← Chapters

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

95

ချင်အန်းနင်က ခေါင်းလေး အနည်းငယ်စောင်းကာ ဝမ်ဝန်ချန်ကိုကြည့်ရင်း မေးလိုက်သည်။

“ဝန်ချန်၊ ရှင့်အတန်းဖော်တစ်ယောက်ရဲ့ နာမည်မှာလည်း ‘ရှီး’ ပါတာကို ကျွန်မမှတ်မိနေတယ်၊ အဲဒါ သူများလားဟင်”

ဝမ်ဝန်ချန်က သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။

“မဟုတ်ဘူး၊ မဖြစ်နိုင်ပါဘူး၊ သူ့နာမည်က စာလုံးလေးတစ်လုံးနဲ့ ဆင်တူနေတာ တိုက်ဆိုင်သွားတာပဲနေမှာပါ”

လီရှီးရှီး၏ မသားစု နောက်ခံကို သူ မသိသည်မဟုတ်။ ကျောင်းတက်စဉ်ကတည်းက ဆင်းရဲနွမ်းပါးသော မိသားစုမှ လာသူဖြစ်ကြောင်း သိနိုင်သည်။

ထိုအချိန်က လိုက်ရတာ လွယ်ကူလိမ့်မည်ဟုပင် ထင်ခဲ့သေးသည်။

‘ဟမ့်၊ အဲဒီအကြောင်းတွေ မတွေးတာပဲ ကောင်းပါတယ်' သူတစ်ပါးအပေါ် အမြဲတမ်း အထက်စီးမှဆက်ဆံလိုသော မာနတရားက ဤအတွေးများထဲတွင် ထင်ဟပ်နေ၏။

ချင်အန်းနင်က ရှေ့ရှိ အဘွားအိုအား ယဉ်ယဥ်ကျေးကျေးမေးလိုက်သည်။

“အဘွား၊ အဘွားတို့ ယာတောအိမ်ပိုင်ရှင်ရဲ့ နာမည်က ဘယ်လိုခေါ်လဲဆိုတာ မေးလို့ရမလား”

အဘွားအိုက ပြုံးပြရင်း ဖြေလိုက်သည်။

“အော်၊ သူ့မျိုးရိုးနာမည်က လီ လေ၊ နာမည်က လီရှီးရှီး လို့ခေါ်တယ်၊ ဒုတိယ ‘ရှီး’ က ‘အနောက်ဘက်’ က ‘အနောက်’ ကို ခေါ်တာ၊ တတိယ ‘ရှီး’ ကကျတော့ ‘စမ်းချောင်းရေ’ က ‘စမ်းချောင်း’ ကို ခေါ်တာလေ”

ထိုစကားကို ကြားလိုက်ရသောအခါ ဝမ်ဝန်ချန်၏မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားပြီး နောက်မှလိုက်ပါလာသော အတန်းဖော်မာဝူချောင်က ခေါင်းညိတ်ကာ ပြောလိုက်၏။

“ဟုတ်တယ်၊ အဲဒါလီရှီးရှီးပဲ၊ သူ့နာမည်ကို အဲဒီလိုရေးတာ”

အဘွားအိုသည် ရှီးရှီးလေးကို သိနေပုံရသဖြင့်မေးလိုက်သည်။

“မင်းတို့က ဘယ်သူတွေလဲကွဲ့”

မာဝူချောင်က ပြန်ဖြေလိုက်သည်။

“ကျွန်တော်တို့က သူ့ရဲ့ တက္ကသိုလ်အတန်းဖော်တွေပါ၊ မွေးရပ်မြေမှာ ယာတောအိမ်ဖွင့်ထားတယ်လို့ ကြားလို့ လာလည်ကြတာပါ”

လီရှီးရှီး၏ တက္ကသိုလ်အတန်းဖော်များဖြစ်ကြောင်း ကြားလိုက်ရသောအခါ အဘွားအိုမှာ ချက်ချင်းပင် အားတက်သရော ဖြစ်သွားပြီး လမ်းပြပေးမည်ဟု ကမ်းလှမ်းလိုက်၏။

ဝမ်ဝန်ချန်မှာမူ လီရှီးရှီးတစ်ယောက် စီးပွားရေးကို ဤမျှကြီးမားလာအောင် ဘယ်လိုလုပ်လိုက်သလဲ ဆိသည်ကို နားမလည်နိုင်ဘဲ ကိုယ်ပိုင်ကမ္ဘာလေးထဲတွင် နစ်မြောနေဆဲပင်။ ချစ်သူကောင်မလေးက တံတောင်ဖြင့် ညင်သာစွာတွတ်ကာ ပြောလိုက်မှသာ သတိဝင်လာတော့သည်။

“ဘာဖြစ်လို့လဲ၊ သွားကြမယ်လေ၊ အဘွားက ငါတို့ကိုလမ်းပြပေးမယ်တဲ့”

ထိုအခါမှသာ တင်းမာသောမျက်နှာထားဖြင့် ရှေ့သို့ လျှောက်သွားလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ချင်အန်းနင်မှာ အနည်းငယ် ထုံအသော မိန်းကလေးတစ်ဦးဖြစ်ရာ၊ ချစ်သူကောင်လေး ယခုအချိန်တွင် စိတ်အလိုမကျဖြစ်နေကြောင်းကို သတိမထားမိခဲ့ချေ။

ထို့နောက် ဧည့်ကြိုကောင်တာသို့ ရောက်ရှိသွားကြသည်။ မာဝူချောင်နှင့် အခြားအတန်းဖော်ဟောင်း နှစ်ဦးမှာ အနည်းငယ် စပ်စုချင်စိတ်ဖြင့် ဟိုဟိုဒီဒီ လိုက်လံကြည့်ရှုနေကြသည်။ အဆင့်မြှင့်တင်ထားသော ယာတောအိမ်ဧည့်ခန်းမကြီးမှာ အများကြီး ပိုမိုကျယ်ဝန်းသွားပြီး၊ နားနေခန်းသာမက ကိုယ်လက်လှုပ်ရှားလုပ်နိုင်ရန် အားကစားဧရိယာပါ ရှိနေသဖြင့် အလွန် အဆင်ပြေလှ၏။

မာဝူချောင်သည် ဧည့်ကြိုကောင်တာအနောက်ဘက် နံရံတွင်ချိတ်ဆွဲထားသော အခန်းဈေးနှုန်းများကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ဈေးနှုန်းများမှာ မသက်သာဘဲ ၂၉၉ ယွမ်မှ စတင်ကာ အခန်းအမျိုးအစားအလိုက် မြင့်တက်သွားကြောင်း တွေ့လိုက်ရသဖြင့်၊ ဧည့်ကြိုကောင်တာတွင် အလုပ်လုပ်နေသော ဆုဟွေဟွေအား သိချင်စိတ်ဖြင့် မနေနိုင်ဘဲ မေးလိုက်၏။

“ဒီက အခန်းခတွေက ပုံမှန်အားဖြင့် ဘယ်လောက်လျှော့ပေးလေ့ရှိလဲဟင်”

ဆုဟွေဟွေက ပြုံးရွှင်စွာ ပြန်လည်ဖြေကြားလိုက်သည်။

“မင်္ဂလာပါ လူကြီးမင်း၊ ကျွန်မတို့ဆီက အခန်းခတွေက လျှော့ဈေးမရှိပါဘူးရှင့်”

‘မလျှော့ဘူး ဟုတ်လား’

မာဝူချောင်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ စာရင်းထဲတွင် ဈေးအကြီးဆုံး အခန်းမှာ ယွမ် ၉၉၉၉ ဖြစ်သည်။ ‘အဲဒီမှာ တည်းတဲ့သူ တကယ်ရှိလို့လား' ဤအတွေးကို သူ အသံထွက်၍ပင် မေးလိုက်မိ၏။

ဆုဟွေဟွေက ယဉ်ကျေးအပြုံးမပျက်ဘဲ ဆက်ပြောလာသည်။

“မင်္ဂလာပါ လူကြီးမင်း၊ ဒါကလည်း ကျွန်မတို့ဆီမှာ လူကြိုက်အများဆုံး အခန်းအမျိုးအစားတွေထဲက တစ်ခုပါပဲရှင်၊ ဒီနေ့အတွက်တော့”

ဆုဟွေဟွေသည် ခဏမျှတွန့်ဆုတ်သွားပြီးနောက် ကွန်ပျူတာပေါ်ရှိ လက်ကျန်အခန်းများကို စစ်ဆေးကြည့်ကာ ပြောလိုက်သည်။

“ဒီနေ့အတွက် နှစ်ခန်းပဲ ကျန်ပါတော့တယ်၊ ကြည့်ရတာ ဒီနေ့ ဧည့်သည်အဝင်အထွက် သိပ်မများဘူးထင်တယ်”

မာဝူချောင်က မေးလိုက်သည်။

“ဒီအခန်းအမျိုးအစားက စုစုပေါင်းမှ နှစ်ခန်းပဲရှိတာကို ပြောတာတော့ မဟုတ်ပါဘူးနော်”

ဆုဟွေဟွေက ဖြေလိုက်၏။

“ကျွန်မတို့ဆီမှာ ဇိမ်ခံအခန်းတွဲ စုစုပေါင်း ၁၀ ခန်း ရှိပါတယ်ရှင့်၊ လူကြီးမင်း တခြားသိချင်တာ ဘာများရှိသေးလဲဟင်”

မာဝူချောင်သည် ပညာရှိပီပီ ပါးစပ်ကို ပိတ်ထားလိုက်တော့သည်။

“မရှိတော့ပါဘူး”

သူ့တက္ကသိုလ်အတန်းဖော်မှာ မွေးရပ်မြေတွင် ယာတောအိမ်လေးတစ်ခု ဖွင့်ထားရုံမျှမကဘဲ၊ အပန်းဖြေစခန်း ဟိုတယ်ကြီးတစ်ခုကို တည်ထောင်ထားခြင်း ဖြစ်ကြောင်း ရှင်းလင်းစွာ သဘောပေါက်သွားတော့သည်။

ဝမ်ဝန်ချန်လည်း လီရှီးရှီး၏စီးပွားရေးမှာ ဤမျှကြီးမားနေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။

သူစိတ်ကူးထားခဲ့သည်နှင့် လုံးဝကို ကွဲလွဲနေသည်။ ယခုအခါ

ယခုအခါ ဇာတ်လိုက်မင်းသား မဟုတ်တော့ဘဲ၊ ကိုယ့်ပါးစပ်ကိုယ်ပြန်ရိုက်ခံရမည့် လူဆိုး ဇာတ်ပို့တစ်ယောက် ဖြစ်နေပြီဟု ခံစားလိုက်ရသည်။

သို့သော် ဤကဲ့သို့ဧည့်ကြိုကောင်တာတွင် မတ်တတ်ရပ်နေရခြင်းကလည်း မကောင်းလှချေ။

အတန်းဖော်ဟောင်းအတော်များများက စောင့်ကြည့်နေကြပြီး ချစ်သူကောင်မလေးကလည်း ဘယ်လိုအခန်းမျိုး ဘိုကင်လုပ်ရမလဲဟု မေးနေသည်။

မဆုံးဖြတ်ရသေးမီမှာပင် သက်သောင့်သက်သာ နှစ်ယောက်အိပ်အခန်းများ၊ ကုတင်ကြီးအခန်းများ၊ ဇိမ်ခံနှစ်ယောက်အိပ်အခန်းများနှင့် ဇိမ်ခံ ကုတင်ကြီးအခန်းများ အစရှိသည်တို့ အားလုံးပြည့်နေပြီဖြစ်ကြောင်း ဧည့်ကြိုက ကြိုတင်အသိပေးလာ၏။

လောလောဆယ်တွင် ဇိမ်ခံအခန်းတွဲ နှစ်ခန်းသာ ကျန်ရှိတော့ရာ အလွန် အခက်တွေ့သွားစေသည်။

သူ့မိသားစုမှာ ယွမ် ၉၉၉၉ တန် ဟိုတယ်တွင် တစ်ညကို ပေါ့ပေါ့ပါးပါးတည်းခိုနိုင်လောက်အောင် မချမ်းသာလှသလို၊ အတန်းဖော်များကိုလည်း ဒကာခံရဦးမည် ဖြစ်သည်။

ထို့အပြင် ဤသည်မှာ လီရှီးရှီးအား ငွေပေးလိုက်ရခြင်းဖြစ်ရာ စိတ်ထဲတွင် လုံးဝမလိုလားချေ။ သို့သော် ယခုအခါ မှောင်နေပြီဖြစ်ပြီး တောင်ဆင်းလမ်းမှာလည်း သွားလာရန်မလွယ်ကူလှပေ။

ဝမ်ဝန်ချန်၏ချစ်သူ ချင်အန်းနင်သည် သူ နှုတ်ဆိတ်နေသည်ကို မြင်သောအခါ နားလည်စွာ ပြောလာ၏။

“ကျွန်မပဲလုပ်လိုက်ပါ့မယ်”

ထိုသို့ပြောပြီးနောက် ဧည့်ကြိုကောင်တာတွင် ဇိမ်ခံအခန်းတွဲနှစ်ခန်းကို ဘိုကင်လုပ်လိုက်သည်။

ဝမ်ဝန်ချန်မှာ သက်ပြင်းချနိုင်သွားသော်လည်း၊ ချစ်သူက အထင်သေးသွားမည်ကို စိုးရိမ်ကာ ရင်ထဲတွင် အနည်းငယ် မကျေမနပ်ဖြစ်သွားရသည်။ မိမိကိုယ်ကို အထင်ကြီးကာ သူတစ်ပါးအပေါ် အမြဲတမ်းကြီးစိုးလိုသော ရည်မှန်းချက်က ဤအခြေအနေတွင် များစွာထိခိုက်သွားရလေ၏။

ထို့နောက် ဝမ်ဝန်ချန်က အတန်းဖော်ဟောင်းများဖြစ်ကြသဖြင့် လီရှီးရှီးသည် အိမ်ရှင်အနေဖြင့် အနည်းဆုံးတော့ ဧည့်ခံသင့်သည်ဟုတွေးကာ၊ ဧည့်ကြိုအား လီရှီးရှီးထံဖုန်းဆက်၍ ဤနေရာသို့လာရန် ခေါ်ခိုင်းလိုက်သည်။

လီရှီးရှီးသည် ဖုန်းတစ်ဖက်မှ ဝမ်ဝန်ချန်ဖြစ်နေကြောင်း ကြားလိုက်ရသောအခါ မနေနိုင်ဘဲ တခစ်ခစ်ရယ်မောလိုက်မိသည်။

‘ဒီလူက တကယ်ကြီး ရောက်လာတာပဲ’

သူမသည် ဓာတ်လှေကားပေါ်မှ အေးအေးဆေးဆေး ဆင်းလာခဲ့ပြီး ဝမ်ဝန်ချန်သာမက အခြားအတန်းဖော်ဟောင်း အနည်းငယ်ကိုပါ မြင်တွေ့လိုက်ရသဖြင့် ယဉ်ကျေးစွာ နှုတ်ဆက်လိုက်၏။

ဝမ်ဝန်ချန်၏ မျက်နှာအမူအရာမှာ အနည်းငယ်တွန့်လိမ်နေပြီး သရော်သည့်လေသံဖြင့် ပြောလိုက်သည်။

“လီရှီးရှီး၊ နင့်ရဲ့ အခန်းခတွေကို ဈေးနှုန်းသတ်မှတ်ရေးဗျူရိုနဲ့ စစ်ဆေးပြီးပြီလား၊ နင်က ပိုက်ဆံရဖို့အတွက် ကိုယ့်လိပ်ပြာကိုယ်မလုံတဲ့ အလုပ်မျိုးတော့ မလုပ်သင့်ဘူးလေ၊ ခေါင်ဖျားပြီး ဆင်းရဲတဲ့နေရာလေးမှာ အခန်းခတွေကို ဒီလောက်အများကြီးယူနေတာ၊ နင်က ငါတို့ အတန်းဖော်ဟောင်းတွေဆီကနေ ပိုက်ဆံအမြတ်ထုတ်ချင်နေတာလား”

လီရှီးရှီးသည် ဝမ်ဝန်ချန်၏သရော်လှောင်ပြောင်သည့် အမူအရာကိုကြည့်ကာ စကားများမနေချင်တော့ချေ။

ထို့ကြောင့် မာဝူချောင်နှင့် အခြားသူများဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“နင်တို့ ညစာမစားရသေးဘူး မဟုတ်လား၊ ငါ နင်တို့ကို ညစာဒကာခံမယ်လေ၊ လာ၊ အရင် သွားထိုင်ကြရအောင်”

လီရှီးရှီးက မာဝူချောင်နှင့် အခြားသူများကို ပြုံးပြလိုက်၏။

ချင်အန်းနင်အပေါ်တွင်လည်း မည်သည့်အငြိုးအတေးမှ မရှိသဖြင့် ပြုံးပြကာ အတူတူလိုက်ပါရန် ဖိတ်ခေါ်လိုက်ပြီး ဝမ်ဝန်ချန်ကိုသာ ကျော်သွားလိုက်သည်။

ဝမ်ဝန်ချန်က အနောက်မှနေ၍ ဟွန့်ခနဲ နှာခေါင်းရှုံ့ကာ မျက်နှာပြောင်တိုက်ပြီး လိုက်ပါလာခဲ့သည်။ အလကားရမည့် အစားအသောက်ကိုတော့ လက်လွတ်ခံမည်မဟုတ်ချေ။

ဤနေရာမှာ ဘာအစားအသောက်ကောင်းတွေများ ရှိနိုင်မလဲ ဆိုသည်ကို ကြည့်ချင်နေမိသည်။

……

ဝမ်ဝန်ချန်သည် တစ်ယောက်တည်း ထမင်းသုံးပန်းကန်လုံးလုံးကို ခေါင်းငုံ့ကာ အားရပါးရ စားသောက်ပစ်လိုက်၏။

သူ့ချစ်သူ ချင်အန်းနင်ကလည်း ဟင်းပွဲများမှာ အလွန်ကောင်းမွန်သည်ဟု ခံစားရသော်လည်း၊ လှုပ်ရှားမှုများကတော့ အတော်လေး ကျော့ရှင်းနေဆဲပင်။

ချစ်သူကောင်လေးက ဝက်တစ်ကောင်လို ပါးစပ်ကြီးဖြဲကာ စားသောက်နေသည်ကို ကြည့်ရင်း နှုတ်ခမ်းများပင် တွန့်ကွေးသွားရသည်။

ဤလူဆီက ဘာတွေကိုများ သဘောကျခဲ့သနည်းဟု ရုတ်တရက် တွေးလိုက်မိသည်။

ဝမ်ဝန်ချန်မှာမူ ချစ်သူကောင်မလေး၏ လက်ရှိအတွေးများကို မသိရှိခဲ့ချေ။ မျက်နှာပြောင်တိုက်ပြီး ဝင်ထိုင်လိုက်ပြီးနောက် လီရှီးရှီးကမောင်းမထုတ်ဘဲ လျစ်လျူရှုထားလိုက်ခဲ့သည်။

လီရှီးရှီးက အထင်ကရ ဟင်းပွဲအနည်းငယ်ကို ပေါ့ပေါ့ပါးပါး မှာယူပေးခဲ့ပြီးနောက်၊ ထပ်စားချင်ပါက ထပ်မှာရန်ပြောကာ အတန်းဖော်များကို နှုတ်ဆက်ပြီးနောက် ထွက်ခွာသွားခဲ့သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ဟင်းပွဲများထဲမှ တစ်ခုမှာ ဝမ်ဝန်ချန် အထူးနှစ်သက်သော ဟင်းပွဲ ဖြစ်နေသည်။ တစ်ပွဲလုံးကို တစ်ယောက်တည်း အကုန်စားပစ်လိုက်ပြီး မလောက်သေးဟု ခံစားရသဖြင့် နောက်တစ်ပွဲထပ်မှာလိုက်သေး၏။

ပိုစားသင့်တယ်ဟုပင် စိတ်ထဲမှ တွေးလိုက်မိသည်။

‘လီရှီးရှီးက ဒကာခံမယ်လို့ ပြောထားတာပဲ မဟုတ်လား၊ ဘာပဲဖြစ်ဖြစ် ဗိုက်ဝအောင်တော့ စားရမယ်လေ’

အကြောင်းအရင်းအတော်များများ ပေါင်းစပ်သွားသောအခါ မိမိ၏ပုံရိပ်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ စားသောက်နေတော့သည်။

ချစ်သူကောင်မလေး၏မျက်လုံးထဲတွင် ပုံရိပ်မှာ အစစအမွှာမွှာ ကွဲအက်သွားပြီဖြစ်ကြောင်းကိုတော့ သူ လုံးဝမသိရှိခဲ့ချေ။

ညစာစားပြီးနောက် ဝမ်ဝန်ချန်သည် တစ်ခုခုမှားယွင်းနေကြောင်း နောက်ဆုံးတွင် ခံစားလိုက်ရသည်။ အပြစ်လာရှာခြင်းဖြစ်သော်လည်း ဤအစားအသောက်များကို အများကြီးစားပစ်လိုက်သဖြင့် ဘာအပြစ်မှ ရှာမတွေ့နိုင်တော့ချေ။

‘ကိစ္စမရှိပါဘူး၊ တည်းခိုစရာ နေရာရှိသေးတာပဲ၊ ၉၉၉၉ တန် ဇိမ်ခံအခန်းတွဲက ဘာတွေများထူးခြားနေလို့လဲ ဆိုတာကို ကြည့်ချင်သေးရဲ့’

အခန်းထဲသို့ ရောက်ရှိသွားသောအခါ အပြင်အဆင်မှာ တကယ်ကို အထင်ကြီးလောက်စရာဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ဝမ်ဝန်ချန်က ဟိုဟိုဒီဒီ လိုက်စမ်းကြည့်သော်လည်း ဖုန်တစ်မှုန်မျှပင်မတွေ့ရသဖြင့် သန့်ရှင်းရေးအပိုင်းကတော့ စစ်ဆေးမှုကို အောင်မြင်သွားသည်။

ထိုနေရာတွင် သီးသန့်ရေပူစမ်းအခန်းတစ်ခုပါ ရှိနေပြီး ရေပူစမ်း၏ အကျိုးကျေးဇူးများအကြောင်း အချက်အလက်များကို နံရံတွင်ကပ်ထားကြောင်း တွေ့ရှိလိုက်ရသည်။

သူက အထင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး ‘ရေပူစမ်းကို တစ်ခါမှမစိမ်ဖူးတဲ့သူ ကျနေတာပဲ၊ ဒီလောက်တောင်ချဲ့ကားပြီး ရေးထားတာ၊ စိမ်ကြည့်ရင်လည်း ပုံမှန်ပဲနေမှာပါ’ ဟု တွေးလိုက်မိသည်။

96

သို့သော် ချစ်သူဖြစ်သူ ချင်အန်းနင်မှာ ခရီးပန်းလာသဖြင့် ရေပူစမ်းကိုမြင်လိုက်ရသောအခါ မျက်လုံးများ အရောင်လက်သွားတော့သည်။ ချင်အန်းနင်က ရေပူစမ်းစိမ်ရသည်ကို အလွန်နှစ်သက်ရာ ချက်ချင်းပင် သွားစိမ်ရန် စီစဉ်လိုက်၏။

ဝမ်ဝန်ချန်ကိုလည်း မေးလိုက်သည်။ ဝမ်ဝန်ချန်မှာ စိတ်ထဲတွင် အထင်သေးနေသော်လည်း၊ ခန္ဓာကိုယ်ကမူ ရိုးသားစွာပင် ခေါင်းညိတ်လိုက်သည်။ သူ၏အမြင်တွင် ချစ်သူကောင်မလေး၏ ငွေမှာ နောက်ဆုံးတွင် သူ၏ငွေသာ ဖြစ်လာမည်ဖြစ်ရာ၊ သုံးထားသော ငွေကို အကျိုးရှိရှိ မသုံးလျှင် နှမြောစရာ ကောင်းပေမည်။

‘စိမ်ရမှာပေါ့၊ မဖြစ်မနေ စိမ်ရမှာပေါ့'

သူတို့နှစ်ဦးသည် တဘက်များ ပတ်ကာ ရေကန်ထဲသို့ ဝင်လာခဲ့ကြသည်။ ခဏအကြာတွင် ချင်အန်းနင်က ကျေနပ်အားရစွာ သက်ပြင်းချရင်း ပြောလိုက်၏။

“ဒီက ရေပူစမ်းက အရမ်းကို သက်သောင့်သက်သာရှိတာပဲ၊ ခဏလေးစိမ်လိုက်ရုံနဲ့တင် ပင်ပန်းသမျှတွေအကုန် ပျောက်သွားသလိ ခံစားရတယ်”

ဝမ်ဝန်ချန်လည်း ထိုသို့ပင် ခံစားရသော်လည်း ခေါင်းမာစွာဖြင့် ပြန်ပြောလိုက်သည်။

“ဒီလိုပါပဲ၊ လီရှီးရှီးတစ်ယောက် သူ့ယာတောအိမ်မှာ ရေပူစမ်းတူးတွေ့တာ တကယ်ကိုကံကောင်းသွားတာပဲ”

ချင်အန်းနင်က သူ့ကို သဘောမတူသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ သူ၏စကားများက သူမကို စိတ်အလိုမကျ ဖြစ်စေ၏။

ဝမ်ဝန်ချန် အခုတလော ဘာဖြစ်နေတာလဲ ဟု တွေးလိုက်မိသည်။ ဘာပဲပြောပြော အမြဲတမ်း ငြင်းခုံချင်နေပြီး အရင်ကလောက်လည်း သူမအပေါ်မကောင်းတော့ချေ။ ထို့အပြင် အတန်းဖော်ဟောင်းကိုလည်း အထင်သေးနေသေးသည်။

သူမကိုယ်တိုင်က ပေါ့ပေါ့ပါးပါးနေတတ်သော မိန်းကလေးတစ်ဦး ဖြစ်သည်။

ထိုသို့သော အသေးစိတ် အချက်အလက်များကို ဂရုမစိုက်တတ်သော်လည်း၊ ချစ်သူကောင်လေး၏ သဘောထားက ဤသို့ဖြစ်နေရာ မျက်ကန်းတစ်ယောက်မဟုတ်သဖြင့် သေချာပေါက် ခံစားမိ၏။

အတူတူ ဖြတ်သန်းခဲ့ရသော အချိန်များကို ပြန်လည် စဉ်းစားကြည့်ရာ၊ အမြဲတမ်း သူ့အတွက် ငွေကုန်ကျခံခဲ့ရသူမှာ ကိုယ်တိုင်သာဖြစ်နေကြောင်း သတိထားမိလိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူ့ကို အမြဲတမ်းသနားမိပြီး ငွေရှာရတာခက်ခဲမည်ဟု တွေးကာ ငွေရှင်းသည့်အခါတိုင်း အမြဲတမ်း အလုအယက်ရှင်းပေးခဲ့သောကြောင့်ပင်။

ဝမ်ဝန်ချန်မှာမူ ရှင်းပါမည်ဟု အမြဲတမ်း ပါးစပ်ကသာပြောလေ့ရှိပြီး တကယ်တမ်းတွင် ဘယ်တော့မှ လက်မဦးခဲ့ချေ။

ကိုယ့်ခွန်အားက သူ့ထက် ပိုကြီးနေလို့လော။ ယောက်ျားတစ်ယောက်ကိုသနားပြီး ကိုယ့်ကိုယ်ကိုယ်လှည့်စားနေခြင်းက ကံဆိုးမိုးမှောင်ကျခြင်း၏ ပထမခြေလှမ်းပင်။

‘ဘာလို့ ရုတ်တရက် ကိုယ့်ကိုယ်ကိုယ် အရူးတစ်ယောက်လို ခံစားနေရတာလဲ'

ရေပူစမ်းစိမ်နေခြင်းက ပြောင်းပြန်အားဖြင့် အသိစိတ်ကို ကြည်လင်သွားစေသည်။

ဘာကြောင့်မှန်းမသိ၊ တစ်ဖက်ရှိ ဝမ်ဝန်ချန်ကိုကြည့်ရင်း သူက သာမန်မျှသာဖြစ်ပြီး သူတစ်ပါးအတင်းအဖျင်း ပြောရသည်ကိုသာ နှစ်သက်သော စကားများသူတစ်ဦးဟု ရုတ်တရက်ခံစားလိုက်ရသည်။

ယခင်ကလည်း အထက်လူကြီးများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် သူငယ်ချင်းကောင်းများအကြောင်းကို အကြိမ်ပေါင်းများစွာ ညည်းတွားပြောဆိုသည်ကို ကြားခဲ့ဖူး၏။

ဘာပဲဖြစ်ဖြစ် အမြဲတမ်း သူတစ်ပါး အမှားချည်းသာ။ တစ်ခါတစ်ရံ လမ်းမှာတွေ့သော သူစိမ်းများကိုပင် အတင်းပြောတတ်သေးသည်။

‘မဟုတ်သေးဘူး၊ အရင်က ဘာလို့များ ပြုစားခံထားရသလို အချစ်မျက်ကန်းဖြစ်နေခဲ့ရတာလဲ’

ချင်အန်းနင်က ခေါင်းကို ပြင်းပြင်းထန်ထန် ခါရမ်းလိုက်ပြီး ရေထဲမှ မတ်တတ်ရပ်လိုက်သည်။

တစ်ဖက်ရှိ ဝမ်ဝန်ချန်မှာမူ တောင်ကြီးတစ်လုံးလို တည်ငြိမ်စွာ ဆက်ထိုင်နေပြီး၊ နွေးထွေးသော မျက်နှာသုတ်ပုဝါအဖြူလေး တစ်ထည်ကိုပင် ကောက်ယူကာ မျက်နှာပေါ် တင်ထားလိုက်သေးသည်။

တစ်ဖက်မှ ရေလှုပ်ရှားသံကို ကြားသော်လည်း ဂရုမစိုက်ဘဲ၊ ချင်အန်းနင် အချိန်အတော်ကြာစိမ်ပြီးနောက် ဟိုဟိုဒီဒီ လျှောက်သွားချင်လို့နေမှာပါဟုသာ တွေးလိုက်သည်။

ချင်အန်းနင်က ကန်ဘောင်နားသို့ အမြန်လျှောက်သွားပြီး တဘက်အထူကြီးဖြင့် ကိုယ်ကိုသုတ်လိုက်၏။

ဆံပင်အခြောက်ခံစက်ကို ကောက်ယူကာ ဆံပင်ကို နည်းနည်းလောက် မှုတ်ပြီး တစ်ဝက်လောက် ခြောက်သွားအောင် လုပ်မည်။ ထို့နောက် ဝမ်ဝန်ချန်ကို ဘာကြောင့်များ သဘောကျခဲ့မိသလဲ ဆိုတာကို သေချာ ပြန်စဉ်းစားမည်ဟု တွေးလိုက်သည်။

ဆံပင်ခြောက်ခံစက်ကို ဖွင့်ကာ နှစ်ချက်သုံးချက်လောက် လှုပ်ယမ်းကြည့်လိုက်ရာ ထွက်လာသောလေက အလွန် သက်သောင့်သက်သာရှိလှကြောင်း သူမ တွေ့လိုက်ရသည်။

သူမ ချဲ့ကားပြောဆိုခြင်း မဟုတ်ဘဲ၊ ဦးရေပြားကို ရေပူစမ်းစိမ်ပေးနေသလိုပင် ခံစားရ၏။ အတွေးများက ချစ်သူကောင်လေးအပေါ်မှ လက်ထဲရှိ ဆံပင်အခြောက်ခံစက်ဆီသို့ ချက်ချင်း ရောက်ရှိသွားတော့သည်။

၎င်းမှာ အဖြူရောင် ဆံပင်အခြောက်ခံစက်လေး ဖြစ်ပြီး ခေတ်မီသောအသွင်အပြင် ရှိသော်လည်း၊ မည်သည့်နေရာတွင်မှ အမှတ်တံဆိပ်မပါရှိသဖြင့် မည်သည့်အမှတ်တံဆိပ်ဖြစ်ကြောင်းကို လုံးဝမသိနိုင်ချေ။

သို့သော် ချင်အန်းနင် အလွန်အမင်း သဘောကျသွားရသည်။ အိမ်တွင် ဆံပင်အခြောက်ခံစက် အများအပြားရှိပြီး နာမည်ကြီးတံဆိပ်အချို့ပင် ပါဝင်၏။

ဤဆံပင်အခြောက်ခံစက်က ဘယ်အမှတ်တံဆိပ်လဲ ဆိုသည်ကို နောက်မှ ဧည့်ကြိုကောင်တာမှာ သွားမေးမည်ဟု တွေးနေစဉ်မှာပင်၊ မမျှော်လင့်ဘဲ ဆံပင်များအားလုံး ခြောက်သွေ့သွားကြောင်း တွေ့လိုက်ရသည်။ ဆံပင်အဖျားများရော ဆံသားများပါ ခြောက်သွေ့သွားပြီး ကိုင်ကြည့်လိုက်ရာတွင် လုံးဝစိုစွတ်မနေတော့ချေ။

‘ဟင်…. အချိန်ဘယ်လောက်များ ကုန်သွားလို့လဲ၊ တစ်မိနစ်လောက်ပဲ ရှိဦးမယ်'

ခါးလောက်ရှည်သော ဆံပင်များ လုံးဝခြောက်သွေ့သွားသော်လည်း၊ ဤဆံပင်အခြောက်ခံစက်၏ လေအားမှာ အရမ်းပြင်းထန်သည်ဟု မခံစားရချေ။ ထွက်လာသောလေက ရှင်းလင်းစွာပင် ညင်သာပြီး သက်သောင့်သက်သာ ရှိလှသည်။

‘ဒီဆံပင်အခြောက်ခံစက်ကို ဘယ်သူ တီထွင်လိုက်သလဲ မသိဘူး’ ဟုတွေးရင်း ချင်အန်းနင် အံ့ဩသွားရသည်။

အာနိသင်က တကယ်ကို အံ့မခန်းပင်။ အိမ်မှာသာ တစ်လုံးလောက်ရှိလျှင် နေ့တိုင်းဆံပင်အခြောက်ခံဖို့ အချိန် အနည်းဆုံးဆယ်မိနစ်လောက် သက်သာသွားပေလိမ့်မည်။

အမြန်ခြောက်သွေ့ခြင်းက အားသာချက် တစ်ခုဖြစ်သည်။ ဒုတိယအားသာချက်အနေဖြင့် ဆံပင်ကို ပေါ့ပေါ့ပါးပါးမှုတ်လိုက်ရုံမျှဖြင့် ဆံသားများဖောင်းကြွလာကာ ဦးခေါင်းထိပ် ပိုမြင့်သွားသယောင် ရှပြီး မျက်နှာကို ပိုသေးသွားစေကြောင်း တွေ့ရှိလိုက်ရ၏။

‘မရဘူး၊ အခုပဲ သိရမှ ဖြစ်မယ်’ ချင်အန်းနင်က ဖိနပ်စီးကာ အိပ်ခန်းထဲသို့ ပြေးသွားပြီး ကုတင်ဘေးစားပွဲပေါ်ရှိ ဖုန်းကိုကိုင်ကာ တိုက်ရိုက်ခေါ်ဆိုလိုက်သည်။

သို့သော် ယာတောအိမ်ရှိ ဆံပင်အခြောက်ခံစက်များ အားလုံးမှာ အထူး သီးသန့်ဖန်တီးထားခြင်းဖြစ်ပြီး အမှတ်တံဆိပ်မရှိကြောင်းနှင့် အပြင်သို့ရောင်းချရန်မဟုတ်ကြောင်း တစ်ဖက်မှပြောလာသဖြင့် အလွန်အမင်း စိတ်ပျက်သွားရသည်။

‘ဝမ်ဝန်ချန်နဲ့ ဒီကပိုင်ရှင်တို့က အတန်းဖော်ဟောင်းတွေပဲ၊ ပြီးတော့ ကိုယ်ကလည်း သူ့ချစ်သူဖြစ်နေတုန်းဆိုတော့ ဆံပင်အခြောက်ခံစက်တစ်လုံးလောက် ဝယ်ပေးဖို့ အကူအညီတောင်းတာက အရမ်းကြီး လွန်ကျူးရာမကျလောက်ပါဘူး’ ဟု သူမ တွေးလိုက်မိသည်။

ဝမ်ဝန်ချန် ရေကန်ထဲမှ ထွက်လာပြီး ပြင်ဆင်ကာ ဧည့်ခန်းတွင်း တီဗွီကြည့်ရန် ပြင်နေစဉ်၊ အိပ်ခန်းထဲမှ ချင်အန်းနင်က လှုပ်ရှားသံများကို ကြားလိုက်ရသဖြင့် ကုတင်ပေါ်တွင် ဖုန်းကို ချထားခဲ့ကာ အသာအယာ ထလာခဲ့သည်။

“ဝန်ချန်၊ ရှင့်ရဲ့ အတန်းဖော်ဟောင်းဆီကနေ ဆံပင်အခြောက်ခံစက် ဝယ်လို့ရမယ့် လင့်ခ်လေး တောင်းပေးလို့ရမလား”

ဝမ်ဝန်ချန်က ဇဝေဇဝါဖြင့် ပြောလိုက်၏။

“ဘာဆံပင်ခြောက်ခံစက်လဲ၊ ဘယ်သူ့ဆီကလင့်ခ်ကို တောင်းရမှာလဲ၊ ဆံပင်ခြောက်ခံစက်ကို ဓာတ်ပုံရိုက်ပြီးပုံနဲ့ အွန်လိုင်းမှာရှာကြည့်လိုက်လေ၊ ရှာမတွေ့ဘူးလား”

ချင်အန်းနင်က ရှင်းပြလိုက်သည်။

“အာ၊ ရှာလို့မတွေ့လို့ပဲ ရှင့်အတန်းဖော်ဟောင်းကို မေးခိုင်းနေတာပေါ့၊ ဒီယာတောအိမ်ကိုဖွင့်ထားတာ ရှင့်အတန်းဖော်လေ၊ ရှင်က ဒီကို ကစားဖို့သီးသန့် လာတာမဟုတ်ဘူးလား၊ ရှင်တို့ဆက်ဆံရေးက ကောင်းမှာပဲ မဟုတ်လား”

ခုနက ညစာစားစဉ်က လီရှီးရှီးသည် ချစ်သူကောင်လေးကို တစ်ချက်လေးပင် လှည့်မကြည့်ခဲ့ဘဲ ဝမ်ဝန်ချန်ကိုယ်တိုင်ကသာ မျက်နှာပြောင်တိုက်ပြီး ဝင်ထိုင်ခဲ့ခြင်း ဖြစ်သည်ကို ချင်အန်းနင် အလိုအလျောက်ပင် လျစ်လျူရှုထားလိုက်ပြီး ဆက်ပြောသည်။

“ခုနက ဆံပင်မှုတ်တုန်းက ဒီက ဆံပင်ခြောက်ခံစက်က အရမ်းကောင်းတာ တွေ့လိုက်ရလို့ပါ၊ ခဏလေးအတွင်း ဆံပင်တွေခြောက်သွားပြီး အရမ်းလည်းဖောင်းကြွလာလို့”

ဝမ်ဝန်ချန်က အထင်သေးစွာဖြင့် ပြန်ပြောလိုက်၏။

“ဘယ် ဆံပင်ခြောက်ခံစက်မဆို အဲဒီလိုလုပ်နိုင်တာချည်းပဲ၊ ငါ့ဆံပင်ဆို ဘယ်ဟာသုံးသုံး ခဏလေးနဲ့ ခြောက်တာပဲ၊ ပြီးတော့ တော်တော်လေးလည်း ဖောင်းကြွလာတာပဲ”

ချင်အန်းနင်မှာ မျက်လုံးပင်လှန်ချင်သွားပြီး မကျေမနပ်ဖြင့် ပြောလိုက်သည်။

“ရှင့်ဆံပင်က ဘယ်လောက်တိုလဲဆိုတာတောင် ရှင် မကြည့်ဘူး၊ မမှုတ်ရင်တောင် ခဏလေးနဲ့ခြောက်တယ်၊ ငါ့ဆံပင်က အရှည်ကြီးလေ၊ ပုံမှန်ဆို ရှင့်ထက် အဆပေါင်းများစွာ အချိန်ပိုယူရတာ၊ ရှင့်ရဲ့ အတန်းဖော်ဟောင်းကို ကူမေးပေးဖို့ပဲ ငါ ပြောနေတာကို၊ ဘာလို့ ဒီလောက်တောင် အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေရတာလဲ”

ဝမ်ဝန်ချန်လည်း ဤအချိန်တွင် ဒေါသထွက်လာတော့သည်။ ယနေ့ စိတ်အခြေအနေမကောင်းဖြစ်နေပြီး ချင်အန်းနင်ကို ဟန်ဆောင်၍ ချော့မနေချင်တော့ချေ။

ထို့ကြောင့် ဒေါသတကြီးဖြင့် အော်ပြောလိုက်သည်။

“ပျက်နေတဲ့ ဆံပင်ခြောက်ခံစက် တစ်လုံးအတွက်နဲ့များကွာ၊ ဘယ်မှာ ဝယ်လို့မရလို့လဲ၊ သူ့ကို သွားမေးနေစရာလိုလို့လား၊ အဲဒီလိုလုပ်ရင် ငါ ဘယ်လောက်အရှက်ကွဲရမလဲ”

ချင်အန်းနင်မှာ အလွန်အမင်းဆွံ့အသွားပြီး ဒေါသတကြီး ပြန်ပြောလိုက်သည်။

“ရှင် ရူးနေလား၊ ဆံပင်ခြောက်ခံစက်အကြောင်း မေးတာက အရှက်ကွဲစရာလား၊ ရှင် အခု ငါ့အပေါ် အရမ်းစိတ်မရှည်ဖြစ်နေပြီ၊ ငါ စကားလေးတစ်ခွန်းတောင် ပြောလို့မရတော့ဘူးလား”

ချင်အန်းနင်သည်လည်း ငယ်စဉ်ကတည်းက အလိုလိုက်ခံထားရသူ ဖြစ်ရာ၊ ဝမ်ဝန်ချန်၏သဘောထားကို လုံးဝ လက်မခံနိုင်အောင် ဖြစ်သွားရသည်။

ယခင်က တွေးမိခဲ့သော သူ၏အကျင့်ဆိုးအမျိုးမျိုးနှင့် ပေါင်းစပ်လိုက်သောအခါ၊ သူတို့နှစ်ဦးမှာ လှိုင်းမတူတော့ကြောင်း ပို၍ခံစားလာရကာ ပြတ်ပြတ်သားသား ပြောချလိုက်၏။

“လမ်းခွဲကြရအောင်၊ ငါရည်းစားထားတာ ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်ဖို့အတွက်ပဲ၊ စိတ်ဆင်းရဲခံဖို့မဟုတ်ဘူး၊ ရှင့်ကို အခုတလော ပိုပိုပြီး အကြောင်းပြချက်မခိုင်လုံဘူးလို့ ခံစားလာရတယ်"

“အခု… ချက်ချင်း… အခုချက်ချင်း လမ်းခွဲကြမယ်”

All Chapters