← Chapters

အခန်း (၂၄၇-၂၄၉)

Vol. 17 Ch. 247-249

အခန်း (၂၄၇-၂၄၉)

Vol. 17 Ch. 247-249

အခန်း (၂၄၇) ဆိုက်ဘာ စွန့်ပစ်မြေနဲ့ တောတွင်း ဥပဒေ

ကွေ့ယွမ်ဂိုဏ်း ၏ အနောက်ဘက်တောင်ကြော၊ မြေအောက် မီတာ (၅၀၀) အနက်ရှိ စွန့်ပစ် သတ္တုတွင်း ဧရိယာ တွင်၊

ဤနေရာသည် တစ်ချိန်က ကွေ့ယွမ်ဂိုဏ်း မှ နှစ်ရာပေါင်းများစွာ တူးဖော်ခဲ့ပြီး မျက်နှာပြင်ပေါ်တွင် သယံဇာတများ ခန်းခြောက်သွားသဖြင့် စွန့်ပစ်ထားခဲ့သော မိုင်းတွင်းဟောင်း ကြီး တစ်ခု ဖြစ်သည်။ အမှောင်ထုဖုံးလွှမ်းပြီး စိုစွတ်ကာ မှိုနံ့များ နံစော်နေလေ့ရှိသည်။ သို့သော် ယနေ့တွင်မူ ထိုနေရာကြီးမှာ အလင်းရောင် ညစ်ညမ်းမှုများဖြင့် ပြည့်နှက်နေသော ပင်လယ်ပြင်ကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့တော့၏။

“ဒုန်း... ဒုန်း... ဒုန်း... ဒုန်း... ဒုန်း... ဒုန်း... ”

နားကွဲမတတ် ဆူညံလှသော ဟဲဗီး မက်တယ် နောက်ခံ တေးဂီတ ကြီးနှင့်အတူ ရှာဖွေရေး မီးမောင်းကြီး ရာပေါင်းများစွာက မိုင်းတွင်း ကြီးကို နေ့လယ်ခင်းပမာ လင်းထိန်နေစေတော့၏။

“ရှစ်ဆယ်... ရှစ်ဆယ်... ရှစ်ဆယ်... ”

'ခေါင်းမာတဲ့ ကောင်လေး' သည် သူ၏ သံချပ်ကာ အထူစား စက်ရုပ်ကြီးကို မောင်းနှင်ကာ အောက်ဘက်ရှိ ဒုံးပျံ တွန်းကန်အားပေးစက် ၏ နောက်ကန်အား ကို အသုံးပြု၍ သတ္တုစပ် ပေါက်ပြားကြီးကို အရိပ်သာ မြင်ရသည်အထိ လျင်မြန်စွာ လွှဲယမ်း ပေါက်ချနေသည်။

“ဝုန်း... ”

ပေါက်ပြား တစ်ချက် ပေါက်ချလိုက်သည်နှင့် ကျောက်သားများ ကြေမွသွားတော့၏။ တစ္ဆေဆန်သော အပြာရောင် အလင်းတန်းများ ထုတ်လွှတ်နေသည့် ဝိညာဉ်ကျောက်တုံး တစ်တုံး လိမ့်ကျလာသည်။

“ထွက်လာပြီဟေ့... စွမ်းအင်မြင့် ဘက်ထရီ ကွ”

'ခေါင်းမာတဲ့ ကောင်လေး' မှာ စိတ်လှုပ်ရှားစွာဖြင့် ထို ဝိညာဉ်ကျောက်တုံး ကို ကောက်ယူလိုက်ပြီး ဖုန်များကိုပင် မသုတ်တော့ဘဲ သူ၏ ရင်ဘတ်ပေါ်ရှိ ဝိညာဉ်စွမ်းအင် ဓာတ်ပေါင်းဖို အပေါက်ဝ ထဲသို့ တိုက်ရိုက် ထိုးသိပ်ထည့်လိုက်သည်။

“ရှဲ... ရှဲ... ရှဲ... ”

သာယာလှသော လျှပ်စစ်စီးကြောင်း တစ်ခုက သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့၏။ ယခင်က အနီရောင် လင်းနေခဲ့သော စွမ်းအင် နည်းပါးမှု သတိပေး မီးလုံးလေးမှာ ချက်ချင်း အစိမ်းရောင် သို့ ပြောင်းလဲသွားပြီး စက်ရုပ်ကြီး ၏ ကျောကုန်းရှိ အပူထုတ် လေဝင်လေထွက် ပေါက်များမှ အဖြူရောင် ရေနွေးငွေ့ လုံးကြီးများ အူထွက်လာသည်။

“အမိုက်စားပဲ... အားအပြည့် ပြန်ပြည့်သွားပြီဟေ့”

'ခေါင်းမာတဲ့ ကောင်လေး' က ကျေနပ် အားရစွာဖြင့် အီလက်ထရောနစ် ဟိန်းဟောက်သံကြီး တစ်ခုကို ထုတ်လွှတ်လိုက်သည်။

'ဒါမှ စက်မှုနည်းပညာ မျိုးနွယ်စု တွေ နေထိုင်ရမယ့် ဘဝ အစစ်ပဲကွ... သတ္တု တူးမယ်... အားသွင်းမယ်... ပြုပြင်မွမ်းမံမယ်ဟေ့'

သူ၏ အနောက်ဘက်တွင် စက်မှုနည်းပညာ မျိုးနွယ်စု ကစားသမား ထောင်ပေါင်းများစွာသည် ဤနေရာကြီးကို ဧရာမ မြေအောက် ဆိုက်ဘာ မြို့တော်ကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲထားကြတော့၏။ သူတို့က သတ္တု တူးဖော်ရုံ သက်သက် မဟုတ်ဘဲ... ကိုယ်ပိုင် စက်မှုလုပ်ငန်းများကိုပါ လုပ်ဆောင်နေကြခြင်း ပင် ဖြစ်သည်။

“ညီအစ်ကို... မင်းရဲ့ လက်မောင်းက သိပ်အဆင်မပြေဘူးကွာ... သတ္တုတူးတဲ့ နေရာမှာ အလုပ်တွင်ကျယ်မှု အရမ်း နည်းလွန်းတယ်”

စက်မှုနည်းပညာ ကျွမ်းကျင်သူ 'လက်မှုပညာရှင် ကန်' သည် အနားသို့ လျှောက်လာပြီး အသစ်စက်စက် ကစားသမား တစ်ယောက်၏ သာမန် စက်ရုပ် လက်မောင်းကို လက်ညှိုးထိုးပြကာ ထောက်ပြလိုက်၏။

“ငါ မင်းအတွက် ပြုပြင်မွမ်းမံ ပေးမယ်... ဒီ ကြေးနီ ပိုက်လုံး ကို ဟိုက်ဒရောလစ် တိုင် နဲ့ ချိတ်ဆက်လိုက်မယ်... ပြီးရင် မောင်းနှင်ဖို့အတွက် မီးစွမ်းအင် ဝိညာဉ်ကျောက်တုံး နှစ်တုံး ကို မြှုပ်နှံလိုက်မယ်ကွာ...”

မီးပွားများ တဖျတ်ဖျတ် လင်းလက်နေသော ဂဟေဆော်သည့် လုပ်ငန်းစဉ်များ ပြီးဆုံးသွားသောအခါ ထို အသစ်စက်စက် ကစားသမား ၏ လက်မောင်းမှာ ရူးသွပ်စွာ လည်ပတ်နေသော မီးတောက် မြေတူးစက် ကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့တော့၏။

“သောက်ကျိုးနည်း... အစ်ကို ကန် က တကယ် အမိုက်စားပဲကွာ... ဒီ မြေတူးစက် က မှော်မန္တန် စွမ်းအားတောင် ပါသေးတာလား”

“ပြဿနာ မရှိပါဘူးကွာ”

'လက်မှုပညာရှင် ကန်' က သူ၏ မျက်နှာပေါ်တွင် ဂဟေဆော်ထားသော ကာကွယ်ရေး မျက်မှန်ကို ပင့်တင်လိုက်သည်။

“မှတ်ထား... ငါတို့ စက်မှုနည်းပညာ မျိုးနွယ်စု ရဲ့ ခံယူချက်က... စွမ်းအင် သာ လုံလုံလောက်လောက် ရှိရင် အုတ်ခဲ တစ်လုံး တောင် ပျံသန်းနိုင်တယ် ဆိုတာပဲကွ”

“အမှိုက်လိုက်ကောက်နေတဲ့ ကျောက်လေး က စွန့်ပစ်ထားတဲ့ ဝိညာဉ်စွမ်းအင် စုစည်းရေး မန္တန်ကွင်းပြင် ပြား တစ်ခုကို ရှာတွေ့ထားတယ်တဲ့... အဲဒါကို ကြိုးမဲ့ အားသွင်း စခန်း ကြီး တစ်ခု အဖြစ် ပြောင်းလဲဖို့ ငါ စီစဉ်နေတယ်... အဲဒါ ပြီးသွားရင် ဒီ မိုင်းတွင်း ဧရိယာ ထဲမှာ ငါတို့ အားလုံး ဝိုင်ဖိုင်နဲ့ အားသွင်းလို့ ရသွားပြီဟေ့”

နာရီအနည်းငယ် အတွင်းမှာပင် စွန့်ပစ် မိုင်းတွင်း ကြီးမှာ လုံးဝ ပြောင်းလဲသွားခဲ့တော့၏။

ဝါယာကြိုးများက နေရာအနှံ့တွင် ဖရိုဖရဲ သွယ်တန်းထားပြီး ပြုပြင်မွမ်းမံထားသော မီးဖိုကြီးများမှ မည်းမှောင်နေသော မီးခိုးလုံးကြီးများ အူထွက်နေသည်။ မူလက လေထဲတွင် လွင့်မျောနေသော အင်မော်တယ် ချီ စွမ်းအင် ဝိညာဉ်ကျောက်တုံး များမှာ စွမ်းအင် အတုံးအခဲများ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အဖိုးတန်လှသော သံမည်း များကို သံမှိုများ ရိုက်နှက်ထားသည့် ဆိုင်ကယ်သမား သံချပ်ကာ ဝတ်စုံများ အဖြစ် ဂဟေဆော် ဖန်တီးထားကြ၏။

'ကျင့်ကြံခြင်း ဆိုက်ဘာ စွန့်ပစ်မြေ' ဟုခေါ်သော အလွန်တရာ ထူးဆန်းလှသည့် အနုပညာ အမြင်ကြီး တစ်ခု ဤနေရာတွင် ရူးသွပ်စွာ ကြီးထွားလာနေတော့၏။

... ... ...

တစ်ချိန်တည်းမှာပင် သောင်းချီသော တောင်တန်းကြီးများ ၏ အစွန်အဖျား၊ မိစ္ဆာ သားရဲ သစ်တော တွင်၊

အကယ်၍ သတ္တုတွင်း ဧရိယာ သည် စက်မှု တော်လှန်ရေး ၏ တဒေါင်ဒေါင် တဒိုင်းဒိုင်း ဆူညံသံများဖြင့် ပြည့်နှက်နေသည် ဆိုပါက... ဤနေရာသည်ကား သွေးထွက်သံယို များဖြင့် ပြည့်နှက်နေသော ဇီဝဗေဒဆိုင်ရာ ပေါက်ကွဲမှုကြီး ပင် ဖြစ်သည်။

“အူး... ”

ဧရာမ မီးတောက် တောဝက်ကြီး တစ်ကောင်သည် တောအုပ်ထဲတွင် ရူးသွပ်စွာ ထွက်ပြေးနေသည်။ တစ်ချိန်က ရက်စက် ကြမ်းကြုတ်ခဲ့သော သူ၏ သေးငယ်သည့် မျက်လုံးလေးများမှာ ယခုအခါ အကြောက်တရားများဖြင့် ပြည့်နှက်နေတော့၏။ အကြောင်းမူကား သူ၏ အနောက်တွင် အမည်းရောင် လှိုင်းလုံးကြီး တစ်ခုက ထပ်ချပ်မကွာ လိုက်ပါလာသောကြောင့်ပင်။

သူတို့ကား ရက်စက် ကြမ်းကြုတ်သော အသွင်အပြင် ရှိသည့် ဇာ့ဂ် အကောင်ပေါက်လေး တစ်သိုက် ပင် ဖြစ်သည်။ သူတို့တွင် စနစ်တကျ ဖွဲ့စည်းထားသော အစီအစဉ် မရှိဘဲ အစားအစာ ကို လိုချင်တပ်မက်သော အခြေခံအကျဆုံး ဗီဇစိတ် သက်သက်သာ ရှိသည်။

“သူ့ကို အလွတ်မခံနဲ့... အဲဒါ ဝက်သားဟင်း ကွ... အဲဒါ အတွေ့အကြုံမှတ် အထုပ် ကြီးဟေ့”

ကစားသမား 'ဝက်ဝံ' သည် ယခုအခါ ဇာ့ဂ် ပုံစံဖြင့် ရှိနေပြီး တံစဉ်း ကဲ့သို့သော ရှေ့လက်တံများ ပါရှိသည့် ထိပ်သီး ဘိန်းလင်း တစ်ကောင် အဖြစ်သို့ ဆင့်ကဲပြောင်းလဲ ထားတော့၏။ သူက ပါးစပ်မှ သွားရည်များ တမြားမြား ကျလျက် အရှေ့ဆုံးမှ ဦးဆောင် ပြေးဝင်လာသည်။

ပြေးစရာ လမ်းမရှိတော့သောအခါ မီးတောက် တောဝက်ကြီး က ရုတ်တရက် လှည့်ကာ ပူပြင်းလှသော မီးလုံးကြီး တစ်လုံးကို ပန်းထုတ်လိုက်သည်။

“ဝှူး... ”

မီးတောက်များက ရှေ့ဆုံးမှ ဇာ့ဂ် အကောင်ပေါက်လေး အချို့ကို ချက်ချင်း လွှမ်းခြုံသွားတော့၏။

သို့ရာတွင် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။ မည်းတူးသွားသော ဇာ့ဂ် အကောင်ပေါက်လေး များမှာ တကယ်တမ်း သေဆုံးမသွားကြချေ။ သူတို့က မီးတောက်များ ကြားတွင် နာကျင်စွာ အော်ဟစ်နေကြသော်ငြား သူတို့၏ အပြင်ခွံများမှာ မျက်စိရှေ့မှာပင် ကွာကျသွားပြီး ပြန်လည် ထွက်ပေါ်လာနေသည် မဟုတ်ပါလော။ အသစ် ပြန်ပေါက်လာသော အပြင်ခွံများမှာ အနီရင့်ရောင် သန်းနေပြီး မီးတောက်များ ကြားတွင် လုံးဝ အထိအခိုက် မရှိဘဲ ကျန်ရှိနေတော့၏။

“စနစ် ၏ အသိပေးချက်။ မီးတောက် တောဝက်ကြီး ၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရပါသည်... မျိုးရိုးဗီဇ အစီအစဉ်များ ပြန်လည် ပေါင်းစပ်နေပါသည်... ဂုဏ်ပြုပါတယ် ကစားသမား... သင်သည် 'အခြေခံ မီးဒဏ် ခံနိုင်ရည်' ဟူသော အလိုအလျောက် မွေးရာပါ စွမ်းရည်ကို ရရှိသွားပါပြီ”

“သူတို့ ဆင့်ကဲပြောင်းလဲ သွားပြီဟေ့... ညီအစ်ကိုတို့... မီးဒဏ် ခံနိုင်ရည် က အပြည့် ဖြစ်သွားပြီကွ”

မီးလောင်ခံထားရသော ဇာ့ဂ် အကောင်ပေါက်လေး မှာ မီးတောက်ထဲမှ စိတ်လှုပ်ရှားစွာ ခုန်ထွက်လာသည်။

“အခုတော့ တကယ့် ဝက်ကင် ကြီး ဖြစ်သွားပြီဟေ့... ချီတက်ကြ”

“ရွှတ်... ရွှတ်... ”

အင်းဆက် ရာပေါင်းများစွာ ရှေ့သို့ တိုးဝင်သွားကြ၏။ မီးတောက် တောဝက်ကြီး မှာ အော်ဟစ်ရန် အချိန်ပင် မရလိုက်ဘဲ အင်းဆက် ပင်လယ်ကြီး ၏ ဝါးမျိုခြင်းကို ချက်ချင်း ခံလိုက်ရတော့၏။ သုံးစက္ကန့်လေး အတွင်းမှာပင် ထိုနေရာတွင် ဖြူဖွေး သန့်စင်နေသော အရိုးစု ကြီး တစ်ခုသာ ကျန်ရစ်တော့သည်။

“ဂေ့... ”

'ဝက်ဝံ' က လေတက်လိုက်ရာ သူ၏ ခန္ဓာကိုယ်မှ အနီရောင် အလင်းတန်း တစ်ခု ထွက်ပေါ်လာတော့၏။

“မီးတောက် တောဝက်ကြီး ၏ သွေးနှင့် အသားများကို ဝါးမျိုလိုက်ပါပြီ... ဆင့်ကဲပြောင်းလဲမှု အမှတ်များ ရရှိပါတယ်... ဂုဏ်ပြုပါတယ်... 'ဘိန်းလင်း' အဖြစ် ဆင့်ကဲပြောင်းလဲ သွားပါပြီရှင်”

သူ၏ ခန္ဓာကိုယ်က စတင် ဖောင်းကားလာပြီး မူလက အဆိပ်ရည်များ ပန်းထုတ်ရန် အသုံးပြုခဲ့သော အိတ်များမှာ ယခုအခါ ပိုမို ပူပြင်းလှသော မီးတောက် အိတ်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့တော့၏။

“အမိုက်စားပဲကွာ... မီးမွှေးဖို့ မလိုတော့ဘူး... ကိုယ်တိုင်က မီးခြစ် ဖြစ်သွားပြီဟေ့”

၎င်းကား ဇာ့ဂ် များ၏ ကြောက်မက်ဖွယ် အကောင်းဆုံး အချက်ပင် ဖြစ်သည်။ သူတို့က စားသမျှ အရာတိုင်းကို ပြန်လည် ဖြည့်တင်းကြ၏။

ငါ့ကို မသတ်နိုင်သရွေ့... ငါက ပိုပြီး သန်မာလာမှာပဲ ဆိုသလိုပင်။

... ... ...

သုံးရက် အကြာတွင်၊

ကျန်းချန်က အလယ်ပိုင်းကုန်းမြေ ၏ မြေပုံကို တစ်ဖန် ပြန်ဖွင့်ကာ အင်အားစုများ၏ ဖြန့်ကျက်ထားမှုကို စစ်ဆေးကြည့်လိုက်သောအခါ... သူ လုံးဝ ဆွံ့အသွားတော့၏။

ကွေ့ယွမ်ဂိုဏ်း ၏ မြေအောက် သတ္တုတွင်း ဧရိယာ တွင် 'စက်မှုနည်းပညာ မိစ္ဆာ ဘာသာရေး ဂိုဏ်း - ပထမ တပ်ခွဲ' ဟု အမှတ်အသား ပြုလုပ်ထားသော ခံတပ်ကြီး တစ်ခု ထွက်ပေါ်လာခဲ့တော့၏။

ကင်းစခန်း ၏ ဖော်ပြချက်တွင် စွမ်းအင် အညွှန်းကိန်း မှာ တိုင်းတာ၍ မရနိုင်အောင် မြင့်မားနေပြီး အန္တရာယ် အဆင့်မှာလည်း အလွန်အမင်း မြင့်မားကြောင်း ဖော်ပြထားသည်။ ဤ အရူးတစ်သိုက်သည် မိုင်းတွင်းကြီးကို ဝင်္ကပါ ကြီး တစ်ခု အဖြစ် ပြောင်းလဲပစ်ခဲ့ကြပြီး ဗို့အားမြင့် လျှပ်စစ် ကွန်ရက် များနှင့် အလိုအလျောက် သေနတ် စင်များဖြင့် ပြည့်နှက်နေစေခဲ့၏။ သူတို့သည် ဝိညာဉ်ကျောက်တုံး အင်ဂျင် ဖြင့် မောင်းနှင်သော အကြီးစား သတ္တုတူးဖော်ရေး တင့်ကား ကြီး တစ်စီးကိုပင် တည်ဆောက်ရန် ကြိုးစားနေကြတော့သည်။

ကွေ့ယွမ်ဂိုဏ်း ၏ အရှေ့ဘက်ရှိ မိစ္ဆာ သားရဲ သစ်တော တွင်မူ အမည်းရောင် တားမြစ် နယ်မြေ ကြီး တစ်ခု ထွက်ပေါ်လာခဲ့လေပြီ။

ကင်းစခန်း ၏ ဖော်ပြချက်တွင် ဂေဟစနစ် လုံးဝ ပြိုလဲသွားပြီ ဖြစ်ကြောင်းနှင့် အန္တရာယ် အဆင့်မှာ အလွန်အမင်း မြင့်မားကြောင်း ဖော်ပြထားသည်။ မှတ်ချက်များတွင် “မိုင် (၅၀) ပတ်လည် အတွင်းရှိ မိစ္ဆာ သားရဲ များ အားလုံး အမြစ်ပြတ် ရှင်းလင်း ခံလိုက်ရပါပြီ” ဟု ရေးသားထားသည်။ ယခုအခါ သစ်တောထဲတွင် အင်းဆက် များ၏ ဝါးမျို စားသောက်သံများကိုသာ ကြားနေရတော့၏။

'ဒီ ကြီးထွားမှု နှုန်းကြီးကတော့...'

စစ်ပွဲ အစီရင်ခံစာ နှစ်စောင်ကို ကြည့်ရင်း ကျန်းချန်၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ မရှိဘဲ... အပြုံးတစ်ခုသာ ထွက်ပေါ်လာသည်။

'အရမ်း ကောင်းတယ်'

'မူလက သူတို့ အရမ်း အားနည်းနေပြီး သိုင်းပြိုင်ပွဲ ကြီးက သိပ်ပြီး ကြည့်ကောင်းမှာ မဟုတ်ဘူးလို့ ငါ စိုးရိမ်နေခဲ့တာ... ဒါပေမဲ့ အခု ကြည့်ရတာ ဒါက သိုင်းပြိုင်ပွဲ တောင် မဟုတ်တော့ဘူး... ရှင်းရှင်းကြီးကို စတားခရက်ဖ် စစ်ပွဲကြီး ဖြစ်နေပြီကွ'

[t.n: စတားခရက်ဖ် - လူသားများ၊ ဇာ့ဂ် များနှင့် ခေတ်မီ နည်းပညာသုံး ဂြိုဟ်သား မျိုးနွယ်စု များကြား စစ်ခင်းရသော နာမည်ကြီး ဂိမ်း တစ်ခု ဖြစ်ပါသည်။]

ထိုစဉ် စုန့်ချန် က ဖိတ်စာ တစ်စောင်ကို ကိုင်ဆောင်လျက် ဝင်လာ၏။

“ဂိုဏ်းချုပ်... ကောင်းကင်ဘုံ လျှို့ဝှက်ချက် ဂိုဏ်း က အခုလေးတင် သတင်းတစ်ခု ပို့လာတယ်ဗျ... ကျွန်တော်တို့ ကွေ့ယွမ်ဂိုဏ်း ရဲ့ အင်အားတွေ သိသိသာသာ တိုးတက်လာတယ် ဆိုတာကို ကြားပြီးတော့ ဂိုဏ်း အသီးသီး က ပူးပေါင်းပြီး အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များ ဖလှယ်ရေး ညီလာခံ ကြီး တစ်ခု ကျင်းပချင်ကြတယ်တဲ့... ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည် ကို စမ်းသပ်ချင်တဲ့ သဘောပါပဲ”

“ပါရမီရှင်များ ဖလှယ်ရေး ညီလာခံ တဲ့လား”

ကျန်းချန်က ဖိတ်စာကို ယူကာ စားပွဲပေါ်သို့ ပေါ့ပေါ့ပါးပါး ပစ်ချလိုက်သည်။

“ရေတွင်းထဲက ဖားသူငယ် တစ်သိုက်... အခုထိ သိုင်းပြိုင်ပွဲ ဆိုတဲ့ လှည့်ကွက် အဟောင်း ကြီးတွေကို သုံးနေတုန်းပဲပေါ့လေ... သူတို့ကို သွားပြောလိုက်... ငါတို့မှာ အချိန် မရှိဘူးလို့”

“ဒါပေမဲ့...”

ကျန်းချန်က စကားလမ်းကြောင်း လွှဲလိုက်ရာ သူ၏ မျက်လုံးများထဲတွင် နောက်ပြောင်လိုသော အရိပ်အယောင်များ တောက်ပနေ၏။

“သူတို့က ပွဲ ကြည့်ချင်နေမှတော့... အားပါးတရ ကြည့်ခွင့် ပေးလိုက်ရတာပေါ့ကွာ”

“အမိန့်ပေးလိုက်”

“ပထမဆုံး အကြိမ် ကွေ့ယွမ်ဂိုဏ်း မျိုးနွယ်စု ပေါင်းစုံ သိုင်းပြိုင်ပွဲ ကြီးကို မနက်ဖြန် စတင် ကျင်းပမယ်... အလယ်ပိုင်းကုန်းမြေ တစ်ခုလုံးကို တိုက်ရိုက် ထုတ်လွှင့် ပြသမယ်ဟေ့”

“အခုထိ ဓားပျံ တွေကို ဖက်တွယ်ထားတုန်း ဖြစ်တဲ့ ဟို အဘိုးကြီး တွေကို... ခေတ်သစ် စစ်ပွဲ ဆိုတာ ဘာလဲ ပြပေးလိုက်ကြရအောင်ကွာ”

အခန်း (၂၄၈) သိုင်းပြိုင်ပွဲ မစခင် ညချမ်း.. ဒါကို ခင်ဗျားတို့က ချစ်ကြည်ရေး ယှဉ်ပြိုင်ပွဲ လို့ ခေါ်တာလားဗျ

ကွေ့ယွမ်ဂိုဏ်း၊ သိုင်းပြိုင် ကွင်းပြင်ကြီး တွင်၊

ဤနေရာသည် မူလက တပည့်များ ဓားသိုင်း လေ့ကျင့်ပြီး တရားထိုင်လေ့ရှိသော တိတ်ဆိတ် ငြိမ်သက်သည့် နေရာတစ်ခု ဖြစ်သည်။ မြေပြင်ကို အပြာရောင် ကျောက်ပြားများဖြင့် ခင်းကျင်းထားပြီး ပတ်ဝန်းကျင်ကို ဝိညာဉ်စွမ်းအင် စုစည်းရေး မန္တန်ကွင်းပြင်များဖြင့် ဝိုင်းရံထားသဖြင့် အလွန်တရာ အေးချမ်းပြီး အင်မော်တယ် ဆန်လှသော အငွေ့အသက်များ ရရှိစေသည်။

သို့သော် ယနေ့တွင်မူ ဤနေရာကြီးမှာ လုံးဝကို ပြောင်းလဲသွားခဲ့တော့၏။

အပြာရောင် ကျောက်ပြား ကြမ်းပြင်များမှာ ဆွဲခွာခံထားရပြီး ရှုပ်ယှက်ခတ်နေသော ကတုတ်ကျင်း များ ပေါ်ထွက်နေသည်။ မူလက ပွဲကြည့်ရန် အသုံးပြုခဲ့သော ကျောက်စင်မြင့်ကြီးမှာ သံမဏိ ကွန်ကရစ်များဖြင့် အခိုင်အမာ တည်ဆောက်ထားသော ခံတပ်ကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့တော့၏။ လေထုထဲတွင် နံ့သာဆီ နံ့များ မရှိတော့ဘဲ စူးရှလှသော ယမ်းနံ့ များနှင့် စက်ဆီ အနံ့များသာ ဖုံးလွှမ်းနေတော့သည်။

ပွဲကြည့်စင်ပေါ်တွင် ဂိုဏ်းအသီးသီးမှ ဖိတ်ကြားထားသော ကိုယ်စားလှယ်များ ရှိနေကြ၏။ အကြီးအကဲ များနှင့် ပါရမီရှင် များမှာ အောက်ဘက်ရှိ ကွင်းပြင်ကြီးကို တွေဝေကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေကြသည်။

“အဟမ်း... အကြီးအကဲ ဆုန်...”

ချီယွင် ဂိုဏ်း ကို ဦးဆောင်လာသော အကြီးအကဲ တစ်ဦးက မနေနိုင်တော့ဘဲ သိလိုစိတ်ကို ထုတ် မေးလိုက်၏။

“ခင်ဗျားတို့ ဂိုဏ်း က ဘာတွေ လုပ်နေတာလဲဗျ... ဒါက ပါရမီရှင်များ ဖလှယ်ရေး ညီလာခံ ဆိုတာ မဟုတ်ဘူးလား... ဘာလို့ အကောင်းပကတိ ရှိနေတဲ့ သိုင်းပြိုင် ကွင်းပြင်ကြီး ကို... အစုလိုက်အပြုံလိုက် မြှုပ်တဲ့ သင်္ချိုင်း ကြီး အဖြစ် ပြောင်းပစ်လိုက်ရတာလဲ”

ဧည့်ခံရေးကို တာဝန်ယူထားသော စုန့်ချန် က အကြီးအကဲများအတွက် လက်ဖက်ရည် ငှဲ့ပေးရင်း ပြုံးဖြီးဖြီးဖြင့် ရှင်းပြသည်။

“အကြီးအကဲ လျူ မသိသေးလို့ပါ... ဒါကို နည်းဗျူဟာမြောက် ခံတပ် လို့ ခေါ်တယ်ဗျ... ဒီလေ့ကျင့်ခန်းက နည်းနည်းလေး ကြီးမားသွားနိုင်လို့... အားလုံးရဲ့ လုံခြုံရေး အတွက် ကျွန်တော်က ပွဲကြည့်စင် ကို ကာကွယ်ရေး မန္တန်ကွင်းပြင် သုံးထပ် တောင် အထူး ထပ်ထည့်ပေးထားတာပါနော်”

“ကာကွယ်ရေး မန္တန်ကွင်းပြင် တဲ့လား...”

အကြီးအကဲ လျူ က သူ၏ မုတ်ဆိတ်မွေးများကို ပွတ်သပ်ကာ အထင်သေးစွာ ပြုံးလိုက်သည်။

“ငါက မူလဝိဉာဉ် အဆင့် အလယ်အလတ်အဆင့် မှာ ရှိနေတာကွ... တပည့် တွေ အချင်းချင်း ယှဉ်ပြိုင်ကြတဲ့ ပွဲလေး တစ်ပွဲကများ ဒီအဘိုးကြီး ကို ဘယ်လိုလုပ်ပြီး အန္တရာယ် ပေးနိုင်မှာလဲ... မင်းတို့ ကွေ့ယွမ်ဂိုဏ်း က ကြွက်စာလောက် ရှိတဲ့ ကိစ္စလေးကို တောင်လုံးလောက် ကြီးအောင် လုပ်နေတာပဲ”

အခြား ဂိုဏ်းများမှ အကြီးအကဲ များကလည်း သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြ၏။ သူတို့၏ အမြင်တွင် ချီစုဆောင်းခြင်း အဆင့် နှင့် အခြေခံတည်ဆောက်ခြင်းအဆင့် ရှိ တပည့် တစ်သိုက်၏ ကစားပွဲ ဆိုသည်မှာ မီးလုံး သေးသေးလေး အနည်းငယ် ပစ်ပေါက်ပြီး၊ ဓားစွမ်းအင် လေးတွေ ပေအနည်းငယ်လောက် လွင့်စင်သွားတာလောက်ပဲ ရှိမှာပေါ့... အဝေးကနေ ပွဲကြည့်ရုံ သက်သက်ပါပဲကွာ။

သို့ရာတွင် သူတို့ ရယ်မောကာ စကားပြောနေကြစဉ်မှာပင်...

“ဝုန်း... ”

မြေကြီးက ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားပြီး လက်ဖက်ရည်ပန်းကန် ထဲမှ လက်ဖက်ရည်များက အကြီးအကဲ လျူ ၏ ကိုယ်ပေါ်သို့ ဖိတ်စင်သွားတော့၏။

“ငလျင်လှုပ်တာလား...”

“မိစ္ဆာ သားရဲ တွေ ဘယ်က ရောက်လာတာလဲကွ”

အားလုံးက ထိတ်လန့်တကြား မတ်တတ်ရပ်လိုက်ကြပြီး သိုင်းပြိုင် ကွင်းပြင်ကြီး ၏ အဝင်ဝဆီသို့ လှမ်းကြည့်လိုက်ကြသည်။

ဘယ်ဘက်ရှိ လမ်းကြောင်း မှနေ၍ မည်းမှောင်သော မီးခိုးလုံးကြီးများ ကောင်းကင်ယံသို့ ထိုးတက်လာတော့၏။ သွားကျိန်းစရာ ကောင်းလှသော သတ္တု ပွတ်တိုက်သံများနှင့်အတူ အင်ဂျင် ဟိန်းဟောက်သံကြီးများပါ ထွက်ပေါ်လာပြီး ဧရာမ စက်ယန္တရား ကြီး တစ်ခုက ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။

အဲဒါ တင့်ကား ကြီးပဲကွ။

ပိုမို တိကျအောင် ပြောရလျှင် ၎င်းမှာ စွန့်ပစ်ထားသော ဆေးဖို အဟောင်း တစ်လုံး၊ သံမဏိ ဘီးကြိုးများနှင့် မရေမတွက်နိုင်သော ပိုက်လုံးများဖြင့် ပေါင်းစပ် ဖန်တီးထားသည့် သေနတ်စင် အများအပြား ပါဝင်သော သံချပ်ကာ အထူစား ယာဉ်ကြီး တစ်စီး ပင်။

သူ၏ ပင်မ အမြောက်ကြီးမှာ ပေါက်ကွဲရေး မန္တန်စာလုံး များ အပြည့်အနှက် ရေးဆွဲထားသော ထူထဲသည့် ကြေးနီ ပိုက်လုံးကြီး တစ်ခု ဖြစ်သည်။ ယာဉ်ကြီး တစ်ခုလုံးကို အမည်မသိ သတ္တု အစိတ်အပိုင်း များ (အမှန်တကယ်တော့ ကာကွယ်ရေး သံချပ်ကာ များ ဖြစ်သည်။) ဖြင့် ဖုံးအုပ်ထားပြီး သေနတ်စင် ၏ အပေါ်တွင် နေကာမျက်မှန် တပ်ထားသော စက်မှုနည်းပညာ မျိုးနွယ်စုဝင် ကစားသမား တစ်ယောက်က ခေါင်မိုးပေါ်တွင် တပ်ဆင်ထားသည့် အမြန်ပစ် ဝိညာဉ် လေးမြှားစက် များကို ကိုင်ဆောင်လျက် မောက်မာစွာ ဟွန်းများ တီးနေ၏။

“ပွီ... ဝီ... ”

“ဖယ်ကြ... ဖယ်ကြ... ဘရိတ် ပေါက်နေတယ်ဟေ့”

'ခေါင်းမာတဲ့ ကောင်လေး' ၏ ဟိန်းဟောက်သံကြီးက အသံချဲ့ မန္တန် မှတစ်ဆင့် ကွင်းပြင် တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားတော့သည်။

“ဒါက စက်မှုနည်းပညာ မိစ္ဆာ ဘာသာရေး ဂိုဏ်း ရဲ့ ပထမဆုံး စမ်းသပ် ပုံစံ... 'ကမ္ဘာပျက် ဆေးဖို' ကြီးပဲကွ... ငါ့ကို လာတားရဲတဲ့ ကောင် ရှိရင် အမြောက်ပြောင်းဝ ထဲ ထိုးသိပ်ထည့်ပြီး ပစ်လွှတ်လိုက်မယ် မှတ်”

ပွဲကြည့်စင်ပေါ်ရှိ အကြီးအကဲ များမှာ မျက်လုံးများပင် ပြူးထွက်လုမတတ် ဖြစ်သွားကြတော့၏။

“ဒါ... ဒါ ဘာကြီးလဲ... ရုပ်သေး သားရဲ ကြီးလား”

“ဘာလို့ ဒီလောက်တောင် ရုပ်ဆိုးရတာလဲ... ဒါပေမဲ့ ဒီကနေ ထွက်နေတဲ့ အရှိန်အဝါ တွေက... ရွှေအမြုတေအဆင့် နှောင်းပိုင်း နဲ့တောင် ယှဉ်နိုင်တယ်ကွ”

သူတို့ တုန်လှုပ်မှုထဲမှ မရုန်းထွက်နိုင်သေးမီမှာပင်...

“ရှီး... ”

ညာဘက်ရှိ လမ်းကြောင်း မှနေ၍ ကျောချမ်းဖွယ်ရာ ဟိန်းဟောက်သံကြီး တစ်ခု ထွက်ပေါ်လာပြန်သည်။

တောင်ပူစာလေး တစ်လုံးခန့် အရွယ်အစားရှိသော သက်ရှိ သတ္တဝါကြီး တစ်ကောင် ထွက်ပေါ်လာ၏။

၎င်းမှာ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ချဲ့ကားထားသော ကြံ့ ကြီး တစ်ကောင်နှင့် တူသော်ငြား သူ၏ ကျောကုန်းပေါ်တွင် ထက်မြက်လှသော အရိုးဆူးချွန် များ ဖုံးလွှမ်းနေပြီး တုတ်ခိုင်လှသော ခြေလေးချောင်းက ခြေတစ်လှမ်း လှမ်းလိုက်တိုင်း မြေကြီးပေါ်တွင် နက်ရှိုင်းသော တွင်းပေါက်ကြီးများ ဖြစ်ပေါ်စေသည်။ အလွန်တရာ ပြင်းထန်သော အက်ဆစ် ဓာတ်များ ပါဝင်သည့် အစိမ်းရောင် သွေးရည်များက သူ၏ ထူထဲလှသော အပြင်ခွံ အက်ကွဲကြောင်းများ ကြားမှ စီးကျနေပြီး မြေကြီးပေါ်သို့ ကျရောက်သွားတိုင်း ရှဲ ခနဲ အသံများ ထွက်ပေါ်ကာ မြေကြီးကိုပင် လောင်ကျွမ်းသွားစေတော့၏။

ဤသည်ကား ဇာ့ဂ် ကစားသမား များ အားလုံး စုပေါင်း၍ မွေးမြူထားသော အမြင့်ဆုံး ယူနစ်ကြီး... 'အာထရာလစ်ခ်' (အဆင့်နိမ့် ဗားရှင်း) ပင် ဖြစ်သည်။

[t.n: အာထရာလစ်ခ်- StarCraft ဂိမ်းထဲမှ ဇာ့ဂ် မျိုးနွယ်စု၏ အကြီးမားဆုံးနှင့် အကြမ်းတမ်းဆုံး မိစ္ဆာကောင် ကြီး ဖြစ်ပါသည်။]

အာထရာလစ်ခ် ကြီး၏ အပေါ်တွင် ဇာ့ဂ် တပ်မှူး 'ဝက်ဝံ' က ခြေချိတ်ထိုင်နေ၏။ ဧရာမ ခြေထောက် အရိုးကြီး တစ်ခုကို တုတ်တံပမာ ကိုင်ဆောင်ထားကာ သူ၏ အနောက်တွင်တော့ ဇာ့ဂ် အကောင်ပေါက်လေး တပ်မတော်ကြီး က ထပ်ချပ်မကွာ လိုက်ပါလာကြသည်။

“ဒါက မင်းတို့ရဲ့ ပြိုင်ပွဲ တဲ့လား”

အကြီးအကဲ လျူ မှာ လက်များ တုန်ရီနေပြီး မုတ်ဆိတ်မွေးများပင် တဆတ်ဆတ် တုန်ခါနေတော့၏။

“ဒါက ရှင်းရှင်းကြီးကို မိစ္ဆာကောင် တွေက မြို့ကို ဝိုင်းတိုက်တဲ့ ပွဲကြီးပဲကွ”

ထိုစဉ် သိုင်းပြိုင် ကွင်းပြင်ကြီး ၏ တည့်တည့် အထက်ရှိ ကောင်းကင်ယံမှာ ရုတ်တရက် မည်းမှောင်သွားတော့၏။

အဲဒါက လူသား မျိုးနွယ်စု ကစားသမား တွေ ဝင်လာတာပင်။

စက်မှုနည်းပညာ မျိုးနွယ်စု ၏ ဆူညံပွက်လောရိုက်မှုများ၊ ဇာ့ဂ် မျိုးနွယ်စု ၏ ရက်စက် ကြမ်းကြုတ်မှုများနှင့် ယှဉ်လိုက်လျှင် လူသား မျိုးနွယ်စု ကစားသမား များ၏ ပေါ်ထွက်လာပုံမှာ အလွန်တရာ တိတ်ဆိတ် ငြိမ်သက်နေပြီး အနည်းငယ် ကျောချမ်းဖွယ်ရာပင် ကောင်းနေသေးသည်။

အပြာရောင် ဝတ်ရုံများကို ဝတ်ဆင်ထားသော ဝါရင့် ကစားသမား ထောင်ပေါင်းများစွာသည် ဓားပျံ များကို စီးနင်းလျက် လေထဲတွင် လွင့်မျောနေကြ၏။ မည်သည့် အထူးပြုလုပ်ချက် များကိုမျှ အသုံးမပြုကြဘဲ သူတို့ တစ်ယောက်ချင်းစီတိုင်း၏ လက်ထဲတွင် မန္တန်ကွင်းပြင် အလံ အများအပြား၊ သို့မဟုတ် ကျောချမ်းဖွယ် အလင်းတန်းများ တဖျတ်ဖျတ် လင်းလက်နေသော မှော်ရတနာ အပုံလိုက် ကို ကိုင်ဆောင်ထားကြ၏။

သူတို့သည် ကွေ့ယွမ်ဂိုဏ်း ၏ ဝါရင့် တပ်သားဟောင်း ကြီးများ ဖြစ်ကြပြီး သောင်းချီသော ရတနာများ ဆိုင်ခွဲ စီးပွားရေး စစ်ပွဲ နှင့် အချက်ပြ တာဝါတိုင် ကာကွယ်ရေး စစ်ပွဲ များကို ကိုယ်တိုင် ဖြတ်သန်းခဲ့ဖူးသူများ ပင် ဖြစ်သည်။

အောက်ဘက်ရှိ အသစ် ထွက်ပေါ်လာသော မျိုးနွယ်စု နှစ်ခု ကို ကြည့်ရင်း လူသား မျိုးနွယ်စု တပ်မှူး ရွှယ်တောက်နျန် က အေးစက်စွာ ပြုံးလိုက်ပြီး ချန်နယ် ထဲတွင် အမိန့်ပေးလိုက်သည်။

“ညီအစ်ကိုတို့... အားလုံးပဲ ခြိမ်းခြောက်ခံနေရသလို ခံစားနေရတယ် မလား”

“ဒီ အကောင်ပေါက် လေးတွေက ဂန်းဒမ်း တွေ စီးလာတယ်... မိစ္ဆာကောင် တွေ ခေါ်လာပြီး ငါတို့ရဲ့ နေရာကို လုယူဖို့ ကြိုးစားနေကြတယ်... တကယ်လို့ ငါတို့သာ ဒီနေ့ ရှုံးသွားရင်... ငါတို့ ချီစုဆောင်းခြင်း အဆင့် ကျင့်ကြံသူ တွေ အကုန်လုံး သူတို့ရဲ့ အထောက်အကူပြု တွေ၊ ပါဝါဘန့် တွေ နဲ့ ကြောင်ချေးကော်သမားတွေ အဖြစ် ပြောင်းသွားရလိမ့်မယ်ကွ”

“ဒီ ဗားရှင်းမှာ ဘယ်သူက အစစ်အမှန် ရွေးချယ်ခံရသူ လဲ ဆိုတာ သူတို့ကို ပြပေးလိုက်ကြစမ်း”

“မြေစွမ်းအင် သုံး ကျင့်ကြံသူ တွေ အားလုံး နားထောင်... 'မြေကမ္ဘာ နစ်မြုပ်ခြင်း' မှော်မန္တန် တွေကို ပြင်ဆင်ထား... ပြီးရင် စက်မှုနည်းပညာ မျိုးနွယ်စု ရဲ့ ဘီးကြိုး တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ကြစမ်း”

“မိုးကြိုး မှော်မန္တန် ကျင့်ကြံသူ တွေ အားလုံး ငါ့အမိန့်ကို နာခံကြ... မိုးကြိုး အခင်းအကျင်း တွေကို ပြင်ဆင်ထား... လျှပ်စစ် အင်းဆက် တွေရဲ့ အာရုံကြော ဗဟိုချက် ကို တည့်တည့် ပစ်ခတ်ကြဟေ့”

“အိုကေပါဗျာ... ”

ကစားသမား ထောင်ပေါင်းများစွာက တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြရာ နားကွဲမတတ် ဟိန်းဟောက်သံကြီး တစ်ခု ထွက်ပေါ်လာတော့၏။

... ... ...

အမြင့်ဆုံး စင်မြင့်ပေါ်တွင်၊ ကျန်းချန်က အောက်ဘက်ရှိ အုပ်စုသုံးစု မျက်နှာချင်းဆိုင် ရင်ဆိုင်နေကြသည်ကို ကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

'ဒါမှ စိတ်ဝင်စားစရာ ကောင်းတာကွ'

စက်မှုနည်းပညာ မျိုးနွယ်စု ရဲ့ လွှမ်းခြုံ ပစ်ခတ်မှု ကြီးတွေ၊ ဇာ့ဂ် မျိုးနွယ်စု ရဲ့ တန့်ခ် တိုက်ကွက် တွေ နဲ့ လူသား မျိုးနွယ်စု ရဲ့ နည်းဗျူဟာမြောက် ထိန်းချုပ်မှု တွေ။

[t.n: တန့်ခ် တိုက်ကွက်- StarCraft ဂိမ်းတွင် အသုံးပြုလေ့ရှိသော တိုက်ခိုက်ရေး နည်းဗျူဟာ တစ်ခု ဖြစ်ပြီး စစ်သား အမြောက်အမြားဖြင့် ရန်သူကို အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခြင်းပါ။]

ဒါက ကျင့်ကြံသူ တွေ အချင်းချင်း တိုက်ခိုက်ကြသော စစ်ပွဲ သက်သက် မဟုတ်တော့...။

အသစ် ပေါ်ထွန်းလာသည့် ယဉ်ကျေးမှု လူ့အဖွဲ့အစည်း သုံးခု ၏ တိုက်ပွဲ ကြီးပင်။

သူ မတ်တတ်ရပ်လိုက်ရာ သူ၏ အသံကြီးက ဝိညာဉ်စွမ်းအင် မှတစ်ဆင့် ကွင်းပြင် တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့၏။

“အဝေးကနေ လာရောက်ကြတဲ့ တာအိုမိတ်ဆွေ များ ခင်ဗျာ... ကွေ့ယွမ်ဂိုဏ်း ကနေ ကြိုဆိုပါတယ်”

“ဒီနေ့မှာတော့ အထိအခိုက် မရှိတဲ့ ယှဉ်ပြိုင်မှု မျိုးတွေ မရှိဘူး... ချစ်ကြည်ရေး က ပထမ ဆိုတာမျိုးတွေလည်း မရှိဘူး”

“ဒါက စစ်ရေး လေ့ကျင့်ခန်း ကြီး တစ်ခုပဲ”

ကျန်းချန်က လက်ကို ဝှေ့ယမ်းလိုက်ရာ အနီရောင် အလင်းတန်း မျက်နှာပြင်ကြီး တစ်ခုက သိုင်းပြိုင် ကွင်းပြင်ကြီး တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

“စည်းမျဉ်း က တစ်ခုတည်းပဲ ရှိတယ်... နောက်ဆုံး အချိန်ထိ မတ်တတ်ရပ်နိုင်တဲ့ မျိုးနွယ်စု က နောက်လအတွက် သယံဇာတ ခွဲဝေမှု မှာ ဦးစားပေး ခံရမယ်”

“သိုင်းပြိုင်ပွဲ... စတင်ပြီဟေ့”

“ဝုန်း... ”

စကားလုံးများ အဆုံးသတ်သွားသည်နှင့် တစ်ပြိုင်နက် အောက်ဘက်ရှိ တိတ်ဆိတ်မှုကြီးမှာ ချက်ချင်း ကျိုးပဲ့ပျက်စီးသွားတော့၏။

စက်မှုနည်းပညာ မျိုးနွယ်စု ၏ ကမ္ဘာပျက် ဆေးဖို ကြီးက ပထမဆုံး စတင် ပစ်ခတ်လိုက်သည်။

သေနတ်သမား 'ခေါင်းမာတဲ့ ကောင်လေး' က ဟိန်းဟောက်လိုက်၏။

“ငါ့ရဲ့ အနုပညာ ကို ခံစားကြည့်စမ်း”

ပင်မ အမြောက်ကြီး ဟိန်းဟောက်သွားပြီးနောက် ပူပြင်းလှသော ဝိညာဉ်စွမ်းအင် များဖြင့် လွှမ်းခြုံထားသည့် ဧရာမ သံမဏိ ဘောလုံးကြီး တစ်လုံးက အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာကာ တစ်ဖက်ရှိ ဇာ့ဂ် အာထရာလစ်ခ် ကြီးဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားတော့၏။

ဇာ့ဂ် များကမူ လုံးဝ မကြောက်ရွံ့ချေ။

'ဝက်ဝံ' က သူ၏ အောက်ရှိ ဧရာမ သားရဲကြီး ကို ပုတ်လိုက်သည်။

“ရှေ့ကို တိုးစမ်း... သူတို့ကို ဇီဝဗေဒ ရဲ့ တုန်လှုပ်မှု လေး နည်းနည်းလောက် ပြပေးလိုက်ကွာ”

အာထရာလစ်ခ် ကြီးက ဟိန်းဟောက်လိုက်ပြီး အံ့အားသင့်စရာ ကောင်းလောက်အောင်ပင် ခေါင်းကို ငုံ့ကာ အမြောက်ဆံကြီး ကို ခေါင်းဖြင့် တည့်တည့် ဝင်တိုက်ပစ်လိုက်သည်။ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ဆင့်ကဲပြောင်းလဲထားသော သူ၏ အပြင်ခွံကြီးမှ ကျောချမ်းဖွယ်ရာ တစ္ဆေဆန်သော အလင်းတန်း တစ်ခု ထွက်ပေါ်လာတော့၏။

“ဒိုင်း... ”

အမြောက်ဆံကြီးမှာ အာထရာလစ်ခ် ကြီး၏ ခေါင်းပေါ်တွင် ပေါက်ကွဲသွားပြီး မီးပွားများ အရပ်မျက်နှာအနှံ့ လွင့်စင်သွားတော့၏။

မီးခိုးငွေ့များ လွင့်စင်သွားသောအခါ အာထရာလစ်ခ် ကြီးမှာ သူ၏ ခေါင်းကို တစ်ချက် ခါယမ်းလိုက်ရုံသာ ရှိပြီး နဖူးပေါ်တွင် မည်းတူးနေသော အရာလေး တစ်ခုသာ ထင်ကျန်ရစ်ကာ အရေပြားလေး တစ်ချက်ပင် ပွန်းပဲ့မသွားချေ။

ဒါက ဇီဝဗေဒ ဆင့်ကဲပြောင်းလဲမှု ရဲ့ အထွတ်အထိပ် ပဲကွ။

ဇာ့ဂ် ကစားသမား များမှာ ဝမ်းသာအားရ အောင်ပွဲခံလိုက်ကြ၏။

သို့ရာတွင် ထိုအခိုက်အတန့်လေးမှာပင်...

မရေမတွက်နိုင်သော တာအို မန္တန်စာလုံး များက ကောင်းကင်ယံတွင် ရုတ်တရက် လင်းလက်လာတော့၏။

လူသား မျိုးနွယ်စု ကစားသမား တွေ လှုပ်ရှားလိုက်ပြီဟေ့။

'ထိပ်တိုက် ဝင်တိုက်မယ် ဟုတ်လား... ငါတို့ မှော်ဆရာတွေကိုရော အရင် မေးပြီးပြီလားကွ'

ရွှယ်တောက်နျန် က မန္တန်ကွင်းပြင် အလံ ကို အောက်သို့ ရုတ်တရက် ဝှေ့ယမ်းလိုက်သည်။

“မြေကမ္ဘာ ဝိညာဉ် မန္တန်ကွင်းပြင်... အသက်ဝင်စမ်း... သူတို့ကို ပိတ်လှောင်ထားလိုက်”

“ဂျွိ... ”

ပြေးဝင်လာသော အာထရာလစ်ခ် ကြီး၏ ခြေအောက်ရှိ မာကျောသော မြေကြီးမှာ ရုတ်တရက် သဲရွှံ့ညွန် အိုင်ကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားတော့၏။ ဧရာမ ခန္ဓာကိုယ်ကြီးမှာ ချက်ချင်း ဟန်ချက် ပျက်သွားပြီး သူ၏ ခြေလေးချောင်းလုံး တစ်ဝက်ခန့် နစ်မြုပ်သွားကာ လှုပ်ရှား၍ မရတော့ချေ။

ထို့နောက် ချက်ချင်းဆိုသလိုပင်၊

“မိုးကြိုး မှော်ဆရာ တပ်ဖွဲ့... တိုက်ခိုက်ကြ”

“ရှဲ... ရှဲ... ရှဲ... ”

မိုးကြိုးသွား ဒါဇင်ပေါင်းများစွာက ကောင်းကင်ယံမှ ဆင်းသက်လာပြီး ယခုလေးတင် အမြောက်ဆံကြောင့် မည်းတူးသွားသော အာထရာလစ်ခ် ကြီး၏ နဖူးပေါ်ရှိ နေရာကို အတိအကျ သွားရောက် ထိမှန်သွားတော့၏။

မိုးကြိုး လျှပ်စစ်စီးကြောင်း များက ဒဏ်ရာ မှတစ်ဆင့် သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး အာရုံကြောများကို ထုံကျင်သွားစေခဲ့သည်။ တစ်ချိန်က ခမ်းနားထည်ဝါခဲ့သော သားရဲကြီးမှာ ချက်ချင်းဆိုသလို တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ခါသွားပြီး ပါးစပ်မှ အမြှုပ်များ ထွက်ကာ မျက်လုံးများ အပေါ်သို့ လန်တက်သွားတော့၏။

တစ်ချိန်တည်းမှာပင် အခြားသော လူသား မျိုးနွယ်စု ကစားသမား အုပ်စု တစ်ခုကလည်း အလုပ်များနေကြ၏။

“ရေ စွမ်းအင် သုံး ကျင့်ကြံသူ တွေ... ဟို တင့်ကား ကြီးရဲ့ လေထုတ်ပေါက် ထဲကို ရေတွေ လောင်းထည့်ကြစမ်း”

“ရေခဲ စွမ်းအင် သုံး ကျင့်ကြံသူ တွေ... သူ့ရဲ့ ဘီးကြိုး တွေကို အေးခဲပစ်လိုက်ကြဟေ့”

စက်မှုနည်းပညာ မျိုးနွယ်စု မှ 'ခေါင်းမာတဲ့ ကောင်လေး' မှာ အောင်ပွဲခံရန် အချိန်ပင် မရလိုက်မီ သူ၏ တင့်ကားကြီး လှုပ်ရှား၍ မရတော့ကြောင်း တွေ့ရှိလိုက်ရသည်။

“ဘာဖြစ်တာလဲ... အင်ဂျင် ထဲ ရေဝင်သွားလို့လား”

“ညီအစ်ကို... ဘီးကြိုး တွေ အေးခဲသွားပြီကွ”

“လခွမ်း... ဒီ ခွေးသူတောင်းစား တွေကတော့ကွာ... အားကစားသမား စိတ်ဓာတ် ဆိုတာ နည်းနည်းလေးတောင် မရှိဘူး”

စစ်မြေပြင် ကြီးမှာ ချက်ချင်းဆိုသလို ကစဉ့်ကလျား ဖြစ်သွားတော့၏။

ပွဲကြည့်စင်ပေါ်ရှိ ဂိုဏ်း အသီးသီးမှ အကြီးအကဲ များမှာ လုံးဝကို ဆွံ့အသွားကြတော့သည်။

သူတို့ မျှော်လင့်ထားခဲ့သော ဓားစွမ်းအင် များ၏ လွှမ်းမိုးမှု များနှင့် မှော်ရတနာ များ၏ တိုက်ခိုက်မှု မြင်ကွင်းကြီးများမှာ လုံးဝ ထွက်ပေါ်မလာခဲ့ချေ။

ထိုအစား... ရွှံ့ဗွက်အိုင် ထောင်ချောက် တွေ၊ ရေတွေနှင့် လမ်းပိတ်ဆို့ တာတွေ၊ အားနည်းချက် တွေကို အာရုံစိုက်ပြီး ပစ်ခတ် တာတွေ... အစရှိသော အောက်တန်းကျလှသည့်... အဲ... မဟုတ်... အလွန်တရာ ပစ်မှတ်ထားပြီး ထိရောက်မှု မြင့်မားလှသော နည်းဗျူဟာ မျိုးစုံက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာနေတော့၏။

“ဒါက... ဒါက ကျင့်ကြံခြင်း လောက ကြီး ဟုတ်သေးရဲ့လားကွာ”

အကြီးအကဲ လျူ မှာ သူ၏ ကမ္ဘာ့အမြင်ကြီး ပြိုလဲသွားသည်ကို ခံစားရင်း တီးတိုး ရေရွတ်လိုက်မိသည်။

ဒါက ပါရမီရှင် တွေရဲ့ စွမ်းရည် ယှဉ်ပြိုင်ပွဲ မှ မဟုတ်တာ။

ဒါက ရှင်းရှင်းကြီးကို အရူး ခွေးအုပ် ကြီး အချင်းချင်း ကိုက်နေကြပြီး နိုင်ဖို့အတွက် ဘာမဆို လုပ်မယ့် ပွဲကြီးပဲ။

ဤအရာသည်ပင် ကျန်းချန် က အလယ်ပိုင်းကုန်းမြေ ကို ပြသချင်ခဲ့သော အရာ ပင် ဖြစ်သည်။

စတုတ္ထမြောက် ကပ်ဘေးကြီး ၏ စစ်ပွဲ အနုပညာ ဆိုတာ ဒါမျိုး.. ဟူ၍ ။

အခန်း (၂၄၉) စက်ယန္တရား မုန်တိုင်းကြီး။ တောင်းပန်ပါတယ်... ပစ်မှတ် ကွင်းပြင် အတွင်းမှာ အမှန်တရား ဆိုတာ နေရာတိုင်းမှာ ရှိတယ်ကွ။

သိုင်းပြိုင် ကွင်းပြင်ကြီး ၏ အလယ်ဗဟိုတွင် မီးခိုးငွေ့များ အပြည့်အနှက် ဖုံးလွှမ်းနေ၏။

အေးခဲသွားသော ဘီးကြိုးများကြောင့် လှုပ်ရှား၍မရ ဖြစ်နေသော ကမ္ဘာပျက် ဆေးဖို တင့်ကား ကြီး၏ အတွင်း၌ 'ခေါင်းမာတဲ့ ကောင်လေး' သည် ထိန်းချုပ်ခလုတ်ခုံ ကို ဒေါသတကြီး ထုချလိုက်သည်။

'ဒီ လူသား မျိုးနွယ်စု က ကောင်တွေ... တကယ့်ကို အောက်တန်းကျတဲ့ နည်းလမ်း တွေကို သုံးရဲတယ်ပေါ့လေ'

'မင်းတို့က ငါ့ကို လှုပ်ခွင့်မပေးမှတော့... ငါ ရိုင်းတယ်လို့ မပြောနဲ့တော့ကွာ'

'ခေါင်းမာတဲ့ ကောင်လေး' က အနီရောင် မောင်းတံ တစ်ခုကို အောက်သို့ ဆွဲချလိုက်ပြီး ဆက်သွယ်ရေး ချန်နယ် ထဲတွင် ဟိန်းဟောက်လိုက်၏။

“စက်မှုနည်းပညာ မိစ္ဆာ ဘာသာရေး ဂိုဏ်း... ငါ့အမိန့်ကို နားထောင်ကြစမ်း... အားလုံးပဲ တည်ငြိမ် သေနတ်စင် စနစ် ကို ပြောင်းလိုက်ကြဟေ့”

“ရွေ့လျားနိုင်စွမ်း ကို စွန့်လွှတ်ပြီး ဝိညာဉ်စွမ်းအင် တွေ အကုန်လုံးကို လက်နက် စနစ် ထဲ ထိုးသိပ်ထည့်လိုက်... ကျည်ဆန် မိုးရွာတဲ့ ဂိမ်း ဆိုတာ ဘာလဲ သူတို့ကို ပြပေးလိုက်ကြစမ်း”

အမိန့်ပေးသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရွှံ့ဗွက်အိုင် များနှင့် အေးခဲ မန္တန် များကြောင့် ဖမ်းဆီးချုပ်နှောင်ခံထားရသော စက်ရုပ်ကြီး များနှင့် တင့်ကားကြီး ရာပေါင်းများစွာထံမှ သွားကျိန်းစရာ ကောင်းလှသော ဟိုက်ဒရောလစ် သော့ခတ်သံများ တပြိုင်နက်တည်း ထွက်ပေါ်လာတော့သည်။

“ဖောက်... ဖောက်... ဖောက်... ”

ဧရာမ သံမဏိ ဆူးချွန်ကြီးများက မြေကြီးထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားပြီး ယာဉ်များကို အခိုင်အမာ ထိန်းချုပ်ထားလိုက်၏။ မူလက ဘီးများကို မောင်းနှင်ရန် ရည်ရွယ်ထားသော စွမ်းအင်များသည် မျက်စိတစ်မှိတ်အတွင်း လက်နက် စနစ် ထဲသို့ ပြောင်းလဲ စီးဝင်သွားတော့သည်။

သေနတ်ပြောင်းဝ ကြီးများ စတင် အပူပေးလာပြီး စက်ရုပ် တစ်ရုပ်ချင်းစီတိုင်း၏ အပေါ်တွင် အနီရောင် စွမ်းအင် လွန်ကဲမှု သတိပေး မီးလုံးများ လင်းလက်လာ၏။

“အသင့်ပြင်... ပစ်ဟေ့”

“ဝုန်း... ”

ယခုလေးတင် ဖြစ်ပွားခဲ့သော တိုက်ပွဲကို အသေးစား ပွတ်တိုက်မှုလေး တစ်ခု ဟု သတ်မှတ်မည် ဆိုပါက... ယခုအခါ တကယ့် ပျက်စီးကိန်း ကြီး ဆိုက်ရောက်လာခဲ့ပြီ ဖြစ်သည်။

ဝိညာဉ်စွမ်းအင် အမြောက်ကြီး ရာပေါင်းများစွာနှင့်အတူ စက်သေနတ်ကြီး ထောင်ပေါင်းများစွာက တစ်ပြိုင်နက်တည်း ဟိန်းဟောက် ပေါက်ကွဲသွားကြတော့၏။

မျက်စိကျိန်းမတတ် တောက်ပသော ဒြပ်ငါးပါး အလင်းတန်း အထူးပြုလုပ်ချက်များ မရှိတော့ချေ။ ထိုအစား မရေမတွက်နိုင်သော သေမင်းတမန် သတ္တု ကျည်ဆန် လမ်းကြောင်းများက ဖြတ်သန်း၍မရနိုင်သော သေမင်း ကွန်ရက်ကြီး တစ်ခုပမာ ယှက်နွယ် ဖုံးလွှမ်းသွားသည်။ လေထုကြီးမှာ ဆုတ်ဖြဲခံလိုက်ရပြီး စူးရှလှသော လေခွင်းသံကြီးများ ထွက်ပေါ်လာတော့၏။

အရှေ့ဘက်ရှိ မြေသား နံရံများနှင့် ရေခဲ ဒိုင်းလွှားများမှာ ဤ ကြောက်မက်ဖွယ်ကောင်းလှသော သတ္တု မုန်တိုင်းကြီး အရှေ့တွင် စက္ကူ တစ်ရွက်ပမာ အလွယ်တကူ စုတ်ပြဲ ကြေမွသွားကြ၏။

အမြောက်ဆံများ၏ ပစ်မှတ် တည့်တည့်တွင် ရှိနေသော လူသား မျိုးနွယ်စု ကစားသမားများ၏ မျက်နှာများမှာ ချက်ချင်း ပြာနှမ်းသွားတော့၏။

“သောက်ကျိုးနည်း... နေရာလပ်မကျန် လွှမ်းခြုံ ပစ်ခတ်တာကြီးလားကွ”

“မြန်မြန်... ဒိုင်းလွှား တွေ တည်ဆောက်ကြ... မြေစွမ်းအင် သုံး ကျင့်ကြံသူ တွေ အားလုံး အစွမ်းကုန် ထုတ်သုံးကြစမ်း”

ရွှယ်တောက်နျန် က မန္တန်ကွင်းပြင် အလံ ကို ရူးသွပ်စွာ ဝှေ့ယမ်းလိုက်ရာ ထူထဲလှသော ကျောက်သား နံရံကြီးများက မြေကြီးထဲမှ ထွက်ပေါ်လာသည်။ သို့ရာတွင် ကျည်ဆန် မိုးသက်မုန်တိုင်း ကြီးအောက်တွင် ထိုနံရံကြီးများမှာ သာမန်မျက်စိဖြင့်ပင် မြင်တွေ့နိုင်လောက်အောင် လျင်မြန်စွာ ပြိုကျ ကွဲအက်သွားကြတော့၏။

ဤသည်ကား စက်မှုနည်းပညာ မျိုးနွယ်စု ၏ ယုံကြည်ချက်ပင် ဖြစ်သည်။ 'သေနတ် တစ်ချက် ပစ်ရုံနဲ့ မဖြေရှင်းနိုင်တဲ့ ကိစ္စ ဆိုတာ မရှိဘူး... တကယ်လို့ မရသေးဘူး ဆိုရင် သောင်းချီပြီး ပစ်ခတ်လိုက်စမ်း' ဟူ၍ ဖြစ်ပေသည်။

... ... ...

ပွဲကြည့်စင်ပေါ် တွင်၊

မူလက ဟာသ တစ်ခုပမာ ပွဲကြည့်နေခဲ့ကြသော ဂိုဏ်း အသီးသီး မှ အကြီးအကဲ များ၏ အပြုံးများမှာ ထိုအခိုက်အတန့်၌ လုံးဝ အေးခဲသွားကြတော့၏။

နားကွဲမတတ် ဆူညံလှသော အမြောက် ဟိန်းဟောက်သံကြီးများက သူတို့၏ နားစည်များကိုပင် နာကျင်သွားစေခဲ့ပြီး လေထုထဲတွင် လှိုင်းထနေသော ဝိညာဉ်စွမ်းအင် များကြောင့် သိုင်းပြိုင် ကွင်းပြင်ကြီး ၏ ကာကွယ်ရေး မန္တန်ကွင်းပြင် ကြီးပင်လျှင် မှန်းဆ၍ မရနိုင်အောင် တဖျတ်ဖျတ် လင်းလက်လာတော့၏။

“ဒါ... ဒါက ဘယ်လို မှော်ရတနာ မျိုးလဲကွ”

ချီယွင် ဂိုဏ်း မှ အကြီးအကဲ လျူ သည် ရုတ်တရက် မတ်တတ်ရပ်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။

သူ၏ နားလည်မှု အရဆိုလျှင် ဤမျှ သိပ်သည်းပြီး အားကောင်းသော တိုက်ခိုက်မှုမျိုးကို ပြုလုပ်နိုင်ရန်အတွက် အနည်းဆုံး အခြေခံတည်ဆောက်ခြင်းအဆင့် ဓားသိုင်း ကျင့်ကြံသူ ရာပေါင်းများစွာက တစ်ပြိုင်နက်တည်း ဓားမိုးများ ရွာချသကဲ့သို့ တိုက်ခိုက်မှသာ ဖြစ်နိုင်ပေသည်။ သို့သော် ဤ ကွေ့ယွမ်ဂိုဏ်း မှ တပည့် များက ထူးဆန်းသော ပုံစံရှိသည့် သံတုံးကြီး များကို အသုံးပြု၍ တကယ်ပဲ လုပ်ဆောင်နိုင်ခဲ့သည် ဟုတ်လား။

ထိုစဉ် လမ်းကြောင်းလွဲလာသော ဝိညာဉ်စွမ်းအင် အမြောက်ဆံ တစ်လုံးသည် ထူးဆန်းသော မျဉ်းကွေး ကြောင်း တစ်ခု ရေးဆွဲကာ မန္တန်ကွင်းပြင် ကာကွယ်ရေး ၏ ဟာကွက် မှတစ်ဆင့် ပွဲကြည့်စင်ဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်လာတော့၏။

“သတိထား”

အကြီးအကဲ လျူ က အေးစက်စွာ နှာမှုတ်လိုက်သည်။ လူအများ၏ အရှေ့တွင် သူ၏ ဂုဏ်သိက္ခာကို ပြန်လည် ဆယ်ယူရန်အတွက် သူက နောက်ဆုတ်မည့်အစား ရှေ့သို့ တိုးထွက်သွားပြီး လက်တစ်ဖက်တည်းဖြင့် လက်သင်္ကေတ တစ်ခု ဖန်တီးလိုက်သည်။

'အောက်ခြေက ကောင်လေး တစ်ကောင်ကများ... ဒီအဘိုးကြီး ရဲ့ ရှေ့မှာ မောက်မာရဲတယ်ပေါ့လေ'

သူ၏ ခန္ဓာကိုယ်မှ ဝိညာဉ် အလင်းတန်း တစ်ခု ဖွဲ့တည်လိက် ရွှေရောင် ကာကွယ်ရေး အရှိန်အဝါ ကြီးတစ်ခု ချက်ချင်း ဖြစ်ပေါ်လာကာ အမြောက်ဆံကြီးကို ထိပ်တိုက် ခုခံရန် ကြိုးစားလိုက်သည်။

သူ၏ အမြင်တွင် ဤအရာသည် အခြေခံတည်ဆောက်ခြင်းအဆင့် စွမ်းအားလောက်သာ ရှိသည့် တိုက်ခိုက်မှု တစ်ခု ဖြစ်ပြီး အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည်ဟု ထင်မှတ်ထားခဲ့၏။

သို့ရာတွင် သူ မှားယွင်းခဲ့တော့၏။

ဤ အမြောက်ဆံမှာ 'လက်မှုပညာရှင် ကန်' က သီးသန့် ဖန်တီးထားသော ယူရေနီယမ် ကုန်ခမ်းပြီး သံချပ်ကာ ဖောက်ခွဲရေး အမြောက်ဆံ ကြီးပင်။ အတွင်းတွင် အဆင့်မြင့် ပေါက်ကွဲရေး ဝိညာဉ်ကျောက်တုံး ဆယ်တုံး တိတိ အပြည့်အနှက် ထည့်သွင်းထားသည်။

အမြောက်ဆံ က အကြီးအကဲ လျူ ၏ ကာကွယ်ရေး အရှိန်အဝါ ကြီးနှင့် ထိတွေ့မိသွားသော အခိုက်အတန့်လေးမှာပင်၊

“ဝုန်း... ”

မျက်စိကျိန်းမတတ် တောက်ပသော မှိုပွင့် ပုံစံ မီးခိုးလုံးကြီး တစ်ခုက ပွဲကြည့်စင် ၏ အစွန်မှနေ၍ ကောင်းကင်ယံသို့ ထိုးတက်သွားတော့၏။

ဧရာမ လှိုင်းဂယက်ကြီးက ဘေးပတ်လည်ရှိ ချီစုဆောင်းခြင်း အဆင့် တပည့် အချို့ကို တိုက်ရိုက် လွင့်စင်သွားစေခဲ့၏။ ပေါက်ကွဲမှု ၏ ဗဟိုချက်တွင် ရှိနေသော အကြီးအကဲ လျူ မှာ အလွန်တရာ အားကောင်းလှသော စွမ်းအားကြီး တစ်ခု သူ့ကို ရိုက်ခတ်သွားသည်ကို ခံစားလိုက်ရသည်။ ဖျက်ဆီး၍မရနိုင်ပါဟု ထင်မှတ်ထားခဲ့သော သူ၏ ကာကွယ်ရေး အရှိန်အဝါ ကြီးမှာ ကြက်ဥခွံ တစ်ခုပမာ အလွယ်တကူ ကွဲအက်သွားတော့၏။

“ဖူး... ”

အကြီးအကဲ လျူ မှာ သွေးတစ်လုတ် အန်ကျလာပြီး ကြိုးပြတ်သွားသော စွန် တစ်ကောင်ပမာ အနောက်သို့ လွင့်စင်သွားလေသည်။ အနောက်ဘက်ရှိ တိုင်ကြီး တစ်တိုင်ကို အရှိန်ပြင်းပြင်းဖြင့် သွားရောက် တိုက်မိသဖြင့် တိုင်ကြီးပင် အက်ကွဲသွားတော့သည်။

အခန်းတစ်ခုလုံး သေမင်းတမန် တိတ်ဆိတ်သွားတော့၏။

မီးခိုးငွေ့များ လွင့်စင်သွားသောအခါ အကြီးအကဲ လျူ မှာ ဆံပင်များ ဖရိုဖရဲ ဖြစ်နေပြီး ဝတ်ရုံများ စုတ်ပြဲနေသည်ကို တွေ့လိုက်ရသည်။ သူ ပြင်းထန်စွာ ဒဏ်ရာမရခဲ့သည် မှန်သော်ငြား သူ၏ မျက်နှာအိုကြီးမှာမူ အိုးမည်းသုတ်ထားသည့်အလား မည်းတူးနေတော့၏။

'ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ'

သူလို ဂုဏ်သိက္ခာရှိလှတဲ့ မူလဝိဉာဉ် အဆင့် သခင်ကြီး တစ်ယောက်က... သံတုံး တစ်တုံး ရဲ့ ရိုက်နှက်မှုကြောင့် သွေးအန်ရတဲ့ အထိ ဖြစ်သွားတယ် ဟုတ်လား။

“ကွေ့ယွမ်ဂိုဏ်း... ဒါ ဘယ်လို မိစ္ဆာ ပညာရပ် မျိုးလဲကွ”

အကြီးအကဲ လျူ က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

စုန့်ချန် က သူ့ကို ထူပေးရန် ကပျာကယာ ပြေးသွားပြီး အပြစ်ကင်းစင်သော မျက်နှာထားဖြင့် ရှင်းပြသည်။

“အကြီးအကဲ လျူ ... ဒေါသ ထိန်းပါဦးဗျာ... ဒါက သိပ္ပံပညာ ပါ... ရူပဗေဒ လို့ ခေါ်တယ်... မိစ္ဆာ ပညာရပ် မဟုတ်ပါဘူးဗျ... အမ်း... ဖြစ်နိုင်တာက အကြီးအကဲ ရဲ့ အမြောက်ဆံ ဖမ်းတဲ့ ကိုယ်နေဟန်ထား လေး နည်းနည်း လွဲသွားလို့ နေမှာပါ”

... ... ...

ကွင်းပြင် ၏ အောက်ဘက်တွင် တိုက်ပွဲက ဆက်လက် ပြင်းထန်နေဆဲ ဖြစ်သည်။

စက်မှုနည်းပညာ မျိုးနွယ်စု ၏ ရူးသွပ်လှသော ပစ်ခတ်မှုများက လူသား မျိုးနွယ်စု ကို ဖိနှိပ်ထားနိုင်ခဲ့သော်ငြား အခြားတစ်ဖက်ရှိ ဇာ့ဂ် များကိုလည်း ဒေါသထွက်သွားစေခဲ့တော့၏။

ကြီးမားလှသော ကျည်ဆန် မိုးသက်မုန်တိုင်း ကြီးအောက်တွင် ဇာ့ဂ် မြေပြင် တပ်ဖွဲ့များ အကြီးအကျယ် သေဆုံး ဒဏ်ရာရခဲ့ကြပြီး ဇာ့ဂ် အကောင်ပေါက်လေး များ၏ အလောင်းများမှာ တောင်ပူစာလေး တစ်ခုပမာ ပုံကျနေတော့သည်။

သို့ရာတွင် ဇာ့ဂ် တပ်မှူး 'ဝက်ဝံ' ကတော့ တည်ငြိမ်နေဆဲ ပင်။ သူက ဧရာမ အာထရာလစ်ခ် အလောင်းကြီး တစ်ခု၏ အနောက်တွင် ပုန်းအောင်းနေရင်း ပါးစပ်ထဲမှ ရွှံ့နှင့် သဲများကို ထွေးထုတ်လိုက်သည့်အခိုက်၊ သူ၏ မျက်လုံးများထဲတွင် ပါးနပ်စဉ်းလဲသော အရိပ်အယောင်များ တောက်ပနေ၏။

'မြေပြင် လမ်းကြောင်း တွေကို ပိတ်ထားတယ်ပေါ့လေ... လွှမ်းခြုံ ပစ်ခတ်မှု ကြီးတွေ သုံးတယ်ပေါ့... အိုကေ လေ'

'ဝက်ဝံ' က သူ၏ လက်ထဲရှိ အရိုး တုတ်မကြီး ကို မြေကြီးထဲသို့ ရုတ်တရက် ထိုးစိုက်လိုက်သည်။

“အင်းဆက် အုပ်စုကြီး တစ်ခုလုံး... ငါ့အမိန့်ကို နားထောင်ကြစမ်း... တူးကြဟေ့”

“သိုင်းပြိုင် ကွင်းပြင်ကြီး ရဲ့ အောက်ခြေ ကို အခေါင်းပေါက် ဖြစ်အောင် တူးပစ်လိုက်... ငါတို့ မြေအောက် ကနေ ဝင်မယ်ကွ”

“ရှီး... ”

အမိန့်တစ်ခွန်း ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရှေ့သို့ ပြေးဝင်နေခဲ့ကြသော အင်းဆက် အုပ်ကြီးမှာ သူတို့၏ အသေခံ တိုက်ခိုက်မှုများကို ရုတ်တရက် ရပ်တန့်လိုက်ကြပြီး သူတို့၏ ခေါင်းများကို မြေကြီးထဲသို့ တိုက်ရိုက် ထိုးသွင်းလိုက်ကြတော့၏။

သူတို့၏ ထက်မြက်လှသော ရှေ့လက်တံများက မြေတူးစက် များပမာ မြေကြီးများကို တူးဆွပစ်လိုက်ကြသည်။ အသက်ရှူကြိမ် အနည်းငယ် အတွင်းမှာပင် အင်းဆက် ထောင်ပေါင်းများစွာမှာ မြေကြီးပေါ်မှ ပျောက်ကွယ်သွားကြပြီး မည်းမှောင်နေသော တွင်းပေါက်ကြီးများ သာ ကျန်ရစ်တော့၏။

စက်မှုနည်းပညာ မျိုးနွယ်စု မှ 'ခေါင်းမာတဲ့ ကောင်လေး' မှာ ရူးသွပ်စွာ ပစ်ခတ်နေဆဲ ဖြစ်သည်။

“ဘယ်ရောက်သွားကြပြီလဲ... ပိုးကောင် တွေ ဘယ်ရောက်သွားပြီလဲ... ဘာလို့ ထွက်မလာကြတော့တာလဲ... ကြောက်သွားကြပြီလား”

ရုတ်တရက်။

“ဒုန်း... ”

မြေအောက် မှနေ၍ တုံးတိတိ မြည်သံကြီး တစ်ခု ထွက်ပေါ်လာတော့၏။

စက်မှုနည်းပညာ မျိုးနွယ်စု ၏ ခံစစ်ကြောင်း အောက်တည့်တည့်ရှိ မြေကြီးမှာ သတိပေးချက် မရှိဘဲ ရုတ်တရက် ပြိုကျသွားသည်။

ပစ်ခတ်နေဆဲ ဖြစ်သော တင့်ကား ကြီး အချို့မှာ တိုက်ရိုက် ပြုတ်ကျသွားကြတော့၏။ ထို့နောက် ချက်ချင်းဆိုသလိုပင် ရွှံ့ဗွက်များ လူးနေသော မရေမတွက်နိုင်အောင် များပြားလှသည့် ဇာ့ဂ် အကောင်ပေါက်လေး အုပ်စုကြီးက ငရဲဘုံ မှ တွားသွား ထွက်လာသော မိစ္ဆာကောင် များပမာ မြေကြီးထဲမှ ထွက်ပေါ်လာကြလေသည်။ ၎င်းတို့က စက်ရုပ်ကြီး များ၏ မောင်းနှင်ခန်း အမိုးများပေါ်သို့ တိုက်ရိုက် ခုန်တက်သွားကြတော့၏။

“အနားကပ်နိုင်ပြီဟေ့”

“သူတို့ရဲ့ ပိုက်လုံး တွေကို ကိုက်ဖြတ်စမ်း... ဘက်ထရီ တွေကို လုယူကြဟေ့”

ဇာ့ဂ် ကစားသမား များမှာ သူတို့၏ လက်သည်းများကို ဝှေ့ယမ်းကာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြပြီး လှုပ်ရှား၍မရ ဖြစ်နေသော ဤ သံဗူး ကြီးများကို စည်သွပ်ဗူး ဖောက်သည့် ခွဲစိတ်မှု ကြီး စတင် ပြုလုပ်ကြတော့၏။

အခြားတစ်ဖက်တွင်မူ လူသား မျိုးနွယ်စု ကစားသမား များလည်း လွတ်ကင်းခြင်း မရှိခဲ့ချေ။

ရွှယ်တောက်နျန် ၏ ခြေအောက်ရှိ မြေကြီး ရုတ်တရက် အက်ကွဲသွားပြီး ဧရာမ မြေအောက် လိုဏ်ခေါင်း တီကောင် ကြီး တစ်ကောင်က သူ၏ သွေးရောင် လွှမ်းနေသော ပါးစပ်ကြီးကို ဟကာ မှော်မန္တန် ရွတ်ဆိုနေကြသော မှော်မန္တန် ကျင့်ကြံသူ ခုနစ်ယောက် ရှစ်ယောက်ခန့်ကို တစ်လုတ်တည်းဖြင့် ဝါးမျိုပစ်လိုက်သည်။

ဤသည်ကား ဇာ့ဂ် များ၏ နည်းဗျူဟာ... မြေအောက် လိုဏ်ခေါင်း မှတစ်ဆင့် ဝင်ရောက် တိုက်ခိုက်ခြင်း ပင် ဖြစ်သည်။

ဤအချိန်တွင် သိုင်းပြိုင် ကွင်းပြင်ကြီး မှာ လုံးဝကို ကစဉ့်ကလျား ဖြစ်နေသော အခြေအနေကြီး တစ်ခုသို့ ရောက်ရှိနေတော့၏။

မှော်ရတနာ များက ကောင်းကင်ယံတွင် ရူးသွပ်စွာ ပျံသန်းနေကြပြီး၊ မြေပြင်ပေါ်တွင် အမြောက်ကြီးများက ဟိန်းဟောက်နေကာ၊ မြေအောက်တွင်မူ အင်းဆက် အုပ်ကြီးက ခန့်မှန်း၍မရအောင် ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေကြ၏။

တစ်ချိန်က ချောမွေ့ခဲ့သော အပြာရောင် ကျောက်ပြား ရင်ပြင်ကြီးမှာ ယခုအခါ လ ၏ မျက်နှာပြင်ပမာ ဖောက်ခွဲခံထားရပြီး နက်ရှိုင်းသော တွင်းပေါက်ကြီးများနှင့် အပျက်အစီးများ အရပ်မျက်နှာအနှံ့ ပြန့်ကျဲနေတော့၏။

ပွဲကြည့်စင်ပေါ်ရှိ အကြီးအကဲ များမှာ ဤ သိုင်းပြိုင်ပွဲ လေ့ကျင့်ခန်း ကို အထင်သေးစွာ မကြည့်ရဲကြတော့ချေ။ ကစဉ့်ကလျား ဖြစ်ပြီး ရက်စက် ကြမ်းကြုတ်လှသော စစ်မြေပြင် ကြီးကို ကြည့်ရင်း သူတို့၏ နှလုံးသားထဲတွင် နက်ရှိုင်းလှသော ကြောက်ရွံ့ခြင်း အအေးဓာတ်ကြီး တစ်ခု ထွက်ပေါ်လာတော့၏။

'တကယ်လို့သာ ကွေ့ယွမ်ဂိုဏ်း က ဒီလို စစ်ပွဲ နည်းလမ်း တွေကို အသုံးပြုပြီး ငါတို့ကို လာတိုက်မယ် ဆိုရင်...'

'ငါတို့ ဂုဏ်ယူဝင့်ကြွားရတဲ့ တောင်စောင့် မဟာမန္တန်ကွင်းပြင် ကြီးကရော... ဟို သံမဏိ မုန်တိုင်း ကြီးကို တောင့်ခံနိုင်ပါ့မလား'

'ငါတို့ ဂရုတစိုက် လေ့ကျင့်ပေးထားတဲ့ ထိပ်သီး တပည့် တွေကရော... နေရာအနှံ့ ကနေ ထွက်လာမယ့် အင်းဆက် အုပ်ကြီး ရဲ့ ရန်ကို တွန်းလှန်နိုင်ပါ့မလား'

ထိုနေ့တွင် အလယ်ပိုင်းကုန်းမြေ ၏ ရိုးရာ အင်မော်တယ် လောက ကြီးသည် စတုတ္ထမြောက် ကပ်ဘေးကြီး ထံမှ လာသော ကြောက်ရွံ့ တုန်လှုပ်မှုကြီးကို နောက်ဆုံးတွင် အပြည့်အဝ ခံစားလိုက်ရလေတော့၏။

All Chapters