အခန်း (၉၉-၁၀၀)
Vol. 10 Ch. 99-100
99
ချင်အန်းနင်၏မိခင်သည် ငွေဖြတ်တောက်မှု အသိပေးချက်ကို မြင်လိုက်ရပြီး သမီးဖြစ်သူမှာ ယွမ် နှစ်သိန်းကျော် သုံးစွဲထားကြောင်း တွေ့လိုက်ရသည်။
အကန့်အသတ်ထုတ် လက်ကိုင်အိတ်တစ်လုံး ဝယ်လိုက်သည်ဟု ထင်ခဲ့သော်လည်း ငွေလက်ခံရရှိသည့် အကောင့်မှာ လီရှန်းယာတောအိမ် ဖြစ်နေသည်။
‘ယာတောအိမ် ဟုတ်လား၊ ဘယ်လိုလုပ် ဒီလောက် ပိုက်ဆံတွေအများကြီး ကုန်သွားရတာလဲ’
အမေချင်သည် မျက်မှောင်ကြုတ်သွားပြီး သမီးဖြစ်သူက ‘စိတ်လိုက်မာန်ပါနဲ့ ယာတောအိမ်လေး တစ်ခုကိုများ ဝယ်လိုက်တာလား' ဟု တွေးမိသွား၏။
သူမ၏ အမြင်တွင် ယာတောအိမ် ဟူသောအမည်မှာ ဈေးပေါသောအရာတစ်ခုအဖြစ် ချက်ချင်းတွေးထင်သွားစေသဖြင့် ဤသို့ ခန့်မှန်းမိသွားခြင်း ဖြစ်သည်။
ချင်မိခင်သည် သမီးဖြစ်သူထံ တိုက်ရိုက်ပင် ဖုန်းခေါ်လိုက်သည်။
“အန်းနင်၊ သမီး ယာတောအိမ်မှာ ယွမ်နှစ်သိန်းကျော် သုံးလိုက်တယ်လို့ အသိပေးစာရောက်လာတယ်၊ ဘာတွေလုပ်လိုက်တာလဲ”
ချင်အန်းနင်က ပြန်ဖြေလိုက်၏။
“အော် မေမေ၊ သမီး ဒီမှာ တစ်လလောက်နေဖို့ စီစဉ်ထားလို့ အခန်းခကြိုရှင်းလိုက်တာပါ”
အမေချင်က ယုံကြည်ရခက်နေသည်။ သမီးဖြစ်သူမှာ ယခုခေတ်စကားဖြင့် ဆိုရလျှင် အပြစ်ကင်းပြီး ရိုးအေးသော မိန်းကလေးတစ်ဦးဖြစ်၏။
‘ယာတောအိမ်တစ်ခုက တကယ်ပဲ အဲဒီလောက်ဈေးကြီးနိုင်ပါ့မလား’
သူမ ကိုယ်တိုင်လည်း သာမန်လူတစ်ယောက်အဖြစ်မှ စတင်ကာ လက်ရှိ ချမ်းသာကြွယ်ဝမှုရရှိရန် နှစ်ပေါင်းများစွာ ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့ရသူဖြစ်သည်။ သူမသည် နေ့စဉ်ဘဝတွင် ဖြုန်းတီးလေ့မရှိဘဲ တကယ်တမ်းတွင် တော်တော်လေးချွေတာတတ်သူပင်။
သို့သော် တစ်ဦးတည်းသောသမီးဖြစ်သူအပေါ်တွင်မူ အလွန်ရက်ရောသည်။ ထိုသို့ဆိုတိုင်း သမီးဖြစ်သူအား အလိမ်ခံ၊ အမြတ်ထုတ်ခံရမည်ဟု မဆိုလိုချေ။
အမေချင်က ဆက်မေးလိုက်သည်။
“အန်းနင်၊ ဘယ်လိုယာတောအိမ်မျိုးကများ အခန်းခတွေ ဒီလောက်ဈေးကြီးရတာလဲ၊ ဈေးနှုန်းအတိအကျ သတ်မှတ်ထားတာလား၊ သူတို့ ပြေစာထုတ်ပေးနိုင်လား”
….
မိခင်ဖြစ်သူ၏အမေးကြောင့် ချင်အန်းနင်က ယာတောအိမ်၏ကောင်းကွက်များကို အရှည်ကြီး တတွတ်တွတ်ပြောပြနေတော့သည်။
“အို မေမေ၊ သမီးပြောပြမယ်၊ ဒီက ယာတောအိမ်ကို သမီး တကယ် အရမ်းသဘောကျတာပဲ...”
အမေချင်မှာ ဆွံ့အသွားရသည်။ သူမ၏သမီးက ဘယ်အချိန်ကစပြီး ဤမျှ စကားပြော ကောင်းသွားရသနည်း။
‘မဟုတ်သေးဘူး၊ သမီးဖြစ်သူက ပိရမစ် လိမ်လည်မှုကွန်ရက်ထဲများ မိနေပြီလား ဒါက အရမ်းကို ချဲ့ကားလွန်းနေတယ်'
အမေချင်သည် စိုးရိမ်စိတ်ဖြင့် သမီးဖြစ်သူ၏လိပ်စာကို တောင်းယူကာ ကိုယ်တိုင် သွားရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်တော့သည်။
နေ့ဝက်ခန့်အကြာတွင် အလောတကြီးထွက်လာသော အမေချင်သည် ယာတောအိမ်သို့ ရောက်ရှိလာခဲ့၏။ ချင်အန်းနင်က မိခင်ဖြစ်သူလာသည်ကို မြင်သောအခါ ဝမ်းသာအားရလက်ပြလိုက်ပြီး ရှေ့သို့တိုးကာ မိခင်၏လက်မောင်းကို ချစ်စနိုးဖက်တွယ်ရင်း ပြောလိုက်သည်။
“မေမေ၊ သမီးပြောပြမယ်၊ မေမေရောက်လာတာ အချိန်ကိုက်ပဲ။ ဒီက ရေပူစမ်းတွေက ဒေသတွင်းမှာ တကယ်ကိုနာမည်ကြီးတာ သမီးအခုလေးတင် သိလိုက်ရတယ်၊ အလှပြင်ဆိုင်မှာ စပါးလုပ်ရတာထက်တောင် ပိုကောင်းသေးတယ်လို့ထင်တာပဲ”
အမေချင်သည် မျက်လုံးထောင့်ဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ရာ အဝင်အထွက်လူများနှင့် အရာအားလုံး ပုံမှန်ဖြစ်နေကြောင်း တွေ့လိုက်ရသည်။
သူမ စိတ်ကူးထားသည့် ပိရမစ်လိမ်လည်မှု အခြေအနေမျိုးနှင့် လုံးဝမတူညီချေ။
‘ဒီယာတောအိမ်က ဈေးကြီးရုံသက်သက်များ ဖြစ်နေမလား'
အနောက်ဘက်မှ ယောကျ်ားကြီးတစ်ဦး၏အသံ ထွက်ပေါ်လာသည်။
“ဟေး၊ ဥက္ကဋ္ဌချင်၊ အပန်းဖြေဖို့လာတာလား”
အမေချင် လှည့်ကြည့်လိုက်ရာ သူမ၏ကုမ္ပဏီနှင့် ယခင်က ပူးပေါင်းဆောင်ရွက်ဖူးသော အသိအကျွမ်း CEO တစ်ဦးကို တွေ့လိုက်ရသည်။
သူမက ပြုံးရွှင်စွာ နှုတ်ဆက်လိုက်၏။
“ဥက္ကဋ္ဌမာ၊ တိုက်ဆိုင်လိုက်တာ၊ ဒီမှာလာဆုံမယ်လို့ လုံးဝထင်မထားဘူး”
ရွှေလက်စွပ်အကွင်းကြီးကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ်အမျိုးသားကြီးက လက်စွပ်ကိုပွတ်သပ်ကာ ပြုံးရင်းပြောလိုက်သည်။
“ကျောပြင်ကို မြင်လိုက်ရကတည်းက ခင်ဗျားနဲ့တူတယ်လို့ ထင်နေတာ၊ ဒါပေမဲ့ လှည့်ကြည့်လာတဲ့အထိ သေချာမသိခဲ့ဘူး၊ တိုက်ဆိုင်လိုက်တာဗျာ၊ ကျွန်တော်က ဇနီးသည်နဲ့ အတူလာတာ၊ သူက ဒီနေရာကို အရမ်းသဘောကျတာလေ၊ ဒါ ခင်ဗျားသမီးလေးဖြစ်ရမယ်၊ ခင်ဗျားရဲ့ ဝီချက်မုမန့်မှာ သူ့ကိုမြင်ဖူးတယ်၊ အိုဗျာ... ခင်ဗျားတို့ သားအမိနှစ်ယောက်က အရမ်းတူတာပဲ၊ အတူတူလမ်းလျှောက်လာရင် ညီအစ်မတွေလို့တောင်ထင်ရတယ်”
အမေချင်က ခေါင်းညိတ်ပြုံးပြရင်း ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ်ရှင်၊ ဥက္ကဋ္ဌမာကလည်း မြှောက်ပြောလွန်းနေပါပြီ၊ ကိုယ်အသက်ကြီးလာပြီဆိုတာကို လက်ခံရမှာပေါ့၊ ဒါနဲ့ စကားမစပ် ဥက္ကဋ္ဌမာက ဒီနေရာနဲ့ တော်တော်ရင်းနှီးနေပုံပဲနော်၊ မကြာခဏလာဖြစ်လား”
ဥက္ကဋ္ဌမာက ခေါင်းညိတ်ကာ ရှင်းပြလိုက်သည်။
“ဟုတ်တယ်ဗျ၊ ကျွန်တော့်ဇနီးက အရင်က ကျောရိုးသိပ်မကောင်းဘူးလေ၊ အနှိပ်ပညာမှာ တော်တော်လေးကျွမ်းကျင်တဲ့ ဒီက မဒမ်ယောင်ဆိုတဲ့သူကို သူငယ်ချင်းတစ်ယောက်က ညွှန်းပေးတာနဲ့ သူ့ကိုခေါ်လာခဲ့တာ၊ ဒီက ဆရာမက တကယ်ကို အစွမ်းအစရှိတာဗျ၊ ကျွန်တော့် ဇနီးဆို ခြောက်ခေါက်လောက်လာနှိပ်ပြီးတာနဲ့ သက်သာသွားတယ်၊ ပြီးတော့ ဒီက ပတ်ဝန်းကျင်လည်းကောင်းတယ်၊ ရေပူစမ်းတွေကလည်း အရမ်းသက်သောင့်သက်သာရှိပြီး အစားအသောက်တွေကလည်းအရသာရှိတယ်၊ အားတဲ့အချိန်တိုင်း အပန်းဖြေဖို့ ဒီကိုလာဖြစ်နေတာ”
ချင်အန်းနင်ကလည်း ဥက္ကဋ္ဌမာကို ကြည့်ကာ သဘောတူကြောင်း အားတက်သရော ခေါင်းညိတ်ပြနေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း အမေချင်မှာ မနေနိုင်ဘဲ ပြုံးလိုက်မိပြီး၊ သမီးဖြစ်သူ၏ဆံပင်များကို သပ်တင်ပေးကာ ဥက္ကဋ္ဌမာကိုနှုတ်ဆက်ပြီးနောက် နားနေခန်းသို့ပြန်လာခဲ့၏။
အခန်းထဲရောက်သည်နှင့်တစ်ပြိုင်နက် ချင်အန်းနင်က မိခင်ဖြစ်သူအား ဆံပင်ခြောက်ခံစက်အကြောင်းကို အားတက်သရော ကြော်ငြာတော့သည်။
“မေမေ၊ သမီးပြောပြမယ်၊ ဒီကိုရောက်ကတည်းက ဆံပင် တစ်ခါပဲလျှော်ရသေးတယ်၊ လုံးဝအဆီမပြန်ဘူး သိလား၊ ဒီဆံပင်အခြောက်ခံစက်ကြောင့်ပဲ ဖြစ်ရမယ်”
သူမရော မိခင်ဖြစ်သူမှာပါ အဆီပြန်တတ်သော ဆံသားရှိကြပြီး မျိုးရိုးလိုက်ခြင်းလည်း ဖြစ်နိုင်ပေသည်။
ပုံမှန်အားဖြင့် ချင်အန်းနင်၏ဆံပင်မှာ လျှော်ပြီး နေ့ဝက်ခန့်အကြာတွင် အဆီပြန်လာတတ်ပြီး အမေချင်မှာလည်း ထိုနည်းတူပင်။
ထို့အပြင် သက်လတ်ပိုင်းအရွယ်သို့ ရောက်လာပြီးနောက် အိပ်မပျော်ခြင်းနှင့် အိပ်မက်မက်လွန်းခြင်းတို့ကို မကြာခဏခံစားရကာ ဆံပင်များ သိသိသာသာကျွတ်လာခဲ့သည်။ ဆံပင်ကို ပိုမိုထူထဲသယောင် ပေါ်စေရန်အတွက် အပြင်ထွက်သည့်အခါ ဆံပင်တုများကို အမြဲတမ်းတပ်ဆင်လေ့ရှိ၏။
အမေချင်က ဆံပင်တုကိုချွတ်လိုက်ရင်း ပြောလိုက်သည်။
“ဒီမနက်မှလျှော်ထားတဲ့ မေမေ့ဆံပင်တွေ တကယ်ကိုအဆီပြန်နေပြီ၊ ခဏနေ သွားလျှော်လိုက်ဦးမယ်၊ ဒါက ဆံပင်အခြောက်ခံစက်ကြောင့်ဆိုတာကို သမီး ဘယ်လိုလုပ်သိတာလဲ၊ ပုံမှန်ဆိုရင် အဆီထိန်းတာက ခေါင်းလျှော်ရည်ကြောင့် ဖြစ်ရမှာမဟုတ်ဘူးလား”
ချင်အန်းနင်က လက်ယမ်းပြကာ ဖြေလိုက်၏။
“သမီးက ကိုယ်ပိုင်ခေါင်းလျှော်ရည်ကိုပဲ အမြဲသုံးတာလေ၊ သုံးလာတာလည်းကြာပြီ၊ အဲဒါလည်း အဆီပြန်နေတုန်းပဲ၊ ပြောင်းလဲသွားတဲ့ တစ်ခုတည်းသောအရာက ဒီဆံပင်အခြောက်ခံစက်ပဲ၊ သမီး ဒါကို အရမ်းဝယ်ချင်နေတာ၊ ဒါပေမဲ့ ဆိုင်ရှင်ကမရောင်းဘူးတဲ့”
ထူထဲဖောင်းကြွနေသောဆံပင်မျိုးကို ဘယ်သူကများ မပိုင်ဆိုင်ချင်ဘဲနေမည်နည်း။
အမေချင်ကိုယ်တိုင်လည်း စိတ်ဝင်စားသွားသည်။
ထို့ကြောင့် သမီးဖြစ်သူ၏ဆံပင်ကို သေချာစစ်ဆေးကြည့်လိုက်သည်။
အပြင်မှာတုန်းက သိပ်သတိမထားမိခဲ့သော်လည်း၊ အခုကြည့်လိုက်ရာ တကယ်ကို အဆီမပြန်နေကြောင်း တွေ့လိုက်ရ၏။ သူမက သံသယအနည်းငယ်ဖြင့် မေးလိုက်သည်။
“အန်းနင်၊ သမီးခုနလေးတင် ခေါင်းလျှော်ထားတာများလား၊ မဟုတ်ရင် သမီးရဲ့ဆံပင်တွေက ဒီလောက်တောင် ဖောင်းကြွနေမှာမဟုတ်ဘူးလေ”
ချင်အန်းနင်က မိခင်ဖြစ်သူကို ရေချိုးခန်းထဲသို့တွန်းပို့ရင်း ပြောလိုက်သည်။
“အို မေမေကလည်း၊ သမီးဆံပင်ကို အနံ့ခံကြည့်ပါလား၊ ခေါင်းလျှော်ရည်နံ့ရလို့လား၊ သမီးက မေမေ့ကို ဘာလို့လိမ်ရမှာလဲ၊ ဝင်စမ်းကြည့်လိုက်ရင် သိပါလိမ့်မယ်”
အမေချင်က အော်ပြောလိုက်၏။
“မလောပါနဲ့ဦး၊ မေမေ့ခေါင်းလျှော်ရည်တောင် မယူရသေးဘူး”
ချင်အန်းနင်က ပြန်ပြောလိုက်သည်။
“ရပါတယ်မေမေ၊ သမီးဟာကိုပဲသုံးလိုက်။ သမီးတို့သားအမိတွေ အမြဲတမ်း အမျိုးအစားအတူတူပဲ သုံးနေကျဟာကို”
ခေါင်းလျှော်ပြီးနောက် အမေချင်သည် ဆံပင်အခြောက်ခံစက်ဖြင့် ပေါ့ပေါ့ပါးပါးမှုတ်လိုက်ရာ၊ ထွက်လာသောလေက အလွန်သက်သောင့်သက်သာရှိလှပြီး အတွေ့အကြုံက အလွန်ကောင်းမွန်ကြောင်း တွေ့ရှိလိုက်ရသည်။ အချိန်တိုအတွင်းမှာပင် သူမ၏ ဆံပင်များ ခြောက်သွေ့သွားခဲ့လေ၏။
ခြားနားမှုကိုလည်း သူမ ခံစားလိုက်ရသည်။
ပထမဆုံးအနေဖြင့် ဆံပင်ပမာဏ ပိုများသွားသယောင်ထင်ရသော်လည်း တကယ်တမ်းတွင် ပိုမိုဖောင်းကြွလာခြင်းသာ။
ပုံမှန်အားဖြင့် ဆံပင်လျှော်ပြီး ခြောက်သွားသောအခါ ဦးရေပြားတွင် ကပ်နေတတ်သော်လည်း ယနေ့တော့ မတူတော့ချေ။ ဆံပင်ကောက်ထားသကဲ့သို့ သူမ၏ဆံပင်များမှာ ဖောင်းကြွနေသည်။
မူလ ဆံပင်များက ပါးလွန်းနေပြီး အများကြီးကျွတ်ထားခဲ့သောကြောင့်သာ အပြင်ထွက်သည့်အခါ ဆံပင်တုကိုတပ်ဆင်ရန် လိုအပ်နေသေးခြင်းဖြစ်သည်။
အမေချင်သည် သမီးဖြစ်သူနှင့်အတူ တစ်ရက်ခန့် နေထိုင်ဆော့ကစားပြီးနောက် တကယ်ကိုကောင်းမွန်ပြီး ပေးရသည့်ဈေးနှုန်းနှင့်တန်ကြောင်း တွေ့ရှိလိုက်ရ၏။
အရသာရှိသောအစားအစာများကို ထည့်မပြောလျှင်တောင်၊ အရေးအကြီးဆုံးမှာ ထိုညက အိပ်ရာဝင်ချိန်တွင် အိပ်မပျော်ခြင်း သို့မဟုတ် အိပ်မက်များခြင်းတို့ကို လုံးဝမခံစားခဲ့ရဘဲ၊ လှဲချလိုက်သည်နှင့် ချက်ချင်းအိပ်ပျော်သွားခြင်းပင်။
သမီးဖြစ်သူနှင့် ကုတင်တစ်ခုတည်း အတူအိပ်သော်လည်း သမီးဖြစ်သူ ဟိုဘက်ဒီဘက်လှည့်ခြင်းက သူမကို မနိုးစေခဲ့ဘဲ မိုးလင်းသည်အထိ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့သည်။
အမေချင်သည် နောက်တစ်နေ့ နံနက်တွင် အလွန် လန်းဆန်းတက်ကြွစွာဖြင့် နိုးထလာခဲ့သည်။
ဤမျှ ကောင်းမွန်စွာ မအိပ်ရသည်မှာ အချိန်အတော်ကြာပြီဖြစ်ရာ၊ နောက်ထပ် နှစ်ရက်ခန့် ထပ်နေရန် ချက်ချင်းဆုံးဖြတ်လိုက်ပြီး အလုပ်များကို လက်ထောက်ဖြစ်သူနှင့် အွန်လိုင်းမှတစ်ဆင့် ကိုင်တွယ်ဖြေရှင်းလိုက်၏။
သမီးဖြစ်သူကလည်း အဆောက်အအုံ၏ ဒုတိယထပ်တွင်ရှိသော စာကြည့်တိုက်တစ်ခုကို သူမအားအကြံပြုခဲ့သည်။
အထဲတွင် အလုပ်လုပ်ရသော ပတ်ဝန်းကျင်က အလွန်ကောင်းမွန်ပြီး၊ အာရုံစူးစိုက်မှုကို အလွန်ကောင်းမွန်စေကာ လုပ်ငန်းခွင်စွမ်းဆောင်ရည်ကို တိုးတက်စေကြောင်းကို သူမက မေးမြန်းစုံစမ်းထားသဖြင့် သိထားခဲ့၏။
…
အမေချင်သည် ဤနေရာတွင် တစ်ပတ်တိတိ အားလပ်ရက်ယူနိုင်ခဲ့ပြီး၊ နောက်ဆုံးတွင် လက်ထောက်ဖြစ်သူက အတင်းတောင်းဆိုလာမှသာ အလုပ်သို့ ပြန်သွားခဲ့သည်။
သူမ မထွက်ခွာမီ ယခင်က အနည်းငယ်ပြောင်နေသော ခေါင်းပေါ်ရှိနေရာများတွင် ဆံပင်မွေးနုနုလေးများ ပေါက်လာခဲ့ရာ သူမကို အလွန်အမင်းအံ့အားသင့်သွားစေသည်။
ဤရက်အနည်းငယ်အတွင်း သူမ ခေါင်း သုံးခါသာလျှော်ခဲ့ရပြီး၊ ဆံပင်အဆီပြန်နှုန်းကလည်း သိသိသာသာနှေးကွေးသွားခဲ့၏။ သူမ ပြန်ရမည့်အချိန်တွင် အလွန်နှမြောတသ ဖြစ်နေခဲ့သည်။
အမေချင်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့သည်။
‘မဖြစ်သေးဘူး၊ သမီးကို ဒီအတိုင်းဆက်ပြီး အလိုလိုက်ထားလို့ မရတော့ဘူး၊ အရိုက်အရာဆက်ခံမယ့်သူကို မြန်မြန်လေ့ကျင့်ပေးဖို့လိုပြီ၊ ငါကိုယ်တိုင်လည်း အနားယူဖို့အချိန်ရောက်ပြီပဲ'
100
တစ်ဖက်တွင်မူ….
စာရင်းကိုင်သည် မကြာသေးမီက ခွင့်ယူကာ မွေးရပ်မြေသို့ပြန်သွားခဲ့သည်။ သူ၏မိသားစုက သူနှင့် အလွန်သင့်လျော်သော မိန်းကလေးတစ်ဦးရှိသည်ဟု ဆိုကာ ဘလိုင်းဒိတ် သွားလုပ်ရန် အတင်းအကြပ်တိုက်တွန်းနေကြ၏။
စာရင်းကိုင်မှာ အစပိုင်းတွင် သွားချင်စိတ်မရှိခဲ့ချေ။ ယခင်က လုပ်ခဲ့ဖူးသော ဘလိုင်းဒိတ်များ အားလုံးမှာ မအောင်မြင်ဘဲ အဆုံးသတ်ခဲ့ရသဖြင့် ထပ်မသွားချင်တော့ပေ။
မိဘများက အကြမ်းနည်းဖြင့်မရနိုင်ကြောင်း မြင်သောအခါ အနုနည်းကိုပြောင်းသုံးကြတော့သည်။
အသက်ခြောက်ဆယ်အရွယ် မိခင်ဖြစ်သူက မျက်ရည်များစီးကျလျက်၊ အက်ကွဲနေသောအသံဖြင့် သူမဘဝ၏ အကြီးမားဆုံးဆန္ဒမှာ သားဖြစ်သူအိမ်ထောင်ကျသည်ကို မြင်တွေ့ရရန်ပင်ဖြစ်ကြောင်း ပြောလာသည်။
စိတ်ထားနူးညံ့သော စာရင်းကိုင်မှာ မိခင်၏တောင်းဆိုမှုကို ချက်ချင်းသဘောတူလိုက်ရ၏။ မိခင်ဖြစ်သူ၏ မျက်နှာက ချက်ချင်းပြောင်းလဲသွားပြီး၊ ပြုံးရွှင်သောမျက်နှာဖြင့် သားဖြစ်သူအား ပြောလိုက်သည်။
“သား၊ သေသေချာချာလေး ဝတ်စားသွားဖို့မမေ့နဲ့နော်၊ အခုခေတ် ဘလိုင်းဒိတ်တွေမှာ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကိုပဲ ကြည့်တာမဟုတ်ဘူး၊ အပြင်ပန်းရုပ်ရည်သွင်ပြင်ကလည်း အရမ်းအရေးကြီးတယ်လို့ တခြားသူတွေပြောတာ မေမေကြားဖူးတယ်၊ သားက အသက်မငယ်တော့ဘူးဆိုတော့ ကောင်မလေးအမြင်မှာ အထင်ကြီးသွားအောင် ပိုပြီးနုပျိုတဲ့ပုံစံမျိုး ဝတ်စားသွားသင့်တယ်”
စာရင်းကိုင်က မတတ်သာသည့်အဆုံး ပြောလိုက်သည်။
“သိပါပြီ၊ သိပါပြီ၊ ဒီတစ်ခါ ထပ်ပြီး မအောင်မြင်ရင် နောက်ကို ဘလိုင်းဒိတ်တွေသွားဖို့ အတင်းမတိုက်တွန်းပါနဲ့တော့၊ ကံကြမ္မာစီမံရာအတိုင်းပဲထားလိုက်တာ ပိုမကောင်းဘူးလား”
မိခင်ဖြစ်သူက သက်ပြင်းချကာ ပြောလိုက်၏။
“အိုကွယ်၊ ဆွေမျိုးတွေအကုန်လုံးက သားရဲ့ ဘဝရှေ့ရေးအတွက် အရမ်းစိုးရိမ်နေကြတာ၊ အဒေါ်ရဲ့မြေးလေး တစ်လပြည့်ပွဲနဲ့ ဒုတိယဦးလေးရဲ့ ကလေးမွေးနေ့ပွဲတွေကို မေမေသွားတုန်းကဆို အားလုံးက သားရဲ့အခြေအနေကို ဝိုင်းမေးနေကြတာ”
“တချို့ဆို သားက မိန်းမလျာများလားလို့တောင် တိတ်တဆိတ် လာမေးကြသေးတယ်၊ အဲဒါ မေမေ့ကို အရမ်းဒေါသထွက်စေတာပဲ၊ မြန်မြန်လေးသာ တစ်ယောက်ယောက်ကို ရှာလိုက်ပါတော့၊ တစ်သက်လုံး လူပျိုကြီးလုပ်နေမယ့်အစား လက်ထပ်ပြီးကွာရှင်းလိုက်တာကမှ ပိုကောင်းဦးမယ်”
စာရင်းကိုင်မှာ မျက်လုံးပင် လှန်ချင်သွားသည်။
‘ဒါက တကယ်ပဲ သူ့အမေ ဟုတ်ရဲ့လား’
မိခင်ဖြစ်သူမှာ ယခင်က ပညာတတ် တစ်ဦး ဖြစ်ခဲ့ဖူးသော်လည်း ယခု တွေးခေါ်ပုံများက အဘယ်ကြောင့် ပြောင်းလဲသွားရသနည်း။
‘လုံးဝကို ဘောင်ခတ်ခံလိုက်ရပြီပဲ'
သူသည်စကားနှစ်ခွန်း သုံးခွန်းခန့် ပေါ့ပေါ့ပါးပါး အလျော့ပေးပြောဆိုပြီးနောက် ဖုန်းချလိုက်၏။
ထို့နောက် လီရှီးရှီးထံသို့သွားကာ ဘလိုင်းဒိတ်သွားလုပ်ရန် မွေးရပ်မြေသို့ပြန်မည်ဟုဆိုပြီး ခွင့်နှစ်ရက်တောင်းလိုက်သည်။
လီရှီးရှီးက အမြန်ပင် သဘောတူလိုက်သည်။ ယာတောအိမ်ကို အဆင့်မြှင့်တင်ပြီးကတည်းက ဘဏ္ဍာရေးဝန်ထမ်းနှစ်ဦးကို ထပ်မံ ငှားရမ်းထားခဲ့သဖြင့် စာရင်းကိုင် ခေတ္တမရှိခြင်းက အလုပ်များကို ထိခိုက်မည်မဟုတ်ချေ။
ထို့အပြင် ဘလိုင်းဒိတ်သွားလုပ်မည်ဖြစ်ရာ ဘဝတစ်သက်တာကိစ္စရပ်ကို နှောင့်နှေးစေ၍မဖြစ်ပေ။
လီရှီးရှီးက ပြုံးကာ အောင်မြင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပြီး၊ နောက်တစ်ခေါက် ပြန်လာလျှင် ချစ်သူကောင်မလေးကိုပါ ခေါ်လာနိုင်ရန် မျှော်လင့်ကြောင်း ပြောလိုက်သည်။
စာရင်းကိုင်က ခါးသီးစွာပြုံးရင်း ပြန်ပြောလိုက်၏။
“သူဌေးမလေး၊ ကျွန်တော့်ကိုမနောက်ပါနဲ့၊ ကျွန်တော့်အခြေအနေကို ကျွန်တော်အသိဆုံးပါ၊ ဒီတစ်ခါလည်း ထပ်ပြီးကျရှုံးဦးမှာပဲ၊ အရင်က ဘလိုင်းဒိတ်တုန်းကဆို ဝီချက်မှာ စကားပြောလို့ ကောင်းနေရင်တောင် အပြင်မှာ တွေပြီးတာနဲ့ အကုန်ပျက်စီးသွားတာချည်းပဲ၊ ပွင့်လင်းလွန်းတဲ့တချို့လူတွေဆို ကျွန်တော်က သူတို့အဖေနဲ့ တူတယ်လို့တောင် ပြောကြသေးတယ်၊ အဲဒါက ကျွန်တော့်ကို အရမ်းဒေါသထွက်စေတာ”
“နည်းနည်းသိမ်မွေ့တဲ့ သူတွေကကျတော့ ကျွန်တော့်အသက်ကိုများ လိမ်ထားတာလား၊ ဘာလို့ ဒီလောက် ရင့်ကျက်တဲ့ပုံပေါက်နေတာလဲလို့ တိတ်တဆိတ်စုံစမ်းကြသေးတယ်”
လီရှီးရှီးသည် သူမ၏ဝန်ထမ်းကောင်းကို တစ်ချက် အကဲခတ်ကြည့်လိုက်၏။ သူသည် ပုံမှန်အားဖြင့် တကယ်ကို ရင့်ကျက်သောပုံစံမျိုး ဝတ်ဆင်လေ့ရှိသည်။
ပိုလိုအင်္ကျီများ၊ ခါးပတ်အကြီးကြီးများနှင့် ဘောင်းဘီရှည်များကို ၀တ်ဆင်တတ်သည်။
သို့သော် စာရင်းကိုင်၏ဆံပင်များမှာ ယခုအခါ ပြန်ပေါက်လာပြီဖြစ်ရာ နှစ်အနည်းငယ်ခန့် ပို၍ နုပျိုသွားစေ၏။ ထို့ကြောင့် လီရှီးရှီးက အကြံပြုလိုက်သည်။
“အဲဒါ ရှင့်ရဲ့ ဆံပင်ပုံစံကြောင့်လို့ ထင်တယ်၊ ဆံပင်ညှပ်ဆိုင် တစ်ဆိုင်ရှာပြီး ပိုနုပျိုသွားအောင် ဆံပင်သွားကောက်ကြည့်ပါလား၊ ပြီးတော့ တီရှပ်နဲ့ ဂျင်းဘောင်းဘီဝတ်ကြည့်လေ”
စာရင်းကိုင်က ပြန်ပေါက်လာသော ဆံပင်များကို ပွတ်သပ်ကာ ပြုံးဖြီးဖြီးဖြင့်ဖြေလိုက်သည်။
“ကျွန်တော့်ဆံပင်တွေ ဘာဖြစ်သွားလဲမသိပါဘူး၊ ဆံပင်သွားစိုက်မယ်လို့ ပြောလိုက်တာကိုပဲ သူတို့လန့်သွားလား မသိဘူး၊ ဒီလထဲမှာ တကယ်ပြန်ပေါက်လာတာ၊ အစကတော့ ကျွန်တော်တောင် သတိမထားမိဘူး၊ ဟွေဟွေကသတိပေးမှ သိတာ၊ အခုဆို တခြားဆံပင်တွေလောက်နီးနီး ရှည်နေပြီ”
“ကျွန်တော် တစ်ခါမှ ဆံပင်မကောက်ဖူးဘူး၊ အရင်က ဆံပင်ညှပ်ဆရာတွေက ကျွန်တော့်ခေါင်းအလယ်က အရမ်းပြောင်နေလို့ ဆံပင်မကောက်ဖို့ အကြံပေးကြတယ်၊ ဆံပင်တုကို တိုက်ရိုက်တပ်ဖို့ပဲ ပြောကြတာ၊ ဒါပေမဲ့ ကျွန်တော်တွေးကြည့်တာ၊ ခေါင်းပြောင်နေတာ ဒီလောက်နှစ်တွေ အကြာကြီးရှိနေပြီ၊ ဆံပင်တုတပ်လိုက်ရင် လုပ်ဖော်ကိုင်ဖက်တွေနဲ့ သူငယ်ချင်းတွေက ထူးဆန်းနေတယ်လို့ မထင်ကြဘူးလား၊ ကိုယ်တိုင်လည်း သက်သောင့်သက်သာ မဖြစ်မှာမို့လို့ အဲဒါကိုမစဉ်းစားခဲ့တာ”
လီရှီးရှီးက ပြုံးကာ လက်ဟန်ခြေဟန်ဖြင့် ပြောလိုက်၏။
“အဲဒါဆို အခု သွားကောက်လို့ရပြီပေါ့၊ အဲဒါက ရှင့်ဆံပင်ကို ပိုပြီးထူထဲသွားစေလိမ့်မယ်၊ ပြီးတော့ ဆိုင်တစ်ဆိုင်မှာသွားပြီး ပိုနုပျိုစေမယ့် အဝတ်အစားနှစ်စုံလောက် ရွေးပေးဖို့ အရောင်းကိုယ်စားလှယ်ကို အကူအညီတောင်းလိုက်လို့လည်း ရသေးတယ်”
စာရင်းကိုင်က ခေါင်းညိတ်လိုက်သည်။
“အဓိပ္ပာယ် ရှိသားပဲ၊ ကျွန်တော်စမ်းကြည့်မယ်”
လီရှီးရှီးကို ကျေးဇူးတင်စကား ဆိုပြီးနောက် တောင်အောက်သို့ ဆင်းသွားခဲ့၏။ အိမ်ပြန်ရန် ရထားလက်မှတ်ကို အလောတကြီးမဝယ်သေးဘဲ၊ အနီးအနားရှိ ရီဗျူးကောင်းသော ဆံပင်ညှပ်ဆိုင်တစ်ဆိုင်သို့ တိုက်ရိုက်သွားရောက်ကာ ဆံပင်ပုံစံဒီဇိုင်းဆွဲပေးရန် အကူအညီတောင်းလိုက်သည်။
တစ်နာရီကျော် အကြာတွင် မော်ဂန် ဆံပင်ပုံစံဖြင့် စာရင်းကိုင်သည် အနီးရှိ ကုန်တိုက်တစ်ခုသို့ လမ်းလျှောက်ဝင်သွားပြီး၊ ပိုမိုနုပျိုစေမည့် အဝတ်အစားများ ရွေးချယ်ပေးရန် အရောင်းကိုယ်စားလှယ်ကို အကူအညီတောင်းလိုက်လေ၏။
မျှော်လင့်ထားသည့်အတိုင်း
လူရာအဝတ်၊ တောင်းရာအကွပ် ဆိုသကဲ့သို့ပင်။
အဝတ်အစားအသစ် လဲလှယ်ဝတ်ဆင်ပြီးနောက် မှန်ထဲတွင်ကြည့်ရှုရင်း စာရင်းကိုင်မှာ အနည်းငယ်အနေခက်သွားရသည်။
‘မှန်ထဲက လူက တကယ်ပဲ ငါဟုတ်သေးရဲ့လား'
အရောင်းကိုယ်စားလှယ်ကလည်း အားတက်သရော ချီးကျူးစကားဆိုလိုက်သည်။
“လူကြီးမင်း၊ ဒီအဝတ်အစားတွေနဲ့ဆို တက္ကသိုလ်ကျောင်းသားလေး တစ်ယောက်နဲ့တောင် တူနေပြီ၊ ဒီအပေါ်ဝတ်အင်္ကျီလေးကိုပါ စမ်းဝတ်ကြည့်ပါလား၊ အခုဝတ်ထားတာနဲ့ အရမ်းလိုက်ဖက်တယ်၊ ပြီးတော့ အေးတဲ့အခါလည်း ဝတ်လို့ရတာပေါ့”
အရောင်းကိုယ်စားလှယ်၏ ဆွဲဆောင်မှုအောက်တွင်၊ သေချာပြင်ဆင်ပြီးနောက် ပုံရိပ်မှာ တကယ်ကို ကြီးမားစွာပြောင်းလဲသွားသဖြင့် စာရင်းကိုင်သည် အစုံအများအပြားကို တစ်ခါတည်းဝယ်ယူလိုက်သည်။
အရောင်းကိုယ်စားလှယ်မှာ ပြုံး၍ပင် မဆုံးနိုင်တော့ချေ။ ဤလူကြီးမင်းမှာ တကယ်ကို ရက်ရောပြီး ပွင့်လင်းလွန်းလှသည်။
အသုံးအဆောင်ပစ္စည်းများကိုပင် မချန်လှပ်ဘဲ စမ်းဝတ်ကြည့်ခဲ့သော အစုံများအားလုံးကို ဝယ်ယူသွားခဲ့သည်။
စာရင်းကိုင်သည် မွေးရပ်မြေသို့ ဘတ်စ်ကားဖြင့် ပြန်ရောက်ပြီးနောက် မိခင်ဖြစ်သူထံ ဖုန်းဆက်လိုက်ရာ၊ မိခင်ဖြစ်သူက အားနေသဖြင့် ဘူတာရုံသို့ လာကြိုပေးခဲ့၏။
ချိန်းဆိုထားသည့်အချိန် ရောက်လာသော်လည်း မိခင်ဖြစ်သူမှာ သားဖြစ်သူကို မမြင်ရသဖြင့်၊ ‘ဘယ်ရောက်သွားတာလဲ၊ ကျော်များသွားပြီလား’ ဟု တွေးနေမိသည်။
ဖုန်းဆက်မေးရန် ပြင်လိုက်စဉ်မှာပင် လူငယ်လေးတစ်ဦး လျှောက်လာသည်ကို မြင်လိုက်ရသည်။
အရောင်းကိုယ်စားလှယ်တစ်ဦးဟု ထင်မှတ်ကာ လက်ယမ်းပြပြီး ဖုန်းပြောနေကြောင်းနှင့် ဘာမှလာမရောင်းရန် အချက်ပြလိုက်သည်။
ထိုစဉ် လူငယ်လေး၏ဖုန်းကလည်း မြည်လာ၏။ ဖုန်းမြည်သံများ အရမ်းနီးကပ်နေပါက ဖုန်းခေါ်ဆိုမှုကို ထိခိုက်မည်စိုးသဖြင့် တမင်တကာ ခပ်ဝေးဝေးသို့ လျှောက်သွားလိုက်သော်လည်း၊ အနောက်မှလူငယ်လေးကလည်း လိုက်လာခဲ့လေသည်။
စာရင်းကိုင်က လက်ထဲရှိဖုန်းကို ဝှေ့ယမ်းပြကာ မတတ်သာသည့်အဆုံး ပြောလိုက်ရတော့၏။
“မေမေ၊ သားပါ၊ ဖုန်းမခေါ်နဲ့တော့”
‘ငါ့ပြောင်းလဲမှုက အဲဒီလောက်တောင် သိသာနေတာလား၊ အမေအရင်းအချာကတောင် မမှတ်မိဘူးလား' ဟု စိတ်ထဲမှတွေးလိုက်မိသည်။
မိခင်ဖြစ်သူ အဒေါ်ကူး၏ မျက်လုံးများ ပြူးကျယ်သွား၏။ ဘယ်ဘက်နားတွင် ဖုန်းကို ကပ်ထားဆဲပင်။
သူမသည် အချိန်ရပ်တန့်ခံလိုက်ရသည့်အလား ဖြစ်သွားပြီး အတန်ကြာမှ စကားစပြောလာသည်။
“သား၊ သား H နိုင်ငံကို သွားပြီး ပလတ်စတစ်ဆာဂျရီ သွားလုပ်ခဲ့တာတော့ မဟုတ်ပါဘူးနော်”
စာရင်းကိုင်မှာ ဆွံ့အသွားရသည်။
‘ဒါက အမေရဲ့ချီးကျူးစကားလား၊ အမေကလည်း ပိုချောလာတယ်လို့ ထင်နေတာလား၊ ကျေးဇူးတင်ပါတယ်လို့ ပြောသင့်လား’
သားဖြစ်သူ နှုတ်ဆိတ်နေသည်ကို မြင်သောအခါ အဒေါ်ကူးသည် သူမအတွေးကို ပိုမိုယုံကြည်သွားပြီး အနည်းငယ် စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
“ပလတ်စတစ်ဆာဂျရီလုပ်ပြီးနောက် ဆိုးကျိုးတွေခံစားရတဲ့ နာမည်ကြီးအင်ဖလုရန်ဆာတွေကို အွန်လိုင်းမှာ မေမေ အများကြီးတွေ့ဖူးတယ်၊ ဘာလို့ မေမေတို့ကိုမပြောဘဲ ခွဲစိတ်မှုသွားလုပ်ရတာလဲ၊ မမျှော်လင့်ထားတာတစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ၊ သား၊ တစ်ခုခု နေမကောင်းဖြစ်နေတာရှိလား”
စာရင်းကိုင်က အလျင်အမြန် ဖြတ်ပြောလိုက်သည်။ မိခင်ဖြစ်သူ အရမ်းတွေးလွန်သွားမည်ကို စိုးရိမ်သဖြင့် သေချာရှင်းပြလိုက်၏။
“မေမေ၊ ဘာတွေ တွေးနေတာလဲ၊ သားက ဘယ်မှာ ပလတ်စတစ်ဆာဂျရီ သွားလုပ်ရမှာလဲ၊ မေမေလည်း သိတာပဲ၊ သားက ငယ်ငယ်ကတည်းက နာမှာကြောက်တတ်တာကို၊ သားမျက်နှာကို ဘယ်လိုလုပ် ခွဲစိတ်မှုခံယူရဲမှာလဲ”
အဒေါ်ကူးသည် သားဖြစ်သူ မျက်နှာကို သေချာအကဲခတ်ကြည့်လိုက်ရာ မျက်နှာသွင်ပြင်များမှာ ယခင်အတိုင်းဖြစ်သော်လည်း အများကြီး ပိုနုပျိုနေကြောင်း သိလိုက်ရသည်။
သူမ၏အကြည့်က ကောက်ထားသောဆံပင်များဆီသို့ ရောက်သွားပြီး မျက်မှောင်ကြုတ်ကာမေးလိုက်၏။
“ခွဲစိတ်တာမဟုတ်ဘူး ဟုတ်လား၊ ဒါဆို ဆံပင်သွားစိုက်လာတာလား၊ ဘယ်မှာစိုက်လာတာလဲ၊ ကျွမ်းကျင်တဲ့ဆရာဝန်ကို ရှာတွေ့ခဲ့တာလား၊ နောက်ကျရင် ပြန်ပြောင်ဦးမှာလား”
စာရင်းကိုင်က ပြောလိုက်သည်။
“မေမေ၊ မေးခွန်းကို တစ်ခုချင်းစီမေးပါ၊ ပလတ်စတစ်ဆာဂျရီလည်း မလုပ်ခဲ့သလို ဆံပင်လည်း မစိုက်ခဲ့ပါဘူး၊ တကယ်ကို သားရဲ့ ကိုယ်ပိုင်ဆံပင်တွေ ပြန်ပေါက်လာတာပါ”
အဒေါ်ကူးက စာရင်းကိုင်၏စကားကို သိပ်မယုံကြည်ချေ။
သူသည် စာရင်းကိုင်လက်ကို လှမ်းဆွဲကြည့်လိုက်ပြီး ပိုမိုအနီးကပ်မြင်ရစေရန် ခြေဖျားထောက်၍ပင် ကြည့်လိုက်သေးသည်။