အခန်း (၉၇-၉၈)
Vol. 10 Ch. 97-98
97
စုဟယ်သည် (၅) ထပ်ရှိ နှစ်ယောက်အိပ်အခန်းသို့ ရောက်ရှိလာပြီး ပထမဦးစွာ နှောင့်ယှက်ခံလိုက်ရသော အမျိုးသမီးများထံသို့ တောင်းပန်သည့်အနေဖြင့် သစ်သီးဗန်းကို သွားရောက်ပေးအပ်ခဲ့သည်။ ဤသစ်သီးများမှာ စုဟဲကိုယ်တိုင် သစ်သီးဆိုင်မှ လတ်လတ်ဆတ်ဆတ် ရွေးချယ်လာခဲ့ခြင်းဖြစ်၏။ အမျိုးသမီးများမှာ အလွန်ပင် နားလည်မှုရှိသူဖြစ်ပြီး တည်းခိုခန်း၌ ဖြစ်ပွားခဲ့သော မမျှော်လင့်သည့် ဖြစ်ရပ်အတွက် ခွင့်လွှတ်ကြောင်း ပြောကြားခဲ့၏။ သူမတို့နှစ်ဦးစလုံးမှာ ဤဖြစ်ရပ်လေးကို စိတ်ထဲမထားကြတော့ဘဲ စုဟယ် ယူဆောင်လာပေးသော စိမ်းစိုနေသည့် စပျစ်သီးနှင့် ဘလူးဘယ်ရီသီး အလုံးကြီးများကို မြင်လိုက်ရချိန်တွင်မူ သူတို့၏ အနည်းငယ်သော မကျေနပ်မှုများမှာ ချက်ချင်းပင် အရည်ပျော်သွားတော့သည်။
စုဟယ်သည် စနစ်စတိုးဆိုင် မှ မှော်မှန်အသစ်တစ်ချပ်ကို ဝယ်ယူလိုက်ပြီး ပစ္စည်းသိုလှောင်ခန်းထဲတွင် ထားရှိလိုက်သည်။ ထို့နောက် ရော့စ်ထံသို့ သွားတွေ့ရန် တမင်တကာ အချိန်ဆွဲနေလိုက်၏။
"မစ္စတာ၊ ကျွန်မတို့ဆီမှာ အခန်းတွေအားလုံး ပြည့်နေတဲ့အတွက် ဒီမှန်ကို ပစ္စည်းသိုလှောင်ခန်းထဲမှာပဲ ထားပေးနိုင်ပါတော့တယ်၊ ဒါပေမဲ့ သိုလှောင်ခန်းကို အတွင်းကနေ သော့ခတ်ထားလို့ ရပါတယ်ရှင်"
စုဟယ်မှာ ပြောရင်း သူ့ကို (၆) ထပ်ရှိ သိုလှောင်ခန်းဆီသို့ ခေါ်ဆောင်သွားသည်။ သိုလှောင်ခန်းထဲတွင် အမျိုးမျိုးသော ကိရိယာများနှင့် သန့်ရှင်းရေးသုံးပစ္စည်းများ ရှိနေ၏။ ကြမ်းတိုက်တံများ၊ တံမြက်စည်းများနှင့် ရေပုံးများကို စနစ်တကျ စီစဉ်ထားပြီး သန့်ရှင်းရေးသုံး ဆေးရည်နံ့များ ပျံ့နှံ့နေသဖြင့် လူနေထိုင်ရာ အရပ်တစ်ခု၏ အငွေ့အသက်ကို ပေးစွမ်းနေသည်။ ဤသို့သော ရှုပ်ယှက်ခတ်နေသည့် ပစ္စည်းများကြား၌ မှန်တစ်ချပ်မှာ သိုလှောင်ခန်း၏ အလယ်ဗဟိုတည့်တည့်တွင် မတ်မတ်ထောင်ထားသည်။
ရော့စ်၏ အကြည့်မှာ မှန်ပေါ်တွင် တည့်တည့်ကျရောက်သွားသည်။ သူသည် စုဟဲ၏ ညွှန်ကြားချက်များကို ဂရုမထားတော့ဘဲ ခေါင်းကိုသာ ခပ်သွက်သွက် ငြိမ့်ပြနေတော့၏။ စုဟယ်သည် သူ၏အခြေအနေကို ရိပ်မိသဖြင့် ပါးနပ်စွာ တံခါးကို ပိတ်ပေးခဲ့ပြီး သိုလှောင်ခန်းထဲမှ တိတ်တဆိတ် ထွက်ခွာလာခဲ့ကာ တံခါးလက်ကိုင်တွင် "မနှောင့်ယှက်ရ" ဟူသော ဆိုင်းဘုတ်ကိုပင် ချိတ်ပေးခဲ့သေးသည်။ ရော့စ်သည် သူ၏လက်မှ ချွေးများကို ဘောင်းဘီနံဘေးတွင် ပွတ်သုတ်လိုက်ပြီးနောက် ရှေ့သို့ တိုးသွားကာ မှန်နှင့် အနီးကပ်ဆုံးတွင် ရပ်လိုက်၏။
"ပျောက်သွားတဲ့ ဓာတ်ပုံကို ရှာဖို့ မင်း ကူညီနိုင်မလား"
စကားပြောပြီးနောက် သူသည် မှော်မှန်ဆီမှ ကျေနပ်လောက်သော အဖြေတစ်ခု ရရှိရန် စိုးရိမ်တကြီး ကြည့်နေမိသည်။ မှော်မှန်သည် စုဟယ်ထံမှ သတင်းစကားကို ရရှိထားပြီးဖြစ်ရာ ၎င်း၏ရှေ့ရှိ လူမှာ ငွေကို ရေလိုသုံးနိုင်သူ ဖြစ်ကြောင်း သိရှိပြီးဖြစ်၏။ မှော်မှန်ကြီးသည် ၎င်း၏ မျက်နှာပြင်ပေါ်တွင် QR ကုဒ်တစ်ခုကို လျင်မြန်စွာ ဖော်ပြလိုက်သည် ။
"ဒါပေါ့ ကျွန်တော့ အရှင်သခင်၊ အရှင့်ရဲ့ မေးခွန်းတွေကို ဖြေကြားပေးရမှာက ကျွန်တော့အတွက် အလွန်ဝမ်းမြောက်စရာပါပဲ "
မှန်ထဲ၌ ပေါ်နေသော ထိုလူ၏ မျက်လုံးများထဲတွင် အမျိုးမျိုးသော စိုးရိမ်ပူပန်မှုများ ရှိနေသည်။ သူ၏ မျက်နှာမှာ တည်ကြည်လေးနက်နေပြီး လက်သီးများကိုလည်း တင်းတင်းဆုပ်ထားရာ အတွင်းစိတ်၌ မငြိမ်မသက်ဖြစ်မှုနှင့် စိုးရိမ်ပူပန်မှုများကို ဖော်ပြနေ၏။ မှော်မှန်၏ အဖြေကို ကြားရပြီးနောက်တွင်မူ သူ၏ မျက်နှာအမူအရာမှာ အနည်းငယ် လျော့ပါးသွားပြီး မဆိုင်းမတွပင် သူ၏ဖုန်းကို ထုတ်ကာ ကုဒ်ကို စကင်ဖတ်၍ ငွေပေးချေလိုက်တော့သည်။ ဒုတိယထပ်သို့ ရောက်ရှိနေသော စုဟယ်ထံသို့ ဖုန်းမက်ဆေ့ခ်ျ အကြောင်းကြားစာတစ်ခု ရောက်လာ၏။
"ယွမ် (၅,၀၀၀) သင့်ဘဏ်အကောင့်ထဲသို့ ရောက်ရှိပါပြီ "
ဤသည်မှာ ရော့စ်သည် မှော်မှန်ထံတွင် တစ်ကြိမ်တည်းနှင့် ယွမ် (၅၀,၀၀၀) ဖိုး ငွေဖြည့်လိုက်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ စုဟယ်မှာ မှင်သက်သွားရ၏။ သူမသည် ချမ်းသာသောသူများ၏ ငွေကြေးသုံးစွဲမှုကို အမှန်တကယ်ပင် နားမလည်နိုင်သေးချေ။ မှော်မှန်ကြီးသည် ပျော်ရွှင်သော အရှိန်အဝါများကို ထုတ်လွှတ်လိုက်သည်။
"အရှင့်ရဲ့ ရက်ရောမှုအတွက် ကျေးဇူးတင်ပါတယ် အရှင်သခင် "
ဤဆုကြေးငွေကြောင့် မှော်မှန်၏ မျက်နှာပြင်ပေါ်တွင် တောက်ပသော ပန်းရောင်အလင်းတန်းများဖြင့် လင်းလက်သွားပြီး မှော်မှန်၏ အသံမှာလည်း ပိုမိုစွဲမက်ဖွယ်ကောင်းလာကာ ပိုမိုအစွမ်းထက်လာသည်။
"အရှင်သခင်၊ အရှင် ဘယ်ပစ္စည်းကို ရှာချင်တာလဲဆိုတာ ကျွန်တော့်ကို ပြောပြပါ၊ အရှင် စိတ်ပျက်ရမှာ မဟုတ်ဘူးဆိုတာ ကျွန်တော် အာမခံပါတယ်"
မှော်မှန်၏ အသံမှာ ပုံမှန်ထက်ပင် ပို၍ သာယာချိုမြိန်သော ဆွဲဆောင်မှုများ ရှိနေသည်။ ရော့စ်သည် ဤဖြစ်ရပ်ကို ပြန်လည်စဉ်းစားမိတိုင်း မိမိကိုယ်ကို သတ်သေချင်လောက်အောင်ပင် နောင်တရမိ၏။ သူသည် ဆံပင်များကို ဆွဲဖွကာ ဦးရေပြားကိုပြင်းပြင်းထန်ထန် ကုတ်လိုက်သဖြင့် သူ၏ဆံပင်များမှာ ငှက်သိုက်ကဲ့သို့ ရှုပ်ပွသွားတော့သည်။ ဤသည်မှာ သူ၏ အတွင်းစိတ်မှ မတည်ငြိမ်မှုနှင့် စိတ်ပျက်အားငယ်မှုများကို ဖော်ထုတ်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်နေ၏။
"အရင်က ငါ စဉ်းစားဉာဏ်မရှိခဲ့ဘူး၊ အိမ်မှာ ငါ့ရဲ့ ပြိုင်ကားအသစ်အတွက် နေရာလွတ်လုပ်ဖို့ အခန်းနှစ်ခန်းကြားက နံရံတွေကို ဖြိုချဖို့ ရွေးချယ်ခဲ့မိတယ်"
အိမ်ထဲ၌ ဇိမ်ခံကားများ ထားရှိခြင်းမှာ ချမ်းသာသောသူများကြားတွင် မကြာသေးမီက ခေတ်စားလာသော ပုံစံသစ်တစ်ခု ဖြစ်သည်။ ရော့စ်သည် မိမိကိုယ်ကို ခေတ်ရေစီးကြောင်းကို ဦးဆောင်သူတစ်ဦးဟု မှတ်ယူထားသဖြင့် ခေတ်နောက်ကျမကျန်စေရန် ထိုအတိုင်း လိုက်လုပ်ချင်ခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း သူ၏မြို့လယ်ခေါင်မှ တိုက်ခန်းမှာ စောစောစီးစီးဝယ်ထားခြင်းဖြစ်ပြီး ကားတင်ရန် ဓာတ်လှေကားမပါသဖြင့် သူသည်ဗီလာဆီသို့သာ ပစ်မှတ်ထားလိုက်ရသည်။ ရော့စ်မှာ တစ်ဦးတည်းသောသားဖြစ်သဖြင့် အလွန်အလိုလိုက်ခံရ၏။ သူသည် စိတ်ကူးပေါက်ရာလုပ်တတ်ပြီး ပိုက်ဆံကို မီးရှို့သကဲ့သို့ ဖြုန်းတီးသည်မှာ ယခုတစ်ကြိမ်တည်း မဟုတ်ပေ။ ယခင်ကလည်း အခြားဗီလာတစ်ခု၏ ရှေ့တွင် ရေကူးကန်ပါတီ လုပ်ရန်အတွက် အပြင်ဘက် ရေကူးကန်ကြီးတစ်ခုကို တူးဖော်ခဲ့ဖူးသည်။
ဤရေကူးကန်ပါတီကြောင့် သူသည် ချမ်းသာသော ဒုတိယမျိုးဆက် သူဌေးသားများအကြားတွင် လူသိများသူ ဖြစ်လာခဲ့ပြီး လူတကာ၏ အာရုံစိုက်ခြင်းကို ခံရသည့်အရသာကို စွဲလမ်းသွားခဲ့သည်။ သူသည် လူမှုကွန်ရက် အကောင့်တစ်ခုကိုပင် ဖွင့်လှစ်ခဲ့ပြီး သူ၏ စည်းစိမ်များအား အွန်လိုင်းပေါ်တွင် တင်ရသည်ကို ဝါသနာပါလာခဲ့၏။ သူ့မိသားစုပိုင်သော ဗီလာအိမ်အတော်များများမှာ သူ၏လက်မှ မလွတ်ကင်းကြချေ။ သူသည် ဗီလာအတော်များများကို ဖျက်ဆီးခဲ့ပြီးဖြစ်ရာ တစ်ခါတစ်ရံ ၎င်းတို့ကို ဖက်ရှင်ရှိုးစင်မြင့်ကြီးများအဖြစ် ပြောင်းလဲပစ်ကာ၊ တစ်ခါတစ်ရံတွင်မူ အိမ်ထဲ၌ မြင့်မားလှသော လျှောစင်ကြီးတစ်ခုကို ဆောက်လုပ်ခဲ့သည်။ ယခုအကြိမ်တွင်မူ သူ၏ ဇိမ်ခံကားအသစ်ကို အိမ်ထဲသို့ သယ်ဆောင်ရန်အတွက် သူသည် ကျေးလက်ရှိဗီလာအိမ်ကို မျက်စိကျခဲ့၏။
ထိုကျေးလက်ဗီလာမှာ မြို့ထဲ၌ရှိခြင်းမဟုတ်ဘဲ သူ့အဘွားဖြစ်သူ အနားယူရန်အတွက် အသုံးပြုသော အိမ်ဖြစ်သည်။ ရော့စ်သည် ထိုဗီလာရှေ့ရှိ ဂျုံခင်းကြီးကို အနှစ်သက်ဆုံး ဖြစ်သည်။ ဂျုံများမရင့်မှည့်သေးမီတွင် ဂျုံခင်းကြီးမှာ စိမ်းလန်းစိုပြည်သော မြင်ကွင်းကျယ်ကြီး ဖြစ်နေတတ်၏။ သူသည် ဇိမ်ခံကားကို ဒုတိယထပ်တွင် ထားရှိချင်ခဲ့သည်။ ထိုအခါ ပြတင်းပေါက်မှဓာတ်ပုံရိုက်လျှင် ဇိမ်ခံကားမှာ ဂျုံခင်းကြီးထဲတွင် ပြေးလွှားနေသည့်အလား မြင်ရမည်ဖြစ်သည်။ ထိုမြင်ကွင်းမှာ အမှန်တကယ်ပင် ခန့်ညားလှပေလိမ့်မည်။
ရော့စ်၏အဘွားဖြစ်သူမှာ လွန်ခဲ့သော တစ်နှစ်၊ နှစ်နှစ်ခန့်ကတည်းမှစ၍ ကျန်းမာရေးမကောင်းလှဘဲ လူအိုရုံ တွင် တစ်နှစ်ပတ်လုံးနေထိုင်နေရသဖြင့် ရော့စ်မှာ ပို၍ပင်အထိန်းအကွပ်မရှိ ဖြစ်လာခဲ့သည်။ သူသည် ကားတင်ဓာတ်လှေကားတပ်ဆင်ရန်နှင့် ဗီလာ၏ အပြင်အဆင်ကိုပြောင်းလဲဖို့ ငွေအမြောက်အမြား အသုံးပြုခဲ့၏။ ဆောက်လုပ်ရေးအဖွဲ့မှာ ဗီလာ၏ ဒုတိယထပ်ရှိ အခန်းထက်ဝက်ကျော်ကို ဖြိုချခဲ့သဖြင့် တစ်ချိန်ကလှပခဲ့သော ဗီလာမှာ ပျက်စီးယိုယွင်းနေသည့် အခြေအနေသို့ ရောက်ရှိသွားတော့သည်။ ရော့စ်၏မိဘများ သိရှိသွားချိန်တွင်မူ ဆောက်လုပ်ရေးအဖွဲ့မှာ အပျက်အစီးများကိုပင် ရှင်းလင်းနေပြီ ဖြစ်၏။
သို့သော် ယခုအကြိမ်တွင်မူ ရော့စ်၏ မိဘများသည် သူ့ကို ပုံမှန်ကဲ့သို့သည်းမခံတော့ချေ။ သူတို့မျက်လုံးများထဲတွင် စိတ်ပျက်မှုနှင့် နာကျင်မှုများပြည့်နှက်နေသည်။ ထိုဗီလာမှာ ရော့စ်၏အဘွားဖြစ်သူ အနားယူရန် ဖြစ်၏။ အိမ်ထဲရှိ အပင်တိုင်း၊ သစ်ပင်တိုင်းကို အဘွားဖြစ်သူကိုယ်တိုင် စိုက်ပျိုးထားခြင်းဖြစ်ပြီး နှစ်ပေါင်းများစွာသော အမှတ်တရများစွာ ပါဝင်နေသည်။ အရေးကြီးဆုံးမှာ ထိုအိမ်၌ ရော့စ်၏အဘိုးဖြစ်သူ၏ ဓာတ်ပုံအယ်လ်ဘမ် ရှိနေခြင်းပင်။ မိဘများ၏ပြင်းထန်သော ဆူပူကြိမ်းမောင်းမှုကို ကြားရပြီးနောက် ရော့စ်သည် ခေါင်းငုံ့ကာ မှိုင်တွေသွားတော့သည်။ ထိုအချိန်မှသာ သူသည်အမှားကို သိရှိသွားခဲ့၏။ သူသည် ကွယ်လွန်သွားပြီဖြစ်သော အဖိုး၏ပစ္စည်းများကိုပါ ဖျက်ဆီးပစ်ခဲ့မိခြင်းဖြစ်သည်။
မိဘများ၏ပြင်းထန်သော ဝေဖန်မှုများအောက်တွင် ရော့စ်သည် ဆောက်လုပ်ရေး အပျက်အစီးပုံများကြား အဘိုးဖတ်ခဲ့သော စာအုပ်များနှင့် အဘိုးနှစ်သက်စွာ အသုံးပြုခဲ့သော ဆေးတံကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့သော်လည်း အဘိုးနှင့်အဘွားတို့ တွဲရိုက်ထားသော ဓာတ်ပုံမှာမူ ပျောက်ဆုံးနေခဲ့သည်။
သူ့အဘွားမှာ ယခုနှစ်လပြည့်ပွဲတော် တွင် အိမ်ဟောင်းသို့ပြန်၍ ကြည့်ချင်ခဲ့သော်လည်း အဘိုးနှင့် အဘွား၏ အရေးကြီးဆုံး အမှတ်တရဖြစ်သောဓာတ်ပုံမှာပျောက်ဆုံးနေသဖြင့် ရော့စ်၏မိဘများမှာ အဘွားကို အိမ်သို့ပြန်ခေါ်ရန် မဝံ့မရဲဖြစ်နေကြသည်။
ဘာကို ပြန်ကြည့်ဖို့လဲ အုတ်ကျိုးအုတ်ပဲ့ပုံကြီးကိုလား။
ဆရာဝန်များမှာ ရော့စ်အဘွား၏ ကျန်းမာရေးအပေါ် သုံးသပ်ချက်မှာ အားရစရာသိပ်မရှိလှချေ။ သူမကိုယ်တိုင်လည်း သူမတွင် အချိန်သိပ်မကျန်တော့ကြောင်း ခံစားမိသဖြင့် အိမ်ကိုသာ ပြန်ချင်နေခြင်းဖြစ်သည်။ ထိုအချိန်မှသာ ရော့စ်သည် သူ ကြီးမားသော အမှားတစ်ခုကို ဖန်တီးခဲ့မိကြောင်း သိလိုက်ရတော့၏။ ယခုအခါ သူသည် ထိုဓာတ်ပုံကို ပြန်ရှာတွေ့ရန်နှင့် အဘွားကို ဦးချ၍ တောင်းပန်ရန်သာ မျှော်လင့်နေတော့သည်။
"မှော်မှန်၊ အဲဒီဓာတ်ပုံကို ရှာဖို့ မင်း ကူညီနိုင်မလား"
ရော့စ်သည် အပျက်အစီးပုံများကို တူးရန် လူတစ်ဖွဲ့ကို ငှားရမ်းထားသည်မှာ သုံးရက်ရှိပြီဖြစ်သော်လည်း ဓာတ်ပုံ၏ အရိပ်အယောင်ကိုပင် မတွေ့ရသေးချေ။
"ဘယ်လို လျှို့ဝှက်ချက်ပဲဖြစ်ဖြစ် ကျွန်တော် ဖြေပေးနိုင်ပါတယ်"
မှော်မှန်မှာ သီချင်းလေး ညည်းရင်း ကြွားလုံးထုတ်လိုက်သည်။
"ကျွန်တော် အဲဒီဓာတ်ပုံကို မြင်နေရသလိုပဲ၊ အဲဒါက နည်းနည်းတော့ ဟောင်းနေပြီ၊ ဒါပေမဲ့ သေသေချာချာ ထိန်းသိမ်းထားတာကို မြင်နိုင်ပါတယ်"
မှော်မှန်မှာ ဝေဝါးဝေဝါး ပြောလိုက်သည်။ ရော့စ်သည် အသည်းအသန် ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်တယ်၊ မင်းပြောတာ မှန်တယ်၊ လုံးဝကို မှန်တယ်"
"ဓာတ်ပုံက အမည်းရောင်နဲ့ အဖြူရောင်ပဲ၊ ဓာတ်ပုံထဲက ဇနီးမောင်နှံနှစ်ဦးက တစ်ဦးနဲ့တစ်ဦး အရမ်းကိုရင်းနှီးကြတာပဲ၊ ဟင်း ဘယ်လိုတောင် လှတဲ့ အမျိုးသမီးလဲ"
မှော်မှန်မှာ အာမေဋိတ်ထွက်သွားသည်။ မျှော်လင့်ချက် ကောက်ရိုးတစ်မျှင်ကို ဆွဲကိုင်ထားရသော ရော့စ်သည် မှော်မှန်ကို အပြည့်အဝ ယုံကြည်သွားတော့၏။
"ဟုတ်တယ် အတိအကျပဲ၊ ငါ့အဘွားက အရမ်းလှတာ၊ အဲဒါကြောင့်လည်း ငါ့အဘိုးက သူမကိုမြင်မြင်ချင်း ချစ်မိသွားတာပေါ့"
"ဟူး"
မှော်မှန်မှာ သက်ပြင်းချလိုက်သည်။
"နှမြောစရာပဲ"
ရော့စ်၏ နှလုံးသားမှာ လှပ်ကနဲဖြစ်သွားသည်။
"ဘာဖြစ်လို့လဲ၊ ဘာက နှမြောစရာလဲ၊ ဓာတ်ပုံက ဘာဖြစ်လို့လဲ "
မှော်မှန်ကြီးမှာ နောင်တရဟန်ဖြင့်ပြောလိုက်သည်။
"ကံမကောင်းစွာနဲ့ပဲ စွမ်းအင်ကမလုံလောက်တော့ဘူး၊ ဓာတ်ပုံကို မြင်ဖို့ နည်းနည်းလေးဘဲ လိုတော့တာကို"
ရော့စ်သည် သူ့ဖုန်းကိုအမြန်ဆွဲထုတ်လိုက်သည်။ ဤသည်မှာ အလွန်အရေးကြီးသောအချိန်ဖြစ်ရာ စွမ်းအင်ကုန်လို့မဖြစ်ပါချေ။
98
ရော့စ်တစ်ယောက် ဟဲယဲ့ဟိုတယ်မှ အလောတကြီး ထွက်ခွာသွားချိန်တွင် စုဟယ်၏ အိတ်ကပ်ထဲ၌ နောက်ထပ် ငွေအမြောက်အမြား ရောက်ရှိနေပြီ ဖြစ်သည်။ ရော့စ်သည် မှော်မှန်ထံ၌ စုစုပေါင်း ယွမ် (၁၀၀,၀၀၀) ဖိုးအထိ ငွေဖြည့်သွင်းသွားခဲ့ခြင်းဖြစ်ရာ ၎င်းမှာ စုဟဲကိုပင် မနာလိုဖြစ်စေခဲ့၏။ စုဟယ်သည် မှော်မှန်ထံ နောက်တစ်ခေါက် ပြန်သွားကာ မေးမြန်းလိုက်သည်။
"နင်သေချာရဲ့လား နင်မလုပ်နိုင်တဲ့ အလုပ်ကိုတော့ တာဝန်မယူနဲ့နော်"
မှော်မှန်မှာ သူမကိုပြန်ပြောလိုက်သည်။
"သွားစမ်းပါ၊ ငါ ပိုက်ဆံရှာနေတာကို လာမနှောင့်ယှက်နဲ့"
၎င်း၏ ကိုယ်ပွားတစ်ခုမှာ လက်ရှိတွင် အခန်းထဲ၌ ဧည့်သည်ကို ဖျော်ဖြေပေးနေခြင်းဖြစ်ပြီး စုဟယ် အနားမှာ တဝဲလည်လည် လုပ်နေသည်ကို မြင်သောအခါ မှော်မှန်မှာ ပျင်းရိပျင်းတွဲဖြင့်ပင် ပြန်ပြောလိုက်သည်။
"စိတ်မပူပါနဲ့၊ ငါ သူ့အတွက် ရှာတွေ့သွားပါပြီ"
စုဟယ် သံသယစိတ်ဖြင့် မေးလိုက်၏။
"ဘယ်လိုလုပ် ရှာတွေ့တာလဲ နင် တကယ်ပဲ မှော်ပညာ သုံးလိုက်တာလား "
မှော်မှန်မှာ အကြောင်းစုံကို အမြစ်ကလှန်မေးချင်နေသော စုဟယ်ကို အဖတ်မလုပ်ချင်တော့သဖြင့် ပြီးစလွယ် ပြန်ဖြေလိုက်သည်။
"Snow White ကိုရှာဖို့ မိဖုရားကြီးကို ငါကူညီပေးခဲ့သလိုမျိုးပဲ သူ့ကိုလည်း ကူရှာပေးလိုက်တာ"
"ဪ နင်ရောက်လာတာ အတော်ပဲ၊ ငါ့ရဲ့ ဒီကိုယ်ပွားနှစ်ခုကို အခန်းတွေထဲ သွားရွှေ့ပေးဦး"
မှော်မှန်မှာ စုဟယ်ကို အမိန့်ပေးလိုက်သည်။ ၎င်းသည် ပိုက်ဆံရှာနိုင်မည့် အခွင့်အရေးကို လုံးဝလက်လွတ်မခံနိုင်ချေ။ စုဟယ်မှာ ငြင်းဆိုလိုက်သည်။
"မရဘူးလေ၊ ဒီဧည့်သည်တွေက သာမန်နှစ်ယောက်အိပ်ခန်းခပဲ ပေးထားတာ၊ အဲ့ဒီမှာ မှန်တွေသွားထားပေးရင် ရှုကျိ အိပ်ရာကြီးအခန်းအတွက် ပိုက်ဆံအပြည့်ပေးထားတဲ့ ဧည့်သည်တွေ နစ်နာကုန်မှာပေါ့"
မှော်မှန်ကြီး၏ အသံမှာ အနည်းငယ် စိတ်ပျက်သွားဟန်ဖြင့် ပြောလိုက်သည်။
"ငါက အခမဲ့ ဝန်ဆောင်မှုအချို့ပဲ ဖွင့်ပေးထားမှာလေ၊ အခြေခံအကျဆုံးဖြစ်တဲ့ အဝေးထိန်းခလုတ်နဲ့ အပူချိန်ထိန်းညှိတဲ့ စနစ်လောက်ပဲ ဖွင့်ပေးမှာ၊ စိတ်မပူပါနဲ့၊ ရှုကျိ အိပ်ရာကြီးအခန်းနဲ့တော့ ကွာခြားချက်ရှိနေမှာ အသေအချာပဲ"
"နင် ပိုက်ဆံမရှာချင်တော့ဘူးလား မြန်မြန်သွားစမ်းပါ"
မှော်မှန်ကြီးမှာ တိုက်တွန်းနေတော့သည်။ စုဟယ်သည် စိတ်ပျက်လက်ပျက်ဖြင့်ပင် မှော်မှန်ကိုယ်ပွားနှစ်ခုကို မကာ ဧည့်သည်များ၏ အခန်းတံခါးကို လိုက်ခေါက်ရတော့၏။ သူမသည်လည်း ပိုက်ဆံရှာရန် အလွန်စိတ်အားထက်သန်နေပါသည်။ တည်းခိုခန်းတွင် ဓာတ်လှေကားတစ်ခု အမှန်တကယ် လိုအပ်နေပြီ မဟုတ်ပါလား။ ဧည့်သည်တွေ များလာသည်နှင့်အမျှ အထုပ်အပိုးများကို လူအားဖြင့် သယ်ယူနေရခြင်းမှာ အလွန်ပင်အလုပ်ရှုပ်လှသည်။ အထူးသဖြင့် အခန်းပြန်အပ်ချိန် တွင် ဧည့်သည်အများစုမှာ ဧည့်ကြိုကောင်တာကို ဖုန်းဆက်ပြီး အထုပ်သယ်ပေးရန် ခေါ်ရသည်မှာ အလုပ်ရှုပ်သည်ဟု ယူဆကာ ခရီးဆောင်သေတ္တာများကို သူတို့ဘာသာ သယ်ချလာတတ်ကြသည်။ ဤသည်မှာ ဧည့်သည်များအတွက် အလွန်ပင် စိတ်ကျေနပ်မှု မရှိစေသော အချက်ဖြစ်၏။
စုဟယ်သည် ငွေတစ်ဝက်ခန့်ကို စုဆောင်းမိထားပြီဖြစ်ရာ ယွမ် (၃၆၀,၀၀၀) တန် မှော်ပဲစေ့ ဓာတ်လှေကား ကို ရရှိရန်အတွက် သူမ အလေးအနက် ဆုံးဖြတ်ထားသည်။ ပိုက်ဆံအိတ်မှာလည်း ဟောင်းလောင်းဖြစ်နေ၊ ပြောစရာ မျက်နှာလည်း မရှိသဖြင့် စုဟယ်မှာ မှော်မှန်ကြီး ခိုင်းသည့်အတိုင်း လုပ်ဆောင်လိုက်ရတော့၏။ အလုပ်များ ပြီးစီးသွားသောအခါ စုဟယ်သည် သူမအခန်းသို့ပြန်ကာ ခဏနားလိုက်ပြီး ဆရာဝေ၏ တိုက်ရိုက်လွှင့်ဗီဒီယိုကို ပြန်လည်တည်းဖြတ်၍ လူမှုကွန်ရက်ပေါ်သို့ တင်ရန် ပြင်ဆင်လိုက်သည်။
သူမအကောင့်ထဲသို့ ဝင်လိုက်ချိန်တွင် ဆရာဝေ၏ ဖော်လိုဝါအရေအတွက်မှာ (၈၀,၀၀၀) အထိ ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားရသည်။ ဆရာဝေ သည် မနေ့ညတိုက်ရိုက်လွှင့်မှုမှ ဖော်လိုဝါ (၃၀,၀၀၀) ခန့် တိုးလာခဲ့ခြင်း ဖြစ်သည်။ ဝေဖုန်းယီ ၏ လူကြိုက်များမှုနှုန်းမှာ (၉၇,၀၀၀) / (၁၀၀,၀၀၀) သို့သိသိသာသာ မြင့်တက်လာခဲ့ပြီး "အသင့်အတင့် လူသိများသူ" အဆင့်မှ "ထင်ရှားကျော်ကြားလာသူ" အဆင့်သို့ တက်လှမ်းနိုင်တော့မည် ဖြစ်၏။
စုဟယ်သည် ဟုန်လျန်၏ လူကြိုက်များမှုကိုလည်း တစ်ချက်ကြည့်လိုက်သည်။ ဟုန်လျန်မှာ လူများကို တည်ငြိမ်သော ပျော်ရွှင်မှုကို ပေးစွမ်းနိုင်၏။ သူမ၏ လူကြိုက်များမှုမှာ နေ့စဉ် (၂၀,၀၀၀) ခန့် တိုးပွားနေပြီး မနေ့ညတွင်လည်း သိသိသာသာ တိုးတက်လာခဲ့ရာ လက်ရှိတွင် (၁၈၆,၀၀၀) / (၁,၀၀၀,၀၀၀) ရှိနေပြီဖြစ်သည်။
"အော်ရိန်း တင်ထားတဲ့ ဗီဒီယိုကို တစ်ယောက်ယောက်တော့ ကြည့်မိသွားပြီ ထင်တယ်"
စုဟယ် ခန့်မှန်းလိုက်သည်။ သူမသည် အော်ရိန်း နှင့် ဒန်ဒန် တို့ကိုလည်း ဖော်လိုလုပ်ထား၏။ ထိုဘလော့ဂါနှစ်ဦးသည် ဟဲယဲ့တည်းခိုခန်းအမည်ကို တိုက်ရိုက်မဖော်ပြသော်လည်း သဲလွန်စရှာရာတွင် တော်သော စူးစမ်းတတ်သည့် ကြည့်ရှုသူများသည် တည်းခိုခန်းအမည်ကို အလျင်အမြန် ရှာတွေ့သွားတတ်ကြသည်။ နောက်ထပ် ရက်အနည်းငယ်ကြာလျှင် ဗီဒီယို၏ အကျိုးသက်ရောက်မှုမှာ အမှန်တကယ် ထင်ရှားလာလိမ့်မည်ဟု စုဟဲ ယုံကြည်နေ၏။
ဝေဖုန်းယီ၏ ဟောပြောမှုများမှာ အလွန်ပင် ယုတ္တိရှိပြီး အတွေးအခေါ် ထက်မြက်လှကာ အချက်အလက်တစ်ခုချင်းစီကိုလည်း စနစ်တကျ စီစဉ်ထားသဖြင့် လူများ နားလည်ရန် လွယ်ကူလှသည်။ သူ၏ အသံထွက်မှာလည်း ရှင်းလင်းလှသဖြင့် စုဟယ်အနေဖြင့် စာတန်းထိုးရန် အချိန်ကုန်ခံနေစရာမလိုတော့ချေ။ အိုင်အေ စာတန်းထိုးစနစ်မှာ ဆရာကြီးဝေ၏ စကားလုံးများကို (၉၅) ရာခိုင်နှုန်းထက်မနည်း တိကျစွာ မှတ်မိနိုင်စွမ်းရှိသည်။ သူမအနေဖြင့် သိပ်အသုံးမပြုသော စကားလုံးအချို့ကိုသာ ပြင်ဆင်ပေးရန် လိုအပ်၏။
ဆရာဝေ၏ ဗီဒီယိုများကို တည်းဖြတ်ရသည်မှာ လွယ်ကူလှသည်။ သူ၏ တိုက်ရိုက်လွှင့်မှုတွင် ပါဝင်သောအချက်အလက်များမှာ လေးနက်သလို စိတ်ဝင်စားစရာလည်း ကောင်းလှသဖြင့် အပိုင်းတိုင်းမှာ အထူးကောင်းမွန်နေ၏။ ပြီးပြည့်စုံသော ရလဒ်တစ်ခု ထွက်ပေါ်လာစေရန် အထူးတလည် ဖြတ်တောက်ရန် သို့မဟုတ် မွန်းမံရန်ပင် မလိုချေ။
စုဟယ်သည် ဗီဒီယိုတိုးတက်မှုပြဘားကို ဆွဲကြည့်ရင်း တည်းဖြတ်ထားသော ဗီဒီယိုကို ကျေနပ်အားရစွာဖြင့် ကြည့်ရှုနေမိသည်။ ထိုစဉ် သူမဖုန်းမှာ ဆက်တိုက် တုန်ခါလာတော့၏။ စုဟယ် ဖုန်းကိုကြည့်လိုက်သောအခါ သူမ မတွေ့လိုက်ရသော မက်ဆေ့ခ်ျများစွာ ရောက်ရှိနေသည်ကို သတိပြုမိသွားသည်။ သူမ၏အထက်တန်းတက်ချိန်တွင်အတူထိုင်ခဲ့သော သူငယ်ချင်းချိုးယွီထံမှ ဖုန်းခေါ်ဆိုနေခြင်းဖြစ်၏။ စုဟယ် မက်ဆေ့ခ်ျများကိုဖတ်ရန် အချိန်မရတော့သဖြင့် ဖုန်းကိုအရင်ဖြေလိုက်သည်။ သူမ၏အတန်းဖော် ချိုးယွီမှာ လုံးဝမပြောင်းလဲသေးချေ။ စုဟယ် ဖုန်းကိုင်လိုက်သည်နှင့် ချိုးယွီမှာ မေးခွန်းများ တရစပ်မေးတော့သည်။
"ဘာတွေဖြစ်နေတာလဲ၊ ဘာလို့ ဒီနောက်ပိုင်း အဆက်အသွယ်မလုပ်တာလဲ၊ အလုပ်ရှာတာရော ဘယ်လိုနေလဲ၊ အတန်းထဲက ဂရုထဲမက်ဆေ့ခ်ျတွေကိုရော မြင်လား "
စုဟယ် အနေရခက်စွာဖြင့် သူမနှာခေါင်းကို ပွတ်လိုက်မိသည်။ သူမဘွဲ့လွန်ဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်နေစဉ် ချိုးယွီသည်လည်း ပြင်ဆင်နေကြောင်း သိထားသဖြင့် ချိုးယွီနှင့် အဆက်အသွယ်ရှိခဲ့ပြီး နှစ်ဦးသား အတူတူ စာကျက်ဖော်လုပ်ရန် သဘောတူထားခဲ့ကြ၏။ ချိုးယွီမှာ အထက်တန်းတက်စဉ် စာအလွန်တော်သူဖြစ်သည်။ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲပြီးနောက် သူမသည် အမှတ်ကောင်းကောင်းဖြင့် တရုတ်တိုင်းရင်းဆေးပညာ တက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး ဘွဲ့လွန်စာမေးပွဲအတွက်လည်း အပြင်းအထန် ကြိုးစားခဲ့ကာ သူမ အိမ်မက်မက်ခဲ့သော ကျောင်းသို့တက်ရောက်ခွင့်ရရှိခဲ့၏။ ဘွဲ့လွန်ကျောင်း ဝင်ခွင့်မရခဲ့သော စုဟယ်မှာမူ နောက်ပိုင်းတွင် ချိုးယွီကို ဆက်သွယ်ရန် ရှက်ကိုးရှက်ကန်းဖြစ်နေခဲ့သည်။
"ငါ အလုပ်မရှာတော့ဘူး၊ အိမ်က တည်းခိုခန်းကိုပဲ လွှဲယူလိုက်ပြီ၊ နင့်ရဲ့မက်ဆေ့ခ်ျတွေကို ပြန်မဖြေဖြစ်တာ တောင်းပန်ပါတယ်"
စုဟယ် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ရှင်းပြလိုက်သည်။ ချိုးယွီမှာ သူမကို အလုပ်ရှာတာ ဘယ်လိုနေလဲဟု အကြိမ်ကြိမ် မေးခဲ့သော်လည်း သူမကိုယ်တိုင်စိတ်ပျက်နေခဲ့သဖြင့် ပြန်မဖြေဖြစ်ခဲ့ခြင်းဖြစ်၏။ ချိုးယွီသည် ဤအသေးအဖွဲလေးတွေကို ဂရုမစိုက်တော့ပေ။
"ဘာဖြစ်လို့လဲ၊ အဲ့တော့ နင်ကအခုယုံမြစ်မြို့မှာဆိုတော့ ငါတို့အဆက်အသွယ် ပိုလုပ်လို့ရတာပေါ့၊ ငါလည်း အိမ်ကိုခဏခဏပြန်ဖြစ်တယ်၊ ငါတို့မတွေ့ရတာလည်း ကြာပြီဆိုတော့ ထမင်းအတူတူစားကြမယ်လေ၊ ဪ ဒါနဲ့ ဂရုကိုမြန်မြန်စစ်ကြည့်ဦး၊ ယင်ချောင်ကျယ် လက်ထပ်တော့မယ်တဲ့"
စုဟယ် အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။ ယင်ချောင်ကျယ်မှာ အထက်တန်းတက်စဉ် အတန်းထဲ၌ အလွန်တက်ကြွပြီး ဆရာ၊ ဆရာမများနှင့် အဆင်ပြေသော ယောက်ျားလေး အနည်းငယ်ထဲမှ တစ်ဦးဖြစ်သည်။ ရှေ့ဆုံးတန်းမှာထိုင်ပြီး စာမှာလည်း အထူးတလည် ထူးချွန်ခြင်းမရှိသော စုဟယ်မှာမူ သူနှင့်သိပ်ပြီးစကားပြောဖူးခြင်းမရှိသလို ဘွဲ့ရပြီးနောက်တွင်လည်း တစ်ခါမျှအဆက်အသွယ် မရှိခဲ့ကြချေ။
"ဘွဲ့ရပြီးချင်းလက်ထပ်တာ ဘာဖြစ်လို့လဲ၊ သူကဂရုထဲမှာ မင်္ဂလာဆောင် ဖိတ်စာတွေပို့လို့လား၊ နင့်ကိုရော ဖိတ်လား "
ချိုးယွီ ဘာကြောင့် ဒီလောက်စိတ်လှုပ်ရှားနေရသလဲဆိုသည်ကို စုဟယ်မသိချေ။ ချိုးယွီ အတင်းပြောလိုက်၏။
"ဟဲ့ ငါတို့က အတန်းဖော်တွေလေ၊ ငါနဲ့သူ့ ဆက်ဆံရေးကလည်း နင်နဲ့သူ့ ဆက်ဆံရေးလို သာမန်ပဲ၊ ယင်ချောင်ကျယ်က ရုတ်တရက်ကြီး ဂရုထဲမှာမက်ဆေ့ခ်ျပို့လာတယ်၊ အမျိုးသားနေ့ အားလပ်ရက်မှာ အားလုံးဆုံကြရအောင်တဲ့၊ အဲ့ဒီနောက်မှာ ကျင်းရွှမ်း က သူ့မင်္ဂလာဆောင်အတွက် ဂုဏ်ပြုကြောင်း အောက်ကနေမန့်လိုက်တော့မှ သူ အမျိုးသားနေ့မှာ လက်ထပ်တော့မယ်ဆိုတာ ငါသိလိုက်တာ"
စုဟယ် နားမလည်နိုင်သေးပေ။
"နေဦး ငါ့ကို သေချာရှင်းပြဦး၊ ယင်ချောင်ကျယ်က ဂရုထဲမှာ မင်္ဂလာဆောင်ဖိတ်စာမပို့ဘဲ အတန်းဖော်စုံညီပွဲလုပ်ဖို့ပဲ ပြောတာလား၊ သူက ဘာလုပ်ချင်တာလဲ၊ လူကိုယ်တိုင်တွေ့ပြီးမှ မင်္ဂလာလက်ဖွဲ့ငွေတောင်းချင်လို့လား "