အခန်း (၄၈၁-၄၈၃)
Vol. 33 Ch. 481-483
အခန်း (၄၈၁) ဖြစ်တည်မှုကို ဖုံးကွယ်ထားသော ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ပညာရှင်၊ ယဲ့ဖုန်း၏ အကူအညီ
~ဘိုးဘေးကျန်းလင်း သည် အသက်ကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီးနောက်... သူ၏ မျက်လုံးများကို မှေးကျဉ်းကာ တောက်ပလှသော အလင်းရောင်များ ဖုံးလွှမ်းနေသည့် နေရာဆီသို့ စူးရဲစွာ စိုက်ကြည့်လိုက်၏။
ထိုနေရာမှာ ရေပေါ်ဖြူ မြို့တော် ၏ အရှေ့ဘက်ခြမ်းတွင် တည်ရှိသော မြူခိုးဂိုဏ်း ပင် ဖြစ်သည်။
မဟာတောင်ထိပ်ကြီး လေးခု နှင့် လွင့်မျောနေသော တောင်ထိပ်ငယ် ခုနစ်ခု အပေါ်တွင်... မြေကြီးပေါ်၌ နေမင်းများ စုဝေးချိတ်ဆွဲထားသည့်အလား တောက်ပလွန်းလှသော ကံကြမ္မာ အလင်းတန်းများ ထွန်းလင်းနေသည်ကို မြင်လိုက်ရသည့်အခါ ဘိုးဘေးကျန်းလင်း မှာ အံ့သြမှင်သက်သွားရလေတော့သည်။
“ဒါက တကယ်ကို ကြီးမားလှတဲ့ ကံကြမ္မာ အထောက်အပံ့တွေ ဖုံးလွှမ်းနေတဲ့ နယ်မြေပါလား..”
ဘိုးဘေးကျန်းလင်း သည် အလွန်အမင်း တုန်လှုပ်သွားခဲ့တော့၏။
ကောင်းကင်မျက်လုံး ဆိုသည်မှာ အဆင့်မြင့် နတ်ဘုရားစွမ်းရည် တစ်ခု ဖြစ်သည်။
၎င်းမှတစ်ဆင့် သာမန် ကျင့်ကြံသူများ မမြင်နိုင်သော အရာများကို ရှင်းလင်းစွာ မြင်တွေ့နိုင်စွမ်း ရှိ၏။
ဝိညာဉ်မျက်လုံး ပိုင်ဆိုင်ထားသော သာမန် ကျင့်ကြံသူများသည် သဘာဝ ဝိညာဉ်စွမ်းအင်များကို မြင်တွေ့နိုင်ခြင်း၊ နတ်ဆိုးများကို ခွဲခြားသိမြင်နိုင်ခြင်း နှင့် အခြားသူများ၏ ကျင့်ကြံခြင်းအဆင့်များကို ခန့်မှန်းနိုင်ခြင်း အစရှိသည်တို့ကို ပြုလုပ်နိုင်ကြ၏။
သာမန် လူသားများနှင့် နှိုင်းယှဉ်ပါက... ဝိညာဉ်မျက်လုံး ပွင့်နေသော ကျင့်ကြံသူများမှာ မားမားမတ်မတ် ရပ်တည်နေသော နတ်ဘုရားများအလား ကြီးမြတ်လှပေသည်။
သို့သော် ကောင်းကင်မျက်လုံး ကို ဖွင့်လှစ်ထားနိုင်သူများ၏ ရှေ့တွင်မူ... ဝိညာဉ်မျက်လုံး ပိုင်ရှင်များမှာ သာမန် လူသားများနှင့် ဘာမှ မကွာခြားတော့ချေ။
သူတို့ကြားရှိ ကွာဟချက်မှာ အလွန်တရာ ကြီးမားလွန်းလှပေသည်..။
“တောင်ပိုင်းမြစ်ဝှမ်းဒေသ လို နေရာမျိုးမှာ... လူထောင်သောင်းချီရဲ့ ကြီးမားလှတဲ့ ကံကြမ္မာ အထောက်အပံ့တွေကို စုစည်းထားနိုင်တဲ့ ဂိုဏ်းမျိုး ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ အခေါက်ခေါက်အခါခါ သွားလည်ဖို့တောင် တန်ပါတယ်...”
ဘိုးဘေးကျန်းလင်း က မိမိကိုယ်မိမိ တီးတိုး ရေရွတ်လိုက်၏။
သူသည် လောကအနှံ့ ခရီးလှည့်လည်ခဲ့ဖူးပြီး ဗဟုသုတ ကြွယ်ဝသူ တစ်ဦး ဖြစ်ပေသည်။
ရှန်ကျိုးတိုက်ကြီး တစ်ခုလုံးကို ခြုံကြည့်လျှင်ပင်... ဤမျှ ကြီးမားလှသော ကံကြမ္မာ အထောက်အပံ့များ ရရှိထားသည့် ဂိုဏ်းမျိုးမှာ လက်ချိုးရေတွက်၍ ရလောက်အောင် နည်းပါးလှသည် မဟုတ်ပါလား။
ဤကဲ့သို့သော အင်အားစုမျိုးကို ဘယ်သောအခါမှ ရန်သူ မဖွဲ့သင့်ပေ။
မဟုတ်ပါက ကိုယ့်သေတွင်း ကိုယ်တူးသလိုသာ ဖြစ်သွားပေလိမ့်မည်။
“ကောလာဟလတွေ အရဆိုရင်တော့... ကြီးမားတဲ့ ကံကြမ္မာ အထောက်အပံ့တွေ ရှိနေတဲ့ အင်အားစု တစ်ခုဟာ... ခိုင်မာတဲ့ နောက်ခံ ရှိနေလို့ ဖြစ်စေ၊ ဒါမှမဟုတ် ရှေးဟောင်း သန့်စင်သော နတ်ဘုရား ရဲ့ ကံကြမ္မာ လွှမ်းခြုံခံထားရလို့ ဖြစ်စေ... သေချာပေါက် ကြီးထွားလာမယ့် အင်အားစုမျိုးပဲ”
“ငါ့ရှေ့က ဒီဂိုဏ်းက... အလွန်ဆုံး ရှိလှ ကြယ်နှစ်ပွင့် အဆင့် အင်အားစု လောက်ပါပဲ။ ကြည့်ရတာလည်း တော်တော်လေး အားနည်းပုံ ရတယ်”
“ဒါပေမဲ့ ဒီလောက် ကြီးမားတဲ့ ကံကြမ္မာ အထောက်အပံ့တွေ ဖုံးလွှမ်းနေမှတော့... သူတို့ ကြီးထွားလာဖို့ ဆိုတာ အချိန်ပြဿနာ သက်သက်ပဲလေ။ အခု အချိန်လေး သွားလည်လိုက်တာ မမှားပါဘူး”
“မပြောနိုင်ဘူး... ဒါက ငါ့အတွက် အခွင့်အရေး တစ်ခုတောင် ဖြစ်လာနိုင်တာပဲ”
ဘိုးဘေးကျန်းလင်း သည် ခပ်ဟဟ ပြုံးလိုက်ပြီး သူ၏ မျက်နှာကို လက်ဖြင့် တစ်ချက် ပွတ်သပ်လိုက်ရာ... သူ၏ တစ်ကိုယ်လုံးမှာ လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါများဖြင့် လွှမ်းခြုံသွားခဲ့တော့၏။ သူ၏ ရုပ်ရည်သွင်ပြင်မှာ မပြောင်းလဲသော်ငြား... သူ၏ စိတ်နေသဘောထားနှင့် အရှိန်အဝါများမှာ လုံးဝ ပြောင်းလဲသွားခဲ့သည်။
ယခုအခါ သူသည် သာမန် အဘိုးအို တစ်ဦးနှင့်သာ တူနေတော့၏။
“ဒီ ‘ဖြစ်တည်မှု ဖုံးကွယ်ခြင်း နတ်ဘုရားစွမ်းရည်’က တကယ်ကို အသုံးဝင်တာပဲ”
ဘိုးဘေးကျန်းလင်း သည် ကျေနပ်စွာ ရယ်လိုက်ရင်း မြူခိုးဂိုဏ်း ဆီသို့ ပျံသန်းသွားလေတော့သည်။
သူသည် သာမန် အဘိုးအို တစ်ဦးအဖြစ် ရုပ်ဖျက်ထားသော်ငြား... ဝိညာဉ်ပင်လယ်အဆင့် ရှိ ကျင့်ကြံသူ တစ်ဦး၏ အရှိန်အဝါကိုတော့ ထုတ်လွှတ်ထားဆဲပင် ဖြစ်၏။
ဘိုးဘေးကျန်းလင်း သည် သူ၏ အသိစိတ်ဝိညာဉ် ဖြင့် ရေပေါ်ဖြူ မြို့တော် တစ်ခုလုံးကို ဖြန့်ကြက် စူးစမ်းလိုက်ရာ... သတင်းအချက်အလက် အများအပြားကို စုဆောင်းရရှိခဲ့ပြီး အကြောင်းအရာ များစွာကို အလျင်အမြန်ပင် သိရှိသွားခဲ့၏။
“မြူခိုးဂိုဏ်း၊ ကြယ်တစ်ပွင့် အဆင့် အင်အားစု၊ ဂိုဏ်းချုပ် ယဲ့ဖုန်း၊ အစောင့်အရှောက် မြေခွေးမိမယ် ဟူဖေးဖေး၊ မူလနတ်ဘုရားအဆင့် မဟာတန်ခိုးရှင် နှစ်ပါး... ပါရမီရှင်စာရင်း ကို ဖန်တီးခဲ့သူတွေထဲက တစ်ယောက်... နတ်ဆိုး မိစ္ဆာတွေကို အနိုင်ယူ နှိမ်နင်းခဲ့သူ...”
“ဒီအင်အားစုရဲ့ ဂုဏ်သတင်းက တော်တော်လေး ကောင်းတာပဲ။ ပြီးတော့ ဂိုဏ်းချုပ် ယဲ့ဖုန်း ဆိုတာကလည်း ရှေးဟောင်း သူရဲကောင်း ဝိညာဉ်တွေရဲ့ စွမ်းအားတွေကို ကိုယ်တိုင် စုပ်ယူနိုင်စွမ်းရှိတဲ့ ရွေးချယ်ခံရသူ တစ်ယောက်တဲ့... ဂိုဏ်းတစ်ခုလုံး ကြီးမားတဲ့ ကံကြမ္မာ အထောက်အပံ့တွေ ဖုံးလွှမ်းနေတာလည်း မဆန်းပါဘူးလေ”
“ကြည့်ရတာ... ဒီ ရွေးချယ်ခံရသူ က သော့ချက်ပဲ ဖြစ်ရမယ်”
“ပြီးတော့ ရှေးဟောင်း သန့်စင်သော နတ်ဘုရား ရှိနေတဲ့ သစ်မာလွင်ပြင် ကလည်း မြူခိုးဂိုဏ်း ရဲ့ ပိုင်နက်ထဲမှာ ရှိနေတာပဲ”
“ငါ သဘောပေါက်ပြီ..”
“မြူခိုးဂိုဏ်း ရဲ့ ကြီးမားတဲ့ ကံကြမ္မာ အထောက်အပံ့တွေက... မြေအောက် အနက်ပိုင်းမှာ မြုပ်နှံနေတဲ့ ရှေးဟောင်း သန့်စင်သော နတ်ဘုရား ရဲ့ ရုပ်အလောင်း ဆီကနေ လာတာကိုး..”
ဘိုးဘေးကျန်းလင်း က တကိုယ်တည်း ရေရွတ်လိုက်သည်။
မကြာမီမှာပင် သူသည် မြူခိုးတောင်ခြေ သို့ ရောက်ရှိလာခဲ့တော့၏။
“ဂိုဏ်းကို အလည်အပတ် လာမယ်ဆိုရင်... မြူခိုးတောင်ခြေ မှာရှိတဲ့ ဧည့်ခေါ်ခေါင်းလောင်း ကို အရင် တီးရမယ်လို့ ကြားဖူးတယ်”
ဘိုးဘေးကျန်းလင်း သည် တောင်ခြေရှိ ရှေးဟောင်း ခေါင်းလောင်းကြီးကို တစ်ချက် ကြည့်လိုက်ရာ... ရိုးရှင်းသော်ငြား ထူးခြားလှသော အရှိန်အဝါများ ထွက်ပေါ်နေသည်ကို ခံစားလိုက်ရ၏။
“ကံကြမ္မာရဲ့ အာဟာရ ဖြည့်တင်းမှုကြောင့်... သာမန် ခေါင်းလောင်းလေး တစ်လုံးတောင်မှ ကံကောင်းမှုတွေ ကိန်းအောင်းသွားပြီး ထူးခြားတဲ့ အရာတစ်ခု ဖြစ်လာတာပဲ”
အပေါ်ယံကြည့်သူက အလှအပကိုသာ မြင်သော်လည်း၊ ပညာရှင်ကတော့ နက်နဲမှုကို မြင်တတ်သည် မဟုတ်ပါလား။
ကောင်းကင်မျက်လုံး မရှိသော အခြားသူများသည် မြူခိုးဂိုဏ်း ၏ အံ့ဖွယ်များကို မမြင်နိုင်ကြသော်ငြား... ဘိုးဘေးကျန်းလင်း ကတော့ အတိုင်းသား မြင်တွေ့နေရ၏။
“ဒေါင်.. ဒေါင်.. ဒေါင်..”
သူသည် ဧည့်ခေါ်ခေါင်းလောင်း ကို တီးခတ်လိုက်၏။
ဆယ်ချက် ရှူချိန်ပင် မပြည့်မီ အချိန်အတွင်းမှာပင်... မီးတောက်မီးလျှံများအလား နီရဲနေသော ပုံရိပ်တစ်ခုမှာ တောင်ထိပ်မှနေ၍ မြေကြီးပေါ်သို့ လိမ့်ကျလာခဲ့ပြီး “အား” ဟူသော နာကျင်စွာ အော်ဟစ်သံနှင့်အတူ ရပ်တန့်သွား၏။
မြေခွေးကြီး တာ့ဟုန် သည် သူ၏ ခေါင်းကို ပွတ်သပ်လိုက်ပြီး... မြေကြီးပေါ် ပြုတ်ကျသွားသော ကြက်ပေါင်ကြော် ကြီးကို ကောက်ယူကာ ဘိုးဘေးကျန်းလင်း အား စူးစမ်းစွာ ကြည့်လိုက်၏။
“အဘိုးကြီး... ဧည့်ခေါ်ခေါင်းလောင်း ကို တီးတာ ခင်ဗျားလား”
“ဟုတ်ပါတယ်... ကျုပ်ပါပဲဗျာ..”
ဘိုးဘေးကျန်းလင်း သည် မြေခွေးကြီး တာ့ဟုန် ကို ကြည့်လိုက်ရာ... မိမိကဲ့သို့ပင် နတ်ဆိုး မျိုးနွယ်စု ၏ သွေးဆက်များ ရှိနေကြောင်း သိလိုက်ရသဖြင့် ရင်းနှီးကျွမ်းဝင်မှု တစ်ခုကို အလိုအလျောက် ခံစားလိုက်ရ၏။
“ကျွန်တော့်နောက်က လိုက်ခဲ့..”
မြေခွေးကြီး တာ့ဟုန် သည် လက်ကို ဆန့်ထုတ်ကာ တောင့်တင်းခိုင်မာလှသော စက္ကူစစ်သည်တော် တစ်ကောင်ကို ဖန်တီးလိုက်ပြီး... ဘိုးဘေးကျန်းလင်း ကို ထမ်းပိုးစေလျက် တောင်ပေါ်သို့ ပြေးတက်သွားလေတော့သည်။
“အိုး... ဒီမန္တန်က တော်တော်လေး မဆိုးပါဘူး..”
ဘိုးဘေးကျန်းလင်း သည် သူ့ကို ထမ်းထားသော စက္ကူစစ်သည်တော် ကို ကြည့်လိုက်၊ ကြက်ပေါင်ကြော် ကို ကိုက်ရင်း ပြေးနေသော မြေခွေးကြီး တာ့ဟုန် ကို ကြည့်လိုက်ဖြင့်... မြူခိုးဂိုဏ်း အပေါ် သူ၏ လေးစားမှုများ ပိုမို တိုးပွားလာခဲ့၏။
တောင်ထိပ်ပေါ်ဝယ်...
“ဂိုဏ်းချုပ်... ဧည့်သည် ရောက်လာပါပြီဗျို့”
မြေခွေးကြီး တာ့ဟုန် သည် စက္ကူစစ်သည်တော် ကို ခိုင်း၍ ဘိုးဘေးကျန်းလင်း အား အောက်သို့ ချပေးစေပြီးနောက်... ကြိုးတံတားကို ဖြတ်ကျော်ကာ ဝိညာဉ်သားရဲ တောင်ထိပ် ဆီသို့ အပြေးအလွှား ထွက်ခွာသွားလေတော့သည်။
ဘိုးဘေးကျန်းလင်း သည် နေရာတွင်ပင် မတ်တတ်ရပ်နေခဲ့၏။
သူသည် ဧရာမ နှစ်တစ်ထောင် ထင်းရှူးပင်ကြီးများကို တစ်ချက် ကြည့်လိုက်ပြီးနောက်... မြူခိုးတောင်ထိပ် ပေါ်ရှိ ဝိညာဉ်အပင်များ နှင့် ဝိညာဉ်စမ်းပေါက် ကို ကြည့်ကာ အံ့အားသင့်နေမိ၏။
“ဒီဂိုဏ်းက အပြင်ပန်းကြည့်ရင် ဘာမှ မထူးခြားသလို ထင်ရပေမဲ့... ဒီမှာရှိတဲ့ ပစ္စည်းတိုင်းက အံ့မခန်းတွေချည်းပဲ။ ပြီးတော့... ဟိုလူ သောက်နေတဲ့ အမည်းရောင် ဝိညာဉ်ရည်... ပူဖောင်းလေးတွေတောင် ထွက်နေသေးတယ်။ အဲဒါ ဘာကြီးများလဲ”
ဘိုးဘေးကျန်းလင်း သည် အပန်းဖြေ ကုလားထိုင်ပေါ်တွင် ထိုင်လျက် ပျော်ရွှင်ခြင်းရေကို သောက်နေသော ယဲ့ဖုန်းကို ကြည့်ရင်း... သူ၏ ခေါင်းထဲတွင် မေးခွန်းများစွာ ပြည့်နှက်နေလေတော့သည်။
“လေးစားအပ်ပါသော အကြီးအကဲ...ကျွန်တော်တို့ မြူခိုးဂိုဏ်း ကို အလည်အပတ် လာတဲ့သူက ခင်ဗျားလားဗျ”
ယဲ့ဖုန်းသည် ပြောင်စင်သွားသော ဖန်ခွက်ကို ချလိုက်ပြီး ဘိုးဘေးကျန်းလင်း ကို ကြည့်ကာ -
“ကျွန်တော်က မြူခိုးဂိုဏ်း ရဲ့ ဂိုဏ်းချုပ် ယဲ့ဖုန်း ပါ။ အကြီးအကဲ ဘယ်သူဆိုတာများ သိခွင့်ရှိမလားဗျာ” ဟု မေးလိုက်၏။
“ဒီအဘိုးကြီးက ကျင်းလင်း လို့ ခေါ်ပါတယ်ဗျာ... ဝိညာဉ်ပင်လယ်အဆင့် လောက်လေးပဲ ရှိတဲ့ သာမန် ကျင့်ကြံသူ တစ်ယောက်မို့လို့ ဂိုဏ်းချုပ်ယဲ့ အနေနဲ့ အရေးတယူ လုပ်နေစရာ မလိုပါဘူး။ လမ်းကြုံလို့ အလည်အပတ် ဝင်လာတာပါဗျာ” ဘိုးဘေးကျန်းလင်း က ယဲ့ဖုန်းအား အနည်းငယ် ဦးညွှတ်၍ ဖြေကြားလိုက်သည်။
“မင်းသမီးလေး... လက်ဖက်ရည် သွားဖျော်လိုက်ပါဦး” ယဲ့ဖုန်းက လှမ်းခေါ်လိုက်၏။
“ဟုတ်ကဲ့ပါရှင်” ဟူဖေးဖေး သည် ဂိုဏ်းချုပ်ခန်းမဆောင် အတွင်းမှ ထွက်လာခဲ့သည်။
ကောင်းကင်မျက်လုံး ကို ဖွင့်ထားဆဲဖြစ်သော ဘိုးဘေးကျန်းလင်း သည် ဟူဖေးဖေး ကို ကြည့်လိုက်ရာ... သူမ၏ ထူးခြားလှသော အရှိန်အဝါများကြောင့် အကြိမ်ကြိမ် အကြည့်ပို့လွှတ်နေမိ၏။
သို့သော်ငြား... ဟူဖေးဖေး မှာ စနစ် မှ ပေးအပ်ထားသော လက်ဆောင် တစ်ခုဖြစ်ပြီး ကြီးမားလှသော ကံကြမ္မာ အထောက်အပံ့များ ဖုံးလွှမ်းခံထားရသူ ဖြစ်ရာ... ကောင်းကင်မျက်လုံး ဖွင့်ထားလျှင်ပင် ဘိုးဘေးကျန်းလင်း အနေဖြင့် သူမ၏ စစ်မှန်သော သဘာဝကို မခွဲခြားနိုင်ပါ။ သာမန် မဟုတ်ကြောင်းကိုသာ ခံစားသိရှိနိုင်၏။
ယဲ့ဖုန်းသည် ဘိုးဘေးကျန်းလင်း ကို အကဲခတ်ကြည့်လိုက်သည်။
ယနေ့တိုင် မြူခိုးဂိုဏ်း သို့ အလည်အပတ် လာရောက်သူများမှာ မနည်းပါးလှပေ။
ခရိုင်ဘုရင် ရှုချန်ကျွင်း၊ မိုထျန်းလုံ နှင့် လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် ၏ နေရာအနှံ့မှ မူလနတ်ဘုရားအဆင့် မဟာတန်ခိုးရှင် များကဲ့သို့သော ထင်ရှားသူများ၊ မူရူရွှယ် နှင့် လျူမင် တို့ကဲ့သို့ အစွမ်းထက် ကျင့်ကြံသူများလည်း လာရောက်ခဲ့ဖူး၏။
ထို့ကြောင့် ဘိုးဘေးကျန်းလင်း ရောက်လာခြင်းက ယဲ့ဖုန်းအတွက် အံ့သြစရာ မဟုတ်ခဲ့ဘဲ သာမန်စကားစမြည် ပြောဆိုရန်သာ ပြင်ဆင်လိုက်သည်။
သို့သော် ဘိုးဘေးကျန်းလင်း ၏ ခေါင်းပေါ်ရှိ မီးခိုးရောင် ဆံပင်များတွင် သေမင်း အငွေ့အသက်များ ရောယှက်နေသည်ကို မြင်လိုက်ရသည့်အခါ... ယဲ့ဖုန်း၏ မျက်ဝန်းအိမ်များမှာ ရုတ်တရက် ကျုံ့ဝင်သွားခဲ့ရ၏။
“အကြီးအကဲ... ခင်ဗျား သက်တမ်း သိပ်မကျန်တော့ဘူးပဲ..”
ထိုစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဘိုးဘေးကျန်းလင်း မှာ ချက်ချင်းပင် ဒေါသထွက်သွားခဲ့တော့သည်။
‘ဟ..ခွေးသားလေး၊
စေတနာနဲ့ လာလည်တဲ့ ဧည့်သည်ကို... သေတော့မယ်လို့ ကျိန်ဆဲရက်တယ်ပေါ့လေ။’
သူသည် စိတ်ထဲမှ တိတ်တဆိတ် ကျိန်ဆဲလိုက်မိ၏။
သို့သော် ထိုအခိုက်အတန့်တွင် ယဲ့ဖုန်းသည် သူ၏ လက်ကို ဆန့်ထုတ်ကာ ဘိုးဘေးကျန်းလင်း ၏ ခေါင်းပေါ်ရှိ မီးခိုးရောင် ဆံပင်များကို ညွှန်ပြလျက် လေးနက်သော မျက်နှာထားဖြင့် ရှင်းပြလိုက်၏။
“ခင်ဗျားရဲ့ ကိုယ်ပေါ်မှာ သေမင်း အငွေ့အသက် တွေ လွှမ်းခြုံနေတယ်။ ခင်ဗျားရဲ့ ဆံပင် သုံးထောင်လုံး အဲဒီအငွေ့အသက်တွေရဲ့ လွှမ်းခြုံတာကို ခံရပြီဆိုတာနဲ့... ခင်ဗျားရဲ့ ဝိညာဉ်ပါ လွင့်စင်သွားလိမ့်မယ်။ အဲဒီအခါကျရင်... ခင်ဗျား သေချာပေါက် သေရတော့မှာပဲ”
ဘိုးဘေးကျန်းလင်း မှာ မှင်သက်သွားရတော့သည်။
ယဲ့ဖုန်းက သူ့ကို ကျိန်ဆဲနေသည်ဟု သူ ထင်မှတ်ထားခဲ့သော်ငြား... တစ်ဖက်လူက ပြဿနာ၏ အဓိက သော့ချက်ကို အမှန်တကယ်ပင် မြင်တွေ့နေခဲ့သည် မဟုတ်ပါလား။
မှန်သည်..။
သူ၏ လျှို့ဝှက်ရောဂါဟောင်း ဆိုသည်မှာ တိတိကျကျပင် ဤအရာ ဖြစ်၏။
သူ ဒေသအနှံ့အပြားတွင် ဆေးကုသမှု ခံယူခဲ့စဉ်က... ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ရှိ သမားတော်ကြီး အများအပြားကလည်း သူ၏ ဆံပင်များ သေမင်း အငွေ့အသက်များကြောင့် လုံးဝ ဖြူဖွေးသွားပါက သူ သေချာပေါက် သေဆုံးရမည်ဖြစ်ကြောင်း ပြောကြားခဲ့ဖူးသည်။
အသက်ရှင်သန်နိုင်ရန်အတွက် သူသည် သူ၏ ကျင့်ကြံခြင်း စွမ်းအားများကို အသုံးပြု၍ ထိုသေမင်း အငွေ့အသက်များကို အသည်းအသန် ဖိနှိပ်ထားရပြီး... ထို့ကြောင့်ပင် သူ၏ ဆံပင်များမှာ မီးခိုးရောင်မှနေ၍ ငွေရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရခြင်း ဖြစ်ပေသည်။
“ဂိုဏ်းချုပ်ယဲ့... ကျုပ်ရဲ့ လျှို့ဝှက်ရောဂါဟောင်း ကို မြင်နိုင်တာလား”
ဘိုးဘေးကျန်းလင်း က အလျင်အမြန် မေးမြန်းလိုက်၏။
ကောလာဟလများအရ ယဲ့ဖုန်းသည် မူလနတ်ဘုရားအဆင့် အလယ်အလတ် ရှိ ကျင့်ကြံသူ တစ်ဦးမျှသာ ဖြစ်သည်။
ဤစွမ်းအားအဆင့်မှာ ဘိုးဘေးကျန်းလင်း အတွက် အစပိုင်းတွင် ဂရုစိုက်စရာ မဟုတ်ခဲ့သော်ငြား... သူ၏ လျှို့ဝှက်ရောဂါဟောင်း ကို တစ်ချက်ကြည့်ရုံဖြင့် သိမြင်နိုင်ခြင်းက ယဲ့ဖုန်း၏ သာမန်မဟုတ်သော အစွမ်းအစကို သက်သေပြနေပြီး သူနှင့် စကားပြောဆို ဆွေးနွေးရန် ထိုက်တန်ကြောင်း သိရှိသွားစေခဲ့၏။
“ဒါပေါ့... ကျွန်တော် မြင်နိုင်တာပေါ့ဗျာ။ ခင်ဗျားရဲ့ ရောဂါမျိုးကို ကျွန်တော်တောင် မကုသပေးနိုင်ပါဘူး”
ယဲ့ဖုန်း သက်ပြင်းချလိုက်သည်။
ထိုစကားကို ကြားလိုက်ရသော်လည်း ဘိုးဘေးကျန်းလင်း မှာ စိတ်ပျက်မသွားခဲ့ချေ။
မည်သို့ပင်ဆိုစေကာမူ ယဲ့ဖုန်းသည် မူလနတ်ဘုရားအဆင့် အလယ်အလတ် ရှိ ကျင့်ကြံသူ တစ်ဦးသာ ဖြစ်ရာ... ရောဂါကို ရှာဖွေတွေ့ရှိနိုင်ခြင်းကပင် အလွန်အမင်း အံ့သြစရာ ကောင်းနေပြီ မဟုတ်ပါလား။
ရောဂါကို ကုသရန် ကိစ္စမှာမူ... ယဲ့ဖုန်း မဆိုထားနှင့်၊ ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ရှိ သမားတော်ကြီးများပင်လျှင် မတတ်နိုင်ကြဘဲ ဘိုးဘေးကျန်းလင်း အား သေမင်း အငွေ့အသက်များကို ဖိနှိပ်ထားနိုင်ရန်သာ ကူညီပေးနိုင်ခဲ့ကြသည် မဟုတ်ပါလား။
“ဒါပေမဲ့... ကျွန်တော်က အဲဒီ သေမင်း အငွေ့အသက်တွေကိုတော့ ဝါးမြိုပစ်နိုင်တယ်ဗျ။ ရောဂါကို လုံးဝ ပျောက်ကင်းအောင် မကုနိုင်ပေမဲ့... ခင်ဗျားရဲ့ သက်တမ်းကို ဆန့်ထုတ်ပေးဖို့တော့ လုံလောက်ပါတယ်”
ယဲ့ဖုန်းက ရုတ်တရက် ဆိုလိုက်၏။
ဘိုးဘေးကျန်းလင်း သည် ထိုစကားကို ကြားလိုက်ရသည့်အခါ သူ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ အပြည့်အဝ ထင်ဟပ်နေလေတော့၏။
အခန်း (၄၈၂) သေမင်း အငွေ့အသက်များ၏ မူသေအရင်းအမြစ်၊ တပည့်များ စစ်ဆေးခြင်း ပြီးစီးမှု
~“မင်း... မင်းက သေမင်း အငွေ့အသက်တွေကို စုပ်ယူနိုင်တယ် ဟုတ်လား..”
ဘိုးဘေးကျန်းလင်း၏ မျက်လုံးများမှာ အံ့သြမှုကြောင့် ပြူးကျယ်သွားရ၏။
သေမင်း အငွေ့အသက်။
အလွန်တရာ ထူးဆန်းလှသော စွမ်းအားတစ်ခု။
သက်တမ်းများစွာ မကျန်တော့သော မည်သည့် ကျင့်ကြံသူမဆို ဤစွမ်းအား၏ ပစ်မှတ်ထားခြင်းကို ခံရတတ်ပြီး... တစ်ကိုယ်လုံးကို ထိုအငွေ့အသက်များက လွှမ်းခြုံသွားပြီဆိုပါက... ၎င်းမှာ ကိုယ်ခန္ဓာ ပျက်စီးယိုယွင်းခြင်းနှင့် ကျင့်စဉ်လမ်းဆုံးခြင်း၏ အခိုက်အတန့်သို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း အဓိပ္ပာယ် သက်ရောက်၏။
ရှေးဟောင်း သူတော်စင် တစ်ပါးပင်လျှင် ဤအရာကို ခုခံကာကွယ်နိုင်စွမ်း မရှိချေ။
ဒါက ကောင်းကင်ဘုံ၏ အလိုတော်ပင်..
ပြီးတော့... ကောင်းကင်ဘုံ၏ အလိုတော်ကို မည်သူမျှ ဖီဆန်၍ မရနိုင်ပေ..
“သေမင်း အငွေ့အသက်တွေကို စုပ်ယူရတာ နည်းနည်းတော့ လက်ဝင်တယ်ဗျ။ ဒါပေမဲ့ စမ်းကြည့်လို့တော့ ရပါတယ်။ ကဲ... လာ... ခေါင်းလေး ဒီဘက် တိုးပေးပါဦး”
ယဲ့ဖုန်းက ခပ်အေးအေးပင် ဆိုလိုက်၏။
သူ၏ အမြင်တွင်မူ ဘိုးဘေးကျန်းလင်း မှာ သက်တမ်းများစွာ မကျန်တော့သော၊ ကြင်နာတတ်သည့် မျက်နှာထားရှိသည့် ဝိညာဉ်ပင်လယ်အဆင့် အဘိုးအို တစ်ဦးမျှသာ ဖြစ်၏။
အသက် သိပ်မကြီးသေးပုံ ရသော်လည်း သေမင်း အငွေ့အသက်များ ဖုံးလွှမ်းနေပြီး စတင် ယိုယွင်းပျက်စီးနေပြီ ဖြစ်ရာ... အနည်းငယ် သနားစရာ ကောင်းနေသည် မဟုတ်ပါလား။
“ခေါင်းကို... တိုးပေးရမယ် ဟုတ်လား...”
ဘိုးဘေးကျန်းလင်း မှာ မှင်သက်သွားရတော့၏။
'ငါက ဟင်းလင်းပြင် ဖြိုခွဲ အဆင့်က မဟာအကြီးအကဲကြီး တစ်ယောက်လေ။ မင်းလို မူလနတ်ဘုရားအဆင့် ကောင်လေးကများ... ငါ့ကို လူကြီးသူမ ရိုသေမှု မရှိဘဲ ဒီလိုမျိုး လာပြောရဲတယ်ပေါ့လေ..'
“အဲဒီလို လုပ်လို့ ရပါ့မလား...”
သို့သော်ငြား ဘိုးဘေးကျန်းလင်း သည် သူ၏ ခေါင်းကိုတော့ တိုးပေးလိုက်မိသည်။
အသက်ရှင်ခြင်း နဲ့ သေဆုံးခြင်း ကြားမှာ... မျက်နှာပူနေလို့ ဘာထူးမှာလဲ။
မြေကြီးပေါ် ပစ်ချလိုက်... ဂရုစိုက်နေစရာ မလိုဘူး..
ယဲ့ဖုန်းသည် သူ၏ ရှေ့ရှိ ဘိုးဘေးကျန်းလင်း ကို ကြည့်ကာ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး... ဘိုးဘေးကျန်းလင်း ၏ ခေါင်းပေါ်သို့ အသာအယာ တင်လိုက်၏။
ထိုအခိုက်အတန့်တွင် ဘိုးဘေးကျန်းလင်း သည် အလွန် ထူးဆန်းသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
လွန်ခဲ့သော နှစ်ပေါင်း ထောင်ချီက... သူ အင်မော်တယ်ဂိုဏ်း သို့ စတင် ဝင်ရောက်ခဲ့စဉ်က... အင်မော်တယ် ဆရာသခင်များ၏ ခေါင်းပွတ် အသိအမှတ်ပြုခြင်းကို ခံယူကာ တပည့်အဖြစ် လက်ခံခံခဲ့ရသည့် လွမ်းမောဖွယ် အတိတ်ကာလများဆီသို့ ပြန်လည် ရောက်ရှိသွားသကဲ့သို့ပင်။
“တကယ့်ကို အံ့သြစရာကောင်းတဲ့ ခံစားချက်ပဲဗျာ..”
ဘိုးဘေးကျန်းလင်း က အံ့သြတကြီး ရေရွတ်လိုက်မိ၏။
ဤကဲ့သို့သော ခံစားချက်မျိုးကို သူ မခံစားခဲ့ရသည်မှာ နှစ်ပေါင်း ထောင်ချီ ကြာမြင့်ခဲ့ပြီ မဟုတ်ပါလား။
“သတ်ဖြတ်ခြင်း စွမ်းအင်... ဝါးမြိုစမ်း..”
ယဲ့ဖုန်းသည် သူ၏ ကိုယ်တွင်းရှိ သတ်ဖြတ်ခြင်း စွမ်းအင် ၏ မူလဇစ်မြစ်ကို အသုံးပြုလိုက်လေရာ... ဘိုးဘေးကျန်းလင်း ၏ ဆံပင်များထဲရှိ သေမင်း အငွေ့အသက်များမှာ စတင် လွင့်စင်လာပြီး... အဆုံးအစမရှိသော မိစ္ဆာချီများအဖြစ် ပြောင်းလဲသွားခဲ့၏။ ထို့နောက် ၎င်းတို့ အားလုံးမှာ သူ၏ လက်များမှတစ်ဆင့် ဝါးမြိုခြင်း ခံလိုက်ရလေတော့သည်။
“မင်း... မင်း တကယ်ပဲ သေမင်း အငွေ့အသက်တွေကို ဝါးမြိုနေတာပါလား..”
ဘိုးဘေးကျန်းလင်း သည် သူ၏ ကိုယ်တွင်းရှိ သေမင်း အငွေ့အသက်များ အလျင်အမြန် လျော့နည်းသွားသည်ကို သိသိသာသာ ခံစားနေရပြီး... မကြာမီမှာပင် ထိုအငွေ့အသက်များ အားလုံး လုံးဝ ပျောက်ကွယ်သွားခဲ့တော့၏။
သူ၏ ခေါင်းပေါ်ရှိ မီးခိုးရောင် ဆံပင်များမှာလည်း ငွေရောင်အဖြစ်သို့ ပြန်လည် ပြောင်းလဲသွားခဲ့၏။
သေမင်း အငွေ့အသက်များကို စုပ်ယူခဲ့သော ယဲ့ဖုန်းမှာမူ... မည်သည့် ထိခိုက်မှုမျှ မရှိသည့်အလား ဖြစ်နေသဖြင့် ဘိုးဘေးကျန်းလင်း မှာ အလွန်အမင်း အံ့အားသင့်သွားရလေတော့သည်။
“အောင်မြင်သွားပြီ..”
ယဲ့ဖုန်း ကိုယ်တိုင်လည်း အနည်းငယ် အံ့သြသွားရ၏။
သူသည် စနစ် ထံမှ အကြံဉာဏ် တောင်းခံခဲ့ရာ... သေမင်း အငွေ့အသက်မှာ မိစ္ဆာချီ နှင့် ယင်ရှာချီတို့ထက် အဆင့်ပိုမြင့်သော်လည်း... သတ်ဖြတ်ခြင်း စွမ်းအင် ထက်တော့ အနည်းငယ် နိမ့်ကျကြောင်း သိရှိခဲ့ရသည်။
ထို့ကြောင့်ပင် သူသည် ၎င်းကို စုပ်ယူရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။
ရလဒ်မှာမူ အလွန်အမင်း ကျေနပ်ဖွယ် ကောင်းလှပေသည်။
ဘိုးဘေးကျန်းလင်း ၏ ကိုယ်တွင်းမှ ပြည့်နှက်နေသော သေမင်း အငွေ့အသက်များက... သူ၏ သတ်ဖြတ်ခြင်း စွမ်းအင်ကို သုံးဆယ် ရာခိုင်နှုန်းခန့်အထိ တိုးတက်သွားစေခဲ့သည် မဟုတ်ပါလား..
‘ဒီ သနားစရာ အဘိုးအို... ဝိညာဉ်ပင်လယ်အဆင့် လောက်လေးနဲ့ သေမင်း အငွေ့အသက်တွေ ဒီလောက်တောင် လွှမ်းခြုံခံနေရတာ။ ငါသာ မကယ်ခဲ့ရင်... သူ နောက်ထပ် သုံးလအတွင်း သေချာပေါက် သွေးအန်ပြီး သေရတော့မှာပဲ’
ယဲ့ဖုန်းက မိမိကိုယ်မိမိ တိတ်တဆိတ် တွေးတောလိုက်၏။
အကယ်၍သာ ထိုစကားများကို ဘိုးဘေးကျန်းလင်း ကြားလိုက်ရပါက... ဒေါသထွက်လွန်း၍ သွေးအန်သွားမည်မှာ အသေအချာပင်။
သူသည် ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ရှိ မဟာအကြီးအကဲ တစ်ဦး ဖြစ်ပြီး... သေမင်း အငွေ့အသက် ပမာဏ များပြားနေသော်ငြား... သေဆုံးရန် အချိန်အထိတော့ နီးကပ်နေသေးခြင်း မရှိချေ။
သို့သော် မှန်ပါသည်။ ထိုအငွေ့အသက်များကို ဖိနှိပ်ထားရန်အတွက် အချိန်တိုင်း သူ၏ ကိုယ်ပိုင် စွမ်းအားများကို အသုံးပြုနေရသဖြင့်... သူ၏ ကျင့်ကြံခြင်း အရှိန်အဟုန်ကိုတော့ အကြီးအကျယ် နှောင့်နှေးသွားစေခဲ့၏။
အကယ်၍သာ ထိုသို့ မဖြစ်ခဲ့ပါက... သူ၏ ပါရမီဖြင့် ဟင်းလင်းပြင် ဖြိုခွဲ အဆင့် တတိယအလွှာ သို့ပင် တက်လှမ်းနိုင်နေပြီ ဖြစ်၏။ ယခုမူ... ပထမအလွှာ အထွတ်အထိပ် တွင်သာ တစ်ဝဲလည်လည် ဖြစ်နေရရှာသည်။
သေမင်း အငွေ့အသက်များ ဝါးမြိုခံလိုက်ရပြီးနောက်... ၎င်းတို့ကို ဖိနှိပ်ရန် စွမ်းအား အသုံးပြုစရာ မလိုတော့သဖြင့် ဘိုးဘေးကျန်းလင်း သည် တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းသွားသကဲ့သို့ ခံစားလိုက်ရ၏။
သူ၏ အကောင်းဆုံး အခြေအနေသို့ ပြန်လည် ရောက်ရှိသွားသည့်အလားပင်။
သူသည် အိုမင်းမစွမ်း ဖြစ်နေသည့်ဟန် မရှိတော့ဘဲ... ခါးကို မတ်မတ်ဆန့်လိုက်ရာ တစ်ကိုယ်လုံးမှ တက်ကြွသော သက်စွမ်းအင်များ ဖြာထွက်လာခဲ့လေတော့သည်။
“ဒီခံစားချက်... သိပ်ကောင်းတာပဲ..”
ဘိုးဘေးကျန်းလင်း အလွန်အမင်း ဝမ်းသာသွားခဲ့တော့၏။
နှစ်တစ်ထောင်..
သူ အိုမင်းလာပြီး သေမင်း အငွေ့အသက်များ၏ ရစ်ပတ်မှုကို ခံခဲ့ရကတည်းက... သူ၏ ကျင့်ကြံခြင်းအဆင့်မှာ နှစ်တစ်ထောင်ကျော် ကာလအတွင်း မည်သည့် သိသာထင်ရှားသော တိုးတက်မှုမျှ မရှိခဲ့ချေ။
လွန်ခဲ့သော နှစ်တစ်ထောင်က သူသည် ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ပထမအလွှာ တွင်သာ ရှိခဲ့၏။
ယခုအခါ... သေမင်း အငွေ့အသက်များကို ဖိနှိပ်ရင်း ကျင့်ကြံနေရသဖြင့်... ပထမအလွှာ အထွတ်အထိပ် တွင်သာ ရှိနေဆဲပင် ဖြစ်၏။
“ငါသာ ဂိုဏ်းချုပ်ယဲ့ နဲ့ လွန်ခဲ့တဲ့ နှစ်တစ်ထောင်က စောပြီး တွေ့ခဲ့ရရင်... ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က အခုလို တစ်နေရာတည်းမှာ ရပ်တန့်နေစရာ အကြောင်း မရှိဘူး..”
ဘိုးဘေးကျန်းလင်း သည် ယဲ့ဖုန်း၏ ဘေးတွင် ထိုင်လျက် အတိတ်ကို လွမ်းမောဖွယ်ရာ ရေရွတ်လိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ ယဲ့ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားရတော့၏။
‘ကျင်းလင်း’ လို့ မိမိကိုယ်မိမိ နာမည်ပေးထားတဲ့ ဒီအဘိုးကြီးက... သေမင်း အငွေ့အသက်တွေရဲ့ ရစ်ပတ်မှုကို ခံနေရတာ နှစ်တစ်ထောင်တောင် ရှိပြီတဲ့လား။
ဝိညာဉ်ပင်လယ်အဆင့် ရဲ့ သက်တမ်းက နှစ်တစ်ထောင်ပဲလေ။ ဆိုလိုတာက ဒီအဘိုးကြီး ကျင်းလင်း က အသက် တစ်ရာလောက်မှာ ဝိညာဉ်ပင်လယ်အဆင့် ကို ရောက်ခဲ့ပြီး... အဲဒီအချိန်ကတည်းက သေမင်း အငွေ့အသက်တွေရဲ့ ပစ်မှတ်ထားတာကို ခံခဲ့ရတာပေါ့... တကယ့်ကို သနားစရာ ကောင်းလိုက်တာ..
“နှစ်တစ်ထောင် တောင်လေ... သေမင်း အငွေ့အသက်တွေရဲ့ ပစ်မှတ်ထားတာ မခံရရင်တောင်... ဝိညာဉ်ပင်လယ်အဆင့် တစ်ယောက်ရဲ့ သက်တမ်း ကုန်ဖို့ လုံလောက်နေပြီ။ အကြီးအကဲ က အခုချိန်ထိ အသက်ရှင်နေသေးတယ် ဆိုတာကိုက... တကယ့်ကို အံ့ဖွယ် တစ်ခုပါပဲဗျာ”
ယဲ့ဖုန်းသည် ဘိုးဘေးကျန်းလင်း ၏ ပခုံးကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။
ဘိုးဘေးကျန်းလင်း မှာ နေရာတွင်ပင် ကျောက်ရုပ်တစ်ရုပ်အလား မှင်သက်သွားရပြန်၏။
သူသည် ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ရှိ မဟာအကြီးအကဲ တစ်ဦး ဖြစ်၏။ ပုံမှန်အားဖြင့်ဆိုလျှင် မည်သူကများ သူ၏ ပခုံးကို လာပုတ်ရဲမည်နည်း။
သို့သော် ယခုအခါတွင်မူ... ယဲ့ဖုန်း၏ ခေါင်းပွတ်ခြင်း၊ ပခုံးပုတ်ခြင်းတို့ကို ခံရပြီး အမြတ်ထုတ်ခံနေရသော်ငြား... ဘိုးဘေးကျန်းလင်း မှာ ဒေါသထွက်၍ မရနိုင်အောင် ဖြစ်နေရရှာသည်။
ယဲ့ဖုန်းသာ မရှိခဲ့ပါက... သူ၏ သေမင်း အငွေ့အသက်များမှာ ယာယီပင် ပျောက်ကွယ်သွားနိုင်မည် မဟုတ်ချေ။
သူ့အတွက်တော့ ယဲ့ဖုန်းသည် သူ၏ အသက်တစ်ဝက်ကို ကယ်တင်ပေးခဲ့သော ကျေးဇူးရှင်ပင် ဖြစ်၏။
“အဟွတ် အဟွတ်.. နှစ်တစ်ထောင်လုံး သေမင်း အငွေ့အသက်တွေရဲ့ နှိပ်စက်မှုကို ခံခဲ့ရလို့ ကျင့်ကြံခြင်း မတိုးတက်ခဲ့ပေမဲ့... ဂိုဏ်းချုပ်ယဲ့ ပူစရာ မလိုပါဘူးဗျာ။ ကျုပ်က သက်လုံခိုင်ပါတယ်။ နောက်တစ်ခါ ကျုပ်တို့ ပြန်တွေ့တဲ့ အချိန်ကျရင်... ကျုပ် သေချာပေါက် မူလနတ်ဘုရားအဆင့်ကို တက်လှမ်းပြပါ့မယ်..”
ဘိုးဘေးကျန်းလင်း သည် သူ၏ ရင်ဘတ်ကို ပုတ်ကာ ယုံကြည်ချက် အပြည့်ဖြင့် ကြေညာလိုက်၏။
‘ဘာပဲဖြစ်ဖြစ်... နောက်တစ်ခါ သူ ပြန်လာတဲ့အခါ... မူလနတ်ဘုရားအဆင့် ရဲ့ အရှိန်အဝါကို ထုတ်ပြလိုက်ရုံနဲ့ လုံလောက်ပြီ မဟုတ်ပါလား’
သို့သော် ယဲ့ဖုန်း၏ နားထဲတွင်မူ... ဤစကားများက သူ၏ မျက်လုံးများကို ပြူးကျယ်သွားစေပြီး... ‘ဒီအဘိုးကြီးက ကျင့်ကြံခြင်းအဆင့်သာ မမြင့်တာ... ကြွားလုံးထုတ်တဲ့ နေရာမှာတော့ တော်တော်လေး အထင်ကြီးစရာ ကောင်းတာပဲ’ ဟု တိတ်တဆိတ် တွေးတောလိုက်မိ၏။
“ဒါနဲ့... ကျွန်တော်က ခင်ဗျားရဲ့ သေမင်း အငွေ့အသက်တွေကို စုပ်ယူပေးရုံ သက်သက်ပါဗျာ... အဲဒါက ယာယီ ဖြေရှင်းနည်းပဲ ရှိသေးတယ်၊ ရောဂါပျောက်သွားတာ မဟုတ်ဘူး။ အကယ်၍ ခင်ဗျား နောက်တစ်ခါ သေမင်း အငွေ့အသက်တွေရဲ့ ပစ်မှတ်ထားတာ ခံရပြန်ရင်... မြူခိုးဂိုဏ်း ကို တိုက်ရိုက် လာပြီး ကျွန်တော့်ကို ရှာပါ... ကျွန်တော် ထပ်ပြီး စုပ်ယူပေးပါ့မယ်”
ယဲ့ဖုန်းသည် ပြုံးလျက် ဘိုးဘေးကျန်းလင်း ၏ ပခုံးကို ထပ်မံ ပုတ်လိုက်၏။
သူ၏ အမြင်တွင်မူ ဤအဘိုးကြီးမှာ လမ်းလျှောက်နေသော မိစ္ဆာချီ ကိုယ်ထည်ကြီး တစ်ခုပမာ ဖြစ်နေပြီး... တစ်ကြိမ် စုပ်ယူလိုက်တိုင်း သူ၏ သတ်ဖြတ်ခြင်း စွမ်းအင် များကို သိသိသာသာ အားကောင်းလာစေသည် မဟုတ်ပါလား။
ဘိုးဘေးကျန်းလင်း ထံမှ အမြတ်ထုတ်ရခြင်းက သေချာပေါက် တန်တွက်ကိုက်သော ကိစ္စတစ်ခုပင်။
“ဒါဆိုရင်လည်း... ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ယဲ့”
ဘိုးဘေးကျန်းလင်း သည် လှည့်ကာ ထွက်ခွာသွား၏။
သို့သော် ခြေလှမ်း နှစ်လှမ်းခန့် အလှမ်းတွင် သူသည် စားပွဲပေါ်၌ ရှေးဟောင်း ကျောက်စိမ်းပြား တစ်ခုကို ချန်ထားရစ်ခဲ့ပြီး...
“ဂိုဏ်းချုပ်ယဲ့... ဒါက အစောင့်အရှောက် အဆောင်လက်ဖွဲ့လေး တစ်ခုပါ။ အန္တရာယ် တစ်ခုခု ကြုံလာခဲ့ရင်...မင်းအတွက် တိုက်ခိုက်မှု တစ်ခုကို ကာကွယ်ပေးနိုင်ပါတယ်”
“သြော်... ဒါကတော့ ကျေးဇူးဆပ်တဲ့ လက်ဆောင်လေးပါ”
ဘိုးဘေးကျန်းလင်း သည် ဆေးပုလင်း တစ်ပုလင်း နှင့် ဝိညာဉ်ကျောက်တုံး အိတ်တစ်အိတ် ကိုပါ ထပ်မံ ချန်ထားရစ်ခဲ့တော့သည်။
“အများကြီး ကျေးဇူးတင်ပါတယ်ဗျာ..”
ထွက်ခွာသွားသော ဘိုးဘေးကျန်းလင်း ၏ ကျောပြင်ကို ကြည့်ရင်း... ယဲ့ဖုန်းသည် ဆေးပုလင်းကို ဖွင့်လိုက်ရာ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားခဲ့ရ၏။
“ဒီအဘိုးကြီးက တော်တော် ချမ်းသာတာပဲ..”
ဆေးပုလင်း အတွင်း၌ ‘ဝိညာဉ်စုစည်းခြင်း ဆေးလုံး’ ဆယ်လုံးတိတိ ပါဝင်နေသည်ကိုး။
ဤသည်မှာ မူလနတ်ဘုရားအဆင့် သို့ တက်လှမ်းရာတွင် မရှိမဖြစ် လိုအပ်သော ဆေးလုံးဖြစ်ပြီး... အဆင့်ချိုးဖြတ်ရာတွင် အဓိက အသုံးပြုရသော ဆေးလုံးလည်း ဖြစ်ပေသည်။
ဝိညာဉ်စုစည်းခြင်း ဆေးလုံး ဆယ်လုံး ဆိုသည်မှာ... အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံး ဆယ်တုံး နှင့် တန်ဖိုး ညီမျှ၏။
“ဘုရားရေ... အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံး အတုံး တစ်ရာ တဲ့လား..”
ယဲ့ဖုန်းသည် ဝိညာဉ်ကျောက်တုံး အိတ်ကို ဖွင့်လိုက်သောအခါ... အံ့သြလွန်းသဖြင့် နေရာမှ ခုန်ထသွားပြီး မျက်လုံးများမှာ ပန်းကန်ပြားကြီးများအလား ပြူးကျယ်နေတော့သည်။
“ဝိညာဉ်စုစည်းခြင်း ဆေးလုံး တစ်ပုလင်း နဲ့ အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံး အတုံး တစ်ရာ ကို အေးအေးဆေးဆေး ပေးသွားနိုင်တယ် ဆိုတော့... ဘိုးဘေးကျန်းလင်း က တကယ်ကို အရမ်း ချမ်းသာလွန်းတာပဲ.. ဒါနဲ့... သူ ပေးသွားတဲ့ အဆောင်လက်ဖွဲ့ ကလည်း သာမန် ပစ္စည်းတော့ မဖြစ်နိုင်ဘူး”
ယဲ့ဖုန်းသည် ကျောက်စိမ်းပြား ကို အသေအချာ စစ်ဆေးကြည့်ပြီးနောက် စနစ် ထံသို့ အလျင်အမြန် မေးမြန်းလိုက်၏။
“တီ..တီ..ဒီပစ္စည်းက တစ်ခါသုံး အစောင့်အရှောက် ဝိညာဉ်အဆောင်လက်ဖွဲ့ပါ... အလယ်အလတ်အဆင့် ဝိညာဉ်ရတနာ အဆင့်ပါ။ ဟင်းလင်းပြင် ဖြိုခွဲ အဆင့် အောက်က ဘယ် တိုက်ခိုက်မှုကိုမဆို ကာကွယ်ပေးနိုင်ပါတယ်... ပြန်လည် တန်ပြန်ပြီး ရန်သူရဲ့ အင်အားကို အသုံးပြုပြီးတော့ ရန်သူကို ပြန်လည် သတ်ဖြတ်နိုင်စွမ်း ရှိပါတယ်”
စနစ် မှ ခွဲခြမ်းစိတ်ဖြာမှု ရလဒ်ကို ထုတ်ပြန်ပေးလိုက်သည်။
“အလယ်အလတ်အဆင့် ဝိညာဉ်ရတနာ အစောင့်အရှောက် ကိုတောင် အလွယ်တကူ ပေးနိုင်တယ်... ဝိညာဉ်စုစည်းခြင်း ဆေးလုံး တွေ၊ အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံး တွေလည်း အများကြီး ပေးသွားတယ် ဆိုတော့... ဘိုးဘေးကျန်းလင်း ရဲ့ နောက်ခံက သေချာပေါက် ရိုးရှင်းမှာ မဟုတ်ဘူး..”
ယဲ့ဖုန်း သဘောပေါက်သွားခဲ့တော့၏။
ကံမကောင်းစွာဖြင့် သူ့တွင် ‘ထိုးထွင်းသိမြင်ခြင်း မျက်လုံး’ မရှိသဖြင့်... ဘိုးဘေးကျန်းလင်း ၏ စစ်မှန်သော ကျင့်ကြံခြင်းအဆင့် ကို မမြင်နိုင်ခဲ့ချေ။
သို့သော် သူ၏ အမြင်တွင်မူ ဤသူသည် သူ၏ ကျင့်ကြံခြင်းအဆင့် ကို ဖုံးကွယ်ထားခြင်း ဖြစ်စေ၊ သို့မဟုတ် နောက်ခံ အလွန် ရှုပ်ထွေးသူ ဖြစ်စေ... လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် ပြင်ပရှိ အလွန်တရာ ကြီးမားသော အင်အားစု တစ်ခုခုမှ လာရောက်သူ ဖြစ်ရန် အလွန်ပင် သေချာနေသည်။
ဘိုးဘေးကျန်းလင်း ရဲ့ နောက်ခံ အစစ်အမှန်က ဘာများလဲ။
သူက မြူခိုးဂိုဏ်း ကို တခြား ရည်ရွယ်ချက် တစ်ခုခုများ ရှိလို့ လာတာများလား။
ဤသို့ တွေးမိသည်နှင့် ယဲ့ဖုန်း မျက်မှောင်ကြုတ်သွားခဲ့လေတော့သည်။
...
လျှို့ဝှက်ဆန်းကြယ် နန်းမြို့တော် တွင်...
ဘိုးဘေးကျန်းလင်း သည် ဧရာမ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ပေါ်တွင် ရပ်လျက်... သူ၏ ဘေးရှိ ကျန်းမာရွှင်လန်းနေသော မျက်နှာထားဖြင့် ဘိုးဘေးလင်မြောင် ကို ကြည့်နေ၏။
“ဟင်... ခင်ဗျား ကိုယ်ပေါ်က သေမင်း အငွေ့အသက်တွေ တကယ်ပဲ ပျောက်သွားတာပါလား..”
ဘိုးဘေးလင်မြောင် သည် ထိုအချက်ကို သတိပြုမိသွားပြီး အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
“မင်းရဲ့ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် က မဆိုးဘူးပဲ... အခွင့်အရေးတွေ ပြည့်နှက်နေတဲ့ နေရာလေးပဲ။ ငါ ပြန်ရောက်တာနဲ့ တံခါးပိတ် ကျင့်ကြံပြီး ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ဒုတိယအလွှာ ကို တက်လှမ်းဖို့ ကြိုးစားရတော့မယ်” ဘိုးဘေးကျန်းလင်း က ပြုံးလျက် ဆိုလိုက်၏။
“ဒါဆိုရင်တော့... ဂုဏ်ပြုပါတယ်ဗျာ..” ဘိုးဘေးလင်မြောင် ၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
ဘိုးဘေးကျန်းလင်း အနေဖြင့် မည်ကဲ့သို့သော အခွင့်အရေးမျိုးကို ရရှိခဲ့၍ သေမင်း အငွေ့အသက်များကို ယာယီ ဖယ်ရှားနိုင်ခဲ့သနည်း ဆိုသည်ကို သူ အလွန်အမင်း စူးစမ်းလိုနေမိ၏။
...
မြူခိုးဂိုဏ်း သို့ ပြန်လည်ရောက်ရှိလာသောအခါ...
ယဲ့ဖုန်းသည် ဘိုးဘေးကျန်းလင်း ပေးအပ်ခဲ့သော ရတနာ သုံးမျိုးကို သိမ်းဆည်းလိုက်ပြီးနောက်... တပည့်များ အဆက်မပြတ် တာဝန်များ ယူနေကြသည်ကို ကြည့်ကာ အလွန်အမင်း စိတ်ရွှင်လန်းနေမိသည်။
“ကောင်းတယ်... တာဝန်တွေကို မြန်မြန် ပြီးအောင် လုပ်ကြ။ အဲဒါမှ နောက်ဆက်တွဲ တာဝန်: တပည့်များ စစ်ဆေးခြင်း ရဲ့ လိုအပ်ချက်တွေကို အမြန်ဆုံး ပြည့်မီနိုင်မှာ”
ယဲ့ဖုန်းသည် နောက်ဆက်တွဲ တာဝန်မှ ရရှိလာမည့် ဆုလာဘ်များကို အလွန်ပင် စိတ်အားထက်သန်စွာ မျှော်လင့်နေမိ၏။
အချိန်များ လျင်မြန်စွာ ကုန်လွန်သွားခဲ့ပြီး သုံးရက် အကြာတွင်မူ...
လျန်ဝမ်ဖန်း၊ လျန်ဝမ်ယွိ နှင့် လျန်ဝမ်ရူတို့ ညီအစ်မ သုံးဖော်သည် နောက်ဆုံးတွင် တာဝန် (၁၀) ခုကို အောင်မြင်စွာ ပြီးမြောက်သွားခဲ့ကြတော့သည်။
အဆင့်နိမ့် နတ်ဆိုးဘုရင် နှင့် နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ် ရှိ သူတို့၏ ကျင့်ကြံခြင်းအဆင့်များဖြင့်... သာမန် ဂိုဏ်းတာဝန်များကို ပြီးမြောက်အောင် လုပ်ဆောင်ရန်မှာ လုံးဝ အခက်အခဲ မရှိခဲ့ချေ။
“ဂိုဏ်းချုပ်... ကျွန်မတို့ တာဝန် (၁၀) ခု ပြီးသွားပါပြီရှင်”
အကြီးအကဲများ ခန်းမဆောင် တွင် ဆယ်ခုမြောက် တာဝန်ကို ပြီးစီးကြောင်း အစီရင်ခံပြီးသည်နှင့် တစ်ပြိုင်နက်... လျန်ဝမ်ဖန်း သည် အပြေးအလွှား ရောက်လာပြီး ယဲ့ဖုန်း၏ ရင်ခွင်ထဲသို့ အကျင့်ပါနေသည့်အတိုင်း ခုန်ဝင်သွားလေတော့သည်။
“အဟွတ် အဟွတ်... အဲဒီလို မလုပ်ပါနဲ့..”
ယဲ့ဖုန်း အလျင်အမြန် သူမကို တွန်းဖယ်လိုက်ရ၏။
သူသည် ညီအစ်မ သုံးဖော်၏ စာရင်းသွင်း တံဆိပ်ပြားများကို ယူကာ လက်နက်သွန်းလုပ်သည့် မီးဖို အတွင်းသို့ ပစ်ထည့်ပြီး အဆင့်မြှင့်တင်လိုက်၏။
“အမွေခံတပည့်” ဟူသော စာသားပါရှိသည့် စာရင်းသွင်း တံဆိပ်ပြား အသစ်များ မီးဖိုထဲမှ ထွက်လာသည်နှင့် တစ်ပြိုင်နက်... ယဲ့ဖုန်း၏ ခေါင်းထဲတွင် စနစ် ၏ အသိပေးသံ ထွက်ပေါ်လာခဲ့လေတော့သည်။
“တီ..တီ.. အမွေခံတပည့် (၅) ဦး၊ အတွင်းစည်းတပည့် (၅၆) ဦး နှင့် အပြင်စည်းတပည့် (၁၁၀၀) ဦး ရှိလာပြီ ဖြစ်သဖြင့်... [နောက်ဆက်တွဲ တာဝန်: တပည့်များ စစ်ဆေးခြင်း] ၏ ပြီးမြောက်မှု လိုအပ်ချက်များ အားလုံး ပြည့်မီသွားပါပြီ”
“တီ..တီ.. ဆုလာဘ်များကို ထုတ်ပေးလိုက်ပါပြီ။ ဂိုဏ်းချုပ်ကြီးအနေဖြင့် လာရောက် ထုတ်ယူနိုင်ပါပြီ”
ယဲ့ဖုန်းသည် စာရင်းသွင်း တံဆိပ်ပြားများကို လျန်ညီအစ်မ သုံးဖော်ထံ အလျင်အမြန် ကမ်းပေးလိုက်ပြီးနောက်... ဂိုဏ်းချုပ်ခန်းမဆောင် အတွင်းသို့ အပြေးအလွှား ဝင်ရောက်သွားကာ တံခါးကို ဂျက်ချ ပိတ်လိုက်လေတော့သည်။
သူသည် လက်ကို ဆန့်ထုတ်လိုက်ရာ... သူ၏ လက်ဖဝါးပေါ်တွင် ကံစမ်းမဲအိတ် တစ်အိတ် ရုတ်တရက် ပေါ်ထွက်လာခဲ့၏။
ဒါက... နောက်ဆက်တွဲ တာဝန်မှ ရရှိလာသော ဆုလာဘ်ပင် ဖြစ်ပါသည်..။
အခန်း (၄၈၃) ထိုးထွင်းသိမြင်ခြင်း မျက်လုံး ဆုလာဘ် နှင့် ကြယ်လေးပွင့်အဆင့် အင်အားစု အဖြစ် တိုးမြှင့်ခံရခြင်း
~"ကံစမ်းမဲအိတ်... ပွင့်စေ.."
ယဲ့ဖုန်းမှာ အလွန်အမင်း စိတ်အားထက်သန်နေခဲ့တော့၏။
သူ၏ အမိန့်အောက်တွင် ကံစမ်းမဲအိတ်မှာ မရေမတွက်နိုင်သော ကြယ်တာရာလေးများအဖြစ် စတင် ကြေမွသွားခဲ့ပြီး... လေထဲတွင် တောက်ပလှသော အလင်းတန်း နှစ်ခုအဖြစ် ပုံပေါ်လာခဲ့သည်။
"တီ..တီ..ဂုဏ်ယူပါတယ်၊ ဂိုဏ်းချုပ်ကြီးအနေဖြင့် ပါရမီ - ထိုးထွင်းသိမြင်ခြင်း မျက်လုံး ကို ရရှိသွားပါပြီ"
"တီ..တီ..ဂုဏ်ယူပါတယ်၊ ဂိုဏ်းချုပ်ကြီးအနေဖြင့် မူလချီ အရင်းအမြစ် ကို ရရှိသွားပါပြီ"
စနစ်၏ အသိပေးသံများ ထွက်ပေါ်လာခဲ့၏။
ယဲ့ဖုန်း မျက်တောင်လေး ခတ်လိုက်မိသည်။
ထိုးထွင်းသိမြင်ခြင်း မျက်လုံး တဲ့လား...
ဒီအရာက ဝိညာဉ်သားရဲ မျှော်စင် ရဲ့ စူးစမ်းရှာဖွေခြင်း လုပ်ဆောင်ချက်ထက် အဆင့်ပိုမြင့်တဲ့ စွမ်းရည်တစ်ခုပဲ ဖြစ်ရမယ်။ တခြားသူတွေရဲ့ ကျင့်ကြံခြင်းအဆင့် တွေ ဒါမှမဟုတ် အရေးကြီးတဲ့ အချက်အလက် တချို့ကို ဖောက်ထွင်း မြင်နိုင်စွမ်း ရှိမှာ အသေအချာပဲ။
မူလချီ အရင်းအမြစ် ဆိုတာကတော့...
နာမည်လေးက တော်တော် ရင်းနှီးနေသလိုပဲ နော်..
"နေဦး... အရင်တစ်ခေါက် ကမ္ဘာခြား မျိုးနွယ်စု ဘုရင် နဲ့ ရင်ဆိုင်ခဲ့ရတုန်းက ငါ သုံးခဲ့တဲ့ အခြေအနေ နဲ့ တစ်ထေရာတည်း တူနေတာပါလား"
စူးစမ်းလိုစိတ်များ အပြည့်ဖြင့် ယဲ့ဖုန်းသည် မူလချီ အရင်းအမြစ် ကို အရင်ဆုံး နှိပ်လိုက်၏။
ထိုအခိုက်အတန့်၌ ကြီးမားလှသော သတင်းအချက်အလက် လှိုင်းလုံးကြီးတစ်ခုမှာ သူ၏ စိတ်အာရုံအတွင်းသို့ ရုတ်တရက် အဟုန်ပြင်းစွာ တိုးဝင်လာခဲ့လေတော့သည်။
“ပေါင်းစပ်ပြီးတာနဲ့ တစ်ပြိုင်နက်... ဂိုဏ်းချုပ်ကြီး အနေနဲ့ အရေးကြီးတဲ့ အခိုက်အတန့်တွေမှာ စစ်မှန်တဲ့ ကျင့်ကြံခြင်း စွမ်းအားတွေကို ထုတ်လွှတ်နိုင်မယ့် အခြေအနေကို ရောက်သွားမှာပါ။ ပုံမှန် မူလချီ အခြေအနေကနေ ကျင့်ကြံခြင်း အဆင့်ကို (၁၀) ဆလောက်အထိ တိုးမြှင့်ပေးနိုင်မှာ ဖြစ်ပြီး... မူလချီ အရင်းအမြစ် ကာကွယ်ရေး ကိုယ်ခန္ဓာကို ပိုင်ဆိုင်သွားမှာမလို့ အဆင့်တူတွေ ကြားထဲမှာတော့ ပြိုင်ဘက်ကင်းတဲ့ ကာကွယ်မှု စွမ်းရည်ကို ရရှိသွားမှာပါ နော်"
ဒါက မူလချီ အရင်းအမြစ် ၏ ရှင်းလင်းချက်ပင် ဖြစ်သည်။
ထိုအချက်များကို ဖတ်ရှုပြီးနောက် ယဲ့ဖုန်း၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့ရ၏။
သူ၏ လက်ရှိ စွမ်းအားဖြင့် မူလချီ အခြေအနေသို့ ဝင်ရောက်မည်ဆိုပါက... သူ၏ သီးသန့် ကျင့်ကြံခြင်းအဆင့်မှာ မူလနတ်ဘုရားအဆင့် အဆင့်မြင့် သို့ ရောက်ရှိသွားမည် ဖြစ်သည်။
"ကောင်းကင်ယံသို့ ခြေလှမ်းခုနစ်လှမ်း" ကို ထုတ်ဖော်ကာ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို ဆွဲယူလိုက်မည် ဆိုပါက... မူလနတ်ဘုရားအဆင့် အထွတ်အထိပ် နီးပါးခန့်ရှိသော ကြောက်မက်ဖွယ် စွမ်းအားများကို ထုတ်လွှတ်နိုင်စွမ်း ရှိပေလိမ့်မည်။
အကယ်၍များ မူလချီ အရင်းအမြစ် ၏ ဆယ်ဆ မြှင့်တင်မှုစွမ်းအား ကိုပါ အသုံးပြုလိုက်မည်ဆိုပါက... သူသည် ဟင်းလင်းပြင် ဖြိုခွဲ အဆင့် နှင့် အတိုင်းအဆမရှိ နီးစပ်သွားမည် မဟုတ်ပါလား။
ထိုမျှလောက်သော စွမ်းအားမျိုးက လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် တစ်ခုလုံးကို တံမြက်လှည်းသလို အသာလေး ရှင်းလင်းပစ်ရန် လုံလောက်နေပေပြီ။
ယဲ့ဖုန်း မျက်လုံးများ ဝိုင်းစက်သွားရ၏။
သူသည် လက်ကို ဆန့်ထုတ်ကာ မူလချီ အရင်းအမြစ် ကို ထိတွေ့လိုက်ပြီး... ၎င်းကို စုပ်ယူရန် ကြိုးစားလိုက်သည်။
ရုတ်တရက်... လျှပ်စစ်စီးသွားသကဲ့သို့ ခံစားချက်တစ်ခု ပေါ်ထွက်လာ၏။ သူ၏ တစ်ကိုယ်လုံးသို့ မျက်စိတစ်မှိတ်အတွင်း ပျံ့နှံ့သွားခဲ့ရာ... သူ့ကို တစ်ကိုယ်လုံး တုန်ရီသွားစေပြီး သတိလစ်မတတ်ပင် ဖြစ်သွားစေခဲ့၏။
ယဲ့ဖုန်း သတိပြန်ဝင်လာသောအခါ... မူလချီ အရင်းအမြစ် မှာ သူ၏ ကိုယ်ခန္ဓာအတွင်းသို့ အပြည့်အဝ ပေါင်းစပ်သွားခဲ့ပြီ ဖြစ်ပြီး ထပ်မံ၍ အာရုံခံ၍ မရနိုင်တော့ကြောင်း တွေ့ရှိလိုက်ရသည်။
"ငါ ဘာမှ ထူးထူးခြားခြား မခံစားရပါလား.."
ယဲ့ဖုန်းသည် သူ့ကိုယ်သူ စစ်ဆေးကြည့်လိုက်သော်လည်း ပိုမို အစွမ်းထက်လာသကဲ့သို့သော မည်သည့် ခံစားချက်မျှ မရှိချေ။
"စနစ်... ငါ တကယ်ပဲ မူလချီ အရင်းအမြစ် ကို ပေါင်းစပ်ပြီးသွားပြီလားဗျ"
ယဲ့ဖုန်း မနေနိုင်ဘဲ မေးလိုက်မိ၏။
"ပေါင်းစပ်ပြီးသွားပါပြီ။ ဂိုဏ်းချုပ်ရဲ့ ကျင့်ကြံခြင်းအဆင့်ကို အပြည့်အဝ ထုတ်လွှတ်လိုက်တဲ့ အချိန်ကျမှသာ သူက အာနိသင် ပြသမှာပါ" ဟု စနစ်က ရှင်းပြလိုက်၏။
ထိုစကားကို ကြားမှသာ ယဲ့ဖုန်း ခေါင်းညိတ်လိုက်သည်။
စနစ်က စုပ်ယူပြီးပြီဟု ပြောမှတော့ သေချာပေါက် ပြဿနာ ရှိမည် မဟုတ်ပါလား။
ထို့နောက် သူ၏ အာရုံကို ပါရမီ - "ထိုးထွင်းသိမြင်ခြင်း မျက်လုံး" ကို ကိုယ်စားပြုသော အလင်းလုံးလေး ထံသို့ လှည့်လိုက်၏။
စုပ်ယူသည့် နည်းလမ်းမှာ အတူတူပင် ဖြစ်သည်။
"ထိုးထွင်းသိမြင်ခြင်း မျက်လုံး" ၏ ပါရမီ အလင်းလုံးလေးကို ယဲ့ဖုန်း စုပ်ယူလိုက်သည်နှင့် တစ်ပြိုင်နက်... သူ၏ မျက်လုံးများမှာ လုံးဝ ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရပြီး... ကောင်းကင်မျက်လုံး ကို ဖွင့်လှစ်လိုက်သကဲ့သို့ လောကကြီးရှိ သာမန်မဟုတ်သော ဖြစ်စဉ် အများအပြားကို ထိုးထွင်း သိမြင်နိုင်စွမ်း ရရှိသွားခဲ့လေတော့သည်။
သူသည် လေထဲသို့ ပျံတက်သွားပြီး မြူခိုးဂိုဏ်း ကို အပေါ်စီးမှ ငုံ့ကြည့်လိုက်၏။
မြင်ကွင်းမှာ မျက်စိကျိန်းမတတ် တောက်ပလှပေသည်။
"ဒါက ကြီးမားတဲ့ ကံကြမ္မာ အထောက်အပံ့တွေပဲ.."
ယဲ့ဖုန်းက တီးတိုး ရေရွတ်လိုက်သည်။
တစ်ချက် အကြည့်ပို့လွှတ်လိုက်ရုံမျှဖြင့်... သူ၏ စိတ်အာရုံအတွင်းသို့ ထိုးထွင်းသိမြင်ခြင်း မျက်လုံး မှတစ်ဆင့် တုံ့ပြန်မှုများ ချက်ချင်း ရောက်ရှိလာခဲ့တော့၏။
"ထိုးထွင်းသိမြင်ခြင်း မျက်လုံး က တကယ်ကို ကြောက်စရာ ကောင်းတာပဲ.."
ယဲ့ဖုန်း မနေနိုင်ဘဲ လွှတ်ခနဲ ချီးကျူးမိသွားရသည်။
သူသည် ဝိညာဉ်သားရဲ မျှော်စင် ပေါ်တွင် အိပ်မောကျနေသော အစ်ကိုကြီး ခေါင်းပြား ကို အကြည့်ပို့လွှတ်လိုက်ရာ... ၎င်း၏ အစာခြေစနစ်မှာ အလွန် ကောင်းမွန်ကြောင်း၊ မည်သည့် အစားအစာကိုမဆို နှစ်သက်စွာ စားသုံးနိုင်ကြောင်း နှင့် တစ်ကိုယ်လုံးတွင် မည်သည့် အားနည်းချက်မျှ မရှိသလောက်နီးပါး ဖြစ်နေကြောင်းကို ချက်ချင်းပင် တွေ့ရှိလိုက်ရ၏။
"အစ်ကိုကြီး ခေါင်းပြား ရဲ့ ဖွံ့ဖြိုးတိုးတက်မှုက တကယ့်ကို ပြီးပြည့်စုံတာပဲ"
"အထူးသဖြင့်... သူ့ရဲ့ ခံနိုင်ရည်စွမ်းအား က အလွန်အမင်း အစွမ်းထက်တယ်"
ယဲ့ဖုန်းက တီးတိုး ပြောလိုက်၏။
ထို့နောက် ထိုးထွင်းသိမြင်ခြင်း မျက်လုံး ကို အသုံးပြု၍ အခြားနေရာများသို့ အကြည့်ပို့လွှတ်လိုက်ရာ... သူ၏ စိတ်အာရုံအတွင်းသို့ အသေးစိတ် အချက်အလက် အမျိုးမျိုးမှာ ချက်ချင်းဆိုသလို ရောက်ရှိလာခဲ့လေတော့သည်။
“အတွင်းစည်းတပည့် ချောင်ကျားရှီးက ရူးသွပ်တဲ့ စပါးကြီးမြွေဘုရင်ရဲ့ အသားကို စားသုံးနေပါတယ်။ သူ့ရဲ့ ကိုယ်တွင်းက သွေးသားစွမ်းအင် ပမာဏတွေ တည်တည်ငြိမ်ငြိမ် စုဆောင်းမိနေပြီး... နောက်ထပ် အဆင့်တက်ဖို့ လိုအပ်တဲ့ ပမာဏရဲ့ (၃) ပုံ (၁) ပုံလောက်အထိ ရောက်ရှိနေပြီ ဖြစ်ပါတယ်”
ချောင်ကျားရှီး ကို တစ်ချက် အကြည့်ပို့လွှတ်လိုက်ရုံဖြင့် ဤတုံ့ပြန်မှုကို ယဲ့ဖုန်း ရရှိလိုက်ခြင်းပင်။
"ဒီလုပ်ဆောင်ချက်က တကယ့်ကို အံ့မခန်းပဲဗျာ.."
ယဲ့ဖုန်းက အားပါးတရ ရေရွတ်လိုက်၏။
ထိုးထွင်းသိမြင်ခြင်း မျက်လုံး ရှိနေပြီ ဖြစ်ရာ... သူသည် တပည့်များ၏ ကျင့်ကြံခြင်း အခြေအနေများကို အပြည့်အဝ ထိန်းချုပ်နိုင်မည် ဖြစ်ပြီး... ပစ်မှတ်ထား၍ တိုးတက်မှုများ သို့မဟုတ် ပြောင်းလဲမှုများကို ပြုလုပ်ပေးနိုင်မည် မဟုတ်ပါလား။
ထိုနောက်ပိုင်း အချိန်များတွင် ယဲ့ဖုန်းသည် ထိုးထွင်းသိမြင်ခြင်း မျက်လုံး နှင့် ရင်းနှီးကျွမ်းဝင်အောင် လေ့ကျင့်နေလေတော့သည်။
သူသည် ဝိညာဉ်အိုင် ဘေးနားသို့ ဆင်းသက်လိုက်၏။
တစ်ချိန်က သူကိုယ်တိုင် လေဓာတ် ဝိညာဉ်စွမ်းအင် အမြောက်အမြား အသုံးပြု၍ အသက်သွင်းခဲ့ဖူးသော ကျောက်ပြားကြီး ကို အကြည့်ပို့လွှတ်လိုက်ရာ... သူ၏ စိတ်အာရုံအတွင်းသို့ သက်ဆိုင်ရာ အချက်အလက်များ ချက်ချင်းပင် ရောက်ရှိလာခဲ့သည်။
“ဂိုဏ်းချုပ်ရဲ့ သီးသန့် ကျောက်ပြားကြီးကို လေဓာတ် ဝိညာဉ်စွမ်းအင် အမျှင် (၁၀၀) နဲ့ အသက်သွင်းထားပြီး ဖြစ်တဲ့အတွက်... ကျောက်အနှစ်သာရ ဗဟိုချက်တစ်ခု ဖွံ့ဖြိုးလာနေပါပြီ။ အသစ်စက်စက် ကျောက်ဝိညာဉ်တစ်ခု စတင် မွေးဖွားလာနေပြီးတော့... အဲ့ဒီ ကျောက်ဝိညာဉ်လေး မွေးဖွားလာတာနဲ့ တစ်ပြိုင်နက်... လုံးဝ အသစ် ဖြစ်တဲ့ သက်ရှိ တစ်မျိုးအနေနဲ့ ကျင့်ကြံနိုင်တော့မှာ ဖြစ်ပါတယ်”
ဤအချက်အလက်များကို ရရှိလိုက်သည့်အခါ ယဲ့ဖုန်း၏ မျက်လုံးများမှာ အံ့သြမှုကြောင့် ပြူးကျယ်သွားခဲ့ရ၏။
ကျောက်ဝိညာဉ်..
ကျောက်မျောက်ဝံ လား...
သူ၏ အတွေးများမှာ ထိုဘက်သို့ အလိုအလျောက် ရောက်ရှိသွားမိသည်။
အမှန်ဖြစ်စေ၊ အမှားဖြစ်စေ... ကျောက်ပြားကြီးမှာ ဆင့်ကဲပြောင်းလဲနေပြီ ဆိုသည်ကတော့ အသေအချာပင်။ သူသာ လေဓာတ် ဝိညာဉ်စွမ်းအင် ကို အသုံးပြု၍ အဆက်မပြတ် အသက်သွင်းပေးနေမည် ဆိုပါက... ၎င်းကို အလွန် အစွမ်းထက်သော ကျောက်ဝိညာဉ် တစ်ခုအဖြစ် သေချာပေါက် မွေးမြူနိုင်လိမ့်မည် မဟုတ်ပါလား။
"ဒီလိုဆိုမှတော့... ဆက်ပြီးတော့ အသက်သွင်းရတာပေါ့.."
ယဲ့ဖုန်းသည် လက်ကို ဆန့်ထုတ်ကာ ကျောက်ပြား၏ မျက်နှာပြင်ကို ထိတွေ့လိုက်ပြီး လေဓာတ် ဝိညာဉ်စွမ်းအင် သုံးမျှင် ကို ထည့်သွင်းပေးလိုက်ရာ... အတွင်းရှိ ကျောက်ဝိညာဉ်လေးမှာ အနည်းငယ် ပိုမို အားကောင်းလာသည်ကို တွေ့ရှိလိုက်ရ၏။
ကျောက်ပြားကြီး၏ မူလသဘာဝ ကန့်သတ်ချက်များကြောင့် ၎င်းသည် တစ်နေ့လျှင် လေဓာတ် ဝိညာဉ်စွမ်းအင် အများအပြားကို စုပ်ယူနိုင်စွမ်း မရှိချေ။
ယဲ့ဖုန်း အနေဖြင့် အသက်သွင်းမှု လုပ်ငန်းစဉ်ကို အရှိန်မြှင့်ချင်လျှင်ပင်... အတော်လေး ခက်ခဲသော ကိစ္စတစ်ခု ဖြစ်လာပေလိမ့်မည်။
သို့သော်ငြား ဤသို့ ပြုလုပ်ရခြင်းက သူ့အတွက် မျှော်လင့်ချက် တစ်ခုကို ဖြစ်ပေါ်လာစေခဲ့သည် မဟုတ်ပါလား။
"တကယ့်ကို သက်တောင့်သက်သာ ရှိတဲ့ နေ့ရက်လေးတွေပါလား.."
ယဲ့ဖုန်းသည် ကျောက်ပြားကြီးပေါ်တွင် ထိုင်လျက်... ဝိညာဉ်စွမ်းအင် စုစည်းခြင်း မျှော်စင် အတွင်းမှ အဝင်အထွက် ပြုလုပ်နေကြသော တပည့်များကို ကြည့်နေမိ၏။ အချို့သော သူများ၏ မျက်နှာပေါ်တွင် အပြုံးများ ပေါ်လွင်နေပြီး အရှိန်အဝါများ အားကောင်းနေခြင်းက... သူတို့ ခုလေးတင် အဆင့်ချိုးဖြတ်နိုင်ခဲ့ကြောင်း သက်သေပြနေ၏။
ထိုအရာအတွက် ယဲ့ဖုန်းမှာ အလွန်အမင်း ပျော်ရွှင်နေမိသည်။
တပည့်များ အဆင့်ချိုးဖြတ်နိုင်သည်နှင့်အမျှ... သူလည်း အဆင့်ချိုးဖြတ်နိုင်မည် မဟုတ်ပါလား။
ဒါက တကယ့်ကို ကောင်းတဲ့ ကိစ္စပဲလေ။
"ဂိုဏ်းချုပ်ကြီးကို ဂါရဝပြုပါတယ်ရှင်.."
"ဂိုဏ်းချုပ်ကြီး ကျန်းမာပါစေဗျာ.."
ယဲ့ဖုန်းကို မြင်လိုက်ရသည့်အခါ တပည့်များမှာ ရိုသေလေးစားစွာ ဦးညွှတ် နှုတ်ဆက်ကြပြီး ပြုံးရွှင်နေကြ၏။
"အင်း..."
ယဲ့ဖုန်းက အသိအမှတ်ပြုကြောင်း ခေါင်းညိတ်ပြလိုက်သည်။
...
မြူခိုးဂိုဏ်း မှာ တိတ်တဆိတ် ဆက်လက် ဖွံ့ဖြိုးတိုးတက်နေ၏။
မိုင်ပေါင်း ဘီလီယံချီ ဝေးကွာသော နေရာ။
အလွန်တရာ ကြီးမားကျယ်ပြန့်ပြီး ခမ်းနားထည်ဝါလှသော ဧရာမ မြို့တော်ကြီး တစ်ခု၏ အတွင်းဝယ်... လွင့်မျောနေသော သန့်စင်သော နန်းတော်ကြီး တစ်ခု ရှိနေ၏။
"မြို့စားမင်း... ကျုပ်က ဘိုးဘေးလင်မြောင် ပါ။ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် အတွက် ကြယ်လေးပွင့်အဆင့် ကို တောင်းဆိုဖို့ အထူး လာရောက်ခဲ့တာပါဗျာ"
ဘိုးဘေးလင်မြောင် သည် တစ်ယောက်တည်း ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
သူသည် သန့်စင်သော နန်းတော်ကြီး၏ တံခါးဝတွင် ရပ်လျက်... နန်းတော်တွင်းရှိ မြင့်မြတ်သော ပလ္လင်ပေါ်တွင် ထိုင်နေသော... အရောင်ငါးမျိုးရှိ မြူခိုးများ ဖုံးလွှမ်းနေသည့် ပုံရိပ်ကြီးအား လေးနက်စွာ ဦးညွှတ်လိုက်၏။
ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ရှိ ကျင့်ကြံသူ တစ်ဦး ဖြစ်သော်ငြား... ကျောင်းယန် သန့်စင်သောမြို့တော် ၏ မြို့စားမင်း ရှေ့တွင်မူ ဘိုးဘေးလင်မြောင် မှာ အလွန်အမင်း သတိထား နေထိုင်ရရှာသည်။
ကျောင်းယန် သန့်စင်သောမြို့တော်... ကြယ်ငါးပွင့်အဆင့် အင်အားစု။
အင်အားစု တစ်ခုအနေဖြင့် ကြယ်ငါးပွင့်အဆင့် သို့ တက်လှမ်းရန်အတွက်... ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ရှိ ကျင့်ကြံသူ တစ်ဦး ရှိရုံမျှဖြင့် မလုံလောက်ချေ။ ဟင်းလင်းပြင် ဖြိုခွဲ အဆင့်ထက် မြင့်မားပြီး ရှေးဟောင်း သူတော်စင် အဆင့်၏ အောက် တစ်ဆင့် ဖြစ်သော တပိုင်း သူတော်စင် တစ်ပါး ရှိရန် လိုအပ်၏။
တပိုင်း သူတော်စင် တစ်ပါး ရှိနေမှသာလျှင် ထိုအင်အားစုမှာ ကြယ်ငါးပွင့်အဆင့် သို့ တက်လှမ်းနိုင်မည် ဖြစ်ပေသည်။
"ခွင့်ပြုတယ်.."
ကျောင်းယန် မြို့စားမင်း သည် သူ၏ လက်ကို ခန့်ညားထည်ဝါစွာ ဝှေ့ယမ်းလိုက်၏။
ပန်းရောင် တိမ်တိုက်များ ကျဆင်းလာခဲ့ပြီး... ဘိုးဘေးလင်မြောင် ၏ အရှေ့တွင် ရှေးဟောင်းဆန်ပြီး ခမ်းနားလှသော... မြင့်မြတ်သည့် နတ်ဘုရား အာဏာစက်များ ပြည့်နှက်နေသော အမိန့်ပေးတံဆိပ် တစ်ခုအဖြစ် ပုံပေါ်လာခဲ့၏။
၎င်း၏ အရှေ့ဘက် မျက်နှာပြင်တွင်... ကြယ်လေးပွင့် ပုံစံကို ရေးထွင်းထားသည်။
ဒါက ကြယ်လေးပွင့်အဆင့် အင်အားစု ၏ သင်္ကေတပင်..။
"ဒါ... ဒါက.. မြို့စားမင်း ကို အထူးပဲ ကျေးဇူးတင်ပါတယ်ဗျာ.."
ဘိုးဘေးလင်မြောင် မှာ အံ့အားသင့်သွားသော်ငြား ရှေးဟောင်း အမိန့်ပေးတံဆိပ် ကို အလျင်အမြန် ဖမ်းယူလိုက်ပြီး မြို့စားမင်းအား အကြိမ်ကြိမ် ကျေးဇူးတင်စကား ဆိုလိုက်၏။
ကြယ်လေးပွင့်အဆင့် အင်အားစု အဖြစ် အသိအမှတ်ပြု ခံရရန်မှာ အလွန် ရှုပ်ထွေးခက်ခဲမည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း... ဤမျှလောက်အထိ ရိုးရှင်းလွယ်ကူလိမ့်မည်ဟု ဘယ်သူကများ ထင်ထားခဲ့မည်နည်း။
"ကျောင်းယန် ရှေးဟောင်းသူတော်စင်ကြီး က ပြောထားတယ်... မင်းတို့ရဲ့ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် မှာ ကြီးမားတဲ့ အလားအလာတွေ ရှိနေလို့... စမ်းသပ်မှုတွေကို ကျော်ဖြတ်ပြီး ကြယ်လေးပွင့်အဆင့် ကို တိုက်ရိုက် တိုးမြှင့်ပေးလိုက်ဖို့ပဲ" ဟု ကျောင်းယန် မြို့စားမင်း က ရှင်းပြလိုက်၏။
"သြော်... ရှေးဟောင်းသူတော်စင်ကြီး ကိုယ်တိုင် အဆိုပြုခဲ့တာကိုး။ ဒါကြောင့်ကိုး... ကျေးဇူးပြုပြီး ကျုပ်ကိုယ်စား ရှေးဟောင်းသူတော်စင်ကြီး ကို ကျေးဇူးတင်စကား ပါးပေးပါဦးဗျာ"
ဘိုးဘေးလင်မြောင် က ဝမ်းသာအားရဖြင့် ဦးညွှတ် ကျေးဇူးတင်လိုက်၏။
"သွားတော့.."
ကျောင်းယန် မြို့စားမင်း မှာ ဆက်လက် စကားပြောဆိုလိုစိတ် မရှိတော့သဖြင့်... လက်ဝှေ့ယမ်းလိုက်ရာ ပန်းရောင် တိမ်တိုက်များ အဟုန်ပြင်းစွာ ထွက်ပေါ်လာခဲ့ပြီး ဘိုးဘေးလင်မြောင် မှာ ရုတ်တရက်ဆိုသလို မိုင်ရာချီ ဝေးကွာသော နေရာသို့ ရောက်ရှိသွားခဲ့လေတော့သည်။
မော့ကြည့်လိုက်ရာ... ဂုဏ်သတင်း ကြီးမားလှသော လွင့်မျောနေသည့် သန့်စင်သော နန်းတော်ကြီး ကို လှမ်းမြင်နေရဆဲပင် ဖြစ်၏။
ဒါက ကျောင်းယန် သန့်စင်သောမြို့တော် ရဲ့ ဗဟိုချက်ပင်။
"နှမြောစရာပဲ... ကျောင်းယန် ရှေးဟောင်းသူတော်စင်ကြီး ကို မတွေ့လိုက်ရဘူး" ဘိုးဘေးလင်မြောင် မှာ အနည်းငယ် နောင်တရနေမိ၏။
သို့သော် ပြန်လည် တွေးတောကြည့်သည့်အခါ... ကျောင်းယန် ရှေးဟောင်းသူတော်စင်ကြီး ဆိုသည်မှာ စစ်မှန်သော ကမ္ဘာတစ်ခုကို ကိုယ်တိုင် ဖန်တီးထားနိုင်သည့် တကယ့် စစ်မှန်သော သူတော်စင်ကြီး တစ်ပါး ဖြစ်ပေသည်။ သူသည် ထိုကမ္ဘာအတွင်း၌သာ နေထိုင်ပြီး အပြင်သို့ ထွက်ခဲလှသည် မဟုတ်ပါလား။
ထိုကဲ့သို့သော ပုဂ္ဂိုလ်ကြီးမျိုးနှင့် တွေ့ဆုံနိုင်ရန်မှာ... တူညီသော ကျင့်ကြံခြင်းအဆင့် ရှိရုံမျှဖြင့် မလုံလောက်ဘဲ အနည်းဆုံး တပိုင်း သူတော်စင် အဆင့်တော့ ရှိရပေမည်။
သာမန် ကျင့်ကြံသူ တစ်ယောက်က ရှေးဟောင်း သူတော်စင် တစ်ပါးနဲ့ အလွယ်တကူ တွေ့ဆုံခွင့် ရနိုင်ပါ့မလား။
"ရှေးဟောင်းသူတော်စင်ကြီး ကို မတွေ့ရပေမဲ့... ကြယ်လေးပွင့်အဆင့် အင်အားစု ကို ကိုယ်စားပြုတဲ့ အမိန့်ပေးတံဆိပ် ကိုတော့ ရခဲ့ပြီပဲ။ ဒီနေ့ကစပြီး..ငါတို့ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် လည်း တရားဝင် ကြယ်လေးပွင့်အဆင့် အင်အားစု ဖြစ်သွားပြီ.."
ဘိုးဘေးလင်မြောင် သည် သူ၏ လက်ဖဝါးပေါ်ရှိ ရှေးဟောင်း အမိန့်ပေးတံဆိပ် ကို ကြည့်ကာ အားပါတရ ရယ်လိုက်လေတော့၏။