← Chapters

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

95

ရော့စ်၏ မျက်ကွင်းညိုကြီးများမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုနက်မှောင်လာပြီး သူ၏ မျက်ခွံများမှာလည်း ဆက်လက်တောင့်ခံထားနိုင်ခြင်း မရှိတော့ဘဲ အချင်းချင်း တိုက်ပွဲဝင်နေကြပြီ ဖြစ်သည်။ သူသည် အိပ်မပျော်စေရန် မျက်လုံးများကို ပွတ်လိုက်ပြီး မောက်စ် ကို အပေါ်အောက် လှည့်ကာ မှတ်ချက်များနှင့် စခရင်ပေါ်တွင် ပြေးလွှားနေသော စာတန်းများကြားတွင် အဖြေတစ်ခုကို ရှာဖွေရန် ကြိုးစားနေမိ၏။

ဤသည်မှာ ရော့စ် ဗီဒီယိုကို အကြိမ် (၂၀) မြောက် ပြန်လည်ကြည့်ရှုနေခြင်း ဖြစ်သည်။ ဗီဒီယိုမှာ ပိုမိုရေပန်းစားလာသော်လည်း သူသည် ထိုလျှို့ဝှက်ဆန်းကြယ်သော ဟိုတယ်၏ အမည်ကို ရှာမတွေ့သေးချေ။ မျှော်လင့်ထားသည့်အတိုင်းပင် သူ အော်ရိန်းထံသို့ ပေးပို့ထားသော သီးသန့်စာ မှာလည်း မည်သည့်တုံ့ပြန်မှုမျှ မရှိခဲ့ပေ။ စခရင်ပေါ်မှ စာတန်းတစ်ခုတွင် ဂိမ်းဘလော့ဂါ ဝမ်ဟိုင်ထောင် လည်း ထိုဟိုတယ်တွင် တည်းခိုခဲ့ဖူးကြောင်း ဖော်ပြထားသည်။ သူသည် ဝမ်ဟိုင်ထောင်၏ ဗီဒီယိုများကို ချက်ချင်းပင် ရှာဖွေတော့၏။ ဝမ်ဟိုင်ထောင်၏ တိုက်ရိုက်လွှင့်ဗီဒီယို ပြန်လည်ကြည့်ရှုမှုကို ကြည့်ပြီးနောက်တွင်မူ မှော်မှန်သည် သူ၏ အခက်အခဲများကို ဖြေရှင်းပေးနိုင်လိမ့်မည်ဟု သူ ပိုမိုယုံကြည်သွားခဲ့ပြီး ဤ၏မှန်ကြီးရှိသော တည်းခိုခန်းကို ရှာတွေ့ရန် ပို၍ပင် စိတ်အားထက်သန်လာခဲ့သည်။

ရော့စ်သည် ဝမ်ဟိုင်ထောင်၏ ဗီဒီယိုကို နှစ်ကြိမ်တိုင်တိုင် သေသေချာချာ ကြည့်ရှုခဲ့သည်။ သူ နောက်ကျမှ ရောက်လာခြင်းကြောင့် ဖြစ်နိုင်၏၊ ဟိုတယ်အမည်ကို ဖော်ပြထားသော မှတ်ချက်အားလုံးမှာ အစောကတည်းမှ ဖျက်ပစ်ခြင်း ခံထားရသည်။ ဝမ်ဟိုင်ထောင်မှာ e-sports ကစားသမားတစ်ဦးဖြစ်ပြီး လူသိရှင်ကြား ပုဂ္ဂိုလ်တစ်ဦးဖြစ်သဖြင့် သူ၏အဖွဲ့မှာ သူ၏ စီးပွားရေးဆိုင်ရာတန်ဖိုးကို ထိန်းသိမ်းရန် အလွန်ဂရုစိုက်ကြသည်။ သူ၏ ဗီဒီယိုများတွင် ပါဝင်သော ပစ္စည်းများကို စနစ်တကျ စိစစ်ကြပြီး ထောက်ခံချက်ပေးထားသော ကုန်အမှတ်တံဆိပ် မဟုတ်ပါက ဖော်ပြခွင့်မပြုချေ၊ ထိုဟိုတယ်မှာလည်း ချွင်းချက်မဟုတ်ပေ။

ရော့စ်သည် အားကိုးရာမဲ့စွာဖြင့် အော်ရိန်း၏ ဗီဒီယိုကိုသာ ထပ်ခါတလဲလဲ ပြန်ကြည့်‌နေသော်လည်း ပို၍ အိပ်ငိုက်လာခဲ့သည်။ သူ၏ အမြင်အာရုံများမှာ ဝေဝါးလာပြီး မည်မျှပင် ကြိုးစားအားထုတ်စေကာမူ ပင်ပန်းနွမ်းနယ်မှုကို သူ မတွန်းလှန်နိုင်တော့ချေ။ တဖြည်းဖြည်းနှင့် သူ၏ မျက်ခွံများမှာ မမြင်ရသော လက်တစ်စုံမှ ဖိနှိပ်ထားသကဲ့သို့ ပိုမိုလေးလံလာကာ မျက်လုံးများကို ဆက်လက်ဖွင့်ထားရန် ခက်ခဲလာခဲ့သည်။ သူ၏ စိတ်ခွန်အားဖြင့် မိမိကိုယ်ကို ထိန်းထားရန် မျက်မှောင်အနည်းငယ် ကြုတ်ထားသော်လည်း သူ၏ မျက်ခွံများမှာ သစ္စာဖောက်ကာ တဖြည်းဖြည်း ပိတ်ကျသွားတော့၏။

နောက်ဆုံးတွင် သူ ဆက်လက်တောင့်မခံနိုင်တော့‌ပေ။ သူ၏ ဦးခေါင်းမှာ တစ်ဖက်သို့ စောင်းကျသွားပြီး ခန္ဓာကိုယ်မှာလည်း တဖြည်းဖြည်း လျောကျကာ မျက်လုံးများ ပိတ်သွားပြီးနောက် စားပွဲပေါ်သို့ မှောက်လျက် အိပ်ပျော်သွားတော့သည်။ လည်ပင်း၏ နာကျင်မှုကြောင့် ရော့စ် နိုးလာခဲ့၏။ သူ၏ လည်ပင်းရိုးများမှာ အသံထွက်နေပြီး တစ်ကိုယ်လုံးမှာ တောင့်တင်းနေသည်။ သူသည် မူးဝေနေသော မျက်လုံးများကို ဖွင့်လိုက်ရာ သူ၏ အသိစိတ်မှာ အိပ်မက်ထဲတွင် ရှိနေဆဲဟု ခံစားရ၏။

မနေ့ညက ဘာဖြစ်ခဲ့သည်ကို သူ အသည်းအသန် ပြန်စဉ်းစားကြည့်သည်။ ဟိုတယ်အမည်ကို ရှာရန် ဗီဒီယိုများကို လှန်လှောကြည့်နေခဲ့ခြင်းကို သူ သေသေချာချာ မှတ်မိသော်လည်း ဘာကြောင့် ရုတ်တရက် အိပ်ပျော်သွားသည်ကိုမူ သူ မသိလိုက်ပေ။ သူသည် အားယူ၍ ထိုင်လိုက်ရာ လည်ပင်း၏ နာကျင်မှုမှာ ပိုမိုထင်ရှားလာသည်။ ရော့စ်သည် လည်ပင်းတစ်ဝိုက်ရှိ တောင့်တင်းနေသော ကြွက်သားများကို ဖြေလျော့ရန် မသိစိတ်ဖြင့် နှိပ်နယ်လိုက်သော်လည်း နာကျင်မှုမှာ ပျောက်ကွယ်မသွားဘဲ ကျန်ရှိနေခဲ့၏။ သူသည် ဤနာကျင်မှုကို လျစ်လျူရှုကာ အေးစက်နေသော ရေတစ်ငုံကို သောက်လိုက်ပြီး ပါးကို ခပ်ဖွဖွပုတ်ကာ မှတ်ချက်များကြားတွင် ဆက်လက်ရှာဖွေနေပြန်သည်။

တစ်ညလုံး ပျံ့နှံ့သွားပြီးနောက်တွင် အော်ရိန်း၏ ဗီဒီယိုမှာ C-site ၏ ရေပန်းစားဆုံးကဏ္ဍ သို့ ရောက်ရှိသွားပြီး မှတ်ချက်များနှင့် စခရင်ပေါ်မှ စာတန်းများမှာလည်း ပေါက်ကွဲထွက်မတတ် များပြားလာခဲ့သည်။ ကြိုးစားမှုသည် အရာထင်ခဲ့ပြီဖြစ်၏။ ရော့စ်သည် နောက်ဆုံးတွင် ဤဟိုတယ်နှင့် ပတ်သက်သော အချက်အလက်များကို ရှာတွေ့ခဲ့သည်။

"ဝါး နောက်ဆုံးတော့ ငါရောက်ဖူးတဲ့နေရာ တစ်ခုပါလာပြီ၊ သူတို့ရဲ့ လမုန့်တွေက တကယ် အရသာရှိတာ၊ လီထျန်းယီ ရဲ့ လမုန့်နဲ့ တစ်ပုံစံတည်းပဲ၊ ငါတစ်ကယ်ကိုသဘောကျတယ်"

ဤမှတ်ချက်ကို လိုက်ကြည့်ခြင်းဖြင့် ရော့စ်သည် Weibo ပေါ်ရှိ လီထျန်းယီ၏ ပရိသတ်များ မှာယူထားသည့် အချက်အလက်များကို ရှာတွေ့ခဲ့ပြီး နောက်ဆုံးတွင် ပန်းတိုင်ကို အတည်ပြုနိုင်ခဲ့သည်။ ၎င်းမှာ ဟဲယဲ့တည်းခိုခန်း ဖြစ်သည်။

"ဟဲယဲ့တည်းခိုခန်း ယုံမြစ်မြို့မှာလား"

ရော့စ်သည် ဝမ်းသာအားရ ခုန်ထလိုက်သည်။ သူသည် ယုံမြစ်မြို့မှာ ရှိနေတာ မဟုတ်ပါလား ကံတရားက သူ့ကို ကူညီနေပြီဖြစ်၏။ သူသည် အလွန်အမင်း မြန်မြန်ဆန်ဆန် ထလိုက်သဖြင့် လည်ပင်းမှ နာကျင်မှုမှ စူးကနဲ ခံစားရ‌သော်လည်း ရော့စ်မှာ ဂရုမစိုက်နိုင်တော့ဘဲ တံခါးပြင်ပသို့ ပြ

ေးထွက်သွားတော့သည်။

ဟဲယဲ့တည်းခိုခန်း၏ ရှေ့မျက်နှာစာတွင် လူများဖြင့် ပြည့်နှက်နေပြီး ထောင့်တိုင်းတွင် လူအုပ်ကြီး ရှိနေသည်။ လူများသည် မုန့်များ ဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေကြ၏။ လူအုပ်ကြီးထဲမှ ရယ်သံများနှင့် အော်ဟစ်သံပေါင်းစုံ ထွက်ပေါ်နေသည်။ အချို့က မည်သည့်မုန့်မှာ အကျော်ကြားဆုံးလဲဆိုသည်ကို ဆွေးနွေးနေကြပြီး၊ အချို့မှာ သူတို့၏ အရသာကြိုက်နှစ်သက်မှုများကို ကျယ်လောင်စွာ ငြင်းခုံနေကြကာ၊ အချို့မှာမူ အနီးအနားတွင် မုန့်လုပ်နေသော စားဖိုမှူးများကို စိတ်ဝင်တစား ငေးကြည့်ရင်း လက်ညှိုးထိုးပြကာ ပြောဆိုနေကြ၏။ အရသာရှိသော မုန့်များနှင့် စည်ကားလှသော ဆိုင်မျက်နှာစာကို ကြည့်ခြင်းဖြင့် ဤ ဟဲယဲ့တည်းခိုခန်း ဟုခေါ်သော ဟိုတယ်မှာ အော်ရိန်း၏ ဗီဒီယိုထဲက ဆိုင်ဖြစ်ကြောင်း ရော့စ် အတည်ပြုနိုင်ခဲ့သည်။ စည်ကားလှသော လူအုပ်ကြီးထဲမှ တိုးဝှေ့ထွက်လာပြီးနောက် ရော့စ်မှာ အမောတကော ဖြစ်နေ၏။ သူသည် အချိန်အကြာကြီး မ‌စောင့်တော့ဘဲ ဟဲယဲ့တည်းခိုခန်း၏ အဝင်ဝသို့ တန်းတန်းမတ်မတ် ဝင်သွားတော့သည်။

"မှန်ပါတဲ့ အခန်းတစ်ခန်း ပေးပါ"

ရော့စ်၏ ရင်ဘတ်မှာ အမောတကောဖြင့် နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး နဖူးပေါ်၌ ချွေးစက်လေးများ စိမ့်ထွက်နေကာ သူ၏ စကားသံများမှာလည်း အနည်းငယ် ဗလုံးဗထွေး ဖြစ်နေသည်။ ဧည့်ကြိုကောင်တာမှ လီရှီ သည် ဖုန်းပြောဆိုမှုကို ယခုလေးတင် အဆုံးသတ်လိုက်ပြီး လက်ချောင်းများကို လှုပ်ရှားနေ၏။ ၎င်းမှာ အခန်းလာရောက် ဘိုကင်တင်သော အခြားဧည့်သည်တစ်ဦး၏ ဖုန်းပင် ဖြစ်သည်။ ဤမနက်ခင်းတွင် သူသည် အနည်းဆုံး ဖုန်းအကြိမ်ရေ (၂၀) လက်ခံခဲ့ရ၏။ အွန်လိုင်း ဘိုကင်စနစ်တွင် အခန်းများ ပြည့်နေသည်ကို ဧည့်သည်အများအပြား မြင်တွေ့ခဲ့ရသော်လည်း သူတို့သည် ကံစမ်းသည့်အနေဖြင့် ဖုန်းဆက်၍ မေးမြန်းနေကြဆဲ ဖြစ်သည်။ ယခုလည်း အမှန်တကယ်ပင် ကံစမ်းရန် လူကိုယ်တိုင် ဆိုင်သို့ ရောက်ရှိလာသည့်သူ ရှိနေပြန်ပြီဖြစ်သည်။

လီရှီသည် စိုးရိမ်တကြီး ဖြစ်နေသော ရော့စကို မော့ကြည့်လိုက်ပြီး စိတ်ထဲ၌ သက်ပြင်းချလိုက်မိသည်။ ဤဧည့်သည်သည် အခန်းရှိမရှိ အွန်လိုင်းတွင် အဘယ်ကြောင့် မစစ်ဆေးခဲ့ပါသနည်း။ အနည်းဆုံး ဖုန်းလေးတော့ ဆက်သင့်သည်မဟုတ်ပါလား။ ယခုတော့ အလကား အပင်ပန်းခံ ရောက်လာခဲ့ပြီ။ ထိုသို့ တွေးမိသော်လည်း လီရှီသည် အလွန်ပင် ယဉ်ကျေးစွာ ပြန်လည်ဖြေကြားလိုက်၏။

"မင်္ဂလာပါ ဧည့်သည်တော်၊ ဟဲယဲ့တည်းခိုခန်းမှ ကြိုဆိုပါတယ်၊ မှန်ပါတဲ့ အခန်းဆိုတာက မှော််မှန်ရှိတဲ့အခန်းကို ပြောတာလားခင်ဗျာ၊ လောလောဆယ်မှာ ကျွန်တော်တို့ရဲ့ရှုကျိအိပ်ရာကြီး အခန်းတွေမှာပဲ မှော်မှန်တွေပါပါတယ်"

လီရှီ စကားမဆုံးသေးခင်မှာပင် ရော့စ်မှာ စိတ်လှုပ်ရှားစွာ ဖြတ်ပြောလိုက်သည်။

"ဟုတ်တယ်၊ အဲဒီမှန်ကိုပဲ လိုချင်တာ၊ အခုချက်ချင်း အခန်းတစ်ခန်း ပေးပါ"

"တောင်းပန်ပါတယ် ဧည့်သည်တော်၊ ဒီနေ့အတွက် အခန်းအားလုံးက ဘိုကင်ပြည့်သွားပါပြီ၊ ရှုကျိအိပ်ရာကြီး အခန်းဆိုရင် အောက်တိုဘာလ (၁၃) ရက်နေ့မှ အားပါမယ်"

လီရှီမှာ ကွန်ပျူတာပေါ်ရှိ အချက်အလက်များကို စစ်ဆေးရင်း ပြောလိုက်သည်။

"ဘာ ၁၃ ရက်ကြီးများတောင်လား"

ရော့စ်ညန်မှာ မယုံနိုင်အောင် ဖြစ်သွားသည်။

"ဟုတ်ကဲ့ပါ၊ ဒါပေမဲ့ အောက်တိုဘာလ (၁၁) ရက်နေ့မှာတော့ အခြားအခန်းအမျိုးအစား‌တွေ အားတာရှိပါတယ်, အဲဒါကို ဘိုကင်တင်ချင်ပါသလား"

လီရှီ ပြုံးလျက် အကြံပြုလိုက်သည်။ ရော့စ်မှာ ဤမျှအထိ မစောင့်နိုင်တော့ပေ။ သူ၏ မျက်လုံးများမှာ အနည်းငယ် နီရဲလာပြီး စကားများကို ပို၍ပင် ဗလုံးဗထွေး ပြောလာတော့သည်။

"ငါ ဒီနေ့အတွက် တစ်ခန်းပဲ လိုချင်တာပါ၊ အနည်းဆုံး နောက်နေ့ ဆိုရင်တောင် ရပါတယ်၊ ကျေးဇူးပြုပြီး ကူညီပါ၊ ငါ့မှာ တကယ်ကို အရေးကြီးတဲ့ ကိစ္စရှိလို့ပါ၊ ပိုက်ဆံ ပိုပေးပါ့မယ်၊ ယွမ် (၂,၀၀၀) ထပ်တိုးပေးနိုင်ပါတယ်"

လီရှီ၏ အသံမှာ တည်ငြိမ်နူးညံ့နေပြီး သူ၏ လေသံမှာလည်း ယဉ်ကျေးပျူငှာလှသည်။ ဤဧည့်သည်၏ တောင်းဆိုချက်မှာ အနည်းငယ် အဓိပ္ပာယ်မရှိဟု ခံစားရသော်လည်း သူ၏ ကိုယ်ပိုင်ခံစားချက်များကို အလုပ်အပေါ် သက်ရောက်မှုမရှိစေရန် အစွမ်းကုန် ကြိုးစားနေ၏။

"တကယ်ကို စိတ်မကောင်းပါဘူး ဧည့်သည်တော်၊ ကျွန်တော်တို့ အခန်းတွေ အားလုံးက ဘိုကင် အပြည့် တင်ထားပြီးသား ဖြစ်နေလို့ပါ"

"ယွမ် (၅,၀၀၀) ထပ်တိုး‌ပေးမယ်"

ရော့စ်မှာ ဈေးနှုန်းကို ဆက်လက်မြှင့်ပြောလိုက်ရာ သူ၏ အသံမှာ စူးရှသွားသည်။ လီရှီသည် စိုးရိမ်တကြီး ဖြစ်နေသော ဧည့်သည်ကို စိတ်အေးသွားစေရန် တစ်ခါသုံး စက္ကူခွက်တစ်ခုထဲသို့ ရေတစ်ခွက် ထည့်ပေးလိုက်၏။ လီရှီသည် 'ဧည့်ကြိုကောင်တာ လုပ်ငန်းလက်စွဲ' ထဲမှ စကားလုံးများကို ပြန်လည်သတိရလိုက်ပြီး အခြေအနေတိုင်းတွင် သုံးနိုင်သော စကားလုံးတစ်ခွန်းကို ဂရုတစိုက် ရွေးချယ်လိုက်သည်။

"ဧည့်သည်တော် ခံစားနေရတာကို ကျွန်တော် အပြည့်အဝ နားလည်ပေးနိုင်ပါတယ်"

"ယွမ် (၈,၀၀၀) ထပ်တိုးမယ်"

ကံကောင်းထောက်မစွာဖြင့် လီရှီမှာ စိတ်ဓာတ်ခိုင်မာပြီး ရိုးသားသူတစ်ဦး ဖြစ်သည်။ သူသည် ခေတ္တရပ်လိုက်ပြီး ဆက်ပြော၏။

"အဆင်မပြေမှုတွေအတွက် တောင်းပန်ပါတယ် ဧည့်သည်တော်၊ တောင်းပန်တဲ့အနေနဲ့ ကျွန်တော် မနက်စာ ကူပွန်တစ်စောင် ပေးပါရစေ၊ အဲဒါကို ကြိုက်တဲ့အချိန် သုံးလို့ရပါတယ်"

"ယွမ် (၁၀,၀၀၀) ထပ်တိုးမယ်၊ ဒီ

နေ့ပဲ တည်းချင်တယ်"

ရော့စ်မှာ အရှုံးမပေးဘဲ ဇွတ်တောင်းဆိုနေသည်။ လီရှီ သက်ပြင်းအရှည်ကြီး ချလိုက်မိ၏။

"ဒီလိုလုပ်ပါလား၊ ကျွန်တော် နောက်ထပ် တစ်စောင် ထပ်တိုးပေးပါ့မယ်၊ စုစုပေါင်း မနက်စာ ကူပွန် နှစ်စောင်ပေါ့၊ ဧည့်သည် ဘယ်လိုထင်သလဲခင်ဗျာ "

ပိုပေးတာဘဲလေ၊ သူလည်း လုပ်တတ်ပါတယ်ဟု လီရှီ တွေးလိုက်သည်။ သို့သော် မနက်စာ ကူပွန်နှစ်စောင်မှာ သူပေးနိုင်သမျှ အများဆုံး ဖြစ်သည်၊ ထို့ထက်ပို၍ သူ မပေးနိုင်တော့ချေ။ ပိုက်ဆံ တိုးပေး၍မရမှန်းသိသွားသောအခါ ရော့စ်မှာပြန်လည် အသနားခံတော့သည်။

"ငါ့မှာမှော်မှန်ကို မေးချင်တဲ့ တကယ့်ကို အရေးကြီးတဲ့ အရေးပေါ်ကိစ္စရှိလို့ပါ"

လီရှီမှာ အပြင်ပန်းတွင်ပြုံးနေသော်လည်း စိတ်ထဲတွင်မူ အော်ဟစ်နေမိပြီ။ ဒီဧည့်သည်က ဘာလို့ရှင်းပြလို့မရ, ရတာလဲ။ အခန်းတွေက ပြည့်နေပြီလေ။ ဘယ်လောက်ပဲပိုပေးပေး လီရှီက အပေါ်ထပ်ကိုပြေးတက်ပြီး တည်းနေတဲ့ ဧည့်သည်တွေကို မောင်းထုတ်လို့မှမရတာ။

သူသာ အဲဒီလိုလုပ်မိရင် သူဌေးက သူ့ကို အလုပ်ထုတ်မှာအသေအချာပဲ။ ယွမ် (၁၀,၀၀၀) နှင့် အတည်တကျ အလုပ်အကိုင် ဘယ်အရာက ပိုအရေးကြီးသလဲဆိုသည်မှာ တွေးစရာပင် မလိုပေ။ လီရှီသည် 'ဧည့်ကြိုကောင်တာ လုပ်ငန်းလက်စွဲ' ထဲမှ နောက်ဆုံးလက်နက်ကိုသာ ထုတ်သုံးလိုက်ရတော့သည်။ ရန်သူ မလှုပ်ရင် ငါလည်း မလှုပ်ဘူး၊ ရန်သူ လှုပ်ရှားလာရင်လည်း ငါ မလှုပ်ဘူး။ သူသာ ပြုံးနေသရွေ့ မည်သည့်အခက်အခဲကိုမဆို ကျော်ဖြတ်နိုင်မည် ဖြစ်သည်။

ရော့စ်မှာ ပါးစပ်ခြောက်ကပ်သည်အထိ စကားပြောခဲ့ရသည်။ လီရှီမှာ မည်သို့မျှ မလှုပ်မယှက် ရှိနေသည်ကို မြင်သောအခါ သူသည် စိတ်ပျက်လက်ပျက်ဖြစ်သွားပြီး လှည့်ထွက်သွားတော့၏။ လီရှီမှာ စိတ်ထဲတွင်အလွန်ပင် ဝမ်းသာသွားသည်။ ဝါး သူဌေးပေးထားတဲ့ 'ဧည့်ကြိုကောင်တာ လုပ်ငန်းလက်စွဲ' က တကယ်ကို အလုပ်ဖြစ်တာပဲ။ ဒီခေါင်းမာတဲ့ ဧည့်သည်နောက်ဆုံးတော့ ထွက်သွားပြီပေါ့လေ။

96

လီရှီသည် မျှော်လင့်ချက်အပြည့်ဖြင့် လည်ပင်းတရှည်ရှည်နှင့် လှမ်းကြည့်နေမိသည်။ ရော့စ်သည် ဧည့်ကြိုကောင်တာရှေ့ရှိ ဆိုဖာဆီသို့ လျှောက်သွားကာ ဘုန်းခနဲ ထိုင်ချလိုက်ပြီးနောက် လီရှီ ငှဲ့ပေးထားသော ရေကို တစ်ကျိုက်တည်းနှင့် ကုန်အောင် သောက်ချလိုက်သည်ကို သူ မြင်လိုက်ရ၏။ လီရှီ၏ စိုးရိမ်‌နေသောနှလုံးသား‌လေးမှာ နောက်ဆုံးတွင် မျှော်လင့်ချက်မဲ့သွားရလေပြီ။

ဒီဧည့်သည်က ဘာလို့ မပြန်သေးတာလဲ ဆိုဖာပေါ်မှာ ထိုင်ပြီး ဘာလုပ်နေတာလဲ။ လီရှီ၏ မျက်နှာပေါ်ရှိ အပြုံးများမှာ လုံးဝဥဿုံ ပျက်စီးသွားတော့သည်။

"ဟင်း"

မမြင်ချင်ယောင်ဆောင်နေတာပဲ ကောင်းပါတယ်လေ ဟု လီရှီး မိမိကိုယ်ကိုယ် ဖြေသိမ့်လိုက်ရသည်။ ကံကောင်းထောက်မစွာဖြင့် မွန်းတည့်ချိန်နီးလာပြီဖြစ်ရာ ဧည့်သည်များမှာ တစ်ဦးပြီးတစ်ဦး တည်းခိုရန် ရောက်ရှိလာကြ၏။ လီရှီလည်း ပြန်လည်အလုပ်များသွားပြီး ရော့စ်အကြောင်းကို လုံးဝမေ့သွားတော့သည်။

"ဧည့်သည်တော်ခင်ဗျာ၊ ဒါကတော့ အခန်းကတ်ပါ၊ ဧည့်သည်တော်တို့ရဲ့ ရှုကျိ အိပ်ရာကြီးအခန်းက (၅) ထပ်မှာ ရှိပါတယ်၊ ဒီဘက်ကနေ ကြွပါခင်ဗျာ၊ အထုပ်အပိုးတွေကို ကူသယ်ပေးပါ့မယ်"

လီရှီသည် ညီအစ်မနှစ်‌ယောက်ကို အခန်းအပ်နှံပေးလိုက်သည်။ မစ္စကျိမှာ အခြားဧည့်သည်တစ်ဦး၏ အထုပ်အပိုးများကို ကူသယ်ပေးရန် သွားနေသဖြင့် လီရှီမှာ ဤညီအစ်မနှစ်ယောက်ကို အပေါ်ထပ်သို့ အရင်တက်သွားရန် ပြောလိုက်၏။ အစ်မလှလှဖြစ်သူမှာ ခရီးဆောင်သေတ္တာကို ချထားလိုက်ပြီး ပြောလိုက်သည်။

"ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ်"

သူမ၏ညီမလေးကို အပေါ်ထပ်သို့ခေါ်သွားရန် ပြင်လိုက်စဉ်မှာပင် လူရိပ်တစ်ခုမှာ ရုတ်တရက်ထွက်ပေါ်လာသည်။

"မိန်းမလှလေး၊ မင်းတို့က ရှုကျိနှစ်ယောက်အခန်းမှာတည်းမှာလား "

ရော့စ်သည် ထိုမိန်းကလေး၏လက်ထဲရှိ အခန်းကတ်ကို စိုက်ကြည့်နေသည်။ ဤသည်မှာ ညီအစ်မနှစ်ယောက်ရော လီရှီကိုပါ ထိတ်လန့်သွားစေ၏။ ညီအစ်မနှစ်ယောက်မှာ ရော့စ်ကို သတိအပြည့်နှင့် ကြည့်လိုက်ကြပြီး လီရှီမှာမူ ဧည့်ကြိုကောင်တာနောက်မှ အမြန်ပြေးထွက်လာကာ ရော့စ်၏လမ်းကို ပိတ်ရပ်လိုက်သည်။ ရော့စ်သည် လီရှီကိုရှောင်ကွင်းရန် ကြိုးစားသော်လည်း အလွန်အေးစက်သော အကြည့်တစ်ခု သူ့ထံ စိုက်ကြည့်နေသည်ကို ခံစားလိုက်ရ၏။ သူ တုန်လှုပ်သွားပြီး ထိုအကြည့်၏ အရင်းအမြစ်ကို ရှာရန် လှည့်ကြည့်သော်လည်း မည်သည့်အရာကိုမျှ မတွေ့ရဘဲ မည်းမှောင်သော အရိပ်တစ်ခုကိုသာ ဝေဝါးဝေဝါး မြင်လိုက်ရသည်။ ရော့စ်သည် သူ၏အသံကိုသာမြှင့်၍ ပြောလိုက်၏။

"မိန်းမလှလေးတို့၊ မင်းတို့ရဲ့ အခန်းအတွက် ကျွန်တော် ယွမ် (၁၀,၀၀၀) ပိုပေးပါ့မယ်၊ မိန်းမလှလေးတို့၊ ကျွန်တော် ပိုပေးနိုင်ပါတယ်"

လီရှီမှာ ရော့စ်၏ ပါးစပ်ကို ပိတ်ပစ်ချင်စိတ် ပေါက်သွားတော့သည်။ ညီအစ်မနှစ်‌ယောက်မှာ မျက်လုံးအသာလှန်ပြကာ အပေါ်ထပ်သို့ တက်သွားကြတော့၏။ ရူးနေတာပဲ၊ ဘယ်သူ့ကို ပိုက်ဆံနဲ့ လာစော်ကားနေတာလဲ။ လီရှီ အနည်းငယ် စိတ်တိုသွားသည်။ ရော့စ်သည် ဟိုတယ်၏ ဧည့်သည်များကိုပါ လာရောက်နှောင့်ယှက်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။

"ဧည့်သည်တော်၊ ခင်ဗျား ဒီလိုပဲ ဆက်လုပ်နေမယ်ဆိုရင် ကျွန်တော် လုံခြုံရေး ခေါ်ရလိမ့်မယ်"

လီရှီ၏စကားအဆုံးမှာပင် ရော့စ်သည် အေးစက်ပြီး လူသတ်ချင်စိတ်ပြင်းထန်သော အကြည့်တစ်ခု သူ့အနားသို့တိုးကပ်လာသည်ကို ခံစားလိုက်ရသည်။ သူ အံကြိတ်ကာ ထပ်မံပြောရန် ပြင်လိုက်သော်လည်း အချိန်မီရောက်ရှိလာသော စုဟယ်၏ကြားဖြတ်စကားကြောင့် ရပ်တန့်သွားရ၏။

"မင်္ဂလာပါ ဧည့်သည်တော်၊ ကျွန်မက ဒီတည်းခိုခန်းရဲ့ ပိုင်ရှင်ပါ၊ ကျွန်မတို့ စကားခဏ ပြောကြမလား"

စုဟယ်သည် လှုပ်ရှားတော့မည့် ရှောင်ရှီးကို သိမ်မွေ့စွာ တားဆီးလိုက်ပြီး ရော့စ်၏အသက်ကို ကယ်တင်လိုက်သည်။ ရော့စ်မှာ သူ့ရည်ရွယ်ချက်ကို စုဟယ်အား ရှင်းပြ၏။

"တည်းခိုခန်းပိုင်ရှင်၊ ကျွန်တော့်မှာ မှော်မှန်ကို မေးချင်တဲ့ တကယ့်ကို အရေးကြီးတဲ့ ကိစ္စရှိလို့ပါ၊ ဒါက ကျွန်တော့်အတွက် အရမ်းအရေးကြီးတယ်"

စုဟယ်သည် ရော့စ်ကို ဧည့်ကြိုကောင်တာနှင့် ဝေးရာသို့ ခေါ်ဆောင်သွားပြီး စိမ်းလန်းစိုပြည်သော ဟင်းသီးဟင်းရွက်ဥယျာဉ်ဆီသို့ ခေါ်သွားလိုက်သည်။ ဤနေရာမှာ ကျယ်ဝန်းပြီး တိတ်ဆိတ်လှသဖြင့် ရော့စ် အော်ဟစ်ဆူညံလျှင်ပင် သူမ မစိုးရိမ်တော့ချေ။

"ဧည့်သည်တော်၊ ကျွန်မတို့ရဲ့ မှော်မှန်မှာ အခကြေးငွေပေးပြီး မေးခွန်းမေးတဲ့ စနစ်ရှိတာ မှန်ပါတယ်၊ ဒါပေမဲ့ အဖြေတွေရဲ့ တိကျမှုကိုတော့ ကျွန်မတို့ အာမမခံနိုင်ပါဘူး၊ ကျေးဇူးပြုပြီး ပြန်စဉ်းစားပေးပါဦး"

စုဟယ်က နားထင်ကို ပွတ်ကာ ပြောလိုက်သည်။ သူတို့ စကားပြောနေစဉ်အတွင်းမှာပင် ရော့စ်မှာ ဈေးနှုန်းကို ယွမ် (၅၀,၀၀၀) အထိ တိုးပေးထားပြီး ဖြစ်သည်။ ရော့စ် စိတ်ပျက်သွားမည်ကို သူမ အမှန်တကယ် စိုးရိမ်မိ၏။

"တည်းခိုခန်းပိုင်ရှင်၊ အမှန်အတိုင်း ပြောရရင် ကျွန်တော် မှန်ဆီကို အဖြေလာရှာတာက ပျောက်ဆုံးသွားတဲ့ ပစ္စည်းတစ်ခုကို ရှာဖို့ ကူညီပေးနိုင်မလားလို့ပါ၊ ဒါက ကျွန်တော့်အတွက် တကယ့်ကို အရေးကြီးပါတယ်၊ ပိုက်ဆံအတွက် စိုးရိမ်စရာ မလိုပါဘူး၊ ဘယ်လောက်ပဲ ကုန်ကုန် ကျွန်တော် ပေးနိုင်ပါတယ်၊ အရင်ကလည်း နိုင်ငံခြားက တာရော့ ဆရာတစ်ယောက်ကို ရှာခိုင်းဖို့ ယွမ်(၁၂၀,၀၀၀) ကုန်ခဲ့ဖူးသလို၊ ပြည်တွင်းက နာမည်ကြီး ဗေဒင်ဆရာတစ်ယောက်ဆီမှာ လမ်းညွှန်မှုခံယူဖို့ ယွမ် (၂၀၀,၀၀၀) ကုန်ခဲ့ဖူးပါတယ်၊ ဒါပေမဲ့ နှစ်ယောက်လုံးက ဘာရလဒ်မှ မပေးနိုင်ခဲ့ဘူး၊ အမှန်အတိုင်း ပြောရရင် ကျွန်တော့်အတွက် ပိုက်ဆံက အရေးမကြီးပါဘူး၊ နောက်ဆုံးတစ်ခေါက်လောက်ပဲ ကြိုးစားကြည့်ချင်တာပါ"

စုဟယ်မှာ ဆွံ့အသွား၏။ ယွမ်သောင်းဂဏန်းလား။ ပိုက်ဆံရဲ့ရေတွက်ပုံ ဘယ်တုန်းက သောင်းဂဏန်းစဖြစ်သွားတာလဲ။

"မစ္စတာ ကျွန်မ ရှင့်ကိုတကယ်ကူညီချင်ပါတယ်၊ ဒါပေမဲ့ အခန်းတွေက တကယ်ပဲ ပြည့်နေလို့ပါ၊ ပြီးတော့ အခုကအားလပ်ရက်ဖြစ်နေတော့ ဧည့်သည်တွေလည်း အရမ်းများပါတယ်၊ မနက် (၁၁) နာရီမှာ ဧည့်သည်တွေ အခန်းထွက်သွားပြီးရင် နောက်ထပ် (၁၂) နာရီမှာလာမယ့် ဧည့်သည်တွေကို ကြိုဆိုဖို့အတွက် တစ်နာရီအတွင်း အခန်းကို သန့်ရှင်းရေး လုပ်ရပါတယ်၊ ကျွန်မတို့ဆီမှာ တကယ်ကို အချိန်ပိုမရှိပါဘူး"

စုဟယ် အမှန်တကယ်ကူညီချင်သော်လည်း မတတ်နိုင်ဖြစ်နေသည်။ အကယ်၍ ဧည့်သည်တစ်ဦးဦးသာ အခန်းစောစောထွက်ခဲ့လျှင် သို့မဟုတ် နောက်ကျမှ ရောက်လာလျှင် သူမသည် ချန်နန်နန်ကို ကူညီခဲ့သကဲ့သို့ သူ့ကိုလည်း ကူညီမိမည်ဖြစ်၏။

"ဒါဆိုရင် တည်းခိုခန်းပိုင်ရှင်၊ ခင်ဗျား ဒီနေ့ မှန်အသစ်တစ်ချပ် ထပ်ဝယ်လို့ရမယ့် နည်းလမ်းရှိမလား"

ရော့စ်မှာ စိတ်ပျက်သွားပုံရသည်။ လူ့ခံစားချက်မှာ အတက်အကျ ရှိတတ်သည်။ သူသည် မျှော်လင့်ချက် ပျက်သုဉ်းလုနီးပါးဖြစ်ကာ ခါးသီးစွာ ပြုံးလိုက်မိ၏။ စုဟယ် သူမ၏ နဖူးကို လက်နှင့် ပုတ်လိုက်သည်။ အိုး ဟုတ်သားပဲ။ သူမ ဘာလို့ ဒါကိုမစဉ်းစားမိတာလဲ စုဟယ်သည် ထူးဆန်းသော မျက်နှာအမူအရာဖြင့်ဆိုလိုက်သည်။

"ဒါကတော့ ဖြစ်နိုင်ပါတယ်"

ရော့စ်တစ်ယောက်ဝမ်းသာသွားရသည်။

"ဈေးနှုန်းက ပြဿနာ မဟုတ်ဘူး"

"ဧည့်သည်တော်၊ ကျွန်မ အခုပဲပစ္စည်းမှာဖို့ စီစဉ်လိုက်ပါ့မယ်။ ကုန်ကျစရိတ်က ယွမ် (၁၀၀,၀၀၀)ကျပါမယ်၊ ကျွန်မတို့က မှော်မှန်ထုတ်လုပ်သူနဲ့ စာချုပ်ချုပ်ထားတာ ရှိတယ်၊ ဒီမှန်ကို ကျွန်မတို့ တည်းခိုခန်းထဲမှာပဲသုံးရမယ်၊ တကယ်လို့ ရှင်မှန်ကိုမေးခွန်းမေးချင်တယ်ဆိုရင် ထပ်ဆောင်းအခကြေးငွေ ထပ်ပေးရပါလိမ့်မယ်၊ ဒါကို လက်ခံနိုင်ပါ့မလား "

စုဟယ်မှာ ရက်ရက်စက်စက်ပင်ပြောလိုက်သည်။ ဧည့်သည်များကို နှောင့်ယှက်သော ရော့စ်၏အမူအရာကို သူမ အလွန်မနှစ်မြို့သဖြင့် သူ့ကိုပညာပေးသည့်အနေဖြင့် ဈေးနှုန်းကို တမင်မြှင့်ပြောလိုက်ခြင်းဖြစ်သည်။

"ရပါတယ်၊ ကိစ္စမရှိဘူး"

ရော့စ်အတွက် ဤဈေးနှုန်းမှာမမြင့်မားလှပေ။ သူ့အိမ်ရှိ ရေပန်းစားသော စုဆောင်းပစ္စည်း အရုပ်ကလေးတစ်ရုပ်ပင် ယွမ် (၁၁၀,၀၀၀) ပေးရသည်ဖြစ်ရာ ယွမ် (၁၀၀,၀၀၀) ဆိုသည်မှာ သူ့အတွက် လက်ခံနိုင်သော ပမာဏ ဖြစ်သည်။ စုဟဲမှာ စိုးရိမ်စိတ် အနည်းငယ် ဖြစ်သွား၏။ သူက ဒီလောက် အလွယ်တကူသဘောတူလိုက်တာလား၊း။ ငါသာ ယွမ် (၂၀၀,၀၀၀)လို့ ပြောလိုက်ရင်ရော သူ လက်ခံမလားမသိဘူး။

"ဒါဆိုရင် ဧည့်သည်တော်၊ ထုတ်လုပ်သူကို ဆက်သွယ်နေတုန်း ခဏလောက် စောင့်ပေးပါဦး"

စုဟယ်သည် ရော့စ်ထိုင်ရန်အတွက် ထိုင်ခုံတစ်ခုကို ဆွဲပေးလိုက်သည်။ ရော့စ်သည် ကတိစကားကိုရရှိသွားပြီးနောက် သူ့ရှေ့ရှိစိမ်းလန်းစိုပြည်သော ဟင်းသီးဟင်းရွက်များကိုကြည့်ကာ စိတ်နှလုံး တည်ငြိမ်သွားတော့၏။ သူ၏စိုးရိမ်ပူပန်မှုများကို ဤအပင်များ စုပ်ယူသွားသကဲ့သို့ပင်။ ၎င်းတို့ကို ကြည့်နေရခြင်းမှာ သူ့ကို စိတ်သက်သာရာရစေပြီး ပျော်ရွှင်စေသည်။ ဟင်းသီးဟင်းရွက်ဥယျာဉ်လေးထဲမှ ထွက်လာပြီးနောက် ရှောင်ရှီးသည် စုဟယ်၏ ပခုံးပေါ်သို့ ပျံတက်လာပြီး မကျေမနပ်ပြောတော့၏။

"ဘာလို့ သူ့ကို သဘောတူလိုက်တာလဲ သူက တည်းခိုခန်းက ဧည့်သည်တွေကို နှောင့်ယှက်နေတာလေ "

"သူက ပိုက်ဆံပေးတယ်လေ"

စုဟယ်ညတည်ငြိမ်စွာ ပြန်ဖြေသည်။ ရှောင်ရှီး အနည်းငယ်စိတ်တိုသွား၏။ ပိုက်ဆံအတွက်နဲ့ ဒီလောက်အထိအလျှော့ပေးရသလား။

"သူက တည်းခိုခန်းမှာ တည်းနေတာမှ မဟုတ်တာ၊ တည်းခိုခန်းရဲ့ ဧည့်သည်လည်း မဟုတ်ဘူး၊ သူ့ကို ဒီလောက်အထိ ယဉ်ကျေးနေစရာမလိုပါဘူး"

စုဟယ်သည် ထောင်နေသောသူ့အမွှေးလေးများကို ပွတ်သပ်ပေးလိုက်သည်။

"ဟုတ်တယ်၊ အဲဒါကြောင့်လည်း သူ့ဆီကနေ ပိုက်ဆံရအောင် ဒီနည်းလမ်းကို သုံးလိုက်တာပေါ့၊ သူ့ကို မောင်းထုတ်လိုက်ရင်တော့ စိတ်ထဲ ကျေနပ်သွားမှာ အမှန်ပဲ၊ ဒါပေမဲ့ စဉ်းစားကြည့်ဦး၊ သူ့ဆီကရတဲ့ ယွမ် (၁၀၀,၀၀၀) နဲ့ ငါ မှော်မှန်အသစ် နှစ်ချပ်ဝယ်လို့ရတယ်လေ၊ အဲဒီအခါကျရင် စံနှုန်းမှီ ကုတင်နှစ်လုံးပါ အခန်းနှစ်ခန်းကို အခမဲ့အဆင့်မြှင့်ပေးလို့ ရသွားမယ်၊ ဒါက ပိုမကောင်းဘူးလား "

ရန်ပုံငွေ အကန့်အသတ်ရှိသောကြောင့် အခန်းတိုင်းတွင် မှော်မှန် တပ်ဆင်မပေးနိုင်ခဲ့ချေ။ ယခုမူ စုဟယ်သည် သူမ၏ တံစဉ်ကိုကိုင်ကာ ရော့စ်ကို အားရပါးရ ရိတ်သိမ်းလိုက်ခြင်းဖြင့် တည်းခိုခန်းရှိ ဧည့်သည်များမှာ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုကို ခံစားနိင်ရန် လုပ်ဆောင်လိုက်ခြင်းဖြစ်သည်။ ဤသည်မှာ ချမ်းသာသောသူကို ဓားပြတိုက်၍ ဆင်းရဲသားကို ကယ်တင်ခြင်းတစ်မျိုးပင် ဖြစ်၏။ ရှောင်ရှီးသည် ဤရှင်းပြချက်ကို မကျေမနပ်နှင့် လက်ခံလိုက်ပြီး ဒေါသတကြီးပြောလိုက်သည်။

"သူ့ကို ပိုက်ဆံတွေ အများကြီးထပ်ပေးခိုင်းရမယ် ဟွန်း ဟွန်း"

All Chapters