← Chapters

အခန်း (၂၅၇-၂၅၈)

Vol. 22 Ch. 257-258

အခန်း (၂၅၇-၂၅၈)

Vol. 22 Ch. 257-258

အပိုင်း (၂၅၇)

ထိုအချိန်က လေခွင်းကတော်နှင့် ကတိုးမွှေးသခင်မ တို့မှာ ဝမ်းသာတစ်ဝက် စိုးရိမ်တစ်ဝက် ဖြစ်ခဲ့ကြရ၏။

အမြွှာကိုယ်ဝန် ဆိုသည်မှာ သေချာပေါက် ကောင်းမွန်လှ၏။ တစ်ကြိမ်တည်းဖြင့် ကလေး နှစ်ယောက် ရရှိမှာဖြစ်သည်။

သို့ပေမည့် ကျင်းကျုံးယွဲ့၏ ခန္ဓာကိုယ် အနေအထားက ကလေး မွေးဖွားရန် မကောင်းမွန်လှသောကြောင့် ကလေး မွေးရ ခက်ခဲမည်ကို စိုးရိမ်ခဲ့ကြ၏။

အမှန်တကယ်ပင် ကလေး မွေးဖွားရန် ခက်ခဲနေပြီ ဖြစ်သည်။

လေခွင်းကတော်နှင့် လန်ပိတို့က ရှာဖွေ၍ ရနိုင်သမျှ လက်သည် အားလုံးကို ခေါ်ဆောင်လာခဲ့သော်လည်း ဤအခြေအနေကို မည်သူကမှ မဖြေရှင်းနိုင်ကြပေ။

အချိန် အကြာကြီး ကြိုးစားခဲ့ပြီး သားအိမ်ခေါင်း ပွင့်နေပြီ ဖြစ်သော်လည်း ကလေးက ထွက်မလာပေ။

ကျင်းကျုံးယွဲ့၏ သိုင်းပညာ မည်မျှပင် မြင့်မားစေကာမူ ယခုအချိန်တွင် သူမမှာ သေမတတ် နာကျင်နေရပြီ ဖြစ်၏။ မျက်နှာက ပိုပိုပြီး ဖြူရော်လာကာ အသံကလည်း တဖြည်းဖြည်း တိုးဝင်သွားသည်။

“သခင်မ… ဆက်ပြီး မမွေးနိုင်သေးရင် တကယ် အန္တရာယ် ရှိလာတော့မယ်။ လူကြီးရော၊ ကလေးရော နှစ်ယောက်လုံး အသက်ဆုံးရှုံးရနိုင်တယ်။”

လက်သည်၏ စကားကို ကြားချိန်မှာတော့ လေခွင်းကတော်မှာ ကြောက်လန့်တကြား ဖြစ်သွားကာ မေးလိုက်၏။ “ဒါဆို ဘယ်လိုလုပ်မလဲ… ဘယ်လိုလုပ်မလဲ။ လူကြီး တစ်ယောက်တည်းကိုပဲ ကယ်လို့ ရမလား။”

လက်သည်က ပြန်ဖြေသည်။ “တစ်ခါ အန္တရာယ် ဖြစ်ပြီဆိုရင်တော့ နှစ်ယောက်လုံးကိုကယ်လို့ မရတော့ဘူး။”

ချက်ချင်းပဲ လေခွင်းကတော်နှင့် ကတိုးမွှေးသခင်မ တို့၏ မျက်လုံးများမှ မျက်ရည်များ အဆက်မပြတ် စီးကျလာပြီး လေခွင်းကတော် မှာ မြေပြင်ပေါ်တွင် ဒူးထောက်ကာ အစွမ်းကုန် ဆုတောင်းနေတော့၏။

“ယောကျာ်းရေ… ရှင် ကောင်းကင်ဘုံကနေ သမီးလေးကို ကာကွယ်ပေးပါအုံး။ သူက ကျွန်မသမီးအစစ် မဟုတ်ပေမယ့် ရှင့်ရဲ့ သွေးသား အရင်းပါပဲ။ ယောကျာ်းရေ… သူက ဘာမှ နားမလည်တဲ့ ကလေးလေး ပါ။ သူ့ကို ကာကွယ်ပေးပါအုံး… ကာကွယ်ပေးပါအုံး။”

ထိုအချိန်တွင် ရိုလန်မြို့၏ ကာကွယ်ရေး တပ်ဖွဲ့ဝင်များမှာလည်း စိတ်ဓာတ် ကျဆင်းနေကြပြီ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ခေါင်းဆောင် ကျင်းကျုံးယွဲ့သည် ကလေး မွေးဖွားရ ခက်ခဲ၍ သေဆုံးသွားပြီ ဖြစ်ကြောင်း ကောလာဟလများ နေရာအနှံ့ ပျံ့နှံ့နေသောကြောင့်ပင်။

သူတို့မှာ ခေါင်းဆောင် မရှိတော့ပေ။ ယခုရက်ပိုင်း အတွင်း ကျင်းကျုံးယွဲ့၏ စစ်တပ်က အလွန် လျင်မြန်စွာ တိုးချဲ့ခဲ့သောကြောင့် လူသုံးထောင်မှ လူငါးသောင်း အထိ ရုတ်တရက် တိုးလာခဲ့ရာ လူကောင်း၊ လူဆိုး ရောနှောနေ၏။

အကယ်၍ ကျင်းကျုံးယွဲ့ သာ စစ်မြေပြင်တွင် ရှိနေပါက ကိစ္စမရှိသော်လည်း ယခု သူမ မရှိတော့ပေ။

“အရှေ့တိုင်းကစုန်းမ ကျင်းကျုံးယွဲ့ သေသွားပြီ… သေသွားပြီ။ ခင်ဗျားတို့ အမြန် လက်နက်ချကြတော့… ဟား ဟား ဟား…

ကျုပ်တို့က စုန်းမ ဒါဇင်ပေါင်းများစွာကို ခေါ်လာပြီး သူ့ကို ကျိန်စာတိုက်ခိုင်းထားတာ။ သူ့ကို ပြုစားထားတာ။ သူ သေချာပေါက် သေရမယ်… သေရမယ်…” ရန်သူ မြင်းစီး ဓားပြ ခေါင်းဆောင်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်နေ၏။

သူပြောသည်မှာ အလကား မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် တကယ်ပင် စုန်းမ ဒါဇင်ပေါင်းများစွာက ထူးဆန်းသော အကများ ကပြကာ အရုပ်တစ်ရုပ်ပေါ်တွင် ကျိန်စာများ ရေးသားပြီး မီးရှို့ခြင်း၊ အပ်ဖြင့် ထိုးခြင်း၊ ဓားဖြင့် ခုတ်ခြင်းများ ပြုလုပ်နေကြသောကြောင့် ဖြစ်သည်။

ထိုအရုပ်မှာ ဗိုက်ကြီးနေပြီး အပေါ်တွင် ကျင်းကျုံးယွဲ့၏ မွေးသက္ကရာဇ်ကို ရေးသားထားသည်။ သေချာသည်မှာ ထိုမွေးသက္ကရာဇ်မှာ အတုသာ ဖြစ်၏။ ကျင်းကျုံးယွဲ့ကိုယ်တိုင်ပင် သူမ၏ အစစ်အမှန် မွေးသက္ကရာဇ်ကို မသိပေ။

သို့ပေမည့် ဤကိစ္စက အလွန် ထိရောက်လှသည်။ အနောက်ပိုင်း သဲကန္တာရတွင် အယူသည်းမှုများ အလွန် ပြင်းထန်သောကြောင့် ယခု ကျင်းကျုံးယွဲ့ကလေး မွေးဖွားရန် ခက်ခဲပြီး အသက်အန္တရာယ် ရှိနေခြင်းမှာ ဤစုန်းမများ၏ ကျိန်စာကြောင့် ဖြစ်သည်ဟု လူတိုင်းက ယုံကြည်နေကြ၏။

ထို့ကြောင့် ရိုလန်မြို့၏ ကာကွယ်ရေး တပ်ဖွဲ့ဝင်များ၏ စိတ်ဓာတ်များ ပိုမို ကျဆင်းလာသည်။ ရန်သူ မြင်းစီး ဓားပြ မဟာမိတ် တပ်ဖွဲ့က မြို့ရိုးပေါ်သို့ တက်ရောက်လာတော့မည် ဖြစ်ပြီး အကယ်၍ သူတို့သာ မြို့တွင်းသို့ ဝင်ရောက်သွားပါက အကျိုးဆက်များမှာ စဉ်းစားရဲစရာပင် မရှိတော့ပေ။

ကျင်းကျုံးယွဲ့ သာမက လေခွင်းကတော်၊ ကတိုးမွှေးသခင်မနှင့် ကျင်းဝူပြန်း တို့ အားလုံး မြေမြှုပ်စရာ နေရာပင် မရှိဘဲ အသတ်ခံရမှာ ဖြစ်၏။

ထိုအချိန်တွင် သဲကန္တာရ၏ အဝေးမှနေ၍ လူရိပ် တစ်ထောင်ခန့် ရုတ်တရက် ထွက်ပေါ်လာ၏။ သူတို့က မြင်းများကို စီးနင်းလာပြီး တစ်ယောက်လျှင် မြင်းနှစ်ကောင်စီ ပါလာကြသည်။

ထိုလူရိပ် တစ်ထောင်ခန့်က အမည်းရောင် ဓားတစ်လက်အလား ရန်သူ မြင်းစီး ဓားပြ မဟာမိတ်တပ်ဖွဲ့၏ နောက်ကျောသို့ ထိုးစိုက်ဝင်ရောက်လာ၏။

လူတစ်ထောင်ခန့်သာ ရှိသော်လည်း လူတိုင်းက အထူးတပ်ဖွဲ့ဝင်များထဲမှ အထူးတပ်ဖွဲ့ဝင်များဖြစ်ပြီး သိုင်းပညာရှင်များထဲမှ သိုင်းပညာရှင်များ ဖြစ်ကြသည်။

အထူးသဖြင့် ခေါင်းဆောင်ဖြစ်သူမှာ အဆိပ်ပြင်းသော မြွေတစ်ကောင် အလား လျင်မြန်စွာ ဓားခုတ်နိုင်၏။

“ရွှီး… ရွှီး… ရွှီး…”

ထို့အပြင် မြားပစ် ကျွမ်းကျင်သူ ဒါဇင်ပေါင်းများစွာကလည်း အဆက်မပြတ် မြားများ ပစ်ခတ်နေပြီး ရန်သူ မြင်းစီးဓားပြ ခေါင်းဆောင်များကိုသာ ပစ်မှတ်ထားနေကြသည်။

ဤလူများမှာ မည်သူများနည်း။ သေချာပေါက် တာယင်အင်ပါယာ၏ ဟေးလုံထိုင်မှ သိုင်းပညာရှင်များပင် ဖြစ်၏။

မကြာမီကမှ လေခွင်းကတော်နှင့် ကတိုးမွှေးသခင်မ တို့က တာယင်အင်ပါယာ ဟေးလုံထိုင်သို့ အကူအညီ တောင်းခံစာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

သေချာသည်မှာ သူတို့ အကူအညီ သွားမတောင်းလျှင်တောင် ဟေးလုံထိုင်က ဝင်ရောက် ကူညီမည်သာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့က ကျင်းကျုံးယွဲ့၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန် သူလျှိုများ အမြဲတမ်း စေလွှတ်ထားသောကြောင့် ဖြစ်၏။

ဤအမျိုးသမီးက တာယင်အင်ပါယာနှင့် ကြီးကြီးမားမား သက်ဆိုင်မှု မရှိသော်လည်း သူမ၏ ဗိုက်ထဲတွင် ယွင်ကျုံးဟဲ့၏ ကလေး ရှိနေသောကြောင့် တာယင်အင်ပါယာ ဟေးလုံထိုင်က အမြဲတမ်း စောင့်ကြည့်ကာ အကာအကွယ် ပေးနေခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ရိုလန်မြို့၏ အခြားတစ်ဖက်ရှိ မတ်စောက်သော တောင်ကမ်းပါးပေါ်မှ ကြိုး ဒါဇင်ပေါင်းများစွာ ကျဆင်းလာ၏။

သိုင်းပညာရှင် ရာပေါင်းများစွာက တောင်ကမ်းပါးပေါ်မှ လျှောဆင်းလာကြပြီး ထိုအထဲတွင် အမျိုးသမီး ဒါဇင်ပေါင်းများစွာ ပါဝင်သည်။ ခေါင်းဆောင် ဖြစ်သူ အမျိုးသမီးမှာ သိုင်းပညာ အလွန် မြင့်မားပြီး ဆံပင်များ ဖြူနေသော်လည်း မျက်နှာက နီရဲကာ အလွန် လှပလို့နေသည်။

ဤလူ ရာပေါင်းများစွာက မြို့၏ အနောက်ဘက်မှနေ၍ မြို့ရိုးနားသို့ ချဉ်းကပ်လာကြ၏။

“ရပ်လိုက်… ရပ်လိုက်ကြ...”

မြို့ရိုးပေါ်ရှိ ကာကွယ်ရေး တပ်ဖွဲ့ဝင်များက လေးတင်ကာ ရောက်လာသူများကို ချိန်ရွယ်လိုက်ကြသည်။

ခေါင်းဆောင်ဖြစ်သူ အမျိုးသမီးက ပြောလိုက်၏။ “ကျွန်မက တာယင်အင်ပါယာက သမားတော်ဟွမ် ပါ။ ရှင်တို့ရဲ့ သခင်မကို ကလေး လာမွေးပေးတာပါ။”

ထို့နောက် ဘေးမှ လူတစ်ယောက်က ခေါင်းစွပ်ကို ဖယ်ရှားကာ ပြောလိုက်သည်။ “ကျုပ်က တာယင်အင်ပါယာ ဟေးလုံထိုင်က ဖုန်းရှင်းမြဲ့ ပဲ။ ကျုပ်နာမည်ကို ခင်ဗျားတို့ ကြားဖူးလိမ့်မယ်လို့ ထင်တယ်။ သွားပြီး သတင်းပို့လိုက်ပါ။”

ခဏအကြာတွင် လန်ပိက ရိုလန်မြို့ အနောက်ဘက် မြို့ရိုးပေါ်တွင် ထွက်ပေါ်လာကာ အမိန့်ပေးလိုက်၏။ “တံခါးဖွင့်… တံခါးဖွင့်… မြန်မြန်… မြန်မြန်”

မြို့တံခါး ပွင့်သွားလေသည်။

ဖုန်းရှင်းမြဲ့က လူရာပေါင်းများစွာကို ခေါ်ဆောင်ကာ မြို့တွင်းသို့ အလျင်အမြန် ဝင်ရောက်သွား၏။

ထို ဆံပင်ဖြူ မျက်နှာနီနှင့် အမျိုးသမီး သမားတော်ဟွမ်က ပြေးရင်းနှင့် အဝတ်အစားများ လဲလှယ်ကာ အရက်ပြင်းဖြင့် လက်များကို ဆေးကြောနေ၏။ ဘေးရှိ အမျိုးသမီး ဒါဇင်ပေါင်းများစွာက သူမ၏ လက်ထောက်များ ဖြစ်ကြပြီး တစ်ယောက်စီတိုင်းတွင် သေတ္တာ တစ်လုံးစီ ပါလာကြသည်။

“မြန်မြန်… မြန်မြန်… မြန်မြန်…”

ဤ ဆံပင်ဖြူ မျက်နှာနီ သမားတော်ဟွမ် သည် တာယင်အင်ပါယာတွင် အလွန် နာမည်ကြီးသူ တစ်ဦးဖြစ်ပြီး သားဖွား လက်သည်တော် အဖြစ် ကျော်ကြားကာ ကလေး မွေးဖွားပေးရာတွင် အလွန် ကျွမ်းကျင်သူ ဖြစ်သည်။ သူမ၏ လက်ထဲတွင် အသက်ပေါင်း များစွာကို ကယ်တင်ခဲ့ပြီး ဖြစ်၏။

လက်ရှိ ဧကရီ မိဖုရားကြီးကလေး မွေးဖွားရန် ခက်ခဲနေစဉ်ကလည်း သူမ ကယ်တင်ပေးခဲ့ခြင်း ဖြစ်သည်။ လိုအပ်ပါက သူမက လက်ကို သားအိမ်ထဲသို့ ထည့်ကာ ကလေး၏ နေရာကို ပြန်လည် တည့်မတ်ပေးနိုင်သည်။

အတိုင်းအတာ တစ်ခုအထိ ဤအမျိုးသမီးသည် တာယင်အင်ပါယာ၏ အသက်ရှင်လျက် ရှိသော နတ်ဘုရားပင် ဖြစ်၏။

မီးဖွားခန်း အတွင်းသို့ ဝင်ရောက်သွားပြီးနောက် ဆံပင်ဖြူ မျက်နှာနီ သမားတော်ဟွမ်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ “ကားထား… ကားထား… ကားထား… ရှင့်ရဲ့ ခန္ဓာကိုယ်က ဘယ်လို ဖြစ်နေတာလဲ။ အချိုးအစား ပြေပြစ်ပေမယ့် အရမ်း ပိန်ပြီး အရမ်း ကျဉ်းနေတယ်။ ရှင်က ကြီးမြတ်တဲ့ အမျိုးသမီး စစ်သူကြီး တစ်ယောက်လေ။ ပြည့်တန်ဆာမှ မဟုတ်တာ။”

ထို့နောက် သူမက ဗိုက်ပေါ်မှနေ၍ ကလေး နှစ်ယောက်၏ နေရာကို စမ်းသပ်ကာ သားအိမ်ထဲသို့ လက်ထည့်ပြီး နေရာ ပြန်လည် တည့်မတ်ပေးရန် လို၊ မလို ဆုံးဖြတ်လေ၏။

မလိုသေးပေ။ သူမက ဗိုက်ပေါ်မှနေ၍ အဆက်မပြတ် တွန်းပေးနေ၏။ အတွေ့အကြုံနှင့် ခံစားချက်ကို လုံးဝ အားကိုးကာ ဗိုက်အပြင်ဘက်မှနေ၍ ကလေး နှစ်ယောက်၏ နေရာကို ပြန်လည် တည့်မတ်ပေးခဲ့သည်။

ထို့နောက် သူမက ကျင်းကျုံးယွဲ့၏ ပေါင်ကို အဆက်မပြတ် ရိုက်ပုတ်ကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ “အားတင်းထားစမ်း… အားတင်းထားစမ်း။ ကလေးကို ကျွန်မလက်နဲ့ ဆွဲမထုတ်ရအောင် လုပ်...”

ရိုက်ပုတ်နေရင်းနှင့်ပင် သူမက ငွေအပ်များကို ထုတ်ယူကာ ကျင်းကျုံးယွဲ့၏ သွေးကြောအချို့ကို အဆက်မပြတ် ထိုးစိုက်လေသည်။

“အား…” ကျင်းကျုံးယွဲ့၏ အော်ဟစ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။

“ဝါး…”

ခဏအကြာတွင် ကလေး တစ်ယောက်၏ ကျယ်လောင်စွာ ငိုကြွေးသံ ထွက်ပေါ်လာလေသည်။

“မိန်းကလေး… မိန်းကလေး..”

ပထမ တစ်ယောက် မွေးဖွားပြီးသွားချိန်မှာတော့ ဒုတိယ တစ်ယောက်က ပိုမို လွယ်ကူသွားပြီ ဖြစ်၏။

“ဒုတိယ ကလေးက ယောကျာ်းလေး… ယောကျာ်းလေး...”

ကလေး နှစ်ယောက်လုံး အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပြီ ဖြစ်၏။ ချက်ကြိုး ဖြတ်ပြီးနောက် ရေချိုးပေးရန် ခေါ်ဆောင်သွားကြသည်။

ချိန်ခွင်ပေါ်တင်ပြီး ချိန်ကြည့်ချိန်မှာတော့ အစ်မက ခြောက်ပေါင် ရှိပြီး မောင်လေးကတော့ လေးပေါင်ခွဲသာ ရှိ၏။

ကျင်းကျုံးယွဲ့က အားနည်းသော အသံဖြင့် မေးလိုက်သည်။ “ကလေးတွေ ပုံမှန်ပဲလား။ ကျွန်မ ကလေးတွေ ပုံမှန်ပဲလား။”

ဤရက်ပိုင်း အတွင်း သူမ နေ့စဉ် ဤမေးခွန်းကို စိုးရိမ်နေခဲ့ရ၏။ အဘယ်ကြောင့်ဆိုသော် သူမ ကိုယ်ဝန်ဆောင်ထားစဉ်အတွင်း ပြဿနာပေါင်းများစွာ ကြုံတွေ့ခဲ့ရပြီး အိပ်မက်ဆိုးများလည်း မကြာခဏ မက်ခဲ့သောကြောင့်ပင်။

“ပုံမှန်ပါပဲ။ အရမ်းကို ပုံမှန်ပါ။ အစ်မက အရမ်း သန်စွမ်းတယ်။ မောင်လေးကတော့ နည်းနည်း ပိန်ပေမယ့် ကျန်းမာပါတယ်။ သူက အသံကျယ်ကျယ် မငိုတာက သူ့ရဲ့ စရိုက်ကြောင့်ပါ။ အားမရှိလို့ မဟုတ်ပါဘူး။”

သမားတော်ဟွမ်က ကျင်းကျုံးယွဲ့ကို တစ်ချက် ကြည့်ကာ ပြောလိုက်သည်။ “ရှင့်လို ခန္ဓာကိုယ်မျိုးကို ကျွန်မ တစ်ခါမှ မမြင်ဖူးဘူး။ အားနည်းတယ် ဆိုရင်လည်း အရမ်း အားနည်းတယ်။ သန်စွမ်းတယ် ဆိုရင်လည်း ရှင့်လောက် သန်စွမ်းတဲ့သူ မရှိသလောက် ရှားတယ်။ ရှင့်ယောကျာ်းကတော့ ဇိမ်ကျသွားတာပေါ့။ ရှင်ကတော့ ကလေး မွေးရတာ အရမ်း ဒုက္ခရောက်တာပဲ။”

“ကျွန်မကို ပေးကြည့်ပါအုံး။ ကလေးလေးတွေကို ပေးကြည့်ပါအုံး။” ကျင်းကျုံးယွဲ့က တောင်းဆိုလိုက်၏။

လေခွင်းကတော်က ကလေး နှစ်ယောက်ကို သူမ၏ အရှေ့သို့ အမြန် ယူဆောင်လာသည်။ အမြွှာ ဖြစ်သော်လည်း ဥမတူသော အမြွှာ ဖြစ်သောကြောင့် မောင်နှမ နှစ်ယောက်၏ ရုပ်ရည်က မတူညီကြပေ။ အစ်မက ဖခင်နှင့်တူပြီး မောင်လေးက မိခင်နှင့် တူသည်။

“အစ်မကိုတော့ ယွင်ဆိုတဲ့ မျိုးရိုးနာမည် ပေးမယ်။ မောင်လေးကိုတော့ ကျင်း လို့ ပေးမယ်။” ကျင်းကျုံးယွဲ့က ပြောလိုက်၏။

ဤသည်မှာ ကျင်းကျုံးယွဲ့က ယောကျာ်းလေးကို ပိုမို ဦးစားပေး၍ မဟုတ်ပေ။ သမီးလေးက ယွင်ကျုံးဟဲ့ နှင့်တူပြီး သားလေးက သူမနှင့် တူသောကြောင့်သာ ဖြစ်သည်။

“ကောင်းတယ်… ကောင်းတယ်…”

လေခွင်းကတော်က မျက်ရည်များ ဝဲကာ ပြောလိုက်၏။ “ဒီလိုဆိုတော့ ကျွန်မတို့ ကျင်းမျိုးနွယ်စုလည်း အမွေဆက်ခံမယ့်သူ ရသွားပြီပေါ့။”

..................

ဆယ့်ငါးမိနစ်ခန့် အကြာတွင် လေခွင်းကတော်က မီးဖွားခန်းမှ ထွက်လာပြီး အပြင်ဘက် ခြံဝင်း အတွင်းသို့ သွားကာ ဖုန်းရှင်းမြဲ့ကို ဦးညွှတ်လိုက်သည်။ “သခင်ကြီး ဖုန်းရှင်းမြဲ့… အသက်ကယ်ပေးတဲ့ အတွက် အရမ်း ကျေးဇူးတင်ပါတယ်။”

ဖုန်းရှင်းမြဲ့က စိုးရိမ်တကြီးဖြင့် မေးလိုက်၏။ “ခင်ဗျားတို့ရဲ့ စာကို ရရချင်း ကျုပ် အဖွဲ့ကို ခေါ်ပြီး ချက်ချင်း ထွက်လာတာပါ။ ကံကောင်းလို့ အချိန်မီ ရောက်လာတာပဲ။ မဟုတ်ရင် ကျုပ်ကိုယ်ကျုပ် တစ်သက်လုံး ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး။ ဘာလေး မွေးလဲ။”

လေခွင်းကတော်က ဖြေလိုက်သည်။ “မိန်းကလေး တစ်ယောက်၊ ယောကျာ်းလေး တစ်ယောက်ပါ။ သခင်ကြီးမှာ မြေးယောကျာ်းလေး တစ်ယောက်နဲ့ မြေးမိန်းကလေး တစ်ယောက် ရသွားပါပြီ။”

“ကောင်းတယ်… ကောင်းတယ်… ကောင်းတယ်…”

ဖုန်းရှင်းမြဲ့က မျက်ရည်များ ကျဆင်းလာပြီး ပြောလိုက်၏။ “ဒါဆို ကျုပ် ရှေ့တန်းကို သွားပြီး စစ်တိုက်လိုက်အုံးမယ်။”

ထို့နောက် လန်ပိက အထူးတပ်ဖွဲ့ဝင်များကို ခေါ်ဆောင်ကာ မြို့ရိုးပေါ်သို့ တက်သွားပြီး အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ “သခင်မကြီး ကလေး မွေးပြီးပြီ။ မိန်းကလေး တစ်ယောက်နဲ့ ယောကျာ်းလေး တစ်ယောက်ပဲ။ ကျန်းကျန်းမာမာနဲ့ သန်သန်စွမ်းစွမ်းပဲ။ သခင်မကြီးလည်း ဘေးကင်းတယ်။ ကောင်းကင်ဘုံက ကျွန်မတို့ကို ကာကွယ်ပေးနေတယ်။”

ချက်ချင်းပဲ ရိုလန်မြို့၏ ကာကွယ်ရေး တပ်ဖွဲ့ဝင်များ စိတ်ဓာတ်များ တက်ကြွလာပြီး ရန်သူ မြင်းစီးဓားပြ မဟာမိတ်တပ်ဖွဲ့များကို ရူးသွပ်စွာ ပြန်လည် တိုက်ခိုက်ကြတော့၏။

.........................

အပိုင်း (၂၅၈)

ကျန်းကျိုးမြို့ အတွင်းရှိ စာမေးပွဲရုံ...

နေလုံးကြီး ဝင်သွားပြီ ဖြစ်ပြီး ချန်လန် ပြည်နယ်၏ ပထမနေ့ စာမေးပွဲ ပြီးဆုံးသွားပြီ ဖြစ်သည်

ရှေးဟောင်း တရုတ်နိုင်ငံ၏ စာမေးပွဲများတွင် ပုံမှန်အားဖြင့် ညဘက်၌ ဖယောင်းတိုင် ထွန်းကာ ဆက်လက် ဖြေဆိုခွင့် ရှိသော်လည်း ဤကမ္ဘာတွင်တော့ မရှိတော့ပေ။

ရှစ်နာရီ ပြည့်သွားသည်နှင့် ဖြေဆိုပြီးသည် ဖြစ်စေ၊ မပြီးသည် ဖြစ်စေ စာမေးပွဲ ပြီးဆုံးပြီ ဖြစ်ရာ ချက်ချင်း အဖြေလွှာ အပ်ရမှာဖြစ်၏။

အဖြေလွှာ အပ်သည့် စည်းကမ်းများကလည်း အလွန် တင်းကျပ်လှသည်။ ကျောင်းသားများက အဖြေလွှာ အားလုံးကို သပ်သပ်ရပ်ရပ် ခေါက်ကာ စားပွဲပေါ်တွင် မှောက်လျက် ထားရပြီး မည်သည့် အမှတ်အသားမှ မချန်ထားခဲ့ရပေ။

စစ်သည်များက တစ်ယောက်ပြီး တစ်ယောက် လိုက်လံ သိမ်းဆည်းကာ နာမည်ကို အရင် ဖုံးအုပ် လိုက်ပြီးနောက် အိတ်တစ်လုံး အတွင်းသို့ ထည့်ကာ ချိတ်ပိတ်ပြီးမှ သွားရောက် အပ်နှံရ၏။

ညဘက်တွင် လုပ်စရာ မရှိသော်လည်း ကျောင်းသားများက အခန်းငယ်လေးများ အတွင်းမှ ထွက်ခွင့် မရှိပေ။ ထိုနေရာတွင်သာ နေထိုင်ပြီး စားသောက်ခြင်း၊ အိပ်စက်ခြင်းနှင့် အိမ်သာသွားခြင်း အားလုံးကို ထိုနေရာတွင်သာ လုပ်ဆောင်ရမှာဖြစ်သည်။

ရှစ်လပိုင်းဖြစ်ပြီး ဆောင်းဦးရာသီသို့ ဝင်ရောက်နေပြီ ဖြစ်သော်လည်း ကျန်းကျိုးမြို့၏ ရာသီဥတုက ပူပြင်းနေဆဲ ဖြစ်၏။ ညဘက်တွင်လည်း မအေးဘဲ သက်သောင့်သက်သာ ရှိလှသည်။ သို့ပေမည့် ခြင်ကတော့ အနည်းငယ် များလှ၏။

ထို့ကြောင့် ညဘက် တစ်ညလုံး ခြင်ရိုက်သံများ ဆူညံနေတော့သည်။

ယွင်ကျုံးဟဲ့ကတော့ အထူး ဆေးဘက်ဝင် အပင် တစ်မျိုးကို အခြောက်လှန်း၊ အမှုန့်ကြိတ်ကာ ခြင်ဆေးခွေ အဖြစ် ပြုလုပ်ထားသောကြောင့် ထိုအရာကို ထွန်းထားလိုက်ချိန်မှာတော့ ခြင် တစ်ကောင်မှ မလာတော့ပေ။

ထို့ကြောင့် သူက ဟောက်သံပေးကာဖြင့် အလွန် နှစ်ခြိုက်စွာ အိပ်ပျော်နေလေသည်။

အချိန်အနည်းငယ်ကြာတိုင်း စစ်သည်များက အခန်းငယ်လေးများကို လိုက်လံ စစ်ဆေးလေ့ ရှိ၏။ ပုံမှန်အားဖြင့် စာမေးပွဲ မဖြေရတော့သောကြောင့် အခန်းငယ်လေးထဲတွင် ဘာလုပ်လုပ် ဂရုမစိုက်ကြပေ။

“ခင်ဗျား ဘာလုပ်နေတာလဲ။ စာမေးပွဲရုံလို မွန်မြတ်တဲ့ နေရာမှာ ဒီလို ရှက်စရာ ကောင်းတဲ့ အလုပ်ကို လုပ်ရဲတယ်ပေါ့။”

ကျောင်းသား တစ်ဦးက တုန်ယင်စွာ ပြန်ဖြေ၏။ “တောင်းပန်ပါတယ် အရာရှိမင်း… ကျုပ် အရမ်း စိတ်လှုပ်ရှားနေလို့ပါ။ စိတ်ကို နည်းနည်း ဖြေလျှော့ချင်လို့ပါ။”

သို့ပေမည့် ထိုစစ်ဆေးရေး စစ်သည်က လွှတ်မပေးဘဲ ပင်မစာမေးပွဲ စစ်ဆေးသူ ယွီကျန်း ထံသို့ သွားရောက် တိုင်ကြားလေသည်။

ဒုတိယ စာမေးပွဲ စစ်ဆေးသူ နှစ်ဦးက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ “ဂုဏ်သိက္ခာ ကျဆင်းစေတယ်။ နှင်ထုတ်… နှင်ထုတ်”

ထို့နောက် သူတို့က ပင်မ စာမေးပွဲ စစ်ဆေးသူ ယွီကျန်းကို လှမ်းကြည့်လိုက်ကြသည်။ ဤ ပင်မစာမေးပွဲ စစ်ဆေးသူသည် အလွန် တင်းကျပ်သူဖြစ်ရာ ဤအခွင့်အရေးကို အသုံးချကာ ပြဿနာ ကြီးထွားအောင် လုပ်မည်မှာ သေချာသည်။

သို့ပေမည့် သူက အိပ်ပျော်နေသကဲ့သို့ မျက်လုံးများ မှိတ်ထားကာ ငြိမ်သက်နေသောကြောင့် ဒုတိယ စာမေးပွဲ စစ်ဆေးသူ နှစ်ဦးမှာလည်း ဘာမှ မပြောရဲတော့ဘဲ တိုင်ကြားလာသော စစ်သည်လည်း ခေါင်းငုံ့ကာ ငြိမ်သက်သွားရ၏။

“ခင်ဗျားတို့ကို အခန်းငယ်လေးတွေကို စစ်ဆေးခိုင်းတာက ကျောင်းသားတွေ အနားယူတာကို ကာကွယ်ပေးဖို့၊ မနက်ဖြန် စာမေးပွဲ အတွက် ပြင်ဆင်ပေးဖို့ပဲ။ ကျောင်းသားတွေကို ဒုက္ခပေးဖို့၊ အရှက်ခွဲဖို့ မဟုတ်ဘူး။ နားလည်လား။”

ယွီကျန်းက အေးစက်စွာ ပြောလိုက်သည်။ “တင်းကျပ်တယ် ဆိုတာ အလုပ်ပေါ်မှာပဲ ဖြစ်ရမယ်။ လူပေါ်မှာ မဟုတ်ဘူး။”

ဒုတိယ စာမေးပွဲ စစ်ဆေးသူ တစ်ဦးက ပြောလိုက်၏။ “ဒါပေမဲ့ စာမေးပွဲရုံလို မွန်မြတ်တဲ့ နေရာမှာ ဒီလို လုပ်တာက သူတော်စင်တွေကို စော်ကားရာ မကျဘူးလား။”

ယွီကျန်းက မေးလိုက်သည်။ “ခင်ဗျား အိမ်သာတက်ရင် စာဖတ်လား။”

ဒုတိယ စာမေးပွဲ စစ်ဆေးသူက ဖြေလိုက်၏။ “ဖတ်ပါတယ်။”

ယွီကျန်းက ထပ်မေးသည်။ “သူတော်စင်တွေရဲ့ စာအုပ်ကို ဖတ်တာလား။”

ဒုတိယ စာမေးပွဲ စစ်ဆေးသူက ဖြေ၏။ “ဖတ်ပါတယ်။”

ယွီကျန်းက ပြောလိုက်သည်။ “ခင်ဗျားက ချီးပါရင်းနဲ့ သူတော်စင်တွေရဲ့ စာအုပ်ကို ဖတ်တာဆိုတော့ ခင်ဗျားကိုရော သူတော်စင်တွေကို စော်ကားမှုနဲ့ အပြစ်ပေးရမလား။”

ဒုတိယ စာမေးပွဲ စစ်ဆေးသူ နှစ်ဦး၏ မျက်နှာများ ချက်ချင်း ပျက်ယွင်းသွားပြီး ဤ ပင်မစာမေးပွဲ စစ်ဆေးသူ ယွီကျန်းကို ပို၍ပင် မုန်းတီးသွားကြ၏။

‘ခင်ဗျားက ကောင်းကင်ကိုရော၊ မြေကြီးကိုရော၊ လေထုကိုပါ ပြဿနာ ရှာတတ်တဲ့သူ မဟုတ်ဘူးလား။ အခုကျတော့ ဘာလို့ သဘောထား ကြီးနေရတာလဲ။’

အမှန်တကယ်တော့ ယွီကျန်းက သဘောထား ကြီးလာခြင်း မဟုတ်ပေ။ သူ၏ ဒေါသနှင့် မကျေနပ်မှုများ အားလုံးက အထက်တန်းလွှာ များကိုသာ ရည်ရွယ်ခြင်း ဖြစ်သည်။

သာမန် ကျောင်းသားများ အပေါ်တွင်မူ သူက သနားကြင်နာစိတ် ရှိသည်။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်လည်း ကျောင်းသား ဘဝမှ ဖြတ်သန်းလာခဲ့သူ ဖြစ်သောကြောင့်ပင်။

ဤကျောင်းသားများ မည်မျှ ဖိအား များနေကြောင်း၊ မည်မျှ ခက်ခဲကြောင်းကို သူ သိရှိထား၏။ ထို့အပြင် စာမေးပွဲရုံကို စော်ကားသည်ဟု ဆိုသော ထိုကျောင်းသား၏ ရလဒ်ကလည်း အတော်လေး ကောင်းမွန်ပြီး အနည်းငယ် စိတ်ရောဂါ ရှိသူ တစ်ဦး ဖြစ်သည်။

‘လူ့ဘဝက မလွယ်ကူပါဘူး။ ဒီလောက် ကိစ္စလေးနဲ့ သူများရဲ့ အနာဂတ်ကို မဖျက်ဆီးပါနဲ့။’

နောက်တစ်နေ့ နေထွက်လာပြီ ဖြစ်၏။

“ဒုတိယနေ့ စာမေးပွဲ စတင်ပါပြီ။”

ယနေ့ ရာသီဥတုက သာယာနေပြီး နေရောင်ခြည် တောက်ပနေသော်လည်း အနည်းငယ် ပူပြင်းလှ၏။

ဤအခန်းငယ်လေးက ကျဉ်းမြောင်းလွန်းပြီး နေပူထဲတွင် မီးဖိုတစ်ခုအလား ပူလောင်နေသည်။

ဤဒုတိယနေ့ စာမေးပွဲက အရေးအကြီးဆုံး ဖြစ်၏။

ယနေ့ ဖြေဆိုရမည်မှာ နိုင်ငံရေး စာစီစာကုံး ဖြစ်ပြီး စာမေးပွဲ တစ်ခုလုံး၏ အမှတ် တစ်ဝက်ခန့် ပါဝင်သည်။

အကယ်၍ စာစီစာကုံးကို ကောင်းမွန်စွာ မရေးနိုင်ပါက စာမေးပွဲ အောင်မြင်ရန် မျှော်လင့်ချက် လုံးဝ မရှိတော့ပေ။

ပုံမှန်အားဖြင့် ခရိုင် စာမေးပွဲ၊ ပြည်နယ် စာမေးပွဲ နှင့် မြို့တော် စာမေးပွဲ များ၏ နိုင်ငံရေး မေးခွန်းများသည် ခေတ်၏ အခြေအနေများနှင့် ကိုက်ညီလေ့ ရှိ၏။

ထို့ကြောင့် အမတ် လုပ်မည့်သူများက အထူး သတိထားရမှာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤမေးခွန်းများသည် ဧကရာဇ်မင်းမြတ် ပြောလိုသော အရာများ၊ သို့မဟုတ် ဧကရာဇ်မင်းမြတ်က အမတ်များနှင့် ကျောင်းသားများ၏ သဘောထားကို သိရှိလိုသော အရာများ ဖြစ်လေ့ ရှိသောကြောင့်ပင်။

အရေးကြီးသော စာမေးပွဲတိုင်း၏ နိုင်ငံရေး မေးခွန်းများသည် အစိုးရ၏ အဓိက အာရုံစိုက်မှုများကို ကိုယ်စားပြုလေ့ ရှိသည်။

ယွင်ကျုံးဟဲ့က အဖြေလွှာကို ချက်ချင်း ဖွင့်ကာ မေးခွန်းများကို ဖတ်ရှုလိုက်သည်။ ပထမ မေးခွန်းနှင့် ဒုတိယ မေးခွန်းမှာ နိုင်ငံရေး စာစီစာကုံးတိုများ ဖြစ်၏။

သူက ပထမ မေးခွန်းကို ဖတ်လိုက်သည်။

ပထမမေးခွန်း။ နွေဦးနှင့် ဆောင်းဦး၏ ဥပဒေအရ ရှေးဟောင်း စည်းမျဉ်းများကို ပြောင်းလဲပါက ကဲ့ရဲ့ခံရမည် ဖြစ်ပြီး ရှေးဟောင်း စည်းမျဉ်းများကို ပြန်လည် ဖော်ထုတ်ပါက ချီးကျူးခံရမှာဖြစ်သည်။ ရှေးဟောင်း စည်းမျဉ်းများကို ပြောင်းလဲ၍ မရကြောင်း ထင်ရှားပြီး ပြောင်းလဲပါက မငြိမ်မသက် ဖြစ်မည်။ ဤမေးခွန်းကို အခြေခံ၍ စာစီစာကုံးတို တစ်ပုဒ် ရေးသားပါ။

ဒုတိယ မေးခွန်း။ ပါတီဂိုဏ်းဂဏ ဖွဲ့စည်းခြင်း အကြောင်းကို စာစီစာကုံးတို တစ်ပုဒ် ရေးသားပါ။

တတိယ မေးခွန်းက အရေးအကြီးဆုံး ဖြစ်၏။ ရှေ့မှ စာစီစာကုံးတို နှစ်ပုဒ်မှာ စာမေးပွဲ စစ်ဆေးသူများ အနေဖြင့် ကျောင်းသား၏ အရည်အချင်းကို အကဲဖြတ်ရန် ကိုးကားချက် အဖြစ်သာ သုံးလေ့ရှိသည်။

ဤတတိယ မေးခွန်းဖြစ်သော စာစီစာကုံးရှည်ကသာ ဤပြည်နယ် စာမေးပွဲ၏ ရလဒ်ကို တိုက်ရိုက် ဆုံးဖြတ်ပေးမှာဖြစ်သည်။ စာမေးပွဲ အောင်၊ မအောင် ဆိုသည်မှာ ဤစာစီစာကုံးရှည် ပေါ်တွင် လုံးဝ မူတည်နေ၏။

တတိယ မေးခွန်းကို ဆက်ဖတ်လိုက်သည်။

တတိယမေးခွန်း။ ယဉ်ကျေးမှု ဆိုသည်မှာ အထက်အောက် အဆင့်အတန်းကို ခွဲခြားရန် ဖြစ်ပြီး ဥပဒေ ဆိုသည်မှာ ပြည်သူများ၏ ရည်မှန်းချက်ကို တည်ငြိမ်စေရန် ဖြစ်သည်။

“ချွမ်” ကျမ်းတွင် ဆိုထားသည်မှာ ယဉ်ကျေးမှု ဆိုသည်မှာ မရှိခဲ့ဘူး ဆိုလျှင်တောင် တရားမျှတမှု ဖြင့် ဖန်တီး၍ ရနိုင်သည် ဟု ဖြစ်၏။ သို့ပေမည့် နောက်ပိုင်း ပညာရှင် အများစုကမူ သူတော်စင် မှလွဲ၍ မည်သူမှ မဖန်တီးနိုင်ဟု ယူဆကြသည်။

တရားလမ်းစဉ် ပျောက်ကွယ်သွားသည်မှာ ကြာပြီ ဖြစ်ပြီး ယဉ်ကျေးမှု မရှိတော့သည်မှာလည်း ကြာပြီ ဖြစ်၏။ ဤသို့ ပျက်စီးသွားသည်ကို လျစ်လျူရှုကာ မကယ်တင်ဘဲ နေရမည်လား သို့မဟုတ် ယခုခေတ်၏ ပါရမီရှင်များ အနေဖြင့် ပြန်လည် ဖော်ထုတ်သင့်သလား။ ဤမေးခွန်းကို အခြေခံ၍ စာစီစာကုံးရှည် တစ်ပုဒ် ရေးသားပါ။

ယွင်ကျုံးဟဲ့က ဤမေးခွန်း သုံးခုကို မြင်ချိန်၊ အထူးသဖြင့် နောက်ဆုံး မေးခွန်းကို မြင်ချိန်မှာတော့ စိတ်ထဲတွင် အလွန် ဝမ်းသာသွား၏။

“သေချာပေါက် နိုင်ပြီပဲ။”

မနေ့က ကွက်လပ်ဖြည့်နှင့် ကျမ်းစာ ဖွင့်ဆိုချက်တွင် သူက ချန်လန် ပြည်နယ်၏ ဆောင်းဦးရာသီ ပြည်နယ် စာမေးပွဲ စံချိန်ကို သေချာပေါက် ချိုးဖျက်နိုင်မှာဖြစ်၏။

ယနေ့ စာမေးပွဲ အတွက် သူက ၉၅ ရာခိုင်နှုန်းခန့် ပြင်ဆင်ထားပြီး ဖြစ်သည်။ ကျန်ရှိနေသော ၅ ရာခိုင်နှုန်းမှာ ကံတရားကို ပုံအပ်ထားသည်ဟု မဆိုနိုင်သော်လည်း သိပ်တော့ မကွာခြားလှပေ။

ဤပြည်နယ် စာမေးပွဲအတွက် သူ အလွန် ပြည့်စုံစွာ ပြင်ဆင်ထားခဲ့၏။ ပထမဆုံး အနေဖြင့် ပထမနေ့ စာမေးပွဲတွင် စာအုပ် နှစ်ဆယ့်သုံးအုပ်လုံးကို အလွတ်ကျက်နိုင်ပါက သေချာပေါက် အားလုံး မှန်ကန်မှာ ဖြစ်သည်။

တတိယနေ့ကဗျာ လင်္ကာ စာမေးပွဲတွင်လည်း တရုတ် သမိုင်း တစ်လျှောက်ကဗျာ လင်္ကာပေါင်း သောင်းနှင့်ချီ ရှိနေပြီဖြစ်ရာ မည်မျှပင် ခက်ခဲသော မေးခွန်းမျိုး လာစေကာမူ နာမည်ကြီးကဗျာ လင်္ကာများကို သေချာပေါက် ကူးရေးနိုင်မှာဖြစ်၏။

တစ်ခုတည်းသော မသေချာသည့် အချက်မှာ ဒုတိယနေ့၏ နိုင်ငံရေး စာစီစာကုံးပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤမေးခွန်းများမှာ အလွန် တိကျသော ရည်ရွယ်ချက်များ ရှိတတ်သောကြောင့် ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ဤကမ္ဘာ၏ နိုင်ငံရေး မေးခွန်းများမှာ အတော်လေး ကျယ်ပြန့်နေသေးပြီး အများစုမှာ ကျမ်းစာ ငါးစောင်ထဲမှ ထုတ်နှုတ်ထားခြင်း ဖြစ်သည်။ တစ်ခါတစ်ရံ ကွဲလွဲမှုများ ရှိလျှင်တောင် လက်ရှိ နိုင်ငံရေး အခြေအနေများနှင့် ဆက်စပ်နေလေ့ ရှိ၏။

ယွင်ကျုံးဟဲ့သည် ဒုတိယနေ့ စာမေးပွဲ အတွက် နိုင်ငံရေး စာစီစာကုံး သောင်းနှင့်ချီ ပြင်ဆင်ထားခဲ့သည်။

မမှားပေ။ သောင်းနှင့်ချီရှိပြီး ထို့ထက်ပင် ပိုများနိုင်သေး၏။ အိုးရန်ရှို့၊ ဝမ်အန်းရှီ၊ ဆူးရှီ စသော အကျော်အမော် ဆရာကြီးများ မှသည် တစ်ခါမှ မကြားဖူးသော ထုန်ထုန်၊ ယွီချွဲ့ စသော ယွမ်မင်းဆက်မှ လူမျိုးခြားများ၏ စာစီစာကုံးများကိုပါ အလွတ်ကျက်ထားခဲ့၏။

နာမည်ကြီး စာရေးဆရာများ အားလုံး၏ နိုင်ငံရေး စာစီစာကုံးများ၊ ထန်မင်းဆက်မှ ချင်မင်းဆက်အထိ နှစ်ပေါင်း တစ်ထောင်ကျော် အတွင်း မြို့တော် စာမေးပွဲ၊ နန်းတော် စာမေးပွဲများမှ ပထမ၊ ဒုတိယ၊ တတိယ ရရှိခဲ့သူများ၏ စာစီစာကုံးများ အားလုံးကို မှတ်တမ်းတင်ထားခဲ့သည်။

‘စာစီစာကုံး သောင်းနှင့်ချီ ရှိနေတာကို တစ်ခုမှ မတိုက်ဆိုင်ဘူးလို့ ကျုပ် မယုံဘူး။’

သေချာသည်မှာ ဤခေတ်၏ နိုင်ငံရေး မေးခွန်းများမှာ အလွန် အသေးစိတ် မကျသေးဘဲ ကျယ်ပြန့် နေသေးသောကြောင့် ကံကောင်းသွားခြင်း ဖြစ်၏။

အကယ်၍ စုန့်မင်းဆက်၏ နိုင်ငံရေး မေးခွန်းများကဲ့သို့ ဧကရာဇ်ကိုယ်တိုင် မေးခွန်းထုတ်ပြီး မေးခွန်း ကိုယ်တိုင်က စာပိုဒ်ရှည်ကြီး ဖြစ်နေကာ လက်ရှိ နိုင်ငံရေး အခြေအနေများနှင့် တိုက်ရိုက် သက်ဆိုင်နေပါက အနည်းငယ် ဒုက္ခရောက်မှာဖြစ်သည်။

ထိုသို့ဆိုလျှင် ယနေ့ စာမေးပွဲတွင် ယွင်ကျုံးဟဲ့ ကူးရေး၍ ရမည်လား။

‘ရတာပေါ့။ အရမ်းကို ရတာပေါ့။’

ပထမ မေးခွန်း ရှေးဟောင်း စည်းမျဉ်းများ ပြန်လည် ဖော်ထုတ်ခြင်းကို မည်သူ့ဆီက ကူးရေးမည်နည်း။

‘ဆရာကြီး ဆူးရှီရဲ့ စာစီစာကုံးပေါ့။ ကောင်းတယ် မဟုတ်လား။’

ဒုတိယ မေးခွန်း ပါတီဂိုဏ်းဂဏ အကြောင်းဆိုလျှင် မည်သူ့ဆီက ကူးမည်နည်း။

‘ဆရာကြီး အိုးရန်ရှို့ရဲ့ ပါတီဂိုဏ်းဂဏ အကြောင်း စာစီစာကုံးပေါ့။ အားလုံးကို ကူးရေးလို့တော့ မရဘူး။ အနည်းငယ် ပြင်ဆင်ပြီး လိုအပ်တာကိုပဲ ထုတ်နှုတ် ရေးသားရမယ်။ ဘာလို့လဲဆိုတော့ ဒါက စာစီစာကုံးတို လေ။

ဒါပေမဲ့ ဆရာကြီး အိုးရန်ရှို့ရဲ့ ဤစာစီစာကုံးက ဘယ်လောက်တောင် ကောင်းသလဲ။ နှစ်ပေါင်း ရာချီအောင် နာမည်ကြီးခဲ့ပြီး လူတွေကို သတိပေးနိုင်ခဲ့တယ်။ ဒီစာစီစာကုံးက မရှည်ပေမယ့် သမိုင်းဝင် တန်ဖိုးကတော့ အရမ်း မြင့်မားတယ်။ ပါတီဂိုဏ်းဂဏ အကြောင်းကို အပြည့်စုံဆုံး ရေးသားထားတာပဲ။’

....................

All Chapters