အခန်း (၄၈၇-၄၈၉)
Vol. 33 Ch. 487-489
အခန်း (၄၈၇) စက္ကူယပ်တောင် သခင်လေး ၏ သတိပေးချက်၊ သွေးနတ်ဆိုး ပင်မ ခန်းမဆောင် ကြီးကို အမြစ်ပြတ် ချေမှုန်းခြင်း
~"ဂိုဏ်းချုပ်ယဲ့ က ဘာသွားလုပ်မလို့လဲ"
တင်းချန် နှင့် တင်းချင်း တို့သည် ယဲ့ဖုန်း ထွက်ခွာသွားသော အရပ်ဆီသို့ ငေးကြည့်နေကြပြီးနောက်... သူတို့၏ စူးစမ်းလိုစိတ်များကို ရွှီတာ့လေ့ နှင့် အခြားသော တပည့်များထံသို့ လှည့်ကာ မေးမြန်းလိုက်ကြ၏။
"ဂိုဏ်းချုပ် က... ကိစ္စကြီး တစ်ခုကို သွားလုပ်မလို့တဲ့.."
ရွှီတာ့လေ့ သည် ယဲ့ဖုန်း၏ ရည်ရွယ်ချက် အမှန်ကို ထုတ်ပြောသင့်၊ မပြောသင့် ဝေခွဲမရ ဖြစ်နေပြီးနောက်... ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ ဖုံးကွယ်ထားရန်သာ ရွေးချယ်လိုက်သည်။
"အိုး....."
တင်းချန် နှင့် တင်းချင်း တို့သည် ရွှီတာ့လေ့ က ဆက်လက် မပြောဆိုလိုကြောင်း ရိပ်မိသွားသဖြင့်... ထပ်မံ၍ အတင်း မမေးတော့ချေ။
သူတို့သည် ယဲ့ဖုန်း ထွက်ခွာသွားသော အရပ်ဆီသို့ အကြည့်ပို့လွှတ်ရင်း... သူတို့၏ မျက်နှာပေါ်တွင် လေးစား အားကျမှုများ အပြည့်အဝ ထင်ဟပ်နေ၏။
"ဂိုဏ်းချုပ်ယဲ့ က... တကယ့်ကို မူလနတ်ဘုရားအဆင့် မဟာတန်ခိုးရှင် တစ်ပါး ဖြစ်နေတာကိုး.."
တင်းချင်း က အံ့သြတကြီး ရေရွတ်လိုက်သည်။
ယဲ့ဖုန်း၏ လက်ချက်ဖြင့် သဲကန္တာရဘုရင် သေဆုံးသွားခဲ့စဉ်က... သူ၏ ကျင့်ကြံခြင်းအဆင့် ကို အကျယ်ကြီး အော်ဟစ်သွားခဲ့ရာ မိုင်ရာချီ အကွာအဝေး အထိ ပဲ့တင်ထပ်သွားခဲ့သည် မဟုတ်ပါလား။
ယခုအခါ ယဲ့ဖုန်းသည် မူလနတ်ဘုရားအဆင့် မဟာတန်ခိုးရှင် တစ်ပါး ဖြစ်ကြောင်းကို လူတိုင်း သိရှိသွားကြတော့၏။
ဤမျှလောက်သော ကျင့်ကြံခြင်းအဆင့် မျိုးက... တောင်ပိုင်းမင် နိုင်ငံတော် တစ်ခုလုံးကို တံမြက်လှည်းသလို အသာလေး ရှင်းလင်းပစ်ရန် လုံလောက်ပြီး လူတိုင်းကို ကြောက်ရွံ့ တုန်လှုပ်သွားစေနိုင်စွမ်း ရှိပေသည်။
"မူလနတ်ဘုရားအဆင့် မှာ ရှိနေတာတောင်မှ... ဂိုဏ်းချုပ်ယဲ့ က ကျုပ်တို့ကို ဒီလောက်အထိ ရင်းရင်းနှီးနှီး စကားပြောဆို ဆက်ဆံနိုင်တာ... တကယ့်ကို လေးစားဖို့ ကောင်းလွန်းပါတယ်ဗျာ.."
မြို့စားမင်း တင်းချန် က ခံစားချက် အပြည့်ဖြင့် မှတ်ချက်ချလိုက်သည်။
...
ယဲ့ဖုန်းသည် အရှိန်ကုန် တင်၍ ရှေ့သို့ ပျံသန်းနေ၏။
ထိုးထွင်းသိမြင်ခြင်း မျက်လုံး ကို အသုံးပြု၍ စစ်ဆေး မေးမြန်းပြီးနောက်... သွေးနတ်ဆိုး ပင်မ ခန်းမဆောင် ကြီး၏ တည်နေရာ အတိအကျ ကို သူ သေချာပေါက် သိရှိခဲ့ပြီ ဖြစ်သည်။
ဒီနေ့... သွေးနတ်ဆိုး ပင်မ ခန်းမဆောင် ကြီးကို မြေကြီးနဲ့ တစ်ပြေးတည်း ဖြစ်အောင် လုပ်ပစ်မယ်..
"ငါ့ရဲ့ လက်ရှိ စွမ်းအားနဲ့ ဆိုရင်... သွေးနတ်ဆိုး ခန်းမဆောင်သခင်ကြီး က အဆင့်မြင့် မူလနတ်ဘုရားအဆင့် မှာ ရှိနေရင်တောင်... ငါ့ကို ဆံခြည်တစ်မျှင်စာလေးတောင် တားဆီးနိုင်မှာ မဟုတ်ဘူး.."
ယဲ့ဖုန်းသည် သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။
မူလချီ အရင်းအမြစ် ကို အသုံးပြု၍ သူ၏ ကျင့်ကြံခြင်းအဆင့် ကို ဖွင့်ချလိုက်မည်။... ထို့နောက်၊ ဆယ်ဆ မြှင့်တင်မှုစွမ်းအား ကို ရယူလိုက်ပြီး၊... "ကောင်းကင်ယံသို့ ခြေလှမ်းခုနစ်လှမ်း" ကိုပါ ထုတ်ဖော်လိုက်မည် ဆိုပါက... မီးခိုးရောင်နွယ်ပင် နတ်သမီး ကိုယ်တိုင် ဆင်းသက်လာလျှင်တောင်မှ သူ၏ ခြေဖဝါးအောက်တွင် အကြိတ်ခံရမည်မှာ အသေအချာပင်။
“ဝှစ်...”
ယဲ့ဖုန်းသည် ကောင်းကင်ယံကို ဆွဲဖြဲကာ အဟုန်ပြင်းစွာ ဆက်လက် ပျံသန်းနေလေတော့သည်။
...
မိုင်ပေါင်း နှစ်သောင်းကျော် ဝေးကွာသော နေရာဝယ်။
စက္ကူယပ်တောင် သခင်လေး သည် ခေါင်းဆောင်ထိုင်ခုံပေါ်တွင် ထိုင်နေရင်း... သူ၏ ဦးရေပြားများ ထုံကျဉ်လာသည်ကို ခံစားလိုက်ရ၏။
"ဘာတွေ ဖြစ်နေတာလဲ"
သူသည် ခေါင်းဆောင်းကို ချွတ်လိုက်ပြီး... ရေစိုဝတ်ဖြင့် သူ၏ ထိပ်ပြောင်ပြောင်ကြီးကို သုတ်သင်လိုက်သည်။ ထို့နောက် ခေါင်းဆောင်းကို ဘေးတွင် ချထားလိုက်ပြီး... မိစ္ဆာချီ အမျှင် တစ်ရာ ကို ထုတ်ယူလိုက်၏။
"ကံကောင်းခြင်းလား... ကံဆိုးခြင်းလား... တွက်ချက်စမ်း.."
လက်ဟန် ပြုလုပ်လိုက်သည်နှင့် တစ်ပြိုင်နက်... မိစ္ဆာချီ အမျှင် တစ်ရာစလုံးမှာ လုံးဝ ကုန်ခမ်းသွားခဲ့တော့သည်။
လေထဲတွင်...၊
မီးခိုးရောင် မှန်ပြင်ကြီး တစ်ခု ပေါ်ထွက်လာခဲ့၏။
ထိုမှန်ပြင်အတွင်း၌...
ကြောက်မက်ဖွယ် ကောင်းသော ပုံရိပ် တစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုသူသည် အလွန်အမင်း မြန်ဆန်သော အရှိန်နှုန်းဖြင့် ပျံသန်းနေပြီး... မျက်ဝန်းများမှာ စူးရဲနေကာ အရှိန်အဝါများမှာလည်း ကြောက်မက်ဖွယ် ကောင်းလွန်းလှသဖြင့် ရင်တထိတ်ထိတ် ခုန်လာစေနိုင်စွမ်း ရှိ၏။
"တောက်....."
"ယဲ့ဖုန်း ပဲ.."
"ကြည့်ရတာ... သူက သွေးနတ်ဆိုး ပင်မ ခန်းမဆောင် ကြီးဆီကို လာနေတဲ့ပုံပဲ.."
စက္ကူယပ်တောင် သခင်လေး သည် မိစ္ဆာချီ များဖြင့် ဖွဲ့စည်းထားသော ပုံရိပ်ကို ချက်ချင်း ဖျက်ဆီးပစ်လိုက်ပြီး... ခေါင်းဆောင်းကို အလျင်အမြန် ပြန်ဆောင်းလိုက်သည်။ ထို့နောက် ခန်းမဆောင် အတွင်းရှိ ပစ္စည်းများ အားလုံးကို သူ၏ သိုလှောင်လက်စွပ် အတွင်းသို့ သိမ်းဆည်းလိုက်ပြီး မတ်တတ်ရပ်ကာ ထွက်ပြေးရန် ပြင်ဆင်လေတော့၏။
"ဒီကိစ္စကို ခန်းမဆောင်သခင်ကြီး ကို သွားပြောပြသင့်လား... ဟင့်အင်း... သူ့ဘာသာသူ သေပါစေတော့.."
"ယဲ့ဖုန်း က သေချာပေါက် ခန်းမဆောင်သခင်ကြီး ကို လာရှာတာ ဖြစ်ရမယ်"
"သူ့ကိုပဲ အာရုံစိုက်ခံခိုင်းထားလိုက်မယ်... အဲဒါက ငါ ထွက်ပြေးဖို့အတွက် အကောင်းဆုံး အခွင့်အရေးပဲ"
"နှုတ်ဆက်ပါတယ်... သွေးနတ်ဆိုး ခန်းမဆောင် ကြီးရေ..."
စက္ကူယပ်တောင် သခင်လေး သည် လက်နှစ်ဖက်ကို ဆုပ်ကာ... သွေးနတ်ဆိုး ခန်းမဆောင်သခင်ကြီး အတွက် သုံးစက္ကန့်ခန့် ငြိမ်သက်စွာ ဆုတောင်းပေးလိုက်ပြီးနောက်... မြေကြီးထဲသို့ တိုးဝင်သွားကာ စိတ်ကူး၍ပင် မရနိုင်သော အမြန်ဆုံး နှုန်းဖြင့် မြောက်ဘက် အရပ်ဆီသို့ အသည်းအသန် ထွက်ပြေးသွားလေတော့သည်။
...
“ရွှပ်..”
ယဲ့ဖုန်းသည် မြူခိုးများကို ထိုးခွဲဖြတ်သန်းလာခဲ့ပြီး... ထူးဆန်းသော အငွေ့အသက်များ ဖြာထွက်နေသည့် တောင်တန်းကြီး တစ်ခု၏ အထက်သို့ ရောက်ရှိလာခဲ့တော့၏။
"သွေးနတ်ဆိုး ခန်းမဆောင်သခင်ကြီး... ထွက်ခဲ့စမ်း.."
ယဲ့ဖုန်းသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး... သူရဲကောင်း ဝိညာဉ်စွမ်းအား များကို အစွမ်းကုန် ထုတ်လွှတ်လိုက်ရာ... မိုင်ရာချီ အတွင်းရှိ မြူခိုးများမှာ မျက်စိတစ်မှိတ်အတွင်း လွင့်စင်သွားခဲ့ပြီး တောင်တန်းကြီး အထက်ရှိ အဆောက်အဦး များစွာမှာ ထင်ရှားစွာ ပေါ်ထွက်လာခဲ့လေတော့သည်။
"ဘယ်ကောင်က ဒီလောက်တောင် ရဲတင်းနေရတာလဲကွ"
ဒုတိယအလွှာ မူလနတ်ဘုရားအဆင့် ရှိ မဟာတန်ခိုးရှင် တစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်၏။
ထိုသူမှာ သွေးနတ်ဆိုး ခန်းမဆောင် ၏ ဒုတိယ ခန်းမဆောင်သခင် ပင် ဖြစ်သည်။
အရင်က သေဆုံးသွားသူ တစ်ဦး အပြင်... သွေးနတ်ဆိုး ခန်းမဆောင် တွင် ဒုတိယ ခန်းမဆောင်သခင် သုံးဦး ကျန်ရှိနေသေးပြီး သူတို့ အားလုံးမှာ မူလနတ်ဘုရားအဆင့် ရှိ မဟာတန်ခိုးရှင် များချည်းပင် ဖြစ်ကြသည်။
ထိုသူသည် မြေပြင်ကို အားကုန် ဆောင့်နင်းလိုက်ရာ ပြင်းထန်သော လှိုင်းလုံးကြီးများ ထွက်ပေါ်လာခဲ့ပြီး... ၎င်း၏ တွန်းကန်အားဖြင့် လေထဲသို့ ပျံတက်သွားကာ ယဲ့ဖုန်း နှင့် တစ်တန်းတည်း အမြင့်သို့ ရောက်ရှိလာခဲ့၏။
"ယဲ့ဖုန်း ပါလား.."
ဒုတိယ ခန်းမဆောင်သခင် ၏ မျက်ဝန်းအိမ်များမှာ ကျုံ့ဝင်သွားခဲ့တော့သည်။
သူသည် ယဲ့ဖုန်းကို လူကိုယ်တိုင် မမြင်ဖူးခဲ့သော်ငြား... ယခင် မဟာစစ်ပွဲကြီး ပြီးဆုံးပြီးကတည်းက သွေးနတ်ဆိုး ခန်းမဆောင် အတွင်း၌ ယဲ့ဖုန်း၏ ပုံတူ ပန်းချီကားများမှာ နေရာအနှံ့ ပြည့်နှက်နေခဲ့သည် မဟုတ်ပါလား။
သွေးနတ်ဆိုး ခန်းမဆောင် သို့ ဝင်ရောက်မည့် သူတိုင်းအတွက် ပထမဆုံး လိုအပ်ချက်မှာ... ပန်းချီကားထဲရှိ ယဲ့ဖုန်း၏ မျက်နှာကို မှတ်မိအောင် ကြည့်ရှုပြီး ထိုပန်းချီကားကို အပိုင်းပိုင်း ဆွဲဖြဲပစ်ရန်ပင် ဖြစ်၏။
"သွေးနတ်ဆိုး ခန်းမဆောင် ရဲ့ ဒုတိယ ခန်းမဆောင်သခင် ဟုတ်လား"
ယဲ့ဖုန်းသည် ထိုးထွင်းသိမြင်ခြင်း မျက်လုံး ကို အသက်သွင်းလိုက်ပြီး... ထိုသူ၏ အခြေခံ အချက်အလက်များကို ကြည့်ရှုလိုက်သည်။
"မူလနတ်ဘုရားအဆင့် ပထမအလွှာ လောက်လေးနဲ့များ... လက်ချောင်းလေး တစ်ချက် တောက်လိုက်ရုံနဲ့ အမှုန့်ဖြစ်သွားမှာပဲ.."
"မောက်မာလိုက်တာကွာ.."
ဒုတိယ ခန်းမဆောင်သခင် က အသံကုန် အော်ဟစ်လိုက်ပြီး... သူ၏ ပါးစပ်ကို ဟကာ မျက်စိကျိန်းမတတ် တောက်ပလှသော ဓားအလင်းတန်း တစ်ခုကို ပစ်လွှတ်လိုက်၏။
၎င်းမှာ အဆင့်နိမ့် ဝိညာဉ်ရတနာ အဖြစ်သို့ ပြောင်းလဲလုနီးပါး ဖြစ်နေသော ထိပ်တန်း ဝိညာဉ်ဓား တစ်လက်ပင် ဖြစ်သည်။
"သေစမ်း.."
ယဲ့ဖုန်းသည် သူ၏ ဝတ်ရုံ လက်စကြီးကို ဝှေ့ယမ်းလိုက်ရာ... မုန်တိုင်းအလား အဟုန်ပြင်းလှသော သူရဲကောင်း ဝိညာဉ်စွမ်းအား များ ထွက်ပေါ်လာပြီး... ထိပ်တန်း ဝိညာဉ်ဓား ကြီးကို မျက်စိတစ်မှိတ်အတွင်း အပိုင်းပိုင်း ကြေမွသွားစေခဲ့၏။
ကြေမွသွားသော အပိုင်းအစ များစွာမှာ နောက်သို့ လှည့်ပြန်သွားပြီး... ဒုတိယ ခန်းမဆောင်သခင် ၏ ကိုယ်ခန္ဓာကို တရကြမ်း ဖောက်ဝင်သွားခဲ့လေတော့သည်။
"ယဲ့ဖုန်း... ငါတို့ရဲ့ သွေးနတ်ဆိုး ပင်မ ခန်းမဆောင် ကြီးအထိ လာပြီး လူသတ်ရဲတယ်ဆိုတော့ မင်းက တော်တော် သတ္တိကောင်းတာပဲ။ ဒီ ခန်းမဆောင်သခင် က မင်းကို မသတ်နိုင်ဘူးလို့ တကယ် ထင်နေတာလား"
နောက်ဆုံးတွင်တော့ သွေးနတ်ဆိုး ခန်းမဆောင်သခင်ကြီး ထွက်ပေါ်လာခဲ့တော့၏။
သူ၏ အနောက်တွင်... နောက်ထပ် မူလနတ်ဘုရားအဆင့် ရှိ ဒုတိယ ခန်းမဆောင်သခင် နှစ်ဦး လိုက်ပါလာကြသည်။
သူတို့ သုံးဦးစလုံးမှာ ယဲ့ဖုန်းအား အေးစက်သော မျက်ဝန်းများဖြင့် စိုက်ကြည့်နေကြပြီး... သူတို့၏ အကြည့်များတွင် သတ်ဖြတ်လိုသော ရည်ရွယ်ချက်များ အပြည့်အဝ ပြည့်နှက်နေ၏။
ဝုန်း ဟူသော ကျယ်လောင်လှသည့် အသံကြီးတစ်သံ ထွက်ပေါ်လာခဲ့သည်။
သွေးနတ်ဆိုး ခန်းမဆောင်သခင်ကြီး သည် ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်သွားစေနိုင်သော ပဉ္စမအလွှာ မူလနတ်ဘုရားအဆင့် ၏ အရှိန်အဝါများကို ထုတ်လွှတ်လိုက်၏။ ထို့နောက် နတ်ဘုရားစွမ်းရည် ကို ထုတ်ဖော်လိုက်သည်နှင့် တစ်ပြိုင်နက်... သူ၏ နောက်ကွယ်တွင် နီကျင်ကျင် ရွှေရောင် ဧရာမ သားရဲကြီး ထွက်ပေါ်လာခဲ့ပြီး... တွင်းနက်ကြီး အလား ကျယ်ဝန်းလှသော ပါးစပ်ကြီးကို ဟကာ အဆင်သင့် ဖြစ်နေတော့သည်။
"ထောင်တျဲ ကောင်းကင်ဝါးမြိုခြင်း.."
သွေးနတ်ဆိုး ခန်းမဆောင်သခင်ကြီး သည် စကားအပိုတွေ ပြောမနေတော့ချေ။
ယဲ့ဖုန်းနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်သော်ငြား... သူတို့ နှစ်ဦးကြားရှိ ရန်ညှိုးများမှာ လုံးဝ ပြန်လည် ပြေလည်၍ မရနိုင်တော့သည့် အနေအထားသို့ ရောက်ရှိနေခဲ့ပြီ မဟုတ်ပါလား။
ထို့ကြောင့် စတင် တိုက်ခိုက်သည်နှင့် တစ်ပြိုင်နက်... သူ၏ အပြင်းထန်ဆုံး အသက်ကယ် နတ်ဘုရားစွမ်းရည် ကို တိုက်ရိုက်ပင် အသုံးပြုလိုက်ခြင်း ဖြစ်၏။
"လာစမ်းပါ.."
ယဲ့ဖုန်းသည် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေတော့ဘဲ ဖုံးကွယ်ထားသော စွမ်းအားများ အားလုံးကို ချက်ချင်း ဖွင့်ချလိုက်ပြီး... သူ၏ အင်အားများ အားလုံးကို ကျင့်ကြံခြင်းအဆင့် အဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။... သူ၏ အရှိန်အဝါများမှာ သတ္တမအလွှာ မူလနတ်ဘုရားအဆင့် သို့ မျက်စိတစ်မှိတ်အတွင်း မြင့်တက်သွားခဲ့လေတော့၏။
ဘုန်း..
ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီးတစ်ခု ပေါက်ကွဲထွက်လာခဲ့ပြီး သွေးနတ်ဆိုး ခန်းမဆောင်သခင်ကြီး ကို ချက်ချင်းပင် ဖိနှိပ်ပစ်လိုက်သည်။
"မင်း... မင်းက သတ္တမအလွှာ မူလနတ်ဘုရားအဆင့် ကို ရောက်နေတာလား.."
သွေးနတ်ဆိုး ခန်းမဆောင်သခင်ကြီး ၏ မျက်နှာအမူအရာမှာ လုံးဝ ပျက်ယွင်းသွားခဲ့ရတော့၏။
ယဲ့ဖုန်းမှာ သာမန် မူလနတ်ဘုရားအဆင့် အလယ်အလတ် မျှသာ ရှိပြီး... အများဆုံး ရှိလှ ပဉ္စမအလွှာ... မိမိနှင့် အဆင့်တူလောက်သာ ရှိမည်ဟု သူ ထင်မှတ်ထားခဲ့မိခြင်းပင်။
သို့သော် တစ်ဖက်လူ၏ ကျင့်ကြံခြင်းအဆင့် မှာ သူ မျှော်လင့်ထားသည်ထက် အများကြီး သာလွန်နေခဲ့သည် မဟုတ်ပါလား။
"နတ်ဘုရားစွမ်းရည် တဲ့လား... ငါ့ဆီမှာလည်း ရှိတယ်ကွ.." မိမိထံသို့ အဟုန်ပြင်းစွာ ဆင်းသက်လာသော ထောင်တျဲ သားရဲကြီး ကို ကြည့်ရင်း ယဲ့ဖုန်း၏ မျက်နှာထားမှာ အေးစက်သွားခဲ့၏။
"လမင်းအထွတ်အထိပ်..."
ယဲ့ဖုန်းသည် လက်နှစ်ဖက်ကို အထက်သို့ မြှောက်လိုက်သည်နှင့် တစ်ပြိုင်နက်... ကောင်းကင်ယံတွင် တောက်ပလှသော လမင်းကြီးတစ်စင်း ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး... မှိုင်းတိုက်နေသော ကောင်းကင်ကြီးကို မရေမတွက်နိုင်သော သက်ရှိများ၏ ရင်ထဲရှိ မီးပြတိုက်တစ်ခုအလား လင်းထိန်သွားစေခဲ့၏။
“ရွှပ်..”
လရောင် ဓားအလင်းတန်း ဒါဇင်ပေါင်းများစွာမှာ အဟုန်ပြင်းစွာ ခုတ်ပိုင်းဆင်းလာခဲ့ပြီး... ထောင်တျဲ ဧရာမ သားရဲကြီး ကို အပိုင်းပိုင်း ခုတ်ထစ်ပစ်လိုက်ကာ... မရပ်မနား ဆက်လက်၍ အောက်သို့ ကျဆင်းလာခဲ့သည်။
"ငါလို ခမ်းနားထည်ဝါတဲ့ သွေးနတ်ဆိုး ခန်းမဆောင်သခင်ကြီး က... ကိုယ့်အိမ်ပေါက်ဝမှာတင် သေရတော့မှာလား.."
သွေးနတ်ဆိုး ခန်းမဆောင်သခင်ကြီး မှာ လုံးဝ မကျေမချမ်း ဖြစ်နေရရှာသည်။
သူသည် ရှောင်တိမ်းရန် ကြိုးစားလိုက်သော်လည်း အချိန်နှောင်းသွားခဲ့တော့၏။
လရောင် စွမ်းအင်တန်း ဒါဇင်ပေါင်းများစွာ၏ ရိုက်ခတ်မှုကြောင့်... သူ၏ ကိုယ်ခန္ဓာမှာ ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်သွားခဲ့ပြီး သူ၏ မူလဝိညာဉ် ပင်လျှင် နှစ်ခြမ်းခွဲခံလိုက်ရကာ လုံးဝ လွင့်ပါးပျောက်ကွယ်သွားခဲ့ရလေတော့သည်။
ကျန်ရှိနေသေးသော ဒုတိယ ခန်းမဆောင်သခင် နှစ်ဦးမှာလည်း တိုက်ခိုက်ခံလိုက်ရပြီး... သူတို့၏ မူလဝိညာဉ် များ ငြိမ်းသတ်ခံလိုက်ရကာ သက်စွမ်းအင် များမှာ တဖြည်းဖြည်း ကုန်ခမ်းသွားခဲ့ရ၏။
"စက္ကူယပ်တောင် သခင်လေး ရော... ဘယ်ရောက်သွားတာလဲ.."
သွေးနတ်ဆိုး ခန်းမဆောင်သခင်ကြီး သည် သူ၏ နောက်ဆုံး လက်ကျန် အင်အားများကို အသုံးပြု၍ ခေါင်းကို လှည့်ကာ... ဤပညာရှိ အကြံပေး ကို ရှာဖွေရန် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။
သူ အလွန်အမင်း နားမလည်နိုင်အောင် ဖြစ်နေရရှာ၏။
ပုံမှန်အားဖြင့် နတ်ဘုရားတစ်ပါးအလား တိကျမှန်ကန်စွာ ဟောကိန်းထုတ်နိုင်ပြီး အန္တရာယ်ကို ကြိုတင် သိမြင်နိုင်စွမ်း ရှိသော စက္ကူယပ်တောင် သခင်လေး က... ဘာကြောင့်များ ဒီနေ့ သူ့ကို ကြိုတင် သတိမပေးခဲ့ရတာလဲ။
အဆုံးအစမရှိသော မကျေချမ်းမှုများနှင့် ဇဝေဇဝါ ဖြစ်မှုများကို ပိုက်ထွေးရင်း... သွေးနတ်ဆိုး ခန်းမဆောင်သခင်ကြီး ၏ အသိစိတ်များမှာ လုံးဝ ပျောက်ကွယ်သွားခဲ့လေတော့သည်။
ယဲ့ဖုန်းသည် လက်ကို ဆန့်ထုတ်ကာ လေထဲတွင် လွင့်မျောနေသော သိုလှောင်လက်စွပ် သုံးကွင်းကို ဖမ်းယူလိုက်ပြီး... အမှတ်အသားများကို ဖျက်ဆီးပစ်လိုက်ကာ စနစ် ဟင်းလင်းပြင် အတွင်းသို့ ပစ်ထည့်လိုက်၏။
တဖြည်းဖြည်း ကြေမွပျက်စီးသွားသော သွေးနတ်ဆိုး ခန်းမဆောင်သခင်ကြီး နှင့် ဒုတိယ ခန်းမဆောင်သခင် များ၏ ရုပ်အလောင်းများကို ကြည့်ရင်း... ယဲ့ဖုန်းသည် သူ၏ လက်အင်္ကျီစကြီးကို ဝှေ့ယမ်းလိုက်ရာ ၎င်းတို့ အားလုံးမှာ ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့လေတော့သည်။
ထို့နောက် သူသည် အောက်သို့ ငုံ့ကြည့်လိုက်ရာ... သွေးနတ်ဆိုး ခန်းမဆောင် မှ လူများ၏ အကြည့်များနှင့် ဆုံမိသွားခဲ့၏။
ထိုအခိုက်အတန့်တွင်...
လူတိုင်းမှာ သူတို့၏ မျက်လုံးများ ကျိန်းစပ်လာသကဲ့သို့ ခံစားလိုက်ရပြီး... ကျောဘက်တွင် အေးစက်သော ဓားသွားများနှင့် ထောက်ထားခံရသကဲ့သို့... တွင်းနက်ကြီးထဲသို့ ကျဆင်းသွားရသကဲ့သို့... သူတို့၏ ရင်ထဲတွင် မျှော်လင့်ချက်မဲ့မှု၊ ကြောက်ရွံ့မှု နှင့် အစွမ်းမဲ့မှု များသာ ပြည့်နှက်နေတော့သည်။
"ချမ်းသာပေးပါဗျာ.."
မရေမတွက်နိုင်သော လူများမှာ မြေပြင်ပေါ်တွင် ဒူးထောက် ချလိုက်ကြ၏။
"သွေးနတ်ဆိုး ခန်းမဆောင် က လူတွေ အကုန်လုံး... သေရမယ်.." ယဲ့ဖုန်းသည် ကောင်းကင်ယံရှိ လမင်းကြီးကို လက်ညှိုးထိုးလိုက်ရာ... လရောင်ပမာ ဖြူဖွေးလှသော စွမ်းအင်တန်း များစွာမှာ အဟုန်ပြင်းစွာ ခုတ်ပိုင်းဆင်းလာခဲ့သည်။
ဝိညာဉ်ပင်လယ်အဆင့် ဖြစ်စေ၊ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ဖြစ်စေ... ပစ်မှတ်ထားခံရသူ မည်သူမဆို အသက်ရှင်သန်ခွင့် လုံးဝ မရှိတော့ချေ။
နာရီဝက်ခန့် ကြာပြီးနောက်...၊
လူသေအလောင်းများဖြင့် ပြည့်နှက်နေသော သွေးနတ်ဆိုး ခန်းမဆောင် ကြီးကို ကြည့်ရင်း... ယဲ့ဖုန်းသည် ခမ်းနားထည်ဝါလှသော ခန်းမကြီး တစ်ခု၏ တံခါးကို တွန်းဖွင့်လိုက်ရာ... အတွင်း၌ မိန်းကလေး အများအပြား လဲကျနေသည်ကို မြင်တွေ့လိုက်ရ၏။ သူတို့၏ ကိုယ်ခန္ဓာများမှာ ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေပြီး မျက်လုံးများမှာလည်း ကြောင်တောင်တောင် ဖြစ်နေကြသည်။
ဤသူများကား ဖမ်းဆီးခံထားရသော 'ကျင့်ကြံရေး မီးဖို' များပင် ဖြစ်သည်။
"ဟူး....."
ယဲ့ဖုန်းသည် သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်မိ၏။
သွေးနတ်ဆိုး ခန်းမဆောင် မှ ကျင့်ကြံသူများကို အမြစ်ပြတ် ရှင်းလင်းပြီးနောက်... သူသည် တံခါးများစွာကို ဖွင့်ကြည့်ခဲ့ရာ စုစုပေါင်း အလားတူ 'ကျင့်ကြံရေး မီးဖို' တစ်သောင်း ထက်မနည်း ကို မြင်တွေ့ခဲ့ရသည်။
အချို့မှာ ကျင့်ကြံခြင်း စွမ်းအင်များ စုပ်ယူခံရလွန်းသဖြင့် သေဆုံးနေကြလေပြီ။
အချို့မှာ ဝိညာဉ်ကင်းမဲ့နေသော အရုပ်များအလား မျက်လုံးများ အသက်လွတ်နေကြပြီး... အသက်ရှင်သန်လိုစိတ် လုံးဝ ကင်းမဲ့နေကြပြီ ဖြစ်သည်။
"ဒီ ကျိန်စာသင့်နေတဲ့ သွေးနတ်ဆိုး ခန်းမဆောင် ကြီး.."
ယဲ့ဖုန်းသည် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး... မြေပြင်ကို အားကုန် ဆောင့်နင်းလိုက်ရာ... တောင်တန်းကြီး တစ်ခုလုံးမှာ အလယ်မှနေ၍ နှစ်ခြမ်းကွဲသွားခဲ့ပြီး မိုင်ဒါဇင်ပေါင်းများစွာ နက်ရှိုင်းသော ချောက်ကမ်းပါးကြီး တစ်ခု ဖြစ်ပေါ်လာစေခဲ့လေတော့၏။
အခန်း (၄၈၈) နေရာရွှေ့ပြောင်းခြင်း နည်းလမ်း၊ ဝိညာဉ်ကြော အဆင့်တက်လှမ်းခြင်း၏ ကြီးမားလှသော အကျိုးကျေးဇူးများ
~သို့သော်ငြား မြူခိုး တောင်တန်းကြီး တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်နေသည့်တိုင်... ထိုသနားစရာကောင်းသော 'ကျင့်ကြံရေး မီးဖို' မိန်းကလေးများမှာမူ နေရာတွင်ပင် ကြောင်အမ်းအမ်း ရပ်နေကြဆဲပင်။
သူတို့၏ မျက်ဝန်းများတွင် မည်သည့် အလင်းရောင်မျှ မရှိတော့ချေ။
အသတ်ခံရမည့် အချိန်ကို စောင့်ဆိုင်းနေသော သိုးငယ်လေးများအလား... သူတို့၏ တစ်ကိုယ်လုံးမှာ တုန်ရီနေကြ၏။
"ကျင့်ကြံခြင်း လောကမှာ... ဒီထက် ပိုဆိုးရွားတဲ့ ကံကြမ္မာတွေ ရှိနေပါသေးတယ်။ အခုလို အသက်ရှင်နေရတာကိုက ကံကောင်းတယ်လို့ ဆိုရမှာပဲ"
ယဲ့ဖုန်း သက်ပြင်းချလိုက်သည်။
သူသည် လက်ကို ဆန့်ထုတ်ကာ လေဓာတ် ဝိညာဉ်စွမ်းအင် ငါးမျှင် ကို ထုတ်လွှတ်လိုက်ပြီး... ပတ်ဝန်းကျင်ရှိ သဘာဝ ဝိညာဉ်စွမ်းအင်များနှင့် ပေါင်းစပ်ကာ ဧရာမ ဝိညာဉ်မိုးရေစဉ် (Spirit Rain) ကြီး တစ်ခုကို ဖန်တီးလိုက်၏။ ထိုမိုးရေစဉ်ကြီးမှာ မြူခိုး တောင်တန်းကြီး တစ်ခုလုံး အပေါ်သို့ ရွာသွန်းဖြိုးကျလာခဲ့လေတော့သည်။
လူသေအလောင်းများ အားလုံးမှာ ယဲ့ဖုန်း၏ လက်ချက်ဖြင့် ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့တော့၏။
မြေပြင်ကြီးမှာလည်း ပြန်လည် နိုးထလာခဲ့သည်။
ဝိညာဉ်မိုးရေစဉ် ကို ချိုးရေသောက်သုံးခွင့် ရလိုက်သော 'ကျင့်ကြံရေး မီးဖို' သောင်းချီမှာလည်း... သူတို့၏ ဒဏ်ရာများ လုံးဝ ပျောက်ကင်းသွားခဲ့ပြီး ရုပ်ပိုင်းဆိုင်ရာ အခြေအနေများမှာ အကောင်းဆုံး အနေအထားသို့ ပြန်လည် ရောက်ရှိသွားခဲ့၏။
သို့သော် ထိုသို့ဖြစ်လင့်ကစား... သူတို့၏ နှလုံးသားထဲရှိ ဒဏ်ရာများမှာမူ တစ်သက်တာလုံး ပျောက်ကင်းရန် ခက်ခဲလှသော အမာရွတ်များအဖြစ် ကျန်ရစ်နေခဲ့ပြီ ဖြစ်သည်။
"မင်းတို့ အားလုံး လွတ်လပ်သွားပြီ"
ယဲ့ဖုန်းသည် ထို 'ကျင့်ကြံရေး မီးဖို' သောင်းချီကို မိုးရေဆေးကြောထားသဖြင့် သန့်ရှင်းလတ်ဆတ်နေသော မြက်ခင်းပြင်ကြီး တစ်ခုပေါ်သို့ ခေါ်ဆောင်လာခဲ့ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်၏။
သွေးနတ်ဆိုး ခန်းမဆောင် အတွင်းရှိ ရတနာများ အားလုံးကို သူ ယူဆောင်ပြီးပြီ ဖြစ်သည်။
ယခုအခါ... ဤ 'ကျင့်ကြံရေး မီးဖို' သောင်းချီကို မည်သို့ စီစဉ်ပေးရမည်နည်း ဆိုသည်က ကြီးမားလှသော ပြဿနာကြီး တစ်ရပ် ဖြစ်လာခဲ့တော့၏။
ခေတ္တမျှ စဉ်းစားပြီးနောက်... ယဲ့ဖုန်းသည် သူတို့ကို လွတ်လပ်ခွင့် ပေးရန် ဆုံးဖြတ်လိုက်သည်။
'ကျင့်ကြံရေး မီးဖို' အများစုမှာမူ မျက်လုံးများ အသက်လွတ်နေကြဆဲပင်။
လူအနည်းငယ်သာ ခေါင်းကို မော့လာကြပြီး... သူတို့၏ မျက်ဝန်းများတွင် မှိန်ပျပျ အလင်းရောင်လေးများ ထွက်ပေါ်လာကာ အက်ကွဲနေသော အသံများဖြင့် မေးလိုက်ကြ၏။
"စီနီယာ... ကျွန်မတို့က အခုလို ဘဝမျိုး ရောက်နေပြီကို... လွတ်လပ်ခွင့် ရရင်ကော ဘာသွားလုပ်လို့ ရမှာလဲရှင်"
"ကျွန်မတို့က ပျက်စီးသွားပြီ ဖြစ်တဲ့ မိန်းမပျက်တွေပါ။ ဒီနေရာကနေ ထွက်သွားရင်တောင်... မိသားစုတွေ၊ ရွာသူရွာသားတွေရဲ့ မျက်နှာကို ဘယ်လို သွားကြည့်ရဲမှာလဲ"
"ကျွန်မကို သတ်သာ သတ်ပစ်လိုက်ပါတော့.."
အချို့သော သူများမှာ သေကြောင်းကြံရန်ပင် ကြိုးစားလာကြသည်။
ဖြန်း..
ယဲ့ဖုန်းသည် သေကြောင်းကြံရန် ကြိုးစားနေသူ၏ ပါးကို ဖြန်းခနဲ ရိုက်ချလိုက်ရာ... သူမ၏ ပါးပြင်ပေါ်တွင် လက်ဝါးရာ အထင်းသား ထင်ကျန်ရစ်ခဲ့၏။
ထိုနေရာ တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားခဲ့တော့၏။
"အသက်ရှင်နေသရွေ့... မျှော်လင့်ချက်တွေ ဆိုတာ အဆုံးအစမရှိ ရှိနေဦးမှာပဲ"
ယဲ့ဖုန်းသည် ထိုစကား တစ်ခွန်းကိုသာ ပြောလိုက်ပြီးနောက် လှည့်ကာ ပေ့လျန် မြို့တော် သို့ ပြန်ရန် ပြင်ဆင်လိုက်သည်။
"ကျေးဇူးရှင်... ခဏလောက် စောင့်ပါဦးရှင်.."
မိန်းကလေး တစ်ဦး မတ်တတ်ရပ်လာပြီး ယဲ့ဖုန်းအား လေးနက်စွာ ဦးညွှတ်လိုက်၏။
"ကျွန်မတို့ရဲ့ အသက်တွေကို ကျေးဇူးရှင်က ကယ်တင်ပေးခဲ့တာပါ။ ကျွန်မတို့ ကျေးဇူးဆပ်ချင်ပါတယ်ရှင်"
ယဲ့ဖုန်း နောက်သို့ လှည့်ကြည့်လိုက်သည်။
လူအများအပြားမှာ သူ့အား မျှော်လင့်ချက် အပြည့်ရှိသော မျက်ဝန်းများဖြင့် ကြည့်နေကြပြီး... သူတို့၏ ကျေးဇူးတင်မှုကို ဖော်ပြရန် ကြိုးစားနေကြကြောင်း သူ တွေ့ရှိလိုက်ရ၏။
"တော်ပြီ... မင်းတို့အားလုံး ရေပေါ်ဖြူ မြို့တော် ကို သွားကြ.."
ယဲ့ဖုန်း ဆုံးဖြတ်ချက် ချလိုက်တော့သည်။
ဘာပဲဖြစ်ဖြစ်... ရေပေါ်ဖြူ မြို့တော် တွင် လူဦးရေ များလေလေ ပိုကောင်းလေလေ မဟုတ်ပါလား။ ဤ 'ကျင့်ကြံရေး မီးဖို' သောင်းချီမှာ... သူတို့၏ ကျင့်ကြံခြင်း စွမ်းအင်များ စုပ်ယူခံလိုက်ရသော်ငြား... အနည်းဆုံးတော့ အရင်က ချီကျင့်ကြံခြင်းအဆင့် သတ္တမအလွှာ တွင် ရှိခဲ့ဖူးသူများ ဖြစ်ကြ၏။
ယခုအခါ သူတို့၏ ကျင့်ကြံခြင်းအဆင့်များ အများကြီး ကျဆင်းသွားခဲ့လျှင်တောင်... အားလုံးက ကျင့်ကြံခြင်း အခြေခံ ရှိသူများချည်းပင်။
ကျင့်ကြံသူ သောင်းချီကို ရေပေါ်ဖြူ မြို့တော် သို့ တစ်ပြိုင်နက်တည်း ခေါ်ဆောင်သွားခြင်းက... မြို့တော်၏ လျင်မြန်သော ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရန် လုံလောက်လှပေသည်။
"ဒါဆိုရင်လည်း... ငါ့နောက်ကနေ ရေပေါ်ဖြူ မြို့တော် ကို လိုက်ခဲ့ကြ"
ယဲ့ဖုန်းသည် လက်အင်္ကျီစကြီးကို ဝှေ့ယမ်းလိုက်ရာ... သူရဲကောင်း ဝိညာဉ်စွမ်းအား များ ထွက်ပေါ်လာပြီး ထိုလူများကို ရစ်ပတ်ကာ... အမြန်ဆုံး နှုန်းဖြင့် ရေပေါ်ဖြူ မြို့တော် ဆီသို့ ပျံသန်း ထွက်ခွာရန် ပြင်ဆင်လိုက်လေတော့သည်။
နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ကို သုံးရင်ကော...။
ဘာပဲဖြစ်ဖြစ် ၎င်းမှာ အငယ်စား နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ သာ ဖြစ်ရာ လူများစွာကို တစ်ပြိုင်နက်တည်း သယ်ဆောင်ရန် မဖြစ်နိုင်ချေ။
အသုတ်လိုက် ခွဲ၍ သယ်ဆောင်မည် ဆိုပါကလည်း... ဝိညာဉ်စွမ်းအင် ကုန်ကျမှုမှာ အလွန် များပြားပြီး ဖြုန်းတီးရာ ကျလွန်းလှပေသည်။
“ရွှပ်..”
ယဲ့ဖုန်းသည် လူအုပ်ကြီးကို ခေါ်ဆောင်ကာ ရေပေါ်ဖြူ မြို့တော် ဆီသို့ ပျံသန်းသွားလေတော့၏။
နေ့တစ်ဝက်ခန့် ကြာပြီးနောက်...၊
ယဲ့ဖုန်းသည် 'ကျင့်ကြံရေး မီးဖို' သောင်းချီကို ကုန်းချင်းချိုး ထံသို့ အပ်နှံလိုက်ပြီး... လိုအပ်သည်များကို အကျဉ်းချုံး ညွှန်ကြားကာ... နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ပေါ်တွင် ရပ်လျက် "ရွှပ်" ဟူသော အသံနှင့်အတူ ပျောက်ကွယ်သွားခဲ့လေတော့သည်။
"မင်းတို့တွေ ငါ့နောက် လိုက်ခဲ့ကြ.."
ကုန်းချင်းချိုး သည် ထိုမိန်းကလေးများကို ကြည့်ရင်း... သူမ၏ မျက်ဝန်းများတွင် သနားကြင်နာမှု အရိပ်အယောင်များ ပေါ်ထွက်လာခဲ့၏။
သူမသည် ရေပေါ်ဖြူ မြို့တော် အနီးတွင် ဤမိန်းကလေး သောင်းချီ နေထိုင်ရန်အတွက် သီးသန့် မြို့ကွက်သစ် တစ်ခု ဖော်ထုတ်ရန် ဆုံးဖြတ်လိုက်သည်။
ပြီးတော့... လျှို့ဝှက် အဖွဲ့အစည်း တစ်ခုကိုပါ တည်ထောင်ဖို့...။
...
မြူခိုး တောင်တန်းကြီး။
ယဲ့ဖုန်း၏ ပုံရိပ်မှာ လေထဲမှ ရုတ်တရက် ပေါ်ထွက်လာခဲ့၏။
သူသည် ဤနယ်မြေကို စွန့်လွှတ်ရမည်ကို အနည်းငယ် နှမြောနေမိရှာသည်။
ဤနေရာမှာ တစ်ချိန်က သွေးနတ်ဆိုး ခန်းမဆောင် ၏ ပင်မ အခြေစိုက်စခန်း ဖြစ်ခဲ့ပြီး... တောင်တန်းများ အတွင်း၌ အလယ်အလတ်အဆင့် ဝိညာဉ်ကြော တစ်ခု၊ အငယ်စား ဝိညာဉ်ကြော အနည်းငယ် နှင့် အသေးစား ဝိညာဉ်ကြော ဒါဇင်ပေါင်းများစွာ ရှိနေ၏။
"ဒီ ဝိညာဉ်ကြော တွေကို သယ်သွားလို့ မရဘူးဆိုတော့... ဒီနေရာကို ဌာနခွဲ တစ်ခု အဖြစ်ပဲ ပြောင်းလိုက်ရတော့မှာပေါ့"
ယဲ့ဖုန်းက တကိုယ်တည်း ရေရွတ်လိုက်သည်။
သူသည် မြူခိုး တောင်တန်းကြီး နှင့် မြူခိုးတောင်ထိပ် တို့အကြား အလွယ်တကူ သွားလာနိုင်စေရန်အတွက်... အသစ်စက်စက် နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ တစ်ခုကို တည်ဆောက်ရန် ဆုံးဖြတ်လိုက်၏။
သို့သော် ယဲ့ဖုန်းသည် အင်အားများကို ဖြန့်ကြက်ချထားရန် ဆန္ဒမရှိချေ။
ဥလုံးကို ခြင်းတောင်း တစ်လုံးတည်းထဲ မထည့်ရဘူး ဆိုသော်ငြား... မြူခိုး တောင်တန်းကြီး တွင် ဌာနခွဲ တစ်ခု ဖွင့်လှစ်လိုက်မည် ဆိုပါက အင်အားများ ပြန့်ကျဲသွားပြီး ထိန်းချုပ်ရ ခက်ခဲသွားနိုင်သည် မဟုတ်ပါလား။
အကယ်၍ နေရာတစ်ခုက တိုက်ခိုက်ခံရပြီး... အခြားနေရာက အမြန်ဆုံး အကူအညီ ပေးဖို့ ကြိုးစားလျှင်တောင်... အချိန်မီ မရောက်နိုင်ဘဲ နောက်ကျသွားနိုင်ပေသည်။
"အကန့်အသတ်ရှိတဲ့ အရင်းအမြစ်တွေကို စုစည်းထားနိုင်မှသာ ဂိုဏ်းက မြန်မြန်ဆန်ဆန် တိုးတက်နိုင်မှာပဲ"
ယဲ့ဖုန်းသည် မေးစေ့ကို ပွတ်သပ်ရင်း -
"စနစ်... ဒီ ဝိညာဉ်ကြော တွေကို ရွှေ့ပြောင်းလို့ ရမယ့် နည်းလမ်း ရှိလား" ဟု မေးမြန်းလိုက်၏။
ဝိညာဉ်ကြော များမှာ အလွန် ကြီးမားလှပေသည်။
အငယ်စား နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ များဖြင့် ၎င်းတို့ကို သယ်ဆောင်ရန် မဖြစ်နိုင်ချေ။
ထို့ကြောင့် ယဲ့ဖုန်းသည် အခြား နည်းလမ်း တစ်ခုခုကို စဉ်းစားရတော့မည် ဖြစ်၏။
"ဂိုဏ်းချုပ်ကြီး အနေဖြင့် လေဝိညာဉ် ပုလဲ ကို အသုံးပြု၍ ဝိညာဉ်ကြောကို ဝါးမြိုပြီး... ၎င်းကို ကမ္ဘာမြေ ပြန်လည် ပုံဖော်ခြင်းအတွက် အခွင့်အရေး တစ်ခု အဖြစ် ပြောင်းလဲကြည့်နိုင်ပါသည်" ဟု စနစ်က အကြံပြုလိုက်၏။
ထိုစကားကို ကြားလိုက်ရသည့်အခါ ယဲ့ဖုန်း မျက်တောင်လေး ခပ်လိုက်မိပြီး... သူ၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ အဟုန်ပြင်းစွာ တက်ကြွလာခဲ့လေတော့သည်။
လေဝိညာဉ် ပုလဲ ကို ဤကဲ့သို့ အသုံးပြု၍ ရနိုင်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။
"ကောင်းပြီ... အဲဒီအတိုင်းပဲ လုပ်ကြတာပေါ့"
ယဲ့ဖုန်းသည် လေဝိညာဉ် ပုလဲ ကို ထုတ်ယူလိုက်ပြီး... ညွှန်ကြားချက်များအတိုင်း မြူခိုး တောင်တန်းကြီး အတွင်းရှိ အသေးစား ဝိညာဉ်ကြော များကို စတင် ဝါးမြိုလေတော့သည်။
ဝှစ်..
မြေကြီးထဲမှနေ၍ ဧရာမ ဝိညာဉ်အလင်းတန်းကြီး တစ်ခု ထွက်ပေါ်လာခဲ့ပြီး... နဂါးပုံသဏ္ဌာန် အသက်ရှူငွေ့ အဖြစ် ပြောင်းလဲသွားကာ လေဝိညာဉ် ပုလဲ အတွင်းသို့ ဝင်ရောက်သွားခဲ့၏။
ထို့နောက်... ကမ္ဘာမြေ ပြန်လည် ပုံဖော်ခြင်း စွမ်းအားများ သိသိသာသာ တိုးတက်လာကြောင်း ယဲ့ဖုန်း တွေ့ရှိလိုက်ရ၏။ သူသည် အလွန်အမင်း ဝမ်းသာသွားပြီး အဆက်မပြတ် ဆက်လက် စုပ်ယူနေလေတော့သည်။
နာရီဝက်ခန့် ကြာပြီးနောက်...
ယဲ့ဖုန်းသည် မြူခိုး တောင်တန်းကြီး တစ်ခုလုံးရှိ ဝိညာဉ်ကြော ဒါဇင်ပေါင်းများစွာကို ကမ္ဘာမြေ ပြန်လည် ပုံဖော်ခြင်း စွမ်းအား များအဖြစ် ပြောင်းလဲပစ်လိုက်ပြီး... လေဝိညာဉ် ပုလဲ အတွင်းသို့ လျှံကျမတတ် အပြည့်အဝ သိုလှောင်ထားလိုက်တော့၏။
“တီ... တီ... ကမ္ဘာမြေ ပြန်လည် ပုံဖော်ခြင်း စွမ်းအားတွေ အပြည့်အဝ ပြည့်လျှံနေပါပြီ။ ကျေးဇူးပြုပြီး (၃) ရက်အတွင်း အသုံးပြုပေးပါ၊ ဒါမှ မဟုတ်ရင်တော့ ပိုလျှံနေတဲ့ စွမ်းအင်တွေက လောကကြီးထဲကို ပြန်လွင့်ပါးသွားတော့မှာ ဖြစ်ပါတယ်”
စနစ် ၏ အသိပေးသံ ထွက်ပေါ်လာခဲ့သည်။
"သုံးရက်တောင် မလိုပါဘူး... ဒီနေ့ပဲ ငါ အကုန် သုံးပစ်လိုက်မယ်"
ယဲ့ဖုန်းသည် နေရာရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့ ကို အသုံးပြု၍ မြူခိုးတောင်ထိပ် သို့ မျက်စိတစ်မှိတ်အတွင်း ပြန်လည် ရောက်ရှိသွားခဲ့ပြီး တောင်ထိပ်ပေါ်တွင် ရပ်လိုက်၏။
ယခုကဲ့သို့ အပြည့်အဝ ပြည့်လျှံနေသော အခြေအနေတွင်... လေဝိညာဉ် ပုလဲ ကို အလွန်တရာ ကြီးမားကျယ်ပြန့်သော ကမ္ဘာမြေ ပြန်လည် ပုံဖော်ခြင်း လုပ်ငန်းစဉ် အတွက် တစ်ကြိမ် အသုံးပြုနိုင်ပြီး... ဧရာမ ဝိညာဉ်ကြော တစ်ခုကို ရာနှုန်းပြည့် သေချာပေါက် ဖန်တီးနိုင်စွမ်း ရှိပေသည်။
ထို့ကြောင့် သူသည် ခြေအောက်ရှိ မြူခိုးတောင်ထိပ် ကို ငုံ့ကြည့်လိုက်ပြီး... ဤတန်ဖိုးမဖြတ်နိုင်သော ကမ္ဘာမြေ ပြန်လည် ပုံဖော်ခြင်း အခွင့်အရေးကို ချက်ချင်းပင် အသုံးပြုရန် ပြတ်သားစွာ ဆုံးဖြတ်လိုက်လေတော့၏။
“ဝှစ်..”
ခမ်းနားထည်ဝါလှသော ဝိညာဉ်မိုးရေစဉ် များ ရွာသွန်းဖြိုးကျလာခဲ့ပြီး မြူခိုးတောင်ထိပ် ၏ အတွင်းပိုင်းသို့ စိမ့်ဝင်သွားခဲ့ရာ... ၎င်း၏ ဝိညာဉ်ကြော အဆင့်မှာ စတင် မြင့်တက်လာခဲ့လေတော့သည်။ အချိန်အကြာကြီး မယူလိုက်ရဘဲ... အတားအဆီးကို ချိုးဖြတ်ကာ ဧရာမ အဆင့်သို့ အောင်မြင်စွာ တက်လှမ်းသွားခဲ့တော့၏။
သိပ်သည်းလှသော ဝိညာဉ်စွမ်းအင် များ ပေါက်ကွဲထွက်လာခဲ့ပြီး... မိုင်တစ်ရာ ပတ်လည် အထိ သက်ရောက်မှု ရှိသော ဝိညာဉ်စွမ်းအင် လှိုင်းတံပိုးများကို ကွင်းဆက်များအဖြစ် ဖန်တီးလိုက်လေတော့သည်။
"ဒီလောက် သိပ်သည်းလှတဲ့ ဝိညာဉ်စွမ်းအင် တွေပါလား.."
တပည့်များမှာ ချက်ချင်းပင် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်ချလိုက်ကြပြီး စတင် ကျင့်ကြံလေတော့၏။
ဤအခြေအနေတွင် သူတို့သည် ကောင်းကင် နှင်းရည် ၏ ဒုတိယအကြိမ်မြောက် သန့်စင်ပေးမှုကို ခံယူနေရသကဲ့သို့ ဖြစ်နေပြီး... သူတို့၏ ကျင့်ကြံခြင်းအဆင့် များမှာ ဒုံးပျံအလား တရှိန်ထိုး မြင့်တက်သွားခဲ့တော့သည်။
အစ်ကိုကြီး ခေါင်းပြား၊ နှစ်တစ်ထောင် ထင်းရှူးပင်ကြီး၊ မြေခွေး တာ့ဟုန်၊ ကုန်းချင်းချိုး၊ လီဇီလုံ နှင့် အခြားသူများ အားလုံးပင်... အဆင့်ချိုးဖြတ်နိုင်မည့် အခွင့်အရေးကို အာရုံခံမိလိုက်ကြ၏။
သူတို့သည် ဤအခွင့်အရေးကို အလဟဿ မဖြစ်စေရဲဘဲ အစွမ်းကုန် အာရုံစိုက်၍ ကျင့်ကြံနေကြလေတော့သည်။
ဧရာမ ဝိညာဉ်ကြော ဖြစ်လာပြီးနောက်... မြူခိုးတောင်ထိပ် သည် အသိစိတ်ဝိညာဉ် အနည်းငယ် မွေးဖွားလာသကဲ့သို့ ဖြစ်နေပြီး... နှစ်တစ်ထောင် ထင်းရှူးပင်ကြီး၊ အစ်ကိုကြီး ခေါင်းပြား၊ လီဇီလုံ၊ ကုန်းချင်းချိုး နှင့် အခြားသော အဆင့်မြင့် ကျင့်ကြံသူများ၏ ကိုယ်တွင်းသို့ ပိုလျှံနေသော ဝိညာဉ်စွမ်းအင် များကို အလိုအလျောက် ထည့်သွင်းပေးနေ၏။
ဤအခြေအနေအောက်တွင်... သူတို့၏ ကျင့်ကြံခြင်း အရှိန်အဟုန်မှာ ကောင်းကင်သို့ ထိုးတက်သွားသကဲ့သို့ မြန်ဆန်လှပေသည်..
“ဘုန်း..”
ကုန်းချင်းချိုး သည် ပထမဆုံး အဆင့်တက်နိုင်ခဲ့သူ ဖြစ်ပါသည်။... သူမ၏ ကျင့်ကြံခြင်းအဆင့် မှာ တဟုန်ထိုး မြင့်တက်သွားကာ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် အထွတ်အထိပ် သို့ ရောက်ရှိသွားခဲ့တော့၏။
ထိုနောက်တွင်တော့ အစ်ကိုကြီး ခေါင်းပြား နှင့် နှစ်တစ်ထောင် ထင်းရှူးပင်ကြီး တို့၏ အရှိန်အဝါများမှာလည်း အဟုန်ပြင်းစွာ တက်လာခဲ့ပြီး... နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ် သို့ ရောက်ရှိသွားကြသည်။
"ဒီ တိုးတက်မှု နှုန်းက... တကယ့်ကို ကြောက်စရာ ကောင်းလွန်းတယ်ဗျာ.."
လီဇီလုံ ကိုယ်တိုင်ပင် အလွန်အမင်း အံ့အားသင့်သွားရ၏။
သူသည် အနည်းငယ်မျှသာ ကျင့်ကြံအားထုတ်လိုက်ရုံဖြင့်... ဝိညာဉ်ပင်လယ်အဆင့် ဒုတိယအလွှာ သို့ ရောက်ရှိသွားခဲ့ရာ... ၎င်းမှာ ဆယ်နှစ်တိုင်တိုင် အသည်းအသန် ကျင့်ကြံရမည့် အချိန်များနှင့် ညီမျှနေသည် မဟုတ်ပါလား။
"တကယ့်ကို လွှမ်းမိုးနိုင်စွမ်း ရှိတဲ့ ဝိညာဉ်ကြော ကြီးပဲဟေး.."
ယဲ့ဖုန်းသည် အတိုင်းထက်အလွန် ဝမ်းသာသွားခဲ့တော့၏။
မြူခိုးတောင်ထိပ် ၏ ဝိညာဉ်ကြော ကို မဟာ အဆင့် သို့ တိုးမြှင့်လိုက်ပြီးနောက်... ဂိုဏ်းအတွက် ဤမျှလောက် ကြီးမားသော အခွင့်အရေးများ ယူဆောင်လာပေးလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။
အချို့သော တပည့်များမှာ ဤအခွင့်အရေးကို အသုံးချ၍ ချီကျင့်ကြံခြင်းအဆင့်မှ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့်သို့ တိုက်ရိုက်ပင် အဆင့်ချိုးဖြတ်နိုင်ခဲ့ကြပြီး... "ကွေ့လမ်းမှ ကျော်တက်ခြင်း" မျိုးကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြ၏။
မိုယင်၊ ရှီလေ့၊ လီကျောက်ကျောက်၊ လုံထျန်းရှင်း၊ ဟိုယွင်ကျဲ နှင့် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် သို့ ရောက်ရှိနေပြီးသား အခြား တပည့်များမှာလည်း... အနည်းဆုံး အသေးစား အဆင့်တစ်ခု ကိုတော့ ချိုးဖျက်နိုင်ခဲ့ကြ၏။
"စနစ်... ဝိညာဉ်ကြော တစ်ခုကို အဆင့်တိုးမြှင့်လိုက်တာက တကယ်ပဲ ဒီလောက်အထိ အစွမ်းထက်တဲ့ အကျိုးသက်ရောက်မှု ရှိတာလား"
ယဲ့ဖုန်းသည် ရင်ထဲမှ မနေနိုင်ဘဲ ထုတ်မေးလိုက်မိသည်။
“တီ... တီ... ဝိညာဉ်ကြောကို အဆင့်တိုးမြှင့်လိုက်တဲ့အခါ ဝိညာဉ်စွမ်းအင် လှိုင်းတံပိုးတစ်ခု ဖြစ်ပေါ်လာမှာပါ။ အထူးသဖြင့် ဧရာမ ဝိညာဉ်ကြော အဆင့်ကနေ စပြီးတော့... အဆင့်တစ်ဆင့် တက်တိုင်းမှာ ဝိညာဉ်စွမ်းအင် လှိုင်းတံပိုးတွေကို ဖြစ်ပေါ်စေနိုင်ပြီး အဲ့ဒီ သက်ရောက်မှု အတိုင်းအတာထဲမှာ ရှိနေတဲ့ ကျင့်ကြံသူတွေကို အဆင့်ချိုးဖြတ်နိုင်အောင် ကူညီပေးနိုင်ပါတယ်” ဟု စနစ်က ရှင်းပြလိုက်၏။
ထိုစကားကို ကြားလိုက်ရသည့်အခါ ယဲ့ဖုန်း၏ မျက်လုံးများမှာ အရောင်တောက်သွားခဲ့တော့၏။
ဂိုဏ်းတစ်ခုလုံး၏ ကျင့်ကြံခြင်းအဆင့် ကို လျင်မြန်စွာ မြှင့်တင်နိုင်မည့် နည်းလမ်းတစ်ခုကို သူ ရှာဖွေတွေ့ရှိသွားခဲ့တော့သည်။
ဒါကတော့...
ဝိညာဉ်ကြော တွေကို အဆင့်တိုးမြှင့်ပေးခြင်း ပင်..။
ဧရာမ ဝိညာဉ်ကြော မှနေ၍ ပိုမိုမြင့်မားသော အထွတ်အထိပ် ဝိညာဉ်ကြော အဖြစ်သို့ ဆင့်ကဲပြောင်းလဲရန် ခက်ခဲသော်ငြား... သူသည် ဖေးလိုင် တောင်ထိပ်၊ ဝိညာဉ်သားရဲ တောင်ထိပ် နှင့် ကျင့်ကြံရေး တောင်ထိပ် တို့ရှိ ဝိညာဉ်ကြောများကို ဧရာမ အဆင့်သို့ အစဉ်လိုက် တိုးမြှင့်ပေးနိုင်သည် မဟုတ်ပါလား။
အဆင့်တိုးမြှင့်လိုက်တိုင်း ဝိညာဉ်စွမ်းအင် လှိုင်းတံပိုး တစ်ခု ဖြစ်ပေါ်လာမည် ဖြစ်ရာ... ၎င်းက ဂိုဏ်းအတွက် ကျင့်ကြံခြင်းအဆင့် ခုန်ပျံကျော်လွှား တိုးတက်နိုင်မည့် အခွင့်အရေးများကို ဖန်တီးပေးနိုင်မည် ဖြစ်၏။
"ဒီနည်းလမ်းက... တကယ့်ကို စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ.."
ယဲ့ဖုန်းသည် သူ၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားများ လျင်မြန်စွာ တိုးတက်လာသည်ကို ခံစားလိုက်ရပြီး... ခွန်အားအပြည့်ဖြင့် သူ၏ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သို့သော် ရုတ်တရက်ဆိုသလို သူ တစ်ခုခုကို သတိရသွား၏။
"တောက်....."
"ရွှီတာ့လေ့၊ မူစီစီ နဲ့ တခြား တပည့်တွေက ပေ့လျန် မြို့တော် မှာ ကျန်ခဲ့သေးတာပဲ"
ဟင်းလင်းပြင် နေရာရွှေ့ပြောင်းခြင်းဖြင့်... သူသည် နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ပေါ်သို့ ချက်ချင်း ရောက်ရှိသွား၏။ ဖြူဖွေးသော အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ ပေ့လျန် မြို့တော် ဆီသို့ အပြေးအလွှား ထွက်ခွာသွားလေတော့သည်။
...
မိုင်ပေါင်း ထောင်ချီ ဝေးကွာသော နေရာဝယ်။
စက္ကူယပ်တောင် သခင်လေး သည် အသက်ကို လုကာ အသည်းအသန် ထွက်ပြေးနေ၏။
အန္တရာယ်ကင်းသော ပရဝုဏ် အတွင်းသို့ ရောက်ရှိသွားပြီဟု ခံစားရမှသာ... သူသည် မြေကြီးထဲမှ ထွက်လာခဲ့ပြီး အမောတကော အသက်ရှူလျက် တောင်ကြားတစ်ခု အတွင်း၌ လှဲချလိုက်သည်။
"ဟင်... မင်းက ဘယ်သူလဲ"
စက္ကူယပ်တောင် သခင်လေး ထွက်ပေါ်လာသည့် အခိုက်အတန့်တွင်... တောင်ကြားထဲမှနေ၍ အံ့သြမှုများ ပြည့်နှက်နေသော အသံနှစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့လေတော့သည်။
အခန်း (၄၈၉) ထျန်းကျီစံအိမ် ၏ စံအိမ်သခင်သစ်၊ အုတ်အော်သောင်းနင်း ဖြစ်သွားစေသော သတင်းကြီး
~"ဘယ်သူလဲ.."
စက္ကူယပ်တောင် သခင်လေး မှာ ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် လန့်ဖျတ်သွားပြီး... အလျင်အမြန် လှည့်ကြည့်လိုက်ရာ သူနှင့် မလှမ်းမကမ်းတွင် ရပ်နေသော လူနှစ်ယောက်ကို တွေ့လိုက်ရ၏။
တစ်ဦးမှာ ကျောတွင် ဝိညာဉ်ဓား တစ်လက်ကို လွယ်ထားသော လူငယ်လေး တစ်ဦး ဖြစ်ပြီး... အခြားတစ်ဦးမှာမူ ဆံပင်ကျဲကျဲနှင့် ဗိုက်ရွှဲရွှဲ အသက်လတ်ပိုင်းအရွယ် လူဝကြီး တစ်ဦးပင် ဖြစ်သည်။
ထိုလူနှစ်ယောက်မှာ သူ့အား စူးရဲစွာ စိုက်ကြည့်နေကြသဖြင့်... သူ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသကဲ့သို့ ခံစားလိုက်ရ၏။
နောက်တစ်စက္ကန့်တွင်တော့ စက္ကူယပ်တောင် သခင်လေး သည် တစ်စုံတစ်ခုကို ကြိုတင် ခံစားသိရှိသွားခဲ့တော့သည်။
သူသည် ကျူးယောင်ဖူ ကို စိုက်ကြည့်လျက် လေးနက်သော လေသံဖြင့် -
"မင်းကလည်း ရှေ့ဖြစ်ဟော မျိုးနွယ်စု ကပဲ... အာ... မဟုတ်သေးဘူး၊ မင်းက အမွေအနှစ်ကိုပဲ လက်ခံရရှိထားတာပါလား.." ဟု ဆိုလိုက်၏။
"မင်းကလည်း ရှေ့ဖြစ်ဟော မျိုးနွယ်စုကပဲလား" ကျူးယောင်ဖူ ၏ မျက်ဝန်းအိမ်များမှာ ရုတ်တရက် ကျုံ့ဝင်သွားခဲ့ရသည်။
သူ၏ ဘေးတွင် ရပ်နေသော ဓားလွယ်ထားသည့် ရှောင်ဖန်ကူ ၏ မျက်လုံးများမှာလည်း ကျဉ်းမြောင်းသွားပြီး... အင်အားကြီး ရန်သူနှင့် ရင်ဆိုင်နေရသည့်အလား မျက်နှာအမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားခဲ့တော့၏။
"ဟမ့်.."
ရုတ်တရက် စက္ကူယပ်တောင် သခင်လေး သည် အေးစက်စွာ ရယ်လိုက်ပြီးနောက်... ဝိညာဉ်ပင်လယ်အဆင့် ၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ပေါက်ကွဲထွက်လာစေလိုက်သည်။... မျက်စိတစ်မှိတ်အတွင်းမှာပင် ကျူးယောင်ဖူ နှင့် ရှောင်ဖန်ကူ တို့ နှစ်ဦးစလုံးကို မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားစေခဲ့လေတော့၏။
"ဒီလို နေရာမျိုးမှာ... ရှေ့ဖြစ်ဟော စွမ်းရည် ရှိတဲ့ လူမျိုးတူ တစ်ယောက်နဲ့ လာတွေ့ရလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ ဒါပေမဲ့... မင်းက ရှေ့ဖြစ်ဟော မျိုးနွယ်စုဝင် အစစ် မဟုတ်ဘဲ အမွေခံ သက်သက်ပဲ ဆိုတော့... မင်းက ငါ့ရဲ့ ခိုင်းဖတ် ပဲ ဖြစ်ရမယ်.."
ထိုစကားကို ကြားလိုက်ရသည့်အခါ ကျူးယောင်ဖူ ၏ မျက်နှာမှာ ပြာနှမ်းသွားခဲ့တော့သည်။
သူသည် အသက်အန္တရာယ် ပေါင်းများစွာကို ဖြတ်ကျော်ကာ မနည်း အသက်ရှင်သန်လာခဲ့ရပါရက်နှင့်၊... ယခုမှ ရှေ့ဖြစ်ဟော မျိုးနွယ်စုဝင် တစ်ဦး၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရသည်မှာ တကယ့်ကို ကံဆိုးလွန်းလှပါ၏။
ထို့အပြင်... သူသည် တစ်ဖက်လူ၏ ခိုင်းဖတ် ဖြစ်သွားနိုင်ခြေ အလွန် များနေသည် မဟုတ်ပါလား။
ထိုအကြောင်းကို တွေးမိရုံဖြင့်ပင် ကျူးယောင်ဖူ မှာ ငိုချင်လျက် လက်မပါ ဖြစ်နေရရှာတော့သည်။
"မင်းရဲ့ ဇာစ်မြစ်ကို ပြောစမ်း"
စက္ကူယပ်တောင် သခင်လေး သည် ထိုလူနှစ်ယောက်ကို အေးစက်စွာ စိုက်ကြည့်ရင်း အမိန့်ပေးလိုက်၏။
သူသည် အခင်းဖြစ်ပွားရာ နေရာတွင် မရှိခဲ့သော်ငြား... ယဲ့ဖုန်း၏ လက်ချက်ဖြင့် သွေးနတ်ဆိုး ခန်းမဆောင် ကြီး လုံးဝ ပျက်စီးသွားလောက်ပြီ ဖြစ်ကြောင်း သူ ခန့်မှန်းမိ၏။
ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း ပျက်စီးသွားခဲ့သည့် အချက်ကိုပါ ထည့်သွင်း စဉ်းစားလိုက်မည် ဆိုပါက... ယခုအခါ သူသည် တကယ့်ကို အပေါင်းအပါမဲ့ ခေါင်းဆောင် တစ်ယောက် ဘဝသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့်ပင် သူသည် အင်အားစု အသစ်တစ်ခုကို ပြန်လည် တည်ဆောက်ရန် လိုအပ်နေ၏။
ယခုအခါ... မိစ္ဆာချီများကို အသုံးပြု၍ ဟောကိန်းထုတ် တွက်ချက်ခြင်း နည်းစနစ်ကို တတ်ကျွမ်းသော ကျူးယောင်ဖူ သည်... သူ၏ လက်အောက်ငယ်သား အဖြစ် ခန့်အပ်ရန် အလွန် သင့်တော်သူ တစ်ဦး ဖြစ်နေသည်မှာ အသေအချာပင်။
"စီနီယာ... ကျွန်တော့်ကို မသတ်ပါနဲ့ဗျာ။ ကျွန်တော် သိသမျှ အကုန် ပြောပြပါ့မယ်"
ကျူးယောင်ဖူ သည် သူ၏ အသက်ကို ကာကွယ်ရန်အတွက် အဖြစ်မှန် အားလုံးကို ဖွင့်ဟ ဝန်ခံရန် ဆုံးဖြတ်လိုက်သည်။
သူသည် ဝိညာဉ်နှုတ် ဆရာသခင် ဘဝမှ စတင်၍ ရှေ့ဖြစ်ဟော အမွေအနှစ်ကို လက်ခံရရှိခဲ့ပုံ... ထို့နောက် ရှောင်ဖန်ကူ နှင့် တွေ့ဆုံခဲ့ပုံ နှင့် ထျန်းကျီစံအိမ် ကို တည်ထောင်ခဲ့ပုံ အစရှိသည်တို့ အားလုံးကို အသေးစိတ် ရှင်းပြလိုက်၏။
"ထျန်းကျီစံအိမ် တဲ့လား..."
ထိုအမည်ကို ကြားလိုက်ရသည့်အခါ စက္ကူယပ်တောင် သခင်လေး သည် သူ၏ ယပ်တောင်ကို ခေါက်လိုက်ပြီး... သူ၏ မျက်ဝန်းများတွင် လှောင်ပြောင်လိုသော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။
သို့သော် မကြာမီမှာပင် သူ၏ နှုတ်ခမ်းထောင့်များမှာ မသိမသာ တွန့်ကွေးသွားခဲ့တော့၏။
"မဆိုးဘူးပဲ... ထျန်းကျီစံအိမ်.."
"ဒီနေ့ကစပြီး... ငါ စက္ကူယပ်တောင် သခင်လေး က ထျန်းကျီစံအိမ် ရဲ့ စံအိမ်သခင်သစ် ဖြစ်စေရမယ်။ ပြီးတော့ မင်းက..."
သူသည် ကျူးယောင်ဖူ ကို လက်ညှိုးထိုးလျက် -
ဆက်လက် ကြေညာလိုက်သည်။
"တာဝန်ခံ အဖြစ် အဆင့်လျှော့ချ ခံရမယ်"
"ဗျာ..."
ကျူးယောင်ဖူ မှာ အံ့အားသင့်သွားပြီး သူ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ အထင်းသား ပေါ်လွင်နေ၏။
ဘေးတွင် ရပ်နေသော ရှောင်ဖန်ကူ မှာလည်း လုံးဝ မှင်သက်သွားရတော့သည်။
"ကျူးယောင်ဖူ တောင် တာဝန်ခံ အဖြစ် အဆင့်လျှော့ချ ခံရတယ်ဆိုတော့... ကျွန်တော်ကကော ဘာဖြစ်သွားမှာလဲဗျ"
သူသည် တံတွေးကို အနိုင်နိုင် မျိုချရင်း... စက္ကူယပ်တောင် သခင်လေး က သူ့အား လက်ဝါးတစ်ချက်တည်းဖြင့် ရိုက်သတ်ပစ်မည်ကို အလွန်အမင်း စိုးရိမ်နေရရှာသည်။
စက္ကူယပ်တောင် သခင်လေး သည် ရှောင်ဖန်ကူကို ကြည့်လိုက်ရာ... သူ၏ မျက်ဝန်းများတွင် ကစားချင်နေသော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့၏။
"ရှောင်ဖန်ကူ... မင်းအကြောင်းကို ငါ သိထားတယ်.."
စက္ကူယပ်တောင် သခင်လေးက ထိုသို့ ဆိုလိုက်ရာ ရှောင်ဖန်ကူ၏ မျက်နှာပေါ်တွင် အံ့သြမှုများ ပေါ်လွင်သွားခဲ့၏။
စက္ကူယပ်တောင် သခင်လေး က ဆက်ပြောလာသည်။
"မင်းက တစ်ချိန်တုန်းက မြူခိုးဂိုဏ်း ရဲ့ ပါရမီရှင် တပည့် တစ်ယောက် ဖြစ်ခဲ့ပြီး... နောက်တော့ သစ္စာဖောက်ပြီး ချင်းယွင်ဂိုဏ်း ကို ဝင်သွားတယ်လို့ ကြားတယ်။ အခုလည်း ငါတို့ရဲ့ ထျန်းကျီစံအိမ် ထဲ ရောက်နေပြန်ပြီဆိုတော့... မင်းကို သုံးကြိမ်တိုင်တိုင် သစ္စာဖောက်ခဲ့တဲ့ ခွေးလို့ ခေါ်ရင်တောင် ရနေပြီပဲ"
"ခင်ဗျား....."
ရှောင်ဖန်ကူမှာ အလွန်အမင်း အရှက်ရသွားပြီး ဒေါသထွက်သွားခဲ့တော့၏။
သို့သော် စက္ကူယပ်တောင် သခင်လေး ၏ စူးရှသော အကြည့်များနှင့် ဆုံမိလိုက်သည့်အခါ... သူ၏ ဒေါသများ ချက်ချင်း ပျောက်ကွယ်သွားပြီး ခေါင်းကို အလျင်အမြန် ငုံ့ချလိုက်ကာ လုံးဝ ပြန်လည် မချေပရဲတော့ချေ။
"ဒါပေမဲ့... မင်းလို သစ္စာဖောက်ကောင် မျိုးက... ဒီနေ့ကစပြီး ငါတို့ ထျန်းကျီစံအိမ် ထဲမှာပဲ ဆက်နေရမယ်။ ဘာပဲဖြစ်ဖြစ် မင်းက ငါတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာဆိုတော့... ထပ်ပြီး သစ္စာဖောက်ချင်ရင်တောင် ဖောက်လို့ ရတော့မှာ မဟုတ်ဘူးလေ"
စက္ကူယပ်တောင် သခင်လေး က အရာရာကို သူ၏ လက်ဖဝါးပေါ်တွင် ဆုပ်ကိုင်ထားနိုင်သည့်ဟန်ဖြင့် အေးဆေးစွာ ပြောလိုက်သည်။
"အသက်ချမ်းသာ ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စံအိမ်သခင်.."
သေဘေးမှ လွတ်မြောက်သွားသော ရှောင်ဖန်ကူမှာ အလျင်အမြန်ပင် ဒူးထောက်ကာ ကျေးဇူးတင်စကား ဆိုလိုက်၏။
စက္ကူယပ်တောင် သခင်လေး သည် ယပ်တောင်ကို အသာအယာ ဝှေ့ယမ်းလိုက်ရင်း -
"အပိုစကားတွေ ပြောမနေနဲ့တော့။ ဒီနေ့ကစပြီး... မင်းက ငါတို့ ထျန်းကျီစံအိမ် ရဲ့ အတွင်းစည်း တပည့် တစ်ယောက် ဖြစ်သွားပြီ။ လောလောဆယ်တော့... မင်း တစ်ယောက်တည်းပဲ ရှိသေးတာပေါ့လေ"
"မင်းရဲ့ နေ့စဉ် တာဝန်ကတော့... လျူယွင်ဂိုဏ်း မှာ ဆက်နေပြီး ဖြောင့်မတ်တဲ့ ဂိုဏ်းတွေရဲ့ သတင်းအချက်အလက်တွေကို စုဆောင်းရမယ်"
"ငါ စံအိမ်သခင် ပြောတာတွေကို မင်း နားလည်ရဲ့လား" သူက မေးလိုက်သည်။
"တပည့် နားလည်ပါပြီ" ရှောင်ဖန်ကူ ခေါင်းတရစပ် ညိတ်လိုက်၏။
ရှောင်ဖန်ကူ အသတ်မခံရဘဲ ဆက်လက် နေထိုင်ခွင့် ရသွားကြောင်း ကြားလိုက်ရသည့်အခါ... ကျူးယောင်ဖူ လည်း သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်နိုင်တော့သည်။
အချိန်အတန်ကြာ အတူတကွ ဖြတ်သန်းလာခဲ့ပြီးနောက်... သူသည် ဤလူငယ်အပေါ် အတော်လေး သဘောကျ ကျေနပ်နေခဲ့ပြီ မဟုတ်ပါလား။
"စံအိမ်သခင်... အခုကစပြီး ထျန်းကျီစံအိမ် ကို ဘယ်လို ဆက်ပြီး ဖွံ့ဖြိုးအောင် လုပ်ကြမလဲဗျ"
ကျူးယောင်ဖူ သည် စက္ကူယပ်တောင် သခင်လေး အနားသို့ တိုးသွားကာ ဦးညွှတ်လျက် မေးမြန်းလိုက်၏။
စက္ကူယပ်တောင် သခင်လေး သည် ယပ်တောင်ကို ဖြည်းညှင်းစွာ ဝှေ့ယမ်းရင်း... နက်နက်နဲနဲ စဉ်းစားခန်း ဝင်သွားတော့သည်။
အချိန်အတန်ကြာပြီးနောက်...
သူ့ခေါင်းထဲတွင် အကြံတစ်ခု ရလာခဲ့တော့၏။
"နာမည်က ထျန်းကျီစံအိမ် ဆိုမှတော့... သဘာဝကျကျပဲ ဟောကိန်းထုတ် တွက်ချက်တဲ့ နေရာမှာ ကျွမ်းကျင်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစု တစ်ခု ဖြစ်ရမှာပေါ့"
"ပထမဆုံး အနေနဲ့... ငါတို့ ထျန်းကျီစံအိမ် ရဲ့ ပင်မ အခြေစိုက်စခန်း အဖြစ် ထားဖို့ လျှို့ဝှက်တဲ့ နေရာတစ်ခုကို အရင် ရှာရမယ်"
"အဲဒီနောက်... ငါတို့ရဲ့ နေ့စဉ် ဟောကိန်းထုတ် တွက်ချက်မှုတွေ ချောချောမွေ့မွေ့ ဖြစ်စေဖို့... မိစ္ဆာချီ တွေ ရရှိမယ့် အရင်းအမြစ် အဖြစ် ဒဏ်ရာရနေတဲ့ နတ်ဆိုးသားရဲတွေကို တရားဝင် နည်းလမ်းတွေကနေ ဝယ်ယူစုဆောင်းရမယ်"
"အဲဒီနောက်မှာတော့... ကျင့်ကြံသူတွေအတွက် ဟောကိန်းထုတ် တွက်ချက်မှုတွေကို အထူးပြု လုပ်ဆောင်ပေးပြီး ကြီးမားတဲ့ အမြတ်အစွန်းတွေကို ရယူရမယ်"
"ဒီနည်းနဲ့... ထျန်းကျီစံအိမ် က နောက်ကွယ်ကနေ ဖြည်းဖြည်းချင်း ကြီးထွားလာပြီး... အခြေအနေ တစ်ရပ်လုံးကို ခြယ်လှယ်နိုင်တဲ့ အင်အားစုကြီး တစ်ခု ဖြစ်လာလိမ့်မယ်"
ဤနေရာအရောက်တွင်... စက္ကူယပ်တောင် သခင်လေး သည် မြူခိုးဂိုဏ်း ရှိရာ အရပ်ဆီသို့ ရုတ်တရက် အကြည့်ပို့လွှတ်လိုက်ပြီး... သူ၏ စကားသံများမှာ အလွန်တရာ အေးစက်သွားခဲ့၏။
"အဲဒီအချိန်ကျရင်တော့... မြူခိုးဂိုဏ်း ကို ရှင်းပစ်ဖို့ ဆိုတာ ငါတို့အတွက် ကိတ်မုန့်စားရသလို လွယ်သွားပြီပေါ့.."
ထိုစကားကို ကြားလိုက်ရသည့်အခါ ကျူးယောင်ဖူ နှင့် ရှောင်ဖန်ကူ တို့မှာ စိတ်လှုပ်ရှားစွာဖြင့် ရင်ခုန်သွားကြသည်။
ဤနေရာတွင် ရှိနေသော သူသုံးဦးစလုံးမှာ... မြူခိုးဂိုဏ်း ၏ ရန်သူများချည်းသာ ဖြစ်ကြပြီး ရေနှင့် မီးအလား လုံးဝ အတူတကွ ရှင်သန်၍ မရနိုင်သူများ ဖြစ်ကြပေ၏။
တစ်နည်းအားဖြင့် ဆိုရလျှင် သူတို့ အားလုံးတွင် ဘုံ ရည်မှန်းချက် တစ်ခု ရှိနေကြသည် မဟုတ်ပါလား။
ဒါကတော့... မြူခိုးဂိုဏ်း ကို ဖြိုချပစ်ဖို့ပါပင်..။
...
အချိန်များ လျင်မြန်စွာ ကုန်လွန်သွားခဲ့ပြီး... နောက်တစ်နေ့သို့ ရောက်ရှိလာခဲ့တော့သည်။
ထိုအခိုက်အတန့်တွင်... ယဲ့ဖုန်းသည် ပေ့လျန် မြို့တော် ၏ မြို့စားအိမ်တော် အတွင်း၌ ရှိနေပြီး... သူ၏ ဘေးတွင် ရွှီတာ့လေ့၊ မူစီစီ နှင့် အစောဆုံး ဒုတိယမျိုးဆက် တပည့် ဒါဇင်ပေါင်းများစွာ ဝိုင်းရံနေကြ၏။
မြို့စား တင်းချန်၊ မြို့စားငယ် တင်းချင်း နှင့် ပေ့လျန် မြို့တော် မှ ကျင့်ကြံသူ များစွာမှာ သူတို့၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေကြသည်။
"အားလုံးရဲ့ ဧည့်ဝတ်ကျေပွန်မှု အတွက် ကျေးဇူးတင်ပါတယ်ဗျာ။ ပေ့လျန် မြို့တော် ရဲ့ ဆယ်နှစ် တစ်ကြိမ် ကျင်းပတဲ့ ဘိုးဘေး ပူဇော်ပွဲ ကလည်း မကြာခင် စတော့မယ် ဆိုတော့... ကျွန်တော် ထပ်ပြီး အနှောင့်အယှက် မပေးတော့ပါဘူးဗျာ"
ယဲ့ဖုန်းသည် မတ်တတ်ရပ်လိုက်ရင်း ဆိုလိုက်၏။
"ဆက်ပြီးတော့... ကျွန်တော် တောင်ပိုင်းမင် နိုင်ငံတော် ထဲက တခြား အဓိက မြို့တော် တွေကို သွားပြီး တပည့်သစ်တွေ ထပ်စုဆောင်းရဦးမယ်"
တင်းချန် သည် လက်သီးဆုပ်၍ အရိုအသေပြုလိုက်သည်။
"ဒါဆိုရင်... ဂိုဏ်းချုပ်ယဲ့ ရဲ့ ခရီးစဉ် တစ်လျှောက်လုံး အရာရာ အဆင်ပြေ ချောမွေ့ပါစေလို့ ကျုပ် ကြိုတင် ဆုတောင်းပေးလိုက်ပါတယ်ဗျာ"
"အဆင်ပြေမှာပါ"
ယဲ့ဖုန်း ခေါင်းညိတ်လိုက်၏။
သူသည် ရွှီတာ့လေ့ နှင့် အခြားသော ဒုတိယမျိုးဆက် တပည့်များကို တစ်ချက် ကြည့်လိုက်ပြီး မှာကြားလိုက်သည်။
"မင်းတို့တွေ ဘိုးဘေး ပူဇော်ပွဲ အခမ်းအနား တွေကို အရင်ဆုံး ဝင်ရောက် ဆင်နွှဲကြပေါ့။ အချိန်တစ်ခု ရောက်ရင်တော့... ငါ ပြန်လာခဲ့ပါ့မယ်"
"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်" တပည့်များက တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြ၏။
“ဝှစ်..”
နောက်တစ်စက္ကန့်တွင်တော့ ယဲ့ဖုန်း၏ ပုံရိပ်မှာ လေထဲတွင် ချက်ချင်း ပျောက်ကွယ်သွားခဲ့လေတော့သည်။
"ဒါ... ဟင်းလင်းပြင် နေရာရွှေ့ပြောင်းခြင်းပဲ.."
"တကယ့် မူလနတ်ဘုရားအဆင့် မဟာတန်ခိုးရှင် တစ်ပါး ပီသပါပေတယ်... အားကျစရာ ကောင်းလိုက်တာဗျာ.."
လူတိုင်းမှာ အံ့အားသင့်စွာဖြင့် ငေးကြည့်နေမိကြ၏။
မူလနတ်ဘုရားအဆင့် ဆိုသည်မှာ တောင်ပိုင်းမင် နိုင်ငံတော် တွင် မပေါ်ထွက်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
... လူအများစုမှာ 'မဟာတန်ခိုးရှင်' တစ်ပါး၏ ကြီးမြတ်သော စွမ်းအားများကိုပင် မေ့လျော့နေလုနီးပါး ဖြစ်နေကြပြီ မဟုတ်ပါလား။
...
ကောင်းကင်ယံ ထက်ဝယ်။
ယဲ့ဖုန်းသည် တောင်ပိုင်းမင် နိုင်ငံတော် ၏ မြေပုံကို ကြည့်ရှုလိုက်ပြီးနောက်... နိုင်ငံတော်၏ ဗဟိုချက်တွင် တည်ရှိသော "ကျုံးယွမ် မြို့တော်" ဆီသို့ ဦးတည် ပျံသန်းသွားလေတော့၏။
ကျုံးယွမ်၊ ပေ့လျန်၊ နန်ယန်၊ တုန်းဟွမ် နှင့် စီချီ ။
ဒါက တောင်ပိုင်းမင် နိုင်ငံတော် ၏ အဓိက မြို့တော်ကြီး ငါးခု ဖြစ်ပြီး... မြို့တော် တစ်ခုစီတိုင်းတွင် ဝိညာဉ်ပင်လယ်အဆင့် ရှိ ဘုရင် တစ်ပါးစီက အုပ်ချုပ်နေကြခြင်း ဖြစ်ပေသည်။
ကျုံးယွမ် မြို့တော် ကို အုပ်ချုပ်သော ဘုရင်မှာမူ... ဝိညာဉ်ပင်လယ်အဆင့် အထွတ်အထိပ် သို့ပင် ရောက်ရှိနေပြီ ဖြစ်ရာ... အဆင့်မချိုးဖျက်မီက ခရိုင်ဘုရင် ရှုချန်ကျွင်း ၏ စွမ်းအားနှင့်ပင် ရင်ပေါင်တန်းနိုင်စွမ်း ရှိ၏။
...
မြူခိုး တောင်တန်းကြီး။
လူရိပ် အနည်းငယ်မှာ ကောင်းကင်ယံတွင် လွင့်မျောနေပြီး... လုံးဝ ပြောင်သလင်းခါသွားသော သွေးနတ်ဆိုး ခန်းမဆောင် ကြီးကို အပေါ်စီးမှ ငုံ့ကြည့်နေကြသည်။ မြေပြင်အနှံ့အပြားတွင် အပျက်အစီးများ ပြန့်ကျဲနေသည်ကို သူတို့ တွေ့လိုက်ရ၏။
"ဒါ... ဒါ ဘာတွေ ဖြစ်သွားတာလဲ"
ဦးဆောင်လာသော ဝိညာဉ်ပင်လယ်အဆင့် အထွတ်အထိပ် ရှိ ပညာရှင်ကြီး ၏ မျက်လုံးများမှာ မယုံကြည်နိုင်စွာဖြင့် ပြူးကျယ်သွားရသည်။
သူတို့သည် လျှို့ဝှက်ဆန်းကြယ် နန်းမြို့တော် မှ စေလွှတ်လိုက်သော တမန်တော်များ ဖြစ်ကြပြီး... သွေးနတ်ဆိုး ခန်းမဆောင်သခင်ကြီး ထံသို့ ကြယ်အဆင့် တိုးမြှင့်ခြင်း အခမ်းအနား အတွက် တရားဝင် ဖိတ်စာ လာရောက် ပေးပို့သူများ ဖြစ်၏။
သို့သော် သူတို့ ရောက်ရှိလာချိန်တွင်... သွေးနတ်ဆိုး ခန်းမဆောင် ကြီး တစ်ခုလုံး အမြစ်ပြတ် သုတ်သင်ခံလိုက်ရပြီဟု ဘယ်သူကများ ထင်ထားခဲ့မည်နည်း..
"ဟိုမှာ ကြည့်... စာတွေ ရေးထားတယ်ဗျ.."
တစ်စုံတစ်ယောက်က တစ်ခုခုကို သတိပြုမိသွားသည်။
တမန်တော်များမှာ အလျင်အမြန် ဆင်းသက်သွားကြပြီး... နှစ်ခြမ်းကွဲနေသော တောင်နံရံကြီး တစ်ခု၏ အရှေ့တွင် ရပ်လိုက်ကြရာ... သွေးများဖြင့် ရေးသားထားသော စာကြောင်း အနည်းငယ်ကို တွေ့လိုက်ရ၏။
"သွေးနတ်ဆိုး ခန်းမဆောင် ဟာ အရပ်မျက်နှာအနှံ့မှာ ကပ်ဘေးတွေ ဖန်တီးခဲ့တယ်... 'ကျင့်ကြံရေး မီးဖို' တွေ အများကြီးကိုလည်း ညှဉ်းပန်းနှိပ်စက်ခဲ့တယ်။ သူတို့ရဲ့ အပြစ်တွေက ကြီးမားလှပြီး ရက်စက်ယုတ်မာလွန်းလို့... ငါ ကိုယ်တိုင် အမြစ်ပြတ် သုတ်သင်ရှင်းလင်းလိုက်ပြီ... အားလုံး သိစေအပ်တယ်.."
အောက်ဆုံးတွင် ရေးထိုးထားသော နာမည်မှာ "မြူခိုးဂိုဏ်း၊ ယဲ့ဖုန်း" ဟူ၍ ဖြစ်သည်။
"ယဲ့ဖုန်း က သွေးနတ်ဆိုး ခန်းမဆောင် ကြီးကို အမြစ်ပြတ် သုတ်သင်လိုက်တာလား.."
တမန်တော်များမှာ အားမာန်ပါလှသော ထိုစာလုံးများကို ကြည့်ရင်း... စွမ်အားပြင်း ပုံရိပ်ကြီး တစ်ခု သူတို့၏ ရှေ့တွင် ရပ်နေပြီး... လှောင်ပြောင်မှုများနှင့် အေးစက်မှုများ ပြည့်နှက်နေသော အကြည့်များဖြင့် သူတို့အား လှည့်ကြည့်နေသကဲ့သို့ ခံစားလိုက်ရ၏။
"ပြေးကြဟေ့.."
တမန်တော်များမှာ အလွန်အမင်း ထိတ်လန့်သွားကြပြီး... သူတို့၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားကာ အသက်လု၍ ထွက်ပြေးကြလေတော့သည်။
မကြာမီမှာပင်... ပေါက်ကွဲစေမည့် သတင်းကြီးတစ်ခုမှာ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် တစ်ခုလုံးသို့ အလျင်အမြန် ပျံ့နှံ့သွားခဲ့တော့၏။
မူလနတ်ဘုရားအဆင့် မဟာတန်ခိုးရှင် အများအပြား ပိုင်ဆိုင်ထားသော... ကြယ်သုံးပွင့်အဆင့် အင်အားစု သွေးနတ်ဆိုး ခန်းမဆောင် ကြီးမှာ... ယမန်နေ့က မြူခိုးဂိုဏ်း မှ ယဲ့ဖုန်း ၏ လက်ချက်ဖြင့် အမြစ်ပြတ် သုတ်သင်ခံလိုက်ရပြီ ဖြစ်ကြောင်း..
ထိုသတင်း ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက်... နိုင်ငံတော် တစ်ခုလုံးမှာ ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ရလေတော့သည်။