အခန်း (၃၇၉-၃၈၀)
Vol. 38 Ch. 379-380
အခန်း (၃၇၉ ) - မိစ္ဆာလေ လျှို့ဝှက်ဂူ၊ ဝူရွှမ်(၁)
“နယ်ပယ် အက်ကွဲကြောင်းလား”
ဝူယွမ် အနည်းငယ် တုန်လှုပ်သွားသည်။ ဤနယ်ပယ် အက်ကွဲကြောင်းသည် ရှေးဟောင်းကျောက်တိုင် ကမ္ဘာတွင် ဖွင့်လှစ်ခဲ့သော လေဟာနယ်တံခါးနှင့် အနည်းငယ် ဆင်တူသော်လည်း ထိုအက်ကွဲကြောင်းက လေဟာနယ်တံခါးထက် အဆပေါင်းများစွာ ပို၍ ကြောက်မက်ဖွယ်ကောင်းလှသည်။
၎င်းနှင့် ယှဉ်လိုက်ပါက လေဟာနယ်တံခါးမှာ အသေးစား ပုံစံငယ်လေးတစ်ခုသာ။
အက်ကွဲကြောင်း ပေါ်လာသည်နှင့်တစ်ပြိုင်နက်...
ရွှီး...
အဝေးတစ်နေရာမှ လေခွင်းသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ အမည်းရောင် အလင်းတန်းများဖြင့် အပြည့်အဝ လွှမ်းခြုံထားသော လူရိပ်တစ်ခုက လေဟာနယ်ကို ဖြတ်သန်းကာ လျှောက်လှမ်းလာခဲ့သည်။
ဤလူရိပ်၏ ပတ်ပတ်လည်တွင် တွင်းနက်များ ဝန်းရံနေသကဲ့သို့ ဖြစ်နေပြီး အမည်းရောင်အလင်း လေဝဲကတော့များ ဖြစ်ပေါ်လာကာ ပြန်လည်ပျောက်ကွယ်သွားကြသည်။ အဝေးမှကြည့်လျှင် သူသည် တွင်းနက်ဖန်တီးရှင်တစ်ဦးနှင့် တူလှသည်။
အမည်းရောင် အလင်းလူရိပ်က စိတ်ကူးဖြင့်ပင် မတွေးဝံ့နိုင်လောက်အောင် ကြီးမားလွန်းသော ဧရာမ အမည်းရောင်အက်ကွဲကြောင်းကြီးကို ကြည့်လိုက်ပြီးနောက် ဩရှရှ အသံတစ်ခုက ဖြည်းညင်းစွာ ပြန့်ကျဲထွက်ပေါ်လာသည်။
ဝူယွမ်သည် နတ်ဘုရားတစ်ပါး၏အမြင်မျိုးဖြင့် အမည်းရောင်အလင်းလူရိပ်ကို စောင့်ကြည့်နေသည်။
သူ၏ ခန္ဓာကိုယ်မှ လွှမ်းမိုးနိုင်စွမ်းရှိသော ဝါးမျိုခြင်းစွမ်းအားများ ပြန့်ကျဲထွက်ပေါ်နေသည်။
ဤမျှလောက် ကျယ်ပြောလှသော ဝါးမျိုခြင်းစွမ်းအားများကြောင့် ဤလူ၏ မည်သူမည်ဝါဖြစ်ကြောင်းမှာ ထင်ရှားနေပြီဖြစ်သည်။
ဤလူက... ဝါးမျိုခြင်းသခင်ကြီးပင် ဖြစ်သည်။
“မင်းတို့တွေက တိတိကျကျ ဘာတွေလဲဆိုတာ ငါ ကြည့်ချင်သေးတယ်”
ဝါးမျိုခြင်းသခင်ကြီး၏ မည်းနက်သော မျက်လုံးများက နယ်ပယ် အက်ကွဲကြောင်းကို စိုက်ကြည့်နေသည်။
သူ၏ခန္ဓာကိုယ် တစ်ချက်လှုပ်ရှားလိုက်သည်နှင့် အမည်းရောင် အလင်းတန်းတစ်ခုအဖြစ် တိုက်ရိုက်ပြောင်းလဲသွားကာ အက်ကွဲကြောင်းအတွင်းသို့ တည့်မတ်စွာ ပြေးဝင်သွားလေသည်။
သူ၏ အနောက်တွင် ဝါးမျိုခြင်းအလောင်းကောင် တစ်ခုက အနီးကပ် လိုက်ပါသွားသည်။
ဝူယွမ် တံတွေးတစ်ချက် မျိုချလိုက်မိသည်။ နယ်ပယ်အက်ကွဲကြောင်း၏ တစ်ဖက်ခြမ်းမှာ ကမ္ဘာခြားနတ်ဆိုးများ နေထိုင်ရာ နယ်ပယ်ဖြစ်မည်မှာ သေချာသည်။
ဝါးမျိုခြင်းသခင်ကြီးက ဤမျှလောက် ရဲတင်းစွာ တစ်ယောက်တည်း ပြေးဝင်ရဲခြင်းက ဝူယွမ်၏သွေးများကိုပင် ဆူပွက်လာစေသည်။
စကားလုံး နှစ်လုံးတည်းဖြင့် ဖော်ပြရလျှင် - ကြီးစိုးသူ။
နယ်ပယ် အက်ကွဲကြောင်းအတွင်းသို့ ပြေးဝင်သွားပြီးနောက် ကမ္ဘာမြေကို တုန်လှုပ်စေနိုင်လောက်သော စွမ်းအင်လှိုင်းတစ်ခု ချက်ချင်း ပြန့်ကျဲထွက်ပေါ်လာသည်။
ကြောက်မက်ဖွယ်ကောင်းပြီး ရက်စက်သော အမည်းရောင်ချီများ စိမ့်ဝင်ပျံ့နှံ့လာရာ ဤအချိန်တွင် ကြယ်စင်ကောင်းကင်ကြီးပင် မှေးမှိန်သွားသကဲ့သို့ ဖြစ်သွားသည်။
ဝုန်း၊ ဝုန်း၊ ဝုန်း။
နယ်ပယ် အက်ကွဲကြောင်းအတွင်း၌ ပြင်းထန်သော တုန်ခါမှုလှိုင်းတစ်ခု ဖြစ်ပေါ်လာပြီး အချိန်ကြာမြင့်စွာ တည်ရှိနေခဲ့ရာ ကြီးမားသော တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားသွားသကဲ့သို့ပင်။
ဂါး...
ကမ္ဘာမြေကို တုန်လှုပ်စေနိုင်လောက်သော ဟိန်းဟောက်သံကြီးတစ်ခု ပဲ့တင်ထပ်သွားသည်။ ပေတစ်သောင်းခန့် ကြီးမားသော ဧရာမလက်ဝါးကြီးတစ်ခုက နယ်ပယ် အက်ကွဲကြောင်းကို ဖြတ်သန်းကာ တဖျတ်ဖျတ်လက်သွားသည်ကို ဝူယွမ် မြင်တွေ့လိုက်ရ၏။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာပြီး ဝါးမျိုခြင်းသခင်ကြီးသည်လည်း ထိုစွမ်းအင်လှိုင်းနှင့်အတူ အက်ကွဲကြောင်းအတွင်းမှ လွင့်ထွက်လာသည်။
သူက ခန္ဓာကိုယ်ကို တည်ငြိမ်အောင်ထိန်းလိုက်ပြီး သူ၏ မည်းနက်သော မျက်လုံးများက နယ်ပယ် အက်ကွဲကြောင်းအတွင်းသို့ ကြည့်နေကာ သူ၏ မျက်နှာအမူအရာမှာ များစွာ ပိုမိုလေးနက်သွားလေသည်။
ထို့နောက် စကားတစ်ခွန်းမျှ ထပ်မပြောတော့ဘဲ လှည့်ထွက်သွားရန်ပြင်လိုက်လေ၏။
သို့သော်လည်း သူ ထွက်ခွာရန် ပြင်လိုက်ချိန်မှာပင် နယ်ပယ် အက်ကွဲကြောင်းအတွင်းမှ ပေတစ်ထောင်ခန့် ကြီးမားသော ဧရာမလက်ချောင်းကြီးတစ်ခု ဆန့်ထွက်လာပြီး လေထဲကို ညွှန်ပြလိုက်သည်။
ရက်စက်သော အမည်းရောင်အလင်းတန်းတစ်ခုက လေဟာနယ်ကို ဆုတ်ဖြဲကာ လျှပ်စီးလက်သလို လျင်မြန်စွာဖြင့် ဝါးမျိုခြင်းသခင်ကြီးဆီသို့ ထိုးနှက်လာလေသည်။
ဝါးမျိုခြင်းသခင်ကြီးက လျင်မြန်စွာ ပျံသန်းသွားသည်။ အမည်းရောင် အလင်းတန်း ရောက်ရှိလာတော့မည့်အချိန်တွင် ဝါးမျိုခြင်းအလောင်းကောင်က ရုတ်တရက် ပြေးထွက်လာပြီး အမည်းရောင် အလင်းတန်းကို ၎င်း၏ခန္ဓာကိုယ်ဖြင့် အတင်းအဓမ္မ ခံယူလိုက်သည်။
ဝါးမျိုခြင်းသခင်ကြီး၏ ပုံရိပ်မှာ အကြိမ်အနည်းငယ် တဖျတ်ဖျတ်လက်သွားပြီး အလျင်အမြန် ပျောက်ကွယ်သွားခဲ့သည်။
ဝါးမျိုခြင်းအလောင်းကောင်၏ တစ်ကိုယ်လုံးရှိ အမည်းရောင်အလင်းတန်းများမှာ မှေးမှိန်သွားပြီးနောက် အားနည်းစွာဖြင့် ကျဆင်းသွားကာ နောက်ဆုံးတွင် နက်ရှိုင်းသော ပင်လယ်ပြင်အတွင်းသို့ ကျရောက်သွားလေသည်။
မြင်ကွင်းမှာ ဤနေရာတွင် အဆုံးသတ်သွားလေသည်။
“သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေက အဲဒီလိုရလာတာကိုး”
ဝူယွမ်က စိတ်အာရုံကို ဝါးမျိုခြင်းအလောင်းကောင်ထံမှ ပြန်လည်ရုပ်သိမ်းလိုက်သည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှာ မမျှော်လင့်ဘဲ ကမ္ဘာခြားနတ်ဆိုးများ၏ နည်းလမ်းများကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပုံရသည်။
တိုက်ခိုက်မှုတစ်ချက်တည်းဖြင့် ဝါးမျိုခြင်းသခင်ကြီးကို ထွက်ပြေးသွားစေနိုင်ခြင်းက ပြိုင်ဘက်မှာ ကမ္ဘာခြားနတ်ဆိုးဘုရင်အဆင့်လောက် ရိုးရှင်းမည် မဟုတ်ကြောင်း သေချာလှသည်။ ၎င်းသည် ထိပ်တန်းအဆင့် ကမ္ဘာခြားနတ်ဆိုးဧကရာဇ် ဖြစ်လောက်ပေသည်။
“ကမ္ဘာခြားနတ်ဆိုးဧကရာဇ်က အရမ်းကို အစွမ်းထက်တာပဲ၊ ရှေးဟောင်းကျောက်တိုင်ကမ္ဘာနဲ့ဆိုရင်တောင် အခုလောလောဆယ် အဲဒီလိုတိုက်ခိုက်မှုမျိုးကို ငါ ကာကွယ်နိုင်ဦးမယ် မထင်ဘူး” ဝူယွမ်က တိုးညှင်းစွာ ရေရွတ်လိုက်သည်။
သာမန် နတ်ဆိုးဗိုလ်ချုပ်များကို သူတို့ ကိုင်တွယ်ဖြေရှင်းရာတွင် ပြဿနာမရှိပေ။ ရှေးဟောင်းခေတ်ကတည်းက ဖိနှိပ်ခံထားရသော ကမ္ဘာခြားနတ်ဆိုး ဘုရင်များကို ကိုင်တွယ်ဖြေရှင်းရာတွင်လည်း ပြဿနာကြီးကြီးမားမား မဟုတ်ပေ။
အထွတ်အထိပ် ကမ္ဘာခြားနတ်ဆိုး ဘုရင်တစ်ပါးကို ရင်ဆိုင်ရချိန်တွင်ပင် ကမ္ဘာသစ်ပင်ကိုအားကိုး၍ တိုက်ခိုက်မည်ဆိုလျှင် မဖြစ်နိုင်သည် မဟုတ်ပေ။
သို့သော်လည်း ကမ္ဘာခြားနတ်ဆိုးဧကရာဇ်ကိုမူ သူ ဘာမှမတတ်နိုင်ပေ။
ယခင် မြင်ကွင်းတွင် ဝါးမျိုခြင်းသခင်ကြီးကို ထိမှန်ခဲ့သော တိုက်ခိုက်မှုသည် ဒိုင်မေးရှင်းများကို တိုက်ရိုက် ဖြတ်သန်းသွားခြင်း ဖြစ်သည်။
ရှေးဟောင်းကျောက်တိုင် ကမ္ဘာကဲ့သို့သော အသစ်မွေးဖွားလာသည့် ကမ္ဘာတစ်ခုအနေဖြင့် ၎င်းကို လုံးဝ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
“အနာဂတ်မှာ ငါ ပိုပြီး သတိထားဖို့ လိုအပ်မယ် ထင်တယ်၊ ပြီးတော့ ကမ္ဘာခြားနတ်ဆိုးဧကရာဇ်ရဲ့ အာရုံစိုက်မှုကို မဆွဲဆောင်မိအောင် နေရမယ်”
ဝူယွမ်သည် ယခုကြောက်ရွံ့တုန်လှုပ်မှုများ ကျန်ရစ်နေသေးကြောင်း ခံစားလိုက်ရသည်။
သူသည် ယွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်သုံးဦးကို ဒဏ်ရာရစေခဲ့ပြီး ယွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်သုံးဦးမှာ ကမ္ဘာခြားနတ်ဆိုးများ၏ လူရုံ သစ္စာဖောက်များ ဖြစ်ကြသဖြင့် သူတို့သည် ဝူယွမ်၏ အချက်အလက်များကို ကမ္ဘာခြားနတ်ဆိုးများထံသို့ သေချာပေါက် ပေါက်ကြားစေခဲ့ပေမည်။
အမှောင်ထဲတွင် ဝူယွမ်ကို နောက်ယောင်ခံ လိုက်နေသော ကမ္ဘာခြားနတ်ဆိုးများပင် ရှိနေလောက်ပြီဖြစ်သည်။
သူ သတိထားနေရ ယပေမည်။
သမိုင်းဝင်မြင်ကွင်းကို အသက်သွင်းပြီးနောက် ဝါးမျိုခြင်းအလောင်းကောင်မှာ ပုံမှန် သက်မဲ့အခြေအနေသို့ ပြန်လည်ရောက်ရှိသွားလေသည်။
ဝူယွမ်သည်လည်း ဝါးမျိုခြင်း အမှတ်အသားကို အောင်မြင်စွာ ထည့်သွင်းနိုင်ခဲ့၏။
ထို့နောက် သူသည် ဝါးမျိုခြင်းအလောင်းကောင်ကို စတင်ထိန်းချုပ်လေတော့သည်။
“ဒဏ်ရာတွေက အရမ်းကို ပြင်းထန်တာပဲ”
ဝူယွမ်သည် ဝါးမျိုခြင်း အလောင်းကောင်အတွင်းရှိ အခြေအနေကို အာရုံခံကြည့်လိုက်သည်။ ၎င်း၏ခန္ဓာကိုယ်မှာ မပြည့်စုံရုံသာမက အစီအရင်၏ သုံးပုံနှစ်ပုံခန့်မှာလည်း ပျက်စီးနေလေပြီ။
ရုပ်သေးရုပ်၏ အစီအရင်များမှာ လူတစ်ဦး၏ သွေးကြောများနှင့် သွေးကြောဆုံမှတ်များအတိုင်းပင်။
“ဒီအစီအရင်တွေကို အချိန်နည်းနည်းပေးရင် ပြည့်စုံအောင် ပြုလုပ်နိုင်သင့်တယ်၊ ဒါပေမယ့် အလောင်းကောင်ကို ပြုလုပ်ဖို့ရာ ပစ္စည်းတွေကို ရှာဖို့က နည်းနည်းခက်ခဲလိမ့်မယ်” ဝူယွမ်က ညည်းတွားလိုက်သည်။
ဝါးမျိုခြင်းသခင်ကြီးသည် အထွတ်အထိပ် သံသရာအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ရှားပါးသော ပစ္စည်းများကို စုဆောင်းရှာဖွေကာ ဝါးမျိုခြင်းအလောင်းကောင် သုံးခုကို ဖန်တီးရန်အတွက် အချိန်များစွာ ယူခဲ့ရသည်။
ဤပစ္စည်းများမှာ မည်မျှတန်ဖိုးကြီးမားပြီး ရှာဖွေရခက်ခဲကြောင်း တွေးကြည့်နိုင်ပေသည်။
ဝူယွမ်သည် ဝါးမျိုခြင်းအလောင်းကောင်ကို နမူနာအဖြစ်အသုံးပြုကာ ပိုမိုအစွမ်းထက်သော ရုပ်သေးရုပ်များကို ဆက်လက်ဖန်တီးလိုခဲ့သည်။
“ဒီတစ်ခါ ထျန်းရှန်း အဆောက်အအုံရဲ့ ရတနာတိုက်ကို ပြောင်သလင်းခါလုနီးပါး လုပ်လာတာဆိုတော့ အသုံးဝင်တဲ့ရတနာတွေ ပါမပါ သွားကြည့်ရမယ်”
ဝူယွမ်သည် ဂိုဏ်း၏ရတနာတိုက်သို့ ရောက်ရှိလာပြီး ဝိညာဉ်စွမ်းအင်များ ပြန့်ကျဲသွားကာ ဝါးမျိုခြင်းအလောင်းကောင်၏ ခန္ဓာကိုယ်နှင့် ဆင်တူသော ပစ္စည်းများကို ရှာဖွေလေတော့သည်။
ကောင်းကင်အက္ခရာသခင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သော သူ၏ ဝိညာဉ်စွမ်းအင်သည် အဏုစိတ် စူးစမ်းလေ့လာနိုင်စွမ်းရှိပြီး အဏုကြည့်မှန်ပြောင်းထက်ပင် ပိုမိုကောင်းမွန်ကာ ပစ္စည်းများ၏ ဂုဏ်သတ္တိများကို အလွယ်တကူ ခွဲခြားသိမြင်နိုင်သည်။
“တကယ်ကို ရှိတာပဲ” ခဏအကြာတွင် ဝူယွမ်သည် ဆင်တူပစ္စည်းအချို့ကို ရှာတွေ့သွားပြီး ဝမ်းသာအားရ ဖြစ်သွားသည်။
“ထျန်းရှန်း အဆောက်အအုံက မဆိုးဘူးပဲ”
“ရေနက်ပိုင်း အေးစက်သံမဏိ၊ မီးတောင်ကျောက် ရွှေ၊ အမည်မသိ အမည်းရောင်သတ္တု... “
ဤပစ္စည်းများ တစ်ဒါဇင်ခန့် ရှိနေပြီး ဝါးမျိုခြင်းအလောင်းကောင်ကို ပြုပြင်ရန်အတွက် လုံလောက်ရုံသာမက အနည်းငယ်ပင် ပိုနေသေးသည်။
ဝူယွမ်သည် ကိုယ်ပွားတစ်ခုကို စေလွှတ်လိုက်ပြီး မှောင်မိုက်သော အခန်းငယ်လေးတစ်ခုတွင် တစ်ယောက်တည်း အလုပ်လုပ်ကာ ဝါးမျိုခြင်းအလောင်းကောင်နှင့် ၎င်း၏အစီအရင်များအား မည်သို့ ပြုပြင်ရမည်ကို သုတေသနပြုလုပ်စေခဲ့သည်။
ချီတစ်ခုမှ လောကမူလ နတ်ဘုရားသုံးပါးပွင့်ခြင်း ကျင့်စဉ်ဖြင့် ကျင့်ကြံထားသော ကိုယ်ပွားများတွင် ပင်မ သို့မဟုတ် လက်အောက်ခံဟူ၍ ခွဲခြားထားခြင်းမရှိပေ။
သူတို့အားလုံးသည် ပြီးပြည့်စုံသော အသိစိတ်ကို ပိုင်ဆိုင်ထားကြသည်။
သုတေသနကိစ္စကို ခန္ဓာကိုယ်တစ်ခုထံ ယာယီလွှဲပြောင်းပေးလိုက်၏။
အခြား ခန္ဓာကိုယ်တစ်ခုကမူ ယန်၊ ဟွမ်တို့နှင့်အတူ ငွေရောင်စေတီလေးကို သုတေသနပြုလုပ်ရန် သွားခဲ့သည်။
အခန်းတွင်း၌ ရှောင်တျောင်း၊ လင်းတုန်နှင့် အခြားသူများက ငွေရောင်စေတီလေးကို စိုက်ကြည့်နေကြသည်။ ၎င်းမှာ မိုးကြိုးဘိုးဘေးအဆောင်နှင့် ဆက်စပ်နေ၏။
သူတို့သည် ယခင်က ရရှိခဲ့သော ဝါးမျိုခြင်းဘိုးဘေးအဆောင်၏ အကျိုးကျေးဇူးများကို ခံစားခဲ့ရပြီးဖြစ်သည်။
မိုးကြိုးဘိုးဘေးအဆောင်မှာလည်း မဆိုးလှဘူးဟု ယူဆရပေမည်။
ဝူယွမ်က သူ၏လက်ချောင်းကို ဆန့်ထုတ်ကာ အေးစက်နေသော စေတီကိုယ်ထည်ကို ညင်သာစွာ ထိတွေ့လိုက်ပြီး တစ်ချိန်တည်းမှာပင် ဝိညာဉ်စွမ်းအင် တစ်စွန်းတစ်စကလည်း သူ၏ လက်ချောင်းထိပ်မှတစ်ဆင့် ငွေရောင်စေတီလေးအတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းလိုက်သည်။
ဝူယွမ်၏ ဝိညာဉ်စွမ်းအင်များဖြင့် စူးစမ်းရှာဖွေလိုက်သည်နှင့်အမျှ စေတီလေးသည် ရုတ်တရက် တုန်ခါသွားပြီး မိုးခြိမ်းသံတစ်ခု ပဲ့တင်ထပ်သွားသည်။ ၎င်းအတွင်းရှိ မိုးကြိုးစွမ်းအားများက ဝူယွမ်၏စူးစမ်းရှာဖွေမှုကို တားဆီးနေခဲ့သည်။
“ချိတ်ပိတ်ထားတာတောင် ရှိသေးတယ်၊ ဟဲဟဲ”
ဝူယွမ်က လှောင်ပြုံးပြုံးလိုက်သည်။ သူ၏ နီဝမ်နယ်ပယ်အတွင်းရှိ ကစဉ်ကလျားသန္ဓေသား တဖျပ်ဖျပ်လက်သွားပြီး အမည်းရောင် ဝါးမျိုခြင်းစွမ်းအားတစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။
ငွေရောင်စေတီလေးပေါ်တွင် တဖျပ်ဖျပ်လက်နေသော လျှပ်စီးများနှင့် လျှပ်စစ်ပိုက်ကွန်များကို ဝါးမျိုခြင်းစွမ်းအားက တိုက်ရိုက် ဝါးမျိုပစ်လိုက်ပြီး လျင်မြန်စွာ မှေးမှိန်သွားကာ လုံးဝ ပျောက်ကွယ်သွားလေသည်။
ဝူယွမ်၏ဝိညာဉ်စွမ်းအင်က အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားပြီး စေတီအတွင်းရှိ အကြွင်းအကျန် မြင်ကွင်းကို ထပ်မံ မြင်တွေ့လိုက်ရသည်။
၎င်းမှာ အဆုံးအစမရှိသကဲ့သို့ ထင်ရသော မည်းနက်သည့် တိမ်တိုက်ကြီးများဖြင့် ပြည့်နှက်နေသော ဧရိယာတစ်ခု ဖြစ်သည်။
တိမ်တိုက်များအတွင်း၌ မိုးခြိမ်းသံများ မြည်ဟည်းနေပြီး ရံဖန်ရံခါ ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာတတ်သည်။ မိုးခြိမ်းသံများက ကောင်းကင်ယံ အဝေးဆီသို့ ပဲ့တင်ထပ်သွားပြီး အဆုံးအစမရှိ မြည်ဟည်းနေလေသည်။
အခန်း (၃၈၀ ) - မိစ္ဆာလေ လျှို့ဝှက်ဂူ၊ ဝူရွှမ်(၂)
ဝူယွမ်၏အကြည့်များက အောက်ဘက်သို့ ရောက်ရှိသွားရာ အောက်ဘက်တွင် အဆုံးအစမရှိသော သမုဒ္ဒရာကြီးတစ်ခု ရှိနေပြီး ကျယ်ပြောကာ အကန့်အသတ်မရှိဖြစ်နေသည်ကို တွေ့လိုက်ရ၏။
၎င်း၏ ရေပြင်မှာ မင်ရည်ကဲ့သို့ မည်းနက်နေပြီး ကောင်းကင်ယံရှိ အမည်းရောင်တိမ်တိုက်များနှင့် တစ်ထပ်တည်း တူညီနေသည်။ အဝေးမှကြည့်လျှင် မိုးကြိုးတိမ်တိုက်များနှင့် သမုဒ္ဒရာကြီးမှာ တစ်ဆက်တည်းဖြစ်နေသကဲ့သို့ စစ်မှန်သော အမည်းရောင်တစ်ခုတည်း ဖြစ်နေကာ လူအများ၏နှလုံးသားကို တုန်လှုပ်သွားစေနိုင်လေသည်။
ဝူယွမ်၏ ဝိညာဉ်ခန္ဓာကိုယ်သည် ဤမိုးကြိုးတိမ်တိုက် ကမ္ဘာကြီးအတွင်း၌ လွင့်မျောနေခဲ့၏။ မိုးခြိမ်းသံ မြည်လာတိုင်း သူ၏ ဝိညာဉ်စွမ်းအင်များ တုန်ခါသွားသည်ကို သူ ခံစားနေရသည်။
ကစဉ်ကလျားသန္ဓေသားပေါ်တွင် မိုးကြိုးရူန်းသင်္ကေတကို ကျင့်ကြံပြီးကတည်းက မိုးကြိုးကို ရင်ဆိုင်ရချိန်တွင် ဤကဲ့သို့သော ကြောက်ရွံ့တုန်လှုပ်မှုမျိုးကို ဝူယွမ် မခံစားခဲ့ရသည်မှာ အချိန်ကြာမြင့်နေပြီဖြစ်သည်။
ထို့အပြင် ယခုက အကြွင်းအကျန်ပုံရိပ်တစ်ခုသာ ဖြစ်သေးသည်။
ဝူယွမ်၏ ကစဉ်ကလျားသန္ဓေသား တဖျတ်ဖျတ်လက်သွားပြီးနောက် မကြာမီ၊ သူ ထိခိုက်မှုမရှိတော့ပေ။
သူ၏ အကြည့်များက အမည်းရောင် ပင်လယ်နယ်မြေကို ဆက်လက်အကဲခတ်နေသည်။
ရွာသွန်းနေသော မိုးကြိုးများနှင့် ယှက်နွှယ်နေသော လျှပ်စီးများကြားတွင် ဝူယွမ်သည် အလွန်ကြီးမားသော ဧရာမလျှို့ဝှက်ဂူတစ်ခုကို ဝေဝါးဝါး မြင်တွေ့လိုက်လေ၏။
“ဒါက မိုးကြိုးသခင်ရဲ့ လျှို့ဝှက်ဂူဖြစ်ရမယ်”
လျှို့ဝှက်ဂူသည် လျှပ်စီးများဖြင့် အပြည့်အဝ ဖုံးလွှမ်းနေပြီး မျက်စိကျိန်းမတတ် ငွေရောင်အလင်းတန်းများဖြင့် လင်းလက်နေသည်။
တစ်ချိန်တည်းမှာပင် ကြမ်းတမ်းပြီး ကျယ်ပြောလှသော စွမ်းအင်လှိုင်းတစ်ခုကလည်း လှိုင်းများအဖြစ် ပြန့်ကျဲထွက်ပေါ်လာကာ ဤပင်လယ်နယ်မြေတွင် ဧရာမလှိုင်းလုံးကြီးများကို ဖြစ်ပေါ်နေစေသည်။
လျှို့ဝှက်ဂူကို တစ်လက်မချင်းစီ စူးစမ်းရှာဖွေရင်း ဝူယွမ်၏အကြည့်များက လျှို့ဝှက်ဂူ၏ အနက်ရှိုင်းဆုံးအပိုင်းတွင် ရုတ်တရက် ရပ်တန့်သွားသည်။
ထိုနေရာတွင် အလွန်တရာတောက်ပသော မိုးကြိုးအလင်းတန်းတစ်ခု လင်းလက်နေပြီး ထိုမိုးကြိုးအလင်းတန်းအတွင်း၌ မိုးကြိုးအရည်စီးကြောင်းတစ်ခု ဖြည်းညင်းစွာ စီးဆင်းနေသည်ကို သူ မြင်တွေ့လိုက်ရသည်။
ဤမိုးကြိုးအရည်တွင် ပုံသေ ပုံသဏ္ဌာန် မရှိပေ။ တစ်ခါတစ်ရံ ဓားတစ်လက်အဖြစ် ပြောင်းလဲသွားပြီး တစ်ခါတစ်ရံ လျှပ်စီးတစ်ခုအဖြစ်၊ နောက်တစ်ခါတစ်ရံတွင် ရှေးဟောင်း ရူန်းသင်္ကေတတစ်ခုအဖြစ် ပြောင်းလဲသွားတတ်သည်။
“မိုးကြိုးဘိုးဘေးအဆောင်”
‘သေချာပေါက် အဲ့တာက မိုးကြိုးဘိုးဘေးအဆောင်ပဲ' ဘိုးဘေးအဆောင်များကို တစ်ခုထက်မက မြင်ဖူးထားပြီး မူလ မိုးကြိုးရူန်းသင်္ကေတကိုလည်း ပိုင်ဆိုင်ထားသဖြင့် ဝူယွမ်သည် ၎င်းကို အလွယ်တကူ မှတ်မိလိုက်သည်။
ဤမြင်ကွင်းမှာ အကြိမ်ကြိမ် ထပ်ခါတလဲလဲ ဖြစ်ပေါ်နေသည်။ ဝူယွမ်က ဝိညာဉ်စွမ်းအင်ကို ငွေရောင်စေတီလေးအတွင်းမှ ပြန်လည်ရုပ်သိမ်းလိုက်ပြီးနောက် လျှပ်စီးတန်းတစ်ခုက နောက်မှလိုက်ပါလာကာ သူ၏ မျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက်သွားလေသည်။
ချက်ချင်းပင် အချက်အလက် မြောက်မြားစွာက ဒီရေလှိုင်းများပမာ ဝင်ရောက်လာကြသည်။
ဝူယွမ်သည် ထိုအချက်အလက်များကို လျင်မြန်စွာ ခွဲခြမ်းစိတ်ဖြာလိုက်သည်။
၎င်းမှာ အဓိကအားဖြင့် လျှို့ဝှက်ဂူကို ဗဟိုပြုထားသော ပင်လယ်နယ်မြေတစ်ခု၏ မြေပုံပင်။
ဝူယွမ်သည် ယန်မြို့တွင် သူရရှိခဲ့သော မြေပုံနှင့် ချက်ချင်းနှိုင်းယှဉ်ကြည့်လိုက်ရာ အမှန်တကယ်ပင် ထိုမြေပုံနှစ်ခုမှာ အတော်များများ တစ်ထပ်တည်း ကျနေသည်ကို သူ တွေ့ရှိလိုက်ရသည်။
တည်နေရာမှာ ကစဉ်ကလျားမိစ္ဆာပင်လယ်၏ အနောက်တောင်ဘက်ရှိ အမည်မသိ ပင်လယ်နယ်မြေတစ်ခုတွင် ဖြစ်သည်။
“မိုးကြိုးဘိုးဘေးအဆောင်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ရပြီ” ဝူယွမ်သည် ဤအချက်အလက်များကို ရှောင်တျောင်း၊ လင်းတုန်နှင့် အခြားသူများကို မျှဝေပေးလိုက်သည်။
“ဆက်ပြီး ငါတို့ အနောက်တောင်ဘက်ကို သွားကြမယ်”
ရှောင်တျောင်းက ပြောလိုက်သည်။ “ကစဉ်ကလျားမိစ္ဆာပင်လယ်က အရမ်းကျယ်တယ်၊ ငါတို့ ပင်လယ်ပြင်ကနေ သွားချင်ရင် အစွမ်းထက်တဲ့ ပင်လယ်သားရဲတစ်ကောင် လိုအပ်လောက်တယ်”
လှိုင်းထန်နေသော သမုဒ္ဒရာပေါ်တွင် ရွက်လွှင့်ခြင်းမှာ အနည်းငယ် လက်တွေ့မကျပေ။ အစွမ်းထက်သော ပင်လယ်သားရဲများကသာ အကောင်းဆုံး ခရီးသွားလာရေးနည်းလမ်းများ ဖြစ်ကြသည်။
“မသေမျိုး မြင့်မြတ်သောဝေလငါး မျိုးနွယ်စုက အဲဒီကလေးမလေးကို သွားရှာကြတာပေါ့၊ သူမက မြန်ဆန်တဲ့ ပင်လယ်သားရဲတွေ ဘယ်မှာရှိလဲဆိုတာ သိလောက်တယ်၊ ငါတို့ သွားဖမ်းကြတာပေါ့” ဟွမ်က သူ့ကို သတိပေးလိုက်သည်။
“အာ ဟုတ်သားပဲ၊ သူမအတွက် ငါဝယ်ထားတဲ့ ကောင်းကင်ပိုးသားကုတင်ကို မပေးရသေးဘူးပဲ”
ဝူယွမ်သည် ကျန်းမိသားစုအိမ်ရာသို့ ချက်ချင်း သွားရောက်ကာ ကျန်းယင်ယင်၏တံခါးရှေ့တွင် ရပ်လိုက်သည်။
သူ၏ ဝိညာဉ်စွမ်းအင်က အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားပြီး မုလင်းရှန်ထံသို့ တိုက်ရိုက် သတင်းစကား ပေးပို့လိုက်သည်။
“မြန်မြန်ထတော့၊ မင်းရဲ့ ပစ္စည်းလာယူလှည့်၊ မင်းအတွက် ငါဝယ်ပေးထားတဲ့ ကောင်းကင်ပိုးသားကုတင် ရောက်ပြီ”
“အစ်ကိုကြီး”
အသံကို ကြားသောအခါ မုလင်းရှန်သည် အိပ်ချင်မူးတူးဖြင့် နိုးထလာခဲ့သည်။
သူမက အိပ်ချင်နေသော မျက်လုံးများကို ပွတ်သပ်ရင်း ထလာပြီး တံခါးကို ဖွင့်ကာ မေးလိုက်သည်။
“ကျွန်မ ကုတင်ရော”
“လာ၊ နိုးသွားအောင် မြက်ပင်လေးတစ်ပင် အရင်စားလိုက်ပါဦး၊ မင်းကို ငါ မေးစရာတစ်ခုရှိတယ်” ဝူယွမ်က အစောပိုင်း လေလံပွဲမှ သူ ရရှိခဲ့သော ပင်လယ်ဘုရင် ဝိညာဉ်မြက်ခင်းကို ထုတ်ယူလိုက်သည်။
“ဝါး၊ အစ်ကိုကြီး၊ ကျွန်မ ပင်လယ်ဘုရင် ဝိညာဉ်မြက်ခင်း လိုအပ်တယ်ဆိုတာ ဘယ်လိုသိတာလဲ”
မုလင်းရှန်သည် ပင်လယ်ဘုရင် ဝိညာဉ်မြက်ခင်း၏အနံ့ကို ရှူရှိုက်မိလိုက်ပြီး ချက်ချင်း သတိဝင်လာသည်။ သူမက ပင်လယ်ဘုရင် ဝိညာဉ်မြက်ခင်းကို ယူကာ ပါးစပ်နားသို့ တေ့ပြီး သူမ၏ ပန်းရောင်လျှာလေးဖြင့် လျက်လိုက်သည်။
သူမသည် ရှင်သန်ခြင်းနှင့် သေဆုံးခြင်း ဘိုးဘေးအဆောင်နှင့် ပေါင်းစပ်ထားသဖြင့် သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ရှင်သန်ခြင်းနှင့် သေဆုံးခြင်း ဘိုးဘေးအဆောင်၏ အစွမ်းထက်သော စွမ်းအင်လှိုင်းများ ရှိနေသည်။
ထို့ကြောင့် မသေမျိုး မြင့်မြတ်သောဝေလငါး မျိုးနွယ်စုမှ အစွမ်းထက်ပုဂ္ဂိုလ်များက သူမကို ချိတ်ပိတ်ထားခဲ့ခြင်းဖြစ်၏။
အဓိကအားဖြင့် ဘိုးဘေးအဆောင်၏ စွမ်းအင်လှိုင်းများကို အခြားသူများ မသိရှိအောင် တားဆီးရန် ဖြစ်သည်။
သို့သော်လည်း ဤအရာက သူမ၏ စမ်းအားကိုလည်း ချိတ်ပိတ်ထားသကဲ့သို့ ဖြစ်သွားစေသည်။
ယခု ဤပင်လယ်ဘုရင် ဝိညာဉ်မြက်ခင်းဖြင့် ချိတ်ပိတ်ထားမှုကို ဖွင့်ကာ သူမ၏ စွမ်းအားများကို ပြန်လည်ရရှိနိုင်မည် ဖြစ်သည်။
ဝူယွမ်က ပြောလိုက်သည်။ “ငါ အခု ခရီးသွားဖို့အတွက် မြန်ဆန်တဲ့ ပင်လယ်သားရဲတစ်ကောင် ရှာဖို့ ယလိုတယ်၊ ဘယ်လို ပင်လယ်သားရဲမျိုးက မြန်လဲဆိုတာ မင်း စဉ်းစားပေးနိုင်မလား၊ ငါတို့ သွားဖမ်းကြတာပေါ့”
“ဪ၊ အဲဒါလား”
မုလင်းရှန်က သူမ၏လက်ချောင်းကို ကိုက်ကာ ပြောလိုက်သည်။ “လာ၊ ကျွန်မကို ပင်လယ်ပြင်ဆီခေါ်သွားပေး”
သူမက ဝူယွမ်၏လက်မောင်းကို ချိတ်လိုက်သည်။
ရှေးဟောင်းကျောက်တိုင်ကမ္ဘာမှ ထွက်ခွာလာပြီးနောက် မုလင်းရှန်သည် ပင်လယ်ရေပြင်ပေါ်သို့ ချက်ချင်းဆင်းသက်သွား၏။
သူမက လက်သေးသေးလေးကို ရေပြင်ပေါ်တွင် တင်လိုက်ရာ ထူးခြားသော အသံလှိုင်းတစ်ခုက သူမ၏လက်မှတစ်ဆင့် လျင်မြန်စွာ ပြန့်ကျဲသွားလေသည်။
နာရီဝက်ခန့် ကြာပြီးနောက် ပင်လယ်အောက်တွင် ဧရာမအရိပ်ကြီးတစ်ခု ပေါ်လာလေ၏။
ထို့နောက် ဧရာမလှိုင်းလုံးကြီးများ ဆူပွက်လာပြီး ကြည်လင်ပြတ်သားသော ဝေလငါးအော်သံတစ်ခု ပဲ့တင်ထပ်သွားသည်။ ပေရာချီကြီးမားသော ဧရာမ ကောင်းကင်ပြာဝေလငါးကြီးတစ်ကောင် ပင်လယ်ရေထဲမှ ထွက်ပေါ်လာသည်။
မုလင်းရှန်က ပြောလိုက်၏။ “ဒါက ပင်လယ်ဖိနှိပ် ဆန်းကြယ်ဝေလငါးပဲ၊ သူတို့က ကစဉ်ကလျားမိစ္ဆာပင်လယ်မှာ အမြန်ဆုံး ပင်လယ်သားရဲစာရင်းရဲ့ ထိပ်တန်း ငါးကောင်ထဲမှာ ပါတယ်၊ ဘယ်မုန်တိုင်းကမှ သူတို့ရဲ့ အရှိန်အဟုန်ကို မတားဆီးနိုင်ဘူး၊ ဟဲဟဲ၊ သူ့ကို ကျွန်မတို့ရဲ့ စီးတော်ယာဉ်အဖြစ် သုံးရင် လုံလောက်လောက်ပါတယ်”
မုလင်းရှန်သည် အပြာရောင် ဧရာမဝေလငါးကြီးပေါ်သို့ ဆင်းသက်သွားပြီး ၎င်းနှင့် အလွန် ရင်းနှီးနေပုံရသည်။
“အင်း၊ မဆိုးဘူးပဲ”
ဝူယွမ်က ခေါင်းညိတ်လိုက်သည်။ ဤအပြာရောင် ဝေလငါးကြီး၏ စွမ်းအားမှာ ဆန်းကြယ်ရှင်ခြင်းအဆင့် အလယ်အလတ်အဆင့်တွင် ရှိသည်။
ပင်လယ်ထဲတွင် ၎င်း၏ အစွမ်းကုန် ပေါက်ကွဲမှုမှာ ကုန်းမြေပေါ်ရှိ ဆန်းကြယ်ရှင်ခြင်းအဆင့် အထွတ်အထိပ် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးထက်ပင် ပိုမိုမြန်ဆန်လှသည်။
“ဝေလငါးကြီး၊ ခဏလောက် ငါ့နောက်ကိုလိုက်ခဲ့ပါ”
ဝူယွမ်က ဝိညာဉ်စွမ်းအင်ဖြင့် အသံလှိုင်း ပေးပို့လိုက်သည်။
“လာ၊ မင်းကို ကြိုဆိုတဲ့ လက်ဆောင် အရင်ပေးမယ်” ထိုသို့ပြောရင်း ဝူယွမ်က ၎င်းအား ပါးစပ်ဟရန် ပြောလိုက်ပြီးနောက် သိုလှောင်အိတ်တစ်လုံးကို ထုတ်ယူကာ ဆန်းကြယ်ရှင်ခြင်းအဆင့်အတွက် အသုံးဝင်သော ဝိညာဉ်သစ်သီးများနှင့် ဝိညာဉ်ဆေးလုံးအများအပြားကို ပစ်ပေးလိုက်သည်။
“ဝီ... “
ပင်လယ်ဖိနှိပ် ဆန်းကြယ်ဝေလငါးက ဝမ်းသာအားရ အော်ဟစ်လိုက်ပြီး ဝူယွမ်ကို ကျေးဇူးတင်စကား ဆိုလိုက်သည်။
“အခု၊ အနောက်တောင်ဘက်ကို အစွမ်းကုန်ဒိုးတော့”
ဝူယွမ်က အမိန့်ပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏ဝိညာဉ်စွမ်းအင်ဖြင့် ရူန်းသင်္ကေတများကို ပုံဖော်လိုက်ပြီး ပင်လယ်ဖိနှိပ် ဆန်းကြယ်ဝေလငါးအပေါ် လေရူန်းသင်္ကေတနှင့် ရေရူန်းသင်္ကေတ ဟူသော ရူန်းသင်္ကေတ အထောက်အကူနှစ်ခုကို ပေါင်းထည့်ပေးလိုက်ရာ ၎င်း၏အရှိန်မှာ နှစ်ဆ တိုးတိုက်ရိုက်သွားလေသည်။
ဝူယွမ်သည် မုလင်းရှန်ကို ရှေးဟောင်းကျောက်တိုင် ကမ္ဘာအတွင်းသို့ ပြန်လည်ခေါ်ဆောင်သွားပြီး သူကိုယ်တိုင်မှာမူ ဆန်းကြယ်ဝေလငါး၏ ကျောပေါ်တွင် ကျင့်ကြံခြင်းကို စတင်လေတော့သည်။
ပြီးပြည့်စုံသော ရှင်သန်ခြင်းနှင့် သေဆုံးခြင်း ရူန်းသင်္ကေတကို ရရှိပြီးနောက် ဝူယွမ်၏ ရှင်သန်ခြင်း ဆန်းကြယ်စွမ်းအားနှင့် သေဆုံးခြင်း ဆန်းကြယ်စွမ်းအားအပေါ် ထိန်းချုပ်နိုင်စွမ်းမှာ ချက်ချင်းပင် အမြင့်ဆုံးသို့ ရောက်ရှိသွားလေသည်။
ယခုအခါ ဤစွမ်းအား နှစ်မျိုးအတွက် သူ၏ကျင့်ကြံမှုအရှိန်မှာ ယုံကြည်နိုင်စရာမရှိလောက်အောင် လျင်မြန်လာသည်။
“ဆန်းကြယ်ရှင်ခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့်ကနေ ထပ်တွန်းအားပေးလို့ရပြီ”
ဝူယွမ်သည် သူ၏ ချိုးဖောက်ဝင်ရောက်မှုကို ချက်ချင်းစတင်လေတော့သည်။
သူ၏ နီဝမ်နယ်ပယ်အတွင်း၌ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း ရူန်းသင်္ကေတက တောက်ပသော အလင်းတန်းတစ်ခုကို ထုတ်လွှင့်နေသည်။
ယွမ်စွမ်းအင် စီးကြောင်းတစ်ခုက ရှင်သန်ခြင်းနှင့် သေဆုံးခြင်း စွမ်းအားအဖြစ် ပြောင်းလဲသွားသည်။ အဖြူနှင့် အမည်း ရှင်သန်ခြင်းနှင့် သေဆုံးခြင်း စွမ်းအားများ ပေါ်ထွက်လာပြီး ဝူယွမ်၏ပတ်ပတ်လည်တွင် လှိုင်းထလာသည်။
သူသည် ဆန်းကြယ်ရှင်ခြင်းအဆင့်တွင်သာ ရှိနေသေးသော်လည်း ဝူယွမ်သည် သေဆုံးခြင်း ဆန်းကြယ်စွမ်းအားကို အသုံးပြုနိုင်စွမ်း ရှိနေပြီဖြစ်သည်။
“ဝီ…”
ပင်လယ်ဖိနှိပ် ဆန်းကြယ်ဝေလငါးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“တစ်ယောက်ယောက် လာနေတာလား”
ဝူယွမ်၏မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ကျင့်ကြံခြင်းမှ နိုးထလာခဲ့သည်။
ဤအချိန်တွင် အရှေ့ဘက်ကောင်းကင်ယံ၌ လေဟာနယ် လိမ်ကောက်မှုများ ပေါ်ထွက်လာသည်။
မကြာမီ လေဟာနယ်လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာပြီးနောက် အမည်းရောင် အဝတ်အစားများကို ဝတ်ဆင်ထားသော လူတစ်ဦး လေဟာနယ်လမ်းကြောင်းအတွင်းမှ ဖြည်းညင်းစွာ ထွက်လာသည်ကို ဝူယွမ် မြင်တွေ့လိုက်ရသည်။
ထိုလူ၏ဆံပင်ရှည်များက လွင့်ခါနေပြီး အဝတ်အစားများပေါ်တွင် ဦးခေါင်းခွံပုံစံအချို့ ပါရှိသည်။
သူ၏ အင်္ကျီလက်စမှ ဆန့်ထွက်လာသော သူ၏လက်များမှာ ထူးထူးခြားခြား သွယ်လျကာ ရှည်လျားနေပုံရသော်လည်း အမည်းနှင့် အဖြူရောင် ချီများက ၎င်းတို့အပေါ်တွင် ရစ်ခွေကာ ထွက်ပေါ်နေသည်။
“ဝင်စားခြင်းအဆင့်လာ၊”
ဝူယွမ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူ အမှန်တကယ်ပင် ဤအဆင့်ရှိ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးနှင့် ကြုံတွေ့ရလေပြီ။
“မင်းက ဝူယွမ်ပဲ ဖြစ်ရမယ်၊ ဟုတ်တယ်မလား၊ မင်း တော်တော်လေး မြန်မြန်ပြေးနိုင်တာပဲ၊ မင်း ငါတို့ မိစ္ဆာလေ လျှို့ဝှက်ဂူရဲ့ ငွေရောင်စေတီလေးကို ခိုးသွားတယ်၊ ရှဲ့ယန်နဲ့ မိုရှဲ့တို့ရော ဘယ်မှာလဲ၊ သူတို့ကို မင်း သတ်လိုက်တာလား၊” ဆံပင်ရှည်အမျိုးသား၏ စူးရှသော အကြည့်များက ဝူယွမ်အပေါ်သို့ စူးစိုက်သွားပြီး သူက တိုးညှင်းစွာ ပြောလိုက်သည်။
“ငါက ဝူရွှမ်၊ မိစ္ဆာလေ လျှို့ဝှက်ဂူရဲ့ လျှို့ဝှက်ဂူသခင်ပဲ”