အခန်း (၉၁-၉၂)
Vol. 10 Ch. 91-92
91
မီးပုံပွဲအခမ်းအနား ပြီးဆုံးသွားသည့်တိုင်အောင် လူရန်မှာ ပါးစပ်အဟောင်းသား ဖြစ်နေဆဲဖြစ်ပြီး ကကွက်၏ ကျန်ရစ်သော အငွေ့အသက်များထဲတွင် အတော်ကြာအောင် နစ်မျောနေခဲ့သည်။ လူရန်သည် ဗီဒီယိုအတိုများကြည့်ရသည်ကို ဝါသနာပါသူတစ်ဦးဖြစ်၍ တိုင်းရင်းသားလူနည်းစုများ၏ ကကွက်များကို မြင်ဖူးသော်လည်း၊ ယခုကဲ့သို့ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရခြင်းကြောင့် ဖြစ်မည် ထင်သည်၊ ဤမီးပုံပွဲကကွက်မှာ အွန်လိုင်းတွင် မြင်ဖူးသမျှ အရာအားလုံးထက် ပိုမို၍ အရှိန်အဝါ ပြင်းထန်လှသည်ဟု သူ ခံစားလိုက်ရ၏။
ဤကကွက်သည် အင်အားနှင့် စိတ်အားထက်သန်မှုများ ပြည့်နှက်နေပြီး တောက်ပသော မီးပုံ၊ ညကောင်းကင်ယံတွင် မြင့်မားစွာ ချိတ်ဆွဲထားသော လပြည့်ဝန်းနှင့် တိတ်ဆိတ်ကျယ်ပြောလှသော ဟင်းသီးဟင်းရွက် စိုက်ခင်းကြီးထဲရှိ ဤသဘာဝဆန်သော ခံစားချက်က လူကို ရီဝေယစ်မူးသွားစေပါသည်။ ဤသည်မှာ သူ၏ တစ်သက်တာလုံး မှတ်မိနေမည့် မြင်ကွင်းတစ်ခုဟု လူရန် ခံစားမိလေ၏။
"ဧည့်သည်၊ ဆုတောင်းဖို့ မမေ့ပါနဲ့ဦး"
စုဟယ်သည် လက်ရှိ ပတ်ဝန်းကျင်၏ အခြေအနေကို အမှန်တကယ် မဖျက်ဆီးချင်သော်လည်း၊ လူရန်သာ ဆုတောင်းရန် နောက်ကျသွားပါက မစ္စကျိ၏ ဆုတောင်းပေးခြင်း အခမ်းအနားမှာ ထိရောက်မှု မရှိဘဲ နေပါလိမ့်မည်။ လူရန်မှာ ငေးငိုင်နေခဲ့ရာမှ သတိဝင်လာရန် အချိန်အနည်းငယ် ယူလိုက်ရ၏။ သူသည် မီးပုံကြီးကို ကြည့်ကာ ဆုတောင်းလိုက်သည်။
"ကျွန်တော် ချမ်းသာချင်ပါတယ်ဗျာ"
မွေးနေ့ပွဲများကို သူငယ်ချင်းများဖြင့်သာ ကျင်းပသင့်သည်ဟု စုဟယ် ယူဆထားသဖြင့် ဧည့်သည်များ၏ ကိုယ်ပိုင်အချိန်ကို သူမ မနှောင့်ယှက်လိုတော့ပါ။ မီးပုံကို ငြှိမ်းသတ်ပြီးနောက် ဝတ်ရုံရှည်ကြီး ဝတ်ထားသော မစ္စကျိကို ခေါ်ကာ ထွက်ခွာသွားခဲ့သည်။ လူရန်၏ အကြည့်များမှာ မစ္စကျိနှင့် စုဟယ်တို့ စိုက်ခင်းလေးထဲမှ ထွက်ခွာသွားသည်အထိ နောက်ကနေ လိုက်ပါသွားခဲ့၏။ ထိုအခါမှသာ လူရန်၏ ဝိညာဉ်မှာ ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်လာတော့သည်။
"အဲဒါ တကယ့် နတ်ဆရာမကြီးတော့ မဟုတ်ပါဘူးနော် နတ်ဘုရားတစ်ပါး လူ့ပြည်ကို ဆင်းသက်လာတာလား"
တည်းခိုခန်း သုံးသပ်ချက် ဗီဒီယိုပေါင်း (၁၀၀) ကျော် ရိုက်ဖူးပြီး ထူးဆန်းမှု အများကြီး မြင်ဖူးသည့် ဒန်ဒန်ပင်လျှင် သူ၏ မေးစေ့ကို လက်ဖြင့်ကိုင်ကာ ပြောလိုက်သည်။
"တကယ်ကို တုန်လှုပ်စရာပဲ ဒီလို တည်းခိုခန်းလေးမှာ ဒီလောက် ကောင်းမွန်တဲ့ ဖျော်ဖြေမှုမျိုး ရှိလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားဘူး "
အော်ရိန်းမှာလည်း သူ၏ အရှိန်ပြင်းပြင်း ခုန်နေသော ရင်ဘတ်ကို လက်ဖြင့် ဖိလိုက်မိသည်။
"ငါတောင် အဲဒီကကွက်ထဲမှာ ဝင်ကချင်စိတ် ပေါက်သွားတယ်၊ အထူးသဖြင့် သူတို့ အော်တဲ့အချိန်မှာ ငါ တကယ်ကို မထိန်းနိုင်တော့ဘူး တကယ်လို့ သီချင်းသာ ပါမယ်ဆိုရင် ငါ သေချာပေါက် ပြေးဝင်ပြီး ကမိမှာပဲ "
ဒန်ဒန်ကတော့ သဘောမတူပေ။
"သီချင်းသာ ထည့်လိုက်ရင် ဒါက အဆင့်အတန်း နိမ့်သွားလိမ့်မယ်၊ အခုလို ဘာမှ ပြင်ဆင်မထားတဲ့ သဘာဝအလှတရား ဖြစ်နေလို့သာ ဒီလောက်အထိ ကောင်းနေတာ "
လူရန်သည် အော်ရိန်းနှင့် ဒန်ဒန်တို့၏ ငြင်းခုံမှုတွင် ဝင်မပါတော့ပေ။ သူသည် ရှောင်ကျားကို အသည်းအသန် လှုပ်ရမ်းကာ ဆိုက်လိုက်သည်။
"ရှောင်ကျား၊ မင်း မြင်လိုက်လား စောစောက မီးပုံကြီးက ဟုန်းခနဲ လောင်သွားတာ၊ ပြီးတော့ အဲဒီ လက်ကိုင်တုတ်ပေါ်က မီးတောက်ကလည်း ဆက်တိုက် တောက်နေတာ၊ ဒါဟာ မှော်အတတ်ပဲ၊ မှော်အတတ်လေ"
တောက်ပသော လမင်းနှင့် မှောင်မိုက်သော ညဉ့်ဦးယံမှာ ပတ်ဝန်းကျင်ကို ထူးခြားသော အငွေ့အသက်များ ဖန်တီးပေးထားသလို လူတို့၏ မျက်စိကိုလည်း ဝေဝါးစေခဲ့သည်။ သို့မဟုတ်ပါက လူရန် သတိထားမိမှာ ဖြစ်သည်မှာ ထိုမှော်လက်ကိုင်တုတ်ဆိုသည်မှာ တကယ်တော့ ရောင်းအားအကောင်းဆုံးဖြစ်သော လေကာ မီးတုတ်တိုင်ဖြစ်ပြီး၊ မြေပြင်ပေါ်က မီးပုံမှာလည်း မီးလောင်လွယ်စေသောအခဲများ ထည့်ထားခြင်း ဖြစ်၏။ မစ္စကျိ၏ ဝတ်ရုံရှည်မှာ မွမ်းမံထားသော ဟန့်ဝတ်စုံ ဖြစ်ပြီး မျက်နှာဖုံးမှာလည်း စန်းရှင်းတဲ ရှေးဟောင်းပစ္စည်းကို အတုယူလုပ်ထားခြင်း ဖြစ်သည်။ ဤအရာအားလုံးမှာ စုဟယ်က အသေအချာ ပြင်ဆင်ထားသည့် ပြကွက်များဖြစ်ပြီး၊ ဤမွေးနေ့ အခမ်းအနားဆိုသည်မှာ သူမက မစ္စကျိအတွက် ဖန်တီးပေးထားသည့် စင်မြင့်တစ်ခုသာ ဖြစ်၏။
မစ္စကျိ၏ ကတ်စွမ်းရည်မှာ စိုက်ပျိုးရေး ဖြစ်သော်လည်း ဟဲယဲ့တည်းခိုခန်းတွင် နောက်ဖေးဥယျာဉ်သာ မြေအဖြစ် ရှိပါသည်။ သူမသည် ဟင်းသီးဟင်းရွက်များ စိုက်နိုင်သော်လည်း အခြားအရာများ မလုပ်နိုင်သေးပါ။ မစ္စကျိသည် သီးနှံများအပေါ် နေ့တိုင်း ဆုတောင်းပေးခြင်းဖြင့် ၎င်းတို့၏ ကြီးထွားမှုကို မြှင့်တင်နိုင်သည်မှာ မှန်သော်လည်း၊ သီးနှံများမှာ ရင့်မှည့်ရန် အချိန်လိုအပ်ပါသေး၏။
စုဟယ်က မူလက မစ္စကျိကို ထွက်ရှိလာသော သီးနှံများဖြင့် သစ်သီးခြောက်နှင့် ဟင်းသီးဟင်းရွက် မုန့်များ လုပ်ခိုင်းကာ ဧည့်သည်များကို ပေးပြီး အမှတ်များတက်အောင် လုပ်ရန် စီစဉ်ခဲ့သော်လည်း၊ ထိုအစီအစဉ်မှာ အချိန်နှင့် ငွေကြေးကုန်ကျမှု များသဖြင့် ခဏ ဆိုင်းငံ့ထားရသည်။ အသေအချာ စဉ်းစားပြီးနောက် စုဟယ်သည် မစ္စကျိ၏ ဆုတောင်းပေးခြင်း အခမ်းအနားကို အသုံးချရန် အကြံရခဲ့ခြင်း ဖြစ်၏။ ဤအကြံမှာ ဆန်းသစ်လှသည်။ စုဟယ် ဝယ်ထားသော ပစ္စည်းတချို့မှာ လမ်းခုလတ်တွင် ရှိနေဆဲ
ဖြစ်၏။ ပိုမိုကောင်းမွန်သော အကျိုးသက်ရောက်မှု ရရှိရန်အတွက် စုဟယ်သည် ခေါင်းဆောင်းများနှင့် အဆင်တန်ဆာများအတွက် ငွေအမြောက်အမြား အကုန်အကျခံခဲ့သော်လည်း ကံမကောင်းစွာဖြင့် ၎င်းတို့မှာ ပစ္စည်းမရောက်သေးချေ။ သို့မဟုတ်ပါက ယနေ့ ဖျော်ဖြေမှုမှာ ယခုထက် ပို၍ ခမ်းနားနေပါလိမ့်မည်။
လူရန်တို့အဖွဲ့ကို ပထမဆုံး မွေးနေ့အခမ်းအနား အတွေ့အကြုံ ခံစားရစေခြင်းမှာ တစ်ဖက်တွင် တိုက်ဆိုင်မှု (လူရန် မွေးနေ့ဖြစ်နေခြင်း) ကြောင့်ဖြစ်သလို၊ တစ်ဖက်တွင်လည်း မိုဘိုင်းလ် စောင့်ကြည့်ရေးစနစ် ဖြစ်သော ရှောင်ရှီးသည် ထိုလူအနည်းငယ်မှာ ဟဲယဲ့တည်းခိုခန်း၏ ဓာတ်ပုံများကို အဆက်မပြတ် ရိုက်ကူးနေသည့် ပရော်ဖက်ရှင်နယ် ဘလော့ဂါများ ဖြစ်ပုံရသည်ဟု သိလိုက်ရသောကြောင့် ဖြစ်၏။
အွန်လိုင်းတွင် ရှာဖွေကြည့်ပြီးနောက်တွင် စုဟယ်သည် ထိုနှစ်ယောက်မှာ Station C မှ နာမည်ကြီး ဘလော့ဂါများ ဖြစ်နေသည်ကို သိလိုက်ရသည်။ အော်ရိန်းနှင့် ဒန်ဒန်တို့သည် သူတို့၏ ဆိုင် သုံးသပ်ချက်ဗီဒီယိုများကို အွန်လိုင်းတွင် တင်ကြလိမ့်မည်ဟု စုဟယ် ခန့်မှန်းမိ၏။ သူမမှာ ထိုဘလော့ဂါ နှစ်ယောက်ကို တည်းခိုခန်းအကြောင်း ကောင်းကောင်းပြောပေးရန် လာဘ်ထိုးဖို့ သူမတွင် ငွေမရှိသဖြင့် သူတို့ကို အကောင်းဆုံး ဝန်ဆောင်မှုပေးရန်သာ တတ်နိုင်ပါတော့သည်။
ညဉ့်နက်လာသည်နှင့်အမျှ အေးမြသော လေပြည် တိုက်ခတ်လာရာ ဒန်ဒန်မှာ ချမ်း၍ တုန်သွားရသည်။ သူသည် အော်ရိန်းနှင့် "ကကွက်တွင် သီချင်းလိုအပ်သလား၊ မလိုအပ်ဘူးလား" ဆိုသည့် အငြင်းပွားမှုကို ရပ်တန့်လိုက်ပြီး၊ လူရန်အတွက် သူတို့ ပြင်ဆင်ထားသည့် လက်ဆောင်ကို ပေးရန် အော်ရိန်းကို ပြောလိုက်၏။
"လူရန်၊ ဒီနေ့က မင်းရဲ့ မွေးနေ့အစစ် မဟုတ်ပေမဲ့လည်း မွေးနေ့မှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်၊ ဒါက ငါနဲ့ ဒန်ဒန် မင်းအတွက် ပြင်ဆင်ထားတဲ့ လက်ဆောင်ပါ၊ မင်းရဲ့ ဆုတောင်းတွေ ပြည့်ပါစေလို့ မျှော်လင့်ပါတယ် "
အော်ရိန်းသည် သူ တိတ်တဆိတ် အပြင်ထွက်ဝယ်ခဲ့သော ထီခြစ်လက်မှတ်ကို ထုတ်ပေးလိုက်သည်။ လူရန်မှာ သူနှစ်သက်ရသော ဘလော့ဂါများက သူ့အတွက် လက်ဆောင် ပြင်ဆင်ထားလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ချေ။ သူ အလွန်အံ့အားသင့်သွားပြီး ကျေးဇူးတင်လိုက်သည်။
"ကျေးဇူးတင်ပါတယ်ဗျာ၊ ဟီး ကျွန်တော် အရမ်းပျော်တာပဲ အော်ရိန်းနဲ့ အစ်ကိုဒန်ဒန်က ကျွန်တော့်မွေးနေ့ကို ကျင်းပပေးတဲ့အပြင် လက်ဆောင်ပါ ရသေးတယ်၊ ဒီညလည်း အော်ရိန်းနဲ့ အစ်ကိုဒန်ဒန်တို့နဲ့ အတူအိပ်ရမှာဆိုတော့ ကြည့်ရှုသူတို့ရေ သိပ်ပြီး အားမကျကြပါနဲ့ဦးနော် "
လူရန်သည် ကင်မရာနားသို့ တိုးကပ်ကာ နောက်ပြောင်သည့် အပြုံးဖြင့် သူ၏ မျက်ရည်ဝဲနေသော ခံစားချက်ကို ဖုံးကွယ်လိုက်သည်။
"ကဲ သွားကြစို့၊ ကိတ်မုန့်စားပြီး ထီခြစ်လို့ရမယ့် နေရာတစ်ခု သွားရှာရအောင် "
ဒန်ဒန်မှာ လက်ထဲက ကိတ်မုန့်ကို မလိုက်သည်။ ဟဲယဲ့တည်းခိုခန်းရဲ့ လက်ဖက်ရည်မုန့်တွေက အရမ်းအရသာရှိနေပြီဆိုတော့၊ ဒီကိတ်မုန့်ကရော ဘယ်လိုအရသာရှိမလဲဆိုတာ သူ တကယ်ကို စပ်စုချင်နေမိ၏။
သူတို့ လေးယောက် ဧည့်ကြိုကောင်တာသို့ သွားကာ ဆိုဖာတစ်ခုတွင် ထိုင်လိုက်ကြသည်။ ကိတ်မုန့်မှာ (၄) လက်မသာရှိ၍ အချင်း (၁၀) စင်တီမီတာခန့်သာ ရှိ၏။ အရွယ်ရောက်ပြီးသား ယောကျ်ားကြီး လေးယောက်မှာ တစ်ယောက်ကို တစ်ဖဲ့စီ ခွဲဝေစားကြရာ တစ်ယောက်ကို နှစ်လုပ်ခန့်သာ ရကြသည်။ လူရန်သည် ကိတ်မုန့်ကို ပါးစပ်ထဲ တစ်လုပ်တည်း ထိုးထည့်လိုက်သဖြင့် ပါးကြီးနှစ်ဖက်မှာ ဖောင်းကားနေသည်။ သူ စကားကို ရှင်းရှင်းမပြောနိုင်ဘဲ အရသာရှိကြောင်းကိုသာ ဗလုံးဗထွေး ပြောနိုင်တော့၏။
ဒန်ဒန်သည် ကိတ်မုန့်ကို အနီးကပ် ရိုက်ကူးပြီးနောက် ကင်မရာကို မိမိဘက်သို့ လှည့်လိုက်သည်။ အတွေ့အကြုံရှိသော စားသောက်ဆိုင် သုံးသပ်သူ ဘလော့ဂါပီပီ သူသည် စားသောက်မှုရိုက်ကူးရာတွင် အလွန်ကျွမ်းကျင်လှ၏။
"ကိတ်မုန့်အပေါ်က ယိုနဲ့ အစေ့အဆန်တွေက အရည်အသွေး အရမ်းကောင်းပါတယ်၊ ပြီးတော့ ခရင်မ်ကလည်း Tielu ရဲ့ တိရစ္ဆာန်ထွက်ခရင်မ် ဖြစ်ရမယ်၊ ခရင်မ်က အရမ်းမချိုတာကြောင့် ကိတ်မုန့်အပေါ်က ယိုနဲ့ အချိုးကျကျ လိုက်ဖက်နေပါတယ်၊ ကိတ်မုန့်အလယ်မှာလည်း အလွှာတစ်ခု ပါတာကို မြင်နိုင်တယ်၊ ဧည့်သည်တွေကို အလကားပေးတဲ့ ကိတ်မုန့်တောင်မှ ဒီတည်းခိုခန်းက အရည်အသွေးမလျှော့ထားပါဘူး၊ အထဲမှာ လိမ္မော်သီးနဲ့ မက်မွန်သီးစိတ်တွေ ပါဝင်ပါတယ် "
ဒန်ဒန်သည် မက်မွန်သီးစိတ်တစ်ဖဲ့ကို ခက်ရင်းဖြင့် ထိုးယူလိုက်သည်။
"အင်း မက်မွန်သီးစိတ်ကတော့ စည်သွပ်ဗူးကပဲ၊ ဒါပေမဲ့ အထဲက ရှီဖွန်ကိတ်သားကတော့ အတော်လေး ကောင်းကောင်းဖုတ်ထားတာပဲ၊ ကိတ်သားက သိပ်သည်းပြီး စိုစွတ်မှုရှိတယ်၊ လေပူပေါင်းလေးတွေကလည်း သေးငယ်ပြီး ညီညာတာကြောင့် ကိတ်သားက ထူးထူးခြားခြား နူးညံ့နေတယ်၊ ဇွန်းနဲ့ ဖိကြည့်လိုက်ရင် ကိတ်မျက်နှာပြင်က ပြန်ကန်တက်လာပြီး ပါးစပ်ထဲမှာ ပျော်ဝင်သွားကာ ပေါ့ပါးတဲ့ ခံစားမှုကို ရစေပါတယ်၊ ဒီကိတ်မုန့်က လုပ်ရတာ ရိုးရှင်းပြီး ပါဝင်ပစ္စည်း တော်တော်များများက အသင့်သုံးတွေ ဖြစ်ပေမဲ့၊ ပေါင်းစပ်လိုက်တဲ့အခါ ထူးထူးခြားခြား အရသာရှိသွားတယ်၊ ပြင်သစ်မှာ ကျွန်တော် စားခဲ့ဖူးတဲ့ နာမည်ကြီးစားဖိုမှူး လုပ်တဲ့ ကိတ်မုန့်နဲ့တောင် ယှဉ်နိုင်မယ် ထင်တယ်"
ဒန်ဒန်သည် အလကားရသော မွေးနေ့ကိတ်ကို အမှတ်မြင့်မြင့် ပေးလိုက်သည်
။ သူသည် ဗီဒီယိုရိုက်နေသဖြင့် ဖြည်းဖြည်းချင်း စားနေခြင်းဖြစ်၏။ သူ ပြန်မော့ကြည့်လိုက်သည့်အခါ ကျန်သည့် သုံးယောက်မှာ သူ့၏ ကိတ်မုန့်ကို စိုက်ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။ အော်ရိန်း၏ နှုတ်ခမ်းများမှာ တောက်ပနေပြီး သွားရည်များပင် ကျလုနီးပါး ဖြစ်နေကာ ဒန်ဒန်၏ ပန်းကန်ထဲက နောက်ဆုံး ကိတ်မုန့်တစ်လုပ်ကို တပ်မက်စွာ ကြည့်နေကြ၏။
"အဟွန်း"
ဒန်ဒန်သည် ကိတ်မုန့်ကို အမြန်ပင် မျိုချလိုက်သည်။ သူတို့၏ အကြည့်များမှာ ကြောက်စရာ ကောင်းလွန်းလှ၏။
"ကဲ ထီခြစ်ကြစို့၊ ထီခြစ်ကြစို့"
ဒန်ဒန်သည် တစ်စက္ကန့်မျှ ထပ်နောက်ကျပါက သူပါ အစားခံရတော့မည်ကို စိုးရိမ်သဖြင့် အမြန်ပင် စကားလမ်းကြောင်း လွှဲလိုက်လေတော့သည်။
92
"ဝါး၊ ဒါလည်း ပေါက်ပြန်ပြီ ယွမ် (၄၀၀)"
လူရန်သည် ငွေရောင်အမှုန်အမွှားများကို မှုတ်ထုတ်လိုက်ပြီး လက်ထဲမှ ထီခြစ်လက်မှတ်ကို ကြည့်ကာ အားပါးတရပြုံးနေတော့သည်။ ဤသည်မှာ လူရန် ဆယ်စောင်မြောက် ခြစ်လိုက်သော ထီလက်မှတ်ဖြစ်ပြီး ဆယ်စောင်တွင် ငါးစောင်မှာ ဆုပေါက်ခဲ့ခြင်းဖြစ်၏။ ဆုငွေများမှာ ယွမ် (၃၀)၊ (၅၀) နှင့် (၁၀၀) စသည်ဖြင့် အနည်းငယ်စီသာ ဖြစ်သော်လည်း လူရန်သည် တစ်ခါမှ ဤမျှ ကံကောင်းခြင်းမျိုး မကြုံဖူးခဲ့ချေ။ ယခု ဆယ်စောင်မြောက်တွင်မူ သူသည် ယွမ် (၄၀၀) ပင် ပေါက်သွားခဲ့လေပြီ။ အော်ရိန်းမှာ ဘေးမှနေ၍ စိတ်လှုပ်ရှားစွာ ကြည့်နေသည်။
"စောစောက ပေါက်တဲ့ ငါးစောင်ပေါင်းရင် ယွမ် (၂၀၀) ရှိပြီ၊ အခု ယွမ် (၄၀၀) ထပ်တိုးပြီဆိုတော့ အရင်းကျေပြီ၊ အခုကစပြီး ခြစ်သမျှက အမြတ်ကြီးပဲ "
ထီခြစ်လက်မှတ် တစ်အုပ်တွင် အစောင် (၂၀) ပါပြီး တန်ဖိုးမှာ ယွမ် (၆၀၀) ဖြစ်ရာ၊ အော်ရိန်းသည်လည်း လူရန်အတွက် ဝမ်းသာပေးနေမိသည်။ လူရန်သည် ဆုပေါက်သော ထီလက်မှတ်ကို ဂရုတစိုက် ဘေးတွင်ဖယ်ထားပြီး အသစ်တစ်စောင်ကို ထုတ်လိုက်၏။ သို့သော် ကံကောင်းခြင်းမှာ ထာဝရ မတည်မြဲနိုင်ပါ၊ နောက်ထပ် ကိုးစောင်ဆက်တိုက် ဆုမပေါက်တော့သဖြင့် လူရန်၏ စိတ်အားထက်သန်မှုများမှာ တဖြည်းဖြည်း လျော့နည်းသွားခဲ့သည်။ ဒန်ဒန် သူ့ကို နှစ်သိမ့်လိုက်၏။
"ဖြစ်နိုင်တာက ကံအကောင်းဆုံး လက်မှတ်က နောက်ဆုံးတစ်စောင်မှာ ရှိနေတာ ဖြစ်မှာပါ၊ သူဌေးမကလည်း ပြောတယ်မလား၊ မွေးနေ့အခမ်းအနားက မင်းရဲ့ ဆုတောင်းအတွက် အားအင်တွေ ပိုဖြည့်ပေးလိမ့်မယ်ဆိုတာ၊ မင်း သေချာပေါက် ကံထူးဦးမှာပါ "
လူရန်သည် ဒန်ဒန်က သူ့ကို နှစ်သိမ့်ရန် ပြောနေခြင်းဖြစ်မှန်း သိပါသည်။ သူ ပြုံးလိုက်ရင်း နောက်ဆုံးတစ်စောင်ကို ခြစ်လိုက်၏။
"ကျွန်တော့်ရဲ့ စွမ်းအင်တွေ ပြည့်နေပြီလို့ ထင်တာပဲ၊ အရင်က ထီခြစ်ရင် အမြဲတမ်း ဆုံးနေကျ၊ အခုက အရင်းကျေပြီး အမြတ်တောင် ရနေပြီဆိုတော့ မပေါက်လည်း"
"အား"
လူရန် အသံကုန် အော်ဟစ်လိုက်သည်။ အော်ရိန်းမှာ ကြောင်သွား၏။
"ဘာဖြစ်လို့လဲ တကယ်ပဲ မပေါက်ဘူးလား ကိစ္စမရှိပါဘူးကွာ "
လူရန်၏ မျက်နှာမှာ နီရဲတက်လာသည်။
"ကျွန်တော်၊ ကျွန်တော် ပေါက်ပြီ"
အော်ရိန်းမှာ လူရန်သည် ဝမ်းသာလွန်း၍ စိတ်မထိန်းနိုင်ဘဲ ဖြစ်နေသည်ဟု ထင်ကာ သိပ်အလေးမထားမိဘဲ ခေါင်းလေးစောင်းကာ ထီလက်မှတ်နားသို့ တိုးကြည့်လိုက်သည်။
"ပေါက်ပြီလား ကောင်းတာပေါ့၊ ဒါဆို ကံကောင်းတယ်လို့ ပြောရ၊ ဟမ် ပေါက်ပြီ၊ တကယ်ကြီး ပေါက်တာပဲ "
အော်ရိန်းမှာ ဆွံ့အသွားရသည်။
"ဘာဖြစ်ကြတာလဲ မင်းတို့နှစ်ယောက်က ဖန်ကျင်း အရာရှိစာမေးပွဲ အောင်သွားတဲ့အတိုင်းပဲ (ရှေးဟောင်းပုံပြင်ထဲမှ ဝမ်းသာလွန်း၍ ရူးသွားသော ဇာတ်ကောင်ကို တင်စားခြင်း) "
ဒန်ဒန်မှာ လူရန်၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသဖြင့် ထီလက်မှတ်ကို မမြင်ရဘဲ လူရန်နှင့် အော်ရိန်းတို့ ဘာဖြစ်နေကြသည်ကို နားမလည်နိုင်ဖြစ်နေသည်။ ဒန်ဒန်သည် ထီလက်မှတ်ကို မြင်လိုက်ရပြီးနောက်တွင် ကြောင်အသွားပြီး သူကိုင်ထားသော ကင်မရာပင် လက်ထဲမှ လွတ်ကျလုနီးပါး ဖြစ်သွား၏။
"ဘုရားရေ၊ အခုမှ သွားပြီး ဒီနေ့က ကျွန်တော့်မွေးနေ့ပါလို့ သူဌေးမကို သွားပြောဖို့ နောက်ကျသွားပြီလား၊ ငါလည်း မွေးနေ့အခမ်းအနား လုပ်ချင်လိုက်တာ၊ ဒါက တကယ်ကို မယုံနိုင်စရာပဲ၊ ဒီလိုကြီး ချက်ချင်း ချမ်းသာသွားတာလား"
လူရန်သည် ထီ၏ ဒုတိယဆုကို ဆွတ်ခူးသွားခြင်း ဖြစ်သည်။
ယွမ် (၁၀၀,၀၀၀)
လူရန်မှာ မိန်းမောတွေဝေနေသည်။
"တစ်သိန်းကြီးများတောင်"
ထီခြစ်လက်မှတ်၏ အမြင့်ဆုံးဆုမှာ ယွမ် (၁,၀၀၀,၀၀၀) ဖြစ်ပြီး၊ လူရန်၏ ယွမ်တစ်သိန်းမှာ ဒုတိယဆု ဖြစ်သည်။ ထီလောကတွင် ယွမ် (၁၀၀,၀၀၀) ဆိုသည်မှာ သိပ်မများလှဟု ထင်ရပေလိမ့်မည်။ သတင်းများတွင် ပါလေ့ရှိသည်မှာ သန်းချီသည့် ဆုများ၊ ဆယ်သန်း၊ ရာချီသည့် ဆုများသာ ဖြစ်သည်။ သို့သော် ထိုအရာများမှာ အင်တာနက်ပေါ်က သတင်းများသာ ဖြစ်ပြီး ယခုမူ သူ ကိုယ်တိုင် ယွမ် (၁၀၀,၀၀၀) ပေါက်သွားခြင်း ဖြစ်၏။
အခွန်အခများ နုတ်ပြီးနောက်တွင် ယွမ် (၁၀၀,၀၀၀) မှာ ယွမ် (၈၀,၀၀၀) ကျန်ရှိမည်ဖြစ်သော်လည်း၊ ဤ ယွမ် (၈၀,၀၀၀) မှာ သူလုပ်ချင်သည့် အရာများစွာအတွက် လုံလောက်လှပါသည်။ သူ အိပ်မက်မက်ခဲ့သည့် နိုင်ငံသို့ ခရီးတစ်ခု ချက်ချင်း ထွက်နိုင်မည်၊ ဝယ်ချင်လွန်းသဖြင့် ဈေးဝယ်လှည်း ထဲမှာ တစ်နှစ်ကျော်ကြာ ထည့်ထားခဲ့သည့် ဂိမ်းစက်နှင့် ကင်မရာကို ဝယ်နိုင်မည်၊ မိသားစုကို ဟိုတယ်တွင် ကောင်းကောင်းမွန်မွန် ထမင်းလိုက်ကျွေးနိုင်မည် ဖြစ်သည်။ ယွမ် (၈၀,၀၀၀) ဆိုသော ငွေမှာ သူ၏ ဆန္ဒသေးသေးလေးများကို ဖြည့်ဆည်းပေးရန် လုံလောက်ပေ၏။ လူရန်မှာ မျက်ရည်များကို မထိန်းနိုင်တော့ပေ။ သူ၏ မျက်ဝန်းများတွင် မျက်ရည်များ ဝဲတက်လာ ပြောလိုက်သည်။
"ဘုရားရေ ကျွန်တော် ယွမ် (၁၀၀,၀၀၀) ပေါက်ပြီ၊ ဘုရားရေ ကျွန်တော် ယွမ် (၁၀၀,၀၀၀) ပေါက်ပြီ "
သူသည် ဝမ်းသာလွန်း၍ ထိုစကားနှစ်ခွန်းကိုသာ ထပ်ခါတလဲလဲ ရေရွတ်နေမိတော့သည်။ အော်ရိန်းနှင့် ဒန်ဒန်တို့သည် ရုတ်တရက် ရရှိလာသော ကံထူးမှုအပေါ် ဝမ်းသာနေရာမှ အမြန်သတိဝင်လာကြ၏။ ဒန်ဒန်မှာ ရှေ့သို့တိုးကာ သတိပေးလိုက်သည်။
"လူရန်၊ အသံလေး နည်းနည်း လျှော့ဦး၊ တခြားလူတွေ ကြားသွားရင် မကောင်းဘူး "
သူတို့သည် မရင်းနှီးသော နယ်မြေတစ်ခုတွင် ခရီးသွားနေခြင်း ဖြစ်ပြီး ယွမ် (၁၀၀,၀၀၀) ထီလက်မှတ်မှာ ငွေသားထုပ်ကြီးနှင့် မခြားပေ။
အကယ်၍ မကောင်းသော စိတ်ရှိသူ တစ်စုံတစ်ယောက်မှ ဤလက်မှတ်ကို လုယူထွက်ပြေးသွားပါက သူတို့၏ ပျော်ရွှင်မှုမှာ ဝမ်းနည်းမှုအဖြစ်သို့ ပြောင်းလဲသွားနိုင်ပါသည်။ အော်ရိန်းမှာလည်း ထောက်ခံ၏။ သူသည် ခေါင်းလှည့်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
"ဟုတ်တယ်၊ ဘယ်သူ့ကိုမှ မသိစေနဲ့ ဟင်"
အော်ရိန်း၏ စကားမှာ ရုတ်တရက် ရပ်တန့်သွားသည်။ လူတွေ ဘယ်ရောက်ကုန်တာလဲ ဒီလောက်ကြီးတဲ့ တည်းခိုခန်းကြီးမှာ ဘယ်လိုလုပ်ပြီး လူလုံးဝမရှိတော့တာလဲ။ နေ့လယ်က သူတို့ အခန်းဝင် တုန်းကဆိုရင် ဧည့်ကြိုကောင်တာမှာ လူတွေနဲ့ ပြည့်နှက်နေတာ မဟုတ်လား၊ ပြီးတော့ အခန်းတွေအားလုံးလည်း ပြည့်နေတာလေ အခု ဘယ်လိုဖြစ်ပြီး ကောင်တာမှာ သူတို့ လေးယောက်တည်း ရှိနေပြီး သူဌေးမတောင် မရှိတော့တာလဲ။
ဒန်ဒန်လည်း သတိထားမိသွားသည်။ ယခုမူ လူရန်ကို တိုးတိုးနေရန် ပြောစရာပင် မလိုတော့ပါ၊ အကြောင်းမှာ ပတ်ဝန်းကျင်တွင် လူတစ်ယောက်မှ မရှိသောကြောင့်ဖြစ်၏။
"အားလုံးက အပြင်ကို လည်ပတ်ဖို့ ထွက်သွားကြတာလား ဒါမှမဟုတ် အခန်းထဲမှာပဲ အနားယူနေကြတာလား "
အော်ရိန်းမှာ ဒါဟာ တကယ်ကို ထူးဆန်းတယ်လို့ တွေးမိသည်။
"ငါတို့ ဒီမှာ ထီခြစ်နေတာ အကြာကြီးရှိပြီ၊ တစ်ယောက်မှ ဝင်လာတာ မတွေ့ဘူး၊ လူတွေအားလုံး ဘယ်ရောက်ကုန်တာလဲ "
လူသူကင်းမဲ့နေသော ခန်းမကြီးထဲတွင် ဧည့်ကြိုကောင်တာမှာ အထီးကျန်စွာ ရှိနေပြီး အော်ရိန်း၏ အသံမှာ ပဲ့တင်ထပ်သွားသည်။ အော်ရိန်းမှာ ချမ်းစိမ့်စိမ့် ဖြစ်သွားပြီး တိုးတိုးလေး ခေါ်လိုက်၏။
"သူဌေးမ "
မည်သူမျှ ပြန်မထူးချေ။ အော်ရိန်းမှ အသံကို အနည်းငယ် မြှင့်လိုက်သည်။
"သူဌေးမလေး"
ပဲ့တင်သံများသာ ပြန်လာသည်။
"မလေး မလေး မလေး"
အော်ရိန်း၏ အသံမှာ မြင့်တက်သွားပြီး အက်ကွဲသောအသံဖြင့် အော်လိုက်သည်။
"သူဌေးမလေး"
ယခုတစ်ကြိမ်တွင်မူ ခြေသံများ ထွက်ပေါ်လာသည်။ ဟုန်လျန်သည် သူမ၏ အခန်းထဲမှ အနည်းငယ် ကယောင်ကတမ်းဖြင့် ထွက်လာပြီး ဖရိုဖရဲဖြစ်နေသော ဆံပင်များကို သပ်ရပ်အောင် ပြင်လိုက်ရင်း မေးလိုက်၏။
"ဧည့်သည်တို့၊ တစ်ခုခု လိုအပ်လို့လားရှင်"
အော်ရိန်းမှာ လူတစ်ယောက် ထွက်လာသည်ကို မြင်ရသဖြင့် စိတ်သက်သာရာ ရသွားသည်။ ဤတည်းခိုခန်းတွင် သူတို့ လေးယောက်တည်း ရှိနေခြင်း မဟုတ်သလို၊ အခြား ကမ္ဘာတစ်ခုထဲသို့ ရောက်သွားခြင်းလည်း မဟုတ်မှန်း သေချာသွားပြီ ဖြစ်သည်။ ဟုန်လျန်သည် ရှေ့မှ ဧည့်သည်များမှာ မျက်နှာမကောင်းသဖြင့် သူမ ထွက်လာသောအချိန် နောက်ကျသွားသည့်အတွက် ဖြစ်မည်ဟု ထင်မိသွားသည် ။
"မင်္ဂလာပါ ဧည့်သည်တို့၊ သူဌေးမလေးက (၆) ထပ်မှာ ရှိနေပါတယ်၊ သူဌေးကို အောက်ဆင်းလာဖို့ ခေါ်ပေးရမလားရှင် "
အော်ရိန်းသည် သူဌေး၏ အကူအညီကို မလိုအပ်သော်လည်း ဟုန်လျန်၏ စကားကို ကြားသောအခါ အလိုလိုပင် မေးလိုက်မိသည်။
"(၆) ထပ်မှာ"
"ဟုတ်ကဲ့၊ ၆ ထပ်မှာ ဆရာဝေရဲ့ လက်ရေးလှပညာ အတန်းရှိပါတယ်၊ သူဌေးမက အတန်းတက်ဖို့ အပေါ်တက်သွားတာပါ"
ဟုန်လျန်မှာ ဝေဖုန်းယီနှင့် သူ၏ လက်ရေးလှအတန်းအကြောင်း ရှင်းပြလိုက်သည်။
"ကျွန်မတို့ရဲ့ လက်ရေးလှအတန်းက ဒီမှာတည်းခိုတဲ့ ဧည့်သည်တိုင်းအတွက် ဖွင့်ထားတာပါ၊ ဧည့်သည်တော်တော်များများလည်း အပေါ်ကို တက်ပြီး နားထောင်နေကြပါတယ်၊ စိတ်ဝင်စားရင် (၆) ထပ်ကို တိုက်ရိုက်သွားပြီး လွတ်တဲ့နေရာမှာ ထိုင်လို့ ရပါတယ်ရှင်"
ဟုန်လျန် ပြန်ဖြေလိုက်၏။ ထိုအခါမှ အော်ရိန်း နားလည်သွားသည်။ တည်းခိုခန်းမှာ လူသူကင်းမဲ့နေရခြင်းမှာ အားလုံးက (၆) ထပ်သို့ တက်သွားကြသောကြောင့် ဖြစ်နေ၏။ အော်ရိန်းမှာ ဒန်ဒန်ကို မေးလိုက်သည်။
"ငါတို့လည်း သွားကြည့်ကြမလား"
လူရန်၏ ဦးနှောက်မှာတော့ ဝမ်းသာလွန်း၍ အလုပ်မလုပ်တော့ချေ။ ရှောင်ကျားက သူ့အတွက် စိတ်ပူသဖြင့် စိတ်အေးသွားစေရန် အခန်းထဲသို့ ပြန်ခေါ်သွားဖို့ ပြင်လိုက်သည်။ ဒန်ဒန်ကတော့ ကန့်ကွက်စရာ မရှိပါ။ ညဉ့်နက်ပိုင်းတွင် လုပ်စရာလည်း မရှိသဖြင့် (၆) ထပ်ကို သွားကြည့်ရန် အခွင့်ကောင်းတစ်ခုပင် ဖြစ်သည်။ ဒန်ဒန်မှာ အတွေ့အကြုံရှိသူဖြစ်၏။ သူသည် လှေကားပေါ် တက်နေစဉ်တွင် ကင်မရာကို ကြည့်ကာ ပြောလိုက်သည်။
"လက်ရေးလှအတန်းဆိုတာ တည်းခိုခန်းရဲ့ ယဉ်ကျေးမှု ဆွေးနွေးပွဲ တစ်ခု ဖြစ်မှာပါ၊ ကြယ်ငါးပွင့်ဟိုတယ် တော်တော်များများမှာ အခမဲ့ လှုပ်ရှားမှုနေ့တွေ ရှိတတ်ကြတယ်၊ အဲဒါကြောင့် အခန်းဝင်တဲ့အခါ အဲဒါတွေကို သတိထားကြည့်သင့်ပါတယ်၊ ကျွန်တော် ဟိုတယ် A ကို တစ်ခါသွားဖူးတုန်းက နေ့လယ်ပိုင်းမှာ လက်ဖက်ရည် အခမ်းအနား အတန်းတွေ ရှိတယ်၊ ဟိုတယ် B မှာဆိုရင် မနက်ပိုင်းမှာ အခမဲ့ ယောဂအတန်းတွေ ရှိတာ မှတ်မိသေးတယ်၊ ဒီတည်းခိုခန်းလေးမှာတောင် အခမဲ့အတန်းတွေ ရှိလိမ့်မယ်လို့ မထင်ထားဘူး "
(၆) ထပ်သို့ ရောက်သောအခါ ဒန်ဒန်သည် ခြေလှမ်းကို အသာအယာ နင်းလိုက်သည်။ ဧည့်သည်များ အဝင်အထွက် လွယ်ကူစေရန်အတွက် အစည်းအဝေးခန်း တံခါးကို လုံးဝ ပိတ်မထားချေ။ တံခါးကြားမှတစ်ဆင့် ဒန်ဒန်သည် ပြတ်သားပြီး အားမာန်ပါသော အသံတစ်ခုက လက်ရေးလှပညာတွင် ဘယ်ညာချိတ်ဆက်ပုံစံ စာလုံးများကို ရေးသားပုံအကြောင်း ဖြည်းဖြည်းချင်း ရှင်းပြနေသည်ကို ကြားလိုက်ရ၏။ ဒန်ဒန်နှင့် အော်ရိန်းတ
ို့သည် ထိုအသံနောက်သို့ လိုက်ကာ အစည်းအဝေးခန်းထဲသို့ ဝင်သွားကြသည်။ အစည်းအဝေးခန်းထဲက ထိုင်ခုံ အတော်များများမှာ လူပြည့်နေပြီ ဖြစ်၏။ ဒန်ဒန်၏ စူးရှသော မျက်လုံးများမှာ ပထမဆုံးတန်းတွင် မတ်မတ်ထိုင်နေသော သူဌေးမလေးကိုပင် လှမ်းမြင်လိုက်သည်။
အစည်းအဝေးခန်းထဲရှိ ပရိုဂျက်တာ စခရင်ကို မြင်လိုက်ရသောအခါ ဒန်ဒန်နှင့် အော်ရိန်းတို့၏ ကျောင်းတက်ချိန်မှ အမှတ်တရများ နိုးထလာပြီး၊ သူတို့သည် လိမ္မာသော ကျောင်းသားများကဲ့သို့ လွတ်နေသော ထိုင်ခုံများကို ရှာကာ ထိုင်လိုက်ကြတော့သည်။ ဒန်ဒန်က စိတ်ထဲကနေ တွေးလိုက်၏။
'ငါက အပျော်သဘောနဲ့ လာကြည့်တာပါ၊ ဆရာကြီး ဘာတွေပြောနေသလဲဆိုတာ ခဏလောက် နားထောင်ပြီးရင် ပြန်ထွက်သွားမှာ၊ ဗီဒီယိုတွေ Edit လုပ်ဖို့ ကျန်သေးတယ်လေ'