အခန်း (၁၀၅-၁၀၆)
Vol. 11 Ch. 105-106
105
ရှောင်ရှီးမှာ ပျော်ရွှင်မှုထဲတွင် နစ်မျောနေပြီး ရုန်းမထွက်နိုင်အောင် ဖြစ်နေသည်။ စုဟယ်မှာတော့ ဤအရာကို ဂရုမစိုက်ဘဲ အခန်းအံဆွဲထဲမှ ပုတီးစေ့များကို ရှာဖွေကာ နေရောင်ခြည်သံလိုက် နှစ်ခုကို ပြုလုပ်လိုက်သည်။ ရှောင်ရှီး ကြယ်နှစ်ပွင့်အဆင့်သို့ တိုးသွားပြီးနောက် သူ၏ အမွေးများသည်လည်း အထူးစွမ်းရည်များ တိုးတက်လာခဲ့ရာ ဤသည်မှာ ဝမ်းသာစရာ အံ့အားသင့်မှုတစ်ခုပင်။ စုဟယ်သည် နောက်မှ မိမိကိုယ်တိုင်အတွက်လည်း နေရောင်ခြည်သံလိုက် တစ်ခု ပြုလုပ်ရန် တွေးထားလိုက်သည်။ စုဟယ်သည် အင်တာနက်ပေါ်တွင် အချက်အလက်အချို့ကို ရှာဖွေကြည့်ရှုခဲ့၏။ ပွေးနာ သည် ကိုယ်ခံအားစနစ်ဆိုင်ရာ ရောဂါတစ်ခု မဟုတ်သဖြင့် ဤအမွေးများသည် ယွီယွမ်ဖေးအတွက် အာနိသင်ရှိ၊ မရှိကို မသိနိုင်ချေ။
စုဟယ်သည် ယွီယွမ်ဖေးနှင့် ကျိဖေးတို့ထံ နေရောင်ခြည်သံလိုက် များကို ပေးအပ်သောအခါ တစ်စုံတစ်ရာ ဖြစ်လာပါက ဆေးရုံသို့ ချက်ချင်းသွားပြရန် အကြိမ်ကြိမ် သတိပေးလိုက်သည်။ သူတို့ကို ပို့ဆောင်ပြီးနောက် စုဟယ်နှင့် လီရှီတို့သည် ဧည့်ကြိုကောင်တာတွင် စာရင်းဇယားများကို ပြန်လည်စစ်ဆေးခဲ့ကြ၏။ စည်ကားလှသော အမျိုးသားနေ့အားလပ်ရက်မှာ ပြီးဆုံးတော့မည်ဖြစ်ရာ ဟဲယဲ့တည်းခိုခန်း၏ ဧည့်သည်ဝင်ရောက်မှုမှာ မကြာမီ တည်ငြိမ်သော အခြေအနေသို့ ပြန်ရောက်တော့မည်ဖြစ်သည်။ အလုပ်ရက်များတွင် အခန်းငှားရမ်းမှုနှုန်းမှာ (၆၅)% ရှိပြီး ပိတ်ရက်များတွင် (၈၇) % ရှိလေ၏။
အခန်းအမျိုးအစားများကို အဆင့်မြှင့်တင်ပြီးနောက် ဟဲယဲ့တည်းခိုခန်းသည် အခန်းခများကို တိုးမြှင့်ခဲ့သည်။ အသက်သာဆုံးဖြစ်သော ရှူးရှင်း အခန်းသည် တစ်ညလျှင် ယွမ် (၃၆၀) ကျသင့်ရာ ဈေးမသက်သာလှပေ။ ခရီးသွားနည်းသော ရာသီများတွင် ဟဲယဲ့တည်းခိုခန်းနှင့် မလှမ်းမကမ်းရှိ ကြယ်ငါးပွင့်ဟိုတယ်များမှာပင် ဈေးပိုသက်သာတတ်ပြီး ၎င်းတို့၌ အမိုးအကာပါသော ရေနွေးကန် ရေကူးကန်များလည်း ရှိသဖြင့် ဟဲယဲ့တည်းခိုခန်းမှာ ဈေးနှုန်းပိုင်းအရ အားသာချက်မရှိပေ။ အမှန်စင်စစ် စုဟယ်မှာ ဟဲယဲ့တည်းခိုခန်းသည် ကြယ်ငါးပွင့်ဟိုတယ်တစ်ခုထက် မနိမ့်ကျဟု ယုံကြည်ထားသော်လည်း အနည်းငယ်မြင့်မားသော ဈေးနှုန်းများက ခရီးသွားအချို့ကို နောက်တွန့်သွားစေဆဲဖြစ်သည်။ အထူးသဖြင့် အားလပ်ရက်အတွင်း အခန်းအားလုံး ပြည့်သွားသည်ကို တွေ့ကြုံပြီးနောက် စုဟယ်သည် (၆၅)% ငှားရမ်းမှုနှုန်းအပေါ် မတင်းတိမ်နိုင်တော့ချေ။ ချွေတာရာမှ ဇိမ်ခံရန် လွယ်ကူသော်လည်း ဇိမ်ခံရာမှ ပြန်လည်ချွေတာရန်မှာ ခက်ခဲလှသည် မဟုတ်ပါလား။
"အခန်းတွေ အားနေမယ့် နေ့တွေကို ကျွန်မဆီ ပို့ပေးပါ၊ တည်းခိုမယ့်သူတွေ ရှာလို့ရမလား ကြည့်ရမယ်"
စုဟယ်မှာ လီရှီကို အော်ဒါများကို ပြန်လည်စုစည်းရန် ပြောလိုက်သည်။ လီရှီမှာ တက်ကြွမှုများဖြင့် ပြည့်နှက်နေ၏။ သူဌေးသည် အလွန်ပင် လက်ဖွာသူဖြစ်ပြီး အမျိုးသားနေ့အတွက် ဘောနပ်စ် ယွမ် (၁,၀၀၀) နှင့် အားလပ်ရက်ခံစားခွင့် ယွမ် (၂,၀၀၀) ပေးမည်ဟု ကတိပေးထားပြီး ဖြစ်သည်။ ဤလတွင် သူသည် အနည်းဆုံး လစာယွမ် (၈,၀၀၀) ခန့် ရရှိမည်ဖြစ်ရာ အင်တာနက်ဆိုင် မန်နေဂျာ အဖြစ် လုပ်ကိုင်စဉ်ကထက် သုံးဆနီးပါး ရရှိခြင်းဖြစ်၏။ လီရှီမှာ ပို၍ပင် စိတ်အားထက်သန်လာတော့သည်။
"သူဌေး၊ ဧည့်သည်အသစ်တွေက ရှာလို့ရတာလား"
လီရှီမှာလည်း အခန်းအားလုံး ငှားရမ်းရရန် မျှော်လင့်နေသည်၊ သူလည်း ပိုက်ဆံ ပိုရချင်သည် မဟုတ်ပါလား။
"အရင်က တည်းခိုခန်းမှာ လာပြီး ပြဿနာရှာသွားတဲ့ ဧည့်သည် ရော့စ် လေ၊ ဒီနေ့ ကျင်ရှန်းစားသောက်ဆိုင်မှာ သူ့ကို တွေ့ခဲ့တယ်၊ သူက ကျွန်မတို့ တည်းခိုခန်းကို ဧည့်သည်အချို့ မိတ်ဆက်ပေးမယ်လို့ ကတိပေးတယ်"
စုဟယ် ပြန်ဖြေလိုက်သည်။
"ဒါဆို ကောင်းတာပဲ အော် ဒါနဲ့၊ အရင်တစ်ခါက သူ့အပေါ် ကျွန်တော့်ရဲ့အပြုအမူက သိပ်မကောင်းခဲ့ဘူး ထင်တယ်၊ နောက်တစ်ခါ သူ့ကိုတွေ့ရင် ကျွန်တော် သေချာပေါက် တောင်းပန်လိုက်ပါ့မယ်"
လီရှီသည် ရော့စ် ကို တားဆီးခဲ့သည်ကို သတိရကာ သူ့အပေါ် အထင်လွဲစေခဲ့မည်ကို စိုးရိမ်နေမိသည်။ စုဟယ် သူ့ကို နှစ်သိမ့်လိုက်၏။
"စိတ်မပူပါနဲ့၊ နင်လုပ်ခဲ့တာ မှန်ပါတယ်၊ ဆိုင်မှာ ပြဿနာရှာတဲ့ ဖောက်သည်နဲ့ တွေ့ရင် ချက်ချင်း တားဆီးရမှာပဲ "
ထို့နောက် စုဟယ်မှာ အသံကို နှိမ့်ပြီး ပြောလိုက်သည်။
"ခုနက ဧည့်ခန်းထဲမှာ ရန်ဖြစ်နေတဲ့ သားအမိကိုလည်း သတိထားကြည့်ဦး "
လီရှီ နားလည်သွားပြီး စကားပြောရန် ပြင်လိုက်စဉ် အသံတစ်ခုမှ ကြားဖြတ်နှောင့်ယှက်လိုက်သည်။
"ဖန်ခွက်ကွဲတဲ့ အသံပဲ"
လီရှီ ထိတ်လန့်သွားသည်။ စုဟယ်လည်း ဤအသံကို ကြားလိုက်ရ၏။
"သွားကြစို့ အပြင်ထွက်ကြည့်ရအောင် "
"ဟေး သူဌေး၊ ခဏလေးနေပါဦး၊ မစ္စကျိကို အရင်ခေါ်လိုက်ပါလား"
အပြင်မှာ တစ်ခုခုဖြစ်နေမှာကို လီရှီ စိုးရိမ်နေမိသည်၊ သူဌေးမှာ ပိန်ပိန်ပါးပါးလေးမို့ မတော်တဆ တစ်ခုခုဖြစ်သွားမှာကို ကြောက်နေခြင်းပင်။
"ခွမ်း"
အသံများမှာ ဆက်တိုက်ထွက်ပေါ်နေပြီး ဆူညံသံများပါ လိုက်ပါလာသည်။ စုဟယ် ခေါင်းညိတ်လိုက်၏။
"ကောင်းပြီ၊ နင် သူ့ကို သွားရှာလိုက်၊ ငါ အရင်သွားကြည့်လိုက်မယ် "
စုဟယ် တည်းခိုခန်းအပြင်ဘက်သို့ ထွက်လိုက်သောအခါ အနီးနားရှိ ဆိုင်များမှ လူများအားလုံး စူးစမ်းကြည့်ရှုရန် ထွက်လာကြသဖြင့် ခေါင်းများမှာ တန်းစီနေသည်ကို မြင်လိုက်ရသည်။
"ဘာဖြစ်တာလဲ ဦးလေးလီ"
ဘေးနားရှိ အိုးကပ်ထမင်းဆိုင်မှ ဦးလေးလီသည် ထမင်းခပ်သော ယောက်မကြီးကို ကိုင်ကာ ရှေ့ဆုံးမှ ရပ်နေသည်ကို စုဟယ် မြင်လိုက်ရသည်။ သူ၏ဆိုင်မှ ဖောက်သည်များမှာလည်း မခေလှပေ။ ဦးလေးလီ၏ မြေအိုးခေါက်ဆွဲပန်းကန်များကို ကိုင်လျက် လှေကားထစ်များပေါ်တွင် ရပ်နေကြသည်။ စုဟယ်သည် ဦးလေးလီဆိုင်မှ မြေအိုးထမင်းကို ခဏခဏစားလေ့ရှိသဖြင့် မြေအိုး၏အလေးချိန်ကို ကောင်းကောင်းသိ၏။ မြေအိုးမှာ မပေါ့လှပေ။ ဦးလေးလီ၏မြေအိုးမှာ ထည့်စရာပန်းကန်သက်သက်သာမဟုတ်ဘဲ ချက်ပြုတ်သည့် ကိရိယာလည်းဖြစ်ရာ မီးဖိုပေါ်တင်ထားရသဖြင့် အောက်ခြေမှာ အလွန်ပူလှသည်။ သို့သော်လည်း အပြင်ထွက်ကြည့်နေကြသော ဤဖောက်သည်များ၏ လက်များမှာ အနည်းငယ် နီမြန်းနေကြသော်လည်း ဆိုင်ထဲသို့ပြန်မဝင်ကြဘဲ လက်ကိုမှုတ်ရင်း ခေါင်းကိုသာပြူထွက်ကာကြည့်နေကြလေ၏။
"အော်... ရှောင်စု၊ ဒီမှာ လာရပ်၊ ဒီနေရာဆိုရင် အကုန် မြင်ရတယ်"
ဦးလေးလီ စုဟယ်အတွက် နေရာလွတ်တစ်ခုကို စိတ်အားထက်သန်စွာ ဖယ်ပေးလိုက်သည်။ ဟဲယဲ့တည်းခိုခန်း၏ အဝင်ဝတွင် လှေကားထစ်များ ရှိသဖြင့် မြေပြင်မှာ မြင့်နေကာ မြင်ကွင်းမှာ ပိုကောင်းလှ၏။ ကြည့်ရှုသူများမှာ ခေါင်းချင်းဆိုင် တိုးဝှေ့နေကြသဖြင့် လူတံတိုင်းကြီးသဖွယ် ဖြစ်နေတော့သည်။ စုဟယ်သည် လူအုပ်ကြားထဲမှ တိုးဝှေ့ကာ ဦးလေးလီ၏ ဘေးသို့ လျှောက်သွားလိုက်၏။ အို ဘုရားရေ၊ ခေတ်မီဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် မှန်များကိုရိုက်ခွဲနေလေသည်။
"အာနျို ရွှေဆိုင်လား "
စုဟယ် အာမေဍိတ်သံဖြင့်မေးလိုက်သည်။
"သူ ဓားပြတိုက်နေတာလား"
ဦးလေးလီ ပြန်မဖြေပေ။ သူ့ဘေးမှရွှေဆွဲကြိုးကြီးဝတ်ထားသော အမျိုးသားတစ်ဦးမှာ ပြန်ဖြေ၏။
"ဟုတ်တယ်၊ ဘယ်သူထင်မှာလဲနေ့ခင်းကြောင်တောင် မှောင်တောင်မမှောင်သေးဘူး၊ ဓားပြတိုက်ဖို့ လာတယ်၊ တကယ့်ကို အံ့ဩစရာပဲ"
စုဟယ်သည် ရွှေဆွဲကြိုးကြီးဝတ်ထားသော ထိုလူကိုမနေနိုင်ဘဲ ထပ်ကြည့်မိသည်။ ထိုဆွဲကြိုးမှာ တစ်ကယ့်ကို ထူထူထဲထဲဖြင့် ကြီးမားလှ၏။
"ဘာလဲ ကြိုက်လို့လား"
ရွှေဆွဲကြိုးကြီးနှင့်လူမှာ စုဟယ်၏ အကြည့်ကို သတိပြုမိသွားသည်။ ခိုးကြည့်နေသည်ကို အဖမ်းခံလိုက်ရသဖြင့် စုဟယ် အနည်းငယ် အနေရခက်သွားကာ ရှင်းပြလိုက်၏။
"အဲ့ဒီရွှေဆွဲကြိုးကြီးက တကယ်ကို ခန့်ညားလွန်းလို့ပါ"
ရွှေဆွဲကြိုးကြီးနှင့်လူမှာ ထိုစကားကို ကြားရသဖြင့် ဝမ်းသာသွားကာဆိုလိုက်သည်။
"ဒါပေါ့၊ ဝယ်ချင်ရင် ကျွန်တော်ဈေးလျှော့ပေးမယ်လေ"
"ရှင်"
စုဟယ် ချက်ချင်းသဘောမပေါက်လိုက်ပေ။ ဈေးလျှော့ပေးမယ် ဒါဆိုရင် စုဟယ်၏ အံ့ဩနေသောမျက်နှာထားမှာ အလွန်သိသာလှသည်။ ထိုရွှေဆွဲကြိုးကြီးနှင့်လူမှာ ပြောလိုက်၏။
"ဟုတ်တယ်၊ ကျွန်တော်ကအာနျိုရွှေဆိုင်ရဲ့သူဌေးပါ၊ နျိုကောလို့ပဲ ခေါ်ပါ"
"ရှင် ဘယ်လိုလုပ် ဒီလောက်တောင် အေးဆေးနေနိုင်ရတာလဲ "
စုဟယ်မှာ နျိုကောကို တကယ်ပင် အထင်ကြီးသွားမိသည်။ သူတို့ စကားပြောနေစဉ်အတွင်း ခေတ်မီဝတ်စုံနှင့်ဓားပြသည် အာနျိုရွှေဆိုင်၏ အပြင်ဘက် ဖန်သားနံရံတစ်ခုကိုထပ်မံရိုက်ခွဲလိုက်ပြီး အလှပြထားသော ရွှေဆွဲကြိုးကြီးများနှင့် ရွှေသရဖူများကို သူ့ကျောပိုးအိတ်ထဲသို့ ထိုးထည့်နေလေ၏။ နျိုကောမှာ လက်ယမ်းပြလိုက်သည်။
"ဟေး သူ တကယ့်ပစ္စည်းတွေကိုမယူရသေးပါဘူး၊ အပြင်ဘက်ကောင်တာထဲက ရွှေတွေကအတုတွေချည်းပဲ၊ အစစ်တွေက အထဲကကောင်တာမှာရှိတာ"
စုဟယ်မှာ နျိုကောအတွက် စိုးရိမ်နေမိသည်။
"ရဲခေါ်ပြီးပြီလား၊ သူအပြင်ကပစ္စည်းတွေကိုခွဲပြီးရင် အထဲကိုဝင်တော့မယ် ထင်တယ်၊ ဘာတွေဖြစ်နေတာလဲ နျိုကောရယ်၊ ဘာလို့ ဓားပြတိုက်ခံရတာလဲ"
နျိုကောသည် စပ်စုနေကြသူများကို ဖြစ်စဉ်အကြောင်း အကြိမ်ပေါင်းများစွာပြောပြခဲ့ပြီးဖြစ်သော်လည်း စုဟယ် မေးသောအခါတွင် နောက်တစ်ကြိမ် ပြောပြရန် ဝမ်းသာနေဆဲဖြစ်သည်။ ဤသို့သောဖြစ်ရပ်မျိုးမှာ အလွန်ရှားပါးသည် မဟုတ်ပါလား။ အသစ်ရောက်လာကြသောကြည့်ရှုသူများမှာလည်း နားစွင့်နေကြလေ၏။ အားပေးမည့်ပရိသတ်ကိုတွေ့ရသဖြင့် နျိုကောမှာ ပို၍ပင်စိတ်အားထက်သန်လာသည်။
"အော် ဒီနေ့ ကျွန်တော်ဆိုင်မှာ ရှိနေခဲ့ပါတယ်၊ ဝန်ထမ်း သုံးယောက်နဲ့အတူ စာရင်းစစ်နေတာပေါ့၊ အခုတလော ပစ္စည်းအသစ်တွေရောက်ထားပြီး ဆိုင်မှာ နောက်ရက်ကျရင် ပွဲလုပ်ဖို့စီစဉ်နေတာ၊ ဒါနဲ့ စကားမစပ် အခုရွှေဈေးက အတော်လေး အဆင်ပြေနေတယ်၊ ဝယ်ချင်တဲ့သူရှိရင် ကျွန်တော့်ဆီလာခဲ့ပါ၊ ဈေးလျှော့ပေးမယ်"
နျိုကောသည် အဖြစ်အပျက်ကိုပြောပြနေရင်းပင် သူ့ရွှေဆိုင်ကိုကြော်ငြာရန်မမေ့ပေ။ လုပ်ငန်းအပေါ် သူ၏စိတ်အားထက်သန်မှုမှာ စုဟယ်ကိုလေးစားသွားစေသည်။
"ကျွန်တော်တို့ဆိုင်က မိန်းကလေးတစ်ယောက်ကပြောတယ်၊ ဆိုင်တံခါးအပြင်ဘက်မှာ ခေတ်ဆန်ဆန်ဝတ်ထားတဲ့ လူငယ်တစ်ယောက် ဟိုဟိုဒီဒီလျှောက်ကြည့်နေတာမြင်တယ်တဲ့၊ သူကဆိုင်ထဲဝင်ဖို့ ရှက်နေတာထင်လို့ သွားနှုတ်ဆက်ဖို့လုပ်တုန်းရှိသေးတယ်၊ ဝှစ် ဆိုပြီး တူအကြီးကြီးတစ်ခု ထုတ်လိုက်တာပဲ"
နျိုကောမှာ လက်မောင်းကိုဆန့်ကာ တူ၏အရွယ်အစားကို သရုပ်ဖော်ပြလိုက်သည်။ စုဟယ်သည် ပြတင်းပေါက်များကို ရိုက်ခွဲနေဆဲဖြစ်သောဓားပြကို လှမ်းကြည့်လိုက်သောအခါ နျိုကောမှ အတော်လေးချဲ့ကားပြောနေကြောင်းသိလိုက်ရ၏။ နျိုကော ပြသလိုက်သော တူ၏အရွယ်အစားမှာ ဓားပြလက်ထဲမှ တူထက် နှစ်ဆခန့်ပိုကြီးနေလေသည်။
"တစ်ခုခုမှားနေပြီဆိုတာ မြင်လိုက်တာနဲ့ ပစ္စည်းအသစ်တွေကို သိမ်းဆည်းတဲ့ဗီဒိုထဲ အမြန်ထည့်ပြီး ဝန်ထမ်းတွေနဲ့အတူ အပြင်ကို ပြေးထွက်လာတာပေါ့၊ ဒီလူငယ်က အပြင်ဘက် ကောင်တာတွေကိုပဲ ပစ်မှတ်ထားပြီးခွဲနေတာ၊ အိုး အိုး အခု သူအပြင်ကဟာတွေ ခွဲလို့ပြီးသွားပြီ၊ သူ အထဲကို ဝင်တော့မယ်"
နျိုကောမှာ တိုက်ရိုက်သတင်းပေးပို့ကာပြောပြနေတော့သည်။
106
နျိုကောသည် ဓားပြကို စိုက်ကြည့်နေသော်လည်း သူ့မျက်နှာတွင် စိုးရိမ်တုန်လှုပ်မှု အရိပ်အယောင်မျှပင် မရှိချေ။ သူသည် တရုတ်ပြည်၏ လုံခြုံရေးအပေါ် အတော်လေးယုံကြည်မှုရှိနေပြီး ဤဓားပြမှာကြီးကြီးမားမား ပြဿနာရှာနိုင်မည်မဟုတ်ဟု ယူဆထားပုံရသည်။
တူတစ်လက်ကိုကိုင်ထားသော ဓားပြသည် ဆိုင်အဝင်ဝရှိ ဖန်ကောင်တာများ ကြေမွသွားသည်ကို မြင်သော်လည်း အားမရသေးပုံပေါ်သည်။ သူသည် ရွှေဆိုင်၏ဖန်တံခါးမကြီးကို ရိုက်ခွဲလိုက်ရာ နားကွဲမတတ် ဆူညံလှသောအသံကြီးထွက်ပေါ်လာတော့၏။ ဖန်သားပြင်များမှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး နတ်သမီးလေးမှ ပန်းများပက်ကြဲလိုက်သကဲ့သို့ ဖန်စလေးများမှာလည်း ဟိုဟိုဒီဒီ လွင့်စင်သွားကြသည်။ နေရောင်ခြည်၏ တောက်ပမှုနှင့် ပေါင်းစပ်ကာ လေထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အရိပ်များဖြင့် တလက်လက် တောက်ပနေလေ၏။
စုဟယ်မှာကြည့်ရင်းနှင့်ပင် စကားပင် မဆိုနိုင်တော့ချေ။ ဤဓားပြ ဘာလုပ်နေသည်ကို သူမတကယ်ပင်နားမလည်နိုင်တော့ပေ။ သူသည် အလွန်ပင်နှေးကွေးပြီး အေးအေးလူလူပင်တံခါးကို ရိုက်ခွဲရန် အချိန်ယူနေသေးသည်။ တကယ့်ကို တုံးအလှသောဓားပြပင်ဖြစ်၏။ သို့သော်လည်း ဤသို့ဖြစ်နေခြင်းမှာ နျိုကောအတွက် စိတ်ပူစရာမလိုတော့ပေ။ ဤငတုံးဓားပြမှာ မကြာမီ သေချာပေါက် အဖမ်းခံရတော့မည် မဟုတ်ပါလား။ ခေတ်ဆန်ဆန်ဝတ်စုံဝတ်ထားသော ဓားပြသည် ဆိုင်ထဲသို့ ဝင်သွားပြီးနောက် မှန်ကို မြင်လိုက်ရသည်။ သူသည် သူ၏ခေတ်ဆန်ဆန်ဦးထုပ်အနားသတ်ကို ခပ်စောင်းစောင်းပုံစံမျိုးပြုပြင်ကာ မှန်ထဲတွင် မိမိကိုကိုယ် ခဏမျှကြည့်လိုက်ပြီးမှ အေးအေးဆေးဆေးပင် သူ့တူကို မြှောက်လိုက်၏။
"၈၀၊ ၈၁"
တစ်စုံတစ်ဦးမှာ ဓားပြသည် တူကို ဘယ်နှချက် ဝှေ့ယမ်းသနည်းဆိုသည်ကို လိုက်လံရေတွက်နေသည်။ တစ်ချက်ဝှေ့ယမ်းလျှင် ရှစ်ဆယ်၊ ဤဓားပြမှာ ဆယ်ချက်ခန့် ဝှေ့ယမ်းပြီးလေပြီ။ ဆိုင်ထဲ၌ တလက်လက်တောက်ပနေသော လက်ဝတ်ရတနာများမှာ အစစ်အမှန်များဖြစ်ကြ၏။ ဤရွှေထည်ပစ္စည်းများ၏ အလေးချိန်ကို ခန့်မှန်းကြည့်ရုံဖြင့် နျိုကော၏ကြွယ်ဝချမ်းသာမှုကို ခန်မှန်းလို့ရနိုင်သည်။ နျိုကောတွင် ပိုင်ဆိုင်မှုအတော်အတန်ရှိသဖြင့် ဆိုင်ရှိမှန်ကောင်တာများကို ဓားပြရန်မှ ကာကွယ်ရန် အထူးမှာယူ ပြုလုပ်ထားခြင်းဖြစ်၏။ ဓားပြရန်ကာကွယ်ရန်ဖန်သားမှာ ဖန်လွှာအထပ်ထပ်နှင့် PVB ဖလင်တို့ဖြင့် ဖွဲ့စည်းထားသဖြင့် အတော်လေးခိုင်ခံ့လှသည်။ ထိုတုံးအသော သူခိုးမှာ တူနှင့် အကြိမ်ကြိမ် ထုရိုက်နေသော်လည်း ကောင်တာကို မခွဲနိုင်သေးချေ။
ဤအချိန်တွင် သူ့ဗီဇအစစ်မှာ ပေါ်ထွက်လာတော့သည်။ သူသည် စိတ်တိုဒေါသထွက်လာပြီး သူ့မျက်လုံးများထဲတွင် ကြောက်မက်ဖွယ် အလင်းရောင်များဖြင့် တောက်ပလာ၏။ မျက်နှာတစ်ခုလုံး ချွေးများဖြင့် စိုရွှဲနေပြီး ဆံပင်များမှာလည်း နဖူးပေါ်တွင်ကပ်လျက် ရှုပ်ပွနေတော့သည်။ သူ့အကြည့်များမှာ ပြင်းထန်လောင်မြိုက်နေပြီး ဂနာမငြိမ် ဖြစ်နေလေသည်။
"အား အား အား"
သူ ဟိန်းဟောက်လိုက်သည်။ သူသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ ဟဲယဲ့တည်းခိုခန်း၏ လှေကားထစ်များပေါ်တွင် ကင်မရာများကိုင်ဆောင်ကာ ကြည့်နေကြသော လူအုပ်ကြီးကိုမြင်လိုက်ရ၏။ ဓားပြသည် သူ့လက်ထဲမှ တူကို ဝှေ့ယမ်းပြလိုက်ကာ သူ့စွမ်းအားနှင့် ရည်ရွယ်ချက်ကို လူတိုင်းအားကြေညာနေသကဲ့သို့ပင်။ ထို့နောက် ကောင်တာကို အတင်းအဓမ္မရိုက်ခွဲတော့သည်။ သူ၏အပြင်းအထန် တိုက်ခိုက်မှုအောက်တွင် ဖန်ကောင်တာမှာ အက်ကြောင်းများပေါ်လာ၏။ သူသည် ပြုံးလိုက်သော်လည်း သူ့အပြုံးမှာ ရိုင်းစိုင်းရူးသွပ်သောအသွင်ကို ဆောင်နေသည်။ သူသည် အမြန်လှည့်ကာ လူအုပ်ကြီးကိုကြွားလုံးထုတ်လိုက်သေး၏။ ဤသို့ပုံမှန်မဟုတ်ဘဲ စိတ်မငြိမ်သော ဓားပြကိုကြည့်ပြီး နျိုကောမှာ စောစောက အေးဆေးတည်ငြိမ်မှုများ ပျောက်ဆုံးသွားတော့သည်။
"အရူးပဲ သူက အရူးတစ်ယောက်ပဲ"
ဓားပြ၏အပြုံးမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသဖြင့် အစတုန်းက ရယ်မောကြည့်ရှုနေကြသော လူအုပ်ကြီးမှာလည်း ငြိမ်သက်သွားကြတော့သည်။ တရုတ်တွင် အရူးတစ်ယောက်သည် ဓားပြတစ်ယောက်ထက်ပင် ပို၍ကြောက်စရာကောင်းသော တည်ရှိမှုဖြစ်၏။ နောက်ဆုံးတွင် ဓားပြသည် ကောင်တာကို ရိုက်ခွဲနိုင်ခဲ့သည်။ သူသည် ဖန်ကွဲစများပြည့်နေသော အပေါက်ငယ်လေးထဲသို့ သူ့လက်ကိုထိုးထည့်ကာ ဆွဲကြိုးတစ်ကုံးကိုဆွဲယူပြီး အိတ်ထဲသို့ ထည့်လိုက်၏။
ထိုသို့ လှုပ်ရှားလိုက်စဉ် သူ့လက်မောင်းမှာ ဖန်စများစိုက်ဝင်သွားပြီး ရဲရဲနီသော သွေးများစီးကျလာသော်လည်း ဓားပြမှာမူ ဂရုမစိုက်ချေ။ သူသည် ရွှေလက်ကောက်၊ ရွှေလက်စွပ်နှင့် ရွှေခြေကျင်းများကို တစ်ခုပြီးတစ်ခု ကောက်ယူကာ သူ့အိတ်ထဲသို့ထည့်နေလေသည်။ သူ့စိတ်အခြေအနေမှာ ပျော်ရွှင်တက်ကြွနေပြီး ဤအရာများအားလုံးမှာ သူပိုင်သည်ဟုမှတ်ယူထားပုံရ၏။
"ရဲတွေ လာပြီ ရဲတွေ လာပြီ"
တစ်စုံတစ်ယောက်မှာ တိုးတိုးလေး ပြောလိုက်သည်။ ရဲကားများသည်မြည်သံပေးကာ ဆိုက်ရောက်လာပြီး ရဲအရာရှိလေးဦးမှာ ကားပေါ်မှခုန်ဆင်းလာကြ၏။ သွေးသံရဲရဲမြင်ကွင်းကို မြင်လိုက်ရသောအခါ ရဲများပင်ထိတ်လန့်သွားကြပြီး တစ်စုံတစ်ဦးအန္တရာယ်ဖြစ်သွားပြီဟု ထင်မှတ်လိုက်ကြသည်။ ရဲအရာရှိနှစ်ဦးမှာ အင်အားထပ်မံ တောင်းခံရန် ဇဝေဇဝါဖြစ်နေသော်လည်း ဓားပြမှာမူ သူတို့ကိုဂရုမစိုက်သကဲ့သို့ တစ်ချက်ကြည့်လိုက်ပြီးနောက် သွေးများစိုရွှဲနေသော သူ့လက်ဖြင့် ရွှေထည်များကို ဆက်နှိုက်ယူနေလေ၏။ ဤအကြည့်မှာ ရဲများကို ဒေါသထွက်သွားစေသည်။
"မလှုပ်နဲ့"
ယူနီဖောင်းဝတ်ရဲအရာရှိတစ်ဦးသည် လက်ကိုင်တုတ်ကိုကိုင်ကာ အမြန်ပြေးလာသည်။ သူ့အကြည့်မှာ ဓားပြထံတွင်သာစွဲမြဲနေပြီး မကြောက်မရွံ့ ချဉ်းကပ်သွားလေသည်။ ရဲအရာရှိသည် သူ့လက်ထဲမှ လက်ကိုင်တုတ်ကို မြှောက်လိုက်ပြီး ခိုင်မာတည်ငြိမ်သောအသံဖြင့် အမိန့်ပေးလိုက်၏။
"လက်နက်ကို အောက်ချလိုက်စမ်း"
သူ့မျက်လုံးများထဲတွင် တည်ငြိမ်မှုနှင့် ဖိအားများပါဝင်နေသဖြင့် ဓားပြမှာ မတွန်းလှန်နိုင်သော အင်အားတစ်ခုကို ခံစားလိုက်ရသည်။ ဓားပြသည် လက်ထဲရှိရွှေလက်စွပ်ကို ကိုင်ထားရင်း ကြောင်အမ်းအမ်းဖြင့် မလှုပ်မယှက် ရပ်နေလေသည်။ ထိုအချိန်တွင် ဘေးနှစ်ဖက်၌ရပ်နေသော ရဲအရာရှိများမှာ ဆိုင်ထဲသို့ အမြန်ပြေးဝင်သွားပြီး ဓားပြကို တစ်ယောက်တစ်ဖက်စီ ဖိချုပ်လိုက်ကာ အော်ဟစ်ကြတော့သည်။
"ထိုင်လိုက်စမ်း၊ တူကို လွှတ်လိုက်"
ကြည့်ရှုနေသူများမှာ စိတ်လှုပ်ရှားသွားကြပြီး ဖုန်းများကိုမြှောက်ကာ မည်သည့်အသေးစိတ်အချက်အလက်ကိုမျှ လက်လွတ်မခံရန် ကြိုးစားနေကြသည်။ ဓားပြမှာ အခြေအနေကို သဘောပေါက်သွားပြီး ရုန်းကန်ကာ ဆိုင်အဝင်ဝဘက်သို့ ထွက်ပြေးဖို့ကြိုးစားလေ၏။ သို့သော်လည်း ရဲများ၏လှုပ်ရှားမှုမှာ လျင်မြန်စနစ်ကျလှသဖြင့် ဓားပြကို အမိအရ ချုပ်ကိုင်ထားနိုင်သည်။ ရဲအရာရှိတစ်ဦးမှာမူ ဓားပြလက်ထဲမှတူ ကို သိမ်းဆည်းလိုက်ပြီ ဖြစ်၏။ ရဲအရာရှိသုံးဦးမှာ သူ့ခန္ဓာကိုယ်ကိုဖိထားသဖြင့် ဓားပြသည် အာနျိုရွှေဆိုင် အဝင်ဝသို့ ရောက်သောအခါ မြေပြင်တွင် အတင်းဖိကပ်ချုပ်နှောင်ခြင်း ခံလိုက်ရပြီး ဆက်လက်လူးလွန့်၍မရတော့ချေ။
"သူဌေးစု သူဌေးစု ဘယ်မှာလဲ"
လီရှီ အော်ခေါ်လိုက်သည်။ သူသည် မစ္စကျိကိုသွားခေါ်ခဲ့ပြီး သူဌေး၏အိမ်မွေးငှက်လေးမှာလည်း သူတို့နောက်မှလိုက်ထွက်လာခြင်းဖြစ်သည်။ ဤအရေးကြီးသောအချိန်တွင် စုဟယ်သည် နောက်သို့လှည့်မကြည့်ဘဲ သူမ၏းမျက်လုံးများမှာ ဓားပြမှု မြင်ကွင်းကိုသာ စိုက်ကြည့်နေဆဲဖြစ်ကာ အော်ပြောလိုက်သည်။
"ဓားပြတိုက်တာလေ၊ ရဲတွေလည်း ရောက်နေပြီ၊ အဆင်ပြေပါတယ်"
ဤစကားကို ကြားလိုက်ရသောအခါ လီရှီမှာလည်း မနေနိုင်ဘဲ ရှေ့သို့တိုးဝှေ့ကြည့်လိုက်သည်။ အိုး တစ်ကယ့်ကို ရှားပါးတဲ့မြင်ကွင်းပဲ။ သူလည်းမြင်အောင် ကြည့်မှဖြစ်မယ်။ လီရှီသည် ရှောင်ရှီနှင့် မစ္စကျိကိုပင်မေ့သွားကာ ပိုမိုနီးကပ်စွာမြင်ရစေရန် ခြေဖျားထောက်ကြည့်နေတော့သည်။ ဖန်ကောင်တာထဲတွင် နှိုက်နေခဲ့သော ဓားပြ၏လက်မှာ သွေးများဖြင့် စိုရွှဲနေသဖြင့် ချော်ထွက်နေ၏။ ဂရုမစိုက်မိသောခဏတွင် သူ့လက်မှာ ရဲများ၏ချုပ်ကိုင်မှုမှ လျှောထွက်သွားသော်လည်း ကံကောင်းထောက်မစွာ ရဲအရာရှိနှစ်ဦးမှာ သူ့အပေါ်တွင်ဖိထားဆဲဖြစ်သဖြင့် သူထွက်မပြေးနိုင်ချေ။ ဓားပြသည် ထွက်ပြေးရန်ပင်မကြိုးစားတော့ပေ။ သူသည် စောနကမှထုတ်ယူထားသော ရွှေလက်စွပ်ကိုမြှောက်လိုက်ပြီး ပါးစပ်ထဲသို့ထည့်ရန် ပြင်လိုက်သည်။
"အို ဘုရားရေ"
"သတိထား"
ကြည့်ရှုသူများမှာ မနေနိုင်ဘဲ အာမေဍိတ်သံများ ထွက်ပေါ်လာသည်။ ဓားပြ၏ပါးစပ်မှာ အကျယ်ကြီးပွင့်ဟနေပြီး သူ့မျက်နှာထားမှာ အနည်းငယ် ကြောက်စရာကောင်းနေ၏။
"ဝှစ်"
ရှောင်ရှီးသည် ကောင်းကင်ယံမှ ညင်သာလှပစွာ ပျံသန်းဆင်းသက်လာသည်။ ထိုလူ့လက်ထဲရှိ ရွှေလက်စွပ်ငါးကွင်း၊ ခြောက်ကွင်းခန့်မှာ တလက်လက်တောက်ပနေပြီး ဆွဲဆောင်မှုရှိသော အလင်းရောင်များထွက်ပေါ်နေရာ သုံးခြေထောက်ရွှေကျီးကန်းအတွက်မူ မတွန်းလှန်နိုင်သောမက်မောစရာဖြစ်နေတော့၏။ ရှောင်ရှီးသည် အလွန်လျင်မြန်သောအရှိန်ဖြင့် ထိုလူ့ဘေးသို့ ပျံသန်းသွားကာ သူ့လက်ထဲရှိ ရွှေလက်စွပ်များကို လျှပ်စီးလက်သကဲ့သို့ ခုန်အုပ်လိုက်သည်။ ၎င်း၏ထက်မြိသော ခြေသည်းများမှာ အရိပ်တစ်ခုကဲ့သို့ဆန့်ထွက်သွားပြီး ရွှေလက်စွပ်များကို ကျွမ်းကျင်ပါးနပ်စွာဖြင့် လုယူလိုက်လေ၏။
၎င်း၏တောင်ပံများမှာ လေထဲတွင် လှပသော စက်ဝိုင်းပုံစံဖြင့် ပျံသန်းနေပြီး ပျံသန်းနှုန်းမှာ အလွန်ပင်လျင်မြန်လွန်းလှသဖြင့် လူများကိုမျက်စိလည်သွားစေသည်။ ရှောင်ရှီး၏လှုပ်ရှားမှုများမှာ လျှပ်စီးတစ်ခုကဲ့သို့ လျင်မြန်ပြီး ပါးနပ်လှသဖြင့် သေသေချာချာမြင်ရန်ပင် ခက်ခဲလှသည်။ ၎င်း၏ နက်မှောင်သော အမွေးအတောင်များမှာ နေရောင်အောက်တွင် ထူးခြားသော အရောင်အဝါများဖြင့် တောက်ပနေပြီး အနက်ရောင်ရွှေကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဆွဲဆောင်မှုရှိနေ၏။ စုဟယ်မှာ ကြောင်အမ်းသွားပြီး မိမိကိုယ်တိုင်ပါ ဤပြဇာတ်ထဲတွင် ပါဝင်ပတ်သက်သွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့သဖြင့် အမြန်အော်ပြောလိုက်သည်။
"ရှောင်ရှီး ရှောင်ရှီး"
အို ဘုရားရေ၊ ရှောင်ရှီးမှာ ခြေထောက်သုံးချောင်းရှိတာလေ၊ အဲ့ဒါကို လူတွေသာ မြင်သွားရင် ရှင်းပြဖို့ခက်လိမ့်မယ်။