အခန်း (၁၀၁-၁၀၂)
Vol. 11 Ch. 101-102
101
အမှန်တကယ်ပင် သိကျွမ်းသူတစ်ဦး ဖြစ်နေခဲ့သည်။ စုဟယ်၏ အနိုင်ကျင့်ခြင်း (ငွေညှစ်ခြင်း)ကို ခံခဲ့ရသည့် ရော့စ်ပင်ဖြစ်၏။ သို့သော် ယနေ့တွင်မူ ရော့စ်သည် အရင်နှစ်ရက်ကဲ့သို့ ခန့်ညားထည်ဝါခြင်းမရှိတော့သည်မှာ သိသာလှသည်။ ရော့စ်သည် ရိုးရှင်းသော အလုပ်သမားဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့အမူအရာမှာလည်း အရင်နှစ်ရက်နှင့်မတူတော့ချေ။ ဟင်းပွဲများချပေးပြီးနောက်တွင်လည်း သူသည်လင်ပန်းကို လက်နှစ်ဖက်ဖြင့်ကိုင်ထားဆဲဖြစ်ရာ အောက်ခြေလွတ်နေသော သူဌေးသားစရိုက်များ ပျောက်ကွယ်နေပြီဖြစ်သည်။ အနည်းငယ်ပိန်သွားသော်လည်း စုဟယ်မှာမူ သူသည်အရင်ကထက် ပို၍စိတ်ဓာတ်တက်ကြွနေသည်ဟု ခံစားလိုက်ရ၏။
"သူဌေးမလေးစု ထမင်းလာစားတာလား၊ တကယ့်ကို တိုက်ဆိုင်တာပဲ၊ ကျေးဇူးပြုပြီး အားမနာပါနဲ့၊ ဒီနေ့ ထမင်းဝိုင်းအတွက် ကျွန်တော် လျှော့ဈေးပေးပါရစေ "
ရော့စ်မှာ အတော်လေးစိတ်လှုပ်ရှားနေပုံရသည်။ သူသည် စုဟယ်ကို ကျေးဇူးတင်ရန် အခွင့်အရေးရှာနေခဲ့သော်လည်း အခုတော့ ပို၍ဆင်ခြင်တုံတရား ရှိသွားပြီဖြစ်ရာ "ကျွန်တော် ယွမ် (၁၀,၀၀၀) ပေးပြီး ထမင်းကျွေးပါရစေ" ဟု ချက်ချင်းကြီး မပြောတော့ချေ။ သူသည် သင်ခန်းစာရပြီး နောက်ဆုံးတွင် ရင့်ကျက်လာပြီဟု စုဟယ်ခံစားလိုက်ရသည်။ သူ့ကိုကြည့်ရသည်မှာ မှော်မှန်သည် ပျောက်ဆုံးသွားသော သူ့ပစ္စည်းကိုရှာဖွေပေးခဲ့ပုံရသည်ဟု သူမခန့်မှန်းလိုက်မိ၏။
"ရတာပေါ့၊ ဒါဆိုရင် အားမနာတော့ဘူးနော်"
စုဟယ် လွယ်လွယ်ကူကူပင်လက်ခံလိုက်သည်။ အတန်းဖော်စုံညီပွဲမှာ လူအများ စုပေါင်းကျခံရသည့်ပွဲမျိုးဖြစ်ရာ လျှော့ဈေးရခြင်းမှာ အကောင်းဆုံးပင် မဟုတ်ပါလား။ ရော့စ်မှာပြုံးလျက်ပြောသည်။
"သူဌေးမလေးစု မင်း အားတဲ့အချိန်ကျရင် ကျွန်တော်သီးသန့်ထမင်းတစ်နပ်လောက် ဖိတ်ကျွေးချင်ပါတယ်၊ ထမင်းစားပြီးရင် ခဏလောက်စောင့်ပေးပါဦး၊ ကျွန်တော့မိသားစုကပေးတဲ့ ကတ်တစ်ခု မင်းကိုပေးချင်လို့၊ အခုတော့ မင်းတို့ကိုဆက်ပြီးမနှောင့်ယှက်တော့ပါဘူး "
ဤသို့ပြောပြီးနောက် ရော့စ်မှာ ချပေးစရာဟင်းပွဲများ ကျန်သေးသဖြင့် အားနာစွာတောင်းပန်ပြီး အရင်ထွက်ခွာသွားတော့သည်။ စုဟယ်သည် သူ့ကျောပြင်ကိုကြည့်ရင်း ရော့စ်သည် သူမနှင့် သီးသန့်စကားပြောချင်ပုံရသည်ကို နားလည်လိုက်၏။ ရော့စ် ထွက်သွားသည်နှင့် ကျင်းရွှမ်းမှာ ချက်ချင်းဝင်ပြောတော့သည်။
"စုဟယ် အဲ့ဒါနင့်အသိလား၊ သူက ကျင်းဆန်းစားသောက်ဆိုင်ရဲ့ မန်နေဂျာလား "
ချိုးယွီမှာမူ အများကြီးမစဉ်းစားဘဲ စိတ်ရင်းဖြင့် ဝမ်းသာနေသည်။
"ဝါး ဒါတကယ့်ကို မိုက်တာပဲ၊ ငါတို့ လျှော့ဈေးရတော့မယ်၊ ပိုက်ဆံ ဘယ်လောက်တောင် သက်သာသွားမလဲမသိဘူး "
သူမသည် ကျောင်းတက်ကာစဘွဲ့လွန်ကျောင်းသူဖြစ်ပြီး မိသားစုဆီမှ ထောက်ပံ့ငွေကိုသာ မှီခိုနေရသူဖြစ်သည်။ ကျင်းဆန်းစားသောက်ဆိုင်မှာ ဈေးကြီးသည့်အဆင့်မြင့်နေရာမျိုး ဖြစ်၏။ ယခု လျှော့ဈေးရပြီဆိုတော့ လူခွဲကျခံရမည့်စရိတ်မှာလည်း လျော့နည်းသွားမည်ဖြစ်ရာ အလိုအလျောက်ပင် သူမပိုက်ဆံသက်သာသွားမည်ဖြစ်သည်။ စန်းစန်းမှာလည်း စူးစမ်းလိုစိတ်ဖြင့်စကားများလာ၏။
"နင်တို့ ဘယ်လိုသိကြတာလဲ၊ သူက နင့်ကို သူဌေးမလေးစုတဲ့ ဟားဟားဟား နင်က တကယ့်ကိုသူဌေးမကြီးဖြစ်နေပြီပဲ၊ သူဌေးမကြီးရေ မှတ်ထားဦးနော်၊ နင် ချမ်းသာလာတဲ့အခါ....."
"ငါတို့ကို မေ့မပစ်ပါနဲ့ဦး"
ရှောက်လင်း ချက်ချင်းပင်ဖြည့်စွက်ပြောလိုက်သည်။ စုဟယ်သည် သူမနှင့် ရော့စ်တို့မှာ သူမဆိုင်တွင်သိကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြလိုက်၏။ ဝိုင်းတွင်ရှိသော အတန်းဖော်ဟောင်းများမှာလည်း အလိုက်သိကြသဖြင့် ထပ်မံ၍ အသေးစိတ် မစပ်စုကြတော့ချေ။ နောက်ဆုံးတော့ ဤသည်မှာ သူမ၏ ကိုယ်ရေးကိုယ်တာကိစ္စသာဖြစ်၏။ ကျင်းရွှမ်းမှာလည်း စကားဝိုင်းထဲသို့ ဝင်ရောက်လာခဲ့သည်။ သူသည် အခြေအနေကြည့်တက်သူဖြစ်ပြီး ယခင်က ယင်ချောင်ကျယ်မှာ အစိုးရဝန်ထမ်းဖြစ်သွားသဖြင့် တစ်နေ့နေ့တွင် အကူအညီ လိုအပ်နိုင်သည်ဟု တွေးကာဖားခဲ့ခြင်းဖြစ်၏။ ယခုအခါ စုဟယ်မှာ စီးပွားရေးသမားတစ်ဦးဖြစ်ပြီး အဆက်အသွယ်လည်းကျယ်ပြန့်ပုံရသည်ကိုမြင်သောအခါ သူမနှင့်လည်း ဆက်ဆံရေးကောင်းတည်ဆောက်လိုလာသည်။
စုဟယ်၏သူငယ်ချင်းမှာ ကျင်းဆန်းစားသောက်ဆိုင်၏ အသင်းဝင်ကတ် ပေးမည်ဟုပြောသည်ကို သူကြားလိုက်ရာ ဤသည်မှာလက်တွေ့ကျသော အကျိုးကျေးဇူးဖြစ်သည်။ ယင်ချောင်ကျယ်၏ မရေရာသောအနာဂတ် ရာထူးတိုးရေးထက်ပင် ပို၍အားကိုးထိုက်၏။ ကျင်းရွှမ်းသည် ချက်ချင်းပင် မျက်နှာချိုသွေးကာ စုဟယ်အနားသို့ ကပ်လာပြီး ထိုကတ်ကိုငှားသုံးရန် အခွင့်အရေးရမလားဟု မျှော်လင့်နေတော့သည်။ စုဟယ်သည် ကျင်းရွှမ်း၏ မျက်နှာလိုမျက်နှာရအမူအရာကို စိတ်ထဲမထားပါချေ။ ဤကဲ့သို့သော လူစားမျိုးမှာ လောကတွင်များပြားလှသည်။
ကျောင်းမှထမင်းစားဆောင်ရှိ အဒေါ်ကြီးများပင်လျှင် လူရွေးပြီးဟင်းထည့်ပေးတတ်ကြသည် မဟုတ်ပါလား။ အရပ်ရှည်ပြီး သန်မာသူများကို ဟင်းပိုထည့်ပေးကာ သူမတို့လို အရပ်ပုပု မိန်းကလေးများကိုမူ အနိုင်ကျင့်ရလွယ်သည်ဟု ထင်မှတ်ကာ ဟင်းနည်းနည်းသာ ထည့်ပေးတတ်ကြသည်။ လူ့အဖွဲ့အစည်းထဲတွင် ထိုသို့သောအရာများမှာ ပို၍ပင်အဖြစ်များလှ၏။ သူတို့ဝိုင်းရှိလေထုမှာ ပိုမိုကောင်းမွန်လာသည်။ စုဟယ်သည် ကျင်းရွှမ်းကဲ့သို့သောလူမျိုးနှင့် ယခုအချိန်တွင် ထိပ်တိုက်ရင်ဆိုင်နေစရာမလိုဟု ခံစားရ၏။ ထမင်းစားပြီးလျှင် အဆက်အသွယ်ဖြတ်လိုက်ရုံသာ ရှိသည်။
ယင်ချောင်ကျယ်သည် ဝိုင်ခွက်ကိုကိုင်ကာ အနေရခက်စွာဖြင့်ရပ်နေသည်။ ကျင်းရွှမ်းမှာ သူ့ကိုဤကဲ့သို့ မျက်နှာပျက်အောင် လုပ်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ချေ။ ယင်ချောင်ကျယ်သည် သူ့ဒေါသကို ကျင်းရွှမ်းအပေါ်တွင် ထပ်မံပုံချလိုက်ပြန်သည်။ ကျင်းရွှမ်းသည် စုဟယ်တို့မိန်းကလေးတစ်သိုက်နှင့် စကားသွားပြောနေခြင်းမှာ သူ့ကိုသစ္စာဖောက်ခြင်းဟု သူခံစားနေရ၏။ ယင်ချောင်ကျယ်မှာ တကယ့်ကို ကလေးဆန်လွန်းလှသည်။
"မင်း ငါနဲ့သူငယ်ချင်းဖြစ်ရင် သူတို့နဲ့ စကားမပြောရဘူး" ဆိုသည့် ကစားနည်းမျိုးကို ကစားနေခြင်းပင်။သို့သော် သူသည် သဘာဝအရပင် စိတ်သဘောထားသေးသိမ်သူဖြစ်သည်။ ထို့ကြောင့်သာလျှင် စုဟယ်၏ တက္ကသိုလ်ဝင်ခွင့်အမှတ်မှာ သူနှင့်အတူတူဖြစ်နေရုံမျှဖြင့် အရာရာတွင် သူမကိုအသာစီးရရန် ကြိုးစားနေခြင်းဖြစ်၏။
စုဟယ်မှာ အားလုံးနှင့်ပျော်ပျော်ပါးပါး ရှိနေသည်ကိုမြင်ရသောအခါ သူသည် ပို၍ပင် စိတ်မသက်မသာဖြစ်လာသည်။ သူသည် အတန်းထဲတွင် အအောင်မြင်ဆုံးသူဖြစ်ရမည်ဖြစ်ပြီး လူတိုင်းမှာ သူ့ကိုဝိုင်းဖားနေရမည်ဟု သူယုံကြည်ထား၏။ သူ နှုတ်ခမ်းကို လှုပ်လိုက်သည်။ စုဟယ်မှာ အားလုံးနှင့် စကားပြောနေရင်း ယင်ချောင်ကျယ်ကိုလည်း မျက်ခြေမပြတ်ကြည့်နေ၏။ သူ တစ်ခုခုထပ်လုပ်တော့မည်ကို သိမြင်သောအခါ သူမဦးအောင်စကားစလိုက်သည်။
"ယင်ချောင်ကျယ် နင်လက်ထပ်တော့မှာ မဟုတ်လား ဂုဏ်ပြုပါတယ်နော် "
ယင်ချောင်ကျယ်မှာ သူ့မေးကိုမော့လိုက်သည်။ ကံမကောင်းစွာဖြင့် သူ့မျက်နှာမှာ အသားများလွန်းသဖြင့် မေးရိုးပုံစံပင် မပေါ်ချေ။
"အေး ထျန်းရှီးဟိုတယ်မှာ ကျင်းပမှာ၊ စုဟယ် နင်အားရင် လာခဲ့ဦးလေ "
ယင်ချောင်ကျယ်မှာ သူမကို အထင်အမြင်သေးစွာကြည့်လိုက်သည်။ သူ့ယောက္ခမမှာ ဌာနခွဲအဆင့်ရှိသောအရာရှိဖြစ်ပြီး သူနှင့် သူ့ဇနီးမှာလည်း အစိုးရဝန်ထမ်းများဖြစ်ကြ၏။
ဟက်.... စုဟယ်မှာမူ အစိုးရအလုပ်ပင် အတည်တကျမရှိချေ။ သူမ သူ့ကိုဘာနှင့် ယှဉ်နိုင်ဦးမည်နည်း။ စီးပွားရေးသမားဆိုသည်မှာ အပေါ်ယံတွင်သာ ခန့်ညားပုံရသော်လည်း အသက် (၃၅) ကျော်သွားလျှင် ငိုရမည့်သူများသာဖြစ်သည်။ စုဟယ်ပြုံးလျက် မေးလိုက်၏။
"အဲ့ဒီလိုလား၊ အဲ့ဒီဟိုတယ်က ဈေးမနည်းဘူးနော်၊ အတော်လေး ခမ်းနားပုံရတယ်၊ ဪ ဒါပေမဲ့ ငါမှတ်မိသလောက်တော့ အစိုးရဝန်ထမ်းတွေအတွက် မင်္ဂလာဆောင်ကျင်းပတဲ့နေရာမှာ စည်းမျဉ်းစည်းကမ်းတွေရှိတယ် မဟုတ်လား၊ မင်္ဂလာဧည့်ခံပွဲက ဝိုင်း (၃၀) ထက် မကျော်ရဘူး၊ သတို့သားနဲ့ သတို့သမီးကပွဲတစ်ခုပဲ ပေါင်းလုပ်ရမယ်၊ ဆွေမျိုးသူငယ်ချင်းတွေဆီက လက်ဆောင်တွေ ဒါမှမဟုတ် စာအိတ်တွေ လက်မခံရဘူး၊ ပြီးတော့ မင်္ဂလာယာဉ်တန်းက ကား (၈) စီးထက် မကျော်ရဘူးတဲ့၊ အဲ့ဒါ တကယ်လား ယင်ချောင်ကျယ် "
ယင်ချောင်ကျယ်မှာ ဒေါသထွက်လွန်း၍ နှာခေါင်းများပင် ပွစိပွစိ ဖြစ်လာသည်။ စုဟယ် ဘာကိုဆိုလိုတာလဲ။ သူမက သူ့ကိုတိုင်တော့မှာလား။ သူတကယ်ပင် သူမကိုပြန်မချေပနိုင်တော့ချေ။ စည်းမျဉ်းများမှာ ဤအတိုင်း ရေးထားသော်လည်း အောက်ခြေတွင်မူ ချိုးဖောက်မှုအချို့ ရှိနေတတ်ကြသည်။ လူတိုင်းလုပ်နေကြခြင်းပင်။ မည်သူမှမတိုင်ကြားသရွေ့နှင့် အလွန်အကျွံမဖြစ်သရွေ့တော့ ဘာမှမဖြစ်တတ်ချေ။
သို့သော် စုဟယ်ကသာ ပြဿနာရှာမည်ဆိုလျှင် ယင်ချောင်ကျယ်မှာ တကယ်ပင် ဆုတ်ခွာရတော့မည်။ အကယ်၍ မင်္ဂလာဆောင်နေ့တွင် စုဟယ်မှဖုန်းဖြင့် ဗီဒီယိုရိုက်ပြီး အွန်လိုင်းပေါ်သို့ "တုန်လှုပ်ဖွယ်ရာ အစိုးရဝန်ထမ်းတစ်ဦး၏ မင်္ဂလာဆောင်မှာ အလွန်အကျွံ ခမ်းနားနေခြင်း" သို့မဟုတ် "စည်းမျဉ်းများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသော မင်္ဂလာပွဲ" ဆိုသည့် ခေါင်းစဉ်မျိုးဖြင့် တင်လိုက်မည်ဆိုလျှင် ယင်ချောင်ကျယ်မှာ စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ ခေါ်ယူစစ်ဆေးခြင်းကို သေချာပေါက်ခံရမည်ဖြစ်သည်။ ယင်ချောင်ကျယ်သည် မေးစေ့ကို ပြန်နှိမ့်ချလိုက်ပြီး ဝိုင်တစ်ခွက်ကို ငှဲ့သောက်လိုက်၏။
"တောင်းပန်ပါတယ်၊ ငါ ဒီနေ့ သောက်တာ နည်းနည်းများသွားလို့ပါ၊ ငါပြောတာတွေကို စိတ်ထဲမထားပါနဲ့ "
စုဟယ်မှာမူ စကားကိုဆက်မပြောတော့ဘဲ ပြုံးလျက်သာကြည့်နေသည်။ ဝိုင်ကိုလည်း သေချာပေါက်မသောက်ချေ။ ယင်ချောင်ကျယ်သည် အရှက်ရသွားသဖြင့် စုဟယ်နားတွင် တတွတ်တွတ် ပြောနေဆဲဖြစ်သော ကျင်းရွှမ်းကိုစိုက်ကြည့်ကာ လူကြားထဲမှခိုးထွက်သွားတော့သည်။ ပွဲပြီးဆုံးသွားသောအခါ ကျင်းရွှမ်းမှာ ကျသင့်ငွေစာရင်းရှင်းရန် အလုပ်ရှုပ်သွား၏။ သူသည် ငွေစာရင်းစာရွက်ကိုကိုင်ကာ ပြေးလာသည်။
"စုဟယ် နင့်သူငယ်ချင်းက တကယ့်ကို အစွမ်းထက်တာဘဲ၊ ဝိုင်တွေကို ဖယ်လိုက်ရင် သူ ငါတို့ကို (၅၀) ရာခိုင်နှုန်း လျှော့ပေးလိုက်တာ၊ ငါတို့ ညစာက ယွမ် (၃,၀၀၀) ကျော်ပဲ ကျတော့တယ်"
ချိုးယွီလည်း ပျော်ရွှင်နေသည်။ သူမ ချက်ချင်းတွက်ချက်လိုက်ရာ တစ်ယောက်ကို (၁၀၃) ယွမ် နှင့် ပြား (၅၀) သာကျသင့်တော့သဖြင့် တကယ့်ကို တန်လှ၏။
"စုဟယ် ဒါတကယ်မိုက်တာပဲ၊ အသင်းဝင်ကတ်ရရင် နောက်တစ်ခါကျ ငါ့ကိုငှားဖို့ မမေ့နဲ့ဦးနော်၊ ဟဲဟဲ နင်အခု နင့်သူငယ်ချင်းကို သွားရှာလိုက်ဦးလေ"
ချိုးယွီသည် ဝင်ရှုပ်ရန် ကြိုးစားနေသော ကျင်းရွှမ်းကိုပါဆွဲထုတ်သွားတော့သည်။ စန်းစန်း၊ ရှောက်လင်းနှင့် မုန့်ကျိတို့မှာလည်း စုဟယ်ကို ကျေးဇူးတင်ကြပြီး အခွင့်အရေးရလျှင် ပြန်ဆုံရန်ချိန်းကာ စုဟယ်၏လုပ်ငန်းကိုလည်း နောင်တွင်အားပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြ၏။ ယင်ချောင်ကျယ်မှာ စုဟယ်ကိုကြောက်သွားပုံရသည်။ သူသည် သွားရောက်စုံစမ်းကြည့်ရာ စုဟယ်၏မိသားစုဝင်များထဲတွင် အစိုးရဝန်ထမ်းတစ်ဦးမျှမရှိကြောင်း သိရှိလိုက်ရ၏။ ကံမကောင်းစွာဖြင့် စုဟယ်၏မိသားစုဝင်အားလုံးမှာ စီးပွားရေးသမားများ သို့မဟုတ် လယ်သမားများသာဖြစ်ကြရာ သူတို့သည် တကယ့်ကို "ခြေဗလာ" (ကြောက်စရာမရှိသူ)များဖြစ်ကြသည်။ ဤတစ်ကြိမ်တွင်မူ ယင်ချောင်ကျယ်မှာ ဘာမှထပ်မပြောရဲတော့ချေ။ စုဟယ်သည် သူမယူလာသော လက်ဖက်ရည်နှင့်မုန့်များကို ဆရာမထံပေးအပ်ပြီးနောက် ရော့စ်ကိုသွားရောက်ရှာဖွေလိုက်တော့သည်။
102
ရော့စ်သည် စုဟယ်ကို မြင်လိုက်ရသဖြင့် အတော်ပင် ဝမ်းသာသွားသည်။
“သူဌေး၊ ကျွန်တော် တကယ်ပဲ ကျေးဇူးတင်ပါတယ်၊ အဲ့ဒီနေ့ကသာ မှော်မှန်မကူညီပေးခဲ့ရင် ကျွန်တော် ပျောက်သွားတဲ့ပစ္စည်းတွေကို ဘယ်လိုမှ ပြန်ရှာတွေ့မှာမဟုတ်တော့ဘူး”
ရော့စ်မှာ စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်။ ထိုနေ့မှာ မှော်မှန်သည် သူ့ကို အလွန်ရှင်းလင်းသော ညွှန်ကြားချက်များပေးခဲ့၏။ ထိုညွှန်ကြားချက်အတိုင်းလိုက်သွားခဲ့ရာ အနီးနားရှိ အဟောင်းပစ္စည်း အရောင်းအဝယ်ဆိုင်တစ်ခုတွင် ဓာတ်ပုံအယ်လ်ဘမ်နှင့် ဓာတ်ပုံများအပြင် အခြားသောအလှဆင်ပစ္စည်းအချို့ကို ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ ဆောက်လုပ်ရေးစွန့်ပစ်ပစ္စည်းပုံနားမှဖြတ်သွားသော အမှိုက်ကောက်သမားတစ်ဦးမှာ ဓာတ်ပုံအယ်လ်ဘမ်ကို ကတ်ထူပြားဟုထင်မှတ်ကာ ယူသွားခဲ့ခြင်းဖြစ်၏။ အလှဆင်ပစ္စည်းများမှာမူ သံတိုသံစများအဖြစ်ကြိတ်ခြေခြင်းခံထားရလေပြီ။ အကယ်၍ သူသာ အနည်းငယ်နောက်ကျခဲ့မည်ဆိုလျှင် ဓာတ်ပုံအယ်လ်ဘမ်မှာ အခြားသော စက္ကူစုတ်များနှင့်အတူ ဖိသိပ်ခံရတော့မည်ဖြစ်ရာ ရော့စ်အဖို့ ထိုအရာများကိုပြန်ရှာတွေ့ဖို့ဆိုသည်မှာ “သမုဒ္ဒရာထဲ အပ်ရှာသလို” ခက်ခဲသွားပေလိမ့်မည်။
မှော်မှန်မှာ ထိုဓာတ်ပုံအယ်လ်ဘမ်ကို မည်သို့ရှာတွေ့ခဲ့သနည်းဆိုလျှင် ပစ္စည်းအဟောင်းဆိုင်တွင် စီစီတီဗွီ (CCTV) ကင်မရာရှိနေသောကြောင့်ဖြစ်သည်။ ဆိုင်ရှင်သည် လမ်းသွားရင်းအခြားသူများ၏ပြန်သုံးနိုင်သော ပစ္စည်းများကို ခိုးယူတတ်သူဖြစ်သဖြင့်၊ သူ့ပစ္စည်းများကို သူများပြန်ခိုးမည်စိုးကာ ဆိုင်ထောင့်တိုင်းတွင် ကင်မရာများတပ်ဆင်ထားခြင်းဖြစ်သည်။ ၎င်းမှာ အင်တာနက်လောက၌ ဘာမဆိုသိနိုင်သောမှော်မှန်အတွက် အလုပ်လုပ်ရပိုမိုလွယ်ကူသွားစေ၏။ ဂိမ်းဈေးတန်းမှ ချစ်ပ်ကို တပ်ဆင်ပြီးနောက်တွင် ခေတ်သစ်အင်တာနက်လောကသည် မှော်မှန်အတွက် လူသူမရှိသောနယ်မြေတစ်ခုကဲ့သို့ဖြစ်သွားသည်။ ငွေကြေးမှ ပြောင်းလဲလိုက်သော စွမ်းအင်များကိုရရှိပြီးနောက်တွင် အဆင့်မြင့်ချစ်ပ်တပ်ဆင်ထားသော မှော်မှန်အတွက် ဒေတာပင်လယ်ပြင်ကြီးထဲတွင်ရှာဖွေရခြင်းမှာ မခက်ခဲတော့ချေ။ ၎င်းသည် တူညီသောအရာဝတ္ထုများကို လျင်မြန်စွာတွဲဖက်ကြည့်ပြီးနောက် တည်နေရာနှင့် အချိန်အချက်အလက်များအပေါ် အခြေခံကာ တစ်ခုချင်းစီကိုရွေးထုတ်လိုက်ရာ ရော့စ်ပျောက်ဆုံးသွားသော ဓာတ်ပုံအယ်လ်ဘမ်ကို မကြာမီပင်ရှာတွေ့သွားတော့သည်။
ရော့စ်သည် ရှာတွေ့လာသော ဓာတ်ပုံအယ်လ်ဘမ်ကို ယူဆောင်ကာ သူ့အဖွားကိုတောင်းပန်ခဲ့ရာ အဖွားဖြစ်သူမှာလည်း သူ့ကိုအပြစ်မတင်ခဲ့ချေ။ သို့သော် အဖွားဖြစ်သူ၏အိုမင်းနေသောမျက်နှာကိုကြည့်ရင်း သူသည် အလွန်ပင် စိတ်မကောင်းဖြစ်ရပြီး မိမိကိုယ်ကို လူမိုက်တစ်ယောက်ဟု ပို၍ ခံစားလာရသည်။ သူ ဘာတွေ လုပ်ခဲ့မိသနည်း။ ထိုစဉ်က သူ့ဦးနှောက်ထဲတွင် ရေဝင်နေခဲ့၍ဖြစ်ရမည်။ အဖွားနေထိုင်သော ဗီလာအိမ်ကြီးကို တကယ်ပင် တူးဆွဖျက်ဆီးခဲ့မိ၏။
ရော့စ်သည် သူ့မိဘများမှ သူ့ကိုဆူပူရိုက်နှက်ခဲ့ကြသော်လည်း နောက်ဆုံးတွင် သူတို့၏တစ်ဦးတည်းသောသားကို လက်မလွှတ်နိုင်ကြသဖြင့် စနစ်တကျ ဆုံးမသွန်သင်ရန် ဆုံးဖြတ်လိုက်ကြသည်။ ထို့ကြောင့် ရော့စ်ကို ကျင်းဆန်းစားသောက်ဆိုင်တွင် စားပွဲထိုးအဖြစ် အလုပ်ဝင်ခိုင်းပြီး သူ့ခရက်ဒစ်ကတ်များကိုပိတ်ပစ်ကာ ဝန်ထမ်းအဆောင်တွင်သာ နေထိုင်ခိုင်းခဲ့၏။ ကျင်းဆန်းစားသောက်ဆိုင်မှာ လော့မိသားစုပိုင်ပစ္စည်းဖြစ်သည်။ ရော့စ်သည် အိမ်ပေါ်မှနှင်ထုတ်ခံထားရသော်လည်း စုဟယ်ကိုလျှော့ဈေးပေးနိုင်သည့် အခွင့်အရေးတော့ရှိသေး၏။ သူသည် အိတ်ထဲမှအသင်းဝင်ကတ်တစ်ခုကိုထုတ်ယူကာ စုဟယ်ကို ပေးလိုက်သည်။
“သူဌေးမလေးစု ဒါကျွန်တော့်မိသားစုရဲ့ ရွှေနက်ရောင်အသင်းဝင်ကတ်ပါ၊ လျှော့ဈေးလည်းရသလို သီးသန့်အခန်းတွေကိုလည်း ကြိုတင်ဘွတ်ကင်လုပ်လို့ရပါတယ်၊ ဒါကို ကျွန်တော့်ရဲ့ကျေးဇူးတုံ့ပြန်မှုအသေးအမွှားလေးအဖြစ် လက်ခံပေးပါ”
ရော့စ်သည် စားသောက်ဆိုင်တွင် စားပွဲထိုးလုပ်ပြီးနောက် အမှန်တကယ်ပင် ဆင်းရဲဒုက္ခများစွာကို ခံစားခဲ့ရသည်။ ပထမဆုံးနေ့ ဟင်းပွဲချပေးရာတွင် ဧည့်သည်အပေါ် ဟင်းရည်များဖိတ်စင်ခဲ့၏။ ကတ်များအပိတ်ခံထားရသော ရော့စ်မှာ လစာလည်းမရသည့်အပြင် ဆိုင်ကိုပင် ပိုက်ဆံပြန်လျော်ပေးခဲ့ရသည်။ ဒုတိယနေ့တွင်လည်း ဧည့်သည်များနှင့် စကားပြောရာ၌ ဟိတ်ဟန်ထုတ်ကာ ဆိုးသွန်းသော သူဌေးသားပုံစံအတိုင်း ပြောဆိုနေခဲ့သဖြင့် ပြင်းပြင်းထန်ထန်တိုင်တောခံခဲ့ရပြန်၏။ လောကဓံ၏ထိုးနှက်မှုကို ခံရပြီးနောက်တွင် ရော့စ်မှာ နောက်ဆုံး၌ စတင်ရင့်ကျက်လာခဲ့ပြီဖြစ်သည်။
စုဟယ်သည် ရော့စ်ပျောက်ဆုံးသွားသော ပစ္စည်းများ ရှာတွေ့ခဲ့သည်ကို သိရှိသွားပြီးနောက်တွင် ထပ်မံ၍ အသေးစိတ် မစပ်စုတော့ချေ။ နောက်ဆုံးတွင် ဤသည်မှာ ရော့စ်၏ ကိုယ်ရေးကိုယ်တာကိစ္စသာ မဟုတ်ပါလား။
“ကတ်အတွက် ကျေးဇူးတင်ပါတယ်၊ ဪ ဒါနဲ့ အဆင်ပြေရင် ကျွန်မတို့တည်းခိုခန်းကိုလည်း အခြားသူတွေကိုညွှန်းပေးပါဦး”
စုဟယ်သည် ရော့စ်ကိုအသားတိုးနေသော သိုးကြီးတစ်ကောင်ကဲ့သို့ ကြင်နာသော မျက်နှာထားဖြင့်ကြည့်လိုက်သည်။ အသားထဲက အသား၊ ငါးထဲကငါး ဆိုသလို ရော့စ်တွင် သူငယ်ချင်းများစွာ ရှိနေမည်မှာ အသေအချာပင်။ ရော့စ် ခေါင်းညိတ်၏။
“ရတာပေါ့ သူဌေးမလေး၊ ကျွန်တော် သေချာပေါက် ညွှန်းပေးပါ့မယ်”
စုဟယ်သည် ကျင်းဆန်းစားသောက်ဆိုင်မှ တည်းခိုခန်းသို့ ကျေနပ်စွာဖြင့်ပြန်လာခဲ့သည်။ မွန်းလွဲပိုင်းအချိန်မှာ တည်းခိုခန်းအတွင်း အတော်လေး တိတ်ဆိတ်သောအချိန်ဖြစ်သော်လည်း စုဟယ် ဝင်လာချိန်တွင် ဧည့်ကြိုကောင်တာရှေ့ရှိ ဆိုဖာပေါ်တွင်ထိုင်နေသော ဇနီးမောင်နှံကို တွေ့လိုက်ရ၏။
“ဘာဖြစ်လို့လဲ သူတို့က အခန်းလာယူတဲ့ ဧည့်သည်တွေလား”
စုဟယ်သည် လီရှီအနားသို့လျှောက်သွားကာ အသံတိုးတိုးဖြင့် မေးလိုက်သည်။ လီရှီ့မျက်နှာတွင် အံ့သြဟန် ပေါ်လာ၏။ စုဟယ်ရောက်လာခြင်းမှာ သူတို့ကို စိတ်သက်သာရာရစေသည်၊ နောက်ဆုံးတော့ ပြဿနာကိုဖြေရှင်းပေးမည့်သူ ရောက်လာပြီမဟုတ်ပါလား။
“သူဌေး၊ ဒီဇနီးမောင်နှံက အခန်းဘွတ်ကင်လုပ်ထားတာပါ၊ သူတို့ဧည့်ကြိုကောင်တာမှာထိုင်နေတာ ကြာလှပြီ၊ သူဌေးကိုပဲ တွေ့ချင်တယ်တဲ့၊ နေရောင်ခြည်သံလိုက်ဆိုတာကို လိုချင်လို့ဆိုပြီးပြောနေကြတယ်”
လီရှီမှာ ဇဝေဇဝါဖြစ်နေသော မျက်နှာဖြင့် မေးလိုက်သည်။
“သူဌေး၊ နေရောင်ခြည်သံလိုက်ဆိုတာ ဘာလဲဟင်”
“နေရောင်ခြည်သံလိုက် ငါလည်းမမှတ်မိတော့ဘူး”
စုဟယ်မှာလည်းကြောင်သွားပြီး ခေတ္တမျှ စဉ်းစားလိုက်မှသာ သူမကိုယ်တိုင် လုပ်ကြံဖန်တီးထားသော အရာဖြစ်ကြောင်း သတိရသွားတော့သည်။ ထိုစဉ်က ကျိလင်းသည် ဆိုင်ရှိ အခြောက်ခံစက်နှင့် brandတူအခြောက်ခံ ဝယ်ချင်သည်ဟုပြောလာခဲ့သည်။ ထိုအခါ စုဟယ်မှာ ရှောင်ရှီး၏ အမွေးကိုယူကာ နေရောင်ခြည်သံလိုက် တွင် အဝတ်အစားများကို ခြောက်သွေ့စေနိုင်သည့် နေရောင်ခြည်စွမ်းအင်များ ပါဝင်သည်ဟု လိမ်ပြောခဲ့ခြင်းဖြစ်၏။ စုဟယ် ချက်ချင်းပင် စကားပြန်ပြင်လိုက်သည်။
“သတိရပြီ၊ ရပြီ နင် အလုပ်သွားလုပ်တော့၊ ဒါကို ငါပဲ ကိုင်တွယ်လိုက်မယ်”
ဆိုဖာပေါ်တွင်ထိုင်နေသော အမျိုးသားသည် စုဟယ်ဆိုင်ထဲဝင်လာကာ ဧည့်ကြိုကောင်တာရှိ လီရှီနှင့် စကားပြောနေသည်ကို မြင်သောအခါ မတ်တပ်ထရပ်၍ စကားသွားပြောချင်သော်လည်း ဇနီးဖြစ်သူမှာ စိတ်အားထက်သန်နေသော ခင်ပွန်းကိုတားထားသည်။ နှစ်ဦးသားစလုံးမှာ မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေကြပြီး စုဟယ်နှင့် မျက်လုံးချင်းဆုံမိတော့မှသာ ဇနီးမောင်နှံမှာ ထရပ်ကာ အနားသို့ လျှောက်လာကြ၏။
“မင်္ဂလာပါ ဧည့်သည်တို့၊ ကျွန်မက ဟဲယဲ့တည်းခိုခန်းရဲ့ သူဌေးပါ၊ ကျွန်မနာမည် စုဟယ်ပါ”
စုဟယ် နှုတ်ဆက်လိုက်သည်။ စိတ်အားထက်သန်နေသော ခင်ပွန်းဖြစ်သူမှာ ထိန်းမရတော့ဘဲ အမြန်မေးလိုက်၏။
“မင်္ဂလာပါ သူဌေး၊ ဒီမှာ နေရောင်ခြည်သံလိုက်တွေရှိလား၊ တည်းခိုရင်ရနိုင်တာလား၊ ကျွန်တော်နဲ့ ကျွန်တော့်မိန်းမ အခန်းနှစ်ခန်း ဘွတ်ကင်လုပ်ထားတယ်၊ နှစ်ခုရနိုင်မလား ”
သူမခင်ပွန်းဖြစ်သူ အဆင်မပြတ် မေးမြန်းနေသည်ကို ဇနီးဖြစ်သူမှာတားမရတော့ဘဲ ကြည့်နေရသည်။ သူမသည် အကြောင်းစုံကို သေသေချာချာ ရှင်းပြချင်သော်လည်း ယခုအခါတွင်မူ အကျဉ်းချုံး၍သာ ဖြည့်စွက်ပြောနိုင်တော့၏။
“ဒီလိုပါ သူဌေး၊ သူဌေး ကျိလင်းကို မှတ်မိဦးမလားမသိဘူး၊ ကျွန်မက သူမရဲ့ဆွေမျိုးပါ၊ ကျွန်မနာမည်က ကျိဖေး ပါ၊ ဒါကတော့ ကျွန်မခင်ပွန်းယွီယွမ်ဖေးပါ၊ ကျွန်မတို့က ကျိလင်းညွှန်းလိုက်လို့ ရောက်လာတာပါ”
စုဟယ်သည် ထိုဇနီးမောင်နှံမှာ 'နေရောင်ခြည်သံလိုက်'တစ်ခုအတွက်နှင့် အခန်းနှစ်ခန်းအထိဘွတ်ကင်လုပ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ ထိုဇနီးမောင်နှံမှာ တကယ့်ကိုအသင့်ပြင်ထားကြသူများဖြစ်သည်။ အမျိုးသားနေ့ အားလပ်ရက်အတွင်း လူများစွာ အခန်းဘွတ်ကင်မရကြသော်လည်း သူတို့မှာတော့ နှစ်ခန်းတောင်ရအောင်ယူနိုင်ခဲ့၏။ စုဟယ်အနေဖြင့် သူတို့ကို 'နေရောင်ခြည်သံလိုက်' ပေးနိုင်သော်လည်း ဤဧည့်သည်နှစ်ဦးမှာ ဤအရာကို တစ်စုံတစ်ရာသောအံ့ဖွယ်ဆေးတစ်မျိုးအဖြစ် မှတ်ယူနေမည်ကို စိုးရိမ်မိသည်။
“မစ္စကျိက ရှင်တို့ကိုပြောပြခဲ့လားတော့ မသိဘူး၊ ကျွန်မတို့တည်းခိုခန်းရဲ့ ‘နေရောင်ခြည်သံလိုက်’ အဓိကလုပ်ဆောင်ချက်က စောင်တွေနဲ့ အဝတ်အစားတွေကို ခြောက်သွေ့စေဖို့နဲ့ နေရောင်ခြည်ရဲ့ အနှစ်သာရကိုရရှိစေဖို့ပါပဲ၊ ဆေးဖက်ဝင် အာနိသင်တော့မရှိပါဘူး"
စုဟယ် စိတ်ရှည်လက်ရှည်ရှင်းပြလိုက်သည်။ စိတ်အားထက်သန်နေသော ယွီယွမ်ဖေးမှာ ချက်ချင်းပြန်ပြော၏။
“ဘယ်လိုလုပ် မရှိမှာလဲ၊ ကျိလင်းရဲ့ သမီးက သူဌေးရဲ့သံလိုက်ကိုသုံးပြီးမှ သက်သာသွားတာလေ”
စုဟယ်သည် သတိပိုထားသွားမိသည်။ သူမသည် ကျိလင်းသမီးတွင် ဘာရောဂါရှိသည်ကို အမှန်တကယ်ပင်မသိရှိချေ။ ရှောင်ရှီး၏အမွေးမှာ ကျိလင်းသမီးရောဂါအပေါ် တိုက်တိုက်ဆိုင်ဆိုင် အာနိသင်ရှိသွားခြင်းလည်း ဖြစ်နိုင်ပေသည်။ ကျိဖေးသည် စုဟယ်၏သတိထားနေမှုကို သတိပြုမိသွားပြီး ရှင်းပြ၏။
“ကျွန်မဆွေမျိုးရဲ့သမီးက ပြင်းထန်တဲ့ ဓာတ်မတည့်မှုရှိတာပါ၊ အထူးသဖြင့် ဖုန်မှုန့်တွေနဲ့မတည့်တာ၊ ဒါပေမဲ့ပြီးခဲ့တဲ့အကြိမ် ဟဲယဲ့တည်းခိုခန်းမှာ လာတည်းပြီးတော့ ဓာတ်မတည့်တာတွေမဖြစ်တဲ့အပြင် ဒီကပတ်ဝန်းကျင်က အရမ်းကို သက်သောင့်သက်သာရှိတယ်လို့ သူတို့ခံစားရတယ်၊ အိမ်ပြန်ရောက်တဲ့အခါမှာလည်း သူတို့ကစောင်တွေကို သေသေချာချာ လျှော်ဖွတ်ပြီး ဒီနေရောင်ခြည်သံလိုက်ကို သုံးလိုက်တာ၊ အခုဆိုရင် အဲ့ဒီကလေးမလေးရဲ့ ဘဝက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီ၊ ဒါကြောင့် ကျွန်မတို့လည်း လာပြီး စမ်းကြည့်ချင်တာပါ”
“ရှင်တို့လည်း စောင်တွေကို အခြောက်ခံချင်လို့လား”
စုဟယ်သည် ထိုစဉ်က ကျိလင်းဘာကြောင့် တည်းခိုခန်းရှိ အခြောက်ခံစက် နှင့် brandတူသည်ကိုဝယ်ဖို့ ဇွတ်အတင်း ပြောခဲ့သည်ကို နားလည်သွားတော့သည်။
“မဟုတ်ဘူး၊ ကျွန်တော်က ဒါကိုကိုယ်နဲ့မကွာဆောင်ထားချင်တာ”
ယွီယွမ်ဖေး လိုရင်းကိုပြောလိုက်သည်။ သူသည် ဝတ်ထားသော အပေါ်အင်္ကျီကို ရုတ်တရက် ချွတ်ချလိုက်ပြီး သူ့အရေပြားကို လက်ညှိုးထိုးပြကာဆိုလိုက်၏။
“သူဌေး၊ ကြည့်ပါဦး"
စုဟယ် မကြည့်ရသေးခင်မှာပင် အော်ဟစ်သံတစ်ခုကို ကြားလိုက်ရ၏။
“နှာဗူးကောင်"