← Chapters

အခန်း (၂၄၉-၂၅၀)

Vol. 22 Ch. 249-250

အခန်း (၂၄၉-၂၅၀)

Vol. 22 Ch. 249-250

အပိုင်း (၂၄၉)

ထို့နောက် ယွင်ကျုံးဟဲ့က အသစ် ပြင်ဆင်ထားသော စိန်ခေါ်စာနှင့် စာချုပ် တစ်စောင်ကို ထုတ်ယူလိုက်သည်။ ပြီးနောက် ယွင်ကျုံးဟဲ့က စာချုပ်ကို အောက်မင်၏ ရှေ့တွင် ချလိုက်ပြီး မေး၏။ “အခု ခင်ဗျား လက်မှတ် ထိုးနိုင်ပြီလား။”

အောက်မင် မျက်လုံးများကို မှေးစင်းလိုက်ပြီး ချက်ချင်း လက်မှတ် မထိုးပေ။ အဘယ်ကြောင့်ဆိုသော် သူ မည်သည့် အရာကိုလုပ်လုပ် သေချာ စဉ်းစားပြီးမှ လုပ်လေ့ရှိသောကြောင့်ပင်။

ယွင်ကျုံးဟဲ့က အေးစက်စက် ရယ်မောလိုက်၏။ “အစ်ကို အောက်မင်… ကျုပ်က လောကနံပါတ်တစ် အသုံးမကျတဲ့ကောင် မဟုတ်ဘူးလား။ အသိဉာဏ် မရှိတဲ့ ငတုံး မဟုတ်ဘူးလား။ ခင်ဗျား ဘာကို ကြောက်နေတာလဲ။ လက်မှတ် မထိုးရဲဘူးလား။”

ယွင်ကျုံးဟဲ့က အသံကို မြှင့်ပြီး ပြောလိုက်သည်။ “အောက်မင်… ကျုပ်က နုလန်ဟောက်ရဲ့ သားအရင်းပါ။ နုလန်ဟောက် ရာထူးနဲ့ မိသားစု ပိုင်ဆိုင်မှုတွေကို အမွေဆက်ခံခွင့် ရှိတယ်။ ခင်ဗျားက အပြင်လူ တစ်ယောက်ဖြစ်ပြီး မွေးစားသား နာမည်နဲ့ ကျုပ်ရဲ့ မိသားစု ပိုင်ဆိုင်မှုတွေ၊ ကျုပ်ရဲ့ ရာထူးတွေကို လုယူဖို့ ကြိုးစားနေတယ်။ ခင်ဗျားမှာ ကျုပ် ပိုင်ဆိုင်မှုတွေကို လုယူရဲတဲ့ သတ္တိ ရှိပြီးတော့ လက်မှတ်ထိုးရဲတဲ့ သတ္တိကျ မရှိဘူးလား။

အောက်မင်… ခင်ဗျားတို့ အမြဲ ပြောနေတာ ကျုပ်က ငတုံး၊ အသုံးမကျတဲ့ကောင်၊ ရာထူးနဲ့ ပိုင်ဆိုင်မှုတွေကို ဆက်ခံဖို့ မထိုက်တန်ဘူးလို့ ပြောနေတာ မဟုတ်ဘူးလား။ ဒါ့ကြောင့် ခင်ဗျားကို အဖေ့ရဲ့ မွေးစားသားအဖြစ် ခေါ်ထားတာလို့ ပြောတယ်လေ။

ဒါပေမဲ့ တကယ်လို့ ကျုပ်သာ ပြည်နယ် စာမေးပွဲမှာ ပထမ သုံးယောက် စာရင်း ဝင်ခဲ့ရင် ကျုပ်မှာ ရာထူးကို ဆက်ခံဖို့ အရည်အချင်း ရှိတယ် ဆိုတာ သက်သေပြလိုက်တာပဲ။ ထိုအချိန်ကျရင် ခင်ဗျား ဆိုတဲ့ မွေးစားသားက ဘာအသုံးကျတော့မှာလဲ။ ခင်ဗျား ဒီနေ့ လက်မှတ်ထိုးထိုး၊ မထိုးထိုး ဘာကွာခြားသွားမှာလဲ။”

အောက်မင်… လူဆိုတာ မျက်နှာလေးတော့ ထားသင့်တယ်။ ခင်ဗျားတို့ သူများ ပိုင်ဆိုင်မှုတွေကို လုယူချင်ရင်တောင် နည်းနည်းပါးပါးတော့ အရှက်ရှိပါအုံး။ ခင်ဗျား တကယ် လက်မှတ် မထိုးရဲဘူးလား။”

ယွင်ကျုံးဟဲ့၏ အော်ဟစ်သံများက အောက်မင်၏ မျက်နှာကို အကြိမ်ကြိမ် ပါးရိုက်နေသကဲ့သို့ ဖြစ်နေ၏။

လူတိုင်း၏ အကြည့်များက အောက်မင်၏ မျက်နှာပေါ်သို့ ရောက်ရှိသွား၏။ အဘယ်ကြောင့်ဆိုသော် ယွင်ကျုံးဟဲ့၏ စကားများက အလွန် ထိရောက်လွန်းသောကြောင့် ဖြစ်သည်။

ယွင်ကျုံးဟဲ့ ပြောသလိုပင် အကယ်၍ သူသာ ပြည်နယ် စာမေးပွဲတွင် ပထမ သုံးယောက် စာရင်း ဝင်ခဲ့ပါက သူသည် ရာထူးကို ဆက်ခံရန် အရည်အချင်း အပြည့်အဝ ရှိကြောင်း သက်သေပြပြီးဖြစ်ရာ မွေးစားသား ဆိုသည်မှာ လိုအပ်တော့မည် မဟုတ်ပေ။

လက်မှတ် မထိုးရဲခြင်းက ဘာကို ကြောက်ရွံ့နေခြင်းနည်း။ အောက်ယွီက လောကနံပါတ်တစ် အသုံးမကျသည့် လူဖြစ်ပြီး အလွန် တုံးအသူ မဟုတ်လား။ ဘာကို ကြောက်နေရသနည်း။

ထို့ကြောင့် အောက်မင်က ရှေ့တိုးလာပြီး စာချုပ်ပေါ်တွင် သူ၏ နာမည်ကို ပြတ်သားစွာ လက်မှတ်ထိုး လိုက်လေသည်။

လူထောင်ပေါင်းများစွာ သက်သေ ရှိနေ၏။ အကယ်၍ အောက်ယွီသာ ဆောင်းဦးရာသီ ပြည်နယ် စာမေးပွဲတွင် ပထမ သုံးယောက်စာရင်း ဝင်ခဲ့ပါက အောက်မင် သည် ချက်ချင်း ထွက်ခွာသွားရမှာဖြစ်ပြီး ရာထူး ဆက်ခံခွင့် အနည်းငယ်မျှ ရှိတော့မည် မဟုတ်ပေ။

ယွင်ကျုံးဟဲ့က နောက်ထပ် စာချုပ် အသစ် တစ်စောင်ကို ထုတ်ယူကာ ဝေမြို့စားကြီး အိမ်တော်၏ သခင်လေး ထံသို့ သွားရောက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “သခင်လေး… ခင်ဗျားတို့ ဝေမြို့စားကြီး အိမ်တော်က မူလတည်းက နုလန်ဟောက် အိမ်တော် နဲ့ စေ့စပ်ထားတာပါ။ ပိုပြီး တိတိကျကျ ပြောရရင် တွမ်ယင်းယင်းက ကျုပ်နဲ့ စေ့စပ်ထားတာပါ။

ကျုပ် အသက်ရှင်နေလား၊ သေသွားပြီလား မသေချာလို့ အောက်မင်က အဲဒီစေ့စပ်ပွဲကို လက်ခံခဲ့တာပါ။ ဒါပေမဲ့ အကယ်၍ ကျုပ်သာ ဆောင်းဦးရာသီ ပြည်နယ်စာမေးပွဲမှာ ပထမ သုံးယောက် စာရင်း ဝင်ခဲ့ရင် အောက်မင်က မွေးစားသား မဟုတ်တော့ဘူးလေ။ နုလန်ဟောက် အိမ်တော်နဲ့လည်း ဘာမှ မဆိုင်တော့ဘူး။”

ဝေမြို့စားကြီး အိမ်တော်၏ သခင်လေး မျက်နှာ တည်တင်းသွားပြီး မျက်လုံးထဲတွင် လူသတ်ချင်သော အရိပ်အယောင်များ ပေါ်လာသည်။

ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်၏။ “ဒါပေမဲ့ နုလန်ဟောက် အိမ်တော်နဲ့ ဝေမြို့စားကြီး အိမ်တော်ရဲ့ စေ့စပ်ပွဲကတော့ ဆက်ရှိနေရမယ် မဟုတ်လား။ ဒါဆိုရင် တွမ်ယင်းယင်းက ကျုပ်ကို ပြန်ပြီး လက်ထပ်ရမှာပေါ့။ ဟုတ်တယ် မဟုတ်လား။

ဒါကြောင့် ဒီစာချုပ်ကို သခင်လေးက ဝေမြို့စားကြီး အိမ်တော်ကိုယ်စား လက်မှတ်ထိုးပေးပါ။ ခင်ဗျားတို့ ကတိဖျက်မှာကို ကျုပ် အရမ်း စိုးရိမ်လို့ လူထောင်ပေါင်းများစွာ ရှေ့မှာ ဒီစာချုပ်ကို လက်မှတ်ထိုးခိုင်းရတာပါ။ အကယ်၍ ကျုပ်သာ ဆောင်းဦးရာသီ ပြည်နယ် စာမေးပွဲမှာ ပထမ သုံးယောက် စာရင်း ဝင်ခဲ့ရင် ဝေမြို့စားကြီး အိမ်တော်က တွမ်ယင်းယင်းဟာ ကျုပ် အောက်ယွီကို လက်ထပ်ရမယ်။”

ဝေမြို့စားကြီး အိမ်တော်၏ သခင်လေးက ဂရုမစိုက်သလို လက်မှတ်လည်း မထိုးပေ။

ယွင်ကျုံးဟဲ့က အေးစက်စက် ရယ်မောလိုက်၏။ “ဘာသဘောလဲ။ လက်မှတ် မထိုးဘူးလား။ ဒါက ဘာအဓိပ္ပာယ်လဲ။ ခင်ဗျားတို့က အစတည်းက အောက်မင်ကို သဘောကျနေတာဆိုရင် ဘာလို့ ကျုပ်ရဲ့ နုလန်ဟောက် အိမ်တော်နဲ့ လာစေ့စပ်သေးလဲ။

အဲ့အချိန်တုန်းက ကျုပ် အောက်ယွီက အသက်ရှင်နေသေးတယ်လေ။ ဒါမှမဟုတ် ခင်ဗျားတို့က ကျုပ် သေဖို့ကို စောင့်နေတာလား။ အောက်မင်က အဖေ့ရဲ့ မွေးစားသား ဖြစ်လာပြီး ရာထူးကို ဆက်ခံမယ် ဆိုတာ ကြိုသိနေတာလား။ ခင်ဗျားတို့ ဝေမြို့စားကြီး အိမ်တော်က လျှို့ဝှက် ကြံစည်ပြီး ကျုပ်ရဲ့ နုလန်ဟောက် အိမ်တော်ရဲ့ ပိုင်ဆိုင်မှုတွေကို လုယူဖို့ ကြိုးစားနေတာလား။”

ထိုစကားကို ကြားချိန်မှာတော့ ဝေမြို့စားကြီး အိမ်တော်၏ သခင်လေး မျက်နှာ ပြောင်းလဲသွားသည်။

ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်၏။ “သခင်လေး… ခင်ဗျားတို့ တွမ်မိသားစုနဲ့ ကျုပ်တို့ အောက်မိသားစုက အင်ပါယာရဲ့ မှူးမတ်တွေဖြစ်ပြီး နှစ်ပေါင်း ရာချီတဲ့ မိတ်ဆွေတွေပါ။ ယခု ခင်ဗျားက ခိုအသိုက်ကို ချိုးငှက်က လုယူသလိုမျိုး ကျုပ်တို့ အောက်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို လုယူဖို့ ကြိုးစားနေတာက သိပ်ပြီး အဓိပ္ပာယ် မရှိဘူးလို့ ထင်တယ်။ အရမ်းကို အောက်တန်းကျလွန်းတယ်။

သခင်လေး… ခင်ဗျားတို့ ဝေမြို့စားကြီး အိမ်တော်က ဘာကို ကြောက်နေတာလဲ။ ကျုပ် အောက်ယွီက လောကနံပါတ်တစ် အသုံးမကျတဲ့ကောင်လေ။ စာမေးပွဲ အောင်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ ခင်ဗျားတို့က ဘာကို ကြောက်နေတာလဲ။ ဘာကို စိုးရိမ်နေတာလဲ။ ဘာလို့ လက်မှတ် မထိုးရဲတာလဲ။”

ဝေမြို့စားကြီး အိမ်တော်၏ သခင်လေးနှင့် အောက်မင်တို့ အချင်းချင်း ကြည့်လိုက်ကြပြီးနောက် သူက စုတ်တံကိုယူကာ ယွင်ကျုံးဟဲ့ ပြင်ဆင်ထားသော စာချုပ်ပေါ်တွင် လက်မှတ်ထိုးလိုက်လေသည်။

စာချုပ်ထဲတွင် အလွန် ရှင်းလင်းစွာ ရေးသားထားသည်။ အကယ်၍ ဆောင်းဦးရာသီ ပြည်နယ် စာမေးပွဲတွင် ယွင်ကျုံးဟဲ့သာ ပထမ သုံးယောက် စာရင်း ဝင်ခဲ့ပါက ဝေမြို့စားကြီး အိမ်တော်သည် တွမ်ယင်းယင်းကို အောက်ယွီနှင့် လက်ထပ်ပေးရမှာဖြစ်၏။

လူထောင်ပေါင်းများစွာ သက်သေ ရှိနေသောကြောင့် လုံးဝကတိဖျက်၍ မရပေ။ အကယ်၍ကတိဖျက်ပါက လုံးဝ နာမည်ပျက်သွားပေလိမ့်မည်။

ယွင်ကျုံးဟဲ့က ထိုဒုတိယစာချုပ်ကိုလည်း သိမ်းဆည်းလိုက်သည်။

ထို့နောက် သူက တတိယ စာချုပ်ကို ထုတ်ယူကာ ယွဲ့တန်းဖျင် မှ ပညာတတ် ဆယ့်သုံးယောက် အရှေ့သို့ သွားရောက်ကာ ပြောလိုက်၏။ “စာပေပညာရှင်တို့… ဒီစာချုပ်ကိုလည်း ခင်ဗျားတို့ လက်မှတ် ထိုးပေးပါအုံး။”

တတိယ စာချုပ်၏ အကြောင်းအရာကလည်း အလွန် ရိုးရှင်းလှ၏။ တာ့ကျိုး အင်ပါယာ၏ စာမေးပွဲ စနစ်က တရားမျှတမှု ရှိသည် ဆိုပါက၊ အကယ်၍ ဤဆောင်းဦးရာသီ ပြည်နယ် စာမေးပွဲတွင် အောက်ယွီ သာ ပထမ သုံးယောက် စာရင်း ဝင်ခဲ့ပါက သူ၌ တကယ့် ပါရမီ ရှိကြောင်း သက်သေပြပြီး ဖြစ်သည်။

ယွဲ့တန်းဖျင်က အောက်ယွီကို ပိတ်ပင်ထားခြင်းမှာ မျက်စိကန်းနေသောကြောင့် ဖြစ်ကြောင်း ထင်ရှားသည်။ ဤကဲ့သို့ မျက်စိကန်းနေသော ယွဲ့တန်းဖျင် အဖွဲ့အစည်းသည် ဆက်လက် တည်ရှိနေရန် မလိုအပ်တော့ သောကြောင့် ချက်ချင်း ဖျက်သိမ်းရမှာဖြစ်၏။

ယွဲ့တန်းဖျင်၏ ခေါင်းဆောင် စာပေပညာရှင်က မျက်မှောင်ကြုတ်လိုက်သော်လည်း လှုပ်ရှားခြင်း မရှိပေ။

ယွင်ကျုံးဟဲ့ ပြုံးကာ ပြောလိုက်သည်။ “စာပေပညာရှင်တို့… လောကမှာ လုပ်ရင် လုပ်တဲ့အတိုင်း ပြန်ခံရမှာပဲ။ ခင်ဗျားတို့က ကျုပ်ရဲ့ ကျောက်တုံးမှတ်တမ်းကို ကျုပ် ရေးတာ မဟုတ်ဘူး၊ ကျူ့လန်ထျန်း ဆီကနေ ခိုးချတာလို့ စွပ်စွဲခဲ့တယ်။ ပြီးတော့ မခိုင်လုံတဲ့ အကြောင်းပြချက်နဲ့ စွပ်စွဲတာလေ။

မခိုင်လုံဘူး ဆိုရင်လည်း နေပါစေ။ ဒါပေမဲ့ ခင်ဗျားတို့က စာမေးပွဲ ရလဒ်ကိုတောင် အသိအမှတ် မပြုဘူး ဆိုရင်တော့ ခင်ဗျားတို့လို ပညာတတ်တွေ အနေနဲ့ အရှက်နည်းနည်းတော့ ရှိသင့်တယ်လို့ ကျုပ် ပြောချင်တယ်။

ကျုပ် အောက်ယွီက လောကနံပါတ်တစ် အသုံးမကျတဲ့ကောင်ပါ။ အသိဉာဏ် မရှိတဲ့ ငတုံးပါ။ စာမေးပွဲ ဘယ်လိုလုပ် အောင်နိုင်မှာလဲ။ ခင်ဗျားတို့က ဘာကို ကြောက်နေတာလဲ။ တကယ်တော့ ခင်ဗျားတို့ လက်မှတ်ထိုးထိုး၊ မထိုးထိုး အတူတူပါပဲ။”

ဟုတ်ပေသည်။ တကယ်တမ်း အတူတူပင် ဖြစ်၏။ အောက်ယွီ သာ ဆောင်းဦးရာသီ ပြည်နယ် စာမေးပွဲတွင် ပထမ သုံးယောက် စာရင်း ဝင်ခဲ့ပါက ယွဲ့တန်းဖျင် အဖွဲ့အစည်းသည် လုံးဝ နာမည်ပျက်သွားမှာဖြစ်၏။

ထို့အပြင် ယခုအချိန်တွင် လူထောင်ပေါင်းများစွာက စောင့်ကြည့်နေကြ၏။ ယွဲ့တန်းဖျင် ပညာတတ်များက မခိုင်လုံသော အကြောင်းပြချက်ဖြင့် အောက်ယွီ၏ ကျောက်တုံးမှတ်တမ်းကို တရားဝင် ဖျက်သိမ်းခဲ့စဉ်က မည်မျှ ရဲတင်းခဲ့သနည်း။ ယခု စာချုပ် တစ်စောင် လက်မှတ်ထိုးရန်ပင် မရဲတော့ဘူးလား။

ထို့ကြောင့် လူထောင်ပေါင်းများစွာ၏ အရှေ့တွင် ယွဲ့တန်းဖျင်၏ ခေါင်းဆောင် စာပေပညာရှင်က ယွင်ကျုံးဟဲ့၏ တတိယ စာချုပ်ပေါ်တွင် လက်မှတ်ထိုးလိုက်လေသည်။

အားလုံး ပြီးပြည့်စုံသွား၏။ စာချုပ် သုံးစောင်လုံး လက်မှတ်ထိုးပြီးသွားပြီ ဖြစ်သောကြောင့် တစ်ကြိမ်တည်းဖြင့် ရန်သူ သုံးဦးကို နှိမ်နင်းနိုင်ခဲ့ခြင်းပင်။

‘တစ်ယောက်တည်းနဲ့ သုံးယောက်ကို တိုက်တာလား။ ကျုပ် ယွင်ကျုံးဟဲ့က တစ်ခါတိုက်ရင် ဆယ်ယောက်လောက် တိုက်မှာ။ ဟား... ဟား… ဟား...’

ထိုစာချုပ် သုံးစောင်ကို ယွင်ကျုံးဟဲ့က ကြိုတင် ပြင်ဆင်ထားတာ ကြာပြီဖြစ်၏။ ထို့ကြောင့် ယနေ့ မြင်ကွင်း အတွက် သူ နည်းနည်းလေးမျှ မအံ့သြခဲ့ချေ။ ရန်သူက ကိုယ့်လိုပဲ ယုတ်မာပြီး အရှက်မရှိဘူးဆိုလျှင် ဘာမှ အံ့သြစရာ မရှိတော့ပေ။

ယွင်ကျုံးဟဲ့က စာချုပ် သုံးစောင်ကို အထက်သို့ မြှောက်ပြကာ အော်ဟစ်လိုက်၏။ “ဒီနေရာမှာ ရှိနေတဲ့ လူထောင်ပေါင်းများစွာ… ခင်ဗျားတို့ သက်သေ လုပ်ပေးကြပါ။”

လူထောင်ပေါင်းများစွာက အချင်းချင်း ကြည့်လိုက်ကြသော်လည်း မည်သူမှ အသံမထွက်ကြပေ။

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ပညာတတ်အပေါင်းတို့… ခင်ဗျားတို့က သက်သေ မလုပ်ပေးချင် ကြဘူးလား။ ခင်ဗျားတို့လည်း သူတို့လိုပဲ လောကနံပါတ်တစ် အသုံးမကျတဲ့ကောင်ကို အနိုင်ကျင့်ချင် ကြတာလား။”

“ကျုပ်တို့ သက်သေ လုပ်ပေးမယ်။”

“ကျုပ်တို့ သက်သေ လုပ်ပေးမယ်။”

“ကျုပ်တို့ သက်သေ လုပ်ပေးမယ်။”

လူများ တစ်ယောက်ပြီး တစ်ယောက် လက်ထောင်လာကြသည်။ အချို့ဆိုလျှင် ရုတ်တရက် သွေးဆူလာသလိုပင် ခံစားနေရ၏။

အဘယ်ကြောင့်ဆိုသော် ဤပြဇာတ်က ပိုပိုပြီး စိတ်ဝင်စားစရာ ကောင်းလာသောကြောင့် ဖြစ်သည်။

‘ပိုပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းလာပြီ။ အခုအချိန်မှာ ဝိုင်းဝန်း တိုက်ခိုက်ခံနေရတာက အောက်ယွီ လေ။ ဒါပေမဲ့ ဘာကြောင့်မှန်း မသိဘဲ အောက်ယွီ တစ်ယောက်တည်းက ရန်သူ အားလုံးကို ဝိုင်းထားသလို ခံစားနေရတယ်။ သွေးစွန်းနေတဲ့ ပါးစပ်ကြီး ဖွင့်ပြီး ရန်သူ အားလုံးကို တပြိုင်နက်တည်း မျိုချပစ်ဖို့ ပြင်ဆင်နေသလိုပဲ။ တကယ်ကို မျှော်လင့်စရာ ကောင်းတာပဲ။ ရှစ်လပိုင်း ဆယ့်သုံးရက်နေ့ ဆောင်းဦးရာသီ ပြည်နယ် စာမေးပွဲကို အမြန်ဆုံး ရောက်ချင်လှပြီ။’

ယွင်ကျုံးဟဲ့သည် လူထောင်ပေါင်းများစွာ၏ အသံကို ကြားရချိန်မှာတော့ စာချုပ်သုံးစောင်ကို ထုတ်ယူ၍ အားလုံး ရှင်းရှင်းလင်းလင်း ကြားနိုင်စေရန် တစ်လုံးချင်း အသံထွက်၍ ဖတ်ပြလေ၏။

ထိုအရာမှာ အမှန်တကယ်ပင် ကြီးမားသော အဆုံးအဖြတ် တိုက်ပွဲကြီးတစ်ပွဲ ဖြစ်သကဲ့သို့၊ ကြီးမားသော လောင်းကစားပွဲကြီး တစ်ခုလည်း ဖြစ်သည်။

အကယ်၍ ယွင်ကျုံးဟဲ့သည် ဆောင်းဦးရာသီ ပြည်နယ်စာမေးပွဲတွင် ပထမသုံးဦးစာရင်းအတွင်း မဝင်ခဲ့ပါက၊ သူသည် ရာထူးနှင့် အမွေဆက်ခံခွင့် အပါအဝင် အရာအားလုံးကို ဆုံးရှုံးရပေလိမ့်မည်။

အကယ်၍ သူသာ အနိုင်ရရှိခဲ့ပါက အောက်မင်သည် အရာအားလုံးကို ဆုံးရှုံးရမည်ဖြစ်သကဲ့သို့၊ ယွဲ့တန်းဖျင်မှ ပညာတတ်ဆယ့်သုံးဦးမှာလည်း အရာရာကို လက်လွှတ်ရမှာ ဖြစ်သည်။ ထို့အပြင် တွမ်ယင်းယင်းမှာလည်း အရှက်တကွဲဖြင့် အောက်ယွီ၏ ဇနီးအဖြစ် ပေါင်းသင်းရမှာဖြစ်၏။

ကျန်းကျိုးမြို့တွင် ဤမျှ စိတ်ဝင်စားဖွယ်ကောင်းသော ပြဇာတ်ကြီးမျိုး မရှိခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပိုင်း (၂၅၀)

ထိုစဉ် ယွင်ကျုံးဟဲ့က ရုတ်တရက် မေးမြန်းလိုက်၏။ “ဒါနဲ့ ဆောင်းဦးရာသီ ပြည်နယ် စာမေးပွဲက ဘာတွေ ဖြေရမှာလဲ။ ခင်ဗျားတို့ ကျုပ်ကို အကြံဉာဏ်လေး ပေးလို့ ရမလား။ ဘယ်စာအုပ်တွေ ဖတ်ရမလဲ။ ဖတ်ရမယ့် စာအုပ် စာရင်းလေး လုပ်ပေးရင် ပိုကောင်းမယ်။ ကျုပ် ထို စာအုပ်တွေကို သွားဝယ်မလို့။”

ထိုစကားကို ကြားချိန်မှာတော့ လူထောင်ပေါင်းများစွာမှာ မူးမေ့လဲချင်စိတ်ပင် ပေါက်သွားကြတော့သည်။

ယွင်ကျုံးဟဲ့သည် သွေးဆူလာအောင်၊ လှုပ်ရှားလာအောင် ပြောဆိုနေပြီးမှ သူ့အနေဖြင့် ကောင်းကင်ကို ဆန့်ကျင်၍ အောင်မြင်အောင် လုပ်ဆောင်မည်ဟူသော ပုံစံမျိုး ဖြစ်နေ၏။

ယခုမူ ဆောင်းဦးရာသီ ပြည်နယ်စာမေးပွဲ၌ ဘာဖြေရမည်ကိုပင် မသိရှိသကဲ့သို့၊ မည်သည့်စာအုပ်များ ဖတ်ရှုရမည်ကိုလည်း မသိရှိပေ။ ယခုအချိန်မှ စာစတင်ဖတ်ရှုမည်ဆိုလျှင် နောက်ကျလွန်းနေပြီ မဟုတ်ပါလား။

အကယ်၍ ထိုအရာများအားလုံးမှာ အမှန်တကယ်ဖြစ်ပြီး သူသည် ဟန်ဆောင်နေခြင်း မဟုတ်ပါက ထိုစာမေးပွဲတွင် သူအောင်မြင်ရန်မှာ နေအနောက်ဘက်မှ ထွက်ခြင်း၊ မြစ်ရေနောက်ပြန်စီးခြင်း သို့မဟုတ် ကမ္ဘာပျက်၍ စာမေးပွဲဖြေဆိုသူအားလုံး သေဆုံးသွားကာ သူတစ်ဦးတည်း ကျန်ရှိခြင်းတို့ ဖြစ်ပေါ်မှသာ ဖြစ်နိုင်ပေလိမ့်မည်။

......................

လေးလပိုင်း ကိုးရက်နေ့...

တောင်ပိုင်းကျိုးအင်ပါယာ ဧကရာဇ်သည် နုလန်ဟောက် အောက်ရှင်းကို နောက်ဆုံး၌ ခေါ်ယူတွေ့ဆုံခဲ့၏။ အောက်ရှင်းသည် နံနက်စောစောတည်းက နန်းတော်သို့ သွားရောက်ခဲ့သည်။ နန်းတော်တံခါးဝတွင် အိမ်ရှေ့စံမင်းသား ကျိုးလီ ဒူးထောက်နေသည်ကို သူ တွေ့လိုက်ရ၏။

အိမ်ရှေ့စံမင်းသား ကျိုးလီ ဤသို့ ဒူးထောက်နေသည်မှာ တစ်လခန့် ရှိပြီဖြစ်၏။ သူသည် နေ့စဉ် အချိန်မှန်လာရောက် ဒူးထောက်လေ့ရှိပြီး၊ ညဘက်၌ နန်းတော်တံခါး ပိတ်သည့်အချိန်မှသာ ပြန်လည် ထွက်ခွာ၏။ သူသည် မိမိကိုယ်တိုင်အတွက် မဟုတ်ဘဲ ယန်ဖြန်ရှန်အတွက် ဤသို့ ဒူးထောက်နေခြင်း ဖြစ်သည်။

ထိုရက်ပိုင်းအတွင်း ယန်ဖြန်ရှန်မှာ တရားရုံးသုံးခု၏ စစ်ဆေးမှုကို ခံနေရပြီး၊ သူ၏ကံကြမ္မာအတွက် အင်အားစုအသီးသီးတို့က ပြင်းထန်စွာ ယှဉ်ပြိုင်နေကြ၏။

အိမ်ရှေ့စံမင်းသား ကျိုးလီသည် ယန်ဖြန်ရှန်၏ အသက်ကို ကယ်တင်ရန် အစွမ်းကုန် ကြိုးစားနေသကဲ့သို့၊ တောင်ပိုင်းကျိုးအင်ပါယာ၏ ဟေးပင်းထိုင်ကလည်း သူ၏အသက်ကို ကယ်တင်ရန် အစွမ်းကုန် ကြိုးပမ်းနေသည်။

အရည်အချင်း ရှိသောသူမှာ ရှားပါးလှသည့်အပြင် သူသည် ဤမျှ ကြီးမားသော အောင်ပွဲကို ရယူပေးခဲ့သူလည်း ဖြစ်၏။

သို့သော်ငြား အခြားတစ်ဖက်တွင်မူ ယန်ဖြန်ရှန်ကို သေချာပေါက် ကွပ်မျက်ရမည်ဟု ယူဆနေကြသည်။ အကယ်၍ သူ၏အစီအစဉ်များသာ မရှိခဲ့ပါက တောင်ပိုင်းကျိုးအင်ပါယာမှာ ဤမျှ ဆိုးရွားစွာ ရှုံးနိမ့်မည် မဟုတ်ပေ။ ဥပဒေမဲ့နယ်မြေတစ်ခုလုံး ဆုံးရှုံးရုံသာမက စစ်တပ်ပေါင်း သောင်းနှင့်ချီ၍လည်း ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။

အိမ်ရှေ့စံမင်းသား ကျိုးလီကမူ ယန်ဖြန်ရှန်သည် အင်ပါယာ၏ အကျိုးအတွက် အသက်ပေး၍ ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း ဧကရာဇ်ထံသို့ စာချွန်လွှာများ အကြိမ်ကြိမ် တင်သွင်းခဲ့၏။

မည်သည့်အစီအစဉ်မဆို အောင်မြင်နိုင်သလို ကျရှုံးနိုင်သည်မှာ ဓမ္မတာဖြစ်ပြီး၊ ကျရှုံးမှုကြောင့် သတ်ပစ်မည် ဆိုပါက နောက်နောင်တွင် မည်သူက အင်ပါယာအတွက် အသက်စွန့်၍ အလုပ် လုပ်ရဲတော့မည်နည်း။

သူရဲကောင်းများအနေဖြင့် သွေးထွက်ရုံသာမက မျက်ရည်ပါ ကျရသည့် အဖြစ်မျိုး မရောက်ပါစေနှင့်ဟု သူက ပြောနေခြင်းပင်။

ကျန်းကျိုးမြို့တွင် လူတိုင်း စိတ်ဝင်စားနေကြသည်မှာ အောက်မင်နှင့် အောက်ယွီတို့၏ ရာထူးအမွေဆက်ခံခွင့် ပြဿနာ ဖြစ်သည်။

သို့သော်ငြား မြို့တော်၌မူ အောက်ယွီ၏ ပြဿနာမှာ အရေးမပါတော့ပေ။ လူတိုင်း စိတ်ဝင်စားနေသည်မှာ ဒုတိယမင်းသားနှင့် အိမ်ရှေ့စံမင်းသားတို့၏ ပြိုင်ဆိုင်မှုပင် ဖြစ်၏။

ပို၍ တိတိကျကျ ပြောရလျှင် လူတိုင်းသည် အိမ်ရှေ့စံမင်းသား၏ ကံကြမ္မာ အဆုံးအဖြတ်ကို စောင့်ကြည့်နေကြခြင်း ဖြစ်သည်။

လက်ရှိ အခြေအနေအရ ယန်ဖြန်ရှန်၏ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကို တရားရုံးချုပ်တွင် ဆုံးဖြတ်ခွင့် မရှိသကဲ့သို့ ဟေးပင်းထိုင်နှင့် အစိုးရအဖွဲ့တို့တွင်လည်း အခွင့်အာဏာ မရှိပေ။

ဧကရာဇ် တစ်ပါးတည်းသာလျှင် ယန်ဖြန်ရှန်၏ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကို ဆုံးဖြတ်ပိုင်ခွင့် ရှိသည်။

အကယ်၍ ယန်ဖြန်ရှန် သေဆုံးသွားပါက အိမ်ရှေ့စံမင်းသား ကျိုးလီသည် လုံးဝကျဆုံးသွားပြီဟု ဆိုရမည် ဖြစ်သည်။ ဤထီးနန်းလုပွဲတွင် ဒုတိယမင်းသားအား ရှုံးနိမ့်သွားခြင်းဖြစ်ပြီး နောက်ထပ် ပြန်လည် ထူထောင်နိုင်တော့မည် မဟုတ်ပေ။

ယခုအခါ နောက်ဆုံးအချိန်သို့ ရောက်ရှိလာပြီဖြစ်ရာ နန်းတော်တံခါး ပိတ်သွားသော်လည်း အိမ်ရှေ့စံမင်းသား ကျိုးလီမှာမူ အပြင်ဘက်၌ သုံးရက်သုံးညတိုင်တိုင် ဆက်လက် ဒူးထောက်နေဆဲ ဖြစ်၏။

ယခုအချိန်တွင် ကျိုးလီသည် ရုပ်တုတစ်ခုကဲ့သို့ တောင့်တင်းငြိမ်သက်စွာ ရှိနေ၏။ နုလန်ဟောက် အောက်ရှင်း ဖြတ်လျှောက်သွားချိန်တွင်မူ သူ့အား တစ်ချက်မျှ ကြည့်ရှုလိုက်လေသည်။

အောက်ရှင်းသည် မည်သည့်ဘက်တွင်မှ ပါဝင်ပတ်သက်ခြင်း မရှိခဲ့ပေ။ အရေးကြီးသော အချိန်၌ အိမ်ရှေ့စံမင်းသား ကျိုးလီကို ကယ်တင်ခဲ့ပြီး တောင်ပိုင်းကျိုးအင်ပါယာသို့ ပြန်လည်ထွက်ပြေးနိုင်ရန် ကူညီခဲ့သော်လည်း၊ သူကိုယ်တိုင်မူ ဥပဒေမဲ့နယ်မြေ၌ ကျန်ရစ်ကာ တာဝန်အားလုံးကို ယူရန် ဆန္ဒရှိခဲ့၏။

သို့သော်ငြား အိမ်ရှေ့စံမင်းသား ကျိုးလီက သဘောမတူခဲ့ဘဲ ဥပဒေမဲ့နယ်မြေတွင် စစ်သေနာပတိချုပ်အဖြစ် ဆက်လက် တာဝန်ယူခဲ့ရာ၊ နောက်ဆုံး၌ ဥပဒေမဲ့နယ်မြေရှိ စစ်တပ်နှစ်သိန်းခန့်မှာ အားလုံးနီးပါး ကျဆုံးသွားခဲ့ရသည်။

ထို့နောက် တာယင်အင်ပါယာမှ စတုတ္ထမင်းသား ယင်ချွဲ့က စစ်တပ်တစ်သိန်းကျော်ဖြင့် တောင်ပိုင်းကျိုး အင်ပါယာ နယ်နိမိတ်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာချိန်တွင်မူ အိမ်ရှေ့စံမင်းသား ကျိုးလီက စစ်ရှုံးမှုတာဝန်ကို ယူခဲ့ရလေ၏။

အခြားသူများ၏ အမြင်တွင်မူ အောက်ရှင်းသည် အိမ်ရှေ့စံမင်းသား၏ ဘက်တော်သားတစ်ဦး ဖြစ်သည်။ သို့သော်ငြား ဥပဒေမဲ့နယ်မြေမှ ထွက်ခွာလာပြီးနောက် အောက်ရှင်းသည် အိမ်ရှေ့စံမင်းသားနှင့် မည်သည့် အဆက်အသွယ်မှ မလုပ်ဆောင်ခဲ့ပေ။

သူသည် ဧကရာဇ် သို့မဟုတ် တောင်ပိုင်းကျိုးအင်ပါယာအပေါ်၌သာ သစ္စာစောင့်သိသူဖြစ်ပြီး၊ စစ်တိုက်ရန်ကိုသာ သိရှိနားလည်သူ ဖြစ်သည်။

........................

အခြား နန်းတော် တံခါး တစ်ခု၏ အပြင်ဘက်တွင်မူ…

ကွပ်မျက်မည့် နေရာကို ပြင်ဆင်ထားပြီးဖြစ်ကာ ယန်ဖြန်ရှန် မှာလည်း ကွပ်မျက်စင်ပေါ်တွင် လဲလျောင်းနေပြီ ဖြစ်၏။

ဧကရာဇ်၏ နောက်ဆုံး အမိန့်ကိုသာ စောင့်ဆိုင်းနေခြင်း ဖြစ်၏။ အကယ်၍ ဓားကို ရပ်တန့်ရန် နောက်ဆုံး အမိန့် မလာပါက ယန်ဖြန်ရှန် သည် ခါးပိုင်းဖြတ်ကာ ကွပ်မျက်ခံရမှာဖြစ်သည်။

ထို့ကြောင့် အိမ်ရှေ့စံမင်းသား အနေဖြင့် ယန်ဖြန်ရှန်ကို ကယ်တင်ရန် နောက်ဆုံး အချိန်လည်း ဖြစ်လို့နေ၏။

“ခမည်းတော်… သားတော် အပြစ်ရှိပါတယ်။ သာမန် ပြည်သူ တစ်ယောက် အဖြစ် နေဖို့ ဆန္ဒရှိပါတယ်။”

“ခမည်းတော်… သားတော် အပြစ်ရှိပါတယ်။ သာမန် ပြည်သူ တစ်ယောက် အဖြစ် နေဖို့ ဆန္ဒရှိပါတယ်။”

အချိန် အနည်းငယ်ကြာတိုင်း အိမ်ရှေ့စံမင်းသား ကျိုးလီက ခေါင်းကို မြေကြီးနှင့် ဆောင့်ကာ တောင်းပန်လေ့ ရှိ၏။ နဖူးတစ်ခုလုံး သွေးများ ပေကျံနေပြီ ဖြစ်သည်။

သူက သားတော်ရဲ့ မင်းသား ရာထူးနဲ့ ယန်ဖြန်ရှန်ရဲ့ အသက်ကို လဲလှယ်ခွင့်ပြုပါ ဟု မပြောနိုင်ပေ။ ထိုသို့ ပြောခြင်းက အလွန် ဉာဏ်နည်းရာ ကျ၏။

အင်ပါယာ၏ မင်းသား ရာထူးကို အပေးအယူ လုပ်ရန် အသုံးပြု၍ ရသည်လား။ ကလေးကစားစရာ မှတ်နေသည်လား။

သူက သားတော် အပြစ်ရှိသည်၊ သာမန် ပြည်သူ တစ်ယောက်အဖြစ် နေရန် ဆန္ဒရှိသည် ဟုသာ ပြောနိုင်၏။

အောက်ရှင်းက အိမ်ရှေ့စံမင်းသား ကျိုးလီကို ထပ်မကြည့်တော့ဘဲ နန်းတော် အတွင်းသို့ ဝင်ရောက်သွားသည်။

တံခါးဝတွင် ရပ်နေသော မိန်းမစိုးကြီးက အောက်ရှင်းကို မြင်ချိန်မှာတော့ ခေါင်းကို အနည်းငယ် ငုံ့ကာ သတင်းပို့လိုက်၏။ “အရှင်မင်းမြတ်… နုလန်ဟောက် ရောက်လာပါပြီ။”

“အင်း...” တောင်ပိုင်းကျိုးအင်ပါယာ ဧကရာဇ်က အသံပြုလိုက်သည်။

နုလန်ဟောက် အောက်ရှင်း ဝင်ရောက်သွား၏။ ဤနေရာသည် ဧကရာဇ်၏ စာကြည့်ဆောင် ဖြစ်သည်။ ဧကရာဇ်က စာကြည့်ဆောင်တွင် ခေါ်ယူတွေ့ဆုံသော မှူးမတ်တိုင်းသည် သူ အလွန် အလေးထားသော ယုံကြည်ရသည့် အမတ်များ ဖြစ်ကြ၏။

အောက်ရှင်း သည် စာကြည့်ဆောင် အတွင်းသို့ ဝင်ရောက်ပြီးနောက် ဒူးထောက်ကာ ဂါရဝလိုက်သည်။ “အောက်ရှင်း… အရှင်မင်းမြတ်ကို ဂါရဝပြုပါတယ်။ အရှင်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ။”

ဧကရာဇ်က စာအုပ် ဖတ်နေ၏။ ထိုစာအုပ်မှာ ကျောက်တုံးမှတ်တမ်း ဖြစ်သည်။ သူက အောက်ရှင်းကို ထူပေးရန် ရှေ့မတိုးလာသလို ယဉ်ကျေးပျူငှာသော ဟန်ပန်မျိုးလည်း မပြသပေ။

“အင်း...” သူက ကျပန်း အသံပြုလိုက်ရုံသာ ဖြစ်၏။

ဧကရာဇ်က ထရန် မပြောသောကြောင့် အောက်ရှင်းက ဒူးထောက်နေဆဲ ဖြစ်သော်လည်း ခန္ဓာကိုယ်ကို မတ်မတ် ထားထားသည်။

“အရှင်မင်းမြတ်… ကျုပ်မှာ မွေးစားသား မလိုအပ်ပါဘူး။ ကျုပ်ရဲ့ သား အောက်ယွီက မိဘကို ရိုသေ သိတတ်ပြီး ကြင်နာတတ်ပါတယ်။ နုလန်ဟောက် ရာထူးကို ဆက်ခံနိုင်တဲ့ အရည်အချင်း အပြည့်အဝ ရှိပါတယ်။ အရှင်မင်းမြတ်ရဲ့ အမိန့်ကို ပြန်လည် ရုပ်သိမ်းပေးဖို့ တောင်းဆိုပါတယ်။” အောက်ရှင်းက ပြတ်ပြတ်သားသား ပြောလိုက်၏။

သူ၏ စရိုက်က ဤသို့ပင် ဖြစ်သည်။ ဧကရာဇ်နှင့် စကားပြောလျှင်တောင် လိုရင်းကိုသာ တိုက်ရိုက် ပြောလေ့ရှိ၏။

တောင်ပိုင်းကျိုးအင်ပါယာ ဧကရာဇ်က ခေါင်းမော့လာပြီး မေးလိုက်သည်။ “ဒါနဲ့ အောက်ရှင်း…ကိုယ်တော် ဆုံးဖြတ်ရခက်နေတဲ့ ကိစ္စ တစ်ခု ရှိတယ်။ ခင်ဗျားရဲ့ အမြင်ကို ကြားချင်တယ်။”

အောက်ရှင်းက ပြောလိုက်၏။ “အရှင်မင်းမြတ် မိန့်တော်မူပါ။”

တောင်ပိုင်းကျိုးအင်ပါယာ ဧကရာဇ်က မေးလိုက်သည်။ “ခင်ဗျားအထင်… ယန်ဖြန်ရှန်ကို သတ်သင့်လား။”

အောက်ရှင်းက ဦးညွတ်လိုက်၏။ “ဒီကိစ္စကို ကျုပ် ဝင်ပြောလို့ မရပါဘူး။ ကျုပ်ရဲ့ တာဝန် မဟုတ်လို့ပါ။”

တောင်ပိုင်းကျိုးအင်ပါယာ ဧကရာဇ် အေးစက်စက် ပြောလိုက်သည်။ “ကိုယ်တော်က ခင်ဗျားကို ပြောခိုင်းနေတာလေ။”

အောက်ရှင်းက ခဏမျှ စဉ်းစားလိုက်ပြီး ပြန်ဖြေလိုက်၏။ “ကျုပ် အထင်တော့ ယန်ဖြန်ရှန်ကို မသတ်သင့်ပါဘူး။ သူက အင်ပါယာရဲ့ အဖိုးတန် ရတနာ တစ်ပါးပါ။ တာယင်အင်ပါယာက ယွင်ကျုံးဟဲ့ကို ရှုံးနိမ့်သွားတယ် ဆိုပေမယ့် သူ့ရဲ့ ပါရမီကို ဖျောက်ဖျက်ပစ်လို့ မရပါဘူး။ သူ့ကို သတ်လိုက်ရင် အင်ပါယာ အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်သွားမှာပါ။”

ထိုအရာက အောက်ရှင်း ပင် ဖြစ်၏။ မပြောလျှင် မပြောပေ၊ ပြောလိုက်ပြီ ဆိုလျှင် ဘယ်တော့မှ ဝေဝါးအောင် မပြောပေ။ သဘောထား ပြတ်သားသည်။

တောင်ပိုင်းကျိုးအင်ပါယာ ဧကရာဇ်က တည်ငြိမ်စွာ ပြောလိုက်၏။ “ဟောက်ကျန်း”

အပြင်ဘက်တွင် ရှိနေသော မိန်းမစိုးကြီးက ချက်ချင်း ဒူးထောက်ကာ ပြန်ထူးလိုက်သည်။ “ရှိပါတယ်။”

တောင်ပိုင်းကျိုးအင်ပါယာ ဧကရာဇ်က အမိန့်ပေးလိုက်၏။ “ကွပ်မျက်မယ့် နေရာကို သွားပြောလိုက်… ဘာအမိန့်မှ မရှိဘူးလို့”

ဘာအမိန့်မှ မရှိဘူး ဆိုသည်မှာ ဓားကို ရပ်တန့်ရန် နောက်ဆုံး အမိန့် မရှိဘူးဟု ဆိုလိုခြင်း ဖြစ်သည်။

မိန်းမစိုးကြီး ဟောက်ကျန်း၏ မျက်နှာ တုန်ယင်သွားပြီး မျက်ဝန်းများ အနည်းငယ် နီရဲသွားကာ ဦးညွှတ်လိုက်၏။ “မှန်လှပါ အရှင်မင်းမြတ်”

ထို့နောက် သူက ခြေသံမကြားစေရန် ခြေဖျားထောက်၍ အခြား နန်းတော်တံခါး တစ်ခုဆီသို့ တိတ်ဆိတ်စွာ လျှောက်သွားလေသည်။

ထိုအချိန်တွင် ကွပ်မျက်မည့် နေရာ၌ လူရာပေါင်းများစွာက ဧကရာဇ်၏ နောက်ဆုံး အဆုံးအဖြတ်ကို စောင့်ဆိုင်းနေကြ၏။

မိန်းမစိုးကြီး ဟောက်ကျန်း ရောက်လာသည်ကို မြင်ချိန်မှာတော့ လူအများအပြား မျှော်လင့်ချက် ရောင်ခြည်များ တောက်ပလာကြသည်။

နောက်ဆုံး အချိန်တွင် ဧကရာဇ်က အမိန့်ကို ပြန်လည် ရုပ်သိမ်းပြီး ယန်ဖြန်ရှန်၏ အသက်ကို ချမ်းသာပေးလိမ့်မည်ဟု သူတို့ မျှော်လင့်နေကြ၏။

ဥပဒေမဲ့ နယ်မြေ တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း သူသည် တောင်ပိုင်းကျိုးအင်ပါယာ၏ ဟေးပင်းထိုင်၏ ဂုဏ်ကျက်သရေ ဖြစ်နေဆဲ ဖြစ်သည်။

မိန်းမစိုးကြီး ဟောက်ကျန်းက မျှော်လင့်ချက် အပြည့်ဖြင့် ကြည့်နေသော အကြည့်များကို မြင်ချိန်မှာတော့ နာကျင်နေသော မျက်ဝန်းများဖြင့် ခေါင်းယမ်းပြလိုက်၏။ သူ၏ မျက်နှာတွင် အပြစ်မကင်းမှုများနှင့် တောင်းပန်မှုများ အပြည့် ရှိနေ၏။

ချက်ချင်းပဲ ထိုနေရာရှိ လူအများအပြား မျက်ဝန်းများ နီရဲလာပြီး မျက်ရည်များ ကျဆင်းလာကြသည်။

ကွပ်မျက်စင်ပေါ်တွင် လဲလျောင်းနေသော ယန်ဖြန်ရှန်က မိန်းမစိုးကြီး ဟောက်ကျန်းကို ပြုံးပြကာ ပြောလိုက်၏။ “ကိစ္စမရှိပါဘူး… ကျေးဇူးတင်ပါတယ် မိန်းမစိုးကြီး”

“ကွပ်မျက်စေ။” အမိန့်ပေးသံနှင့် အတူ ကြီးကြပ်သူ တရားသူကြီးက အမိန့်စာကို လွှင့်ပစ်လိုက်သည်။

ကွပ်မျက်သူက အံကြိတ်ကာ ပြောလိုက်၏။ “သခင်ကြီးယန်… ကောင်းရာသုဂတိ လားပါစေ။”

ထို့နောက် သူက ကြိုးကို ပြတ်အောင် ခုတ်ချလိုက်၏။ ကြီးမားသော ဓားကြီးက အရှိန်အဟုန်ဖြင့် ကျဆင်းလာသည်။

“ဒုတ်...”

ကျယ်လောင်သော အသံကြီး တစ်သံ ထွက်ပေါ်လာသည်။ ယန်ဖြန်ရှန်၏ ခန္ဓာကိုယ်သည် ခါးမှ ပြတ်တောက်သွားပြီး သွေးများ ပန်းထွက်လာကာ အတွင်းကလီစာများ ထွက်ကျလာလေသည်။ ဤအရာမှာ ခါးပိုင်းဖြတ်၍ ကွပ်မျက်ခြင်းပင် ဖြစ်၏။

“ညီမလေး…”

ကွပ်မျက်သူက ရှင်းရှင်းလင်းလင်း ကြားလိုက်ရ၏။ ယန်ဖြန်ရှန် မသေဆုံးမီ ပြောသွားသော ထိုစကားလုံး နှစ်လုံးတွင် အဆုံးမဲ့ စိုးရိမ်ပူပန်မှုများနှင့် တမ်းတမှုများ၊ ထို့အပြင် အနည်းငယ်သော လွတ်မြောက်မှုများ ပါဝင်နေသည်။

ထိုအချိန်တွင် နန်းတော် တံခါး အပြင်ဘက်တွင် ဒူးထောက်နေသော အိမ်ရှေ့စံမင်းသား ကျိုးလီက အစွမ်းကုန် မြေကြီးနှင့်ခေါင်း ဆောင့်နေဆဲ ဖြစ်၏။

“ခမည်းတော်… သားတော် အပြစ်ရှိပါတယ်။ သားတော်ကို သာမန် ပြည်သူ တစ်ယောက်အဖြစ် နေဖို့ ဆန္ဒရှိပါတယ်။”

သူ ခေါင်းဆောင့်သည့် အားက တစ်ကြိမ်ထက် တစ်ကြိမ် ပိုမို ပြင်းထန်လာပြီး သူ၏ ဦးခေါင်းခွံပင် ကွဲအက်တော့မည့် အလား ဖြစ်နေသည်။

ခဏအကြာတွင် မိန်းမစိုးကြီး ဟောက်ကျန်း ထွက်လာပြီး တိုးညှင်းသော အသံဖြင့် ပြောလိုက်၏။ “အိမ်ရှေ့စံမင်းသား… ပြန်ပါတော့။”

အိမ်ရှေ့စံမင်းသား ကျိုးလီက တုန်ယင်နေသည့် အသံဖြင့် မေးလိုက်သည်။ “ကွပ်… ကွပ်မျက်လိုက်ပြီလား။”

မိန်းမစိုးကြီး ဟောက်ကျန်းက ခေါင်းညိတ်ကာ ပြောလိုက်၏။ “ဟုတ်ပါတယ်။”

………………

All Chapters