← Chapters

အခန်း (၃၇၅-၃၇၆)

Vol. 38 Ch. 375-376

အခန်း (၃၇၅-၃၇၆)

Vol. 38 Ch. 375-376

အခန်း (၃၇၅) - လေလံပွဲကို သိမ်းကြုံးဝယ်ယူခြင်းနှင့် ထျန်းရှန်းအဆောက်အအုံကို ပြောင်သလင်းခါအောင် လုပ်ခြင်း(၁)

ထန်တုန်းလင်း၏ အကျဉ်းချုံး မိတ်ဆက်စကားအပြီးတွင် ဆန်းကြယ်သေခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးပင်လျှင် ၎င်းကို မဖျက်ဆီးနိုင်ဘူးဆိုသည့် စကားက လေလံရုံအတွင်း၌ ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။

လူအများအပြားက သာမန်ပုံစံပေါက်နေသော ခြောက်သွေ့နေသည့် အမည်းရောင်အလောင်းကောင်ကို အံ့အားသင့်စွာ စိုက်ကြည့်နေကြသည်။

ဆန်းကြယ်သေခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး၏ အစွမ်းကုန် တိုက်ခိုက်မှုကိုတောင် ခံနိုင်ရည်ရှိတဲ့ ဤအရာက ဘယ်လိုထူးဆန်းသည့် အရာမျိုးဖြစ်နေသနည်း။

“မမလေးထန်၊ ဒါက ရုပ်သေးရုပ် တစ်မျိုးလား”

လေလံပွဲ၏ ရှေ့ဆုံးတန်းတွင် ထိုင်နေသော အမည်းရောင်ဝတ်ရုံနှင့် လူတစ်ဦးက ရုတ်တရက် အသံနိမ့်နိမ့်ဖြင့် မေးလိုက်သည်။

သူ စကားပြောလိုက်သည်နှင့် သူ၏ပတ်ဝန်းကျင်တွင် အမည်းရောင်အလင်းတန်းများ လှိုင်းထသွားပြီး သူ၏ပုံရိပ်က ဝေဝါးဝါး စိတ်ကူးယဉ် မြင်ကွင်းများစွာကို ဖန်တီးနေသကဲ့သို့ ဖြစ်နေကာ သူ၏စစ်မှန်သော သဏ္ဌာန်ကို ခွဲခြားသိမြင်ရန် မဖြစ်နိုင်ပေ။

“ဒါက မာယာမိစ္ဆာဂိုဏ်းက ချန်ယင်းပဲ၊ သူက ဒီခြောက်သွေ့နေတဲ့အလောင်းကောင်ကို အတော်လေး စိတ်ဝင်စားနေပုံရတယ်”

တစ်စုံတစ်ယောက်က သူ မည်သူမည်ဝါဖြစ်ကြောင်းကို ချက်ချင်း သိလိုက်သည်။

လျှို့ဝှက်ဂူကြီး နှစ်ခုကဲ့သို့ပင် မာယာမိစ္ဆာဂိုဏ်းတွင်လည်း ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များက စောင့်ကြပ်နေကြသည်။

“ရုပ်သေးရုပ် အမျိုးအစားတစ်ခုလို့ သတ်မှတ်လို့ရလောက်ပါတယ်” ထန်တုံးလင်းက အတန်ကြာ စဉ်းစားပြီးနောက် ဖြေကြားလိုက်သည်။

“ဒါပေမယ့် ဒီအရာမှာ သီးသန့် ထိန်းချုပ်နိုင်တဲ့ အထူးနည်းလမ်းတစ်ခု ရှိသင့်တယ်၊ ကျွန်မတို့ ထျန်းရှန်းအဆောက်အအုံက အချိန်အကြာကြီး သုတေသနလုပ်ခဲ့ပေမယ့် အဲဒါကို အသက်သွင်းလို့မရသေးဘူး”

ထိုစကားကို ကြားသောအခါ အောက်ဘက်ရှိ လူအုပ်ကြီး တိတ်ဆိတ်သွားသည်။ ‘ဒါဆို ဒီအရာက အသုံးမကျတဲ့ သတ္တုတုံးကြီး တစ်ခုသက်သက်ပဲပေါ့'

“ကောင်းပါပြီ၊ လေလံပွဲ စတင်ပါပြီ၊ စတင်လေလံကြေးက ဆန်းကြယ်ယွမ်ဆေးလုံး ငါးသန်းပါ”

“ထိန်းချုပ်လို့မရတဲ့ ရုပ်သေးရုပ်က နည်းနည်း အသုံးမကျသလိုပဲ၊ ပြီးတော့ ငါးသန်းဆိုတာက အရမ်းများတယ်၊ ဝယ်တဲ့သူကတော့ အရူးပဲ”

ပရိသတ်ထဲမှ လူအများအပြားက ခေါင်းယမ်းလိုက်ကြသည်။

အချိန်အတော်ကြာသည်အထိ မည်သူမျှ လေလံမဆွဲကြပေ။

“ငါးသန်း နှစ်သိန်း”

အတန်ကြာပြီးနောက် အသံတစ်သံ နောက်ဆုံးတွင် ထွက်ပေါ်လာသည်။

မာယာမိစ္ဆာဂိုဏ်းမှ ချန်ယင်းပင် ဖြစ်သည်။

သူက ဈေးပေါပေါဖြင့် ရလိုသဖြင့် နှစ်သိန်းသာ ပိုပေးလိုက်ခြင်း ဖြစ်သည်။

“ခြောက်သန်း” ပိုင်ယွမ်၏ နူးညံ့သာယာသော အသံလေး ထွက်ပေါ်လာကာ ခြောက်သန်းအထိ တိုက်ရိုက် မြှင့်တင်လိုက်သည်။

“ကျစ်၊ သူတို့ပဲ ထပ်ဖြစ်နေပြန်ပြီ”

“ပထမပိုင်းက ရတနာတွေရဲ့ ထက်ဝက်ကျော်ကို သူတို့ပဲဝယ်သွားကြတာ”

“ဟုတ်တယ်၊ ကျန်တဲ့တစ်ဝက်က ဆန်းကြယ်ရှင်ခြင်း ဝိညာဉ်သစ်သီးတွေလေ၊ အဲဒီ ဆန်းကြယ်ရှင်ခြင်း ဝိညာဉ်သစ်သီးတွေကို လေလံတင်ရောင်းတာက သူတို့များလားလို့တောင် ငါ သံသယရှိတယ်”

“သူတို့က လေလံပွဲ တစ်ခုလုံးကို သိမ်းကြုံးဝယ်တော့မလို့လား”

“သေစမ်း၊ အနားမှာ လှပတဲ့ အမျိုးသမီးတွေ အများကြီးနဲ့ ဒီလို အရေးပါတဲ့ပုဂ္ဂိုလ်က ဘယ်က ရောက်လာတာလဲ၊ ငါတော့ အရမ်းအားကျတာပဲ”

“လျှို့ဝှက်ဂူနှစ်ခုက လျှို့ဝှက်ဂူသခင်လေးတွေတောင် ဒီလိုဟိတ်ဟန်မျိုး မရှိဘူး”

ဝူယွမ်တို့အဖွဲ့ ထပ်မံ၍ လေလံဆွဲသည်ကို မြင်သောအခါ လေလံရုံမှာ စည်ကားပြီး ဆူညံသွားလေသည်။

လူအများအပြားက ဝူယွမ်ကို အားကျနေကြသည်။ သူ၏ ပတ်ဝန်းကျင်တွင် လှပသောအမျိုးသမီးများ ဝန်းရံနေရုံသာမက သူသည် ယုံကြည်နိုင်စရာမရှိလောက်အောင် ချမ်းသာကြွယ်ဝပြီး ပစ္စည်းများကို ကစားပွဲတစ်ခုပမာ လေလံဆွဲနေသောကြောင့်ပင်။

“ခြောက်သန်းခွဲ၊”

မာယာမိစ္ဆာဂိုဏ်းမှ ချန်ယင်းက အံကြိတ်ကာ ထပ်မံ လေလံဆွဲလိုက်သည်။

“ခုနစ်သန်း” ပိုင်ယွမ်က ဆက်လက်၍ ဈေးခေါ်လိုက်သည်။

ချန်ယင်း မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။ ဝူယွမ်ကဲ့သို့သော သူဌေးတစ်ဦးကို ရင်ဆိုင်ရချိန်တွင် လေလံပွဲကို အနိုင်ရမည်ဟု သူ တကယ်ကို ယုံကြည်ချက်မရှိပေ။

“ကျွန်တော်က မာယာမိစ္ဆာဂိုဏ်းက ချန်ယင်းပါအစ်ကို၊ ဒီပစ္စည်းက ကျွန်တော့်မာယာမိစ္ဆာဂိုဏ်းအတွက် အရမ်းအသုံးဝင်တယ်၊ ကျေးဇူးပြုပြီး မျက်နှာသာပေးပါ၊ ပြီးတော့ ကျွန်တော်တို့ သူငယ်ချင်းတွေ ဖြစ်သွားနိုင်တယ်လေ၊ ဘယ်လိုလဲ”

ဝူယွမ်က သူ့နှင့် ဆက်လက်၍ လေခံမဆွဲတော့ရန် မျှော်လင့်ချက်ဖြင့် ဝူယွမ်ဘက်သို့ လှည့်ကာ နှုတ်ဆက်လိုက်သည်။

“လက်လျှော့လိုက်ပါ ညီလေးချန်ယင်း၊ မင်း ကောင်းဖို့အတွက် ငါဒီလိုလုပ်နေတာပါ၊ ဒီအရာကို မင်းထိန်းချုပ်နိုင်မှာမဟုတ်ဘူး” ဝူယွမ်က ရိုးသားစွာ အကြံပေးလိုက်သည်။

ဝါးမျိုခြင်းအလောင်းကောင်ကို ဝါးမျိုခြင်းဘိုးဘေးအဆောင်ကသာ ထိန်းချုပ်နိုင်သည်။ သူနှင့် လင်းတုန်မှလွဲ၍ အခြားမည်သူမျှ ၎င်းကို အမှန်တကယ် ထိန်းချုပ်နိုင်မည် မဟုတ်ပေ။

အကယ်၍ ချန်ယင်းဝယ်ယူသွားပါက သူသည် ၎င်းကို ငေးကြည့်နေရုံသာ တတ်နိုင်ပေလိမ့်မည်။

ထိုသို့မဟုတ်လျှင် ဝူယွမ်သည် သူငယ်ချင်းဖွဲ့ရသည်ကို အလွန် နှစ်သက်သူဖြစ်သည်။

“ဟက်ဟက်၊ မင်းက မာယာမိစ္ဆာဂိုဏ်းကို မျက်နှာသာတောင် မပေးဘူးပဲ၊ ညီလေး ချန်ယင်း၊ သူတို့က မင်းရဲ့ မာယာမိစ္ဆာဂိုဏ်းကို အထင်သေးနေပုံရတယ်” မိစ္ဆာလေ လျှို့ဝှက်ဂူမှ မရဏဘုရင်လေး ရှဲ့ယန်က ခနဲ့တဲ့တဲ့ လေသံဖြင့် သွေးထိုးလှုံ့ဆော်လိုက်သည်။

“ဟမ့်”

ချန်ယင်းမှာ မျက်နှာ အနည်းငယ်ပျက်ယွင်းသွားပြီး ပြန်ထိုင်လိုက်သည်။

“ဟွမ်ဟွမ်၊ သူ့ကို ပြန်ချေပလိုက်” ဝူယွမ်က ယင်းဟွမ်ဟွမ်၏ သွယ်လျသော ခါးလေးကို ပုတ်ကာ ပြောလိုက်သည်။

ယင်းဟွမ်ဟွမ်သည် လူများကို ပြန်လည်ချေပရာတွင် အလွန်တော်လှသည်။ ဝူယွမ် တောင်ဂိုဏ်းသို့ ပထမဆုံး ဝင်ရောက်လာစဉ်ကပငိ သူမ၏ ပြန်လည်ချေပခြင်းကို ခံခဲ့ရဖူးသည်။ မမလေး ယင်းအာသည် အမြဲတမ်း စကားပြောပြတ်သားသူပင်။

“ရှင်က ဘယ်လို မရဏဘုရင်လေးလဲ၊ ခွေးတစ်ကောင်လို ဟောင်နေတာပဲ၊ ကျွန်မတို့က မာယာမိစ္ဆာဂိုဏ်းကို အထင်သေးတယ်ဆိုရင်တောင် ရှင်တို့ မိစ္ဆာလေ လျှို့ဝှက်ဂူနဲ့ ဘာဆိုင်လို့လဲ၊ ရှင်တို့ မိစ္ဆာလေ လျှို့ဝှက်ဂူကိုလည်း ကျွန်မတို့က အထင်ကြီးနေတာမှ မဟုတ်တာ၊ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အရမ်း အထင်မကြီးစမ်းပါနဲ့ ဟုတ်ပြီလား” ယင်းဟွမ်ဟွမ်က ကြည်လင်ပြတ်သားစွာ ပြောလိုက်သည်။

“မင်း... “ ရှဲ့ယန် မျက်နှာတင်းမာသွားလေသည်။ တစ်ဖက်လူက သူတို့၏ မိစ္ဆာလေ လျှို့ဝှက်ဂူအပေါ် ဤမျှလောက် မရိုမသေ ပြုရဲလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

ထို့အပြင် ဤလှပသော မိန်းမပျိုလေး၏ ပြန်လည်ချေပခြင်းကို ခံရသဖြင့် ရှဲ့ယန်၏မျက်နှာမှာ နီရဲနေပြီး ထားစရာနေရာပင် မရှိတော့ပေ။

“ဟားဟား၊ ဒီမိန်းမပျိုလေးက စကားပြောကောင်းတာပဲ၊ ဒီလို ခနဲ့တဲ့တဲ့ ပြောတတ်တဲ့ ကောင်တွေက သွေးထိုးလှုံ့ဆော်ရတာကို သိပ်ကြိုက်ကြတာ၊ သူတို့က တကယ်ကို စက်ဆုပ်စရာကောင်းတယ်”

တစ်ဖက်တွင် ချန်ခွန်း လျှို့ဝှက်ဂူမှ ချန်ခွန်းလက်ဝါး ကျိုးချန်က ဝမ်းသာအားရဖြင့် ပြောလိုက်သည်။

“အို” ယင်းဟွမ်ဟွမ်က စကားတစ်ခွန်းတည်းဖြင့် တုံ့ပြန်လိုက်ပြီးနောက် ကျိုးချန်ကို လျစ်လျူရှုထားလိုက်သည်။

“ဟွန်း၊ သူတို့က မင်းတို့ရဲ့ ချန်ခွန်း လျှို့ဝှက်ဂူကိုတောင် အထင်သေးနေတာပဲ” ရှဲ့ယန်က လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။

“အားလုံးပဲ၊ ကျေးဇူးပြုပြီး တိတ်တိတ်နေပေးပါ၊ ဒီနေရာက ထျန်းရှန်း အဆောက်အအုံပါ၊ ငါတို့ ထျန်းရှန်း အဆောက်အအုံ မျက်နှာလေးတော့ ထောက်ကြပါ၊ ဘာကိစ္စပဲရှိရှိ သဟဇာတဖြစ်အောင် နေပြီး ပိုက်ဆံပဲရှာကြတာပေါ့၊ လေလံပွဲကို ဆက်ကြရအောင်”

ထန်တုန်းလင်းက အငြင်းပွားမှုကို အလျင်အမြန် တားဆီးလိုက်ပြီး လူတိုင်း၏အာရုံကို လေလံပွဲဆီသို့ ပြန်လည်ရောက်ရှိစေခဲ့သည်။

“ဒီမိန်းမပျိုလေးက ခုနစ်သန်း လေလံဆွဲထားပါတယ်၊ နောက်ထပ် လေလံဆွဲချင်တဲ့သူ ရှိသေးလား”

“ခုနစ်သန်း၊ ပထမအကြိမ်”

ထန်တုန်းလင်းက ထပ်မံကြေညာလိုက်သည်။

“ရှစ်သန်း” ရှဲ့ယန်က ရုတ်တရက် လက်မြှောက်လိုက်သည်။

သူက ဝူယွမ်ကို လှောင်ပြုံးပြုံးပြကာ တမင်သက်သက် ဈေးတင်လိုက်ခြင်း ဖြစ်သည်။

ပိုင်ယွမ် - “ကိုးသန်း”

ရှဲ့ယန် - “ဆယ်သန်း”

ပိုင်ယွမ် - “ဆယ့်နှစ်သန်း”

ရှဲ့ယန် - “ဆယ့်ငါးသန်း”

ပိုင်ယွမ် - “ဆယ့်ရှစ်သန်း”

ရှဲ့ယန် - “သန်းနှစ်ဆယ်”

ရှဲ့ယန်က လှောင်ပြုံးပြုံးလိုက်သည်။ တစ်ဖက်လူက လေလံပစ္စည်းများကို သိမ်းကြုံးဝယ်ယူရန် စိတ်ပိုင်းဖြတ်ထားပြီး ငွေလည်း မရှားသဖြင့် သူ ရှဲ့ယန်က မီးလောင်ရာ လေပင့်ပေးရပေမည်။

ဤနည်းအားဖြင့် သူသည် တစ်ဖက်လူကို ဒေါသထွက်စေနိုင်ရုံသာမက ထျန်းရှန်း အဆောက်အအုံ၏ မျက်နှာသာပေးမှုကိုပါ ရရှိနိုင်ပေသည်။

“နှစ်ဆယ့်... “ ပိုင်ယွမ်က ဆက်လက် လေလံဆွဲရန် ပြင်လိုက်သည်။

“တော်ပြီ၊ သူ့ကို ပေးလိုက်”

သို့သော် ဝူယွမ်က သူမကို ချက်ချင်းတားလိုက်ပြီး သူ၏နှုတ်ခမ်းပေါ်တွင် အပြုံးပါးပါးလေး ပေါ်လာကာ ရှဲ့ယန်အား အလျော့ပေးလိုက်သည်။

“သန်းနှစ်ဆယ်၊ ပထမအကြိမ်”

... “သန်းနှစ်ဆယ်၊ ဒုတိယအကြိမ်၊”

“သန်းနှစ်ဆယ်၊ တိတိယအကြိမ်”

ထန်တုန်းလင်းက အဆုံးသတ်ကို ကြေညာလိုက်လေသည်။ “ဒီခြောက်သွေ့နေတဲ့ အလောင်းကောင်ကို ရရှိသွားတဲ့အတွက် သခင်လေး ရှဲ့ကို ဂုဏ်ပြုပါတယ်၊”

ရှဲ့ယန်: “???”

“လျှို့ဝှက်ဂူသခင်လေး၊ ငါတို့ ပစ်မှတ်ထားတဲ့ လေလံပစ္စည်းတွေက နောက်မှလာမှာပါ၊ ပြီးတော့ ယှဉ်ပြိုင်မှုကလည်း ပြင်းထန်နိုင်တယ်... “ ရှဲ့ယန်၏ဘေးရှိ အဘိုးအိုတစ်ဦးက တီးတိုး ပြောလိုက်သည်။

“ငါသိတယ်” ရှဲ့ယန်၏မျက်နှာမှာ အလွန်တရာ ဆိုးရွားနေသည်။ ဝူယွမ်က သူ့ကို လှည့်စားသွားလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

“ဟားဟား၊ ဒီရှဲ့ယန်တော့ အရူးလုပ်ခံလိုက်ရပြီ၊ သူက သူတို့ရဲ့ ဈေးကို တင်ချင်နေသေးတာကိုး”

“အဲဒီလူက ဘယ်ပစ္စည်းကိုမှ တကယ်လေလံဆွဲဖို့ ရည်ရွယ်ခဲ့ပုံမရဘူး၊ အပျော်သက်သက် လေလံဆွဲနေတာပဲ ဖြစ်မယ်”

“သူတို့က ချမ်းသာတယ်လေ၊ ဆန်းကြယ်ရှင်ခြင်း ဝိညာဉ်သစ်သီး တစ်ခုတည်းကတင် သန်းသုံးရာနဲ့ လေလံအောင်သွားတာ၊ ရှဲ့ယန်က သူတို့နဲ့ကစားဖို့ ဘာများရှိလို့လဲ”

လူအများအပြားက ရှဲ့ယန်ကို လှောင်ပြောင်လိုက်ကြသည်။

သို့သော်လည်း ဝူယွမ်သည် ဤခြောက်သွေ့နေသော အလောင်းကောင်ကို အမှန်တကယ် လေလံဆွဲလိုကြောင်းကိုမူ သူတို့ မသိရှိခဲ့ကြပေ။

သို့သော် ဝူယွမ်က အရူးတစ်ယောက် မဟုတ်ပေ။ အခြားသူများက ဈေးတင်ကာ သူ့ကို အလကားနေရင်း ဓားစားခံဖြစ်အောင် ပြုလုပ်သည်ကို သူ ခွင့်ပြုမည်မဟုတ်ပေ။

ရှဲ့ယန်သည် ဤဝါးမျိုခြင်း အလောင်းကောင်ကို ရယူရန် ကံပါလာနိုင်သော်လည်း ၎င်းကို အသုံးပြုရန်မူ ကံပါမည်မဟုတ်ပေ။

ထို့နောက် ထန်တုန်းလင်းက လေလံပွဲကို ဆက်လက်ကျင်းပခဲ့ပြီး အဖိုးတန်ပစ္စည်းများကို တစ်ခုပြီးတစ်ခု ထုတ်ယူပြသခဲ့သည်။

ဝူယွမ်တို့အဖွဲ့ကလည်း အကြိမ်တိုင်း လေလံဆွဲခဲ့ကြသည်။

သူတို့သည် ပစ္စည်းတိုင်းကို အမှန်တကယ်ရယူလိုကြသည်။

အစောပိုင်းက ရှဲ့ယန်၏ဥပမာကြောင့် အချို့လူများသည် သူတို့ လိုချင်သော ပစ္စည်းများနှင့် ကြုံတွေ့ရသည့်တိုင်အောင် စမ်းသပ်သည့်အနေဖြင့်သာ လေလံဆွဲကြတော့သည်။

ဝူယွမ်တို့အဖွဲ့နှင့် တစ်ကြိမ်၊ နှစ်ကြိမ်ခန့် ယှဉ်ပြိုင်ပြီးနောက် သူတို့၏ ကန့်သတ်ချက်သို့ ရောက်သွားကာ အရူးအမူး လေလံဆွဲခြင်းကို ရပ်တန့်သွားကြသည်။

ဝူယွမ်တို့အဖွဲ့သည် ရတနာများစွာကို ထပ်မံရရှိခဲ့သည်။

“လေလံပွဲက ပြီးခါနီးပါပြီ၊ နောက်ထပ်ကတော့ ကျွန်မတို့ရဲ့ ဒုတိယ‌အပိတ်ပစ္စည်း ဖြစ်ပါတယ်”

ထန်တုန်းလင်းက အနီရင့်ရောင် လေးရှည်တစ်ခုကို ထုတ်ယူလိုက်သည်။ လေးမှာ ဖီးနစ်ငှက်ပုံသဏ္ဌာန်ရှိပြီး ၎င်း၏ အတောင်ပံများကို ဖြန့်ကာ လေးကြိုးအဖြစ် ဖွဲ့စည်းထားသည်။

ပူပြင်းလောင်ကျွမ်းနေသော မီးတောက်အငွေ့အသက်တစ်ခုက ၎င်းကို လွှမ်းခြုံထားပြီး လေးကြိုးကို ဆွဲလိုက်ပါက မီးတောက်များ ပေါက်ကွဲထွက်ပေါ်လာမည့်အလား ထင်မှတ်ရလေသည်။

သူမက မိတ်ဆက်ပေးလိုက်၏။

“ဒီလေးရှည်ကို ‘ကောင်းကင်ဖီးနစ် ဟင်းလင်းပြင်ခွဲလေး’ လို့ ခေါ်ပါတယ်၊ သူက စစ်မှန်တဲ့ အဆင့်နိမ့်သန့်စင်ယွမ်ရတနာတစ်ခု ဖြစ်ပြီး သူ့ရဲ့ စွမ်းအားက အလွန်တရာ ကြီးမားလွန်းတယ်၊ ဆန်းကြယ်ရှင်ခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်တောင် သူ့ရဲ့ မြားတွေကို ခံနိုင်ရည်ရှိဖို့ ခက်ခဲလိမ့်မယ်”

အခန်း (၃၇၆) - လေလံပွဲကို သိမ်းကြုံးဝယ်ယူခြင်းနှင့် ထျန်းရှန်းအဆောက်အအုံကို ပြောင်သလင်းခါအောင် လုပ်ခြင်း(၂)

“စတင်လေလံကြေးက ဆန်းကြယ်ယွမ်ဆေးလုံး ဆယ်သန်းပါ”

သန့်စင်ယွမ်ရတနာများသည် အင်အားစုကြီးများအတွက် အခြေခံအုတ်မြစ်ပစ္စည်းများ ဖြစ်နေပြီဖြစ်သည်။

ယှဉ်ပြိုင်မှုမှာ ပြင်းထန်လှပြီး အင်အားစုအများအပြားက ဤပစ္စည်းအတွက် သီးသန့် ရောက်လာကြခြင်းဖြစ်သဖြင့် သူတို့အားလုံး လေလံပွဲတွင် ပါဝင်လာကြသည်။

အချိန်တိုအတွင်းမှာပင် လေလံကြေးမှာ သန်းနှစ်ဆယ်အထိ ထိုးတက်သွားသည်။

နောက်ဆုံးတွင် ဝူယွမ်တို့အဖွဲ့က သန်းသုံးဆယ်ဆိုသော ကြီးမားလှသည့်ဈေးနှုန်းဖြင့် ၎င်းကို ရရှိသွားခဲ့သည်။

“နောက်ထပ်ကတော့ ဒီလေလံပွဲရဲ့ နောက်ဆုံးပိတ်ပစ္စည်း ဖြစ်ပါတယ်၊ ဒီရတနာက သံသရာအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ချန်ထားရစ်ခဲ့တယ်လို့ ပြောကြတဲ့ လျှို့ဝှက်ဂူတစ်ခုနဲ့ ဆက်စပ်နေပါတယ်၊ သူ့ရဲ့ တန်ဖိုးကို အားလုံးပဲ နားလည်ကြမယ်လို့ ယုံကြည်ပါတယ်”

ထန်တုန်းလင်း၏အသံ ဆုံးသွားသည်နှင့် လေလံရုံအတွင်းရှိ လေထုမှာ ချက်ချင်းပင် ပေါက်ကွဲသွားလေသည်။

“သံသရာဝင်စားသူလား”

အံ့ဩတကြီးအော်ဟစ်သံများက ဆူနာမီလှိုင်းလုံးကြီးတစ်ခုပမာ ပြန့်ကျဲသွားပြီး ရေတွက်၍မရနိုင်သော လူများက ရုတ်တရက် မတ်တတ်ရပ်လိုက်ကြကာ သူတို့၏ မျက်လုံးများထဲတွင် ရူးသွပ်မှု အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။

ထန်တုန်းလင်းက လေလံရုံအတွင်းရှိ ပြင်းထန်သော လေထုကြောင့် အံ့အားသင့်သွားခြင်း မရှိပေ။

ထို့နောက် သူမ၏ ကျောက်စိမ်းလက်လေးကို ဆုပ်ကိုင်လိုက်ရာ ငွေရောင်အလင်းတန်းများ တဖျတ်ဖျတ်လက်သွားပြီး နောက်ဆုံးတွင် တစ်ပေခန့် ယမြင့်သော ငွေရောင် စေတီလေးတစ်ခု ပေါ်ထွက်လာသည်။

ဤငွေရောင်စေတီလေး ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရှေးဟောင်းဆန်ပြီး ကြမ်းတမ်းသော စွမ်းအင်လှိုင်းတစ်ခုက ပြန့်ကျဲထွက်ပေါ်လာကာ မိုးခြိမ်းသံများ ဝေဝါးစွာ ပါဝင်လာသည်။

“မိုးကြိုးဘိုးဘေးအဆောင်ရဲ့ စွမ်းအင်လှိုင်းလား”

ဝူယွမ်၏ မျက်လုံးများ တောက်ပသွားလေ၏။ သူ၏ နီဝမ်နယ်ပယ်အတွင်းရှိ ကစဉ်ကလျားသန္ဓေသားထံမှ သိသာထင်ရှားသော တုံ့ပြန်မှုတစ်ခုကို သူ ရှင်းလင်းစွာ ခံစားလိုက်ရသည်။

၎င်းပေါ်တွင် ဆယ်ပုံတစ်ပုံ ပြည့်စုံနေပြီဖြစ်သော မိုးကြိုးရူန်းသင်္ကေတများက စတင် တဖျတ်ဖျတ်လက်လာသည်။

၎င်း၏ စွမ်းအင်လှိုင်းများမှာ ငွေရောင်စေတီလေးထံမှ ထွက်ပေါ်နေသော စွမ်းအင်လှိုင်းများနှင့် တစ်ထပ်တည်း ဖြစ်နေသည်။

ထို့အပြင် ငွေရောင်စေတီလေးထံမှ ဘိုးဘေးအဆောင်တစ်ခု၏ အငွေ့အသက်ကိုလည်း ဝူယွမ်ခံစားမိသည်။ ဝါးမျိုခြင်းဘိုးဘေးအဆောင်နှင့် ရှင်သန်ခြင်းနှင့် သေဆုံးခြင်း ဘိုးဘေးအဆောင်တို့ကို ပထမဆုံး မြင်တွေ့ခဲ့ရစဉ်ကလည်း ထိုခံစားချက်မျိုးကို သူ ခံစားခဲ့ရသည်။

ဝူယွမ် ကစဉ်ကလျားမိစ္ဆာပင်လယ်သို့ လာရခြင်း၏ ရည်ရွယ်ချက်များထဲမှ တစ်ခုမှာ မိုးကြိုးဘိုးဘေးအဆောင်ပင် ဖြစ်သည်။

“ဟုတ်တယ်၊ ငွေရောင် စေတီလေးထဲက စွမ်းအင်လှိုင်းတွေက မိုးကြိုးဘိုးဘေးအဆောင်ဆီကပဲ” ဟွမ်က အတည်ပြုပေးလိုက်သည်။

သူသည် မိုးကြိုးဘိုးဘေးအဆောင်ကို ယခင်က မြင်တွေ့ဖူးလေသည်။

လေလံရုံအတွင်းရှိ လူအများအပြား၏ မျက်လုံးများမှာ ပြင်းပြလာကြသည်။ ဤတစ်ကြိမ် သူတို့၏ရည်ရွယ်ချက်မှာ ဤနောက်ဆုံး ပိတ်ပစ္စည်းအတွက်ပင် ဖြစ်သည်။

သံသရာအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး၏ လျှို့ဝှက်ဂူနှင့် ဆက်စပ်နေသော အရာတစ်ခုကို ယခုလောလောဆယ် အသုံးဝင်သည်ဖြစ်စေ၊ အသုံးမဝင်သည်ဖြစ်စေ ရယူထားခြင်းက အရှုံးမရှိနိုင်ပေ။

လေလံစင်မြင့်ပေါ်တွင် ထန်တုန်းလင်းသည် ပြင်းထန်သော လေထုကို ကြည့်ကာ မပြုံးဘဲ မနေနိုင်တော့ပေ။ လှပသော မျက်လုံးများက သူမ၏လက်ထဲရှိ ငွေရောင်စေတီလေးကို စိုက်ကြည့်နေပြီးနောက် သူမက ပြုံးကာ ပြောလိုက်သည်:

“ဒီစေတီလေးအတွက် စတင်လေလံကြေးက ဆန်းကြယ်ယွမ်ဆေးလုံး သန်းသုံးဆယ်ပါ”

“ငါ့ရဲ့ မိစ္ဆာလေ လျှို့ဝှက်ဂူက ဒီစေတီလေးကို လိုချင်တယ်၊ သန်းသုံးဆယ့်နှစ်သိန်း”

“ငါ့ရဲ့ မာယာမိစ္ဆာဂိုဏ်းက ဒီတစ်ခါ ဘယ်ပစ္စည်းကိုမှ မရသေးဘူး၊ ဒီငွေရောင် စေတီလေးကိုတော့ မဖြစ်မနေ ရယူရမယ်၊ သန်းလေးဆယ်”

“ဟဲဟဲ၊ လေလွင့်တောင်ကြားက သန်းငါးဆယ် ပေးမယ်”

“ဒါဆို ချန်ခွန်း လျှို့ဝှက်ဂူကလည်း ဝင်ပါရတာပေါ့၊ ငါးသန်း ငါးဆယ်”

... လေလံဆွဲနေသည့် လေထုမှာ ပြင်းထန်လှပြီး အချိန်တိုအတွင်းမှာပင် သန်းငါးဆယ်ကျော်အထိ ရောက်ရှိသွားလေသည်။

လေလံဆွဲနေသူများအားလုံးမှာ ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များ ရှိကြသော နက်ရှိုင်းသည့် အခြေခံအုတ်မြစ်များ ရှိသည့် အင်အားစုများ ဖြစ်ကြသည်။

သူတို့အားလုံး ဝူယွမ်၏ ဖိနှိပ်မှုကို ခံခဲ့ရဖူးပြီး နောက်ဆုံး ပစ္စည်းသို့ ရောက်သောအခါ ၎င်းကို ရယူရန်အတွက် သူတို့မိသားစု၏ ကြွယ်ဝချမ်းသာမှု တစ်ခုလုံးကို အသုံးပြုရန် ဆန္ဒရှိနေကြသည်။

ပရိသတ် အများအပြားက ဝူယွမ်ကို လှမ်းကြည့်လိုက်ကြသည်။

ဒီအရေးပါတဲ့ပုဂ္ဂိုလ်ကြီးက အရာအားလုံးကို ဆက်ပြီးသိမ်းကြုံးဝယ်ယူဦးမလားဆိုသည်ကို သူတို့ သိချင်နေကြသည်။

လေလံပွဲ စတင်ကတည်းက ယခုအထိ ဆန်းကြယ်ရှင်ခြင်း ဝိညာဉ်သစ်သီးများမှလွဲ၍ ထိုခြောက်သွေ့နေသော အလောင်းကောင် တစ်ခုတည်းသာ မိစ္ဆာလေ လျှို့ဝှက်ဂူက ဈေးကြီးပေး၍ ရယူသွားခဲ့ရခြင်းဖြစ်သည်။

ဝူယွမ်က ဈေးစခေါ်လိုက်သည်။ “သန်းခြောက်ဆယ်၊ ဘယ်သူရှိသေးလဲ”

ဝူယွမ်၏အသံ ထွက်ပေါ်လာသည်နှင့် နေရာတစ်ခုလုံး ခေတ္တတိတ်ဆိတ်သွား၏။ သန်းခြောက်ဆယ်မှာ ယခုအချိန်အထိ အမြင့်ဆုံးဈေးနှုန်း ဖြစ်နေပြီဖြစ်သည်။

အင်အားစု အများအပြားက သက်ပြင်းချလိုက်ကြပြီး ဝူယွမ်နှင့် ယှဉ်ပြိုင်ရန် မရည်ရွယ်ကြတော့ပေ။

ဤဈေးနှုန်းမှာ သူတို့၏ သက်ဆိုင်ရာအင်အားစုများကို ပြင်းထန်စွာ ထိခိုက်စေရန် လုံလောက်နေပြီဖြစ်သည်။

ခေတ္တ တိတ်ဆိတ်သွားပြီးနောက် ရှဲ့ယန်က အံကြိတ်ကာ အသံနိမ့်နိမ့်ဖြင့် အော်ဟစ်လိုက်သည်။ “ခြောက်ဆယ့် ငါးသန်း”

၎င်းမှာ သူ၏ ကန့်သတ်ချက် ဖြစ်နေပြီဖြစ်သည်။

အကယ်၍ ဝူယွမ်ကသာ ဈေးထပ်တင်လိုက်မည်ဆိုပါက သူ........

ရှဲ့ယန်သည် ဝူယွမ်က ခြောက်သွေ့နေသော အလောင်းကောင်တုန်းကကဲ့သို့ သူ့ကိုလှည့်စားရုံသာ ဖြစ်ပါစေဟု စိတ်ထဲမှ ဆုတောင်းနေမိသည်။

ဤတစ်ကြိမ်တွင် သူသည် လျှို့ဝှက်ဂူသခင်ထံမှ အမိန့်တစ်ခုကို ရရှိထားပြီး လေလံပွဲတွင် ထိုအရာကိုမဖြစ်မနေ အရယူနိုင်ရမည်ဖြစ်သည်။

“မင်း ယူလိုက်တော့” ဝူယွမ်က ပြုံးကာ ပြောလိုက်သည်။

ရှဲ့ယန်သာ ၎င်းကို ရရှိသွားသရွေ့ သူက ဈေးထပ်တင်တော့မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဝါးမျိုခြင်း အလောင်းကောင်သည်လည်း ရှဲ့ယန်၏လက်ထဲတွင် ရှိနေပြီဖြစ်သောကြောင့်ပင်။

လေလံပွဲ ပြီးနောက် ဝူယွမ်က သူ့ကို သေချာပေါက်သွားရှာရပေတော့မည်။

“ဟူး... “

ထိုစကားကို ကြားသောအခါ ရှဲ့ယန်က သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီး သူ၏ စိတ်ထဲတွင် များစွာ စိတ်သက်သာရာရသွားသည်။

“ဒီဝူယွမ်က ငါ ကျော့ကွင်းမိသွားပြီလို့ ထင်နေတာပဲ၊ ဒါပေမယ့် သူ မသိတာက ငါ ဒီငွေရောင်စေတီလေးကို အောင်မြင်စွာ ရယူနိုင်သရွေ့ ငါနိုင်တယ် ဆိုတာကိုပဲ” သူက စိတ်ထဲမှ တွေးကာ တိတ်တဆိတ် ဝမ်းသာနေမိသည်။

လေလံပွဲအပြီးတွင် သူတို့သည် ငွေပေးချေရန်နှင့် လေလံပစ္စည်းများကို ထုတ်ယူရန် စင်နောက်ဘက်သို့ သွားရောက်ကြရမည်ဖြစ်သည်။

ဝူယွမ်က ဤကိစ္စကို ရွှမ်စုထံ လွှဲအပ်ထားခဒ့လိုက်သည်။

“ဒီလေလံပွဲက သခင်လေး ဝူယွမ်ရဲ့ သီးသန့် ရှိုးပွဲဖြစ်သွားတာပဲ” ထန်တုန်းလင်းက ပြုံးကာ ပြောလာသည်။

ဝူယွမ်က ချက်ချင်းတုံ့ပြန်လိုက်သည်။ “မင်းတို့ ထျန်းရှန်း အဆောက်အအုံမှာ ပစ္စည်းကောင်းတွေ အများကြီးရှိနေလို့ပါ”

“မမလေး၊ ကျွန်တော်တို့ ပြန်ရောက်ပါပြီ”

ထိုအချိန်တွင် ရှောင်တျောင်းနှင့် လင်းတုန်တို့ကို လျှို့ဝှက်ရတနာတိုက်သို့ ခေါ်ဆောင်သွားခဲ့သော အကြီးအကဲသည်လည်း ပြန်ရောက်လာခဲ့သည်။

သူက မှုန်ကုပ်နေသော မျက်နှာဖြင့် ထန်တုန်းလင်းအား သတင်းပို့လိုက်သည်။ “မမလေး၊ သူတို့က ငါတို့ရဲ့ရတနာတိုက်ကို ပြောင်သလင်းခါလုနီးပါး လုပ်သွားကြပြီ၊ တန်ဖိုးကို အပြည့်အဝမတွက်ရသေးပေမယ့် အနည်းဆုံး ဆန်းကြယ်ယွမ်ဆေးလုံး သန်းတစ်ထောင်လောက် ရှိတယ်”

“သန်းတစ်ထောင်လား”

မူလက နီရဲနေသော ထန်တုန်းလင်း၏ မျက်နှာမှာလည်း အနည်းငယ် တင်းမာသွားသည်။ ဤလေလံပွဲ၏ စုစုပေါင်း အရောင်းအဝယ် ပမာဏမှာ သန်းတစ်ထောင်ပင် မပြည့်သေးသော်လည်း ဝူယွမ်တို့အဖွဲ့က ရတနာတိုက်မှ သန်းတစ်ထောင်တန်ဖိုးရှိ ပစ္စည်းများကို သိမ်းကြုံး ယူဆောင်သွားကြပြီဖြစ်သည်။

“အစ်ကိုကြီး၊ ဒီမှာ တကယ်ကို ပစ္စည်းကောင်းတွေ အရမ်းများတယ်၊ ငါတို့ အကုန်လုံး သယ်လာခဲ့တယ်” ရှောင်တျောင်းက ဝူယွမ်၏ဘေးသို့ ရောက်လာပြီး လက်စွပ်များအပြည့်စွပ်ထားသော လက်များကို ပြသကာ ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။

လင်းတုန်၏မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခု ရှိနေသည်။ ထျန်းရှန်း အဆောက်အအုံ၏ ရတနာတိုက်က သူတို့ကို ကြီးမားသော အံ့အားသင့်မှုတစ်ခု ပေးစွမ်းခဲ့ပြီး သူတို့ အများကြီးရရှိခဲ့ကြောင်း ထင်ရှားလှသည်။

“အစ်ကိုကြီး၊ ဒီမှာ ဆန်းကြယ်ယွမ်ဆေးလုံး သတ္တုတွင်းကြီးရှိတယ်၊ အစ်ကိုကြီးက ဆန်းကြယ်ယွမ်ဆေးလုံးတွေ သန့်စင်ပေးလို့ရတယ်လေ၊ ဆယ်လုံးသန့်စင်ရင် ငါးလုံး ရနိုင်တယ်၊ အမြတ်အစွန်းက အရမ်းများတယ်၊ ကျွန်တော်တို့ အများကြီးဝယ်လို့ရတယ်” လင်းတုန်က အသံလှိုင်းဖြင့် ပေးပို့လိုက်သည်။

သူနှင့် ဝူယွမ်တို့ ယန်ယွမ်ကျောက်တုံးများကို အသုံးပြုကာ ဆေးလုံးများ သန့်စင်ပြီး အမြတ်အစွန်း ရှာခဲ့သော နေ့ရက်များကို သူ ပြန်လည်သတိရသွားသည်။

“သခင်လေး ဝူယွမ်၊ ငါတို့ ထျန်းရှန်း အဆောက်အအုံကိုပါ တစ်ခါတည်း ဝယ်လိုက်ပါလား” ထန်တုံးလင်းက ခါးသီးစွာ ပြုံးကာ နောက်ပြောင်လိုက်သည်။

“တကယ်တော့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး” ဝူယွမ်က တွေးဆဆဖြင့် ပြန်ဖြေလိုက်၏။

သူ တကယ် အလေးအနက် စဉ်းစားလိုက်မိသည်။ ရှေးဟောင်းကျောက်တိုင်ကမ္ဘာ၏ အခြေခံအုတ်မြစ်ဖြင့်ဆိုလျှင် ထျန်းရှန်း အဆောက်အအုံကို ဝယ်ယူရန်မှာ ထိုမျှလောက်မခက်ခဲပေ။

“တကယ် ပြောနေတာလား” ထန်တုံးလင်း၏ မျက်လုံးများ ပြူးကျယ်သွားလေသည်။

ဝူယွမ်က ဤကိစ္စကို အမှန်တကယ် စဉ်းစားနေခြင်းပင်။

ထျန်းရှန်း အဆောက်အအုံကို သူ တကယ် တာဝန်ယူနိုင်မည်လော။

ဝူယွမ်က ပြုံးကာပြောလိုက်သည်။

“နောက်တာပါ၊ မမလေး ထန်၊ ကျေးဇူးပြုပြီး ဒီရတနာတွေရဲ့ တန်ဖိုးကို တွက်ချက်ပေးပါ၊ တန်ဖိုးတူညီတဲ့ ရတနာတွေနဲ့ ကျွန်တော် လဲလှယ်ပေးပါ့မယ်၊ မင်းတို့ အရှုံးမပေါ်စေရပါဘူး၊ ဆေးရည်တွေ၊ ဝိညာဉ်သစ်သီးတွေနဲ့ ဝိညာဉ်သစ်ရွက်တွေ အားလုံးက ဆန်းကြယ်ရှင်ခြင်းအဆင့်၊ ဆန်းကြယ်သေခြင်းအဆင့်နဲ့ ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တွေအတွက်တောင် အသုံးဝင်တဲ့ ရတနာတွေချည်းပါပဲ”

“ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တွေအတွက်တောင် အသုံးဝင်တယ်လား”

ထန်တုန်းလင်း အံ့အားသင့်သွားသည်။ ထိုသို့သာဆိုလျှင် သူတို့ အရှုံးမပေါ်နိုင်ပေ။

အကယ်၍ အဆောက်အအုံသခင်၏ ကျင့်ကြံမှုကို တိုးတက်စေနိုင်မည့် ရတနာများကို သူတို့ ရရှိနိုင်ပါက သူတို့ ကြီးကြီးမားမား အမြတ်ထွက်မည်ဖြစ်သည်။

ရွေးချယ်ထားသော ရတနာတိုက်အတွင်းရှိ ပစ္စည်းများကို အရောင်းအဝယ်အတွက် အပြင်သို့ ထုတ်လာခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ မူလတန်ဖိုးမှာ သတ်မှတ်ထားသော ဆန်းကြယ်ယွမ်ဆေးလုံး ဈေးနှုန်းထက် ကျော်လွန်နေပြီဖြစ်ပြီး စျေးကွက်တွင် ရှားပါးသော အရာများ ဖြစ်သောကြောင့်ဖြစ်သည်။

ဝူယွမ်တို့ကို ယွမ်‌ဆေးလုံးဖြင့်ရောင်းချရန် သူတို့မဝံ့ရဲပေ။

ထိုသို့သော ရတနာများကို အဆင့်တူညီသော ပစ္စည်းများနှင့် လဲလှယ်မှသာ အရှုံးမရှိနိုင်ပေမည်။

…..

“ထျန်းရှန်း အဆောက်အအုံက ကောင်းတယ်၊ ငါတို့ ဆက်ပြီး အရောင်းအဝယ် လုပ်နိုင်သင့်တယ်” ဝူယွမ်က ပြုံးကာ ပြောလိုက်သည်။

ဤအင်အားစုသည် ကစဉ်ကလျားမိစ္ဆာပင်လယ် တစ်ခုလုံးနီးပါးကို လွှမ်းခြုံထားပြီး ထောက်လှမ်းရေးနှင့် ကူးသန်းရောင်းဝယ်ရေးတွင် ထူးချွန်ကာ အသုံးဝင်သော လုပ်ဆောင်ချက်များစွာ ရှိနေလေသည်။

All Chapters