← Chapters

အခန်း (၂၅၅-၂၅၆)

Vol. 22 Ch. 255-256

အခန်း (၂၅၅-၂၅၆)

Vol. 22 Ch. 255-256

အပိုင်း (၂၅၅)

ကိုယ်ခန္ဓာ စစ်ဆေးပြီးနောက် ကျောင်းသားများ အားလုံး စာမေးပွဲရုံ အတွင်းသို့ ဝင်ရောက်ကာ သက်ဆိုင်ရာ အခန်းငယ်လေးများတွင် နေရာယူကြ၏။

မူလက ရန်သူများက အောက်ယွီ အတွက် အဆိုးရွားဆုံး အခန်းငယ်လေးကို စီစဉ်ပေးရန် ရည်ရွယ် ထားခဲ့၏။ မိုးယိုရုံသာမက အိမ်သာ ဘေးတွင် ရှိနေသောကြောင့် အလွန် နံစော်နေမည့် အခန်းမျိုး ဖြစ်သည်။

သို့ပေမည့် ယွီကျန်း ကဲ့သို့ တင်းကျပ်သော အဘိုးကြီးက ပင်မ စာမေးပွဲ စစ်ဆေးသူ ဖြစ်လာချိန်မှာတော့ ထိုကဲ့သို့သော အကွက်များ သုံး၍ မရတော့ပေ။

သို့ပေမည့် ဤအဘိုးကြီးကလည်း အောက်ယွီ အပေါ် အမြင်မကြည်လှပေ။ သူက အထက်တန်းလွှာ မိသားစုများမှ သားသမီးများကို မွေးရာပါ မုန်းတီးသူဖြစ်ပြီး အထူးသဖြင့် အောက်ယွီ ကဲ့သို့ အသုံးမကျဘဲ နာမည်ဆိုးဖြင့် ကျော်ကြားနေသူမျိုးကို ပို၍ပင် မုန်းတီး၏။

သူကိုယ်တိုင်က ရသေ့ တစ်ပါးအလား ခြိုးခြံစွာ နေထိုင်သူ ဖြစ်သောကြောင့် ဇိမ်ကျကျ နေထိုင်မှုများနှင့် ချမ်းသာကြွယ်ဝမှုများကို မုန်းတီးသည်။ လူဆိုသည်မှာ ဤလောကသို့ ဆင်းရဲဒုက္ခ ခံရန်နှင့် သတ္တဝါများကို ကယ်တင်ရန် ရောက်လာခြင်း ဖြစ်သည်ဟု သူက ခံယူထားသည်။

ဤမျှ တင်းကျပ်သော ပင်မစာမေးပွဲ စစ်ဆေးသူ ရပ်နေပါက လူတိုင်းက မီတာ အနည်းငယ် အကွာမှ ရှောင်ကွင်းသွားကြမှာဖြစ်၏။

ဤနေရာတွင်သာမက စုံစမ်းစစ်ဆေးရေးရုံးနှင့် နက္ခတ်တာရာရုံး တို့တွင်လည်း ဤသို့ပင် ဖြစ်၏။ ယွီကျန်း ရပ်နေသော နေရာ၏ ဘေးပတ်ဝန်းကျင်တွင် မည်သူမှ မရှိတတ်ပေ။

ထို့ကြောင့် ဤအဘိုးကြီးကသာ တကယ့် ကံကြမ္မာဆိုး ကျရောက်နေသူ အစစ် ဖြစ်၏။ ဤသို့သော သူမျိုးက ပင်မ စာမေးပွဲ စစ်ဆေးသူ ဖြစ်နေသောကြောင့် မည်သူက လိမ်လည်ရဲမည်နည်း။ လိမ်လည်ရန် ကြိုးစားခြင်းက သေတွင်းတူးခြင်းပင် ဖြစ်၏။

လိမ်လည်မှု အသေးအဖွဲလေးကိုပင် ကောင်းကင် အထိ ရောက်အောင် ကြီးကျယ်သော အမှုကြီး အဖြစ် ဖန်တီးကာ အစိုးရအဖွဲ့ မှ ဝန်ကြီးချုပ် တစ်ဦးဦးကိုပင် ရာထူးမှ ဖြုတ်ချပစ်မှာဖြစ်သည်။

ယွင်ကျုံးဟဲ့က သူ၏ ဘေးမှ ဖြတ်သွားချိန်မှာတော့ သူ၏ အထင်သေးမှုနှင့် မုန်းတီးမှုများကို အထင်အရှား ခံစားလိုက်ရ၏။

ယွီကျန်း သည် အချစ်၊ အမုန်း ရှင်းလင်းသူဖြစ်ပြီး သူ မကြိုက်သော သူကို မုန်းတီးကြောင်း လုံးဝ ဖုံးကွယ်ထားလေ့ မရှိပေ။

ကျောင်းသားများ အားလုံး အခန်းငယ်လေးများ အတွင်းသို့ ဝင်ရောက်သွားပြီးနောက် စာမေးပွဲရုံ စည်းကမ်းများကို စတင် ဖတ်ပြလေသည်။

အစမှ အဆုံးတိုင်အောင် ပင်မစာမေးပွဲ စစ်ဆေးသူ ယွီကျန်းသည် စကား တစ်ခွန်းမှ မပြောသော်လည်း သူ၏ အကြည့်များက လင်းယုန် ငှက်တစ်ကောင်အလား ကျောင်းသားများ အားလုံးကို လိုက်လံ ကြည့်ရှုနေ၏။

သူ၏ အကြည့်ခံရသူတိုင်းက အဆိပ်ပြင်းသော ပျားတစ်ကောင် အတုပ်ခံရသကဲ့သို့ ခေါင်းကို ငုံ့ကာ သူ၏ အမြင်အာရုံထဲမှ အမြန်ဆုံး ရှောင်ထွက်သွားကြသည်။

ဤတင်းကျပ်သော ပင်မစာမေးပွဲ စစ်ဆေးသူ၏ သတ်ဖြတ်လိုသော အရှိန်အဝါက အလွန် ပြင်းထန်လွန်းလှ၏။

ထို့နောက် စာမေးပွဲ စစ်ဆေးသူ သုံးဦးက လူတိုင်း၏ အရှေ့တွင် ချိတ်ပိတ်ထားသော စာရွက်များကို ဖွင့်ကာ ဖယောင်းတံဆိပ်များကို ဖျက်ဆီးလိုက်ပြီး နောက်ဆုံးတွင် သော့သုံးချောင်းဖြင့် သော့ကို ဖွင့်လိုက်ကြသည်။

ထို့နောက် သေတ္တာ အတွင်းမှ ဆောင်းဦးရာသီ ပြည်နယ် စာမေးပွဲ၏ ပထမနေ့ အဖြေလွှာများကို ထုတ်ယူလိုက်ကြ၏။

ပြီးနောက် စစ်သည် ရာပေါင်းများစွာက အဖြေလွှာများကို ကျောင်းသား တစ်ဦးချင်းစီ၏ အခန်းငယ်လေးများ အတွင်းသို့ လိုက်လံ ဝေငှပေးကြသည်။

ထင်ထားသည့် အတိုင်းပင် စာမေးပွဲရုံ တစ်ခုလုံးမှ ညည်းတွားသံများ ထွက်ပေါ်လာလေ၏။ တင်းကျပ်သော ပင်မ စာမေးပွဲ စစ်ဆေးသူ နှင့် အလွန် ခက်ခဲသော စာမေးပွဲ မေးခွန်းများပင် ဖြစ်၏။

ချန်လန်ပြည်နယ်သည် စာမေးပွဲတွင် အခက်ခဲဆုံးနေရာ ဖြစ်သောကြောင့် နှစ်စဉ် ဆောင်းဦးရာသီ ပြည်နယ် စာမေးပွဲက တစ်နှစ်ထက် တစ်နှစ် ပိုမို ခက်ခဲလာသည်။

အထူးသဖြင့် ပထမနေ့၏ ကွက်လပ်ဖြည့်နှင့် ကျမ်းစာ ဖွင့်ဆိုချက် မေးခွန်းများမှာ ပိုမို ခက်ခဲလာပြီး လုံးဝ မထင်မှတ်ထားသော နေရာများမှ မေးခွန်းများကို ရွေးချယ် ထုတ်နှုတ်ထားခြင်း ဖြစ်၏။

ယခင်နှစ်များက မေးခွန်းများမှာ ခက်ခဲခဲ့သော်လည်း ယခုနှစ်တွင်မူ အလွန် ကြောက်စရာ ကောင်းလောက်အောင် ခက်ခဲနေသည်။

ပုံမှန်အားဖြင့် ပထမနေ့ စာမေးပွဲတွင် မေးခွန်းများ များပြားသော်လည်း ကျောင်းသားများကို အလွန်အမင်း ဒုက္ခပေးလေ့ မရှိပေ။

အခြေခံ ကောင်းမွန်ပါက မေးခွန်း တစ်ရာ့ငါးဆယ်ခန့်ကို မှန်ကန်စွာ ဖြေဆိုနိုင်၏။ နောက်ထပ် မေးခွန်း လေးဆယ်ခန့်က အလွန် ခက်ခဲပြီး အလွန် ထူးချွန်သော ကျောင်းသားများသာ ဖြေဆိုနိုင်မှာဖြစ်သည်။

နောက်ဆုံး မေးခွန်း ဆယ်ခုမှာမူ လုံးဝ ဖြေဆို၍ မရနိုင်လောက်အောင် ခက်ခဲပြီး ထိုမေးခွန်းများ ရှိနေခြင်းမှာ မေးခွန်းထုတ်သူ မည်မျှ တင်းကျပ်သည်ကို ပြသရန်သာ ဖြစ်၏။

စုစုပေါင်း မေးခွန်း နှစ်ရာရှိပြီး စာအုပ် နှစ်ဆယ့်သုံးအုပ်၊ စာလုံးရေ တစ်သန်းခွဲကျော် ထဲမှ ထုတ်နှုတ်ထားခြင်း ဖြစ်သည်။ အားလုံးကို မှန်ကန်စွာ ဖြေဆိုလိုပါက ထိုစာလုံးရေ တစ်သန်းခွဲကျော် အားလုံးကို အလွတ်ကျက်ထားရပေလိမ့်မည်။

ဖြစ်နိုင်ပါသည်လား။ လုံးဝ မဖြစ်နိုင်ပေ။ ပါရမီရှင် တစ်ဦးပင်လျှင် စာလုံးရေ တစ်သန်းခွဲကျော်ကို အလွတ်မကျက်နိုင်ပေ။

ယနေ့ စာမေးပွဲက ထိုနေရာတွင် ရှိနေသော ကျောင်းသား သုံးထောင့်ငါးရာကျော်ကို ယခင်က မကြုံဖူးလောက်အောင် သင်ခန်းစာ တစ်ခု ပေးရန် ရည်ရွယ်ထားကြောင်း သေချာလှ၏။

မေးခွန်း နှစ်ရာတွင် မေးခွန်း တစ်ရာခန့်က အလွန် ခက်ခဲပြီး ဖြေဆိုရန် ခက်ခဲလှ၏။ ထိုအထဲမှ နောက်ဆုံး မေးခွန်း ဆယ့်ငါးခု မှာမူ လုံးဝ ဖြေဆို၍ မရနိုင်လောက်အောင် ခက်ခဲလွန်းသည်။

အချို့က ပထမနေ့ စာမေးပွဲက အမှတ် ၃၀ ရာခိုင်နှုန်းသာ ပါဝင်သောကြောင့် အမှတ် မကောင်းလျှင်လည်း ကိစ္စမရှိဟု ထင်ကောင်း ထင်နိုင်၏။

လုံးဝ မဟုတ်ပေ။ ပထမနေ့ စာမေးပွဲ၏ အဓိက ရည်ရွယ်ချက်မှာ ဇကာချရန် ဖြစ်သည်။

ဤမေးခွန်း နှစ်ရာတွင် အနည်းဆုံး တစ်ရာ့ငါးဆယ်ကို မှန်ကန်စွာ ဖြေဆိုနိုင်မှသာ စာမေးပွဲ အောင်မြင်နိုင်မှာ ဖြစ်ပြီး ဤသည်မှာ အနိမ့်ဆုံး သတ်မှတ်ချက် ဖြစ်၏။

ထိုအမှတ် မရရှိပါက နောက်ရက်များတွင် စာစီစာကုံးများကို မည်မျှပင် ကောင်းမွန်စွာ ရေးသားနိုင်စေကာမူ၊ ကဗျာ လင်္ကာများကို မည်မျှပင် ကောင်းမွန်စွာ ရေးဖွဲ့နိုင်စေကာမူ အလကားပင် ဖြစ်သည်။ လုံးဝ အောင်မြင်မည် မဟုတ်ချေ။

ထို့အပြင် ဤကမ္ဘာ၏ စာမေးပွဲ စနစ်တွင် အချိန် သတ်မှတ်ချက် ရှိ၏။ ပထမနေ့ စာမေးပွဲ အချိန်မှာ စားသောက်ခြင်းနှင့် အိမ်သာသွားခြင်း အပါအဝင် အချိန် ရှစ်နာရီထက် မကျော်လွန်ရပေ။

အချိန် မနည်းသော်လည်း မေးခွန်း နှစ်ရာက လူများကို ရူးသွပ်သွားစေရန် လုံလောက်လှ၏။ ပထမနေ့ စာမေးပွဲက အဆိုးရွားဆုံး ဆိုသည်မှာ အလကား နာမည်ကြီးနေခြင်း မဟုတ်ချေ။

ထိုနေရာတွင် ရှိနေသော ကျောင်းသား သုံးထောင့်ငါးရာကျော်အနက် အများစုမှာ ဤပထမနေ့ စာမေးပွဲ တွင်ပင် ကျရှုံးသွားကြပေလိမ့်မည်။ အနည်းဆုံး ၉၀ ရာခိုင်နှုန်းခန့် ကျရှုံးမှာဖြစ်သည်။ ဤမျှ ရက်စက်လှ၏။

ပင်မ စာမေးပွဲ စစ်ဆေးသူ ယွီကျန်း လည်း မေးခွန်းများကို ပထမဆုံး အကြိမ် မြင်ဖူးခြင်း ဖြစ်ပြီး သူကိုယ်တိုင် အဖြေလွှာ တစ်စောင်ကို ယူကာ ဖြေဆိုကြည့်နေလေသည်။

ဘေးမှ ဒုတိယ စာမေးပွဲ စစ်ဆေးသူ နှစ်ဦးက မသိမသာ ကြည့်လိုက်ကြ၏။ ဤသို့ လုပ်ခြင်းက စည်းမျဉ်းများနှင့် မကိုက်ညီသော်လည်း စိတ်ထဲတွင်သာ ကျိတ်၍ အပြစ်တင်ရဲကြသည်။ မည်သူကမှ ထုတ်မပြောရဲကြပေ။

ယွီကျန်းက ပြန်လည် ဆဲဆိုကာ လူရှေ့သူရှေ့ အရှက်ခွဲမည်ကို ကြောက်ရွံ့ကြသောကြောင့် ဖြစ်၏။ ဤ ကံကြမ္မာဆိုး ကျရောက်နေသူကို အစိုးရအဖွဲ့မှ ဝန်ကြီးချုပ်များပင် မစော်ကားရဲကြပေ။ ဆူးငြောင့်ခလုတ် တစ်ခု အလား၊ ခွေးချေး တစ်ပုံအလား ရှောင်ကွင်းသွားကြသည်ချည်း ဖြစ်၏။

ဤအဘိုးကြီး ယွီကျန်းကလည်း တကယ် ကောင်းလှသည်။ သူက အသက် ခုနစ်ဆယ် နီးပါး ရှိနေပြီဖြစ်ပြီး သူ စာမေးပွဲ ဖြေဆိုခဲ့သည်မှာလည်း လွန်ခဲ့သော နှစ်လေးဆယ်ကျော်က ဖြစ်၏။ ထိုသို့တိုင်အောင် သူ၏ အဖြေရေးသားမှုက အလွန် မြန်ဆန်နေဆဲ ဖြစ်သည်။

ဤမေးခွန်း နှစ်ရာအနက် သူက နှစ်နာရီအတွင်း မေးခွန်း တစ်ရာ့ကိုးဆယ့်ငါးခု ဖြေဆိုနိုင်ခဲ့၏။

ကျန်ရှိနေသော မေးခွန်း ငါးခုမှာ အလွန် ခက်ခဲပြီး ဖြေဆိုရန် ခက်ခဲလွန်းလှသည်။ ထို့အပြင် ထိုမေးခွန်းများမှာ လက်ရှိ ဧကရာဇ်၏ မြောက်ပိုင်းစကား စာအုပ်မှ ထုတ်နှုတ်ထားခြင်း ဖြစ်သည်။

ယွီကျန်းက လက်ရှိ ဧကရာဇ်ကို မကြိုက်သလို မြောက်ပိုင်းစကား စာအုပ်ကိုလည်း မကြိုက်သောကြောင့် အသေးစိတ် လေ့လာထားခြင်း မရှိပေ။

သို့ပေမည့် သူ အလွန် တော်နေပြီ ဖြစ်၏။ အချိန် ရှစ်နာရီ သတ်မှတ်ထားရာတွင် သူက နှစ်နာရီအတွင်း မေးခွန်း တစ်ရာ့ကိုးဆယ့်ငါးခု ဖြေဆိုနိုင်ခဲ့သည်။

ဤရလဒ်က ဆောင်းဦးရာသီ ပြည်နယ် စာမေးပွဲ၏ အမြင့်ဆုံး သတ်မှတ်ချက်ကို အများကြီး ကျော်လွန်နေပြီ ဖြစ်ပြီး ချန်လန် ပြည်နယ်၏ ဆောင်းဦးရာသီ ပြည်နယ် စာမေးပွဲ သမိုင်းတွင် အမြင့်ဆုံး စံချိန် တင်နိုင်လောက်၏။

ထို့အပြင် သူ ဖြေဆိုခဲ့သော မေးခွန်း တစ်ရာ့ကိုးဆယ့်ငါးခုလုံး မှန်ကန်နေ၏။ လွန်ခဲ့သော နှစ်လေးဆယ်ကျော်က နန်းတော် စာမေးပွဲတွင် တတိယ ရရှိခဲ့သူ တစ်ဦး အနေဖြင့် အမှန်တကယ်ပင် တော်လှသည်။

သို့ပေမည့် သူထက် ပို၍ တော်သူ ရှိသေးသည်။ ထိုသူမှာ စာမေးပွဲရုံ၏ ကံကြမ္မာဆိုး ကျရောက်နေသူ၊ စာမေးပွဲ နတ်ဆိုး၊ ပထမနေရာ သေချာပေါက် ရမည်ဟု သတ်မှတ်ခံထားရသော စုမန် ပင် ဖြစ်၏။

သူက နှစ်နာရီ မပြည့်မီ အချိန်အတွင်း မေးခွန်း တစ်ရာ့ကိုးဆယ့်ရှစ်ခု ဖြေဆိုနိုင်ခဲ့ပြီး အားလုံး မှန်ကန်နေသည်။

ဤသည်မှာ အလွန် ကြောက်စရာ ကောင်းလှ၏။ အဘယ်ကြောင့်ဆိုသော် ချန်လန် ပြည်နယ်၏ ဆောင်းဦးရာသီ ပြည်နယ် စာမေးပွဲ ပထမနေ့ ကွက်လပ်ဖြည့် နှင့် ကျမ်းစာ ဖွင့်ဆိုချက်၏ အမြင့်ဆုံး စံချိန်မှာ မေးခွန်း တစ်ရာ့ကိုးဆယ့်ရှစ်ခု ဖြစ်သောကြောင့်ပင်။

ထို့အပြင် ယခုနှစ် စာမေးပွဲက အခက်ခဲဆုံး ဖြစ်ရာ စုမန်က အမြင့်ဆုံး စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပြီဟု ဆိုရမည်။

ကျန်ရှိနေသေးသော မေးခွန်း နှစ်ခုမှာ လုံးဝ ဖြေဆို၍ မရနိုင်လောက်အောင် ခက်ခဲလွန်းလှ၏။ မေးခွန်းထုတ်သူများက စာလုံးရေ တစ်သန်းခွဲကျော် ထဲမှ မည်သည့် နေရာမှ ရှာဖွေ ထုတ်နှုတ်ထားသည်ကို မသိနိုင်ပေ။

အခြားသူများ ဆိုလျှင်တော့ အဖြေတစ်ခုခုကို မှန်း၍ ရေးခဲ့မည် ဖြစ်၏။ မှန်ချင်လည်း မှန်သွားနိုင်သည် မဟုတ်လား။

သို့ပေမည့် စုမန်က အလွန် မာနကြီးသူ ဖြစ်သည်။ ထိုမေးခွန်း နှစ်ခုထဲမှ တစ်ခုကို သူ အနည်းငယ် မှတ်မိနေပြီး ၆၀ ရာခိုင်နှုန်းခန့် မှန်ကန်နိုင်ခြေ ရှိသော်လည်း သူက မဖြေဘဲ ကွက်လပ် ထားခဲ့၏။ ဤပထမနေ့ စာမေးပွဲတွင် ရာခိုင်နှုန်းပြည့် မသေချာပါက သူ လုံးဝ မဖြေဆိုပေ။

အတိုချုပ်ဆိုရလျှင် သူ ရေးသားလိုက်သော စာလုံးတိုင်းသည် တန်ဖိုး ရှိရမည် ဖြစ်၏။ သူ ဖြေဆိုလိုက်သော မေးခွန်းတိုင်းသည် အပြစ်ပြောစရာ မရှိအောင် ပြီးပြည့်စုံရမှာဖြစ်သည်။ ထိုမျှလောက်အထိ တော်လှ၏။

စာမေးပွဲ နတ်ဆိုး စုမန် သည် အလွန် တော်နေပြီဖြစ်ပြီး ချန်လန်ပြည်နယ် ဆောင်းဦးရာသီ ပြည်နယ် စာမေးပွဲ၏ သမိုင်းဝင် စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပြီ ဖြစ်သည်။

သို့ပေမည့် သူထက် ပို၍ ကောင်းသူ နောက်တစ်ဦး ရှိသေး၏။ ထိုသူမှာ ယွင်ကျုံးဟဲ့ ပင် ဖြစ်သည်။ သူက မိနစ် တစ်ရာအတွင်း ပထမနေ့ စာမေးပွဲ၏ မေးခွန်း နှစ်ရာ လုံးကို ဖြေဆိုပြီးစီးခဲ့ပြီး အားလုံး မှန်ကန်နေ၏။

ထိုအရာက အလွန် ကြောက်စရာ ကောင်းလွန်းလှ၏။ မေးခွန်းထုတ်သူများက ရက်စက်လှသော်လည်း ယွင်ကျုံးဟဲ့က သူတို့ထက် ပို၍ ရက်စက်သေးသည်။

မေးခွန်း နှစ်ရာ လုံး မှန်ကန်ခြင်း ဆိုသည်မှာ ချန်လန် ပြည်နယ်၏ ဆောင်းဦးရာသီ ပြည်နယ် စာမေးပွဲ သမိုင်း တစ်လျှောက် နှစ်ပေါင်း ရာချီအတွင်း တစ်ခါမှ မရှိခဲ့ဖူးပေ။

တကယ့်ကို အတိတ်တွင် မရှိခဲ့သလို အနာဂတ်တွင်လည်း ရှိလာမည် မဟုတ်ပေ။ ယွင်ကျုံးဟဲ့က စံချိန် အသစ် တင်လိုက်ခြင်း ဖြစ်၏။

အရေးအကြီးဆုံးမှာ ယွင်ကျုံးဟဲ့က လုံးဝ အားစိုက်ထုတ်စရာ မလိုခဲ့ခြင်း ဖြစ်သည်။ ယခုနှစ် ဆောင်းဦးရာသီ ပြည်နယ် စာမေးပွဲ ပထမနေ့ မေးခွန်းများက အလွန် ခက်ခဲပြီး အလွန် ရှားပါးသော နေရာများမှ ထုတ်နှုတ်ထားခြင်း ဖြစ်သည်။

သို့ပေမည့် ထိုအရာက အခြားသူများ အတွက်သာ ဖြစ်ပြီး ယွင်ကျုံးဟဲ့ အတွက်မူ မည်သည့် ကွာခြားချက်မှ မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူက ဒါဗင်ချီ၏ စွမ်းရည်ကို အသုံးပြုကာ အားလုံးကို မှတ်ဉာဏ်ထဲတွင် သိမ်းဆည်းထားသောကြောင့်ပင်။

ထိုစာအုပ် နှစ်ဆယ့်သုံးအုပ်လုံးကို သူ၏ ဦးနှောက်ထဲတွင် သိမ်းဆည်းထားသည်။ အလွတ်ကျက်ထားခြင်း မဟုတ်ဘဲ မှတ်တမ်းတင်ထားခြင်း ဖြစ်၏။

လိုအပ်သည့် အချိန်တွင် တိုက်ရိုက် ထုတ်ယူ အသုံးပြုရုံသာ ဖြစ်သည်။ ထိုမျှလောက်အထိ ကြောက်စရာ ကောင်းလှသည်။

...................

အပိုင်း (၂၅၆)

ယွင်ကျုံးဟဲ့က အနည်းငယ် နှိမ့်ချသင့်သလား၊ မေးခွန်း နှစ်ရာလုံး မဖြေဘဲ တစ်ရာ့ကိုးဆယ့်ရှစ်ခု လောက်သာ ဖြေလျှင် ကောင်းမလား ဟု စဉ်းစားခဲ့ဖူး၏။

သို့ပေမည့် စက္ကန့်ဝက်ခန့် စဉ်းစားပြီးနောက် သူက အထင်သေးစွာ ပြုံးလိုက်သည်။ ‘နှိမ့်ချစရာ မလိုဘူး။’

သူက နုလန်ဟောက်၏ သားဖြစ်ပြီး လောကနံပါတ်တစ် အသုံးမကျတဲ့ကောင် ဟူသော နာမည်ဆိုးကို ရရှိထားသူ ဖြစ်ရာ မူလတည်းက နှိမ့်ချ၍ မရနိုင်ပေ။

လူတိုင်းကို အံ့အားသင့်စေရမည်၊ ပြင်းပြင်းထန်ထန် ပါးရိုက်ရမည်၊ စံချိန် ချိုးရမှာဖြစ်၏။

မိနစ် တစ်ရာအတွင်း မေးခွန်း အားလုံး ဖြေဆိုပြီးစီးခဲ့ပြီး မိနစ် နှစ်ဆယ်အတွင်း အဖြေများကို ပြန်လည် စစ်ဆေးခဲ့ရာ တစ်ခုမှ မမှားပေ။

ထို့နောက် အဖြေလွှာ အားလုံးကို မှောက်လျက်ထားကာ ယွင်ကျုံးဟဲ့က စားပွဲပေါ်တွင် မှောက်အိပ် နေလေသည်။

စုစုပေါင်း စာမေးပွဲ အချိန် ရှစ်နာရီ သတ်မှတ်ထားရာ ယခု နှစ်နာရီသာ ရှိသေးပြီး နောက်ထပ် ခြောက်နာရီ ကျန်နေသေး၏။

ဟိုဘက်တွင် ပင်မစာမေးပွဲ စစ်ဆေးသူ ယွီကျန်းက နှစ်နာရီအတွင်း မေးခွန်း တစ်ရာ့ကိုးဆယ့်ငါးခု ဖြေဆိုပြီးနောက် စာမေးပွဲရုံ တစ်ခုလုံးကို စတင် လှည့်လည် ကြည့်ရှုလေသည်။

သူက စုမန်၏ ဘေးသို့ အရင်သွားကြည့်ရာ စုမန်က ဖြေဆိုပြီးစီးနေပြီဖြစ်ပြီး တရားထိုင်နေသကဲ့သို့ ငြိမ်သက်နေသည်ကို တွေ့လိုက်ရ၏။

ယွီကျန်းက တစ်ချက် ကြည့်လိုက်ရာ စုမန်က မေးခွန်း နှစ်ခု ကွက်လပ် ထားခဲ့သည်ကို တွေ့လိုက်ရ၏။ ချက်ချင်းပဲ သူ၏ စိတ်ထဲတွင် ချီးကျူးသွားမိသည်။

သူက စုမန် အကြောင်းကို သိရှိထားသည်။ အဘယ်ကြောင့်ဆိုသော် စုမန်က အလွန် နာမည်ကြီးသောကြောင့် ဖြစ်၏။ ဤကွက်လပ်ဖြည့်နှင့် ကျမ်းစာ ဖွင့်ဆိုချက် မေးခွန်းများတွင် စုမန် ဖြေဆိုလိုက်ပါက သေချာပေါက် မှန်ကန်မည် ဖြစ်ကြောင်း သူ သိထား၏။

နှစ်နာရီအတွင်း မေးခွန်း တစ်ရာ့ကိုးဆယ့်ရှစ်ခု မှန်အောင် ဖြေနိုင်သည်လား။ အလွန် ထူးချွန်ပြီး အလွန် ကောင်းလှ၏။ နောက်ပေါက် လူငယ်များက ပို၍ ကောင်းလာကြပြီ ဖြစ်သည်။

ချန်လန်ပြည်နယ် ကဲ့သို့သော သေမင်းတမန် အုပ်စုကြီးတွင် စံချိန် အသစ် တင်နိုင်ခဲ့သည်မှာ အမှန်တကယ်ပင် ချီးကျူးစရာ ကောင်းလှ၏။

ယွီကျန်းက စုမန် အပေါ် အလွန် သဘောကျသွားမိသည်။ သူက နှုတ်မှ ထုတ်မပြောသော်လည်း စုမန်ကို အလွန် သဘောကျနေသည်။

စုမန် သည်လည်း အလွန် အထီးကျန်သူ တစ်ဦး ဖြစ်သည်။ တစ်ကမ္ဘာလုံးတွင် နာမည်ကြီးနေသော်လည်း သူက မည်သည့် ပွဲလမ်းသဘင်ကိုမျှ သွားရောက်လေ့ မရှိပေ။ လောကီ စည်းစိမ်များ အားလုံးနှင့် မသက်ဆိုင်သကဲ့သို့ အိမ်တွင်သာ စာဖတ်ပြီး မေးခွန်းများ ဖြေဆိုနေလေ့ ရှိ၏။

အထီးကျန်ခြင်း အပိုင်းတွင် ယွီကျန်းက စုမန်ကို သူနှင့် တူသည်ဟု ခံစားရ၏။ သို့ပေမည့် ယွီကျန်း သည် အမှားကို လုံးဝ လက်မခံနိုင်သူ ဖြစ်ပြီး မတရားမှုများကို မြင်တွေ့ပါက ဝင်ရောက် ဖြေရှင်းတတ်သူ ဖြစ်သည်။

ထို့အပြင် သူက အရာအားလုံးကို အပြစ်မြင်တတ်သောကြောင့် ကောင်းကင်ကိုရော၊ မြေကြီးကိုရော၊ လေထုကိုပါ ပြဿနာ ရှာတတ်သူ ဖြစ်သည်။

သို့ပေမည့် သူက အသက် ခုနစ်ဆယ် နီးပါး ရှိနေပြီ ဖြစ်ရာ ဤသည်မှာ သူ၏ စရိုက် ချို့ယွင်းချက် ဖြစ်ကြောင်း နားလည်နေပြီ ဖြစ်၏။ လူဆိုသည်မှာကိုယ့်ကိုယ်ကိုယ် တင်းကျပ်စွာ နေထိုင်သင့်သော်လည်း လောကကြီးကို တင်းကျပ်စွာ မဆက်ဆံသင့်ပေ။

သို့ပေမည့် ယွီကျန်းက မပြင်နိုင်သလို ပြင်ရန်လည်း မရည်ရွယ်တော့ပေ။ သေခါနီး အချိန်ရောက်မှ ဘယ်သူ့ကို ပြဖို့ ပြင်ရမည်နည်း။ ထို့ကြောင့် စရိုက်က ကံကြမ္မာကို ဆုံးဖြတ်သည်ဟု ဆိုရမည်။

သို့ပေမည့် စုမန်က ဤအချက်တွင် ယွီကျန်းနှင့် မတူပေ။ သူကကိုယ့်ကိုယ်ကိုယ် တင်းကျပ်စွာ နေထိုင်သော်လည်း အခြားသူများ အပေါ်တွင်မူ သဘောထား ကြီးလေ့ရှိ၏။ သို့မဟုတ် အခြားသူများကို အထင်သေးကာ လျစ်လျူရှုထားခြင်း ဖြစ်သည်။

ဤကဲ့သို့သော အစွန်းရောက် မာနကြီးမှုက တစ်ခါတစ်ရံတွင် သဘောထားကြီးခြင်း တစ်မျိုးဖြစ်ပြီး အနည်းဆုံးတော့ တိုက်ခိုက်လိုစိတ် မပြင်းထန်ပေ။

ယွီကျန်း သည် စုမန်ကို အလွန် သဘောကျသော်လည်း ဤဆောင်းဦးရာသီ ပြည်နယ်စာမေးပွဲတွင် သူက လုံးဝ တရားမျှတစွာ ဆုံးဖြတ်ပေးမှာ ဖြစ်၏။

ထို့နောက် ယွီကျန်းက ယွင်ကျုံးဟဲ့၏ အခန်းငယ်လေး ဘေးမှ ဖြတ်သွားရာ နုလန်ဟောက်၏ သား၊ လောကနံပါတ်တစ် အသုံးမကျတဲ့ကောင်ဟု နာမည်ကြီးသော လူဝကြီးက ဟောက်သံပေးကာ အိပ်ပျော် နေသည်ကို တွေ့လိုက်ရ၏။ အဖြေလွှာများကိုလည်း မှောက်လျက် ထားထားသည်။

‘ဘာလဲ… အရှက်ကွဲမှာ ကြောက်လို့လား။ သူများ မြင်သွားမှာ ကြောက်လို့လား။’

ယွီကျန်းက အောက်ယွီ ကဲ့သို့သော အထက်တန်းလွှာ မိသားစုများမှ သားသမီးများကို မူလတည်းက မုန်းတီးသူ ဖြစ်ရာ ယခု ပို၍ပင် ရွံရှာသွားမိ၏။

‘မင်းလို အသုံးမကျတဲ့ လူမိုက်က အိမ်မှာပဲ အေးအေးဆေးဆေး စားသောက်ပြီး သေမယ့်ရက်ကို စောင့်နေတာ ပိုမကောင်းဘူးလား။ ဘာလို့ စာမေးပွဲ လာဖြေနေသေးလဲ။ ဘာလို့ကိုယ့်ကိုယ်ကိုယ် အရှက်လာခွဲနေတာလဲ။

မင်း အောက်ယွီကိုယ့်ကိုယ်ကိုယ် အရှက်ခွဲတာ ကိစ္စမရှိပေမယ့် မွန်မြတ်တဲ့ စာမေးပွဲ စနစ်ကို လာပြီး အရှက်မခွဲနဲ့။ ကျုပ် ပင်မ စာမေးပွဲ စစ်ဆေးသူကို လာပြီး အရှက်မခွဲနဲ့။ အိပ်ချင်ရင် အိမ်ပြန်အိပ်လေ။ ဘာလို့ ကျုပ်ရဲ့ စာမေးပွဲရုံမှာ လာအိပ်နေတာလဲ။’

ထို့ကြောင့် ယွီကျန်းက တကယ် မနေနိုင်တော့ဘဲ ဤတုံးအပြီး ဝနေသော အောက်ယွီကို အပြင်သို့ လွှင့်ပစ်ချင်စိတ် ပေါက်သွားသည်။

သို့ပေမည့် စာမေးပွဲ စည်းကမ်းများ အရ လိမ်လည်ခြင်း မပြုရ၊ ဆူညံစွာ မနေရ၊ အခြားသူများ စာမေးပွဲ ဖြေဆိုခြင်းကို မနှောင့်ယှက်ရဟုသာ ပါရှိပြီး အိပ်စက်ခြင်း မပြုရ ဟု မပါရှိပေ။

ပင်မ စာမေးပွဲ စစ်ဆေးသူ ယွီကျန်းက မျက်စိနောက်သောကြောင့် အမြန် လျှောက်သွားလိုက်လေသည်။

...................

အနောက်ပိုင်း သဲကန္တာရ၊ ရိုလန်မြို့...

ကျင်းကျုံးယွဲ့ သည် အနောက်ပိုင်း သဲကန္တာရ၏ ဘုံရန်သူ ဖြစ်လာခဲ့ပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမက သဲကန္တာရ၏ ပုလဲရတနာအဖြစ် တင်စားရသော ရိုလန်မြို့ကို သိမ်းပိုက်လိုက်သောကြောင့် ဖြစ်၏။

ဤမြို့သည် အိုအေစစ်တစ်ခု ဖြစ်ရုံသာမက နိုင်ငံအများအပြား၏ ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် တည်ရှိနေသောကြောင့် ဤမြို့ကို သိမ်းပိုက်ထားပါက နှစ်စဉ် ကောက်ခံရသော အခွန်ငွေများက အလွန် များပြားလှသည်။

မိုင်ထောင်ချီ ကျယ်ဝန်းသော အနောက်ပိုင်း သဲကန္တာရရှိ မြင်းစီးဓားပြအဖွဲ့ ဒါဇင်ပေါင်းများစွာက မနာလို ဖြစ်ကာ ကျင်းကျုံးယွဲ့ကို ဆန့်ကျင်သော မဟာမိတ် အဖွဲ့တစ်ခု ဖွဲ့စည်းလိုက်ကြ၏။

မြင်းစီး ဓားပြ အဖွဲ့ ဒါဇင်ပေါင်းများစွာက စစ်တပ် တစ်သိန်းကျော် ဖွဲ့စည်းကာ ရိုလန်မြို့ကို လာရောက် ဝိုင်းရံ တိုက်ခိုက်ကြသည်။

ယခုအချိန်တွင် ကျင်းကျုံးယွဲ့၏ လက်အောက်ရှိ စစ်တပ်က လေးသောင်း၊ ငါးသောင်းခန့်အထိ တိုးပွားလာခဲ့ပြီ ဖြစ်သည်။ ရှစ်လခန့် အချိန်အတွင်း သူမ၏ စစ်တပ်က တစ်နေ့တခြား ပိုမို အင်အား ကြီးမားလာခဲ့၏။

နှစ်ဝက်ခန့် အချိန်အတွင်း စစ်သည် သုံးထောင်မှ လေးသောင်း၊ ငါးသောင်းအထိ တိုးပွားလာခဲ့ခြင်း ဖြစ်သည်။

ရန်သူများက အလွန် ကောက်ကျစ်လှ၏။ ကျင်းကျုံးယွဲ့ကိုယ်ဝန် ရှိနေပြီး မကြာမီ မီးဖွားတော့မည် ဆိုသည်ကို သူတို့ သိရှိထားကြ၏။

ထို့ကြောင့် သူမ မီးဖွားမည့် အချိန်ကို အတိအကျ တွက်ချက်ကာ ဤ မြင်းစီးဓားပြ မဟာမိတ်တပ်ဖွဲ့က ရိုလန်မြို့ကို လာရောက် တိုက်ခိုက်ခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဤအချိန်က ကျင်းကျုံးယွဲ့ အားအနည်းဆုံး အချိန်ဖြစ်ပြီး ကလေး မွေးဖွားနေချိန် ဖြစ်ရာ မည်သို့ စစ်တိုက်နိုင်မည်နည်း။

ကျင်းကျုံးယွဲ့ကို တရားဝင် ချေမှုန်းပြီး ရိုလန်မြို့ကို သိမ်းပိုက်ရန် အကောင်းဆုံး အခွင့်အရေး ဖြစ်၏။

ထိုအချိန်တွင် ရိုလန်မြို့ အပြင်ဘက်၌ စစ်တပ် တစ်သိန်းကျော် ပါဝင်သော မြင်းစီး ဓားပြ မဟာမိတ် တပ်ဖွဲ့က သဲမုန်တိုင်း အလား၊ အမှောင်ထု လှိုင်းလုံးကြီး အလား ကြောက်မက်ဖွယ် ကောင်းသော အကြည့်များဖြင့် ဝိုင်းရံထားကြသည်။

“အရှေ့တိုင်း မိန်းမ ကျင်းကျုံးယွဲ့က ကလေး မွေးနေပြီ။ ဒါက ကျုပ်တို့အတွက် နှစ်ပေါင်းထောင်ချီမှ တစ်ခါ ရနိုင်တဲ့ အခွင့်အရေးပဲ။”

“အထဲကို ဝင်တိုက်ကြ။ ယောကျာ်း မှန်သမျှ အကုန်သတ်၊ မိန်းမ မှန်သမျှ အကုန် မုဒိမ်းကျင့်ကြ...”

“အရှေ့တိုင်းက စုန်းမ ကျင်းကျုံးယွဲ့ကို အဝတ်အစားတွေ ချွတ်ပြီး မီးရှို့သတ်ကြ။ သူ့ရဲ့ကလေးကိုပါ အတူတူ မီးရှို့ပစ်ကြ...”

“မြို့ကို တိုက်ကြ… မြို့ကို တိုက်ကြ...”

အမိန့်ပေးသံနှင့်အတူ မြင်းစီး ဓားပြ တစ်သိန်းကျော်က ရိုလန်မြို့ကို ရူးသွပ်စွာ စတင် တိုက်ခိုက်ကြ တော့သည်။ တစ်မြို့လုံး၌ ဖျက်ဆီးလိုသော အငွေ့အသက်များ ပြည့်နှက်လို့နေ၏။

.......................

တစ်ချိန်တည်းမှာပဲ ရိုလန်မြို့ အတွင်း၌ လင်းပိ(လန်ပိ)၊ လေခွင်းကတော်၊ ကတိုးမွှေးသခင်မ တို့က အလွန် စိုးရိမ်ပူပန်နေကြသည်။

‘လေခွင်းကတော်နှင့် ကတိုးမွှေးသခင်မ တို့က တာယင်အင်ပါယာမှာ ရှိနေတာ မဟုတ်ဘူးလား။’

ဟုတ်ပေသည်။ ထိုသို့ ဖြစ်ခဲ့၏။ ယွင်ကျုံးဟဲ့က သူတို့ကို ကြိုတင် ပို့ဆောင်ထားခဲ့ခြင်း ဖြစ်၏။

သို့ပေမည့် ယွင်ကျုံးဟဲ့၏ သေဆုံးမှု သတင်းကို ကြားသိပြီးနောက် ကျင်းကျုံးယွဲ့ အနောက်ပိုင်း သဲကန္တာရတွင် ရှိနေကြောင်း သိရှိသွားချိန်မှာတော့ လေခွင်းကတော်နှင့် ကတိုးမွှေးသခင်မတို့က သူတို့ကို အနောက်ပိုင်း သဲကန္တာရသို့၊ ကျင်းကျုံးယွဲ့ အနီးသို့ ပို့ဆောင်ပေးရန် တာယင်အင်ပါယာထံ တောင်းဆိုခဲ့ကြ၏။

တာယင်အင်ပါယာ၏ ဟေးလုံထိုင်က ထို ကျင်းကျုံးယွဲ့မှာ အစစ် မဟုတ်ကြောင်း သူတို့ကို ပြောပြခဲ့သည်။

လေခွင်းကတော်က သူသည် ကျင်းအဲ့သမီး ဟုတ်၊ မဟုတ် မေးမြန်းခဲ့၏။ တာယင်အင်ပါယာ၏ ဟေးလုံထိုင်က ဟုတ်ကြောင်း၊ အန်းရူရှန် မွေးဖွားခဲ့သော သမီးဖြစ်ကြောင်း ပြောပြခဲ့၏။

လေခွင်းကတော်က ထိုသို့ဆိုလျှင် ရပြီဟု ဆိုကာ ကျင်းမျိုးနွယ်စုမှ လူများ အားလုံးကို ခေါ်ဆောင်ပြီး တာယင်အင်ပါယာမှ ထွက်ခွာကာ ကျင်းကျုံးယွဲ့ ထံသို့ သွားရောက် ခိုလှုံခဲ့ခြင်း ဖြစ်၏။ ခိုလှုံသည်ဟု ဆိုခြင်းထက် ကူညီသည်ဟု ဆိုခြင်းက ပိုမှန်မည်။

အဘယ်ကြောင့်ဆိုသော် လေခွင်းကတော်၏ စိတ်ထဲတွင် ကျင်းကျုံးယွဲ့ သည် တစ်ကိုယ်တည်း ဖြစ်နေပြီး ကိုယ်ဝန် လည်း ရှိနေသောကြောင့် အနောက်ပိုင်း သဲကန္တာရ ကဲ့သို့ ဆိုးရွားသော နေရာတွင် အလွန် အခက်အခဲ များပြီး အန္တရာယ် များမည်ဟု တွေးတောမိသောကြောင့် ဖြစ်၏။

လေခွင်းကတော်နှင့် ကတိုးမွှေးသခင်မ တို့သာမက ယခင်က ကျင်းကျုံးယွဲ့ကို မုန်းတီးခဲ့သော ကျင်းဝူပြန်းပင် လိုက်ပါလာခဲ့သည်။

ယွင်ကျုံးဟဲ့၏ သေဆုံးမှု သတင်းက သူ့ကို ကြီးမားသော ထိုးနှက်ချက် ဖြစ်စေခဲ့ပြီး ယွင်ကျုံးဟဲ့၏ ကလေးအတွက် သူတွင် တာဝန် တစ်ခုခု ရှိသည်ဟု ခံစားမိသောကြောင့် ဖြစ်၏။

ယခုအချိန်တွင် ကျင်းကျုံးယွဲ့မှာ အမှန်တကယ် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီ ဖြစ်၏။ အဘယ်ကြောင့် ဆိုသော် သူမကိုယ်ဝန်ဆောင်ထားသည်မှာ အမြွှာ ဖြစ်နေပြီး ကလေး နေရာ မမှန်သောကြောင့် မီးဖွားရန် အလွန် ခက်ခဲနေကာ အသက်အန္တရာယ် ရှိနေသောကြောင့် ဖြစ်၏။

ရှေးခေတ်က ကလေး မွေးဖွားခြင်းသည် အမျိုးသမီးများ အတွက် ငရဲတံခါးကို ဖြတ်သန်းရခြင်း ဖြစ်၏။ အထူးသဖြင့် အမြွှာကလေး မွေးဖွားခြင်းက ပို၍ပင် အန္တရာယ် များလှသည်။

ထို့အပြင် ကျင်းကျုံးယွဲ့ သည် သိုင်းပညာ အလွန် မြင့်မားသော်လည်း မီးဖွားရန် အခြေအနေများက သိပ်မကောင်းလှပေ။

အပြင်ဘက်တွင် မြင်းစီး ဓားပြ တစ်သိန်းကျော်က သူမ၏ ရိုလန်မြို့ကို ရူးသွပ်စွာ တိုက်ခိုက်နေကြ၏။ တိုက်ခိုက်သံများက ကောင်းကင်သို့တိုင် ညံနေပြီး မြေကြီးများပင် တုန်ခါနေသည်။

“သတ်… သတ်… သတ်… သတ်”

မီးဖွားခန်း အတွင်းတွင်မူ…

“အား… အား… အား…” ကျင်းကျုံးယွဲ့၏ အော်ဟစ်သံများ ထွက်ပေါ်နေ၏။

လေခွင်းကတော်က မြေပြင်ပေါ်တွင် ဒူးထောက်ကာ ဆုတောင်းနေလေသည်။ “နတ်ဘုရားများ ကယ်မတော်မူပါ။ ကောင်းကင်ဘုံ... ကယ်မတော်မူပါ။”

ကျင်းကျုံးယွဲ့၏ သိုင်းပညာက အလွန် ကောင်းပြီး ခန္ဓာကိုယ် အချိုးအစားကလည်း ပြေပြစ်လှ၏။ အရပ်ရှည်သော်လည်း အရိုးအဆစ်များက သေးသွယ်ပြီး တင်ပါးဆုံရိုးက မကျယ်ပြန့်ပေ။

ထို့ကြောင့် သူမ၏ တင်ပါးက ကော့နေသော်လည်း မကြီးမားသောကြောင့် ကလေးမွေးဖွားရန် အလွန် ခက်ခဲသော ခန္ဓာကိုယ်မျိုး ဖြစ်နေသည်။

အရေးအကြီးဆုံးက အမြွှာကိုယ်ဝန် ဖြစ်နေပြီး ကလေး နေရာ မမှန်ခြင်းပင် ဖြစ်၏။ ဤအခြေအနေက ပို၍ပင် အန္တရာယ် များလှသည်။ ခေတ်သစ် လူ့အဖွဲ့အစည်းတွင် ဆိုလျှင် သေချာပေါက် ခွဲစိတ် မွေးဖွားရမည့် အခြေအနေ ဖြစ်၏။

သို့ပေမည့် ယခု ဤကမ္ဘာတွင် မည်သို့ ခွဲစိတ် မွေးဖွားမည်နည်း။ ကျင်းကျုံးယွဲ့၏ သိုင်းပညာ မည်မျှပင် မြင့်မားစေကာမူ ဗိုက်ထဲမှ ကိစ္စကိုတော့ မထိန်းချုပ်နိုင်ပေ။

သူမကိုယ်တိုင်လည်း အလွန် ကြောက်ရွံ့နေ၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်ဝန် စတင် လွယ်ထားရစဉ်က အလွန် ခက်ခဲခဲ့သောကြောင့် ဖြစ်သည်။ အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် သွေးဆင်းတတ်ပြီး ကလေး ပျက်ကျတော့မည့်အလား ဖြစ်ခဲ့ရ၏။

ထို့နောက် သူမက ယခင်က မကြုံဖူးလောက်အောင် စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်များကို ကြုံတွေ့ခဲ့ရ၏။ ယွင်ကျုံးဟဲ့၏ သေဆုံးမှု သတင်းကို ကြားသိခဲ့ရပြီးနောက် သူမကိုယ်တိုင် ယန်ဖြန်ရှန်ကို သတ်ဖြတ်ခဲ့ရသည်။

အနောက်ပိုင်း သဲကန္တာရသို့ ရောက်ရှိလာပြီးနောက်ကိုယ်တိုင် စစ်မြေပြင်သို့ ထွက်ကာ စစ်တိုက်ခဲ့ရသောကြောင့် ပို၍ပင် လှုပ်ရှားမှု များပြားခဲ့၏။

သို့ပေမည့် ထူးဆန်းသည်မှာ ယခင်က ဂရုတစိုက် နေထိုင်စဉ်က ဗိုက်နာပြီး သွေးဆင်းတတ်သော်လည်း နောက်ပိုင်းတွင် လှုပ်ရှားမှု များပြားလာချိန်မှာတော့ ဗိုက်ထဲမှ ကလေးများက ပို၍ လျင်မြန်စွာ ကြီးထွားလာပြီး အားအင် ပြည့်ဝလာသကဲ့သို့ ဖြစ်လာသည်။

ထို့အပြင် ဗိုက်က တစ်နေ့တခြား ပိုမို ကြီးမားလာပြီး သာမန်ကိုယ်ဝန်ဆောင်များထက် အများကြီး ပိုကြီးနေသည်။ ထိုအချိန်က အတွေ့အကြုံ ရှိသော အမျိုးသမီးများက အမြွှာများ ဖြစ်နေမလား ဟု ပြောဆိုခဲ့ကြ၏။

ဗိုက်ပေါ်သို့ နားကပ်၍ နားထောင်ကြည့်ချိန်မှာတော့ နှလုံးခုန်သံ နှစ်ခုကို တကယ် ကြားလိုက်ရသည်။ ကလေးများက ဗိုက်ထဲတွင် လက်ဝှေ့ထိုး ခြေထောက်ကန် နေကြချိန်တွင် ပို၍ပင် သိသာလှသည်။

.......................

All Chapters