← Chapters

အခန်း (၂၄၁-၂၄၃)

Vol. 17 Ch. 241-243

အခန်း (၂၄၁-၂၄၃)

Vol. 17 Ch. 241-243

အခန်း (၂၄၁) ဖောက်ချလိုက်ပြီဟေ့..မြေအောက်က ဝိညာဉ်စွမ်းအင် စမ်းရေပန်းကြီးကွ..

မြေအောက် မီတာ (၃,၀၀၀) အနက်၊ ခိုလှုံရေး စခန်း နံပါတ် ၇၃ ၏ အချက်အချာ ဧရိယာ တွင်၊

“ဒုန်း... ဒုန်း... ဒုန်း... ဒုန်း... ဒုန်း... ဒုန်း... ”

စည်းချက်ကျလှသော သတ္တု အချင်းချင်း ရိုက်ခတ်သံများနှင့်အတူ အလွန်တရာ ထူးခြားသော ပုံစံရှိသည့် တပ်ဖွဲ့ တစ်ဖွဲ့သည် ကျယ်ပြောလှသော သတ္တုစပ် စင်္ကြံလမ်းမကြီးပေါ်တွင် ချီတက်လာကြ၏။

ရှေ့ဆုံးမှ ဦးဆောင်လာသူများမှာ ယိုင်နဲ့နဲ့ လမ်းလျှောက်နေကြသော စက်ရုပ် ကာကွယ်သူ ဒါဇင်ပေါင်းများစွာ ဖြစ်သည်။

သူတို့ထဲမှ အချို့က လရောင် လမ်းလျှောက်နည်းဖြင့် လမ်းလျှောက်နေကြ၏။ အချို့က လက်နဲ့ခြေထောက် တစ်ပြိုင်နက်တည်း လှုပ်ရှားကာ စစ်ချီသလို လျှောက်နေကြကာ၊ အချို့ကမူ ခန္ဓာကိုယ် အသစ်များနှင့် အသားမကျသေးသဖြင့် ခွေးများပမာ လေးဖက်ထောက်ကာ တွားသွားနေကြ၏။

“ညီအစ်ကိုတို့... အချက်အချာ ဧရိယာ က ရှေ့နားလေးတင်ပဲဟေ့”

အလယ်ဗဟိုတွင် ရပ်နေသော 'လက်မှုပညာရှင် ကန်' က သူ၏ ဧရာမ စက်ရုပ် လက်မောင်းကြီးကို မြှောက်ကာ အဝေးရှိ အမြင့်ဆုံး ဇောက်ထိုး မျှော်စင်ကြီးကို လက်ညှိုးထိုးပြလိုက်သည်။

“ငါ အာရုံရနေပြီ... အဲဒီမှာ စွမ်းအင်မြင့်မားတဲ့ တုံ့ပြန်မှု ကြီး တစ်ခု ရှိနေတယ်ကွ... အဲဒါ ပင်မ ဆာဗာ ဒါမှမဟုတ် ရတနာသေတ္တာ ကြီး တစ်ခု သေချာပေါက် ဖြစ်ရမယ်”

“ချီတက်ကြ... ဂန်းဒမ်း (စက်ရုပ်) တွေကို လုကြဟေ့”

“ငါ မော်ဒယ် အသစ် ပြောင်းချင်နေပြီကွာ... ဒီတစ်ကောင်က လက်တစ်ဖက်ပဲ ပါတာ... အရမ်း အဆင့်နိမ့်လွန်းတယ်”

သူတို့၏ အပြုအမူများက ရယ်စရာ ကောင်းနေသည် မှန်သော်ငြား ဤ 'ပူးကပ်ထားသော ကစားသမားများ' တပ်ဖွဲ့ကြီးသည် အလွန်တရာ စွမ်းအားကြီးမားလှသော အင်အားစု တစ်ခု ဖြစ်နေတော့၏။

လမ်းတစ်လျှောက်တွင် သူတို့ တွေ့ကြုံခဲ့ရသော အလိုအလျောက် ကာကွယ်ရေး လက်နက်ကြီးများမှာ သူတို့ သေနတ်ပင် မပစ်ရသေးမီ ဤ 'အတွင်းလူ' တစ်သိုက်ဖြင့် လျင်မြန်စွာ ဖျက်ဆီး ခံလိုက်ကြရသည်။

“ဒီ သေနတ်ပြောင်းဝ ကြီးက တော်တော် ကောင်းတာပဲ... ဖြုတ်ယူကြဟေ့”

“ဒီ သံချပ်ကာ ပြားက မစ်သရယ် နဲ့ လုပ်ထားတာလား... ခွာယူခဲ့စမ်း”

သူတို့ ဖြတ်သန်းသွားသော နေရာတိုင်းတွင် မြက်တစ်ပင်မျှပင် အရှင်မကျန်ခဲ့သလို ဝက်အူ တစ်လုံးလေးပင် မကျန်ရစ်ခဲ့ချေ။

... ... ...

အူတိုင် စွမ်းအင် မီးဖိုခန်း။

ကစားသမားများက နောက်ဆုံးကျန်ရှိနေသော သတ္တုစပ် တံခါးကြီးကို အကြမ်းပတမ်း ရိုက်ချိုး ဝင်ရောက်သွားသောအခါ လူတိုင်း လုံးဝကို ဆွံ့အသွားကြတော့၏။

မူလက ဤနေရာတွင် ဝိညာဉ်ကျောက်တုံး ဘက်ထရီ များ သို့မဟုတ် အဆင့်မြင့် နည်းပညာသုံး ဓာတ်ပေါင်းဖို တစ်ခုခုဖြင့် ပြည့်နှက်နေမည်ဟု သူတို့ ထင်မှတ်ထားခဲ့ကြ၏။ သို့ရာတွင် သူတို့၏ အရှေ့တွင် ထွက်ပေါ်လာသော မြင်ကွင်းမှာ ရှေးဟောင်း အရာများနှင့် အဆင့်မြင့် နည်းပညာများ အတင်းအကြပ် ပေါင်းစပ်ထားသော အလွန်တရာ ထူးဆန်းလှသည့် မြင်ကွင်းကြီး တစ်ခု ပင် ဖြစ်နေသည်။

ဧရာမ စက်ဝိုင်းပုံ သတ္တု ခန်းမဆောင်ကြီး ၏ အလယ်ဗဟို မြေကြီးပေါ်တွင် မည်သည့် စက်ယန္တရားမျှ မရှိဘဲ အချင်း ပေဒါဇင်ပေါင်းများစွာ ရှိသော ရှေးဟောင်း ရေတွင်းကြီး တစ်တွင်းသာ ရှိနေ၏။

ရေတွင်းဝ ကို ရှုပ်ထွေးပြီး နားလည်ရခက်လှသော ကျင့်ကြံခြင်း မန္တန်စာလုံး များဖြင့် ဖုံးအုပ်ထားပြီး ဘေးပတ်လည်ရှိ နံရံများမှ ထွက်ပေါ်လာသော မရေမတွက်နိုင်သည့် ထူထဲလှသော သံကြိုးကြီးများက ရေတွင်းဝ ပေါ်ရှိ ဧရာမ ကျောက်တုံး အဖုံးကြီးကို တင်းကျပ်စွာ ချည်နှောင်ထားသည်။ ပတ်ဝန်းကျင်ရှိ ရှုပ်ထွေးလှသော စက်မှု ပိုက်လုံးကြီးများ အားလုံးမှာ ပိုက်ဆံစုပ်တံ များပမာ ရှေးဟောင်း ရေတွင်းကြီး ၏ အက်ကွဲကြောင်းများထဲသို့ ထိုးသွင်းထားပြီး တစ်ခုခုကို ဂရုတစိုက် စုပ်ယူနေသည့်အလား ပင်။

“ဒါ ဘာကြီးလဲကွ... ဆိုက်ဘာ ဖုန်းရွှေ အခင်းအကျင်း ကြီးလား”

ကစားသမားများမှာ ရေတွင်းကြီးကို ဝိုင်းရံကာ လုံးဝကို တွေဝေ ကြောင်တောင်တောင် ဖြစ်နေကြတော့၏။

ရေတွင်း အဖုံးပေါ်တွင် အရောင်မှိန်နေသော မန္တန် အဆောင် တစ်ခု ကပ်ထားပြီး 'ဖိနှိပ်ထားသော... နဂါး သွေးကြော... တားမြစ်သည်...' ဟူသော စာသားများကို မှုန်ဝါးဝါး မြင်တွေ့ရသည်။

“နဂါး သွေးကြော တဲ့လား”

ယခုလေးတင် ရှင်သန်ပြန်ထမြောက် ပြီး ရောက်ရှိလာသော ရွှယ်တောက်နျန် က လူအုပ်ထဲသို့ တိုးဝင်လာသည်။ သူသည် တစ်ကြိမ် သေဆုံးသွားခဲ့ပြီး စက်ရုပ် တစ်ရုပ်ကို မပူးကပ်နိုင်ခဲ့သဖြင့် အလွန်အမင်း ဒေါသထွက်နေသည်။ ချိတ်ပိတ် မန္တန် အထပ်ထပ် ဖြင့် ဖုံးအုပ်ထားသော ထို 'ရေတွင်း အဖုံးကြီး' ကို ကြည့်ရင်း ဤအရာသည် လျှို့ဝှက် ရတနာသိုက်ကြီး တစ်ခု ဖြစ်ကြောင်း သူ၏ ဗီဇစိတ်က ချက်ချင်း သိရှိသွားတော့၏။

“ဖယ်ကြ... ဖယ်ကြ... ငါ့ကို ပေးလုပ်စမ်း”

'ရွှယ်တောက်နျန်' က လမ်းတွင် ယခုလေးတင် ကောက်ရလာခဲ့သော (စွန့်ပစ် စက်ရုပ် တစ်ရုပ်ဆီမှ ဖြုတ်ယူလာခဲ့သော) 'ပလာစမာ ဖြတ်စက်' တစ်ခုကို ဆွဲထုတ်လိုက်သည့်အခိုက်၊ သူ၏ မျက်လုံးများထဲတွင် လောင်းကစားသမား တစ်ယောက်၏ လင်းလက်မှုများ တောက်ပနေသည်။

“ဒီအောက်မှာ နတ်ဘုရား အဆင့် လက်နက် တွေ အများကြီး ရှိနေမှာ သေချာတယ်ကွ...စွန်းဝူခုန်း ရဲ့ ရွှေတုတ်ကောက် ကြီးတောင် ဖြစ်ချင်ဖြစ်နေမှာဟေ့”

“ဟေး... မလှုပ်နဲ့နော်”

'လက်မှုပညာရှင် ကန်' က သူ့ကို တားဆီးရန် ပြင်လိုက်သည်။

“အဲဒီ မန္တန်စာလုံး တွေက ချိတ်ပိတ် မန္တန် နဲ့ တူတယ်... တကယ်လို့ ဘော့စ်ကြီး တစ်ကောင်ကောင်များ ထွက်လာရင် ဘယ်လိုလုပ်မလဲကွ...”

နောက်ကျသွားခဲ့တော့၏။

'ရွှယ်တောက်နျန်' က မန္တန် အဆောင် ကို လှီးဖြတ်စက် ဖြင့် လျင်မြန်စွာ ဖြတ်တောက်ပစ်လိုက်ပြီးနောက် သံကြိုး ချိတ်ဆက်ထားသော နေရာကို အားကုန် ကန်ပစ်လိုက်သည်။

“ဘယ်လို ဘော့စ် မျိုး ဖြစ်ဖြစ် ဂရုစိုက်စရာ မလိုဘူး... သွေးတန်း ပေါ်လာတာနဲ့ အကုန် သတ်ပစ်မယ်ကွ... ပွင့်စမ်း”

“ဂျလောက်... ”

နှစ်ထောင်ပေါင်းများစွာ တည်ရှိနေခဲ့ပြီး ဆွေးမြည့်နေသည်မှာ ကြာပြီဖြစ်သော သံကြိုးကြီးများမှာ ချက်ချင်း ပြတ်တောက်သွားတော့၏။

ချည်နှောင်မှုများမှ လွတ်ကင်းသွားသောအခါ ရေတွင်း အဖုံး အောက်ရှိ အရာကြီးမှာ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ဖိနှိပ်ခံထားရသော ဒေါသထွက်နေသည့် နဂါးကြီး တစ်ကောင်ပမာ တုံးတိတိ ဟိန်းဟောက်သံကြီး တစ်ခုကို ထုတ်လွှတ်လိုက်သည်။

“ဝုန်း... ”

မြေအောက် မြို့တော်ကြီး တစ်ခုလုံး ပြင်းထန်စွာ တုန်ခါလာတော့၏။ ရေတွင်း အဖုံးကြီးမှာ အပေါ်နှင့် အောက်သို့ ခုန်ပေါက်လာပြီး အက်ကွဲကြောင်းများ ကြားမှနေ၍ မျက်စိကျိန်းမတတ် တောက်ပသော အဖြူရောင် အလင်းတန်းများ ပန်းထွက်လာကာ ခန်းမဆောင် တစ်ခုလုံးကို နေ့လယ်ခင်းပမာ လင်းထိန်သွားစေတော့၏။

“သောက်ကျိုးနည်း... အလင်း ညစ်ညမ်းမှု လားကွ”

'ရွှယ်တောက်နျန်' က သူ၏ မျက်လုံးများကို မသိစိတ်ကပင် ကွယ်လိုက်မိသည်။

နောက်တစ်စက္ကန့်တွင်၊

“ဒိုင်း... ”

တန်ချိန်ပေါင်းများစွာ လေးလံသော ဧရာမ ကျောက်တုံး ရေတွင်း အဖုံးကြီးမှာ အမြောက်ဆံကြီး တစ်ခုပမာ ပစ်လွှတ်ခံလိုက်ရပြီး မျက်နှာကြက်ကို သွားရောက် တိုက်မိကာ ထိုနေရာတွင်ပင် စိုက်ဝင်သွားတော့၏။

ထို့နောက် ချက်ချင်းဆိုသလိုပင်၊ အချင်း ပေဒါဇင်ပေါင်းများစွာ ရှိသော နို့နှစ်ရောင် အလင်းတန်းကြီး တစ်ခုက နားကွဲမတတ် ဟိန်းဟောက်သံကြီး တစ်ခုနှင့်အတူ ရေတွင်းဝ မှ ပန်းထွက်လာပြီး ကောင်းကင်ယံသို့ တန်းတန်းမတ်မတ် ထိုးတက်သွားတော့သည်။

ဒါက ရေ တွေ မဟုတ်။ အမြင့်ဆုံး အဆင့်အထိ အရည်အဖြစ် ပြောင်းလဲသွားသော ဝိညာဉ်စွမ်းအင် တွေပင်။ အလယ်ပိုင်းကုန်းမြေ၏ အောက်မှာ နှစ်သောင်းပေါင်းများစွာ အိပ်မောကျနေခဲ့သည့် မူလအစ နဂါး သွေးကြော ကြီးပင်။

“ရွှမ်း... ”

ဝိညာဉ်စွမ်းအင် စမ်းရေပန်း ကြီးက အမိုးခုံးကြီးကို ရိုက်ခတ်သွားပြီး ကောင်းကင်ယံမှ ကျဆင်းလာသော 'ဝိညာဉ် မိုးပေါက်' များ အဖြစ်သို့ ပြောင်းလဲသွားတော့၏။ ခန်းမဆောင် အတွင်းရှိ ဝိညာဉ်စွမ်းအင် သိပ်သည်းဆ မှာ တစ်စက္ကန့်လေး အတွင်းမှာပင် 'ကျဲပါးခြင်း' အဆင့်မှသည် 'တိုင်းတာ၍ မရနိုင်တော့သော' အဆင့်အထိ ဒုံးပျံပမာ ထိုးတက်သွားတော့၏။

“အဟွတ်... အဟွတ်... အဟွတ်... ဘာကြီးလဲကွ... စူးရှလိုက်တဲ့ အနံ့ကြီး”

“ဘာလို့ ငါ... ခေါင်းတွေ မူးနေသလို ခံစားရတာလဲ”

“ခဏလေး နေဦး... ငါ့ရဲ့ အတွေ့အကြုံမှတ် တန်း ကြီးကို ကြည့်ကြပါဦး”

ကစားသမား တစ်ယောက်က သူ၏ စနစ် မျက်နှာပြင်ကို ထိတ်လန့်တကြား လက်ညှိုးထိုးပြလိုက်သည်။ ခရုတစ်ကောင်ပမာ နှေးကွေးစွာ တက်နေခဲ့သော အတွေ့အကြုံမှတ် တန်း ကြီးမှာ ယခုအခါ သာမန် မျက်စိဖြင့်ပင် မြင်တွေ့နိုင်လောက်အောင် အံ့မခန်း အရှိန်အဟုန်ဖြင့် မြင့်တက်နေတော့၏။

အပေါင်း (၁၀,၀၀၀)။ အပေါင်း (၅၀,၀၀၀)။ အပေါင်း (၁၀၀,၀၀၀)။

“ဒါ... ဒါက ဝိညာဉ်စွမ်းအင် တွေလား”

'လက်မှုပညာရှင် ကန်' က ချီ စွမ်းအင်များကို အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ရာ နွေးထွေးသော စီးကြောင်း တစ်ခုက သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသို့ ချက်ချင်း ပျံ့နှံ့သွားသည်ကို ခံစားလိုက်ရသည်။ သူ ပူးကပ်ထားသော စက်ရုပ် ကြီးပင်လျှင် ဤ ဝိညာဉ်စွမ်းအင် များ၏ အာဟာရဖြည့်တင်းမှု အောက်တွင် သာယာလှသော တဝီဝီ မြည်သံလေး တစ်ခုကို ထုတ်လွှတ်နေသည်။

“ဒါက ဝိညာဉ်စွမ်းအင် ချွေးထုတ်ခန်းကြီးပဲကွ... မဟုတ်ဘူး…

အတွေ့အကြုံမှတ် စမ်းရေပန်း ကြီးဟေ့”

ဆာဗာတစ်ခုလုံးဆိုင်ရာ ကြေညာချက် တစ်ခုက ချက်ချင်း ထွက်ပေါ်လာပြီး ရွှေရောင် စာသားများနှင့် အံ့မခန်း အထူးပြုလုပ်ချက်များက ကစားသမားတိုင်း၏ မျက်နှာပြင်များကို လွှမ်းမိုးသွားတော့၏။

“ဆာဗာတစ်ခုလုံးဆိုင်ရာ အကြီးစား ဗားရှင်း အဆင့်မြှင့်တင်မှု အခမ်းအနား - နဂါး သွေးကြော ပွင့်သွားပါပြီ။

ကစားသမား 'ရွှယ်တောက်နျန်' က 'ကောင်းကင်ဘုံနဲ့ မြေကမ္ဘာ ကြားက ချိတ်ဆက်မှု အပိတ်အဆို့ ကြီး' ကို အောင်မြင်စွာ ချိုးဖျက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်ဗျာ။

အလယ်ပိုင်းကုန်းမြေ မှာ ဝိညာဉ်စွမ်းအင် ပြန်လည် နိုးထမှု စတင်ပါပြီ... လက်ရှိ ပတ်ဝန်းကျင် ဝိညာဉ်စွမ်းအင် သိပ်သည်းဆ (၁၀၀၀) ရာခိုင်နှုန်း မြင့်တက်သွားပါပြီ”

“ဆာဗာတစ်ခုလုံးဆိုင်ရာ အထူး အားဖြည့်မှု- ကောင်းကင်ဘုံ တာအို ၏ ကနဦး အစပျိုးပေးမှု (ကျင့်ကြံခြင်း အမြန်နှုန်း အဆ ၂၀ တိုးလာမည်၊ အဆင့်တက်ရန် အခွင့်အရေး ၁၀၀ ရာခိုင်နှုန်း မြင့်တက်လာမည်၊ ၇၂ နာရီတိတိ ကြာမြင့်ပါမည်)”

ကစားသမားများ အော်ဟစ်ရန် အချိန်ပင် မရလိုက်ချေ။ အနီရောင် ကြေညာချက် တစ်ခုက ချက်ချင်း ဆက်လက် ထွက်ပေါ်လာပြီး ဆာဗာတစ်ခုလုံးကို လုံးဝ မီးဟုန်းဟုန်း တောက်သွားစေတော့၏။

“ဗားရှင်း အဆင့်မြှင့်တင်မှု ကြေညာချက် - သေမျိုး တွေရဲ့ ကန့်သတ်ချက် ကို ချိုးဖျက်လိုက်ပါပြီ။

အဆင့် ကန့်သတ်ချက်ကို ဖွင့်ပေးလိုက်ပါပြီ။

အဆင့် အမြင့်ဆုံး သတ်မှတ်ချက် အသစ် - အဆင့် (၁၂၀) (စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့်)။

ကျင့်ကြံခြင်းအဆင့် အသစ်များ ဖြစ်ကြတဲ့ 'မူလဝိဉာဉ် အဆင့်' နဲ့ 'စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့်' ကို ဖွင့်လှစ်ပေးလိုက်ပါပြီဗျာ... ကစားသမားများ အနေနဲ့ ကိုယ်တိုင် စူးစမ်းလေ့လာကြဖို့ တိုက်တွန်းပါတယ်... 'ဝိညာဉ် ခန္ဓာကိုယ် ကနေ ခွဲထွက်ခြင်း' နဲ့ 'ကောင်းကင်ဘုံ နဲ့ မြေကမ္ဘာဓမ္မ ပုံစံ'လိုမျိုး ကစားနည်း အသစ်တွေလည်း ပါဝင်ပါတယ်နော်”

သေမင်းတမန် တိတ်ဆိတ်မှုကြီး တစ်ခု။

ထို့နောက် ပေါက်ကွဲထွက်လာသော အောင်ပွဲခံ အော်ဟစ်သံကြီးများ။ ထိုအသံများက ဝိညာဉ်စွမ်းအင် စမ်းရေပန်း ကြီး၏ ဟိန်းဟောက်သံကိုပင် လွှမ်းမိုးသွားသည်။

“စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် တဲ့လား... သောက်ကျိုးနည်း... ငါတို့ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် ကို တန်းပြီး ရောက်သွားပြီလားကွ”

“ဂိမ်း ဖန်တီးတဲ့ ကောင်တွေ ရူးသွားပြီကွ... ဒီတစ်ခါတော့ လူသားဆန်မှု ကို လုံးဝ စွန့်လွှတ်လိုက်ပြီဟေ့”

“အတွေ့အကြုံမှတ် အဆ (၁၀) ဆ တဲ့လား... ပြီးတော့ အဆင့်တောင် တက်လို့ ရသေးတယ် ဟုတ်လား... စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် ထိတောင် တက်လို့ ရတယ်ဆိုတော့ ငါတို့ ဘာလို့ သတ္တုတွင်း လာတူးနေဦးမှာလဲကွာ”

“မြန်မြန်... တရားထိုင်ကြ... အကုန်လုံး စုပ်ယူကြစမ်း... ငါ နတ်ဘုရား ဖြစ်တော့မယ်ဟေ့”

မူလက အဆောက်အအုံများကို မည်သို့ ဖျက်ဆီးရမည်ကို လေ့လာနေခဲ့ကြသော ကစားသမားများ အားလုံးသည် တင်ပျဉ်ခွေ ထိုင်ချလိုက်ကြ၏။ (စက်ရုပ် ကြီးများပင် ကပျက်ကချော်ဖြင့် ထိုင်ချလိုက်ကြ၏။)

ပြဿနာကို စတင် ဖန်တီးခဲ့သော 'ရွှယ်တောက်နျန်' ပင်လျှင် လက်နက်ပစ္စည်းများ လိုက်ရှာရန် စိတ်မဝင်စားတော့ဘဲ ပါးစပ်ကြီးကို ကျယ်ဟဟ ဖွင့်ကာ ဝိညာဉ်စွမ်းအင် တိုင်လုံးကြီး ကို ရူးသွပ်စွာ စုပ်ယူနေတော့၏။

နှစ်ပေါင်း တစ်ထောင်မှ တစ်ခါသာ ကြုံတွေ့ရနိုင်သော ဤ ဝိညာဉ်စွမ်းအင် မိုးသက်မုန်တိုင်း ကြီးအောက်တွင် သူတို့၏ ချီ စွမ်းအင်များမှာ တဟုန်ထိုး မြင့်တက်လာတော့သည်။

အခြေခံတည်ဆောက်ခြင်းအဆင့် အထွတ်အထိပ် မှသည် ရွှေအမြုတေအဆင့် အစပိုင်း သို့။

ရွှေအမြုတေအဆင့် အစပိုင်း မှသည် ရွှေအမြုတေအဆင့် အလယ်အလတ်အဆင့် သို့။

ရေတွင်းအနီးရှိ 'ရွှယ်တောက်နျန်' ၏ ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင် အလင်းတန်း တစ်ခု လင်းလက်သွားပြီး ရွှေအမြုတေ ၏ ပုံရိပ်ယောင် ကို တိုက်ရိုက် ဖန်တီးလိုက်သည်။ ထို့နောက် ထို ပုံရိပ်ယောင် လေး ကွဲအက်သွားပြီး သေးငယ်သော လူပုံစံလေး တစ်ခု (မူလဝိဉာဉ် အဆင့် ၏ မူလပုံစံ) သူ၏ ဒန်တျန် ထဲတွင် မှုန်ဝါးဝါး ထွက်ပေါ်လာတော့၏။

“ငါ... ငါ မူလဝိဉာဉ် အဆင့် ဖြစ်သွားပြီလား... ဒါပဲလားကွ”

'ရွှယ်တောက်နျန်' မှာ စိတ်လှုပ်ရှားလွန်းသဖြင့် မျက်ရည်များပင် ဝဲတက်လာတော့၏။

“ဒါက ကံကောင်းတဲ့ ကစားသမား တစ်ယောက် ဖြစ်ရတဲ့ ခံစားချက် လားကွ... ငါက ဆာဗာတစ်ခုလုံးမှာ ပထမဆုံး မူလဝိဉာဉ် အဆင့် ကစားသမား ပဲဟေ့”

... ... ...

ကွေ့ယွမ်ဂိုဏ်း ၊ တောင်နောက်ဘက်ရှိ တားမြစ်နယ်မြေ တွင်၊

တံခါးပိတ် ကျင့်ကြံနေသော ကျန်းချန်သည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။ သူသည် မြေကြီး၏ အနက်ရှိုင်းဆုံး နေရာမှ ထွက်ပေါ်လာသော သမုဒ္ဒရာ တစ်ခုပမာ ကျယ်ပြောလှသည့် ဝိညာဉ်စွမ်းအင် လှိုင်းလုံးကြီးများကို ခံစားလိုက်ရသည်။ ၎င်းက ကွေ့ယွမ်ဂိုဏ်း တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားပြီး အလယ်ပိုင်းကုန်းမြေ တစ်ခုလုံးဆီသို့ပင် ပျံ့နှံ့သွားတော့၏။

ခြောက်သွေ့နေသော ဝိညာဉ် သစ်ပင်များက ရူးသွပ်စွာ ရှင်သန် ကြီးထွားလာကြပြီး ခန်းခြောက်နေသော စမ်းရေတွင်း များကလည်း ပြန်လည် စီးဆင်းလာကြတော့၏။ ကောင်းကင်ယံတွင် ကံကောင်းခြင်း နိမိတ်ပြ တိမ်တိုက်များ စုဝေးလာပြီး အရှေ့ဘက် အရပ်မှ ခရမ်းရောင် တိမ်တိုက်များက မိုင်ပေါင်း သုံးသောင်း အထိ ရှည်လျားစွာ တန်းစီ ထွက်ပေါ်လာတော့သည်။

“ငါတို့... ရှာတွေ့သွားပြီပဲ”

ကျန်းချန်၏ မျက်လုံးများထဲတွင် အလင်းတန်း တစ်ခု လင်းလက်သွားပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲရှိ လျော့ရဲနေပြီ ဖြစ်သော အဆင့်အတားအဆီး ကြီးမှာ ဤ ဧရာမ ဝိညာဉ်စွမ်းအင် ကြီး၏ ရိုက်ခတ်မှုအောက်တွင် ချက်ချင်း ကြေမွသွားသည်ကို ခံစားလိုက်ရသည်။

“ဝုန်း... ”

မူလဝိဉာဉ် ကျင့်ကြံခြင်းအဆင့် ၏ ကြောက်မက်ဖွယ်ကောင်းလှသော ဝိညာဉ် ဖိအား ကြီးက ကွေ့ယွမ်ဂိုဏ်း ၏ တောင်နောက်ဘက်မှနေ၍ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး လေတိုက်နှုန်းနှင့် တိမ်တိုက်များကို ပွက်လောရိုက်သွားစေတော့၏။

ကျန်းချန် မတ်တတ်ရပ်လိုက်ပြီး သူ၏ အကြည့်များက ဟင်းလင်းပြင် ကြီးကို ဖောက်ထွင်းကာ အလွယ်တကူ မရောက်ရှိနိုင်သော အထက် ကမ္ဘာ ဆီသို့ လှမ်းကြည့်နေသည့်အလား ပင်။

“ဝိညာဉ်စွမ်းအင် တွေ ပြန်လည် နိုးထလာပြီ ဆိုတော့... ကစားသမား တွေအပေါ် ကန့်သတ်ထားတဲ့ အရာတွေလည်း ချိုးဖျက်ခံလိုက်ရပြီပေါ့”

“စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် တဲ့လား... ဟွန်း... သူတို့ကို အချိန်လေး နည်းနည်းလောက် ပေးလိုက်ရုံနဲ့... စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် လောက်ကတော့ အသာလေးပဲ... မူလဝိဉာဉ် ကျင့်ကြံခြင်းအဆင့် ကိုတောင် ဒီ စတုတ္ထမြောက် ကပ်ဘေးကြီး တွေက တည်ဆောက်နိုင်ပါလိမ့်မယ်ကွာ”

“ဒါပေမဲ့...”

ကျန်းချန်က မြေအောက် အနက်ရှိုင်းဆုံး နေရာတစ်ခုဆီသို့ လှမ်းကြည့်လိုက်ပြီး မျက်လုံးများကို အနည်းငယ် မှေးလိုက်သည်။

“ဝိညာဉ်စွမ်းအင် တွေ ပြန်လည် နိုးထလာတာ ကောင်းတဲ့ ကိစ္စ ဆိုပေမဲ့... ချိတ်ပိတ်ခံထားရတဲ့ ဟို 'အကောင်ကြီး' ကတော့ မကြာခင် နိုးလာလောက်ပြီ”

“ငါ ဗိုက်ဆာနေတာ အရမ်း ကြာပြီ... အခုမှ အစားအသောက် အနံ့လေး ရတော့တယ်... စားဖို့ အချိန်ရောက်ပြီကွ”

အခန်း (၂၄၂) လူတိုင်းအတွက် အဆင့်တက်ခြင်း..ရွှေအမြုတေအဆင့် က ဂေါ်ဖီထုပ် ဈေးတောင် မရှိတော့ဘဲ မူလဝိဉာဉ် အဆင့် တွေက နေရာအနှံ့မှာ

နဂါး သွေးကြောကြီး ပွင့်သွားပြီးနောက် (၁၂) နာရီ ကြာမြင့်ခဲ့တော့၏။

ထျန်းလန် မြို့တော် အပြင်ဘက်ရှိ ကွေ့ယွမ်ဂိုဏ်း ရုံးခန်း အဝင်ဝ တွင်၊

နံနက်ခင်း မြူနှင်းများ မကွဲသေးမီ အချိန်လေးမှာပင် ပေါက်စီ ရောင်းသော အဒေါ်ကြီး ဝမ် သည် ပုံမှန်အတိုင်း သူမ၏ ဆိုင်လေးကို လာဖွင့်သည်။ ထျန်းလန် မြို့တော် တွင် ကာလကြာရှည် နေထိုင်ခဲ့သူ တစ်ဦးအနေဖြင့် အောက်ခြေ အမှီအခိုကင်း ကျင့်ကြံသူ များမှသည် ဂိုဏ်း ကြီးများမှ တပည့် များအထိ လူပေါင်းစုံကို မြင်တွေ့ဖူးပြီး သူတို့၏ အဆင့်အတန်း ခွဲခြားမှုများကိုလည်း ကောင်းစွာ သိရှိထားသည်။ သို့သော် ယနေ့တွင်မူ သူမသည် အိပ်မက်ထဲက မနိုးသေးသလို ခံစားနေရတော့၏။

“အန်တီ... အသားပေါက်စီ (၁၀) လုံး ပေးပါ... ဝိညာဉ် သားရဲ အသား ပါတာနော်”

ကွေ့ယွမ်ဂိုဏ်း မှ လူငယ် တပည့် တစ်ယောက် လျှောက်လာသည်။ အဒေါ်ကြီး ဝမ် က သူ့ကို မှတ်မိသည်။ ဤလူငယ်လေး၏ နာမည်မှာ 'အသေအလဲ ကျင့်ကြံသူ' ဖြစ်ပြီး မနေ့ကအထိ သူသည် ချီစုဆောင်းခြင်း အဆင့် (၅) တွင်သာ ရှိသေးသည်။ ဓားပျံ ဝယ်ရန် ပိုက်ဆံ စုနေရသဖြင့် သက်သတ်လွတ် ပေါက်စီ တစ်လုံး ဝယ်ဖို့ကိုပင် အချိန်အတော်ကြာ ဈေးဆစ်လေ့ရှိသူရယ်ပါ။

သို့ရာတွင် ယနေ့၌ အဒေါ်ကြီး ဝမ် မှာ လန့်ဖြန့်သွားသဖြင့် လက်ထဲမှ ပေါင်းအိုး အဖုံးလေးပင် ပြုတ်ကျလုမတတ် ဖြစ်သွားတော့၏။

ဤလူငယ်လေးထံမှ... ယခင်က မြို့စားကြီး ထံမှသာ ခံစားဖူးခဲ့သော ကြောက်မက်ဖွယ်ကောင်းလှသည့် ဖိအားကြီးတစ်ခု သတိလစ်ဟင်းစွာ ထွက်ပေါ်နေသည်ကို သူမ ခံစားလိုက်ရသည်။ သူ၏ အရှိန်အဝါများက တောင်တန်းကြီး တစ်ခုပမာ တည်ငြိမ်နေပြီး ပတ်ဝန်းကျင်ရှိ လေထုကိုပင် အေးခဲသွားစေသည့်အလား ပင်။

ဒါ... ဒါက ရွှေအမြုတေအဆင့် ရဲ့ စွမ်းအား လှိုင်းတွေပဲကွ။

“ဟယ်... မောင်လေး လီ လား... မင်း... မင်းက ရွှေအမြုတေအဆင့် ကို ရောက်သွားပြီလားဟင်”

အဒေါ်ကြီး ဝမ် က တုန်ရီနေသော လက်များဖြင့် ကပျာကယာ မေးလိုက်သည်။

'အသေအလဲ ကျင့်ကြံသူ' ဟု အမည်ရသော လူငယ် တပည့် က လက်ကို ဝှေ့ယမ်းလိုက်ပြီး ပေါက်စီကို ယူကာ ရွံရှာသော အမူအရာဖြင့် ဆိုသည်။

“မပြောပါနဲ့တော့ ..အဒေါ်ရာ... ကျွန်တော်က ရွှေအမြုတေအဆင့် အစပိုင်း ပဲ ရှိသေးတာ... တကယ့်ကို အရှက်ရစရာကြီးဗျာ... ဟို ဘေးအခန်းက ကောင်ဆိုရင် တစ်ညလုံး အော့ဖ်လိုင်းထားတာတောင် မူလဝိဉာဉ် အဆင့် ကို ရောက်နေပြီ... ကျွန်တော် မြန်မြန်စားပြီး လျှို့ဝှက် နယ်မြေ ထဲ ပြန်ဝင်ပြီး မိစ္ဆာကောင် တွေ သွားလုရဦးမယ်... မဟုတ်ရင် ဟင်းရည်လေး တစ်ငုံတောင် သောက်ရမှာ မဟုတ်ဘူးဗျ”

အဒေါ်ကြီး ဝမ် မှာ ထိုနေရာမှာတင် လုံးဝကို ကျောက်ရုပ် တစ်ရုပ်ပမာ ဖြစ်သွားတော့၏။

ရွှေအမြုတေအဆင့် ပဲ ရှိသေးတာလား... အရှက်ရစရာ ဟုတ်လား။

သူမ မှတ်မိပါသေးသည်။ ထျန်းလန် မြို့တော် ၏ မြို့စားကြီး မှာ ရွှေအမြုတေအဆင့် သို့ ရောက်ရှိရန် နှစ်ပေါင်း (၁၂၀) တိုင်တိုင် အချိန်ယူခဲ့ရပြီး ထိုအချိန်က မြို့တော် တစ်ခုလုံး သုံးရက် သုံးည တိုင်တိုင် အောင်ပွဲခံ စားသောက်ခဲ့ကြသည် မဟုတ်ပါလား။ အခု ဒီလူတွေရဲ့ ပါးစပ်ဖျားမှာကျတော့ ရွှေအမြုတေအဆင့် ဆိုတာက ဂေါ်ဖီထုပ် ဈေးလောက်တောင် တန်ဖိုး မရှိတော့ဘူးလား။

ထိုကဲ့သို့သော မြင်ကွင်းမျိုးများက ထျန်းလန် မြို့တော် ၏ ထောင့်တိုင်းတွင် ဖြစ်ပေါ်နေသည်။

ပုံမှန်အားဖြင့် အလွန် ရှားပါးလှသော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ များမှာ ယခုအခါ လမ်းမများပေါ်တွင် ခြေတစ်လှမ်း လှမ်းလိုက်တိုင်း တစ်ယောက် တွေ့ရလောက်အောင် ပေါများနေတော့၏။ တစ်ချိန်က ဂုဏ်သိက္ခာ ကြီးမားလှသော ရွှေအမြုတေအဆင့် သခင်ကြီး များမှာလည်း လမ်းဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ ခေါက်ဆွဲ စားနေကြပြီး လုံးဝကို သာမန် သေမျိုးများပမာ ဖြစ်နေကြတော့၏။

ဒဏ္ဍာရီလာ မူလဝိဉာဉ် အဆင့် ဘိုးဘေး ကြီးတွေ ဆိုရင်တော့...

“ဖယ်ပေးကြပါဗျာ... ဖယ်ပေးကြပါ... အခုလေးတင် အဆင့်တက်ထားတဲ့ မူလဝိဉာဉ် အဆင့် သခင်ကြီး လာနေပြီဗျို့”

ကစားသမား တစ်ယောက်က အများသုံး စက်ဘီး အစုတ်လေး တစ်စီး (ဓားပျံ ကို ဆိုလိုသည်။) ကို စီးနင်းကာ မူလဝိဉာဉ် အဆင့် ၏ သီးသန့် မျက်စိကျိန်းမတတ် တောက်ပသော အရှိန်အဝါ များကို ထုတ်လွှတ်လျက် လူအုပ်ကြားထဲတွင် တိုးဝှေ့ သွားလာနေသည်။ သူ၏ ဝိညာဉ်စွမ်းအင် များမှာ အလွန်အမင်း ပေါများနေသဖြင့် ဓားပျံ ကိုပင် ထိန်းချုပ်မနေတော့ဘဲ သူ၏ မူလဝိဉာဉ် အဆင့် စွမ်းအားများကို အသုံးပြု၍ စက်ဘီးလေး ကို တွန်းပို့နေခြင်း ပင် ဖြစ်၏။

လမ်းဘေးရှိ ဒေသခံ အမှီအခိုကင်း ကျင့်ကြံသူ များမှာ ထောင့်တစ်နေရာတွင် ကြောက်လန့်တကြား တုန်ရီနေကြပြီး သူတို့၏ ကမ္ဘာ့အမြင်ကြီး လုံးဝ ပြိုလဲသွားခဲ့တော့၏။

ဒီကမ္ဘာကြီး ရူးသွားပြီ... ဒီကမ္ဘာကြီး လုံးဝ ရူးသွားပြီကွ။

ငါတို့တွေ အဆင့်တစ်ဆင့် တက်ဖို့အတွက် ဆယ်နှစ်တိုင်တိုင် တံခါးပိတ် ကျင့်ကြံရတယ်... သူတို့ကကျတော့ တစ်ညတည်းနဲ့ ဧရာမ ကျင့်ကြံခြင်းအဆင့် ကြီးတစ်ခုလုံးကို ကျော်ဖြတ်သွားနိုင်တယ် ဟုတ်လား။

ဒီ ကွေ့ယွမ်ဂိုဏ်း က လူတွေ အကုန်လုံးက မိစ္ဆာကောင် တွေလား... ဒါမှမဟုတ် ကောင်းကင်ဘုံ တာအို ကပဲ သူတို့ရဲ့ ဆွေမျိုး များ ဖြစ်နေလို့လားကွာ။

... ... ...

ကွေ့ယွမ်ဂိုဏ်း ၊ တောင်နောက်ဘက် ရင်ပြင် တွင်၊

ဤနေရာသည် မူလဝိဉာဉ် အဆင့် ပြခန်း ကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။ ကစားသမား သောင်းပေါင်းများစွာသည် ဝိညာဉ်စွမ်းအင် အသိပ်သည်းဆုံး နေရာတွင် တင်ပျဉ်ခွေ ထိုင်နေကြသည်။ သူတို့၏ ခန္ဓာကိုယ်များမှ ရောင်စုံ အလင်းတန်းများ ထွက်ပေါ်နေကာ မရေမတွက်နိုင်သော နီယွန် မီးရောင်များ တဖျတ်ဖျတ် လင်းလက်နေသည့်အလား ပင်။

“ဝုန်း... ”

ခရမ်းရောင် နဂါးကြီး တစ်ကောင် ကောင်းကင်ယံသို့ ထိုးတက်သွားတော့၏။

ကစားသမား ရွှယ်တောက်နျန် က သူ၏ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ရာ သူနှင့် တစ်ပုံစံတည်း တူညီသော ရွှေရောင် လူသေးသေးလေး တစ်ယောက်က သူ၏ ခေါင်းပေါ်တွင် ထွက်ပေါ်လာသည်။ ထိုလူသေးသေးလေးမှာ လက်ဝါး အရွယ်အစားခန့်သာ ရှိသော်ငြား တစ်ကိုယ်လုံး ရွှေရောင်များ တောက်ပနေပြီး မျက်နှာ အသွင်အပြင် များမှာလည်း ရှင်းလင်းပြတ်သားစွာ ရှိနေ၏။ ၎င်းက ဘေးပတ်လည်ကို သိချင်စိတ်ဖြင့် လှည့်ကြည့်နေပြီး ကစားသမား ကိုပင် မျက်နှာပြောင်ပြနေသေးသည်။

ဆာဗာတစ်ခုလုံးဆိုင်ရာ ကြေညာချက်။ “ကစားသမား ရွှယ်တောက်နျန် သည် မူလဝိဉာဉ် အဆင့် ကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့သည့်အတွက် ဂုဏ်ပြုပါတယ်ဗျာ... သင်သည် 'အလယ်ပိုင်းကုန်းမြေ ၏ ပထမဆုံး မူလဝိဉာဉ် အဆင့်' ဆိုသည့် အောင်မြင်မှု တံဆိပ် ကို ရရှိသွားပါပြီ”

“ဟားဟားဟား... ငါလည်း ဝိညာဉ် ခန္ဓာကိုယ် ကနေ ခွဲထွက် နိုင်ပြီဟေ့”

ရွှယ်တောက်နျန် ၏ စိတ်အာရုံ လှုပ်ရှားသွားသည်။ ရွှေရောင် လူသေးသေးလေး မှာ သူ၏ ခန္ဓာကိုယ်မှ ချက်ချင်း ခွဲထွက်သွားပြီး ပေတစ်ရာခန့် အမြင့်သို့ ပျံသန်းသွားတော့၏။ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ၏ ကန့်သတ်ချက်များမှ လွတ်ကင်းပြီး လွတ်လပ်စွာ ပျံသန်းရသည့် ဤခံစားချက်က ဓားပျံ စီးရသည်ထက် အဆပေါင်း သောင်းချီပြီး ပိုမို စိတ်လှုပ်ရှားဖွယ် ကောင်းလှပေသည်။ ကောင်းကင်နဲ့ မြေကြီး ကြားမှာ ဘာကန့်သတ်ချက် မှ မရှိတော့သလို ခံစားနေရ၏။

“ငါလည်း ရပြီဟေ့”

သူ၏ ဘေးတွင် လူသား ပုံစံသို့ ပြန်လည် ပြောင်းလဲထားပြီ ဖြစ်သော 'လက်မှုပညာရှင် ကန်' လည်း တစ်ချက် တုန်ခါသွားပြီး သူ၏ ခေါင်းပေါ်မှ မူလဝိဉာဉ် အဆင့် လူသေးသေးလေး တစ်ယောက် ထွက်ပေါ်လာသည်။ သို့ရာတွင် သူ၏ မူလဝိဉာဉ် အဆင့် လေးမှာ အနည်းငယ် ထူးဆန်းသော ပုံစံ ရှိနေသည်။ သူ၏ လက်ထဲတွင် သံတူ သေးသေးလေး တစ်လက်နှင့် ဂွတစ်ချောင်းကို ကိုင်ဆောင်ထားလေရာ ရှင်းရှင်းကြီးကို လက်နက် ဖန်တီးခြင်း တာအို ပင် ဖြစ်တော့၏။

“ဝိညာဉ် ခန္ဓာကိုယ် ကနေ ခွဲထွက် လို့ ရနေပြီ ဆိုမှတော့...”

'လက်မှုပညာရှင် ကန်' ၏ မျက်လုံးများထဲတွင် လိုချင်တပ်မက်မှုများ တောက်လောင်လာပြီး ရင်ပြင် ၏ အစွန်တွင် စွမ်းအင် ပြတ်တောက်ကာ ငြိမ်သက်နေသော စက်ရုပ် ကာကွယ်သူ များကို လှမ်းကြည့်လိုက်သည်။

'အရင်က သုံးခဲ့တဲ့ ဝိညာဉ် ခွဲထွက်တဲ့ နည်းလမ်း က မိစ္ဆာ လမ်းစဉ် ပဲ... အခု မူလဝိဉာဉ် အဆင့် ရဲ့ ဝိညာဉ် ခန္ဓာကိုယ် ကနေ ခွဲထွက် တာကကျတော့ တရားဝင် နတ်ဘုရား စွမ်းအင် ကြီးလေ... တကယ်လို့ ငါက မူလဝိဉာဉ် အဆင့် ကို သုံးပြီး စက်ရုပ် ကြီးကို ထိန်းချုပ်လိုက်ရင်... သူ့ရဲ့ စွမ်းဆောင်ရည် (၁၀၀) ရာခိုင်နှုန်းလုံးကို အပြည့်အဝ ထုတ်သုံးနိုင်မှာလား'

သူက တွေဝေ တုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်း လှုပ်ရှားလိုက်သည်။ သူ၏ မူလဝိဉာဉ် အဆင့် လေးမှာ ရွှေရောင် အလင်းတန်း တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး သံချပ်ကာ ထူထူ ဝတ်ဆင်ထားသော စက်ရုပ်ကြီး ၏ ထိန်းချုပ်မှု အူတိုင် ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားတော့၏။

“ဝီ... ”

ယခင်က အသက်ကင်းမဲ့နေခဲ့သော စက်ရုပ်ကြီး မှာ ချက်ချင်း အသက်ဝင်လာတော့၏။

ဤတစ်ကြိမ်တွင်မူ ယခင်က ပူးကပ် ခဲ့စဉ်တုန်းကလို တောင့်တင်းနေသော လှုပ်ရှားမှုမျိုး မဟုတ်တော့ဘဲ အင်မော်တယ် သခင်ကြီး တစ်ယောက်ပမာ သွက်လက် လျင်မြန်စွာ လှုပ်ရှားလာတော့၏။ သူ၏ စက်ရုပ် လက်ချောင်းများက လျင်မြန်စွာ လည်ပတ်နေပြီး အဆစ်များမှလည်း သာယာလှသော တကျီကျီ မြည်သံလေးများ ထွက်ပေါ်နေကာ အလွန်တရာ တိကျသော အသေးစား ထိန်းချုပ်မှု များကိုပင် ပြုလုပ်နိုင်နေတော့၏။

ဒါက စက်မှုနည်းပညာ ကျင့်ကြံခြင်းအဆင့် ရဲ့ ပြီးပြည့်စုံတဲ့ ပုံစံ ကြီးများလားကွ။

စက်ရုပ်ကြီး ၏ အသံချဲ့စက် မှတစ်ဆင့် 'လက်မှုပညာရှင် ကန်' ၏ အလွန်အမင်း ဝမ်းသာပျော်ရွှင်နေသော အသံကြီး ထွက်ပေါ်လာတော့၏။

“မူလဝိဉာဉ် အဆင့် က အူတိုင်... သံမဏိ က ခန္ဓာကိုယ်... ဒါမှ တကယ့် ယောကျာ်းစစ် ရဲ့ အချစ်ဇာတ်လမ်း ကြီးကွ”

ဤမြင်ကွင်းကို ကြည့်ရင်း ဘေးပတ်လည်ရှိ ကစားသမားများ လုံးဝ ဆွံ့အသွားကြတော့၏။

စက်ရုပ် မောင်းနှင်သူ ဟုတ်လား။

မူလဝိဉာဉ် အဆင့် ကို အဲဒီလို သုံးလို့ ရတယ်ပေါ့လေ... ငါလည်း သွားမောင်းမယ်ကွာ။

မျက်စိတစ်မှိတ်အတွင်းမှာပင် ယခုလေးတင် အဆင့်တက် ထားသော မူလဝိဉာဉ် အဆင့် ကစားသမားများ အားလုံးသည် သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် များကို စွန့်ပစ်ကာ မူလဝိဉာဉ် အဆင့် လေးများကို လောကကြီးထဲတွင် လွတ်လပ်စွာ ပျံသန်းခိုင်းလိုက်ကြတော့သည်။ အချို့က စက်ရုပ် တွေထဲ ဝင်သွားကြပြီး၊ အချို့က ကျောက်ခြင်္သေ့ရုပ် တွေထဲ ဝင်သွားကြကာ၊ အချို့သော နောက်ပြောင်လိုသူများကမူ ဘဝကို အပြည့်အဝ ခံစားနိုင်ရန်အတွက် ဂိုဏ်း က မွေးမြူထားသော ဝိညာဉ် သားရဲ တွေထဲကိုပင် ဝင်ရောက် သွားကြလေတော့၏။

... ... ...

ကွေ့ယွမ်ဂိုဏ်း ၏ ပင်မ တောင်ထွတ်၊ တိမ်တိုက်များ၏ အထက်တွင်၊

အကယ်၍ အောက်ဘက်ရှိ မြင်ကွင်းက မိစ္ဆာ တွေ ရူးသွပ်စွာ ကခုန်နေသော မြင်ကွင်းကြီး ဆိုလျှင်တော့... ဒီနေရာကတော့ တကယ့် အံ့မခန်း အံ့ဖွယ် မြင်ကွင်းကြီး တစ်ခုပဲ ဖြစ်ပါသည်။

ကျန်းချန်သည် ဟင်းလင်းပြင် ထဲတွင် တင်ပျဉ်ခွေ ထိုင်နေပြီး အဆုံးမရှိသော ဝိညာဉ်စွမ်းအင် များက ဧရာမ ကတော့ပုံစံ ကြီး တစ်ခု ဖန်တီးကာ သူ၏ ခန္ဓာကိုယ်ထဲသို့ ရူးသွပ်စွာ စီးဝင်နေတော့၏။

သူက အဆင့်တက် နေတာ မဟုတ်တော့...ဆင့်ကဲ ပြောင်းလဲနေခြင်းတည်း။

သူ၏ ခန္ဓာကိုယ်ထဲရှိ မူလဝိဉာဉ် အဆင့် လေးမှာ ကြေမွသွားသည်မှာ ကြာပြီဖြစ်ပြီး ယခုအခါ ပေရာချီ မြင့်မားသော ဧရာမ ကောင်းကင်ဘုံ ဓမ္မ ပုံစံ ကြီးတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့တော့၏။ ဤ ပုံစံကြီးမှာ လေးနက်တည်ကြည်ပြီး ခမ်းနားကြီးကျယ်လှကာ နေ၊ လ၊ ကြယ်တာရာ များက သူ့ကို ဝိုင်းရံထားပြီး ဤလောကကြီး၏ တစ်ဦးတည်းသော အရှင်သခင် ကြီး တစ်ပါး နှင့်ပင် တူနေတော့သည်။

မူလဝိဉာဉ် ကျင့်ကြံခြင်းအဆင့် ... ပြီးပြည့်စုံပြီ။

ကျန်းချန်က သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။

ထိုအခိုက်အတန့်၌ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် တစ်ခုလုံး အေးခဲသွားသည့်အလား ပင်။ ကောင်းကင်ယံတွင် လွင့်မျောနေသော မျဉ်းကြောင်းများကို သူ ရှင်းလင်းပြတ်သားစွာ မြင်တွေ့နိုင်ပြီး မြေကမ္ဘာ ၏ အနက်ရှိုင်းဆုံး နေရာမှ နှလုံးခုန်သံများကိုပင် ကြားနိုင်နေတော့၏။ ထို့အပြင် အထက်ဘက်ရှိ ပြိုကျပျက်စီးနေသော နယ်နိမိတ် ၏ အလွန်မှနေ၍ သူ့ကို လာရောက် ကြည့်ရှုနေသော ရန်လိုသည့် အကြည့်များကိုပင် မှုန်ဝါးဝါး ခံစားနေရတော့သည်။

'မူလဝိဉာဉ် ကျင့်ကြံခြင်းအဆင့် ... နောက်ဆုံးတော့ အထက် ကမ္ဘာ နဲ့ ဆက်သွယ်နိုင်တဲ့ အခွင့်အရေး ရပြီပေါ့'

ကျန်းချန်က သူ၏ ဓမ္မ ပုံစံ ကြီးကို ပြန်လည် သိမ်းဆည်းလိုက်ရာ သူ၏ ချီ စွမ်းအင်များမှာ ချက်ချင်း သာမန်အတိုင်း ပြန်ဖြစ်သွားပြီး မူလ ရိုးရှင်းမှုဆီသို့ ပြန်လည် ရောက်ရှိသွားတော့၏။

သူက အောက်ဘက်ရှိ စည်ကားနေသော ဂိုဏ်း ကြီးကို ငုံ့ကြည့်လိုက်သည်။

ရွှေအမြုတေအဆင့် သောင်းပေါင်းများစွာ၊ မူလဝိဉာဉ် အဆင့် ထောင်ပေါင်းများစွာ

ဤ စွမ်းအားကြီးက အရင်ကဆိုလျှင် အလယ်ပိုင်းကုန်းမြေ တစ်ခုလုံးကို တံမြက်စည်း လှည်းသလို ရှင်းလင်းပစ်ရန် လုံလောက်လှပေသည်။ ချီယွင် ဂိုဏ်း ကဲ့သို့သော ထိပ်တန်း ဂိုဏ်း ကြီးပင်လျှင် ယခုအခါ ကွေ့ယွမ်ဂိုဏ်း ၏ ဖိနပ်ကို သယ်ပေးရန်ပင် မထိုက်တန်တော့ချေ။

သို့သော် ၎င်းက မလုံလောက်သေးပေ။

ကျန်းချန်သည် လက်ရှိ ကြီးပွားတိုးတက်မှုများကြောင့် မျက်စိကန်း မသွားခဲ့ချေ။ ဤ ဝိညာဉ်စွမ်းအင် ပေါက်ကွဲမှုကြီးက ကစားသမားများကို ကျေနပ်စေရုံသာမက မြေအောက်က ကောင်တွေ ကိုပါ အကျိုးရှိစေကြောင်း သူ ကောင်းစွာ သိရှိထားသည်။

... ... ...

မြေအောက် အနက်ရှိုင်းဆုံး နေရာ၊ ဇာ့ဂ် (အင်းဆက် မိစ္ဆာကောင်) များ၏ အသိုက် ကြီးတွင်၊

[t.n: ဇာ့ဂ်- ဂိမ်းများတွင် ပါဝင်လေ့ရှိသော အလွန်အမင်း ရက်စက်ပြီး အုပ်စုလိုက် နေထိုင်တတ်သည့် အင်းဆက် မိစ္ဆာကောင် မျိုးနွယ်စု ဖြစ်ပါသည်။]

ဤနေရာသည် မူလက ချိတ်ပိတ် မန္တန် ကြောင့် ဖြစ်ပေါ်လာသော သေမင်းတမန် နယ်မြေ ကြီး တစ်ခု ဖြစ်ခဲ့၏။ သို့ရာတွင် ဝိညာဉ်စွမ်းအင် ရေတံခွန် ကြီး၏ ဆေးကြောမှုအောက်တွင် ခြောက်သွေ့ပြီး ကျောက်ဖြစ်နေပြီ ဖြစ်သော ထို အင်းဆက် ဥများမှာ ချီ ပူဖောင်း များပမာ ဖောင်းကားလာကြတော့၏။

“ကျွတ်... ကျွတ်... ”

အမှောင်ထုထဲတွင် ကွဲအက်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။

ကြောက်မက်ဖွယ်ကောင်းလှသော ဇာ့ဂ် အကောင်ပေါက်လေး များ တစ်ကောင်ပြီးတစ်ကောင် ပေါက်ဖွားလာကြတော့၏။ ယခင်ကလို အားနည်းသော လောက်ကောင်လေးများ မဟုတ်တော့ဘဲ စုစည်းမှု အလွန် မြင့်မားသော ဝိညာဉ်စွမ်းအင် များကို စုပ်ယူပြီးနောက် သူတို့၏ အပြင်ခွံများမှာ သတ္တု အရောင်များဖြင့် တောက်ပနေကြပြီး လက်သည်းများနှင့် သွားများတွင်လည်း တစ္ဆေဆန်သော ဝိညာဉ် အလင်းတန်းများ လင်းလက်နေသည်။ ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ သူတို့သည် အသားများကိုသာ စားသုံးကြသည် မဟုတ်ဘဲ လေထုထဲရှိ ဝိညာဉ်စွမ်းအင် များကိုပါ ဝါးမျို စားသောက်လာကြခြင်း ပင် ဖြစ်တော့၏။

အသိုက် ကြီး၏ အနက်ရှိုင်းဆုံး နေရာတွင်၊

သံကြိုးများဖြင့် ချည်နှောင်ခံထားရသော ဇာ့ဂ် ဘုရင်မ ကြီးက ဖောင်းအစ်ပြီး ဧရာမ အရွယ်အစားရှိသော သူမ၏ ခေါင်းကြီးကို ဖြည်းညင်းစွာ မြှောက်လိုက်သည်။ သူမ၏ ယခင်က မှုန်ဝါးနေခဲ့သော ပါကင် မျက်လုံး ကြီးများမှာ ယခုအခါ လိုချင်တပ်မက်မှုများနှင့် ဆာလောင်မွတ်သိပ်မှုများ အပြည့်အနှက် ရှိနေတော့၏။

သူမ အာရုံ ရလိုက်သည်။

‘အရသာရှိတဲ့ အစားအစာ တွေ အများကြီး ရှိနေပါလား။ နူးညံ့ပြီး အရည်ရွှမ်းတဲ့ မူလဝိဉာဉ် အဆင့် တွေ၊ ဝိညာဉ်စွမ်းအင် တွေ အပြည့်အနှက် ပါဝင်တဲ့ အသား တွေပဲ’

“အူး... ”

စူးရှလှသော အော်ဟစ်သံကြီး တစ်ခုက မြေကြီးကို ဖောက်ထွင်းသွားပြီး ဇာ့ဂ် အကောင်ပေါက်လေး တိုင်း၏ စိတ်ထဲတွင် ပေါက်ကွဲထွက်သွားတော့၏။

၎င်းက အစားစားဖို့ အမိန့်ပေးသံ ပင်။

‘ညစာ စားဖို့ အချိန်ရောက်ပြီဟေ့’

အခန်း (၂၄၃) အင်းဆက် အုပ်စုကြီးရဲ့ နှလုံးသား.. ပထမဆုံး မိစ္ဆာ သားရဲ လှိုင်းလုံးကြီးက... အင်းဆက် အုပ်ကြီး ဖြစ်နေတယ်ကွ

မြေအောက် မီတာ (၃၀၀၀) အနက်၊ ခိုလှုံရေး စခန်း နံပါတ် (၇၃) ၏ အချက်အချာ ဧရိယာ တွင်၊

တစ်ချိန်က လူသူကင်းမဲ့ပြီး တိတ်ဆိတ်နေခဲ့သော စက်မှု ရင်ပြင်ကြီးမှာ ယခုအခါ စည်ကားလှသော ပွဲဈေးတန်းကြီး တစ်ခုပမာ ဖြစ်နေတော့၏။

ယခုလေးတင် မူလဝိဉာဉ် အဆင့် သို့ တက်လှမ်းသွားကြသော ကစားသမား ထောင်ပေါင်းများစွာသည် ခန္ဓာကိုယ် အသစ်အဆန်း မျိုးစုံကို ဝင်ရောက် ပူးကပ်ကာ ရူးသွပ်စွာ ကစားနေကြ၏။ အချို့က စက်ရုပ်ကြီးများကို မောင်းနှင်ကာ ကောင်းကင်ယံတွင် ပျံသန်းနေကြလေ၏။ အချို့ကမူ သူတို့၏ မူလဝိဉာဉ် အဆင့် လေးများကို လမ်းဘေးရှိ အချိုရည် ရောင်းသည့် စက်များထဲသို့ အတင်း ထိုးသိပ်ထည့်ကာ အချိုရည်များကို အန်ထုတ်ခိုင်းနေကြသည်။ ပို၍ ဆိုးရွားသူများကတော့ ခိုလှုံရေး စခန်း ကြီး၏ ကြမ်းပြင်များကို မည်သို့ ကလော်ထုတ်ပြီး အိမ်သယ်သွားရမည်နည်း ဟု ခေါင်းချင်းရိုက် တိုင်ပင်နေကြပေတော့၏။

“ညီအစ်ကိုတို့... ဒီဘက်မှာ ဧရာမ ဂိုဒေါင်ကြီး တစ်ခု ရှိတယ်ဟေ့... ရှားပါး သတ္တု တွေ အပြည့်ပဲကွ”

ကစားသမား ရွှယ်တောက်နျန် သည် နောက်လိုက် တစ်သိုက်ကို ဦးဆောင်ကာ ရင်ပြင် ၏ အစွန်ရှိ ဘေးဘက် ခန်းမဆောင် တစ်ခုအတွင်း ရူးသွပ်စွာ ပစ္စည်းများ လုယက်နေသည်။ ဆာဗာတစ်ခုလုံး ၏ ပထမဆုံး မူလဝိဉာဉ် အဆင့် ကစားသမား အဖြစ် သူ၏ ခြေလှမ်းများမှာ လေပေါ် ဝဲနေသည့်အလား မာနတခွဲသား ရှိလှပေသည်။

'ဟက်... ငါက ပထမဆုံး မူလဝိဉာဉ် အဆင့် ရထားတာကွ... ဒီပစ္စည်းတွေ အကုန်လုံး ငါ့အပိုင်ပဲ... ဘယ်ကောင်မှ လာမလုရဲစေရဘူး'

သူက စိတ်ထဲမှ ကြုံးဝါးလိုက်သည်။ ထို့နောက် ဧရာမ တိုက်တေနီယမ် အလွိုင်း သံမဏိ ပြားကြီး တစ်ချပ်ကို သိုလှောင်အိတ် ထဲသို့ ထည့်ရန် ပြင်လိုက်စဉ်မှာပင် သူ၏ ခြေအောက်ရှိ မြေကြီးမှာ ရုတ်တရက် တုန်ခါသွားတော့၏။

'ငလျင်လှုပ်တာလား'

ရွှယ်တောက်နျန် မှာ တစ်ခဏမျှ ကြောင်အမ်းသွားသည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင် အမှောင်ထုထဲရှိ လိုဏ်ခေါင်းများမှ သွားကျိန်းစရာ ကောင်းလှသော ပွတ်တိုက်သံများ ဆက်တိုက် ထွက်ပေါ်လာတော့၏။

“ရွှတ်... ရွှတ်... ရွှတ်... ”

ထိုအသံမှာ မရေမတွက်နိုင်သော လက်သည်းခွံများဖြင့် မှန်ပြားကို ခြစ်နေသည့်အလား၊ သို့မဟုတ် ဒီရေလှိုင်းများက ကျောက်ဆောင်ကို ရိုက်ခတ်နေသည့်အလား ကျောချမ်းဖွယ် ကောင်းလှပေသည်။

ကစားသမားများ အားလုံး သူတို့ လုပ်လက်စ အလုပ်များကို ရပ်တန့်လိုက်ကြပြီး ဘေးပတ်လည်ကို တွေဝေစွာ ကြည့်လိုက်ကြ၏။

ရင်ပြင် ၏ အစွန်ရှိ လေဝင်လေထွက် ပေါက်များ၊ ရေဆိုးမြောင်း အဝင်ဝ များနှင့် ယခုလေးတင် ဖောက်ခွဲထားသော နံရံ အက်ကွဲကြောင်းများ ကြားမှနေ၍ သွေးရောင် သန်းနေသော မျက်လုံးအစုံများ ထွက်ပေါ်လာသည်။

တစ်စုံ နှစ်စုံ မဟုတ်ဘဲ... ထောင်သောင်းချီသော မျက်လုံးများ ပင် ဖြစ်တော့၏။

ကစားသမားများ ဘာမှ ပြန်မလုပ်နိုင်မီမှာပင် အမည်းရောင် လှိုင်းလုံးကြီး တစ်ခုက ရုတ်တရက် ပေါက်ကွဲ ထွက်ပေါ်လာတော့သည်။

ဒါက အင်းဆက် တွေပင်။

အရေခွံ ခွာထားသော ခွေးရိုင်းများနှင့် တူသော်ငြား ပုစဉ်းရင်ကွဲ များပမာ ထက်မြက်လှသော ဓားသွား လက်တံများ ရှိပြီး သတ္တု အပြင်ခွံများ ဖုံးအုပ်ထားသည့် မရေမတွက်နိုင်သော ဇာ့ဂ် အကောင်ပေါက်လေး များသည် လူအုပ်ကြီးဆီသို့ ဟိန်းဟောက်ကာ ပြေးဝင်လာကြ၏။ သူတို့၏ အရှိန်အဟုန်မှာ အံ့မခန်း မြန်ဆန်လှပြီး သတ္တုစပ် နံရံများပေါ်တွင်ပင် လွယ်ကူစွာ ပြေးလွှားနိုင်ကြကာ သူတို့ ဖြတ်သန်းသွားသော မာကျောလှသည့် သတ္တု ကြမ်းပြင်များပေါ်တွင် နက်ရှိုင်းသော ခြစ်ရာ အရာကြီးများ ထင်ကျန်ရစ်စေခဲ့သည်။

“သောက်ကျိုးနည်း... မိစ္ဆာကောင် အသစ်တွေ ထွက်လာတာလား”

“လုကြဟေ့... အရင်လာသူ အရင်ရမယ်ကွ”

ကစားသမားများမှာ ကြောက်ရွံ့ခြင်း အလျဉ်းမရှိဘဲ စိတ်လှုပ်ရှားစွာဖြင့်ပင် အော်ဟစ်လိုက်ကြ၏။ သူတို့၏ မျက်လုံးထဲတွင် ဤအရာများမှာ မိစ္ဆာကောင် များ လုံးဝ မဟုတ်ဘဲ လမ်းလျှောက်နေသော အတွေ့အကြုံမှတ် အထုပ်များ နှင့် ရတနာသေတ္တာ ကြီးများသာ ဖြစ်နေတော့သည်။

“ငါ့ရဲ့ ခမ်းနားလှတဲ့ မီးလုံး မန္တန် ကို ခံကြည့်စမ်း”

မီးစွမ်းအင် သုံး မှော်မန္တန် ကျင့်ကြံသူ တစ်ယောက်က ယုံကြည်မှု အပြည့်ဖြင့် ဧရာမ မီးလုံးကြီး တစ်လုံးကို ဖန်တီးလိုက်ပြီး ရှေ့ဆုံးမှ ပြေးဝင်လာသော ဇာ့ဂ် အကောင်ပေါက်လေး ဆီသို့ ပစ်ပေါက်လိုက်သည်။

'ဟားဟား... တစ်ကောင်တော့ သေပြီဟေ့'

“ဝုန်း... ”

မီးလုံးက အတိအကျ ထိမှန်သွားပြီး မီးတောက်များ ပေါက်ကွဲထွက်လာတော့၏။

သို့ရာတွင် မီးခိုးငွေ့များ လွင့်စင်သွားသောအခါ ထို ဇာ့ဂ် အကောင်ပေါက်လေး မှာ သူ၏ ခေါင်းကို တစ်ချက် ခါယမ်းလိုက်ရုံသာ ရှိပြီး သူ၏ ကျောချမ်းဖွယ်ရာ အပြင်ခွံကြီးမှာ လုံးဝ အထိအခိုက် မရှိသည့်အပြင် ကျန်ရှိနေသော ဝိညာဉ်စွမ်းအင် များကိုပင် လောဘတကြီး စုပ်ယူနေသေးသည် မဟုတ်ပါလား။

နောက်တစ်စက္ကန့်တွင် ၎င်းက နောက်ခြေထောက်များဖြင့် မြေကြီးကို ဆောင့်ကန်လိုက်ပြီး ဝါးခနဲ ဖြစ်သွားကာ ထို မှော်မန္တန် ကျင့်ကြံသူ ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားပြီး သူ၏ ထက်မြက်လှသော ရှေ့လက်တံများဖြင့် လျင်မြန်စွာ ခုတ်ပိုင်းလိုက်သည်။

“ချွတ်... ”

မှော်မန္တန် ကျင့်ကြံသူ ကစားသမား မှာ သူ၏ ကာကွယ်ရေး ဝိညာဉ် ဒိုင်းလွှား နှင့်အတူ ခါးလယ်မှနေ၍ ထက်ပိုင်း ပြတ်ကျသွားတော့၏။

“ဘာ... မှော်မန္တန် ဒဏ်ခံနိုင်တယ်လား”

ကစားသမားများမှာ ချက်ချင်းဆိုသလို ပျာယာခတ်သွားကြတော့၏။

'ဒီကောင်တွေက ဘာလို့ ဒီလောက်တောင် အသားမာနေရတာလဲကွာ'

“ငါ့ရဲ့ ဓားပျံ နဲ့ ခုတ်လို့ မရဘူးဟေ့... အရေခွံ က အရမ်း ထူလွန်းတယ်”

“ကယ်ကြပါဦး... ဒီ ပိုးကောင် တွေက ကိုက်ရင် သံချပ်ကာ တွေကိုတောင် ဖောက်ထွက်တယ်ကွ... ငါ့ရဲ့ မူလဝိဉာဉ် အဆင့် လေးကိုတောင် လာကိုက်သွားပြီ”

မျက်စိတစ်မှိတ်အတွင်းမှာပင် ယခင်က ယုံကြည်မှု အပြည့် ရှိနေခဲ့သော ကစားသမားများ၏ ခံစစ်ကြောင်းကြီးမှာ ပြိုလဲသွားခဲ့တော့သည်။ ဤ အင်းဆက် များသည် အရေအတွက် ကြောက်မက်ဖွယ်ကောင်းရုံသာမက ကျင့်ကြံသူ များကို သတ်ဖြတ်ရန် သီးသန့် ဖန်တီးထားသည့်အလား ပင်။ သူတို့၏ အပြင်ခွံများမှာ များသောအားဖြင့် ဒြပ်ငါးပါး မှော်မန္တန် များကို ခုခံနိုင်စွမ်း ရှိကြပြီး သူတို့၏ ထက်မြက်လှသော သွားများကလည်း ကာကွယ်ရေး ဝိညာဉ် အလင်းတန်း များကို အလွယ်တကူ ကိုက်ဖြတ် ဖျက်ဆီးပစ်နိုင်ကြ၏။

အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာပြီး မူလက မိစ္ဆာကောင် များကို အမဲလိုက်ရန် ပြင်ဆင်ထားခဲ့ရာမှ ယခုအခါ သူတို့ကိုယ်တိုင် သားကောင်များ အဖြစ် ပြောင်းလဲကာ အသတ်ခံနေရတော့သည်။

ခံစစ်ကြောင်းကြီး လုံးဝ ပြိုလဲတော့မည့် အခိုက်အတန့်လေးမှာပင်၊

“ဖယ်ကြ... ဖယ်ကြ... အကုန်လုံး ဘေးဖယ်လိုက်ကြစမ်း”

သတ္တုသံ ပါဝင်သော ဟိန်းဟောက်သံကြီး တစ်ခုက အနောက်ဘက်မှ ထွက်ပေါ်လာတော့၏။

“ဒုန်း... ဒုန်း... ဒုန်း... ”

လေးလံလှသော ခြေသံကြီးများကြောင့် မြေကြီးပင် တုန်ခါသွား၏။ အမြင့် သုံးမီတာ ခန့် ရှိပြီး သံချပ်ကာ အထူစား များကို ဝတ်ဆင်ထားသော စက်ရုပ်ကြီး ဒါဇင်ပေါင်းများစွာသည် လက်မှုပညာရှင် ကန် ၏ အမိန့်ပေးမှုအောက်တွင် တန်းစီ နေရာယူလိုက်ကြပြီး အင်းဆက် အုပ်ကြီး ၏ အရှေ့မှ ပိတ်ဆို့လိုက်ကြသည်။

'မှော်မန္တန် တွေ မတိုးဘူး ဟုတ်လား... ဒါဆို ရုပ်ပိုင်းဆိုင်ရာ အရိုက်အနှက် ကို ခံကြည့်စမ်းကွာ'

လက်မှုပညာရှင် ကန် က သူ၏ စက်ရုပ်ကြီး ၏ ညာဘက် လက်မောင်းကို မြှောက်လိုက်ရာ ဧရာမ သေနတ်ပြောင်းဝ ကြီး ခြောက်ခုက ရူးသွပ်စွာ လည်ပတ်လာတော့၏။

“အပူပေးမယ်... ပစ်ပြီဟေ့”

“ဒိုင်း... ဒိုင်း... ဒိုင်း... ဒိုင်း... ”

အပြာရောင် မီးတောက်များ ပေါက်ကွဲထွက်လာပြီး တစ်မိနစ်လျှင် ကျည်ဆန် သုံးထောင်ခန့် ပစ်ခတ်နိုင်သော သတ္တု မုန်တိုင်းကြီး တစ်ခု ထွက်ပေါ်လာတော့သည်။

ဤတစ်ကြိမ်တွင်မူ ဇာ့ဂ် အကောင်ပေါက်လေး များ အလွန် ဂုဏ်ယူဝင့်ကြွားခဲ့သော မှော်မန္တန် ဒဏ်ခံ အပြင်ခွံကြီးများမှာ လုံးဝ အသုံးမဝင်တော့ချေ။ အလွန်တရာ စွမ်းအားပြင်းထန်လှသော ရုပ်ပိုင်းဆိုင်ရာ ကျည်ဆန်များ အရှေ့တွင် သူတို့၏ ခန္ဓာကိုယ်များမှာ စက္ကူ တစ်ရွက်ပမာ အလွယ်တကူ စုတ်ပြဲသွားကြပြီး အစိမ်းရောင် သွေးရည်များ အရပ်မျက်နှာအနှံ့ ပန်းထွက်သွားတော့၏။

“အလုပ်ဖြစ်တယ်ဟေ့... ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု တွေ အလုပ်ဖြစ်တယ်ကွ”

“ညီအစ်ကိုတို့... မီးလုံး တွေ မပစ်ကြနဲ့တော့... လက်နက် တွေ ဆွဲကြ... ဓားတွေနဲ့ ခုတ်... သေနတ်တွေနဲ့ ပစ်ကြစမ်း”

လက်မှုပညာရှင် ကန် က ရူးသွပ်စွာ ပစ်ခတ်ရင်း ချန်နယ် ထဲတွင် အော်ဟစ်လိုက်သည်။

“စက်ရုပ် တပ်ဖွဲ့... တောင့်ထားကြ... သူတို့ကို ဝိညာဉ်စွမ်းအင် ရေတွင်း ကြီး အနား လုံးဝ အကပ်ခံလို့ မဖြစ်ဘူးနော်”

“ဒိုင်း... ဒိုင်း... ဒိုင်း... ဒိုင်း... ”

“ဂျီး... ဂျီး... ဂျီး... ဂျီး... ”

စက်ရုပ် တပ်ဖွဲ့ကြီး ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် တိုက်ပွဲ အခြေအနေမှာ ချက်ချင်း ပြောင်းပြန် လန်သွားတော့၏။ သစ်ခုတ်လွှ စက်များဖြင့် အရိုးများကို ဖြတ်တောက်သံများနှင့် စက်သေနတ် များဖြင့် အသားများကို ဖောက်ထွင်းသံများ ယှက်နွယ်ကာ အလွန်တရာ ပြင်းထန် ရက်စက်လှသော တေးသွားကြီး တစ်ပုဒ်ကို ဖန်တီးနေလေသည်။

ကြောက်လန့်တကြား ထွက်ပြေးနေခဲ့ရသော မှော်မန္တန် ကျင့်ကြံသူ ကစားသမားများလည်း အခြေအနေကို ချက်ချင်း သဘောပေါက်သွားကြတော့၏။

'သောက်ကျိုးနည်း... မှော်မန္တန် တွေ မတိုးဘူးပေါ့လေ... ဒါဆို ငါ ကျောက်ခဲ တွေနဲ့ ပေါက်သတ်ပစ်မယ်ကွာ'

'တောင်ရွှေ့ခြင်း' အမည်ရ မြေစွမ်းအင် သုံး မှော်မန္တန် ကို ကျွမ်းကျင်သော ကျင့်ကြံသူ တစ်ယောက်က စွန့်ပစ် ကားဟောင်း တစ်စီး အရွယ်အစားခန့် ရှိသော စက်ယန္တရား အပျက်အစီး ကြီး တစ်ခုကို မ ယူလိုက်ပြီး အင်းဆက် အုပ်ကြီး ဆီသို့ ဝုန်းခနဲ ပစ်ပေါက်လိုက်ရာ ဇာ့ဂ် အကောင်ပေါက်လေး ငါးကောင် ခြောက်ကောင်ခန့် ချက်ချင်း ပြားချပ်သွားတော့သည်။

“ဟုတ်တယ်... အဲဒီလို လုပ်ရမှာ... သူတို့ကို ဝိညာဉ်စွမ်းအင် တွေနဲ့ တိုက်ရိုက် မတိုက်ကြနဲ့... ဝိညာဉ်စွမ်းအင် ကို သုံးပြီး ပစ္စည်းတွေကို မ ပြီး ပေါက်သတ်ကြစမ်း”

တစ်ချိန်တည်းမှာပင် တောက်ပသော အနီရောင် အရေးပေါ် တာဝန် သတိပေးချက် လေး တစ်ခု ကစားသမားများ အားလုံး၏ မျက်လုံးရှေ့တွင် ပေါ်လာတော့၏။

“အရေးပေါ် တာဝန် - အင်းဆက် အုပ်စုကြီး ၏ နှလုံးသား။

တာဝန် ဖော်ပြချက် - မြေအောက်မှာ အိပ်မောကျနေတဲ့ ဇာ့ဂ် တွေဟာ ဝိညာဉ်စွမ်းအင် တွေကြောင့် နိုးထလာပါပြီ။ သူတို့က ဝိညာဉ်စွမ်းအင် အရင်းအမြစ် တွေ အကုန်လုံးကို ဝါးမျိုချင်နေကြပါတယ်... အဲဒီအထဲမှာ မင်းတို့ရဲ့ မူလဝိဉာဉ် အဆင့် တွေနဲ့ ယခုလေးတင် ပွင့်သွားတဲ့ နဂါး သွေးကြော ကြီးလည်း ပါဝင်ပါတယ်။

ရည်ရွယ်ချက် - ခိုလှုံရေး စခန်း နံပါတ် (၇၃) ရဲ့ အချက်အချာ ဧရိယာ ကို အသက်ပေးပြီး ကာကွယ်ပါ... ပထမဆုံး ဇာ့ဂ် လှိုင်းလုံးကြီး ကို ပြန်လည် တိုက်ထုတ်လိုက်ပါ။

ဆုလာဘ် - 'မျိုးနွယ်စု ဂုဏ်သတင်း စနစ်' ကို ဖွင့်လှစ်ပေးပါမယ်... အကောင်းဆုံး စွမ်းဆောင်နိုင်သူများသည် 'စက်မှုနည်းပညာ မျိုးနွယ်စု သို့မဟုတ် ဇာ့ဂ် မျိုးနွယ်စု' အဖြစ် အတန်းအစား ပြောင်းလဲခြင်း ပြုလုပ်နိုင်မည့် အခွင့်အရေးကို ရရှိပါမယ်”

မူလက ဆုတ်ခွာရန် တွေးတောနေခဲ့ကြသော ကစားသမားများမှာ နောက်ဆုံး စာကြောင်းလေးကို မြင်လိုက်ရသောအခါ သူတို့၏ မျက်လုံးများ ချက်ချင်း လင်းလက်သွားကြတော့၏။

'အတန်းအစား ပြောင်းလဲခွင့် လား'

'လျှို့ဝှက် အတန်းအစား တွေအတွက်... ချီတက်ကြဟေ့'

ယခင်က ကစဉ့်ကလျား ဖြစ်နေခဲ့သော ကစားသမား အုပ်စုကြီးမှာ ချက်ချင်းဆိုသလို စုစည်းသွားကြတော့၏။

မှော်မန္တန် ကျင့်ကြံသူ များက အနောက်ဘက်မှနေ၍ မြေသား နံရံများ ဖန်တီးကာ အင်းဆက် များ၏ လှုပ်ရှားမှုကို ကန့်သတ်ပေးကြပြီး၊ စက်ရုပ်ကြီး များက အရှေ့တန်းမှနေ၍ အင်အားပြင်းလှသော သေနတ်များဖြင့် ပစ်ခတ်ပေးကြသည်။ ဓားသိုင်း ကျင့်ကြံသူ များကမူ အဝေးမှ ဓားပျံ ဖြင့် တိုက်ခိုက်ခြင်းကို စွန့်လွှတ်လိုက်ကြပြီး သူတို့၏ ဧရာမ ဓားကြီးများကို ကိုင်ဆောင်ကာ အနီးကပ် ဝင်ရောက် ခုတ်ပိုင်းကြတော့၏။

ထိုအခိုက်အတန့်၌ အင်မော်တယ် လောက ၏ တိုက်ခိုက်ရေး ပုံစံကြီးမှာ လုံးဝကို လမ်းလွဲသွားခဲ့တော့၏။

ကျက်သရေရှိလှသော အင်မော်တယ် မှော်မန္တန် များဖြင့် တိုက်ခိုက်ခြင်း မဟုတ်တော့ဘဲ သံမဏိ များနှင့် အသားစ များ ကြေမွနေသော အသားကြိတ်စက် ကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့တော့၏။

အင်းဆက် အုပ်ကြီး ၏ အနောက်ဘက် အဝေး တစ်နေရာတွင် ဧရာမ ဇာ့ဂ် ဘုရင်မ ကြီးသည် ဤမြင်ကွင်းကို စိတ်အာရုံ ချိတ်ဆက်မှု မှတစ်ဆင့် တွေ့မြင်နေရသည်။

'ဒီကောင်တွေ ဘာဖြစ်နေကြတာလဲ...'

သူမ၏ ရိုးရှင်းလှသော ဉာဏ်ရည် ဖြင့် ဤ အားနည်းပုံပေါ်သော သားကောင်များသည် သေဘေးနှင့် ရင်ဆိုင်နေရချိန်တွင် ထွက်ပြေးမည့်အစား ဘာကြောင့် ပို၍ ရူးသွပ် စိတ်လှုပ်ရှား လာကြသနည်း ဆိုတာကို လုံးဝ နားမလည်နိုင်အောင် ဖြစ်နေတော့၏။

“ရှီး... ”

သူမက နောက်ထပ် စူးရှသော အော်ဟစ်သံကြီး တစ်ခုကို ထုတ်လွှတ်လိုက်ပြန်သည်။

အင်းဆက် လိုဏ်ခေါင်းများ ပိုမို ပွင့်လာပြီး ဇာ့ဂ် အကောင်ပေါက်လေး များအပြင် ကျောကုန်းပေါ်တွင် အစိမ်းရောင် အဆိပ်အိတ် ကြီးများ ဖောင်းကားနေသည့် 'ဘိန်းလင်း' ဟုခေါ်သော တုတ်ခိုင်သည့် အသေခံ ဖောက်ခွဲရေး မိစ္ဆာကောင်ကြီးများလည်း ကပျက်ကချော်ဖြင့် ထွက်ပေါ်လာကြတော့၏။

'ငါတို့ မင်းတို့ကို ကိုက်လို့ မရဘူး ဆိုရင်... ပေါက်ကွဲပြီး အသေခံ တိုက်မယ်ကွာ'

စစ်ပွဲကြီးက ပိုမို အရှိန်မြင့်လာခဲ့တော့၏။

All Chapters