← Chapters

အခန်း (၂၅၁-၂၅၂)

Vol. 22 Ch. 251-252

အခန်း (၂၅၁-၂၅၂)

Vol. 22 Ch. 251-252

အပိုင်း (၂၅၁)

ထိုစကားကို ကြားချိန်မှာတော့ အိမ်ရှေ့စံမင်းသား ကျိုးလီ၏ မျက်လုံးများမှ မျက်ရည်များ အဆက်မပြတ် စီးကျလာပြီး သွေးများနှင့် ရောနှောသွားကာ သွေးမျက်ရည်များ ကျဆင်းနေသကဲ့သို့ ဖြစ်နေသည်။

“ဝေါ့... ဝေါ့..”

အတန်ကြာမှ သူက ရုတ်တရက် သွေးတစ်လုတ် အန်ချလိုက်၏။ ထို့နောက် သွေးတစ်လုတ်ပြီး တစ်လုတ် ဆက်တိုက် အန်ချနေတော့သည်။

“ခမည်းတော်… ယန်ဖြန်ရှန် ဟာ အင်ပါယာရဲ့ အဖိုးတန် ရတနာ တစ်ပါးပါ။ သူ့ကို သတ်လိုက်တာက ဘယ်လောက်တောင် အသိဉာဏ် နည်းပါးလိုက်သလဲ။ ဘယ်လောက်တောင် အသိဉာဏ် နည်းပါးလိုက်သလဲ။” အိမ်ရှေ့စံမင်းသားက နာကျင်စွာ အော်ဟစ်လိုက်လေ၏။

ထိုစကားကို ကြားချိန်မှာတော့ လူတိုင်း မျက်နှာပျက်သွားကြသည်။

‘အရင်က ယဉ်ကျေးသိမ်မွေ့တဲ့ အိမ်ရှေ့စံမင်းသား၊ ဘယ်တော့မှ ရိုင်းစိုင်းတဲ့ စကား မပြောဖူးတဲ့ အိမ်ရှေ့စံမင်းသားက ယခု လူအများရှေ့မှာ ဧကရာဇ်ကို အသိဉာဏ် နည်းပါးတယ်လို့ ဆဲဆိုနေတာလား။ ဒါက ပုန်ကန်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား။

သားက အဖေကို အသိဉာဏ် နည်းပါးတယ်လို့ ပြောတယ်။ မင်းသားက ဧကရာဇ်ကို အသိဉာဏ် နည်းပါးတယ်လို့ ပြောတယ်။ ထိုအရာက ပုန်ကန်တာ မဟုတ်ရင် ဘာလဲ။ သေချင်လို့ လုပ်တာ မဟုတ်ရင် ဘာလဲ။’

ထင်ထားသည့်အတိုင်းပင်။ စာကြည့်ဆောင်ထဲက တောင်ပိုင်းကျိုးအင်ပါယာ ဧကရာဇ်က ထိုစကားကို ကြားချိန်မှာတော့ မျက်နှာ ပျက်ယွင်းသွားပြီး မျက်လုံးများ ကျဉ်းမြောင်းသွား၏။

ချက်ချင်းဆိုသလိုပဲ စာကြည့်ဆောင်တစ်ခုလုံးမှာ အေးခဲသွားသည့်အလား ဖြစ်သွားတော့သည်။

မီတာ ရာပေါင်းများစွာအတွင်း ရှိနေကြသော နန်းတွင်းသူများ၊ မိန်းမစိုးများနှင့် သက်တော်စောင့်များ အားလုံးမှာ ဒူးထောက်ချလိုက်ကြပြီး မြေကြီးပေါ်တွင် ဝပ်စင်းလျက် အနည်းငယ်မျှပင် မလှုပ်ရှားရဲ ကြတော့ပေ။

ဤအခြေအနေမှာ ဧကရာဇ်မင်းမြတ် အမျက်တော်ရှနေပြီ ဖြစ်ကြောင်း သိသာလှသည်။ ဧကရာဇ်တစ်ကြိမ် အမျက်ထွက်လျှင် ကောင်းကင်နှင့် မြေကြီးပင် အရောင်ပြောင်းသွားတတ်သည် မဟုတ်ပါလား။

“ကျိုးလီကို ဖမ်းဆီးပြီး အကျယ်ချုပ် ချထားလိုက်။” ဧကရာဇ်က တည်ငြိမ်စွာ အမိန့်ပေးလိုက်သည်။

လေသံမှာ အလွန်တည်ငြိမ်နေသော်လည်း ကောင်းကင်ယံကဲ့သို့ ကြီးမားသော ဒေါသများ ကိန်းအောင်းနေ၏။ ထို့နောက် သူသည် နုလန်ဟောက် အောက်ရှင်းကို ကြည့်ရှုကာ မေးမြန်းလိုက်၏။ “ခင်ဗျားမှာ ဘာကိစ္စ ရှိသေးလဲ။”

ဤမျှ ပြင်းထန်သော အမျက်တော်အောက်တွင် အောက်ရှင်းအနေဖြင့် နှုတ်ဆိတ်နေသင့်ပေသည်။ အိမ်ရှေ့စံမင်းသား ကျိုးလီသည် ဧကရာဇ်၏ စိတ်နှလုံးကို ပြင်းထန်စွာ ထိခိုက်စေခဲ့သဖြင့် ဧကရာဇ်၏ ဒေါသကို ထပ်မံ၍ မဆွသင့်ပေ။ မင်းသားကိုပင် အကျယ်ချုပ်ချရန် အမိန့်ပေးလိုက်ပြီဖြစ်ရာ နုလန်ဟောက် အနေဖြင့် ဧကရာဇ်၏ အာဏာစက်ကို ထပ်မံ၍ စိန်ခေါ်ရဲပါဦးမည်လား။

သို့ပေမည့် သူသည် ပြတ်ပြတ်သားသားပင် ဦးညွှတ်တောင်းဆိုလိုက်၏။ “အရှင်မင်းမြတ်… ကျုပ်မှာ မွေးစားသား မလိုအပ်ပါဘူး။ ကျုပ်ရဲ့သားက မိဘအပေါ် ရိုသေခြင်းတရားကို သိတတ်ပြီး ကြင်နာတတ်ပါတယ်။ နုလန်ဟောက် ရာထူးကို ဆက်ခံနိုင်ပါတယ်။ အရှင်မင်းမြတ်ရဲ့ အမိန့်ကို ပြန်လည် ရုပ်သိမ်းပေးဖို့ တောင်းဆိုပါတယ်။”

တောင်ပိုင်းကျိုးအင်ပါယာ ဧကရာဇ်သည် ဒေါသထွက်လွန်းသောကြောင့် ရယ်မောလိုက်ပြီး မေးမြန်းလိုက်သည်။ “အောက်ရှင်း… ခင်ဗျားက တကယ် သေရမှာ နည်းနည်းလေးတောင် မကြောက်ဘူးလား။”

နုလန်ဟောက် အောက်ရှင်းက ပြန်ဖြေ၏။ “ကျုပ် တစ်သက်လုံး ပွင့်ပွင့်လင်းလင်း နေထိုင်ခဲ့ပါတယ်။ သေရမှာ မကြောက်ပါဘူး။”

တောင်ပိုင်းကျိုးအင်ပါယာ၏ ဧကရာဇ်ဝမ်ယွင် သည် အောက်ရှင်းကို စိုက်ကြည့်နေသည်။

အပြင်ဘက်ရှိ နန်းတွင်း သက်တော်စောင့်များနှင့် မိန်းမစိုးကြီးများ အားလုံး အသင့်ပြင်ထားပြီး ဖြစ်သည်။ ဧကရာဇ်မင်းမြတ် အမိန့် တစ်ချက် ပေးလိုက်သည်နှင့် အထဲသို့ ဝင်ရောက်ကာ ဖမ်းဆီးကြမှာဖြစ်၏။

ဤကဲ့သို့ အရေးကြီးသော အချိန်တွင် ဧကရာဇ်ကို အမျက်ထွက်အောင် လုပ်ခြင်းမှာ ကိုယ့်သေတွင်း ကိုယ်တူးခြင်းပင် ဖြစ်သည်။

သို့ပေမည့် ဧကရာဇ်ဝမ်ယွင်က အမိန့်မပေးဘဲ ကျောက်တုံးမှတ်တမ်းကို ပြန်ဖွင့်ကာ ဆက်လက် ဖတ်ရှုနေလေ၏။

“ခင်ဗျားသား ရေးတဲ့ စာအုပ် တစ်အုပ် ရှိတယ် ဆိုတာ ခင်ဗျား သိလား။ နာမည်က ကျောက်တုံးမှတ်တမ်း တဲ့။” ဟု ဧကရာဇ်က မေးလိုက်သည်။

အောက်ရှင်းက ပြန်ဖြေလိုက်၏။ “နည်းနည်း ကြားဖူးပါတယ်။”

ဧကရာဇ်က ပြောလိုက်သည်။ “ကိုယ်တော် ဒီစာအုပ်ကို မကြိုက်ဘူး။ နာကြည်းမှုတွေ အရမ်း များတယ်။ ဒါပေမဲ့ ရေးထားတာတော့ တကယ် ကောင်းတယ်။”

အောက်ရှင်းက တိတ်ဆိတ်စွာ နေလိုက်၏။

ဧကရာဇ်က ဆက်ပြောလိုက်သည်။ “ခင်ဗျား ပြန်တော့။”

အောက်ရှင်းက ဦးညွတ်ကာ ပြောလိုက်၏။ “အရှင်မင်းမြတ်… ကျုပ်မှာ မွေးစားသား မလိုအပ်ပါဘူး။”

ဧကရာဇ်က အေးစက်စွာ ပြောလိုကသည်။ “ခင်ဗျား မြို့တော်မှာပဲ နေခဲ့တော့။ ကျန်းကျိုးမြို့ကို မပြန်နဲ့တော့။ အဲဒီမှာ ဘာတွေ ဖြစ်နေလဲ ဆိုတာကိုပါ စုံစမ်းလိုက်အုံး။”

ထို့နောက် ဧကရာဇ်က စာအုပ်ကို ပြန်ကိုင်လိုက်ပြီး ထပ်မံ စကားမဆိုတော့ပေ။

အောက်ရှင်းက မြေပြင်ပေါ်တွင် အတန်ကြာ ဒူးထောက်နေပြီးနောက် ပြောလိုက်သည်။ “ကျုပ်ကို သွားခွင့်ပြုပါအုံး။”

ထိုစဉ် ဧကရာဇ်က ရုတ်တရက် မေးလိုက်၏။ “အောက်ရှင်း… အပြင်မှာ ခင်ဗျားကို ကွန်းမြို့စားဘွဲ့ ပေးသင့်တယ်လို့ သတင်းတွေ ထွက်နေတယ်။ ခင်ဗျား ဘယ်လို ထင်လဲ။”

(ကွန်းမြို့စား - တရုတ်သမိုင်းမှာ အရှည်ကြာဆုံးနဲ့ အမြင့်မြတ်ဆုံး ဂုဏ်ထူးဆောင်ဘွဲ့များထဲမှ တစ်ခု၊ ကမ္ဘာကျော် ဒဿနိကဗေဒပညာရှင် ကွန်ဖြူးရှပ်ရဲ့ တိုက်ရိုက်မျိုးဆက်တွေထဲက အကြီးဆုံးသားကို မျိုးရိုးစဉ်ဆက် ဆက်ခံဖို့ ပေးအပ်ထားသည့်ဘွဲ့)

ဤကောလာဟလက ထွက်နေသည်မှာ ကြာပြီ ဖြစ်၏။ လွန်ခဲ့သော နှစ်အနည်းငယ်တည်းက စတင် ထွက်ပေါ်နေခြင်း ဖြစ်သည်။

တောင်ပိုင်း လူရိုင်းများကို နှိမ်နင်းရာတွင် အောက်ရှင်းက ကြီးမားသော ကောင်းကျိုးပြုမှုများ ရရှိခဲ့သောကြောင့် သူ၏ စစ်ရေးစွမ်းဆောင်မှုများအရ ကွန်းမြို့စားဘွဲ့ ရသင့်သည်မှာ ကြာပြီ ဖြစ်၏။

သို့ပေမည့် မကြာသေးမီက တာယင်အင်ပါယာနှင့် ဖြစ်ပွားခဲ့သော စစ်ပွဲတွင် တောင်ပိုင်းကျိုးအင်ပါယာက ရှုံးနိမ့်ခဲ့သောကြောင့် ဤသတင်းက ငြိမ်သက်သွားခဲ့သည်။

တာယင်အင်ပါယာ၏ စတုတ္ထမင်းသား ယင်ချွဲ့က တောင်ပိုင်းကျိုးအင်ပါယာ နယ်နိမိတ် အတွင်းသို့ ကျူးကျော် ဝင်ရောက်လာချိန်မှာတော့ အောက်ရှင်းက စစ်တပ်ကြီးကို ဦးဆောင်ကာ ယင်ချွဲ့၏ စစ်တပ်ကို ဝိုင်းရံထားပြီး အလုံးစုံ ချေမှုန်းတော့မည့် အချိန်တွင် ဧကရာဇ်၏ နှုတ်မိန့်ကြောင့် ထိုစစ်သည် တစ်သိန်းကျော်ကို တာယင်အင်ပါယာသို့ ပြန်လွှတ်ပေးခဲ့ရ၏။

ထို့ကြောင့် ထိုစစ်ပွဲတွင် တောင်ပိုင်းကျိုးအင်ပါယာက ဂုဏ်သိက္ခာ ရှိရှိဖြင့် ပြီးဆုံးသွားခဲ့သည်ဟု ဆိုရမည်။

တောင်ပိုင်းကျိုးအင်ပါယာ၏ ဝါဒဖြန့်မှုများတွင် ထိုစစ်ပွဲကို အောင်ပွဲအဖြစ်ပင် ကြေညာခဲ့၏။ အဘယ်ကြောင့် ဆိုသော် ရန်သူ့ စစ်တပ်၏ အဓိက အင်အားစုကို ဝိုင်းရံနိုင်ခဲ့ရုံသာမက ရန်သူ့ စစ်သေနာပတိကိုပါ ဖမ်းဆီးနိုင်ခဲ့သောကြောင့် ဖြစ်သည်။

ထို့ကြောင့် အောက်ရှင်းကို ကွန်းမြို့စားဘွဲ့ ပေးသင့်သည် ဟူသော သတင်းများ ပြန်လည် ထွက်ပေါ်လာခြင်း ဖြစ်၏။

သို့ပေမည့် ယခုတစ်ကြိမ် ဤသတင်းများ ထွက်ပေါ်လာခြင်းမှာ ရည်ရွယ်ချက် မကောင်းသလို အန္တရာယ်လည်း များလှသည်။

ထို့ကြောင့် ယွင်ကျုံးဟဲ့ အနေဖြင့် ဖခင်ဖြစ်သူ အောက်ရှင်း အား ဤစစ်ပွဲ ရှုံးနိမ့်မှုအတွက် အပြစ်ရှိကြောင်း ဧကရာဇ် ထံတွင် တောင်းပန်ပြီး ကွန်းမြို့စားဘွဲ့ ရယူရန် မဖြစ်နိုင်ကြောင်း ပြောဆိုရန် အကြံပြုသင့်မသင့် စဉ်းစားခဲ့ဖူး၏။

သို့ပေမည့် သေချာ စဉ်းစားပြီးနောက် ယွင်ကျုံးဟဲ့က ထိုအကြံကို စွန့်လွှတ်လိုက်သည်။ အဘယ်ကြောင့် ဆိုသော် ဖခင် အောက်ရှင်း အနေဖြင့် သူ၏ မူလ စရိုက်အတိုင်း နေထိုင်ခြင်းကသာ အကောင်းဆုံး ဖြစ်သောကြောင့်ပင်။

အကယ်၍ သူက အပြစ်ဝန်ခံပြီး ကွန်းမြို့စားဘွဲ့ကို ငြင်းပယ်ပါက သူသည် နိုင်ငံရေးတွင် ပါးနပ်သူ တစ်ဦး ဖြစ်သွားကြောင်း ပြသရာ ရောက်သွားမှာဖြစ်သည်။

ဖခင် အောက်ရှင်း၏ ပွင့်လင်းမြင်သာပြီး လူမှုဆက်ဆံရေးနှင့် နိုင်ငံရေး တွင် မကျွမ်းကျင်သော စရိုက်ကသာ ယခုကဲ့သို့ အန္တရာယ်များသော အခြေအနေတွင် အကောင်းဆုံး အကာအကွယ် ဖြစ်၏။

ဧကရာဇ်၏ စကားကို ကြားချိန်မှာတော့ နုလန်ဟောက် အောက်ရှင်းက ပြန်ဖြေလိုက်သည်။ “ကွန်းမြို့စားဘွဲ့လား။ မဖြစ်နိုင်လောက်ပါဘူး။”

................

မကြာမီ တောင်ပိုင်းကျိုးအင်ပါယာ ဧကရာဇ်က စာကြည့်ဆောင်တွင် နောက်ထပ် လူတစ်ဦးကို ခေါ်ယူ တွေ့ဆုံခဲ့သည်။ ထိုသူမှာ ပညာရေးဝန်ကြီး လီယိုးကျီ ဖြစ်၏။

“ဆောင်းဦးရာသီ ပြည်နယ် စာမေးပွဲ နီးလာပြီ။ နယ်အသီးသီးက စာမေးပွဲ စစ်ဆေးသူတွေကို စီစဉ်ပြီးပြီလား။” ဧကရာဇ်က မေးလိုက်သည်။

ပညာရေးဝန်ကြီး လီယိုးကျီက ဦးညွှတ်ကာ ပြန်ဖြေ၏။ “အရှင်မင်းမြတ်… အားလုံး စီစဉ်ပြီးပါပြီ။”

ထို့နောက် သူက စာရင်း တစ်ခုကို ဆက်သလိုက်၏။ မိန်းမစိုးကြီးက ထိုစာရင်းကို ယူကာ ဧကရာဇ်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

တောင်ပိုင်းကျိုးအင်ပါယာ ဧကရာဇ်က ဖွင့်ကြည့်လိုက်ရာ ချန်လန် ပြည်နယ်၏ စာမေးပွဲ စစ်ဆေးသူများ စာရင်းပေါ်သို့ အကြည့် ရောက်သွား၏။

“တစ်ယောက်ယောက်က ရာထူးကနေ ဆင်းသွားတာ ကြာပြီ ဖြစ်ပေမယ့် လက်က ရှည်နေတုန်းပဲကိုး။” ဧကရာဇ်က အေးစက်စွာ ရယ်မောလိုက်ပြီး စုတ်တံကို ယူကာ စာမေးပွဲ စစ်ဆေးသူ တစ်ဦး၏ နာမည်ကို ခြစ်ပစ်လိုက်သည်။

သေချာပေါက် သူ ပြောနေသည်မှာ ယွင်ကျုံးဟဲ့၏ ဆရာ ကျူ့လန်ထျန်း ပင် ဖြစ်၏။

လွန်ခဲ့သော တစ်လခန့်က ကျူ့လန်ထျန်း သည် ကျောက်တုံးမှတ်တမ်းကို ဖတ်ပြီးနောက် ဤတိုက်ပွဲတွင် အနိုင်ရသွားပြီ ဖြစ်ကြောင်း၊ သူကိုယ်တိုင် ထွက်ပေါ်လာရန် မလိုအပ်တော့ကြောင်း သိရှိခဲ့၏။ သူ၏ အာရုံ အားလုံးကို ဆောင်းဦးရာသီ ပြည်နယ် စာမေးပွဲ ပေါ်တွင်သာ ထားရှိရန် လိုအပ်သည်။

ထို့ကြောင့် သူက သူ၏ နိုင်ငံရေး အင်အား အားလုံးကို အသုံးပြုကာ သူ၏ တပည့်ဟောင်း တစ်ဦးကို ချန်လန် ပြည်နယ်၏ ဒုတိယ စာမေးပွဲ စစ်ဆေးသူ အဖြစ် ခန့်အပ်ခံရရန် စီစဉ်ခဲ့သည်။ ဤသည်မှာ ယွင်ကျုံးဟဲ့ကို အကာအကွယ် ပေးရန် ဖြစ်၏။

သို့ပေမည့် ဧကရာဇ်က ထိုနာမည်ကို အလွယ်တကူ ခြစ်ပစ်လိုက်သောကြောင့် ကျူ့လန်ထျန်း၏ ကြိုးစား အားထုတ်မှုများ အားလုံး အလကား ဖြစ်သွားခဲ့ရ၏။ ကြီးမားသော အရင်းအနှီးများ ပေးဆပ်ကာ ရယူခဲ့သော ရလဒ်များ အားလုံး ရေစုန်မျောသွားခဲ့သည်။

ထို့နောက် ဧကရာဇ်၏ အကြည့်က ပင်မ စာမေးပွဲ စစ်ဆေးသူ၏ နာမည်ပေါ်သို့ ရောက်သွား၏။ “ရွှီကွမ်ကျူ”

ထိုသူမှာ ကော်ဇီကျန့် (နိုင်ငံတော် ပညာရေးအဖွဲ့)၏ အကြီးအကဲ ဖြစ်ပြီး အာဏာ မကြီးမားသော်လည်း နာမည်သတင်း ကြီးမားကာ အဆင့်အတန်း မြင့်မားသူ ဖြစ်သည်။

သို့ပေမည့် ထိုသူတွင် အခြား အခန်းကဏ္ဍ တစ်ခု ရှိသေး၏။ အမတ်ချုပ်ကြီးလင်၏ တပည့်ဖြစ်ပြီး ဒုတိယ မင်းသား၏ ဘက်တော်သား ဖြစ်သည်။ ဧကရာဇ်က စုတ်တံကို ယူကာ ရွှီကွမ်ကျူ၏ နာမည်ကိုပါ ခြစ်ပစ်လိုက်၏။

ဤသို့ဖြင့် ချန်လန် ပြည်နယ်၏ ဆောင်းဦးရာသီ ပြည်နယ် စာမေးပွဲအတွက် ပင်မ စာမေးပွဲ စစ်ဆေးသူနှင့် ဒုတိယ စာမေးပွဲ စစ်ဆေးသူ နှစ်ဦးလုံးကို ဧကရာဇ်က သဘောမကျကြောင်း ပြသလိုက်ခြင်း ဖြစ်သည်။

ပညာရေးဝန်ကြီး လီယိုးကျီက ဒူးထောက်ကာ ဦးညွှတ်၍ ပြောလိုက်၏။ “ကျုပ် တာဝန် မကျေပွန်တဲ့ အတွက် အပြစ်ပေးတော်မူပါ အရှင်မင်းမြတ်...”

ဧကရာဇ်က မျက်လုံးများကို မှေးစင်းကာ ပြုံးလိုက်ပြီး လက်ကာပြကာ သူ့ကို ထွက်ခွာခိုင်းလိုက်သည်။

ပညာရေးဝန်ကြီး လီယိုးကျီ ထွက်လာချိန်မှာတော့ သူ၏ ကျောပြင် တစ်ခုလုံး ချွေးများဖြင့် စိုရွှဲနေပြီ ဖြစ်၏။

ဧကရာဇ်ကို အလုပ်အကျွေး ပြုရသည်မှာ ကျားတစ်ကောင်နှင့် အတူ နေရသကဲ့သို့ ဖြစ်၏။ သူတို့၏ အရှင်သခင် ဧကရာဇ်ဝမ်ယွင် သည် စကားကို ပွင့်ပွင့်လင်းလင်း ပြောလေ့မရှိပေ။ သူ အမျက်ထွက် နေချိန်တွင်လည်း ကြောက်စရာ ကောင်းသလို အေးစက်စက် ရယ်မောနေချိန်တွင်လည်း ကြောက်စရာ ကောင်းလှသည်။

အဘယ်ကြောင့်ဆိုသော် သူ၏ ဒေါသ မည်မျှအထိ ကြီးမားနေသည်ကို လုံးဝ မသိနိုင်သောကြောင့် ဖြစ်၏။ တစ်ခါတစ်ရံတွင် သူ၏ ဒေါသ အထွတ်အထိပ်သို့ ရောက်နေပြီဟု ထင်ရသော်လည်း အမှန်တကယ်တွင် အများကြီး ကျန်နေသေး၏။

တစ်ခါတစ်ရံတွင်မူ အများကြီး ကျန်နေသေးသည်ဟု ထင်ရသော်လည်း နောက်တစ်စက္ကန့်တွင် ကြီးမားသော ဘေးအန္တရာယ်ကြီး ကျရောက်လာတတ်သည်။

ပညာရေးဝန်ကြီး၏ အစီအစဉ်ကို ဧကရာဇ်က လုံးဝ မကျေနပ်ကြောင်း သိသာလှ၏။ ‘ခင်ဗျားက ငါကိုယ်တော်ရဲ့ ပညာရေးဝန်ကြီးပဲ။ ဘယ်အမတ်ကြီးရဲ့ ပညာရေးဝန်ကြီးမှ မဟုတ်ဘူး။ ချန်လန် ပြည်နယ်ရဲ့ စာမေးပွဲ အတွက် တစ်ဖက်မှာ အမတ်ချုပ်ကြီးလင်ရဲ့ လူကို ထားပြီး နောက်တစ်ဖက်မှာ ကျူ့လန်ထျန်းရဲ့ တပည့်ကို ထားတယ်ပေါ့။

ဒါ ဘာသဘောလဲ။ အာဏာ မျှခြေ လုပ်တာလား။ နှစ်ဖက်လုံးကို မျက်နှာ လုပ်တာလား။ အာဏာ မျှခြေ လုပ်တယ် ဆိုတာ ငါကိုယ်တော်ရဲ့ အလုပ်လေ။ ခင်ဗျားလို ပညာရေးဝန်ကြီး တစ်ယောက်က အာဏာ မျှခြေ လုပ်ချင်နေတာလား။’

ထို့ကြောင့် ပညာရေးဝန်ကြီး ပြန်ရောက်သွားသည်နှင့် ပင်မ စာမေးပွဲ စစ်ဆေးသူနှင့် ဒုတိယ စာမေးပွဲ စစ်ဆေးသူများ၏ နာမည်များကို ချက်ချင်း ပြောင်းလဲပစ်လိုက်သည်။

အတိုချုပ်ဆိုရလျှင် ထိုစာမေးပွဲ စစ်ဆေးသူများသည် အမတ်ချုပ်ကြီးလင်၏ ဘက်တော်သားများ မဟုတ်သလို ကျူ့လန်ထျန်း၏ ဘက်တော်သားများလည်း မဟုတ်ပေ။

................

အပိုင်း (၂၅၂)

ကျန်းကျိုးမြို့...

အောက်ယွီသည် လူတိုင်း၏ အာရုံစိုက်မှုကို တဖန် ရရှိလာပြန်၏။ အဘယ်ကြောင့်ဆိုသော် သူ၏ ကြီးမားသော လောင်းကစားပွဲကြီးက အလွန် အံ့အားသင့်ဖွယ် ကောင်းသောကြောင့် ဖြစ်သည်။

ရှုံးနိမ့်ပါက သူ အရာအားလုံးကို ဆုံးရှုံးရမှာဖြစ်သည်။ အကယ်၍ သူ နိုင်ခဲ့ပါက အရာအားလုံးကို ရရှိမည် ဖြစ်ပြီး အောက်မင်က အရာအားလုံးကို ဆုံးရှုံးရမှာဖြစ်၏။

ဤတစ်ကြိမ် ဆောင်းဦးရာသီ ပြည်နယ်စာမေးပွဲက အောက်ယွီနှင့် အောက်မင်တို့၏ ကံကြမ္မာကို ဆုံးဖြတ်ပေးရုံသာမက တွမ်ယင်းယင်း၏ ကံကြမ္မာ၊ ယွဲ့တန်းဖျင်မှ ပညာတတ် ဆယ့်သုံးယောက်တို့၏ ကံကြမ္မာကိုပါ ဆုံးဖြတ်ပေးပေလိမ့်မည်။

ထို့ကြောင့် လူအများအပြားက အောက်ယွီကို စောင့်ကြည့်နေကြသည်။ ထိုအခါ အောက်ယွီ ယခင်က ပြောခဲ့သော စကားများမှာ အလကား မဟုတ်ကြောင်း သူတို့ တွေ့ရှိလိုက်ရ၏။ အဘယ်ကြောင့်ဆိုသော် သူက စာအုပ်များ အဆက်မပြတ် ဝယ်ယူနေသောကြောင့် ဖြစ်သည်။

စာမေးပွဲနှင့် ပတ်သက်သော စာအုပ်များ အားလုံးကို ဝယ်ယူပြီး အိမ်သို့ သေတ္တာလိုက် သယ်ဆောင်နေ၏။ ထို့အပြင် ထိုစာအုပ်အများစုမှာကလေးများ သင်ယူရသော အခြေခံ စာအုပ်များ ဖြစ်နေ၏။

ထို့အပြင် ထျန်းယီ စာအုပ်တိုက်မှ ကျူရန်များ၊ ရှို့ချိုင်များနှင့် အမတ်လောင်းများကပင် နုလန်ဟောက် အိမ်တော်သို့ အဝင်အထွက် ပြုလုပ်ကာ သူ့ကို စာသင်ပေးနေကြသည်။

ဤမြင်ကွင်းကို မြင်ချိန်မှာတော့ လူတိုင်း ရူးသွပ်ချင်စိတ် ပေါက်သွားကြ၏။

‘ခင်ဗျားက တကယ်ပဲ သုညကနေ ပြန်စတော့မှာလား။ အခြားသူတွေက ဆယ်စုနှစ်ပေါင်းများစွာ စာဖတ်လာတာတောင် စာမေးပွဲ မအောင်နိုင်ကြဘူး။ ခင်ဗျားက လအနည်းငယ် အတွင်းမှာ စာမေးပွဲ အောင်ရုံတင် မကဘူး၊ ပထမ သုံးယောက် စာရင်း ဝင်အောင် လုပ်ချင်သေးတယ်ပေါ့။ ခင်ဗျား တကယ် ရူးနေတာပဲ။

ချန်လန် ပြည်နယ်ရဲ့ စာမေးပွဲက သေမင်းတမန် အုပ်စုကြီးလေ။ ခင်ဗျားလို လူမျိုးက အန်ရှီး ပြည်နယ်လို အလွယ်ဆုံး နေရာမှာ သွားဖြေရင်တောင် အောင်မှာ မဟုတ်ဘူး။

အခြားသူတွေက စာမေးပွဲ နီးမှ စာကျက်တာကို ဓားသွေးတယ်လို့ ပြောကြတယ်။ ခင်ဗျားက ဓားသွေးတာ မဟုတ်ဘူး၊ သတ္တုရိုင်း တူးနေတာ။ သတ္တုရိုင်း တူးပြီးမှ သံရည်ကျိုမယ်။ သံရည်ကျိုပြီးမှ ဓားသွား လုပ်မယ်။ ဓားသွား လုပ်ပြီးမှ သစ်သားတုတ် တပ်ပြီး လှံ လုပ်မယ် ဆိုတဲ့ ပုံစံမျိုးပဲ။’

ယွင်ကျုံးဟဲ့၏ လုပ်ရပ်များက တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေရန် သုံးရက်သာ လိုတော့သည့် အချိန်တွင် အလီ ပြန်ကျက်နေသကဲ့သို့ ဖြစ်နေ၏။

ထျန်းယီ စာအုပ်တိုက်မှ ယွင်ကျုံးဟဲ့ကို စာသွားသင်ပေးသော လူများအားလုံး အပြင်ထွက်လာသည့်အခါ မျက်နှာများ ဖြူရော်နေကြပြီး အောက်ယွီကို အလွန် ကြောက်ရွံ့နေသည့် ပုံပေါ်နေသည်။

‘ဒီလောက် အခြေခံညံ့တဲ့ ကျောင်းသားမျိုးကို တစ်ခါမှ မသင်ဖူးဘူး။ အရမ်း ကြောက်စရာ ကောင်းတာပဲ။’

....................

ဝေမြို့စားကြီး အိမ်တော်အတွင်း….

အစည်းအဝေး တက်ရောက်သူ လူအနည်းငယ် ထပ်တိုးလာ၏။ ထိုသူများမှာ ယွဲ့တန်းဖျင်မှ ပညာတတ်များ ဖြစ်သည်။ သူတို့ကလည်း ဤရထားပေါ်သို့ ဆွဲတင်ခံလိုက်ရပြီဖြစ်ရာ အောက်မင်၊ ဝေမြို့စားကြီး အိမ်တော် တို့နှင့် တစ်လှေတည်းစီး တစ်ခရီးတည်းသွား ဖြစ်နေကြပြီဖြစ်၏။

“ဆောင်းဦးရာသီ ပြည်နယ်စာမေးပွဲရဲ့ စာမေးပွဲ စစ်ဆေးသူ စာရင်း ထွက်လာပြီ။ ပင်မ စာမေးပွဲ စစ်ဆေးသူက ယွီကျန်းတဲ့။”

ထိုစကားကို ကြားချိန်မှာတော့ လူတိုင်း မျက်မှောင်ကြုတ်သွားကြ၏။ ထိုသူသည် လုံးဝ လာဘ်ထိုး၍ မရသော၊ လူတိုင်း မုန်းတီးသော ဘိုးဘိုးကြီး တစ်ဦး ဖြစ်သည်။

သူ၏ လူငယ်ဘဝက တကယ့်ကို ဒဏ္ဍာရီ တစ်ခု ဖြစ်ခဲ့၏။ အသက် နှစ်ဆယ့်သုံးနှစ်အရွယ်တွင် အမတ် စာမေးပွဲ အောင်မြင်ခဲ့ပြီး မြို့တော် စာမေးပွဲတွင် ဒုတိယ၊ နန်းတော် စာမေးပွဲတွင် တတိယ ရရှိခဲ့ကာ နာမည် တစ်လုံးဖြင့် ကျော်ကြားခဲ့သည်။ ထို့နောက် ဟန်လင် နန်းတွင်းကျောင်းသို့ ဝင်ရောက်ခဲ့၏။

ကြယ်တစ်ပွင့် တောက်ပလာတော့မည်။ နောက်နှစ်သုံးဆယ် အကြာတွင် ထိုသူသည် အစိုးရအဖွဲ့ အတွင်းသို့ ဝင်ရောက်လာမည်ဟု လူတိုင်းက ထင်မှတ်ခဲ့ကြသည်။

သို့ပေမည့် ရလဒ်က မထင်မှတ်ဖွယ်ရာ ဖြစ်ခဲ့၏။ ဤမျှအထိ လူမှုဆက်ဆံရေး ညံ့ဖျင်းသူမျိုးကို တစ်ကြိမ် တစ်ခါမျှ မတွေ့မြင်ဖူးချေ။ အမတ်အဖြစ် တာဝန်ထမ်းဆောင်ရန် မဆိုထားနှင့်၊ လူပီသအောင်ပင် နေထိုင်တတ်ပုံမရပေ။

အောက်ရှင်းသည်လည်း လူမှုဆက်ဆံရေး နားမလည်သည့်အပြင် အမတ်တာဝန်ကို ကျွမ်းကျင်စွာ မဆောင်ရွက်တတ်သော်လည်း၊ သူသည် အေးချမ်းစွာ နေထိုင်တတ်ပြီး သူတစ်ပါးအပေါ် ရန်ရှာခြင်း မရှိချေ။

ယွီကျန်း အမည်ရှိသည့် ဤအမတ်ကြီးမှာမူ တွေ့ဆုံသမျှ လူတိုင်းကို ပြဿနာရှာတတ်သူ ဖြစ်သည်။ သူသည် မည်သူ့ကိုမှ ကြည့်မရဘဲ ရောက်ရှိရာအရပ်တိုင်းရှိ လုပ်ဖော်ကိုင်ဖက် အားလုံးနှင့် အဆင်မပြေဖြစ်ခဲ့၏။

ဟန်လင်အကယ်ဒမီတွင် တာဝန်ထမ်းဆောင်စဉ်က မိမိ၏ အထက်လူကြီးကို ပြဿနာရှာခဲ့ဖူးသည်။ ထို့နောက် နယ်ဘက်သို့ဆင်း၍ မြို့ဝန်အဖြစ် တာဝန်ယူရချိန်၌လည်း ခရိုင်ဝန်ကို ပြဿနာ ရှာပြန်သည်။

ဧကရာဇ်မင်းမြတ်က ထိုအခြေအနေကို မြင်တွေ့လိုက်ချိန်မှာတော့ ပြောလိုက်၏။ “ခင်ဗျားက ပြဿနာရှာရတာ အဲဒီလောက်တောင် ဝါသနာပါရင် စုံစမ်းစစ်ဆေးရေးရုံးကို သွားတော့။”

ဤပုဂ္ဂိုလ်ကြီးသည် စုံစမ်းစစ်ဆေးရေးရုံးသို့ ရောက်ရှိသွားသောအခါ အခြေအနေမှာ ပို၍ပင် ဆိုးရွား လာတော့သည်။ ကောင်းကင်၊ မြေကြီးနှင့် လေထုကိုပါမကျန် ရန်ရှာ၊ ပြဿနာရှာတော့သည်။

နေ့စဉ်နှင့်အမျှ သူ၏ စာချွန်လွှာများ ရောက်ရှိလာတတ်ပြီး၊ ထိုစာများတွင်လည်း ဟိုလူ့ကိုတိုင်တန်း၊ ဒီလူ့ကိုစွပ်စွဲသည့် အကြောင်းအရာများသာ ပါရှိ၏။

ဤကဲ့သို့ ပြဿနာရှာဖွေရင်း နှစ်ပေါင်းနှစ်ဆယ်ခန့် ကြာမြင့်သောအခါ သူသည် စုံစမ်းစစ်ဆေးရေးရုံး၏ ဒုတိယအကြီးအကဲ ရာထူးကို ရရှိလာခဲ့သည်။

သို့ရာတွင် နောက်ပိုင်း၌ သူသည် စုံစမ်းစစ်ဆေးရေးရုံးတွင် ဆက်လက်၍ မနေထိုင်နိုင်တော့ပေ။ အကြောင်းမှာ သူသည် စုံစမ်းစစ်ဆေးရေး အမတ်ချုပ်ကြီးကိုပင် ရန်ရှာခဲ့ပြီး ဒီရုံးထဲမှာ သူရှိရင် ကျုပ်မရှိဘူး၊ ကျုပ်ရှိရင် သူမရှိဘူး ဟု ပြောဆိုလိုက်သောကြောင့်ပင်။

နောက်ဆုံးတွင် ဧကရာဇ်မင်းမြတ်က သူ့အား စုံစမ်းစစ်ဆေးရေးရုံးမှ ထုတ်ပယ်လိုက်ပြီး နက္ခတ်တာရာရုံးသို့ ပို့ဆောင်လိုက်လေသည်။ ရာထူးမှာမူ တတိယအဆင့်ဖြစ်၏။

နက္ခတ်တာရာရုံးဆိုသည်မှာ လုပ်ပိုင်ခွင့်အာဏာမရှိဘဲ အေးစက်တိတ်ဆိတ်လှသည့် နေရာတစ်ခု ဖြစ်သည်။ နေ့စဉ်နှင့်အမျှ နက္ခတ်ဗေဒင်ဆိုင်ရာ တွက်ချက်မှုများကိုသာ လုပ်ဆောင်နေရခြင်း ဖြစ်သည်။

‘ခင်ဗျားက ပြဿနာရှာရတာကို ဝါသနာပါတယ် မဟုတ်လား။ အခု ကောင်းကင်၊ မြေကြီးနဲ့ လေထုတို့ကိုသာ သွားပြီး ပြဿနာရှာလိုက်တော့။’

နက္ခတ်တာရာရုံးသို့ ရောက်ရှိသွားပြီးနောက်တွင် အဘိုးကြီး ယွီကျန်းသည် ငြိမ်သက်သွားတော့သည်။ ညီလာခံအတွင်း သူ၏ ဟစ်အော်သံများကိုလည်း မကြားရသလောက် ဖြစ်သွားတော့၏။

သူသည် ချန်လန်ပြည်နယ်သို့ ရောက်ရှိလာလိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားခဲ့ကြပေ။ မကြာသေးမီက ချန်လန်ပြည်နယ်၏ ပညာရေးဝန်ကြီး ကျန်းချီကျန်းက နှုတ်ထွက်စာ တင်လိုက်၏။ ထိုစာကို ဧကရာဇ်က လက်ခံလိုက်ပြီး လူတိုင်း မုန်းတီးသော ယွီကျန်းကို ချန်လန် ပြည်နယ်၏ ပညာရေးဝန်ကြီး အဖြစ် ခန့်အပ်ကာ ဆောင်းဦးရာသီ ပြည်နယ် စာမေးပွဲ၏ ပင်မ စာမေးပွဲ စစ်ဆေးသူ အဖြစ် တာဝန်ပေးလိုက်ခြင်း ဖြစ်သည်။

အခြားသူများ၏ ရာထူးများက တဖြည်းဖြည်း မြင့်တက်လာသော်လည်း ဤအဘိုးကြီး၏ ရာထူးကတော့ ဆယ်စုနှစ်ပေါင်းများစွာ တစ်နေရာတည်းတွင်သာ ရှိနေ၏။

သို့ပေမည့် သူက ဆယ်စုနှစ်ပေါင်းများစွာ ပြဿနာ ရှာလာသူဖြစ်ရာ သူ၏ အရှိန်အဝါက လူများကို ကြက်သီးထသွားစေရန် လုံလောက်လှသည်။

သူက ချန်လန် ပြည်နယ် သို့ လာရောက်ပြီး ဆောင်းဦးရာသီ ပြည်နယ် စာမေးပွဲ၏ ပင်မ စာမေးပွဲ စစ်ဆေးသူ ဖြစ်လာမည်ဟု ကြားသိရချိန်မှာတော့ ကျန်းကျိုးမြို့ တစ်မြို့လုံး လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။

ပထမဆုံး အနေဖြင့် လိမ်လည်ရန် မစဉ်းစားနှင့်တော့။ အကယ်၍ တစ်ယောက်ယောက်က လိမ်လည်ရန် ကြိုးစားပါက ယွီကျန်းက သူ့ကို ရိုက်သတ်ရုံသာမက ဘိုးဘေးဘီဘင် အဆက်ဆက်ကိုပါ အလွတ်ပေးမည် မဟုတ်ပေ။

သူက စုံစမ်းစစ်ဆေးရေးရုံး၏ ဒုတိယအကြီးအကဲ လုပ်ခဲ့ဖူးသူဖြစ်ပြီး ညီလာခံတွင် ဆယ်စုနှစ်ပေါင်းများစွာ ပြဿနာ ရှာခဲ့သူ ဖြစ်၏။

မင်းသား ဖြစ်စေ၊ အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်ဖြစ်စေ သူ ပြဿနာ မရှာရဲသောသူဟူ၍ မရှိပေ။

ဤသို့သော သူမျိုးက အာဏာ မရှိသော်လည်း မည်သူကမှ မစော်ကားရဲပေ။ ထို့အပြင် သူသည် အတွေ့အကြုံ ရင့်ကျက်ပြီး ပညာအရည်အချင်း မြင့်မား၏။ လွန်ခဲ့သော နှစ်လေးဆယ်ကျော်က တတိယအဆင့်ဖြင့် စာမေးပွဲ အောင်မြင်ကာ အမတ် ဖြစ်ခဲ့သူ ဖြစ်သည်။

သူက ပင်မစာမေးပွဲ စစ်ဆေးသူ လုပ်မည်ဆိုလျှင် အလွန် တရားမျှတမှု ရှိမည်ဖြစ်ရာ မည်သူကမှ ကန့်ကွက်ရဲမည် မဟုတ်ပေ။

မြို့ဝန် ဝေ့ချီတွမ်က ပြောလိုက်၏။ “ယွီကျန်းက ပင်မ စာမေးပွဲ စစ်ဆေးသူ ဖြစ်လာတော့ စာမေးပွဲ အဖြေလွှာ စစ်တဲ့အချိန်မှာ အောက်ယွီကို ဖိနှိပ်ဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူး။ ဒုတိယ စာမေးပွဲ စစ်ဆေးသူ နှစ်ယောက်က အမတ်ချုပ်ကြီးလင်ရဲ့ လူတွေ မဟုတ်ပေမယ့် ကျုပ်တို့နဲ့ အဆင်ပြေအောင် နေချင်ကြမှာပါ။”

“ဒီလောက်ထိ စိုးရိမ်နေစရာ မလိုပါဘူး။ အောက်ယွီက အသုံးမကျတဲ့ကောင်ပါ။ ဘာမှ မသိတဲ့ လူမိုက်လေ။ ကျူ့လန်ထျန်း လွှတ်လိုက်တဲ့ သူ့ကို စာသင်ပေးတဲ့ ကျူရန်တွေတောင် သွေးအန်မတတ် ဖြစ်နေကြပြီ။ ဒီလောက် အသုံးမကျတဲ့ ကျောင်းသားမျိုးကို တစ်ခါမှ မတွေ့ဖူးဘူးတဲ့။ ဒီလိုလူမျိုးက စာမေးပွဲ အောင်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ပထမ သုံးယောက် စာရင်း ဝင်ဖို့ ဆိုတာ ပိုတောင် ဝေးသေးတယ်။” အောက်ထင်က ဝင်ပြောသည်။

မြို့ဝန် ဝေ့ချီတွမ်က မေးလိုက်၏။ “သောင်းဂဏန်းမှာ မကြောက်ပေမယ့် တစ်ဂဏန်းမှာတော့ ကြောက်ရမယ်။ ဟိုကျောင်းသားတွေကိစ္စ စီစဉ်ပြီးပြီလား။”

အောက်ထင်က ဖြေလိုက်သည်။ “အားလုံး စီစဉ်ပြီးပါပြီ။ ကျောင်းသား ငါးယောက်ကို တခြား ပြည်နယ်ကနေ ချန်လန် ပြည်နယ်ကို ပြောင်းပေးလိုက်ပြီ။ အချိန်ကပ်နေပေမယ့် အောင်မြင်သွားပါတယ်။”

မြို့ဝန် ဝေ့ချီတွမ်က ဆက်မေးလိုက်၏။ “ပြဿနာ တက်သေးလား။”

အောက်ထင်က ဖြေလိုက်သည်။ “ချန်လန်ပြည်နယ်ကနေ တခြားပြည်နယ်ကို ပြောင်းရင်တော့ ပြဿနာ တက်မှာပေါ့။ အဲဒါက လိမ်လည်တာနဲ့ တူတူပဲလေ။ ဒါပေမဲ့ တခြားပြည်နယ်ကနေ ချန်လန်ပြည်နယ်ကို ပြောင်းတာကျတော့ လူတွေက သတ္တိရှိတယ်လို့ပဲ ပြောကြမှာပါ။ ပြဿနာ မတက်ပါဘူး။”

ထိုစကားက မှန်၏။ တက္ကသိုလ်ဝင်တန်း စာမေးပွဲများတွင် ရှန်တုန်း၊ ဟီနန် စသော ပြည်နယ်များမှ ရှန်ဟိုင်းသို့ ပြောင်းဖြေပါက လိမ်လည်ရာ ကျ၏။ အမှတ်များစွာ ပိုရသကဲ့သို့ ဖြစ်သွားမှာဖြစ်၏။

သို့ပေမည့် ရှန်ဟိုင်း သို့မဟုတ် ရှင်းကျန်း ကဲ့သို့ နေရာများမှ ဟီနန်သို့ ပြောင်းဖြေပါက လူတိုင်းက လက်မထောင်ကာ ခင်ဗျားက တကယ် မိုက်တယ်၊ သတ္တုခေါင်းပဲ လို့ ပြောကြပေလိမ့်မည်။

(ဟီနန်ပြည်နယ် - တရုတ်နိုင်ငံမှာ စာမေးပွဲ ဖြေဆိုသူ အများဆုံးပြည်နယ် ဖြစ်ပြီး ဖြေဆိုသူဦးရေဟာ ၁ သန်းကျော် ရှိတတ်ပြီး တခြားပြည်နယ်တွေထက် သိသိသာသာ ပိုများ၏။ လူဦးရေ ထူထပ်သော်ငြား တက္ကသိုလ်ဝင်ခွင့် နေရာမှာ အကန့်အသတ်ရှိနေတာကြောင့် ယှဉ်ပြိုင်မှုဟာ သေရေးရှင်ရေးတမျှ ပြင်းထန်သည်။)

အမတ်ချုပ်ကြီးလင်၏ အဖွဲ့က အောက်ယွီကို လုံးဝ နှိမ်နင်းနိုင်ရန်အတွက် အခြားပြည်နယ်များမှ ထူးချွန်သော ကျောင်းသား ငါးဦးကို အတင်းအကျပ် ပြောင်းရွှေ့လာစေခဲ့၏။

ချန်လန် ပြည်နယ် သည် မူလတည်းက စာမေးပွဲ တွင် အခက်ခဲဆုံး နေရာ ဖြစ်သည်။

ဤနေရာတွင် ပြည်နယ် စာမေးပွဲ အောင်မြင်ရန် ဆိုသည်မှာ မြို့တော် စာမေးပွဲ အောင်မြင်ရန်လောက် ခက်ခဲ၏။

ထို့အပြင် ဤပြည်နယ်တွင် မူလတည်းက ထူးချွန်သော ကျောင်းသား အများအပြား ရှိနေပြီး ယခု နောက်ထပ် ငါးဦး ထပ်တိုးလာပြန်သည်။

ဤသည်မှာ အောက်ယွီ၏ ပထမ သုံးယောက်စာရင်း ဝင်နိုင်မည့် အခွင့်အရေး အားလုံးကို လုံးဝ ဖျက်ဆီးပစ်ရန် ဖြစ်၏။

ထိုကျောင်းသား ငါးဦးထဲမှ မည်သူမဆို ပထမနေရာ ရရှိနိုင်စွမ်း ရှိကြောင်း လူအများက ပြောဆိုနေကြသည်။

အထူးသဖြင့် စုမန် ဟု ခေါ်သော ကျောင်းသား တစ်ဦးမှာ အလွန် ထူးချွန်ပြောင်မြောက်လှ၏။ သူက ယခုနှစ်တွင် အသက် နှစ်ဆယ့်ခုနစ်နှစ် ရှိပြီ ဖြစ်သည်။ ခရိုင် စာမေးပွဲ၊ မြို့နယ် စာမေးပွဲ၊ ပြည်နယ် စာမေးပွဲ အားလုံးတွင် ပထမ နေရာသာ ရရှိခဲ့သူ ဖြစ်၏။

ထို့အပြင် သူ ရှို့ချိုင်အဖြစ် အောင်မြင်ချိန်က အသက် ဆယ့်သုံးနှစ်သာ ရှိသေးပြီး ထိုအရွယ်ဖြင့် ချန်လန် ပြည်နယ်၏ ပြည်နယ် စာမေးပွဲတွင် ပထမ နေရာ ရရှိခဲ့ခြင်း ဖြစ်သည်။

ထို့နောက် သူက ဆောင်းဦးရာသီ ပြည်နယ် စာမေးပွဲကို ဆက်ဖြေရန် ရည်ရွယ်ခဲ့သော်လည်း မိသားစုက ခွင့်မပြုခဲ့ပေ။ အသက် ငယ်လွန်းသေးသောကြောင့် အနည်းဆုံး ဆယ့်ခုနစ်နှစ်ပြည့်မှ ဖြေရန် ဆုံးဖြတ်ခဲ့ကြ၏။

သို့ပေမည့် အသက် ဆယ့်ခုနစ်နှစ်တွင် သူ၏ အဘိုး ကွယ်လွန်သွားသောကြောင့် သုံးနှစ် ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်ခဲ့ရသည်။

အသက် နှစ်ဆယ့်တစ်နှစ်တွင် ဆောင်းဦးရာသီ ပြည်နယ် စာမေးပွဲ ဖြေရန် ပြင်ဆင်နေစဉ် စာမေးပွဲ မတိုင်မီ ရက်အနည်းငယ် အလိုတွင် ဖျားနာသွားပြီး သတိလစ်သွားခဲ့သည်။ ဤသို့ဖြင့် နောက်ထပ် သုံးနှစ် နောက်ကျသွားပြန်၏။

အသက် နှစ်ဆယ့်လေးနှစ်အရွယ် ယခင် ဆောင်းဦးရာသီ ပြည်နယ် စာမေးပွဲတွင် သူနှင့် အောက်မင်တို့ ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်ကြမည်ဟု လူတိုင်းက ထင်မှတ်ခဲ့ကြပြီး ပထမနေရာမှာ ထိုနှစ်ဦးထဲမှ တစ်ဦးဦး ဖြစ်မည်ဟု ယုံကြည်ခဲ့ကြသည်။

သို့ပေမည့် စာမေးပွဲ မတိုင်မီ သုံးလ အလိုတွင် သူ၏ ဖခင် ထပ်မံ ကွယ်လွန်သွားခဲ့ပြန်သည်။ ထို့ကြောင့် နောက်ထပ် သုံးနှစ် ထပ်မံ နောက်ကျသွားပြန်၏။

.......................

All Chapters