အခန်း (၄၈၄-၄၈၆)
Vol. 33 Ch. 484-486
အခန်း (၄၈၄) အများပြည်သူအတွက် ဖွင့်လှစ်လိုက်သော ဧရာမ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကြီး၊ အစီအစဉ်သစ် တစ်ရပ်
~"အခု..ငါတို့ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် က ကြယ်လေးပွင့်အဆင့် အင်အားစု အဖြစ် တက်လှမ်းသွားပြီဆိုတော့... ဒီသတင်းကို နန်းမြို့တော်ဆီ အမြန်ဆုံး ပြန်ပို့ရမယ်။ ပြီးတော့ ဒေသကြီး လေးခုလုံးကိုပါ အသိပေးပြီး... လူတိုင်းကို အောင်ပွဲခံဖို့ အကြောင်းပြချက် တစ်ခု ပေးရမှာပေါ့"
ဘိုးဘေးလင်မြောင် သည် ရှေးဟောင်း အမိန့်ပေးတံဆိပ် ကို သိမ်းဆည်းလိုက်၏။
သူသည် လေထဲသို့ ပျံတက်သွားပြီး... အောက်ခြေရှိ ကျောင်းယန် သန့်စင်သောမြို့တော် ကြီးကို တစ်ချက် ဝေ့ကြည့်လိုက်ကာ... နောက်ဆုံးတွင်တော့ ရွှေရောင် နန်းတော်ကြီး တစ်ခုဆီသို့ အကြည့်များ ရပ်တန့်သွားခဲ့သည်။
"ဘိုးဘေးကျန်းလင်း က ဒီ ကျောင်းယန် သန့်စင်သောမြို့တော် ထဲမှာ နေတာပဲ... ငါကလည်း ဒီကို ရောက်ခဲတော့... အရင်ဆုံး သွားပြီး နှုတ်ဆက်သင့်တာပေါ့"
ဘိုးဘေးကျန်းလင်း တံခါးပိတ် ကျင့်ကြံနေကြောင်းကို သူ ကောင်းစွာ သိရှိထား၏။
သို့သော် ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ရှိ အစွမ်းထက်သော မူလဝိညာဉ် တစ်ခု အနေဖြင့်... တံခါးပိတ် ကျင့်ကြံနေစဉ်မှာပင် အသိစိတ်ဝိညာဉ် တစ်မျှင်ကို ခွဲထုတ်ကာ အခြားသူများနှင့် ဆက်သွယ် စကားပြောဆိုနိုင်စွမ်း ရှိပေသည်။
ရွှေရောင် ဝိညာဉ် နန်းတော်။
ဒါက ဘိုးဘေးကျန်းလင်း နေထိုင်ရာ နေရာပင် ဖြစ်သည်။
"မင်း ဘာကိစ္စ ရှိလို့ လာတာလဲ"
ဘိုးဘေးလင်မြောင် ရွှေရောင် ဝိညာဉ် နန်းတော် အနီးသို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက်... လေထဲတွင် ပုံရိပ်ယောင် တစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး သူ၏ လမ်းကို ပိတ်ဆို့လိုက်၏။
ထိုသူမှာ ဘိုးဘေးကျန်းလင်း ၏ အသိစိတ်ဝိညာဉ် ကိုယ်ပွားပင် ဖြစ်သည်။
"ကျုပ်တို့ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် က ခုလေးတင် ကြယ်လေးပွင့်အဆင့် အင်အားစု အဖြစ် တိုးမြှင့်ခံလိုက်ရလို့... အဲဒီ သတင်းကောင်းကို လာပြောပြတာပါဗျာ"
ဘိုးဘေးလင်မြောင် သည် သူ၏ စာရင်းသွင်း တံဆိပ်ပြားကို ထုတ်ပြလိုက်၏။
"ဟင်... တော်တော် မြန်တာပဲ.." ဘိုးဘေးကျန်းလင်း က အံ့သြတကြီး ရေရွတ်လိုက်သည်။
သို့သော် ပြန်လည် တွေးတောကြည့်သည့်အခါ... ကျောင်းယန် ရှေးဟောင်းသူတော်စင်ကြီး က သစ်မာလွင်ပြင် ၏ မြေအောက်ရှိ ရှေးဟောင်း သန့်စင်သော နတ်ဘုရား ၏ ရုပ်အလောင်းကို မျက်စိကျနေပြီ ဖြစ်ရာ... လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် ကို အဆင့်တိုးမြှင့်ပေးရန် သဘောတူလိုက်ခြင်းမှာလည်း ယုတ္တိရှိလှပေသည်။
"လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် က မကြာခင်မှာ ကြယ်လေးပွင့်အဆင့် တိုးမြှင့်ခြင်း အထိမ်းအမှတ် အခမ်းအနား တစ်ခု ကျင်းပဖို့ ရှိပါတယ်။ ဘိုးဘေးကျန်းလင်း အနေနဲ့ တက်ရောက်ဖို့ အဆင်ပြေနိုင်မလားဗျာ"
ဘိုးဘေးလင်မြောင် က ဖိတ်ကြားလိုက်၏။
လွန်ခဲ့သော နှစ်တစ်ရာခန့်က...
သူနှင့် မူလနတ်ဘုရားအဆင့် ရှိ လုပ်ဖော်ကိုင်ဖက် အချို့သည် ခရီးလှည့်လည်ရင်း လျှို့ဝှက်နယ်မြေ တစ်ခုအတွင်းသို့ ဝင်ရောက်ခဲ့ရာမှ ထောင်ချောက်တစ်ခုအတွင်း သက်ဆင်းခဲ့ရသည်။
နောက်ဆုံးတွင် ဘိုးဘေးကျန်းလင်း က သူတို့ကို ကယ်တင်ခဲ့ခြင်း ဖြစ်၏။
ထိုအဖြစ်အပျက် ပြီးနောက်တွင် ဘိုးဘေးလင်မြောင် သည် ရဲရင့်စွာဖြင့် ဘိုးဘေးကျန်းလင်း ထံမှ အကြံဉာဏ်များ တောင်းခံခဲ့ပြီး... နောက်ဆုံးတွင် သူ၏ ကျင့်ကြံခြင်းအတွက် လမ်းကြောင်းသစ် တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။
ရာစုနှစ်တစ်ခုတိုင်တိုင် တံခါးပိတ် ကျင့်ကြံပြီးနောက်တွင်တော့... သူသည် နောက်ဆုံး၌ အဆင့်ချိုးဖြတ်နိုင်ခဲ့တော့၏။
တစ်နည်းအားဖြင့် ဆိုရလျှင်... သူ ဟင်းလင်းပြင် ဖြိုခွဲ အဆင့် သို့ တက်လှမ်းနိုင်ခဲ့သည့် အောင်မြင်မှု၏ တစ်ဝက်ခန့်မှာ ဘိုးဘေးကျန်းလင်း ၏ ကျေးဇူးကြောင့်ပင် ဖြစ်ပေသည်။
"ငါ အခုလောလောဆယ်တော့ လာလို့ မရသေးဘူး။ လာရင်တောင်မှ ငါ့ရဲ့ ကိုယ်ပွားပဲ လာနိုင်လိမ့်မယ်... ငါ့ရဲ့ ကိုယ်ခန္ဓာ အစစ်က ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ဒုတိယအလွှာ ကို တက်လှမ်းဖို့ အသည်းအသန် ကြိုးစားနေလို့။ ပြီးတော့... အောင်မြင်နိုင်ခြေကလည်း ကိုးဆယ် ရာခိုင်နှုန်း ကျော်နေပြီကွ.."
ဘိုးဘေးကျန်းလင်း က ရယ်လျက် ပြောလိုက်၏။
"ဒီလောက်တောင် အောင်မြင်နိုင်ခြေ မြင့်တာလား..." ဘိုးဘေးလင်မြောင် မှာ အလွန်အမင်း အံ့အားသင့်သွားရသည်။
"အဲဒါက မင်းရဲ့ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် ထဲကနေ ကြီးမားတဲ့ အခွင့်အရေး တစ်ခု ရခဲ့လို့ပေါ့ကွာ... အော် ဟုတ်သားပဲ၊ တောင်ပိုင်းမြစ်ဝှမ်း က မြူခိုးဂိုဏ်း ရဲ့ ဂိုဏ်းချုပ် ယဲ့ဖုန်း ဆိုတဲ့ ကောင်လေးက တော်တော်လေး ထူးခြားတယ်နော်။ သူ့ကို ပြဿနာ သွားမရှာနဲ့.."
ဘိုးဘေးကျန်းလင်း သည် စကားလမ်းကြောင်း လွှဲကာ အကြံပေးလိုက်၏။
ယဲ့ဖုန်း တဲ့လား...။
ဘိုးဘေးလင်မြောင် ၏ မျက်မှောင်များ အနည်းငယ် တွန့်ချိုးသွားပြီး... ခန့်ညားလှသော လူငယ်လေး တစ်ဦး၏ ပုံရိပ်မှာ သူ၏ ခေါင်းထဲတွင် ပေါ်လာခဲ့သည်။
"ဘိုးဘေးကျန်းလင်း ကိုယ်တိုင်ကတောင် အဲဒီကောင်လေးကို အထင်ကြီးနေမှတော့... ကျုပ်လည်း သူ့ကို သေချာပေါက် ပြဿနာ မရှာပါဘူးဗျာ"
ဘိုးဘေးလင်မြောင် က ခေါင်းညိတ် သဘောတူလိုက်ရင်း ဆက်ပြောလိုက်၏။
"ဒါပေမဲ့... အဲဒီကောင်လေးဆီမှာ ဘိုးဘေးကျန်းလင်း ရဲ့ အာရုံစိုက်မှုကို ရလောက်အောင် ဘယ်လို စွမ်းရည်တွေများ ရှိနေလို့လဲ ဆိုတာကိုတော့ ကျုပ် တော်တော်လေး စူးစမ်းချင်မိတယ်"
"အဲဒါ လျှို့ဝှက်ချက်ပဲ.." ဘိုးဘေးကျန်းလင်း က ပြုံးလျက် ဆိုလိုက်သည်။
သူသည် ကောင်းကင်မျက်လုံး ဖြင့် မြင်တွေ့ခဲ့ရသော ကြီးမားလှသည့် ကံကြမ္မာ အထောက်အပံ့များ အကြောင်းကို ထုတ်ဖော် ပြောဆိုလိုစိတ် မရှိချေ။
အကြောင်းမူကား ၎င်းမှာ သူ၏ အခွင့်အရေး ဖြစ်နေသောကြောင့်ပင်။
ကောင်းကင်မျက်လုံး ကို မကျင့်ကြံထားရသေးသော ဘိုးဘေးလင်မြောင် အနေဖြင့်မူ... မြူခိုးဂိုဏ်း ၏ ကံကြမ္မာ အထောက်အပံ့များကို အနည်းငယ် ထူးခြားနေသည်ဟုသာ အလွန်ဆုံး မြင်တွေ့နိုင်မည် မဟုတ်ပါလား။
လက်ဖက်ရည် တစ်ဝက်သောက်ချိန်ခန့် ကုန်လွန်သွားပြီးနောက်...
ဘိုးဘေးလင်မြောင် သည် ခမ်းနားထည်ဝါလှသော နန်းတော်ကြီး တစ်ခုဆီသို့ ပြန်လည် ရောက်ရှိလာခဲ့၏။
ထိုနန်းတော်ကြီး၏ ဧရာမ တံခါးပေါက် အထက်တွင် ဆိုင်းဘုတ် တစ်ခုကို ချိတ်ဆွဲထားသည်။
သန့်စင်သော နေရာရွှေ့ပြောင်းခြင်း နန်းတော်။
ဒါက နန်းတော်ကြီး၏ အမည်ပင် ဖြစ်သည်။
နန်းတော်ကြီးမှာ အလွန် ကျယ်ဝန်းလှပြီး... ရှန်ကျိုးတိုက်ကြီး ၏ နေရာအနှံ့အပြားသို့ သွားရောက်နိုင်သော ဧရာမ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ အမြောက်အမြားကို အတွင်း၌ ထည့်သွင်း တည်ဆောက်ထား၏။
လုံလောက်သော ဝိညာဉ်ကျောက်တုံးများ ရှိနေသရွေ့... မည်သည့် နေရာသို့မဆို နေရာရွှေ့ပြောင်းနိုင်စွမ်း ရှိပေသည်။
“ဝီ…”
ဘိုးဘေးလင်မြောင် သည် လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် သို့ သွားမည့် နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ကို ရှာတွေ့သွားပြီး... ဟင်းလင်းပြင် နေရာရွှေ့ပြောင်းခြင်း အမိန့်ပေးတံဆိပ် ကို ဝှေ့ယမ်းလိုက်ရာ... ဖြူဖွေးသော အလင်းတန်း တစ်ခုအတွင်း၌ လုံးဝ ပျောက်ကွယ်သွားခဲ့လေတော့သည်။
လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော်။
"နောက်ဆုံးတော့... ပြန်ရောက်ပြီ.."
သူ သိမ်းပိုက်ထားသော နယ်မြေကို ကြည့်ရင်း... ဘိုးဘေးလင်မြောင် ၏ ရင်ထဲတွင် ကြီးမားလှသော ဝမ်းမြောက်မှုများ ပြည့်နှက်နေပြီး... နိုင်ငံတော် ကြယ်လေးပွင့်အဆင့် အောင်မြင်စွာ အသိအမှတ်ပြု ခံရကြောင်း သတင်းကို ဖြန့်ဝေရန်အတွက် လင်မြောင် ဧကရာဇ် ကို ချက်ချင်းပင် သွားရောက် ရှာဖွေလေတော့သည်။
မကြာမီမှာပင် နိုင်ငံတော် တစ်ခုလုံးမှာ ပျော်ရွှင်မြူးထူးစွာ အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့လေပြီ..။
တောင်ပိုင်းမြစ်ဝှမ်း ဒေသ။
ယဲ့ဖုန်းသည် အပန်းဖြေ ကုလားထိုင်ပေါ်တွင် ထိုင်နေ၏။
ကုန်းချင်းချိုး သည် သူ၏ ရှေ့တွင် ရပ်လျက်... ခရိုင်ဘုရင် ရှုချန်ကျွင်း ထံမှ ရောက်ရှိလာသော ဓားပျံ သတင်းစကား ကို ဖွင့်ကာ အသံထွက် ဖတ်ပြနေသည်။
"ဂိုဏ်းချုပ်ယဲ့... နောက်ဆုံးရ သတင်းပါ။ ကျွန်မတို့ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် က ကြယ်လေးပွင့်အဆင့် အင်အားစု အသိအမှတ်ပြု စစ်ဆေးမှုကို အောင်မြင်သွားပြီး... အခုဆိုရင် စစ်မှန်တဲ့ ကြယ်လေးပွင့်အဆင့် အင်အားစု တစ်ခု ဖြစ်သွားပါပြီ"
"နန်းမြို့တော် အတွင်းမှာလည်း... ကြယ်ငါးပွင့်အဆင့် ကျောင်းယန် သန့်စင်သောမြို့တော် ဆီကို တိုက်ရိုက် သွားနိုင်တဲ့ ဧရာမ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ကြီးကို တည်ဆောက် ပြီးစီးသွားပါပြီ။ ကျောင်းယန် သန့်စင်သောမြို့တော် ကို တစ်ခေါက် သွားဖို့အတွက် အဆင့်မြင့် ဝိညာဉ်ကျောက်တုံးဆယ်တုံး ကုန်ကျမှာ ဖြစ်ပါတယ်"
ထိုစကားကို ကြားလိုက်ရသည့်အခါ ယဲ့ဖုန်းမှာ အကြီးအကျယ် ထိတ်လန့်သွားရ၏။
"ကျောင်းယန် သန့်စင်သောမြို့တော် ကို တစ်ခေါက် သွားဖို့... အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ဆယ်တုံး တောင် ပေးရတယ် ဟုတ်လား"
"ဂိုဏ်းချုပ်... ကျွန်မ ခုလေးတင် တွက်ကြည့်ပြီးပြီ။ ကျောင်းယန် သန့်စင်သောမြို့တော် ကို သွားဖို့က တကယ်တမ်း ကုန်ကျစရိတ် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ငါးတုံး ပဲ ရှိတာ။ ကျန်တဲ့ ငါးတုံးကတော့... ခရီးစရိတ် အမြတ်အစွန်းအနေနဲ့ ယူထားတာပဲ ဖြစ်ရမယ်"
"ငါ ထင်သားပဲ.."
ယဲ့ဖုန်းသည် သူ၏ နဖူးကို ရိုက်လိုက်မိ၏။
လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် က ဧရာမ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကြီးကို အများပြည်သူ အတွက် တရားဝင် ဖွင့်လှစ်လိုက်ခြင်း၏ အဓိက ရည်ရွယ်ချက်မှာ... ဓနဥစ္စာများ စုဆောင်းရန်ပင် ဖြစ်သည်။
တစ်ခေါက် နေရာရွှေ့ပြောင်းတိုင်း သူတို့အတွက် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ငါးတုံး အမြတ် ကျန်နေမည် မဟုတ်ပါလား။
တစ်နေ့ကို တစ်ယောက်ပဲ သွားသည် ဆိုလျှင်တောင်... တစ်နှစ်ပြည့်သည့် အခါ အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံး အတုံး နှစ်ဆယ် ကျော်လောက် သီးသန့် အမြတ်ကျန်နေမှာ ဖြစ်ပါသည်။
ဒါက တကယ့်ကို သွေးစုပ်တဲ့ အမြတ်အစွန်းကြီးပဲ..
"ငါလည်း နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ တစ်ခု ဆောက်ပြီး ပိုက်ဆံ ရှာရမယ်"
ယဲ့ဖုန်းသည် တောင်ထိပ်ပေါ်တွင် လူးလာခေါက်တုံ့ လျှောက်လှမ်းရင်း စိတ်အားထက်သန်စွာ တွေးတောနေမိ၏။
သူ၏ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ မှာ အငယ်စားလေးသာ ဖြစ်ပြီး... နေရာရွှေ့ပြောင်းရန်အတွက် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး များကိုသာ အသုံးပြုရသဖြင့်... လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် အတွင်း၌ လွတ်လပ်စွာ သွားလာနိုင်ခွင့် ရှိ၏။
အကယ်၍သာ သူသည် မြောက်ဘက်နယ်စပ်၊ အရှေ့တောင်တန်း၊ နန်းမြို့တော်၊ တောင်ပိုင်းမြစ်ဝှမ်း၊ အနောက်လွင်ပြင် နှင့် အခြားသော အနီးအနားရှိ ဒေသများတွင် အငယ်စား နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ များကို တည်ဆောက်လိုက်မည် ဆိုပါက... ဤအခွင့်အရေးကို အသုံးချပြီး ကြီးမားလှသော အမြတ်အစွန်းများကို ရယူနိုင်မည် မဟုတ်ပါလား။
ဤသို့ တွေးမိသည်နှင့် ယဲ့ဖုန်းသည် ကုန်းချင်းချိုး နှင့် ချက်ချင်းပင် စတင် ဆွေးနွေးတိုင်ပင်လေတော့သည်။
*
မိုင်ထောင်ချီ ဝေးကွာသော နေရာဝယ်။
ဟင်းလင်းပြင်မှာ လှိုင်းတံပိုးများအလား လှုပ်ခတ်သွားခဲ့ပြီးနောက်... ပုံရိပ်တစ်ခုမှာ ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့၏။ ထိုသူမှာ ဘိုးဘေးလင်မြောင် ပင် ဖြစ်သည်။
သူသည် ဝိညာဉ်မျက်လုံး ကို အသုံးပြု၍ မြူခိုးဂိုဏ်း ကို အကဲခတ် ကြည့်ရှုလိုက်သည်။
ပိုမို အစွမ်းထက်သော ကောင်းကင်မျက်လုံး မရှိသဖြင့်... သူ၏ အမြင်အာရုံတွင်မူ မှိန်ပျပျ ရွှေရောင် အလင်းတန်းများ နှင့် ကံကောင်းခြင်း အလင်းဝန်း အချို့ကိုသာ ဝေဝါးဝါး မြင်တွေ့ရပြီး... ဘိုးဘေးကျန်းလင်း လောက် ရှင်းလင်းစွာ မမြင်နိုင်ခဲ့ချေ။
"မြူခိုးဂိုဏ်း က တကယ်ကို အနည်းငယ် ထူးခြားနေတာပဲ" ဟု ဘိုးဘေးလင်မြောင် က ဆိုလိုက်၏။
သို့သော် အသေးစိတ်ကို မခွဲခြားနိုင်သဖြင့် သူသည် ခေတ္တမျှသာ ရပ်တန့်နေပြီးနောက် နန်းမြို့တော်သို့ ချက်ချင်း ပြန်လည် နေရာရွှေ့ပြောင်းသွားခဲ့လေတော့သည်။
နိုင်ငံတော် ကြယ်လေးပွင့်အဆင့် သို့ တက်လှမ်းပြီးနောက်... သူ ကိုင်တွယ် ဖြေရှင်းရမည့် ကိစ္စရပ်များစွာ ရှိနေသေးသည် မဟုတ်ပါလား။
ဥပမာအားဖြင့်... အနီးအနားရှိ ကြယ်အဆင့် အင်အားစု ခေါင်းဆောင်များကို ဖိတ်ကြားပြီး ဂုဏ်ပြု ညစာစားပွဲ တစ်ရပ် ကျင်းပခြင်း ကဲ့သို့သော ကိစ္စများပင် ဖြစ်၏။
...
လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် ကြယ်လေးပွင့်အဆင့် သို့ တိုးမြှင့်ခံရသည့် သတင်းမှာ တဖြည်းဖြည်း ပျံ့နှံ့လာခဲ့တော့သည်။
တောင်ပိုင်းမြစ်ဝှမ်း၊ မြောက်ဘက်နယ်စပ်၊ အရှေ့တောင်တန်း နှင့် အနောက်လွင်ပြင် တို့သာမက... ကြယ်သုံးပွင့် နှင့် ကြယ်နှစ်ပွင့် အဆင့်ရှိ အင်အားစုများ ဖြစ်ကြသော သွေးနတ်ဆိုး ခန်းမဆောင် ၊ တောင်ပိုင်းမင် နိုင်ငံတော်နှင့် တာ့လျန် နတ်ဆိုးနိုင်ငံ တို့ထံသို့ပင် ဤသတင်း ရောက်ရှိသွားခဲ့တော့၏။
ထို့အပြင် သတင်းမှာ တောမီးပမာ အလျင်အမြန် ပျံ့နှံ့လျက် ရှိနေ၏။
ကြယ်လေးပွင့်အဆင့် အင်အားစု အဖြစ် တိုးမြှင့်ခံရခြင်းမှာ နေရာအနှံ့အပြားတွင် အုတ်အော်သောင်းနင်း ဖြစ်သွားစေရန် လုံလောက်လှပေသည်။
*
သွေးနတ်ဆိုး ခန်းမဆောင်။
"ကျုပ်တို့ သွေးနတ်ဆိုး ခန်းမဆောင် က ဖိတ်စာ ရရှိပြီးပါပြီ... နောက်တစ်လနေရင် လျှို့ဝှက်ဆန်းကြယ် နန်းမြို့တော် မှာ ကျင်းပမယ့် အဆင့်တိုးမြှင့်ခြင်း အထိမ်းအမှတ် အခမ်းအနား ကို တက်ရောက်ရမှာပါ" ခန်းမဆောင်သခင်ကြီး က ပြုံးလျက် ဆိုလိုက်၏။
"ခန်းမဆောင်သခင်ကြီး... ဒါဆိုရင် ကျုပ်တို့ရဲ့ မြူခိုးဂိုဏ်း ကို ကလဲ့စားချေမယ့် အစီအစဉ် က နောက်ထပ် ရွှေ့ဆိုင်းရပြန်ပြီပေါ့"
စက္ကူယပ်တောင် သခင်လေးက အောက်ဘက် နေရာမှနေ၍ လေးနက်သော လေသံဖြင့် မေးလိုက်သည်။
"အဲဒီလိုလည်း မဟုတ်ပါဘူး။ ယဲ့ဖုန်း လည်း အခမ်းအနား ကို တက်ရောက်မယ်ဆိုရင်... အဲဒီအခွင့်အရေး ကို အသုံးချပြီး ကျုပ်တို့ သွေးနတ်ဆိုး ခန်းမဆောင် က မြူခိုးဂိုဏ်း ကို ဝင်တိုက်လိုက်ရင်ကော ဘယ်လိုလဲ"
"မြူခိုးဂိုဏ်း နဲ့ နန်းမြို့တော် ကြားမှာ မိုင်ပေါင်း သောင်းချီ ကွာဝေးနေတာဆိုတော့... ယဲ့ဖုန်း အသည်းအသန် ပြန်လာတဲ့ အချိန်ကျရင်... နေရာတိုင်းမှာ လူသေအလောင်းတွေ နဲ့ ပျက်စီးနေတဲ့ တောင်တန်း မြစ်ပြင်တွေကိုပဲ သူ မြင်တွေ့ရတော့မှာပေါ့" ဟု သွေးနတ်ဆိုး ခန်းမဆောင်သခင်ကြီး က အေးစက်စွာ ရယ်လျက် ပြောလိုက်၏။
စက္ကူယပ်တောင် သခင်လေး ၏ မျက်ဝန်းများမှာ အရောင်တောက်သွားခဲ့လေပြီ။
"ပြီးတော့... ခန်းမဆောင်သခင်ကြီး ကိုယ်တိုင်လည်း အခမ်းအနား ကို တက်ရောက်နေတာဆိုတော့... ဒီကိစ္စနဲ့ ခန်းမဆောင်သခင်ကြီး နဲ့ ဘာမှ မပတ်သက်တော့ဘူးဆိုတာ အလိုလို သက်သေပြပြီးသား ဖြစ်သွားတာပေါ့... တကယ့်ကို အကြံကောင်းပဲဗျာ.." ဟု စက္ကူယပ်တောင် သခင်လေး က ချီးကျူးလိုက်သည်။
"ဒါပေါ့" ခန်းမဆောင်သခင်ကြီး က ခေါင်းညိတ်လိုက်၏။
"ဒါပေမဲ့ ပြဿနာ တစ်ခု ရှိတယ်"
ပြောရင်း၊ စက္ကူယပ်တောင် သခင်လေး မှာ မျက်မှောင်အနည်းငယ် ကြုတ်သွားခဲ့သည်။
ခန်းမဆောင်သခင်ကြီး က မေးလိုက်၏။
"သွေးနတ်ဆိုး ခန်းမဆောင် ရဲ့ ထိပ်တန်း တိုက်ခိုက်ရေး အင်အားစုတွေ အကုန်လုံး လျှို့ဝှက်ဆန်းကြယ် နန်းမြို့တော် ကို သွားနေတဲ့ အချိန်မှာ... ဘယ်သူက မြူခိုးဂိုဏ်း ကို ဝင်တိုက်မလဲ ဆိုတာကို မင်း စိုးရိမ်နေတာ မဟုတ်လား"
"အတိအကျပါပဲ"
စက္ကူယပ်တောင် သခင်လေးက ပြန်လည် ဖြေကြားလိုက်သည်။
"အရင်တုန်းကတော့... မြူခိုးဂိုဏ်း က ကိုင်တွယ် ဖြေရှင်းရတာ တော်တော်လေး ခက်ခဲမယ် ထင်လို့ သူတို့ရဲ့ အရှိန်အဟုန် ကို ခဏ ရှောင်လွှဲထားဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမဲ့ မကြာသေးခင်ကမှ... ကျုပ်ကိုယ်တိုင် ခရိုင်ဘုရင်မြို့တော် ကို သွားပြီး... ပြတ်နေတဲ့ လက်ညှိုး တစ်ချောင်းကို ရှာတွေ့ခဲ့တယ်... ပြီးတော့ ပြင်ပကမ္ဘာက 'မီးခိုးရောင်နွယ်ပင် နတ်သမီး'နဲ့လည်း အဆက်အသွယ် ရခဲ့တယ်လေ" ခန်းမဆောင်သခင်ကြီး က သူ၏ မုတ်ဆိတ်မွေးများကို အေးဆေးစွာ သပ်ရင်း ပြောလိုက်၏။
စက္ကူယပ်တောင် သခင်လေး ၏ မျက်ဝန်းအိမ်များမှာ ကျုံ့ဝင်သွားခဲ့တော့သည်။
"အဲဒါက... တစ်ချိန်တုန်းက ကိုယ်ပွားတစ်ခု လွှတ်ပြီး နယ်စပ်ဖြတ်ကျော်ပြီးတော့.. ခရိုင်ဘုရင်မြို့တော် ကို ဝင်မွှေသွားခဲ့တဲ့... ဟို သစ်ပင်နတ်ဆိုး ရဲ့ စစ်မှန်တဲ့ ကိုယ်ခန္ဓာ အစစ်ကြီးလား"
"မှန်တယ်.. အဲဒါက အထွတ်အထိပ်အဆင့် နတ်ဆိုးဧကရာဇ် တစ်ပါးပဲ... ပြီးတော့ သွေးယဇ်ပူဇော်ခြင်း ဝင်္ကပါကို သုံးပြီး သူ့ရဲ့ ကိုယ်ခန္ဓာ အစစ်ကြီးကို ဒီကို ဆင့်ခေါ်လို့ ရတယ်"
ခန်းမဆောင်သခင်ကြီး က တည်ငြိမ်စွာပင် ပြောလိုက်သည်။
"ဒါဆိုရင် ဘာလို့ အခု ချက်ချင်း မလုပ်တာလဲဗျ" ဟု တစ်စုံတစ်ယောက်က မေးလိုက်၏။
"အရူး.."
ခန်းမဆောင်သခင်ကြီး က ဆဲရေးလိုက်သည်။
"အခုလောလောဆယ်... လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် က အဆင့်တိုးမြှင့်ခြင်း အခမ်းအနား အတွက် ပြင်ဆင်နေတာလေ။ မီးခိုးရောင်နွယ်ပင် နတ်သမီး ရဲ့ ကိုယ်ခန္ဓာ အစစ်ကြီးကို နယ်စပ်ဖြတ်ကျော်ပြီး ဝင်လာဖို့ ဘိုးဘေးလင်မြောင် က ခွင့်ပြုပါ့မလား။ သူ ပေါ်လာတာနဲ့ တစ်ပြိုင်နက်... လက်ဝါး တစ်ချက်တည်းနဲ့ အရိုက်ခံရပြီး သေသွားမှာကို ငါ စိုးရိမ်လို့ပေါ့ဟ"
သူက ဆက်လက်၍ ရှင်းပြလိုက်လေတော့၏။
"အကောင်းဆုံး အခွင့်အရေး ကတော့... အခမ်းအနား စတင်ပြီး ဘိုးဘေးလင်မြောင် ရဲ့ အာရုံတွေ အကုန်လုံး နန်းမြို့တော်ဆီ ရောက်နေတဲ့ အချိန်ပဲ…"
အခန်း (၄၈၅) ပေ့လျန် မြို့တော်၏ အကျပ်အတည်း၊ မိုင်ပေါင်း သောင်းချီ ဖြတ်ကျော် ကယ်တင်ခြင်း
~စကားပြောဆိုလိုက်သူမှာ အလျင်အမြန်ပင် ခေါင်းငုံ့ကာ လက်သီးဆုပ်၍ အရိုအသေပြုလိုက်ရင်း -
"ခန်းမဆောင်သခင်ကြီး ပြောတာ လုံးဝ မှန်ကန်ပါတယ်... ကျွန်တော် အမြင်ကျဉ်းသွားတာပါဗျာ" ဟု ဝန်ခံလိုက်၏။
သွေးနတ်ဆိုး ခန်းမဆောင်သခင်ကြီး က သူ၏ လက်ကို ခန့်ညားစွာ ဝှေ့ယမ်းလိုက်ပြီးနောက် အမိန့်ပေးလိုက်တော့သည်။
"လာမယ့် တစ်လအတွင်း... အနီးအနားက နိုင်ငံငယ်လေး တစ်ခုကို ရွေး၊ လူတစ်သန်းလောက် သတ်ပြီး သွေးယဇ်ပူဇော်ခြင်း ဝင်္ကပါ ကို တည်ဆောက်ထားကြ။ အချိန်ကိုက် တစ်လ ပြည့်တာနဲ့... မီးခိုးရောင်နွယ်ပင် နတ်သမီး ကို ချက်ချင်း ဆင့်ခေါ်လိုက်တော့.."
"ခန်းမဆောင်သခင်ကြီး... ဘယ်ကံဆိုးတဲ့ နိုင်ငံလေးကို ရွေးရမလဲဗျ"
ဝိညာဉ်ပင်လယ်အဆင့် အထွတ်အထိပ် ရှိ ကျင့်ကြံသူ တစ်ဦးက စပ်စုလိုက်၏။
ခန်းမဆောင်သခင်ကြီး သည် မြေပုံ တစ်ခုကို ဖြန့်ချလိုက်သည်။
ခေတ္တမျှ ရှာဖွေကြည့်ပြီးနောက်... တောင်ပိုင်းမြစ်ဝှမ်း ဒေသ နှင့် မဖြစ်ထွန်းသော ကန္တာရ သာ ခြားနေသော ပေ့လျန် မြို့တော်ကို လက်ညှိုးထိုးပြလျက် ပြတ်သားစွာ ဆိုလိုက်၏။
"ပေ့လျန် မြို့တော်... အဲ့ဒါပဲ အတည်ပြုလိုက်ပြီ.."
"ဟုတ်ကဲ့ပါ.."
သွေးနတ်ဆိုး ခန်းမဆောင် မှ လူများအားလုံး မတ်တတ်ရပ်ကာ ခရီးထွက်ရန် ပြင်ဆင်လိုက်ကြသည်။
"နေဦး.."
ခန်းမဆောင်သခင်ကြီး က လူတိုင်းကို လှမ်းခေါ်လိုက်ပြီး ညွှန်ကြားလိုက်၏။
"သဲကန္တာရဘုရင် က ယဲ့ဖုန်း အပေါ် အငြိုးရှိနေတယ်လို့ ငါ ကြားတယ်။ သူ့ကိုပါ ငါတို့ရဲ့ အစီအစဉ်ထဲ ထည့်သွင်းလိုက်ကြ"
"ခန်းမဆောင်သခင်ကြီး... သဲကန္တာရဘုရင် က ဘာပဲဖြစ်ဖြစ် ပြင်ပလူပဲလေ။ သူသာ ကျွန်တော်တို့ရဲ့ လျှို့ဝှက်ချက်တွေကို ဖောက်သည်ချသွားရင် ဘယ်လိုလုပ်မလဲ" တစ်စုံတစ်ယောက်က စိုးရိမ်တကြီး မေးလိုက်ခြင်းပါ။
"အဆင့်လတ် နတ်ဆိုးဘုရင်လောက်ကတော့... လက်ချောင်းလေး တစ်ချက် တောက်လိုက်ရုံနဲ့ အမှုန့်ဖြစ်သွားမှာပဲ။ သူသာ သတင်းပေါက်ကြားအောင် လုပ်ရဲရင်... သတိပေးတဲ့ အနေနဲ့ သူ့ကို အရင်ဆုံး သတ်ပစ်လိုက်.."
"ဟုတ်ကဲ့ပါ.."
ထိုအချိန်မှသာ သွေးနတ်ဆိုး ခန်းမဆောင် မှ လူများမှာ ခန်းမတွင်းမှ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြ၏။ အချို့က ဝင်္ကပါ တည်ဆောက်ရန် ပြင်ဆင်ကြပြီး... အချို့ကမူ အမှောင်ထုထဲတွင် ပုန်းအောင်းနေသော သဲကန္တာရဘုရင် နှင့် သွားရောက် ဆက်သွယ်ကြလေတော့သည်။
...
မြူခိုးဂိုဏ်း။
ယဲ့ဖုန်းသည် သူ၏ မျက်ခွံများ တဖျပ်ဖျပ် လှုပ်နေသည်ကို ခံစားလိုက်ရ၏။
"ဘယ်ဘက်လှုပ်ရင် ကံကောင်းမယ်... ညာဘက်လှုပ်ရင် ကံဆိုးမယ်တဲ့။ အခု ငါ့မျက်ခွံ နှစ်ဖက်လုံး လှုပ်နေတာဆိုတော့... ကောင်းတာရော ဆိုးတာရော တစ်ပြိုင်နက်တည်း လာမယ်ဆိုတဲ့ သဘောလား"
သူသည် မျက်လုံးများကို ပွတ်သပ်လိုက်ရင်း တွေးတောလိုက်မိ၏။
"တစ်ယောက်ယောက်များ ငါ့ကို လုပ်ကြံဖို့ ကြံစည်နေပြန်ပြီလား"
ယဲ့ဖုန်း၏ ခေါင်းထဲတွင် ပုံရိပ်ပေါင်းများစွာ လျှပ်တပြက် ဖြတ်ပြေးသွားခဲ့သည်။
သွေးနတ်ဆိုး ခန်းမဆောင်၊ မီးခိုးရောင်နွယ်ပင် နတ်သမီး၊ သဲကန္တာရဘုရင်၊ ချင်းယွင်ဂိုဏ်းချုပ်...။
ဤသူများ အားလုံးမှာ သူနှင့် ကတောက်ကဆများ ရှိခဲ့ဖူးသူများချည်းပင်။
အထူးသဖြင့် သွေးနတ်ဆိုး ခန်းမဆောင် နှင့် မီးခိုးရောင်နွယ်ပင် နတ်သမီး တို့မှာမူ သူနှင့် သွေးစွန်းနေသော အငြိုးအာဃာတများ ရှိနေကြပြီး... တွေ့သည်နှင့် တစ်ပြိုင်နက် သေရေးရှင်ရေး တိုက်ပွဲများ ဆင်နွှဲရမည်မှာ အသေအချာပင် ဖြစ်၏။
"မီးခိုးရောင်နွယ်ပင် နတ်သမီး က ပြင်ပကမ္ဘာက ရန်သူ ဆိုတော့... လောလောဆယ် သူ့ကို ငါ ဘာမှ လုပ်လို့ မရသေးဘူး။ ဒါဆိုရင်... နောင်ရေး အေးသွားအောင် သွေးနတ်ဆိုး ခန်းမဆောင် ကို သွားပြီး အပြတ်ရှင်းပစ်လိုက်ရင်ကော"
ဤအတွေးက ယဲ့ဖုန်း၏ ခေါင်းထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။
ကံမကောင်းစွာဖြင့် သူသည် သွေးနတ်ဆိုး ခန်းမဆောင် ၏ တည်နေရာ အတိအကျကို မသိရှိပေ။
"ဂိုဏ်းချုပ်ယဲ့... ကျုပ် ထပ်ရောက်လာပြန်ပြီဗျာ"
ထိုအခိုက်အတန့်တွင် လျူမင် ၏ အသံမှာ ကောင်းကင်ယံမှ ထွက်ပေါ်လာခဲ့၏။
ယဲ့ဖုန်းသည် အသံလာရာဆီသို့ မော့ကြည့်လိုက်ရာ... လျူမင် သာမက ခရိုင်ဘုရင် ရှုချန်ကျွင်း ပါ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။
"ခရိုင်ဘုရင်... ရှားရှားပါးပါး ဧည့်သည်ပါလားဗျာ.."
ယဲ့ဖုန်းသည် အကာအကွယ် ဒိုင်းလွှားကို ဖွင့်ပေးကာ သူတို့ နှစ်ဦးကို ဝင်ရောက်ခွင့် ပြုလိုက်၏။
ယဲ့ဖုန်း၏ မျက်နှာချင်းဆိုင်တွင် ထိုင်လျက်... လျူမင် နှင့် ရှုချန်ကျွင်း တို့သည် ဟူဖေးဖေး ဖျော်စပ်ပေးသော လက်ဖက်ရည်ကို သောက်ရင်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ မြူခိုးဂိုဏ်း မှာ တကယ်ကို ကြီးကျယ်ခမ်းနားစွာ တိုးတက်လာပြီ ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။
"ဂိုဏ်းချုပ်ယဲ့... ကျုပ် ဒီကို လာတာက ခင်ဗျားကို ဖိတ်စာ တစ်စောင် ပေးချင်လို့ပါဗျာ" ဟု ပြောရင်း ရှုချန်ကျွင်း သည် ဖိတ်စာတစ်စောင်ကို ထုတ်ပေးလိုက်၏။
ယဲ့ဖုန်း ဖွင့်ဖတ်ကြည့်လိုက်ရာ... နန်းမြို့တော်မှ ပေးပို့လိုက်သော ဖိတ်စာ ဖြစ်ပြီး နောက်တစ်လအကြာတွင် ကျင်းပမည့် လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် ၏ ကြယ်အဆင့် တိုးမြှင့်ခြင်း အထိမ်းအမှတ် အခမ်းအနား သို့ တက်ရောက်ရန် ဖိတ်ကြားထားခြင်း ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။
"အလကား စားရသောက်ရမယ့် အခွင့်အရေး နောက်တစ်ကြိမ် ရပြန်ပြီပေါ့... သိပ်ကောင်းတာပဲ.."
ဖိတ်စာပါ အကြောင်းအရာများကို ဖတ်ရှုပြီးနောက် ယဲ့ဖုန်းသည် အားပါးတရ ရယ်လိုက်၏။
"အဟမ်း..."
ထိုစကားကို ကြားလိုက်ရသည့်အခါ ရှုချန်ကျွင်း နှင့် လျူမင် တို့ နှစ်ဦးသား အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်မိကြပြီး... တစ်ယောက်မျက်လုံးထဲက ရယ်ချင်စိတ်ကို တစ်ယောက် မြင်တွေ့နေရ၏။
"အဟမ်း အဟမ်း.."
မိမိ စကားမှားသွားကြောင်း သတိပြုမိသွားသဖြင့် ယဲ့ဖုန်းသည် အလျင်အမြန် ချောင်းဆိုးကာ အရှက်ကို ဖုံးကွယ်လိုက်ရသည်။
"ဂိုဏ်းချုပ်ယဲ့... ကျုပ် ဒီကို လာတာက သွေးကြော သန့်စင်ခြင်း ဆေးလုံးတွေ လာဝယ်တာပါဗျာ။ အဲဒီ ဆေးလုံးတွေက ကျုပ်ရဲ့ ကျင့်ကြံခြင်း တိုးတက်မှုကို အများကြီး အရှိန်မြှင့်ပေးခဲ့တာ... အခုဆိုရင် ကျုပ်တောင် အဆင့်လတ် နတ်ဆိုးဘုရင် ရဲ့ အထွတ်အထိပ် နီးပါးလောက်ကို ရောက်နေပြီဗျ"
လျူမင် က ကျေးဇူးတင်မှု အပြည့်ဖြင့် ပြောလိုက်၏။
"သြော်... သွေးကြော သန့်စင်ခြင်း ဆေးလုံး လာဝယ်တာကိုး။ ရော့... ဒါလေး ယူသွားလိုက်ပါ"
ယဲ့ဖုန်းသည် သစ်သားသေတ္တာ တစ်လုံးကို ထုတ်ပေးလိုက်ရင်း ဆိုလိုက်သည်။
"ဒီအထဲမှာ ဆေးလုံး တစ်ထောင် ပါတယ်ဗျ"
"ဗျာ... ဒီလောက် အများကြီးလား.." လျူမင် မှာ သောက်လက်စ လက်ဖက်ရည်များပင် သီးသွားခဲ့ရပြီး... သစ်သားသေတ္တာကို ဖွင့်ကာ အတွင်းရှိ ဆေးလုံးများကို ကြည့်ရင်း ဝမ်းသာလုံးဆို့ နေတော့သည်။
"ဒီတလော အားနေတာနဲ့... ပိုပြီးတော့ လုပ်ထားလိုက်တာပါဗျာ" ယဲ့ဖုန်းက လက်ဝှေ့ယမ်းလိုက်ရင်း ဆက်ပြောလိုက်၏။
"ဒါနဲ့... ခင်ဗျားတို့ နှစ်ယောက်ကို ကျွန်တော် မေးစရာလေး တစ်ခု ရှိတယ်"
"မေးပါဗျာ..."
လျူမင် နှင့် ရှုချန်ကျွင်း တို့ နှစ်ဦးစလုံး စိတ်ဝင်စားသွားကြသည်။
"ကျွန်တော် သွေးနတ်ဆိုး ခန်းမဆောင် ရဲ့ ပင်မ အခြေစိုက်စခန်း ဘယ်မှာ ရှိလဲဆိုတာ သိချင်လို့ပါ"
ယဲ့ဖုန်းက စကားမပတ်တော့ဘဲ တည့်တိုး မေးချလိုက်၏။
"ဒီအင်အားစုက ကျွန်တော်တို့ မြူခိုးဂိုဏ်း ကို ရန်စထားတာလေ... သူတို့ကို အမြစ်ပြတ် မချေမှုန်းရသရွေ့ ကျွန်တော် စိတ်အေးလက်အေး အိပ်လို့ ရမှာ မဟုတ်ဘူး"
"သွေးနတ်ဆိုး ခန်းမဆောင် ဟုတ်လား... ကျုပ်တော့ မသိဘူးဗျ" လျူမင် က ခေါင်းခါယမ်းလိုက်သည်။
"ကျုပ် သိတယ်.." ခရိုင်ဘုရင် ရှုချန်ကျွင်း ၏ မျက်ဝန်းများမှာ အေးစက်သွားခဲ့တော့၏။
"ဒီအင်အားစုက အရမ်းကို ယုတ်မာရက်စက်တာ နာမည်ကြီးပဲ။ အရင်တုန်းက သူတို့နဲ့ ကျုပ် ထိပ်တိုက် တွေ့ခဲ့ဖူးတယ်လေ"
ထိုစကားကို ကြားလိုက်ရသည့်အခါ ယဲ့ဖုန်းရော လျူမင် ပါ စိတ်ဝင်စားသွားကြသည်။
ခရိုင်ဘုရင် ရှုချန်ကျွင်း က စတင် ရှင်းပြ၏။
"သွေးနတ်ဆိုး ခန်းမဆောင် က ကြယ်သုံးပွင့်အဆင့် အင်အားစု တစ်ခုဖြစ်ပြီး သူတို့ရဲ့ ပင်မ ခန်းမဆောင်ကြီးက လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် ရဲ့ ပြင်ပ... လျှို့ဝှက်ဆန်းကြယ်တဲ့ ဒေသတစ်ခုမှာ ရှိတယ်လို့ ကြားဖူးတယ်။ တည်နေရာ အတိအကျကိုတော့ ကျုပ်လည်း မသိဘူးဗျ"
"ဒါပေမဲ့... သူတို့က နေရာတိုင်းမှာ ဌာနခွဲတွေ ဖွင့်ထားပြီး... မိန်းကလေး တပည့်တွေကိုပဲ သီးသန့် လက်ခံတဲ့ အဆင့်မြင့် ဂိုဏ်းပေါင်းများစွာကို တည်ထောင်ထားကြတယ်"
"အဲဒါက တခြားကြောင့် မဟုတ်ဘူး... သွေးသား စွမ်းအင်ချင်း ဖလှယ်ပြီး ကျင့်ကြံဖို့အတွက် 'ကျင့်ကြံရေး မီးဖို' အဖြစ် သုံးဖို့ သီးသန့် မွေးမြူထားတာပဲ"
"ခရိုင်ဘုရင် တစ်ယောက်အနေနဲ့... ဒီနှစ်တွေ အတောအတွင်းမှာ ဒီလို အင်အားစုမျိုးကို အများကြီး တွေ့ခဲ့ရပြီး... သူတို့ကို ရှင်းလင်းပစ်ဖို့ ကျုပ်ကိုယ်တိုင် လျှို့ဝှက် အမိန့်တွေ ပေးခဲ့ဖူးပါတယ်"
"အဲဒီလို အကြိမ်ကြိမ် ထိပ်တိုက် တွေ့ခဲ့ရလို့ပဲ... ဒီအင်အားစုအကြောင်းကို ကျုပ် ကောင်းကောင်း နားလည်လာခဲ့တာပေါ့"
"တောင်ပိုင်းမြစ်ဝှမ်း ရဲ့ အစွန်ဆုံး တောင်ဘက်ပိုင်းမှာ... သူတို့ရဲ့ ဌာနခွဲ တစ်ခု ရှိတယ်"
"အဲဒီကို သွားရင်တော့... သတင်းအချက်အလက် တချို့ ရနိုင်ကောင်းပါရဲ့"
ပြောပြီးသည်နှင့် ရှုချန်ကျွင်း မှာ နှုတ်ဆိတ်သွားခဲ့သည်။
သူ သိထားသမျှမှာ ဤမျှသာ ဖြစ်၏။
သွေးနတ်ဆိုး ခန်းမဆောင် သည် မူလနတ်ဘုရားအဆင့်ရှိ မဟာတန်ခိုးရှင် တစ်ဦး ကျောထောက်နောက်ခံ ပြုထားသော ကြယ်သုံးပွင့်အဆင့် အင်အားစု တစ်ခု ဖြစ်ရာ... ယခင်က မူလနတ်ဘုရား တပိုင်းအဆင့် မျှသာ ရှိခဲ့သော သူ၏ အနေအထားဖြင့်... ဌာနခွဲ တစ်ခုကို လုံးဝ မဖျက်ဆီးရဲခဲ့ပေ။ လက်စားချေခံရမည်ကို အလွန်အမင်း စိုးရိမ်ခဲ့ရသည် မဟုတ်ပါလား။
သို့သော် ယခုအခါတွင်မူ သူသည် မူလနတ်ဘုရားအဆင့် သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
ယဲ့ဖုန်း ဆိုလျှင်လည်း ကြောက်မက်ဖွယ်ကောင်းသော အသားတောင် မိစ္ဆာကောင်ကြီး ကို ခြေတစ်ဖက်တည်းဖြင့် နင်းခြေ သတ်ဖြတ်နိုင်စွမ်း ရှိသူဖြစ်ရာ... သွေးနတ်ဆိုး ခန်းမဆောင် ကို ရင်ဆိုင်ရန် လုံလောက်သော အင်အား ရှိနေပြီ ဖြစ်၏။
ယဲ့ဖုန်းက ဤကိစ္စကို စတင် ပြောဆိုလာပြီ ဖြစ်ရာ... သွေးနတ်ဆိုး ခန်းမဆောင် နှင့် အပြီးသတ် စာရင်းရှင်းရမည့် အချိန် ရောက်လာပြီဟု ရှုချန်ကျွင်း ခံစားလိုက်ရသည်။
"အခုမှ သတိရတယ်... သွေးနတ်ဆိုး ခန်းမဆောင်သခင်ကြီး ကလည်း လာမယ့် ကြယ်အဆင့် တိုးမြှင့်ခြင်း အခမ်းအနား ရဲ့ ဧည့်သည်တော် စာရင်းထဲမှာ ပါတယ်ဗျ"
ရှုချန်ကျွင်း က စကားတစ်ခွန်း ထပ်ဖြည့်လိုက်၏။
ယဲ့ဖုန်း၏ မျက်လုံးများ မှေးကျဉ်းသွားပြီး အေးစက်စွာဖြင့် ပြောလိုက်တော့သည်။
"ဒါဆိုရင်..ကျွန်တော်တို့က သစ်ငုတ်တိုကို စောင့်ပြီး ယုန်ကို ဖမ်းရတော့မှာပေါ့။ အခမ်းအနား ပြီးတာနဲ့... သွေးနတ်ဆိုး ခန်းမဆောင်သခင်ကြီး ကို လမ်းကနေ ဖြတ်တိုက်ကြတာပေါ့ဗျာ"
"ဒါက တကယ့်ကို အကြံကောင်းပဲဗျ" ရှုချန်ကျွင်း က ထောက်ခံလိုက်၏။
"အင်း... ဒီအတိုင်းပဲ လုပ်ကြတာပေါ့" ယဲ့ဖုန်း ခေါင်းညိတ်လိုက်သည်။
အခမ်းအနား ပြီးဆုံးသည်နှင့် တစ်ပြိုင်နက်... သွေးနတ်ဆိုး ခန်းမဆောင်သခင်ကြီး နောက်သို့ လိုက်ကာ... နောင်ရေး အေးသွားစေရန် သူ့ကို အပြီးတိုင် ရှင်းလင်းပစ်ရန် ယဲ့ဖုန်း ပြတ်သားစွာ ဆုံးဖြတ်လိုက်လေတော့သည်။
မကြာမီမှာပင်...
ရှုချန်ကျွင်း နှင့် လျူမင် တို့ နှစ်ဦးစလုံး အတူတကွ ထွက်ခွာသွားကြ၏။
ယဲ့ဖုန်းသည် တောင်ထိပ်ပေါ်တွင် ရပ်လျက် အဝေးသို့ အကြည့်ပို့လွှတ်ကာ နက်နက်နဲနဲ စဉ်းစားခန်း ဝင်နေမိသည်။
"ဂိုဏ်းချုပ်... ကျွန်တော်တို့.. ပေ့လျန် မြို့တော် ကို ခဏ ပြန်ချင်လို့ပါ"
ထိုအခိုက်အတန့်တွင် ပေ့လျန် မြို့တော် မှ စုဆောင်းလာခဲ့သော ဒုတိယမျိုးဆက် တပည့် ဒါဇင်ပေါင်းများစွာမှာ တောင်ထိပ်ပေါ်တွင် စုရုံးရောက်ရှိလာကြပြီး... ယဲ့ဖုန်းအား တညီတညွတ်တည်း အရိုအသေပြုကာ တောင်းဆိုလိုက်ကြ၏။
ယဲ့ဖုန်းသည် ထို ဒုတိယမျိုးဆက် တပည့်များကို အကဲခတ် ကြည့်လိုက်သည်။
သူတို့ထဲတွင် ရွှီတာ့လေ့နှင့် မူစီစီတို့ကဲ့သို့ ထူးချွန်ပြီး ထင်ရှားသော ပါရမီရှင် နှစ်ဦး ပါဝင်သလို... သိပ်မထင်ရှားလှသော သာမန် တပည့် အများအပြားလည်း ပါဝင်နေ၏။
ပေ့လျန် မြို့တော် မှ စတင် ထွက်ခွာလာစဉ်ကတည်းက ရွှီတာ့လေ့ နှင့် မူစီစီ တို့မှာ ဒုတိယမျိုးဆက် တပည့်များအကြား ခေါင်းဆောင်များအဖြစ် သတ်မှတ်ခံခဲ့ရသူများ ဖြစ်ပေသည်။
ယနေ့အချိန်အထိ သူတို့ နှစ်ဦးစလုံးမှာ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ပထမအလွှာ သို့ ရောက်ရှိနေကြပြီ ဖြစ်၏။
ကျန်ရှိသော တပည့် ဒါဇင်ပေါင်းများစွာမှာလည်း အနည်းဆုံး ချီကျင့်ကြံခြင်းအဆင့် နဝမအလွှာ သို့ ရောက်ရှိနေကြပြီ ဖြစ်ရာ... သူတို့၏ ကျင့်ကြံခြင်း တိုးတက်မှုမှာ အတော်လေး မြန်ဆန်လှပေသည်။
"ဘာဖြစ်လို့ ပေ့လျန် မြို့တော် ကို ပြန်ချင်ရတာလဲ"
ယဲ့ဖုန်းက သိလိုစိတ်ကို ထုတ်ဖော်လိုက်၏။
"ပေ့လျန် မြို့တော် မှာ ဆယ်နှစ် တစ်ကြိမ် ကျင်းပတဲ့ ဘိုးဘေး ပူဇော်ပွဲ ရှိလို့ပါရှင်" ဟု ရွှီတာ့လေ့ နှင့် မူစီစီ တို့ နှစ်ဦးသား ပြိုင်တူ ဖြေကြားလိုက်ကြသည်။
"သဘောတူတယ်.." ယဲ့ဖုန်း ခေါင်းညိတ်လိုက်၏။
"ဒါပေမဲ့... မင်းတို့ထဲမှာ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် က နှစ်ယောက်တည်း ရှိပြီး... ကျန်တဲ့သူတွေက ချီကျင့်ကြံခြင်းအဆင့် တွေ ဆိုတော့... မိုင်ပေါင်း သောင်းချီ ဝေးတဲ့ ခရီးကို သွားရမှာ လုံခြုံရေးအတွက် သိပ်တော့ စိတ်မချရဘူး။ ကောင်းပြီလေ... မင်းတို့ရဲ့ ဂိုဏ်းချုပ် ကိုယ်တိုင် ခရီးတစ်ဝက်လောက် လိုက်ပို့ပေးမယ်။ ပြီးရင် တောင်ပိုင်းမင် နိုင်ငံတော် ထဲက တခြား အဓိက မြို့တော် တချို့ကို သွားပြီး တပည့်သစ်တွေ ထပ်စုဆောင်းရဦးမယ်လေ"
ယဲ့ဖုန်းက ဆက်ပြောလိုက်သည်။
တပည့်သစ်များ စုဆောင်းပြီးနောက်မှ သွေးနတ်ဆိုး ခန်းမဆောင် ကို သွားရောက် ရှင်းလင်းမည် ဆိုလျှင်လည်း အချိန်မီသေးသည် မဟုတ်ပါလား။
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်.."
ရွှီတာ့လေ့၊ မူစီစီ နှင့် အခြားသော ဒုတိယမျိုးဆက် တပည့်များ အားလုံး ဝမ်းသာအားရဖြင့် အကြိမ်ကြိမ် ကျေးဇူးတင်စကား ဆိုလိုက်ကြ၏။
...
မဖြစ်ထွန်းသော သဲကန္တာရ ၏ တောင်ဘက်ပိုင်းဝယ်၊
သွေးနတ်ဆိုး ခန်းမဆောင် မှ ဝိညာဉ်ပင်လယ်အဆင့်ရှိ အကြီးအကဲ အချို့နှင့် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ရှိ တာဝန်ခံ တစ်ရာကျော် တို့သည် သဲတောင်ကုန်း တစ်ခုပေါ်တွင် ရပ်နေကြသည်။
အဝေးရှိ ပေ့လျန် မြို့တော် ကို အကြည့်ပို့လွှတ်ရင်း... သူတို့၏ မျက်နှာပေါ်တွင် ယုတ်မာရက်စက်သော အပြုံးများ ပေါ်ထွက်လာခဲ့တော့၏။
"ပေ့လျန် မြို့တော် ရဲ့ မြို့စား တင်းချန် က ဝိညာဉ်ပင်လယ်အဆင့် အနိမ့်အလတ် လောက်ပဲ ရှိတယ်လို့ ကြားတယ်။ ကျုပ်တို့ အားလုံး ပူးပေါင်းလိုက်မယ်ဆိုရင် သူ့ကို သေချာပေါက် သုတ်သင်ပစ်နိုင်မှာပါ" ဟု မျက်လုံးတစ်ဖက်တည်း ရှိသော လူသန်ကြီး တစ်ယောက်က ဆိုလိုက်သည်။
သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ဝိညာဉ်ပင်လယ်အဆင့် အဋ္ဌမအလွှာ တွင် ရှိနေ၏။
"လူတိုင်း ဝင်ပါနေစရာ မလိုပါဘူး။ ငါ သဲကန္တာရဘုရင် တစ်ယောက်တည်းနဲ့တင် ပေ့လျန် မြို့တော် တစ်ခုလုံးကို အမှုန့်ကြိတ်ပစ်ဖို့ လုံလောက်ပါတယ်ကွ"
ကြမ်းတမ်းရိုင်းစိုင်းလှသော အသံ တစ်သံ ထွက်ပေါ်လာခဲ့သည်။
လူအုပ်ကြီးသည် အသံလာရာဆီသို့ လှည့်ကြည့်လိုက်ရာ... ပုံရိပ်နှစ်ခု ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရ၏။
တစ်ဦးမှာ ဝိညာဉ်ပင်လယ်အဆင့် အထွတ်အထိပ် တွင် ရှိသော သွေးနတ်ဆိုး ခန်းမဆောင် မှ အကြီးအကဲ တစ်ဦး ဖြစ်၏။
အခြားတစ်ဦးမှာမူ ဧရာမ ပုဆိန်ကြီး တစ်လက်ကို ကိုင်ဆောင်ထားသော သဲကန္တာရဘုရင် ပင် ဖြစ်သည်။
အရင်ကနှင့် နှိုင်းယှဉ်ပါက သူ၏ အရှိန်အဝါများမှာ ပိုမို ကြောက်မက်ဖွယ် ကောင်းလာခဲ့ပြီး... မထင်မှတ်သော ကံကောင်းမှုများကြောင့် အဆင့်မြင့် နတ်ဆိုးဘုရင် အဖြစ်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်၏။
သူ၏ မွေးရာပါ ပါရမီဖြစ်သော 'တောင်ဖြို နတ်ပုဆိန်'နှင့် ပေါင်းစပ်လိုက်မည် ဆိုပါက... ဝိညာဉ်ပင်လယ်အဆင့် အထွတ်အထိပ် ရှိ ကျင့်ကြံသူ တစ်ဦးကိုပင် ရင်ဆိုင်နိုင်စွမ်း ရှိပေသည်။
"သဲကန္တာရဘုရင် ပါလား.."
ထိုနေရာရှိ ကျင့်ကြံသူများ အားလုံးမှာ သဲကန္တာရဘုရင် အား မတူညီသော ခံစားချက် အမျိုးမျိုးဖြင့် စိုက်ကြည့်နေကြ၏။
ဝိညာဉ်ပင်လယ်အဆင့် အထွတ်အထိပ် ရှိ သွေးနတ်ဆိုး ခန်းမဆောင် အကြီးအကဲ က စတင် မိတ်ဆက်ပေးလိုက်သည်။
"ကျုပ်တို့က မြူခိုးဂိုဏ်း နဲ့ ပေ့လျန် မြို့တော် ကို ဝင်တိုက်မလို့ ဆိုတာ သိလိုက်ရတာနဲ့... သဲကန္တာရဘုရင် က ချက်ချင်း ပူးပေါင်းဖို့ သဘောတူလိုက်တယ်။ အဲဒါကြောင့် ဒီကို အမြန် ပြေးလာခဲ့ကြတာပဲ"
"အချိန်မဆွဲကြနဲ့တော့... ပေ့လျန် မြို့တော် တစ်ခုလုံးကို အမြန်ဆုံး သွားပြီး သတ်ဖြတ်လိုက်ကြစို့.."
ထိုနေရာရှိ ကျင့်ကြံသူများ အားလုံးမှာ စိတ်မရှည်နိုင်တော့လောက်အောင် အလျင်လိုနေကြပြီ ဖြစ်၏။
"မလောပါနဲ့ဦး... ဘယ်သူမှ လွတ်မသွားအောင်လို့ ဝိုင်းရံပိတ်ဆို့မယ့် ဝင်္ကပါ ကို အရင်ဆုံး တည်ဆောက်ရဦးမယ်။ သတင်းပေါက်ကြားသွားလို့ မဖြစ်ဘူးလေ" ဝိညာဉ်ပင်လယ်အဆင့် အထွတ်အထိပ် ရှိ အကြီးအကဲ က ဆိုကာ ဝင်္ကပါ အချပ်ပြား တစ်ခုကို ထုတ်ယူလိုက်ပြီး... အဆင့်မြင့် ဝိညာဉ်ကျောက်တုံး သုံးတုံးကို ထည့်သွင်းကာ အသက်သွင်းလိုက်သည်။
“ဝီ…”
ဝင်္ကပါ အချပ်ပြား မှာ အနည်းငယ် တုန်ခါသွားခဲ့၏။
ဝင်္ကပါ အလံ ဒါဇင်ပေါင်းများစွာမှာ လေထဲသို့ ပျံတက်သွားပြီး... ပေ့လျန် မြို့တော် ၏ ပတ်ပတ်လည်တွင် နေရာယူကာ မြေကြီးထဲသို့ စိုက်ဝင်သွားခဲ့၏။ ထို့နောက် မှိန်ပျပျ ရွှေရောင် အလင်းကန့်လန့်ကာ တစ်ခု ထွက်ပေါ်လာပြီး ခိုင်မာတောင့်တင်းလှသော လှောင်ချိုင့်ကြီး တစ်ခုအဖြစ် ပေ့လျန် မြို့တော် တစ်ခုလုံးကို ဖုံးအုပ် ပိတ်ဆို့လိုက်လေတော့သည်။
"ဘယ်သူလဲ.."
"လူကြီးမင်းတို့... ကျုပ်တို့ တိုက်ခိုက်ခံနေရပြီ.."
မြို့စား တင်းချန်၊ မြို့စားငယ် တင်းချင်းနှင့် ပေ့လျန် မြို့တော် မှ အခြားသော ကျင့်ကြံသူများမှာ အခြေအနေ မဟန်ကြောင်း ချက်ချင်း ရိပ်မိသွားကြပြီး... အလန့်တကြား အော်ဟစ်လိုက်ကြ၏။
"ဝေါ... ဝူး...ဝူး....."
"ငါ့ရဲ့ စွမ်းရည်တွေကို ပြသရမယ့် အချိန် ရောက်လာပြီပဲ.."
သဲကန္တာရဘုရင် သည် သူ၏ ဧရာမ ပုဆိန်ကြီး ကို မြှောက်လိုက်ရာ... သူ၏ ကိုယ်ခန္ဓာမှာ ချက်ချင်း ကြီးမားလာပြီး ပေပေါင်း ရာချီ မြင့်မားသော ဘီလူးကြီး တစ်ကောင်အဖြစ် အသွင်ပြောင်းသွားခဲ့တော့၏။ သူသည် အကာအကွယ် ဒိုင်းလွှား အတွင်းသို့ ဝင်ရောက်သွားပြီး... သူ၏ မွေးရာပါ ပါရမီဖြစ်သော 'တောင်ဖြို နတ်ပုဆိန်' ကို အသုံးပြုကာ မိုင်ဒါဇင်ပေါင်းများစွာ ရှည်လျားသော ကြောက်မက်ဖွယ် ပုဆိန်အလင်းတန်းကြီး တစ်ခုကို အစွမ်းကုန် ပိုင်းချလိုက်လေတော့သည်။
ရုတ်တရက် ပေါ်ထွက်လာသော ထိုကြောက်မက်ဖွယ် အရှိန်အဝါကြီးကြောင့် လူတိုင်း၏ ဦးရေပြားများမှာ ထုံကျဉ်သွားခဲ့ရ၏။
လူအုပ်ကြီးမှာ ကောင်းကင်ယံကို မော့ကြည့်ရင်း လုံးဝ မျှော်လင့်ချက် ကင်းမဲ့သွားကြတော့သည်။
“ဝီ.....”
သို့သော်ငြား လူတိုင်း အသက်လုနေရသော ထိုအခိုက်အတန့်တွင်... ပုဆိန်အလင်းတန်းကြီး ၏ အရှေ့တည့်တည့်၌ ဖြူဖွေးသော အလင်းတန်း တစ်ခု ဟင်းလင်းပြင်ထဲမှ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
၎င်း၏ နောက်တွင်မူ... လူရိပ် ဒါဇင်ပေါင်းများစွာ ချက်ချင်းဆိုသလို ပေါ်လာခဲ့သည်။
ဦးဆောင်လာသူကို မြင်လိုက်ရသည့် ခဏ၌... တင်းချန် နှင့် တင်းချင်း တို့၏ မျက်လုံးများမှာ အလွန်အမင်း အံ့သြဝမ်းသာမှုများဖြင့် ပြူးကျယ်သွားခဲ့ရ၏။
သို့သော် သဲကန္တာရဘုရင် မှာမူ လန့်ဖြတ်သွားပြီး လဲကျမတတ်ပင် ဖြစ်သွားရရှာသည်။
"တောက်... ဒီကောင်ကြီး ပါလား.."
ရင်းနှီးပြီး ကြောက်မက်ဖွယ်ကောင်းလှသော ထိုမျက်နှာကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက်... သဲကန္တာရဘုရင် သည် ဘာကိုမျှ ဆက်မတွေးတောနိုင်တော့ဘဲ နောက်သို့ လှည့်ကာ အသည်းအသန် ထွက်ပြေးလေတော့၏။
အခန်း (၄၈၆) သဲကန္တာရဘုရင် ၏ ကျဆုံးခန်း၊ ထိုးထွင်းသိမြင်ခြင်း မျက်လုံး ၏ အံ့မခန်း အသုံးဝင်မှု
~သဲကန္တာရဘုရင် သည် နောက်သို့လှည့်ကာ အသည်းအသန် ထွက်ပြေးလေတော့သည်။
သူသည် မျက်နှာပျက်မည်ကို လုံးဝ ဂရုမစိုက်တော့ချေ။
အသက်လုနေရတဲ့ အချိန်မှာ... မျက်နှာဆိုတာ ဘာအရေးပါလို့လဲ။ စားလို့ ရလို့လား။
သေချာတာပေါ့... ကိုယ့်အသက် ကိုယ် ကယ်နိုင်ဖို့က အရေးအကြီးဆုံးပဲလေ..
"သဲကန္တာရဘုရင်... ခင်ဗျား ဘာလို့ ထွက်ပြေးတာလဲ"
သွေးနတ်ဆိုး ခန်းမဆောင် မှ အကြီးအကဲ သည် သဲကန္တာရဘုရင် ၏ ထွက်ပြေးနေသော ကျောပြင်ကို ကြည့်ကာ... မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်လျက် အော်ဟစ်လိုက်၏။
ခုလေးတင်မှ သစ္စာရေသောက် ကတိတွေ အထပ်ထပ် ပေးထားတဲ့ သဲကန္တာရဘုရင် က... ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး လှည့်ပြေးသွားရတာလဲ။ ဒါက လူ့သဘာဝရဲ့ ဖောက်ပြန်မှုလား... ဒါမှမဟုတ် ကိုယ်ကျင့်တရားတွေ ပျက်သုဉ်းသွားတာလား။
"ရွှီး....."
ထိုအခိုက်အတန့်တွင် သွေးနတ်ဆိုး ခန်းမဆောင် အကြီးအကဲ သည် သူ၏ ပတ်ဝန်းကျင်ရှိ မဟာတန်ခိုးရှင် ရာချီထံမှ ထိတ်လန့်တကြား အသက်ရှူသံများကို ကြားလိုက်ရသည်။
သူသည် ခေတ္တမျှ မှင်သက်သွားပြီးနောက်... လူတိုင်းမှာ ကောင်းကင်ယံသို့ မော့ကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်ကို သတိပြုမိသွား၏။
"ဘာဖြစ်လို့လဲ"
သွေးနတ်ဆိုး ခန်းမဆောင် အကြီးအကဲ သည် မျက်မှောင်ကြုတ်ကာ ကောင်းကင်ယံသို့ မော့ကြည့်လိုက်ရာ... သူ၏ မျက်ဝန်းအိမ်များမှာ ရုတ်တရက် ကျုံ့ဝင်သွားခဲ့ရလေတော့သည်။
သဲကန္တာရဘုရင် ခုတ်ပိုင်းလိုက်သော ကြောက်မက်ဖွယ် ပုဆိန်အလင်းတန်းကြီးမှာ လေထဲတွင် လုံးဝ ရပ်တန့်နေပြီး ရှေ့သို့ တစ်လက်မမျှပင် ဆက်မရွေ့နိုင်တော့ချေ။
ထိုပုဆိန်အလင်းတန်းကြီးကို တားဆီးထားသူမှာ... မည်သည့် ကျင့်ကြံခြင်း စွမ်းအင်လှိုင်းကိုမျှ ထုတ်လွှတ်ခြင်း မရှိသော... အရပ်ရှည်ရှည်နှင့် ခန့်ညားလှသည့် လူငယ်လေး တစ်ဦးပင် ဖြစ်သည်။
အကယ်၍သာ သူသည် ကောင်းကင်ယံတွင် လွင့်မျောမနေခဲ့ပါက... သွေးနတ်ဆိုး ခန်းမဆောင် အကြီးအကဲ အနေဖြင့် သူ့ကို ကျင့်ကြံခြင်း လုံးဝ မရှိသော သာမန် လူသားတစ်ဦးဟုပင် ထင်မှတ်မိမည်မှာ အသေအချာပင်။
"သဲကန္တာရဘုရင်... ဟုတ်လား"
ယဲ့ဖုန်းသည် လက်ကို ဆန့်ထုတ်ထားဆဲ အနေအထားဖြင့်... သူရဲကောင်း ဝိညာဉ်စွမ်းအား များကို အသုံးပြု၍ ပုဆိန်အလင်းတန်းကြီးကို ဖမ်းဆုပ်ထားရင်း... အရူးအမူး ထွက်ပြေးနေသော ပုံရိပ်ဆီသို့ အကြည့်များကို ရွှေ့လိုက်ရာ သူ၏ မျက်လုံးများမှာ အနည်းငယ် စူးရှသွားခဲ့၏။
ဒီကျောပြင်က တော်တော်လေးကို ရင်းနှီးနေပါလား..
နောက်တစ်စက္ကန့်တွင်တော့ သူသည် ထိုသူမှာ မည်သူဖြစ်ကြောင်း အပြည့်အဝ မှတ်မိသွားခဲ့တော့၏။ သူသည် လက်ကို အားကုန် ဆုပ်ချေလိုက်ရာ... ပုဆိန်အလင်းတန်းကြီးမှာ မျက်စိတစ်မှိတ်အတွင်း မြေမှုန့်များအဖြစ် ကြေမွသွားခဲ့လေတော့သည်။
"သဲကန္တာရဘုရင်... မင်း ဘယ်ကို ထွက်ပြေးမလို့လဲကွ.."
ယဲ့ဖုန်းသည် ဒေါသတကြီး ဟိန်းဟောက်လိုက်လေရာ... သူ၏ အသံလှိုင်းများမှာ အဟုန်ပြင်းစွာ လှိမ့်ဝင်သွားပြီး သွေးနတ်ဆိုး ခန်းမဆောင် မှ မဟာတန်ခိုးရှင်များကို သွေးအန်စေကာ ဖက်ထုပ်များအလား မြေပြင်ပေါ်သို့ ပြုတ်ကျသွားစေခဲ့၏။
ယဲ့ဖုန်းကိုယ်တိုင်မှာမူ... နေရာရွှေ့ပြောင်းခြင်း အကြိမ်အနည်းငယ် ပြုလုပ်လိုက်ရုံဖြင့် မိုင်ရာချီ ခရီးကို ဖြတ်သန်းကာ... အမြန်ဆုံး နှုန်းဖြင့် ထွက်ပြေးနေသော သဲကန္တာရဘုရင် ကို အမီလိုက်နိုင်ခဲ့တော့၏။
"အနားကို မလာနဲ့.."
သဲကန္တာရဘုရင် သည် နောက်သို့ လှည့်ကြည့်လိုက်ရာ ယဲ့ဖုန်း၏ ကြောက်မက်ဖွယ်ကောင်းသော မျက်နှာကို မြင်လိုက်ရသဖြင့်... ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သူ၏ ဧရာမ ကိုယ်ခန္ဓာကို ပုံမှန် အရွယ်အစားသို့ အလျင်အမြန် ပြန်လည် ကျုံ့ဝင်စေလိုက်၏။
ထို့နောက် သူသည် သူ၏ အရှိန်ကို အစွမ်းကုန် မြှင့်တင်လိုက်လေတော့သည်။
သို့သော် ရုတ်တရက်ဆိုသလို... မြေပြင်ပေါ်ရှိ သဲကျောက်ခဲများမှာ ကောင်းကင်ယံသို့ ပျံတက်လာ၏။ မီတာ ရာချီ ကြီးမားသော သဲလက်ဝါးကြီး တစ်ခုအဖြစ် ပြောင်းလဲသွားကာ သူ့ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်လေတော့သည်။
"မူလနတ်ဘုရားအဆင့် ပါလား.."
သဲကန္တာရဘုရင် မှာ အလွန်အမင်း ထိတ်လန့်သွားပြီး အသက်ရှူပင် မှားသွားရ၏။
မိမိတို့ နောက်ဆုံးအကြိမ် တိုက်ခိုက်ခဲ့စဉ်က... ယဲ့ဖုန်းမှာ ဝိညာဉ်ပင်လယ်အဆင့် တွင်သာ ရှိသေးသည် မဟုတ်ပါလား။ ဤမျှ အချိန်တိုတိုလေး အတွင်းမှာပင် သူ၏ စွမ်းအားများက မူလနတ်ဘုရားအဆင့် သို့ ရောက်ရှိသွားပြီတဲ့လား..
ဒီတိုးတက်မှု အရှိန်နှုန်းက တကယ့်ကို ကြောက်စရာ ကောင်းလွန်းတယ်..
"သဲကန္တာရဘုရင်... မင်းအတွက် ထွက်ပြေးစရာ လမ်း မရှိတော့ဘူးကွ.."
ယဲ့ဖုန်း၏ စိတ်အာရုံ စေခိုင်းချက်အရ... သူရဲကောင်း ဝိညာဉ်စွမ်းအား များ ပေါင်းစပ်ပါဝင်နေသော သဲကျောက်ခဲများမှာ ဓားသွားများအလား ထက်ရှလာ၏။... သဲကန္တာရဘုရင် ၏ ရင်ဘတ်ကို အသာအယာ ထိုးဖောက် ဝင်ရောက်သွားခဲ့ရာ... သူ့ကို အသံနက်ကြီးဖြင့် အော်ဟစ်သွားစေခဲ့လေတော့သည်။
"စီနီယာ... ကျွန်တော့် အသက်ကို ချမ်းသာပေးပါဗျာ.."
သဲကန္တာရဘုရင် သည် အကြိမ်ကြိမ် တောင်းပန် တိုးလျှိုးနေ၏။
"ကျွန်တော့်ကို ချမ်းသာပေးမယ် ဆိုရင်... စီနီယာရဲ့ ခိုင်းဖတ် နွားတစ်ကောင်၊ မြင်းတစ်ကောင် အဖြစ် အသက်ထက်ဆုံး အမှုတော် ထမ်းပါ့မယ်ဗျာ.."
အသက်ရှင်သန်နိုင်ရန်အတွက် သဲကန္တာရဘုရင် သည် သူ၏ ဂုဏ်သိက္ခာ အားလုံးကို စွန့်လွှတ်ရန် ရွေးချယ်လိုက်တော့သည်။
"စနစ်... သဲကန္တာရဘုရင် ကို တောင်စောင့် ဝိညာဉ်သားရဲ အဖြစ် သိမ်းသွင်းလို့ ရမလား"
ယဲ့ဖုန်းသည် ချက်ချင်း ဆုံးဖြတ်ချက် မချသေးဘဲ စနစ် ထံသို့ အရင်ဆုံး မေးမြန်းလိုက်၏။
"တီ..တီ.. တစ်ဖက်လူရဲ့ လက်နက်ချ အညံ့ခံမှုမှာ စစ်မှန်တဲ့ ရိုးသားမှု မရှိတဲ့အတွက်.. ဂိုဏ်းချုပ် အနေနဲ့ သူ့ကို သိမ်းသွင်းနိုင်မှာ မဟုတ်ပါ"
"အိုး... ငါ နားလည်ပြီ.."
ယဲ့ဖုန်း၏ စိတ်အာရုံ စေခိုင်းချက်အရ... သဲကျောက်ခဲများမှာ ဓားရှည်တစ်လက်အဖြစ် ပြောင်းလဲသွားပြီး သဲကန္တာရဘုရင် ၏ ကိုယ်ခန္ဓာကို "ရွှပ်" ဟူသော အသံနှင့်အတူ အပြတ်အသတ် ထိုးခွဲပစ်လိုက်လေတော့သည်။
"မင်း... မင်း တကယ့်ကို ရက်စက်လွန်းတယ်.."
သဲကန္တာရဘုရင် သည် တုန်ရီနေသော လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ယဲ့ဖုန်းအား လက်ညှိုးထိုးလျက်... လုံးဝ မကျေမချမ်း ဖြစ်နေသော မျက်နှာထားဖြင့် ဆိုလိုက်သော်လည်း... သူ၏ အသိစိတ်များမှာ တဖြည်းဖြည်း လွင့်ပါးသွား၏။ နောက်ဆုံးတွင် အသက်ဝိညာဉ် လုံးဝ ချုပ်ငြိမ်းသွားခဲ့လေတော့သည်။
အဆင့်မြင့် နတ်ဆိုးဘုရင် တစ်ပါး ကျဆုံးသွားခဲ့တော့၏။
ထိုအချိန်မှစ၍... မဖြစ်ထွန်းသော သဲကန္တာရ ၏ နတ်ဆိုးဘုရင် ငါးပါးစလုံးမှာ မြူခိုးဂိုဏ်း ၏ လက်ချက်ဖြင့် အသီးသီး အဆုံးသတ်သွားခဲ့ကြတော့သည်။
မဖြစ်ထွန်းသော သဲကန္တာရ တစ်ခုလုံး၏ အလုံးစုံ စွမ်းအားမှာလည်း အကြီးအကျယ် ကျဆင်းသွားခဲ့ရ၏။
အကယ်၍ ကြီးမားသော ကံကောင်းမှုများ မရှိခဲ့ပါက... ဤနေရာတွင် နောက်ထပ် ဝိညာဉ်ပင်လယ်အဆင့် နတ်ဆိုးဘုရင် သစ်တစ်ပါး ထွက်ပေါ်လာရန် အနည်းဆုံး နှစ်ပေါင်း ရာချီ အချိန်ယူရပေလိမ့်မည်။
"ဒီလောက် ကောင်းတဲ့ နတ်ဆိုးဘုရင် ရဲ့ ရုပ်အလောင်းကိုတော့ ငါ ယူသွားမှ ဖြစ်မယ်"
ယဲ့ဖုန်းသည် သဲကန္တာရဘုရင် ၏ ဝိညာဉ်သွေးများကို စုပ်ယူလိုက်ပြီးနောက်... သူ၏ ရုပ်အလောင်းကို စနစ် ဟင်းလင်းပြင် အတွင်းသို့ ပစ်ထည့်ကာ သိမ်းဆည်းလိုက်သည်။
ထို့နောက် နေရာရွှေ့ပြောင်းခြင်း အကြိမ်အနည်းငယ် ပြုလုပ်ပြီးနောက်... ပေ့လျန် မြို့တော် ၏ ကောင်းကင်ယံ သို့ ပြန်လည် ရောက်ရှိလာခဲ့၏။
"သဲကန္တာရဘုရင် ကို ဒီလူက တကယ်ကြီး သတ်ပစ်လိုက်တာပါလား.."
"သူတို့ရဲ့ ဝတ်စုံတွေကို ကြည့်စမ်း... အဲဒါတွေက မြူခိုးဂိုဏ်း က အတွင်းစည်း တပည့်တွေရဲ့ ဝတ်စုံတွေပဲ.."
"ဒီလူက မြူခိုးဂိုဏ်း ရဲ့ ဂိုဏ်းချုပ် ယဲ့ဖုန်း ပဲ ဖြစ်ရမယ်.."
"ပြေးကြဟေ့.."
ယဲ့ဖုန်း၏ အသံလှိုင်း ဖိနှိပ်မှုကြောင့် အပြင်းအထန် ဒဏ်ရာရထားကြသော သွေးနတ်ဆိုး ခန်းမဆောင် မှ မဟာတန်ခိုးရှင်များမှာ... သဲကန္တာရဘုရင် ၏ ကျဆုံးခန်းကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရပြီးနောက် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကြ၏။
သူတို့သည် ဒဏ်ရာများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အသည်းအသန် ထွက်ပြေးရန် ကြိုးစားကြလေတော့သည်။
"ဘယ်သူက မင်းတို့ကို သွားခွင့်ပြုလို့လဲ"
သို့သော် ယဲ့ဖုန်းက လက်ကို ဆန့်ထုတ်လိုက်သည်နှင့် တစ်ပြိုင်နက်... ရာနှင့် ချီသော သွေးနတ်ဆိုး ခန်းမဆောင် မှ မဟာတန်ခိုးရှင်များမှာ ဧရာမ တောင်ကြီးများ၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။ ... မြေပြင်ပေါ်တွင် မှောက်လျက်သား ဖြစ်သွားကာ လက်တစ်ချောင်းမျှပင် မလှုပ်ရှားနိုင်တော့ချေ။
ဝိညာဉ်ပင်လယ်အဆင့် အထွတ်အထိပ် တွင် ရှိသော သွေးနတ်ဆိုး ခန်းမဆောင် အကြီးအကဲ ပင်လျှင် မြေပြင်ကို လက်ဖြင့် အားပြုကာ မနည်း ရုန်းကန်နေရသော်ငြား... မည်သို့မျှ ခုခံနိုင်စွမ်း မရှိခဲ့ချေ။
‘တကယ်ကြီး ယဲ့ဖုန်း ပဲ..’
‘ဒီလူက မူလနတ်ဘုရားအဆင့် အလယ်အလတ် မှာ ရှိတယ်လို့ ကောလာဟလတွေ ထွက်နေတာလေ... ခန်းမဆောင်သခင်ကြီး ကလွဲရင် ဘယ်သူမှ သူ့ပြိုင်ဘက် မဟုတ်ဘူးတဲ့’
'ငါတို့တွေ သူ့ကို လာတွေ့ရတာ ဘယ်လောက်တောင် ကံဆိုးလိုက်လဲ..’
သွေးနတ်ဆိုး ခန်းမဆောင် အကြီးအကဲ ၏ ရင်ထဲတွင် နောင်တတရားများ အပြည့်အဝ ဖုံးလွှမ်းနေလေတော့သည်။
သူသည် သူ၏ ကံဆိုးမှုကိုသာ တတွတ်တွတ် ကျိန်ဆဲနေမိ၏။
အကယ်၍ သူသာ အနည်းငယ် စောပြီး ရောက်လာခဲ့လျှင်... သို့မဟုတ် အနည်းငယ် နောက်ကျပြီးမှ ရောက်လာခဲ့လျှင်... ယဲ့ဖုန်း ပေါ်လာမည့် အချိန်နှင့် ကွက်တိ လွဲသွားနိုင်သည် မဟုတ်ပါလား။
သို့သော် သူသည် အနာဂတ်ကို ကြိုတင် သိမြင်နိုင်စွမ်း မရှိခဲ့ချေ။
ယခုမူ ယဲ့ဖုန်း၏ ဖိနှိပ်မှုအောက်သို့ ရောက်ရှိနေပြီဖြစ်ရာ... သူသည် အညံ့ခံရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပေ။
"မင်းတို့တွေက ဘယ်သူတွေလဲ"
ယဲ့ဖုန်းသည် လက်တစ်ချက် ဆုပ်လိုက်ရာ... ထိုလူ ရာပေါင်းများစွာမှာ သဲများဖြင့် ပြုလုပ်ထားသော ကြိုးများဖြင့် တင်းကျပ်စွာ တုပ်နှောင်ခံလိုက်ရပြီး လုံးဝ မလှုပ်ရှားနိုင်တော့ချေ။
ပုံမှန်အားဖြင့် သဲများမှာ ဤမျှလောက် အစွမ်းထက်လေ့ မရှိပေ။
သို့သော် သူရဲကောင်း ဝိညာဉ်စွမ်းအား များ ပေါင်းစပ်ပါဝင်သွားသောအခါတွင်မူ... ၎င်းတို့သည် အဆင့်နိမ့် ဝိညာဉ်ရတနာ တစ်ခုကိုပင် အသာလေး ပိုင်းဖြတ်နိုင်စွမ်း ရှိသွားသည်။
"ငါတို့ မင်းကို ဘာမှ မပြောပြနိုင်ဘူး.."
သွေးနတ်ဆိုး ခန်းမဆောင် မှ တာဝန်ခံ အချို့က လေးနက်သော လေသံဖြင့် အော်ဟစ်လိုက်ကြ၏။
“ဖောင်း..”
သူတို့၏ စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက်... သူတို့၏ ကိုယ်ခန္ဓာများမှာ နေရာတွင်ပင် ပေါက်ကွဲထွက်သွားခဲ့လေတော့သည်။
ယဲ့ဖုန်းသည် သွေးနတ်ဆိုး ခန်းမဆောင် အကြီးအကဲ ကို ကြည့်ကာ ဆိုလိုက်၏။
"မင်းမှာ ရွေးချယ်စရာ နှစ်ခု ရှိတယ်။ အားလုံးကို သေသေချာချာ ပြောပြမလား... ဒါမှမဟုတ် ငါ့ဘာသာငါ အဖြေရှာရမလား"
"ငါ့ကို သတ်သာ သတ်ပစ်လိုက်ပါ.."
သွေးနတ်ဆိုး ခန်းမဆောင် အကြီးအကဲ သည် သူ၏ မျက်လုံးများကို မှိတ်လိုက်သည်။
သူသည် သွေးနတ်ဆိုး ခန်းမဆောင် ကို သစ္စာမဖောက်နိုင်ပေ။ မဟုတ်ပါကလည်း သေဒဏ် ကျခံရမည်သာ ဖြစ်၏။
ဘာပဲဖြစ်ဖြစ် သေရမှာအတူတူ... ပြန်လည် ခုခံပြီး ဂုဏ်သိက္ခာရှိရှိ သေသွားတာကမှ ပိုကောင်းဦးမယ် မဟုတ်လား။
"အင်း..."
ယဲ့ဖုန်း ခေါင်းညိတ်လိုက်ပြီး... လက်ကို ဆန့်ထုတ်ကာ လေထဲတွင် လက်ဟန်ပြလိုက်ရာ... ထိုအကြီးအကဲမှာ မြေမှုန့်များအဖြစ် ချက်ချင်း ပေါက်ကွဲသွားခဲ့လေတော့သည်။
"ရွှီး....."
ကျန်ရှိနေသေးသော လူများ၏ မျက်နှာများမှာ သွေးဆုတ်သွားသကဲ့သို့ ဖြူရော်သွားခဲ့တော့၏။
ဝိညာဉ်ပင်လယ်အဆင့် အထွတ်အထိပ် ရှိ ကျင့်ကြံသူ တစ်ဦးကို စိတ်ကူးပေါက်သလို အသာလေး သတ်ဖြတ်နိုင်သော ယဲ့ဖုန်းမှာ... တကယ့်ကို ရက်စက်လွန်းလှပေသည်..။
"မင်းတို့ကော ဘယ်လိုလဲ... သေသေချာချာ ပြောပြမှာလား၊ ဒါမှမဟုတ် ငါက အတင်း အပြောခိုင်းရမလား" ယဲ့ဖုန်းသည် ကျန်ရှိနေသေးသော ကျင့်ကြံသူ ရာပေါင်းများစွာထံသို့ အကြည့်ကို ရွှေ့လိုက်၏။
ရုတ်တရက် သူသည် တစ်ခုခုကို သတိရသွားသည်။
"အော်... ဟုတ်သားပဲ၊ ထိုးထွင်းသိမြင်ခြင်း မျက်လုံး ကို စမ်းကြည့်ရမယ်"
ယဲ့ဖုန်းသည် ဝိညာဉ်ပင်လယ်အဆင့် တတိယအလွှာ တွင် ရှိသော ကျင့်ကြံသူ တစ်ဦးကို တစ်ချက် ကြည့်လိုက်၏။
သူ၏ အမြင်အာရုံတွင် အသေးစိတ် အချက်အလက်များ ချက်ချင်းပင် ပေါ်ထွက်လာခဲ့တော့သည်။
"မင်းနာမည်က မာတာ့ဟာ... ဝိညာဉ်ပင်လယ်အဆင့် တတိယအလွှာ အထွတ်အထိပ် မှာ ရှိတယ်။ အလယ်အလတ်အဆင့် ဝိညာဉ်အမြစ် ရှိပြီး... ကျင့်ကြံလာတာ နှစ်ပေါင်း ငါးရာ့သုံးဆယ် ရှိပြီ။ လက်ရှိမှာ သွေးနတ်ဆိုး ပင်မ ခန်းမဆောင် ရဲ့ အကြီးအကဲ တစ်ယောက်ပဲ"
ယဲ့ဖုန်းသည် ထိုလူကို ကြည့်ကာ တည်ငြိမ်စွာပင် ပြောလိုက်၏။
ထိုစကားများကို ကြားလိုက်ရသည့်အခါ ထိုသူ၏ မျက်နှာအမူအရာမှာ လုံးဝ ပျက်ယွင်းသွားခဲ့တော့သည်။
သူ အလွန်အမင်း ထိတ်လန့်သွားခဲ့၏။
ယဲ့ဖုန်းက သူ၏ အချက်အလက်များကို ဘယ်လိုလုပ်ပြီး ဒီလောက်အထိ တိတိကျကျ သိနေရတာလဲ။
သို့သော် ယဲ့ဖုန်းသည် သူ့ကို ဆက်လက် အာရုံမစိုက်တော့ဘဲ... အခြားသူ တစ်ဦးကို ကြည့်ကာ ထိုးထွင်းသိမြင်ခြင်း မျက်လုံး ကို အသုံးပြု၍ အချက်အလက်များကို စစ်ဆေးလိုက်ပြန်သည်။
"မင်းနာမည်က ယွီဖုန်း.. ကျင့်ကြံလာတာ နှစ်ပေါင်း သုံးရာ့ငါးဆယ် ရှိပြီ။ အလယ်အလတ်အဆင့် ဝိညာဉ်အမြစ် ရှိပြီး... ဝိညာဉ်ပင်လယ်အဆင့် ပထမအလွှာ အထွတ်အထိပ် မှာ ရှိတယ်။ မယားကြီး ငါးယောက်၊ မယားငယ် ဆယ့်ခုနစ်ယောက် နဲ့ ကလေး သုံးဆယ့်ငါးယောက် ရှိတယ်။ ဒါပေမဲ့... အဲဒီကလေးတွေထဲက သုံးယောက်က ဘေးအိမ်က အကြီးအကဲ ဝမ် ရဲ့ ကလေးတွေကွ"
ယဲ့ဖုန်း စကားဆုံးသည်နှင့် တစ်ပြိုင်နက်... အကြီးအကဲ ယွီဖုန်း ၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းသွားခဲ့တော့၏။
သူသည် သူ၏ ဘေးတွင် ရှိနေသော ဝိညာဉ်ပင်လယ်အဆင့် ဒုတိယအလွှာ ရှိ အကြီးအကဲ ဝမ် ကို မျက်လုံးပြူးကာ ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
"အဲ.. ငါ ရှင်းပြတာကို အရင် နားထောင်ပါဦး.."
"နားထောင်စရာ မလိုဘူး... သေလိုက်စမ်း.. ခွေးကောင်.."
အကြီးအကဲ ယွီဖုန်း သည် နေရာတွင်ပင် ဒေါသတကြီး ကျိန်ဆဲလိုက်လေတော့၏။
ကျန်ရှိနေသေးသော သွေးနတ်ဆိုး ခန်းမဆောင် မှ ကျင့်ကြံသူများ၏ မျက်နှာများပေါ်ရှိ ထိတ်လန့်ကြောက်ရွံ့မှုများကို ကြည့်ရင်း... ယဲ့ဖုန်းသည် ထိုးထွင်းသိမြင်ခြင်း မျက်လုံး ၏ အံ့မခန်း အသုံးဝင်မှုများကို အပြည့်အဝ နားလည် သဘောပေါက်သွားခဲ့လေတော့သည်။
‘ထိုးထွင်းသိမြင်ခြင်း မျက်လုံး သာ ရှိရင်... သံသယဖြစ်စရာ ကိစ္စ တော်တော်များများကို ဖြေရှင်းလို့ ရပြီပဲ... တကယ့်ကို အံ့မခန်းပါလား’
သူသည် ထိုလူများကို ဆက်လက် စောင့်ကြည့်ရင်း သတင်းအချက်အလက်များကို စုဆောင်းနေလေတော့သည်။
လက်ဖက်ရည် တစ်ဝက်သောက်ချိန်ခန့် ကုန်လွန်သွားပြီးနောက်...၊
“ဘုန်း..”
တုံးတိတိ အသံ တစ်သံ ပဲ့တင်ထပ်သွားခဲ့ပြီးနောက်... သွေးနတ်ဆိုး ခန်းမဆောင် မှ မဟာတန်ခိုးရှင် ရာပေါင်းများစွာမှာ တစ်စစီ ပေါက်ကွဲထွက်သွားခဲ့ကြ၏။... သိုလှောင်လက်စွပ် တစ်ထောင်နီးပါးခန့်လည်း ..လေထဲသို့ လွင့်စဉ်ထွက်လာခဲ့ရာ ယဲ့ဖုန်းက ၎င်းတို့ကို စနစ် ဟင်းလင်းပြင် အတွင်းသို့ ပစ်ထည့်လိုက်၏။
သူသည် ခေါင်းကို လှည့်ကာ... အဖြစ်အပျက် အားလုံးကို ကြည့်ပြီး မှင်သက်နေကြသော ရွှီတာ့လေ့၊ မူစီစီ နှင့် အခြားသော ဒုတိယမျိုးဆက် တပည့်များကို လှည့်ကြည့်လိုက်သည်။
"မင်းတို့တွေ လောလောဆယ် ဒီမှာပဲ နေခဲ့ကြဦး။ အန္တရာယ် တစ်ခုခု ကြုံလာရင်... ဂိုဏ်းကို ပြန်ဖို့ ဒါကို သုံးလိုက်"
ယဲ့ဖုန်းသည် နေရာရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့ တစ်ခုကို ရွှီတာ့လေ့ ထံသို့ ကမ်းပေးလိုက်၏။
"ဂိုဏ်းချုပ်... ဂိုဏ်းချုပ်ကကော ဘယ်သွားမလို့လဲဟင်"
ရွှီတာ့လေ့ နှင့် အခြား တပည့်များက အလျင်အမြန် မေးလိုက်ကြသည်။
"ငါလား..."
ယဲ့ဖုန်းသည် တောင်ပိုင်းမင် နိုင်ငံတော် ၏ အရှေ့တောင်ဘက် အရပ်ဆီသို့ အကြည့်ပို့လွှတ်လိုက်၏။ သူ၏ အကြည့်များမှာ မိုင်ပေါင်း ထောင်သောင်းချီသော ကောင်းကင်ယံကို ဖောက်ထွင်းသွားခဲ့ပြီး... ထူးဆန်းသော အလင်းရောင်များ ဖြာထွက်နေသည့် မြူခိုး တောင်တန်းကြီး ကို မြင်တွေ့လိုက်ရ၏။
"ငါ ဂိုဏ်းချုပ် က... သွေးနတ်ဆိုး ပင်မ ခန်းမဆောင် ကြီးကို သွားပြီး အမြစ်ပြတ် ရှင်းလင်းပစ်မလို့လေ.."
ထိုသို့ ပြောပြီးသည်နှင့် တစ်ပြိုင်နက်... ယဲ့ဖုန်းသည် ဟင်းလင်းပြင်ကို ချက်ချင်း ဆွဲဖြဲလိုက်သည်..။
သူ၏ အရှိန်မှာ အသံထက် ခြောက်ဆ ပိုမို မြန်ဆန်လာကာ အဝေးဆီသို့ တဟုန်ထိုး ပျံသန်း ထွက်ခွာသွားလေတော့၏။