ထိုအခါ စီမာဟွေ့နန် က စဉ်းစားဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ တွမ်မျိုးနွယ်စုသည် တာဟဲဈေးမြို့တော်တစ်ခုလုံးတွင် အဆင့်လတ် မှော်ဓားပျံများ သွန်းလုပ်သည့် လက်နက်သွန်းလုပ်ရေး မျိုးနွယ်စု အဖြစ် ကျော်ကြားသည်။ မှော်ဓားပျံများတွင် ဓားအိမ် ပါလေ့မရှိသည်မှာ ကျင့်ကြံသူတိုင်း သိသော အချက်ပင်ဖြစ်သည်။
သူမက သူ့ပုံပန်းသဏ္ဍန်ကို တစ်ချက်အကဲခတ်လိုက်လေသည်။ ထိုနောက် ယဉ်ကျေးသယောင် ရှိသော်လည်း သံသယများ ရောယှက်နေသောလေသံဖြင့် မေးလိုက်သည်။
"ဒါဆို မိတ်ဆွေရှု ပြောနေတဲ့ အဲ့ဒီ ဓားအိမ်က ဘယ်အမျိုးအစားလဲဆိုတာ မေးပါရစေ”
သူမ သံသယရှိနေသော်လည်း တိုက်ရိုက် ငြင်းပယ်၍ မရပေ။ ရှုကျီသည် တိမ်ပြိုဂိုဏ်းမှ လာသည်ဟုဆိုသည်။ သူမ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လေးစားစွာ ဆက်ဆံရမည့်သူ ဖြစ်နေသည်။ ထို့ကြောင့် သူမ၏ လေသံကို ပုံမှန်ထက် ပိုမို နူးညံ့စေလိုက်ကာ သံတမန်ဆန်ဆန် စစ်ဆေးနေလေသည်။
ရှုကျီမှာမူ သူမ၏ သံသယကို ဂရုစိုက်ပုံမရပေ။
"အော်.... အဲ့ဒါတော့ ကျွန်တော်လည်း အတိအကျ မသိဘူးဗျ၊ ဒါပေမဲ့ သေချာတာတော့ အဆင့်မြင့် ဓားအိမ်ပဲဖြစ်မယ် ထင်တယ်ဗျ"
‘တောက် ကောင်စုတ်ရယ်…. ဘယ်သူကများ ဓားအိမ်ကို အဆင့်မြင့် အဆင့်နိမ့် ခွဲဦးမှာလဲ’ ဟု သူမ စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။ သို့သော် သူမ၏ မျက်နှာပေါ်တွင် မည်သည့်အရိပ်အယောင်မျှ မပြပေ။ ကျင့်ကြံရေးလောကတွင် ကျင်လည်နေကျဖြစ်သော သူမ၏ တည်ငြိမ်မှုဖြင့် ဝတ်ရုံကိုသပ်သပ်ရပ်ရပ် ပြုပြင်လိုက်ပြီး ဖြေလိုက်သည်။
"ကျွန်မတို့ နယ်မြေကို အလည်လာတာဆိုတော့လည်း ကြိုဆိုရမှာပေါ့လေ၊ ဒီမှာ ရှိတဲ့ အဆင့်မြင့် မှော်လက်နက် အားလုံးကို စာရင်းသွင်းထားပြီးသားပါ၊ တချို့ကိုလည်း ရတနာတိုက်ထဲမှာ သိမ်းဆည်းထားပါတယ်"
သူမ၏ အကြည့်မှာ ရှုကျီနောက်တွင် ရပ်နေသော အခြေခံတည်ဆောက်ခြင်းအဆင့် ရုပ်သေးထံသို့ တစ်ချက်ရောက်သွားပြီးနောက် သူ့မျက်နှာသို့ ပြန်ကြည့်လိုက်သည်။ လော့ချန်၏ ကြိုတင်မှာကြားချက်များကို သတိရလိုက်ကာ သူမ၏ လေသံမှာ အနည်းငယ် ပြောင်းလဲသွားသည်။
"ဒီလိုလုပ်ရင်ကော ဘယ်လိုလဲရှင်"
သူမ ကမ်းလှမ်းလိုက်သည်။
"ကျွန်မကိုယ်တိုင် ဒီက မိတ်ဆွေကို ရတနာတိုက်ဆီ ခေါ်သွားပါ့မယ်၊ ဖြစ်နိုင်တာကတော့ တချို့ပစ္စည်းတွေကို ကျွန်မတို့ အဖွဲ့က တစ်ကိုယ်တော်ကျင့်ကြံသူတွေက သေသေချာချာ မသိလို့ မှားယွင်းသတ်မှတ်ထားတာမျိုး ရှိနိုင်ပါတယ်"
ရှုကျီက ခေါင်းညိတ်သဘောတူလိုက်ပြီး စီမာဟွေ့နန်နောက်မှ ရတနာတိုက်ဆီသို့ လိုက်ပါသွားလေသည်။
….
မကြာမီမှာပင် ရှုကျီသည် ရတနာတိုက်အတွင်းမှ ပြန်ထွက်လာသည်။ သူ၏ မျက်နှာတွင် စိတ်ပျက်မှု အရိပ်အယောင်များ ထင်ဟပ်နေသည်။ ရတနာတိုက်အတွင်းရှိ ပစ္စည်းအများစုမှာ အဆင့်နိမ့်နှင့် အဆင့်လတ် လက်နက်များသာ ဖြစ်ကြသည်။ အဆင့်မြင့်လက်နက် ဆယ်ခုခန့်ရှိသော်လည်း သူ ရှာဖွေနေသည့် ပစ္စည်းနှင့် တစ်ခုမျှ မတူညီချေ။
သူ စိတ်မရှည်စွာဖြင့် မေးလိုက်သည်။
"ဟူး.... တွမ်ချန်ခွန်းရဲ့ သိုလှောင်အိတ်က အဲ့ဒီ ပေါက်ကွဲမှုမှာ တကယ်ပဲ ပျက်စီးသွားတာ လားဗျာ”
စီမာဟွေ့နန်က ခါးသီးစွာ ပြုံးလိုက်သည်။
"ဟုတ်ပါ့ရှင်.... အဲ့ဒီတုန်းက ပေါက်ကွဲမှုက တကယ်ကို ကြောက်စရာကောင်းတာပါ"
သူမ တောင်ခြေဘက်သို့ လက်ညှိုးညွှန်ပြလိုက်သည်။
"မိတ်ဆွေ ရောက်တုန်းက မြင်ခဲ့တဲ့ အဲ့ဒီ ကန်ကြီးလေ.... အမှန်တော့ အဲဒါက ပေါက်ကွဲမှုကြောင့် ဖြစ်သွားတဲ့ ချိုင့်ခွက်ကြီးထဲမှာ ရေဝင်သွားလို့ ဖြစ်လာတာလေ”
"အဲ့ဒီလောက် ပြင်းထန်တဲ့ ဖျက်ဆီးအားမျိုးအောက်မှာ…."
သူမ ဆက်ပြောသည်။
"သာမန်သိုလှောင်အိတ်တစ်ခုက အကောင်းတိုင်း ကျန်ရစ်မယ်လို့ မိတ်ဆွေ ထင်လို့လား"
ရှုကျီ၏ အကြည့်မှာ မှေးမှိန်သွားသည်။ တောင်ခြေရှိ ကန်ကြီးကို သူ ပြန်လည် မြင်ယောင်လိုက်သည်။ ကာကွယ်ရေး မှော်ရတနာ ရှိနေသည့်တိုင် ထိုကဲ့သို့သော ပျက်စီးမှုကို ဖြစ်ပေါ်စေခဲ့သည်ဆိုလျှင် ထိုတိုက်ပွဲမှာ မှန်းဆ၍ မရနိုင်လောက်အောင် ပြင်းထန်ခဲ့ပေလိမ့်မည်။
သိုလှောင်အိတ်များသည် တန်ဖိုးရှိသော်လည်း ၎င်းတို့သည် ခိုင်ခံ့သော မှော်လက်နက်များ မဟုတ်ကြချေ။ ဖြစ်နိုင်သည်မှာ မှော်ရတနာအဆင့်ရှိသော သိုလှောင်လက်စွပ်များသာလျှင် ထိုကဲ့သို့သော ပေါက်ကွဲမှုဒဏ်ကို ခံနိုင်ရည်ရှိမည် ဖြစ်သည်။
သို့သော် သူ လက်မလျှော့ချင်သေးပေ။
"ဟိုလေ.... ခင်ဗျားတို့ရဲ့ အဖွဲ့ချုပ်ခေါင်းဆောင်နဲ့ တွေ့ခွင့်ရမလားဗျ”
စီမာဟွေ့နန်က မျက်မှောင်ကြုတ်လိုက်ပြီး မကျေမနပ် ပြန်ပြောလိုက်သည်။
"ဒီမှာရှင့်.... ဒါက အတော်လေး ရိုင်းရာကျတယ်လို့ မထင်ဘူးလား၊ ကျွန်မ ရှေ့မှာ ပြောခဲ့သလိုပဲ၊ ကျွန်မတို့ ခေါင်းဆောင်က တံခါးပိတ် ကျင့်ကြံနေတာပါ၊ ဘယ်သူမှ အနှောင့်အယှက် ပေးမခံနိုင်ဘူး"
ရှုကျီ ခေတ္တမျှ မှင်သက်သွားပြီးနောက် ဒေါသစိတ်ကလေး တစ်ချက် လျှပ်ခနဲ ပေါ်လာသည်။ သူသည် အစွမ်းထက်သော ဝိညာဉ်သန္ဓေတည်အဆင့် ဂိုဏ်းကြီး၏ အတွင်းစည်းတပည့်တစ်ဦး ဖြစ်ပါလျက်နှင့် သာမန် တစ်ကိုယ်တော်ကျင့်ကြံသူများအဖွဲ့၏ ခေါင်းဆောင်ကို တွေ့ခွင့်မရခြင်းက သူ့အတွက် အရှက်ရစရာပင်။
"အလို.... ဒါက ဘယ်နေရာမှာ ရိုင်းတာလဲ၊ အတင်းအကျပ် တွေ့မယ်လို့ ပြောရင်ကော”
ရှုကျီ၏ မျက်ဝန်းများတွင် သတ်ဖြတ်ခြင်းအရိပ်အယောင်များ ယှက်သန်းလာစဉ်မှာပင် စီမာဟွေ့နန်၏ အကြည့်မှာလည်း စူးရှသွားသည်။
"ဒီမှာ မိတ်ဆွေရှု.... ကျွန်မတို့ဘက်က လိုအပ်တာထက် ပိုပြီး လေးလေးစားစား ဆက်ဆံပြီးပြီ၊ ပြဿနာ မီးခွက်ထွန်း မရှာပါနဲ့"
ဤနေရာမှာ လော့ထျန်းအဖွဲ့၏ အခြေစိုက်စခန်း ဖြစ်သည်။ ဤနေရာတွင် ကျင့်ကြံသူ တစ်ရာကျော်ရှိပြီး ဆယ်ဦးထက်မနည်းမှာ ချီသန့်စင်အဆင့် ၉ ရှိသူများ ဖြစ်သည်။ ရှုကျီမှာ အစွမ်းထက်သော်လည်း ဤနေရာတွင် သူ မောက်မာ၍မရပေ။ အကယ်၍ တိုက်ပွဲအစစ်အမှန် ဖြစ်ပွားပါက သူသာလျှင် အရေးနိမ့်ပေလိမ့်မည်။
သို့သော် ဘာဖြစ်သနည်း။ သူ့လက်ထဲတွင် အခြေခံတည်ဆောက်ခြင်းအဆင့် လူသားရုပ်သေး ရှိနေသည် မဟုတ်ပါလော။
ရှုကျီ ကြမ်းတမ်းသော စကားလုံးများဖြင့် တုံ့ပြန်ရန် ပြင်လိုက်စဉ်မှာပင် တောင်ခြေဘက်မှ ပြင်းထန်သော စွမ်းအင်ကြီးနှစ်ခုသည် တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်ပေါ်လာသည်။
ဝေးကွာသော တစ်နေရာမှ သားရဲဟိန်းသံတစ်သံကိုပါ ခပ်ရေးရေး ကြားလိုက်ရသည်။
“ဒုတိယအဆင့် ဝိညာဉ်သားရဲ... အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ”
သူ မျက်လုံးများ ပြူးကျယ်သွားကာ ထိတ်လန့်တကြား ရေရွတ်လိုက်မိသည်။
စီမာဟွေ့နန်မှာ ခေတ္တမျှ အံ့သြသွားသော်လည်း မျက်နှာထားပြန်ပြင်လိုက်လေသည်။ ထို့နောက်တွင်မူ သာမန်ကိစ္စတစ်ခုကဲ့သို့ တည်ငြိမ်စွာပင် ပြန်လည် တုံ့ပြန်လိုက်သည်။
"အော်…. အဲဒါထူးဆန်းလို့လားရှင်၊ ဒီလို အင်အားမျိုး မရှိဘဲနဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် မျိုးနွယ်စုတစ်ခုကို ကျွန်မတို့ ဘယ်လို ချေမှုန်းနိုင်မှာလဲ”
ထို့နောက် သူမ နွေးထွေးစွာ ပြုံးပြလိုက်ရင်း "ကဲပါ…. အခုတော့ မိတ်ဆွေက ရှောင်ဟွမ်းတောင်ရဲ့ အားလုံးကို မြင်ပြီးပြီဆိုတော့.... ကျွန်မတို့နဲ့အတူ ထမင်းတစ်နပ်လောက် စားသွားဖို့ ဖိတ်ခေါ်ပါတယ်" ဟု ဆိုလိုက်သည်။
ရှုကျီသည် သူ၏ နှုတ်ခမ်းထောင့်ကို မဲ့ရွဲ့လိုက်ရင်း ပြုံးရခက်၊ ငိုရခက် ဖြစ်နေတော့သည်။
ထို့နောက် "နေပါစေ.... ကျွန်တော် ပြန်တော့မယ်" ဟု ဆိုကာ ချက်ချင်းပင် လှည့်ထွက်သွားတော့သည်။
….
ရှောင်ဟွမ်းတောင်၏ အပြင်ဘက်တွင် ရှုကျီသည် ညှိုးငယ်သော မျက်နှာထားဖြင့် ရှိနေသည်။
သူ၏ အကြည့်မှာ တောင်ခြေရှိ ကြည်လင်အေးမြသော ရေကန်ပြာကြီးဆီသို့ ဝဲကျသွားသည်။ သူ၏ အာရုံခံစားမှုများ မမှားပါက အစောက ခံစားလိုက်ရသော အခြေခံတည်ဆောက်ခြင်းအဆင့် အရှိန်အဝါသည် ဤရေကန်အောက်ခြေမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
အခြေအနေများက ဤသို့ ဖြစ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
"အေးလေ…. ဘာပဲဖြစ်ဖြစ်.... တာဝန် သုံးခုထဲမှာ နှစ်ခုကတော့ ပြီးသွားပြီ၊ ဒါဆိုရင် ဆရာသခင်ဆီ ပြန်အစီရင်ခံဖို့ လုံလောက်ပါပြီ" ဟု သူ တီးတိုးရေရွတ်လိုက်သည်။
"အဟက်…. ဒီ လော့ထျန်းက မာန်တက်နေတဲ့ လူတွေကိုတော့.... ငါ အခြေခံ တည်ဆောက်ပြီးမှ ကောင်းကောင်းကြီး ဂါရဝပြုဖို့ ပြန်လာမယ်"
သူသည် နောက်ထပ် တွန့်ဆုတ်မနေတော့ဘဲ ထိုနေရာမှ ချက်ချင်းပင် ထွက်ခွာသွားတော့သည်။
….
ကောင်းကင်ပြာအောက်ရှိ ရေကန်အောက်ခြေတွင်မူ ပြင်ပလောကနှင့် အဆက်အသွယ်ပြတ်နေသော လူနှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင်၍ တိတ်ဆိတ်စွာ ထိုင်နေကြသည်။
ဝမ်ယွမ်သည် ရေကန်မျက်နှာပြင်ကို ထိုးဖောက်၍ ရှုကျီ ထွက်ခွာသွားသည်ကို ကြည့်နေသကဲ့သို့ သူ၏ အကြည့်ကို ဖြည်းညှင်းစွာ ပြန်လည်ရုပ်သိမ်းလိုက်သည်။ သူ၏ မျက်နှာမှာ လေးလံထိုင်းမှိုင်းနေပြီး ဖော်ပြရခက်သော စိတ်လှုပ်ရှားမှုများ ရောယှက်နေ၏။
“မီရှုဟွာက... တကယ်ပဲ ရုပ်သေးတစ်ရုပ် ဖြစ်သွားတာလား” ဟု သူ ထူးဆန်းသော လေသံဖြင့် တိုးတိုးလေး မေးလိုက်သည်။ သူ၏ အသံထဲတွင် ခံစားချက်မျိုးစုံ ရောပြွမ်းနေ၏။
မီရှုဟွာ ဆိုသူသည် တစ်ချိန်က တာဟဲဈေးမြို့တော်၏ မငြိမ်မသက်ဖြစ်နေသော ကောင်းကင်ယံတွင် အတောက်ပဆုံး ကြယ်တစ်ပွင့် ဖြစ်ခဲ့သည်။ အခြေခံ တည်ဆောက်ခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ဖိုရှန်းဂိုဏ်းကြီးတစ်ခုလုံးကို တစ်ဦးတည်း အုပ်ချုပ်ကာ အခြားအင်အားစုများကိုလည်း သူ၏ ခြေဖဝါးအောက်တွင် ဒူးထောက်ထားစေခဲ့သူ ဖြစ်သည်။
ရန်သူဟု ထင်ရသော တာကျန်းဂိုဏ်းပင်လျှင် လျန်ယွန်းကုန်သွယ်ရေး မဟာမိတ်၏ အကူအညီကြောင့်သာ သူ့အား ရင်ဆိုင်ရဲခဲ့ခြင်း ဖြစ်သည်။ ဂိုဏ်းကြီးများမှ မြောင်ဝမ်ပင်ကဲ့သို့ ဂိုဏ်းဝင်ကျင့်ကြံသူများပင် မီရှုဟွာကို တန်းတူ ဆက်ဆံခဲ့ရသည်။ ၎င်းမှာ သူ ရပ်တည်ခဲ့သော အဆင့်အတန်းပင် ဖြစ်သည်။
သို့သော် နောက်ဆုံးတွင် သူ သေဆုံးခဲ့ရသည်။ သူ၏ မျိုးနွယ်စု ပျက်စီးခဲ့ရသည်။ သူ၏ ဂိုဏ်းမှာလည်း ပျောက်ကွယ်သွားခဲ့ရသည်။ တစ်သက်လုံး စုဆောင်းခဲ့သမျှ စည်းစိမ်ဥစ္စာများမှာလည်း သူတစ်ပါး လက်ထဲသို့ ရောက်ရှိသွားခဲ့ကာ သူ၏ ခန္ဓာကိုယ်သည်ပင်လျှင် အခြားသူ၏လက်ထဲမှ တိုက်ခိုက်ရေးကိရိယာ ရုပ်သေးတစ်ရုပ်အဖြစ်သို့ လျော့ကျသွားခဲ့ရသည်။
ဝမ်ယွမ်အနေဖြင့် ထိုပြက်ရယ်ပြုမှုကိုတော့ လက်မခံချင်ပေ။ မီရှုဟွာသည် သူနှင့် လော့ချန်ကို နောက်ကွယ်မှ မည်သို့ ကြိုးကိုင်ခဲ့သည်ကို သူ ကောင်းကောင်း မှတ်မိနေသေးသည်။ သို့သော် သူတို့သည်လည်း မီရှုဟွာထံမှ အကျိုးအမြတ်များစွာ ရရှိခဲ့ကြသည် မဟုတ်ပါလော။ ယခုအခါ တစ်ချိန်က ထိုမျှ အင်အားကြီးမားခဲ့သူ၏ နိဂုံးကို မြင်လိုက်ရသောအခါ ဝမ်ယွမ်၏ ရင်ထဲတွင် ခါးသီးသော ဝေဒနာကို မည်သို့မျှ ဖုံးကွယ်၍ မရနိုင်တော့ချေ။
လော့ချန်မှာမူ ထိုအကြောင်းကို ရှောင်လွှဲလိုက်ပြီး ဝမ်ယွမ်ကို စပ်စုလိုသော အကြည့်များဖြင့် ကြည့်လိုက်သည်။
"အစ်ကိုဝမ်.... စိတ်ဝိညာဉ်တည်ငြိမ်ခြင်း ပဋိညာဉ်ကို ပိုင်နိုင်သွားပြီလား” ဟု သူ မေးလိုက်သည်။
စောစောက အခြေခံ တည်ဆောက်ခြင်းအဆင့် စွမ်းအားမှာ ဝမ်ယွမ်ထံမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ထင်ရှားလှသည်။ သို့သော် ဝမ်ယွမ်က ခေါင်းခါပြလိုက်သည်။
"နှစ်နှစ်ကြာပြီးတာတောင်.... ငါ အခြေခံလောက်ပဲ တတ်မြောက်ပါသေးတယ်" ဟု သူ ဝန်ခံလိုက်သည်။
"ပြီးတော့လဲ ခုနက စွမ်းအားက ငါ့ရဲ့ ကိုယ်ပိုင် အခြေခံ စွမ်းအား မဟုတ်ဘူး၊ အဲ့ဒါက တွမ်ချန်ခွန်းရဲ့ ကျန်ရှိနေတဲ့ ဝိညာဉ်ကို ငါ့ရဲ့ ကျင့်ကြံမှုနဲ့ ပေါင်းစပ်ပြီး အတုအယောင် ဖန်တီးလိုက်တာပါ"
စကားပြောနေစဉ် သူ၏ အကြည့်မှာ လော့ချန်ထံသို့ ရောက်ရှိသွားပြီး ခဏမျှ စိုက်ကြည့်နေသည်။
"အင်း…. ညီလေး မင်းကတော့.... ချီသန့်စင်ခြင်းရဲ့ အထွတ်အထိပ် အဆင့်ကို ရောက်နေပြီပဲ၊ အခြေခံတည်ဆောက်ခြင်း အဆင့်ကို ရောက်ဖို့က တစ်လှမ်းပဲ လိုတော့တယ်"
လော့ချန်၏ အပြုံးမှာ သိမ်မွေ့လှပြီး တည်ငြိမ်နေသည်။ သူ၏ အတွေးများမှာ သိုလှောင်အိတ်အတွင်းရှိ အခြေတည်ဆေးလုံး နှစ်လုံးထံသို့ ရောက်ရှိနေသည်။
"တစ်လှမ်းပါပဲ"
လော့ချန် တီးတိုးရေရွတ်လိုက်သည်။
"တကယ့် ခြေတစ်လှမ်းစာပါပဲလေ”
….
ရှုကျီ ထွက်ခွာသွားပြီးနောက် လော့ထျန်းအဖွဲ့သည် ယခင်ကဲ့သို့ အေးချမ်းသာယာသော အခြေအနေသို့ ပြန်လည် ရောက်ရှိသွားသည်။
လော့ချန်သည် တစ်လလုံးလုံး အချိန်ကုန်ခံ၍ ကျောက်စိမ်းအမြုတေဆေးလုံး အမြောက်အမြားကို အသည်းအသန် ဖော်စပ်ခဲ့ပြီးနောက်တွင်မူ သူ တံခါးပိတ်ကျင့်ကြံတော့မည်ဖြစ်ကြောင်း တရားဝင် ကြေညာလိုက်လေသည်။
ဤတစ်ကြိမ်တွင်မူ တကယ်စစ်မှန်သော တံခါးပိတ်ကျင့်ကြံခြင်း ဖြစ်သည်။ သေရေးရှင်ရေး ကိစ္စမှအပ မည်သူမျှ သူ့ကို လာရောက် မနှောင့်ယှက်စေရန် အမိန့်ထုတ်ထားသည်။
….
သက်ငယ်မိုးအိမ်ငယ်လေးအတွင်း၌ လော့ချန်သည် သူ၏လက်ထဲရှိ အခြေတည်ဆေးလုံး နှစ်လုံးကို စိုက်ကြည့်နေပြီး မျက်နှာတွင် စိုးရိမ်သော အရိပ်အယောင်များ ပေါ်နေသည်။
ယုတ္တိဗေဒအရဆိုလျှင် သူ ချက်ချင်းပင် အဆင့်တက်ရန် ကြိုးစားသင့်သည်။ သူသည် ချီသန့်စင်ခြင်း၏ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး လိုအပ်သော အရင်းအမြစ်များနှင့် တစ်ကိုယ်တော်ကျင့်ကြံသူများ အိမ်မက်ပင် မမက်ရဲသော ရှားပါးဆေးလုံးများကိုလည်း ပိုင်ဆိုင်ထားပြီး ဖြစ်သည်။
သို့သော် နှစ်ပေါင်းများစွာအတွင်း သူ မြင်တွေ့ခဲ့ရသော အဖြစ်အပျက်များက အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းရန် သူ့အား ဝေခွဲမရ ဖြစ်စေခဲ့သည်။
ဦီးစွာ ဖူရှို့ရှို့ ပင်ဖြစ်သည်။ သူမသည် အခြေတည်ဆေးလုံး မရှိဘဲ အဆင့်တက်ရန် ကြိုးစားရင်း ကျရှုံးခဲ့ရသည်။ ထို့နောက် တွမ်ရွှေ။ သူသည် အခြေတည်ဆေးလုံး နှစ်လုံးသာမက နှစ်ပေါင်း ၈၀၀ သက်တမ်းရှိသော မြေကမ္ဘာအမြစ်ကိုပါ အသုံးပြုခဲ့သော်လည်း ဘာမှ ဖြစ်မလာခဲ့ပေ။ ဖူရှို့ရှို့၏ တာအိုလက်တွဲဖော်နှင့် တွမ်ဖုန်း၏ ဖခင်ကဲ့သို့သော ဂိုဏ်းဝင်ကျင့်ကြံသူများ ကြားတွင်ပင် ကျရှုံးမှု ဇာတ်လမ်းများစွာ ရှိနေသည်။
ဤအချက်များက အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းရန် မည်မျှ ခက်ခဲသည်ကို သူ့အား သတိပေးနေသည်။ ကျင့်ကြံခြင်း လမ်းကြောင်းပေါ် တွင် အများတကာထက် သတ္တိရှိပြီး ကြိုးစားလှသော ဝမ်ယွမ်ပင်လျှင် မအောင်မြင်သေးသည် မဟုတ်ပါလော။
"ဒီဆေးနှစ်လုံးက ငါ့အတွက် မလုံလောက်တာမျိုးလည်း ဖြစ်နိုင်တယ်...."
"ဒါကြောင့်.... ငါ နတ်ဒေဝါပျားရည်ကို ဖော်စပ်ရမယ်၊ ဖော်စပ်မှကို ဖြစ်မယ်”
တွန့်ဆုတ်မှုများအပြီးတွင် ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခု ပေါ်ထွက်လာသည်။ လော့ချန်သည် ထပ်တလဲလဲ ကျရှုံးမှုများကို မကြုံတွေ့လိုသလို တစ်ချက်ပြီးတစ်ချက် ထိုးနှက်ချက်များကိုလည်း မခံစားလိုပေ။ သူ၏ ခန္ဓာကိုယ်မှာ ကြံ့ခိုင်ပြီး စိတ်ဝိညာဉ်မှာလည်း အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် တန်းတူရှိနေကာ အထောက်အကူပြု ပစ္စည်းများစွာ ရှိနေသော်လည်း သူသည် ဤအဆင့်ကို အမှန်ကန်ဆုံးနှင့် အပြည့်စုံဆုံး ဖြစ်စေချင်သည်။
နတ်ဒေဝါပျားရည်မှာ အခြေခံအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ၎င်းအတွက် သူ အများအပြား ပေးဆပ်ခဲ့ရသည်။ အကြိမ်ကြိမ် ကျရှုံးခဲ့ပြီးနောက်တွင်မူ သူသည် အဓိကသော့ချက်ကို တဖြည်းဖြည်း နားလည်လာခဲ့ပြီ ဖြစ်သည်။ အောင်မြင်မှုမှာ လက်တစ်ကမ်းအကွာမှာပင် ရှိနေပြီဟူ၍ ခံစားရသည်။
"အင်း…. ငါ့မှာ အကုန်အဆင်သင့်ရှိနေပြီပဲ…. ငါ ဘာလို့ လောနေရမှာလဲ”
ထို့ကြောင့် ရင်းနှီးပြီးသားဖြစ်သော ဆေးဖော်စပ်ခြင်း အလုပ်များကို ပြန်လည် စတင်လိုက်တော့သည်။ လော့ချန်သည် သူ၏ စွမ်းအားရှိသမျှကို အသုံးချကာ ဆေးဖော်စပ်ခြင်းထဲသို့ အာရုံစိုက်လိုက်လေတော့သည်။
….
ဤသို့နှင့် တစ်လကြာသွားခဲ့လေသည်။
လော့ချန်သည် သက်ငယ်မိုး အိမ်ငယ်လေး၏ အလယ်တွင် မောပန်းနွမ်းနယ်စွာ ရပ်နေသော်လည်း သူ၏ မျက်လုံးများမှာမူ ပျော်ရွှင်မှုကြောင့် တောက်ပနေသည်။
သူ လေးရောင်ခြယ်ဆေးအိုးကြီးကို မော့ကြည့်လိုက်သည်။ ထိုနေရာတွင် ရွှေရောင်ဆေးရည်များသည် ကောင်းကင်ယံမှ ကြယ်စင်များ၏ အနှစ်သာရများ ကျဆင်းလာသကဲ့သို့ တည်ငြိမ်စွာ စီးဆင်းနေကြသည်။
"ဟာ…. ဒီလောက်တောင် အများကြီးရတာလား”
မယုံနိုင်စရာ ကောင်းလောက်အောင် များပြားလှသော ဆေးရည်များကို ကြည့်ကာ သူ တိုးတိုးလေး ရေရွတ်လိုက်မိသည်။
အချိန်မဖြုန်းတော့ဘဲ သူသည် သိုလှောင်အိတ်ထဲမှ ကြီးမားသော ကျောက်စိမ်းပုလင်း သုံးပုလင်းကို ထုတ်ယူလိုက်သည်။ ထို့နောက် လက်ကို ဖြည်းဖြည်းချင်း ဝေ့ယမ်းကာ တိမ်တိုက်အသွင် ပြောင်းလဲခြင်း အတတ်ကို အသက်သွင်းပြီး ရွှေရောင်ဆေးရည်များကို ပုလင်းထဲသို့ အတိအကျ လမ်းညွှန်လိုက်သည်။
ရွှေရောင် နတ်ဒေဝါပျားရည်များသည် ပုလင်းများအတွင်းသို့ ဆက်တိုက် စီးဝင်သွားကြသည်။ သုံးပုလင်းတိတိ အပြည့်ရလေသည်။ ထို့အတွက် ရင်းထားရသော ကုန်ကျစရိတ်မှာလည်း တုန်လှုပ်စရာကောင်းလှသည်။ လော့ချန်သည် ဤနတ်ဒေဝါပျားရည်ကို ဖော်စပ်ရန်အတွက် ဝိညာဉ်ကျောက်တုံး တစ်သောင်းကျော်ကို အသုံးပြုခဲ့ရသည်။ ဤသည်မှာ ဒုတိယအဆင့် ဆေးရည်တစ်ခုအတွက်ဆိုလျှင် အလွန်အမင်း ဖြုန်းတီးရာ ရောက်သည်ဟု ဆိုနိုင်သည်။
"ဟူး.... ဒုတိယအဆင့် ဝိညာဉ်ဆေးရည်တစ်မျိုးအတွက် ရင်းလိုက်ရတာကလည်း တော်တော်စရိတ်စက များတာပဲ”
သို့သော် ကျင့်ကြံခြင်း အခြေခံအုတ်မြစ်အတွက် ပေးစွမ်းနိုင်သော ၎င်း၏ ကြီးမားသည့် အကျိုးကျေးဇူးများကို ထည့်သွင်းစဉ်းစားမည်ဆိုပါက အခြေခံတည်ဆေးလုံးနှင့်ပင် ယှဉ်နိုင်သောကြောင့် ၎င်း၏ တန်ဖိုးကို ဝိညာဉ်ကျောက်တုံး အရေအတွက်နှင့်သာ တိုင်းတာ၍ မရနိုင်တော့ချေ။
"ဟားဟား.... အခုမှပဲ အားလုံး အဆင်သင့်ဖြစ်ပြီလို့ ပြောလို့ရတော့မယ်"
လော့ချန် အားပါးတရ ရယ်လိုက်ပြီးနောက် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး လေးရောင်ခြယ်ဆေးအိုးကို သိမ်းဆည်းလိုက်သည်။ သူသည် တဲအိမ်ငယ်တစ်ခုလုံးကို သန့်စင်ခြင်းအတတ်ဖြင့် သန့်ရှင်းလိုက်သည်။ ထို့နောက် တောက်ပနေသော အလယ်အလတ် ဝိညာဉ်ကျောက်တုံး ဆယ်တုံးကို ဂရုတစိုက် ထုတ်ယူလိုက်သည်။ တစ်တုံးစီမှာ သန့်စင်နေပြီး ချီစွမ်းအင်များဖြင့် တောက်ပနေကြသည်။
သူသည် ထိုကျောက်တုံးများကို ရေခဲမီးလျှံ ဝိညာဉ်စမ်းရေတွင်းဘေးရှိ အပေါက်ငယ်လေးများအတွင်းသို့ တစ်တုံးချင်းစီ ဂရုတစိုက် ထည့်သွင်းလိုက်သည်။ ကျောက်တုံးတိုင်း ဝင်သွားသည်နှင့်အမျှ မြေပြင်မှ သိမ်မွေ့သော တုန်ခါသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် လက်ချောင်းဆယ်ချောင်းကို ပူးကပ်လိုက်ကာ အသက်ကို အောင့်ထားရင်း စူးစိုက်မှု အပြည့်ဖြင့် မုဒြာလက်ကွက်များကို တစ်ခုပြီးတစ်ခု ဖော်ဆောင်လိုက်သည်။
ဤသည်မှာ သာမန်မုဒြာလက်ကွက် မဟုတ်ပေ။ တွမ်မျိုးနွယ်စု၏ စာကြည့်ဆောင်ရှိ မေ့လျော့ခြင်းခံထားရသော ကျမ်းဟောင်းတစ်စောင်အတွင်းမှ သူ ရှာဖွေတွေ့ရှိခဲ့သော လျှို့ဝှက်နည်းလမ်းတစ်ခု ဖြစ်သည်။ ၎င်းတွင် မည်သည့် တိုက်ခိုက်ရေး သို့မဟုတ် ကာကွယ်ရေး စွမ်းရည်မျှ မရှိပေ။ ၎င်း၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ စမ်းရေတွင်းမှ စီးဆင်းနေသော ရေခဲနှင့် မီးလျှံစွမ်းအင်များကို ခေတ္တမျှ ပေါင်းစည်းပေးရန်ဖြစ်ပြီး ကျင့်ကြံခြင်း ပတ်ဝန်းကျင်ကို ပထမအဆင့် ဝိညာဉ်မြေမှ ဒုတိယအဆင့် ဝိညာဉ်မြေအဖြစ်သို့ ခေတ္တမြှင့်တင်ပေးရန် ဖြစ်သည်။
ရေခဲနှင့် မီးလျှံသည် ဆန့်ကျင်ဘက် အင်အားစုများ ဖြစ်ကြသည်။ ၎င်းတို့ ပဋိပက္ခဖြစ်သောအခါ ပျက်စီးခြင်းကို ဆောင်ကြဉ်းပေးသော်လည်း ဟန်ချက်ညီညီ ပေါင်းစပ်မိသောအခါတွင်မူ ကြီးထွားရှင်သန်ခြင်းကို ဖြစ်ပေါ်စေသည်။
"ပေါင်း.... စမ်း”
ချက်ချင်းပင် ဖြူဖွေးသော မြူခိုးတန်းကြီးများသည် အပြင်သို့ တိုးထွက်လာပြီး တဲအိမ်အတွင်းသို့ လှိုင်းလုံးကြီးများကဲ့သို့ လိမ့်ဆင်းလာကြသည်။ လေထုမှာ ထူထပ်လာပြီး သန့်စင်သော ချီစွမ်းအင်များဖြင့် ပြည့်နှက်သွားလေသည်။ မြူခိုးများသည် ဝဲလှည့်၍ ထူထပ်လာသော်လည်း ၎င်းတို့၏ စွမ်းအားမှာ လျင်မြန်စွာ လျော့ပါးသွားပုံရသည်။
အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းရန် ပြင်ဆင်နေစဉ်အတွင်း သူကိုယ်တိုင် ထိုမုဒြာလက်ကွက်ကို ဆက်လက်ထိန်းသိမ်းထားရန် မဖြစ်နိုင်ကြောင်း လော့ချန် သိထားသည်။ ထို့ကြောင့် သူသည် ဝိညာဉ်ကျောက်တုံး ဆယ်တုံးကို အသုံးပြု၍ အစီအရင်ကို အစားထိုး ထိန်းသိမ်းထားစေရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့၏ စွမ်းအားနှင့် အစီအရင်၏ တည်ဆောက်ပုံကြောင့် မြင့်မားလာသော ချီစွမ်းအင်ကို အချိန်အတိုင်းအတာတစ်ခုအထိ ဆက်လက် ထိန်းထားနိုင်ပေလိမ့်မည်။
သူ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။ ထိုအသက်ရှူသံနှင့်အတူ သူ၏ စိတ်ဝိညာဉ်မှာ လန်းဆန်းတက်ကြွသွားသည်။ ယခု သူ ခံစားနေရသော ခံစားချက်မှာ မီရှုဟွာ တည်ဆောက်ခဲ့သော ဒုတိယအဆင့် ဝိညာဉ်ကြော၏ အလယ်ဗဟိုတွင် သူ ခံစားခဲ့ရဖူးသည့် ခံစားချက်နှင့် ထပ်တူပင် ဖြစ်သည်။
သို့သော် ကြီးမားသော ခြားနားချက် တစ်ခုရှိသည်။ မီရှုဟွာသည် ထိုအဆင့်ကို ရောက်ရှိရန်အတွက် ဝိညာဉ်ကျောက်တုံး ရှစ်ဆယ်ကို အသုံးပြုခဲ့ရသည်။ လော့ချန်ကမူ ဆယ်တုံးသာ လိုအပ်ခဲ့သည်။ ထိုအချက်မှာ ရေခဲမီးလျှံ ဝိညာဉ်စမ်းရေတွင်း၏ စွမ်းအားပင်ဖြစ်ကြောင်း သူ သိလိုက်သည်။
"နောက်သုံးရက်အတွင်း ဒီ ဒုတိယအဆင့် ဝိညာဉ်ကြောဟာ အပြည့်အဝ တည်ငြိမ်သွားလိမ့်မယ်၊ အဲ့ဒီအချိန်ကျမှ အခြေခံ တည်ဆောက်ဖို့အတွက် အသင့်တော်ဆုံးအချိန် ဖြစ်လာမှာ”
“ဒီသုံးရက်ကိုတော့.... ငါ့ရဲ့ စွမ်းအင်တွေ ပြန်လည်ပြည့်ဖြိုးအောင် အနားယူဖို့ သုံးရမယ်”
ဘာကိုမှ ထပ်မစဉ်းစားတော့ဘဲ လော့ချန်သည် တဲအိမ်၏ ဘေးဘက်သို့ လျှောက်သွားကာ သေးငယ်သော သစ်သားကုတင်လေးပေါ်တွင် လှဲလျောင်း၍ အနားယူလိုက်လေတော့သည်။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၂၇၈) - ရှုံးနိမ့်ခဲ့ရသည့် အဓိက အကြောင်းရင်း
သုံးရက်ကြာပြီးနောက်….။
လော့ချန်သည် ရေချိုးသန့်စင်ကာ ဝတ်ရုံသစ်ကို လဲလှယ်ဝတ်ဆင်ပြီးနောက် ကျင့်ကြံမည့်အခန်းကို အသေးစိတ် ပြင်ဆင်လိုက်သည်။ သူသည် ရေခဲမီးလျှံ ဝိညာဉ် စမ်းရေတွင်းဘေးတွင် တည်ငြိမ်စွာ တင်ပျဉ်ခွေ ထိုင်လိုက်သည်။ စိတ်ငြိမ်အမွှေးတိုင်မှ ရနံ့လေးများ လွင့်ပျံ့နေပြီး အခန်းထောင့်ရှိ လရောင်မြက်ပင်လေးမှ ထွက်ပေါ်လာသော သင်းပျံ့သည့် ရနံ့ကလည်း အခန်းအတွင်း ပျံ့နှံ့နေသည်။ သူသည် ခန္ဓာကိုယ်၏ ခံနိုင်ရည်ကို မြှင့်တင်ပေးသည့် ဖန်သားနံ့သာဆီကို အရေ ပြားပေါ်တွင် လိမ်းကျံကာ အားဖြည့်နိုးထခြင်းဆေးရည်ကို သောက်သုံးလိုက်သည်။
ထိုသို့ပြင်ဆင်ပြီးမှသာ အခြေတည်ဆေးလုံးကို ဂရုတစိုက် ထုတ်ယူလိုက်တော့သည်။
"ကဲ လာလေရော့…. အခြေတည် ဆေးလုံးရေ” ဟု သူက တီးတိုးရေရွတ်လိုက်သည်။
သူသည် တွေဝေမနေတော့ဘဲ ဆေးလုံးကို မျိုချလိုက်သည်။ ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်းလှသော ဆေးစွမ်းအင်လှိုင်းလုံးကြီးမှာ သူ့ခန္ဓာကိုယ်အတွင်း ပေါက်ကွဲထွက်ပေါ်လာသည်။ ဤသည်မှာ သာမန် ကျင့်ကြံရေးဆေးလုံး မဟုတ်ပေ။ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းရန်အတွက် သီးသန့် ဖော်စပ်ထားသော ဆေးလုံးဖြစ်သည်။ ၎င်း၏ သဘောတရားမှာ ပြင်းထန်လှသော ဆေးစွမ်းအားဖြင့် အတားအဆီးများကို အင်အားသုံး၍ ထိုးဖောက်ဖျက်ဆီးရန်ပင် ဖြစ်သည်။
အောင်မြင်ခြင်း သို့မဟုတ် ကျရှုံးခြင်းမှာ ဤတစ်ကြိမ်တည်းသော စွမ်းအားလှိုင်းပေါ်တွင်သာ မူတည်နေသည်။
သို့သော် လော့ချန်သည် ချီစွမ်းအားကို သုံးကာ ဒန်ထျန်း အတားအဆီးကို စတင်တိုက်ခိုက်ရမည့် အဆင့်သို့ပင် မရောက်သေးမီမှာပင် သူ၏ အကြောအခြင်နှင့် အရိုးအဆစ်များအတွင်းမှ စုတ်ဖြဲခံရသကဲ့သို့ ပြင်းထန်လှသော နာကျင်မှုကြီး ပေါ်ပေါက်လာတော့သည်။
အထူးသဖြင့် လျှာဖျားတွင် ဖြစ်သည်။ ထိုနေရာမှ နာကျင်မှုမှာ စူးရှလွန်းသဖြင့် သူ၏ လျှာကိုပင် သူ ပြန်ကိုက်မိမတတ် ဖြစ်သွားပြီး ဝေဒနာ၏ အရှိန်ကြောင့် သတိလစ်မတတ် ဖြစ်သွားရသည်။ သူ၏ ထိုင်နေသော ပုံစံမှာ ပျက်ယွင်းသွားပြီး ကြမ်းပြင်ပေါ်သို့ လဲကျကာ လူးလိမ့်နေမိတော့သည်။
သူ၏ မျက်နှာမှာ နီမြန်းနေပြီး နားထင်မှ သွေးကြောများမှာ တင်းမာနေသော ကြိုးများအလား ဖောင်းကြွနေသည်။ သူသည် အရှင်လတ်လတ် ပြုတ်ခံနေရသကဲ့သို့ ခံစားနေရသည်။ ချွေးများမှာ အလုံးလိုက် အထည်လိုက် စီးကျလာပြီး ကြမ်းပြင်ပေါ်သို့ တဖွဲဖွဲ ကျနေသည်။ သူ၏ နှုတ်ခမ်းမှာလည်း ကိုက်ထားလွန်းသဖြင့် သွေးများပင် ထွက်နေလေပြီ။
နာကျင်မှုဝေဒနာများကြားတွင် သူ၏ အမြင်အာရုံများမှာ ဝေဝါးလာပြီး သတိလစ်သွားတော့မည့်အလား ဖြစ်နေသည်။
"အား.... မဖြစ်ဘူး.... ဒီလိုနဲ့တော့ အဆုံးမသတ်စေရဘူး”
ပင်ကိုဗီဇစိတ်အရ လော့ချန်သည် နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်းကျင့်စဉ်ကို ချက်ချင်း အသက်သွင်းလိုက်သည်။ ခံနိုင်ရည်အတွက် ယခင်က လှုံ့ဆော်ထားသော အပ်စိုက်မှတ် ၃၆ မှတ်မှာ အသက်ဝင်လာပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ မုန်တိုင်း၏ ဗဟိုချက် ဖြစ်လာသည်။ ဖရိုဖရဲ ဖြစ်နေသော နာကျင်မှုများမှာ ယခုအခါ စုစည်းလာသည်။ ထိုဝေဒနာအားလုံးမှာ မြစ်များက ပင်လယ်သို့ စီးဝင်သကဲ့သို့ ထိုအပ်စိုက်မှတ် ၃၆ မှတ်အတွင်းသို့ စီးဝင်သွားတော့သည်။
“အား.... နာလိုက်တာ”
သို့သော်လည်း ထိုသို့ ပူလောင်လှသော ဝေဒနာကြားမှာပင် လော့ချန်သည် ရင်းနှီးသော ခံစားချက်တစ်ခုကို ရှာတွေ့လိုက်သည်။
‘နောက်ဆုံးတော့လည်း.... ငါ ခံနိုင်ရည်ရှိတဲ့ အတိုင်းအတာထဲမှာပဲ ရှိနေပါသေးတယ်….’
သူ၏ မျက်နှာမှာ ရှုံ့မဲ့နေသော်လည်း ပြင်းထန်သော စိတ်ဓာတ်ခွန်အားဖြင့် ကိုယ်ကို ပြန်မတ်လိုက်သည်။ အခြေတည်ဆေးလုံး၏ အာနိသင်ကို အလဟဿ အဖြစ်မခံနိုင်ပေ။
သူသည် အထွတ်အထိပ်အဆင့်ရှိ နွေဦးကျင့်စဉ်ကို အသက်သွင်းလိုက်သည်။ မယိုင်လဲသော စိတ်ဓာတ်ဖြင့် သူ၏ ဒန်ထျန်းအတွင်းရှိ ထူထပ်လှသော ချီစွမ်းအား တိမ်တိုက်ကို ထိန်းချုပ်ကာ ဆေး၏ ပြင်းထန်သော စွမ်းအားများကို စုပ်ယူရန် ကြိုးစားလိုက်သည်။
ချီစွမ်းအားများမှာ အခြေတည်ဆေးလုံး၏ အနှစ်သာရကို စုပ်ယူလိုက်သည်နှင့်အမျှ လျင်မြန်စွာ ကျယ်ပြန့်လာပြီး သူ၏ ခန္ဓာကိုယ်ကပင် မခံနိုင်တော့မည့်အလား ဖောင်းကားလာကာ စတင် တိုက်ခိုက်တော့သည်။ ထိုကြီးမားလှသော စွမ်းအားကြီးမှာ ချီသန့်စင်ခြင်းအဆင့်၏ ခိုင်မာလှသော ဒန်ထျန်း အတားအဆီးကို စတင် ဆောင့်တိုက်တော့သည်။
ထိုမမြင်ရသော အတားအဆီးကို ချိုးဖျက်နိုင်မှသာ စွမ်းအင်များကို အရည်အသွေးမြှင့်တင်နိုင်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့်သို့ အမှန်တကယ် တက်လှမ်းနိုင်မည် ဖြစ်သည်။ လော့ချန်၏ ထိန်းချုပ်မှုအောက်တွင် ချီစွမ်းအား တိမ်တိုက်မှာ အတားအဆီးကို အကြိမ်ကြိမ် ဆောင့်တိုက်နေသည်။ သူ၏ စေ့စပ်လှသော ဝိညာဉ်ထိန်းချုပ်မှုနှင့် သန်မာလှသော ဝိညာဉ်အသိစိတ်တို့ကြောင့်ဆိုလျှင် ဤသည်မှာ တစ်ချက်တည်းနှင့် အောင်မြင်သင့်သည်။ သို့သော် တစ်စုံတစ်ခုသော အကြောင်းကြောင့် သူ၏ ဒန်ထျန်းအတားအဆီးမှာ ချိုးဖျက်၍မရသော ကျောက်တုံးကြီးတစ်ခုအလား ခိုင်မာလွန်းနေသည်။ အကြိမ်ကြိမ် ကြိုးစားသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရသည်။
"ဟက်…. ငါ.... ကျရှုံးသွားပြီ...."
လော့ချန်၏ နှုတ်ခမ်းထောင့်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။
သူသည် နာကျင်မှုကို မရှုံးနိမ့်ခဲ့သလို ဆေးလုံး၏ ပြင်းထန်သော စွမ်းအင်လှိုင်းကိုလည်း မရှုံးနိမ့်ခဲ့ပေ။ သို့သော် အတားအဆီးကို မချိုးဖျက်နိုင်ခြင်းကြောင့်သာ သူ ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ သူသည် အရေးကြီးဆုံး အဆင့်မှာတင် လဲကျခဲ့ရလေပြီ။
သူ ခဲယဉ်းစွာ ထရပ်လိုက်ပြီး ကုတင်ပေါ်သို့ ပစ်လှဲလိုက်တော့သည်။
"ဟူး.... သုံးရက်တိတိ.... အဆင့်တက်ဖို့ ကြိုးစားနေတာ ဒီလောက်တောင် ကြာသွားမှန်း ငါ မသိလိုက်ဘူး"
သူ ဆာလောင်ခြင်း မရှိပေ။ အဆင့်တက်ရန် မကြိုးစားမီကတည်းက သူကိုယ်တိုင် ဖော်စပ်ထားသော အထွတ်အထိပ်အဆင့် မှော်အာဟာရဆေးလုံးကို သောက်သုံးထားသောကြောင့် အချိန်အတော်ကြာအောင် အစားစားရန် မလိုပေ။
သို့သော် သူ့အား အနားမရအောင် နှိပ်စက်နေသည်မှာ သူ ဘယ်နေရာမှာများ မှားယွင်းသွားခဲ့သနည်းဆိုသည့် ပဟေဠိပင် ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ အားဖြည့်နိုးထခြင်းဆေးရည်နှင့် ဖန်သားနံ့သာဆီတို့မှာ အာနိသင်ပင် မပြရသေးကြောင်း သူ ခံစားရသည်။ သူ၏ ဝိညာဉ်တွင် အနည်းငယ် ပင်ပန်းနွမ်းနယ်နေသည်မှအပ သူ၏ ခန္ဓာကိုယ်မှာ လုံးဝ ထိခိုက်ဒဏ်ရာ မရရှိခဲ့ပေ။
ဤသည်မှာ ထူးဆန်းလှသည်။ ပုံမှန်အားဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းရာတွင် ရှုံးနိမ့်သူများသည် အနည်းဆုံး ဝိညာဉ်ကြောများ ထိခိုက်တတ်ပြီး အဆိုးဆုံးဆိုလျှင် ကျင့်ကြံမှုအဆင့်ပင် ကျဆင်းသွားတတ်ကာ ပြန်လည်ကောင်းမွန်ရန် နှစ်ပေါင်းများစွာ အချိန်ယူရတတ်သည်။
သို့သော် လော့ချန်၏ အခြေအနေမှာ ဘာမှမထူးခြားပေ။ အမှန်းစင်စစ် ဤသည်မှာ ယုတ္တိရှိလှသည်။
အခြားသူများ ရရှိသော ထိုဒဏ်ရာများသည် အဆင့်တက်ရန် ကနဦး ကြိုးစားမှုကြောင့် ရရှိခြင်းမဟုတ်ဘဲ ဒန်ထျန်းအတားအဆီး ပွင့်ထွက်သွားပြီးနောက် ကြီးမားလှသော ချီစွမ်းအားများ ကန်ထွက်လာခြင်းကြောင့်သာ ဖြစ်သည်။ ၎င်းသည် ဆည်တစ်ခု ကျိုးသွားသကဲ့သို့ ဖြစ်သည်။ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းကြီးများက ခန္ဓာကိုယ်ကို တိုက်စားသွားပြီး ဖျက်ဆီးမှုများကို ချန်ထားခဲ့လေ့ရှိသည်။
ထို့ကြောင့် အခြေခံတည်ဆောက်ခြင်းအဆင့်တွင် ကြီးမားသော စမ်းသပ်ချက် သုံးခုဖြစ်သည့် ချီစွမ်းအား၊ ခန္ဓာကိုယ် နှင့် စိတ်ဝိညာဉ် ရှိသည်ဟု ဆိုခြင်းဖြစ်သည်။ သို့သော် လော့ချန်မှာမူ ဒန်ထျန်းအတားအဆီးကိုပင် မချိုးဖျက်နိုင်ခဲ့ချေ။ ဆည်မှ မကျိုးခဲ့လျှင် စွမ်းအင်လှိုင်းများက မည်သို့ ဖျက်ဆီးနိုင်ပါမည်နည်း။
"ဒါဟာ.... ငါ့ရဲ့ ဝိညာဉ်အမြစ် ငါးခုက အားနည်းလွန်းလို့လား”
"မဟုတ်ဘူး…. အဲ့ဒါ မဖြစ်နိုင်ဘူး…. ဝိညာည်အမြစ် ၅ ခုက ကျင့်ကြံမှု နှေးကွေးတာကြောင့်ပဲ နာမည်ကြီးတာ…. အဆင့်တက်တာကို လုံးဝ တားဆီးထားတာမျိုး မဟုတ်ဘူး"
"ဒါဆိုရင် ငါ့ရဲ့ ဝိညာဉ်အမြစ် ၅ ခုက.... အားကောင်းလွန်းနေလို့လား”
သူသည် ကြားဖူးခဲ့သော ဒဏ္ဍာရီတစ်ခုကို သတိရလိုက်သည်။ ကျင့်ကြံခြင်းလောကတွင် ဓာတ်ကြီးငါးပါး ဝိညာဉ်အမြစ် ၅ မျိုးစုံကို အညံ့ဆုံးဟု သတ်မှတ်ကြသော်လည်း ဓာတ်ကြီးငါးပါးဂိုဏ်းတွင်မူ ၎င်းကို ဒဏ္ဍာရီလာ ကောင်းကင်ဝိညာဉ်အမြစ်ပြီးလျှင် ဒုတိယအကောင်းဆုံးဟု သတ်မှတ်ကြသည်။
ဓာတ်ကြီးငါးပါးဂိုဏ်း၏ ယုံကြည်ချက်မှာ သာမန် ကျင့်ကြံခြင်းလောကနှင့် လုံးဝ မတူပေ။ သူတို့၏ အမြင်တွင် ကျင့်ကြံသူ၏ ခန္ဓာကိုယ်မှာ ရေကန်ကြီးတစ်ခုကဲ့သို့ ဖြစ်ပြီး ဝိညာဉ်အမြစ် များလေလေ ထိုရေကန်က ပိုမို ကြီးမားလေလေ ဖြစ်သည်။ ချီစွမ်းအားမှာ ထိုရေကန်ထဲသို့ ဖြည့်ရမည့် ရေပင် ဖြစ်သည်။ သဘာဝကျကျပင် အမြစ်နည်းသောသူများသည် ရေကန်သေးသဖြင့် ဖြည့်ရလွယ်ကူပြီး အဆင့်တက် မြန်ဆန်ကြသည်။ သို့သော် အမြစ်များသော သူများမှာမူ ရေကန်ကြီးသဖြင့် လမ်းကြောင်းမှာ ပို၍ ရှည်လျားခက်ခဲသော်လည်း သူတို့ ရောက်ရှိနိုင်မည့် အမြင့်မှာမူ ပို၍ မြင့်မားလှသည်။
လော့ချန်သည် ၎င်းကို ကြာမြင့်စွာကတည်းက ခံစားမိခဲ့သည်။ ကျင့်ကြံမှု အစောပိုင်း အဆင့်များမှာပင် သူ၏ ချီစွမ်းအား သိုလှောင်နိုင်မှုမှာ အခြားသူများထက် အဆပေါင်းများစွာ ပိုမိုများပြားခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် ဤသဘောသဘာဝကို အပြည့်အဝ ယုံကြည်ခဲ့သည်။ သူသည် ထိုအတွက် မိမိကိုယ်ကို ပေးဆပ်ခဲ့သည်။ မရေမတွက်နိုင်သော အရင်းအမြစ်များ၊ ပင်ပန်းကြီးစွာ အားထုတ်မှုများနှင့် နှစ်ပေါင်းများစွာ ကျင့်ကြံမှုများကို သုံးကာ ထိုရေကန်ကြီးကို ပြည့်လျှံသွားအောင် ဖြည့်တင်းခဲ့သည်။
သို့သော် သူ မမျှော်လင့်ထားခဲ့သည့်အရာ တစ်ခုရှိနေသည်။
"အော်.... ငါ့ရဲ့ ရေကန်က တခြားလူတွေထက် ပိုကြီး ပိုကျယ်ရုံတင် မဟုတ်ဘူး၊ ပိုပြီးတော့လည်း ခိုင်ခံ့နေတာပဲ…. အဟက်"
သူသည် မိမိ၏အတွင်းပိုင်းကို အာရုံခံကြည့်ရင်း ခြောက်ကပ်ပြီး အကူအညီမဲ့သော အပြုံးတစ်ခု ပြုံးလိုက်သည်။ သူ၏ ဒန်ထျန်းအတွင်းရှိ ဝေ့ဝဲနေသော ချီစွမ်းအား တိမ်တိုက်မှာ ယခင်ကထက် ပိုမို ထူထပ်လာပြီး ဆယ်ဆခန့် ပိုမို များပြားလာခဲ့ပြီ ဖြစ်သည်။
ပုံမှန်အားဖြင့် ထိုမျှလောက်သော ချီစွမ်းအားများကို ရရှိရန် လပေါင်းများစွာ အားထုတ်ရမည် ဖြစ်သည်။ သို့သော် ယခုမူ သုံးရက်သာ ကြာခဲ့သည်။
"ဖြစ်နိုင်တာက.... ငါ အခုမှပဲ ချီသန့်စင် အထွတ်အထိပ်အဆင့်ကို အမှန်တကယ် ရောက်သွားတာလား”
လော့ချန် စိတ်မပျက်ဘဲ အသက်ကို ပြင်းပြင်းရှူလိုက်သည်။ သူ့တွင် အခြေတည် ဆေးလုံး နောက်တစ်လုံး ကျန်သေးသည်။ သူ့တွင် ကျရှုံးခွင့် ရှိသေးသည်။ သူ၏ ခန္ဓာကိုယ်မှာ ဒဏ်ရာရရှိခြင်း မရှိသဖြင့် ခေတ္တမျှ အနားယူပြီးနောက် ထပ်မံ ကြိုးစားနိုင် သေးသည်။
"အေး.... ပြည့်နေတဲ့ ရေကန်ထဲကို ရေတွေ ထပ်လောင်းထည့်ရင်တောင် ပြည့်လျှံမလာဘူးလို့တော့ ငါ့ကို မပြောနဲ့ဦးနော်”
ကုတင်ပေါ်တွင် ထိုင်နေသော လူငယ်လေး၏ မျက်နှာတွင် ပြတ်သားသော ဆုံးဖြတ်ချက်များနှင့်အတူ စိတ်အားထက်သန်သော အရိပ်အယောင်များ ပေါ်ပေါက်လာလေတော့သည်။
….
လော့ချန် တံခါးပိတ်ကျင့်ကြံနေခြင်းမှာ လောထျန်းအဖွဲ့အတွက် လတ်တလောတွင် ထိခိုက်မှု မရှိသေးပေ။ သူ ကြိုတင်ဖော်စပ်ထားသော ကျောက်စိမ်းအမြုတေဆေးလုံး အမြောက်အမြားကြောင့် တာကျန်းဂိုဏ်း၊ နန်ကုန်း မျိုးနွယ်စုနှင့် လီမျိုးနွယ်စုတို့ကဲ့သို့သော မိတ်ဖက်များနှင့် အရောင်းအဝယ်မှာ အနှောင့်အယှက်မရှိ ဆက်လက် လည်ပတ်နိုင်ခဲ့သည်။ ထိုဆေးများ ရှိနေသရွေ့ သူတို့၏ ကုန်သွယ်မှု ဟန်ချက်မှာလည်း ဆက်လက် တည်မြဲနေမည် ဖြစ်သည်။ သို့သော် အကယ်၍ လော့ချန်သာ အချိန်အတော်ကြာ တံခါးပိတ် ကျင့်ကြံနေမည်ဆိုပါက အခြေအနေမှာ တစ်မျိုးတစ်ဖုံ ဖြစ်သွားပေလိမ့်မည်။
လောလောဆယ်တွင်မူ အရာအားလုံးမှာ ချောမွေ့ နေဆဲ ဖြစ်သည်။
တိမ်ပြိုဂိုဏ်းမှ ရှုကျီ ရောက်လာစဉ်က ထွက်ပေါ်ခဲ့သော အခြေခံတည်ဆောက်ခြင်းအဆင့် အရှိန်အဝါကြောင့် လောထျန်းအဖွဲ့မှ ကျင့်ကြံသူများကြားတွင် ကောလာဟလများ ထွက်ပေါ်နေသည်။ ရှောင်ဟွမ်းတောင် တိုက်ပွဲပြီးကတည်းက ပျောက်ကွယ်နေသော တိုက်ခိုက်ရေးခန်းမ ခေါင်းဆောင် ဝမ်ယွမ်သည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီဟု အများစုက ယုံကြည်နေကြသည်။ မည်သူမျှ အမှန်တရားကို အပြည့်အဝ မသိကြသဖြင့် ထိုကဲ့သို့ ကောက်ချက်ချခြင်းမှာ လည်း ယုတ္တိရှိလှသည်။
ယခုအခါ လော့ချန်သည်လည်း တံခါးပိတ်ကျင့်ကြံနေသဖြင့် လော့ထျန်းအဖွဲ့၏ အဆင့်မြင့် ကျင့်ကြံသူများ ကြားတွင် ကောလာဟလသစ်တစ်ခု တိုးတိုးတိတ်တိတ် ပျံ့နှံ့လာတော့သည်။
"ဟေ့ကောင်…. မင်းသိပြီးပြီလား၊ အဖွဲ့ချုပ်ခေါင်းဆောင် တံခါးပိတ်ကျင့်ကြံတာလေ၊ အဲဒါအမှန်တော့ အခြေခံတည်ဆောက်ခြင်းအဆင့်ကို တက်လှမ်းဖို့ ကြိုးစားနေတာတဲ့ကွ….”
….
ပင်ပန်းလှသော တစ်နေ့တာ ကုန်ဆုံးချိန်တွင် ကူချိုင်ယီသည် တောင်တန်း၏ တစ်ဖက်ခြမ်းရှိ သီးခြားဖြစ်နေသော ဂူတစ်ခုသို့ သွားရောက်ခဲ့သည်။ ထိုနေရာတွင် ဖုန်းရှသည် ပူနွေးပြီး အားရှိစေမည့် အစားအသောက်များကို ပြင်ဆင်ထားပြီး ဖြစ်ကာ သူမအား နွေးထွေးသော စကားသံများဖြင့် ဆီးကြိုလိုက်သည်။ အမျိုးသမီးနှစ်ဦး အတူတကွ စားသောက်နေစဉ် သူတို့၏ စကားဝိုင်းမှာ လူတိုင်း စိတ်ဝင်စားနေသော အကြောင်းအရာထံသို့ သဘာဝကျကျပင် ရောက်ရှိသွားသည်။
ထိုအကြောင်းအရာ၏ ဗဟိုချက်မှာ အခြားသူမဟုတ်၊ လော့ချန်ပင် ဖြစ်သည်။
"ဟယ်.... ဘယ်လို.... သူက ဒီလောက်အထိ မြန်မြန် တိုးတက်သွားတာလား”
ဖုန်းရှက အံ့သြတုန်လှုပ်စွာ မေးလိုက်သည်။
ကူချိုင်ယီက ငြိမ်သက်စွာ ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်.... အဲ့ဒီလောက်ကို မြန်တာ၊ ညီမတို့တွေ ဒါကို အရင်က သတိမထားမိခဲ့တာလား.... ဒါမှမဟုတ် အမှတ်တမဲ့ တွေးမိခဲ့ကြတာလား မသိဘူး"
သူမသည် ယခင်က လော့ချန်၏ ထူးဆန်းသော အပြုအမူများကို ပြန်လည် စဉ်းစားမိရင်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။ လော့ချန်၏ ထူးဆန်းသော အမူအရာများ၊ လခြမ်းတောင်ကြားတွင် ပုန်းကွယ်နေခဲ့သည့် အချိန်များ၊ ဆေးလုံးများ၊ ဆေးပင်များနှင့် ဆေးပစ္စည်းများကို အကြိမ်ကြိမ် တောင်းဆိုခဲ့သည့် အကြောင်းများကို သူမ တအံ့တသြ ပြန်လည်ပြောပြနေသည်။ အများအားဖြင့် ထိုပစ္စည်းများကို သွားရောက်ယူပေးရသူမှာ သူမ သို့မဟုတ် တွမ်ဖုန်းသာ ဖြစ်ခဲ့သည် မဟုတ်ပါလော။ ယခု ပြန်ကြည့်လိုက်သောအခါ လော့ချန်သည် အမြဲတမ်းပင် ကြိုးစားပမ်းစား ကျင့်ကြံနေခဲ့ကြောင်း ထင်ရှားလှသည်။
ဖုန်းရှက သိမ်မွေ့စွာ ပြုံးလိုက်သည်။
"အေးဟယ်၊ သူက ငါတို့ထဲမှာ အမြဲတမ်း အကြိုးစားဆုံးပဲ.... ပြီးတော့ အမှန်အတိုင်း ပြောရရင် ပါရမီအရှိဆုံးလည်း ဖြစ်နိုင်တာပဲလေ"
‘အမ်.... ပါရမီလား ဟိဟိ’
ကူချိုင်ယီ စိတ်ထဲမှ တိတ်တခိုး ရယ်မောလိုက်မိသည်။ သူမသည် ခါးသီးသော အပြုံးတစ်ခုကို မပြုံးဘဲ မနေနိုင်ပေ။ ဝိညာဉ်အမြစ် ငါးခု ရှိနေသော လော့ချန်၏ ပါရမီမှာ အမှန်တကယ်တော့ ကြွားဝါစရာ တစ်ခုမှ မရှိချေ။
"အို.... ငါတော့ သူ အောင်မြင်ပါစေလို့ပဲ ဆုတောင်းပါတယ်" ဟု ဖုန်းရှက ပြတ်သားစွာ ပြောလိုက်သည်။
ကူချိုင်ယီက သူမကို နောက်ပြောင်သော အကြည့်များဖြင့် ကြည့်လိုက်သည်။
"အော်.... ဒါဆို မမလူကိုကော အဆင့်တက်ပါစေလို့ ဆုမတောင်းဘူးလား "
သူမ၏ လူဆိုသည်မှာ အခြားသူမဟုတ်၊ တွမ်ဖုန်းကို ရည်ညွှန်းခြင်း ဖြစ်သည်။ သူ့အမည်ကို ကြားလိုက်ရသည်နှင့် ဖုန်းရှ၏ အပြုံးမှာ ပျောက်ကွယ်သွားပြီး မျက်နှာမှာ မှိုင်ကျသွားသည်။ မျိုးနွယ်စုအတွက် လက်စားချေပြီးသည့်တိုင်အောင် တွမ်ဖုန်းမှာ ယခင်ကထက်ပင် ပို၍ အေးစက်ကာ တိတ်ဆိတ်သွားခဲ့သည်။ ယခုရက်ပိုင်းတွင် သူသည် တစ်ချိန်လုံး လက်နက်သွန်းလုပ်ရေးခန်းမတွင်သာ အချိန်ကုန်နေလေ့ ရှိသည်။
သူငယ်ချင်းမ၏ မျက်လုံးများအတွင်းမှ ဝမ်းနည်းရိပ်ကို သတိပြုမိသွားသော ကူချိုင်ယီက မျက်ခုံးပင့်လိုက်သည်။
"အဟမ်း.... စကားစပ်လို့ပြောရဦးမယ်…. မမရှတို့နှစ်ယောက်က ဘယ်အခြေအနေရောက်နေပြီလဲ…. တာအိုလက်တွဲဖော်အဖြစ်က ဘယ်တော့မြင်ရမှာလဲ…. ဟိုကောင် ကျန်းဝမ်တောင် အခြေကျသွားပြီလေ…. သူ့ကလေးတောင် အခုဆို တစ်နှစ်ရှိနေပြီ…. မမရှတို့နှစ်ယောက်လည်း နည်းနည်းလောက်တော့ အရှိန်ဆွဲမနေနဲ့ ယူသင့်နေပြီနော်”
သို့သော် ဖုန်းရှက ခါးသီးစွာ ပြုံးလိုက်သည်။
"ဟာ…. နင်ကလဲပြောရော့မယ်၊ ဒါမျိုးက အတင်းအကျပ်မှ လုပ်လို့မရတာဟယ်”
"အမလေးတော်.... အတင်းအကျပ် ဟုတ်လား”
"ဟဲ့ တိုးတိုးပြောစမ်းပါ၊ တွမ်ဖုန်းက လူပျိုစင်ဘဝကို ဆက်ထိန်းချင်နေတာဟ…. နောက်ပိုင်း အဲ့ဒီလို ထိန်းထားတဲ့ ဇီဝဓာတ် အမြုတေကို လှေကားထစ်တစ်ခုလို သုံးပြီး အခြေခံတည်ဆောက်ခြင်းအဆင့်ကို တက်လှမ်းမှာတဲ့၊ မပြောချင်တော့ပါဘူးဟယ်”
ကူချိုင်ယီက နှုတ်ခမ်းမဲ့လိုက်သည်။
"အလိုတော်.... အဲ့ဒီ လူပျိုစင်ဘဝကို ထိန်းသိမ်းတာက အခြေခံ တည်ဆောက်ဖို့ အထောက်အကူ ဖြစ်တယ် ဆိုတာက ကောလာဟလသက်သက်ပဲလေ၊ မမရှက အဲတာကို ငြိမ်ခံနေရသလား…. ပြန်ပြောပါတဲ့လား….”
“အို.... မပြောရဲပါဘူး၊ ဟို.... ပြီးတော့ အခြေခံ တည်ဆောက်နိုင်တဲ့သူတွေဟာ ချီသန့်စင်အဆင့်မှာ စည်းစောင့်တဲ့လူတွေ ဖြစ်တတ်တာတော့ အမှန်ပဲလေ" ဟု ဖုန်းရှက တည်ငြိမ်စွာ ပြန်ဖြေသည်။
ကူချိုင်ယီမှာ ခဏတာမျှ ဆွံ့အသွားရသည်။ သူမ၏ ထျန်းရှန်းမျှော်စင်တွင် ကျင်လည်ခဲ့သော အတွေ့အကြုံများအရ ရာဂစိတ်ပြင်းပြသော ချီသန့်စင်ကျင့်ကြံသူများစွာကို တွေ့ဖူးသဖြင့် လူပျိုစင်စွမ်းအား ထိန်းသိမ်းခြင်းကို သူမ အလေးမထားခဲ့ပေ။ သို့သော် တွမ်ဖုန်းက ထိုရှေးရိုးစွဲ ယုံကြည်ချက်ကို ဤမျှ ခိုင်မာစွာ ကိုင်စွဲထားလိမ့်မည်ဟု သူမ မထင်ခဲ့ချေ။
‘ဒါဆို.... လော့ချန်ကရော အဲဒီလိုပဲလား….’
သူမ စိတ်ထဲမှ တိတ်တဆိတ် တွေးတောမိသည်။
ဟိုးယခင် လော့ချန်တစ်ယောက် ဘာဘာညာညာ ဆေးလုံးများကို လိုက်လံရောင်းချနေစဉ်က သူသည် လူပျိုစင်တစ်ယောက် ဖြစ်နေနိုင်သည်ဟူသော အချက်ကို သူမ တစ်ခါမျှ မတွေးမိခဲ့ပေ။ အထူးသဖြင့် ကျန်းဝမ်တစ်ယောက် လော့ချန်အား ‘လူပွေလူရှုပ်လေး’ ဟု နောက်ပြောင် ခေါ်ဆိုနေခဲ့သည် မဟုတ်ပါလော။ လော့ချန်သည်လည်း ကျန်းဝမ်ကဲ့သို့ပင် ဖြစ်မည်ဟု သူမ အမြဲ ယူဆခဲ့သည်။
သို့သော် နောက်ပိုင်းတွင် လော့ချန်သည် မုရုံချင်းလျန်၏ အောင်သွယ် စေ့စပ်ပေးမှုများကို အကြိမ်ကြိမ် ငြင်းပယ်ခဲ့ပုံအရ သူ၏ နှလုံးသားမှာ တာအို လမ်းစဉ်အပေါ်တွင်သာ နက်ရှိုင်းစွာ အမြစ်တွယ်နေကြောင်း ထင်ရှားလှသည်။
ကူချိုင်ယီသည် လော့ချန်၏ တိုးတက်မှုကို တစ်ဆင့်ချင်း စောင့်ကြည့်ခဲ့ရသူ ဖြစ်သည်။ သာမန် တစ်ကိုယ်တော်ကျင့်ကြံသူ တစ်ဦးဘဝမှ ဆေးခန်းမခေါင်းဆောင် ဖြစ်လာခဲ့ပြီး၊ တစ်လလျှင် ဝိညာဉ်ကျောက်တုံး ၁၀၀၀ ကျော် ရှာဖွေနိုင်သူ ဖြစ်လာခဲ့သည်။ ထို့နောက်တွင်မူ သူသည် ကိုယ်ပိုင်အဖွဲ့အစည်းကို တည်ထောင်ကာ အင်အားကြီးမားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်သည်။
သူနှင့်အတူ ရှိနေမည့် အနာဂတ်ကို သူမ မမှန်းဆခဲ့ဖူးဟု ဆိုလျှင် လိမ်ရာကျပေလိမ့်မည်။ တိတ်ဆိတ်လှသော ညဉ့်နက်ချိန်များတွင်၊ အကယ်၍ သူမနှင့် လော့ချန်သာ အတူရှိခဲ့လျှင် မည်သို့ ဖြစ်နိုင်မည်နည်းဟု သူမ တစ်ခါတစ်ရံ တွေးတောမိတတ်သည်။ သို့သော် မည်သည့်အဖြေမျှ မရှိခဲ့ပေ။ သူမက မေတ္တာရှိကြောင်း အရိပ်အယောင်ပြသည့်တိုင် လော့ချန်က မည်သည့် တုံ့ပြန်မှုမျှ မပြခဲ့ချေ။ ထိုစဉ်က သူမက သူ စိတ်မဝင်စားဟုသာ ထင်ခဲ့သည်။
သို့သော် ယခုမူ လော့ချန်သည် အနှောင့်အယှက်ကင်းကင်းဖြင့် မဟာလမ်းစဉ်ကိုသာ အမှန်တကယ် အာရုံစိုက်နေခြင်း ဖြစ်ပုံရသည်။ လော့ချန် လျှောက်လှမ်းခဲ့သော ခရီးလမ်းတစ်လျှောက်မှ အခက်အခဲများကို စဉ်းစားမိရင်း ကူချိုင်ယီ ခါးသီးစွာ ပြုံးလိုက်သည်။
"သူ ဒီလောက်စောင့်ထိန်းပြီး ဒီအထိ ရောက်အောင် ရင်ဆိုင်ခဲ့ရတဲ့ ဒုက္ခတွေနဲ့ ထိုက်တန်တဲ့ အဆုံးသတ်မျိုးက ဘာများဖြစ်မလဲ”
"ဖြစ်နိုင်တာကတော့.... အခြေခံ တည်ဆောက်ခြင်းပေါ့ဟယ်" ဟု ဖုန်းရှက သူမ၏ဘေးမှ တိုးတိုးလေး ပြောလိုက်သည်။ သို့သော် သူမ၏ လေသံတွင် ကျင့်ကြံမှုထက် ပိုမိုလေးနက်သော အဓိပ္ပာယ်များ ပါဝင်နေတော့သည်။
….
ဆယ်ရက်တာ အနားယူမှု ကုန်ဆုံးသွားပြီ ဖြစ်သည်။
ခန္ဓာကိုယ် အပြည့်အဝ ပြန်လည်ကောင်းမွန်လာပြီးနောက် လော့ချန်သည် ဒုတိယအဆင့် ဝိညာဉ်ကြောအဖြစ် ပြန်လည် အသက်သွင်းထားသော ရေခဲမီးလျှံ ဝိညာဉ်စမ်းရေတွင်းဘေးတွင် တစ်ဖန် ပြန်လည် ထိုင်လိုက်သည်။ တစ်ကြိမ် ကျရှုံးခဲ့သော်လည်း သူ အရှုံးပေးမည် မဟုတ်ပေ။
အခြေခံတည်ဆောက်ခြင်းအဆင့်သို့ မရောက်ရှိပါက သူ ကြိုးစားတည်ဆောက်ထားသမျှ အရာအားလုံးသည် အဓိပ္ပာယ်မဲ့သွားမည် ဖြစ်ကြောင်း လော့ချန် နားလည်ထားသည်။ ထိုအရာမရှိဘဲနှင့် သူ ပင်ပန်းကြီးစွာ တည်ဆောက်ခဲ့သော အခြေခံများကို ကာကွယ်နိုင်လိမ့်မည် မဟုတ်ပေ။ ထို့အတူ ဆေးဖော်စပ်မှု အတတ်ပညာများကို အပြည့်အဝ ထုတ်ဖော်ပြသနိုင်မည်မဟုတ်သလို ဝိညာဉ်သန္ဓေတည်အဆင့် ဂိုဏ်းနှစ်ခုကြားမှ ဖြစ်ပေါ်လာတော့မည့် စစ်ပွဲကြီးအတွင်း၌လည်း ခုခံနိုင်စွမ်းမရှိဘဲ ဝါးမြိုခံရပေလိမ့်မည်။
"အခြေခံတည်ဆောက်ခြင်းကို အောင်မြင်မှသာ ထာဝရရှင်သန်ခြင်း လမ်းစဉ်ကို ငါ စတင်နိုင်မှာ"
အခြေတည် ဆေးလုံးတစ်လုံးမှာ သူ၏ လက်ဖဝါးပေါ်တွင် ရှိနေသည်။ လော့ချန်သည် တွန့်ဆုတ်မနေဘဲ ၎င်းကို မျိုချလိုက်သည်။
ဤတစ်ကြိမ်တွင်မူ သူသည် အသင့်ပြင်ထားပြီး ဖြစ်သည်။ နာကျင်မှုများ မပေါ်ပေါက်မီမှာပင် သူ၏ အသိစိတ်ကို နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်းဖြင့် ခိုင်မာစွာ ထိန်းချုပ်ထားလိုက်သည်။ နာကျင်မှုများမှာ ယခင်ကအတိုင်းပင် ပြင်းထန်လှသည်။ အထူးသဖြင့် လျှာဖျားမှာပင် ဖြစ်သည်။ အပ်ပေါင်း ထောင်သောင်းချီ၍ အထိုးခံရသကဲ့သို့ ခံစားနေရ၏။
"အထက်မှာ ဟွမ်းထင်၊ အောက်မှာ ကွမ်းယွမ်…."
သူ စိတ်ကို တည်ငြိမ်အောင် ထားရင်း တီးတိုးရွတ်ဆိုလိုက်သည်။
"အနောက်မှာ ယူချွဲ၊ အရှေ့မှာ မင်မန်…. ထွက်သက်ဝင်သက်က ဦးခေါင်းခွံမှ ဒန်ထျန်းသို့ စီးဆင်းပြီး၊ ကျောက်စိမ်းကန်ရေက ဝိညာဉ်အမြစ်တွေကို အာဟာရကျွေးတယ်…."
“လျှာသည် စိတ်ဝိညာဉ်၏ အမြစ်ပင် ဖြစ်သည်….ဝိညာဉ်အမြစ်သည် ခန္ဓာကိုယ်အတွင်း၌ တည်ရှိပြီး လျှာသည် အပြင်ဘက်သို့ ပထမဆုံး ထွက်ပေါ်လာသော အစိတ်အပိုင်း ဖြစ်သည်.…လျှာသည် အထက်အမြစ်ဖြစ်ပြီး၊ အောက်အမြစ်မှာ အမြုတေအခန်း၌ ရှိသည်….ငါသည် လျှာမှ နာကျင်မှုကို ခံနိုင်ရည်ရှိပြီး အသက်ဓာတ်အမြုတေကို ထိန်းသိမ်းထားနိုင်လျှင် အလယ်အမြစ်ကို ချိုးဖျက်ရန်သာ ကျန်တော့သည်.…”
ပြီးခဲ့သော ကျရှုံးမှုအပြီးတွင် သူ အချိန်ဖြုန်းနေခဲ့ခြင်း မဟုတ်ပေ။ ဘာမှားယွင်းသွားခဲ့သည်ကို ပြန်လည် ဆန်းစစ်ခဲ့ရုံတင် မကဘဲ တွမ်မျိုးနွယ်စု၏ မှတ်တမ်းဟောင်းများအတွင်းမှ အခြေခံတည်ဆောက်ခြင်းဆိုင်ရာ ကျမ်းစာ သုံးစောင်ကိုလည်း အသေးစိတ် ဖတ်ရှုလေ့လာခဲ့သည်။ ဝိညာဉ်အမြစ်များအကြောင်း ရေးသားချက်များက သူ့အား တန်ဖိုးရှိသော သိမြင်မှုများကို ပေးစွမ်းခဲ့သည်။
သူ၏ ပထမဆုံး ကျရှုံးမှုမှာ အားနည်းချက်ကြောင့် မဟုတ်ဘဲ အစောပိုင်းမှာပင် ဝေဒနာများ၏ လွှမ်းမိုးခြင်းကို ခံလိုက်ရခြင်းကြောင့် ဖြစ်ကြောင်း သူ ယခု သိလိုက်ရလေပြီ။ လျှာမှ နာကျင်မှုက သူ၏ အာရုံစိုက်မှုနှင့် အချိန်များကို များစွာ ဝါးမြိုသွားခဲ့သဖြင့်၊ စစ်မှန်သော အတားအဆီးကို ရင်ဆိုင်ရန် သူ အဆင်သင့် မဖြစ်ခဲ့ခြင်းပင်။ ရလဒ်အနေဖြင့် သူသည် အလယ်ဝိညာဉ်အမြစ်ကို စိန်ခေါ်ရန် လုံလောက်သော အချိန်မရခဲ့ပေ။ ထိုအလယ်ဝိညာဉ်အမြစ် ဆိုသည်မှာ အခြားမဟုတ်၊ ဒန်ထျန်းပင် ဖြစ်သည်။
"အခြေတည်ဆေးလုံးရဲ့ ပေါက်ကွဲအားနဲ့ ငါဟာ ပိတ်ဆို့နေတဲ့ ဒန်ထျန်းကို ခွဲထုတ်ပြီး အသစ်တဖန် ပြန်လည် တည်ဆောက်နိုင်မယ်၊ ဒီလိုနည်းနဲ့ပဲ ငါ့ရဲ့ အလယ်ဝိညာဉ်အမြစ်ကို မဟာလမ်းစဉ်ရဲ့ အခြေခံအဖြစ် ခိုင်မာအောင် လုပ်နိုင်မှာ၊ ဒါဟာ အခြေခံ တည်ဆောက်ခြင်းရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်ပဲ”
သာမန် ဒန်ထျန်းတစ်ခုသည် ထာဝရရှင်သန်ခြင်းလမ်းစဉ်ကို ဘယ်သောအခါမှ အထောက်အပံ့ ပေးနိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့်ပင် ချီသန့်စင်နောက်ဆုံးအဆင့်များတွင် ဒန်ထျန်းသည် လူသားခန္ဓာကိုယ်၏ ကန့်သတ်ချက်များကြောင့် ပုံသေဖြစ်သွားပြီး ပိတ်ဆို့သွားခြင်း ဖြစ်သည်။ ယခု ထိုကန့်သတ်ချက်ကို ချိုးဖျက်နိုင်မှသာ သူ ကမ္ဘာသစ်တစ်ခုသို့ လှမ်းတက်နိုင်ပေလိမ့်မည်။
ကြီးမားလှသော ဆေးစွမ်းအင်များမှာ သူ၏ ဒန်ထျန်းငယ်လေးအတွင်းသို့ ရေလျှံသကဲ့သို့ စီးဝင်လာသည်။ လော့ချန်၏ ထိန်းချုပ်မှုအောက်တွင် ချီစွမ်းအား တိမ်တိုက် ၁၁ ခုစလုံးမှာ ဆေး၏ စွမ်းအားနှင့်အတူ ဒန်ထျန်း၏ အတားအဆီးကို အားကုန် ဆောင့်တိုက်တော့သည်။
တစ်ချက်.... နှစ်ချက်....။
….
အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို လော့ချန် မသိပေ။ သူ သတိပြန်ဝင်လာချိန်တွင် သူ၏ ဒန်ထျန်းမှာ ဥခွံတစ်ခု ကွဲအက်တော့မည့်အလား အက်ကြောင်းများဖြင့် ပြည့်နှက်နေသည်။ သို့သော် ပါးလွှာလှသော အမြှေးပါးတစ်ခုက ထိုအရာအားလုံးကို နောက်ဆုံးအချိန်အထိ ခိုင်မာစွာ ထိန်းထားပေးနေဆဲ ဖြစ်သည်။
သူ သတိလစ်သွားသည့် အချိန်အထိ လော့ချန်မှာ အောင်မြင်ခြင်း မရှိသေးပေ။ သူ တစ်ဖန် ပြန်လည် နိုးထလာချိန်တွင် သူ၏ မျက်နှာမှာ စိတ်ပျက်မှုများဖြင့် ဖုံးလွှမ်းနေသည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ပိုမိုထူထပ်လာသော ချီစွမ်းအင် တိမ်တိုက်များကိုပင် သူ ဂရုမစိုက်နိုင်တော့ပေ။
သူသည် အခြေခံတည်ဆောက်ခြင်းကို ရှုံးနိမ့်ခဲ့ရသည့် အဓိက အကြောင်းရင်းကို ရှာတွေ့သွားပြီဖြစ်သည်။ ပထမအကြိမ် ကျရှုံးမှုမှာ အတွေ့အကြုံမရှိခြင်းနှင့် ဒန်ထျန်းအတားအဆီး၏ ထူထပ်မှုကြောင့် ဖြစ်ခဲ့လျှင် ဤတစ်ကြိမ်တွင်မူ ၎င်းမှာ လုံးဝ ကွဲပြားသော အရာတစ်ခု ဖြစ်နေသည်။
၎င်းမှာ သူ၏ ဒန်ထျန်းအက်ကွဲသွားပြီးနောက် ဖြစ်ပေါ်လာသော ထိုအမြှေးပါးပင် ဖြစ်သည်။ ထိုအမြှေးပါးကို သူ အလွန်ပင် ကောင်းကောင်း သိရှိနေသည်။ ၎င်းမှာ ဆေးယဥ်ပါးမှု ဖြစ်သည်။ သာမန် အတားအဆီးမျိုး မဟုတ်ဘဲ၊ ဆေးလုံးများအတွင်းမှ အဆိပ်အတောက်များကြောင့် ဖြစ်ပေါ်လာသော အတားအဆီးပင် ဖြစ်သည်။ ဤကဲ့သို့သော အတားအဆီးမျိုးမှာ အလွန်ရှားပါးပြီး၊ အဆင့်နိမ့် ဆေးလုံးများကို အလွန်အကျွံ သောက်သုံးခြင်းကြောင့် ဖြစ်ပေါ်လာတတ်သော သာမန်အတားအဆီးများထက် ပို၍ ဒုက္ခပေးလှသည်။ ပုံမှန်အားဖြင့် ဆေးလုံးအတားအဆီးများသည် ခန္ဓာကိုယ်၏ ပင်ပန်းနွမ်းနယ်မှု သို့မဟုတ် ကျောက်စိမ်းအမြုတေဆေး ကို အလွန်အကျွံ သုံးစွဲခြင်းကြောင့် ဒန်ထျန်း ကျောက်စိမ်းကဲ့သို့ ပြောင်းလဲသွားခြင်းမျိုး ဖြစ်တတ်သည်။
လော့ချန်သည် ထိုကဲ့သို့သော အရာများကို ရှောင်ရှားရန် အမြဲ ဂရုစိုက်ခဲ့သည်။ သူသည် အဆင့်နိမ့် သို့မဟုတ် အဆင့်လတ် ဆေးလုံးများကို သောက်သုံးခဲလှသည်။ မကြာသေးမီ နှစ်များအတွင်း သူ သောက်သုံးခဲ့သော ဆေးလုံးအများစုမှာ အဆင့်မြင့် သို့မဟုတ် အထွတ်အထိပ်အဆင့်များသာ ဖြစ်သည်။ မည်သို့ပင် ကြည့်စေကာမူ သူ၌ ဤကဲ့သို့သော အတားအဆီးမျိုး မရှိသင့်ပေ။
သို့သော် သူ၏ ဒန်ထျန်းကို ဖုံးအုပ်ထားသော အမြှေးပါးမှာ အလွန်ရှားပါးလှသော ဆေးအဆိပ် အတားအဆီး တစ်ခု ဖြစ်နေသည်။ အမည်တွင် ဖော်ပြထားသည့်အတိုင်း ထိုအတားအဆီးမှာ စုပုံလာသော ဆေးအဆိပ်များကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ၎င်းမှာ တစ်ရက်တည်းနှင့် ဖြစ်ပေါ်လာသော အရာမဟုတ်ပေ။
"ဓာတ်ကြီးငါးပါး ဝိညာဉ်အမြစ်ရဲ့ ပါရမီနဲ့၊ ဆေးလုံးတွေရဲ့ အကူအညီကြောင့် ကောင်းကင်ဝိညာဉ်အမြစ်ရဲ့ တိုးတက်မှုနှုန်းကို ငါ ရရှိခဲ့တယ်...."
"ဒါပေမဲ့ နောက်ဆုံးတစ်လှမ်းမှာတော့ အဲ့ဒီ ဆေးလုံးတွေကပဲ ငါ့ရဲ့ မဟာလမ်းစဉ်ကို ပိတ်ဆို့နေတဲ့ အရာတွေ ဖြစ်လာခဲ့တာပဲ"
သူ၏ ကျင့်ကြံမှုကို အထောက်အကူ ပေးသင့်သော ထိုဆေးလုံးများသည်ပင် လမ်းခုလတ်တွင် အတားအဆီးများ ဖြစ်လာခဲ့သည်။ ခဏတာမျှ လော့ချန်သည် ရယ်ရမလား၊ ငိုရမလား မသိအောင် ဖြစ်သွားရသည်။ သူ တစ်ခုတည်းကိုသာ သိသည်။ ထိုဆေးအဆိပ်အတားအဆီးကို မချိုးဖျက်နိုင်သရွေ့ သူသည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ဘယ်တော့မှ ရောက်ရှိမည် မဟုတ်ပေ။
"အော်.... ဂိုဏ်းကြီးတွေက ဘာလို့ သူတို့ရဲ့ ပါရမီရှင် တပည့်တွေကို ဆေးလုံးတွေ အလွန်အကျွံ သုံးစွဲတာကို တားမြစ်ထားသလဲဆိုတာ အခုမှပဲ နားလည်တော့တယ်၊ သူတို့က ဒါကို ကြိုသိနေခဲ့တာပဲ" သူ ခါးသီးစွာ ရေရွတ်လိုက်သည်။
၎င်းမှာ ကုန်ကျစရိတ်ကြောင့် မဟုတ်ပေ။ ဂိုဏ်းကြီးများတွင် ဝိညာဉ်ကျောက်တုံးများစွာ ရှိသည်။ သူတို့ ဆန္ဒရှိလျှင် သူတို့၏ တပည့် များကို အရင်းအမြစ်များစွာဖြင့် လွှမ်းမိုးထားနိုင်သည်။ သို့သော် သူတို့ မလုပ်ခဲ့ကြပေ။ အလားအလာ အရှိဆုံး ကျင့်ကြံသူ များပင်လျှင် တစ်လစာ ဆေးလုံးများကိုသာ တင်းကျပ်သော ကန့်သတ်ချက်ဖြင့် ရရှိကြသည်။ ဂိုဏ်းမှ အကြီးအကဲများသည် ဤပြဿနာကို ကြိုတင် မြင်တွေ့ခဲ့ကြပုံရသည်။
"ငါ့မှာသာ အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်တဲ့ နည်းလမ်းတစ်ခု ရှိရင်၊ ဒါက ပြဿနာ မဟုတ်တော့ဘူး…. ဒါပေမဲ့ ဒီလိုနည်းလမ်းမျိုးကို အချိန်တိုအတွင်းမှာ ငါ ဘယ်မှာ သွားရှာရမှာလဲ”
လော့ချန်သည် စိတ်ပျက်အားငယ်စွာဖြင့် ကြမ်းပြင်ကို လက်ဖြင့် ဆောင့်လိုက်ရာ ကြမ်းပြင်ပြားပေါ်တွင် လက်ချောင်းငါးချောင်းရာ ပါဝင်သော ကျင်းကြီးတစ်ခု ဖြစ်ပေါ်သွားတော့သည်။