အခန်း (၉၃-၉၄)
Vol. 10 Ch. 93-94
93
"ဒီနေ့အတွက် သင်ခန်းစာကတော့ ဒီမှာတင် ပြီးဆုံးပါပြီ၊ အခု မေးခွန်းနဲ့ အဖြေကဏ္ဍကို စတင်ပါမယ်၊ အားလုံးပဲ သိချင်တာရှိရင် မေးမြန်းနိုင်ပါတယ်"
သင်ခန်းစာအကြောင်းအရာများကို ရှင်းပြပြီးနောက် ဝေဖုန်းယီသည် သူ၏ လက်ဖက်ရည်ခွက်ကို မကာ ရေတစ်ငုံ သောက်လိုက်သည်။ ယနေ့ အတန်းထဲတွင် ကျောင်းသားဦးရေ ပိုများလာသဖြင့် စာသင်ချိန်အတွင်း သူ၏ အသံကို မြှင့်၍ ပြောခဲ့ရရာ သင်ခန်းစာအဆုံးတွင် လည်ချောင်းမှာ ခြောက်သွေ့အက်ကွဲနေပြီ ဖြစ်၏။ ဒန်ဒန်သည် သူ၏ စားပွဲပေါ်ရှိ ရွှမ်းစက္ကူ ရွက်များကို စိုက်ကြည့်ရင်း ယခုထိပင် မယုံနိုင်သေးပေ။ ဤအရာအားလုံးကို သူကိုယ်တိုင် ရေးခဲ့တာလား သူ အပျော်သဘောနဲ့ လာကြည့်တာ မဟုတ်လား ဘယ်လိုဖြစ်ပြီး သင်ခန်းစာ တစ်ခုစာလုံး အချိန်တွေ ကုန်ဆုံးသွားရတာလဲ။
ဒန်ဒန်သည် ဘေးသို့လှည့်၍ အော်ရိန်းကို ကြည့်လိုက်ရာ အော်ရိန်းမှာ စုတ်တံကို ကိုင်ထားဆဲဖြစ်ပြီး ဆရာကြီးဝေ၏ လက်ရေးလှ စံပြစာအုပ်ကို တစ်လုံးချင်းစီ သေသေချာချာ ကူးရေးနေဆဲပင် ဖြစ်သည်။ အစည်းအဝေးခန်းထဲသို့ စတင်ဝင်လာစဉ်မှာ ဆရာကြီးဝေသည် စင်မြင့်ထက်တွင် ခန့်ညားစွာ ထိုင်နေပြီး စုတ်တံကို ကိုင်ကာ မှင်ရည်များကို ကျွမ်းကျင်စွာ အသုံးပြုနေသည်ကို ဒန်ဒန် မှတ်မိနေသေးသည်။ ဆရာကြီးဝေ၏ စုတ်တံအရေးအသားမှာ ရွေ့လျားနေသော တိမ်တိုက်များနှင့် စီးဆင်းနေသော ရေလှိုင်းများကဲ့သို့ လွတ်လပ်ပေါ့ပါးလှပြီး သူ၏ စာလုံးများမှာလည်း သက်ဝင်သော တက်ကြွမှုများ ပါဝင်နေသကဲ့သို့ လှပချောမွေ့လှ၏။
သူသည် အစည်းအဝေးခန်းကို ဓာတ်ပုံများ ရိုက်နေခဲ့ခြင်း ဖြစ်သော်လည်း၊ ဘယ်အချိန်မှာ ကင်မရာကို ချပြီး စားပွဲပေါ်မှ စုတ်တံကို ကောက်ကိုင်လိုက်မိမှန်း သူကိုယ်တိုင်ပင် မသိလိုက်ချေ။ မည်သည့်အချိန်မှစ၍ ဤမျှအထိ စိတ်ပါဝင်စားသွားခဲ့သည်ကိုလည်း သူ မမှတ်မိတော့ပါ။ ဒန်ဒန် မှတ်မိသည်မှာ ဆရာကြီးဝေ၏ အသံမှာ ဆွဲဆောင်မှုရှိပြီး အလွန်နူးညံ့သိမ်မွေ့နေခြင်းပင်။ ဆရာကြီးသည် ပညာရှိဆန်သော အသုံးအနှုန်းများနှင့် ထင်ရှားပြတ်သားသော တင်စားချက်များကို အသုံးပြု၍ အစည်းအဝေးခန်းထဲရှိ ကျောင်းသားများကို လက်ရေးလှလောကထဲသို့ လမ်းပြခေါ်ဆောင်သွားခဲ့ကာ ကွဲပြားသော လက်ရေးမူများ၏ တည်ဆောက်ပုံကို စိတ်ရှည်လက်ရှည်နှင့် အသေးစိတ် ရှင်းပြခဲ့သည်။
ပျင်းစရာကောင်းလှသည်ဟု ထင်ရသော လက်ရေးလှပညာရပ်မှာ ရုတ်တရက် သက်ဝင်လှုပ်ရှားပြီး စိတ်ဝင်စားစရာ ကောင်းလာခဲ့သည်။ ဆရာကြီးဝေ၏ ရှင်းပြချက်များအပြီးတွင် လက်ရေးလှပညာမှာ အလွန်ပင် လွယ်ကူသွားပုံရသဖြင့် ဒန်ဒန်၏ လက်ရေးလှပညာအပေါ် ချစ်မြတ်နိုးစိတ်နှင့် စူးစမ်းလိုစိတ်ကို များစွာ လှုံ့ဆော်ပေးခဲ့၏။ လေ့ကျင့်ပြီးနောက်တွင် ရွှမ်းစက္ကူပေါ်ရှိ သူ၏ လက်ရေးများမှာ ကောက်ကောက်ကွေးကွေး အခြေအနေမှ အတော်အတန် ကြည့်ကောင်းသည့် အခြေအနေသို့ ပြောင်းလဲသွားခဲ့ရာ ဤသည်မှာ ဒန်ဒန်အား ကြီးမားသော အောင်မြင်မှုကိုရရှိသောခံစားချက်ကို ပေးစွမ်းစေ၏။
"ငါက လက်ရေးလှပညာမှာ ပါရမီပါတာများလား"
ဒန်ဒန်က တွေးကာ သူ၏ မှင်ရည်လက်ရာကို ဝမ်းသာအားရ ငေးကြည့်နေမိသည်။ မျက်လုံးထောင့်မှတစ်ဆင့် ဘေးက အော်ရိန်းကို လှမ်းကြည့်လိုက်ရာ အော်ရိန်းမှာ အာရုံစူးစိုက်မှု အပြည့်ဖြင့် အလေးအနက်ထားနေပြီး နဖူးပေါ်တွင် ချွေးစက်လေးများပင် စိမ့်ထွက်နေသည်ကို တွေ့လိုက်ရ၏။ သို့သော် သူသည် ရပ်တန့်ခြင်းမရှိဘဲ ဆရာကြီးဝေ ပြောသမျှ စကားလုံးတိုင်းကို ချရေးရန်သာ အာရုံစိုက်နေခဲ့သည်။
"ဒီကောင်က ဘယ်အချိန်ကစပြီး ဒီလောက်အထိ အရှုံးမပေးဘဲ ကြိုးစားနေတာလဲ"
ဒန်ဒန်သည်လည်း သူ၏ မှတ်စုများကို အမြန်ပင် ပြန်ဖြန့်လိုက်တော့သည်။
မဟုတ်သေးဘူး၊ သူလည်း ဆရာကြီးဝေ၏ မေးခွန်းနှင့် အဖြေကဏ္ဍကို အာရုံအပြည့်ထားပြီး နားထောင်မှ ဖြစ်တော့မည်။
လက်ရေးလှအတန်း ပြီးဆုံးသွားသောအခါ ဒန်ဒန်နှင့် အော်ရိန်းတို့သည် သူတို့ ရေးထားသော ရွှမ်းစက္ကူများကို ကိုင်ကာ အခန်းသို့ ပြန်လာခဲ့ကြသည်။ လှေကားပေါ်တွင်ပင် လက်ရေးလှ၏ စုတ်တံအရေးအသားများအကြောင်း ဆွေးနွေးနေကြဆဲ ဖြစ်သည်။ အော်ရိန်းမှာ သက်ပြင်းချလိုက်၏။
"ငါ စာသင်ရတာကို ဒီလောက်ထိ အာရုံမစိုက်ခဲ့တာကြာပြီ"
အော်ရိန်း၏ ယခင် စာသင်မှတ်တမ်းမှာ သာမန်မျှသာ ဖြစ်သည်။ သူသည် အတန်းထဲတွင် အမြဲတမ်း ငြိမ်ငြိမ်မထိုင်နိုင်ဘဲ တစ်ကိုယ်လုံး ယားယံနေသလို ခံစားနေရတတ်သူ ဖြစ်၏။ ဂိမ်းလောကထဲသို့ ရောက်ရှိသွားပြီးနောက်တွင်မူ သူသည် ဂိမ်းကစားခြင်း၌သာ အားအင်များ ပိုမိုစိုက်ထုတ်ခဲ့ပြီး ပရော်ဖက်ရှင်နယ် e-sports အသင်းထဲ ဝင်သွားပြီးနောက်တွင် ကျောင်းဆက်မတက်တော့ချေ။
ယခုမူ ဆရာကြီးဝေ၏ သင်ခန်းစာကို နားထောင်ရခြင်းမှာ လုံးဝ ပင်ပန်းမှုမရှိဟု အော်ရိန်း ခံစားရသည်။ သူသည် အာရုံစိုက်ရန် မိမိကိုယ်ကို အတင်းအကျပ် ဖိအားပေးစရာ မလိုသလို၊ ကျောက်သင်ပုန်းကို ကြည့်ရန် မျက်တောင်များကို အတင်းဖွင့်ထားစရာလည်း မလိုခဲ့ပါ။ ဆရာကြီးဝေ၏ လက်ရေးလှအတန်းကို နားထောင်ရခြင်းမှာ စားသောက်ရသလို ရိုးရှင်းလှပြီး အသိပညာများမှာ ရေစီးသကဲ့သို့ပင် ဦးနှောက်ထဲသို့ အလွယ်တကူ ဝင်ရောက်သွားခဲ့၏။
အော်ရိန်း၏ အနောက်တွင်တော့ မိသားစု သုံးယောက် လိုက်ပါလာသည်။ သူမ၏ လက်ရေးလှလက်ရာကို ကိုင်ထားသော မိန်းကလေးငယ်လေးက မျှော်လင့်ချက်အ
ပြည့်ဖြင့် ပြောလိုက်၏။
"ဖေဖေ၊ သမီး ဆရာကြီးဝေဆီမှာ လက်ရေးလှ သင်လို့ရမလားဟင် သမီး ပန်းချီ မသင်ချင်တော့ဘူး"
သူမ၏ ဖခင်ဖြစ်သူမှာ အနည်းငယ် အခက်တွေ့သွားပုံရသည်။
"ဒါပေမဲ့ သမီးရဲ့၊ အဖေတို့တွေက ဒီမှာ အပန်းဖြေလာတာလေ၊ ပြီးတော့ အဖေတို့အိမ်က ယုံမြစ် မှာ မဟုတ်ဘူး၊ သမီးက အခုလည်း ပန်းချီသင်နေတာပဲ မဟုတ်လား မေ့သွားပြီလား သမီးပဲ အရင်က ပန်းချီသင်ပေးတဲ့ ဆရာမဖူကို အရမ်းကြိုက်တယ်လို့ ပြောခဲ့တာလေ"
မိန်းကလေးငယ်လေးမှာ စိတ်ပျက်လက်ပျက်ဖြင့် ပြန်ပြောသည်။
"ဆရာမဖူက အရမ်းတော်ပါတယ်၊ ဒါပေမဲ့ ဆရာမဖူရဲ့ အတန်းထဲမှာ သမီး အရမ်းပင်ပန်းတယ်လို့ ခံစားရတယ်၊ ပန်းချီဆွဲတိုင်းမှာ သမီးက နည်းနည်းလေး၊ နည်းနည်းလေးပဲ တိုးတက်တာ"
မိန်းကလေးငယ်လေးမှာ သူမ၏ လက်သန်းရှိလက်သည်းလေးကို ပြကာ သူမ၏ တိုးတက်မှုမှာ မည်မျှ နှေးကွေးကြောင်း ပြလိုက်သည်။ ဆရာမဖူမှာလည်း အလွန် နူးညံ့သိမ်မွေ့သော ဆရာမတစ်ဦး ဖြစ်သော်လည်း အတန်းချိန်တိုင်းတွင် အချိန်များမှာ အလွန်ပင် နှေးကွေးစွာ ကုန်ဆုံးနေသည်ဟု သူမ ခံစားရ၏။ ဆရာကြီးဝေ၏ အတန်းကဲ့သို့ မျက်စိတစ်မှိတ်အတွင်း ပြီးဆုံးသွားခြင်းမျိုး မဟုတ်ပေ။ ထို့နောက် သူမသည် သူမ၏ လက်ရေးလှကို မြှောက်ပြလိုက်သည်။
"ကြည့်ပါဦး ဖေဖေ၊ သမီးရေးတာ မလှဘူးလား သမီးက လက်ရေးလှပညာနဲ့ ပိုလိုက်ဖက်တယ်လို့ ထင်တယ်၊ သမီး ဆရာကြီးဝေဆီမှာပဲ သင်ချင်တယ်"
ဖခင်ဖြစ်သူမှာ သမီးငယ်၏ လက်ရေးကို ကြည့်လိုက်၊ သူကိုယ်တိုင်ရေးထားတာကို ကြည့်လိုက်နှင့် သူ့လက်ရေးက ပိုလှသည်ဟု အလိုလို ခံစားလိုက်ရသည်။ သို့သော် သမီးဖြစ်သူ၏ ယုံကြည်မှုကို မပျက်စီးစေရန် ထိုသို့ လုံးဝ မပြောရဲချေ။ သူသည် သူ၏ ရွှမ်းစက္ကူကို သိမ်းလိုက်ပြီး ချီးကျူးလိုက်၏။
"သမီးလေး ရေးတာက အရမ်းလှတာပဲ၊ ဒီလိုလုပ်လေ၊ ပန်းချီအတန်းအတွက် အဖေတို့တွေက ပိုက်ဆံပေးထားပြီးပြီဆိုတော့ ဒီနှစ်ဝက်ကို အပြီးသင်လိုက်ဦး၊ ဖေဖေ အိမ်ပြန်ရောက်ရင် သမီးအတွက် ဆရာကောင်းတစ်ယောက် ရှာပေးပြီး လက်ရေးလှအတန်း အပ်ပေးမယ်၊ ဟုတ်ပြီလား "
မိန်းကလေးငယ်လေးမှာ နှုတ်ခမ်းဆူကာ ခေါင်းခါလိုက်ပြီး ခြေဆောင့်ကာ ဇွတ်တရွတ် ပြောတော့သည်။
"သမီးကို ဆရာကြီးဝေ သင်ပေးတာပဲ လိုချင်တာ တခြားဆရာတွေက ဆရာကြီးဝေလောက် မတော်ဘူး "
"မစမ်းကြည့်ဘဲ ဘယ်လိုသိမလဲ"
ဖခင်ဖြစ်သူမှာ အနည်းငယ် စိတ်မရှည်ဖြစ်လာပြီး အသံမှာ အနည်းငယ် မာသွားသည်။ သူ့သမီးမှာ အဓိပ္ပာယ်မရှိ ဇွတ်လုပ်နေပြီ မဟုတ်ပါလား။ အကယ်၍ သူတို့သာ ယုံမြစ်မှာ နေတာဆိုရင် ဆရာကြီးဝေ၏ အတန်းမှာ ပိုက်ဆံကုန်ခံပြီး အပ်ပေးဖို့ ဝန်မလေးသော်လည်း၊ ပြဿနာမှာ သူတို့ ဇာတိမှာ အလွန်ဝေးကွာလှသော အရှေ့မြောက်ဒေသ တွင် ဖြစ်နေခြင်းပင်။ မိန်းကလေးငယ်လေး၏ မျက်နှာမှာ ငြိုးငယ်သွားပြီး မျက်လုံးထဲတွင် မျက်ရည်များ ဝဲတက်လာသည်။ သူမက ဆရာကြီးဝေကိုပဲ သဘောကျတာပါဆို၊ ဟီး ဖေဖေက အရမ်းဆိုးတာပဲ။ မိခင်ဖြစ်သူမှာတော့ လျှပ်စစ်ကဲ့သို့ မြန်ဆန်လှသော လက်ဖြင့် မိန်းကလေးငယ်၏ နှာခေါင်းလေးကို ဆွဲညှစ်လိုက်ရာ သူမမှာ ချက်ချင်းပင် ငိုတာ ရပ်သွားတော့သည်။
"ကိစ္စမရှိပါဘူး သမီးရဲ့၊ သမီးက ဆရာကြီးဝေရဲ့ အတန်းကို တက်ချင်တာလား ဟုတ်ပြီ၊ တို့တွေ ဆက်သင်ကြမယ်၊ ဆရာကြီးဝေမှာ အွန်လိုင်းကနေ တိုက်ရိုက်သင်တဲ့ အတန်းတွေ ရှိတယ်၊ သမီး ပန်းချီမသင်တဲ့ အချိန်ကျရင် ဖေဖေက ညတိုင်း သမီးဘေးကနေ အဖော်လုပ်ပေးမယ်၊ ဟုတ်ပြီလား "
မိန်းကလေးငယ်လေး၏ မျက်လုံးထဲတွင် မျက်ရည်များ မရှိတော့ဘဲ ခေါင်းညိတ်ပြလိုက်သည်။ ထိုအခါမှသာ မိခင်ဖြစ်သူမှာ သမီးဖြစ်သူ၏ နှာခေါင်းကို ညှစ်ထားရာမှ လက်ကို လွှတ်ပေးလိုက်၏။ ဖခင်ဖြစ်သူမှာတော့ ခေါင်းကို ကုတ်နေမိသည်။ ကောင်းပြီလေ၊ ကလေးကို အဖော်လုပ်ပေးရမှာပေါ့။ သူလည်း သမီးနှင့်အတူ ဆရာကြီးဝေ၏ အတန်းကို တက်ရုံရှိတာပေါ့။ ရှေ့ကနေ လျှောက်နေသော အော်ရိန်းသည် ထိုမိသားစု၏ စကားဝိုင်းကို ကြားလိုက်ရသဖြင့် ချက်ချင်းပင် လှည့်မေးလိုက်သည်။
"မင်္ဂလာပါ၊ ဆရာကြီးဝေရဲ့ Live လွှင့်တဲ့ အကောင့်နာမည်ကို ပြောပြလို့ရမလား"
သူနှင့် ဒန်ဒန်တို့မှာ နောက်ကျမှ ရောက်လာသဖြင့် ဆရာကြီးဝေ၏ Live အကောင့်ကို မသိလိုက်ရချေ။ မိန်းကလေးငယ်လေးမှာ အရင်ဆုံး ပြန်ဖြေ၏။
"ဝေဖုန်းယီ လေ၊ ဦးလေးကလည်းတုံးလိုက်တာ"
မိခင်ဖြစ်သူမှ မိန်းကလေးငယ်၏ တင်ပါးကို တစ်ချက် ပုတ်လိုက်သည်။ မိန်းကလေးငယ်လေးမှာ လျှာလေးထုတ်ကာ တောင်းပန်လိုက်၏။
"ထက်မြက်တဲ့ အစ်ကိုကြီး၊ ထက်မြက်တဲ့ အစ်ကိုကြီး "
အော်ရိန်းကတော့ ဤအရာကို စိတ်ထဲ မထားပါချေ။ သူသည် ထိုချစ်စရာကောင်းသော မိသားစုကို ကျေးဇူးတင်စကား ပြောလိုက်ပြီး အခန်းသို့ ပြန်လာခဲ့သည်။ ယနေ့၏ ခရီးစဉ်မှာ အမှန်တကယ်ပင် ပြည့်စုံလှသည်။ လက်ဖက်ရည်နှင့် မုန့်များ မြည်းစမ်းရသည်၊ လူရန်၏ မွေးနေ့ကို ကျင်းပပေးရသည်၊ ညနေပိုင်းတွင် လက်ရေးလှအတန်းတောင် တက်လိုက်ရသေး၏။ အော်ရိန်းသည် ကျေနပ်အားရစွာဖြင့် အိပ်ပျော်သွားတော့သည်။ တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ကြပြီး အော်ရိန်းနှင့် ဒန်ဒန်တို့သည် နေရောင်ခြည်ကြောင့် နိုးလာခဲ့ကြ၏။
"အိုး ဒါက တကယ်ကို နေလို့ကောင်းလိုက်တာ"
ဒန်ဒန်မှာ ကိုယ်လက်လှုပ်ရှားလိုက်သည်။ အရွယ်ရောက်ပြီးသားလူနှစ်ယောက် ကုတင်တစ်ခုတည်း အတူအိပ်ရသော်လည်း အိပ်စက်မှု အရည်အသွေးမှာ အလွန်ပ
င် ကောင်းမွန်လှပြီး မနက်အထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့ကြ၏။
"မနေ့က ငါတို့ ရောက်လာတုန်းက ဘာလို့ အခန်းတွေ အကုန်ပြည့်နေသလဲဆိုတာ အခုမှ ငါ နားလည်တော့တယ်၊ ဒီကုတင်က အရမ်းကို သက်သောင့်သက်သာ ရှိလွန်းတယ်၊ ငါ ဒီထဲမှာပဲ လှဲနေချင်ပြီး မထချင်တော့ဘူး"
အော်ရိန်းမှာ လက်မောင်းများကို ဆန့်ထုတ်လိုက်ပြီး ကုတင်တစ်ခုလုံးကို နေရာယူလိုက်သည်။ ဒန်ဒန် နေရောင်ခြည်ဘက်သို့ မျက်နှာမူကာ ခဏတာ ကိုယ်လက်ဆန့်ထုတ်လိုက်သည်။ ထို့နောက် အော်ရိန်းကို ကြည့်ကာ ပြုံးလျက် ပြောလိုက်၏။
"မင်း အိမ်မှာရှိတဲ့ ကုတင်က နာမည်ကြီးမင်းသမီးတစ်ယောက် သုံးတဲ့ပုံစံမျိုး မဟုတ်လား ယွမ် (၂၀,၀၀၀) ကျော် တန်တယ်ဆို ဘာလဲ၊ အဲဒါက သက်သောင့်သက်သာ မရှိဘူးလား "
အော်ရိန်းမှာ တစ်ဖက်သို့ လှည့်လိုက်သည်။
"သက်သောင့်သက်သာ ရှိပါတယ်၊ ဒါပေမဲ့ ဒီတစ်ခုနဲ့တော့ မယှဉ်နိုင်ဘူး"
အခြားကုတင်ပေါ်တွင်တော့ လူရန်သည် ဖိနပ်ပါးကို စီးကာ ကုတင်ပေါ်မှ ဆင်းလာခဲ့သည်။
"ဘယ်လို အိပ်ယာမျိုးလဲ ယွမ် (၂၀,၀၀၀) လား ကျွန်တော့်ကုတင်က ယွမ် (၅၀၀) လောက်ပဲ တန်တာ၊ ဒါပေမဲ့ ဒီတည်းခိုခန်းက ကုတင်ကတော့ တကယ်ပဲ သက်သောင့်သက်သာ ရှိတယ်၊ ဘယ်တံဆိပ်လဲဆိုတာ ကြည့်လိုက်ဦးမယ်"
လူရန်မှာ ထီပေါက်ထားသဖြင့် ငွေရှိနေပြီး စိတ်ပူစရာ မလိုတော့ချေ။ အကယ်၍ ဈေးအရမ်းမကြီးပါလျှင် သူလည်း အလားတူ ကုတင်မျိုး ဝယ်နိုင်လိမ့်မည်ဟု လူရန် တွေးမိသည်။
"ဟေး ဒီမှာ တံဆိပ်လေးတစ်ခု ရှိတယ်၊ 'အလားတူပုံစံ ဝယ်ယူနိုင်သည်' တဲ့၊ ကုဒ် ကို စကန်ဖတ်ပြီး ဝယ်လို့ရတယ်"
လူရန်သည် ကုတင်ဘေးတွင် တံဆိပ်လေးတစ်ခုကို တွေ့လိုက်ရသည်။ ရှောင်ကျားမှာ သူ၏ ဖုန်းကို ထုတ်ကာ ကုဒ်ကို ဖတ်လိုက်၏။
"ဟင်"
အော်ရိန်းမှာ မျက်ခုံးပင့်လိုက်သည်။
"ဘာဖြစ်လို့လဲ၊ မင်းလည်း ထီထပ်ပေါက်လို့လား"
ရှောင်ကျား မျက်နှာညိုးငယ်စွာဖြင့် ပြောလိုက်သည်။
"မဟုတ်ဘူး၊ အဲဒါကြောင့် မဟုတ်ဘူး၊ ဒါပေမဲ့ ထီပေါက်ထားတဲ့ လူရန်တောင် ဒီကုတင်ကို ဝယ်နိုင်မှာ မဟုတ်ဘူး၊ ကုတင်တစ်လုံးကို ယွမ် (၆၀,၀၀၀) တောင်တဲ့ "
ဈေးနှုန်းကို ကြားလိုက်ရသောအခါ အော်ရိန်းမှာ ကုတင်ပေါ်မှ ချက်ချင်း ခုန်ဆင်းလာတော့သည်။
"ဘာ ယွမ် (၆၀,၀၀၀) လား အဲဒါ လိမ်နေတာ ဖြစ်မှာပါ"
အော်ရိန်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ရှောင်ကျားမှာ တုန်တုန်ရင်ရင်ဖြင့် သူ၏ ဖုန်းကို မြှောက်ပြလိုက်၏။
"မဟုတ်ဘူး၊ တကယ်ကြီး ယွမ် (၆၀,၀၀၀) ပါ ပြီးတော့ တစ်လအတွင်း အရောင်းရဆုံးစာရင်းက တစ်ရာကျော်တောင် ရှိနေပြီ၊ တောက် ဒီကမ္ဘာပေါ်မှာ ဘာလို့ ချမ်းသာတဲ့လူတွေ ဒီလောက်အများကြီး ရှိနေရတာလဲ"
94
ကမ္ဘာပေါ်တွင် အချမ်းသာဆုံးဟု ထင်ရသော လူနှစ်ယောက်သည် လူရန်နှင့် ရှောင်ကျားတို့၏ ရှေ့တွင် ရပ်နေကြပြီး၊ အားနာနာဖြင့် နှာခေါင်းကို ပွတ်ရင်း အိပ်ပျော်နေသော မင်းသမီးလေးရဲ့ ကုတင်ကို နှစ်ယောက်လုံး မှာယူလိုက်ကြသည်။ အခြားအကြောင်းကြောင့် မဟုတ်ပေ၊ ဤကုတင်မှာ အလွန်အမင်း သက်သောင့်သက်သာ ရှိလွန်းလှသောကြောင့်သာ ဖြစ်၏။ ရှောင်ကျား၏ အံကြိတ်ထားသော မျက်နှာအမူအရာကို မြင်လိုက်ရသဖြင့် အော်ရိန်းမှာ သူ၏ နှာခေါင်းကို ပွတ်ကာ ပြောလိုက်၏။
"ရှောင်ကျား၊ ငါ ပိုက်ဆံတွေကို ဖြုန်းနေတာ မဟုတ်ပါဘူး၊ ကြည့်စမ်း၊ သေချာကြည့်ဦး၊ ငါ့ရဲ့ မျက်ကွင်းညိုနေတာတွေက အရင်ကထက် အများကြီး လျော့သွားတယ်မလား၊ ငါက တစ်နှစ်ပတ်လုံး ညဉ့်နက်တဲ့အထိ အလုပ်လုပ်ရတဲ့သူဆိုတော့ ခန္ဓာကိုယ်က တော်တော်လေး ပျက်စီးနေတာ၊ ငါ့ရဲ့ကျန်းမာရေးအတွက် အိပ်စက်မှုကို အထောက်အကူပြုဖို့ ဒီကုတင်ကို တကယ်လိုအပ်တာပါ"
ဒန်ဒန်မှာလည်း သူ၏ သဘောထားကို ပြရန် လက်ထောင်ပြကာ ကျိန်ဆိုလိုက်သည်။
"ရှောင်ကျား၊ ငါလည်း ပိုက်ဆံဖြုန်းနေတာ မဟုတ်ဘူး၊ မင်းမသိလို့ ငါပတ်ထားတဲ့ ဒီလက်ပတ်က အိပ်စက်မှုကို စောင့်ကြည့်တဲ့ စနစ်ပါတယ်၊ ငါက နေ့တိုင်း ဟောက်တတ်တော့ လက်ပတ်က အိပ်စက်မှု အရည်အသွေးကို အမြဲတမ်း အမှတ်နည်းနည်းပဲ ပေးတာ၊ ဒါပေမဲ့ ကြည့်လိုက်ဦး၊ ဒီနေ့ ငါ့လက်ပတ်က အိပ်စက်မှုအတွက် အမှတ်ပြည့် ပေးထားတယ်၊ ငါမဟောက်တော့ဘူးလေ၊ ယွမ် (၆၀,၀၀၀) သုံးလိုက်ရတာ နှမြောဖို့ကောင်းပေမဲ့ တခြားနည်းလမ်းမှ မရှိတာပဲ"
ရှောင်ကျားသည် သူ၏ တင်းနေမာသော သဘောထားကို အနည်းငယ် လျှော့ချလိုက်သော်လည်း ညည်းတွားနေဆဲပင်။
"ဟွန်း ချမ်းသာကြတာကိုး"
သို့သော် ပြန်စဉ်းစားကြည့်ပြန်လျှင် သူသာ ငွေရှိပါက ဤကဲ့သို့ သက်သောင့်သက်သာရှိသော ကုတင်မျိုးကို အိမ်သို့ ဝယ်သွားချင်မိမည်မှာ အသေအချာပင်။ ဤကုတင်ပေါ်တွင် အိပ်လိုက်ရခြင်းမှာ သူ့ကို အင်အားများ ပြန်လည်ပြည့်ဝလာသကဲ့သို့ ခံစားရစေသည်။ ငွေအနည်းငယ် ရှိနေသော လူရန်မှာ မီးပွားများ သူ့ဘက်သို့ ကူးစက်လာမည်ကို ကြောက်သဖြင့် အကြောင်းအရာကို အမြန်ပင် လွှဲလိုက်၏။
"ကျွန်တော်တို့တွေ အောက်ထပ်ကို မြန်မြန်ဆင်းကြစို့၊ အခုဆင်းသွားရင် ဟိုတယ်ရဲ့ မနက်စာကို မှီဦးမှာပါ"
ရှောင်ကျားမှာ မနက်စာ ကူပွန်များကို ထုတ်လိုက်သည်။
"ဒါပေမဲ့ မနက်စာ ကူပွန်က နှစ်စောင်ပဲ ရှိတာလေ၊ အပြင်မှာပဲ သွားစားကြမလား"
သူတို့မှာ လေးယောက် ဖြစ်နေပြီး မနက်စာ ကူပွန်မှာ နှစ်စောင်သာ ရှိသည်။ ပိုက်ဆံအပိုပေးပြီး စားရမည်မှာ သိပ်မတန်ဟု သူခံစားရ၏။
"ဒီမှာပဲ စားလိုက်ကြရအောင်၊ ပြီးရင် ကားမှီအောင် တန်းသွားရမှာ"
ဒန်ဒန် အချိန်ကို ကြည့်လိုက်သည်။ သူတို့သည် ယနေ့ လမ်းခွဲကြရတော့မည် ဖြစ်၏။ ဒန်ဒန်နှင့် အော်ရိန်းတို့မှာ ဗီဒီယိုများ တည်းဖြတ်ရန် အိမ်သို့ ပြန်ကြမည်ဖြစ်ပြီး၊ ရှောင်ကျားနှင့် လူရန်တို့မှာမူ ယုံမြစ်မြို့တွင် နောက်ထပ် ရက်အနည်းငယ်ကြာ ဆက်လက် လည်ပတ်ကြဦးမည် ဖြစ်သည်။ အပြင်ထွက်ပြီး နောက်ထပ် မနက်စာဆိုင် ရှာနေရသည်မှာ အလုပ်ရှုပ်လွန်းလှ၏။ ကားထွက်မည့် အချိန်နှင့် လွဲရင်လည်း မဖြစ်ချေ။ ထို့ကြောင့် တည်းခိုခန်းမှာပင် ရိုးရှင်းသော မနက်စာကို စားပြီး ဗိုက်ဖြည့်လိုက်ခြင်းမှာ ပိုကောင်းသည်။
"သွားကြစို့၊ မနက်စာ ဘာကောင်းတာရှိမလဲ ကြည့်ရအောင်"
ပိုက်ဆံအပို ထပ်ပေးပြီးနောက် ဒန်ဒန်သည် အားလုံးကို ဦးဆောင်ကာ စားသောက်ခန်းသို့သွားကြသည်။ လူရန်သည် ဘူဖေးစားပွဲကို လှည့်ပတ်ကြည့်လိုက်ရင်း အနည်းငယ် စိတ်ပျက်သွား၏။
"သာမန် တရုတ်စတိုင် မနက်စာတွေပါပဲလား၊ ပေါက်စီတွေကတော့ ဖောင်းကားပြီး တော်တော်လေး ကြီးသားပဲ၊ ငါ ပေါက်စီတစ်လုံး ယူလိုက်မယ်"
မျက်စိလျင်သော ရှောင်ကျားမှာ ဘူဖေးစားပွဲပေါ်ရှိ အိုးငယ်နှစ်လုံးကို လှမ်းမြင်လိုက်သည်။
"ကြည့်ဦး၊ အဲဒီအိုးပေါ်မှာ 'ဒီမှာဆို ဒါကို မဖြစ်မနေ စားသင့်သည်' လို့ ရေးထားတယ်၊ စမ်းကြည့်ချင်လား "
လူရန်မှာ ပေါက်စီတစ်လုံးကို ယူပြီး ဝါးစားနေပြီ ဖြစ်သည်။
"ဘာက မဖြစ်မနေ စားရမှာလဲ ဒီပေါက်စီက တကယ်ကို ကောင်းသားပဲ၊ အကာက ပါးပါးလေးနဲ့ အစာက အပြည့်ပဲ၊ အထဲမှာကလည်း အသားတွေကြီးပဲ ၊ ဒီတည်းခိုခန်းက တော်တော်လေး ရက်ရောတယ်"
ယခင်က သူဝယ်စားဖူးသည့် ပေါက်စီဆိုင်ပိုင်ရှင်များ ဆိုလျှင် အသားထည့်ဖို့ နှမြောကြပြီး အကာမှာ ထူထူ၊ အစာမှာ နည်းနည်းသာ ရှိတတ်ကြသည်၊ သို့မဟုတ်လည်း အေးခဲထားသော ပေါက်စီများကိုသာ သုံးတတ်ကြသည်။
"ဆန်ပြုတ်ပဲ၊ အိုးတစ်လုံးက ဘဲဥငန်နဲ့ ဝက်သားဆန်ပြုတ်၊ နောက်တစ်လုံးကတော့ အချိုဆန်ပြုတ်ပဲ၊ စမ်းကြည့်ကြဦး"
အော်ရိန်းမှာ ပန်းကန်လုံးတစ်လုံးကို ယူကာ အချိုဆန်ပြုတ်ကို ခပ်လိုက်၏။
"ငါက အငန်ကြိုက်တာဆိုတော့ အငန်ဘဲစားမယ်"
ဒန်ဒန်မှာ ဘဲဥငန်နှင့်ဝက်သားဆန်ပြုတ်တစ်ပန်းကန်ကို ခပ်လိုက်သည်။ ထို့နောက်တွင်တော့အဖွဲ့မှာ တိတ်ဆိတ်သွားကြတော့၏။ ကားပေါ်ရောက်သည့်တိုင်အောင် ဒန်ဒန်နှင့် အော်ရိန်းတို့မှာ ဟဲယဲ့တည်းခိုခန်း မှ ဆန်ပြုတ်အရသာကို စွဲလန်းနေကြဆဲ ဖြစ်သည်။ သူတို့သည် ဖောင်းကားနေသော ဗိုက်များကို ပွတ်ကာ ထိုင်ခုံပေါ်တွင် မှီလျက် နောင်တအနည်းငယ် ရနေကြ၏။ လူတစ်ယောက်မှာ ဘာလို့ အစာအိမ် နှစ်လုံး မပါရတာလဲ ပါခဲ့ရင်တော့ ဆန်ပြုတ်
အိုးနှစ်လုံးလုံးကို အကုန်သောက်ပစ်လိုက်မှာ။ ဆန်ပြုတ်မှာ တကယ်ကို အရသာ ရှိလွန်းလှသည်။
ဟဲယဲ့တည်းခိုခန်းမှ ထွက်ခွာလာပြီးနောက် ဒန်ဒန်နှင့် အော်ရိန်းတို့မှာ အလွန်ပင် နှမြောတသ ဖြစ်နေကြသည်။ တည်းခိုခန်းမှာ သူတို့ တည်းခိုဖူးသမျှထဲတွင် စိတ်ဝင်စားစရာ အကောင်းဆုံး တည်းခိုခန်း ဖြစ်ခဲ့၏။ ဤသို့သော လွမ်းဆွတ်မှုများဖြင့် ဒန်ဒန်နှင့် အော်ရိန်းတို့သည် ဗီဒီယိုကို တစ်ညလုံး အိပ်ရေးပျက်ခံ တည်းဖြတ်ပြီးနောက် C-site သို့ တင်လိုက်ကြသည်။ ဤသည်မှာ ဂိမ်းဘလော့ဂါ အော်ရိန်းအတွက် လူနေမှုဘဝပုံစံ ဗီဒီယိုကို ပထမဆုံးအကြိမ် တင်ခြင်းဖြစ်ပြီး၊ C-site မှာလည်း ဤဗီဒီယိုကို ပင်မစာမျက်နှာ၏ ညွှန်ကြားချက်ကဏ္ဍ တွင် နေရာပေးခဲ့သည်။
ညဉ့်နက်မှ နိုးနေတတ်သော လူများစွာမှာ ဤဗီဒီယိုကို ဝင်ကြည့်ကြသည်။ ဒန်ဒန်နှင့် အော်ရိန်းတို့ လက်ဖက်ရည်နှင့် မုန့်များကို အားရပါးရ စားနေကြသည်ကို မြင်သောအခါ "စားချင်လိုက်တာ"၊ "ဗိုက်ဆာလာပြီ"၊ "ညဘက်ကြီး အစားအသောက်တွေနဲ့ နှိပ်စက်နေပြီ" စသဖြင့် မှတ်ချက် များ စခရင်ပေါ်တွင် ပြည့်နှက်သွား၏။ မုန့်များကို အနီးကပ် ရိုက်ပြထားသော အခန်းတိုင်းမှာ စခရင်ရှေ့ရှိ ကြည့်ရှုသူများကို သွားရည်ကျစေ၏။
ဒန်ဒန်နှင့် အော်ရိန်းတို့ မှော်မှန်ကြီးကို မေးခွန်းပေါင်းစုံ မေးနေကြချိန်တွင်လည်း "ဟားဟားဟား" ဟူသော ရယ်သံမှတ်ချက်များ ထပ်မံ ပြည့်နှက်သွားပြန်သည်။ မေးခွန်းများ၏ အဖြေမှာ တစ်ခုပြီးတစ်ခု အမှန်တကယ် ဖြစ်လာသောအခါတွင်မူ မှတ်ချက်များမှာ "တကယ်ကြီးလား" "အတုကြီးလား " နှင့် "ဘုရားရေ" များအဖြစ်သို့ ပြောင်းလဲသွား၏။ ဗီဒီယို၏ အမြင့်ဆုံးအခန်းမှာတော့ မစ္စကျိ၏ ဆုတောင်းအကပင် ဖြစ်သည်။ အော်ရိန်းမှာ ဤအကအတွက် ဗီဒီယိုထဲတွင် နောက်ခံတေးဂီတကိုပင် ထည့်ပေးထားသေး၏။ မစ္စကျိ၏ စိတ်ဝိညာဉ်ကို လှုပ်ခတ်စေသော အကမှာ ကြည့်ရှုသူများကို "ဒါ ဘယ်လိုမျိုး နတ်ဘုရားဆန်တဲ့ တည်းခိုခန်းလဲ" ဟု အာမေဋိတ် ထွက်စေသည်။
မစ္စကျိ၏ အကမှာ ဤမျှအဆင့်မြင့်သည့်တိုင်အောင် အခမဲ့ ဖျော်ဖြေမှု ဖြစ်နေသလား ဗီဒီယို၏ နောက်ပိုင်းအပိုင်းများကို ကြည့်ပြီးသွားသော ကြည့်ရှုသူများမှာမူ ထိုနေရာသို့ ပြန်ဆွဲကြည့်ကြပြီး အကကို ကြည့်နေသူများအား "မြန်မြန် ဆုတောင်းကြ" ဟု သတိပေးနေကြသည်။ နောက်ဘာဖြစ်မည်ကို မသိသေးသော ကြည့်ရှုသူများမှာ ဇဝေဇဝါ ဖြစ်နေကြ၏။ အကက လှတာတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ ဆုတောင်းဖို့ လိုလို့လား။ လူရန် ယွမ် (၁၀၀,၀၀၀) ဆုကြီးပေါက်သွားသည်ကို မြင်လိုက်ရချိန်တွင်မူ သူတို့၏ သံသယများ ပျောက်ကွယ်သွားတော့သည်။ သူတို့အားလုံးသည် ဆုတောင်းစက်များအဖြစ် ပြောင်းလဲသွားကြပြီး မစ္စကျိ ကသော အခန်းသို့ ပြန်သွားကာ စခရင်ပေါ်တွင် ဆုတောင်းမှတ်ချက်များဖြင့် အဆက်မပြတ် ဝိုင်းအုံရေးသားကြတော့၏။
ဆရာကြီးဝေ၏ အံ့မခန်း အတန်း၊ သက်သောင့်သက်သာရှိသော မွေ့ရာနှင့် အရသာရှိသော မနက်စာ - ဗီဒီယိုထဲရှိ အခန်းတိုင်းသည် ပရိသတ်ကို နက်ရှိုင်းသော အမှတ်ရမှုများ ပေးစွမ်းခဲ့သည်။ မိနစ် (၃၀) ကြာသော ဤဗီဒီယိုကို တစ်စက္ကန့်လေးတောင် ကျော်မကြည့်ချင်ကြပေ။
"ဘုရားရေ၊ ဒီဟိုတယ်က အရမ်းကောင်းလွန်းတယ်၊ လည်ပတ်စရာ နေရာတွေ သွားစရာတောင် မလိုတော့ဘူး၊ ဟိုတယ်ထဲမှာတင် တစ်နေကုန် အချိန်ဖြုန်းလို့ ရတယ်"
"ဒါ ဘယ်လိုဟိုတယ်မျိုးလဲ ငါ့မွေးနေ့ကလည်း မကြာခင် ရောက်တော့မှာ၊ ငါလည်း မွေးနေ့အခမ်းအနား လိုချင်တယ် လိပ်စာလေး ပေးကြပါဦး"
"အပေါ်ကလူရေ၊ စိတ်အားထက်သန်တဲ့ အင်တာနက်အသုံးပြုသူတွေ ဖြေပေးမှာကိုပဲ စောင့်ရတော့မယ်၊ အော်ရိန်းရဲ့ ဗီဒီယိုက မျှဝေဖို့ သက်သက်ပဲဆိုတော့ သူက ဟိုတယ်အတွက် ကြော်ငြာပေးမှာ မဟုတ်ဘူး၊ ဟိုတယ်နာမည်လည်း ဗီဒီယိုထဲမှာ ပါမှာမဟုတ်ဘူး"
"ဒါက တကယ့်ကို ကျေနပ်စရာကောင်းတဲ့ အလှည့်အပြောင်းပဲ၊ ဗီဒီယိုအစမှာ ဒန်ဒန်နဲ့ အော်ရိန်းက ဓာတ်လှေကားမရှိတဲ့ ဒီဟိုတယ်က ဈေးကြီးလိုက်တာဆိုပြီး ညည်းနေကြတာ၊ နောက်ကျတော့ နှစ်ယောက်လုံး မပြန်ချင်ကြတော့ဘူး၊ သူတို့ ဆန်ပြုတ်သောက်ပြီး ပန်းကန်ကို လျှာနဲ့သိမ်းတဲ့ အခန်းကတော့ တကယ်ကို ရယ်ရလွန်းလို့"
"ဒီဟိုတယ်က စိတ်ဝင်စားဖို့ကောင်းတယ်၊ လက်ရေးလှအတန်းတောင် ရှိသေးတယ်၊ လက်ရေးလှ ဝါသနာအိုးတစ်ယောက်အနေနဲ့ ငါတော့ တော်တော်လေး စိတ်လှုပ်ရှားနေပြီ"
ဤမှတ်ချက်များထဲတွင် အလွန်အရေးကြီးပုံရသော မှတ်ချက်တစ်ခုမှာ ထင်ရှားနေသည်။
"အားလုံးပဲ ကူညီကြပါဦး၊ ဒီဟိုတယ်ရဲ့ နာမည်ကို သိတဲ့သူ ရှိပါသလား ကျွန်တော့်မှာ ဟိုတယ်က မှော်မှန်ကြီးကို မေးချင်တဲ့ အရေးကြီးကိစ္စတစ်ခု ရှိလို့ပါ၊ ကျေးဇူးပြုပြီး ကူညီကြပါ "
သို့သော် ထိုအချိန်မှာ ညဉ့်နက်ပိုင်း ဖြစ်နေသဖြင့် ထိုဟိုတယ်၏ လိပ်စာကို မည်သူမျှ ရှာမတွေ့ကြသေးချေ။