အခန်း (၂၄၇-၂၄၈)
Vol. 22 Ch. 247-248
အပိုင်း (၂၄၇)
ဤစကားကို ကြားရချိန်မှာတော့ လူတိုင်း စဉ်းစားစရာ ဖြစ်သွားကြလေသည်။
‘ဟုတ်သားပဲ။ သခင်လေး အောက်မင်က အဲဒီလောက် ဉာဏ်ကောင်းတာ။ သူ့ဘေးမှာလည်း လူတွေ အများကြီး ရှိတယ်။ ဒီစာမူတွေထဲက ဝှက်စာတွေကို သူတို့ ရှာတွေ့နိုင်မှာပေါ့။ ဒီလောက် လွယ်လွယ်လေးနဲ့ ထောင်ချောက်ထဲ ကျစရာ အကြောင်း မရှိဘူး။ ဒါမှမဟုတ် ဒီကိစ္စက တကယ်ပဲ အောက်ကျင်း တစ်ယောက်တည်း လုပ်တာများလား။’
အောက်ထင်က ဤစကားကို ကြားပြီးနောက် သားဖြစ်သူ အောက်ကျင်းကို ပိုပြီး ပြင်းပြင်းထန်ထန် ရိုက်နှက်လေတော့သည်။
“မင်းကို ဆင်ခြေပေးခိုင်းလို့လား။ ဆင်ခြေပေးခိုင်းလို့လား။ ဧကရာဇ်မင်းမြတ် ဆီ စာတင်ပြီး မင်းရဲ့ ဘွဲ့ကို ရုပ်သိမ်းခိုင်းမယ်။ မင်းလို လူမျိုးက အင်ပါယာရဲ့ မှူးမတ်ဖြစ်ဖို့ ဘယ်လို မျက်နှာ ရှိမှာလဲ။ ဘိုးဘေးတွေကို သွားတွေ့ဖို့ ဘယ်လို မျက်နှာ ရှိမှာလဲ။”
ထိုအချိန်မှာပဲ ယွင်ကျုံးဟဲ့က ဖြည်းညင်းစွာ ထွက်လာကာ ပြောလိုက်၏။ “ဘိုးဘိုးကြီး… ဦးလေး အောက်ကျင်းလည်း တစ်ခဏတာ အမှားလုပ်မိတာပါ။ သူ့ကို ခွင့်လွှတ်လိုက်ပါ။ ခွင့်လွှတ်လိုက်ပါ။”
အောက်ယွီ (ယွင်ကျုံးဟဲ့) ထွက်လာသည်ကို မြင်တွေ့ရချိန်မှာတော့ အောက်ထင်၏ မျက်နှာမှာ ရှုံ့မဲ့သွားပြီး မျက်လုံးများအတွင်း၌ လူသတ်လိုသော အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။
သို့သော်ငြား အောက်ထင်သည် ယခုတစ်ကြိမ်တွင်မူ ကြင်နာတတ်သူအဖြစ် ဟန်မဆောင်တော့ဘဲ အေးစက်စက်သာ နေထိုင်လေ၏။
ထိုစဉ် ရုတ်တရက်ဆိုသလို တည်နေရာတစ်ခုလုံး တိတ်ဆိတ်သွားပြီး လေထုမှာလည်း လေးလံ ထိုင်းမှိုင်းသွား၏။ အရေးပါသော ပုဂ္ဂိုလ်ကြီးများ ရောက်ရှိလာတော့မည်ဖြစ်ကြောင်း သိသာထင်ရှားလှသည်။
လူအုပ်ကြီးမှာလည်း ရုတ်တရက် လမ်းဖယ်ပေးလိုက်ကြလေသည်။ လူတစ်ဒါဇင်ကျော် ထွက်ပေါ်လာရာ ၎င်းတို့မှာ ယွဲ့တန်းဖျင်အဖွဲ့ဝင် ဆယ့်သုံးဦးစလုံးပင် ဖြစ်ကြ၏။
ဤတစ်ကြိမ် ဖြစ်ပွားခဲ့သော ပြဿနာတွင် မည်သူက အထိခိုက် အနစ်နာဆုံးဖြစ်သနည်းဟု မေးမြန်းလျှင် အောက်မျိုးနွယ်စုနှင့် ယွဲ့တန်းဖျင်အဖွဲ့ပင် ဖြစ်ပေလိမ့်မည်။
အောက်မင်သည် ကြိုတင်၍ ကြေညာချက်ထုတ်ပြန်ကာ မိမိကိုယ်မိမိ ဖြူစင်အောင် လုပ်ဆောင် နိုင်ခဲ့သော်လည်း၊ ယွဲ့တန်းဖျင်မှာမူ ပထမနေရာနှင့် ဒုတိယနေရာ နှစ်ခုစလုံးကို အောက်မင်အား ပေးအပ်ခဲ့ပြီး ကျောက်တုံးမှတ်တမ်း၏ စာရေးဆရာမှာ အောက်မင်ဖြစ်ကြောင်း လူသိရှင်ကြား ကြေညာခဲ့ဖူးသည်။
ဤသို့သော အဖွဲ့အစည်းမျိုးမှာ ဂုဏ်သိက္ခာကို အရင်းခံ၍ ရပ်တည်နေရခြင်း ဖြစ်သည်။ သြဇာအာဏာ ကျဆင်းသွားသည်နှင့်အမျှ ယွဲ့တန်းဖျင်၏ တန်ဖိုးမှာလည်း လုံးဝပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။
ရက်အနည်းငယ်ကြာ တိုင်ပင်ဆွေးနွေးပြီးနောက် ယွဲ့တန်းဖျင်အဖွဲ့ဝင် ဆယ့်သုံးဦးတို့သည် ဤအချိန်တွင် လုံးဝ အလျော့မပေး၊ အမှားဝန်မခံတော့ဘဲ မာမာထန်ထန် ရပ်တည်သွားရန် ဆုံးဖြတ်ချက်ချလိုက်ကြသည်။ အမှားဝန်ခံလိုက်သည်နှင့် ၎င်းတို့၏ ရပ်တည်မှုမှာ လုံးဝပြီးဆုံးသွားမည် ဖြစ်သောကြောင့်ပင်။
ယခု ထိုလူဆယ့်သုံးဦး ထွက်လာချိန်တွင် ၎င်းတို့၏ မျက်နှာများပေါ်၌ ပြတ်သားသော အမူအရာများ ပေါ်လွင်နေသည်။
ဤပညာတတ် ဆယ့်သုံးဦးမှာ မူလကတည်းက ကျန်းကျိုးယဉ်ကျေးမှုလောက၏ ထိပ်တန်းတွင် ရှိနေသူများ ဖြစ်သကဲ့သို့ ကျန်းကျိုး၏ ထင်မြင်ယူဆချက် အာဏာကို ချုပ်ကိုင်ထားသော ပုဂ္ဂိုလ်ကြီးများလည်း ဖြစ်ကြ၏။
ယခုလို အတူတကွ ထွက်ပေါ်လာပြီး တည်ကြည်သော မျက်နှာထားများဖြင့် ရှိနေသောကြောင့် လူအများမှာ စိတ်အတွင်း၌ အနည်းငယ် ကြောက်ရွံ့လေးစားသွားကြလေသည်။
ဤသည်မှာ နောက်ထပ် ပြဿနာကြီးတစ်ခု ထပ်မံဖြစ်ပွားတော့မည်လားဟု တွေးတောစရာ ဖြစ်နေ၏။
ထိုလူဆယ့်သုံးဦးမှာ သပ်ရပ်စွာ တန်းစီရပ်လိုက်ကြပြီးနောက် ခေါင်းဆောင်ဖြစ်သူ စာပေပညာရှင်မှာ ရှေ့သို့ ထွက်လာလေသည်။
လူတိုင်းမှာ အသက်ရှူအောင့်၍ မည်သို့သော ပြဿနာကြီး ဖြစ်ပေါ်လာမည်နည်းဟု စောင့်ကြည့်နေကြ၏။
ယွင်ကျုံးဟဲ့က ရှေ့သို့ တိုးထွက်သွားပြီး ပြောလိုက်သည်။ “ကျုပ် အောက်ယွီ… ယွဲ့တန်းဖျင်က ဆရာကြီးတွေကို ဂါရဝပြုပါတယ်။”
ယွဲ့တန်းဖျင်မှ ပညာတတ် ဆယ့်သုံးဦးမှာ မျက်နှာသေဖြင့်သာ နေကြပြီး မည်သို့မှ တုံ့ပြန်ခြင်း မရှိကြပေ။
ယွင်ကျုံးဟဲ့က မေးမြန်းလိုက်သည်။ “ပြီးခဲ့တဲ့အခေါက်က ဆရာကြီးတို့ ယွဲ့တန်းဖျင်မှာ ကျောက်တုံး မှတ်တမ်းကို ပထမနေရာ ပေးခဲ့ပေမယ့် စာရေးဆရာကတော့ အောက်မင် ဖြစ်နေတယ်။ အခု ရက်အတော်ကြာသွားပြီ ဆိုတော့ ဆရာကြီးတို့ ပြင်ပြီးပြီလား မသိဘူး။”
ယွဲ့တန်းဖျင်၏ ခေါင်းဆောင် စာပေပညာရှင်က နားမလည်ဟန်ဖြင့် ပြောလိုက်၏။ “သခင်လေး အောက်ယွီ… ခင်ဗျား ဘာပြောချင်တာလဲဆိုတာ ပိုပြီး ရှင်းရှင်းလင်းလင်း ပြောတာ ကောင်းမယ်။”
ယွင်ကျုံးဟဲ့ကလည်း ပြုံးကာ ပြောလိုက်သည်။ “ယွဲ့တန်းဖျင်က ကျုပ်ကို ပေးရမယ့် ပထမနေရာကို ဘယ်တော့ ပြန်ပေးမလဲလို့ မေးတာပါ။”
အောက်ယွီသည် အမှန်တကယ်ပင် ဖြောင့်မတ်လွန်းလှသည်။ သူသည် မျက်နှာပြောင်တိုက်၍ ပထမနေရာကို တိုက်ရိုက်တောင်းဆိုလိုက်ခြင်းပင်။
ယွဲ့တန်းဖျင်၏ ခေါင်းဆောင် စာပေပညာရှင်က ခေါင်းခါလိုက်၏။ “သခင်လေး အောက်ယွီ… ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။”
ယွင်ကျုံးဟဲ့က နားမလည်ဟန်ဖြင့် မေးလိုက်သည်။ “ဘာဖြစ်လို့လဲ။”
ယွဲ့တန်းဖျင်၏ ခေါင်းဆောင် စာပေပညာရှင်က ပြောလိုက်၏။ “ဘာလို့လဲဆိုတော့ ဒီကျောက်တုံးမှတ်တမ်း စာအုပ်က ခင်ဗျား ရေးတာ လုံးဝ မဟုတ်လို့ပဲ။ ခင်ဗျားက ခိုးချတဲ့သူ သက်သက်ပဲ။”
ယွင်ကျုံးဟဲ့သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး မေးမြန်းလိုက်သည်။ “ဒါဆို ကျုပ်က ဘယ်သူ့ဆီကနေ ခိုးချရမှာလဲ။ သက်သေ ရှိလား။”
ယွဲ့တန်းဖျင်၏ ခေါင်းဆောင် စာပေပညာရှင်က ပြန်ဖြေလိုက်၏။ “သက်သေ မလိုဘူး။”
ယွင်ကျုံးဟဲ့က ထပ်မေးလိုက်သည်။ “မခိုင်လုံတဲ့ အကြောင်းပြချက်နဲ့လား။”
ယွဲ့တန်းဖျင်၏ ခေါင်းဆောင် စာပေပညာရှင်က ပြောလိုက်၏။ “ဟုတ်တယ်။ မခိုင်လုံတဲ့ အကြောင်းပြချက်နဲ့ပဲ။ ကျုပ်တို့က အစိုးရရုံးမှာ အမှုစစ်နေတာ မဟုတ်ဘူး။ ကျုပ်တို့ရဲ့ ယွဲ့တန်းဖျင်ဟာ ကိုယ်ပိုင်အမြင်နဲ့ ဝေဖန်သုံးသပ်တာ ဖြစ်တဲ့အတွက် သက်သေ အထောက်အထား မလိုဘူး။”
ပညာတတ်များက လူမိုက်ကဲ့သို့ လုပ်ဆောင်ကြလျှင် အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။
ယွဲ့တန်းဖျင်၏ ခေါင်းဆောင် စာပေပညာရှင်က မေးလိုက်၏။ “အောက်ယွီ… ခင်ဗျားကို မေးခွန်း အနည်းငယ် မေးမယ်။ ခင်ဗျား ဖြေရဲလား။”
ယွင်ကျုံးဟဲ့က ပြုံးလိုက်သည်။ “ဘာ မဖြေရဲစရာ ရှိလို့လဲ။”
ယွဲ့တန်းဖျင်၏ ခေါင်းဆောင် စာပေပညာရှင်က မေးမြန်းလိုက်၏။ “ဒီကျောက်တုံးမှတ်တမ်းကို ဘယ်မှာ ပုံနှိပ်ခဲ့တာလဲ။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “ထျန်းယီ စာအုပ်တိုက်မှာ။”
ယွဲ့တန်းဖျင်၏ ခေါင်းဆောင် စာပေပညာရှင်က ခေါင်းညိတ်လိုက်၏။ “ဒါဆို တိုက်ဆိုင်လိုက်တာ။ အဲဒီနေ့က ယွဲ့တန်းဖျင်အိမ်တော် အပြင်ဘက်မှာ ဝှက်စာတွေကို ဖော်ထုတ်ခဲ့တဲ့ သူကလည်း ထျန်းယီ စာအုပ်တိုက်က ကျူရန် ဝမ်ရွှေချင်း ပဲ။ အဲဒီလောက် နက်ရှိုင်းစွာ ဖွက်ထားတဲ့ ဝှက်စာတွေကို သူက လွယ်လွယ်ကူကူ ရှာတွေ့သွားတယ်။”
ယွင်ကျုံးဟဲ့သည် ပြုံးနေသော်လည်း ဘာမှ မပြောပေ။ ဝမ်ရွှေချင်းသည် ဆရာကြီး ကျူ့လန်ထျန်းက စီစဉ်ထားသောသူ ဖြစ်သည်။
ထို့အပြင် သူတစ်ဦးတည်းသာ မကဘဲ ဆရာကြီး ကျူ့လန်ထျန်းသည်လည်း ကျန်းကျိုးတွင် သြဇာအာဏာ အတိုင်းအတာတစ်ခုအထိ ရှိနေသူ ဖြစ်၏။ သို့သော်ငြား ယခင်က သူသည် နာမည်ကို မမက်မောသောကြောင့် မည်သည့်အခါမှ ပါဝင်ပတ်သက်ခြင်း မရှိခဲ့ပေ။
ယွဲ့တန်းဖျင်၏ ခေါင်းဆောင် စာပေပညာရှင်က ဆက်မေးလေသည်။ “သုံးလပိုင်း ဆယ့်သုံးရက်နေ့က ထျန်းယီ စာသင်ကျောင်းရဲ့ ကျောင်းအုပ်ကြီး ကျူ့လန်ထျန်းကို သွားတွေ့ခဲ့တယ် မဟုတ်လား။”
ယွင်ကျုံးဟဲ့က ရယ်မောရင်း ဖြေကြားလိုက်၏။ “ဟုတ်တယ်လေ။”
ယွဲ့တန်းဖျင်၏ ခေါင်းဆောင် စာပေပညာရှင်က ပြောလိုက်သည်။ “ဒီ ကျောက်တုံးမှတ်တမ်းဟာ ထူးချွန်တဲ့ လက်ရာ တစ်ခုပါ။ စာရေးဆရာဟာ မရေမတွက်နိုင်တဲ့ အတက်အကျတွေ၊ ကြီးကျယ်ခမ်းနားမှုတွေ၊ ဘဝရဲ့ ကြီးမားတဲ့ အပြောင်းအလဲတွေကို ကြုံတွေ့ခဲ့ရလို့ ဒီလောက် ကောင်းမွန်တဲ့ လက်ရာမျိုးကို ရေးနိုင်တာပါ။
ကျုပ်တို့ အားလုံးက ဒီစာအုပ်ကို ရေးတဲ့သူဟာ အသက် ငါးဆယ်အောက် မဖြစ်နိုင်ဘူးလို့ ယုံကြည်ကြပါတယ်။ ဒါဆို သခင်လေး အောက်ယွီ… ခင်ဗျား အသက် ဘယ်လောက် ရှိပြီလဲ။”
ယွင်ကျုံးဟဲ့က ဖြေကြားလိုက်၏။ “နှစ်ဆယ့်တစ်နှစ်”
ယွဲ့တန်းဖျင်၏ ခေါင်းဆောင် စာပေပညာရှင်က မေးခွန်းထုတ်လိုက်သည်။ “ဒီမှာ ရှိနေတဲ့ သူတွေ အားလုံးက ပညာတတ်တွေ ချည်းပါပဲ။ အသက် နှစ်ဆယ့်တစ်နှစ် အရွယ် လူငယ် တစ်ယောက်က ဒီလောက် နက်ရှိုင်းပြီး ဘဝရဲ့ အတက်အကျတွေကို ရောင်ပြန်ဟပ်နေတဲ့ ကျောက်တုံးမှတ်တမ်းကို ရေးနိုင်တယ်လို့ ခင်ဗျားတို့ ထင်လား။”
လူတိုင်းမှာ ခေါင်းယမ်းလိုက်ကြပြီး မရေးနိုင်ဟုပင် ထင်မြင်ကြလေသည်။ ဤစာအုပ်မှာ အလွန် နက်ရှိုင်းသိမ်မွေ့ပြီး ဘဝ၏ အတက်အကျများကို ထင်ဟပ်နေသောကြောင့် လူငယ်တစ်ဦး ရေးနိုင်သည့် ပုံစံမျိုး မဟုတ်သောကြောင့်ပင်။
ယွဲ့တန်းဖျင်၏ ခေါင်းဆောင် စာပေပညာရှင်က ဆက်ပြောလိုက်သည်။ “တိုက်ဆိုင်စွာနဲ့ပဲ ဒီလို ဆရာကြီး အဆင့်ရှိတဲ့ ပုဂ္ဂိုလ် တစ်ယောက် ရှိနေပါတယ်။ သူက ကြီးကျယ်ခမ်းနားမှုတွေကို ကြုံတွေ့ခဲ့ဖူးသလို ကြီးမားတဲ့ ကျဆုံးမှုတွေနဲ့ ပြောင်းလဲမှုတွေကိုလည်း ကြုံတွေ့ခဲ့ဖူးပါတယ်။
သူက လူ့ဘဝကို နားလည်သလို ရင်ထဲမှာလည်း နာကြည်းမှုတွေ ရှိနေပါတယ်။ ပြီးတော့ သူ့မှာ အရမ်းကို မြင့်မားတဲ့ စာပေစွမ်းရည် ရှိပါတယ်။ ကျန်းကျိုး စာပေလောကရဲ့ ထိပ်သီး တစ်ယောက်လို့တောင် ခေါ်လို့ ရပါတယ်။ အဲဒီလူက ဘယ်သူလဲ ဆိုတာ ကျုပ် ပြောစရာ မလိုတော့ဘူး ထင်ပါတယ်။”
လူတိုင်းမှာ အလိုအလျောက် လူတစ်ဦးကို ချက်ချင်းပဲ သတိရသွားကြသည်။ ၎င်းမှာ ယခင်အိမ်ရှေ့စံ၏ အကြံပေးအရာရှိ၊ ပညာရေးဝန်ကြီးဟောင်းနှင့် လက်ရှိ ထျန်းယီစာသင်ကျောင်း၏ ကျောင်းအုပ်ကြီးဖြစ်သူ ကျူ့လန်ထျန်းပင် ဖြစ်၏။
ယွဲ့တန်းဖျင်၏ ခေါင်းဆောင် စာပေပညာရှင်က ဆက်ပြောလိုက်သည်။ “အားလုံး သိတဲ့အတိုင်း ဆရာကြီး ကျူ့လန်ထျန်း နဲ့ အမတ်ချုပ်ကြီးလင်တို့ကြားမှာ ပဋိပက္ခတွေ၊ တိုက်ပွဲတွေ ရှိခဲ့ပါတယ်။ နောက်ဆုံးမှာ သူ ရှုံးနိမ့်ပြီး ရာထူးကနေ ဆင်းပေးခဲ့ရပါတယ်။
အောက်မင်က အမတ်ချုပ်ကြီးလင်ရဲ့ တပည့် ဖြစ်နေတော့ ဒီတစ်ခေါက် စာအုပ် ယှဉ်ပြိုင်မှုဟာ ယဉ်ကျေးမှု ယှဉ်ပြိုင်မှု သက်သက် မဟုတ်ဘဲ နိုင်ငံရေး တိုက်ပွဲ တစ်ခု ဖြစ်နေပါတယ်။”
ထိုစကားကို ကြားချိန်မှာတော့ လူတိုင်းမှာ သဘောပေါက်သွားကြတော့သည်။ ဆရာကြီး ကျူ့လန်ထျန်းသည် အောက်ယွီကို အသုံးချကာ အောက်မင်ကို တိုက်ခိုက်ခြင်း ဖြစ်သကဲ့သို့၊ အမတ်ချုပ်ကြီးလင်ကိုပါ ဆွဲချရန် ကြိုးပမ်းခြင်း ဖြစ်သည်ဟု ယူဆသွားကြ၏။
ထို့ကြောင့် ဤကျောက်တုံးမှတ်တမ်းမှာ အောက်ယွီ ရေးသားခြင်း မဟုတ်ဘဲ ဆရာကြီး ကျူ့လန်ထျန်း ရေးသားခြင်းဖြစ်ကာ အောက်မင်ကို အနိုင်ယူနိုင်ရန်အတွက် အောက်ယွီအား ပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု တွေးတောလိုက်ကြရာ ဤကိစ္စမှာ ယုတ္တိတန်သွားလေသည်။
ဆရာကြီး ကျူ့လန်ထျန်းကဲ့သို့သော ပုဂ္ဂိုလ်မျိုးမှသာ ဤကဲ့သို့သော ဂန္ထဝင်မြောက် စာအုပ်မျိုးကို ရေးသားနိုင်မည် မဟုတ်ပါလား။ ထိုမျှသာမကဘဲ သူသည် အောက်မင်အား ထောင်ချောက်ဆင်ကာ စာမူခိုးယူသည့် ပြဿနာကို ဖန်တီးခဲ့ခြင်းမှာ အမတ်ချုပ်ကြီးလင်ကို တိုက်ခိုက်ရန်ပင် ဖြစ်၏။
ယွဲ့တန်းဖျင်၏ ခေါင်းဆောင် စာပေပညာရှင်က ပြောလိုက်သည်။ “အောက်ယွီ… ဒါကြောင့် ကျုပ်တို့ ယွဲ့တန်းဖျင်မှာ ခင်ဗျားရဲ့ နာမည် လုံးဝ မပါပါဘူး။ ပြီးတော့ ဘယ်တော့မှလည်း ပါမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျုပ်တို့ ယွဲ့တန်းဖျင်က နာမည်ကြီးချင်တဲ့ သူခိုးတွေကို ဘယ်တော့မှ အကဲမဖြတ်လို့ပါ။
ပြီးတော့ ကျုပ်တို့ ယွဲ့တန်းဖျင်က ခင်ဗျားတို့ရဲ့ ယုတ်မာတဲ့ နိုင်ငံရေး တိုက်ပွဲတွေမှာ ကိရိယာ တစ်ခု၊ လက်နက် တစ်ခုအဖြစ် ဘယ်တော့မှ အသုံးချမခံပါဘူး။
ကျေးဇူးပြုပြီး ကျန်းကျိုး ယဉ်ကျေးမှု လောကကို သန့်ရှင်းတဲ့ ပတ်ဝန်းကျင် တစ်ခုအဖြစ် ထားပေးပါ။ ဒီရေကြည်လေးကို မညစ်ပတ်စေပါနဲ့။ လန်ကျန်းမြစ်ရေက အရမ်း ကြည်လင်ပါတယ်။ ခင်ဗျားတို့လို ညစ်ပတ်တဲ့ အရာတွေကို လက်မခံနိုင်ပါဘူး။”
သောက်ကျိုးနည်း… အမှန်တကယ်ပင် ထက်မြက်လှသည်။ ဤယွဲ့တန်းဖျင်အဖွဲ့သည် ယွင်ကျုံးဟဲ့ကို အငြိုးတကြီးဖြင့် တိုက်ခိုက်နေကြပြီး မည်သို့မှ အလျော့ပေးမည့်ပုံ မပေါ်ပေ။ သူတို့၏ နည်းလမ်းမှာလည်း အလွန်ပင် ကောင်းမွန်လှသည်။
ဤစစ်မြေပြင်တွင် မအောင်မြင်နိုင်သည့်အခါ စစ်ပွဲ၏အဆင့်အတန်းကို မြှင့်တင်လိုက်ကြပြီး ညီအစ်ကို နှစ်ဦးကြားရှိ ပြဿနာကို နိုင်ငံရေးတိုက်ပွဲအဖြစ်သို့ အသွင်ပြောင်းလဲပစ်လိုက်ကြသည်။ ထိုသို့ဖြစ်ရာ လူအများ၏ အာရုံစိုက်မှုမှာလည်း ချက်ချင်းပဲ ပြောင်းလဲသွားတော့၏။
ထိုအချိန်တွင် အောက်မင်သည် ထမ်းစင်ပေါ်မှနေ၍ ရုန်းကန်ထလာ၏။ သူသည် ပြင်းထန်စွာ ချောင်းဆိုးရင်း ယွင်ကျုံးဟဲ့ကို ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။ “ညီလေး အောက်ယွီ… ကျုပ်တို့ ညီအစ်ကို နှစ်ယောက်ကြားမှာ ပြဿနာရှိရင် တံခါးပိတ်ပြီး အေးအေးဆေးဆေး ဖြေရှင်းကြတာပေါ့။ တခြားသူတွေရဲ့ အသုံးချခံ မဖြစ်ပါစေနဲ့။ တခြားသူတွေရဲ့ ဓားမဖြစ်ပါစေနဲ့။
ကိုယ့်လူတွေ နာကျင်ရပြီး ရန်သူတွေ ပျော်ရမယ့် အလုပ်မျိုး မလုပ်ပါနဲ့။ ပြီးတော့ အစ်ကို တစ်ယောက် အနေနဲ့ နင့်ကို အကြံပေးချင်ပါတယ်။ လူဆိုတာ မြေကြီးပေါ် ခြေချပြီး ရပ်တည်ရမယ်။ အရမ်း ကြီးမားတဲ့ ရည်မှန်းချက်တွေ မထားပါနဲ့။ အနိုင်မလိုချင်ပါနဲ့။
ပြီးတော့ ဒီစာပေယှဉ်ပြိုင်မှုမှာ ညီလေး နိုင်ချင်တယ် ဆိုရင်လည်း အစ်ကိုက အရှုံးပေးလိုက်ပါ့မယ်။ တခြားသူတွေရဲ့ အသုံးချခံ မဖြစ်ပါစေနဲ့။ နောက်ဆုံးကျရင် ကိုယ့်ကိုယ်ကိုယ်ရော သူများပါ ဒုက္ခရောက်ပြီး ကျုပ်တို့ အောက်မျိုးနွယ်စု တစ်ခုလုံးကို ဖျက်ဆီးပစ်သလို ဖြစ်သွားလိမ့်မယ်။”
.....................
အပိုင်း (၂၄၈)
ပညာတတ်များ၏ မျက်နှာနှစ်ဖက်ကို ယွင်ကျုံးဟဲ့သည် အမှန်တကယ်ပင် မြင်တွေ့လိုက်ရပြီ ဖြစ်သည်။ အမှန်တကယ်ပင် အံ့သြဖွယ် ကောင်းလှ၏။
သူတို့မှာ အနိုင်ရလိုရုံတင်မကဘဲ တစ်ဖက်လူအား အရှက်တကွဲ ဖြစ်စေလိုကြခြင်း ဖြစ်သည်။ အနိုင်ရရုံဖြင့် မကျေနပ်ဘဲ မိမိတို့မှာ တရားမျှတသောကြောင့် နိုင်ခြင်းဖြစ်ကြောင်းကိုပါ သက်သေပြလိုကြခြင်းပင်။
အောက်မင်မှစ၍ ယွဲ့တန်းဖျင်မှ ပညာတတ် ဆယ့်သုံးဦးအထိ လူတိုင်းမှာ ကိုယ်ကျင့်တရား အမြင့်မားဆုံးသော နေရာမှနေ၍ တစ်ဖက်လူအား ဖျက်ဆီးပစ်ရန် ကြံစည်နေကြခြင်း ဖြစ်၏။
၎င်းတို့၏ နည်းလမ်းများကို ကြည့်ရှု၍ သင်ယူရပေမည်။ ၎င်းတို့ ပက်ဖျန်းလိုက်သော ရေပုပ်များမှာ တစ်ဖက်လူအနေဖြင့် မည်သို့မှ ဆေးကြော၍ မရနိုင်အောင် လုပ်ဆောင်ထားခြင်း ဖြစ်သည်။
၎င်းတို့က ထိုကျောက်တုံးမှတ်တမ်းကို ကျူ့လန်ထျန်း ရေးသားခြင်းဖြစ်သည်ဟု တိုက်ရိုက်စွပ်စွဲလိုက်ကြပြီး၊ ယွင်ကျုံးဟဲ့အား ပေးအပ်ခြင်းမှာ အမတ်ချုပ်ကြီးလင်ကို နိုင်ငံရေးအရ တိုက်ခိုက်ရန် ဖြစ်သည်ဟု ပြောလိုက်ကြ၏။
ထိုကျောက်တုံးမှတ်တမ်းကို မိမိကိုယ်တိုင် ရေးသားခြင်းဖြစ်ကြောင်း ယွင်ကျုံးဟဲ့အနေဖြင့် မည်သို့ သက်သေပြနိုင်မည်နည်း။ ဤစာအုပ်ကို အစအဆုံး ပြောင်းပြန်ရွတ်ပြနိုင်လျှင်ပင် အရာထင်မည် မဟုတ်ပေ။ ထိုအရာမှာ ကြိုတင်ကျက်မှတ်ထားခြင်းဖြစ်သည်ဟု ပြောကြမှာဖြစ်သည်။
ကျူ့လန်ထျန်းကိုယ်တိုင် ထွက်လာ၍ ဤကျောက်တုံးမှတ်တမ်းမှာ မိမိရေးသားခြင်း မဟုတ်ဘဲ အောက်ယွီ ရေးသားခြင်းဖြစ်ကြောင်း ပြောကြားလျှင်ပင် အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။
သို့သော်ငြား အခြားသော နည်းလမ်း ရှိနေသေးသည်။ ယွင်ကျုံးဟဲ့အနေဖြင့် ဖန်ရှန်းကဲ့သို့ လူအများရှေ့တွင် ကဗျာသုံးရာခန့် ရွတ်ပြကာ မိမိ၏ ထူးချွန်သော ပါရမီကို သက်သေပြသ၍ ရနိုင်သည်။
(ဖန်ရှန်း - တရုတ်စာရေးဆရာ Mao Ni ရေးသားခဲ့တဲ့ နာမည်ကြီး အွန်လိုင်းဝတ္ထု Joy of Life ထဲက အဓိကဇာတ်ကောင်တစ်ဦး၊ ခေတ်သစ်က မှတ်ဉာဏ်များ ရှိနေသောကြောင့် ရှေးဟောင်းတရုတ်ကဗျာတွေကို ပြန်ရွတ်ပြပြီး ကဗျာနတ်ဘုရား (Poet Immortal) လို့ တင်စားခံရတဲ့အထိ နာမည်ကျော်သူ)
သို့သော်ငြား ဤသို့ လုပ်ဆောင်၍ မဖြစ်နိုင်ပေ။ ယွင်ကျုံးဟဲ့အနေဖြင့် ဥပဒေမဲ့နယ်မြေ၌ ပြသခဲ့သော ပါရမီများကို တောင်ပိုင်းကျိုးအင်ပါယာသို့ ရောက်ရှိချိန်တွင် တတ်နိုင်သမျှ ဖုံးကွယ်ထားခြင်းက အကောင်းဆုံး ဖြစ်သည်။ ဤသည်မှာ အခြားသူများက ဆက်စပ်တွေးတောမိမည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။
အမှန်တကယ်တွင်မူ ဤသည်မှာ ကြိုတင် ကာကွယ်ထားခြင်းသာ ဖြစ်သည်။ မည်သူမှ အောက်ယွီနှင့် ယွင်ကျုံးဟဲ့ကို ဆက်စပ်တွေးတောမိမည် မဟုတ်ပေ။
တစ်လောကလုံး၏ အမြင်တွင် ယွင်ကျုံးဟဲ့မှာ သေဆုံးသွားပြီဖြစ်ပြီး သူ့ကို ယန်ဖြန်ရှန်ကိုယ်တိုင် သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။ ထို့အပြင် တာယင်အင်ပါယာကလည်း ယွင်ကျုံးဟဲ့ သေဆုံးမှုအတွက် အစဉ်အလာ မရှိလောက်အောင် ပြင်းပြင်းထန်ထန် လက်စားချေခဲ့ဖူးသည်။
အရေးကြီးဆုံးအချက်မှာ ယွင်ကျုံးဟဲ့နှင့် အောက်ယွီတို့၏ ရုပ်ရည်မှာ အလွန် ကွာခြားလှခြင်း ဖြစ်သည်။ ထို့အပြင် လက်ရှိ သူ သရုပ်ဆောင်နေသော အောက်ယွီ၏ ပုံစံမှာလည်း မည်သည့်ဟာကွက်မှ မရှိပေ။
ပို၍ အရေးကြီးသည်မှာ ထိုကျောက်တုံးမှတ်တမ်းကို မိမိရေးသားခြင်းဖြစ်ကြောင်း ယွင်ကျုံးဟဲ့အနေဖြင့် သက်သေပြရန် မလိုအပ်ခြင်းပင်။
ရန်သူများက ဤစာအုပ်ကို ကျူ့လန်ထျန်း ရေးသားသည်ဟု ထင်မြင်နေခြင်းမှာ သူ၏အတွက် ပို၍ပင် အကျိုးရှိနေသေးသည်။
“ခိုင်လုံတဲ့ အကြောင်းပြချက် မလိုဘူး… ခိုင်လုံတဲ့ အကြောင်းပြချက် မလိုဘူးဟုတ်လား။”
ယွင်ကျုံးဟဲ့က အေးစက်စက် ရယ်မောလိုက်ပြီး ပြောလိုက်၏။ “ဒီပြစ်မှုက တကယ်ကို စိတ်ဝင်စားစရာ ကောင်းတာပဲ။”
ယွဲ့တန်းဖျင်မှ ပညာတတ် ဆယ့်သုံးဦးကို ကြည့်ရှုလိုက်လျှင် သူတို့၏ ဟန်ပန်မှာ ချင်ကွေ့ကဲ့သို့ မဟုတ်ဘဲ တုန်းလင်ပါတီ၏ အစပျိုးမှုမျိုး ဖြစ်နေသည်ကို တွေ့ရသည်။
(ချင်ကွေ့ - တရုတ်သမိုင်း နန်ဆုန့်မင်းဆက်မှာ အထင်ရှားဆုံးနဲ့ အမုန်းခံရဆုံး သစ္စာဖောက် ဝန်ကြီးတစ်ဦး ဖြစ်ပြီး တရုတ်လူမျိုးများက မျိုးချစ်စစ်သူကြီး ယွီဖေးကို မဟုတ်မမှန် စွပ်စွဲချက်တွေနဲ့ သတ်ဖြတ်ခဲ့သူအဖြစ် သမိုင်းမှာ မှတ်တမ်းတင်ခံရသူ
တုန်းလင်ပါတီ - တရုတ်မင်းဆက်၏ နောက်ဆုံးကာလဖြစ်သော မင်မင်းဆက် နှောင်းပိုင်းတွင် အလွန် ဩဇာကြီးမားခဲ့ပြီး အကျင့်ပျက်ခြစားမှုကို ဆန့်ကျင်ပြီး ကွန်ဖြူးရှပ်ဝါဒ ကျင့်ဝတ်တွေကို အလေးထားသည့် ပညာတတ် အရာရှိကြီးများနှင့် စုဖွဲ့ထားသည့် နိုင်ငံရေးအစုအဖွဲ့တစ်ခု)
တောင်ပိုင်းကျိုးအင်ပါယာ ဧကရာဇ်အနေဖြင့် မည်သို့တွေးတောနေမည်ကို မသိနိုင်ပေ။ အင်ပါယာအတွင်းရှိ စစ်ဖက်နှင့် အရပ်ဖက်အင်အားစုများကို မျှတအောင် မည်သို့ လုပ်ဆောင်လိုနေခြင်း ဖြစ်မည်နည်း။
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဒီလိုဆိုရင် ကျုပ်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်လို့ မရတော့ဘူးပေါ့။ ကျုပ် ဘာပဲပြောပြော ကျောက်တုံးမှတ်တမ်းရဲ့ စာရေးဆရာပါလို့ သက်သေပြလို့ မရတော့ဘူးပေါ့။”
ယွဲ့တန်းဖျင်၏ ခေါင်းဆောင် စာပေပညာရှင်က မေးလိုက်၏။ “တရားမျှတမှု ဆိုတာ လူတွေရဲ့ ရင်ထဲမှာ ရှိပါတယ်။ ထိုနေရာတွင် ရှိနေတဲ့ ပညာတတ်တွေကို မေးကြည့်လိုက်ပါ။ ထိုစာအုပ်ကို ခင်ဗျား ရေးတာလို့ သူတို့ ယုံကြည်ကြမလား။
ကျူ့လန်ထျန်းက ထိုစာအုပ်ကို ခင်ဗျားကို ပေးတာက သူ့ရဲ့ နိုင်ငံရေး ရည်ရွယ်ချက် ရှိလို့လေ။ သူ့ရဲ့လုပ်ရပ်ကို ကျုပ် လက်မခံပေမည့် သူ့ရဲ့ ပါရမီကိုတော့ ကျုပ် မငြင်းနိုင်ဘူး။ ဒါပေမဲ့ ခင်ဗျားက ဘယ်လိုမျက်နှာနဲ့ ထိုစာအုပ်ကို ယူရဲတာလဲ။ ခင်ဗျားလို နာမည်ကြီးချင်တဲ့ သူခိုးက ကျုပ်တို့ ကျန်းကျိုး ပညာတတ်တွေကို လူမထင်တာလား။”
ယွင်ကျုံးဟဲ့က ပြန်မေးလိုက်သည်။ “ဒါဆို ကျုပ်ရဲ့ ပါရမီကို ဘယ်လို သက်သေပြရမလဲ။ လူအများရှေ့မှာ ကဗျာ တစ်ဒါဇင်လောက် ရွတ်ပြရမလား။”
“မလိုဘူး… ကျုပ်တို့လည်း နားမထောင်ချင်ဘူး။”
ယွဲ့တန်းဖျင်၏ ခေါင်းဆောင် စာပေပညာရှင်က ပြောလိုက်၏။ “ကျူ့လန်ထျန်းက ကဗျာဆရာကြီး တစ်ယောက်ပဲလေ။ ပြီးတော့ ကျုပ်တို့ ခင်ဗျားကို စာမေးပွဲ စစ်ချင်စိတ် နည်းနည်းလေးမှ မရှိဘူး။”
အောက်မင်က ဝင်ပြောလိုက်သည်။ “ညီလေး အောက်ယွီ… မင်းက ငယ်ပါသေးတယ်။ အတွေ့အကြုံလည်း နည်းတယ်။ နိုင်ငံရေးလောကဆိုတာ ဘယ်လောက် အန္တရာယ်များလဲ မင်း မသိဘူး။ မင်း အခုလို ဝင်ပါလိုက်တာက အဖေ့ကိုရော မိသားစု တစ်ခုလုံးကိုပါ ဒုက္ခရောက်စေလိမ့်မယ်။ ကျုပ်တို့ နှစ်ယောက်ရဲ့ အရှုံးအနိုင်က အသေးအဖွဲပါ။ မိသားစု တစ်ခုလုံးရဲ့ ကံကြမ္မာကမှ အဓိကပါ။”
“ဟား ဟား ဟား…”
ယွင်ကျုံးဟဲ့က ဒေါသထွက်လွန်းသောကြောင့် ရယ်မောကာ ပြောလိုက်၏။ “အခု ကြည့်ရတာ ကျုပ်က ထျန်းကျန်းမြစ်ထဲ ခုန်ချပြီး ဆေးရင်တောင် စင်တော့မှာ မဟုတ်ဘူးပေါ့။ ခင်ဗျားတို့ အားလုံးရဲ့ စိတ်ထဲမှာ ကျုပ်က တခြားသူတွေရဲ့ အသုံးချခံ လူမိုက် တစ်ယောက်၊ ကျူ့လန်ထျန်းရဲ့ လက်ရာကို ကိုယ်ပိုင် အဖြစ် ခိုးယူတဲ့ နာမည်ကြီးချင်တဲ့ သူခိုး တစ်ယောက် ဖြစ်နေပြီပေါ့။”
လူတိုင်းက ယွင်ကျုံးဟဲ့ကို တိတ်ဆိတ်စွာ ကြည့်ရှုနေကြပြီး သူတို့ ထိုသို့ ထင်မြင်နေကြသည်မှာ သေချာလှသည်။
ယွဲ့တန်းဖျင် ခေါင်းဆောင်၏ ရှင်းပြချက်အရ ကျောက်တုံးမှတ်တမ်းမှာ ဘဝ၏ အနိမ့်အမြင့်များကို ကြုံတွေ့ခဲ့ရသော သက်လတ်ပိုင်း သို့မဟုတ် သက်ကြီးပိုင်း ပုဂ္ဂိုလ်တစ်ဦး ရေးသားခြင်းဖြစ်သည်မှာ သေချာလှပြီး အောက်ယွီကဲ့သို့သော လူငယ်တစ်ဦး ရေးသားနိုင်ခြင်း မရှိဟု ယူဆကြ၏။
ကျူ့လန်ထျန်းဟူသော အမည်ကို ထုတ်ဖော်ပြောကြားလိုက်သည်နှင့် တပြိုင်နက် ထိုစာအုပ်၏ မူရင်း စာရေးဆရာမှာ သူပင်ဖြစ်သည်ဟု လူတိုင်းက ချက်ချင်းပင် ယုံကြည်သွားကြတော့သည်။
ယွင်ကျုံးဟဲ့သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ပြောလိုက်၏။ “ယွဲ့တန်းဖျင်က စာပေပညာရှင်တို့… ခင်ဗျားတို့က ကျုပ်ကို အသုံးမကျတဲ့သူ၊ သတင်းတွေ ထွက်နေသလို လောကနံပါတ်တစ် အသုံးမကျတဲ့လူလို့ သေချာပေါက် ယုံကြည်နေကြတာပေါ့”
ယွဲ့တန်းဖျင်မှ ပညာတတ် ဆယ့်သုံးဦးမှာ ပြုံးနေကြသော်လည်း ဘာမှမပြောပေ။
ယွင်ကျုံးဟဲ့က မေးမြန်းလိုက်သည်။ “စာပေပညာရှင်တို့… ခင်ဗျားတို့က ကျုပ်ကို မတရား စွပ်စွဲတယ်။ ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘဲ စွပ်စွဲလို့ ကျုပ် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခွင့် မရှိဘူး။ ဒါဆိုရင် ကျုပ် မေးပါရစေ။
တကယ်လို့ ကျုပ်မှာ အံ့မခန်း ပါရမီ ရှိတယ်ဆိုတာ သက်သေပြနိုင်ရင်၊ ယွဲ့တန်းဖျင်ရဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်တယ် ဆိုတာ သက်သေပြနိုင်ရင်၊ ခင်ဗျားတို့က မမြင်သာတဲ့ အကြောင်းပြချက်တွေနဲ့ ကျုပ်ကို ပိတ်ပင်ခဲ့တယ်ဆိုရင် ဘယ်လိုလုပ်မလဲ။”
ယွဲ့တန်းဖျင်၏ တတိယမြောက် စာပေပညာရှင်က ပြန်မေးလိုက်၏။ “ခင်ဗျား ဘာလုပ်ချင်လို့လဲ။”
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “ကျန်းကျိုး ယွဲ့တန်းဖျင်ကို ဖျက်သိမ်းလိုက်ရင်ကော။ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားတို့က မျက်ကန်းတွေပဲလေ။ ကျန်းကျိုးမှာ ဆက်ပြီး နာမည်နဲ့ငွေ လိမ်စားနေဖို့ မျက်နှာမှ မရှိတော့တာ။”
ထိုစကားကို ကြားရချိန်မှာတော့ ယွဲ့တန်းဖျင် ပညာတတ်များ၏ မျက်နှာများမှာ ပျက်ယွင်းသွားလေသည်။ သို့သော်ငြား သူတို့သည် ယွင်ကျုံးဟဲ့ကို ပြန်လည်ဆဲရေးခြင်း မပြုရဲပေ။ သူတို့က မပြောဆိုသော်လည်း သူတို့၏ ပရိသတ်များကမူ ပြောဆိုပေးကြလိမ့်မည်။
“ရိုင်းစိုင်းလိုက်တာ။ တကယ်ကို အသိဉာဏ် မရှိ၊ ရိုင်းစိုင်းပြီး အောက်တန်းကျတဲ့ လူမိုက်ပဲ။ လူတွေ ဒီလောက် များတာတောင် အရှက်မရှိ စကားကြီး စကားကျယ် ပြောရဲတယ်။ ခင်ဗျားလို အရိုင်းအစိုင်းကများ ကျောက်တုံးမှတ်တမ်းကို ရေးနိုင်တယ်ပေါ့။ အရှက်ဆိုတဲ့ စာလုံးကို ဘယ်လို ရေးရလဲ ဆိုတာ ခင်ဗျား သိလို့လား။
စာလုံး ဘယ်နှလုံး သိလို့လဲ။ ကျောက်တုံးမှတ်တမ်းရဲ့ အဆင့်အတန်း ဘယ်လောက်မြင့်လဲ ဆိုတာ ခင်ဗျား သိလို့လား။ ကိုယ့်ကိုယ်ကိုယ် စာရေးဆရာလို့ ပြောရဲသေးတယ်။ တကယ်ကို ဘာမှ မသိလို့ ဘာမှ မကြောက်တာပဲ။”
“ဟုတ်တယ်… ကျောက်တုံးမှတ်တမ်းကို ရေးတဲ့ စာရေးဆရာက ဒီလောက် ရိုင်းစိုင်းမှာ မဟုတ်ဘူး။ လူအများရှေ့မှာ ဆဲရေးတိုင်းထွာတာက ဂုဏ်သိက္ခာ ကျဆင်းစေတယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဝေမြို့စားကြီး အိမ်တော်က လူတွေ ရောက်ပြီလား။”
ထိုအခါ လူတစ်ဦး ထွက်ပေါ်လာရာ၏။ ထိုသူမှာ ရုပ်ရည်သန့်ပြန့်သော ဝေမြို့စားကြီးအိမ်တော်၏ သခင်လေးပင် ဖြစ်၏။
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကောင်းတယ်… ကောင်းတယ်။ ဒါဆို အားလုံး အတူတူ လာခဲ့ကြ...”
ထို့နောက် သူသည် သက်ပြင်းရှည်ကြီး တစ်ချက် ချကာ မေးလိုက်၏။ “ယွဲ့တန်းဖျင်က စာပေပညာရှင်တို့… အစ်ကို အောက်မင်… ကျုပ်တို့ တာ့ကျိုး အင်ပါယာရဲ့ စာမေးပွဲ စနစ်က တရားမျှတမှု ရှိတယ်လို့ ခင်ဗျားတို့ ထင်လား။”
“သေချာပေါက် တရားမျှတတာပေါ့။”
“ဧကရာဇ်မင်းမြတ်က အရမ်းကို ပညာရှိပြီး အမြော်အမြင် ကြီးမားတယ်။ နှစ်စဉ်နှစ်တိုင်း ကျင်းပတဲ့ စာမေးပွဲတွေ အားလုံးက တရားမျှတမှု ရှိပါတယ်။”
အောက်မင်နှင့် ယွဲ့တန်းဖျင် ပညာတတ်များမှာ ထိုသို့ပင် ဖြေကြားကြမှာဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူတို့မှာ စာမေးပွဲစနစ်၏ အကျိုးကျေးဇူးကို ခံစားနေရသူများ ဖြစ်သောကြောင့်ပင်။
ထို့အပြင် လက်ရှိအချိန်တွင် တောင်ပိုင်းကျိုးအင်ပါယာ၌ ဖြစ်စေ၊ တာယင်အင်ပါယာ၌ ဖြစ်စေ ပညာတတ် အမတ်များသည် ဧကရာဇ်၏ အရိပ်အောက်တွင် ရှိနေကြရဆဲ ဖြစ်သည်။ လူအများရှေ့၌ ဧကရာဇ်၏အပြစ်ကို မည်သူမှ မပြောဆိုရဲကြပေ။
ထိုအချက်မှာ မင်မင်းဆက်နှောင်းပိုင်းမှ ဧကရာဇ်အပါအဝင် မည်သူ့ကိုမဆို ဆဲရေးရဲသော တုန်းလင်ပါတီနှင့် မတူညီသည့်အချက် ဖြစ်၏။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ကျုပ်တို့ တာ့ကျိုး အင်ပါယာရဲ့ စာမေးပွဲ စနစ်ဟာ တရားမျှတမှု ရှိတယ်လို့ ခင်ဗျားတို့ အားလုံး လက်ခံထားတယ် ဆိုရင် ကျုပ် အောက်ယွီ စာမေးပွဲ ဝင်ဖြေရင် လိမ်လည်လို့ ရမလား။”
လူတိုင်းက လှောင်ပြောင်ရယ်မောလိုက်ကြလေ၏။ ‘ခင်ဗျားက လိမ်ချင်နေသေးတာလား။’
သူ၏ဖခင်မှာ နုလန်ဟောက် ဖြစ်သည်မှာ မှန်သော်လည်း စာမေးပွဲစနစ်မှာ ပညာတတ်များ၏ နယ်ပယ်ပင် ဖြစ်သည်။ သူ၏ဖခင် အောက်ရှင်းကဲ့သို့ အပေါင်းအသင်း မရှိသောလူမျိုးကို မည်သူက လိမ်လည်ခွင့် ပေးမည်နည်း။ စာမေးပွဲတွင် လိမ်လည်ရန်မှာ အဆက်အသွယ်နှင့် ပညာတတ်အမတ်များ၏ အင်အား မည်မျှ ကြီးမားရမည်နည်း။
ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်သည်။ “ဒီအချက်က အရမ်း အရေးကြီးတယ်နော်။ ကျုပ်တို့ အရင် သဘောတူထားဖို့ လိုတယ်။ မဟုတ်ရင် ဆောင်းဦးရာသီ ပြည်နယ် စာမေးပွဲမှာ ကျုပ် အောင်မြင်သွားတဲ့ အခါကျမှ ခင်ဗျားတို့က ကျုပ် လိမ်လည်ပြီး အောင်တာပါလို့ ပြောပြီး မခိုင်လုံတဲ့ အကြောင်းပြချက်နဲ့ ထပ်စွပ်စွဲနေအုံးမယ်။”
ထို့နောက် သူသည် အောက်မင်အား လှမ်းကြည့်ကာ ပြောလိုက်၏။ “အစ်ကို အောက်မင်… သုံးလပိုင်း ငါးရက်နေ့က ဝေမြို့စားကြီး အိမ်တော်ရှေ့မှာ ကျုပ် ခင်ဗျားကို စိန်ခေါ်စာ ပေးခဲ့တယ်။ တွမ်ယင်းယင်းက ခင်ဗျားကိုယ်စား လက်မှတ်ထိုးခဲ့တယ်။ ဒါပေမဲ့ ခင်ဗျားကိုယ်တိုင် လက်မှတ် မထိုးခဲ့ဘူး။”
အောက်မင်က စိတ်အတွင်း၌ လှောင်ပြောင်ရယ်မောလိုက်၏။ ထိုနေ့က သူသည် လုပ်ကြံခံရသောကြောင့် ကုတင်ပေါ်တွင် အသေကောင်သဖွယ် လဲလျောင်းနေခဲ့ရသည် မဟုတ်ပါလား။ မည်ကဲ့သို့ လက်မှတ် ထိုးနိုင်မည်နည်း။
ထို့အပြင် ထိုအချိန်က အောက်ယွီမှာ လူရွှင်တော်တစ်ဦးကဲ့သို့ ဖြစ်နေ၏။ အောက်မင်နှင့် စာပေယှဉ်ပြိုင်ရန် မည်သို့သော အရည်အချင်း ရှိမည်နည်း။ အကယ်၍ အောက်မင်သာ လက်မှတ်ထိုးခဲ့ပါက ထိုအရာမှာ ကြီးမားသော အရှက်ရစရာ ဖြစ်သွားပေလိမ့်မည်။
ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်သည်။ “အဲတုန်းက တွမ်ယင်းယင်း လက်မှတ်ထိုးခဲ့ပြီး သက်သေ တစ်ထောင်ကျော် ရှိခဲ့ပေမဲ့ ခင်ဗျားကိုယ်တိုင် လက်မှတ် မထိုးခဲ့လို့ ပထမ ပွဲစဉ်က အကျုံးမဝင်ဘူးလို့ သတ်မှတ်ရမယ်။”
ထို့နောက် ယွင်ကျုံးဟဲ့ကကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သော အသံဖြင့် ပြောလိုက်၏။ သေချာတာပေါ့… ပထမ ပွဲစဉ်မှာ ကျုပ် နိုင်ခဲ့ပေမယ့်လည်း အကျုံးမဝင်ဘူးလို့ပဲ သတ်မှတ်ရမှာပေါ့။ ခင်ဗျားတို့က ကျုပ်ကို ခိုးချတယ် ဆိုတဲ့ ပြစ်မှု တပ်ထားပြီလေ။ ထို့ကြောင့် ကျုပ်ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခွင့်တောင် မရှိဘူး။ ခိုင်လုံတဲ့ အကြောင်းပြချက် မလိုဘူးလေ။ ဒါဆို အစ်ကို အောက်မင်ကို ကျုပ် မေးချင်တယ်။ ယခု ခင်ဗျား လက်မှတ်ထိုးနိုင်ပြီလား။
ပထမ ပွဲစဉ်မှာ ကျုပ် နိုင်ခဲ့ပေမဲ့ အကျုံးမဝင်ဘူး ဖြစ်သွားတယ်။ ကိစ္စမရှိပါဘူး။ ဒုတိယ ပွဲစဉ် ကျန်ပါသေးတယ်။ စောစောက ခင်ဗျားတို့ ပြောခဲ့သလိုပဲ တာ့ကျိုး အင်ပါယာရဲ့ စာမေးပွဲ စနစ်က တရားမျှတမှု ရှိတယ်။ လောကနံပါတ်တစ် အသုံးမကျတဲ့ကောင် ဖြစ်တဲ့ ကျုပ်က လိမ်လည်ဖို့ အရည်အချင်း မရှိဘူး။ လိမ်လည်ရင်တောင် စာမေးပွဲ အောင်မှာ မဟုတ်ဘူးလို့ ခင်ဗျားတို့ ယုံကြည်ထားတယ်လေ။
ကျုပ်တို့ရဲ့ ဒုတိယ ပွဲစဉ်က ရှစ်လပိုင်း ဆယ့်သုံးရက်နေ့မှာ ကျင်းပမယ့် ဆောင်းဦးရာသီ ပြည်နယ် စာမေးပွဲမှာ ကျုပ် ပထမ သုံးယောက် စာရင်းဝင်အောင် ဖြေနိုင်ရင် တွမ်ယင်းယင်းက ကျုပ်ကို လက်ထပ်ရမယ်။ ခင်ဗျားနဲ့ သူရဲ့ စေ့စပ်ထားတာ ပျက်ပြယ်သွားမယ်။ ပြီးတော့ နုလန်ဟောက် ရာထူးနဲ့ ခင်ဗျား ဘာမှ မဆိုင်တော့ဘူး။ ခင်ဗျား အမွေဆက်ခံခွင့် မရှိတော့ဘူး။
သေချာတာပေါ့… အကယ်၍ ကျုပ် အောက်ယွီသာ ဆောင်းဦးရာသီ ပြည်နယ် စာမေးပွဲမှာ ပထမ သုံးယောက် စာရင်း မဝင်ခဲ့ရင် တွမ်ယင်းယင်းကို နောက်ထပ် ဘယ်တော့မှ မနှောင့်ယှက်တော့ဘူး။ ပြီးတော့ နုလန်ဟောက် အိမ်တော်ရဲ့ အမွေဆက်ခံခွင့် အားလုံးကို စွန့်လွှတ်မယ်။ ထိုရာထူးရော မိသားစု ပိုင်ဆိုင်မှုတွေ အားလုံးကိုပါ ခင်ဗျား ဆိုတဲ့ မွေးစားသားကို ပေးမယ်။ အစ်ကို အောက်မင်… အခု ခင်ဗျား လက်မှတ် ထိုးနိုင်ပြီလား။”
..............................