အခန်း (၃၇၁-၃၇၂)
Vol. 38 Ch. 371-372
အခန်း (၃၇၁) ထန်တုန်းလင်း၏ ရှာဖွေတွေ့ရှိမှု(၁)
ဝူယွမ်က ဆန်းကြယ်ရှင်ခြင်း ဝိညာဉ်သစ်သီးအကြောင်း ယုံကြည်ချက်အပြည့်ဖြင့် မိတ်ဆက်ပေးနေသည်ကို ကြားသောအခါ ထျန်းရှန်း အဆောက်အအုံ၏ မန်နေဂျာ ထန်တုန်းလင်းမှာ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
“ဒါဆိုရင် အရည်အသွေးတစ်မျိုးကို သုံးလုံးစီ အရင်ဝယ်ပါ့မယ်၊ သခင်လေးပြောတဲ့အတိုင်း တကယ်ပဲ အံ့သြဖွယ် အကျိုးသက်ရောက်မှုတွေ ရှိတယ်ဆိုရင် နောက်သုံးရက်နေရင် ကျင်းပမယ့် လေလံပွဲမှာတောင် တင်ရောင်းလို့ ရနိုင်ပါတယ်၊ ဒီလို ရတနာမျိုးကို လူအများအပြားက အလုအယက် ဝယ်ယူကြလိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်”
ထန်တုန်းလင်းသည် ဝူယွမ် အဆိုပြုသော စျေးနှုန်းဖြင့် အသီးကိုးလုံးကို ပြတ်ပြတ်သားသား ဝယ်ယူလိုက်သည်။
“မမလေး ထန်က တကယ်ကို ပွင့်လင်းတဲ့သူပဲ၊ ဒါဆို မြန်မြန် စမ်းသပ်ကြည့်လိုက်ပါ၊ ရလဒ်တွေက မင်းကို စိတ်ပျက်စေမှာ မဟုတ်ဘူးလို့ ငါ ယုံကြည်တယ်”
ဝူယွမ်က ပြုံးကာ ပြောလိုက်ပြီးနောက် အသီးကိုးလုံးကို ထုတ်ယူကာ ထန်တုန်းလင်းထံသို့ ပေးလိုက်သည်။
“အော်၊ ဒါနဲ့ မမလေး ထန်၊ ဒီလေလံပွဲမှာ ကောင်းကင်ပိုးသားကုတင် ပါမပါ သိချင်လို့” ဆန်းကြယ်ရှင်ခြင်း ဝိညာဉ်သစ်သီးများအကြောင်း ဆွေးနွေးပြီးနောက် မုလင်းရှန်က သူ့အား တောင်းဆိုထားသော ကောင်းကင်ပိုးသားကုတင်ကို ဝူယွမ် သတိရသွားသည်။
ထန်တုနလင်း အနည်းငယ် အံ့အားသင့်သွားသည်။ “ကောင်းကင်ပိုးသားကုတင်အကြောင်း သခင်လေးက ဘယ်လိုလုပ် သိနေတာလဲ၊ လက်ရှိ လေလံပွဲအတွက် ဒီရတနာကို ငါတို့ မကြော်ငြာရသေးပါဘူး”
ကောင်းကင်ပိုးသားကုတင်သည် သူတို့ ထျန်းရှန်း အဆောက်အအုံ၏ အရေးအကြီးဆုံး ရတနာများထဲမှ တစ်ခုဖြစ်ပြီး ၎င်းကို လေလံတင်ရောင်းချရန် မဖြစ်နိုင်ပေ။ ၎င်းကို အဆောက်အအုံ၏ အဓိက ရတနာတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။
ယေဘုယျအားဖြင့် ၎င်းအကြောင်းကို သိရှိသူ အလွန်နည်းပါးလှသည်။
ထို့ကြောင့် ဝူယွမ်က ၎င်းအကြောင်းကို ပြောလာသောအခါ သူမ အနည်းငယ်တွေဝေသွားသည်။
“ဪ၊ ငါ့သူငယ်ချင်း တစ်ယောက်ဆီက ကြားတာပါ၊ သူက ဒီရတနာကို လိုချင်နေလို့လေ” ဝူယွမ်က ခဏစဉ်းစားပြီးနောက် ဖြေလိုက်သည်။
“သခင်လေးရဲ့ သူငယ်ချင်းဟုတ်လား၊ သခင်လေးကတော့ လုပ်ဇာတ်တွေ ဖန်တီးနေပြီထင်တယ်...”
ထန်တုံးလင်းသည် ဝူယွမ်ကို သိမ်မွေ့စွာ အကဲခတ်လိုက်ပြီး သူ မည်သူမည်ဝါဖြစ်ကြောင်းကို အလွန်တရာ သိချင်လာသည်။
“ကောင်းကင်ပိုးသားကုတင်က အဆင့်မြင့် သန့်စင်ယွမ်ရတနာတစ်ခုပါ၊ ဒီရတနာက ကျွန်မတို့ ထျန်းရှန်း အဆောက်အအုံမှာ ရှိတယ်ဆိုတာကို သိတဲ့သူ သိပ်မများဘူး၊ အဲ့တာက ကျွန်မတို့ ထျန်းရှန်း အဆောက်အအုံရဲ့ ကာကွယ်ရေး ရတနာတစ်ခုဖြစ်ပြီး ယေဘုယျအားဖြင့် အပြင်ကို မရောင်းဘူး၊ ဒါပေမယ့်... သခင်လေး ဝူယွမ်အတွက် အဆောက်အအုံ အကြီးအကဲတွေကို ကျွန်မ မေးပေးလို့ ရပါတယ်”
ထန်တုံးလင်းသည် ဝူယွမ်ကို ချက်ချင်း ငြင်းဆိုခြင်းမပြုဘဲ သူ၏ကိုယ်စား ကြိုးစားပေးရန် ဆန္ဒရှိနေသည်။
“ဒါဆိုရင် မမလေး ထန်ကို ကျေးဇူးတင်ပါတယ်၊ ငါ့သူငယ်ချင်းက ဒီရတနာကို တကယ်လိုအပ်နေလို့ပါ၊ မင်းတို့ရဲ့ လေးစားရတဲ့ အဆောက်အအုံကသာ ရောင်းချင်တယ်ဆိုရင် ကျေနပ်လောက်တဲ့ စျေးနှုန်းကို ငါ ပေးနိုင်ပါတယ်”
ဝူယွမ်သည် တစ်ဖက်လူကလည်း အလွန်ရိုးသားကြောင်း မြင်တွေ့နိုင်သည်။ သန့်စင်ယွမ်ရတနာတစ်ခုသည် မည်သည့် အင်အားစုက ပိုင်ဆိုင်ထားသည်ဖြစ်စေ အဓိကရတနာတစ်ခု ဖြစ်ပြီး ထိပ်တန်းအဆင့် သန့်စင်ယွမ်ရတနာဆိုလျှင် ပြောဖွယ်ရာပင် မရှိတော့ပေ။
ကောင်းကင်ပိုးသားကုတင်သည် အိပ်စက်ခြင်းကို အထောက်အကူပြုရန် အသုံးပြုပုံရသည်။ ကျန်းယင်ယင်နှင့် မုလင်းရှန်တို့နှစ်ဦးလုံးသည် အိပ်စက်ခြင်းကို အဓိကထားသော ခန္ဓာကိုယ်သန့်စင်ခြင်းကျမ်း၏ ထာ၀ရအသက် ခန္ဓာကိုယ်ကို ကျင့်ကြံကြသည်။
သူတို့သာ ကောင်းကင်ပိုးသားကုတင်ကို ရရှိပါက သူတို့၏ အိပ်စက်ခြင်းနှင့် ကျင့်ကြံခြင်းထိရောက်မှုမှာ သေချာပေါက် နှစ်ဆတိုးလာမည်ဖြစ်သည်။
“စိတ်မပူပါနဲ့၊ သခင်လေးဝူယွမ်အတွက် ရအောင် ကျွန်မ အစွမ်းကုန် ကြိုးစားပေးပါ့မယ်၊ အဆောက်အအုံထဲက ရတနာတွေ ခွဲဝေမှုနဲ့ ပတ်သက်ပြီး ကျွန်မမှာလည်း အခွင့်အာဏာ အနည်းကျဉ်းရှိပါတယ်၊ တခြား အဆောက်အအုံ အကြီးအကဲတွေကို ကျွန်မ နားချနိုင်သရွေ့ ဒါကို ရနိုင်မယ်လို့ ယုံကြည်ပါတယ်”
ထန်တုန်းလင်းက ယုံကြည်ချက်ရှိသော အပြုံးဖြင့် ပြောလိုက်သည်။ ဝူယွမ်နှင့် မိတ်ဆွေဖွဲ့လိုသော သူမ၏ရည်ရွယ်ချက်မှာ အလွန် ရှင်းလင်းနေပြီဖြစ်သည်။
“မမလေးဆီက သတင်းကောင်းကို ငါ စောင့်နေပါ့မယ်” ဝူယွမ်က လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည်။ ဤမိန်းမပျိုလေးမှာ အလွန် သိတတ်နားလည်ပေ၏။
အချိန်တစ်ခု သတ်မှတ်ပြီးနောက် ဝူယွမ်သည် ယာယီထွက်ခွာသွားလေသည်။
ဝူယွမ် ထွက်သွားသည်နှင့် သက်လတ်ပိုင်း စစ်ဆေးရေးမှူးက ထန်တုန်းလင်းကို ကြည့်ကာ မေးလိုက်သည်။ “မမလေး၊ ကောင်းကင်ပိုးသားကုတင်ကို ဒီဝူယွမ်ဆီ တကယ်ရောင်းချင်လို့လား၊ ဒါ အရမ်း အလျင်စလိုနိုင်မနေဘူးလား”
“တကယ်လို့ သူကသာ အဲဒီလူဖြစ်ခဲ့မယ်ဆိုရင် လုံးဝ အလျင်စလိုနိုင်မနေပါဘူး၊ ကျွန်မကိုယ်ကျွန်မတောင် သူ့ဆီ ရောင်းချင်နေတာ” ထန်တုံးလင်း၏ သိမ်မွေ့သော မျက်နှာလေးက အနည်းငယ် မော့သွားသည်။
သူမ ပြုံးလိုက်သောအခါ မြေခွေးမလေးတစ်ကောင်ပမာ ဆွဲဆောင်မှုရှိပြီး ညှို့ဓာတ်ပြင်းလွန်းလှသည်။
“ဒီဝူယွမ်က မမလေးအတွက် ဘာလို့ ဒီလောက် အရေးကြီးနေရတာလဲ”
သက်လတ်ပိုင်း အမျိုးသားမှာ တွေဝေသွားသည်။ သူတို့၏ မာနကြီးသော မမလေးထန်သည် ယခင်က မည်သည့်အမျိုးသားကိုမျှ ဤမျှလောက် အရေးတယူမလုပ်ခဲ့ဖူးပေ။
“သူက ဘယ်သူလဲဆိုတာ ရှင်သိလား” ထန်တုံးလင်းက ပြောနေစဉ် သူမ၏ သွယ်လျလှပသော မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။
“ကျွန်တော် မသိပါဘူး” လူလတ်ပိုင်းအမျိုးသားက ခေါင်းယမ်းလိုက်သည်။
“လွန်ခဲ့တဲ့ ရက်အနည်းငယ်က သိုင်းပြိုင်ပွဲကျွန်းမှာ မျိုးနွယ်စုကြီးငါးခုက ကျင်းပတဲ့ သိုင်းပြိုင်ပွဲမှာ ရှန်ထူမိသားစုရဲ့ ရှန်ထူကျွယ်က လူငယ်တစ်ယောက်ရဲ့ အနိုင်ယူခြင်းကို ခံခဲ့ရတယ်၊ သူ့ကို အနိုင်ယူခဲ့တဲ့သူက ဝူယွမ်လို့ နာမည်ရတယ်” ထန်တုံးလင်းက ညင်သာစွာ ပြောလိုက်သည်။
“ရှန်ထူကျွယ်ကို အနိုင်ယူခဲ့တယ်လား”
သက်လတ်ပိုင်း အမျိုးသား အနည်းငယ် တုန်လှုပ်သွားသော်လည်း တွေဝေနေဆဲပင်။ အဘယ်ကြောင့်ဆိုသော် ရှန်ထူကျွယ်ကို အနိုင်ယူနိုင်ရုံမျှဖြင့် မမလေးက သူ့ကို ဤမျှလောက် တန်ဖိုးထားကာ ကောင်းကင်ပိုးသားကုတင်ကို ရောင်းချင်လောက်အောင် လုံလောက်မှု မရှိသောကြောင့်ဖြစ်သည်။
လျှို့ဝှက်ဂူနှစ်ခု၏ လူငယ်မျိုးဆက်များထဲမှ ပထမနှင့် ဒုတိယဖြစ်သော ချန်ခွန်းလက်ဝါး ကျိုးချန်နှင့် မရဏဘုရင်လေး ရှဲ့ယန်တို့ပင်လျှင် မမလေးထံမှ ဤမျှလောက်ကောင်းမွန်သော ဆက်ဆံရေးမျိုး မရရှိခဲ့ဖူးပေ။
ထန်တုံးလင်းက ဆက်လက်၍ ပြောလိုက်သည်။ “ဒါတင်မကဘူး၊ သူက မျိုးနွယ်စုကြီးငါးခုရဲ့ အဖိုးတန်ဆုံး အဓိကရတနာဖြစ်တဲ့ ရှေးဟောင်းကမ္ဘာဦးစေတီကိုလည်း ယူသွားသေးတယ်”
“ရှေးဟောင်းကမ္ဘာဦးစေတီလား၊ မဖြစ်နိုင်တာ၊ သူသာ ယူသွားရင် မျိုးနွယ်စုကြီးငါးခုက ဘိုးဘေးအိုကြီးတွေက ဒေါသထွက်ကြမှာ မဟုတ်ဘူးလား၊ ဟိုတုန်းက ကျွန်တော်တို့ ထျန်းရှန်း အဆောက်အအုံက အဲဒါကို ဝယ်ချင်တော့ မျိုးနွယ်စုကြီးငါးခုလုံးက ကန့်ကွက်ခဲ့ကြတာလေ” လူလတ်ပိုင်း အမျိုးသားမှာ ပို၍ပင် တွေဝေသွားလေသည်။
“ဒါက အံ့သြစရာကောင်းတဲ့ အပိုင်းပဲ၊ အကြောင်းပြချက် တစ်ခုခုကြောင့် မျိုးနွယ်စုကြီးငါးခုက ဒီဝူယွမ်ကို နောက်ယောင်ခံမလိုက်ရုံသာမက အဲဒီ ရှန်ထူကျွယ်က ဝူယွမ်ရဲ့ လက်အောက်ခံတောင် ဖြစ်သွားပြီး သူနဲ့အတူ ကောင်းကင်ကုန်သည်မြို့တော်ကို ရောက်လာတာ၊ ပြီးတော့ ဝူယွမ်ရဲ့ စွမ်းအားက အခုထိ ပဟေဠိတစ်ခု ဖြစ်နေတုန်းပဲ၊ သူ သိုင်းပြိုင်ပွဲကျွန်းကနေ ထွက်ခွာသွားတုန်းက ခြေလှမ်း၀က်ဆန်းကြယ်သေခြင်းအဆင့်မှာ ရှိတဲ့ အရိုးအဘိုးအိုကို တစ်ချက်တည်းနဲ့ ချက်ချင်းသတ်ပစ်ခဲ့တယ်”
“ပြီးတော့... ရွှမ်ဒေသ အသီးသီးကနေ အရေးကြီးတဲ့ ထောက်လှမ်းရေး သတင်းတချို့ကို ကျွန်မ တိုက်တိုက်ဆိုင်ဆိုင် ဖတ်လိုက်ရတယ်၊ လွန်ခဲ့တဲ့ နှစ်ဝက်လောက်က အရှေ့ဘက်ရွှမ်ဒေသမှာ အံ့မခန်း တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့တယ်၊ အဲဒီတိုက်ပွဲမှာ ယွမ်ဂိုဏ်းက ဂိုဏ်းချုပ်ကြီးသုံးယောက်က လူငယ်တစ်ယောက်ကို ရှင်းထုတ်ဖို့ တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ကြပေမယ့် နောက်ဆုံးမှာ နှစ်ယောက်က ရုပ်ခန္ဓာပျက်စီးသွားပြီး တစ်ယောက်က ပျောက်ဆုံးသွားခဲ့တယ်”
ထန်တုံးလင်း၏ နီရဲသော နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးသွားပြီး လှပသော မျက်လုံးများက ပြင်းပြသော စူးစမ်းလိုစိတ်များဖြင့် တောက်ပနေခဲ့သည်။
သူမက ဘေးရှိ ဆွံ့အသွားသော သက်လတ်ပိုင်း အမျိုးသားကို ကြည့်ကာ ညို့ဓာတ်ပြင်းစွာ ပြုံးလိုက်၏။
“အဲဒီ လူငယ်ရဲ့ နာမည်ကလည်း ဝူယွမ်ပဲ”
“သူက တောင်ဂိုဏ်းကလာတာ၊ ယွမ်ဂိုဏ်းက ဂိုဏ်းချုပ်ကြီးသုံးယောက်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေပြီးနောက် သူနဲ့ တောင်ဂိုဏ်း၊ ပြီးတော့ တောင်ဂိုဏ်းရဲ့ လက်အောက်ခံပြည်ထောင်စု ဒါဇင်ပေါင်းများစွာက လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားခဲ့တယ်”
“တောင်ဂိုဏ်းရဲ့ နယ်မြေက အရှေ့ဘက်ရွှမ်ဒေသရဲ့ တစ် ရာခိုင်နှုန်းလောက်ကို လွှမ်းခြုံထားတာ၊ ဒီလောက်ကျယ်ပြောတဲ့ နယ်မြေကြီးက လေထဲကို ပျောက်ကွယ်သွားဖို့အတွက် ဘယ်လို လျှို့ဝှက်ဆန်းကြယ်ပြီး နက်နဲတဲ့နည်းလမ်းတွေကို အသုံးပြုခဲ့ရမလဲ”
“ပြီးတော့ ခုနက ဝူယွမ်က အရှေ့ဘက်ရွှမ်ဒေသက တောင်ဂိုဏ်းရဲ့ဝူယွမ် ဖြစ်ဖို့ အရမ်းများတယ်”
“အကယ်၍ သူကသာ အဲဒီလူ တကယ်ဖြစ်ခဲ့မယ်ဆိုရင် ငါတို့ ထျန်းရှန်း အဆောက်အအုံက သူ့ကို လုံးဝရန်စလို့မဖြစ်ဘူး၊ အဆောက်အအုံသခင်ကိုယ်တိုင်တောင် သူ့ရဲ့ ပြိုင်ဘက် ဖြစ်ချင်မှဖြစ်မှာ”
“ဒါကြောင့်မို့လို့ ကျွန်မက သူနဲ့ မိတ်ဆွေဖွဲ့ချင်တာပါ”
ထန်တုန်းလင်းက ကြောက်ရွံ့တုန်လှုပ်မှုများ အနည်းငယ်ကျန်ရစ်နေသေးသော လေသံဖြင့် စကားကို အဆုံးသတ်လိုက်သည်။
ဝူယွမ်နှင့် ပတ်သက်သော သတင်းတိုင်းမှာ အံ့ဩဖွယ် ကောင်းလွန်းနေသည်။
ဝူယွမ်တွင် ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေနိုင်သည့် စွမ်းအား အမှန်တကယ် ရှိနေပြီး ပျောက်ကွယ်သွားသော တောင်ဂိုဏ်းတွင်လည်း ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ် နှစ်ဦး ရှိနေသေးပါက ဝူယွမ်၏ဘက်တွင် ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်သုံးဦး ရှိနေမည်ဖြစ်သည်။
ထိုသို့သော အင်အားစုမျိုးက ကစဉ်ကလျားမိစ္ဆာပင်လယ်ကို ကြီးစိုးရန် လုံလောက်ပေသည်။
“ကျစ်... “
သက်လတ်ပိုင်း အမျိုးသားမှာ ဆုပ်သပ်လိုက်မိပြီး ယခုလေးတင် သူ ရင်ဆိုင်ခဲ့ရသော ဖော်ရွေသည့် လူငယ်လေး၏ ကြောက်မက်ဖွယ်ကောင်းသော အတိတ်အတွက် လုံးဝ ကြိုတင်မပြင်ဆင်ထားခဲ့မိပေ။
ထန်တုန်းလင်းက ပြုံးကာ ညွှန်ကြားလိုက်သည်။ “ဝူယွမ်ရဲ့ ကိစ္စနဲ့ပတ်သက်ပြီး အပြင်လူတွေကို သတင်းအချက်အလက် တစ်ခုလေးတောင် ထုတ်မပြောမိစေနဲ့၊ သူ အခု အရိုးအဘိုးအိုကို သတ်လိုက်လို့ မိစ္ဆာလေ လျှို့ဝှက်ဂူက သူ့ကို သတိထားမိနေပြီ”
“သူ မိစ္ဆာလေ လျှို့ဝှက်ဂူကို ကြောက်စရာ အကြောင်းမရှိဘူး၊ သူ ငါးမျှားနေတာလို့ ငါ သံသယရှိတယ်၊ ဒါကြောင့် လျှို့ဝှက်ထားတာအကောင်းဆုံးပဲ၊ တကယ်လို့ ငါတို့က သူ့ရဲ့အစီအစဉ်ကို နှောင့်ယှက်မိရင် ငါတို့ကို မိစ္ဆာလေ လျှို့ဝှက်ဂူနဲ့ မဟာမိတ်ဖွဲ့ထားတယ်လို့ အထင်လွဲခံရနိုင်တယ်”
ဝူယွမ်နှင့် မည်သည့်ပဋိပက္ခမျှ မဖြစ်ပွားလိုပေ။ ထိုသို့သော ရန်သူမျိုးကို ရန်စမိပါက ထျန်းရှန်း အဆောက်အအုံအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်လာပေလိမ့်မည်။
ဝူယွမ်သည် ယင်းဟွမ်ဟွမ်နှင့် အခြားသူများကို ရှာဖွေတွေ့ရှိသွားပြီး သူတို့နှင့်အတူ ထျန်းရှန်း အဆောက်အအုံတွင် ဈေးဝယ်ထွက်ကာ အမျိုးသမီးများအတွက် ငွေရှင်းပေးနေသော်လည်း ထျန်းရှန်း အဆောက်အအုံက သူ၏အတိတ်ကို စုံစမ်းသိရှိသွားပြီဖြစ်ကြောင်းကိုတော့ လုံးဝ မသိရှိခဲ့ပေ။
သို့သော်လည်း ဝူယွမ်က ဂရုမစိုက်ပေ။ မူလကတည်းက သူ တမင်တကာ ဖုံးကွယ်ထားရန် မရည်ရွယ်ခဲ့ပေ။ ထိုသို့မဟုတ်လျှင် သူ၏နာမည်အရင်းကို ထုတ်ဖော်မည် မဟုတ်ပေ။
ကစဉ်ကလျားမိစ္ဆာပင်လယ်နှင့် အရှေ့ဘက်ရွှမ်ဒေသမှာ အလှမ်းကွာဝေးလွန်းလှပြီး သတင်းအချက်အလက်များ ပြန့်နှံ့ရန် မလွယ်ကူပေ။
အခန်း (၃၇၂) ထန်တုန်းလင်း၏ ရှာဖွေတွေ့ရှိမှု(၂)
ထျန်းရှန်း အဆောက်အအုံက သိရှိသွားခြင်းမှာ သူတို့ သတင်းအချက်အလက် ကျယ်ပြန့်စွာ သိရှိထားသောကြောင့်ဟုသာ ဆိုနိုင်ပေသည်။
နာမည်ဂုဏ်သတင်းရှိခြင်းက ကိစ္စရပ်များကို ပိုမိုလွယ်ကူစေသည်။
ထျန်းရှန်း အဆောက်အအုံကလည်း စိုးရိမ်ပူပန်ကာ ဝူယွမ်၏ ကိစ္စရပ်များကို အလွန်အလေးထားလာခဲ့သည်။
ထန်တုန်းလင်းသည် သူ၏ ဆန်းကြယ်ရှင်ခြင်း ဝိညာဉ်သစ်သီးကို ရရှိပြီးနောက် ၎င်း၏ အကျိုးသက်ရောက်မှုများကို ချက်ချင်း စမ်းသပ်ရန် သွားခဲ့သည်။
မကြာမီ ရလဒ်များ ထွက်ပေါ်လာခဲ့သည်။ အသီးကိုးလုံးထဲမှ အဆင့်နိမ့် အသီးကို စားသုံးခဲ့သူ သုံးဦးစလုံး ဆန်းကြယ်ရှင်ခြင်းအဆင့်သို့ ချိုးဖောက်ဝင်ရောက်သွားခဲ့ကြသည်။
အလယ်အလတ်အဆင့် အသီးကို စားသုံးခဲ့သူ သုံးဦးကလည်း ဆန်းကြယ်ရှင်ခြင်းအဆင့် အစောပိုင်း အထွတ်အထိပ်သို့ အောင်မြင်စွာ ချိုးဖောက်ဝင်ရောက်သွားခဲ့ကြသည်။
အောင်မြင်မှုနှုန်း ရာခိုင်နှုန်းပြည့်ပင် ဖြစ်သည်။
အဆင့်မြင့် အသီးကို စားသုံးခဲ့သူ သုံးဦးအနက် နှစ်ဦးမှာ ဆန်းကြယ်ရှင်ခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့်သို့ ချိုးဖောက်ဝင်ရောက်သွားခဲ့ကြသည်။
မအောင်မြင်ခဲ့သူမှာလည်း ကြီးမားသော အကျိုးကျေးဇူးများ ရရှိခဲ့ပြီး နောက်ထပ် အသီးတစ်လုံးသာ ရရှိပါက အောင်မြင်စွာ ချိုးဖောက်ဝင်ရောက်နိုင်မည်ဟု ခံစားခဲ့ရသည်။
ဤအရာက ထျန်းရှန်း အဆောက်အအုံ တစ်ခုလုံးကို အံ့အားသင့်သွားစေခဲ့သည်။
သူတို့ရှာဖွေတွေ့ရှိခဲ့သော စမ်းသပ်ခံသူများအားလုံးမှာ သက်ဆိုင်ရာ နယ်ပယ်အသီးသီးတွင် အချိန်ကြာမြင့်စွာ ရပ်တန့်နေခဲ့ပြီး အတွေ့အကြုံများစွာ စုဆောင်းထားကာ အချိန်မရွေး ချိုးဖောက်ဝင်ရောက်နိုင်မည့် အစွမ်းထက်ပုဂ္ဂိုလ်များ ဖြစ်ကြသော်လည်း ဤအသီးများ၏ အောင်မြင်မှုနှုန်းမှာ ယုံကြည်နိုင်စရာမရှိလောက်အောင် အံ့မခန်း ဖြစ်နေသည်ဟု ဆိုနိုင်ပေသည်။
ဤအရာများသည် အလယ်အလတ်မှ အဆင့်မြင့် တိုက်ခိုက်ရေးစွမ်းအားများအတွက် ကျင့်ကြံခြင်းလမ်းကြောင်းတစ်ခုကို အပြည့်အဝ ဖန်တီးပေးနိုင်စွမ်း ရှိသည်။
တန်ဖိုးဖြတ်၍ မရနိုင်ပေ။
ထန်တုန်းလင်းသည် ဝူယွမ်ကို ထပ်မံရှာဖွေခဲ့ပြီး အသီးများကို ဝယ်ယူရန် ဆန္ဒရှိရုံသာမက ဝူယွမ် အဆိုပြုခဲ့သော စျေးနှုန်းထက် ၃၀ ရာခိုင်နှုန်း ပိုမိုပေးဆောင်ရန်ပါ သဘောတူခဲ့သည်။
“လေလံပွဲမှာ အမျိုးအစားတစ်ခုစီကို ဆယ်လုံးစီ လေလံတင်မယ်၊ ပြီးတော့ ကောင်းကင်ပိုးသားကုတင်အတွက် နောက်ထပ် အဆင့်မြင့်အသီး ဆယ်လုံးပေးမယ်၊ ဘယ်လိုလဲ” ဝူယွမ်က အဆိုပြုလိုက်သည်။
ကမ္ဘာသစ်ပင် ပင်လျှင် အဆင့်မြင့် အသီးများကို စိုက်ပျိုးထုတ်လုပ်ရန် အလွန်လွယ်ကူမနေခဲ့ချေ။
သာမန် ကမ္ဘာခြားနတ်ဆိုးတစ်ကောင်ကို သန့်စင်လိုက်ပါက အသီးငါးလုံးမှ ဆယ်လုံးအထိသာ ထုတ်လုပ်နိုင်ပြီး သူ ယခုအထိ အလုံးတစ်ရာကျော်သာ စုဆောင်းရရှိထားသေးသည်။
ရှေးဟောင်းကျောက်တိုင်ကမ္ဘာအတွင်းရှိ တောင်ဂိုဏ်းနှင့် မဟာရှေးဟောင်းဂိုဏ်းတို့တွင် ၎င်းတို့ကို အသုံးပြုရန် အခြေအနေနှင့် ကိုက်ညီသူများ များများစားစား မရှိသဖြင့် အလကားဖြစ်နေသောကြောင့်သာ ဝူယွမ်က ၎င်းတို့ကို အရောင်းအဝယ်အတွက် အသုံးပြုရန် စဉ်းစားခဲ့ခြင်းဖြစ်သည်။
“ပြဿနာမရှိပါဘူး”
ထန်တုန်းလင်းက အလွယ်တကူ သဘောတူလိုက်သည်။ အဆင့်မြင့်အသီး ဆယ်လုံးက သူတို့ ထျန်းရှန်း အဆောက်အအုံအတွက် အနည်းဆုံး ဆန်းကြယ်ရှင်ခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ် ခြောက်ဦး ထပ်တိုးလာစေရန် ကူညီပေးနိုင်ပေသည်။
ဤအရောင်းအဝယ်မှာ ကြီးမားသော အမြတ်အစွန်းပင် ဖြစ်သည်။
“မင်းတို့ရဲ့ ထျန်းရှန်းအဆောက်အအုံမှာ ရတနာတွေ အများကြီးရှိသင့်တယ်၊ ဒါပေမယ့် စျေးကွက်ထဲမှာရှိတဲ့ အရာတွေက သိပ်တန်ဖိုးမကြီးဘူးလို့ ထင်ရတယ်၊ ဖြစ်နိုင်ရင် မင်းတို့ရဲ့ ရတနာတိုက်ကို ငါကြည့်ချင်တယ်၊ စိတ်မပူပါနဲ့၊ မင်းတို့ ရတနာတိုက်ထဲမှာ ငါ စိတ်ဝင်စားတဲ့အရာ တစ်ခုခု ရှိနေသရွေ့ အဲဒီအစား ပိုကောင်းတဲ့အရာတွေ ငါ ပေးနိုင်ပါတယ်”
ဝူယွမ်က ထျန်းရှန်း အဆောက်အအုံ၏ လျှို့ဝှက်ရတနာတိုက်ကို မျက်စိကျသွားလေသည်။
သူနှင့် ရှောင်တျောင်းတို့သည် လွန်ခဲ့သည့် ရက်အနည်းငယ်က လှည့်လည်ကြည့်ရှုခဲ့ကြပြီး သူတို့ အလေးအနက်ထားရလောက်သည့် ရတနာ များများစားစား မတွေ့ခဲ့ရပေ။
‘တကယ့်ကို အဖိုးတန်တဲ့ အရာတွေက သေချာပေါက် သိုလှောင်ရုံထဲမှာ သိမ်းထားတာ ဖြစ်ရမယ်၊ တန်ဖိုးဖြတ်လို့ မရနိုင်သလို အလွယ်တကူ ရောင်းချမှာလည်း မဟုတ်ဘူး’ ဟု သူတို့ တစ်ပြိုင်နက်တည်း တွေးလိုက်မိကြသည်။
“ပိုကောင်းတဲ့ အရာတွေလား”
ထန်တုန်းလင်း၏ မျက်လုံးများ တောက်ပသွားသည်။
ဝူယွမ်က အဆင့်မြင့်အသီးများ အများအပြား ထုတ်လုပ်နိုင်ခြင်းကပင် သူမအတွက် အလုံအလောက် အံ့အားသင့်ဖွယ် ဖြစ်နေပြီဖြစ်သည်။ ထိုသို့သော ရတနာမျိုးကို ပိုမိုရရှိထားရန် သေချာပေါက် လိုအပ်ပေသည်။
“အဲဒါ ပြဿနာမရှိပါဘူး၊ သခင်လေးဝူယွမ်အတွက် ဖွင့်ပေးလို့ရပါတယ်၊ ပိုကောင်းတဲ့ ရတနာတွေ မရှိရင်တောင်မှ အဆင့်မြင့်အသီးတွေနဲ့ လဲလှယ်ဖို့ဆိုရင် လုံလောက်ပါတယ်” ထန်တုံးလင်းက ပြုံးကာ ပြောလိုက်သည်။
“ဒါပေမယ့် လေလံပွဲက စတော့မယ်၊ လေလံပွဲပြီးမှ ရတနာတိုက်ကို သွားကြမလား”
ထျန်းရှန်း အဆောက်အအုံ၏ မန်နေဂျာတစ်ဦးအနေဖြင့် ထန်တုံန်းလင်းသည် ဤလေလံပွဲကို စီစဉ်ကျင်းပရန် တစ်ဦးတည်း တာဝန်ယူထားရသဖြင့် လေလံပွဲနီးကပ်လာသည်နှင့်အမျှ သူမသည် ဤရက်အနည်းငယ်အတွင်း အလွန် အလုပ်များနေမည်ဖြစ်သည်။
“ငါ့လူတွေကို ရတနာတိုက်ဆီခေါ်သွားဖို့ လူတစ်ယောက် စီစဉ်ပေးလိုက်လို့ ရတယ်၊ ငါက မင်းနဲ့အတူ လေလံပွဲကို သွားမယ်၊ လေလံပွဲပြီးမှ အရောင်းအဝယ် လုပ်ကြတာပေါ့” ဝူယွမ်က အဆိုပြုလိုက်သည်။
သူ အလျင်လိုနေသဖြင့် ရှောင်တျောင်းနှင့် လင်းတုန်တို့ကိုသာ စေလွှတ်ရန် စီစဉ်ထားသည်။
လင်းတုန်က ယန်ကို ခေါ်သွားမည်ဖြစ်ရာ ယန်နှင့် ရှောင်တျောင်းတို့ ရှိနေသဖြင့် မည်သည့်ရတနာမျှ သူတို့၏ မျက်လုံးများမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ထို့အပြင် သူတို့လိုအပ်သော ရတနာများ ရှိနေသရွေ့ ဝူယွမ်သည် ၎င်းတို့ကို လဲလှယ်နိုင်မည်ဟု ယုံကြည်ချက်ရှိသည်။
ရှေးဟောင်းကျောက်တိုင်ကမ္ဘာအတွင်း စိုက်ပျိုးထားသော ဝိညာဉ်ဆေးပင် အများအပြားမှာ ဆန်းကြယ်သေခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များအတွက်ပင် အသုံးဝင်လှသည်။
ထိုဝိညာဉ်ဆေးပင်များကို ရင့်ကျက်စေပြီးနောက် မူလကျောက်လက်ဖွဲ့ကိုအသုံးပြုကာ ဆေးလုံးများအဖြစ် သန့်စင်လိုက်သောအခါ ၎င်းတို့သည် အလွန်တရာ တန်ဖိုးကြီးမားသွားခဲ့လေသည်။
ထို့နောက် ဝူယွမ်နှင့် သူ၏အဖွဲ့သည် လမ်းနှစ်သွယ် ခွဲသွားကြသည်။
လင်းတုန်က လူအချို့ကိုခေါ်ကာ ထျန်းရှန်း အဆောက်အအုံ၏ လျှို့ဝှက်ရတနာတိုက်ဆီသို့ သွားခဲ့သည်။
ဝူယွမ်ကမူ ယင်းဟွမ်ဟွမ်၊ ပိုင်ယွမ်နှင့် အခြား လှပသော အမျိုးသမီးအချို့ကို ခေါ်ကာ လေလံပွဲသို့ သွားခဲ့လေသည်။
... လေလံပွဲကျင်းပမည့်အချိန် နီးကပ်လာသည်နှင့်အမျှ လူများ ပိုမိုများပြားစွာ ထျန်းရှန်း အဆောက်အအုံအတွင်းသို့ ဝင်ရောက်လာကြပြီး သူတို့အားလုံးမှာ အင်အားစုကြီးများ သို့မဟုတ် အစွမ်းထက်သော လွတ်လပ်သည့် ကျင့်ကြံသူများ ဖြစ်ကြသည်။
ဝူယွမ်က အမျိုးသမီးများနှင့်အတူ လေလံပွဲ ကျင်းပရာနေရာသို့ ဝင်ရောက်လာသောအခါ ထန်တုန်းလင်းက သူ့ကို ချက်ချင်း သတိပြုမိသွားပြီး ကိုယ်တိုင် လာရောက် ကြိုဆိုလေသည်။
“သခင်လေး ဝူယွမ်၊ သခင်လေးအတွက် နေရာ ပြင်ဆင်ထားပြီးပါပြီ၊ ဒီဘက်ကိုကြွပါ” ထန်တုန်းလင်း၏ ပေါ်ထွက်လာမှုနှင့်အတူ ခေါင်းလောင်းသံကဲ့သို့ ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။
မူလက ပြုံးရွှင်နေသော ထန်တုန်းလင်းသည် ဝူယွမ်၏ဘေးရှိ ပိုင်ယွမ်၊ ယင်းဟွမ်ဟွမ်၊ ယင်းရှောင်ရှောင်၊ ကျန်းယွဲ့၊ မုချန်ချန်နှင့် အခြား အမျိုးသမီးများကို မြင်သောအခါ သူမ၏မျက်နှာအမူအရာမှာ ချက်ချင်းပင် အနည်းငယ် တင်းမာသွားလေသည်။
ဤအမျိုးသမီးများမှာ တကယ်ကို ထူးချွန်လှပလွန်းလှသည်။ အလှအပနှင့် စိတ်နေသဘောထားတွင်သာမက သူတို့၏ကျင့်ကြံမှုမှာလည်း သူမထက် မနိမ့်ကျပေ။
ထျန်းရှန်း ဒေသတွင် ထန်တုန်းလင်းသည် သူမ၏ ကျင့်ကြံမှုပါရမီကြောင့် နာမည်မကြီးသော်လည်း အမျိုးသမီးများကြားတွင် သူမ၏ စွမ်းအားမှာ အကောင်းဆုံးများထဲတွင် ပါဝင်ကြောင်း သိထားရမည်ဖြစ်သည်။
သို့သော်လည်း ယခုအခါ ဝူယွမ် ခေါ်ထုတ်လာသော ဤအဖွဲ့မှာ အမှန်တကယ်ပင် သူမထက် မနိမ့်ကျပေ။
အခွင့်ထူးခံဘဝတွင် မွေးဖွားလာသော ထန်တုန်းလင်းအတွက် ၎င်းမှာ အတော်လေး ထိုးနှက်ချက်တစ်ခု ဖြစ်ပေသည်။
“အဟမ်း၊ သခင်လေး ဝူယွမ်က တကယ်ကို အားကျစရာကောင်းတာပဲ”
ထန်တုန်းလင်းက ပုံမှန်အခြေအနေသို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိသွားသော်လည်း ဝူယွမ်မှာ အရမ်းကို မျက်နှာများလွန်းသည်ဟု သူမစိတ်ထဲမှ တိတ်တဆိတ် ညည်းတွားလိုက်သည်။
ဝူယွမ်ကို သူ၏နေရာသို့ ခေါ်ဆောင်သွားပြီးနောက် အခြားသူများက သူမကိုလည်း ဝူယွမ်၏ အမျိုးသမီးများထဲမှ တစ်ဦးဟု ထင်မှတ်သွားမည်ကို စိုးရိမ်သဖြင့် သူမ အလျင်အမြန် ထွက်ခွာသွားလေသည်။
တကယ်တော့ လူအချို့က ထိုသို့ ထင်မှတ်နေကြပြီဖြစ်သည်။
ဝူယွမ်နှင့် သူမ၏အကြောင်းကို ဗဟိုပြုကာ တီးတိုးစကား အများအပြား ထွက်ပေါ်နေပြီး မှတ်ချက်များကို တိတ်တဆိတ် ဖလှယ်နေကြသည်။
“ငါ သတိပေးလိုက်မယ်၊ နောက်ထပ် သွားပြီး ပရောပရည်မလုပ်နဲ့တော့” ယင်းဟွမ်ဟွမ်က သူ၏နားကို ညင်သာစွာ ဆွဲကာ တီးတိုးပြောလိုက်သည်။
သူမလည်း အတော်လေး ဆွံ့အသွားရလေသည်။ ဝူယွမ်က လင်းချင်းကျူ တစ်ယောက်တည်းနှင့်သာ ရှုပ်နေသည်ဟု သူမ ထင်မှတ်ခဲ့သော်လည်း သူ၏ကမ္ဘာငယ်လေးထဲတွင် အမျိုးသမီးအတော်များများကို ဖုံးကွယ်ထားလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။
သို့သော်လည်း ယင်းဟွမ်ဟွမ်တွင် ရွေးချယ်စရာမရှိပေ။ အရင်လာသူ အရင်ရစနစ်ပင် ဖြစ်သည်။
သူမ၏ အဆင့်အတန်းက ကျန်းယွဲ့၊ မုချန်ချန်နှင့် အခြားသူများထက် ပိုမိုမြင့်မားသော်လည်း သူမက နောက်မှ ရောက်လာသူဖြစ်သည်။
မူလက သူမသည် ဤတစ်ကြိမ်တွင် ဝူယွမ်နှင့်အတူ အပြင်မထွက်ချင်ခဲ့သော်လည်း ဝူယွမ်က အပြင်တွင် ပရောပရည်လုပ်နေမည်ကို စိုးရိမ်သောကြောင့်သာ လိုက်လာခဲ့ခြင်းဖြစ်သည်။
“မင်း ဘာတွေ တွေးနေတာလဲ၊ တခြားအမျိုးသမီးတွေကို ငါ စိတ်မဝင်စားပါဘူး” ဝူယွမ်က လေးနက်စွာ ပြောလိုက်သည်။
“ဒီလေလံပွဲကျင်းပတဲ့ နေရာက တကယ်ကိုကြီးမားတာပဲ၊ ငါတို့ မဟာရှေးဟောင်းဂိုဏ်းမှာလည်း တစ်နေ့ကျရင် ဒီလောက်ကြီးတဲ့ လေလံပွဲကျင်းပတဲ့နေရာမျိုး ရှိလာရင် သိပ်ကောင်းမှာပဲ” ရွှမ်စုက အကြောင်းအရာကို အလျင်အမြန် ပြောင်းလဲကာ သက်ပြင်းချလိုက်သည်။
သူမတွင် အဆင့်အတန်းလုယူလိုသော အတွေးမျိုး မရှိပေ။ ဝူယွမ်က သူမကို မေ့မသွားသရွေ့ သူမ ကျေနပ်နေမည်သာ။
ယခုအခါ ရွှမ်စု၏ စံပြရည်မှန်းချက်မှာ ဝူယွမ်၏ ရှေးဟောင်းကျောက်တိုင်ကမ္ဘာကြီး ပိုမိုကောင်းမွန်လာအောင် ကူညီတည်ဆောက်ပေးရန် ဖြစ်သည်။
“မှန်တယ်၊ ထျန်းရှန်း အဆောက်အအုံက စီးပွားရေးလုပ်ငန်းတွေမှာ အရမ်းကို ကောင်းကောင်း လုပ်ဆောင်နိုင်တယ်၊ ငါတို့ လည်ပတ်ရကျိုးနပ်ပါတယ်” မုချန်ချန်က ထောက်ခံလိုက်သည်။
... သူတို့ စကားပြောဆိုနေကြစဉ် လေလံပွဲ ကျင်းပရာနေရာတွင် လူများ တဖြည်းဖြည်း ပြည့်နှက်လာသည်။
အနီရောင် ဂါဝန်ကို ဝတ်ဆင်ထားသော ထန်တုန်းလင်းက စင်မြင့်ပေါ်သို့ တက်လာသည်နှင့် လေလံပွဲကို တရားဝင် စတင်လိုက်ပြီဖြစ်သည်။
“အားလုံးပဲ၊ လာရောက်အားပေးကြတဲ့သူတွေ အားလုံးကို ထျန်းရှန်း အဆောက်အအုံ ကိုယ်စား ကျေးဇူးတင်ပါတယ်၊ ဒီထျန်းရှန်း လေလံပွဲက ဘယ်သူ့ကိုမှ စိတ်ပျက်စေမှာ မဟုတ်ဘူးလို့ ကျွန်မ ယုံကြည်ပါတယ်”
ထန်တုန်းလင်းက ညို့ဓာတ်ပြင်းစွာ ပြုံးလိုက်ပြီး သူမ၏ ကျောက်စိမ်းလက်လေးကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ သိမ်မွေ့သော အစေခံမိန်းကလေးတစ်ဦးက ငွေဗန်းတစ်ခုကို ကိုင်ဆောင်လျက် ရှေ့သို့ ထွက်လာခဲ့သည်။
ငွေဗန်းအတွင်း၌ အနီရင့်ရောင် စာလိပ်တစ်ခုက တဖျပ်ဖျပ်လက်နေသော အလင်းတန်းတစ်ခုကို ထုတ်လွှင့်နေသည်။
နူးညံ့သော အသံတစ်ခုက ဖြည်းညင်းစွာ ပြန့်ကျဲသွားသည်။
“မီးလျှံမိစ္ဆာ ကောင်းကင်ထိုးဖောက် လက်ဝါး၊ အလယ်အလတ်အဆင့် ကောင်းကင်သိုင်းပညာတစ်ခုဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်တစ်ထောင်က ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်က ဖန်တီးခဲ့တာပါ၊ မဟာပြည့်စုံခြင်းအဆင့်အထိ ကျင့်ကြံလိုက်ရင် ကောင်းကင်နဲ့ မြေကြီးကိုတောင် ပြာကျသွားအောင် လောင်ကျွမ်းစေနိုင်ပါတယ်”