← Chapters

အခန်း (၂၅၃-၂၅၄)

Vol. 22 Ch. 253-254

အခန်း (၂၅၃-၂၅၄)

Vol. 22 Ch. 253-254

အပိုင်း (၂၅၃)

ဆယ်ကျော်သက် အရွယ်တည်းက ပထမနေရာ ရနိုင်စွမ်း ရှိသော ပါရမီရှင် တစ်ဦးသည် အသက် နှစ်ဆယ့်ခုနစ်နှစ်အထိ အကြိမ်ကြိမ် နောက်ကျခဲ့ရသည်။

သူ၏ မျက်လုံးများပင် နီရဲနေပြီ ဖြစ်၏။ ဤတစ်ကြိမ် စာမေးပွဲတွင် သူက တွေ့သမျှ လူကို သတ်မည့်၊ တွေ့သမျှ နတ်ကို သတ်မည့် ပုံစံမျိုး ဖြစ်နေ၏။

ဆောင်းဦးရာသီ ပြည်နယ်စာမေးပွဲတိုင်းတွင် သူကိုယ်တိုင် မဖြေခဲ့ရသော်လည်း အားလုံးကို ပါဝင် ဖြေဆိုခဲ့သည်ဟု ဆိုနိုင်၏။ အဘယ်ကြောင့်ဆိုသော် နှစ်စဉ် စာမေးပွဲ မေးခွန်းများကို သူ အမြဲ ဖြေဆိုခဲ့သောကြောင့်ပင်။

ထို့အပြင် ဆောင်းဦးရာသီ ပြည်နယ် စာမေးပွဲ၏ စည်းမျဉ်းများ အတိုင်း အိမ်တွင် စာမေးပွဲရုံ အသေးစားလေး တစ်ခု ဆောက်လုပ်ကာ ရက်အတော်ကြာ နေထိုင်ပြီး အဖြေလွှာများကို ရေးသားခဲ့၏။

သူက ချန်လန် ပြည်နယ်၏ မေးခွန်းများကိုသာမက တောင်ပိုင်းကျိုးအင်ပါယာ တစ်ခုလုံးရှိ ပြည်နယ် အသီးသီး၏ မေးခွန်းများကိုပါ ဖြေဆိုခဲ့သည်။

ထို့နောက် လူတစ်ယောက်က သူ၏ အဖြေလွှာများကို သက်ဆိုင်ရာ စာမေးပွဲ စစ်ဆေးသူများထံ သွားရောက် ပြသခဲ့၏။

ထိုအခါ သူက ကံကြမ္မာဆိုး ကျရောက်နေသူ တစ်ဦး ဖြစ်ကြောင်း မှတ်ချက်ပေးခံခဲ့ရသည်။ အကယ်၍ ဤအဖြေလွှာများသာ အတည်ဖြစ်ပါက သူသည် ပထမနေရာ ဆယ်ကြိမ်ခန့် ရရှိပေလိမ့်မည်။

ပထမနေရာ ဆယ်ကြိမ် ရမည်လား။ မည်မျှ ကြောက်စရာ ကောင်းသနည်း။ ထို့ကြောင့် သူ၏ ကံကြမ္မာဆိုး ကျရောက်နေသူ ဟူသော နာမည်ပြောင် ထွက်ပေါ်လာခြင်း ဖြစ်၏။ ထိုနာမည်ပြောင် သာမက စာမေးပွဲ သေမင်းတမန်၊ ကျန်းကျိုး စာမေးပွဲ နတ်ဆိုး စသည့် နာမည်ပြောင်များလည်း ရှိသေးသည်။

ယခုနှစ်တွင် သူ အသက် နှစ်ဆယ့်ခုနစ်နှစ် ရှိပြီ ဖြစ်ပြီး အကောင်းဆုံး အခြေအနေတွင် ရှိနေသည်။ ထို့ကြောင့် ချန်လန်ပြည်နယ် တစ်ခုလုံးရှိ လူများက ဤတစ်ကြိမ်တွင် သူ သေချာပေါက် ပထမနေရာ ရမည်ဟု အခိုင်အမာ ယုံကြည်နေကြ၏။

ကျန်ရှိနေသူများ အားလုံးက ဒုတိယ နေရာကိုသာ လုယူကြရမှာဖြစ်၏။ ပထမ နေရာကို လုယူလိုသူ မည်သူမဆို ဤ စာမေးပွဲ နတ်ဆိုး စုမန်၏ လက်အောက်တွင် သေဆုံးရမှာဖြစ်သည်။

ထို့ကြောင့် အခြေအနေများက ဤသို့ ဖြစ်နေ၏။

ဤတစ်ကြိမ် ဆောင်းဦးရာသီ ပြည်နယ် စာမေးပွဲတွင် ထူးချွန်သူများ များပြားလှပြီး အခြား ပြည်နယ်များမှ ထူးချွန်သော ကျောင်းသား ငါးဦးလည်း ထပ်မံ ရောက်ရှိလာခဲ့သည်။

ထို့ကြောင့် ယွင်ကျုံးဟဲ့ အနေဖြင့် ပထမ သုံးယောက် စာရင်း ဝင်ရန် ဆိုသည်မှာ ငရဲပြည်တွင် အပ်ရှာရသကဲ့သို့ ခက်ခဲလှ၏။

ရှစ်လပိုင်း ဆယ့်သုံးရက်နေ့သို့ တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ ကျန်းကျိုးမြို့၏ လေထုကလည်း ပိုမို လေးလံလာ၏။ လူတိုင်းက အသက်ရှူအောင့်ကာ ထိုနေ့ ရောက်လာမည့် အချိန်ကို စောင့်ဆိုင်းနေကြသည်။

အစပိုင်းတွင် လောင်းကစားပွဲ တစ်ခု ဖွင့်လှစ်ခဲ့ကြသည်။ အောက်ယွီ ဆောင်းဦးရာသီ ပြည်နယ် စာမေးပွဲတွင် ပထမ သုံးယောက် စာရင်း ဝင်မည်ဆိုပါက လျော်ကြေး တစ်ဆလျှင် ငါးဆ ပေးမှာဖြစ်၏။

ဆိုလိုသည်မှာ အောက်ယွီ နိုင်မည်ဟု ငွေတစ်တုံး လောင်းပါက အကယ်၍ အောက်ယွီ တကယ် ပထမ သုံးယောက် စာရင်း ဝင်သွားပါက ငွေငါးတုံး ရရှိမည်။

ထိုမျှ များပြားသော လျော်ကြေးကိုပင် မည်သူမှ မလောင်းကြသောကြောင့် လောင်းကစားရုံက လျော်ကြေးကို တစ်ဆလျှင် ဆယ်ဆအထိ တိုးမြှင့်လိုက်သည်။

သို့တိုင်အောင် မည်သူမှ မလောင်းကြသောကြောင့် လောင်းကစားပွဲကို ရပ်ဆိုင်းလိုက်ရ၏။

အဘယ်ကြောင့်ဆိုသော် နုလန်ဟောက် အိမ်တော်မှ ထွက်ပေါ်လာသော သတင်းများက အလွန် ကြောက်စရာ ကောင်းနေသောကြောင့် ဖြစ်သည်။

စာမေးပွဲ ဖြေရန် အချိန် အနည်းငယ်သာ လိုတော့သော်လည်း အောက်ယွီက ကျုံးယုံ ကို အလွတ်ကျက်နေဆဲ ဖြစ်၏။

(ကျုံးယုံ - တရုတ်ဒဿနိကဗေဒ၊ အထူးသဖြင့် ကွန်ဖြူးရှပ်ဝါဒတွင် အခြေခံအကျဆုံးနှင့် အရေးပါဆုံးသော ကျင့်ဝတ်ဆိုင်ရာ သဘောတရားတစ်ခု)

‘ခင်ဗျားလို အဆင့်အတန်းမျိုးနဲ့ စာမေးပွဲ အောင်မယ်ဆိုရင် သရဲတောင် လန့်သွားလိမ့်မယ်။ ကမ္ဘာပျက်ပြီး တခြား ကျောင်းသားတွေ အကုန် သေသွားလို့ ခင်ဗျား အောက်ယွီ တစ်ယောက်တည်း ဆောင်းဦးရာသီ ပြည်နယ် စာမေးပွဲ ဖြေရရင်တောင် ခင်ဗျား စာမေးပွဲ အောင်မှာ မဟုတ်ဘူး။ ပထမ သုံးယောက် စာရင်း ဆိုတာ ပိုတောင် ဝေးသေးတယ်။’

ထို့ကြောင့် အောက်ယွီ ရှုံးမည်မှာ သေချာပြီး အောက်မင် နိုင်မည်မှာ သေချာနေ၏။ ယနေ့မှစ၍ နုလန်ဟောက် ရာထူးသည် အောက်မင်၏ ပိုင်ဆိုင်မှု ဖြစ်သွားမည် ဖြစ်ပြီး အောက်ယွီ ကဲ့သို့ အသုံးမကျသူက အရာအားလုံးကို ဆုံးရှုံးရတော့မှာဖြစ်သည်။

အချိန်များ ရေအလား စီးဆင်းသွားပြီး ဟန်ဆောင်၍ မရသော နေ့ရက်များက လျင်မြန်စွာ ကုန်ဆုံးသွား၏။

လအနည်းငယ် ကြာပြီးနောက် ယွင်ကျုံးဟဲ့၏ ကံကြမ္မာ၊ အောက်မင်၏ ကံကြမ္မာ၊ တွမ်ယင်းယင်း၏ ကံကြမ္မာ၊ ယွဲ့တန်းဖျင် အဖွဲ့အစည်း၏ ကံကြမ္မာကို ဆုံးဖြတ်ပေးမည့် နေ့ကြီးရက်ကြီး ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ချန်လန် ပြည်နယ်၏ ဆောင်းဦးရာသီ ပြည်နယ် စာမေးပွဲ တရားဝင် စတင်ပြီဖြစ်၏။

ဤကမ္ဘာ၏ စာမေးပွဲ စနစ်သည် ရှေးဟောင်း တရုတ်နိုင်ငံနှင့် အကြမ်းဖျင်း တူညီသော်လည်း လုံးဝ တူညီခြင်းတော့ မဟုတ်ပေ။

ထန်မင်းဆက်၏ စာမေးပွဲကို အကြမ်းဖျင်းအားဖြင့် မင်ကျင်း (ကျမ်းစာ ကျွမ်းကျင်မှု) နှင့် ကျင်းရှီ (စာပေ ကျွမ်းကျင်မှု) ဟု နှစ်ပိုင်း ခွဲခြားထားသော်လည်း အတွင်းတွင် မင်ဆွမ် (သင်္ချာ)၊ မင်ဖာ (ဥပဒေ) စသည်ဖြင့် အသေးစိတ် ထပ်မံ ခွဲခြားထားကာ အသက်မွေးဝမ်းကျောင်း ပညာရပ် ဆန်သော သဘောသဘာဝ ရှိ၏။

အထူးသဖြင့် မင်ကျင်း ဘာသာရပ်သည် ငရဲပြည် အဆင့် ခက်ခဲလှသည်။ စာအုပ်များကို အလွတ်ကျက ်ရုံသာမက နိုင်ငံရေး၊ စီးပွားရေး စသည့် အကြောင်းအရာများကိုပါ ရေးသားရပြီး ကျမ်းစာများကို အဓိပ္ပာယ် ဖွင့်ဆို ရှင်းလင်းရသေး၏။

စုန့်မင်းဆက်၏ စာမေးပွဲသည် လွတ်လပ်မှု အရှိဆုံး ဖြစ်သည်။ အလွတ်ကျက်ရသည့် အပိုင်းများ အားလုံးနီးပါးကို ပယ်ဖျက်လိုက်ပြီးကဗျာ ရေးဖွဲ့ခြင်းကိုပင် ဖျက်သိမ်းလိုက်၏။ နိုင်ငံရေး မေးခွန်းများနှင့် ကျမ်းစာ ငါးစောင်ထဲမှ စာကြောင်း တစ်ကြောင်းကို ရွေးချယ်ကာ စာစီစာကုံး တစ်ပုဒ် ရေးသားရုံသာ ဖြစ်သည်။

မင်မင်းဆက်နှင့် ချင်မင်းဆက် တို့၏ စာမေးပွဲများကတော့ လွတ်လပ်မှု အနည်းဆုံး ဖြစ်၏။ ကျောင်းသားများ စာစီစာကုံး ရေးသားရာတွင် စည်းမျဉ်းများကို တင်းကျပ်စွာ လိုက်နာရသည်။ စာစီစာကုံး၏ အရှည်၊ စာကြောင်း အတိုအရှည်၊ အသံထွက် စသည်တို့ကို တင်းကျပ်စွာ သတ်မှတ်ထားသောကြောင့် ပါကူဝမ် (ရှစ်ပိုင်းခွဲ စာစီစာကုံး) ဟူသော အမည် ပေါ်ထွက်လာခြင်း ဖြစ်၏။

ယခု ယွင်ကျုံးဟဲ့ ရောက်ရှိနေသောကမ္ဘာ၏ စာမေးပွဲစနစ်မှာ တာရှအင်ပါယာ၏ လွန်ခဲ့သော နှစ်ရာပေါင်း များစွာက စနစ်ကို အသုံးပြုထားဆဲ ဖြစ်သည်။

ထန်မင်းဆက်၏ မင်ကျင်းနှင့် ကျင်းရှီ နှစ်ခု ပေါင်းစပ်ထားသကဲ့သို့ ဖြစ်သော်လည်း အသေးစိတ် ခွဲခြားထားခြင်း မရှိပေ။

ပထမနေ့တွင် ကွက်လပ်ဖြည့်နှင့် ကျမ်းစာ ဖွင့်ဆိုချက်များကို ဖြေဆိုရပြီး အမှတ် ၃၀ ရာခိုင်နှုန်းခန့် ပါဝင်၏။

ကွက်လပ်ဖြည့် နှင့် ကျမ်းစာ ဖွင့်ဆိုချက် ဆိုသည်မှာ အဘယ်နည်း။

အလွတ်ကျက်ရခြင်း ဖြစ်၏။ ကွက်လပ်ဖြည့် ဆိုသည်မှာ ကျမ်းစာ ငါးစောင်ထဲမှ စာပိုဒ် တစ်ပိုဒ်ကို ယူကာ စာလုံး အချို့ကို ဖျောက်ထားပြီး ဖြည့်ခိုင်းခြင်း ဖြစ်သည်။

ထိုသို့မဟုတ်ပါက စာပိုဒ် တစ်ပိုဒ်ကို ရေးပြထားပြီး မည်သည့် စာအုပ်၊ မည်သည့် အခန်းမှ ဖြစ်ကြောင်း မေးမြန်းခြင်း ဖြစ်၏။

လွယ်ကူသည်ဟု ထင်ရသော်လည်း ကျမ်းစာ ငါးစောင်လုံး ပေါင်းလိုက်ပါက စာလုံးရေ သိန်းနှင့်ချီ ရှိ၏။ ကျမ်းစာ ငါးစောင်တည်း ဖြေရမည်ဟု ထင်နေသလား။ မဟုတ်ပေ။ ကွက်လပ်ဖြည့် မေးခွန်းများက တစ်နှစ်ထက် တစ်နှစ် တိုးလာနေသည်။

အင်ပါယာတွင် ကြီးကျယ်သော ဧကရာဇ် တစ်ပါး ပေါ်ထွက်လာပါက သူက စာအုပ် တစ်အုပ် ရေးသားခဲ့မည်၊ ဂန္ထဝင် လက်ရာ တစ်ခုတော့ ချန်ထားခဲ့မည် မဟုတ်ပါလား။

ဥပမာအားဖြင့် တောင်ပိုင်းကျိုးအင်ပါယာ၏ ဧကရာဇ်ဟောင်းသည် အလွန်တော်သူ ဖြစ်၏။ သူ ရာထူးမှ မဆင်းမီ တောင်ပိုင်းကောင်းကင် မှတ်တမ်း အမည်ရှိ စာအုပ် တစ်အုပ် ရေးသားခဲ့သည်။ များများစားစား မဟုတ်ပေ၊ စာလုံးရေ ကိုးသောင်းကျော်သာ ရှိ၏။

ယခု ဧကရာဇ်ဝမ်ယွင် နန်းတက်လာချိန်မှာတော့ သူလည်း စာအုပ် တစ်အုပ် ရေးသားရမည် မဟုတ်ပါလား။ မြောက်ပိုင်းစကား အမည်ရ စာအုပ်ဖြစ်ပြီး စာလုံးရေ တစ်သိန်း တစ်သောင်းခန့် ရှိသည်။

ဧကရာဇ်ဟောင်း ဧကရာဇ်ထျန်းယန် နန်းတက်စဉ်က တောင်ပိုင်းကျိုးအင်ပါယာသည် ပြန်လည် နိုးထလာပြီး အင်အား ကြီးမားလာသော အချိန် ဖြစ်၏။ တောင်ပိုင်း လူရိုင်းများကို တိုက်ခိုက် အောင်မြင်ခဲ့ပြီး အင်ပါယာ၏ နယ်မြေကို စတုရန်း ကီလိုမီတာ တစ်သန်းကျော် တိုးချဲ့နိုင်ခဲ့၏။

ထို တောင်ပိုင်းကောင်းကင် မှတ်တမ်း စာအုပ်သည် ထိုနယ်မြေသစ်၏ ဓလေ့ထုံးစံများကို ရေးသားထားခြင်း ဖြစ်ပြီး အရေးအကြီးဆုံး အချက်မှာ လွန်ခဲ့သော နှစ်ပေါင်းများစွာတည်းက ထိုနေရာတွင် မိမိတို့၏ ပြည်သူများ နေထိုင်ခဲ့ဖူးသည်။

ထို့ကြောင့် တောင်ပိုင်းကျိုးအင်ပါယာက ထိုနယ်မြေကို သိမ်းပိုက်ခြင်းမှာ တရားနည်းလမ်း ကျကြောင်း၊ ရှေးယခင်တည်းက ဤနယ်မြေသည် မိမိတို့ ဘိုးဘေးများ၏ နယ်မြေ ဖြစ်ပြီး ယခု တာ့ကျိုးအင်ပါယာက ပြန်လည် ရယူလိုက်ခြင်းသာဖြစ်ကြောင်း ရေးသားထားခြင်း ဖြစ်၏။

ထိုနယ်မြေသစ်ကို အပြီးတိုင် သိမ်းပိုက်နိုင်ရန်အတွက် ဧကရာဇ်ထျန်းယန်က ထိုစာအုပ်ကို ရေးသားကာ တစ်ကမ္ဘာလုံးကို အသိပေးခဲ့ခြင်း ဖြစ်သည်။

ထိုနယ်မြေသည် မည်သို့သော နယ်မြေ ဖြစ်ကြောင်း၊ မည်သို့သော သမိုင်းကြောင်း ရှိကြောင်း ရှင်းပြကာ ပြည်သူများ ထိုနယ်မြေသစ်ကို ချစ်မြတ်နိုးလာစေရန်၊ ကိုယ်ပိုင်အဖြစ် ခံစားလာစေရန်နှင့် အသက်ပေး ကာကွယ်လိုစိတ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ခြင်း ဖြစ်၏။

အဓိပ္ပာယ် ကြီးမားသည်လား။ သေချာပေါက် ကြီးမားလှ၏။ ထိုစာအုပ် ရှိခြင်းဖြင့် တောင်ပိုင်း လူရိုင်းများကို တိုက်ခိုက် သိမ်းပိုက်ခြင်းသည် တရားမျှတမှု ရှိသွားပြီ ဖြစ်၏။ ထို့ကြောင့် စာမေးပွဲတွင် သေချာပေါက် ဖြေဆိုရမှာ ဖြစ်သည်။

ယခု ဧကရာဇ်ဝမ်ယွင် နန်းတက်လာချိန်မှာတော့ အင်ပါယာ၏ စစ်ရေး မဟာဗျူဟာကို တောင်ပိုင်းမှ မြောက်ပိုင်းသို့ ပြောင်းလဲလိုက်ပြီး တစ်ကမ္ဘာလုံးကို စိုးမိုးရန် ကြိုးစားလာ၏။

ထို့ကြောင့် ဤ မြောက်ပိုင်းစကား စာအုပ်သည် မြောက်ပိုင်းသို့ စစ်ချီခြင်း၏ အရေးပါမှုကို ရှင်းပြထားခြင်း ဖြစ်သည်။ အင်ပါယာ အတွက်သာမက တစ်လောကလုံး အတွက်ပါ မလွှဲမရှောင်သာသော တာဝန် တစ်ရပ် ဖြစ်ကြောင်း၊ မြောက်ပိုင်းသို့ စစ်ချီခြင်းသည်ကိုယ်ကျိုး အတွက် မဟုတ်ဘဲ တစ်လောကလုံးရှိ ပြည်သူများ အတွက် ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ဤ မြောက်ပိုင်းစကားစာအုပ် ရှိခြင်းဖြင့် တောင်ပိုင်းကျိုးအင်ပါယာသည် မြောက်ပိုင်းသို့ စစ်ချီရန် တရားမျှတမှု ရရှိသွားပြီ ဖြစ်၏။

အရေးကြီးသည်လား။ စာမေးပွဲတွင် ဖြေဆိုရမည်လား။

ထို့ကြောင့် ပထမနေ့၏ ကွက်လပ်ဖြည့်နှင့် ကျမ်းစာ ဖွင့်ဆိုချက် မေးခွန်းများမှာ မူလက စာအုပ် ဆယ်အုပ် အောက်သာ ရှိခဲ့ရာမှ ယခုအခါ စာအုပ် နှစ်ဆယ့်သုံးအုပ်၊ စာလုံးရေ တစ်သန်းခွဲကျော် အထိ တိုးလာခဲ့ပြီ ဖြစ်၏။

ဆိုလိုသည်မှာ ပထမနေ့၏ မေးခွန်း အားလုံးကို မှန်ကန်စွာ ဖြေဆိုနိုင်ရန် ထိုစာအုပ် နှစ်ဆယ့်သုံးအုပ်၊ စာလုံးရေ တစ်သန်းခွဲကျော် အားလုံးကို အလွတ်ကျက်ထားရမှာဖြစ်သည်။

ရူးသွပ်စရာ ကောင်းသည်လား။ လုပ်နိုင်မည်လား။

ကျောင်းသား အများစု အတွက်ကတော့ သွေးအန်မတတ် ကျက်မှတ်လျှင်တောင် မလုပ်နိုင်ကြပေ။

ထို့ဆိုလျှင် ပထမနေ့၏ ကွက်လပ်ဖြည့်နှင့် ကျမ်းစာ ဖွင့်ဆိုချက် မေးခွန်း စုစုပေါင်း မည်မျှ ရှိသနည်း။ မေးခွန်း နှစ်ရာဖြစ်သည်။

မမှားပေ၊ မေးခွန်း နှစ်ရာဖြစ်ပြီး အဖြေလွှာ စာရွက် အကြီး ဆယ်ရွက်အပြည့် မေးခွန်း ပင်လယ်ကြီးဖြစ်ပြီး စာဖြေသူကို ရေနစ်သေစေမှာဖြစ်၏။

ထို့ကြောင့် စာမေးပွဲ ပထမနေ့က အဆိုးရွားဆုံး ဖြစ်၏။ အမှတ်ပြည့် ရချင်သလား။ အိမ်မက်တောင် မမက်နှင့်။

ဒုတိယနေ့ စာမေးပွဲက အရေးအကြီးဆုံး ဖြစ်ပြီး အမှတ် ၅၀ ရာခိုင်နှုန်း ပါဝင်၏။ မေးခွန်း သုံးခုသာ ရှိပြီး အားလုံးက နိုင်ငံရေး၊ စီးပွားရေး စသည့် လက်ရှိ အခြေအနေများနှင့် ပတ်သက်သော စာစီစာကုံးများ ဖြစ်သည်။

စာလုံးရေ နှစ်ရာခန့် ပါဝင်သော စာစီစာကုံးတို နှစ်ပုဒ်နှင့် စာလုံးရေ ရှစ်ရာခန့် ပါဝင်သော စာစီစာကုံးရှည် တစ်ပုဒ် ဖြစ်၏။

စာစီစာကုံးရှည်က အရေးအကြီးဆုံးဖြစ်ပြီး ဒုတိယနေ့အမှတ် အားလုံးနီးပါးကို ဆုံးဖြတ်ပေးသည်။ စာစီစာကုံးတို နှစ်ပုဒ်မှာမူ ကျောင်းသား၏ ပါရမီကို အကဲဖြတ်ရန် အထောက်အကူပြုရုံသာ ဖြစ်သည်။

ထို့ကြောင့် စာမေးပွဲ အောင်၊ မအောင် ဆိုသည်မှာ ဒုတိယနေ့ပေါ်တွင် လုံးဝ မူတည်နေသည်။ အကယ်၍ စာစီစာကုံးကို ကောင်းမွန်စွာ မရေးနိုင်ပါက အိမ်ပြန်ရုံသာရှိ၏။ ဤစာမေးပွဲတွင် မျှော်လင့်ချက် မရှိတော့ပေ။

အပိုင်း (၂၅၄)

စာမေးပွဲ ဆိုသည်မှာ အမတ်များကို ရွေးချယ်ခြင်းဖြစ်ရာ နိုင်ငံရေး စာစီစာကုံးက လူတစ်ဦး၏ အုပ်ချုပ်ရေး စွမ်းရည်၊ အမြော်အမြင်နှင့် အတွေးအခေါ်ကို အကောင်းဆုံး စမ်းသပ်နိုင်၏။

တစ်နေ့တည်းဖြင့် စာစီစာကုံး သုံးပုဒ် ရေးသားရခြင်းမှာလည်း အလွန် ခက်ခဲလှသည်။ ကျောင်းသား အများအပြားမှာ ဒုတိယနေ့ စာမေးပွဲ အပြီးတွင် မြေပြင်ပေါ်၌ ခွေကျသွားတတ်ကြသည်။

စာမေးပွဲ သုံးရက်တွင် ပထမနေ့က အဆိုးရွားဆုံး၊ ဒုတိယနေ့က အရေးအကြီးဆုံး ဆိုလျှင် တတိယနေ့ကရော…

တတိယနေ့က အလွတ်လပ်ဆုံး ဖြစ်၏။

တတိယနေ့တွင်ကဗျာ နှင့် လင်္ကာ များကို ဖြေဆိုရသည်။ ပုံမှန်အားဖြင့် မေးခွန်း နှစ်ခုသာ ရှိပြီး ခေါင်းစဉ် ပေးထားကာ ကဗျာ တစ်ပုဒ်နှင့် လင်္ကာ တစ်ပုဒ် ရေးဖွဲ့ရ၏။ တစ်ခါတစ်ရံတွင် တေးထပ် တစ်ပုဒ် ရေးဖွဲ့ရန် တတိယ မေးခွန်း ပါလာတတ်သည်။

မေးခွန်း သုံးခု ရှိလျှင်တောင် အများကြီး မဟုတ်ပေ။

သို့ပေမည့် ဤနေ့က ပါရမီ၊ စွမ်းရည် နှင့် စိတ်ကူးဉာဏ်ကို အကောင်းဆုံး စမ်းသပ်နိုင်၏။

တတိယနေ့ စာမေးပွဲက အမှတ် ၂၀ ရာခိုင်နှုန်းခန့်သာ ပါဝင်သော်လည်း ပထမ သုံးယောက် စာရင်း ဝင်လိုပါက ဤတတိယနေ့က အလွန် အရေးကြီးပြန်သည်။

အဘယ်ကြောင့်ဆိုသော် လူတစ်ဦး၏ စိတ်သဘောထား ကြီးမြတ်မှုကို ကဗျာလင်္ကာများက အကောင်းဆုံး ဖော်ပြနိုင်သည်ဟု စာမေးပွဲ စစ်ဆေးသူများ အားလုံးက ယုံကြည်ကြသောကြောင့် ဖြစ်၏။

အကယ်၍ ကဗျာလင်္ကာ မကောင်းပါက စိတ်သဘောထား မကြီးမြတ်ကြောင်း၊ အမြင် မကျယ်ကြောင်း သက်သေပြနေခြင်း ဖြစ်သည်။ အမြင် မကျယ်ပါက မည်ကဲ့သို့ ပထမ နေရာ သို့မဟုတ် ဒုတိယ နေရာကို ရနိုင်မည်နည်း။

တောင်ပိုင်းကျိုးအင်ပါယာတွင် ပြည်နယ် စာမေးပွဲရုံ စုစုပေါင်း ဆယ့်ကိုးခု ရှိ၏။ ချန်လန်ပြည်နယ်တွင် ထူးချွန်သူများ အလွန် ပေါများသောကြောင့် အောင်မြင်သူ အရေအတွက်ကို အနည်းငယ် ပိုများများ သတ်မှတ်ထားသော်လည်း တစ်ရာထက်တော့ မည်သည့်အချိန်ကမှ မကျော်ခဲ့ပေ။ အများဆုံး အချိန်တွင် ကိုးဆယ့်ခြောက်ဦး ဖြစ်ပြီး အနည်းဆုံး အချိန်တွင် ရှစ်ဆယ်ဦး ဖြစ်၏။

ထိုသို့ဆိုလျှင် ချန်လန်ပြည်နယ်၏ ဆောင်းဦးရာသီ ပြည်နယ်စာမေးပွဲတွင် ဝင်ရောက် ဖြေဆိုသူ မည်မျှ ရှိသနည်း။

ယခုနှစ်တွင် သုံးထောင့်ငါးရာကျော်ရှိပြီး အောင်ချက် ရာခိုင်နှုန်းမှာ ၃ ရာခိုင်နှုန်းအောက်သာ ရှိ၏။ ဆောင်းဦးရာသီ ပြည်နယ် စာမေးပွဲ ဝင်ရောက် ဖြေဆိုခွင့် ရသူများမှာ မူလတည်းက ထူးချွန်သူများ ဖြစ်ကြပြီး ၉၅ ရာခိုင်နှုန်းမှာ ရှို့ချိုင် (ခရိုင်အဆင့် အောင်မြင်သူများ) ဖြစ်ကြသည်။

ယွင်ကျုံးဟဲ့ ကဲ့သို့သော လူမိုက်များသာ ဂုဏ်သရေရှိ မှူးမတ်မျိုးရိုးကြောင့် ထိုက်ရွှယ် (နိုင်ငံတော် တက္ကသိုလ်) ကျောင်းသားအဖြစ် စာမေးပွဲ ဝင်ခွင့် ရရှိခြင်း ဖြစ်၏။

ဤကဲ့သို့သော လူမိုက်မျိုးမှာ ဆောင်းဦးရာသီ ပြည်နယ် စာမေးပွဲ သို့ လာရောက် ဖြေဆိုရဲခြင်း မရှိကြပေ။ လာဖြေပါက အရှက်ကွဲရုံသာ ရှိမှာဖြစ်သည်။

ကျောင်းသား သုံးထောင့်ငါးရာကျော်ကို နေရာပေးရမည်ဖြစ်ရာ ဤစာမေးပွဲရုံကြီး မည်မျှ ကြီးမားမည်ကို စိတ်ကူးကြည့်၍ ရနိုင်၏။

သုံးနှစ် တစ်ကြိမ် ကျင်းပသော ဆောင်းဦးရာသီ ပြည်နယ်စာမေးပွဲသည် ကျန်းကျိုးမြို့ တစ်မြို့လုံး၏ အကြီးမားဆုံး ပွဲတော်ကြီးဖြစ်ပြီး နောက်ပိုင်းခေတ် တက္ကသိုလ်ဝင်တန်း စာမေးပွဲထက်ပင် ပို၍ အရေးပါသေးသည်။

ဤသုံးရက်အတွင်း ကိစ္စရပ် အားလုံးက ဆောင်းဦးရာသီ ပြည်နယ်စာမေးပွဲအတွက် လမ်းဖယ်ပေးရ၏။

ပြည်နယ်ဝန်ကြီးရုံး၊ မြို့ဝန်ရုံး မှသည် ခရိုင်ဝန်အထိ အားလုံးက စာမေးပွဲ အဆင်ပြေချောမွေ့စွာ ပြီးဆုံးစေရန် အပြည့်အဝ တာဝန်ယူကြရသည်။

မြို့စောင့်တပ်များသာမက တပ်တော်မှ စစ်သားများကိုပါ ခေါ်ယူကာ စာမေးပွဲရုံတွင် လုံခြုံရေးတာဝန် ချထားပေးရ၏။

..........................

“လာပြီ… လာပြီ။”

ယွင်ကျုံးဟဲ့ အိမ်မှ ထွက်လာသည်နှင့် တံခါးဝတွင် လူများ အပြည့်ရှိနေသည်ကို တွေ့လိုက်ရ၏။

“အောက်ယွီက တကယ် စာမေးပွဲ သွားဖြေမှာလား။ ဘာလို့ နေမကောင်းဘူးလို့ မဟန်ဆောင်တာလဲ။ ဘာလို့ သေချင်ယောင် မဆောင်တာလဲ။”

ထိုစကားကို ကြားချိန်မှာတော့ ယွင်ကျုံးဟဲ့ ဒေါသထွက်သွား၏။ ‘ကျုပ်က ဘာလို့ နေမကောင်းဘူး၊ သေချင်ယောင် ဆောင်ရမှာလဲ။’

သို့ပေမည့် သူတို့ ထိုသို့ ပြောသည်မှာလည်း အပြစ်မဆိုသာပေ။ အဘယ်ကြောင့်ဆိုသော် သူက မနေ့ညအထိ စာကျက်နေဆဲ ဖြစ်သောကြောင့်ပင်။

“ခင်ဗျားလို အခြေအနေမျိုးနဲ့ ဘာသွားဖြေမှာလဲ။ စာအုပ် နှစ်ဆယ့်သုံးအုပ်၊ စာလုံးရေ တစ်သန်းခွဲကျော်ကို ခင်ဗျား ဆယ်နှစ် ကျက်ရင်တောင် ပြီးမှာ မဟုတ်ဘူး။”

“ပထမနေ့ ကွက်လပ်ဖြည့်နဲ့ ကျမ်းစာ ဖွင့်ဆိုချက်မှာတင် ခင်ဗျား လုံးဝ ကျရှုံးသွားပြီ။ မေးခွန်း နှစ်ရာမှာ ငါးခုလောက် မှန်းပြီး မှန်သွားရင်တောင် ခင်ဗျား တော်တော် ဟုတ်နေပြီ။”

“ဒုတိယနေ့၊ တတိယနေ့ စာမေးပွဲတွေကတော့ ပြောစရာတောင် မလိုတော့ဘူး။ မေးခွန်းကို နားလည်ရင်တောင် ခင်ဗျား တော်နေပြီ။”

“အောက်ယွီ... ခင်ဗျား စာဖတ်တာ အစအဆုံး လေးလတောင် မပြည့်သေးဘူး မဟုတ်လား။ ရွာထိပ်က ကလေးတွေ ဖြေတဲ့ စာမေးပွဲ သွားဖြေတာ ပိုကောင်းမယ်။ စာမေးပွဲ အောင်ချင်သေးတယ်ပေါ့။ ပထမ သုံးယောက် စာရင်း ဝင်ချင်သေးတယ်ပေါ့။ အိပ်မက် မက်နေလိုက်။”

“ကျန်းကျိုးက လောင်းကစားရုံတွေတောင် ခင်ဗျားအတွက် လောင်းကစားပွဲ မဖွင့်ရဲတော့ဘူး ဆိုတာ မသိဘူးလား။ လျော်ကြေး တစ်ဆကို အဆ တစ်ရာ ပေးရင်တောင် ဘယ်သူမှ မလောင်းရဲကြဘူး။”

“လောကနံပါတ်တစ် အသုံးမကျတဲ့လူ ပီသပါပေတယ်။ ဒီလို နေရာမျိုးကို လာရဲသေးတယ်။ အရှက်ကွဲမှာ တကယ် မကြောက်တာပဲ။”

“ကျောက်တုံးမှတ်တမ်းကို ရေးတယ်လို့များ ပြောနေသေးတယ်။ အဲဒီစာအုပ်က ကျူ့လန်ထျန်း ရေးတာ၊ အောက်ယွီကို အသုံးချပြီး အောက်မင်ကို တိုက်ခိုက်တာပါလို့ ထျန်းယီ စာအုပ်တိုက်က လူတွေတောင် ဖော်ထုတ်လိုက်ပြီပဲ။”

“သူ့ရဲ့ တုံးအပြီး ဝနေတဲ့ ရုပ်ကြီးနဲ့ ကျောက်တုံးမှတ်တမ်းထဲက စာလုံးတွေကိုတောင် အကုန် ဖတ်တတ်ပါ့မလား။ စာရေးဆရာ လုပ်ချင်သေးတယ်။”

“ပေါင်ယွီနှင့် မိန်းမလှ တစ်ရာ ဆိုတဲ့ စာအုပ်တောင် သူရေးတာ မဟုတ်ဘူး။ အဲဒီလောက် အဆိပ်ပြင်းတဲ့ အမှိုက်စာအုပ်ကိုတောင် သူ ရေးတတ်မှာ မဟုတ်ဘူး။”

ဤလူများ အားလုံးမှာ အောက်ထင် လွှတ်လိုက်သူများ ဖြစ်ကြောင်း သေချာလှ၏။ စာမေးပွဲရုံ အတွင်းသို့ မဝင်ရောက်မီ ယွင်ကျုံးဟဲ့ကို နောက်ဆုံးအနေဖြင့် စိတ်ဓာတ်ရေးရာ တိုက်ခိုက်ခြင်း ဖြစ်သည်။

ယွင်ကျုံးဟဲ့ စာမေးပွဲရုံသို့ သွားရာ လမ်းတစ်လျှောက်လုံး ဤလူရာပေါင်းများစွာက နောက်မှ လိုက်ပါကာ လှောင်ပြောင် ဆဲဆိုနေကြ၏။

စာမေးပွဲရုံ အရှေ့သို့ ရောက်ချိန်မှာတော့မှသာ စာမေးပွဲ လာဖြေသူများမှ လွဲ၍ မည်သူမှ ဝင်ခွင့် မရှိတော့ပေ။

ထိုအချိန်တွင် ကျောင်းသား သုံးထောင့်ငါးရာကျော် စာမေးပွဲရုံ အရှေ့သို့ ရောက်ရှိနေကြပြီ ဖြစ်ပြီး မိုးတောင် မလင်းသေးပေ။

စစ်သည် ထောင်ပေါင်းများစွာက စာမေးပွဲရုံ၏ နေရာတိုင်းကို စောင့်ကြပ်နေကြ၏။ ရာသီဥတု ပူပြင်းသော်လည်း ကျောင်းသား အများအပြားမှာ တုန်ယင်နေကြဆဲ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် အချိန်ဖြစ်သောကြောင့် အလွန်အမင်း စိတ်လှုပ်ရှားနေကြ၏။

ယွင်ကျုံးဟဲ့ ရောက်လာချိန်မှာတော့ လူအများအပြားက သူ့ကို လက်ညှိုးထိုးကာ ပြောဆိုနေကြသည်။

“ဟိုမှာ အောက်ယွီ လေ။ လောကနံပါတ်တစ် အသုံးမကျတဲ့ကောင်..”

“ကျူ့လန်ထျန်းရဲ့ ကျောက်တုံးမှတ်တမ်းကို သူ့ဟာလို့ အရှက်မရှိ လိမ်ပြောတဲ့ကောင်လေ။”

“ဟုတ်တယ်။ ပထမ သုံးယောက် စာရင်းဝင်ပြီး တွမ်ယင်းယင်းကို လက်ထပ်မယ်လို့ ကြွားနေတဲ့ ဖားပြုတ်လေ။”

“သူ မနေ့ညက အထိ ကျုံးယုံကို အလွတ်ကျက်နေသေးတယ်တဲ့။ ဒီလို လူမျိုးနဲ့ အတူတူ စာမေးပွဲ ဖြေရတာ တကယ့်ကို အရှက်ရစရာပဲ။”

“ဒီလို လူမျိုးက စာမေးပွဲ အောင်ချင်သေးတယ်။ မိုးနတ်မင်းကြီး ရောက်လာပြီး ကျုပ်တို့အားလုံးကို ဖိသတ်သွားလို့ သူ တစ်ယောက်တည်း ကျန်ခဲ့မှပဲ အောင်လိမ့်မယ်။”

“အဲဒီလို ဖြစ်ရင်တောင် သူ အောင်မှာ မဟုတ်ဘူး။ ဒီလို အသုံးမကျတဲ့ လူမိုက်ကိုသာ အောင်ခွင့် ပေးလိုက်ရင် အင်ပါယာရဲ့ စာမေးပွဲ စနစ်က တကယ့် ဟာသကြီး ဖြစ်သွားမှာပဲ။”

သေချာသည်မှာ အားလုံး၏ အာရုံစိုက်မှု ခံရသူမှာ အောက်ယွီ တစ်ယောက်တည်း မဟုတ်ပေ။ အခြား တစ်ယောက် ရှိသေး၏။ ကံကြမ္မာဆိုး ကျရောက်နေသူ၊ စာမေးပွဲ နတ်ဆိုး၊ ပထမနေရာ သေချာပေါက် ရမည်ဟု သတ်မှတ်ခံထားရသော စုမန် ပင်ဖြစ်သည်။

အသက် နှစ်ဆယ့်ခုနစ်နှစ် အရွယ် စုမန် သည် ပိန်ပါးပြီး ထက်မြက်သော အသွင် ရှိ၏။ ပညာတတ် တစ်ဦး ဖြစ်သော်လည်း ထိုနေရာတွင် ရပ်နေသည်မှာ ထက်မြက်သော ဓားတစ်လက် အလား ဖြစ်နေသည်။ ထို့အပြင် သူက အလွန် တည်ငြိမ်နေပြီး လူတိုင်းကို မြက်ပင်များ အလား အထင်သေးစွာ ကြည့်နေ၏။

ဤသည်မှာလည်း သဘာဝ ကျလှသည်။ အဘယ်ကြောင့်ဆိုသော် သူက လွန်ခဲ့သော ဆယ်စုနှစ် အတွင်း တောင်ပိုင်းကျိုးအင်ပါယာ တစ်ခုလုံးရှိ ပြည်နယ် အသီးသီး၏ စာမေးပွဲ မေးခွန်းများ အားလုံးကို ဖြေဆိုခဲ့ပြီး ဖြစ်သောကြောင့်ပင်။

ထို့အပြင် စာမေးပွဲ ဖြေဆိုသည့် လုပ်ငန်းစဉ် တစ်ခုလုံးကို ရာခိုင်နှုန်းပြည့် အတုယူကာ ဖြေဆိုခဲ့ခြင်း ဖြစ်၏။ သူ၏ အိမ်တွင် စာမေးပွဲရုံ အရွယ်အစား တူညီသော အခန်းငယ်လေး တစ်ခု ဆောက်လုပ်ခဲ့သည်။

နေသာသည် ဖြစ်စေ၊ မိုးရွာသည် ဖြစ်စေ၊ မိုးသီးကြွေသည် ဖြစ်စေ၊ မိုးကြိုးပစ်သည် ဖြစ်စေ ရာသီဥတု အခြေအနေ အားလုံးကို အတုယူခဲ့၏။ ထို့အပြင်ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးရန် အတွက် အခန်းငယ်လေး ဘေးတွင် အညစ်အကြေးပုံး ဆယ်ခုကျော်ကို ထားရှိကာ အဆိုးရွားဆုံး ပတ်ဝန်းကျင်ကို ဖန်တီးခဲ့၏။

ထိုသို့သော အခြေအနေမျိုးတွင် သူ ဖြေဆိုခဲ့သော အဖြေလွှာများကို စာမေးပွဲ စစ်ဆေးသူများထံသို့ ပြသခဲ့ရာ ပထမနေရာ ဆယ်ကြိမ်ခန့် ရရှိနိုင်ကြောင်း မှတ်ချက်ပေးခံခဲ့ရသည်။

ထို့ကြောင့် စုမန် သည် အသက် နှစ်ဆယ့်ခုနစ်နှစ်သာ ရှိသေးသော်လည်း စာမေးပွဲရုံ၌ အကြိမ်ပေါင်း ဒါဇင်ချီ ဝင်ရောက် ဖြေဆိုခဲ့ပြီးသည့် အတွေ့အကြုံ ရှိနေပြီ ဖြစ်၏။

တစ်လောကလုံးရှိ စာမေးပွဲ မေးခွန်းများကို ဖြေဆိုပြီးပြီဖြစ်ရာ စိတ်ထဲတွင် အကြောက်တရား မရှိတော့ပေ။ သူ၏ တစ်ကိုယ်လုံးတွင် သတ်ဖြတ်လိုသော အရှိန်အဝါများနှင့် အားလုံးကို ဖိနှိပ်နိုင်သော အရှိန်အဝါများ အလိုအလျောက် ထွက်ပေါ်နေသည်။

ထိုအရာမှာ ပထမနေရာက ကျုပ်အတွက် သေချာတယ်။ ခင်ဗျားတို့ သုံးထောင့်ငါးရာကျော်က ဒုတိယ နေရာ အတွက်ပဲ ယှဉ်ပြိုင်ကြတော့။ ပြီးတော့ အဲဒီ ဒုတိယ နေရာ ရတဲ့ သူကလည်း ကျုပ်ရဲ့ ကျောပြင်ကိုတောင် မြင်ရမှာ မဟုတ်ဘူး ဟူ၍ ပြောနေသကဲ့သို့ပင်။

“အချိန်ကျပြီ… ကျောင်းသားများ အခန်းတွင်းသို့ ဝင်ရောက်ပါ။” မောင်းသံ ထွက်ပေါ်လာသည်နှင့် စာမေးပွဲရုံ၏ တံခါးကြီး ပွင့်လာလေသည်။

ကျောင်းသား သုံးထောင့်ငါးရာ ကျော် အစဉ်လိုက် ဝင်ရောက်သွားကြပြီး ယခင်က မကြုံဖူးလောက်အောင် တင်းကျပ်သော ကိုယ်ခန္ဓာ စစ်ဆေးမှုကို ခံယူရ၏။

ကိုယ်ခန္ဓာ စစ်ဆေးမှု တင်းကျပ်ခြင်း၊ မတင်းကျပ်ခြင်းမှာ ပင်မ စာမေးပွဲ စစ်ဆေးသူ၏ အခြေအနေပေါ်တွင် လုံးဝ မူတည်နေသည်။

ဤတစ်ကြိမ် ပင်မစာမေးပွဲ စစ်ဆေးသူ၏ အခြေအနေက အလွန် ဆိုးရွားလွန်းလှ၏။ ကောင်းကင်ကိုရော၊ မြေကြီးကိုရော၊ လေထုကိုပါ ပြဿနာ ရှာတတ်ပြီး မင်းသားကနေ ဝန်ကြီးချုပ်အထိ ပြဿနာ ရှာခဲ့သော ယွီကျန်း ဖြစ်၏။

ထို့အပြင် သူက မရည်ရွယ်ဘဲ ဆယ်စုနှစ်ပေါင်းများစွာအတွင်း သမိုင်းသစ် တစ်ခုကို ဖန်တီးခဲ့သေးသည်။

ပုံမှန်အားဖြင့် ပညာရေးဝန်ကြီးသည် ခရိုင်စာမေးပွဲ၏ ပင်မ စာမေးပွဲ စစ်ဆေးသူသာ လုပ်ခွင့်ရှိပြီး ပြည်နယ် စာမေးပွဲ၏ စာမေးပွဲ စစ်ဆေးသူ လုပ်ခွင့် မရှိပေ။

ပြည်နယ် စာမေးပွဲ၏ စာမေးပွဲ စစ်ဆေးသူများကို အစိုးရက တိုက်ရိုက် စေလွှတ်လေ့ရှိပြီး ချန်လန်ပြည်နယ် ကဲ့သို့သော နေရာမျိုးတွင် ဟန်လင်အကယ်ဒမီမှ ပညာရှင်များကို ပင်မ စာမေးပွဲ စစ်ဆေးသူအဖြစ် ခန့်အပ်လေ့ ရှိသည်။

သို့ပေမည့် ယွီကျန်း၏ အတွေ့အကြုံက အလွန် ရင့်ကျက်နေပြီး စာမေးပွဲတွင် ပါဝင်ခဲ့သည့် အကြိမ် အရေအတွက်ကလည်း များပြားလှ၏။

အရေးအကြီးဆုံးမှာ သူက အလွန် တရားမျှတသူ ဖြစ်သောကြောင့် သူကဲ့သို့ ပညာရေးဝန်ကြီးက ပင်မ စာမေးပွဲ စစ်ဆေးသူ အဖြစ် တာဝန်ယူရပြီး ဟန်လင် နန်းတွင်းကျောင်းမှ ပညာရှင် နှစ်ဦးက ဒုတိယ စာမေးပွဲ စစ်ဆေးသူ အဖြစ်သာ တာဝန်ယူရခြင်း ဖြစ်သည်။

ယွီကျန်း ကဲ့သို့ အလွန် တင်းကျပ်သော ပင်မ စာမေးပွဲ စစ်ဆေးသူ ရှိနေသောကြောင့် ကျောင်းသားများကို ကိုယ်ခန္ဓာ စစ်ဆေးမှုမှာလည်း အလွန် တင်းကျပ်လှ၏။ နောက်ပိုင်းခေတ် အကျဉ်းထောင်များတွင် အကျဉ်းသားများကို စစ်ဆေးသည်ထက်ပင် ပိုမို တင်းကျပ်သေး၏။

တစ်ကိုယ်လုံးရှိ နေရာတိုင်းကို အသေအချာ စစ်ဆေး၏။ ဆံပင် မှစ၍ သွားများ၊ နားရွက်များ၊ ဖိနပ်အောက်ခံ နှင့် ဘောင်းဘီ အတွင်းပိုင်းအထိ စစ်ဆေးသည်။

စာခိုးချမည့် စာရွက်များ ဝှက်ထားမည် စိုးသောကြောင့် အချို့သူများ၏ လျှို့ဝှက် နေရာများကိုပင် ကျပန်း ရွေးချယ် စစ်ဆေးသေး၏။

ထို့ကြောင့် ဤပထမ အဆင့်မှာတင် ကျောင်းသား အများအပြား စိတ်ဓာတ် ကျသွားကြပြီး မျက်နှာများ နီရဲလာကာ ငိုချင်စိတ်ပင် ပေါက်သွားကြသည်။

.......................

All Chapters