← Chapters

အခန်း (၂၇၉-၂၈၀)

Vol. 28 Ch. 279-280

အခန်း (၂၇၉-၂၈၀)

Vol. 28 Ch. 279-280

အခန်း (၂၇၉) - အခြေခံတည်ဆောက်ခြင်းအဆင့်သို့ အောင်မြင်စွာ တက်လှမ်းခြင်း

ဆယ်ရက်တာ ကာလကို ကျော်ဖြတ်ပြီးနောက် လော့ချန်သည် ရေခဲမီးလျှံ ဝိညာဉ်စမ်းရေတွင်းဘေး၌ တစ်ဖန် ပြန်လည်နေရာ ယူလိုက်သည်။ ယခင်ကကဲ့သို့ ပျာယာခတ်ခြင်း၊ စိတ်ပျက်အားငယ်ခြင်းတို့ သူ၌ မရှိတော့ပေ။ ယခုမူ သူသည် အလွန်တည်ငြိမ်အေးဆေးနေပြီး စိတ်အာရုံမှာလည်း တစ်နေရာတည်း၌ စုစည်းနေသည်။

သူ၏လက်ထဲတွင် ကျောက်စိမ်းပုလင်း ခပ်ကြီးကြီးတစ်လုံးကို ဆုပ်ကိုင်ထားသည်။ ထိုပုလင်းထဲတွင် နေရောင်ခြည်ကို ဖမ်းယူထားသကဲ့သို့ တောက်ပနေသော ရွှေရောင် နတ်ဒေဝါပျားရည်များ ရှိနေသည်။ လော့ချန်သည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး နတ်ဒေဝါပျားရည်ကို မော့သောက်လိုက်တော့သည်။

"ဆေးအဆိပ် အတားအဆီး ဖြစ်နေတော့ကော ဘာဖြစ်လဲ"

သူ တီးတိုးရေရွတ်လိုက်သည်။

"ဘာပြောပြော နောက်ဆုံးတော့လည်း ဒါဟာ နံရံတစ်ခုပါပဲ၊ ငါက ဓာတ်ကြီးငါးပါးဝိညာဉ်အမြစ်ရဲ့ ကန့်သတ်ချက်ကြောင့် ဖြစ်လာတဲ့ ဒန်ထျန်းအတားအဆီးကိုတောင် ချိုးဖျက်နိုင်ခဲ့တာပဲ၊ ဒီလောက် သာမန်ဆေးအဆိပ် အတားအဆီးလေးကို ဘာလို့ မကျော်ဖြတ်နိုင်ရမှာလဲ”

နတ်ဒေဝါပျားရည်မှာ သူ၏ လည်ချောင်းအတွင်းသို့ စီးဝင်သွားပြီး နွေးထွေးသော စွမ်းအင်အရည်အဖြစ် ပြောင်းလဲကာ ဝမ်းဗိုက်အတွင်းသို့ ချက်ချင်း ပျံ့နှံ့သွားသည်။ ဆေးစွမ်းအင်တန်းလေးများမှာ စမ်းချောင်းငယ်လေးများအလား စီးဆင်းသွားပြီး သူ၏ ဒန်ထျန်း အတွင်းသို့ စုရုံးလာကြသည်။

အခြေတည်ဆေးလုံး၏ ကြမ်းတမ်းရူးသွပ်သော စွမ်းအားမျိုးနှင့်မတူဘဲ နတ်ဒေဝါပျားရည်မှာ နူးညံ့သိမ်မွေ့လှသည်။ ၎င်းက သူ့အား နွေးထွေးစေပြီး ငြိမ်းချမ်းမှုကို ခံစားရစေသည်။ နာကျင်မှု လုံးဝမရှိဘဲ ဝေဝါးလွင့်မျောနေသော သက်သောင့်သက်သာရှိမှုသာ ရှိတော့သည်။

လော့ချန်သည် ထိုသာယာမှုနောက်သို့ ပါသွားလုနီးပါး ဖြစ်သွားသော်လည်း ပင်ကိုအသိအရ နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်းကို အသက်သွင်းလိုက်ရာ သူ၏ အပ်စိုက်မှတ်များအတွင်းမှ စူးရှသော စွမ်းအားလှုံ့ဆော်မှုများ ထွက်ပေါ်လာသည်။ နာကျင်မှု အလင်းတန်းများက သူ့ကို သတိပြန်ဝင်လာအောင် နှိုးဆော်ပေးလိုက်သည်။

"ကိုင်း.... လာလေရော့.... နောက်မတူတဲ့နည်းနဲ့ ရအောင်လုပ်ပြမယ်...."

သူသည် အတွေးကို ပြောင်းလဲလိုက်ပြီး စုဆောင်းထားသော ကြီးမားလှသည့် ချီစွမ်းအင် တိမ်တိုက်များကို နတ်ဒေဝါပျားရည်၏ အာဟာရစွမ်းအားများဖြင့် ပေါင်းစပ်လိုက်သည်။ စမ်းချောင်းငယ်လေးများမှာ ကြီးမားသော သမုဒ္ဒရာကြီးအဖြစ်သို့ ပြောင်းလဲသွားကြသည်။

ထို့နောက်တွင်မူ ထိုသမုဒ္ဒရာကြီးမှာ လှိုင်းထန်လာပြီး အက်ကွဲနေသော ဒန်ထျန်းနံရံများကို အဆက်မပြတ် ရိုက်ခတ်တော့သည်။ ထိုရိုက်ခတ်မှုများမှာ နှေးကွေးသော်လည်း တည်ငြိမ်လှသည်။ အက်ကွဲနေသော ဒန်ထျန်းနံရံများမှာ တဖြည်းဖြည်း ပဲ့ထွက်ကုန်သည်။

နောက်ဆုံးတွင်မူ သူ၏ အဓိကအတားအဆီးဖြစ်သော ဆေးအဆိပ် အတားအဆီး တစ်ဖန် ပြန်လည်ရောက်ရှိလာပြန်သည်။ ဤတစ်ကြိမ်တွင် လော့ချန်သည် နည်းဗျူဟာ ကို ပြောင်းလဲလိုက်သည်။ အင်အားသုံး၍ ကြမ်းတမ်းစွာ မတိုက်ခိုက်တော့ဘဲ ကျောက်တုံးကို ရေစက်ကလေးများက တဖြည်းဖြည်း တိုက်စားသကဲ့သို့ စိတ်ရှည်လက် ရှည် ထိန်းချုပ်ကာ ဖိအားပေးလိုက်သည်။ တဖြည်းဖြည်းနှင့် အတားအဆီးမှာ ပါးလွှာလာသည်။

အချိန်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားသည်။ ပထမဆုံး နတ်ဒေဝါပျားရည် တစ်ပုလင်း၏ အာနိသင်မှာ ကုန်ဆုံးစပြုလာသည်။ သို့သော် လော့ချန် မနားပေ။ ဒုတိယတစ်ပုလင်းကို ထပ်မံထုတ်ယူလိုက်သည်။

"ကျောက်ဆောင်ကျောက်ခဲတွေကို‌တောင် ရေက တိုက်စားနိုင်သေးတာပဲ.... ငါက ဘာလို့ လမ်းတစ်ဝက်မှာ ရပ်တန့်ရမှာလဲ”

သူ၏မျက်လုံးများတွင် ပြတ်သားသော အလင်းတန်းများ တောက်ပနေသည်။ ယခင်ကကဲ့သို့ အနားမယူတော့ဘဲ လော့ချန်သည် နတ်ဒေဝါပျားရည် နောက်တစ်ပုလင်းကို သောက်သုံးလိုက်ပြန်သည်။ သူ၏ ဒန်ထျန်းကို ဖုံးအုပ်ထားသော ထူထဲပြီး အဆိပ်အတောက်ဖြစ်စေသည့် အမြှေးပါးမှာ မဆုတ်မနစ်သော တိုက်စစ်အောက်တွင် ပို၍ ပါးလွှာ လာ တော့သည်။

ပထမတစ်ပုလင်း.... ထို့နောက် ဒုတိယတစ်ပုလင်း.... ။

သူ၏ ချီစွမ်းအားမှာ အလွန်တရာ ကြီးမားလာပြီး ချီသန့်စင်အဆင့်၏ အထွတ်အထိပ်ကို ကျော်လွန်ကာ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်နေသူများနှင့်ပင် ရင်ပေါင်တန်းနိုင်နေပြီ ဖြစ်သည်။ သို့သော်လည်း အဆင့်တက်ခြင်းကား မရှိသေးပေ။

သူ၏ ခန္ဓာကိုယ်အတွင်းမှ ဖိအားများမှာ ပိုမိုကြီးထွားလာသည်။ ဒန်ထျန်းမှာ စွမ်းအင်များ ပြည့်လျှံနေသဖြင့် မည်သည့်အချိန်တွင်မဆို ပေါက်ကွဲထွက်သွားတော့မည့်အလား ခံစားနေရသည်။ လော့ချန်သည် ထိုခံရခက်သော ခံစားချက်ကို အံကြိတ်၍ အောင့်အည်းသည်းခံလိုက်သည်။

"စစ်ဦးစည်သံသည် စိတ်ဓာတ်ကို နှိုးဆော်၏။ အကြိမ်ကြိမ် နွှဲရသော တိုက်ပွဲသည် ဇွဲလုံ့လကို အားနည်းစေ၏” ဟူသော သဘောတရားကို သူ ကောင်းစွာ နားလည်ထားသည်။ အကယ်၍ သူသည် ဤအခွင့်အရေးကို လက်လွှတ်လိုက်ပါက သူ၏ ဒန်ထျန်းမှာ ပြန်လည် အသားကျသွားပြီး ဆေးအဆိပ် အတားအဆီးနှင့် တစ်သားတည်း ဖြစ်သွားပေလိမ့်မည်။ ထိုအခါ နောင်တွင် အဆင့်တက်ရန် ကြိုးစားခြင်းမှာ ပို၍သာ ခက်ခဲသွားပေလိမ့်မည်။

ထို့ကြောင့် သူသည် တတိယမြောက်ပုလင်းကို အလျင်အမြန် သောက်သုံးလိုက်တော့သည်။ နောက်ဆုံး လက်ကျန်ဆေးစက်ကလေးများ သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားသည်နှင့်အမျှ နက်ရှိုင်းပြီး ကျယ်ပြောလှသော ထူးဆန်းသည့် ခံစားချက်တစ်ခုမှာ သူ့အား လွှမ်းခြုံသွားသည်။ လေထုအတွင်းမှာကော၊ သူ၏ စိတ်ဝိညာဉ် အတွင်းမှာပါ၊ သူ၏ ရိုးတွင်းခြင်ဆီအထိ တစ်စုံတစ်ခု ပြောင်းလဲသွားလေပြီ။

အောင်မြင်ခြင်းနဲ့ ကျရှုံးခြင်းသည် လက်ရှိ အခိုက်အတန့်ပေါ်တွင် မူတည်နေပြီ ဖြစ်လေသည်။

ကြည်လင်ပြတ်သားသော အသိအမြင်သစ်ဖြင့် လော့ချန်သည် သူ၌ရှိသမျှ စွမ်းအား အားလုံးကို ဆင့်ခေါ်လိုက်သည်။ သူ၏အတွင်း၌ စုရုံးနေသော ကြောက်မက်ဖွယ် ကောင်းလှသည့် ချီစွမ်းအား တိမ်တိုက်ကြီးမှာ ရှေ့သို့ တိုးဝင်သွားပြီး ဆေးအဆိပ် အတားအဆီးကို အားကုန် ဆောင့်တိုက်လိုက်တော့သည်။

ဤတစ်ကြိမ်တွင်မူ....။

သူ အောင်မြင်သွားလေပြီ။

ဖောက်….

ဒန်ထျန်းအတွင်းရှိ ဆေးအဆိပ်အတားအဆီး ပွင့်ထွက်သွားသည့် တစ်ချိန်တည်းမှာပင် လော့ချန်၏ ခန္ဓာကိုယ်အတွင်းပိုင်းမှ ကြည်လင်လှသော အက်ကွဲသံလေးတစ်ခု ထွက်ပေါ်လာသည်။ ထိုအခိုက်အတန့်မှာပင် သူ၏ ဒန်ထျန်းအထက်တွင် ဝေ့ဝဲနေသော ကြီးမားလှသည့် ချီစွမ်းအား တိမ်တိုက်ကြီး မှာ အချက်ပေးသံတစ်ခုကို ရရှိလိုက်သကဲ့သို့ အတွင်းဘက်သို့ ရုတ်တရက် တိုးဝင်သွားတော့သည်။

တောက်….

နှိုင်းယှဉ်၍မရအောင် စင်ကြယ်လှသော ချီစွမ်းအင် အရည်စက်တစ်စက်မှာ တိမ်တိုက်အတွင်းမှ ကျဆင်းလာသည်။ ထို့နောက်တွင်မူ နူးညံ့ပြီး အဆုံးမရှိသော စိတ်ဝိညာဉ် စွမ်းအား မိုးဖွဲကလေးများ စတင်ရွာသွန်းလာတော့သည်။ သူ၏ အတွင်းကမ္ဘာတစ်ခုလုံးမှာ စွမ်းအားများ၏ ပိုးသားအလား နူးညံ့လှသော မိုးစက်မိုးပေါက်များအောက်တွင် စိုစွတ်သွားတော့သည်။

လော့ချန်သည် ထိုအခွင့်အရေးကို အမိအရဖမ်းဆုပ်ကာ ချီစွမ်းအင် မိုးရေများကို နွေဦးကျင့်စဉ်အတိုင်း လမ်းကြောင်းပေးပြီး သူ၏ ဒန်ထျန်းကို အတွင်းပိုင်းမှ စတင်ကာ ပြန်လည်တည်ဆောက်လိုက်သည်။ သူသည် ကွဲအက်သွားသော ဒန်ထျန်းဟောင်း၏ နံရံများကို အခြေခံအဖြစ် အသုံးပြုကာ အသစ်ဖြစ်ပေါ်လာသော ချီစွမ်းအင်အရည်များဖြင့် ထပ်ဆင့် တည်ဆောက်လိုက်သည်။

ရွှေရောင်သန်းနေသော နတ်ဒေဝါပျားရည်များမှာလည်း ထိုတည်ဆောက်မှုတွင် တစ်သားတည်း ပေါင်းစပ်သွားကြသည်။

အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို မသိရပေ။

သူ့ကိုယ်သူ ပြန်လည်ကြည့်ရှုလိုက်သောအခါ သူ၏ ဒန်ထျန်းမှာ အလွန်ကျယ်ပြောလှသဖြင့် ချီပင်လယ် ဟုပင် ခေါ်ဆိုနိုင်တော့မည် ဖြစ်သည်။ ထိုဒန်ထျန်းမှာ မြစ်ပေါင်းတစ်ရာကို လက်ခံနိုင်သော ပင်လယ်ကြီးအလား ဖြစ်နေပြီး သူ၏ မဟာတာအိုလမ်းစဉ်အတွက် ခိုင်မာသော အုတ်မြစ်ကို သွန်းလုပ်လိုက်လေပြီ။

လော့ချန်၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာသည်။

"ပြီးသွားပြီ...."

သူ တီးတိုးရေရွတ်လိုက်ပြီး မောပန်းနွမ်းနယ်မှုကြောင့် သတိလစ်သွားတော့သည်။ သတိလစ်နေသော သူ၏ ခန္ဓာကိုယ်မှ စူးရှပြီး ပြင်းထန်လှသော ချီစွမ်းအား လှိုင်းများမှာ ဖြည်းဖြည်းချင်း ပျံ့နှံ့ထွက်ပေါ်လာသည်။ ၎င်းမှာ သက်ငယ်မိုးတဲအိမ်ငယ်လေး၏ အပေါက်ဝသို့ ရောက်ရှိသွားသော်လည်း ထိုနေရာမှာပင် ပိတ်ဆို့ခြင်း ခံလိုက်ရသည်။

ဤအောင်မြင်မှု အခိုက်အတန့်သို့ ရောက်ရှိရန် သူ မည်မျှ ခရီးဝေးနှင်ခဲ့ရသည်၊ ဘယ်နှစ်ကြိမ် ကျရှုံးခဲ့ရသည်၊ မည်မျှ နာကျင်ခဲ့ရသည်ကို ဤကမ္ဘာပေါ်တွင် မည်သူမျှ မသိရှိနိုင်ကြချေ။

….

ဟွမ်ယွီနန်းဆောင်ကြီးအတွင်း၌ ထိုင်နေသော လူနှစ်ဦးကြားတွင် လေးလံသော လေထုတစ်ခု ဖုံးလွှမ်းနေသည်။

"ဟမ်.... လော့ချန်က ခုထိ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်မလာသေးဘူးလား”

နန်ကုန်းကျင်း၏ လေသံမှာ တည်ငြိမ်နေသော်လည်း မျက်မှောင်ကြုတ်ထားပုံမှာ သူ မကျေနပ်ကြောင်း ပြနေသည်။

"တောင်းပန်ပါတယ် အကြီးအကဲနန်ကုန်းရယ်"

စီမာဟွေ့နန်က သတိထားပြီး လေးစားစွာ ပြန်ဖြေလိုက်သည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ ရှေ့တွင် မောက်မာ၍မရကြောင်း သူမ ကောင်းကောင်းသိသည်။

"ကျွန်မတို့ အဖွဲ့ချုပ်ခေါင်းဆောင်က.... အခုထိ တံခါးပိတ် ကျင့်ကြံနေတုန်းပါပဲရှင်"

လော့ချန်တစ်ယောက် တစ်နှစ်ပတ်လုံး တံခါးပိတ် ကျင့်ကြံနေလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။ လော့ထျန်းအဖွဲ့ တည်ထောင်ပြီးကတည်းက အဖွဲ့ချုပ်ခေါင်းဆောင် ဤမျှ ကြာရှည်စွာ ပျောက်ကွယ်နေခြင်းမှာ ဤသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။

ပထမပိုင်းတွင် အခြေအနေမှာ ထိန်းချုပ်၍ ရနိုင်သော်လည်း လများ ကြာလာသည်နှင့်အမျှ မငြိမ်မသက်မှုများ စတင်လာသည်။ လော့ချန်သည် အဖွဲ့၏ ခေါင်းဆောင်ဖြစ်ရုံသာမက ဆေးဖော်ဆရာလည်း ဖြစ်သည်။ သူ၏ ဆေးလုံးများသည် အင်အားစုများကြားမှ မဟာမိတ်ဆက်ဆံရေးကို ထိန်းသိမ်းထားသည့် အဓိက အချက်ပင် ဖြစ်သည်။

တစ်နှစ်ဆိုသည့် အချိန်ကာလမှာ အရာအားလုံးကို ပြောင်းလဲပစ်ရန် လုံလောက်လှသည်။

ပထမအချက်မှာ နန်ကုန်းမိသားစုထံသို့ ပေးပို့နေသော အဆင့်မြင့် ကျောက်စိမ်းအမြုတေဆေးလုံးများ ပြတ်လပ်သွားခြင်းဖြစ်သည်။ ဒုတိယအချက်မှာ တာကျန်းဂိုဏ်းနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရပ်တန့်နေခြင်းဖြစ်သည်။ နောက်ဆုံးအချက်မှာ အဖွဲ့တွင်းရှိ ကျင့်ကြံသူများ၏ မြင့်မားသော လစာများကြောင့် အဖွဲ့ကြီးမှာ ဆက်လက်ရပ်တည်ရန် ခက်ခဲလာခြင်းဖြစ်သည်။ ဆေးဖော်ခန်းမဆောင်နှင့် လက်နက်သွန်းလုပ်ရေးခန်းမဆောင်တို့က အစွမ်းကုန် ကြိုးစားနေကြသော်လည်း ဖိအားများကို မခံနိုင်တော့ပေ။

နန်ကုန်းကျင်း ကိုယ်တိုင်ရောက်လာခြင်းမှာလည်း ဆေးလုံးပြဿနာကြောင့်ပင် ဖြစ်သည်။ အခြားသူများက ဂရုမစိုက်သော်လည်း သူကမူ လျစ်လျူရှု၍ မရပေ။ အဆင့်မြင့် ကျောက်စိမ်းအမြုတေဆေးလုံးများ မရှိဘဲ သူ၏ မျိုးနွယ်စုကို မည်သို့ မြန်မြန်ဆန်ဆန် အင်အားပြန်တောင့်တင်းအောင် လုပ်နိုင်ပါမည်နည်း။

ချီစွမ်းအင်ဖြည့်ဆေးလုံး၏ ဈေးနှုန်းမှာလည်း ရယ်စရာကောင်းလောက်အောင်ပင် မြင့်တက်နေတော့သည်။ ဆေးဘုရင်ဂိုဏ်းသည် အလွန်အမင်း လောဘဇောတိုက်ကာ ဆေးတစ်ပုလင်းလျှင် ဝိညာဉ်ကျောက်တုံး တစ်ရာအထိ ဈေးတင်ရောင်းချနေကြ၏။ ယခုအခါ တိမ်ပြိုဂိုဏ်းနှင့် ကျောက်စိမ်းအိုးဓားဂိုဏ်းတို့ စစ်မီးတောက်နေခြင်းကို အခွင့်ကောင်းယူ၍ တစ်ပုလင်းလျှင် တစ်ရာ့နှစ်ဆယ်အထိပင် ထပ်မံဈေးမြှင့်လိုက်ကြပြန်သည်။

အမှန်စင်စစ် လောထျန်းအဖွဲ့မှ ထုတ်လုပ်သည့် ဝိညာဉ်ကျောက်တုံး ရှစ်ဆယ်ခန့်ဖြင့် ရနိုင်သည့် အရည်အသွေးမြင့်ဆေးလုံးများကို မည်သည့်နေရာတွင် သွားရှာရပါမည်နည်း။

ထို့ကြောင့် တာကျန်းဂိုဏ်း မလှုပ်ရှားသေးသော်လည်း နန်ကုန်းကျင်း ကိုယ်တိုင် ရောက်လာခြင်း ဖြစ်သည်။

စီမာဟွေ့နန်က အချိန်ဆွဲနေသည်ကို ကြည့်ရင်း နန်ကုန်းကျင်း ရုတ်တရက် မေးလိုက်သည်။

"သူ တံခါးပိတ် ကျင့်ကြံနေတာ ဒီလောက်တောင် ကြာနေပြီဆိုတော့.... သူ အခြေခံ တည်ဆောက်ခြင်းကို တက်လှမ်းဖို့ ကြိုးစားနေတာများလား”

စီမာဟွေ့နန်၏ မျက်နှာအမူအရာမှာ ချက်ချင်း ပျက်သွားသည်။ လော့ချန် အခြေခံတည်ဆောက်ရန် ကြိုးစားနေသည့် ကိစ္စမှာ အဖွဲ့၏ အဆင့်မြင့်လူကြီးများသာ သိသည့် လျှို့ဝှက်ချက် ဖြစ်သည်။ နန်ကုန်းကျင်း မည်သို့သိသွားလေသနည်း။

နန်ကုန်းကျင်းက သူ၏ သံသယကို အတည်ပြုလိုက်နိုင်ပြီး "အော်ဟော.... ကြည့်ရတာ သူ တကယ်ပဲ လုပ်နေပြီထင်တယ်" ဟု ရေရွတ်ရင်း မတ်တပ်ရပ်ကာ အပြင်ဘက်သို့ လျှောက်လှမ်းသွားတော့သည်။

စီမာဟွေ့နန်၏ မျက်နှာ ပျက်သထက်ပျက်သွားပြီး "နေ.... နေပါဦး အကြီးအကဲ ဘယ်ကိုသွားမလို့လဲ" ဟု ဆိုကာ သူ့နောက်မှ လိုက်လာလေသည်။

နန်ကုန်းကျင်းသည် တောင်ထိပ်ဘက်သို့ ကြည့်လိုက်ပြီး "ဘာတွေစိုးရိမ်နေတာလဲ၊ ကျုပ် ဘာမှ မလုပ်ပါဘူး၊ အခြေခံ တည်ဆောက်ခြင်းဆိုတာ အန္တရာယ်များတယ်ဆိုတာ သတိပေးချင်ရုံပါ၊ မင်းတို့ ခေါင်း‌ဆောင်သာ အဆင့်တက်ဖို့ လွဲချော်ပြီး လူမသိ သူမသိ သေသွားခဲ့ရင် ဘယ်လိုလုပ်မလဲ၊ အဲဒါကြောင့် ငါက မင်းတို့ကိုယ်စား တောင်ပေါ်တက်ပြီး သွားစစ်ပေးမလို့၊ စိတ်မပူပါနဲ့၊ ငါ သူ့ကို အနှောင့်အယှက် မပေး...."

"ဧည့်သည်က ဧည့်သည်လိုနေလေ၊ ဒီမှာတင် လူကြီးလူကောင်းဆန်ဆန် ငြိမ်ငြိမ်လေး နေဖို့ ကျုပ်အကြံပေးချင်တယ်"

ထိုသို့ နန်ကုန်းကျင်းအား ခပ်ပြတ်ပြတ်ပြောကာ တားဆီးလိုက်သော စကားသံတစ်သံ ခပ်ဝေးဝေးမှ ထွက်ပေါ်လာသည်။

နောက်တစ်ခဏမှာပင် လူရိပ်တစ်ခု ပေါ်လာသည်။ ထိုသူသည် ရှည်လျားလှသော သွေးနီရောင် သံကြိုးကြီးတစ်ချောင်းကို ဆွဲလာပြီး တောင်ပေါ်သို့ တစ်လှမ်းချင်း တက်လာနေသည်။ သူ ရှေ့သို့ လှမ်းလာသည်နှင့်အမျှ သူ၏ အရှိန်အဝါမှာ တစ်လှမ်းချင်းစီတွင် ပိုမို အားကောင်းလာပြီး မကြာမီမှာပင် အခြေခံတည်ဆောက်ခြင်းအဆင့်၏ အရှိန်အဝါအထိ မြင့်တက်လာတော့သည်။

နန်ကုန်းကျင်း၏ မျက်နှာ ပျက်သွားသည်။

‘အော် ဝမ်ယွမ်ကိုး.... ဒင်းက ဘယ်လိုလုပ် အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်သွားတာလဲ’

သို့သော် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူ ချက်ချင်း သတိပြုမိလိုက်သည်။

"အတုအယောင် အခြေခံတည်အဆောက်ခြင်းဆင့်လား”

ဝမ်ယွမ်သည် သူနှင့် ပေတစ်ရာခန့် အကွာတွင် ရပ်တန့်လိုက်သည်။

နန်ကုန်းကျင်း အသက်ကို ပြင်းပြင်းရှူလိုက်သည်။ ပေတစ်ရာအတွင်း ဆိုသည်မှာ ဝမ်ယွမ်၏ တိုက်ကွင်းအတွင်း ရောက်ရှိနေခြင်းပင် ဖြစ်သည်။ ဝမ်ယွမ်၏ ကျင့်ကြံမှုမှာ ချီသန့်စင်အဆင့် အထွတ်အထိပ်သာ ဖြစ်သော်လည်း သူ၏ ခန္ဓာကိုယ်ကျင့်ကြံမှုမှာ ဒုတိယအဆင့်သို့ ရောက်နေပြီဖြစ်သည်။ ထို့အပြင် ထွက်ပေါ်နေသော အခြေခံတည်ဆောက်ခြင်း အရှိန်အဝါအရ သူ့တွင် လျှို့ဝှက်ချက်တစ်ခုခု ရှိနေပုံရသည်။ အကယ်၍ ယခု အချိန်တွင် တိုက်ပွဲဖြစ်ခဲ့လျှင် အသာစီးရရန် မလွယ်ကူပေ။ အကယ်၍ အခြေအနေမှာ ပိုဆိုးသွားပါက လောထျန်းအဖွဲ့တစ်ခုလုံးက သူ့ကို ဝိုင်းတိုက်ကြပေလိမ့်မည်။ သူသည် တွမ်ချန်ခွန်း၏ ခြေရာကို မနင်းချင်ပေ။

သူ အားရပါးရ ရယ်မောလိုက်ပြီး ဆိုသည်။

"မိတ်ဆွေဝမ်ပါလား.... နားလည်မှု လွဲနေပြီထင်တယ် ကျုပ်က ဒီအတိုင်း...."

နန်ကုန်းကျင်းက တင်းမာသွားသောအခြေအနေကို ပြန်လည် ထိန်းသိမ်းရန် ကြိုးစားလိုက်စဉ်မှာပင် ရှောင်ဟွမ်းတောင်ထိပ်မှ ပြင်းထန်လှသော အရှိန်အဝါတစ်ခု ပေါက်ကွဲ ထွက်ပေါ်လာတော့သည်။ ကောင်းကင်ယံအထိ ပဲ့တင်ထပ်သွားသော ရှည်လျားလှသည့် မြည်ဟိန်းသံရှည်ကြီးအဆုံးတွင် ဖြူလွင်သော တိမ်တိုက်များအကြား လူရိပ်တစ်ခု ရှိနေသည်။ သူ၏ ဝတ်ရုံအနားသတ်များသည် လေတိုးသံနှင့်အတူ တဖျတ်ဖျတ် လွင့်နေကြသည်။

သူသည် ကြည်လင်ပြတ်သားသော အသံဖြင့် ကြွေးကြော်လိုက်သည်။

"လန်ချန်းမြစ်ကမ်းဘေးမှာ လမ်းပျောက်ခဲ့တဲ့ လူငယ်လေး.... ဒုက္ခသံသရာနဲ့ သောကမီးတွေကြားမှာ မင်း တော်တော်လေး နွမ်းနယ်ခဲ့ရတာပဲ…. တစ်ချိန်က ထာဝရရှင်သန်ခြင်းကို ရှာဖွေဖို့ သစ္စာပြုခဲ့တာတွေကလည်း တကယ်တော့ အိပ်မက်တစ်ခုလိုပါပဲလား…. ဒါပေမဲ့.... ဒီနေ့မှာတော့ ငါဟာ မဟာလမ်းစဉ်ရဲ့ အုတ်မြစ်ကို နိုးထသိမြင်သွားခဲ့ပြီ…. နောင်တစ်ချိန်မှာတော့ တောင်တန်းပေါင်း ထောင်သောင်းချီဟာ ငါ့အလိုတော်အတိုင်းပဲ ဒူးထောက်ကြရလိမ့်မယ်"

“မှောင်မိုက်တဲ့ နေဝန်း ပျောက်ကွယ်ပြီး အလင်းရောင် ပြန်လာတဲ့အခါ… ငါဟာ တိမ်တိုက်တွေပေါ်ကို ပျံတက်ပြီး အရှေ့ဘက်လွင်ပြင်ကြီးကို အထက်ကနေ ငုံ့ကြည့်လိုက်မယ်..."

သူ၏ လေသံမှာ အောင်မြင်မှု၏ ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြည့်နှက်နေသည်။ ထိုလူက ခေါင်းကို ငုံ့လိုက်ပြီး သူ၏ စူးရှသော အကြည့်များဖြင့် အောက်ဘက်ရှိ နန်းဆောင်များကို ကြည့်လိုက်သည်။

"မိတ်ဆွေ နန်ကုန်း... ဘာလို့ တောင်ပေါ်ကို တက်လာပြီး ကျွန်တော်နဲ့ စကားစမြည် မပြောတာလဲ"

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၂၈၀) - နန်ကုန်းကို ဖိနှိပ်ခြင်း

စိမ်းလန်းစိုပြည်သော တောင်ထိပ်ထက်တွင် ဖြူလွလွတိမ်တိုက်တို့သည် လေညင်းနှင့်အတူ ပျံလွင့်နေကြသည်။ လက်ဖက်ရည်၏ သင်းပျံ့သောရနံ့သည် တည်ငြိမ်စွာ ထိုင်နေကြသော လူနှစ်ဦးကြားတွင် လွင့်ပျံ့နေသည်။

လော့ချန်နှင့် နန်ကုန်းကျင်းတို့သည် ရိုးရှင်းသော ကျောက်စားပွဲတစ်ခုကို ခြား၍ တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ လက်ဖက်ရည်ခွက်များအတွင်းမှ ထွက်ပေါ်လာသော အငွေ့အသက်များမှာ လတ်လတ်ဆတ်ဆတ် ခတ်ထားသော လက်ဖက်ရွက်များ၏ နွေးထွေးမှုကို ဆောင်ကြဉ်းပေးနေသည်။ သူတို့နှစ်ဦးကြားရှိ တိတ်ဆိတ်မှုမှာ အေးချမ်းတည်ငြိမ်နေသော်လည်း နန်ကုန်းကျင်း၏ မျက်နှာပေါ်ရှိ အံ့သြတုန်လှုပ်မှု အနည်းငယ်ကမူ သူ၏ စိတ်အတွင်း၌ အတွေးမုန်တိုင်းများ တိုက်ခတ် နေကြောင်း ဖော်ပြနေသည်။

"မင်း တကယ်ပဲ အောင်မြင်သွားတာလား”

နောက်ဆုံးတွင် သူ မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်သည်။ သူ၏လေသံထဲတွင် အံ့အားသင့်မှုများ ပါဝင်နေဆဲပင်။

လော့ချန်က ထိုမေးခွန်းကို သဘောကျဟန်ဖြင့် ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ သူသည် လက်ဖက်ရည်ခွက်ထဲမှ အငွေ့များကို ညင်သာစွာ မှုတ်ထုတ်လိုက်ပြီး အေးအေးလူလူ တစ်ငုံ သောက်လိုက်၏။

"ဟက်.... မိတ်ဆွေကြီး၊ ခင်ဗျားကိုယ်တိုင် မြင်နေရတာပဲ၊ ဒါက ဘယ်လိုလုပ် အတုအယောင် ဖြစ်နိုင်မှာလဲ”

သူ ပြောနေစဉ်မှာပင် ပြင်းထန်ပြီး ထိန်းချုပ်မထားသော ဝိညာဉ်အသိစိတ်လှိုင်းလုံးကြီးတစ်ခုမှာ သူ၏အတွင်းမှ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာသည်။ နန်ကုန်းကျင်း၏ မျက်နှာမှာ ချက်ချင်း တည်ကြည်သွားသည်။ သူသည် တွန့်ဆုတ်မနေဘဲ တုံ့ပြန်သည့်အနေဖြင့် သူ၏ကိုယ်ပိုင် ဝိညာဉ်အသိစိတ်ကို ထုတ်လွှတ်လိုက်တော့သည်။

တစ်ခဏချင်းမှာပင် သူတို့နှစ်ဦး၏ ချီစွမ်းအားများမှာ ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံသွားကြပြီး မကြာမီမှာပင် နှစ်ဦးစလုံးက ပြန်လည် ရုပ်သိမ်းလိုက်ကြသည်။

"အင့်...."

နန်ကုန်းကျင်းက နှာခေါင်းရှုံ့ကာ အသံနိမ့်နိမ့်ဖြင့် ညည်းတွားလိုက်သည်။ သူ၏ မျက်နှာမှာ ခဏတာ ဖြူဖျော့သွားပြီးမှ ပြန်လည်တည်ငြိမ်သွားသည်။ သူသည် အံ့သြမှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် လော့ချန်ကို စိုက်ကြည့်လိုက်သည်။

"အလို.... အခြေခံတည်ဆောက်ခြင်းအဆင့်ကို အခုမှ စတက်တာတောင် မင်းရဲ့ ဝိညာဉ်အသိစိတ် အခြေခံက ဒီလောက်အထိ နက်ရှိုင်းနေတာလား”

လော့ချန်က ယဉ်ကျေးပျူငှာစွာ ပြုံးလိုက်သည်။

"တောင်းပန်ပါတယ် မိတ်ဆွေကြီးရာ၊ ကျွန်တော့်ရဲ့ အခြေခံတည်ဆောက်ခြင်းအဆင့်က အပြည့်အဝ မတည်ငြိမ်သေးလို့ပါ၊ စွမ်းအားတွေကို အကုန်လုံး မထိန်းနိုင်ဘဲ စော်ကားမိသလို ဖြစ်သွားရင် သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးပါဦး"

နန်ကုန်းကျင်းက လက်ခါပြရင်း ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။

"ဟားဟား.... ဘာမှ မဖြစ်ပါဘူးကွာ"

ထိုသို့ ဝိညာဉ်အာရုံချင်း ထိပ်တိုက်တွေ့ဆုံခြင်းမှာ လက်ဆွဲနှုတ်ဆက်ခြင်းကဲ့သို့ပင် စွမ်းအားကို စမ်းသပ်ခြင်းသာ ဖြစ်သည်။ လက်နက်များ သို့မဟုတ် ရန်လိုမှုများ မပါဝင်ဘဲ ရွယ်တူချင်းကြားမှ စမ်းသပ်မှုတစ်ခုသာ ဖြစ်သော်လည်း နန်ကုန်းကျင်းကို အမှန်တကယ် အံ့ဩသွားစေသည်မှာ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ စတင်ရောက်ရှိလာသော လော့ချန်၌ ဤမျှ ခိုင်မာသော ချီစွမ်းအားရှိနေခြင်းပင် ဖြစ်သည်။

ဝိညာဉ်အာရုံ ထုတ်လွှတ်နိုင်စွမ်းသည် စိတ်ဝိညာဉ်၏ အတိုင်းအတာပင် ဖြစ်သည်။ လော့ချန်၏ ထိုကဲ့သို့ ပြင်းထန်သော ဝိညာဉ်အာရုံအရ သူ၏ စိတ်ဝိညာဉ်အုတ်မြစ်မှာ အဆင့်တူကျင့်ကြံသူများထက် များစွာ သာလွန်နေကြောင်း သိသာလှသည်။

နန်ကုန်းကျင်းက ခါးသီးသော အပြုံးတစ်ခု ပြုံးလိုက်သည်။

"မင်း တစ်ကြိမ်တည်းနဲ့ ဘာလို့ အောင်မြင်ခဲ့သလဲဆိုတာ အံ့သြစရာ မရှိတော့ပါဘူး၊ ချီသန့်စင်ခြင်းအဆင့်မှာတင် မင်းရဲ့ စိတ်ဝိညာဉ်က အပြည့်အဝ ဖြစ်တည်နေခဲ့ပြီလို့ ငါ ထင်တယ်၊ အဲ့ဒီလိုဆိုရင် အဆင့်တက်မယ့် အချိန်ရောက်တဲ့အခါမှာ မင်းဟာ မင်းရဲ့ အတွင်းစွမ်းအားတွေကို တိတိကျကျ လမ်းညွှန်နိုင်ခဲ့မှာပဲ၊ ဒန်ထျန်းရဲ့ အတားအဆီးကိုလည်း အပြည့်အဝ ထိန်းချုပ်ပြီး ဆောင့်တိုက်နိုင်ခဲ့မှာပေါ့"

မှန်ပေသည်။ ၎င်းမှာ တစ်ခုတည်းသော ရှင်းပြချက်ပင် ဖြစ်သည်။ မဟုတ်လျှင် လော့ချန်တစ်ယောက် အဘယ်မှာ ဤမျှ လွယ်ကူချောမွေ့စွာ ဤအဆင့်သို့ တက်နိုင်ပါမည်နည်း။

အခြားသော တစ်ကိုယ်တော်ကျင့်ကြံသူများနှင့် ဂိုဏ်းသားအများစုမှာ အခြေခံတည်ဆောက်ရန် ကြိုးစားချိန်တွင် ပြင်းထန်သော ဆေးစွမ်းအားဒဏ်ကို မခံနိုင်ဘဲ ဒန်ထျန်းအတားအဆီးကို မချိုးဖျက်နိုင်ခင်မှာပင် ရှုံးနိမ့်သွားတတ်ကြသည်။ ဒန်ထျန်းအတားအဆီးကို ချိုးဖျက်နိုင်ခဲ့လျှင်ပင် ချီစွမ်းအင်များ ပေါက်ကွဲထွက်လာခြင်းကို အချိန်မီ မထိန်းချုပ်နိုင်ပါက ခန္ဓာကိုယ်အတွင်းပိုင်း ပြင်းထန်စွာ ဒဏ်ရာရရှိတတ်သည်။

လော့ချန်ကမူ ပြုံးရုံသာ ပြုံးနေသော်လည်း စိတ်ထဲမှမူ သက်ပြင်းချလိုက်မိသည်။ အကယ်၍သာ အရာအားလုံး ထိုမျှလောက် ရိုးရှင်းခဲ့လျှင် ကောင်းမှာပဲ ဟူ၍တွေးနေမိ သည်။ သူသည် အကြိမ်ကြိမ် ကျရှုံးမှုများ ကြုံတွေ့ခဲ့ရပြီးမှသာ ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

အမှန်စင်စစ်၊ သန်မာလှသော စိတ်ဝိညာဉ်အုတ်မြစ်မှာ သူ့အတွက် များစွာ အထောက်အကူ ပြုခဲ့သည်။ ထိုကဲ့သို့ ကြံ့ခိုင်သော စိတ်ဝိညာဉ်မရှိဘဲနှင့် သူသည် အခြေတည်ဆေးလုံးများနှင့် နတ်ဒေဝါပျားရည်များကို အကြိမ်ကြိမ် ဆက်တိုက် သောက်သုံးခြင်းကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။ ထို့အပြင် သူ၏ သန်မာလှသော ခန္ဓာကိုယ်မှာလည်း အောင်မြင်မှုအတွက် အရေးပါခဲ့သည်။ သာမန်ကျင့်ကြံသူများသည် အဆင့်တက်ရန် တစ်ကြိမ်ကြိုးစားရုံဖြင့် ခန္ဓာကိုယ် ထိခိုက်သွားတတ်သော်လည်း လော့ချန်မှာမူ နှစ်ပေါင်းများစွာအတွင်း အဆင့်မြင့် ချီစွမ်းအင်ဖြည့်ဆေးလုံးများ၊ ဝိညာဉ်ဆန်နှင့် သားရဲသားများကို အဆက်မပြတ် စားသုံးလာခဲ့သဖြင့် သူ၏ ခန္ဓာကိုယ်မှာ အလွန်တောင့်တင်းနေသည်။ ဝမ်ယွမ်၏ စံနှုန်းအရ ဆိုလျှင်ပင် လော့ချန်သည် ဝရဇိန်ခန္ဓာ အဆင့်သို့ ရောက်လုနီးပါး ဖြစ်နေပြီး ခန္ဓာကိုယ် ကျင့်ကြံခြင်း၏ ပထမ အဆင့်ကို အဆုံးစွန်ထိ ရောက်ရန် နီးစပ်နေပြီ ဖြစ်သည်။

ထိုအချက်နှစ်ခု ပေါင်းစပ်လိုက်ပြီး အခြေတည် ဆေးလုံးများနှင့် နတ်ဒေဝါပျားရည်တို့၏ အကြိမ်ကြိမ် လှုံ့ဆော်မှုများကြောင့် သူသည် ချီစွမ်းအား၊ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ် ဟူသော အတားအဆီး သုံးခုစလုံးကို ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ သူ တစ်ကြိမ်တည်းနှင့် အောင်မြင်သွားခြင်းမှာ သဘာဝကျလှပေသည်။ အကယ်၍ နန်ကုန်းကျင်းသာ လော့ချန်သည် အခြေတည်ဆေးလုံးနှင့် ဆေးဖက်ဝင်ပစ္စည်း ငါးစုံစာကို တစ်ဆက်တည်း သုံးစွဲခဲ့ကြောင်း သိသွားလျှင် "ဒီခွေးသား အောင်မြင်သွားတာ မဆန်းပါဘူး” ဟု အသံကျယ်ကြီးဖြင့် ဆဲဆိုမိပေလိမ့်မည်။

လော့ချန်ကမူ ဤအကြောင်းများကို နန်ကုန်းကျင်းအား ပြောပြရန် စိတ်ကူးမရှိချေ။ သူ့အား ယခု စိတ်ပူစေသည့် အခြားကိစ္စတစ်ခု ရှိသေးသည်။

"စကားမစပ်.... မိတ်ဆွေကြီး ခင်ဗျားဆီမှာ နွယ်မြက်သစ်ပင် ဆေးဘုရင်ကျမ်းများ ရှိမလားလို့ သိချင်လို့”

"နွယ်မြက်သစ်ပင် ဆေးဘုရင်ကျမ်း ဟုတ်လား”

နန်ကုန်းကျင်းက မျက်ခုံးပင့်လိုက်ပြီးမှ တစ်စုံတစ်ခုကို သတိရသွားသည်။

"နေစမ်းပါဦး…. မင်း ခုထိ ဒုတိယအဆင့် ကျင့်စဉ်ကို မရသေးဘူးလား”

လော့ချန် ခေါင်းညိတ်ပြသည်ကို မြင်သောအခါ သူ မျက်မှောင်ကြုတ်လိုက်သည်။

"ဒါက ထူးဆန်းသားပဲ၊ နှစ်ပေါင်း ၃၀၀ သက်တမ်းရှိတဲ့ အခြေခံ တည်ဆောက်ခြင်း မျိုးနွယ်စုတစ်ခုဖြစ်တဲ့ တွမ်မျိုးနွယ်စုရဲ့ မှတ်တမ်းတွေထဲမှာ အဲ့ဒီလို ကျင့်စဉ်တွေ ရှိရမှာလေ"

"ရှိတော့ ရှိပါတယ်.... ဒါပေမယ့်...."

လော့ချန်က စိတ်ပျက်လက်ပျက် အမူအရာဖြင့် ပြန်ဖြေသည်။

"ကံမကောင်းတာက အဲ့ဒါတွေက ကျွန်တော်နဲ့ မကိုက်ညီဘူး ဖြစ်နေလို့"

တွမ်မျိုးနွယ်စု၏ စာကြည့်တိုက်တွင် အမှန်တကယ်ပင် ဒုတိယအဆင့် ကျင့်စဉ် သုံးခု ရှိသည်။ ၎င်းတို့မှာ သမုဒ္ဒရာဖြတ် လှိုင်းလုံးကျင့်စဉ်၊ မီးလျှံ စုစည်းခြင်းကျင့်စဉ်၊ ငရဲစမ်းရေ မီးလျှံနက်ကျင့်စဉ်တို့ ဖြစ်သည်။

တွမ်ချန်ခွန်းနှင့် တွမ်ဖုန်းတို့သည် တွမ်မျိုးနွယ်စု၏ နာမည်ကြီး ကျင့်စဉ်နှစ်ခုကို ကျင့်ကြံခဲ့ကြသည်။ တတိယမြောက်ဖြစ်သော ငရဲစမ်းရေ မီးလျှံနက်ကျင့်စဉ် မှာမူ တွမ်ချန်ခွန်းက သူ၏မြေးဖြစ်သူ တွမ်ရွှေအတွက် အထူး ရှာဖွေပေးထားခြင်း ဖြစ်သည်။ ထိုကျင့်စဉ်မှာ ရေဓာတ်နှင့် မီးဓာတ် နှစ်မျိုးလုံးကို ပေါင်းစပ်ကျင့်ကြံနိုင်စေပြီး ပြိုင်ဘက် ကင်းသော တိုက်ခိုက်ရေးစွမ်းရည်ကို ပေးစွမ်းနိုင်သည်ဟု ဆိုကြသည်။

လော့ချန်၏ ဓာတ်ကြီးငါးပါး ဝိညာဉ်အမြစ်ဖြင့်ဆိုလျှင် ထိုကျင့်စဉ် သုံးခုအနက် မည်သည့်အရာသို့မဆို ပြောင်းလဲရန်မှာ ပြဿနာ မဟုတ်ပေ။ အထူးသဖြင့် ငရဲစမ်းရေ မီးလျှံနက်ကျင့်စဉ်ကိုသာ တတ်မြောက်သွားပါက လော့ချန်၏ တိုက်ခိုက်ရေး စွမ်းရည်မှာ သိသိသာသာ တိုးတက်လာမည် ဖြစ်သည်။ စနစ်၏ အကူအညီ ကြောင့် ထိုကျင့်စဉ်က သူနှင့် ကိုက်ညီမှု ရှိမရှိကို သူ စိတ်မပူပေ။ ကျွမ်းကျင်မှုအဆင့်ကို မြှင့်တင်နိုင်သရွေ့ ၎င်းမှာ သူ၏ ခန္ဓာကိုယ်နှင့် တဖြည်းဖြည်း တစ်သားတည်း ဖြစ်သွားမည်သာ ဖြစ်သည်။

သို့သော် လော့ချန်ကို ဆုံးဖြတ်ရ ခက်စေသည့်အရာမှာ နွေဦးကျင့်စဉ်ပင် ဖြစ်သည်။ ထိုကျင့်စဉ်မှာ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အကယ်၍ ၎င်းကို နွယ်မြက်သစ်ပင် ဆေးဘုရင်ကျမ်းသို့ ချောမွေ့စွာ ပြောင်းလဲနိုင်မည်ဆိုပါက သူ၏ အခြေခံ တည်ဆောက်မှုကို များစွာ သက်သာစေမည် ဖြစ်သည်။ နောက်ထပ် ကျင့်ကြံမှုအဆင့်သို့ ချောမွေ့မြန်ဆန်စွာ ဝင်ရောက်နိုင်မည်မှာ သေချာလှသည်။

သို့သော် အကယ်၍ သူသာ ငရဲစမ်းရေ မီးလျှံနက်ကျင့်စဉ်ကဲ့သို့ လုံးဝကွဲပြားသော ဓာတ်သဘာဝရှိသည့် ကျင့်စဉ်သို့ ပြောင်းလဲလိုက်မည်ဆိုပါက အစမှ ပြန်စရမည် ဖြစ်သည်။ ၎င်းအတွက် အချိန် မည်မျှ ကုန်ဆုံးမည်ကို သူ မသိရှိနိုင်ချေ။ ထို့ကြောင့် အကြိမ်ကြိမ် စဉ်းစားပြီးနောက်တွင်မူ သူသည် နွယ်မြက်သစ်ပင် ဆေးဘုရင်ကျမ်း ဘက်သို့သာ ပို၍ ယိုင်နေတော့သည်။

အကယ်၍ လော့ချန်သာ ဤမေးခွန်းကို ယခင်က မေးခဲ့မည်ဆိုပါက နန်ကုန်းကျင်းသည် ချက်ချင်း ငြင်းပယ်မိပေလိမ့်မည်။ သို့သော် ယခုမူ အခြေအနေများ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ လော့ချန်သည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ရာ သူတို့သည် ယခုအခါ တန်းတူညီမျှသော အဆင့်တွင် ရှိနေကြသည်။ ထို့အပြင် လော့ထျန်း အဖွဲ့အစည်းအတွင်း၌ ဒုတိယအဆင့်ရှိ မျောက်ဝံလည်း ရှိနေသေးသလို အခြေခံတည်ဆောက်ခြင်းအဆင့် ရှိသူများနှင့် ရင်ဘောင်တန်းနိုင်သည့် ဝမ်ယွမ်လည်း ရှိနေသေးသည်။

ထိုကဲ့သို့သော အင်အားစုမျိုးမှာ နန်ကုန်းကျင်းကိုပင် တွန့်ဆုတ်သွားစေရန် လုံလောက်လှသည်။ သူသည် စားပွဲပေါ်တွင် လက်ချောင်းဖြင့် တတောက်တောက် ခေါက်ရင်း စဉ်းစားနေသည်။ သူ၏ မျက်လုံးများတွင် အလင်းတစ်ချက် ဝင်းခနဲ ဖြစ်သွားသည်။

"အေးကွ.... ငါ့ဆီမှာတော့ အဲ့ဒီကျမ်း မရှိဘူး" ဟု ခဏအကြာတွင် သူက ပြောလိုက်သည်။

"ငါတို့ နန်ကုန်း မျိုးနွယ်စုက နှင်းကြာပန်းဈေးမြို့တော် ကနေ လာတာဆိုတော့ ကျင့် စဉ်အများစုက ရေဓာတ်၊ ရေခဲဓာတ် ဒါမှမဟုတ် လေဓာတ်တွေဘက်ကိုပဲ ပိုနွယ်နေတာ၊ ဒါပေမဲ့ ဒီ တာဟဲဈေးမြို့တော် မှာတော့ မင်းရှာနေတဲ့ ကျမ်းကို လက်ဝယ် ရှိတဲ့ သူ တစ်ယောက် ရှိနိုင်တယ်”

လော့ချန်၏ မျက်လုံးများ ဝင်းလက်သွားသည်။

"အိုး.... ဘယ်သူလဲဗျ”

"လီ.... ရိ.... ရှန်း" ဟု နန်ကုန်းကျင်းက အမည်ကို ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"လီရီရှန်း”

လော့ချန်သည် မျက်နှာကို တစ်ခါမျှ မမြင်ဖူးသော ထိုလျှို့ဝှက်ဆန်းကြယ်သည့် အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူ အမျိုးသမီး၏ အမည်ကို ပြန်လည် ရေရွတ်လိုက်မိသည်။

နန်ကုန်းကျင်းနှင့် တွေ့ဆုံမှုမှာ နေဝင်ချိန်တွင် ပြီးဆုံးသွားပြီး လော့ချန်က ကျင့်ကြံခြင်းအဆင့် တည်ငြိမ်စေရန် ကျင့်ကြံဦးမည်ဟု အကြောင်းပြကာ ခွင့်တောင်းလိုက်သည်။ မခွဲခွာမီတွင် သူ၏ အခြေခံတည်ဆောက်ခြင်း ဂုဏ်ပြုအခမ်းအနားကို သုံးရက်အကြာတွင် ကျင်းပမည်ဖြစ်ကြောင်းနှင့် နန်ကုန်းကျင်းကို အထူး ဧည့်သည်တော်အဖြစ် ဖိတ်ကြားလိုက်သည်။

နန်ကုန်းကျင်းက လိုလိုချင်ချင် သဘောတူခဲ့ပြီး လီရီရှန်းနှင့် တွေ့ဆုံနိုင်ရန် ကူညီပေးမည်ဟုပင် ကတိပေးခဲ့သည်။

နန်ကုန်းကျင်း ထွက်ခွာသွားပြီး မကြာမီမှာပင် အခြားလူရိပ်တစ်ခု တောင်ပေါ်သို့ တက်လာသည်။ သူသည် ရွှေနီရောင် သံကြိုးကြီးကို ဆွဲလာပြီး ကြီးမားသော အရက်အိုးနှစ်အိုးကိုလည်း သယ်ဆောင်လာသည်။

"ဖယ်စမ်းကွာ.... အဲ့လက်ဖက်ရည်တွေ၊ အရက်က ပိုကောင်းတယ်ကွ…. ရော့ သောက်...." ဟု ဝမ်ယွမ်က သွားဖြူဖြူများ ပေါ်အောင် ရယ်ရင်း စားပွဲပေါ်တင်ချလိုက်သည်။

လူရင်းရှေ့တွင်မူ လော့ချန်သည် သူ၏ အရှိန်အဝါများကို ဘေးဖယ်ထားလိုက်သည်။ သူသည် ဂုဏ်သရေရှိ ဧည့်သည်များကို ဆီးကြိုနေသည့် ပညာရှိ ကျင့်ကြံသူတစ်ဦး မဟုတ်တော့ဘဲ ကုလားထိုင်ပေါ်တွင် ပျင်းရိစွာ မှီထိုင်ရင်း အဝေးက တိမ်တိုက်များနှင့် အသိုက်ပြန်နေကြသည့် ငှက်ကလေးများကို ငေးနေသော လူရွယ်တစ်ဦး ပြန်ဖြစ်သွား သည်။

ဝမ်ယွမ်က သူ၏ အရက်အိုးကို မြှောက်လိုက်သည်။

"ကဲ မင်းရဲ့အောင်မြင်မှုအတွက်...."

"ဟားဟား.... မဟုတ်သေးဘူးဗျ၊ ဒါ ကျွန်တော်တို့နှစ်ယောက်ရဲ့ အောင်မြင်မှုအတွက်...." ဟု လော့ချန်က ရယ်မောရင်း သူ၏ အရက်အိုးကို မြှောက်ကာ ဝမ်ယွမ်၏ အရက်အိုးနှင့် တိုက်လိုက်သည်။

သူ၏ စကားမှာ အားနာ၍ ပြောခြင်းမဟုတ်ဘဲ အမှန်တကယ်ပင် ဖြစ်သည်။ လော့ချန်၏ မြင့်မားသော အာရုံခံစားမှုအရ ဝမ်ယွမ်၏ အခြေအနေမှာ ယခင်ကကဲ့သို့ မတည်မငြိမ်ဖြစ်နေခြင်း မရှိတော့ဘဲ ချီသန့်စင်အဆင့်၏ အထွတ်အထိပ်တွင် ခိုင်မာနေကြောင်း သူ သိလိုက်ရသည်။ ဝမ်ယွမ်သည် အခြေခံတည်ဆောက်ခြင်းသို့ မရောက်သေးသော်လည်း တိုက်ခိုက်ရေးအတွက် ခိုင်မာသော အုတ်မြစ်ကို ရရှိထားပြီ ဖြစ်သည်။

"ဒါနဲ့ အစ်ကိုဝမ်...."

လော့ချန်က ပြုံးစစဖြင့် ပြောလိုက်သည်။

"အခု အစ်ကို အထွတ်အထိပ်အဆင့်ကို ရောက်နေပြီဆိုတော့ ဆေးလုံးကို သုံးပြီး အခြေခံ တည်ဆောက်ဖို့ မကြိုးစားကြည့်ဘူးလား”

သို့သော် ဝမ်ယွမ်က ခေါင်းခါပြလိုက်သည်။ သူသည် အရက်အိုးကို ချလိုက်ပြီး သက်ပြင်းချလိုက်သည်။

"ငါ သွေးလမ်းစဉ် ကို စကျင့်ကြံလိုက်ကတည်းက နောက်ပြန်လှည့်လို့ မရတော့ဘူးကွ"

"ဆိုလိုတာက.... ဟိုအစီအရင်ကပဲ အစ်ကို့အတွက် တစ်ခုတည်းသော ရွေးချယ်စရာပေါ့ ဟုတ်လား "

လော့ချန် အံ့သြစွာ မေးလိုက်သည်။

ဝမ်ယွမ်က ခေါင်းညိတ်ပြသည်။

"အေးလေ.... ငါ့မှာ နောက်ထပ် နှစ်ကြိမ်ပဲ ကြိုးစားခွင့် ကျန်တော့တယ်"

သူတို့နှစ်ဦးကြားတွင် ခဏတာ တိတ်ဆိတ်သွားသည်။ လော့ချန် ဆိုလိုသည့် အဓိပ္ပာယ်ကို နှစ်ဦးစလုံး ကောင်းစွာ သိကြသည်။ သူ ရည်ညွှန်းနေသည့် နည်းလမ်းမှာ ဝမ်ယွမ် တစ်ခါက အသုံးပြုခဲ့သည့် သွေးစွမ်းအား လုယူခြင်း အစီအရင်ပင် ဖြစ်သည်။ ၎င်းမှာ အလွန်ကြမ်းတမ်းသော နည်းလမ်းဖြစ်ပြီး ကျင့်ကြံသူကို အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ချက်ချင်း ရောက်ရှိစေနိုင်သော်လည်း ဘေးထွက်ဆိုးကျိုးမှာ အလွန်ကြီးမားလှသည်။ ဝမ်ယွမ်၏ ကိုယ်ထဲမှ သံကြိုးမှာ ထိုဆိုးကျိုး၏ သက်သေပင် ဖြစ်သည်။

စိတ်ဝိညာဉ်တည်ငြိမ်ခြင်း ပဋိညာဉ် ဆိုသည်မှာ အလွန်ဆုံး ဝမ်ယွမ်၏ စိတ်အာရုံကို ကြည်လင်နေစေရန်နှင့် တွမ်ချန်ခွန်း၏ ဝိညာဉ်ကြွင်းကျန်များက မနှောင့်ယှက်နိုင်ရန်အတွက် ကာကွယ်ရုံသက်သက်သာ ဖြစ်သည်။ ၎င်းမှာ ဖြေရှင်းနည်း အစစ်မဟုတ်ပေ။ ထိုပြဿနာကို အမြစ်ပြတ်ဖြေရှင်းရန်မှာ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိမှသာ ဖြစ်နိုင်ပေလိမ့်မည်။ သို့သော် ဝမ်ယွမ်မှာ တစ်ကြိမ် ကျရှုံးထားပြီး ဖြစ်သည်။ သူ့တွင် နှစ်ကြိမ်သာ အခွင့်အရေး ကျန်တော့သည်။

"ဖြတ်လမ်းလိုက်ရင် ဘေးတွေ့တတ်တယ်လို့ပဲ ဆိုရတော့မှာပဲကွာ...." ဟု ဝမ်ယွမ်က တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။

သူသည် ယခုအခါ စွမ်းအားများ ပြည့်လျှံနေပြီး ထိန်းချုပ်မထားသော ချီစွမ်းအားများ ရှိနေသည့် လော့ချန်ဘက်သို့ လှည့်ကြည့်လိုက်သည်။

"ငါ့လို လမ်းမှားမလိုက်နဲ့” ဟု သူ သတိပေးလိုက်သည်။

"ခြေလှမ်းတိုင်းကို ခိုင်ခိုင်မာမာလှမ်း ကြားလား"

လော့ချန် လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ သူ ထိုအမှန်တရားကို ကောင်းကောင်းသိသည်။ ဝမ်ယွမ်သည် ဖြတ်လမ်းလိုက်ခဲ့သဖြင့် ပေးဆပ်ခဲ့ရသလို၊ လော့ချန်ကိုယ်တိုင်လည်း ဆေးလုံးများနှင့် ဖြတ်လမ်းလိုက်ခဲ့သဖြင့် ဆေးအဆိပ်အတားအဆီးဒဏ်ကို ခံခဲ့ရသည်။ ထိုအန္တရာယ်ကို ဖယ်ရှားနိုင်မည့် နည်းလမ်း မတွေ့မချင်း သူသည် ဆေးလုံးများကို စည်းမဲ့ကမ်းမဲ့ သုံးစွဲတော့မည် မဟုတ်ပေ။ ယခု သူ၏ အဓိက လုပ်ငန်းမှာ ကျင့်ကြံမှုအဆင့်ကို ခိုင်မာစေရန်သာ ဖြစ်သည်။

"ဂုဏ်ပြုအခမ်းအနား ပြီးရင်တော့ ကျွန်တော် ခဏလောက် တံခါးပိတ်ကျင့်ကြံပြီး အုတ်မြစ်ကို ခိုင်မာအောင် လုပ်ဦးမယ်.... အဲဒီအချိန်ကျရင် လောထျန်းအဖွဲ့ကို အစ်ကိုဝမ်ပဲ ကြည့်ပေးပါဦး အစ်ကိုရာ"

ဝမ်ယွမ်က တွေဝေမနေဘဲ ခေါင်းညိတ်ပြလိုက်သည်။ ၎င်းမှာ သဘာဝကျလှပေသည်။ ထို့အပြင် ယခုအခါ သာမန်ကိစ္စရပ်များမှာ သူ့ဆီသို့ ရောက်လာခဲလှသည်။ နေ့စဉ် စီမံခန့်ခွဲမှု တာဝန်အများစုမှာလည်း သူ့အပေါ်တွင် မရှိတော့ပေ။ စီမာဟွေ့နန်၊ မုရုံချင်းလျန်၊ ကူချိုင်ယီနှင့် အခြားသူများက နေ့စဉ်ကိစ္စများကို ကိုင်တွယ်နေကြသဖြင့်၊ သူ၏ တာဝန်မှာ အရာအားလုံးကို ခိုင်မြဲစေမည့် တည်ငြိမ်သော ကျောက်ဆူးတစ်ခု၊ မလှုပ်မယှက်နိုင်သော တိုင်လုံးကြီးတစ်ခုအဖြစ် ရှိနေရန်သာ ဖြစ်သည်။ ယခုအခါ လော့ထျန်းအဖွဲ့တွင် ထိုတာဝန်ကို ထမ်းဆောင်ရန် သူတစ်ဦးတည်း ရှိတော့သည် မဟုတ်ပေ။

ယခုအခါ လော့ချန်သည် စစ်မှန်သော အခြေခံတည်ဆောက်ခြင်းအဆင့် ရှိသူ ဖြစ်လာလေပြီ။ ထိုဂုဏ်ပုဒ်တစ်ခုတည်းကပင် လေးနက်လှသည်။ ထိုအမည်ကို ကြားရုံနှင့်ပင် အခြားသူများက ပြောင်ချော်ချော်မလုပ်ရဲဘဲ အသေအချာစဉ်းစားကြပေလိမ့်မည်။

"ချင်လျန်ချန်း တို့နဲ့ မတွေ့တော့ဘူးလား”

လော့ချန်က ခေါင်းခါပြလိုက်သည်။

"ဟင့်အင်း.... မတွေ့သေးဘူး၊ ရက်နည်းနည်းလောက်တော့ ကျွန်တော် ဒီတဲအိမ်ကနေ ထွက်လို့ မရသေးဘူးဗျ"

"အေးပါ.... အေးပါ"

သူသည် အောင်မြင်စွာ အဆင့်တက်နိုင်ခဲ့သော်လည်း သူ၏ စိတ်ဝိညာဉ်မှာ မတည်ငြိမ်သေးပေ။ ဝမ်ယွမ်သည်လည်း ကြာရှည်မနေတော့ဘဲ စကားအနည်းငယ် ထပ်ပြောပြီးနောက် တောင်ပေါ်မှ ပြန်ဆင်းသွားတော့သည်။

လော့ချန်သည် ညမှောင်ရီအတွင်းသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသည့် ဝမ်ယွမ်ကို ကြည့်ကာ သက်ပြင်းတိုးတိုးလေး ချလိုက်မိသည်။ ဖြစ်နိုင်သည်မှာ ဝမ်ယွမ်အတွက်လည်း လာမည့် နှစ်အနည်းငယ်သည် ရှားပါးလှသော အေးချမ်းသည့် ကျင့်ကြံမှု အချိန်များ ဖြစ်လာပေလိမ့်မည်။

ဝမ်ယွမ်သည် ယခင်ကကဲ့သို့ စိတ်တိုတတ်သော၊ ခေါင်းမာသော ဘုဂလန့် လူတစ်ဦး မဟုတ်တော့ကြောင်း လော့ချန် သတိထားမိသည်။ ယခုမူ သူသည် တည်ငြိမ်ရင့်ကျက်လာပုံပေါ်လာပြီး ထိုရင်ကျင့်မှုမှာ ဒုက္ခပေါင်းစုံကို ကျော်ဖြတ်ပြီးမှ ရရှိလာသော ပိုမိုနက်ရှိုင်းသည့် ချင့်ချိန်နိုင်စွမ်းမှ ရလာခြင်း ဖြစ်တော့သည်။

All Chapters