အခန်း (၄၉၃-၄၉၅)
Vol. 33 Ch. 493-495
အခန်း (၄၉၃) လျှို့ဝှက်ဆန်းကြယ်သော မိန်းကလေး၊ စက္ကူယပ်တောင် သခင်လေး ၏ အကြံပြုချက်
~အချိန်များ လျင်မြန်စွာ ကုန်လွန်သွားခဲ့ပြီး... မျက်စိတစ်မှိတ် အတွင်းမှာပင် သုံးရက်တာ ကာလ လွန်မြောက်သွားခဲ့တော့၏။
ယဲ့ဖုန်းသည် ကျုံးယွမ် မြို့တော် သို့ လာရောက်ခဲ့သော သူ၏ ခရီးစဉ်ကို အဆုံးသတ်လိုက်သည်။
ဤတစ်ကြိမ်တွင် သူသည် တပည့်သစ် စုစုပေါင်း ခြောက်ရာကျော် နှင့် ပြင်ပရေးရာ တာဝန်ခံ သုံးဆယ်ကျော် ကို စုဆောင်းနိုင်ခဲ့၏။
သူတို့ အားလုံး ပေါင်းစပ်လိုက်မည် ဆိုပါက... ယဲ့ဖုန်းအတွက် ဝိညာဉ်ပင်လယ်အဆင့် သို့ ခုလေးတင် တက်လှမ်းထားသော ကျင့်ကြံသူ တစ်ဦးနှင့် ညီမျှသည့် စွမ်းအား တိုးတက်မှုကို ရရှိစေနိုင်ပေသည်။
"ဒီလောက် စွမ်းအား တိုးတက်မှု အတိုင်းအတာ လေးကတော့... လိုအပ်နေသေးတယ်"
ယဲ့ဖုန်းသည် လုံးဝ မကျေမနပ် ဖြစ်နေလျက် တိတ်ဆိတ်စွာ တွေးလိုက်မိ၏။
အကယ်၍ သူသည် ဝိညာဉ်ပင်လယ်အဆင့် သို့မဟုတ် မူလနတ်ဘုရားအဆင့်ရှိ အစွမ်းထက် ကျင့်ကြံသူများကိုသာ တပည့်အဖြစ် စုဆောင်းနိုင်မည် ဆိုပါက... သူ၏ စွမ်းအားများမှာ အချိန်တိုတို အတွင်းမှာပင် ကောင်းကင်သို့ ထိုးတက်သွားသကဲ့သို့ တဟုန်ထိုး မြင့်တက်လာမည် မဟုတ်ပါလား။
သို့သော်ငြား... တပည့်များ စုဆောင်းခြင်း ဆိုသည်မှာ ရင်းနှီးမြှုပ်နှံမှု တစ်ခုပင် ဖြစ်သည်။
တပည့်များ ဆိုသည်မှာ အလားအလာ ကောင်းသော စတော့ရှယ်ယာများနှင့် တူ၏။
သူတို့သည် လျင်မြန်စွာ အဆင့်ချိုးဖြတ်နိုင်ကြပြီး... ယဲ့ဖုန်း၏ စွမ်းအား ကန့်သတ်ချက်များကို အဆက်မပြတ် တွန်းတင်ပေးနိုင်စွမ်း ရှိကြပေသည်။ သေချာသည်မှာ... ဤလုပ်ငန်းစဉ်၏ အားနည်းချက်က အနည်းငယ် နှေးကွေးလွန်းနေခြင်းပင်။
"လောလောဆယ်တော့ ဒီလောက်နဲ့ပဲ ကျေနပ်ထားလိုက်ပါတော့မယ်လေ.."
ယဲ့ဖုန်းသည် သေချာ စဉ်းစားကြည့်ပြီးနောက်... လက်ရှိ ကျင့်ကြံခြင်း အဆင့်ချိုးဖြတ်မှု အရှိန်အဟုန်ကို ထိန်းသိမ်းထားနိုင်ခြင်းကလည်း သိပ်တော့ မဆိုးလှဟု ခံစားလိုက်ရသည်။
မည်သို့ပင်ဆိုစေကာမူ... သူသည် မူလချီ အရင်းအမြစ် ကို အသုံးပြု၍ ဖုံးကွယ်ထားသော စွမ်းအားများကို ဖွင့်ချလိုက်နိုင်ပြီး... သူ၏ စွမ်းအားများကို အံ့မခန်း မြင့်တက်သွားစေနိုင်သည် မဟုတ်ပါလား။ မူလချီ အရင်းအမြစ် မှ ပေးစွမ်းသော ဆယ်ဆ မြှင့်တင်မှုစွမ်းအား ကို အသုံးမပြုလျှင်ပင်... သူသည် သတ္တမအလွှာ မူလနတ်ဘုရားအဆင့် ၏ ကျင့်ကြံခြင်း စွမ်းအားများကို အပြည့်အဝ ထုတ်ဖော် ပြသနိုင်စွမ်း ရှိနေတော့၏။
အကယ်၍ ထို ဆယ်ဆ မြှင့်တင်မှုစွမ်းအား ကိုပါ အသုံးပြုလိုက်မည် ဆိုပါက... သူ၏ ကိုယ်ပိုင် စွမ်းအားများမှာ မူလနတ်ဘုရား တပိုင်းအဆင့် သို့ပင် ရောက်ရှိသွားမည် ဖြစ်သည်။
ထိုအချိန်ကျလျှင်... ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ရှိ ဧကရာဇ် များစွာနှင့် ရင်ဆိုင်ရလျှင်တောင်မှ... "ကောင်းကင်ယံသို့ ခြေလှမ်းခုနစ်လှမ်း" ကို ထုတ်ဖော်လိုက်သည်နှင့် ယဲ့ဖုန်းမှာ လုံးဝ နောက်ကောက်ကျ ကျန်ရစ်မည် မဟုတ်ချေ။
"ကျုံးယွမ် မြို့စား... ခင်ဗျားရဲ့ ဧည့်ဝတ်ကျေပွန်မှု အတွက် ကျေးဇူးတင်ပါတယ်ဗျာ။ ဂိုဏ်းချုပ် တစ်ယောက် အနေနဲ့ ကျွန်တော် တပည့် ရာပေါင်းများစွာကို လက်ခံရရှိခဲ့ပြီ ဆိုတော့... အချိန်လည်း တန်ပြီမို့ မြူခိုးဂိုဏ်း ကို ပြန်ဖို့ ပြင်ဆင်ရတော့မယ်"
"ဂိုဏ်းချုပ်ယဲ့ ရဲ့ ခရီးစဉ် တစ်လျှောက်လုံး အန္တရာယ်ကင်းပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ"
ကျုံးယွမ် မြို့စား သည် ပြုံးရွှင်သော မျက်နှာထားဖြင့် ပြန်လည် နှုတ်ဆက်လိုက်၏။
သူသည် ယဲ့ဖုန်းက အမည်စာရင်းသွင်း တပည့်များ အဖြစ် လက်ခံခဲ့သော လူငယ် ကျင့်ကြံသူ ရာပေါင်းများစွာကို တစ်ချက် ဝေ့ကြည့်လိုက်ရာ... သူနှင့် ရင်းနှီးကျွမ်းဝင်သော လူငယ် မျက်နှာ ဒါဇင်ပေါင်းများစွာ ပါဝင်နေသည်ကို တွေ့ရှိလိုက်ရသည်။
သူတို့သည် သူ၏ မိသားစုမှ ဆင်းသက်လာသော မျိုးဆက်များပင် ဖြစ်ကြ၏။
ထိုသူများမှာလည်း မြူခိုးဂိုဏ်း သို့ ဝင်ရောက်ရန် စံနှုန်းများနှင့် ကိုက်ညီခဲ့ကြသည် မဟုတ်ပါလား။
ဤအချက်အတွက် ကျုံးယွမ် မြို့စား မှာ အလွန်အမင်း စိတ်သက်သာရာ ရသွားခဲ့၏။
ယခုအခါ သူတို့၏ မိသားစုမှ မျိုးဆက်များလည်း မြူခိုးဂိုဏ်း တွင် အခိုင်အမာ နေရာရသွားခဲ့ပြီလေ..။
ကောင်းကင်ယံ ထက်ဝယ်။
ယဲ့ဖုန်းသည် တပည့်များနှင့် တာဝန်ခံ ရာပေါင်းများစွာကို ဝိညာဉ်မြွေ ယာဉ်ပျံ ပေါ်သို့ တင်ဆောင်လိုက်သည်။ ထို့နောက်၊... သူရဲကောင်း ဝိညာဉ်စွမ်းအား များကို အသုံးပြု၍ ယာဉ်ပျံကြီးအား အရှိန်ပြင်းစွာဖြင့် ရှေ့သို့ မောင်းနှင်သွား၏။
မကြာမီမှာပင်... သူတို့သည် ကျုံးယွမ် မြို့တော် ရှိ လူတိုင်း၏ အမြင်အာရုံမှ လုံးဝ ပျောက်ကွယ်သွားခဲ့လေတော့သည်။
*
မြေပြင်ပေါ်ဝယ်၊
ဟောင်းနွမ်းနေသော ဘုရားကျောင်းလေး အတွင်းမှ နေ၍...
ကြောက်မက်ဖွယ် ကောင်းသော ပုံရိပ် တစ်ခု ထွက်ပေါ်လာခဲ့၏။
ယဲ့ဖုန်း ထွက်ခွာသွားသော အရပ်ဆီသို့ ငေးကြည့်ရင်း... ထိုမိန်းကလေး၏ နှုတ်ခမ်းနီနီလေးများမှာ မသိမသာ တွန့်ကွေးသွားခဲ့တော့သည်။
"မဆိုးဘူးပဲ... နောက်ဆုံးတော့ မြူခိုးဂိုဏ်း ထဲကို သူလျှို တစ်ယောက် အောင်မြင်စွာ ထည့်သွင်းနိုင်ခဲ့ပြီ။ ဒါဆိုရင်... မြူခိုးဂိုဏ်း နဲ့ ဧကရာဇ် ပေဟယ် တို့ ကြားက ဆက်ဆံရေး ကို သေသေချာချာ စုံစမ်း ဖော်ထုတ်လို့ ရပြီပေါ့"
ဧကရာဇ် ပေဟယ် ၏ နာမည်ကို တိုင်တည်လိုက်သည့် အခိုက်အတန့်လေးတွင်... ထိုမိန်းကလေး၏ မျက်ဝန်းများ၌ အေးစက်သော အလင်းတန်း တစ်ခု လျှပ်တပြက် ဖြတ်ပြေးသွားခဲ့လေတော့သည်။
...
ယဲ့ဖုန်းသည် တပည့်များကို ဦးဆောင်ကာ.. ပေ့လျန် မြို့တော် ဆီသို့ ဦးတည် ပျံသန်းနေ၏။
ခရီးစဉ် တစ်လျှောက်တွင် သူသည် သူ့ဘေးနား၌ ရပ်နေသော ဝိညာဉ်ဝါးမြို မျိုးနွယ်စု မှ သူလျှို ဝမ်ရွှမ်ဖင်း ၏ ပခုံးကို အသာအယာ ပုတ်လိုက်ရင်း ချီးကျူးလိုက်သည်။
"မင်းက တော်တော်လေး မဆိုးပါဘူး လူငယ်လေး... ရုပ်ရည်သန့်သန့်၊ ပါရမီကောင်းကောင်း နဲ့ ကျင့်ကြံခြင်း အခြေခံကလည်း အတော်လေး ခိုင်မာတယ်။ မင်းမှာ အလားအလာ ကောင်းတွေ အများကြီး ရှိတယ်"
"ဂိုဏ်းချုပ် က မြှောက်စားလွန်းနေပါပြီဗျာ"
ဝမ်ရွှမ်ဖင်း သည် အလွန်အမင်း ဝမ်းသာပီတိ ဖြစ်သွားသယောင် ဟန်ဆောင်ကာ နှိမ့်ချစွာ ဖြေကြားလိုက်သော်ငြား... သူ၏ ရင်ထဲတွင်မူ ယဲ့ဖုန်း၏ အာရုံစိုက်မှုကို ရရှိသွားပြီဟု ထင်မှတ်ကာ အလွန်အမင်း ကျေနပ်နေမိ၏။
ဤသို့ဖြင့် သူ၏ သူလျှို လုပ်ငန်းစဉ်များမှာ သေချာပေါက် ပိုမို ချောမွေ့သွားမည် မဟုတ်ပါလား။
သို့သော် ယဲ့ဖုန်းက သူ၏ ပခုံးကို ပုတ်လိုက်သည့် အခိုက်အတန့်လေးတွင်... လေဓာတ် ဝိညာဉ်စွမ်းအင် တစ်မျှင် ကို သူ၏ ကိုယ်တွင်းသို့ တိတ်တဆိတ် ထည့်သွင်း စိုက်ပျိုးလိုက်ကြောင်းကိုမူ ဝမ်ရွှမ်ဖင်း လုံးဝ သတိမထားမိခဲ့ချေ။
...
ပေ့လျန် မြို့တော်။
ယဲ့ဖုန်း ရောက်ရှိလာသောအခါ... ရွှီတာ့လေ့၊ မူစီစီ နှင့် အခြားသော အစောဆုံး ဒုတိယမျိုးဆက် တပည့် များမှာ မြို့စားအိမ်တော် တွင် စောင့်ဆိုင်းနေကြသည်ကို တွေ့လိုက်ရသည်။
"ဂိုဏ်းချုပ်... ပြန်ရောက်လာပြီပဲ.."
"ဘိုးဘေး ပူဇော်ပွဲ အခမ်းအနား တွေလည်း ခုလေးတင် ပြီးသွားပါပြီ... ကျွန်တော်တို့ ဂိုဏ်းကို ပြန်ဖို့ စတင် ထွက်ခွာလို့ ရပါပြီ"
ရွှီတာ့လေ့ နှင့် မူစီစီ တို့က တစ်ယောက်ပြီး တစ်ယောက် သတင်းပို့လိုက်ကြ၏။
ထို့နောက် သူတို့သည် ဝိညာဉ်မြွေ ယာဉ်ပျံ ပေါ်ရှိ လူရာပေါင်းများစွာကို ကြည့်ကာ အနည်းငယ် အံ့အားသင့်သွားကြရသည်။
"ဒါတွေက ငါ အခုလေးတင် အသစ် စုဆောင်းလာခဲ့တဲ့ တပည့်သစ် တွေနဲ့ တာဝန်ခံ တွေပဲ... ပြီးတော့ ဒီဘက်က သူတွေက အစောဆုံး ဒုတိယမျိုးဆက် တပည့် တွေ ဖြစ်ပြီး... ဒီနှစ်ယောက်ကတော့ မူစီစီ နဲ့ ရွှီတာ့လေ့ လို့ ခေါ်တယ်"
ယဲ့ဖုန်းသည် နှစ်ဖက်စလုံးကို အချင်းချင်း မိတ်ဆက်ပေးလိုက်၏။
"ဂါရဝပြုပါတယ် စီနီယာအစ်ကို.."
"ဂါရဝပြုပါတယ် စီနီယာအစ်မ.."
"မင်္ဂလာပါ ၊ ဂျူနီယာ ညီမလေး တွေနဲ့ ညီလေး တွေ.."
နှစ်ဖက်စလုံးမှ အချင်းချင်း နှုတ်ဆက်ကာ ခေါင်းညိတ် အသိအမှတ်ပြုလိုက်ကြပြီး... ယေဘုယျ လေထုမှာ အတော်လေး သဟဇာတ ဖြစ်နေကာ မည်သည့် အနေရခက်သော အခြေအနေမျိုးမျှ မပေါ်ပေါက်ခဲ့ချေ။
"ကောင်းပြီ... အားလုံး ပြန်ကြစို့.."
ယဲ့ဖုန်းသည် အချိန် ထပ်မဆွဲလိုတော့ချေ။
ရက်အနည်းငယ် အကြာတွင် သူသည် ကြယ်အဆင့် တိုးမြှင့်ခြင်း အခမ်းအနား သို့ တက်ရောက်ရန် နန်းမြို့တော်သို့ သွားရမည် ဖြစ်ရာ... လိုအပ်သော ကိစ္စရပ်များကို ကြိုတင် စီစဉ်နိုင်ရန်အတွက် ဂိုဏ်းသို့ အစောတလျင် ပြန်ရန် လိုအပ်နေသည် မဟုတ်ပါလော။
...
တောင်ပိုင်းမြစ်ဝှမ်း ဒေသ။
သီးသန့်ခွဲထွက်နေသော တောင်ကြားတစ်ခု အတွင်းဝယ်။
စက္ကူယပ်တောင် သခင်လေး သည် သူ၏ အိတ်ကပ်ထဲမှနေ၍... နွယ်ပင်များ ရစ်ပတ်နေသော ဧရာမ လက်ညှိုးပြတ် ကြီးတစ်ခုကို ထုတ်ယူလိုက်ပြီး သူ ခုလေးတင် ရေးဆွဲပြီးစီးခဲ့သော အစီအရင် ပေါ်သို့ ပစ်တင်လိုက်သည်။
"စီကာ လာ ဒါအိုစီ..."
စက္ကူယပ်တောင် သခင်လေး သည် မန္တန်တစ်ခုကို စတင် ရွတ်ဆိုလေတော့သည်။
ထိုအခိုက်အတန့်၌၊ အစီအရင် ပေါ်ရှိ လက်ညှိုးပြတ် ကြီးမှာ စတင် ပြိုကွဲသွားပြီး... အလင်းတံခါး တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့၏။ ၎င်း၏ အတွင်းမှနေ၍ ခြောက်ခြားဖွယ်ကောင်းသော အသိစိတ်ဝိညာဉ် တစ်မျှင် လွင့်မျော ထွက်ပေါ်လာခဲ့ပြီး... လေထဲတွင် စွမ်းအားများကို စုစည်းကာ မီးခိုးရောင်နွယ်ပင် နတ်သမီး ၏ ကိုယ်ပွားတစ်ခု အဖြစ်သို့ ပုံပေါ်လာခဲ့လေတော့သည်။
"ဟီး ဟီး ဟီး....."
"နောက်ဆုံးတော့ အောင်မြင်သွားပြီပဲ.."
မီးခိုးရောင်နွယ်ပင် နတ်သမီး ၏ ကိုယ်ပွားသည် ခေါင်းငုံ့ကာ စက္ကူယပ်တောင် သခင်လေး ကို ကြည့်လိုက်ရာ... သူ၏ ကိုယ်ပေါ်မှ ရှေ့ဖြစ်ဟော မျိုးနွယ်စု ၏ အရှိန်အဝါများကို အာရုံခံမိလိုက်သဖြင့် သူမ၏ မျက်ဝန်းအိမ်များမှာ ရုတ်တရက် ကျုံ့ဝင်သွားခဲ့ရ၏။
"ရှေ့ဖြစ်ဟော မျိုးနွယ်စု ပါလား.."
"မှန်တာပေါ့.."
စက္ကူယပ်တောင် သခင်လေး သည် ယပ်တောင်ကို အသာအယာ ဝှေ့ယမ်းလိုက်ရင်း ပြောလိုက်သည်။
"ဒီ လက်ညှိုးပြတ် ကြီးကို ခရိုင်ဘုရင်မြို့တော် အနီးက ရေကန်ဘေးမှာ ငါ ရှာတွေ့ခဲ့တာ။ ငါ့ရဲ့ လျှို့ဝှက်နည်းစနစ် ကို သုံးပြီး မင်းကို ဒီကို ဆင့်ခေါ်လိုက်တာပဲ"
"မင်း ဘာလိုချင်လို့လဲ" မီးခိုးရောင်နွယ်ပင် နတ်သမီး ၏ ကိုယ်ပွားက မေးလိုက်၏။
ရှေ့ဖြစ်ဟော မျိုးနွယ်စု ဆိုသည်မှာ ကြယ်တာရာ ဟင်းလင်းပြင်တွင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အင်အားစုကြီး တစ်ခု ဖြစ်ပေသည်။
မီးခိုးရောင်နွယ်ပင် နတ်သမီး သည် အစပထမတွင် စက္ကူယပ်တောင် သခင်လေး ကို သူမ၏ ကျွန်အဖြစ် ဖမ်းဆီးရန် ရည်ရွယ်ထားခဲ့သော်ငြား... ယခုအခါ သူ၏ ဇာစ်မြစ်ကို သိရှိသွားပြီ ဖြစ်ရာ ခေါင်းငုံ့ အညံ့ခံရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။
သူမ၏ ကိုယ်ခန္ဓာ အစစ်ကြီး ကိုယ်တိုင် ရောက်ရှိနေလျှင်တောင်မှ... စက္ကူယပ်တောင် သခင်လေး ကို ထိခိုက်အောင် လုပ်ရန် လုံးဝ ဝံ့ရဲမည် မဟုတ်ပေ။
အကြောင်းမူကား သူသည် ရှေ့ဖြစ်ဟော မျိုးနွယ်စု တစ်ခုလုံးကို ကိုယ်စားပြုနေသောကြောင့်ပင်။
မီးခိုးရောင်နွယ်ပင် နတ်သမီး ၏ အသိစိတ်ဝိညာဉ် သည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ... အနီးအနားတွင် ရပ်နေသော ကျူးယောင်ဖူ နှင့် ရှောင်ဖန်ကူ တို့ကိုပါ သတိပြုမိသွားသည်။ ကျူးယောင်ဖူ ထံမှ နေ၍ ရှေ့ဖြစ်ဟော မျိုးနွယ်စု ၏ အမွေအနှစ် အရှိန်အဝါကို သူမ အာရုံခံမိလိုက်၏။
သို့သော် ၎င်းမှာ အမွေအနှစ် သက်သက်မျှသာ ဖြစ်သည်။
စက္ကူယပ်တောင် သခင်လေး မှာမူ လုံးဝ ခြားနားပေသည်။ သူသည် ကြယ်တာရာ ဟင်းလင်းပြင် ၏ အစွမ်းထက် မျိုးနွယ်စုများမှ ဆင်းသက်လာသော စစ်မှန်သည့် ရှေ့ဖြစ်ဟော မျိုးနွယ်စုဝင် အစစ် တစ်ဦး ဖြစ်နေသည် မဟုတ်ပါလော။
ဤကဲ့သို့သော ဖြစ်တည်မှုမျိုးကို သွားရောက် ရန်စရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သော ကိစ္စတစ်ခုပင်။
ထိုသို့ တွေးမိသည်နှင့် မီးခိုးရောင်နွယ်ပင် နတ်သမီး ၏ ကိုယ်ပွားမှာ အလွန်တရာ ရိုသေလေးစားသော အမူအရာဖြင့် ပြောင်းလဲ ဆက်ဆံလေတော့၏။
"ငါ မင်းကို ဒီကို ဆင့်ခေါ်ရတာ တခြား ရည်ရွယ်ချက် မရှိပါဘူး။ အရင်တုန်းက ခရိုင်ဘုရင်မြို့တော် ကို မင်း ဝင်မွှေသွားတာ မြင်လိုက်ရလို့... မင်းကို ကူညီချင်ရုံ သက်သက်ပါပဲ"
စက္ကူယပ်တောင် သခင်လေး သည် ယပ်တောင်ကို ဖြည်းညှင်းစွာ ဝှေ့ယမ်းရင်း ပြောလိုက်သည်။
မီးခိုးရောင်နွယ်ပင် နတ်သမီး ၏ ကိုယ်ပွားမှာ မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး -
"ဒါ... ဒါပဲလား" ဟု မေးလိုက်၏။
သူမသည် ထိုစကားကို လုံးဝ မယုံကြည်ပေ။ အခြား အကြောင်းပြချက် တစ်ခုခု သေချာပေါက် ရှိရမည် မဟုတ်ပါလား။
စက္ကူယပ်တောင် သခင်လေး သည် ယပ်တောင်ကို ဆက်လက် ဝှေ့ယမ်းနေပြီး... ခေတ္တမျှ ကြာပြီးနောက်မှ ဆိုလိုက်သည်။
"တကယ်တမ်း ပြောရရင်တော့... မြူခိုးဂိုဏ်း က ဆက်ပြီး တည်ရှိနေစရာ အကြောင်း မရှိဘူးလို့ ငါ ထင်တယ်။ ပြဿနာက... ငါ့ရဲ့ လက်ရှိ စွမ်းအားနဲ့ ဆိုရင် အဲဒီဂိုဏ်းကို အမြစ်ပြတ် ချေမှုန်းပစ်ဖို့ မလုံလောက်သေးလို့ပဲ"
ထိုစကားကို ကြားလိုက်ရသည့်အခါ မီးခိုးရောင်နွယ်ပင် နတ်သမီး သဘောပေါက်သွားခဲ့တော့၏။
"မင်းက မြူခိုးဂိုဏ်း ကို အပြတ်ရှင်းပစ်ဖို့ ငါ့ရဲ့ စွမ်းအားကို အသုံးချချင်တာပေါ့လေ"
"အတိအကျပဲ.."
စက္ကူယပ်တောင် သခင်လေး သည် ရုတ်တရက် လှည့်ကာ မီးခိုးရောင်နွယ်ပင် နတ်သမီး ကို စိုက်ကြည့်လိုက်သည်။
"မင်းက တော်တော် ဉာဏ်ကောင်းတာပဲ။ ဉာဏ်ကောင်းတဲ့ သူတစ်ယောက်နဲ့ စကားပြောရတာ တကယ့်ကို သက်တောင့်သက်သာ ရှိတယ်"
"ကံမကောင်းတာက... ငါ့ရဲ့ ကိုယ်ခန္ဓာ အစစ်ကြီး က ဒီကို တိုက်ရိုက် ဆင်းသက်လာလို့ မရသေးဘူး" မီးခိုးရောင်နွယ်ပင် နတ်သမီး မျက်မှောင်အနည်းငယ် ကြုတ်သွားခဲ့၏။
"ဘာပဲဖြစ်ဖြစ်... ငါက သွေးယဇ်ပူဇော်ခြင်း ဝင်္ကပါ ကို လိုအပ်တယ်။ ဒါပေမဲ့... ငါ သွေးယဇ်ပူဇော်ဖို့ စလိုက်တာနဲ့ တစ်ပြိုင်နက်... တစ်ယောက်ယောက်က သေချာပေါက် ဝင်ပြီး တားဆီးလိမ့်မယ်"
"ကိုယ်ခန္ဓာ အစစ်ကြီး ကို ဆင့်ခေါ်ဖို့ သွေးယဇ်ပူဇော်ခြင်း ဝင်္ကပါ လိုတယ်လို့ ဘယ်သူက ပြောလဲ" စက္ကူယပ်တောင် သခင်လေး က ပြုံးလျက် ဆိုလိုက်၏။
"မင်းဆီမှာ အကြံဉာဏ် ရှိလို့လား" မီးခိုးရောင်နွယ်ပင် နတ်သမီး အံ့အားသင့်သွားရသည်။
"နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ လေ.." စက္ကူယပ်တောင် သခင်လေး က ပြတ်သားစွာ ကြေညာလိုက်၏။
မကြာသေးမီက... လျှို့ဝှက်ဆန်းကြယ် နန်းမြို့တော် ၏ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ အကြောင်း သတင်းများ ပျံ့နှံ့နေခဲ့ပြီး... နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ကို အသုံးပြု၍ ကျောင်းယန် သန့်စင်သောမြို့တော် သို့ သွားရောက်နိုင်ကြောင်း လူတိုင်း သိရှိနေကြပြီ ဖြစ်သည်။
အချို့သော သူများမှာ ခရီးစဉ်ကိုပင် စတင်နေကြပြီပင်။
သို့သော်ငြား နေရာရွှေ့ပြောင်းရန်အတွက် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ဆယ်တုံး ကုန်ကျမှုမှာ အတော်လေး ဈေးကြီးလွန်းလှသည်မှာတော့ အမှန်ပင်။
"နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ဟုတ်လား..."
မီးခိုးရောင်နွယ်ပင် နတ်သမီး ခေတ္တမျှ တုံ့ဆိုင်းသွားရသည်။
"ဒါပေမဲ့... ငါ့ရဲ့ ကိုယ်ခန္ဓာ အစစ်ကြီး က ကြယ်တာရာ ဟင်းလင်းပြင် ထဲက နေရာတစ်ခုမှာ ရှိနေတာလေ။ အဲဒီကနေ ဒီကို နေရာရွှေ့ပြောင်းဖို့ ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး"
"မင်း လမ်းလွှဲကနေ သွားလို့ ရတာပဲ.."
စက္ကူယပ်တောင် သခင်လေး က ပြုံးလိုက်ပြီး အကြံပေးလိုက်၏။
"အစွမ်းထက်တဲ့ မဟာတန်ခိုးရှင်တွေ မရှိတဲ့ အင်အားစု တစ်ခုကို သွားပြီး... အဲဒီမှာ သွေးယဇ်ပူဇော်၊ မင်းရဲ့ ကိုယ်ခန္ဓာ အစစ်ကြီးကို ဆင့်ခေါ်... ပြီးရင် နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ကို သုံးပြီး လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် ကို ဝင်လာခဲ့လေ။ အဲဒါဆို သိပ်မကောင်းဘူးလား"
"ဟင်....."
မီးခိုးရောင်နွယ်ပင် နတ်သမီး လုံးဝ မှင်သက်သွားရတော့သည်။
ဒါက အစီအစဉ် တဲ့လား..
တကယ့်ကို ထူးဆန်းပြီး လက်တွေ့မကျတဲ့ အကြံဉာဏ်ကြီးပါလား..
သို့သော် ထိုနည်းလမ်း၏ ဖြစ်နိုင်ခြေကို သေချာ စဉ်းစားကြည့်ပြီးနောက်... မီးခိုးရောင်နွယ်ပင် နတ်သမီး သည် ဖြီးဖြီးကြီး ပြုံးလိုက်ပြီး -
"မင်းပြောတာ မှန်တယ်။ လောလောဆယ်တော့ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် နဲ့ သူ့ရဲ့ ပတ်ဝန်းကျင်မှာ သွေးယဇ်ပူဇော်ဖို့ သိပ်ပြီး မသင့်တော်သေးဘူး။ ဒါပေမဲ့... ငါက အားနည်းတဲ့ အင်အားစု တချို့ကို ရွေးပြီး ယဇ်ပူဇော်မှု စလုပ်လို့ ရတယ်။ ပြီးရင် ငါ့ရဲ့ ကိုယ်ခန္ဓာ အစစ်ကြီးကို ဒီဘက်ကို ခေါ်လာခဲ့မယ်"
"အဲဒီနောက်... မြူခိုးဂိုဏ်း ဆီကို မုန်တိုင်းလို ဝင်တိုက်ပြီး မြေကြီးနဲ့ တစ်ပြေးတည်း ဖြစ်အောင် လုပ်ပစ်မယ်"
"ဒီ အစီအစဉ်က တကယ် အလုပ်ဖြစ်တယ်ကွ.."
ထိုသို့ ပြောပြီးသည်နှင့် မီးခိုးရောင်နွယ်ပင် နတ်သမီး ၏ ကိုယ်ပွားသည် စက္ကူယပ်တောင် သခင်လေး ကို ကြည့်ကာ ကြေညာလိုက်၏။
"ကောင်းပြီလေ... ဒါဆိုရင် ငါ သွားတော့မယ်။ ငါ့ရဲ့ ကိုယ်ခန္ဓာ အစစ်ကြီး ဒီကို ရောက်လာတဲ့ နေ့ဟာ... မြူခိုးဂိုဏ်း ကို အမှုန့်ကြိတ်ပစ်မယ့် နေ့ပဲ ဖြစ်စေရမယ်.."
"သတင်းကောင်း တွေကို မျှော်လင့်နေပါ့မယ်.."
စက္ကူယပ်တောင် သခင်လေး က အပြုံးလေးတစ်ခုဖြင့် နှုတ်ဆက်လိုက်၏။
“ဝှစ်..”
မီးခိုးရောင်နွယ်ပင် နတ်သမီး ၏ ကိုယ်ပွားမှာ ကောင်းကင်ယံသို့ မျဉ်းကြောင်းတစ်ကြောင်းအလား ပျံသန်း ထွက်ခွာသွားလေတော့သည်။
အခန်း (၄၉၄) မီးခိုးရောင်နွယ်ပင် နတ်သမီး ၏ အစီအစဉ်၊ ဟေးလော့ရှား ကို ထိန်းချုပ်ခြင်း
~ဆင်းသက်လာခဲ့သည်မှာ ကိုယ်ပွားတစ်ခုမျှသာ ဖြစ်သော်ငြား... ဝိညာဉ်ပင်လယ်အဆင့် ပထမအလွှာ ၏ အစွမ်းအစများကိုတော့ ပိုင်ဆိုင်ထားဆဲပင် ဖြစ်၏။
လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် တွင်မူ... ဤကျင့်ကြံခြင်းအဆင့် မျိုးမှာ သိပ်ပြီး ပြောပလောက်စရာ မရှိလှပေ။
သို့သော်ငြား... ဝိညာဉ်ပင်လယ်အဆင့် ကျင့်ကြံသူများ အခြေစိုက် နေထိုင်ခြင်း မရှိသော သာမန် မြို့တော်များ သို့မဟုတ် အင်အားနည်းပါးသော နိုင်ငံငယ်များတွင်မူ... ဝိညာဉ်ပင်လယ်အဆင့် ကျင့်ကြံသူ တစ်ဦး၏ စွမ်းအားမှာ လူထောင်သောင်းချီကို အလွယ်တကူ တံမြက်လှည်း ရှင်းလင်းပစ်နိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
“ဝှစ်..”
မီးခိုးရောင်နွယ်ပင် နတ်သမီး ၏ ကိုယ်ပွားသည် ဆက်လက်၍ အရှေ့သို့ ပျံသန်းသွား၏။
နတ်မသိ၊ သကြားမသိ... သူမသည် တောင်ပိုင်းမြစ်ဝှမ်း ဒေသ မှ ထွက်ခွာလာခဲ့ပြီး မဖြစ်ထွန်းသော သဲကန္တာရ သို့ ရောက်ရှိလာခဲ့တော့သည်။
သူမ၏ အရှေ့တွင် ကျယ်ပြောလှသော သဲကန္တာရကြီးကို မြင်တွေ့လိုက်ရသည့်အခါ... သူမသည် ရက်စက်ယုတ်မာစွာ ရယ်လိုက်၏။
"သိပ်ကောင်းတာပဲ... ဒီနေရာလေးက တော်တော်လေး ကြည့်ကောင်းတာပဲ"
"လူသားတွေရဲ့ နယ်မြေတွေ သဲပင်လယ်ပြင်ကြီး အဖြစ် ပြောင်းလဲသွားတာကို မြင်ရတာ... ငါ တကယ်ကို သဘောကျတယ်။ ဒီခံစားချက်က တကယ့်ကို စိတ်လှုပ်ရှားဖို့ ကောင်းလွန်းတယ်.."
မီးခိုးရောင်နွယ်ပင် နတ်သမီး ၏ ကိုယ်ပွားသည် လမ်းကြောင်းကို အသေအချာ တွက်ချက်လိုက်၏။
နောက်ဆုံးတွင်မူ သူမသည် အရှေ့တောင်ဘက် အရပ်ဆီသို့ ဦးတည် ပျံသန်းသွားလေတော့သည်။
နေ့တစ်ဝက်ခန့် ကြာပြီးနောက်...
သူမသည် ယခင်က သွေးနတ်ဆိုး ခန်းမဆောင် ၏ ပင်မ အခြေစိုက်စခန်း ဖြစ်ခဲ့သော နေရာသို့ ရောက်ရှိလာခဲ့တော့၏။
ထိုနေရာရှိ ပျက်စီး ဟာလာဟင်းလင်း ဖြစ်နေသော မြင်ကွင်းကို ကြည့်ရင်း... သူမက လှောင်ပြောင်လိုက်သည်။
"တစ်ချိန်တုန်းက သွေးနတ်ဆိုး ခန်းမဆောင် ကြီးပါလား... ကြည့်ရတာ ယဲ့ဖုန်း ရဲ့ စွမ်းအားတွေက အဆင့်မြင့် မူလနတ်ဘုရားအဆင့်ကို တကယ်ပဲ ရောက်နေပြီ ထင်တယ်။ ဒါပေမဲ့... ငါ့ရဲ့ ကိုယ်ခန္ဓာ အစစ်ကြီး ဆင်းသက်လာတဲ့ အချိန်ကျရင်တော့...နင်လည်း သေရမှာပဲဟယ်.."
ထိုသို့ ပြောပြီးသည်နှင့် သူမသည် ဆက်လက် ထွက်ခွာသွား၏။
မီးခိုးရောင်နွယ်ပင် နတ်သမီး သည် ဆုံးဖြတ်ချက် တစ်ခုကို အခိုင်အမာ ချမှတ်ထားပြီး ဖြစ်သည်။
သူမသည် လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် နှင့် အနည်းဆုံး မိုင်တစ်သိန်းကျော် ကွာဝေးသော နေရာသို့ သွားရပေမည်။
ဤအကွာအဝေးမှာ... ယဲ့ဖုန်း နှင့် ရှုချန်ကျွင်း တို့ကဲ့သို့သော လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် မှ ဒေသခံ ကျင့်ကြံသူများ၏ လှုပ်ရှား သွားလာနိုင်သော နယ်ပယ်ထက် အများကြီး ကျော်လွန်နေပြီ မဟုတ်ပါလား။
ထိုနေရာတွင် သူမသည် ပိုမို လွတ်လပ်စွာ လှုပ်ရှားနိုင်လိမ့်မည် ဖြစ်ပေသည်။
"အိုး... ဒီနေရာက မဆိုးဘူးပဲ။ မိုင်ပေါင်း တစ်သောင်း ပတ်လည် အတွင်းမှာ ဝိညာဉ်ပင်လယ်အဆင့် ကျင့်ကြံသူတွေ အခြေစိုက် နေထိုင်ခြင်း မရှိတဲ့ သာမန် မြို့တော်လေးတွေပဲ ရှိတယ်"
"နန်ယွင် ပြည်နယ် ဆယ့်သုံးခု... ငါ လာပြီဟေ့.."
စကားဆုံးသည်နှင့် တစ်ပြိုင်နက်... မီးခိုးရောင်နွယ်ပင် နတ်သမီး ၏ အရှိန်မှာ ရုတ်တရက် မြင့်တက်သွားခဲ့၏။
သူမသည် ခရီးစဉ် ပန်းတိုင်ကို သေချာပေါက် ရွေးချယ်ပြီးသွားပြီ ဖြစ်၏။
နန်ယွင် ပြည်နယ် ဆယ့်သုံးခု။
၎င်းမှာ တောင်ပိုင်းမြစ်ဝှမ်း နှင့် မိုင်ရှစ်သောင်းခန့် ကွာဝေးသော လွင်ပြင်ဒေသ တစ်ခု ဖြစ်ပြီး... မိုင်ပေါင်း သောင်းချီ ပတ်လည် အတွင်း၌ ကြယ်နှစ်ပွင့်အဆင့် အင်အားစု တစ်ခုမျှပင် မရှိချေ။
ထိုနေရာတွင် သယံဇာတ အရင်းအမြစ်များ မကြွယ်ဝသလို ကျင့်ကြံသူ အရေအတွက်လည်း သိပ်မများလှသော်ငြား... သာမန် လူသားများ နေထိုင်သော နိုင်ငံကြီး တစ်ခုတော့ ရှိသည်။
ထိုနိုင်ငံအတွင်းရှိ သက်ရှိ အရေအတွက်မှာ သန်းတစ်ရာကျော် ရှိလေ၏။
အကယ်၍သာ ထိုသူများ အားလုံးကို သူမ သတ်ဖြတ်နိုင်မည် ဆိုပါက... သူမ၏ ကိုယ်ခန္ဓာ အစစ်ကြီး ကို ဆင့်ခေါ်ရန် လုံလောက်ရုံသာမက... သစ်ပင်နတ်ဆိုး အဘိုးကြီး၏ ကိုယ်ပွားကိုပင် ဆင့်ခေါ်နိုင်စွမ်း ရှိသွားမည် မဟုတ်ပါလော။..
...
တောင်ပိုင်းမြစ်ဝှမ်း ဒေသ။
ထျန်းကျီစံအိမ်။
ရှောင်ဖန်ကူ နှင့် ကျူးယောင်ဖူ တို့သည် စက္ကူယပ်တောင် သခင်လေး အား လေးစား အားကျမှုများ အပြည့်ဖြင့် ကြည့်နေကြသည်။
"စံအိမ်သခင်... ခင်ဗျားက တကယ်ကို အံ့မခန်းပဲဗျာ"
"ဟုတ်ပါ့ဗျာ.."
"မီးခိုးရောင်နွယ်ပင် နတ်သမီး ကိုတောင် ခင်ဗျားက ဖြားယောင်း သွေးဆောင်နိုင်တယ် ဆိုတော့... ကြည့်ရတာ မြူခိုးဂိုဏ်း ကို အမြစ်ပြတ် သုတ်သင်ဖို့ ကျုပ်တို့ ကိုယ်တိုင်တောင် လက်လှုပ်စရာ လိုတော့မှာ မဟုတ်ဘူး"
သူတို့ နှစ်ဦးမှာ အဆက်မပြတ် မြှောက်ပင့်နေကြ၏။
"ဒါပေမဲ့... မီးခိုးရောင်နွယ်ပင် နတ်သမီး ကိုယ်တိုင် ဒီကို လာပြီး ကျုပ်တို့ကို ပြန်တိုက်ရင်ကော ဘယ်လို လုပ်မလဲ"
ခဏအကြာတွင် ထိုအချက်ကို တွေးမိသွားသော ရှောင်ဖန်ကူမှာ အနည်းငယ် စိုးရိမ်လာသည်။
"ကိစ္စ မရှိပါဘူး.."
စက္ကူယပ်တောင် သခင်လေး သည် အခြေအနေ တစ်ရပ်လုံးကို ထိန်းချုပ်ထားနိုင်သူ တစ်ဦး၏ အမူအရာဖြင့် ပြောပြလိုက်၏။
"သစ်ပင်နတ်ဆိုး မျိုးနွယ်စု ဆိုတာ ကြယ်တာရာ ဟင်းလင်းပြင် ထဲက သာမန် မျိုးနွယ်စုလေး တစ်ခုပါကွာ။ သူတို့ကို ငါတို့ ရှေ့ဖြစ်ဟော မျိုးနွယ်စု နဲ့ ဘယ်လိုလုပ် ယှဉ်လို့ ရမှာလဲ"
သူသည် ယုံကြည်ချက်များ အပြည့်အဝ ရှိနေလေသည်။
"သူမရဲ့ ကိုယ်ခန္ဓာ အစစ်ကြီး ကိုယ်တိုင် ရောက်လာရင်တောင်... ငါတို့ကို မထိရဲပါဘူးကွာ... ကဲ... ဆက်ပြီးတော့ ပုန်းအောင်းနေကြ။ သတင်းကောင်း ကိုသာ စောင့်နေလိုက်ကြတော့"
"ဟုတ်ကဲ့ပါ.."
...
မြူခိုးဂိုဏ်း။
ထျန်းကျီစံအိမ် ဖွဲ့စည်းလိုက်ခြင်း နှင့် မီးခိုးရောင်နွယ်ပင် နတ်သမီး ၏ ကိုယ်ပွား ရောက်ရှိလာခြင်း တို့ကို ယဲ့ဖုန်း လုံးဝ မသိရှိခဲ့ချေ။
ထိုအခိုက်အတန့်တွင် သူသည် တပည့် ရာပေါင်းများစွာကို ခေါ်ဆောင်ကာ မြူခိုးဂိုဏ်း သို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်၏။
"ဒါက မြူခိုးဂိုဏ်း ပဲ"
ယဲ့ဖုန်းသည် အောက်ဘက်ရှိ သက်ဝင်လှုပ်ရှားနေပြီး ပန်းချီကား တစ်ချပ်အလား လှပနေသော မြူခိုးတောင်ထိပ် ကို လက်ညှိုးထိုးပြလျက် ပြောလိုက်သည်။
"ဒီနေ့ကစပြီး... မင်းတို့တွေ ဒီနေရာမှာ ကြိုးကြိုးစားစား ကျင့်ကြံကြရမယ်။ ကိုယ့်ရဲ့ ကန့်သတ်ချက်တွေကို ချိုးဖျက်ပြီး မဟာတန်ခိုးရှင် ကြီးတွေ ဖြစ်လာအောင် ကြိုးစားကြ"
"ဟုတ်ကဲ့ပါ.."
ဒုတိယမျိုးဆက် တပည့်သစ်များ နှင့် ပြင်ပရေးရာ တာဝန်ခံများ အားလုံး တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြ၏။
လူအုပ်ကြီး အလယ်တွင်...
ဝမ်ရွှမ်ဖင်း သည် သူ၏ ပတ်ဝန်းကျင်ကို ဂရုတစိုက် အကဲခတ်နေသည်။
မကြာမီမှာပင် သူ၏ အကြည့်များမှာ မြူခိုးတောင်ထိပ် ပေါ်တွင် ရပ်တန့်သွားခဲ့တော့၏။
"မြူခိုးဂိုဏ်း ဆိုတဲ့ နာမည်နဲ့ တကယ့်ကို လိုက်ဖက်တာပဲ... ဒီအင်အားစုမှာ ဧရာမ ဝိညာဉ်ကြော ကြီး တစ်ခု ပိုင်ဆိုင်ထားတယ် ဆိုတော့ တကယ့်ကို ခိုင်မာတဲ့ အခြေခံ အုတ်မြစ် ရှိနေတာပဲ"
"ကြည့်ရတာ ငါတို့ ဝိညာဉ်ဝါးမြို မျိုးနွယ်စု အနေနဲ့ မြူခိုးဂိုဏ်း အပေါ် သတ်မှတ်ထားတဲ့ အဆင့်ကို ထပ်ပြီး တိုးမြှင့်ဖို့ လိုအပ်နေပြီ ထင်တယ်"
ဝမ်ရွှမ်ဖင်း က စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်မိသည်။
“ဖြန်း..”
ရုတ်တရက် လက်တစ်ဖက်က ဝမ်ရွှမ်ဖင်း ၏ ပခုံးကို ဖြန်းခနဲ ပုတ်လိုက်ရာ... သူ လန့်ဖြတ်သွားပြီး ဘယ်သူလဲ ဆိုတာကို အလျင်အမြန် လှည့်ကြည့်လိုက်၏။
"မင်းနာမည် ဝမ်ရွှမ်ဖင်း လို့ ကြားတယ်။ ပါရမီ လည်း မဆိုးဘူး၊ ကျင့်ကြံခြင်း အခြေခံ လည်း ကောင်းတဲ့ ဒုတိယမျိုးဆက် တပည့်သစ် တွေထဲက တစ်ယောက်ပေါ့။ ငါက ရှီလေ့ လို့ ခေါ်တယ်... ပထမမျိုးဆက် တပည့်တွေထဲက စီနီယာအစ်ကို အကြီးဆုံး ပဲ။ ဒီနေ့ကစပြီး... မင်း ငါ့နောက်လိုက်ခဲ့၊ အုတ်သယ်ရမယ်"
ရှီလေ့ သည် ဝမ်ရွှမ်ဖင်း ၏ အရှေ့တွင် ရပ်လျက် နားရွက်တိုင်အောင် ပြုံးဖြီးနေသည်။
"ဗျာ..."
"အုတ်သယ်ရမယ် ဟုတ်လား..."
"ကျင့်ကြံရမှာ မဟုတ်ဘူးလားဗျ"
ဝမ်ရွှမ်ဖင်း မှာ လုံးဝ ဇဝေဇဝါ ဖြစ်သွားရတော့၏။
ဂိုဏ်းထဲ ဝင်ဝင်ချင်းမှာပဲ အုတ်သယ်ရမယ် ဆိုတာမျိုး တစ်ခါမှ မကြားဖူးပါဘူးကွာ..
‘ဒါက တကယ့်ကို... လွန်လွန်းတယ်..
ပြီးတော့... ငါ အုတ်သွားသယ်နေရရင် ငါ့ရဲ့ သူလျှို အစီအစဉ်က ဘယ်လိုလုပ်မလဲ..’
ဝမ်ရွှမ်ဖင်း စတင် စိုးရိမ်လာလေတော့သည်။
"အုတ်သယ်တာ လည်း ကျင့်ကြံခြင်း တစ်မျိုးပါပဲကွာ"
ရှီလေ့ က ဝမ်ရွှမ်ဖင်း ၏ ပခုံးကို ပုတ်ရင်း ပြောလိုက်၏။
"မင်းကြည့်ရတာ သန့်သန့်ပြန့်ပြန့်လေး ဆိုတော့... အရင်တုန်းက ကာယလုပ်အား ဘာမှ မလုပ်ခဲ့ဖူးတာ သေချာတယ်။ အဲဒါကြောင့် ငါနဲ့အတူ အုတ်သယ်တာက မင်းရဲ့ စိတ်ဓာတ်ကို ခိုင်မာစေပြီး... မင်းရဲ့ အလားအလာ တွေကို မြှင့်တင်ပေးနိုင်လိမ့်မယ်"
‘အုတ်သယ်တာက အလားအလာ တွေကို မြှင့်တင်ပေးနိုင်တယ် ဟုတ်လား...
ငါ့ခြေဖဝါးကိုပဲ မြှင့်တင်ပေးလိုက်..’
ဝမ်ရွှမ်ဖင်း ငိုချင်လျက် လက်မပါ ဖြစ်နေရရှာသည်။
သို့သော် သူ၏ ရှေ့တွင် ရပ်နေသူမှာ မြူခိုးဂိုဏ်း ၏ စီနီယာအစ်ကို အကြီးဆုံး ဖြစ်နေလေရာ... သူက ဘယ်လိုလုပ်ပြီး ငြင်းဆန်ရဲမည်နည်း။
နည်းနည်းလေး ငြင်းဆန်လိုက်တာနဲ့... သူ့ရဲ့ သူလျှို အစီအစဉ်ကြီး တစ်ခုလုံး သဲထဲရေသွန် ဖြစ်သွားနိုင်တယ် မဟုတ်လား။
"ဟုတ်ကဲ့ပါ... စီနီယာအစ်ကို ပြောတဲ့အတိုင်း လိုက်နာပါ့မယ်" ဝမ်ရွှမ်ဖင်း သက်ပြင်းချလိုက်၏။
"ယောကျာ်းတန်မဲ့ သက်ပြင်းချတယ် ဟုတ်လား"
ရှီလေ့ သည် ဝမ်ရွှမ်ဖင်း ၏ ရင်ဘတ်ကို အားပါတရ ပုတ်ချလိုက်သည်။
"အိုး... မင်းရဲ့ ကြွက်သားတွေက တော်တော် မဆိုးပါလား။ အုတ်သယ်သမား အသစ်လေး အတွက်တော့ အတော်ပဲ.."
ဝမ်ရွှမ်ဖင်း ၏ မျက်နှာမှာ ရင်ဘတ် အရိုက်ခံလိုက်ရသဖြင့် ရှက်သွေးဖြာသွားခဲ့၏။
ယခု ကိုယ်ခန္ဓာ အသစ်မှာ ယောက်ျား တစ်ဦး၏ ကိုယ်ခန္ဓာ ဖြစ်သော်ငြား... ဝိညာဉ် ကူးပြောင်းခြင်း မပြုလုပ်မီက သူမသည် မိန်းကလေး တစ်ဦး ဖြစ်ခဲ့သည် မဟုတ်ပါလား..
မူလ ကိုယ်ခန္ဓာ မဟုတ်လျှင်တောင်မှ... ရင်ဘတ်ကို အရိုက်ခံလိုက်ရခြင်းက ဝမ်ရွှမ်ဖင်း အနေဖြင့် အလွန်အမင်း ရွံရှာစရာ ကောင်းသော ကိစ္စတစ်ခု ဖြစ်နေသည်။
"သွားကြစို့... အုတ်သွားသယ်ကြမယ်.."
ရှီလေ့ သည် ဝမ်ရွှမ်ဖင်း ၏ လက်ကို ဆွဲကိုင်ကာ လေထဲသို့ ပျံတက်သွားပြီး... မိုင်ထောင်ချီ ဝေးကွာသော ရွှေယန်မြို့ အပျက်အစီးဆီသို့ ဦးတည် ထွက်ခွာသွားလေတော့သည်။
မကြာသေးမီက ယဲ့ဖုန်းသည် ရွှေယန်မြို့ အပျက်အစီး သို့ သွားရောက်ခဲ့၏။
လေဝိညာဉ် ပုလဲအတွင်း သိုလှောင်ထားသော ကမ္ဘာမြေ ပြန်လည် ပုံဖော်ခြင်း စွမ်းအား ကို အသုံးပြု၍... ယဲ့ဖုန်းသည် ရွှေယန်မြို့ အပျက်အစီး တွင် အသေးစား ဝိညာဉ်ကြော တစ်ခုကို ဖန်တီးပေးခဲ့၏။... ၎င်းမှာ ထိုနေရာရှိ ဆေးဖက်ဝင် အပင် စိုက်ခင်း များအတွက် ဝိညာဉ်စွမ်းအင် အရင်းအမြစ် ဖြစ်လာခဲ့သည်။
*
မြူခိုးတောင်ထိပ်။
ယဲ့ဖုန်းသည် ရှီလေ့ နှင့်အတူ ထွက်ခွာသွားသော ဝမ်ရွှမ်ဖင်း ၏ ကျောပြင်ကို ကြည့်ရင်း ပြုံးနေ၏။
ရှီလေ့ က သူ့ကို ခေါ်သွားခြင်းမှာ သဘာဝကျကျပင် ယဲ့ဖုန်း၏ အစီအစဉ် သာ ဖြစ်သည်။
သို့သော် ရှီလေ့ ကိုယ်တိုင်ပင် ဝမ်ရွှမ်ဖင်း မှာ ဝိညာဉ်ဝါးမြို မျိုးနွယ်စု မှ သူလျှို တစ်ယောက် ဖြစ်ကြောင်း မသိရှိခဲ့ချေ။ သူက ယဲ့ဖုန်းသည် ဤဒုတိယမျိုးဆက် တပည့်သစ်လေးကို အထူး အာရုံစိုက်နေသည်ဟုသာ ထင်မှတ်နေခဲ့ခြင်း ဖြစ်၏။
"ဝမ်ရွှမ်ဖင်း ကို အဝေး လွှတ်လိုက်ပြီဆိုတော့... နောက်ရက် အနည်းငယ်လောက် သူ့ကို အုတ်သယ်ခိုင်းထားလိုက်ဦးမယ်။ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် ရဲ့ အဆင့်တိုးမြှင့်ခြင်း အခမ်းအနား ပြီးတဲ့ အချိန်ကျမှ... သူ့နောက်ကွယ်က အစီအစဉ်တွေကို စတင် စုံစမ်း ဖော်ထုတ်ရမယ်"
ယဲ့ဖုန်းက မိမိကိုယ်မိမိ တီးတိုး ရေရွတ်လိုက်သည်။
ထိုအခိုက်အတန့်တွင် ကုန်းချင်းချိုး ရောက်ရှိလာ၏။
"ဂိုဏ်းချုပ်... ကျွန်မ အစီရင်ခံစရာ တစ်ခု ရှိပါတယ်ရှင်" ဟု သူမက ဆိုလိုက်၏။
"ဘာများလဲ"
ယဲ့ဖုန်းသည် နောက်သို့ လှည့်ကာ ကုန်းချင်းချိုး ၏ လှပကျော့ရှင်းသော မျက်နှာလေးကို ကြည့်လိုက်သည်။
"ဟို သနားစရာကောင်းတဲ့ မိန်းကလေး သောင်းချီ ကို... 'ဟေးလော့ရှား' လို့ နာမည်ပေးထားတဲ့ လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့အစည်း တစ်ခု အဖြစ် ဖွဲ့စည်းလိုက်ပါပြီ။ သူတို့က အမြင့်စား လေ့ကျင့်မှုတွေကို ခံယူနေကြပြီး... ဂိုဏ်းချုပ် အတွက် အသက်ပေးဖို့ သစ္စာဆိုထားကြပါတယ်ရှင်"
ကုန်းချင်းချိုး က အနည်းငယ် ဦးညွှတ်ကာ အစီရင်ခံလိုက်၏။
"ဗျာ..."
ယဲ့ဖုန်း လုံးဝ မှင်သက်သွားရတော့သည်။
သူက ကုန်းချင်းချိုး ကို ထိုမိန်းကလေးများကို စောင့်ရှောက်ပေးဖို့သာ ညွှန်ကြားခဲ့ခြင်း ဖြစ်ပြီး... သူတို့ကို လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့အစည်း တစ်ခု အဖြစ် ပြောင်းလဲပစ်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။
‘ဟေးလော့ရှား…
နာမည်ကြီးကလည်း... နားထောင်လို့ သိပ်မကောင်းပါလား..
'နှင်းဆီနက်' ဒါမှမဟုတ် 'ဘလက် ဝစ်ဒို'လို နာမည်မျိုး ပေးလိုက်ရင် ပိုမကောင်းဘူးလား..’
"အခု သူတို့ ဘယ်မှာလဲ"
ဇဝေဇဝါ ဖြစ်ပြီး အံ့အားသင့်နေသော်ငြား... ယဲ့ဖုန်းသည် ကုန်းချင်းချိုး ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြု ပေးလိုက်၏။
"ကျွန်မနောက်ကို လိုက်ခဲ့ပါရှင်"
ကုန်းချင်းချိုး က ရှေ့မှ ဦးဆောင်သွားသည်။
သူတို့ နှစ်ဦးသည် မြူခိုးတောင်ထိပ် မှ ထွက်ခွာလာခဲ့ကြပြီး... ရေပေါ်ဖြူ မြို့တော် အနီးရှိ သစ်တောအုပ် ထူထပ်သော နေရာတစ်ခု သို့ ဆင်းသက်လိုက်ကြ၏။
မိုင်ပေါင်းများစွာ ကျယ်ဝန်းသော မြူခိုးများဖြင့် ဖုံးလွှမ်းနေသည့် ထိုနေရာသို့ ဝင်ရောက်သွားသောအခါ... အတွင်း၌ ရေကန်ငယ်လေး တစ်ခုကို တွေ့ရှိလိုက်ရသည်။
ရေကန်ဘေးတွင် ထူးဆန်းသော အစိမ်းရောင် အုတ် အဆောက်အဦး များစွာကို တည်ဆောက်ထား၏။
ထိုနေရာ တစ်ဝိုက်မှာ စစ်စခန်း တစ်ခုကဲ့သို့ ဖြစ်နေပြီး... သံချပ်ကာ အဝတ်အစားများ ဆင်မြန်းထားသော မိန်းကလေးများမှာ ရေကန်ဘေးရှိ လမ်းသွယ်လေးများ တစ်လျှောက် ပြေးလွှားကာ သူတို့၏ ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းအားများကို လေ့ကျင့်နေကြသည်။
အခြားသူများမှာမူ ရေကန်ပေါ်တွင် အချင်းချင်း ယှဉ်ပြိုင် တိုက်ခိုက်နေကြပြီး... "နောက်ကျော ဓားထိုးခြင်း" ကဲ့သို့သော လုပ်ကြံသတ်ဖြတ်ရေး မန္တန်များကို အသုံးပြုကာ ခြေရာလက်ရာ မကျန် ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေကြ၏။
ဤမိန်းကလေးများထက် ကျင့်ကြံခြင်းအဆင့် တစ်ဆင့် သို့မဟုတ် နှစ်ဆင့် ပိုမြင့်သော ကျင့်ကြံသူများပင်လျှင်... သတိမထားမိပါက သူတို့၏ လက်ချက်ဖြင့် အသက်ဆုံးရှုံးသွားနိုင်လောက်အောင် အစွမ်းထက်လှပေသည်။
"ဂိုဏ်းချုပ်... ဒါက ဟေးလော့ရှား အဖွဲ့ဝင် အားလုံး နေထိုင်တဲ့ နေရာပါ။ ကျွန်မ ဒီနေရာကို 'လော့ရှား မြို့တော်' လို့ နာမည်ပြောင်းပေးထားပါတယ်"
ကုန်းချင်းချိုး က ရှင်းပြလိုက်၏။
ထိုစကားကို ကြားလိုက်ရသည့်အခါ ယဲ့ဖုန်း ခေါင်းညိတ်လိုက်သည်။
"မဆိုးဘူးပဲ... လေ့ကျင့်ရေး တွေကလည်း တော်တော်လေး ကောင်းတယ်။"
"နှမြောစရာ ကောင်းတာက... သူတို့ရဲ့ စွမ်းအားတွေကို အပြည့်အဝ အသုံးချနိုင်ဖို့ သူတို့နဲ့ အတိအကျ ကိုက်ညီမယ့် လျှို့ဝှက်နည်းစနစ် တစ်ခု လိုနေတာပဲ" ဟု မှတ်ချက်ချလိုက်၏။
သူ၏ အသံမှာ တိုးညှင်းလှသော်ငြား လော့ရှား မြို့တော် တစ်ခုလုံးသို့ ရိုက်ခတ်သွားခဲ့သည်။
မိန်းကလေးများ အားလုံးမှာ ထိုစကားသံကို ကြားလိုက်ရသဖြင့် အကြည့်ပို့လွှတ်လိုက်ကြရာ... ကျောက်စိမ်းရုပ်တု တစ်ခုအလား ခန့်ညားလှသော ယဲ့ဖုန်းကို မြင်တွေ့လိုက်ရသည့် အခိုက်အတန့်။
ထိုအခိုက်အတန့်တွင်၊ သူမတို့၏ မျက်ဝန်းများ၌ ပြင်းပြလှသော လေးစား မြတ်နိုးမှုများ တောက်လောင်လာခဲ့လေတော့၏။
အခန်း (၄၉၅) လျှို့ဝှက်အမည် - နှင်းဆီနက်၊ လုပ်ကြံသတ်ဖြတ်ရေး ပညာရပ်များကို စုဆောင်းခြင်း
~လော့ရှား မြို့တော် သို့ ရောက်ရှိပြီးနောက်... မိန်းကလေး သောင်းချီမှာ ကုန်းချင်းချိုး ၏ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်သင်ကြားပေးမှုများကို ခံယူခဲ့ကြ၏။
သူမတို့သည် မြူခိုးဂိုဏ်း ၏ ဖွံ့ဖြိုးတိုးတက်မှု သမိုင်းကြောင်းများကို သိရှိနားလည်ခဲ့ကြသည်။
ထို့အပြင် ယဲ့ဖုန်း၏ သူရဲကောင်းဆန်သော လုပ်ရပ်များ၊ အကျပ်အတည်းများကို မည်ကဲ့သို့ ဖြေရှင်းခဲ့ပုံ၊ အစွမ်းထက်သော ရန်သူများကို အကြိမ်ကြိမ် မည်ကဲ့သို့ အနိုင်ယူခဲ့ပုံ၊ နှင့် မရေမတွက်နိုင်သော သက်ရှိများ၏ အသက်များကို ပျက်စီးခြင်း ဘေးမှ မည်ကဲ့သို့ ကယ်တင်ခဲ့ပုံ အစရှိသည်တို့ကိုလည်း သိရှိခဲ့ကြ၏။
ထိုနတ်ဘုရား တစ်ပါးအလား ခန့်ညားထည်ဝါလှသော ယောက်ျားအား... ဟေးလော့ရှား အဖွဲ့ဝင်များ အားလုံးမှာ သူမတို့၏ နှလုံးသား အနက်ရှိုင်းဆုံး နေရာမှနေ၍ အလွန်အမင်း ကိုးကွယ် ကြည်ညိုနေကြလေတော့သည်။
"ဂိုဏ်းချုပ်ကြီးကို ဂါရဝပြုပါတယ်ရှင်.."
ဟေးလော့ရှား အဖွဲ့ဝင်များ အားလုံးမှာ အလျင်အမြန် စုဝေးလာကြပြီး... ရေကန်ဘေးရှိ အစိမ်းရောင် အုတ်ခင်းထားသော လမ်းသွယ်လေးများပေါ်တွင် ရပ်လျက် ယဲ့ဖုန်းအား ရိုသေလေးစားစွာ ဦးညွှတ် နှုတ်ဆက်လိုက်ကြ၏။
အနီရောင် တမလွန်ပန်း များကို ထိုးနှံထားသည့် တူညီသော အနက်ရောင် ဝတ်စုံများကို ဆင်မြန်းထားကြသော ဤမိန်းကလေးငယ်များကို ကြည့်ရင်း... ယဲ့ဖုန်းသည် ရင်ထဲမှနေ၍ သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိ၏။
‘သူမတို့တွေ... ပျော်ပျော်ရွှင်ရွှင် နေထိုင်ခွင့် ရခဲ့သင့်တာ။
ကံမကောင်းစွာနဲ့ပဲ... သွေးနတ်ဆိုး ခန်းမဆောင် ရဲ့ ရက်စက်ယုတ်မာတဲ့ လက်ထဲကို ကျရောက်သွားပြီး အဆုံးအစမရှိတဲ့ ဒုက္ခဆင်းရဲတွေနဲ့ ပျက်စီးယိုယွင်းမှုတွေကို ခံစားခဲ့ရရှာတယ်။၊’
ဟေးလော့ရှား အဖွဲ့ဝင်များ၏ ပြင်းပြလှသော အကြည့်များနှင့် ဆုံမိလိုက်သည့်အခါ... သူတို့ ဆက်လက် အသက်ရှင်သန်နေထိုင်ရန် ကြိုးစားနေရခြင်း၏ အကြောင်းရင်းများထဲတွင် သူကိုယ်တိုင်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်နေကြောင်းကို ယဲ့ဖုန်း ကောင်းစွာ သဘောပေါက်လိုက်၏။
‘ငါက သူတို့ရဲ့ ကယ်တင်ရှင်လေ။
သူတို့ရဲ့ လမ်းပြကြယ်... ပြီးတော့ သူတို့ရဲ့ စံပြပုဂ္ဂိုလ်ပဲ။
စံပြပုဂ္ဂိုလ် တစ်ယောက် ဖြစ်နေပြီ ဆိုမှတော့... ငါ့အနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေကို သေချာပေါက် လုပ်ရတော့မှာပေါ့’
ဤသို့ တွေးမိသည်နှင့် ယဲ့ဖုန်းသည် အသံကို မြှင့်ကာ ပြောလိုက်သည်။
"မင်းတို့တွေက ဒီမှာ ဆက်နေပြီး ဟေးလော့ရှား အဖွဲ့အစည်း ရဲ့ အဖွဲ့ဝင်တွေ အဖြစ် ခံယူဖို့ ရွေးချယ်ခဲ့ကြတဲ့အတွက်... ငါ ဂိုဏ်းချုပ် အနေနဲ့ အလွန်ပဲ ဝမ်းသာ ဂုဏ်ယူမိပါတယ်"
"ဒီနေ့ကစပြီး... အကြီးအကဲ ကုန်းချင်းချိုး ဟာ လော့ရှား မြို့တော် ရဲ့ ဒုတိယ မြို့စား အဖြစ် တာဝန်ယူပြီး မြို့တစ်ခုလုံးကို အုပ်ချုပ် ကွပ်ကဲလိမ့်မယ်"
"ငါကတော့... မြို့စား နေရာကို ယာယီ ယူထားပေးမယ်"
"မင်းတို့ အားလုံး ကြိုးကြိုးစားစား ကျင့်ကြံကြဖို့ ငါ မျှော်လင့်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပိုမို သန်မာလာအောင် တည်ဆောက်နိုင်မှသာ... ပိုမို ကောင်းမွန်တဲ့ ဘဝကို ရနိုင်မှာပဲ"
ယဲ့ဖုန်းသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ... ဟေးလော့ရှား အဖွဲ့ဝင်များတွင် သင့်တော်သော ဝိညာဉ်လက်နက် များ မရှိသည်ကို သတိပြုမိသွားသဖြင့် ဆက်လက် ပြောဆိုလိုက်၏။
"မင်းတို့က ဟေးလော့ရှား အဖွဲ့အစည်း ရဲ့ အဖွဲ့ဝင်တွေ ဖြစ်ပြီး... အနီရောင် တမလွန်ပန်း ကို ထိုးနှံထားတဲ့ ဝတ်စုံတွေကို ဆင်မြန်းထားကြတယ်။ ဒီနေ့ကစပြီး... မင်းတို့ရဲ့ လျှို့ဝှက်အမည် က 'နှင်းဆီနက်' ဖြစ်စေရမယ်"
"မင်းတို့ တစ်ယောက်ချင်းစီတိုင်းဟာ... နှင်းဆီနက် တစ်ပွင့်စီပဲ.."
"ဒါပေမဲ့... ဆူးမပါတဲ့ နှင်းဆီ က လှပရုံ သက်သက်သာ ရှိပြီး အန္တရာယ် ပေးနိုင်စွမ်း မရှိဘူး"
"ဒါကြောင့် ငါ ကိုယ်တိုင်... နောက်ကျော ဓားထိုးတာ၊ အချိတ်အဆက်မိမိ တိုက်ခိုက်တာ နဲ့ ရန်သူတွေကို လိုက်လံ နှိမ်နင်းတာ တွေမှာ အသုံးဝင်မယ့် အထူး ဝိညာဉ်လက်နက် တစ်မျိုးကို မင်းတို့အတွက် သီးသန့် သွန်းလုပ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်"
သူ၏ စကားသံများ ဆုံးသွားသည်နှင့် တစ်ပြိုင်နက်... မိန်းကလေးများ အားလုံးမှာ ခေါင်းမော့လာကြပြီး သူတို့၏ မျက်ဝန်းများတွင် အံ့အားသင့်မှုများ တဖျပ်ဖျပ် လက်လာခဲ့သည်။
"ဂိုဏ်းချုပ်... ဟေးလော့ရှား အဖွဲ့ဝင်က တစ်သောင်းကျော်တောင် ရှိတာဆိုတော့... လက်နက်သွန်းလုပ်ဖို့ ကုန်ကြမ်းတွေ လုံလောက်ပါ့မလားဟင်"
ကုန်းချင်းချိုး က သူမ၏ စိုးရိမ်ပူပန်မှုကို ထုတ်ဖော် ပြောဆိုလိုက်၏။
ယဲ့ဖုန်းသည် လက်နက်သွန်းလုပ်သည့် မီးဖို တစ်ခုကို ထုတ်ယူလိုက်ပြီး ဆိုလိုက်၏။
"စိတ်မပူပါနဲ့။ လောလောဆယ်တော့ နေရာမှာတင် တစ်စုံကို အရင် သွန်းလုပ်ပြမယ်။ နောက်ပိုင်း ကုန်ကြမ်းတွေ လုံလောက်သွားတဲ့အခါကျမှ... လူတိုင်းအတွက် တစ်ယောက် တစ်လက်စီ သွန်းလုပ်ပေးမယ်"
ဟေးလော့ရှား အဖွဲ့ဝင်များမှာ ခေါင်းမော့ကာ ကြည့်လိုက်ကြရာ... ယဲ့ဖုန်းသည် လက်နက်သွန်းလုပ်သည့် မီးဖို ကြီး၏ ဘေးတွင် လေထဲ၌ လွင့်မျောနေသည်ကို မြင်တွေ့လိုက်ရသည်။
... ၎င်းမှာ သူမတို့အတွက် အလွန်တရာ ဆန်းသစ်နေပါသည်။
ယဲ့ဖုန်းသည် လက်ကို ဆန့်ထုတ်ကာ လက်နက်သွန်းလုပ်သည့် မီးဖို ကို အသာအယာ ထိတွေ့လိုက်၏။
"ငါ လုပ်ကြံသတ်ဖြတ်တဲ့ နေရာမှာ သီးသန့် သုံးလို့ရမယ့် ပန်းထိုးအပ်လိုမျိုး ဝိညာဉ်လက်နက် တစ်မျိုးကို သွန်းလုပ်ချင်တယ်။ ကုန်ကြမ်း သိပ်အများကြီး မလိုဘူး... ဒါပေမဲ့ သေးသွယ်ပါးလျတဲ့ ဓား တစ်လက် အဖြစ် ပြောင်းလဲနိုင်ရမယ်... ပြီးတော့ တခြား ဓားတွေနဲ့ ပေါင်းစပ်ပြီး ပိုအစွမ်းထက်တဲ့ ဝိညာဉ်လက်နက် တစ်ခု အဖြစ်လည်း ပြောင်းလဲနိုင်စွမ်း ရှိရမယ်"
"အရေးအကြီးဆုံးက... အဆင့်မြှင့်တင်လို့ ရရမယ်"
ယဲ့ဖုန်းသည် သူ၏ လိုအပ်ချက်များကို လက်နက်သွန်းလုပ်သည့် မီးဖို ထံသို့ ဆက်သွယ် အသိပေးလိုက်သည်။
ခဏအကြာတွင်... လက်နက်သွန်းလုပ်သည့် မီးဖို က လိုအပ်သော ကုန်ကြမ်း စာရင်းကို ထုတ်ပြန်ပေးလိုက်၏။
ယဲ့ဖုန်း၏ အသိစိတ်များမှာ စနစ် ဟင်းလင်းပြင် အတွင်းသို့ ဝင်ရောက်သွား၏။... အသည်းအသန် ရှာဖွေမှုများ ပြုလုပ်ပြီးနောက်... အရိုးနတ်ဆိုး ဧကရာဇ်မ ၏ လက်ချောင်းရိုး အပိုင်းအစ တစ်ခုကို ထုတ်ယူလိုက်သည်။ ထို့နောက် အဆင့်မြင့် ကုန်ကြမ်း အများအပြားကို ထပ်မံ ပေါင်းစပ်လိုက်ပြီး... အားလုံးကို လက်နက်သွန်းလုပ်သည့် မီးဖို အတွင်းသို့ တစ်ပြိုင်နက်တည်း ပစ်ထည့်လိုက်လေတော့သည်။
ဟေးလော့ရှား အဖွဲ့ဝင်များ အားလုံးမှာ အာရုံစူးစိုက်စွာဖြင့် စောင့်ကြည့်နေကြ၏။
သူတို့ အလွန်အမင်း စူးစမ်းလိုနေကြသည်။
ဂိုဏ်းချုပ် က ဘယ်လို ဝိညာဉ်လက်နက် မျိုးကို သွန်းလုပ်ပြမလဲ ဆိုသည်ကိုပေါ့။
နာရီဝက်ခန့် ကြာပြီးနောက်...
မီးဖို၏ အဖုံးမှာ ကောင်းကင်ယံသို့ ပွင့်ထွက်သွားခဲ့၏။
ရွှေရောင်နှင့် အဖြူရောင် ရောယှက်နေသော အလင်းတန်း တစ်ရာ့ရှစ်ခု မှာ မီးဖို အတွင်းမှ ပျံသန်း ထွက်လာခဲ့ပြီး... လေထဲတွင် လွင့်မျောနေကြ၏။ ယဲ့ဖုန်းက လက်နက်သွန်းလုပ်သည့် မီးဖို ကို သိမ်းဆည်းလိုက်သည့် အချိန်ကျမှသာ... ထိုအရာများမှာ သူတို့၏ စစ်မှန်သော ပုံသဏ္ဌာန်ကို ထုတ်ဖော် ပြသလိုက်လေတော့သည်။
၎င်းတို့မှာ ပန်းထိုးအပ် များနှင့် ဆင်တူသော ဝိညာဉ်လက်နက် တစ်မျိုးပင် ဖြစ်၏။
အရှည် သုံးလက်မ ခန့်... အကျယ် လက်တစ်ဝက် ခန့် ရှိပြီး... ပုစဉ်းတောင်ပံအလား ပါးလျလှပေသည်။ တစ်ပိုင်း ပွင့်လင်းမြင်သာမှု ရှိပြီး လေခွင်းအား ကောင်းမွန်သော ပုံစံ ရှိကာ... ဖမ်းဆုပ်ရ ခက်ခဲသော အငွေ့အသက်များကို ထုတ်လွှတ်နေသဖြင့် အလွယ်တကူ သတိမထားမိနိုင်လောက်အောင် ဖြစ်နေသည်။
ယေဘုယျအားဖြင့် ကြည့်မည် ဆိုပါက... တစ်ချက် ကြည့်လိုက်ရုံဖြင့် ပန်းထိုးအပ် တစ်ခုနှင့် တူနေသော်ငြား... အသေအချာ စူးစမ်းကြည့်မည် ဆိုပါက ၎င်းမှာ လက်ကိုင်ရိုး မပါရှိသော ဓားပျံ တစ်လက် ဖြစ်နေကြောင်း တွေ့ရှိရပေမည်။
"ကြီးထွားစမ်း.."
ယဲ့ဖုန်း ရုတ်တရက် အော်ဟစ်လိုက်၏။
မျက်စိတစ်မှိတ် အတွင်းမှာပင်... ထိုသေးငယ်လှသော ဓားပျံ တစ်ရာ့ရှစ်လက်မှာ ချက်ချင်း ကြီးမားလာပြီး... တစ်လက်စီတိုင်းမှာ အရှည် တစ်ပေခန့် ရှိသော စစ်မှန်သည့် ဓားပျံများ အဖြစ်သို့ ပြောင်းလဲသွားခဲ့လေတော့သည်။
၎င်းတို့သည် လေထဲတွင် ဝဲပျံနေကြပြီး... အရာရာကို ထိုးဖောက် ပိုင်းဖြတ်နိုင်စွမ်း ရှိသည့် ထက်ရှသော အရှိန်အဝါများကို ထုတ်လွှတ်နေ၏။
"ပေါင်းစပ်စမ်း.."
ယဲ့ဖုန်း ထပ်မံ၍ အော်ဟစ်လိုက်ပြန်၏။
ဓားပျံ တစ်ရာ့ရှစ်လက်မှာ ချက်ချင်းပင် ပေါင်းစပ်သွားကြပြီး... အရှည် ဆယ်ပေခန့် ရှိသော ဧရာမ ဓားကြီး တစ်လက် အဖြစ်သို့ ပြောင်းလဲသွားခဲ့လေတော့သည်။
ထိုဓားကြီး၏ ထက်ရှမှုမှာ... အဆင့်မြင့် ဝိညာဉ်ရတနာ ၏ အထွတ်အထိပ် အဆင့် နှင့်ပင် ယှဉ်နိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှပေသည်..
သို့သော် တစ်လက်ချင်းစီ ခွဲထုတ်လိုက်မည် ဆိုပါက... ၎င်းတို့မှာ အဆင့်နိမ့် ဝိညာဉ်ရတနာမျှသာ ဖြစ်၏။
"ဒီ ပန်းထိုး ဓားပျံ တစ်ရာ့ရှစ်လက် ကို မင်းတို့ကို ပေးအပ်လိုက်တယ်"
ယဲ့ဖုန်းသည် လက်ဝှေ့ယမ်းလိုက်ရာ... ပန်းထိုး ဓားပျံ အားလုံးမှာ ဟေးလော့ရှား အဖွဲ့ဝင် တစ်ဦးစီ၏ အရှေ့သို့ အသီးသီး ကျဆင်းသွားခဲ့၏။
ထို တစ်ရာ့ရှစ်ဦးသော မိန်းကလေးများမှာ... အနည်းဆုံး ချီကျင့်ကြံခြင်းအဆင့် ပဉ္စမအလွှာ တွင် ရှိနေကြပြီး... ကြည်လင်သော စိတ်အာရုံ နှင့် ပြတ်သားသော မျက်ဝန်းများကို ပိုင်ဆိုင်ထားကြသူများ ဖြစ်ပေသည်။
သူမတို့သည် အနာဂတ် ဟေးလော့ရှား အဖွဲ့အစည်း ၏ အဓိက အင်အားစုများ ဖြစ်လာကြပေလိမ့်မည်။
"ဓားတွေ ချီးမြှင့်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် မြို့စားမင်း.."
ပန်းထိုး ဓားပျံ များ ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ... ဟေးလော့ရှား အဖွဲ့ဝင်များ အားလုံး တညီတညွတ်တည်း ကျေးဇူးတင်စကား ဆိုလိုက်ကြ၏။
သူမတို့သည် မြူခိုးဂိုဏ်း ၏ တိုက်ရိုက် အဖွဲ့ဝင်များ မဟုတ်ကြဘဲ... လော့ရှား မြို့တော် ၏ သီးခြား အင်အားစု တစ်ခု ဖြစ်ပေသည်။ ယဲ့ဖုန်းမှာ လော့ရှား မြို့တော် ၏ မြို့စား ဖြစ်ပြီး ကုန်းချင်းချိုး မှာ ဒုတိယ မြို့စား ဖြစ်သည် မဟုတ်ပါလား။
ထို့ကြောင့်ပင် သူမတို့သည် ယဲ့ဖုန်းအား ဂိုဏ်းချုပ် ဟု မခေါ်တော့ဘဲ... မြို့စားမင်း ဟုသာ တညီတညွတ်တည်း ခေါ်ဝေါ်လိုက်ကြခြင်း ဖြစ်၏။
ခန့်ညားထည်ဝါပြီး အစွမ်းထက်လှသော ဤမြို့စားမင်း ငယ်လေးအား... ဟေးလော့ရှား အဖွဲ့ဝင်တိုင်းက အလွန်တရာ ရိုသေလေးစားကြ၏။
အထူးသဖြင့် ပန်းထိုး ဓားပျံ များကို ရရှိလိုက်ကြသော မိန်းကလေး တစ်ရာ့ရှစ်ဦး မှာမူ... ယဲ့ဖုန်းအပေါ် ထားရှိသော သူတို့၏ မြတ်နိုး လေးစားမှုများမှာ ပိုမို၍ပင် ပြင်းပြလာခဲ့လေတော့သည်။
"မင်းတို့တွေ လုပ်ကြံသတ်ဖြတ်ရေး မန္တန် ဘယ်နှစ်မျိုး သင်ထားပြီးပြီလဲ"
ယဲ့ဖုန်းက မိန်းကလေး တစ်ဦးကို မေးလိုက်၏။
"မြို့စားမင်း ကို အစီရင်ခံပါတယ်။ ကျွန်မတို့ 'နောက်ကျော ဓားထိုးခြင်း' လိုမျိုး လုပ်ကြံသတ်ဖြတ်ရေး မန္တန် တွေနဲ့... 'အမုန်းတရား မျှဝေခြင်း' ဆိုတဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်တဲ့ လျှို့ဝှက်နည်းစနစ် တွေကို သင်ယူထားပြီးပါပြီ"
ဟု ထိုမိန်းကလေး က ပြန်လည် ဖြေကြားလိုက်သည်။
ယဲ့ဖုန်း ခေါင်းခါယမ်းလိုက်ပြီး
"အဲဒါ အရမ်း နည်းလွန်းတယ်.."
ကုန်းချင်းချိုး ခေါင်းငုံ့သွားခဲ့ရ၏။
သူမက ဒါတွေကို သင်ပေးခဲ့တာလေ။
ဒါပေမဲ့... အဲဒီပမာဏ က တကယ်ကို နည်းလွန်းတယ် ဆိုတာကိုတော့ သူမ ဝန်ခံရပါလိမ့်မယ်။
စစ်မှန်သော လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့အစည်း တစ်ခု ဆိုသည်မှာ... လုပ်ကြံသတ်ဖြတ်ရေး လျှို့ဝှက်နည်းစနစ် အနည်းဆုံး ဆယ်မျိုး အထက်ကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားရန် လိုအပ်ပြီး... အချိတ်အဆက်မိမိ တိုက်ခိုက်သည့် လျှို့ဝှက်နည်းစနစ် မျိုးစုံကိုလည်း တတ်ကျွမ်းထားရပေမည်။
အကယ်၍ မန္တန်များက တစ်ပုံစံတည်း ဖြစ်နေမည် ဆိုပါက... ရန်သူများ အနေဖြင့် အားနည်းချက်ကို အလွယ်တကူ ရှာဖွေတွေ့ရှိသွားနိုင်သည် မဟုတ်ပါလား။
အဆုံးအစမရှိသော နည်းလမ်းမျိုးစုံ ရှိနေမှသာလျှင်... ရန်သူကို ဇဝေဇဝါ ဖြစ်အောင် လုပ်နိုင်ပြီး အောင်မြင်မှု ရရှိနိုင်မည် ဖြစ်ပေသည်။
"ဒါဆိုရင်လည်း... အကြီးအကဲ ကုန်း သွားပြီးတော့ လုပ်ကြံသတ်ဖြတ်ရေး လျှို့ဝှက်နည်းစနစ် တွေကို ထပ်ဝယ်လိုက်ပါဦး... နေပါဦးလေ...ကျွန်တော် ဂိုဏ်းချုပ် ကိုယ်တိုင်ပဲ ခရိုင်ဘုရင်မြို့တော် ကို တစ်ခေါက်လောက် သွားလိုက်ပါ့မယ်။ အဲဒီက နေရာတစ်ခုမှာ ငါ လိုချင်တဲ့ ပစ္စည်းတချို့ ရှိလောက်တယ်"
ယဲ့ဖုန်း၏ နှုတ်ခမ်းထောင့်များ ရုတ်တရက် တွန့်ကွေးသွားခဲ့၏။
“ဝှစ်..”
သူသည် မျက်စိတစ်မှိတ် အတွင်းမှာပင် မြူခိုးတောင်ထိပ် သို့ နေရာရွှေ့ပြောင်းသွားခဲ့၏။
နောက်တစ်စက္ကန့်တွင်... သူသည် ဖြူဖွေးသော အလင်းတန်း တစ်ခု အဖြစ် ပြောင်းလဲသွားပြီး... ခရိုင်ဘုရင်မြို့တော် ၏ အထက် ကောင်းကင်ယံ သို့ နေရာရွှေ့ပြောင်း ရောက်ရှိသွားခဲ့လေတော့သည်။
တစ်ချက် အကြည့်ပို့လွှတ်လိုက်ရုံဖြင့်... သူသည် လုပ်ကြံသတ်ဖြတ်သူများ ခန်းမဆောင်၏ တည်နေရာကို ချက်ချင်း ရှာတွေ့သွားခဲ့တော့၏။
“ဝူး..”
ယဲ့ဖုန်းသည် ဟင်းလင်းပြင် အတွင်း၌ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
သူ ပြန်လည် ထွက်ပေါ်လာချိန်တွင်မူ... လုပ်ကြံသတ်ဖြတ်သူများ ခန်းမဆောင် ၏ ဗဟိုချက် အလယ်တည့်တည့် တွင် ရပ်နေခဲ့ပြီ ဖြစ်၏။
ပတ်ဝန်းကျင်ရှိ လုပ်ကြံသတ်ဖြတ်သူများ မှာ သူ့ကို သတိပြုမိသွားကြပြီး... ခေတ္တမျှ မှင်သက်သွားကြ၏။ ထို့နောက် ယဲ့ဖုန်း၏ မျက်နှာကို မှတ်မိသွားသည့် အခိုက်အတန့်တွင်... လူတိုင်းမှာ ထိတ်လန့်တကြား အသက်ရှူမှားသွားကြလေတော့သည်။
"ဂိုဏ်းချုပ်ယဲ့ ပါလား.."
တစ်စုံတစ်ယောက်က တီးတိုး ရေရွတ်လိုက်၏။
သူ စကားပြောလိုက်သည့် အချိန်တွင်... ကြောက်လွန်းသဖြင့် ကိုယ့်လျှာကို ကိုယ် ပြန်ကိုက်မိမတတ်ပင် ဖြစ်သွားရရှာသည်။
ယဲ့ဖုန်း ရောက်လာကြောင်း သတင်းကို ကြားလိုက်ရသည့်အခါ... လုပ်ကြံသတ်ဖြတ်သူများ ခန်းမဆောင်သခင် မှာ ကြောက်လွန်းသဖြင့် သေးပင် ထွက်ကျမတတ် ဖြစ်သွားရပြီး... အပြေးအလွှား ရောက်လာကာ လက်နှစ်ဖက်ကို ဆုပ်လျက် လျှောက်တင်လိုက်၏။
"ဂိုဏ်းချုပ်ယဲ့... ဂိုဏ်းချုပ် လို ပုဂ္ဂိုလ်မျိုး ဒီလို နှိမ့်ကျတဲ့ နေရာလေးကို ကြွလာတာ... တကယ့်ကို ဂုဏ်ယူစရာပါပဲဗျာ။ ဒါနဲ့... ဂိုဏ်းချုပ် ဘယ်သူ့ကို သတ်ချင်လို့ပါလဲဗျ"
အစပထမတွင်... လုပ်ကြံသတ်ဖြတ်သူများ စာရင်း၏ အဆင့်ဆယ် နေရာတွင် ရှိသော 'ရူးသွပ်သော ဓား' ကို ကုန်းချင်းချိုး အား လုပ်ကြံရန် ငှားရမ်းခဲ့သည့် ကိစ္စမှာ... လုပ်ကြံသတ်ဖြတ်သူများ ခန်းမဆောင်သခင် အတွက် အမြဲတမ်း ခြောက်လှန့်နေသော အိပ်မက်ဆိုးကြီး တစ်ခု ဖြစ်နေခဲ့သည်။ ယဲ့ဖုန်းက လာပြီး စာရင်းရှင်းမည်ကို သူ အချိန်တိုင်း စိုးရိမ်ပူပန်နေခဲ့ရသည် မဟုတ်ပါလား။
ယခုအခါ ယဲ့ဖုန်းကို တကယ်ကြီး မြင်တွေ့လိုက်ရသည့်အခါ... သူ၏ နှလုံးသား တစ်ခုလုံး အေးခဲသွားသကဲ့သို့ ခံစားလိုက်ရ၏။
ဒါ... ယဲ့ဖုန်းက အတိတ်က ကိစ္စတွေကို ပြန်ပြီး စာရင်းရှင်းဖို့ လာတာများလား။
"ဘယ်သူ့ကိုမှ သတ်ဖို့ လာတာ မဟုတ်ပါဘူးဗျာ"
ယဲ့ဖုန်းက လက်ဝှေ့ယမ်းလိုက်ရင်း ဆိုလိုက်သည်။
"ခင်ဗျားတို့ အားလုံးက လုပ်ကြံသတ်ဖြတ်သူတွေ ဆိုတော့... လုပ်ကြံသတ်ဖြတ်ရေး မန္တန်တွေ အများကြီး ရှိမှာပေါ့။ ဝိညာဉ်ကျောက်တုံး ဘယ်လောက် ပေးရပေးရ... အကုန်လုံးကို ကျွန်တော် ဝယ်မယ်"
"ဂိုဏ်းချုပ်ယဲ့ က လုပ်ကြံသတ်ဖြတ်ရေး မန္တန်တွေ ဝယ်ချင်တယ် ဟုတ်လား"
ထိုနေရာရှိ လုပ်ကြံသတ်ဖြတ်သူများ အားလုံး လုံးဝ ဇဝေဇဝါ ဖြစ်သွားကြ၏။
‘သူက ဒီလောက်တောင် အစွမ်းထက်နေပြီကို... လုပ်ကြံသတ်ဖြတ်ရေး မန္တန်တွေ ဘာလုပ်ဖို့ လိုသေးလို့လဲ။
သူကများ ဟင်းလင်းပြင် ဖြိုခွဲ အဆင့်က မဟာတန်ခိုးရှင် တွေကို သွားပြီး လုပ်ကြံဖို့ ကြံစည်နေတာတော့ မဟုတ်ပါဘူးနော်…&
"ခင်ဗျားတို့ဆီမှာ မရှိဘူးလား" ယဲ့ဖုန်းသည် မှင်သက်နေကြသော လုပ်ကြံသတ်ဖြတ်သူများကို ကြည့်ကာ မေးလိုက်သည်။
လုပ်ကြံသတ်ဖြတ်သူများ ခန်းမဆောင်သခင် မှာ တစ်ကိုယ်လုံး တုန်ရီသွားပြီး အလျင်အမြန်ပင် ပြန်လည် ဖြေကြားလိုက်၏။
"စိတ်ချပါ ဂိုဏ်းချုပ်ယဲ့... ကျုပ်တို့ဆီမှာ လုပ်ကြံသတ်ဖြတ်ရေး မန္တန်တွေ အများကြီး ရှိပါတယ်။ အနည်းဆုံး အဝတ်အစား မျိုးကွဲပေါင်း တစ်ရာကျော်လောက်တော့ ရှိတယ်။ ဒါပေမဲ့... ဂိုဏ်းချုပ် ရဲ့ စံနှုန်းတွေနဲ့ ကိုက်ညီပါ့မလား ဆိုတာကိုတော့ ကျုပ် မသေချာဘူးဗျ"
"အကုန်လုံး ဝယ်မယ်" ယဲ့ဖုန်းက ငွေကြေး သုံးစွဲရန် ဝန်မလေးကြောင်း ပြသလိုက်သည်။
မန္တန်များ၏ အဆင့်က မမြင့်မားလျှင်တောင်မှ... သူသည် ငွေကြေးသုံးစွဲ၍ ၎င်းတို့ အားလုံးကို နားလည် သဘောပေါက်အောင် လုပ်ဆောင်နိုင်ပြီး... ထိုမှတစ်ဆင့် လေဓာတ် ဝိညာဉ်စွမ်းအင် ကို အသုံးပြုကာ ပိုမို မြင့်မားသော အဆင့်ရှိသည့် မန္တန်များအဖြစ် တွက်ချက် ဖန်တီးနိုင်စွမ်း ရှိသည် မဟုတ်ပါလား။
"ကောင်းပါပြီဗျာ.."
လုပ်ကြံသတ်ဖြတ်သူများ ခန်းမဆောင်သခင် သည် ယဲ့ဖုန်းက တစ်ခုခု အကြမ်းဖက်လာမည်ကို စိုးရိမ်သဖြင့်... လုပ်ကြံသတ်ဖြတ်သူများကို အလျင်အမြန် အချက်ပြကာ ရှေးဟောင်း စာအုပ်မျိုးစုံကို စားပွဲပေါ်သို့ တင်လာစေရန် စေခိုင်းလိုက်၏။
"အော်... ပြီးတော့ ဒီမှာ အထောက်အကူပြု ကျင့်စဉ် တစ်ခုလည်း ရှိသေးတယ်ဗျ"
နောက်ဆုံးတွင်... လုပ်ကြံသတ်ဖြတ်သူများ ခန်းမဆောင်သခင် သည် အလွန် နှမြောတသဟန်ဖြင့် ရှေးဟောင်း စာအုပ်တစ်အုပ်ကို တွန့်တုတ်တွန့်တုတ် ထုတ်ပေးလိုက်သည်။
"ဝိညာဉ်ကျောက်တုံး ဘယ်လောက်လဲဗျ" ယဲ့ဖုန်း၏ မျက်လုံးများ အရောင်တောက်သွားခဲ့တော့၏။
"ဒီဟာတွေ အားလုံးကို ဂိုဏ်းချုပ်ယဲ့ အတွက် အလကား ပေးလိုက်ပါ့မယ်ဗျာ"
လုပ်ကြံသတ်ဖြတ်သူများ ခန်းမဆောင်သခင် သည် သူ၏ ပေါင်ကို ရိုက်ကာ... မည်သည့် အခကြေးငွေမျှ မယူရန် ပြတ်သားစွာ ဆုံးဖြတ်လိုက်သည်။
"ဒါဆိုရင်တော့... ခင်ဗျားကို ကျွန်တော် ကျေးဇူးတင်ရမှာပေါ့" ယဲ့ဖုန်း ပြုံးလိုက်၏။
ဝိညာဉ်ကျောက်တုံး တွေ မကုန်ဘူး ဆိုတော့... ပိုကောင်းတာပေါ့ဗျာ။
သေချာသည်မှာ... သူသည် အလကား ယူသွားမည်တော့ မဟုတ်ချေ။
နောင်တစ်ချိန်တွင်... လုပ်ကြံသတ်ဖြတ်သူများ ခန်းမဆောင် ဘက်မှ ပြဿနာ တစ်ခုခု ကြုံလာခဲ့ပါက... သူက တစ်ကြိမ် ဝင်ရောက် ကူညီဖြေရှင်းပေးလိုက်မည် ဆိုပါက... ဤကျေးဇူးကို အပြည့်အဝ ဆပ်ပြီးသား ဖြစ်သွားမည် မဟုတ်ပါလား။
"ဂိုဏ်းချုပ်ယဲ့ ပြောတာ တကယ်လားဗျ"
လုပ်ကြံသတ်ဖြတ်သူများ ခန်းမဆောင်သခင် ၏ မျက်ဝန်းများမှာ ချက်ချင်း အရောင်တောက်သွားပြီး... သူ၏ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
ယဲ့ဖုန်းဆီက ရမယ့် အကူအညီ တစ်ကြိမ် ဆိုတာ... တကယ့်ကို တန်ဖိုးဖြတ်လို့ မရအောင် ကြီးမားလွန်းတယ်လေ..