အခန်း (၁၀၃-၁၀၄)
Vol. 11 Ch. 103-104
103
သားဖြစ်သူ၏လက်ကို ဆွဲထားသော ချောင်လိဖန်းသည် အပြင်မှပြန်လာစဉ် ဟင်းလင်းပွင့်နေသော ရင်ဘတ်ကိုမြင်လိုက်ရသဖြင့် မနေနိုင်ဘဲအော်ဟစ်လိုက်မိသည်။ အသေအချာပြန်ကြည့်လိုက်သောအခါမှ အင်္ကျီမပါဘဲ ဗလာကျင်းနေသော အမျိုးသားတစ်ဦးဖြစ်ကြောင်း သူမသိလိုက်ရပြီး သူမ အလွန်အကျွံ့တုန့်ပြန်မိသွားသည်ကို သဘောပေါက်သွား၏။
နွေနှောင်းပိုင်း၏ အပူရှိန်မှာပြင်းထန်နေဆဲဖြစ်ရာ အချို့အမျိုးသမီးများမှာ စကတ်တိုနှင့် လက်ပြတ်အင်္ကျီများ ဝတ်ဆင်ထားကြပြီး အချို့အမျိုးသားများမှာလည်း ဗိုက်သားကိုဖော်ထားကြသဖြင့် အပေါ်အင်္ကျီချွတ်ထားခြင်းမှာ ထူးဆန်းသောအရာတော့ မဟုတ်ချေ။ ထို့အပြင် ဤအင်္ကျီဗလာနှင့်အမျိုးသားမှာ အဆီပြန်ပြီးကြည့်ရဆိုးသော ဗိုက်ပူပူအဖိုးကြီးများကဲ့သို့ မဟုတ်ပေ။ ထိုအမျိုးသား၏ နံရိုးများမှာ ပိန်ကပ်နေသော ရင်ဘတ်တွင် ထင်ရှားစွာ ပေါ်လွင်နေပြီး သူ့အသားအရေမှာ ညိုသော်လည်း ဖြူဖျော့အားနည်းသော ပုံစံမျိုးပေါက်နေကာ သေးသွယ်သော သူ့ခြေလက်များမှာ ထင်းချောင်းနှစ်ချောင်းနှင့် တူလှသည်။
ချောင်လိဖန်း ထပ်မံကြည့်ရှုသောအခါမှ ဦးရေပြားပင်ကျိန်းစပ်သွားစေမည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။ ယွီယွမ်ဖေး၏ညိုမဲသော အရေပြားပေါ်တွင် နီမြန်းသော အကွက်များနှင့် အစက်အပြောက်များစွာရှိနေပြီး အချို့နေရာများမှာ ရောင်ရမ်းကာ ပုံမှန်မဟုတ်ဘဲ ဖောင်းကြွနေ၏။ ယွီယွမ်ဖေး၏အရေပြားပေါ်တွင် အကြေးခွံများနှင့် အပြာရောင်အဖတ်များကဲ့သို့ နေရာအနှံ့ ဖုံးလွှမ်းနေသည်။
ချောင်လိဖန်း၏ ပြင်းထန်သောတုံ့ပြန်မှုကို မြင်သောအခါ ယွီယွမ်ဖေးသည် အနေရခက်စွာဖြင့် သူ့အင်္ကျီကို အလျင်အမြန် ပြန်ဝတ်လိုက်သည်။ သို့သော် ဤသို့လှုပ်ရှားလိုက်ခြင်းကြောင့် သူ့ခန္ဓာကိုယ်ပေါ်မှ အရေခွံဖတ်များမှာလွင့်စင်သွားပြီး မီးခိုးရောင် အဖတ်အချို့ အောက်သို့ကျသွားတော့၏။ ချောင်လိဖန်းမှာ ကြက်သီးတဖြန်းဖြန်းထသွားပြီး သူမဆွဲထားသော ကောင်လေးမှာ စူးစူးဝါးဝါးအော်ပြောလိုက်သည်။
"ပွေးနာ မေမေ သားသိတယ်၊ အဲ့ဒါ ပွေးနာ၊ ပွေးနာတွေ၊ ခရုသင်းတွေဖြစ်နေရင် ကန်းဖုအရေပြားရောဂါကုဆေးရုံကို သွားပါ၊ စောစောသိပြီး စောစောကုသတာဟာ ကျွန်တော်တို့ဆေးရုံမှာ ပြန်လည်ကျန်းမာဖို့အတွက် အဓိကသော့ချက်ပါပဲ"
ထိုကောင်လေးမှာ အားရပါးရရယ်မောနေသည်။ သူသည် တီဗွီထဲတွင်မြင်ဖူးသဖြင့် ဤမျှလောက်အထိသိနေခြင်းပင်။ သားဖြစ်သူ၏စကားကြောင့် ချောင်လိဖန်းလည်း ပျောက်ကင်းအောင်ကု၍မရသော အရေခွံကွာသည့် ရောဂါမှာ ပွေးနာဖြစ်ကြောင်း သတိရသွားပြီး ရွံရှာသွားတော့သည်။ ထို့နောက် သူမသည် ဟိုတယ်တစ်ခုတည်းတွင်ရှိနေသည်ကို သတိရကာ တုန်လှုပ်ချောက်ချားသွား၏။
"ဒါက ကူးစက်တတ်တဲ့ရောဂါမဟုတ်လား၊ အို ဘုရားရေ ရွံစရာကြီး၊ ပြီးတော့ သူကဟိုတယ်မှာ လာတည်းနေသေးတယ်၊ တကယ့်ကို ရွံစရာကောင်းလိုက်တာ "
ချောင်လိဖန်း၏စူးရှရှအသံမှာ သူမသားအသံနှင့် တစ်ထပ်တည်းကျနေသည်။ ယွီယွမ်ဖေးမှာ အလွန်ပင်အနေရခက်သွားသည်။ ညိုမဲသော အသားအရေတွင်ပင် သူ့မျက်နှာနီမြန်းသွားသည်ကို မြင်နိုင်ပေ၏။ စုဟယ်နှင့် စကားပြောပုံကိုကြည့်ခြင်းဖြင့် သူသည် အလွန်ပင် ရိုးသားသူဖြစ်ကြောင်း သိသာလှသည်။ ယခု ချောင်လိဖန်း၏စကားများကို ကြားရသောအခါ သူသည် မျက်နှာနီရဲလျက်လက်ကိုခါယမ်းကာ ထပ်ခါတလဲလဲပြောရှာသည်။
"မကူးစက်ပါဘူး မကူးစက်ပါဘူး၊ ဒါက ဓာတ်မတည့်တာမျိုးနဲ့ တူပါတယ်၊ ကျွန်တော့်မှာက ပွေးနာရှိနေရုံပါ"
ယွီယွမ်ဖေး လှုပ်ရှားလိုက်သည်ကိုမြင်သောအခါ ချောင်လိဖန်းသည် သူမသားကို အနောက်သို့ အမြန်ဆွဲခေါ်လိုက်သည်။
"အနားကို မလာနဲ့၊ နင့်အရေခွံဖတ်တွေ ဒီဘက်ကိုလွင့်ကုန်ပြီ"
ယွီယွမ်ဖေး အေးခဲသွားရသည်။ သူသည် ဤအေးစက်လှသော စကားလုံးများကြောင့် ကျောက်ရုပ်တစ်ခုကဲ့သို့ ဖြစ်သွားပြီး တောင့်ခဲသွားရသည်။ သူ့နားစည်ထဲတွင် အပ်ဖြင့်ထိုးနေသကဲ့သို့ အလွန်ပင် နာကျင်လှ၏။ ဤသို့ နာကျင်စေသော စကားများကိုကြားရခြင်းမှာ သူ့အား အားကိုးရာမဲ့မှုနှင့် နာကျင်မှုတို့ကို နက်ရှိုင်းစွာခံစားရစေသော်လည်း သူသည် ဒေါသမထွက်တော့ချေ။ အကြောင်းမှာ ဤကဲ့သို့သောစကားမျိုးကို သူအကြိမ်ပေါင်းများစွာ ကြားဖူးနေပြီဖြစ်သောကြောင့်ပင်။
သူ့မျက်လုံးများထဲတွင် အားကိုးရာမဲ့မှုနှင့် ဇဝေဇဝါဖြစ်မှုတို့ ပေါ်လွင်နေပြီး ဤကဲ့သို့သော မတရားမှုနှင့် ထိခိုက်နစ်နာမှုများကို မည်သို့ရင်ဆိုင်ရမည်ကို သူမသိတော့ချေ။ သူ့ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်နေသော်လည်း ဘာမှမတတ်နိုင်ဘဲ မည်သို့မျှတုံ့ပြန်နိုင်ခြင်းမရှိချေ။ သူသည် မတ်မတ်ရပ်လျက် စက်ရုပ်တစ်ရုပ်ကဲ့သို့သာ ရေရွတ်နေမိသည်။
"မကူးစက်ပါဘူး၊ မကူးစက်ပါဘူး၊ တကယ် မကူးစက်ပါဘူး၊ ကျွန်တော်က အရမ်းသန့်ရှင်းပါတယ်"
မိမိခင်ပွန်း ခွဲခြားဆက်ဆံခံရသည်ကို မြင်သောအခါ ကျိဖေးသည် ခင်ပွန်းဖြစ်သူ၏အကျပ်အတည်းနှင့် နာကျင်မှုကို ချက်ချင်းသဘောပေါက်လိုက်သည်။ သူမသည် ဝေခွဲမနေဘဲရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ခင်ပွန်းဘေးတွင် ရပ်ကာ ပြတ်သားသော်လည်း နွေးထွေးသောလေသံဖြင့် ဆိုလိုက်၏။
"ခဏလောက်ပါ၊ ကျွန်မ ရှင်းပြပါရစေ"
သူမသည် အခြားသူများ၏ အစွဲအလမ်းနှင့် အထင်လွဲမှုများကို ပြောင်းလဲနိုင်ရန် မျှော်လင့်ချက်ဖြင့် အညင်သာဆုံးနည်းဖြင့် ဆက်သွယ်ရှင်းပြရန် ကြိုးစားလိုက်သည်။
"အစ်မ ဒါက ပွေးနာပါ၊ တကယ်မကူးစက်နိုင်ပါဘူး၊ ကျွန်မခင်ပွန်းရဲ့ကိုယ်ပေါ်က အဖတ်တွေက ဦးရေပြားဗောက်ထသလိုမျိုး လူ့အရေပြားအပေါ်ယံလွှာ ပုံမှန်ကွာကျတာပါပဲ"
ဤပွေးနာရောဂါသည်မှာ အိမ်ထောင်ရှိနေသည်ကို ချောင်လိဖန်းမယုံနိုင်သလို ဖြစ်နေသည်။ သူမမှာ ကျိဖေးကိုခြေဆုံးခေါင်းဆုံး ကြည့်လိုက်ပြီးပြောလိုက်၏။
"နင်ကတော့ တကယ်သတ္တိကောင်းတာပဲ၊ ညတိုင်း ဒီလိုအရေခွံဖတ်ပုံကြီးနဲ့ အတူအိပ်နေတာ၊ ပွေးနာ ပွေးနာ ဟုတ်တယ်မလား ဒီအဖတ်သေးသေးလေးတွေက နင့်ကိုယ်မှာကပ်နေမှာပဲ၊ အို ဘုရားရေ၊ နင်တို့နှစ်ယောက်သာ အလုပ်လုပ်(ဆက်ဆံ)ကြရင် သူ့အရေခွံတွေ အကုန်ကွာကျကုန်မှာပဲ ဟင်း ဟင်း ဟင်း"
ကျိဖေးမှာ ဒေါသထွက်ပြီးဝမ်းနည်းသွားရသည်၊ ချောင်လိဖန်း၏စကားများမှာ အလွန်ပင်ရိုင်းစိုင်းလှပြီး သူမကို စော်ကားလိုက်သကဲ့သို့ ခံစားရသည်။
"အစ်မ အစ်မရဲ့အသိပညာက အကန့်အသတ် ရှိနေပုံရတယ်၊ နားမလည်ရင် စာအုပ်တွေ ပိုဖတ်သင့်ပါတယ်၊ ပွေးနာဆိုတာ ပွေးရောဂါမဟုတ်ပါဘူး"
ချောင်လိဖန်း၏သားဖြစ်သူမှာလည်း နားရွက်တက်ချိတ်မတတ်ပြုံးနေသည်။ သူသည် အခြားသူများ၏ခံစားချက်နှင့် သိက္ခာကို ဂရုမစိုက်ဘဲ ရိုင်းစိုင်းသော စကားများဖြင့် အထိန်းအကွပ်မဲ့ စော်ကားနေ၏။ သူ့အသံမှာ စူးရှနေပြီး စကားလုံးတိုင်းမှာ ဓားတစ်စင်းကဲ့သို့ လူတို့၏နှလုံးသားကို တည့်တည့်ထိုးစိုက်နေသည်။
"လာ လာ လာ လာ ပွေးနာကြီး လာ လာ လာ လာ ပွေးနာကြီး၊ မေမေကြည့်ဦး၊ သား ပွေးနာသီချင်း ဆိုတတ်နေပြီ၊ ပွေးနာက နံတယ်၊ နေရာတိုင်း အဖတ်တွေကွာလို့ စိတ်ညစ်ရတယ်၊ ပွေးနာက အိပ်မက်ဆိုးကြီးပဲ၊ မျက်နှာတစ်ခုလုံးမှာ အဖုကြီးတွေနဲ့၊ မေမေ မေမေ သားတော်တယ်မလား အခုမှ စဉ်းစားမိတာ၊ ပွေးနာရှင်ရဲ့ခေါင်းက ဘောလုံးလိုပဲ၊ ကုန်တိုက်ကြီးဆီ ကန်ထုတ်လိုက်မယ်၊ ဟိဟိ မေမေ၊ ကုန်တိုက်ကြီးက ပွေးနာရှင်ကို အလိုမရှိဘူးမဟုတ်လား "
ချောင်လိဖန်းသား၏အသံမှာ အော်ဟစ်နေသော ကြက်ဖကဲ့သို့ စူးစူးဝါးဝါးရှိလှသည်။
"သေချာပေါက် အလိုမရှိဘူးပေါ့၊ ရွံစရာကြီး"
ချောင်လိဖန်းမှာ သားဖြစ်သူကိုပြန်ဖြေလိုက်သည်။ ချောင်လိဖန်းသည် သူမ၏ရှူးဖိနပ်ပုံစံရှည်မျောမျောမျက်နှာကို စုဟယ်ဘက်သို့လှည့်ကာ ပြောလိုက်၏။
"သူဌေး၊ ဒီလိုလူတွေ ဟိုတယ်မှာလာတည်းနေတာ တကယ်ပဲ ရွံစရာကောင်းတယ်၊ သူတို့ကို နှင်ထုတ်လိုက်ပါလား၊ ကျွန်မအခန်းထဲမှာ ဒီလိုလူမျိုးလာတည်းသွားခဲ့မယ်ဆိုရင် တကယ့်ကို ရွံစရာကြီးပဲ၊ အိပ်ယာခင်းပေါ်မှာ သူတို့ရဲ့ အရေခွံဖတ်တွေ ရှိနေမှာ"
ချောင်လိဖန်းမှာ ရွံရှာသော မျက်နှာထားဖြင့် ပြောလိုက်သည်။ စုဟယ်သည် မျက်မှောင်ကြုတ်လိုက်ပြီး သူမဒေါသကို အတတ်နိုင်ဆုံး ထိန်းချုပ်လိုက်ရ၏။
"မင်္ဂလာပါ ဧည့်သည်၊ ရှင့်အခန်းက ဘယ်နှစ်ထပ်မှာလဲ၊ အခန်းရဲ့သန့်ရှင်းရေးက အဆင်မပြေဘူးဆိုရင် ကျွန်မတို့ နောက်တစ်ခါ ပြန်သန့်ရှင်းပေးလို့ရပါတယ်"
စုဟယ်သည် ဤသားအမိကို သူတို့အခန်းထဲသို့ မြန်မြန်ပြန်သွားစေချင်လှပြီဖြစ်သည်။
"စိတ်ချပါ၊ ကျွန်မတို့ရဲ့အိပ်ယာခင်းအားလုံးကို ကျွမ်းကျွမ်းကျင်ကျင်လျှော်ဖွတ်ပြီး အပူချိန်မြင့်မြင့်နဲ့ ပိုးသတ်ထားတာပါ၊ ပြီးတော့ နေ့တိုင်း အသစ်လဲပေးပါတယ်၊ အိပ်ယာပေါ်မှာ အရေခွံဖတ်တွေတင် မဟုတ်ဘူး၊ ဗောက်တွေ ဆံပင်တွေ ခြေသည်းအခွံတွေ သွေးစွန်းတာတွေနဲ့ သုတ်ရည်စွန်းထင်းတာတွေပါ မရှိစေရပါဘူး"
စုဟယ် အေးစက်စက်ဖြင့်ပြောလိုက်သည်။ အကယ်၍ ချောင်လိဖန်းသည် ထိုမျှလောက်အထိ ရွံရှာနေမည်ဆိုလျှင် ဟိုတယ်တွင် မတည်းသင့်ချေ။ ဧည့်သည်များ သူတို့အခန်းထဲတွင် ဘာလုပ်ကြသည်ကို မည်သူမျှမထိန်းချုပ်နိုင်ပေ။ အချို့ဧည့်သည်များမှာ ကုတင်ပေါ်တွင် ထမင်းစားကြသည်။ အချို့မှာ လက်သည်းညှပ်ကြသည်။ အချို့မှာမူ ကုတင်ပေါ်တွင် လေ့ကျင့်ခန်း (ဆက်ဆံ) လုပ်ကြသည်။
ဟိုတယ်တစ်ခုအနေဖြင့် လုပ်ဆောင်နိုင်သည်မှာ အခန်းကိုသန့်ရှင်းရေးလုပ်ပေးပြီး နောက်ဧည့်သည်အတွက် သန့်ရှင်းသော ပတ်ဝန်းကျင်ကိုဖန်တီးပေးရန်သာဖြစ်သည်။ ဟိုတယ်များအပြင် အများသုံးအိမ်သာများနှင့် အများသုံး ရေချိုးခန်းများသည်လည်း အများပြည်သူအတွက် ဖွင့်လှစ်ထားသော ပတ်ဝန်းကျင်များဖြစ်သည်။ လမ်းမပေါ် လမ်းလျှောက်နေလျှင်ပင် နေရာအနှံ့ သလိပ်ထွေးထားသူများ၊ ခွေးချေး၊ ငှက်ချေး၊ လူချေးများရှိနေတတ်၏။ ရှေ့မှသွားသောသူသည် တံခါးလက်ကိုင်တွင် နှာရည်များကို သုတ်သွားခဲ့ခြင်းလည်းဖြစ်နိုင်ပြီး၊ အချို့လူများမှာ အိမ်သာတက်ပြီး လက်မဆေးဘဲ လက်ဆွဲနှုတ်ဆက်ကြသည်။ ဘဝဆိုသည်မှာ အသေးစိတ် လိုက်ကြည့်နေ၍ မရနိုင်ချေ။ ချောင်လိဖန်းမှာ တကယ်ပင်စော်ကားလွန်းလှသည်။ ချောင်လိဖန်းမှာ အကောင်းအဆိုးကို မခွဲခြားနိုင်ဘဲပြောလိုက်၏။
"သန့်ရှင်းပေး၊ ကျွန်မအတွက် သေချာ သန့်ရှင်းပေးရမယ်၊ ကျွန်မက ဒုတိယထပ်မှာနေတာ၊ အိပ်ယာခင်းနဲ့ စောင်စွပ်တွေ အကုန်လုံးအသစ်လဲပေးစေချင်တယ်"
စုဟယ်သည် ချောင်လိဖန်းကို ဒုတိယထပ်သို့ အရင်ဆုံးလိုက်ပို့ပေးလိုက်ပြီး လီရှီကို ညွှန်ကြားလိုက်သည်။
"အဒေါ်ဝမ်ကို အဲ့ဒီအခန်းပြန်သန့်ရှင်းပေးဖို့ ပြောလိုက်ပါ"
ထို့နောက် သူမသည် ဤဇနီးမောင်နှံကို အားနာသောမျက်နှာထားဖြင့် ကြည့်လိုက်သည်။ ချောင်လိဖန်းမှာလည်း တည်းခိုခန်း၏ဧည့်သည်တစ်ဦးဖြစ်နေသဖြင့် သူမအနေဖြင့် နှင်ထုတ်၍မရနိုင်ချေ။
104
ကျိဖေးသည် စိတ်ကိုအမြန်ပြန်စုစည်းလိုက်ပြီး အခြေအနေကို ပြေလည်သွားစေရန် ဦးအောင် စကားစလိုက်သည်။
"ရပါတယ် သူဌေးရယ်၊ ကျွန်မတို့က ဒါမျိုးတွေနဲ့ နေသားကျနေပါပြီ၊ စိတ်ထဲမထားပါနဲ့ရှင်"
သို့သော်လည်း ချောင်လိဖန်း၏စကားများမှာ ယွီယွမ်ဖေးကိုတော့ ထိခိုက်စေခဲ့သည်မှာ အသေအချာပင်။ ညိုမဲသော အသားအရေနှင့် အရပ်ရှည်ရှည် သန်သန်မာမာရှိလှသော ဤအမျိုးသားကြီးမှာ အားနာတုန်လှုပ်စွာဖြင့်ပြောရှာသည်။
"သူဌေး စိတ်မပူပါနဲ့နော်၊ ကျွန်တော် အခန်းထဲမှာ အင်္ကျီမချွတ်ခဲ့ပါဘူး၊ အင်္ကျီဝတ်ပြီး လှဲနေခဲ့တာပါ၊ အိပ်ရာခင်းတွေကို မညစ်ပတ်စေခဲ့ပါဘူး "
စုဟယ်မှာ ခေါင်းကို ညင်သာစွာခါယမ်းလိုက်ပြီး ပြောလိုက်၏။
"ဒါကို စိတ်ထဲမထားပါနဲ့၊ ရှင့်တို့က ကျွန်မတို့တည်းခိုခန်းရဲ့ ဧည့်သည်တွေပဲ၊ အခန်းကိုအသုံးပြုပိုင်ခွင့်အပြည့်အဝ ရှိပါတယ် "
ယွီယွမ်ဖေးမှာ သက်ပြင်းတစ်ချက်ချရင်း မပျက်စီးသေးဘဲ ကျန်ရှိနေသော သူ့အရေပြားနေရာအနည်းငယ်ထဲမှ တစ်ခုဖြစ်သည့် လည်ပင်းကိုကိုင်ကြည့်လိုက်သည်။
"ဒီပွေးနာက ဘာကြောင့်ဖြစ်မှန်း အခုထိ အကြောင်းရင်း အတိအကျမသိရသေးဘူး၊ တစ်နေ့ မနက်နိုးလာတော့ ကိုယ်ပေါ်မှာ အနီကွက်တွေ အများကြီးဖြစ်နေတာပဲ၊ အဲ့ဒီနောက်ပိုင်း အရေပြားတွေက တဖြည်းဖြည်းမာလာပြီး ကွာကျလာတော့တာ၊ အစတုန်းကတော့ ဒါကို ဓာတ်မတည့်တာပဲလို့ထင်ပြီး သိပ်ဂရုမစိုက်မိဘူး၊ ဆေးဝယ်လိမ်းလိုက်ရင် သက်သာသွားမယ်ထင်ခဲ့တာ၊ ဒါပေမဲ့ မကြာခင်မှာပဲ တစ်ကိုယ်လုံးပြန့်လာတော့တာပဲ"
ယွီယွမ်ဖေး သူ့ရောဂါဖြစ်စဉ်ကို ပြန်လည်ပြောပြနေသည်။
"ကျွန်တော်တို့ ကုသမှုကို သေသေချာချာ လုပ်ခဲ့ကြပါတယ်၊ အပြင်က လက်ဆင့်ကမ်းဆေးနည်းတွေကိုလည်း နားမယောင်ခဲ့ဘူး၊ ရောဂါကို တော်တော်လေး ထိန်းချုပ်နိုင်ခဲ့ပါတယ်၊ အထူးသဖြင့် နည်းပညာတွေ တိုးတက်လာတဲ့အခါမှာ ဇီဝဆေးဝါးနဲ့ဆေးသွင်းလို့ရလာပြီ၊ တစ်လကို တစ်လုံးသွင်းရုံနဲ့ ပုံမှန်လူတွေလိုနေနိုင်တာ၊ နိုင်ငံတော်ကလည်း ကျွန်တော်တို့ကို အမြဲဂရုစိုက်ပါတယ်၊ အခုဆိုရင် ဇီဝဆေးဝါးတွေကို ကျန်းမာရေးအာမခံထဲထည့်သွင်းပေးထားလို့ ကျွန်တော်တို့လို လူနာတွေ အကျိုးကျေးဇူးခံစားနေရတာပါ"
ကျန်းမာရေးအာမခံအကြောင်း ပြောသောအခါ ယွီယွမ်ဖေးမှာ ကျေးဇူးတင်မှုများဖြင့် ပြည့်နှက်နေလေသည်။ ယွီယွမ်ဖေးမှာ သူ့ဆံပင်များကို လက်ဖြင့် သပ်လိုက်ပြီး ပြောလိုက်၏။
"သူဌေး မြင်တဲ့အတိုင်းပါပဲ၊ ကျွန်တော်လည်း အသက်ကြီးလာပြီ၊ ပြီးတော့ ဒီဆေးတွေကို သုံးလာတာကြာတော့ ဆေးယဉ်ပါးမှုဖြစ်လာတယ်၊ အမျိုးအစားပေါင်းများစွာ ပြောင်းသုံးကြည့်ပေမဲ့ အာနိသင်ကတဖြည်းဖြည်းနည်းလာပြီး ကျောက်ကပ်အပေါ် ဝန်ထုပ်ဝန်ပိုးလည်းပိုများလာတယ်၊ ဒါကြောင့် အခြေအနေသိပ်မဆိုးရင် ဆေးခဏဖြတ်ထားဖို့ ဆရာဝန်ကအကြံပေးထားပါတယ်၊ ကျွန်တော်နဲ့ ရောဂါတူ သူငယ်ချင်းအချို့က တောင်ဘက်ကျွန်းကို သွားပြီး နေပူဆာလှုံတာ၊ ပင်လယ်ရေနဲ့ ရေချိုးတာတွေလုပ်ဖို့ သဘောတူခဲ့ကြတယ်၊ တကယ်လည်း အာနိသင်ရှိပါတယ်၊ ကျွန်းကိုရောက်တဲ့အခါ အခြေအနေကသိသိသာသာ ကောင်းမွန်သွားတယ်၊ အဆိုးဆုံးဖြစ်မှ ခြေကျင်းဝတ်နားမှာ နည်းနည်းခြောက်တာပဲရှိတော့တာ၊ ဒါပေမဲ့ ကျွန်းကနေ ပြန်ထွက်လာတာနဲ့ တစ်ကိုယ်လုံးမှာ အနီကွက်တွေ ပြန်ထလာတာပဲ၊ ကျိဖေးနဲ့ ကျွန်တော်ကတော့ ကျွန်းမှာပဲ အခြေချဖို့ စဉ်းစားနေကြပြီ"
ယွီယွမ်ဖေး ဝမ်းနည်းပူဆွေးစွာပြောလိုက်သည်။ တောင်ဘက်ကျွန်းသည် ကမ်းခြေများ၊ အုန်းတောများနှင့် ကြည်လင်သော ပင်လယ်ရေများရှိသည့် သာယာသောနေရာဖြစ်သော်လည်း မိမိဇာတိမြေကိုစွန့်ခွာရမည်ဆိုသည်မှာ မည်သူမဆို စိတ်လေးရသည့်ကိစ္စဖြစ်သည် မဟုတ်ပါလား။ ယွီယွမ်ဖေးမှာအလွန်ပင် ရိုးသားစွာ ဆို၏။
"သူဌေး၊ ကျွန်တော် ဒီနေရောင်ခြည်သံလိုက်ကို ကံစမ်းကြည့်တဲ့သဘောပါပဲ၊ ဒါကို လက်ဖွဲ့တစ်ခုအနေနဲ့ တောင်းတယ်လို့ပဲ သဘောထားပေးပါ၊ ကျွန်တော် ဒါကိုအသက်ကယ်ကြိုးတစ်မျှင်လိုမျိုး အစွဲအလမ်းကြီးမှာမဟုတ်ပါဘူး "
ကျိဖေးမှာလည်း ထပ်လောင်းပြောသည်။
"သူဌေး၊ ကျွန်မတို့ အပေါ်ထပ်အခန်းမှာ ခဏနားလိုက်ရုံနဲ့တင် တကယ်ကို သက်သောင့်သက်သာရှိမှန်း သိလိုက်ရတယ်၊ ဒါကြောင့်လည်း ကျိလင်းက ဒီနေရာကို တဖွဖွညွှန်းနေတာပေါ့၊ သူတို့က အခန်းဘွတ်ကင်မရလို့၊ ရရင် သူတို့လည်း ဒီကိုအပန်းဖြေလာဦးမှာ၊ ဒါနဲ့ ကျွန်မရော သူတို့ရော ဒီဟိုတယ်က အိပ်ရာတွေကို ဝယ်ထားကြတာလေ၊ သူဌေး ကျွန်မတို့ နေရောင်ခြည်သံလိုက်ကို တကယ်စမ်းကြည့်ချင်ပါတယ်"
ကျိဖေးမှာ စုဟယ်ကို မျှော်လင့်ချက်အပြည့်ဖြင့်ကြည့်လိုက်သည်။ သူမသည် ယွီယွမ်ဖေးနှင့်အတူ ဆင်းရဲဒုက္ခအမျိုးမျိုးကို ဖြတ်ကျော်လာခဲ့သူဖြစ်ပြီး မိမိခင်ပွန်းအနားမှာအမြဲရှိပေးရန် ဆုံးဖြတ်ထားသူဖြစ်၏။ အပြန်အလှန် ဖေးမကူညီခြင်းမှာ စစ်မှန်သောလင်မယားတို့၏ပြယုဂ်ပင် မဟုတ်ပါလား။
သောက်ဆေး၊ လိမ်းဆေးစသည့် ရှေးရိုးဆွဲဆေးမြီးတိုတွေမှလွဲလို့ တရုတ်တိုင်းရင်းဆေး ဆရာဝန်နှင့်ပြသခြင်း၊ နေပူဆာလှုံခြင်း၊ ရေပူစမ်းစိမ်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းနှင့် ပင်လယ်စာ၊ အမဲသား၊ ဆိတ်သားရှောင်ခြင်း စသည့် နည်းလမ်းမျိုးစုံကို သူတို့စမ်းသပ်ရန် ဝန်မလေးကြချေ။ ထို့ကြောင့် "နေရောင်ခြည်သံလိုက်" မှာ တစ်စုံတစ်ရာ အာနိသင်ရှိနိုင်သည်ဟု ကြားလိုက်ရသည်နှင့် သူတို့သည် ဟဲယဲ့တည်းခိုခန်းသို့ ရောက်ရှိလာခြင်းပင်။ စုဟယ်သည် သေသေချာချာထပ်မံမေးမြန်းကြည့်ရာ သူတို့မှာ အယူသည်းသူများမဟုတ်ကြောင်း သိလိုက်ရသဖြင့် ခေါင်းညိတ်ကာ ရှောင်ရှီး၏အမွေးများကိုပေးရန် သဘောတူလိုက်သည်။
"အခန်းထဲမှာ ခဏနားနေကြပါ၊ ကျွန်မ နေရောင်ခြည်သံလိုက်ကိုသွားယူပေးပါ့မယ် "
စုဟယ်၏ကတိကိုရရှိပြီးနောက် ယွီယွမ်ဖေးသည် သူမကိုလက်ဆွဲနှုတ်ဆက်ချင်သော်လည်း မိမိအရေပြားအခြေအနေကို သတိရသွားကာ အနေရခက်စွာဖြင့် လက်ကိုအင်္ကျီတွင်ပွတ်သပ်လိုက်ပြီး ကျေးဇူးတင်စကားများကို တတွတ်တွတ် ပြောနေတော့သည်။
"ကျွန်မတို့အခန်းထဲ မသွားတော့ပါဘူး၊ ဒီမှာပဲ စောင့်ပါ့မယ်၊ ဒီနေ့ စောသေးတော့ အမြန်ရထားကိုမှီသေးတယ်"
ကျိဖေးအသံတွင် ကျေးဇူးတင်မှုနှင့် နွေးထွေးမှုများ ပါဝင်နေသည်။ စုဟယ်မှာပြုံးပြကာ ခေါင်းညိတ်လိုက်၏။ သူမသည် ရှောင်ရှီးထံမှ အမွေးသွားယူရန် အခန်းသို့ ပြန်ရပေမည်။ စုဟယ် တွေးနေမိသည်မှာ အကယ်၍ ရှောင်ရှီးမှာ ကျွတ်ထားတဲ့အမွေးအဟောင်းတွေမရှိရင် ဘယ်လိုလုပ်မလဲ နုတ်ယူရမှာလား။ သူမ အခန်းထဲသို့လှမ်းဝင်လိုက်သည်နှင့် စနစ်၏အသိပေးချက်ကို ကြားလိုက်ရသည်။
"ရှောင်ရှီးသည် ကြယ်နှစ်ပွင့်အဆင့်သို့ မြှင့်တင်ပြီးပါပြီ"
ရှောင်ရှီးသည် စိတ်လှုပ်ရှားစွာတောင်ပံခတ်လျက် အခန်းထဲဝင်လာသော စုဟယ်ထံသို့ ပျံသန်းလာသည်။ ရှောင်ရှီးသည် ပျော်ရွှင်စွာဖြင့်အော်ဟစ်နေပြီး ၎င်း၏နူးညံ့လှပသော ကိုယ်ထည်လေးမှာ လေထဲတွင်ကခုန်နေကာ ခဏလေးပင် ငြိမ်ငြိမ်မနေနိုင်ဘဲဖြစ်နေ၏။ ခဏကြာ ပျံသန်းပြီးနောက်တွင် စုဟယ်၏ပုခုံးပေါ်သို့ ဆင်းသက်ကာ တိုတောင်းသော အော်သံလေးများဖြင့် ၎င်း၏စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုကို ဖော်ပြနေတော့သည်။
စုဟယ်သည် ရှောင်ရှီးထံမှ ကူးစက်လာသော ကြည်နူးမှုကို ခံစားလိုက်ရပြီး ပြုံးလျက် ရှောင်ရှီး၏နူးညံ့သောအမွေးများကိုပွတ်သပ်ပေးရင်း အမွေးနှစ်ပင်ကို တိတ်တဆိတ် နုတ်ယူလိုက်သည်။ စိတ်လှုပ်ရှားနေသော ရှောင်ရှီးမှာမူ နာကျင်မှုမရှိသည့် ဤလှုပ်ရှားမှုလေးကို လုံးဝသတိမထားမိဘဲ မိမိ၏ ပျော်ရွှင်မှုထဲတွင်သာ နစ်မျောနေလေ၏။ သူသည် ကြယ်နှစ်ပွင့်အဆင့်သို့ ရောက်ရှိသွားပြီ မဟုတ်ပါလား။ ပွဲတော်အားလပ်ရက်မှစ၍ ရှောင်ရှီး၏ နှစ်သက်မှု တိုးတက်နှုန်းမှာ သိသိသာသာ မြင့်တက်လာခဲ့သည်။
ဟဲယဲ့တည်းခိုခန်းတွင် တစ်ယောက်ခန်း (၃၀) ခန်း၊ အခန်းကြီး (၁၅) ခန်း နှင့် ကုတင်နှစ်လုံးပါအခန်း (၁၀) ခန်း၊ စုစုပေါင်း အခန်း (၅၅) ခန်း ရှိသည်။ အားလပ်ရက်အတွင်း အခန်းအားလုံး ပြည့်နေခဲ့၏။ တည်းခိုခန်းရှိ ဧည့်သည်များအားလုံးသည် ဤနေရာမှ နေရောင်ခြည်ရနံ့သင်းပျံ့ပြီး ခြောက်သွေ့နူးညံ့သော စောင်များကို သဘောကျကြသည်။ ထို့ကြောင့် ရှောင်ရှီးအတွက်မူ ကောင်းမွန်သော မှတ်ချက်များမှာ အလွန်လျင်မြန်စွာ စုမိလာပြီး တစ်နေ့လျှင် မှတ်ချက် (၃၀) ခန့်အထိ ရရှိခဲ့ခြင်းဖြစ်၏။ တည်းခိုခန်းသို့ လာရောက်သူ အလွန်များပြားလှသဖြင့် ရှောင်ရှီးမှာ အစွမ်းကုန်အလုပ်လုပ်နေရသည်ဟုပင် ဆိုနိုင်သည်။
မေကျဲ နှင့် တုန်းကျင်တို့သည် (၆) ထပ်ရှိ အခြောက်ခံဝရန်တာတွင် စောင်များနှင့် အိပ်ရာခင်းများကိုလှန်းလိုက်သည်နှင့် ရှောင်ရှီးမှာပြေးသွားကာ ၎င်းတို့ကို အခြောက်ခံပေးပြီး အိပ်ရာခင်းများတွင် မစင်ကြယ်သော အစွန်းအထင်းများ ကျန်မကျန် စစ်ဆေးပေးတတ်သည်။ ထို့နောက် သန့်ရှင်းရေးလုပ်ချိန်များတွင် အခန်းများထဲသို့ခိုးဝင်ကာ ကုတင်အားလုံးကို အခြောက်ခံပေးလေ၏။ တစ်ခါတစ်ရံ မေကျဲနှင့် တုန်းကျင်တို့ အခန်းသန့်ရှင်းရေးလုပ်ပြီးနောက် ကျန်ရစ်ခဲ့သောရေကွက်ကလေးများကိုမြင်လျှင်ပင် ရှောင်ရှီးမှာ လိုက်လံအခြောက်ခံပေးတတ်သေးသည်။ ရှောင်ရှီးစိတ်ထဲတွင် အလုပ်နှင့်သာပြည့်နှက်နေပုံရပြီး မိမိကိုယ်ကို အစွမ်းကုန်ကြိုးစားအားထုတ်နေသည့် "အသေးစိတ်ကျလွန်းသော အလုပ်သမား"လေး ဖြစ်နေတော့၏။ ကံကောင်းထောက်မစွာဖြင့် ကြိုးစားမှုသည် အသီးအပွင့်ခံစားရသည် မဟုတ်ပါလား။ ကြယ်အဆင့်မြှင့်တင်နိုင်ခြင်းမှာ ၎င်းအတွက်အကောင်းဆုံး ဆုလာဘ်ပင်ဖြစ်သည်။ စုဟယ်သည် အမွေးနှစ်ပင်ကိုကိုင်ကာ စနစ်မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်၏။
ဇာတ်ကောင်ကတ် - သုံးခြေထောက် ရွှေကျီးကန်း (ကိုးပုံတစ်ပုံ)
ဇာတ်ကောင်မိတ်ဆက် : ချူစူးကျန်းကျွီကျမ်းအရ ယောင်ဧကရာဇ် လက်ထက်တွင် တစ်နေ့၌ ကောင်းကင်တွင် နေမင်းဆယ်စင်းပေါ်ထွက်လာပြီး အပင်များညှိုးနွမ်းကာ လူတို့ဆင်းရဲဒုက္ခရောက်ခဲ့ကြသည်။ ယောင်ဧကရာဇ်သည် နေမင်းဆယ်စင်းကိုပစ်ချရန် ဟုန်ယိကိုစေလွှတ်ခဲ့ရာ ဟုန်ယိမှာ ကိုးစင်းကိုပစ်ချနိုင်ခဲ့သဖြင့် ရွှေကျီးကန်းကိုးကောင် သေဆုံးသွားခဲ့သည်။ ဤသည်မှာ ထိုရွှေကျီးကန်းများထဲမှတစ်ကောင်ဖြစ်သည်။
ရှားပါးမှု : ရှားပါး
လက်ရှိအဆင့် : ကြယ်နှစ်ပွင့်
ကောင်းမွန်သောမှတ်ချက်များ : (100) / (1000)
ကျော်ကြားမှု : အခြေခံအဆင့် (0) / (10,000)
ထင်ရှားသောစွမ်းရည် : စစ်မှန်သောနေမီးလျှံ (မှော်စွမ်းရည်များမှာ များသောအားဖြင့် အရိုးရှင်းဆုံးနည်းဖြင့် အသုံးပြုရန်သာ လိုအပ်သည်၊ ဥပမာ - အဝတ်အခြောက်ခံစက် ဖြစ်လာခြင်းကဲ့သို့။)
အထူးအာနိသင် : နေရောင်ခြည် ၊ ဇီဝကိုယ်ခံစွမ်းအားကို +15% မြှင့်တင်ပေးသည် (နေရောင်ခြည်ထဲရှိ UVB ရောင်ခြည်များသည် အရေပြားထဲမှ ဗီတာမင်ဒီကို တက်ကြွစေပြီး လူသားတို့၏ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်သည်။ သင့်တင့်သော နေရောင်ခြည်ထိတွေ့မှုသည် ပိုးသတ်ရန်နှင့် ကူးစက်ရောဂါများကို ကာကွယ်ရန် ကူညီပေးနိုင်သော်လည်း အလွန်အကျွံ နေပူထဲမနေမိရန် သတိပြုပါ)
စုဟယ်သည် ရှောင်ရှီးလေး၏အထူးအာနိသင်ကို မယုံကြည်နိုင်စွာဖြင့် မျက်လုံးများကို ပွတ်သပ်ကြည့်လိုက်မိသည်။ ရှားပါးကတ်ဆိုတာ တကယ်ပဲ ဒီလိုမျိုးလား။