← Chapters

အခန်း (၄၉၀-၄၉၂)

Vol. 33 Ch. 490-492

အခန်း (၄၉၀-၄၉၂)

Vol. 33 Ch. 490-492

အခန်း (၄၉၀) ဒေါသထွက်နေသော လင်မြောင် ဧကရာဇ်၊ လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့အစည်း တစ်ခု ဖွဲ့စည်းခြင်း

~လျှို့ဝှက်ဆန်းကြယ် နန်းမြို့တော်။

“ခွပ်..”

လင်မြောင် ဧကရာဇ် သည် သူ၏ လက်ဖက်ရည်ခွက်ကို အားကုန် ပေါက်ခွဲပစ်လိုက်၏။

"တကယ့်ကို ရိုင်းစိုင်းလွန်းတယ်... ဒီ ယဲ့ဖုန်း ဆိုတဲ့ကောင်... သူက သွေးနတ်ဆိုး ခန်းမဆောင် ကြီးကို အသံတိတ် အမြစ်ပြတ် ရှင်းလင်းပစ်ရဲတယ်ပေါ့လေ.."

လင်မြောင် ဧကရာဇ် မှာ ဒေါသကြောင့် စကားပင် ဆက်မပြောနိုင်အောင် ဖြစ်နေရရှာသည်။

သွေးနတ်ဆိုး ခန်းမဆောင် မှ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများကို သူ သဘာဝကျကျပင် သိရှိထားပြီး ဖြစ်၏။

သို့သော်ငြား သွေးနတ်ဆိုး ခန်းမဆောင် သည် လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် ၏ အာဏာစက်အောက်တွင် ရှိမနေဘဲ... သီးခြားလွတ်လပ်သော ကြယ်သုံးပွင့်အဆင့် ဂိုဏ်းတစ်ခု ဖြစ်ပေသည်။

သူတို့ ဘာတွေပဲ လုပ်လုပ်... လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် နှင့် ဘာမှ မသက်ဆိုင်ချေ။

သို့သော် ကြယ်အဆင့် တိုးမြှင့်ခြင်း အထိမ်းအမှတ် အခမ်းအနား ကျင်းပရန် လဝက်ပင် မလိုတော့သည့် အချိန်... ဖိတ်စာများပင် အပြည့်အဝ မပို့ရသေးမီ အချိန်လေး အတွင်းမှာပင် ယဲ့ဖုန်းက သွေးနတ်ဆိုး ခန်းမဆောင် ကို အမြစ်ပြတ် သုတ်သင်လိုက်လိမ့်မည်ဟု ဘယ်သူကများ ထင်ထားခဲ့မည်နည်း။

"မင်းကြီး... ဒေါသကို ထိန်းတော်မူပါ.."

မူလနတ်ဘုရားအဆင့် မဟာတန်ခိုးရှင် အချို့မှာ အလျင်အမြန် ရောက်ရှိလာပြီး လင်မြောင် ဧကရာဇ် အား အရိုအသေပေးကာ လျှောက်တင်လိုက်ကြ၏။

"ဒေါသကို ထိန်းရမယ် ဟုတ်လား...ဒီအရှင် ဘယ်လိုလုပ်ပြီး ဒေါသကို ထိန်းနိုင်မှာလဲ။ ယဲ့ဖုန်း က ဘာအခွင့်အရေး ရှိလို့ ငါ ဖိတ်ကြားမယ့် ဧည့်သည်ကို သွားသတ်ရတာလဲ။ ဒါက ငါ့မျက်နှာကို ဗြောင်ကျကျ ဖြတ်ရိုက်လိုက်တာ မဟုတ်ဘူးလား.."

လင်မြောင် ဧကရာဇ် သည် ဒေါသတကြီးဖြင့် သူ့ပါးကိုသူ နှစ်ချက် ဆင့်ရိုက်ပြလိုက်၏။

ထို မူလနတ်ဘုရားအဆင့် မဟာတန်ခိုးရှင် နှစ်ဦးမှာ အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြပြီး... စကားပြောရန် အချက်ပြလိုက်ကြသည်။

နောက်ဆုံးတွင် တစ်ဦးက ရှေ့သို့ ထွက်လာခဲ့၏။

"အရှင်မင်းကြီး... လွန်ခဲ့တဲ့ အချိန်ကာလ တစ်ခုတုန်းက သွေးနတ်ဆိုး ခန်းမဆောင် ရဲ့ ဒုတိယ ခန်းမဆောင်သခင် တစ်ယောက်က မြူခိုးဂိုဏ်း ကို အရင် ဝင်တိုက်ပြီး ယဲ့ဖုန်း ကို ဒေါသထွက်အောင် လုပ်ခဲ့တာပါ၊ အခု သွေးနတ်ဆိုး ခန်းမဆောင် ပျက်စီးသွားတာက... သူတို့ ကံဆိုးတာလို့ပဲ သတ်မှတ်ရမှာပါ"

"မှန်ပါတယ်... ဒီကိစ္စမှာ ယဲ့ဖုန်း ကို အပြစ်တင်လို့ မရပါဘူး"

"အရှင်မင်းကြီး... ကျေးဇူးပြုပြီး ဒေါသကို ဖြေလျှော့ပါ.."

ကျင့်ကြံသူ အများအပြားမှာ မြူခိုးဂိုဏ်း ဘက်မှ မတ်တတ်ရပ်ကာ ကာကွယ် ပြောဆိုပေးလာကြသည်။

ထိုစကားများကို ကြားလိုက်ရသည့်အခါ လင်မြောင် ဧကရာဇ် ၏ နှုတ်ခမ်းထောင့်များမှာ တဆတ်ဆတ် တုန်ရီသွားခဲ့ရ၏။

သွေးနတ်ဆိုး ခန်းမဆောင် က မြူခိုးဂိုဏ်း ကို သွားရောက် ရန်စရဲလောက်အောင် သတ္တိကောင်းနေခဲ့သည်ကို သူ ယနေ့မှသာ သိရှိရခြင်း ဖြစ်ပြီး... ယခု သူတို့ အမြစ်ပြတ် သုတ်သင်ခံလိုက်ရခြင်းမှာလည်း သူတို့ ထိုက်နှင့်သူတို့ ကံသာ ဖြစ်ကြောင်း သဘောပေါက်သွားခဲ့တော့သည်။

"မြူခိုးဂိုဏ်း ရဲ့ လုပ်ရပ်က အကြောင်းပြချက် ခိုင်လုံနေမှတော့... ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်လိုက်ကြတာပေါ့။ လူလွှတ်ပြီး ဧည့်သည်စာရင်းထဲက သွေးနတ်ဆိုး ခန်းမဆောင် ကို ဖယ်ထုတ်လိုက်... ပြီးရင် အဲဒီနေရာမှာ ကြယ်နှစ်ပွင့်အဆင့် အင်အားစု တချို့ကို အစားထိုး ထည့်လိုက်ကြ"

"အမိန့်တော်အတိုင်းပါ.."

နန်းမြို့တော်ရှိ ကျင့်ကြံသူများမှာ ချက်ချင်းပင် အစီအစဉ်များကို ပြောင်းလဲ ပြင်ဆင်လိုက်ကြလေတော့၏။

...

သီးသန့်ခွဲထွက်နေသော နန်းဆောင် တစ်ခု အတွင်းဝယ်။

တတိယမင်းသား လင်လော့ထျန်၏ မျက်လုံးများမှာ သွေးနတ်ဆိုး ခန်းမဆောင် အမြစ်ပြတ် သုတ်သင်ခံရသည့် သတင်းကို ကြားလိုက်ရသည့်အခါ အလွန်အမင်း အံ့သြမှုကြောင့် ပြူးကျယ်သွားခဲ့ရ၏။

"သွေးနတ်ဆိုး ခန်းမဆောင်သခင်ကြီး က ပဉ္စမအလွှာ မူလနတ်ဘုရားအဆင့် မှာ ရှိတယ်လို့ ကြားဖူးတယ်... သူ့ကိုတောင် ဂိုဏ်းချုပ်ယဲ့ က သတ်ပစ်နိုင်တာလား.."

ယခုအချိန်အထိပင် တတိယမင်းသားမှာ ဤကိစ္စကို ယုံကြည်ရန် အလွန် ခက်ခဲနေဆဲပင် ဖြစ်သည်။

‘အဲဒါက ပဉ္စမအလွှာ မူလနတ်ဘုရားအဆင့် ကြီးလေ..

ဒါတောင်မှ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံနဲ့ အမြစ်ပြတ် သုတ်သင်ခံလိုက်ရတယ်တဲ့လား။

ဆိုလိုတာက ယဲ့ဖုန်း ရဲ့ စွမ်းအားက အနည်းဆုံး ဆဋ္ဌမအလွှာ မူလနတ်ဘုရားအဆင့် ဒါမှမဟုတ် သတ္တမအလွှာ အထက်မှာ ရှိနေတာ မဟုတ်ဘူးလား..’

"တတိယမင်းသား... ယဲ့ဖုန်း က ခန့်မှန်းရခက်လောက်အောင် နက်နဲလွန်းပါတယ်။ သူနဲ့ ဆက်ဆံရေး အဆင်ပြေအောင် နေဖို့က အရေးအကြီးဆုံးပဲဗျ"

မီးခိုးရောင်ဝတ်ရုံဝတ် အစောင့်အရှောက်ကြီး က သတိပေးလိုက်၏။

တတိယမင်းသား လင်လော့ထျန် က ခေါင်းညိတ်လိုက်ပြီး

"ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့... အရှင်မင်းကြီး က ဂိုဏ်းချုပ်ယဲ့ ရဲ့ လုပ်ရပ်တွေကို သိပ်ပြီး ထောက်ခံတဲ့ပုံ မပေါ်ဘူးလို့ ကြားတယ်။ ကျွန်တော်သာ ဂိုဏ်းချုပ်ယဲ့ နဲ့ ရင်းရင်းနှီးနှီး နေမယ်ဆိုရင်... အရှင်မင်းကြီး က ကျွန်တော့်ကို မုန်းသွားမှာလားဟင်"

"အကယ်၍ အရှင်မင်းကြီး က ဒီကိစ္စလေးအပေါ် အငြိုးထားနေမယ် ဆိုရင်တော့... သူက တကယ်ကို သဘောထား သေးသိမ်လွန်းသူ တစ်ယောက်ပဲ ဖြစ်ရမယ်" ဟု မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအို က ဆိုလိုက်၏။

"သူက အဲဒီလောက် အသေးအမွှားလေးတွေကို ဂရုစိုက်တတ်တဲ့ သူတစ်ယောက် ဖြစ်နေတာ နှမြောစရာပဲ"

တတိယမင်းသား က ပြုံးလျက် အကူအညီမဲ့စွာဖြင့် ပြောလိုက်၏။

...

ခရိုင်ဘုရင်မြို့တော်။

"ဖူး....."

"ဂိုဏ်းချုပ်ယဲ့ က သွေးနတ်ဆိုး ခန်းမဆောင် ကိုပါ အမြစ်ပြတ် သုတ်သင်လိုက်တယ် ဟုတ်လား.."

သတင်းကို လက်ခံရရှိသည်နှင့် တစ်ပြိုင်နက်... ခရိုင်ဘုရင် ရှုချန်ကျွင်း မှာ အလွန်အမင်း ထိတ်လန့်သွားပြီး မတ်တတ်ရပ်ကာ ခန်းမဆောင် အတွင်း လူးလာခေါက်တုံ့ လျှောက်လှမ်းနေမိသည်။

လွန်ခဲ့သော ရက်အနည်းငယ်ကမှ ယဲ့ဖုန်းက သူ့ထံတွင် သွေးနတ်ဆိုး ခန်းမဆောင် အကြောင်း လာရောက် စုံစမ်းသွားခဲ့သည် မဟုတ်ပါလား။

အစပိုင်းတွင် ရှုချန်ကျွင်း က ယဲ့ဖုန်းအနေဖြင့် အချိန်ယူကာ သေချာ အစီအစဉ်ချပြီးမှသာ သူ၏ တပည့်များကို ခေါ်ဆောင်၍ သွေးနတ်ဆိုး ခန်းမဆောင် ကို သွားရောက် တိုက်ခိုက်လိမ့်မည်ဟု ထင်မှတ်ထားခဲ့မိ၏။

သို့သော် ရက်အနည်းငယ်လေး အတွင်းမှာပင်... သွေးနတ်ဆိုး ခန်းမဆောင် ကြီး လုံးဝ အမြစ်ပြတ် သုတ်သင်ခံလိုက်ရလိမ့်မည်ဟု ဘယ်သူကများ ထင်ထားခဲ့မည်နည်း..။

ဒီအရှိန်အဟုန်... ဒီစွမ်းရည်... ဒီအစွမ်းအစက...

ကောင်းကင်ဘုံ ကိုတောင် ဖီဆန်နေတာပဲ..

"း’တောက်... ဂိုဏ်းချုပ်ယဲ့... ကျုပ် တခြား ဘယ်သူ့ကိုမှ သိပ်ပြီး အထင်မကြီးတတ်ပေမဲ့ ခင်ဗျားကိုတော့ တကယ်ကို လေးစားသွားပြီဗျာ..’

ရှုချန်ကျွင်း မှာ ရင်ထဲမှ မနေနိုင်ဘဲ ချီးကျူးလိုက်မိသည်။

တောင်ပိုင်းမြစ်ဝှမ်း ဒေသ တစ်ခုလုံးတွင်လည်း...

ချင်းယွင်ဂိုဏ်း၊ ထျန်းကျီစံအိမ်၊ လျူယွင်ဂိုဏ်း၊ မြင့်မြတ်သော လေဓားဂိုဏ်း၊ ဓားဘုရင်ဂိုဏ်း၊ ယွင်ဟွာဂိုဏ်း၊ ကျွန်းပေါင်း တစ်သောင်း မဟာမိတ်အဖွဲ့ နှင့် အခြားသော အင်အားစု အသီးသီးမှာလည်း ယဲ့ဖုန်း တစ်ယောက်တည်း၏ လက်ချက်ဖြင့် သွေးနတ်ဆိုး ခန်းမဆောင် ကြီး အမြစ်ပြုတ်သွားသည့် သတင်းကို ကြားသိလိုက်ရပြီးနောက်... အတော်ကြီး ထိတ်လန့် တုန်လှုပ်သွားခဲ့ကြရ၏။

*

မြူခိုးဂိုဏ်း၌၊

ကုန်းချင်းချိုး သည် သတင်းကို လက်ခံရရှိပြီးနောက်... သူမ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ အပြည့်အဝ ထင်ဟပ်နေလေသည်။

"ဂိုဏ်းချုပ် က တကယ်ကို ပြိုင်ဘက်ကင်းတဲ့ အစွမ်းထက် ယောက်ျား တစ်ယောက်ပဲ.." လှပကျော့ရှင်းလှသော ပိုးသားဝတ်ရုံရှည်ကို ဆင်မြန်းထားသည့် ရင်သပ်ရှုမောဖွယ် မိန်းကလေး တစ်ဦးက ရေရွတ်လိုက်၏။

"ကျွန်မသာ ကိုယ်ခံအား မနည်းဘူးဆိုရင်... သေချာပေါက် သူ့ကို ခန္ဓာကိုယ် ဆက်သပြီး သူရဲ့ ကျေးဇူးတွေကို တစ်သက်လုံး ဆပ်သွားမှာပါရှင်.."

သူမ၏ အနောက်တွင်မူ... မတူညီသော အရှိန်အဝါ အသီးသီး ရှိကြသည့် မိန်းကလေး သောင်းချီ ရပ်နေကြပြီး... တစ်ယောက်ချင်းစီ၏ မျက်နှာပေါ်တွင် လောကကြီး တစ်ခုလုံးက စွန့်ပစ်ထားခံရသည့်အလား မှိုင်ငေးနေသော အမူအရာများ ရှိနေကြသည်။

ယဲ့ဖုန်းက သွေးနတ်ဆိုး ခန်းမဆောင် ကို အမြစ်ပြတ် သုတ်သင်လိုက်ပြီ ဆိုသည့် သတင်းကို ကြားလိုက်ရမှသာ... သူတို့၏ လွတ်ဟာနေသော မျက်ဝန်းများတွင် မှိန်ပျပျ အလင်းရောင်လေးများ တဖျပ်ဖျပ် လက်လာခဲ့၏။

"ခန္ဓာကိုယ် ဆက်သမယ် ဟုတ်လား..."

ကုန်းချင်းချိုး မျက်တောင်လေး ခပ်လိုက်မိသည်။

‘သူတို့ ဘာတွေ တွေးနေတာလဲ။ တစ်ယောက်ယောက်များ ကိုယ်လုံးကျွတ် ဆက်သရမယ် ဆိုရင်... အဲဒါက သေချာပေါက် ငါ အရင်ဆုံး ဖြစ်ရမှာပေါ့ဟယ်..’

သူမ စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်မိ၏။

ထိုအတွေးများကို သူမဘာသာသာ တီးတိုး ရေရွတ်နေခဲ့ခြင်း ဖြစ်၏။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်... ကုန်းချင်းချိုး က လေးနက်သော အဓိပ္ပာယ်များ ပြည့်နှက်နေသည့် လေသံဖြင့် ပြောလိုက်သည်။

"ဂိုဏ်းချုပ် ရဲ့ ကျေးဇူးကို ဆပ်ဖို့ဆိုတာ... ခန္ဓာကိုယ် ဆက်သမှ ရတာ မဟုတ်ပါဘူး။ ပိုကောင်းတဲ့ ရွေးချယ်စရာတွေ ရှိပါသေးတယ်။ ဥပမာ - 'ဟေးလော့ရှား' ဆိုတဲ့ အဖွဲ့အစည်း ထဲ ဝင်ပြီး... ဂိုဏ်းချုပ် အတွက် ထက်မြက်တဲ့ ဓားသွားလေးတွေ ဖြစ်လာအောင် ကြိုးစားတာမျိုးပေါ့"

မိန်းကလေးများ အားလုံးမှာ ကုန်းချင်းချိုး ကို မော့ကြည့်လာကြပြီး... သူတို့၏ မျက်ဝန်းများတွင် ထူးဆန်းသော အလင်းရောင်များ တဖျပ်ဖျပ် လက်လာခဲ့၏။

သူမတို့ စိတ်ဝင်စားသွားကြသည်ကိုတော့ လုံးဝ ငြင်းဆို၍ မရနိုင်ချေ။

ရေပေါ်ဖြူ မြို့တော် သို့ စတင် အခြေချကတည်းက... သူမမတို့သည် သေကြောင်းကြံမည့် အတွေးများကို စွန့်လွှတ်ကာ ဆက်လက် အသက်ရှင်သန်ရန် ရွေးချယ်ခဲ့ကြပြီး ဖြစ်၏။

သို့သော် သူမတို့၏ ဘဝတွင် မည်သည့် ရည်မှန်းချက်မျှ မရှိတော့ချေ။

ယခုအခါ ကုန်းချင်းချိုး ၏ စကားများကို ကြားလိုက်ရသည့်အခါ... မြူခိုးများ ကြားမှ မီးပြတိုက် တစ်ခုကို မြင်တွေ့လိုက်ရသကဲ့သို့... သူမတို့အတွက် အကြမ်းဖျင်း လမ်းညွှန်ချက် တစ်ခုကို ရရှိသွားခဲ့တော့၏။

"အကြီးအကဲ တစ်ယောက်အနေနဲ့... ငါက 'ဟေးလော့ရှား' လို့ နာမည်ပေးထားတဲ့ လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့အစည်း တစ်ခု တည်ထောင်ဖို့ စီစဉ်ထားတယ်။ မင်းတို့တွေက လုပ်ကြံသတ်ဖြတ်ရေး ပညာရပ်တွေကို အသည်းအသန် လေ့ကျင့်ပြီး... အမှောင်ထုထဲမှာ ပုန်းအောင်းနေရမယ်။ ဂိုဏ်းချုပ် ရဲ့ အမိန့်ကို အချိန်မရွေး ထမ်းဆောင်ဖို့ အသင့်ရှိနေရမယ်"

"ပုံမှန် နေ့ရက်တွေမှာလည်း... မင်းတို့က အားနည်းသူတွေကို အနိုင်ကျင့် ဗိုလ်ကျနေတဲ့ မျက်နှာပြောင်တိုက် ယုတ်မာရက်စက်တဲ့ မိစ္ဆာကောင်တွေကို သွားရောက် လုပ်ကြံသတ်ဖြတ်ခွင့် ရှိတယ်"

"ဒါက သိပ်ကောင်းတဲ့ ကိစ္စ မဟုတ်ဘူးလား"

ဟု ကုန်းချင်းချိုး က ညင်သာစွာ ဆွဲဆောင်လိုက်၏။

ထိုစကားများကို ကြားလိုက်ရသည့်အခါ မိန်းကလေးများ၏ မျက်ဝန်းထဲရှိ အလင်းရောင်များမှာ ပိုမို တောက်ပလာခဲ့တော့သည်။

အထူးသဖြင့် "မျက်နှာပြောင်တိုက် ယုတ်မာရက်စက်တဲ့ မိစ္ဆာကောင်တွေကို သွားရောက် လုပ်ကြံသတ်ဖြတ်ခွင့်" ဟူသော စကားကို ကြားလိုက်ရသည့်အခါ သူမတို့ အလွန်အမင်း စိတ်လှုပ်ရှားလာကြ၏။ အချို့မှာ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကြပြီး... သူတို့၏ မျက်ဝန်းများတွင် အေးစက်သော အလင်းတန်းများ တဖျပ်ဖျပ် လက်နေလေတော့သည်။

"သတ်... သတ်... သတ်ပစ်မယ်.."

မိန်းကလေး တစ်ဦး ရုတ်တရက် အော်ဟစ် ပေါက်ကွဲလိုက်ပြီး... ချီကျင့်ကြံခြင်းအဆင့် ၏ အရှိန်အဝါများကို ထုတ်လွှတ်လိုက်ရာ သူမ၏ ပတ်ဝန်းကျင်တွင် လေပြင်းများ တိုက်ခတ်သွားစေခဲ့၏။

"သတ်ပစ်မယ်.."

ကျန်ရှိနေသော မိန်းကလေးများမှာလည်း တစ်ယောက်ပြီး တစ်ယောက် မတ်တတ်ရပ်လာကြပြီး... ကျင့်ကြံခြင်း အရှိန်အဝါများ အဆက်မပြတ် ပေါက်ကွဲထွက်လာခဲ့ရာ... ကောင်းကင်ယံသို့ တက်လှမ်းသွားပြီး တိမ်တိုက်များကိုပင် လွင့်စင်သွားစေနိုင်သော မုန်တိုင်း တစ်ခု အသွင်သို့ ပြောင်းလဲသွားခဲ့လေတော့သည်။

"ကောင်းတယ်... အဲဒီလိုမှပေါ့.." ကုန်းချင်းချိုး သည် အားပါးတရ ပြုံးလိုက်၏။

ဘဝအတွက် ရည်မှန်းချက် အသစ်တစ်ခု ရှာတွေ့သွားကြသော ဤမိန်းကလေးများကို ကြည့်ရင်း... သူမ အလွန်အမင်း စိတ်သက်သာရာ ရသွားခဲ့၏။ ထို့နောက် သူမသည် လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့အစည်း 'ဟေးလော့ရှား' ကို စတင် ဖွဲ့စည်းရန် ပြင်ဆင်လိုက်ပြီး... သူတို့အတွက် "အနီရောင် တမလွန်ပန်း"ကို ထိုးနှံထားသော သီးသန့် အနက်ရောင် ဝတ်စုံများကို ချုပ်လုပ်ရန် စီစဉ်လေတော့သည်။

"ဟေးလော့ရှား အဖွဲ့အစည်း ကို... ကျင့်ကြံခြင်း အခြေခံ ရှိတဲ့ ဒီမိန်းကလေး သောင်းချီနဲ့ ဖွဲ့စည်းထားလိုက်ပြီ"

"ဒါပေမဲ့... သူတို့က ချီကျင့်ကြံခြင်းအဆင့် တွေပဲ ရှိသေးတာဆိုတော့... သူတို့ ထုတ်သုံးနိုင်မယ့် စွမ်းအားက သိပ်ပြီး အစွမ်းထက်ဦးမှာ မဟုတ်ဘူး"

"အော် ဟုတ်သားပဲ... မိန်းကလေးတွေနဲ့ သင့်တော်ပြီး အချိတ်အဆက်မိမိ တိုက်ခိုက်လို့ ရမယ့် မန္တန် တစ်မျိုးကို ငါ သွားဝယ်ရမယ်။ နောင်ကျရင် ဟေးလော့ရှား ရဲ့ အဖွဲ့ဝင်တွေက အုပ်စုလိုက် သွားပြီး... အချိတ်အဆက်မိမိ တိုက်ခိုက်တဲ့ နည်းလမ်းနဲ့ ရန်သူတွေကို နှိမ်နင်းလို့ ရတာပေါ့"

"ဟုတ်တယ်... အဲဒီအတိုင်းပဲ လုပ်မယ်.."

ကုန်းချင်းချိုး သည် အစီအစဉ်များကို ချက်ချင်းပင် စတင် အကောင်အထည် ဖော်လေတော့၏။

...

ယဲ့ဖုန်းမှာမူ ဤတိုးတက်မှု အခြေအနေများကို လုံးဝ မသိရှိခဲ့ချေ။

ထိုအခိုက်အတန့်တွင် သူသည် ကျုံးယွမ် မြို့တော် ၏ လမ်းမများပေါ်တွင် လမ်းလျှောက်နေပါသည်။

"တစ်ယောက်တည်း လမ်းလျှောက်ရတာလည်း... တော်တော်လေး ပျော်စရာ ကောင်းတာပဲ"

‘ဘာလို့ တပည့်တွေကို မခေါ်လာခဲ့တာလဲ ဆိုတော့...

တစ်ယောက်တည်း နေမှသာ လွတ်လွတ်လပ်လပ် သွားလာလို့ ရမှာမို့လို့လေ..’

"သခင်လေး ယဲ့... ရှင်က အရမ်း ခန့်တာပဲ.."

"သခင်လေး ယဲ့... ဒီညလေး တစ်ညလောက် ကျွန်မနဲ့အတူ အချိန်ဖြုန်းပေးလို့ ရမလားဟင်"

"သခင်လေး ယဲ့... လာပါရှင်.."

ထိုသို့၊ သူ့အား ကြိတ်ကြွေနေကြသော မိန်းကလေးများ၏ အသံများမှာ သူ၏ နားထဲသို့ အခါအားလျော်စွာ ဝင်ရောက်လာခဲ့၏။

နောက်သို့ လှည့်ကြည့်လိုက်ရာ... ယဲ့ဖုန်းသည် ယပ်တောင်ဝိုင်းလေးများကို ကိုင်ဆောင်ထားကြပြီး နန်းတွင်းဝတ်စုံများကို ဆင်မြန်းကာ ဖြူဖွေးသော အသားအရေများကို ဖော်ပြထားကြသည့်... လှပကျော့ရှင်းလှသော မိန်းကလေး ဒါဇင်ပေါင်းများစွာ သူ့နောက်မှ လိုက်ပါလာသည်ကို တွေ့လိုက်ရ၏။

ကျုံးယွမ် မြို့တော် သို့ ဝင်ရောက်ပြီးနောက် ယဲ့ဖုန်း၏ မူလ အစီအစဉ်မှာ... မြို့ထဲတွင် ခေတ္တမျှ လှည့်ပတ် ကြည့်ရှုပြီးနောက် ကျုံးယွမ် မြို့စား နှင့် တိုက်ရိုက် သွားရောက် တွေ့ဆုံကာ မြူခိုးဂိုဏ်း ၏ ဂိုဏ်းချုပ် အဖြစ် သူ၏ ကိုယ်ပိုင် အမှတ်အသားကို ထုတ်ဖော်ရန် ဖြစ်ပေသည်။

ဤသို့ ပြုလုပ်ခြင်းက တပည့်များ စုဆောင်းရာတွင် အလွန် အဆင်ပြေ ချောမွေ့စေမည် မဟုတ်ပါလား။

သို့သော် မြို့ထဲသို့ ဝင်ဝင်ချင်းမှာပင်... အားနည်းသူများကို အနိုင်ကျင့် ဗိုလ်ကျနေသော လူဆိုးများနှင့် ထိပ်တိုက် တွေ့ဆုံခဲ့ရသည်။

သူ၏ စွမ်းအားကို တစ်ချက်မျှ ထုတ်ဖော် ပြသလိုက်ရုံဖြင့်... ထိုလူဆိုးများမှာ အဝေးသို့ လွင့်စင်သွားခဲ့ရ၏။

ထိုအချိန်မှစ၍... ကျုံးယွမ် မြို့တော် ရှိ ကျင့်ကြံရေး မိသားစု အသီးသီးမှ ဆင်းသက်လာကြသော ငယ်ရွယ်လှပသည့် မိန်းကလေး ဒါဇင်ပေါင်းများစွာမှာ သူ၏ နောက်သို့ တစ်ကောက်ကောက် လိုက်ပါလာကြလေတော့သည်။

"သခင်လေး ယဲ့... ကျွန်မ ရှင့်ကို တကယ် သဘောကျလို့ပါရှင်.."

ပန်းရောင် နန်းတွင်းဝတ်စုံ ကို ဆင်မြန်းထားသော မိန်းကလေးငယ် တစ်ဦးမှာ ယဲ့ဖုန်း၏ အနားသို့ တိုးလာပြီး သူ၏ လက်ကို ကိုင်ရန် ကြိုးစားလိုက်၏။

သူမ၏ အမည်မှာ လျောင်ယင် ဖြစ်ပြီး ချီကျင့်ကြံခြင်းအဆင့် အထွတ်အထိပ် တွင် ရှိ၏။

ဤမိန်းကလေးမှာ သာမန် မဟုတ်ချေ။ သူမ၏ နောက်ကွယ်တွင် ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ် အဆင့် ခေါင်းဆောင် တစ်ဦး ဦးစီးသည့် အစွမ်းထက် မိသားစုကြီး တစ်ခု တည်ရှိနေသည်။

"ငါသာ ငါ့ရဲ့ နောက်ကြောင်းကို ထုတ်ပြောလိုက်ရင်... မင်းတို့တွေ ငါ့ကို ဆက်ပြီး သဘောကျရဲတော့မှာ မဟုတ်ပါဘူးကွာ"

ယဲ့ဖုန်းက အကူအညီမဲ့စွာဖြင့် စိတ်ထဲမှ ကြိတ်၍ ပြန်ပြောလိုက်မိလေတော့၏။

အခန်း (၄၉၁) ကျုံးယွမ် မြို့စား၊ လျောင်ယင်၊ တပည့်သစ်များ စုဆောင်းခြင်း

~မူလနတ်ဘုရားအဆင့် နှင့် ချီကျင့်ကြံခြင်းအဆင့်ကြားရှိ ကွာဟချက်မှာ အလွန်တရာ ကြီးမားလွန်းလှပေသည်။

ယဲ့ဖုန်းသာ သူ၏ စစ်မှန်သော ကျင့်ကြံခြင်းအဆင့် ကို ထုတ်ဖော်ပြသလိုက်မည် ဆိုပါက... ချီကျင့်ကြံခြင်းအဆင့် ရှိ မိန်းကလေး အများစုမှာ အလွန်အမင်း ရှက်ရွံ့သွားကြပြီး... အလှဖြင့် မြှူဆွယ်ရဲတော့မည် မဟုတ်ချေ။

ယခုအခါ ယဲ့ဖုန်းသည် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ပထမအလွှာ ၏ အရှိန်အဝါကိုသာ ထုတ်လွှတ်ထားသဖြင့်... ရေတွက်၍ မရနိုင်လောက်အောင် များပြားလှသော မိန်းကလေးငယ်များ၏ လေးစား မြတ်နိုးမှုများကို ရရှိနေခြင်း ဖြစ်သည်။

နှစ်ဖက်အကြား ကွာဟချက် သိပ်မကြီးမားမှသာ တစ်ဖက်ကို တစ်ဖက် ရဲရဲဝံ့ဝံ့ လိုက်လံ ပိုးပန်းရဲကြသည် မဟုတ်ပါလား။

အကယ်၍ နှစ်ယောက်သား လုံးဝ မတူညီသော အမြင့်ပေ နှစ်ခုတွင် ရပ်တည်နေပြီး ကွာဟချက်ကလည်း အလွန် ကျယ်ပြန့်လွန်းနေမည် ဆိုပါက... တစ်ဖက်လူအနေဖြင့် သိမ်ငယ်စိတ်များ ဝင်လာနိုင်ခြေ အလွန် များပေသည်။

သေချာသည်မှာ... စိတ်ဓာတ် ကြံ့ခိုင်သူ အချို့ကမူ ကိုယ့်ထက် အဆင့်မြင့်သူကို အောင်မြင်အောင် ပိုးပန်းနိုင်မည်ဟု ယုံကြည်ထားတတ်ကြ၏။ အကယ်၍ သူတို့သာ အသည်းအသန် ကြိုးစားမည် ဆိုပါက ကွာဟချက်ကို ကျဉ်းမြောင်းသွားစေနိုင်သည်ဟု တွေးထင်ထားတတ်ကြသော်ငြား... အမှန်တကယ်တွင် ထိုအခွင့်အရေးမှာ အလွန်အမင်း နည်းပါးလွန်းလှကြောင်း သူတို့ မသိရှိကြပေ။

"ညီအစ်ကိုတို့... သူ့ကို ဝိုင်းထားလိုက်စမ်း.."

ထိုအခိုက်အတန့်တွင် နားထောင်ရ ခက်ခဲသော အသံကြောင်ကြီး တစ်သံ ထွက်ပေါ်လာခဲ့၏။

ယဲ့ဖုန်းသည် မျက်ခုံးပင့်လိုက်ပြီး အသံလာရာဆီသို့ အကြည့်ပို့လွှတ်လိုက်သည်။

ဘယ်ဘက်လက်ကို ပတ်တီးများ စည်းနှောင်ထားပြီး မျက်နှာတွင်လည်း ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်နေသော လူငယ်တစ်ဦး အပြေးအလွှား ရောက်လာသည်ကို သူ တွေ့လိုက်ရ၏။ ထိုလူငယ်၏ နောက်တွင် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ရှိ ကျင့်ကြံသူ အချို့ လိုက်ပါလာကြ၏။

သူတို့သည် ယဲ့ဖုန်းကို အစိမ်းလိုက် ဝါးစားတော့မည့်အလား အေးစက်သော မျက်ဝန်းများဖြင့် စိုက်ကြည့်နေကြသည်။

"ဒီကောင်ပဲ ငါ့ကို ဒဏ်ရာရအောင် လုပ်ခဲ့တာ... အားလုံး ဝိုင်းတိုက်ပြီး သူ့ကို သတ်ပစ်ကြစမ်း.." ပတ်တီးစည်း လူငယ်က ဟိန်းဟောက်လိုက်၏။

"မင်းတို့ သတ္တိရှိရင် လုပ်ကြည့်လေ.."

လျောင်ယင် ဟု အမည်ရသော မိန်းကလေးငယ်လေး က အော်ဟစ်လိုက်ပြီး ယဲ့ဖုန်း၏ အရှေ့တွင် ဝင်ရောက် ကာကွယ်ပေးလိုက်သည်။ အနီးအနားရှိ လမ်းမများပေါ်မှ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ရှိ မဟာတန်ခိုးရှင် အချို့မှာလည်း ချက်ချင်းပင် ပေါ်ထွက်လာကြ၏။

သူတို့သည် လျောင် မိသားစု မှ တာဝန်ခံများ ဖြစ်ကြပေသည်။

"သခင်လေး ယဲ့ က ငါတို့ သခင်မလေး မျက်စိကျထားတဲ့ ယောက်ျားပဲ။ မင်းတို့ကများ သူ့ကို ထိခိုက်အောင် လုပ်ရဲတယ်ဆိုတော့... ငါတို့ လျောင် မိသားစု ကို အရေးမလုပ်ဘူးဆိုတဲ့ သဘောလား.."

ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ဒုတိယအလွှာ ရှိ လျောင် မိသားစု တာဝန်ခံ တစ်ဦးက လေးနက်သော လေသံဖြင့် မေးလိုက်၏။

"လျောင် မိသားစု က ဘာအရေးစိုက်စရာ ရှိလို့လဲ။ ဒီလူက ငါ သခင်လေး ကို ဒဏ်ရာရအောင် လုပ်ခဲ့တာ... ဒီနေ့တော့ သူ့ကို အရေခွံခွာ၊ အကြောနွှာ ပြီး သေတာထက် ပိုဆိုးတဲ့ ဘဝမျိုး ရောက်အောင်ကို လုပ်ပစ်မယ်ကွ.." ပတ်တီးစည်း လူငယ်က ရက်စက်စွာ လှောင်ပြောင်လိုက်၏။

"ရှင်... ရှင်က တကယ့်ကို ရက်စက်လွန်းတာပဲ.." လျောင်ယင် က ဒေါသတကြီး ဆဲရေးလိုက်သည်။

ယဲ့ဖုန်းကမူ ဘာမှ မပြောချေ။

သူသည် ပတ်တီးစည်း လူငယ်ကို အကဲခတ် ကြည့်ရှုလိုက်ရာ... သူ၏ နှုတ်ခမ်းထောင့်များတွင် မှိန်ပျပျ အပြုံးတစ်ခု ပေါ်ထွက်လာခဲ့၏။

ခေတ္တမျှ ကြာပြီးနောက် သူက -

"ကြည့်ရတာ ပုရွက်ဆိတ် တချို့ကို ရှင်းလင်းပစ်ဖို့ လိုနေသေးပုံပဲ... မဟုတ်ရင် သူတို့ကိုယ်သူတို့ အစွမ်းထက်တယ်လို့ တကယ် ထင်နေကြလိမ့်မယ်" ဟု ဆိုလိုက်၏။

သူ၏ စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက်... ယဲ့ဖုန်းသည် လေတစ်ချက် မှုတ်ထုတ်လိုက်၏။

နောက်တစ်စက္ကန့်တွင်...

လမ်းမပေါ်တွင် အလွန်တရာ အံ့သြ ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ပေါ်ထွက်လာခဲ့လေတော့သည်။

ထိုလေငွေ့၏ လွှမ်းခြုံမှုကို ခံလိုက်ရသော ပတ်တီးစည်း လူငယ်မှာ... မျက်စိတစ်မှိတ်အတွင်း အမှုန်အမွှားပေါင်း များစွာအဖြစ် ပြိုကွဲသွားခဲ့ပြီး လေပြင်း တစ်ချက်အောက်တွင် ပြာအဖြစ်သို့ ပြောင်းလဲကာ လုံးဝ ပျောက်ကွယ်သွားခဲ့လေတော့သည်။

ချီကျင့်ကြံခြင်းအဆင့် ရှိ သက်ရှိ တစ်ယောက်... ဒီလိုမျိုးကြီး သေဆုံးသွားရတယ်တဲ့လား..

"လေတစ်ချက် မှုတ်ထုတ်လိုက်ရုံနဲ့တင် ချီကျင့်ကြံခြင်းအဆင့် တစ်ယောက်ကို အမှုန့်ကြိတ်ပစ်နိုင်တယ်.."

"သူ့ရဲ့ ကျင့်ကြံခြင်းအဆင့် က ဘယ်လောက်တောင် ရှိနေလို့လဲ"

"သေပြီ... ဒီလူက နုပျိုခြင်း လျှို့ဝှက်နည်းစနစ် ကို တတ်ကျွမ်းတဲ့ ဝိညာဉ်ပင်လယ်အဆင့် က မိစ္ဆာ အဘိုးကြီး နေမှာ.."

ပတ်တီးစည်း လူငယ်၏ အနောက်တွင် ရပ်နေကြသော ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် မဟာတန်ခိုးရှင် များမှာ ကြောက်မက်ဖွယ်ကောင်းသော အမှန်တရား တစ်ခုကို သဘောပေါက်သွားကြပြီး လှည့်ကာ ထွက်ပြေးရန် ပြင်ဆင်ကြလေတော့သည်။

"မင်းတို့လည်း သွားစရာ မလိုတော့ဘူး"

ယဲ့ဖုန်းသည် နောက်ထပ် လေတစ်ချက် မှုတ်ထုတ်လိုက်ပြန်၏။

သူရဲကောင်း ဝိညာဉ်စွမ်းအား များ အဟုန်ပြင်းစွာ လှိမ့်ဝင်သွားပြီး... ထို ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ကျင့်ကြံသူများကို တစ်စစီ ကြေမွသွားစေကာ ပြာအဖြစ်သို့ လောင်ကျွမ်းသွားစေခဲ့လေတော့သည်။

"ရွှီး....."

ကြည့်ရှုနေသူများ၏ မျက်နှာများမှာ လုံးဝ ပျက်ယွင်းသွားခဲ့ကြပြီး... အချို့မှာ ကြောက်လွန်းသဖြင့် မြေပြင်ပေါ် ဖင်ထိုင်လျက် ကျသွားကာ တစ်ကိုယ်လုံး တုန်ရီနေကြ၏။

"ဒီလူက ဝိညာဉ်ပင်လယ်အဆင့် မဟုတ်ဘူး... မူလနတ်ဘုရားအဆင့် ရှိတဲ့ မဟာတန်ခိုးရှင် တစ်ပါးပဲ.."

"မဟာတန်ခိုးရှင် တစ်ပါးသာ ဒီလို ကြောက်စရာကောင်းတဲ့ စွမ်းအားမျိုး ရှိနိုင်မှာ.."

လူအုပ်ကြီးမှာ ရုတ်တရက် သဘောပေါက်သွားကြတော့သည်။

လျောင်ယင် နှင့် လျောင် မိသားစု မှ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ကျင့်ကြံသူများ၏ မျက်လုံးများမှာ... လုံးဝ မယုံကြည်နိုင်ဖွယ်ရာ အရာတစ်ခုကို မြင်တွေ့လိုက်ရသည့်အလား ပြူးကျယ်သွားကြ၏။

ယဲ့ ဆိုတဲ့ မျိုးရိုးနာမည် နဲ့ ဒီလူငယ်လေးက... တကယ်ကြီး မူလနတ်ဘုရားအဆင့် လား..

ဒါက တကယ့်ကို မယုံနိုင်စရာကြီးလေ..

"လေးစားအပ်ပါသော စီနီယာ... ဒီကို ရောက်လာတာ တကယ့်ကို ဂုဏ်ယူစရာပါပဲဗျာ။ ဧည့်ဝတ် မကျေပွန်ခဲ့တဲ့အတွက်... ကျေးဇူးပြုပြီး အပြစ်ပေးပါ.."

ထိုအခိုက်အတန့်တွင်... ကျုံးယွမ် မြို့တော် ၏ ဗဟိုချက် ကောင်းကင်ယံမှနေ၍ အဘိုးအို တစ်ဦး ထွက်ပေါ်လာခဲ့ပြီး လမ်းမပေါ်သို့ တိုက်ရိုက် ဆင်းသက်လာကာ ယဲ့ဖုန်းအား အလျင်အမြန် ဦးညွှတ်လိုက်သည်။

"မြို့စားမင်း ပါလား.."

"သူက ဝိညာဉ်ပင်လယ်အဆင့် အထွတ်အထိပ် က မဟာတန်ခိုးရှင်ကြီးလေ... ဒါတောင် သူ့ကိုယ်သူ ဂျူနီယာ လို့ ခေါ်နေတယ်ဆိုတော့... ဒီလူငယ်လေးက တကယ့် မူလနတ်ဘုရားအဆင့် မဟာတန်ခိုးရှင် တစ်ပါး ဖြစ်နေတာ သေချာသွားပြီပေါ့.."

လူအုပ်ကြီးမှာ ပို၍ပင် တုန်လှုပ်သွားကြလေတော့၏။

ယဲ့ဖုန်းသည် ရုတ်တရက် ထွက်ပေါ်လာသော အဘိုးအို ကို ကြည့်ကာ ခေါင်းညိတ်လိုက်ရင်း ဆိုလိုက်သည်။

"ကြည့်ရတာ ခင်ဗျားက ကျွန်တော် ဘယ်သူလဲ ဆိုတာ သိနေပုံပဲ"

ထိုအဘိုးအို သည် မြေပြင်ပေါ်သို့ ဆင်းသက်လာပြီး ယဲ့ဖုန်းအား ရိုသေလေးစားစွာ ဦးညွှတ်နေသည်။

"ဒီ ဂျူနီယာ သိတာပေါ့ဗျာ။ စီနီယာ က ပေ့လျန် မြို့တော် ကို အကျပ်အတည်း ထဲကနေ နှစ်ကြိမ်တိုင်တိုင် ကယ်တင်ပေးခဲ့တဲ့... မြူခိုးဂိုဏ်း ရဲ့ ဂိုဏ်းချုပ် ယဲ့ဖုန်း မဟုတ်ပါလား။ ကောလာဟလတွေ အရဆိုရင်တော့... စီနီယာ က ကြယ်သုံးပွင့်အဆင့် အင်အားစု ဖြစ်တဲ့ သွေးနတ်ဆိုး ခန်းမဆောင် ကြီးကို တစ်ယောက်တည်း အမြစ်ပြတ် ရှင်းလင်းလိုက်တယ်ဆိုပဲ... တကယ့်ကို ကောင်းကင်ဘုံက နတ်ဘုရားတွေရဲ့ ဘုန်းတန်ခိုး မျိုးပါပဲဗျာ"

ကျုံးယွမ် မြို့စား သည် သူ့အား ချီးကျူးစကားများ အဆက်မပြတ် ဆိုနေလေတော့သည်။

"ခင်ဗျားက တော်တော်များများ သိနေတာပဲ"

ယဲ့ဖုန်း ခေါင်းညိတ်လိုက်၏။

သွေးနတ်ဆိုး ခန်းမဆောင် ကို အမြစ်ပြတ် သုတ်သင်လိုက်သည့် သတင်းက ကျုံးယွမ် မြို့တော် အထိ ဤမျှ မြန်ဆန်စွာ ကျော်ဇောလာလိမ့်မည်ဟု သူကိုယ်တိုင်ပင် မထင်မှတ်ထားခဲ့ချေ။

ထို့အပြင် သူ၏ အရှိန်အဝါကို တမင်တကာ ဖုံးကွယ်ထားသည့်တိုင် ကျုံးယွမ် မြို့စား က သူ့ကို မှတ်မိနေခဲ့သည် မဟုတ်ပါလား။

"ရှင်... ရှင်က မြူခိုးဂိုဏ်း ရဲ့ ဂိုဏ်းချုပ် လား.."

လျောင်ယင် ၏ မျက်လုံးများမှာ အံ့သြမှုကြောင့် ပြူးကျယ်သွားခဲ့ရ၏။

လွန်ခဲ့သော လအနည်းငယ်က ယဲ့ဖုန်း နှင့် ဟူဖေးဖေး တို့သည် ပေ့လျန် မြို့တော် တွင် ပေါ်လာခဲ့ပြီး... မြို့ကို တိုက်ခိုက်သော မဟာနတ်ဆိုးကြီး နှစ်ကောင်ကို နှိမ်နင်းခဲ့ကြောင်း သတင်းမှာ တောင်ပိုင်းမင် နိုင်ငံတော် တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး ဖြစ်၏။

ထိုအချိန်ကတည်းက လူတိုင်းသည် မြူခိုးဂိုဏ်း ၏ တည်ရှိမှုကို စတင် သိရှိလာခဲ့ကြ၏။

လျောင်ယင် ကိုယ်တိုင်လည်း မြူခိုးဂိုဏ်း သို့ ဝင်ရောက်ရန် အကြိမ်ပေါင်းများစွာ စိတ်ကူးယဉ်ခဲ့ဖူး၏။ သို့သော် ကံမကောင်းစွာဖြင့်... မြူခိုးဂိုဏ်း မှ မည်သူမျှ ကျုံးယွမ် မြို့တော် သို့ လာရောက်ခြင်း မရှိခဲ့သလို... ဂိုဏ်းမှာလည်း မိုင်ပေါင်း သောင်းချီ ကွာဝေးသော နေရာတွင် ရှိနေသဖြင့် သူမအနေဖြင့် တပည့်ခံရန် သွားရောက်ဖို့ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သော ကိစ္စတစ်ခု ဖြစ်ခဲ့ရ၏။

သို့သော် ယနေ့တွင်မူ ယဲ့ဖုန်းက သူမ၏ အရှေ့တည့်တည့်၌ ရပ်နေလိမ့်မည်ဟု ဘယ်သူကများ ထင်ထားခဲ့မည်နည်း..

ပို၍ ရှက်စရာ ကောင်းသည်မှာ... လွန်ခဲ့သော အခိုက်အတန့်လေး ကမှ သူမသည် ယဲ့ဖုန်းကို ပိုးပန်းပြီး နှလုံးသားထဲမှာ အသည်းအသန် စွဲလန်းသွားစေမယ့် အချစ်ဇာတ်လမ်းလေး တစ်ပုဒ် ဖန်တီးဖို့ တွေးတောနေခဲ့မိခြင်းပင်။

ဤအကြောင်းကို တွေးမိသည်နှင့် လျောင်ယင် ၏ ပါးပြင်များမှာ ရှက်သွေးဖြာသွားပြီး ခေါင်းကို အလျင်အမြန် ငုံ့ချလိုက်ရလေတော့သည်။

ယဲ့ဖုန်းသည် နောက်သို့ လှည့်ကာ လျောင်ယင် ကို ကြည့်ရင်း ဆိုလိုက်၏။

"မင်းက မဆိုးပါဘူး... အလယ်အလတ်အဆင့် ဝိညာဉ်အမြစ် ရှိတယ်၊ ချီကျင့်ကြံခြင်းအဆင့် အထွတ်အထိပ် ကိုလည်း ရောက်နေပြီ။ ရုပ်ရည်ကလည်း ထူးခြားသလို... စိတ်ထားကလည်း ကောင်းတယ်။ အကယ်၍ မင်းသာ ဆန္ဒရှိမယ်ဆိုရင်... ငါတို့ မြူခိုးဂိုဏ်း ကို လာပြီး ဒုတိယမျိုးဆက် တပည့် တစ်ယောက် လုပ်လို့ ရပါတယ်" "ကျွန်မ... ရတယ် ဟုတ်လား.."

လျောင်ယင် မှာ ကောင်းကင်ဘုံ မှနေ၍ ပျော်ရွှင်မှုများ ကျဆင်းလာသကဲ့သို့ ခံစားလိုက်ရသည်။

ယဲ့ဖုန်း ပြုံးလိုက်ပြီး ပြောလိုက်၏။

"ဒါပေါ့... ငါ ခုလေးတင် တွက်ချက်ကြည့်လိုက်တာ။ မင်းက ငါတို့ မြူခိုးဂိုဏ်း နဲ့ ရေစက် ပါနေတာ အသေအချာပဲ"

‘ရေစက် ပါတယ် ဟုတ်လား...

အလကား အာရွှီးလိုက်တာပါ..’

သူသည် စနစ် ထံတွင် မေးမြန်းကြည့်လိုက်ရာ လျောင်ယင် မှာ မြူခိုးဂိုဏ်း ၏ တပည့်လက်ခံမည့် စံနှုန်းများနှင့် ကိုက်ညီနေကြောင်း တွေ့ရှိလိုက်ရသဖြင့်... ဒုတိယမျိုးဆက် တပည့် အဖြစ် လက်ခံရန် ဆုံးဖြတ်လိုက်ခြင်းသာ ဖြစ်ပါသည်။

"ကျေးဇူးတင်ပါတယ် သခင်လေး ယဲ့... အာ၊ မဟုတ်ဘူး၊ ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်.." လျောင်ယင် ၏ မျက်နှာမှာ ထပ်မံ၍ နီမြန်းသွားခဲ့ရပြန်၏။

အကြောင်းမူကား ယဲ့ဖုန်းမှာ အလွန်အမင်း ခန့်ညားပြီး ထူးခြားလွန်းလှသဖြင့်... အချစ်စိတ်များ ဖူးပွင့်စ အရွယ် မိန်းကလေး တစ်ယောက်အနေဖြင့် ထိုကဲ့သို့သော ယုတ္တိမတန်သည့် အတွေးများ ဝင်လာမိခြင်းမှာ သဘာဝပင် မဟုတ်ပါလား။

ယခုမူ မြူခိုးဂိုဏ်း သို့ ဝင်ရောက်ခွင့် ရပြီဟု ကြားလိုက်ရသဖြင့် သူမ၏ စိတ်နေစိတ်ထားများမှာ တဖြည်းဖြည်း ပြောင်းလဲလာခဲ့တော့သည်။

သို့တိုင်အောင်... ယဲ့ဖုန်းနှင့် မျက်ရည်ကျရလောက်အောင် ရင်ခုန်စရာ ကောင်းမည့် အချစ်ဇာတ်လမ်းလေး တစ်ပုဒ် ဖန်တီးချင်ခဲ့မိသည့် သူမ၏ အတိတ်က ဆန္ဒများကို တွေးမိတိုင်း လျောင်ယင် ၏ မျက်နှာမှာ ပို၍ နီမြန်း ပူထူလာပြီး... မြေကြီးထဲသာ တိုးဝင် ပုန်းကွယ်ချင်စိတ်များ ပေါက်လာရလေတော့သည်။

လျောင်ယင် အနေဖြင့် မြူခိုးဂိုဏ်း သို့ ဝင်ရောက်ခွင့် ရသွားကြောင်း ကြားလိုက်ရသည့်အခါ... လူအများအပြားမှာ သူမအား မနာလို အားကျသော အကြည့်များဖြင့် ဝိုင်းကြည့်နေကြ၏။

ကျုံးယွမ် မြို့စား ကိုယ်တိုင်ပင် လျောင်ယင် ကို အဓိပ္ပာယ်ပါပါ တစ်ချက် ကြည့်လိုက်ပြီး မနာလို ဖြစ်နေမိရှာသည်။

သို့သော် အတွေ့အကြုံ ရင့်ကျက်သူ တစ်ဦးပီပီ...

သူသည် ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် -

"ဂိုဏ်းချုပ်ယဲ့ အနေနဲ့ အလည်အပတ် လာမယ်ဆိုတာ ကျုပ် မသိခဲ့ရပါဘူး။ ဘာကိစ္စများ ရှိလို့ ဒီကို ကြွလာရတာလဲ ဆိုတာ သိခွင့်ပြုပါဗျာ" ဟု မေးမြန်းလိုက်၏။

ယဲ့ဖုန်းသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ပြန်ဖြေလိုက်၏။

"ကျုံးယွမ် မြို့တော် က တောင်ပိုင်းမင် နိုင်ငံတော် ရဲ့ အဓိက မြို့တော် ငါးခုထဲမှာ ထိပ်တန်း အကျဆုံး ဖြစ်ပြီး... ပါရမီရှင်တွေ အများကြီး ရှိတယ်လို့ ကျွန်တော် ကြားဖူးပါတယ်။ အဲဒါကြောင့် ဒီမှာ တပည့်သစ်တွေ လာစုဆောင်းတာပါ"

"တကယ်လားဗျ.."

ကျုံးယွမ် မြို့စား ၏ ရင်ထဲတွင် လှုပ်ခတ်သွားခဲ့တော့သည်။

သူ၏ နောက်ကွယ်တွင် ဧရာမ မိသားစုကြီး တစ်ခု ရှိနေသည် မဟုတ်ပါလား။

လူငယ် ပါရမီရှင်များ လုံးဝ မရှားပါးပေ။

အကယ်၍ သူ၏ မျိုးဆက် အနည်းငယ်... သို့မဟုတ် ဒါဇင်ပေါင်းများစွာသာ ယဲ့ဖုန်း၏ မျက်စိကျခြင်း ခံရပြီး မြူခိုးဂိုဏ်း သို့ ဝင်ရောက်ခွင့် ရရှိသွားမည် ဆိုပါက... သူ၏ မိသားစု ဂုဏ်သတင်းမှာ အကြီးအကျယ် တိုးတက်လာမည်မှာ အသေအချာပင်။

ဤသို့ တွေးမိသည်နှင့် ကျုံးယွမ် မြို့စား သည် စိတ်လှုပ်ရှားစွာဖြင့် ကမ်းလှမ်းလိုက်၏။

"သြော်... ဒါကိုး။ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ် ဂိုဏ်းချုပ်ယဲ့ ရယ်။ ဂိုဏ်းချုပ် လိုအပ်တာ မှန်သမျှ လွတ်လွတ်လပ်လပ်သာ ပြောပါဗျာ... ကျုပ် အားလုံး ဖြည့်ဆည်းပေးပါ့မယ်"

"ကျွန်တော့်အတွက် သတင်း ဖြန့်ပေးပါဗျာ။ မြူခိုးဂိုဏ်း က ဒုတိယမျိုးဆက် တပည့်သစ်တွေ စုဆောင်းနေတယ်... ရေစက် ပါတဲ့သူတိုင်း ဝင်ရောက်ခွင့် ရှိတယ်လို့ ပြောပေးပါ"

ယဲ့ဖုန်းသည် ခရမ်းရောင် ခေါင်းလောင်းလေး ဆယ်လုံးကို ထုတ်ယူလိုက်ပြီး ရှင်းပြလိုက်၏။

"ဒါတွေက ကံကြမ္မာ ခရမ်းရောင် ရွှေခေါင်းလောင်းတွေပဲ။ ဒီခေါင်းလောင်းတွေကို ထိလိုက်လို့ အသံမြည်လာတဲ့ သူတိုင်းဟာ ရေစက် ပါတဲ့ သူတွေပဲ"

သူသည် ကံကြမ္မာ ခရမ်းရောင် ရွှေခေါင်းလောင်း များကို လေထဲသို့ ပစ်လွှတ်လိုက်ရာ... ကျုံးယွမ် မြို့တော် ၏ မတူညီသော နေရာ အသီးသီးသို့ ပြန့်ကျဲသွားကြသည်။

"နားလည်ပါပြီ ဂိုဏ်းချုပ်ယဲ့... စိတ်ချပါ။ ကျုပ် ချက်ချင်းပဲ အစီအစဉ်တွေ အကုန် လုပ်ပေးပါ့မယ်" ဟု ကျုံးယွမ် မြို့စား က လက်နှစ်ဖက်ကို ဆုပ်ကာ နောက်ဆုတ်သွား၏။

မကြာမီမှာပင် ထိုသတင်းမှာ ကျုံးယွမ် မြို့တော် တစ်ခုလုံးသို့ ဂယက်ထသွားခဲ့တော့သည်။

လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော်၊ တောင်ပိုင်းမြစ်ဝှမ်း ဒေသ မှ ကြယ်အဆင့် ဂိုဏ်းတစ်ခု ဖြစ်သော မြူခိုးဂိုဏ်း ၏ ဂိုဏ်းချုပ် ယဲ့ဖုန်း ကိုယ်တိုင် ကျုံးယွမ် မြို့တော် သို့ လာရောက်၍ ရေစက်ပါသော တပည့်သစ်များ စုဆောင်းနေကြောင်း သတင်းပင် ဖြစ်သည်။

အချိန်တိုလေး အတွင်းမှာပင်... မရေမတွက်နိုင်သော လူငယ်များမှာ ကံကြမ္မာ ခရမ်းရောင် ရွှေခေါင်းလောင်း များ ချိတ်ဆွဲထားသော နေရာ ဆယ်ခုဆီသို့ အုံနှင့်ကျင်းနှင့် အပြေးအလွှား သွားရောက်ကြလေတော့သည်။

ယဲ့ဖုန်းမှာမူ ကျုံးယွမ် မြို့တော် ၏ မြို့စားအိမ်တော် အတွင်း၌ သက်တောင့်သက်သာ ထိုင်နေ၏။

လျောင်ယင် သည် သူ၏ ဘေးတွင် ရပ်လျက်... ဂရုတစိုက်ဖြင့် လက်ဖက်ရည် ဖျော်စပ်ပေးနေသည်။

ကျုံးယွမ် မြို့စား မှာလည်း အနီးနားတွင် ထိုင်နေပြီး... သူ၏ မျက်နှာအမူအရာမှာ အတော်လေး ရှုပ်ထွေးနေ၏။

ဝိညာဉ်ပင်လယ်အဆင့် အထွတ်အထိပ် တွင် ရှိသော သူကိုယ်တိုင်ပင်... ယဲ့ဖုန်းကို လက်ဖက်ရည် ငဲ့ပေးရန် အခွင့်အရေး မရရှိခဲ့ချေ။ သို့သော် ချီကျင့်ကြံခြင်းအဆင့် အထွတ်အထိပ် မျှသာ ရှိသော လျောင် မိသားစု မှ သခင်မလေး လျောင်ယင် ကမူ ဤကဲ့သို့သော ဂုဏ်ကျေးဇူးကို ရရှိနေသဖြင့်... သူ၏ ရင်ထဲတွင် မနာလို ဝန်တိုမှုများ ပေါ်ထွက်နေရရှာသည်။

"သတင်း ပို့ပါတယ်.."

ရုတ်တရက် တစ်စုံတစ်ယောက်သည် မြို့စားအိမ်တော် ၏ ခန်းမဆောင် အတွင်းသို့ ပြေးဝင်လာခဲ့ရာ... ထိုနေရာရှိ လူတိုင်း၏ အာရုံစိုက်မှုကို ရရှိသွားခဲ့လေတော့၏။

အခန်း (၄၉၂) လျှို့ဝှက်ဆန်းကြယ်သော ဟန်ဆောင်သူ၊ ဝိညာဉ်ဝါးမြို မျိုးနွယ်စု မှ ကျင့်ကြံသူ

~"မြို့စားမင်း နဲ့ ဂိုဏ်းချုပ်ယဲ့ ကို အစီရင်ခံပါတယ်ဗျာ။ ပထမအသုတ် အနေနဲ့ ရေစက်ပါတဲ့ သူတွေ မြို့စားအိမ်တော် ကို ရောက်လာပါပြီ။ စုစုပေါင်း လူ ၅၀ ရှိပြီး... အပြင်ဘက်မှာ စောင့်ဆိုင်းနေကြပါတယ်"

အစီရင်ခံလိုက်သူမှာ မေးစေ့တွင် မုတ်ဆိတ်မွေး ရေးရေးလေး ပေါက်နေသော၊ တောက်ပသော မျက်ဝန်းများ ရှိသည့် လူငယ်တစ်ဦး ဖြစ်၏။ သူသည် သံချပ်ကာ ဝတ်စုံကို ဆင်မြန်းထားပြီး... ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ပထမအလွှာ ၏ ကျင့်ကြံခြင်း စွမ်းအားကို ပိုင်ဆိုင်ထား၏။

ကျုံးယွမ် မြို့စား သည် ယဲ့ဖုန်းဘက်သို့ လှည့်ကြည့်ကာ မေးလိုက်၏။

"ဂိုဏ်းချုပ်ယဲ့... ဘယ်လို ဆက်လုပ်ကြမလဲဗျ"

"သူတို့ကို ဝင်ခွင့်ပြုလိုက်ပါ" ယဲ့ဖုန်း ခေါင်းညိတ်လိုက်သည်။

သူသည် စုတ်တံ၊ မင်တုံး၊ စက္ကူ၊ မှင်အိုး တို့နှင့်အတူ နာမည်စာရင်း စာအုပ် နှင့် ဂိုဏ်းချုပ်တံဆိပ်တုံး တို့ကို ထုတ်ယူကာ... စာရင်းသွင်းရန်အတွက် အသင့်ပြင်ဆင်လိုက်၏။

"ဂိုဏ်းချုပ်ယဲ့ ပြောတာ ကြားတယ် မဟုတ်လား... သူတို့ကို ပေးဝင်လိုက်" ကျုံးယွမ် မြို့စား သည် လက်ကို ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့ပါ.."

မုတ်ဆိတ်မွေးနှင့် လူငယ်လေးသည် ခေါင်းညိတ်ကာ ခန်းမပြင်သို့ ထွက်သွားပြီး... လူအုပ်ကြီးအား တန်းစီ၍ ဝင်ရောက်လာရန် လက်ယပ်ခေါ်လိုက်၏။

မကြာမီမှာပင်... အတော်လေး ရုပ်ရည်သန့်ပြန့်ပြီး အသက် (၁၈) နှစ်ခန့် အရွယ် လူငယ်တစ်ဦး ခန်းမတွင်းသို့ ဝင်ရောက်လာသည်ကို မြင်တွေ့လိုက်ရသည်။

မြူခိုးဂိုဏ်း က တပည့်သစ် စုဆောင်းရာတွင်... လျှောက်ထားသူများ၌ ကျင့်ကြံခြင်း အခြေခံ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လုံးဝ ကန့်သတ်မထားပေ။

သတ်မှတ်ထားသော စံနှုန်းများနှင့် ကိုက်ညီသရွေ့... မည်သူမဆို ဂိုဏ်းသို့ ဝင်ရောက်ခွင့် ရှိပါ၏။

ယဲ့ဖုန်း အတွက်မူ... တပည့်သစ်များတွင် ကျင့်ကြံခြင်း အခြေခံ ရှိနေခြင်းက ပို၍ ကောင်းမွန်ပေသည်။ အကြောင်းမူကား ထိုကဲ့သို့သော ကျင့်ကြံသူများသည် ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက်... သူ၏ ကျင့်ကြံခြင်းအဆင့် ကို သိသိသာသာ တိုးတက်လာစေရန် တိုက်ရိုက် အထောက်အကူ ပြုနိုင်သောကြောင့်ပင်။

"ဂိုဏ်းချုပ်ယဲ့ ကို ဂါရဝပြုပါတယ်ဗျာ။ ကျွန်တော်... ကျွန်တော့်နာမည်က ရှန်ယွီ ပါ၊ ဒီနှစ် အသက် ၁၈ နှစ် ပြည့်ပါပြီ။ ချီကျင့်ကြံခြင်းအဆင့် ဆဋ္ဌမအလွှာ ကို ခုလေးတင် တက်လှမ်းထားပါတယ်။ အလယ်အလတ်အဆင့် ဝိညာဉ်အမြစ် ရှိပြီး... ဝင်္ကပါ ပညာရပ်တွေကို လေ့လာရတာ ဝါသနာပါပါတယ်ဗျ"

လူငယ်လေးသည် အရှေ့သို့ ရောက်သည်နှင့် သူ့ကိုယ်သူ မိတ်ဆက်လိုက်၏။

ယဲ့ဖုန်းသည် ချက်ချင်းပင် စိတ်ဝင်စားသွားသည်။

"အိုး... မင်းက ဝင်္ကပါ ပညာရပ်တွေကို သိတယ်ပေါ့"

"ဘယ်အဆင့်လောက်အထိ လေ့လာထားပြီးပြီလဲ"

ရှန်ယွီ သည် အလျင်အမြန်ပင် လက်နှစ်ဖက်ကို ဆုပ်ကာ ဦးညွှတ်လိုက်ရင်း ဖြေကြားလိုက်၏။

"အသေးစား ဝင်္ကပါတစ်ခုကို ကိုယ်တိုင် လွတ်လွတ်လပ်လပ် တည်ဆောက်နိုင်ပါပြီဗျာ"

"မဆိုးဘူးပဲ.." ယဲ့ဖုန်း အလွန် ကျေနပ်သွား၏။

အသေးစား ဝင်္ကပါ ဆိုသည်မှာ ချီကျင့်ကြံခြင်းအဆင့် နှင့် ညီမျှလေသည်။

ပြီးပြည့်စုံသော အသေးစား သတ်ဖြတ်ခြင်း ဝင်္ကပါ တစ်ခုကို တည်ဆောက်နိုင်ခြင်းက... ချီကျင့်ကြံခြင်းအဆင့် နဝမအလွှာ ရှိ ကျင့်ကြံသူ တစ်ဦး၏ အသက်အန္တရာယ် ကိုပင် ခြိမ်းခြောက်နိုင်စွမ်း ရှိပေသည်။

ရှန်ယွီ ကဲ့သို့သော လူငယ်တစ်ဦးမှာ... ပါရမီရှင် တစ်ယောက်ဟု သတ်မှတ်၍ ရနိုင်သည် မဟုတ်ပါလား။

"ကောင်းပြီ... မင်းကို ဂိုဏ်းထဲ ဝင်ခွင့်ပြုလိုက်ပြီ" ယဲ့ဖုန်းသည် စာရင်းသွင်းခြင်း လုပ်ငန်းစဉ်ကို အလျင်အမြန် ပြီးစီးအောင် လုပ်ဆောင်လိုက်၏။

"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်.."

ရှန်ယွီ မှာ အလွန်အမင်း ဝမ်းသာသွားပြီး... သုံးကြိမ်ဆက်တိုက် ဦးညွှတ် ဂါရဝပြုပြီးနောက် ဘေးတွင် သွားရပ်နေသည်။

"နောက်တစ်ယောက်.."

ယဲ့ဖုန်းသည် တပည့် လက်ခံခြင်းကို ဆက်လက် ပြုလုပ်နေ၏။

ကံကြမ္မာ ခရမ်းရောင် ရွှေခေါင်းလောင်း များ၏ စမ်းသပ်မှုအရ... ဤလူများ အားလုံးမှာ ဂိုဏ်းသို့ ဝင်ရောက်ရန် စံနှုန်းများနှင့် ကိုက်ညီနေသည်ဟု ဆိုသော်ငြား... လူတိုင်းက တပည့် ဖြစ်လာနိုင်မည်တော့ မဟုတ်ချေ။

အဘယ်ကြောင့်ဆိုသော်... အချို့သော သူများမှာ အသက်အရွယ် ကြီးရင့်ပြီး ကျင့်ကြံခြင်းအဆင့် လည်း မြင့်မားကြသဖြင့်... သူတို့သည် ပြင်ပရေးရာ တာဝန်ခံများ အဖြစ် ဝင်ရောက်နိုင်သောကြောင့်ပင်။

ဥပမာအားဖြင့်... ယခု သူ၏ ရှေ့တွင် ရပ်နေသော လူကြီး ကဲ့သို့ပင်။

"ဂိုဏ်းချုပ်ယဲ့... ကျုပ်နာမည်က ရွှီတာ့ရှန်း လို့ ခေါ်ပါတယ်။ ဒီနှစ် အသက် ၃၈ နှစ် ပြည့်ပါပြီ။ အထက်မှာ မိဘလည်း မရှိသလို၊ အောက်မှာ သားသမီးလည်း မရှိပါဘူး။ ကိုယ့်ဝမ်းကိုယ် ကျောင်းနိုင်တော့... မိသားစု တစ်ခုလုံး ဘယ်တော့မှ ငတ်မှာ မဟုတ်ပါဘူးဗျာ။ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် တတိယအလွှာ ကို ရောက်နေပြီး... အလယ်အလတ်အဆင့် ဝိညာဉ်အမြစ် ရှိပါတယ်ဗျ"

မုတ်ဆိတ်မွေး ဖားဖားနှင့် အသက်လတ်ပိုင်း လူကြီး တစ်ယောက်က သူ၏ ရင်ဘတ်ကို ပုတ်ကာ မိတ်ဆက်လိုက်၏။

"ခင်ဗျားလို အသက်အရွယ် မျိုးက... ကံကြမ္မာ ခရမ်းရောင် ရွှေခေါင်းလောင်း ရဲ့ စမ်းသပ်မှုကို ဘယ်လိုလုပ် အောင်မြင်လာတာလဲဗျ"

"သူများ နေရာကို ဝင်လုပြီး ဝင်လာတာတော့ မဟုတ်ပါဘူးနော်"

ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးထံမှ တီးတိုး စကားသံများ ထွက်ပေါ်လာခဲ့သည်။

ယဲ့ဖုန်းသည် ရွှီတာ့ရှန်း ကို ကြည့်ကာ ရှင်းပြလိုက်၏။

"ကံကြမ္မာ ခရမ်းရောင် ရွှေခေါင်းလောင်း ရဲ့ စမ်းသပ်မှုကို အောင်မြင်တယ် ဆိုတာက... ကျုပ်တို့ မြူခိုးဂိုဏ်း နဲ့ ရေစက် ပါတယ် ဆိုတဲ့ သဘောပဲလေ။ ဒါပေမဲ့ အဲဒါက တပည့်ဖြစ်လာရမယ်လို့ တထစ်ချ မှတ်ယူလို့တော့ မရဘူး။ တာဝန်ခံ တစ်ယောက် ဒါမှမဟုတ် အကြီးအကဲ တစ်ယောက် အနေနဲ့တောင် ဝင်ရောက်လာနိုင်တာပဲ"

"အိုး…အဲဒီလို ရတယ်လား.."

"ငါ့ဘိုးဘေးကို သွားပြီး ကံကြမ္မာ ခရမ်းရောင် ရွှေခေါင်းလောင်း ကို အသာလေး သွားထိခိုင်းရမယ်.."

"ထိခိုင်းမယ် ဟုတ်လား... မင်းကလည်းကွာ၊ တခြား စကားလုံးလေး သုံးလို့ မရဘူးလား"

လူအုပ်ကြီးထဲမှ လူများစွာမှာ အပြိုင်အဆိုင် ဆွေးနွေးပြောဆိုနေကြသည်။

ကျုံးယွမ် မြို့စား ကိုယ်တိုင်ပင် အနည်းငယ် စိတ်ဝင်စားသွားခဲ့တော့၏။

ကျုံးယွမ် မြို့တော် ၏ ကြီးမားလှသော အကျိုးအမြတ်များ နှင့် တောင်ပိုင်းမင် နိုင်ငံတော် ၏ ကျင့်ကြံခြင်း အရင်းအမြစ် များကို စွန့်လွှတ်ရမည်ကိုသာ မနှမြောပါက... သူသည်လည်း ကံကြမ္မာ ခရမ်းရောင် ရွှေခေါင်းလောင်း ကို သွားရောက် ထိတွေ့ကာ မြူခိုးဂိုဏ်း သို့ ဝင်ရောက်ရန် အရည်အချင်း ပြည့်မီခြင်း ရှိမရှိ စမ်းသပ်ကြည့်ချင်စိတ် ပေါက်လာမိ၏။

မြူခိုးဂိုဏ်း တွင် အကြီးအကဲ တစ်ဦးအဖြစ် ဝင်ရောက်ရခြင်းကလည်း အတော်လေး ကောင်းမွန်သော အခွင့်အရေး တစ်ခု မဟုတ်ပါလား။

သို့သော် တောင်ပိုင်းမင် နိုင်ငံတော် တွင် သူ နေထိုင် ဖြတ်သန်းလာခဲ့သော နှစ်ပေါင်းများစွာကို ပြန်လည် တွေးတောမိသည့်အခါ... ကျုံးယွမ် မြို့စား သည် ထိုအတွေးကို ပြန်လည် ဖိနှိပ်လိုက်ရလေတော့သည်။

"ရွှီတာ့ရှန်း... ခင်ဗျားက တော်တော်လေး စွမ်းဆောင်ရည် ရှိပုံပေါ်တယ်။ ကျုပ်တို့ မြူခိုးဂိုဏ်း ရဲ့ ပြင်ပရေးရာ တာဝန်ခံ တစ်ယောက် အဖြစ် တာဝန်ယူလို့ ရပါတယ်။ ဂိုဏ်းကို ရောက်တဲ့အခါ... အပြင်စည်း ရဲ့ အကြီးအကဲ ချူယွင်အာဆီ သွားပြီး ခင်ဗျားရဲ့ တာဝန်တွေကို ခွဲဝေပေးဖို့ သွားပြောလိုက်ပါ"

ယဲ့ဖုန်းသည် သူ၏ အမည်ကို စာရင်းသွင်း စာရင်းသွင်းလိုက်ပြီးနောက် မှာကြားလိုက်၏။

"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်.." ရွှီတာ့ရှန်း မှာ အတိုင်းမသိ ဝမ်းသာသွားခဲ့တော့သည်။

မြူခိုးဂိုဏ်း သည် ကြယ်တစ်ပွင့်အဆင့် ဂိုဏ်းလေးမျှသာ ဖြစ်သော်ငြား... မူလနတ်ဘုရားအဆင့် ကျင့်ကြံသူ ယဲ့ဖုန်း ဦးဆောင်နေသရွေ့ သာမန် ကြယ်သုံးပွင့်အဆင့် အင်အားစု များထက်ပင် အများကြီး သာလွန်နေသေးသည် မဟုတ်ပါလား။ ဤဂိုဏ်းသို့ ဝင်ရောက်ခွင့် ရရှိခြင်းက သူ၏ ဘိုးဘေးများအတွက် လုံးဝကို ဂုဏ်ယူစရာ ကိစ္စရပ်တစ်ခု ဖြစ်ပေသည်။

နေ့တစ်ဝက်ခန့် ကြာပြီးနောက်...

ယဲ့ဖုန်းသည် တပည့်သစ် သုံးရာကျော်ကို လက်ခံရရှိခဲ့ပြီ ဖြစ်ရာ... သူ၏ စိတ်ထဲတွင် အလွန်အမင်း ကျေနပ်နေမိ၏။

"ကျုံးယွမ် မြို့စား ကိုယ်တိုင် မြို့တစ်ခုလုံးကို လှုံ့ဆော်ပြီး လူစုဆောင်းခိုင်းလိုက်တာ... တကယ့်ကို အကျိုးသက်ရောက်မှု အကြီးကြီးပဲ.."

ယဲ့ဖုန်းက နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်အထိ ပြုံးလျက် တိတ်ဆိတ်စွာ တွေးလိုက်မိ၏။

...

ကျုံးယွမ် မြို့တော် ၏ လမ်းမများပေါ်တွင်...

လူအများအပြားမှာ ကံကြမ္မာ ခရမ်းရောင် ရွှေခေါင်းလောင်း များ ချိတ်ဆွဲထားသော နေရာ ဆယ်ခုဆီသို့ အဆက်မပြတ် သွားရောက်နေကြပြီး... ၎င်းတို့ကို ထိတွေ့ခွင့် ရရန် တန်းစီ စောင့်ဆိုင်းနေကြ၏။

ချွင်... ချွင်... ချွင်.....

လူငယ်လေး တစ်ဦးသည် ကံကြမ္မာ ခရမ်းရောင် ရွှေခေါင်းလောင်း ကို အသာအယာ ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက်... နားထောင်လို့ ကောင်းသော အသံလေးတစ်ခု ထွက်ပေါ်လာခဲ့၏။

"ငါ ရပြီဟေ့....."

စိတ်လှုပ်ရှားလွန်းသဖြင့် ထိုလူငယ်လေးမှာ ခုန်ပေါက်ကာ အိမ်သို့ ပြေးသွားပြီး သူ၏ မိသားစုကို သတင်းကောင်း သွားရောက် ပြောပြလေတော့သည်။

"အားကျလိုက်တာဗျာ.."

ကြည့်ရှုနေသူများမှာ သူတို့၏ မျက်နှာများပေါ်တွင် အားကျမှုများ အပြည့်အဝ ထင်ဟပ်လျက် ငေးကြည့်နေမိကြ၏။

သို့သော် ထိုအောင်မြင်သွားသော လူငယ်လေး သည် လမ်းကြားလေး တစ်ခုကို ဖြတ်ကျော်သွားသည့် အခိုက်အတန့်တွင်... အနက်ရောင် ဝတ်ရုံကြီးကို ဆင်မြန်းထားသော လျှို့ဝှက်ဆန်းကြယ်သည့် ပုံရိပ်တစ်ခု နှင့် ထိပ်တိုက် တိုးမိလေတော့သည်။

ထိုသူ၏ ကိုယ်ပေါ်မှနေ၍... မည်းမှောင်နေသော အငွေ့အသက် အမျှင်လေးများ ထွက်ပေါ်နေ၏။

အေးစက်မှု၊ ကြောက်မက်ဖွယ် ကောင်းမှု နှင့် ခြောက်ခြားဖွယ်ရာ ခံစားချက်များ...။

"ခင်ဗျား... ဘယ်သူလဲ"

လူငယ်လေးမှာ ခြေလှမ်းများ ရပ်တန့်သွားပြီး... သူ၏ အကြည့်များမှာ စူးရှသွားခဲ့၏။

"မင်းကို သတ်မယ့်သူလေ.."

လျှို့ဝှက်ဆန်းကြယ်သော ဝတ်ရုံရှင် သည် ရုတ်တရက် အစွမ်းထက်လှသော အရှိန်အဝါ တစ်ခုကို ထုတ်လွှတ်လိုက်ရာ... မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုလူငယ်လေးကို အပြတ်အသတ် ဖိနှိပ်ပစ်လိုက်လေတော့သည်။

ထို့နောက် ထိုပုံရိပ်ကြီးမှာ မရေမတွက်နိုင်သော အမည်းရောင် မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး... လူငယ်လေး၏ ပါးစပ်၊ မျက်လုံး နှင့် နား များအတွင်းသို့ အတင်းအဓမ္မ ထိုးဖောက် ဝင်ရောက်သွားခဲ့လေတော့သည်။

"အား....."

လူငယ်လေးမှာ နာကျင်စွာဖြင့် အော်ဟစ်လိုက်၏။

သို့သော် ထိုနေရာ တစ်ဝိုက်မှာ ထူထပ်လှသော မြူခိုးများဖြင့် ဖုံးလွှမ်းခံထားရသဖြင့်... သူ၏ အသံမှာ အပြင်သို့ ထွက်မလာနိုင်ခဲ့ဘဲ ဤအဖြစ်အပျက်ကို မည်သူမျှ မသိရှိလိုက်ကြချေ။

ခဏအကြာတွင်...

ထိုလူငယ်လေး သည် မြေပြင်ပေါ်မှ ပြန်လည် ထလာခဲ့၏။

သူသည် သူ၏ လည်ပင်းကို တစ်ချက် လှည့်လိုက်ရာ အရိုးအဆစ် မြည်သံများ ထွက်ပေါ်လာပြီး... သူ၏ မျက်ဝန်းများတွင် ထူးဆန်းသော အလင်းရောင် တစ်ခု လျှပ်တပြက် ဖြတ်ပြေးသွားခဲ့၏။ ထို့နောက် သူသည် လမ်းကြောင်း ပြောင်းကာ ဟောင်းနွမ်းနေသော ဘုရားကျောင်း တစ်ခု အတွင်းသို့ ဝင်ရောက်သွားလေတော့သည်။

"ခန္ဓာကိုယ် ဝင်စားတာ အောင်မြင်ပြီလား"

ဘုရားကျောင်း အတွင်းမှနေ၍... အေးစက်လှသော မိန်းကလေး အသံတစ်သံ ထွက်ပေါ်လာခဲ့၏။

"ပြီးသွားပြီ" ထိုလူငယ်လေး က ခေါင်းညိတ်လိုက်၏။

သူ၏ အသံမှာ မိန်းကလေး တစ်ဦး၏ အသံကဲ့သို့ စူးရှနေသော်လည်း... မကြာမီမှာပင် သူ၏ မူလအသံ အတိုင်း ပြန်လည် ပြောင်းလဲသွားခဲ့၏။

"အစီအစဉ်အတိုင်း ဆက်လုပ်တော့.."

"ဟုတ်ကဲ့ပါ"

ထိုလူငယ်လေး သည် ဘုရားကျောင်း အတွင်းမှ ထွက်ခွာလာခဲ့၏။

သူသည် မြို့လယ် ရင်ပြင်သို့ ပြန်လည် ရောက်ရှိလာပြီး... လက်ကို ဆန့်ထုတ်ကာ ကံကြမ္မာ ခရမ်းရောင် ရွှေခေါင်းလောင်း ကို နောက်တစ်ကြိမ် ထပ်မံ ထိတွေ့လိုက်၏။ ခေါင်းလောင်းလေး မှ "ချွင်" ဟူသော အသံလေး ထွက်ပေါ်လာသည့် အခါမှသာ... သူသည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်လေတော့သည်။

ထို့နောက် ထိုလူငယ်လေး သည် လူအုပ်ကြီးထဲသို့ ရောနှောဝင်ရောက်သွားပြီး မြို့စားအိမ်တော် ဆီသို့ ဦးတည် သွားရောက်လေတော့သည်။

မွန်းလွဲပိုင်း အချိန်ဝယ်...

ယဲ့ဖုန်းသည် ခေတ္တမျှ အနားယူပြီးနောက်... မြို့စားအိမ်တော် ၏ ပင်မ ခန်းမဆောင် အတွင်းသို့ ပြန်လည် ဝင်ရောက်လာခဲ့၏။ သူ၏ အနောက်တွင် တန်းစီ စောင့်ဆိုင်းနေကြသော လူရာပေါင်းများစွာကို ကြည့်ရင်း... သူ အလွန်အမင်း ကျေနပ် အားရနေမိ၏။

ဒီတစ်ခေါက် ကျုံးယွမ် မြို့တော် တစ်ခုတည်းကနေ လူရာပေါင်းများစွာကို စုဆောင်းနိုင်ခဲ့ပြီး... လုပ်ငန်းစဉ်ကလည်း အတော်လေး မြန်ဆန် ချောမွေ့ခဲ့သည် မဟုတ်ပါလား။

တပည့်သစ် စုဆောင်းခြင်း ကို ဆက်လက် ပြုလုပ်နေ၏။

"ဝိညာဉ်ဝါးမြို မျိုးနွယ်စု.."

ထိုအခိုက်အတန့်တွင် ယဲ့ဖုန်းသည် သူ၏ ရှေ့၌ လာရပ်သော လူငယ်လေးကို ကြည့်လိုက်ရာ... ထိုအချက်အလက်များက သူ၏ ခေါင်းထဲသို့ ရုတ်တရက် ပေါ်ထွက်လာခဲ့၏။

သူသည် ထိုးထွင်းသိမြင်ခြင်း မျက်လုံး ကို အချိန်တိုင်း ဖွင့်ထားဆဲ ဖြစ်၏။

ထို့ကြောင့်ပင်... အသွင်ယူ ဝင်ရောက်လာသူများ အနေဖြင့် သူ၏ မျက်စိအောက်တွင် ပုန်းအောင်းရန် နေရာ လုံးဝ မရှိတော့ချေ။

"မင်းနာမည် ဘယ်လိုခေါ်လဲ"

ယဲ့ဖုန်းသည် တစ်ဖက်လူကို ချက်ချင်း ဖော်ထုတ်ခြင်း မပြုသေးဘဲ... ထို အသွင်ယူသူကို ဂိုဏ်းအတွင်းသို့ ဝင်ရောက်ခွင့် ပြုရန် ဆုံးဖြတ်လိုက်၏။ ထိုမှတစ်ဆင့် ခြေရာခံ လိုက်လံ စုံစမ်းပြီး ဤဧည့်သည်၏ ရည်ရွယ်ချက် အမှန်ကို ဖော်ထုတ်ရန် ရည်ရွယ်ထားခြင်းပင်။

"ကျွန်တော့်နာမည်က ဝမ်ရွှမ်ဖင်းလို့ ခေါ်ပါတယ်ဗျာ။ အလယ်အလတ်အဆင့် ဝိညာဉ်အမြစ် ရှိပြီး... ချီကျင့်ကြံခြင်းအဆင့် သတ္တမအလွှာ ကို ရောက်နေပါတယ်။ သာမန် မိသားစု တစ်ခုက ဆင်းသက်လာတာပါ"

ဝမ်ရွှမ်ဖင်း သည် ဦးညွှတ်ကာ ရိုသေစွာ ဖြေကြားလိုက်၏။

သူ ခေါင်းငုံ့လိုက်သည့် အခိုက်အတန့်လေးတွင်... သူ၏ မျက်ဝန်းများ၌ အထင်သေး လှောင်ပြောင်လိုသော အရိပ်အယောင် တစ်ခု လျှပ်တပြက် ဖြတ်ပြေးသွားခဲ့သည်။

‘မူလနတ်ဘုရားအဆင့် မဟာတန်ခိုးရှင် ယဲ့ဖုန်း ဟုတ်လား...

ဟက်.. ဘာအရေးစိုက်စရာ ရှိလို့လဲ။ ငါ အသွင်ယူပြီး ဝင်လာတဲ့ အစီအစဉ်ကို မင်းတောင် မရိပ်မိဘူးလေ။ ငါ မြူခိုးဂိုဏ်း ထဲကို ရောက်တာနဲ့... သေချာပေါက် ပြဿနာတွေ အကြီးအကျယ် ရှာပြဦးမယ်..’

ခေါင်းကို ပြန်မော့လာသည့်အခါတွင်မူ ဝမ်ရွှမ်ဖင်း ၏ အကြည့်များမှာ လွန်စွာ ရိုသေလေးစားနေသည့်ဟန် ပေါက်နေပြန်၏။

အပေါ်ယံ ကြည့်မည်ဆိုပါက... မည်သူကမျှ သူ၏ အမူအရာတွင် တစ်စုံတစ်ရာ မှားယွင်းနေကြောင်းကို ရိပ်မိနိုင်မည် မဟုတ်ချေ။

"အင်း... မဆိုးဘူးပဲ။ ငါတို့ မြူခိုးဂိုဏ်း ထဲ ဝင်ရောက်ခွင့် ရသွားတဲ့အတွက် ဂုဏ်ပြုပါတယ်ကွာ"

ယဲ့ဖုန်းသည် ဘာမှ မသိသည့်ဟန် ဟန်ဆောင်ကာ ဝမ်ရွှမ်ဖင်း ၏ အချက်အလက်များကို စာအုပ်ထဲတွင် မှတ်တမ်းတင်လိုက်၏။

သူ၏ ခေါင်းထဲတွင် စနစ် ထံမှ အသိပေးသံ ထွက်မလာခဲ့ချေ။

အကယ်၍ သူသည် သာမန် တပည့် တစ်ဦးကို လက်ခံလိုက်မည် ဆိုပါက... ဂိုဏ်းချုပ်တံဆိပ်တုံး နှိပ်လိုက်သည်နှင့် တစ်ပြိုင်နက် စနစ် က တပည့်သစ်၏ အချက်အလက်များကို ချက်ချင်း အသိပေး ကြေညာလေ့ ရှိသည် မဟုတ်ပါလား။

သို့သော် ယခု တစ်ကြိမ်တွင်မူ မည်သည့် အသိပေးချက်မျှ မရှိခဲ့ချေ။

ထိုအချက်က "ဝမ်ရွှမ်ဖင်း" တွင် အမှန်တကယ်ပင် ပြဿနာ ရှိနေကြောင်းကို ထပ်မံ အတည်ပြုလိုက်ခြင်းပင် ဖြစ်လေတော့သည်။

မကြာမီမှာပင် ဝမ်ရွှမ်ဖင်း သည် ခန်းမပြင်ပသို့ ထွက်လာခဲ့ပြီး... ရှန်ယွီ၊ ရွှီတာ့ရှန်း နှင့် အခြားသော ကျင့်ကြံသူများ အကြားတွင် ရပ်ကာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေ၏။

အပေါ်ယံ ကြည့်မည်ဆိုပါက ဝမ်ရွှမ်ဖင်း မှာ သာမန် လူတစ်ယောက်နှင့် ဘာမှ မကွာခြားလှသော်ငြား... အခြားသူများ သတိမထားမိသည့် အချိန်လေးကို အမိအရ ယူကာ... သူသည် သတင်းပို့ စက္ကူကြိုးကြာရုပ် တစ်ခုကို အလျင်အမြန် ထုတ်ယူပြီး လေထဲသို့ လွှတ်တင်လိုက်လေတော့သည်။

ဟောင်းနွမ်းနေသော ထိုဘုရားကျောင်းလေး အတွင်းဝယ်...

စက္ကူကြိုးကြာရုပ် လေးကို ဖြူဖွေးသွယ်လျသော လက်ကလေး တစ်ဖက်က ဖမ်းယူလိုက်၏။

"ကောင်းတယ်... အသွင်ယူ ဝင်ရောက်မယ့် အစီအစဉ်တော့ အောင်မြင်သွားပြီပဲ..”

All Chapters