အခန်း (၉၉-၁၀၀)
Vol. 10 Ch. 99-100
99
ချိုးယွီလည်း ထိုအကြောင်းကို မသိချေ။
"ငါလည်း မသိဘူး ဖြစ်နိုင်တာပဲ၊ သူ လက်ထပ်တော့မယ်ဆိုတာ လူတိုင်း သိနေတာပဲဆိုတော့ နင် လက်ဖွဲ့ငွေမပေးဘူးလား "
စုဟယ်သည် ယခုအခါအရေထူနေပြီဖြစ်ပြီး မျက်နှာပန်းလှရုံဖြင့် ပိုက်ဆံမရနိုင်မှန်းသိထားသည်။
"သူက ငါ့ကို မင်္ဂလာဆောင်ကိုဖိတ်တာမှ မဟုတ်တာ၊ အဲ့တာငါကဘာလို့ သူ့ကိုပေးရမှာလဲ၊ ဒီဘက်ခေတ်မှာ လက်ဖွဲ့ကြေးတွေက အရမ်းဈေးကြီးတာ၊ အတန်းဖော် မင်္ဂလာဆောင်ဆိုရင် အနည်းဆုံး ယွမ် (၁,၀၀၀) တော့ ပေးရမှာလေ"
ချိုးယွီမှာ ကြောင်အသွားပြီး စကားများပင် ထစ်ကုန်သည်။
"ဟင် လက်ဖွဲ့ငွေက ယွမ် (၁,၀၀၀) တောင်လား၊ ယွမ် (၂၀၀) မဟုတ်ဘူးလား "
ချိုးယွီသည် ကျောင်းတက်နေဆဲဖြစ်ရာ ယုံမြစ်မြို့၏ လက်ရှိလူမှုရေး ဓလေ့ထုံးစံများကို လုံးဝနားမလည်သေးချေ။ စုဟယ်မှာ သက်ပြင်းချလိုက်၏။
"ယွမ် (၂၀၀) နဲ့ ဘာစားလို့ရမှာလဲဟာ၊ သာမန် မင်္ဂလာဆောင်တစ်ခုတောင် တစ်ဝိုင်းကို ယွမ် (၂,၀၀၀) ကျတယ်၊ အအေးနဲ့ အရက်မပါသေးဘူးနော်၊ ဟိုတယ်ကြီးတွေမှာဆိုရင် တစ်ဝိုင်းကို ယွမ် (၁၀,၀၀၀) လောက်ကျတာက ပုံမှန်ပဲ"
ချိုးယွီ၏ယခင်က ဝေခွဲမရဖြစ်နေသော စိတ်မှာ ချက်ချင်းပင်ကြည်လင်သွားတော့သည်။
"အေးပါ အဲ့ဒါဆို ငါလည်းမပေးတော့ဘူး၊ ယင်ချောင်ကျယ်က ငါ့ကို မင်္ဂလာဆောင်ဖိတ်ရင်တောင် ငါလုံးဝ မသွားတော့ဘူး"
စုဟယ် သဘောတူလိုက်သည်။ နှစ်ပေါင်းများစွာ မတွေ့ရတော့သော အတန်းဖော်များနှင့် ဆက်ဆံရေးကို အပင်ပန်းခံ ထိန်းသိမ်းနေစရာမလိုချေ။ သူမသည် ယင်ချောင်ကျယ်၏ မင်္ဂလာဆောင်ကို မသွားချင်ရုံသာမက အတန်းဖော်စုံညီပွဲကိုလည်း သွားရန် စိတ်မပါလှချေ။
"အဲ့ဒီ အတန်းဖော်စုံညီပွဲကို တကယ်ပဲ သွားရမှာလား၊ ဂရုထဲမှာ လူတွေဘာပြောနေကြလဲ၊ ငါ မြို့ပြင်ရောက်နေတယ်လို့ ပြောလိုက်ရမလား"
အောင်မြင်နေသူများအတွက်မူ အတန်းဖော်စုံညီပွဲဆိုသည်မှာ မိမိကိုယ်ကို ထုတ်ဖော်ပြသရာ စင်မြင့်တစ်ခု ဖြစ်သည်။ သူတို့သည် ထိုကဲ့သို့သောပွဲမျိုးတွင် အသိအမှတ်ပြုခံရခြင်း၊ ချီးကျူးခံရခြင်းတို့ကို နှစ်သက်ကြပြီး သူတို့၏အောင်မြင်မှုဇာတ်လမ်းများကို အတန်းဖော်များအား ပြောပြလိုကြသည်။ အမှန်စင်စစ် "အောင်မြင်ကျော်ကြားပြီး ဇာတိပြန်လာခြင်း" သည် "ပိုးထည်အဝတ်အစားကို ညဘက်တွင် ဝတ်ဆင်ခြင်း"နှင့် တူနေပါက အဓိပ္ပာယ်မရှိချေ (လူမသိလျှင် အလကားပင်ဖြစ်သည်)။ ချိုးယွီလည်း အားငယ်သွားပုံရ၏။
"ဂရုထဲကလူတိုင်း သွားမယ်လို့ပြောနေကြတာ ငါမြင်တယ်လေ၊ ဘွဲ့ရပြီးကတည်းက ပထမဆုံးအကြိမ်ဆုံကြတာဆိုတော့ ယင်ချောင်ကျယ်က ဆရာမကိုတောင် ဖိတ်ထားတယ်တဲ့"
ဆရာမအကြောင်း စဉ်းစားမိသောအခါ စုဟယ်သည် နောက်ဆုံးတွင်အတန်းဖော်စုံညီပွဲသို့ တက်ရောက်ရန်ဆုံးဖြတ်လိုက်တော့သည်။ သူမ၏အထက်တန်းကျောင်းအမှတ်များမှာ ပုံမှန်သာဖြစ်ပြီး အဓိကအားဖြင့် သင်္ချာအမှတ်မှာ အလွန်ပင် ဆိုးရွားခဲ့၏။ သို့သော် သင်္ချာဆရာမမှာ အလွန်ပင်စိတ်ကောင်းရှိပြီး စုဟယ်၏ အမှတ်များ တိုးတက်လာစေရန် အမြဲ နည်းလမ်းရှာပေးတတ်ကာ သူမကို တစ်ယောက်ချင်း အထူးသင်ကြားပေးလေ့ရှိသည်။ တစ်ခါတစ်ရံတွင် စုဟယ်ကိုယ်တိုင်ပင် လက်လျှော့ချင်ခဲ့သော်လည်း သင်္ချာဆရာမ၏ တင်းမာသော မျက်နှာအမူအရာအောက်ရှိ နွေးထွေးမှုနှင့် ဂရုစိုက်မှုများကို မြင်တွေ့ရချိန်တွင် သူမ ဆက်လက် ကြိုးစားခဲ့ခြင်းဖြစ်၏။
"ကောင်းပြီလေ၊ အဲ့ဒါဆို အဲ့ဒီနေ့ကျရင် ငါ နင်ဆီ လာခဲ့မယ်လေ၊ ဟုတ်ပြီလား နင်ရဲ့တည်းခိုခန်းကိုလည်း တစ်ခါတည်း လိုက်ကြည့်ရတာပေါ့"
ချိုးယွီမှာလည်း တစ်ယောက်တည်းမသွားချင်ချေ။ စုဟယ် သွားမည်ဆိုလျှင် သူမလည်း အလိုအလျောက်လိုက်သွားမည်ဖြစ်သည်။ နှစ်ဦးသား ခေတ္တမျှ ထပ်မံစကားပြောဖြစ်ကြပြီး အချိန်အတော်ကြာ အဆက်အသွယ်ပြတ်တောက်နေမှုကြောင့် ဖြစ်ပေါ်ခဲ့သော အနေရခက်မှုများမှာလည်း လျင်မြန်စွာ ပျောက်ကွယ်သွားတော့၏။
စကားပြောပြီးနောက် စုဟယ်သည် ဖုန်းကိုဖွင့်ကာ ဂရုထဲရှိမက်ဆေ့ခ်ျများကို စစ်ကြည့်လိုက်သည်။ အချိန်အတော်ကြာ တိတ်ဆိတ်နေသော ဤဂရုမှာပုံမှန်ထက် ထူးခြားစွာစည်ကားနေပြီး မက်ဆေ့ခ်ျများမှာ (၉၉) ခုကျော်အထိ စုပုံနေ၏။ ဂရုထဲမှ မက်ဆေ့ခ်ျများကို ကြည့်ရင်း စုဟယ်မှာ သဘက်ခါကျရောက်မည့် အတန်းဖော်စုံညီပွဲကို အနည်းငယ်ပင် မျှော်လင့်မိသွားသည်။ ထိုအချိန်မှ အတန်းဖော်များ ယခုဘာတွေ ဖြစ်ကုန်ကြပြီလဲဆိုသည်ကို သူမ သိချင်မိ၏။
အတန်းဖော်စုံညီပွဲ ကျင်းပမည့်နေ့မှာ သာယာသော နေ့တစ်နေ့ဖြစ်သည်။ စုဟယ်သည် သူမကိုယ်သူမထင်ပေါ်နေစေရန် အစီအစဉ်မရှိသဖြင့် ပြင်ဆင်ခြယ်သရန် အချိန်မဖြုန်းဘဲ ထုံးစံအတိုင်း စောစောထကာ ဟိုတယ်အလုပ်များကို ကူညီပေးနေ၏။ အမျိုးသားနေ့ အားလပ်ရက်အတွင်းတွင် တုန်းကျင်းနှင့် မေကျဲတို့မှာ တစ်နေကုန် တာဝန်ကျနေကြသဖြင့် လူတိုင်းမှာ မနားတမ်းအလုပ်ရှုပ်နေကြသည်။ စုဟယ်လည်း သူမတတ်နိုင်သလောက် ကူညီပေးခဲ့၏။ ပြီးခဲ့သည့် နှစ်ရက်အတွင်း သူမနှင့် မစ္စကျိတို့သည် မွေးနေ့အခမ်းအနားနှစ်ခုကို ထပ်မံ ကျင်းပပေးခဲ့ပြီးဖြစ်ရာ မစ္စကျိမှာလည်း ယခုအခါ သူမအလုပ်တွင် ကျွမ်းကျင်နေပြီဖြစ်သည်။
ချိုးယွီသည် စုဟယ်ပေးထားသော လိပ်စာအတိုင်း ဟဲယဲ့တည်းခိုခန်းသို့ ရှာဖွေရောက်ရှိလာခဲ့သည်။ မနက် (၁၀) နာရီခွဲအချိန်တွင် ဟဲယဲ့တည်းခိုခန်း၏ လက်ဖက်ရည် မုန့်ရောင်းချမှုမှာ ပြီးဆုံးလုနီးပါး ဖြစ်နေပြီဖြစ်၏။ ဆိုင်ရှေ့တွင် လူများဖြင့် စည်ကားလှသည်။ စုဟယ်မှာ တန်းစီနေသည့် လူတန်းကြီး၏ နောက်ဆုံးတွင်ရှိနေပြီး အားလုံးကို ထပ်မံမတန်းစီကြရန် အမြဲတစေ တိုက်တွန်းနေသော်လည်း ကံစမ်းကြည့်ချင်သေးသော ဝယ်ယူသူအချို့ကိုမူ သူမ မတားဆီးနိုင်ခဲ့ချေ။ ချိုးယွီမှာ နေရာမှားလာမိသလားဟု စိုးရိမ်လျက် ဘေးနားတွင် ရပ်ကြည့်နေမိသည်။ စုဟယ်မှာ သူမကိုအိမ်ပြန်ပြီး တည်းခိုခန်းသေးသေးလေးတစ်ခုကို လွှဲယူလိုက်သည်ဟု ပြောခဲ့သည် မဟုတ်ပါလား။ အခုခေတ် တည်းခိုခန်း သေးသေးလေးတွေမှာ ဒီလောက်တောင် လူစည်ကားနေတာလား"
"ဒီနေ့အတွက် ကုန်သွားပါပြီ၊ တကယ်ပဲ ထပ်မရှိတော့ပါဘူး၊ မတန်းစီကြပါနဲ့တော့ "
စုဟယ်မှာ အသံကုန်ဟစ်၍အော်ပြောနေရသည်။ ဝယ်ယူသူများကလည်း အလိုအလျောက် အရောင်းစက်ထဲ၌ ဘာမှ မကျန်တော့သည်ကို သူတို့မျက်စိဖြင့် မြင်လိုက်ရမှသာ စိတ်ပျက်လက်ပျက်ဖြင့် လှည့်ထွက်သွားကြတော့၏။
"သူဌေးမရာ၊ လက်ဖက်ရည်နဲ့မုန့်တွေကို ပိုလုပ်ပေးသင့်တာပေါ့"
"ဟုတ်ပါ့၊ တစ်ယောက်ကို တစ်ဗူးပဲ ကန့်သတ်ပြီး ရောင်းပေးလို့မရဘူးလား"
စုဟယ်မှာမူ မတုန်လှုပ်ချေ။ သူတို့အနေဖြင့် လက်ဖက်ရည်နှင့်မုန့်များကို အမှန်တကယ် ပိုမလုပ်နိုင်တော့ပါ။ ဟုန်လျန်မှာ မုန့်နယ်လွန်း၍ လက်မှမီးထွက်တော့မည့် အခြေအနေရောက်နေပြီဖြစ်သည်။ စုဟယ်သည် ဝယ်ယူသူများကို ရက်ရက်စက်စက်ပင် မောင်းထုတ်လိုက်၏။
"ဝယ်ယူသူရှင်၊ ဒီနေ့အတွက် ကုန်သွားပါပြီ၊ ဟင် ချိုးယွီ နင်ဘာလို့ ဒီမှာ ရပ်နေတာလဲ "
စုဟယ်မှာ ချိုးယွီကို ဝယ်ယူသူတစ်ယောက်ဟု ထင်မှတ်ပြီး နှင်လွှတ်လိုက်မိတော့မလို့ပင်။ ချိုးယွီမှာ စုဟယ်ကို စနောက်ပြီး ထိုးလိုက်သည်။
"အိုး နင် ငါ့ကိုလိမ်ထားတာပဲ၊ နင်ပြောတော့ တည်းခိုခန်းက သေးသေးလေးပါဆို၊ နင်က ဒီလောက်ချမ်းသာတဲ့ သူဌေးသမီးဖြစ်နေမယ်လို့ ငါ မမျှော်လင့်ထားဘူး၊ ဒီလောက် လူစည်ကားနေရင် တစ်နေ့တစ်နေ့ ဝင်ငွေမနည်းဘူးနော်"
စုဟယ် သူမခေါင်းကို အမြန်ခါလိုက်သည်။
"ငါ တကယ်မလိမ်ပါဘူး၊ တည်းခိုခန်းရဲ့ အပြင်နံရံကို ကြည့်ဦးလေ၊ ငါ့မိသားစုက ဒီတည်းခိုခန်းသေးသေးလေးကို ဖွင့်လာတာ နှစ်ပေါင်းများစွာရှိနေပြီ၊ အရင်ကဆို အရောင်းအဝယ်သိပ်မရှိဘူး၊ အခုမှကံကောင်းလို့ ဝန်ထမ်းကောင်းတွေရှိတာမို့ နည်းနည်းလူသိများလာတာပါ"
ချိုးယွီမှာ စနောက်ရုံသာဖြစ်ပြီး ဤအရာများကို ဂရုမစိုက်ပါ။
"ကဲပါ ဂုဏ်ပြုပါတယ်ဟာ၊ စီးပွားရေး ဒီထက်မကကောင်းပါစေလို့ ဆုတောင်းပေးပါတယ်၊ ဪ ဒါနဲ့ ငါတို့အဲ့ဒီကို ဘယ်လိုသွားကြမှာလဲ"
စုဟယ် ဖုန်းကိုစစ်ကြည့်လိုက်သည်။
"ဒီပွဲက ကျင်းဆန်းစားသောက်ဆိုင်မှာဆိုတော့ နည်းနည်းဝေးပုံရတယ်၊ အငှားကားပဲ စီးသွားကြမလား၊ နင်နဲ့ ဆရာမအတွက်လည်း လက်ဖက်ရည်နဲ့မုန့်အချို့ ငါပြင်ထားပေးတယ်"
ချိုးယွီ ငြင်းမနေတော့ချေ။ သူမသည် စုဟယ်ဆိုင်၏အခြေအနေကို ခုနက မြင်တွေ့ခဲ့ရပြီးဖြစ်ရာ ထိုလက်ဖက်ရည်မုန့်များကို ဤနေရာမှာပင်ပြုလုပ်ထားကြောင်းသိရှိပြီးဖြစ်သဖြင့် အားနာမနေတော့ချေ။
"အဲ့ဒါဆို ငါ ကူသယ်ပေးမယ်လေ၊ ဪ ဒါနဲ့ နင်က ဒီအကျီနဲ့ပဲ သွားမှာလား "
ချိုးယွီ စုဟယ်ဝတ်ထားသော အားကစားဝတ်စုံကိုကြည့်ကာ မေးလိုက်သည်။ အလုပ်လုပ်ရသဖြင့် စုဟယ်သည် အမြဲတမ်း သူမ၏အပွဆုံးနှင့် အဟောင်းဆုံး အဝတ်အစားများကိုသာ ဝတ်လေ့ရှိ၏။ အတန်းဖော်စုံညီပွဲအတွက် တန်ဖိုးကြီးရတနာတွေ ဝတ်စရာမလိုသော်လည်း အနည်းဆုံးတော့ သေသေသပ်သပ် ဝတ်စားသင့်သည် မဟုတ်ပါလား။ စုဟယ် သူမနဖူးကို ရိုက်လိုက်သည်။
"ငါ မေ့တော့မလို့ ငါသွားပြီး ဂါဝန်လဲလိုက်ဦးမယ်၊ နင် ခဏထိုင်စောင့်ဦးနော်"
စုဟယ် အဝတ်အစားသွားလဲနေစဉ် ချိုးယွီသည် ဟဲယဲ့တည်းခိုခန်းကို သေချာလှည့်ပတ်ကြည့်ရှုနေမိသည်။ စုဟယ် ပြောသကဲ့သို့ပင် ဟဲယဲ့တည်းခိုခန်းမှာ ဟောင်းနွမ်းနေသော တည်းခိုခန်းတစ်ခု အမှန်ပင်ဖြစ်၏။ သူမသည် စားသောက်ဆိုင်ရှိ ဟောင်းနွမ်းနေသော လှေကားထစ်များနှင့် သိသိသာသာ အသုံးပြုထားသော စားပွဲ၊ ကုလားထိုင်များကို မြင်တွေ့နေရသည်။ သို့သော် တည်းခိုခန်း၏နံရံများမှာ ဆေးအသစ် သုတ်ထားပြီး အလွန်ပင်သန့်ရှင်းလှသဖြင့် တက်ကြွလန်းဆန်းသော အသွင်အပြင်ကို ပေးစွမ်းနေ၏။ စုဟယ် အဝတ်အစားလဲပြီးနောက် နှစ်ယောက်သား အငှားကားစီးကာ ကျင်းဆန်းစားသောက်ဆိုင်သို့ ထွက်ခွာလာခဲ့ကြသည်။
ကျင်းဆန်းစားသောက်ဆိုင်မှာ အမှန်တကယ်ပင် သက်တမ်းရင့်ပြီး အဆင့်မြင့်လှသော စားသောက်ဆိုင်ကြီးတစ်ခုဖြစ်သည်။ ခန့်ညားထည်ဝါလှသောဗိသုကာဒီဇိုင်းနှင့် တောက်ပနေသော ရွှေရောင်ဆိုင်းဘုတ်ကြီးကြောင့် ကျင်းဆန်းစားသောက်ဆိုင်မှာ အလွန်ပင် အဆင့်အတန်းမြင့်မားလှ၏။ ကျင်းဆန်းစားသောက်ဆိုင်အတွင်းသို့ဝင်လိုက်သည်နှင့် သိမ်မွေ့သော ဇိမ်ခံပစ္စည်းများ၏ အငွေ့အသက်ကို ချက်ချင်းခံစားလိုက်ရသည်။
ဧည့်ခန်းမကြီးမှာ ကျယ်ဝန်းပြီး တောက်ပလှကာ ရှေးဟောင်းသစ်သားပန်းပုများနှင့် လက်ရာမြောက်သော ကြွေထည်အလှဆင်ပစ္စည်းများဖြင့် ခမ်းနားစွာ အလှဆင်ထားသဖြင့် စားသောက်ဆိုင်၏ ထူးခြားသောဆွဲဆောင်မှုကို ဖော်ပြနေသည်။ သိမ်မွေ့လှပသော ဝန်ထမ်းအမျိုးသမီးလေးများသည် ရိုးရာချုံဆမ်းအင်္ကျီများကို ဝတ်ဆင်ထားပြီး ဧည့်သည်များကို သူတို့ထိုင်ခုံများသို့ နွေးထွေးပျူငှာစွာ လမ်းညွှန်ပေးနေကြ၏။ ကျင်းဆန်းစားသောက်ဆိုင်သည် အဓိကအားဖြင့် ရိုးရာ အစားအစာများကို အသားပေးထားသော်လည်း ယခုအခါ နာမည်ကြီး တီထွင်ဖန်တီးထားသော ဟင်းလျာအချို့ကိုလည်း ရရှိနိုင်ပြီဖြစ်သည်။ ဤနေရာတွင် စားသောက်ခြင်းဖြင့် အရသာရှိသော အစားအစာများကို မြည်းစမ်းနိုင်ရုံသာမက သိမ်မွေ့သော စားသောက်မှု ပတ်ဝန်းကျင်နှင့် ဂရုတစိုက်ရှိသော ဝန်ဆောင်မှုများကိုပါ ခံစားရရှိနိုင်မည်ဖြစ်၏။ စုဟယ် သူမ၏မနာလိုမှုကို ဖုံးကွယ်မထားဘဲ ပြောလိုက်သည်။
"ငါတို့ တည်းခိုခန်းက ဘယ်တော့မှ ဒီလိုမျိုး ခမ်းနားလာမလဲမသိဘူး"
ချိုးယွီမှာမူ စုဟယ်အပေါ်အပြည့်အဝ ယုံကြည်မှု ရှိနေသည်။
"နင် သေချာပေါက် လုပ်နိုင်မှာပါ၊ အဲ့ဒီအချိန်ကျရင်တော့ ငါ့ကို အလကား ကျွေးရမယ်နော် "
နှစ်ဦးသား ဤအကြောင်းကို စိတ်ကူးယဉ်နေကြစဉ်မှာပင် ခြေသံအချို့ကို ကြားလိုက်ရသည်။
"ဟက်"
ရယ်သံတစ်သံမှာ သူတို့နောက်ဘက်မှထွက်ပေါ်လာသည်။
100
စုဟယ်နှင့် ချိုးယွီတို့အနေရခက်စွာဖြင့် လှည့်ကြည့်လိုက်ကြရာ ရယ်မောနေသူမှာ ယင်ချောင်ကျယ်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ယင်ချောင်ကျယ်နှင့် ကျင်းရွှမ်းတို့မှာ စောစောစီးစီးရောက်ရှိနေကြခြင်းဖြစ်၏။ သူတို့သည် အတန်းဖော်များကို ကြိုဆိုရန် အပြင်သို့ထွက်လာစဉ်မမျှော်လင့်ဘဲ စုဟယ်နှင့် ချိုးယွီတို့ စကားပြောနေသည်ကို တိုက်တိုက်ဆိုင်ဆိုင်ကြားဖြတ်နားထောင်မိသွားခြင်းပင်။ ယင်ချောင်ကျယ်သည် အနည်းငယ်မျှပင် အားနာဟန်မပြဘဲ အားရပါးရရယ်မောလိုက်ပြီး ဆိုလိုက်သည်။
"မတွေ့ရတာ ကြာပြီနော် အတန်းဖော်ဟောင်းတို့၊ နင်တို့နှစ်ယောက်က လုံးဝမပြောင်းလဲဘူးပဲ၊ အရင်အတိုင်းပါပဲလား"
ကျင်းရွှမ်းလည်း ဝင်ရောက်ထောက်ခံသည်။
"ဟုတ်ပ၊ အခုခေတ်ကြီးမှာ ဒီလိုမျိုး ချစ်စရာကောင်းတဲ့ အတွေးအခေါ်မျိုးကို ထိန်းသိမ်းထားနိုင်ဖို့ဆိုတာ တကယ့်ကို ရှားပါတယ် "
စုဟယ်သည် မျက်တောင်တဖြတ်ဖြတ် ခတ်လိုက်မိပြီး သူတို့စကားလုံးများမှာ အနည်းငယ်ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။ သူမအနေဖြင့် ချက်ချင်းပင် ရန်ပြန်တွေ့ရမလားဟု ဝေခွဲမရဖြစ်နေစဉ်မှာပင် ယင်ချောင်ကျယ်တို့နှင့်အတူပါလာသော မုန့်ကျိ၊ ရှောက်လင်းနှင့် စန်းစန်းတို့မှာ ကြားထဲမှဝင်ရောက်ဖျန်ဖြေပေးကြ၏။
"ချောင်ကျယ်၊ ငါတို့က ဘယ်ဝိုင်းမှာလဲ အရင်ဆုံး နေရာသွားရှာရအောင်လေ "
ကျင်းရွှမ်းနှင့် ယင်ချောင်ကျယ်တို့မှာမူ ဂရုမစိုက်ဘဲ အစောမှအကြောင်းအရာကို ပြန်လှည့်လာကြသည်။
"ဟိုတယ်လား စုဟယ်နဲ့ ချိုးယွီ နင်တို့က ဟိုတယ်ဖွင့်ထားတာလား၊ ဟိုလမ်းဘေးမှာ အိပ်ခန်းလေးတွေ ငှားတဲ့နေရာမျိုး တော့ မဟုတ်ပါဘူးနော် "
ချိုးယွီသည် အနည်းငယ်စိတ်တိုသွားပြီး ကျင်းရွှမ်းနှင့် ယင်ချောင်ကျယ်တို့မှာ နှစ်သစ်ကူးထမင်းဝိုင်းတွင် မေးခွန်းထုတ်လွန်းသော စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသည့် ဆွေမျိုးများနှင်ပင်တူသည်ဟု ခံစားလိုက်ရသည်။ သူတို့ထိုင်ပင်မထိုင်ရသေးဘဲ မေးခွန်းပေါင်းစုံကိုလိုက်မေးနေကြခြင်းဖြစ်၏။ သို့သော် အတန်းဖော်စုံညီပွဲတွင် အလုပ်အကိုင်နှင့် မိသားစုအကြောင်းမှာ ရှောင်လွှဲ၍မရသော အကြောင်းအရာများဖြစ်သဖြင့် ချိုးယွီသည် အခြေအနေကိုအဆင်မပြေမဖြစ်စေလိုဘဲ ပြန်ဖြေလိုက်သည်။
"ငါကတော့ ဘွဲ့လွန် ဆက်တက်နေတုန်းပဲ၊ စုဟယ်ကတော့ သူ့အိမ်ကဟိုတယ်ကို လွှဲယူထားတယ်"
ကျင်းရွှမ်းမှာ ချိုးယွီကိုတစ်ချက်ပြန်ကြည့်လိုက်သည်။
"အိုးဟိုး နောက်ထပ် ဘွဲ့လွန်ကျောင်းသားတစ်ယောက်ပေါ့၊ ဒါနဲ့ဆိုရင် ငါတို့အတန်းထဲမှာ ဘွဲ့လွန်တက်နေတဲ့သူ (၈) ယောက်ရှိသွားပြီ၊ ဘယ်မှာတက်နေတာလဲ ဘာမေဂျာလဲ၊ ငါပြောပြမယ် ငါတို့အတန်းထဲက ဘွဲ့လွန်တက်ခွငင့်အောင်တဲ့အရေအတွက်က...."
ယင်ချောင်ကျယ်သည် ချိုးယွီကိုဆက်မမေးတော့ဘဲ စုဟယ်ကိုသာ စိတ်ဝင်စားသွားသည်။
"ဟိုတယ်ဖွင့်ထားတာလား ဟိုတယ်အကြီးကြီးလား၊ နင်ကလည်းပြောရမှာပေါ့ စုဟယ်ရာ၊ အဲ့ဒါဆို ငါတို့မင်္ဂလာဆောင်ကျ နင်တို့ဟိုတယ်မှာ ကျင်းပလို့ရတာပေါ့"
"အမ် ငါတို့ဟိုတယ်က အရမ်းသေးပါတယ်၊ ပြီးတော့ အပြင်လူအတွက် ဖွင့်ထားတဲ့ စားသောက်ဆိုင်လည်းမရှိဘူး၊ ဒါပေမဲ့ နင်တို့လာတည်းမယ်ဆိုရင်တော့ ငါ လျှော့ဈေးပေးနိုင်ပါတယ်"
စုဟယ်မှာ ယင်ချောင်ကျယ်ကိုဆက်မပြောချင်တော့သဖြင့် မုန့်ကျိ၊ ရှောက်လင်းနှင့် စန်းစန်းတို့ကိုသာစိတ်ရင်းဖြင့် လှည့်ကြည့်ကာ ပြောလိုက်သည်။ စန်းစန်း ခေါင်းညိတ်ပြ၏။
"ကောင်းပြီ ကောင်းပြီ၊ ငါ့ရည်းစားက နှစ်သစ်ကူးနှုတ်ဆက်ဖို့ ငါ့အိမ်ကိုလာကောင်းလာနိုင်တယ်၊ သူလာဖြစ်ရင်တော့ ငါသေချာပေါက်ဟိုတယ်ဘိုကင်လုပ်ပေးရမှာပဲ၊ စုဟယ် အဲ့ဒီအခါကျမှ ငါ နင့်ဆီအဆက်အသွယ်လုပ်လိုက်မယ်နော် "
စကားပြောပြီးနောက် စန်းစန်းသည် စုဟယ်၏လက်ကိုဆွဲကာ သီးသန့်အခန်း ထဲသို့ ဝင်လာခဲ့ကြသည်။ ယင်ချောင်ကျယ်မှာ စကားမဆုံးလိုက်သဖြင့် အနည်းငယ် မကျေမနပ်ဖြစ်သွားသော်လည်း စန်းစန်းမှာ ယုံမြစ်မြို့ရှိ နာမည်ကြီး မူလတန်းကျောင်းတစ်ခုတွင် ဆရာမလုပ်နေသူဖြစ်ပြီး ယင်ချောင်ကျယ်နှင့် သူ့ဇနီးလောင်းမှာလည်း ယုံမြစ်မြို့၌ပင်နေထိုင်ကြသူများဖြစ်၏။ တစ်နေ့ကျလျှင် သူတို့ကလေးကျောင်းတက်ရန်အတွက် စန်းစန်း၏အကူအညီ လိုအပ်နိုင်သဖြင့် သူသည် စန်းစန်းကို မျက်နှာသာပေးရန် ရွေးချယ်လိုက်သည်။ (၁၀) မိနစ်ခန့်ကြာသောအခါမှ ချိုးယွီသည် ကျင်းရွှမ်း၏ မေးခွန်းပေါင်းစုံမှ လွတ်မြောက်လာခဲ့၏။ သူမသည် သီးသန့်အခန်းကို ရှာတွေ့သွားပြီး စုဟယ်ဘေးတွင် ပစ်ထိုင်လိုက်ကာ ဆိုလိုက်သည်။
"နင်ကတော့ ငါ့အတွက်နေရာလေးချန်ပေးဖို့သိသေးတာပဲ၊ ခုနကတော့ ငါ့ကို တစ်ယောက်တည်းထားခဲ့တာ တကယ့်ကို ရက်စက်တာပဲဟာ၊ ငါတော့ ပင်ပန်းနေပြီ"
သူမသည် ပတ်ဝန်းကျင်ကိုဝေ့ကြည့်လိုက်ပြီးနောက် လေသံတိုးတိုးဖြင့် ပြောပြသည်။
"နင် မသိပါဘူး၊ ကျင်းရွှမ်းက အိမ်ထောင်စုစာရင်းစစ်နေသလိုမျိုး မေးခွန်းတွေ အကုန်လိုက်မေးနေတာ၊ နင့်အခြေအနေကိုတောင် လိုက်မေးသေးတယ်၊ ဒါပေမဲ့ စိတ်မပူနဲ့ ငါကတော့ ဝေ့လည်ကြောင်ပတ်နဲ့ပဲ ဖြေလွှတ်လိုက်တယ်"
ချိုးယွီ အသံနှိမ့်ပြောသော်လည်း သူတို့ချင်းနီးကပ်စွာ ထိုင်နေသဖြင့် ဘေးနားရှိ စန်းစန်းကပါကြားသွားပြီး ဝိုင်းပြောလာသည်။
"ငါလည်းအကြာကြီး အမေးခံလိုက်ရတယ်၊ မုန့်ကျိနဲ့ ရှောက်လင်းကတော့ စိတ်ရှည်ပါတယ်၊ သူတို့က ငါတို့ကိုလာကြိုတာ ဟိုနှစ်ယောက်က တံခါးဝမှာတင် စကားတွေအကြာကြီးရပ်ပြောနေတာ၊ ငါတော့လာမိတာ တကယ်နောင်တရတယ်"
ထို့နောက် စန်းစန်းအတင်းဆက်ပြောသည်။
"ယင်ချောင်ကျယ်က အရမ်းကိုအဆီများ (လူကြီးလူကောင်းဆန်ချင်ယောင်ဆောင်ပြီး ကြွားဝါခြင်း)လာတယ်လို့ ငါခံစားရတယ်၊ ဘွဲ့ရပြီးတာနဲ့ သူအစိုးရဝန်ထမ်းစာမေးပွဲအောင်သွားပြီး အခု စာရေးလုပ်နေတာထင်တယ်၊ ဒါပေမဲ့ သူ့ဇနီးလောင်းက ဒါရိုက်တာတစ်ယောက်ရဲ့သမီးဆိုလားပဲ၊ အဲ့ဒါကို သူကအရမ်းဂုဏ်ယူနေတာ "
ချိုးယွီသည် စန်းစန်းလက်ကိုစိတ်လှုပ်ရှားစွာဆုပ်ကိုင်လိုက်သည်။ သူမသည်လည်း ယင်ချောင်ကျယ်မှာ အထက်စီးဆန်ပြီး ကိုယ်သိကိုယ်တက် လုပ်လွန်းသည်ဟု ထင်နေခြင်းဖြစ်၏။ စုဟယ်၏ ဘေးတစ်ဖက်တစ်ချက်မှနေ၍ နှစ်ဦးသားမှာအားရပါးရ အတင်းပြောနေကြတော့သည်။
ဤအတန်းဖော်စုံညီပွဲသို့ လူ (၃၀) ကျော် တက်ရောက်ကြပြီး ဆရာ၊ ဆရာမများလည်း ပါဝင်ကြသည်။ ယင်ချောင်ကျယ်မှာ ဆရာများနှင့် တစ်ဝိုင်းတည်းထိုင်ကာ ပွဲကိုစည်ကားအောင် အဆက်မပြတ် လုပ်ဆောင်နေ၏။ ထို့နောက် ယင်ချောင်ကျယ်နှင့် ကျင်းရွှမ်းတို့သည် ဝိုင်ခွက်များကိုကိုင်ကာ စုဟယ်တို့ဝိုင်းသို့ ရောက်လာကြသည်။
"ဟေး အားလုံးပဲ၊ သောက်ကြရအောင်လေ"
ယင်ချောင်ကျယ်မှာ ယနေ့တွင် စုဟယ်ကို တမင်သက်သက်ရန်စရန်ဆုံးဖြတ်ထားပုံရသည်။
"စုဟယ် နင်ကလူတိုင်းကို ဂရုစိုက်ပေးရမှာလေ၊ ဒီဝိုင်းက ဘာလို့ ဒီလောက် တိတ်ဆိတ်နေရတာလဲ"
စုဟယ်မှာ အနည်းငယ်ဆွံ့အသွားရသည်။ သူတို့ဝိုင်းရှိ လူအားလုံးမှာ အမျိုးသမီးများဖြစ်ကြပြီး အရက်မသောက်ကြဘဲ ဖျော်ရည်လေးများဖြင့် အေးအေးလူလူ စကားပြောနေကြခြင်းဖြစ်ရာ လေထုမှာ အလွန်ပင်ကောင်းမွန်နေသည်။ ယင်ချောင်ကျယ်၏ပါးစပ်ထဲတွင်မူ မည်သို့ကြောင့် "တိတ်ဆိတ်" နေရသည်ကို သူမ နားမလည်နိုင်ချေ။
"ဒါနဲ့ နင်တို့ မသိကြသေးဘူးထင်တယ်၊ စုဟယ်က အိမ်ပြန်ပြီး ဟိုတယ်ဖွင့်ထားတာ၊ သူက စီးပွားရေးလုပ်ငန်းရှင် သူဌေးမကြီးပေါ့၊ ဒီလိုပွဲသေးသေးလေးက သူ့အတွက်တော့ဘာမှမဟုတ်ပါဘူး"
ယင်ချောင်ကျယ်မှာ တရစပ်ပြောနေတော့သည်။
"ငါတို့က ထမင်းစားပြီးရင် ဘယ်သွားကြမလဲလို့ စဉ်းစားနေတာ၊ စုဟယ် နင်တို့ဟိုတယ်မှာ KTV တို့၊ သီးသန့်အခန်းတို့ ရှိလား ငါတို့ပွဲကို အဲ့ဒီမှာဆက်လို့ရတာပေါ့"
ကျင်းရွှမ်းမှာ ဝိုင်ခွက်ကိုကိုင်ကာ လျှောက်လာသည်။ သူသောက်ထားသည်မှာ သိသာလှပြီး မျက်နှာတစ်ခုလုံးလည်း နီရဲနေ၏။
"ငါတို့ဟိုတယ်က အရမ်းသေးတယ်၊ တည်းခိုဖို့ အခန်းတွေပဲရှိတာ"
စုဟယ် အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။
"အဲ့ဒါဆိုလည်း နင်တို့ဆီမှာ အခန်းတစ်ခန်းလောက် ဘိုကင်လုပ်ပြီး နင့်စီးပွားရေးကို အားပေးရတာပေါ့"
ယင်ချောင်ကျယ်သည် စုဟယ်ကို မလွှတ်တမ်း ကပ်နေတော့သည်။
"ဒီနေ့အတွက် ငါတို့အခန်းတွေအကုန်ပြည့်နေပြီ"
စုဟယ်သည် ဟင်းတစ်လုတ်ကို အေးအေးဆေးဆေးစားလိုက်သည်။ ကျင်းဆန်းစားသောက်ဆိုင်၏ ဟင်းလျာများမှာ အမှန်တကယ်ပင် အရသာရှိလှပေ၏။
"ဪ အခန်းတွေပြည့်နေတာပေါ့လေ"
ယင်ချောင်ကျယ်မှာ စကားလုံးကို တမင်သက်သက် ဆွဲပြောလိုက်သည်။ အသိဉာဏ်မရှိဆုံးသူပင်လျှင် ယင်ချောင်ကျယ်မှာ တမင်သက်သက်လုပ်နေသည်ကို နားလည်နိုင်ပေ၏။ ရှောက်လင်းသည် သူမ၏ထမင်းစားတူကို စားပွဲပေါ်သို့ ဘုန်းခနဲမြည်အောင် ချလိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။ သူမမျက်လုံးထဲတွင် စိတ်မရှည်မှုနှင့် ဒေါသများ ပြည့်နှက်နေ၏။
"နင် ခဏလောက် တိတ်တိတ်နေပေးလို့ ရမလား၊ ငါတို့ထမင်းစားနေတာကို နင်က တရစပ်လာပြောနေတာ၊ အဲ့ဒါက စိတ်ဝင်စားဖို့ကောင်းလို့လား "
ရှောက်လင်းမှာ ယင်ချောင်ကျယ်ကို ပြန်ပြောခွင့်မပေးဘဲ ဆက်ပြောလိုက်သည်။
"စုဟယ်ရဲ့ တက္ကသိုလ်ဝင်ခွင့်အမှတ်က နင်နဲ့အတူတူဖြစ်သွားတာကြောင့်မလား၊ နှစ်တွေ ဒီလောက်ကြာသွားတာတောင် နင်ကသူ့ကိုတေးမှတ်နေတုန်းပဲ၊ အဲ့ဒါက အဓိပ္ပာယ်ရှိလို့လား "
ထမင်းဝိုင်းရှိလူတိုင်းမှာ ယင်ချောင်ကျယ်ကို မော့ကြည့်လိုက်ကြသည်။ ယင်ချောင်ကျယ်သည် ထိုစကားကို ကြားလိုက်ရချိန်တွင် သူ့ပါးပြင်နှစ်ဖက်မှာ မီးတောက်ကဲ့သို့ ချက်ချင်းနီရဲသွားတော့၏။ သူ့စိတ်ခံစားချက်ကို ဖုံးကွယ်ရန် အသည်းအသန်ကြိုးစားသော်လည်း စကားများမှာထစ်ငေါ့နေဆဲပင်။
"ငါ ငါ နင်ဘာပြောနေတာလဲ မသိဘူး၊ ငါက အတန်းဖော်တစ်ယောက်အနေနဲ့ ဂရုစိုက်ရုံတင်ပါ"
စုဟယ်သည် ရုတ်တရက်တစ်ခုခုကို သတိရသွားဟန်ဆောင်လိုက်ပြီးပြောလိုက်သည်။
"နင်ပြောမှပဲ ငါသတိရတော့တယ်၊ ယင်ချောင်ကျယ် နင့်ရဲ့တက္ကသိုလ်ဝင်ခွင့်အမှတ်က ငါနဲ့တကယ်တူခဲ့တာပဲ၊ ဒါပေမဲ့ ငါကတော့ ငါ့အမှတ်ကိုမေ့တောင်မေ့နေပြီ၊ ယင်ချောင်ကျယ် နင်ကတော့ အခုထိမှတ်မိနေတုန်းလား "
စုဟယ်သည် ယင်ချောင်ကျယ်၏ မှတ်ဉာဏ်ကောင်းမှုကို အံ့သြချီးကျူးဟန်ဖြင့် ဟန်ဆောင်ကာ အမူအရာကို ချဲ့ကားပြလိုက်သည်။ ချိုးယွီမှာလည်း ယင်ချောင်ကျယ်ကို အမြင်ကတ်နေသည်မှာကြာပြီဖြစ်ရာ ပြောလိုက်၏။
"ပျင်းစရာကြီး၊ ဘာလဲ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာရှုံးခဲ့လို့ အခုမှကလဲ့စားပြန်ချေချင်တာလား "
ယင်ချောင်ကျယ်၏မျက်နှာမှာ ပျက်သွားတော့သည်။
"ဘယ်သူက တက္ကသိုလ်ဝင်ခွင့်မှာရှုံးလို့လဲ"
စုဟယ်မှာ ချက်ချင်းပင်ထပ်ဖိချလိုက်သည်။
"အဲ့ဒါဆို နင်က အခုထိအဲ့ဒီအမှတ်ကို တကယ်မှတ်မိနေတာပေါ့ "
ယင်ချောင်ကျယ်မှာ ဆွံ့အသွားရသည်။ ကျင်းရွှမ်း ကြားထဲမှ ဝင်ပြောပေး၏။
"ချောင်ကျယ် ထားလိုက်ပါတော့၊ သူတို့နဲ့ ဖက်ပြီးရန်မဖြစ်နဲ့၊ နင်က အခုသူတို့နဲ့ မတူတော့ဘူး၊ နင့်မှာ တောက်ပတဲ့ အနာဂတ်ရှိတယ်၊ ကျင်းဆန်းစားသောက်ဆိုင်ဆိုတာ ဘိုကင်လုပ်ဖို့ အရမ်းခက်တာ၊ ချောင်ကျယ်ရဲ့ အဆက်အသွယ်သာမရှိရင် အချို့လူတွေဆို ဒီမှာဘယ်တော့မှစားရမှာမဟုတ်ဘူး"
ထိုစဉ်တံခါးပွင့်လာပြီး ဝန်ထမ်းတစ်ဦး ဟင်းလာချပေးသည်။ အနည်းငယ် ရင်းနှီးနေသော အသံတစ်သံထွက်ပေါ်လာ၏။
"နာမည်ကြီး ရွှေရောင်ငါးပေါင်းလာပါပြီခင်ဗျာ၊ ဧည့်သည်တို့ သတိထားပါဦး၊ ပူပါတယ် အာ ဒါကသူဌေးမလေးစု မဟုတ်လား "